Monday, November 29, 2021

ဆောင်ကြာမြိုင်မှတ်တမ်း 03


 

“ အလို ... အပျိုတော် ခင်ထား နဲ့ ခင်ဖုန်း တို့ပါလား ..... ဘယ်လို ဝိသေသထူး နဲ့ လာကြသလဲ အမိတို့ ရယ် .....”

“ မှန်လှပါ .... ၊  မြို့ဝန်မင်း ကို သက်ပန်မိဖုရားကြီး နဲ့ ကျွန်တော်မျိုးမ ရဲ့ ထိပ်စုဖုရား ( သရစိန်း မိဖုရားကြီး တို့က အခေါ်တော် ရှိလိုက်ကြောင်းပါ .... ။ နင်တို့ ကိုယ်တိုင် သွားပြီး တင်ပချေရမယ် ဆိုသမို့ လာခဲ့ရသည်ပ  မြို့ဝန်ကတော်မမကြီး ဘုရား  .... ”

“ ရှိပ ... ။  ရှိပ ... ။  လုံမလေး တို့ ဘ အခုတင် စီးတော်မြင်း အသင့် ကုန်းတင်ခိုင်းရင်း အတွင်းဆောင်ဘက် ဝင်သွားပါတယ်  ...”

မကြာမီ ထွက်လာသော  မြို့ဝန်မင်း သည် နန်းတွင်း၌  တန်ခိုးထက်သော မိဖုရားကြီးများ ၏ အပျိုတော်ကြီးများ ကို  တွေ့ရ၍  “ ဘယ်လို အကြောင်းပ အမိတို့ ရေ  .... ရွှေနန်းတော်ကြီး က မလာစဘူး အလာထူး သည်မို့  သစ်ဆိမ့်မိဖုရားကြီး  အကြောင်း စနည်းနာလာကြလေသလား .....”

သရစိန်း မိဖုရားကြီး ၏ အပျိုတော် ခင်ဖုန်း ကပင်  .....

“ မှန်လှပါ .... မြို့တော်ဝန်မင်း ကို ကျွန်တော်မျိုးမ ရဲ့ အရှင်သခင် မိဖုရား နှင့် သက်ပန်မိဖုရားကြီး တို့က ကိုယ်တိုင်ကိုယ်ကျ သွားပြီး ဖိတ်ခေါ်ချေကြဘိ ဆိုမိန့်တဲ့ အတွက်ပါ  ...”

“ အမိတို့ သခင်မဖုရားများ ကိုသာ လျှောက်တင်လိုက်ပါ  ....  ခု မကြာမတင် ပဲ ကျုပ် ဝင်ရောက် ခစားပမယ် ဆိုတာကို သစ်ဆိမ့်မိဖုရား နှင့် ပတ်သတ်သည့် အရေးအခင်း ဖြစ်နေရင်တော့ ဘုန်းတော်ကြီး ဘုရား ကိုယ်တော်တိုင် ပင်းတလဲ မြို့စားကြီး ဦးရွှေမောင်ကြီး ကို အရေးကုန် လွှဲအပ်ထားကြောင်း အမိ တို့ သခင်ဘုရားမများ ကို တင်ကြို လျှောက်ထားနှင့်ကြပေရော့  ကွယ်တို့ ....”

မြို့ဝန်မင်း လည်း အပျိုတော်ကြီးများ ကို ပြန်ကြားပြောဆိုပြီး ကျူးကျော်သူ မောင်မြတ်စံ ရှိရာ ထောင်ချုပ်သို့ သွားရောက်ပါလေသည် ။ ထောင်မှူးကြီး နှင့် တွေ့ဆုံပြီး ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးရန် ငမြတ်စံ ကို  အထုတ်ခိုင်းလိုက်ပါတော့သည် ။

များမကြာမှီ အတွင်းဆောင် အကြပ် နှစ်ယောက် ခြံရံလျက် လိုက်ပါလာသူ ငမြတ်စံ ကို မြင်ရသည့် တခဏဝယ် မြို့ဝန်မင်း စိတ်တို့ပင် အတန်ငယ် တုန်လှုပ် သွားပါလေသည် ။ ကျီးတို့ အလယ် တင့်တယ်စွာ စံပယ်နေသော ဟင်္သာမင်း ကို မြင်တွေ့ရဘိသည့် အလား လိင်တူ ယောကျာ်းချင်း ဖြစ်သူ မြို့ဝန်မင်း ကိုယ်တိုင်ပင် ဂရုဏာစိတ် ယိုဖိတ်လာပါသည် ။ ကျက်သရေ မင်္ဂလာအပေါင်း တို့ နှင့် ပြည့်စုံသူပင် ဖြစ်ငြားသော်လည်း ကံမကောင်း   အကြောင်း မလှ၍ ကာမေသုမိစ္ဆာစာရ ကံ ကို ကြူးလွန်သူ ဖြစ်ရပေသည်ဟု မြို့ဝန်မင်း ကပင် ထင်ယောင်ထင်မှား  ကြူးလွန်သူ အတွက် စောဒကတက်စိတ် ဖြစ်သွားရပါလေသည်  ။

“ ကဲ ..... မောင်ရင် ။ ဘယ်ကနေပြီး ဘယ်လို သစ်ဆိမ့်မိဖုရား နှင့် မှောက်မှားကြရသည် ကို တိုတို နှင့် လိုရင်းကို လင်းစမ်းပ ....”

