❝ နုပျိုလာသော အဘွားအို ❞
မရွှေကျော့ ကို ကျုပ် ပစ်ထားခဲ့တာ ၅ နှစ် ကျော်ပြီ ။
ဟုတ်တယ် ။ သူတို့ သားအမိကို ကျုပ် ဘာစကား တစ်ခွန်းမှ မပြောဘဲ အိမ်ပေါ်က
ဆင်းလာတာ တကယ့်ကို ၅ နှစ်ကျော်ခဲ့ပါပြီ ။
မရွှေကျော့ အပေါ် ကျုပ် တစ်ကိုယ်ကောင်း ဆန်ခဲ့ပါတယ် ။
တကယ်ဆိုရင် ကြုံလာတဲ့ ဘဝအခက်အခဲမှန်သမျှ မရွှေကျော့ နဲ့အတူ လက်တွဲပြီး
ရုန်းကန်သင့်တာပေါ့ ။ ထုထောင်းလာတဲ့ လောကဓံကို အတူ ခါးစည်းခံသင့်တာပေါ့ ။
ဒါပေမဲ့ …
ကျုပ် အားလုံးကို လက်မြှောက်ပြီး အရှုံးပေးပြီး လွတ်ရာကျွတ်ရာကို ပြေးထွက်ခဲ့မိပါတယ် ။
ဒါပေမဲ့ဗျာ …
မရွှေကျော့ ကို ကျုပ် တစ်ရက်ကလေးမှ မမေ့ခဲ့ပါဘူး ။
ရင်ထဲမှာ နာနာကျင်ကျင်နဲ့ အမြဲလွမ်းဆွတ်နေခဲ့တာပါ ။
ကျုပ်ရဲ့ ရင်ကျပ်ပန်းနာ ရောဂါသည်းလို့ သေကောင်ပေါင်းလဲ ဖြစ်ခဲ့တုန်းကဆိုရင်
ဆရာတော် မကြားအေင် “ မရွှေကျော့ရေ … ကျုပ်အဖြစ်ကို မြင်လှည့်ပါဦး ” လို့ ဖွင့်ဟတမ်းတရင်း
မျက်ရည်ပေါက်ပေါက်ကျ ငိုကြွေးခဲ့ဖူးပါတယ် ။
ဒီဘဝမှာတော့ ကျုပ် မရွှေကျော့ ကို ပြန်မတွေ့နိုင်တော့ဘူးလို့ စိတ်ထဲ မှတ်ယူထားပြီး
ကြေကွဲမဆုံး ဖြစ်ခဲ့ရတယ် ။
အင်း … ဒါပေမဲ့ ဆရာတော်ရဲ့ မေတ္တာစေတနာက စူးရှလှသလို လူသူမနီး
တောမှီဆရာတော်ဘုရားရဲ့ တိုင်းရင်းဆေးပညာ တန်ခိုးဟာလည်း ထက်မြက်လှပါတယ် ။
ဆရာတော်နဲ့ တွေ့ပြီး ရက်ပိုင်းအတွင်း ရောဂါသက်သာတယ် ။ တစ်လ လောက်ကြာတော့
သိသိသာသာ လျော့ပါးသွားပြီး ၊ သုံးလ မရောက်ခင် ရောဂါဟာ ယူပစ်သလို
ရှင်းရှင်းပျောက်ခဲ့ပါတယ် ။
ဆရာတော်ဘုရား ဟာ ကျုပ်ရဲ့ အသက်သခင် ကျေးဇူးရှင်ပါ ။ ဒါကြောင့်လည်း တောထဲမှာ
တစ်ပါးတည်း သီတင်းသုံးနေတဲ့ ဆရာတော့်အနားက တစ်ဖဝါးမှမခွာဘဲ ကျုပ် နေခဲ့တာပေါ့ ။
အသက်ရလာပြီ ဖြစ်တဲ့ ဆရာတော်ကို တစ်သက်လုံး ဝတ်ကြီးဝတ်ငယ် ပြုစုတော့မယ်လို့ ကျုပ်
ဆုံးဖြတ်ခဲ့တယ် ။
ဆရာတော့်အနား နေရတာ ကျုပ် စိတ်လည်းသက်သာတယ် ။ ဆရာတော် ပြတဲ့
တရားကိုနာ ၊ ဆရာတော်ချီးမြှင့်တဲ့ တိုင်းရင်းဆေးပညာကို သင်ယူပြီး နေလိုက်တာ ၄
နှစ် ဆိုတဲ့ အချိန်ဟာ ကုန်မှန်း မသိ ကုန်သွားပါတယ် ။
ဆရာတော်ဟာ ကျုပ် လက်ပေါ်မှာပဲ ခန္ဓာဝန် ချသွားခဲ့ပါတယ် ။ ဆရာတော် မရှိတော့
ဆရာတော်ရဲ့ တဲကျောင်းလေးထဲမှာ ကျုပ်တစ်ယောက်တည်း အထီးကျန် ဖြစ်ရပြန်ပါတယ် ။
မရွှေကျော့ ကိုတော့ ကျုပ် သိပ်အောက်မေ့တာပဲ ။ ဒါပေမဲ့ အိမ်တော့ ပြန်ချင်စိတ် မရှိခဲ့ဘူး ။
ဆရာတော် ထံက ရခဲ့တဲ့ ဆေးပညာ အမွေနဲ့ ကျုပ် ရွာဘက် ထွက်ပြီး ဆေးလေးဘာလေး ကုတာ
အဆင်ပြေတယ် ။ ကျုပ် ကုပေးလို့ ရွာနီးချုပ်စပ်က ပန်းနာရောဂါသည် နှစ်ဦး ၊ သုံးဦး ရောဂါ
ရှင်းရှင်းပျောက်သွားတယ် ။
တစ်နေ့မှာ မြို့က လူဝဝကြီးတစ်ယောက် တပည့်နှစ်ယောက် နဲ့ ကျုပ်ဆီ တကူးတက
ရောက်လာတယ် ။ သူလည်း ပန်းနာရင်ကျပ