“ မှန်လှပါ .... ။ မြို့ဝန်မင်းဘုရား  .. ။ ကျွန်တော်မျိုး သည် ဂေါသီတာရာမ  ကျောင်းတိုက်အုပ် ဆရာတော်ဘုရား နှင့် တရွာတည်းနေ တရေတည်းသောက်သသူ  အုတ်ဖိုရွာသား ဖြစ်ပါသည် ။ ဆရာတော်ဘုရား  ကျောင်းတော်တွင်  စာဝါ တက်နေသူ  ဖြစ်ပါသည် ။ သျှောင်တလုံး  အဆုံး မခံလိုသေး၍ ပထမငယ် ပြန်ဆိုပြီးမှ သာသနာ့ဘောင် သို့  ကူးဝင်တော့မည် ဟု  ရည်မှန်းချက် ရှိပါသည် ....”

နားထောင်နေရာမှ စကားမဆုံးမီ  မြို့ဝန်မင်း က ကြားဖြတ်၍  .....

“ အဆောင်တော် ထဲ ဝင်ရောက်ပုံ နဲ့ သစ်ဆိမ့်မိဖုရား နဲ့ ဘယ်လို ယဉ်ပါးကြပုံသာ ပြောပါဘိ ... ။ ကျူးကျော်သူ အတွက်ကတော့ သေမိန့် ပဲ ကိုယ့် လူရ  ....”

“ ကျွန်တော်မျိုး ကို သွေးသောက်ကြီး စစ်ဆေးမေးမြန်းသည့် အတိုင်း ထွက်ဆိုရမည် ထင်မှတ်၍ပါ ဘုရား .... ။ ကျောင်းတိုက် သို့ သစ်ဆိမ့်မိဖုရား လပြည့် လကွယ် နေ့တိုင်း ဆွမ်းအုပ် ကိုယ်တိုင် ပိုက်၍ ဆွမ်းဝတ်ပြု အလာတွင်  ကျွန်တော်မျိုးကြီး အား တွေ့မြင်တော်မူပါသဖြင့် ... ဆရာတော်ဘုရား အား သည် သူငယ် ရုပ်ရည် ရူပကာ သည်  ကျောင်းတော် နှင့် မတန် ၊ ထီးဟန် ၊ နန်းဆန်သည် မို့ တပည့်တော်မ ထံ ပေးအပ်ပါလျှင် နန်းတွင်းသုံး မင်းခစား  ယောက်ျား ဖြစ်စေရပါမည်ဟု လျှောက်ထား၍ တောင်းဆိုတော်မူချက် ကို ဆရာတော်ဘုရား က ငါ့ တပည့်သားမြေး  ဖြစ်သော်လည်း သူ အလိုရှိ၍ လိုက်လိုပါသည် ဆိုပါမှ ဖြစ်ပေမည် .... ။ သူ့ သဘော  စောကြောဘိ ဒကာမကြီး ဟု ဘုန်းဘုရား မိန့်ကြားတော်မူခဲ့ပါသည် ...”

ငမြတ်စံ လည်း အနည်းငယ်မျှ အာခြောက်ဟန် နှင့် တံတွေးမျိုရင်း ခေတ္တစကားပြော ရပ်ဆိုင်းပြီးမှ ဆက်လက်၍ .....

“ မြို့ဝန်မင်း သိတော်မူသည့် အတိုင်း ကျွန်တော်မျိုး ကို ထီးသုံးအမှုတော် အထမ်း အရာတော် ဖြစ်စေမည်ဟု မဖုရား အမိန့်ထားရှိသည်ကြောင့်  လိုက်လိုပါသည် ဟု အဖြေ ပေးတော်မူခဲ့ပါသည် .... ။ သည့်နောက်ပိုင်း ခင်ဝိုင်းစိုး နှင့် ခင်ပို တို့က ဘုရားတပည့်တော် ကို အပျိုတော် တယောက် လို ဝတ်ဆင်စေပြီး ၊ အလိုတော် ရှိတော်မူသည့် အခါတော်တိုင်း သန်းခေါင် မတိုင်မှီ  ကြာချည်ရံ ကို အရောက်လှမ်း ဖြေဖျော်ခဲ့ရာမှ တစ်နှစ်ကျော် အကြာတွင် အိပ်ဖန်တော်သား မြင်တွေ့၍  ယနေ့ ကဲ့သို့ ရာဇဝတ်တော် သင့်၍ အနှောင်အဖွဲ့ ရရှိခြင်းပါ မြို့တော်ဝန်မင်း ဘုရား .....”

“ ကောင်းကပြီ မောင်ရင် ... ။ မောင်ရင် သည် စတင်သူ မဟုတ်သော်လည်း ကျူးကျော်သူ အမှန်ပင် ဖြစ်သည့်အတွက် အကွပ်မျက် ခံရမည်ပ ...  ။ ဘဝကူးပြောင်း ကောင်းစေရန် မကွပ်မျက်ခင် ဘုရားတရား သာ အာရုံပြုပြီး ကောင်းရာ  ကောင်းမှုသာ ပြုပေတော့ ကိုယ့်လူ ရ  .....”

မြို့ဝန်မင်း လည်း မောင်မြတ်စံ အား စကားပြန်ကြားရင်း ၊ ထောင်မှူး အကြပ် အာဏာပါးကွက်သားပါ မကျန် အားလုံးသို့ သစ်ဆိမ့် အမှု နှင့် ပတ်သတ်သသူ အားလုံး  ရဟန်းရှင်လူများ မှာ ကွပ်မျက်ခံရမည့်  သူများ ဖြစ်၍ စစ်ဆေးမေးမြန်းမှု မပြီးမှီ မလစ်လပ် ရော့ပါးစေရ ၊ နှိပ်စက်ညှင်းပန်းမှုလည်း မရှိစေရ ၊ မင်းတရားကြီးဘုရား ကိုယ်တော် နှင့် သက်ဆိုင်သော အမှု ဖြစ်၍ အကျဉ်းအချုပ် ချထားသူများ မပျောက်မရှစေရန် ကိုလည်း အထူးဂရုပြုရမည် စသည်တို့ကို  သွန်သင်ဆုံးမပြီး ရွှေနန်းတော်ကြီး ဆီသို့ ထွက်ခွာခဲ့ပါတော့သည် ။

ပင်းတလဲစား ဦးရွှေမောင်ကြီး နှင့် တွေ့ဆုံဘို့ရန် ချိန်းဆိုထားချိန် ထက် အနည်းငယ် စောသေးသဖြင့် သက်ပန်မိဖုရားကြီး နှင့် သရစိန်း မိဖုရားများ ထံ အခစား ဝင်ရောက်ပါသည် ။ ထို မိဖုရားကြီး နှစ်ပါးစလုံး ကလည်း  မြို့ဝန်မင်း အား သစ်ဆိမ့်မိဖုရား အမှု နှင့် ပတ်သတ်မေးမြန်း စုံစမ်းကြခြင်း ဖြစ်ပါသည် ။ မဟာဝိသုဒ္ခါရုံကျောင်းတိုက် မှ သံဃာအချို့ နှင့် ဂေါသီတာရာမတိုက် ဆရာတော်ဘုရား အပါအဝင် ရဟန်းသံဃာများ ကိုတော့ သက်သက်ညှာညှာ စစ်ဆေး အပြစ်ပေးရန် တို့ကို မိန့်ကြားကြပါသည် ။ မြို့ဝန်မင်း အနေဖြင့်လည်း လက်စွဲတော်ကြီး ပင်းတလဲစား ဦးရွှေမောင်ကြီး ကိုသာ အာဏာကုန် လွှဲအပ်ခြင်း ခံရသူ ဖြစ်၍ သူ သာ တတ်နှိင်မည့် အကြောင်းတို့ကို လျှောက်ထားခဲ့ပါသည် ။

မြို့ဝန်မင်းလည်း ဗဟိုရ် ( ၇ ) ချက် တီးသံ ကြားရပြီး ပင်းတလဲစား ဦးရွှေမောင်ကြီး နှင့် တင်ကြို ချိန်းဆိုထားရာ မြေစိုက်နန်းမကြီး သို့ ထွက်ခွာသွားပါသည် ။ ဦးရွှေမောင်ကြီး လည်း ရွှေလွှတ်တော် အဆောက်အဦး အဖြစ်  အသုံးပြုထားသော မြေစိုက်နန်းမကြီး မှ မြို့ဝန်မင်း အလာ ကို ကြိုဆိုနေနှင့်ပါသည် ။

မြို့ဝန်မင်း လည်း “ ပင်းတလဲစားကြီး ရောက်သည်မှာ ကြာပပြီလား .... ။ ကျုပ် လည်း သရစိန်းမိဖုရားကြီး နှင့် သက်ပန်မိဖုရားကြီး များ အခေါ်တော် ရှိ၍ အခစား ဝင်နေရသမို့ အချိန်တော် နှောင်းသလို ဖြစ်ရပလေတယ်  ....”

“ နောက်မကြာ တခဏကပဲ ကျုပ်လဲ ရောက်သည်ပ ... ။ မိဖုရားကြီး က မြို့ဝန်မင်း ကို သစ်ဆိမ့်မိဖုရား အကြောင်း စောကြော သည် မဟုတ်ပေလား ....”

“ မှန်လေသဗျား .... ။ ကျုပ် ကလဲ  ပင်းတလဲစား ဦးရွှေမောင်ကြီး သာ အညီအပံ့ ပြုနိုင်ပေမယ် .... ။ ဘုန်းတော်ကြီးဘုရား ကိုယ်တော်တိုင် အရေးကုန် အပ်နှင်းတော်မူကြောင်း တင်လိုက်သဗျ  .... ”

“ ဘာပြုမဲ့ ပြောရသည်တုန်း ... မြို့ဝန်မင်း ရဲ့ .... ။ သူရို့ လင် သူရို့ တင်လိုရာ တင်ရင် ပီးသပ ...။ ကျုပ်တို့က ခိုင်းသည့် ကျွန် ထွန်သည့် နွား ပေကပဲ .... ”

မြို့ဝန်မင်း လည်း သဘောတွေ့၍  ရယ်သွမ်းသွေးရင်းမှ ......“ ပင်းတလဲစားကြီး က အိမ်တော်ပါ လက်စွဲတော်ကြီး မို့ မိဖုရားတွေ ကို ပြောချင် ဆိုချင်သည့် အရေးဆို မိန့်ဝံ့ပေမဲ့၊ ကျုပ်တို့သာ ဆိုရင် ခေါင်းပျောက်လိမ့်မဗျား ..”

ပင်းတလဲစားကြီး နှင့် မြို့ဝန်မင်း တို့လည်း စုံစမ်းသိရှိရချက်များကို အတန်ကြာဆွေးနွေး တိုင်ပင်ကြပါသည် ။ မည်ကဲ့သို့ တင်လျှောက်ကြရမည်ကိုလည်း ညှိနှိုင်းတိုင်ပင်ကြပါသည် ။

ပင်းတလဲစားကြီး အနေဖြင့် မဟာဝိသုဒါ္ခရုံကျောင်းတိုက်မှ ( အရှေ့အင်္ကန်း  ) တိပိဋကဓရ အဂ္ဂမဟာပဏ္ဍိတ ၊ ရာဇာ ဝိရာဇဂုရု ဘွဲ့တံဆိပ် နာမတော်ရ စံကင်းဆရာတော်ဘုရားကြီး ၏ တပည့်ရဟန်း အချို့ တို့ အမှုတွင် ပါဝင်နေသည်ကို ကြားသိရ၍ စိတ်မကောင်း ဖြစ်မိပေသည် ။ ဂေါသီတာရာမ ဆရာတော် မှာလည်း အကျင့်သိက္ခာတော် နှင့် ပြည့်စုံသူ ပုဂ္ဂိုလ်အကျော် ဖြစ်ကြောင်း ကြားသိရ၍ စိတ်မကောင်း ဖြစ်မိပါလေသည် ။

ညညီလာခံသဘင်  စတင်ချိန်  စေ့ရောက်သည် ဖြစ်၍ မြို့ဝန်ကြီး နှစ်ပါး လည်း ရှေ့တော်မှောက် အခစား ရောက်လာကြပါလေသည် ။ ညညီလာခံ ကိုလည်း မှန်နန်းတော် ဘမယာသနဆောင်နန်း တွင် ပြုလုပ်မြဲ ဖြစ်ပါသည် ။ မှူးကြီးမတ်ရာ သေနာပတိ စုံညီချိန်တွင် ဘဝရှင် မင်းတရားကြီးဘုရား ကြွရောက်တော် မူလာပေသည် ။

ညီလာခံ စတင်သည် နှင့် တပြိုင်နက် ဘဝရှင်မင်းတရားကြီးဘုရား သည် ပင်းတလဲစား ဦးရွှေမောင်ကြီး အား အမေးတော် ရှိပါလေသည် ။

မင်းကြီး - “ ဟဲ့  ... ငမောင်ကြီး ရဲ့ ၊  သစ်ဆိမ့်မိဖုရား အရေးအခင်း အတွက် ထောက်လှမ်းရသမျှ နားတော်ဆက်စမ်း  ....”

ငမောင်ကြီး - “ မှန်လှပါ  .. ဘုန်းတော်ကြောင့် အနွယ်အခင်များ တဦးတယောက်မျှ မကျန်ရအောင် ဖမ်းဆီး  ချုပ်နှောင်ပြီးကြောင်းပါ ဘုရား  ...”

မင်းကြီး - “ အမှန် ကူပံ့သသူတို့ကို စစ်ဆေးရွေးချယ်၍ ကွပ်မျက်ရမည်လို့  မိန့်တော်မူပြီးကပြီဘဲ  .... မဆိုင်သသူ မှန်သမျှ အပြစ် မရှိ ကင်းလွတ်ကြစေပဗျား ...”

ငမောင်ကြီး - “ အနွယ်အခင် တို့ကို ဖမ်းဆီးချုပ်နှောင်ရာတွင် ကျူးကျော်သူမှာ ဂေါသီတာရာမတိုက် ဆရာတော်ဘုရားကြီး သားတပည့် ဖြစ်နေပါသဖြင့် ဆရာတော်ဘုရားကြီး အားလည်း  ချုပ်နှောင်ပြီး ရှိပါသည် .... ။ ကျူးကျော်သူ ၏ အနွယ်အခင်များ အဖြစ်နှင့်လည်း မဟာဝိသုဒ္ခါရုံကျောင်းတိုက် စံကင်းဆရာတော်ဘုရားကြီး ၏  တပည့်သား အချို့တို့ ပါရှိနေပါသဖြင့် မည်ကဲ့သို့ အရေးယူ အပြစ်ပေးရမည်ကို အမိန့်တော် မှတ်တော်မူပါ မင်းတရားကြီးဘုရား .... ”

မင်းကြီး - “ တပည့်မကောင်း ဆရာ့ခေါင်း ၊ သားသမီး မကောင်း မိဘခေါင်း ဆိုဘိသို့ ၊ တပည့်တာဝန် ဆရာ တွင် ရှိသမို့ ငါ့ ဆရာပင် ဖြစ်လင့်ကစား အပြစ်ရှိသသူ ကို အပြစ်ယူစေမှသာ  တရားမင်းစစ် ဧကန်ဖြစ်မည်ပ  ... ။  ကွပ်မျက်မှုသာ ပြုပစေ ငမောင်ကြီး .... ”

မင်းတရားကြီးဘုရား ၏  စကား အဆုံးတွင် ဦးရွှေမောင်ကြီး မှာ စောဒက မတက်သာတော့သဖြင့်  ....

“ ဗျာဒိတ်တော်မြတ် အတိုင်းပါဘုရား  .....” ဟု တင်လျှောက်လိုက်ရပါသည် ။ သစ်ဆိမ့် အရေး ကိစ္စ ပြီးပြတ်ပြီးနောက် ညီလာခံတွင် ပြည်တွင်းပြည်ပ အရေးတို့ကို သက်ဆိုင်ရာ  ဌာန ဝန်ကြီး ၊ ဝန်ကလေး ၊ အတွင်းဝန်  စသည်တို့ နှင့် တိုင်ပင်ဆွေးနွေးပြီး  အခါတော်စေ့မှ ညညီလာခံ သဘင် ကို ရုပ်သိမ်းလိုက်ပါတော့သည် ။

မြို့ဝန်မင်း နှစ်ပါးလည်း ညီလာခံ အစဲတွင် မှ ပင်းတလဲစားကြီး က “ ကျုပ်စိတ် အထင်က မဟာဝိသုဒ္ခါရုံကျောင်းတိုက် စံကင်းဆရာတော်ဘုရားကြီး သားတပည့်များ ပါဝင်သည် ဟု ကြားရကတည်းက သည် အမှုတော့ ပေါ့လျော့တန်ရဲ့လို့ ယုံမှတ်မိသမျှ အမြင်နဲ့  ကွဲလွဲသွားသဗျား ...”

“ ဟုတ်သဗျ .... ပင်းတလဲစားကြီး မှတ်သလို ဂေါသီတာရာမ ဆရာတော် ဆိုတာလည်း ကျုပ်တို့ မိဖုရားကြီးများ ရဲ့ ဆရာတကာ ဖြစ်နေပြန်တော့ ပေါ့လျော့တန်ကောင်းရဲ့လို့ ထင်မိသဗျ ....”

ပင်းတလဲစား  - “ အိမ်း  ..... ကျုပ်တို့ကတော့  မင်းခယောက်ျား ဆိုတော့ မင်းကြိုက် လိုက်ပြီး လုပ်ဆောင်ကြရလေမပေါ့ ... ။ မြို့ဝန်မင်း ဆက်လက်စစ်ဆေးမှု ပြုသာပြုသပ .. ။ အားလုံး ပြည့်စုံတဲ့နေ့ အမိန့်တော် အတိုင်း လွှတ်သင့်သသူ လွှတ် ကွပ်မျက်သင့်သသူ ကွပ်မျက် လိုက်ရုံဘဲ ...” 

မြို့ဝန်မင်း နှင့် ပင်းတလဲစားကြီး တို့လည်း ဘီရိုလှည်း ကိုယ်စီဖြင့် ကိုယ်သက်ဆိုင်ရာ သို့ ကိုယ်စီ ထွက်ခွာသွားကြလေသည် ။

သစ်ဆိမ့်မိဖုရား အမှုနှင့် ပတ်သတ်၍ ဖမ်းဆီးချုပ်နှောင်ထားခြင်း ခံထားရသော ရဟန်းရှင်လူများကြောင့် အုတ်အော်သောင်းနင်း ဖြစ်ခါ ထင်ကြေးအမျိုးမျိုး ပေးနေကြပါသည် ။ နေရာတကာတိုင်းတို့တွင်လည်း ကိုယ် လိုရာ ကိုယ် ဆွဲယူပြီး  တီးတိုးပြောဆိုနေကြပါသည် ။ သာသနာ့ဒါယကာဘွဲ့ခံယူ၍ သာသနာပြုမည့် မင်းတရားကြီး က  ဤကဲ့သို့ ရဟန်းတော်များ ကို မကွပ်မျက်တန်ကောင်း  နောက်နောင်တွင် ယခုကဲ့သို့ အလားအလာများ  ပပျောက်စေဘို့သာ အပြစ် ရှိသူများကို ဖမ်းဆီးအကျဉ်းချ အပြစ်ပေးခြင်း ဖြစ်ကြောင်း တို့ကိုသာ လက်တို့ ပြောနေကြသည် ။

စိတ်ဝမ်းတော်ပြေ  အနေတော်ကျလာပါက ကျူးကျော်သူမှ တပါး အားလုံးကိုပင် ပြန်လွှတ်လိမ့်မည် ဖြစ်ကြောင်း ထင်ကြေးပေးသူများလည်း ရှိကြပါသည် ။

ထို ကောလဟာလ သတင်းအမျိုးမျိုး ကို ချေဖျက်သည့်သတင်းတခု မကြာမှီ  ရွှေနန်းတော်ကြီးဆီမှ ပြင်ပသို့ ပေါက်ကြားလာပါတော့သည် ။ အဆောင်ရ ၊ နန်းရ မိဖုရားကြီး တို့ ၊ အကြီးအကဲ  မိဖုရားကြီးတစု တို့ မင်းတုန်းမင်းတရားကြီးဘုရား အား လျှောက်ထားကြသည်ဟု  ကြားရပေသည် ။ ကျူးကျော်သူ နှင့် ကိုယ်ထိလက်ရောက် အားပေးအားမြှောက်ပြုသူ သစ်ဆိမ့်မိဖုရား နှင့် အပျိုတော်နှစ်ယောက် ကိုသာ ထိုက်သင့်သော အပြစ်ပေးဆုံးမခြင်း ပြုလုပ်ပြီး ကျန် ရဟန်းရှင်လူများအား အပြစ်တော်မှ ချမ်းသာခွင့်ပေးပါရန် ဖြစ်ပေသည် ။ ဘဝရှင် မင်းတရားကြီး ဘုရား ကလည်း  မယ်မင်းတို့ပါ နောက်တကြိမ် သည် အမှုမျိုး မကျူးလွန်ဝံ့စေရန် ပြင်းပြင်းထန်ထန် အရေးယူ နမူနာပြသသည့် သဘောဖြစ်၍ အမိန့်တော်မြတ်အတိုင်း ကွပ်မျက်ရမည်ဟု ပြောကြားတော်မူ၍ နောက်တကြိမ်မျှပင် မတင်လျှောက်ဝံ့တော့ကြောင်းပင် ဖြစ်ပါသတည်း ။

ရာဇဂုရု ဘွဲ့တံဆိပ်တော်ရ  ဆရာတော်ဘုရားကြီး များ ဖြစ်သည့် သင်္ဂဇာဆရာတော် ဘုရားကြီး ပင် သွားရောက် မေတ္တာရပ်ခံခဲ့သည် ကို မင်းတရားကြီးဘုရား က ဆိတ်ဆိတ်နေခဲ့သည့်အတွက် လက်လျှော့ပြန်ခဲ့ရပေသည်။

ထို သတင်းများကြောင့် နန်းတော်အတွင်း ဩဇာညောင်းသည် ဆိုသော ဗန်းမော်ဆရာတော် ၊ ရှမ်းကလေးကျွန်း ဆရာတော်ကြီးများ ပင် မသိကျိုးကျွန်ပြု နေကြလေသည် ။ ငယ်ရွယ်သူ ကျောင်းသားရှင်သာမဏေများ ကိုသာ ကင်းလွတ်စေပြီး ရဟန်းတော် နှစ်ကျိပ် ၊ သာမဏေ လေး ၊ ဝတ်ကြောင်ခြောက် ပေါင်း သုံးကျိပ် တိတိ တို့ကို ကွပ်မျက်သုတ်သင်ရန်  ရက် သတ်မှတ်လိုက်ပါတော့သည် ။

(၄ )

တောင်စွယ်နေကွယ်လျှင် သတ်ဖြတ်ရမည့် နေ့ ၊ နံနက်အာရုဏ်တက်ချိန်တွင် အရှေ့တံခါးမှ တောင်ဝှေးတချောင်း ထောက်၍ ဆရာတော်ကြီး တပါး တံခါးကို လာရောက်ပြီး တောင်ဝှေးဖြင့် ခေါက်ပါလေသည် ။ တံခါးမှူး အမေးအလျှောက် ရှိ၍ ပထမရွှေကျင်ဆရာတော်ဘုရား ဖြစ်ကြောင်း ပြောပြချက် အရ မနေသာဝင့်သော  အကြောင်းကြောင့်  တံခါးမှူး က ဖွင့်ပေးလိုက်ရပါတော့သည် ။

နန်းတော် အဝင် သစ်တပ်မြို့ရိုး တံခါးနီတော် ရောက်ပြန်သော် ရှေးနည်းအတိုင်း အတွင်းတော်သို့ ဝင်ခွင့် ပြုလိုက်ရပါသည် ။ ဘဝရှင်မင်းတရားကြီးဘုရား စက်တော်ခေါ်ရာ မှန်နန်းဆောင် သို့ အိပ်ဖန်တော်သားများ အကူအညီဖြင့် ရောက်ရှိသွားပါလေသည် ။ ဘဝရှင် မင်းတရားကြီးဘုရား စက်တော်ခေါ်ရာ သလွန်ညောင်စောင်း ကို တောင်ဝှေးဖြင့် ခေါက်၍ နှိုးတော်မူရာ မင်းတရားကြီးဘုရား လည်း စက်တော်ခေါ်ရာမှ မျက်စိဖွင့် အကြည့်တွင် ပထမရွှေကျင်ဆရာတော်ဘုရားကြီး ကို မြင်တော်မူ၍ စက်တော်ခေါ်ရာမှ ချက်ခြင်းတဖြုတ် ထကာ ရွှေကျင်ဆရာတော်ဘုရားကြီး ကို နေရာထိုင်ခင်း ပေးလျက်  ဦးချပြီး    ....

“ အသျှင်ဘုရား ၊ မည်သို့သော အရေးအခင်းတော် အတွက် ယခုကဲ့သို့ အာရုဏ်တက် ကြွလာရပါသနည်း  ... ဘုရား ... ”

“ တကာတော် မင်းတရားကြီးအတွက် လာခဲ့ရပါသည်  ...  ။ တကာတော် သည် မင်းသားဘဝ ငါ နှင့် အတူ ရှိစဉ်က ငါ့ အား သာသနာ့ဝန် ထမ်းဆောင်၍ သာသနာ ကို စောင့်ရှောက်တော် မူပါ ... ဘုရား တပည့်တော်လည်း  သာသနာ ကို ပြုစုနှိင်သော မင်း အဖြစ် ရအောင် ကြိုးပမ်းပါမည် ဟု .. ငါ့ အား လျှောက်တင်ထားခဲ့သည်ကို မှတ်မိပါသေး၏ လော   .... ”

“ မှန်လှပါ ...  ဘုရားတပည့်တော် လျှောက်ထားချက် အတိုင်း သာသနာကို ပြုစုနှိင်သော မင်း အဖြစ် ရရှိပြီးသည့်နောက် အသျှင်ဘုရား နှင့် အတူ သာသနာ ကို ပြုစုလျက် ရှိကြောင်းပါ  ဘုရား ..... ”

“ အိမ်း ..... သာသနာ ကို ပြုစုသည့် မင်း အဖြစ် ခံယူသူ က သာသနာအကျိုး သယ်ပိုးမည့် ရဟန်းတော် ၊ သံဃာတော်များကို ကွပ်မျက်ရပါသလော .... ၊ သူ့ အပြစ်ကို ကိုယ့် အပြစ် ဘောက်မဲ့ ပြုရမည်နည်း တကာတော်  ....”

မင်းတုန်းမင်း တရားကြီးဘုရား လည်း အတန်ငယ် စဉ်းစားတော်မူပြီးနောက် လျှောက်တင်လိုက်သည် ။

“ အသျှင် ဘုရား .... ဘာကို အလိုရှိပါသနည်း ဘုရား  ....”

“ ငါ အလိုရှိသည်မှာ  သာသနာ တိုးတက်ထွန်းကားဖို့ပင် ဖြစ်ပေသည် တကာတော် ...  ။ သို့အတွက် သာသနာ ပြုစုမည့် ရဟန်းရှင်လူ အားလုံးကို လွတ်စေလိုသည် တကာတော်  ...”

“ လွတ်စေရပါမည်  ... ဘုရား ”

“ လွတ်စေရရုံဖြင့် မပြီးပြေနိုင်သေး တကာတော်  ...  ။ သူတော်ကောင်း တို့ကို  ပြစ်မှားမိသောအပြစ် တကာတော် တွင် ရှိနေပေသည် ။ သို့အတွက် အကျဉ်းချခံနေရသော ရဟန်းတော် အားလုံး အပြစ်မှ ကျေချောအောင် တိစေဝရိတ် သင်္ကန်းများ ဖြင့် ငါ့ ရှေ့တွင် ယခုပင် ကန်တော့ပါလေ တကာတော်  ...”

“ မှန်လှပါ .. ဘုရား ။ ယခုပင် လွတ်စေ၍ ဆွမ်းတော်များ ကျွေးမွေးဆက်ကပ်၍ တိစေဝရိတ် သင်္ကန်းတော်များ လှူဒါန်းပါမည် ဘုရား ....” ဟု ကတိပေးရပါလေသည် ။  ( ပထမ ရွှေကျင်ဆရာတော်ဘုရားကြီး မှာ သာသနာပိုင် ဖြစ်၍ အလိုတော် မကျလျှင် မင်းတရားကြီး ကိုပင် တောင်ဝှေးတော် ဖြင့် ထိုးတတ်သည် ဟု သတင်းကြီးနေသော  ဆရာတော် ဖြစ်ပါသည် ။ )

မင်းတရားကြီးဘုရား လည်း  ရွှေကျင်ဆရာတော်ဘုရားကြီး အား စွယ်တော်ဆောင် တွင် ပင့်ဖိတ်၍ အာရုံဆွမ်း ကပ်လှူပါသည် ။ ဆွမ်းဘုန်းပေးနေသခိုက် အချုပ်အကျဉ်းချခံ ရဟန်းတော်များ အားလုံး နှင့် လူဝတ်ကြောင်များ သည် အမိန့်တော်ဖြင့် မင်းတရားကြီးဘုရား နှင့် ဆရာတော်ဘုရားကြီး ရှိရာသို့ ရောက်ရှိလာပါလေသည် ။ ထို ပုဂ္ဂိုလ် တို့ကို မြို့ဝန်ကြီး နှစ်ပါး ဘီရိုလှည်း ဖြင့် ပင့်ဆောင်ခေါ်လာခြင်း ဖြစ်လေသည် ။

ဘဝရှင်မင်းတရားကြီးဘုရား လည်း ပထမရွှေကျင် သာသနာပိုင် ဆရာတော်ဘုရားကြီး အလိုတော် အတိုင်း ဆွမ်းများ လုပ်ကျွေးဆက်ကပ်ပြီး နောက် တိစေဝရိတ် သင်္ကန်းများလှူဒါန်း ၍  အပြစ်မှ ကျေချောအောင် တောင်းပန်ရပါသည် ။ ထိုသည့်နောက် သီတင်းသုံးရာ ကျောင်းတိုက်အသီးသီး သို့ လိုက်လံ ပို့ဆောင်ပေးလိုက်ပါတော့သည် ။

ထိုနေ့မှစ၍ ဘဝရှင်မင်းတရားကြီးဘုရား သည် “ လှေကြီးပေါ် လှေငယ်တင် ။ ပဲ့ပြင် က လှုပ် ၊ လှိုင်း က ပုတ်  “ လာရသော အရေးအခင်းအတွက် မမေ့မလျော့နှိင်ဘဲ ဖြစ်ပေါ်လာရသည့် အကြောင်းအခြင်းအရာ တို့ကို ကြေညက်စွာ အပြန်ပြန် အလှန်လှန် သုံးသပ်ပါသည် ။ ဖြစ်ခဲ့သမျှသော အဖြစ်တို့၏ ဇစ်မြစ်အကြောင်းကို ချင့်တွက်တော်မူသည် ။ မိဖုရား တပါး ရရှိခံစားအပ်သော အခွင့်အရေး နှင့် အာဏာစည်းစိမ် ချမ်းသာ ၊ မင်းချမ်းသာ တို့ကား လောကတွင် နှိုင်းယှဉ်တုပ မရနှိင်လေသော လောကီ စည်းစိမ် ချမ်းသာတို့ပင် မဟုတ်ပါလား ။  သို့ပေမင့် ထိုအရာတို့ထက် ခုံမင်တွယ်တာ မက်မောစွာဖြင့် အသက်ကို စွန့်ဝန့်လောက်အောင် ဖြစ်ပေါ်လာရသော အဖြစ်တို့ ၏ အဖြေကား အဘယ်နည်း ။ ထို အဖြေ ကို မင်းတရားကြီး တွေ့ရှိပေပြီ ။ “ ငါသည် ရေမြေ့သနင်း ပြည့်ရှင်မင်း ဖြစ်ချေ၍ ငါ့ အလိုတော် ရှိတော်မူတိုင်း ပြည့်စုံရသည် ချည်းပင် ။ ငါ သည် နုနယ်ပျိုမြစ်ဆဲ အချိန်အရွယ်ပင် ရှိနေဆဲပင် ။ ငါ ၏ စွမ်းပကားဖြင့် သင်းတို့ ခံစားလိုသော လောကီစည်းစိမ် ကာမဂုဏ်ရမက် ကို ဉာဏ်တော်ဖက်၍ ငါ ၏ မိဖုရား အပေါင်းတို့ အား အလိုတော် ပြည့်ဝစေအံ့ ” ဟု ကြုံးဝါးတော်မူလျက်  ငယ်ကျွန် လက်စွဲတော်ကြီး ဦးရွှေမောင်ကြီး အား “ ငါ့ မိဖုရားများ အဆောင်နန်းသို့ ငါ ကိုယ်တော် ကူးသည့် အချိန်နာရီ နေ့ရက် တို့ကို စာရင်းဖွင့် မှတ်တမ်း ထားရှိစေ ။ မိဖုရားတို့ အား တည လျှင် တပါးကျ အလှည့်တော် ပေးရမည် ။ မည်သည့် မိဖုရားအဆောင်တော် မှ  စတင်၍ မည်သည့် နေ့ရက်  မည်သည့် အဆောင်တော် ကူးရမည်ဆိုသော အစီအစဉ် စာရင်းဇယား နှင့်တကွ ငါ ၏ အလိုတော် ကို သိရှိပြီးသော ငယ်ကျွန် ငမောင်ကြီး က နေ့စဉ် ငါ့ အား ညညီလာခံ မတိုင်မှီ တင်ဆက်စေ ” ဟု အမိန့်တော်မြတ် မှတ်လိုက်ပါလေသည် ။

မြန်မာမင်းဆက်ပေါင်း ( ၁၈၆ ) ဆက် ၊ နှစ်ပေါင်း ( ၃၀၀၀ ) နီးပါးမျှ ၊ မြန်မာနိုင်ငံတော် ကို တကောင်းမြို့ မှ စတင်တည်ထောင် အုပ်စိုးခဲ့သော မြန်မာမင်းအပေါင်း တို့ ကိုယ်ရေးမှတ်ရာများ ကို ရှာဖွေစူးစမ်း လေ့လာခဲ့သော်လည်း မင်းတုန်းမင်းတရားကြီး မှ တပါး မိဖုရား အဆောင်တော်ကူး မှတ်တမ်း ထားရှိခဲ့သည်ဟု မကြားဖူး ၊ မတွေ့ဖူးမိပါ ။ ထူးခြားစွာ ဆောင်တော်ကူးမှတ်တမ်း ဖွင့်လှစ်ထားရှိခဲ့သော တပါးတည်းသော မင်း ဖြစ်သည် ။  ဘဝရှင် မင်းတရားကြီးဘုရား စိတ်တော်ကြည်သာသော နေ့တနေ့တွင် ငယ်ကျွန်တော် လက်စွဲတော်ကြီး ဦးရွှေမောင်ကြီး မှာ စကားစပ်မိသည့် အဖြစ်ကြောင့် ...

“ ကျွန်တော်မျိုးကြီး စောင့်ရှောက်ထိမ်းသိမ်းရတော်မူသော ဆောင်တော်ကူးမှတ်တမ်း ကို နာမတော် အသစ် ပြောင်း၍  သားစပ် မှတ်တမ်း ဟု ပြောင်းလွဲ ခေါ်ဝေါ်တော်မူခွင့် ပြုတော်မူပါဘုရား ....” ဟု နားတော် အလျှောက်တွင်  သောက်တော်ရေ ရွှေဖလားဖြင့် ဦးရွှေမောင်ကြီး နဖူး ကို ဘဝရှင် မင်းတရားကြီးဘုရား ထုတော်မူလိုက်၍ ဦးရွှေမောင်ကြီး နဖူးတော် “ ဖု ” သွားပါလေသည် ။

ဦးရွှေမောင်ကြီး ၏ နဖူးတော်ကြီးမှာ ၁ ရက် မက ၁ဝ ရက် မျှနှင့်လည်း မပြေပျောက်သည်ကို မြင်ကြရသော ဝန်ကြီးများ ၊  ဝန်လေးများ တွေ့ရှိ၍ မေးတော်မူကြသောအခါ ဦးရွှေမောင်ကြီး က “ မင်းတရားကြီးဘုရား ၏ ဆောင်ကြာမြိုင် မှတ်တမ်း အရေးအသား ချို့ယွင်း ချွတ်ချော်မိသည်ကို အပြစ်တော်ယူကာ ရွှေဖလားတော်ဖြင့် ထုတော်မူသောကြောင့် နဖူးတော် “ ဖု ”  ရခြင်း ဖြစ်ကြောင်း မေးမြန်းစုံစမ်းသူများအား ပြန်လည်ပြောပြ၍ တသောသော ရယ်ကြသောဟူ၏ ။

ထိုနေ့ ထိုရက်ထိုအချိန်အခါ မှ စ၍ တညလျှင် တဆောင်ကျ ကူးတော်မူသော ဘဝရှင် မင်းတရားကြီးဘုရား အား ၆၃ ပါးမျှ ရှိသော မိဖုရားများ က အဆောင်တော်ကူး ရက်ဝေး အလှည့်ပေး နည်းသည်ကို ဦးရွှေမောင်ကြီး အား ဆန္ဒပြ အရေးဆိုကြပါသည် ။ ထိုပြဿနာ စတင်ပေါ်ပေါက်လာပြီးသည့်နောက် ချီးကျူးအံ့ဩဖွယ် မယုံကြည်နှိင်ဖွယ် ကောင်းသော ဗမာ့ ဆေးပညာ အစွမ်းဖြင့် မင်းတုန်းမင်းတရားကြီး ဘုရား ၏ မိဖုရားကြီး အပေါင်းတို့အား  နှိင်နင်းစွာ ထိန်းချုပ် ကွပ်ကဲတော်မူခဲ့ပုံတို့သည် စံတင်ရလောက်ပေသည် ။

မင်းတုန်းမင်းတရားကြီးဘုရား နတ်ရွာလားတော်မူချိန်တွင် မိဖုရားပေါင်း ၈ဝ ၊ ရှစ်ကျိပ်တိတိ ကျန်ရှိခဲ့ကြောင်း အချို့သော ရာဇဝင် သုတေသီများပင် မသိရှိလိုက်ပါ ။

ရင်သပ်အံ့ဩ ချီးမွန်းဖွယ်ကောင်းသော မြန်မာ့ ဆေးပညာ စွမ်းပကားကို အခြေခံ ထား၍ ဖြစ်ပေါ်လာရသော မင်းတုန်းမင်းတရားကြီးဘုရား ၏ ဆောင်ကြာမြိုင် ပုံပြင်ပေါင်းမှာလည်း အရာမက အထောင်မျှလောက်ပင်   မှတ်တမ်း မတင်ရသေးဘဲ လူထုထဲတွင် တဝဲလယ်လယ်ဖြင့်  ရှေးစကားအဖြစ် ကျန်ရှိနေရစ်သေးသည် ကို    အခွင့်ရလျှင် စာဖတ်သူများသို့ စုဆောင်းတင်ပြပေးနှိင်ရန် ကြိုးစားပါမည့်အကြောင်း သတင်းကောင်းပါးရင်း  “  ပဲ့ပြင်ကလှုပ် ၊ လှိုင်းကပုတ် ” သားစပ် မှတ်တမ်း ကို နိဂုံးချုပ်လိုက်ပါသည် ။


◾ချစ်စိန်လွင်

📖 ကုန်းဘောင်ခေတ် ဆောင်ကြာမြိုင်မှတ်တမ်း

အပိုင်း ၂  ❝ ခြိုးခြံတော် မူပါဘုရား ❞  ကို ဆက်လက် တင်ပေးပါမည် ။

koaungnaingoo.blogspot.com

.

No comments:

Post a Comment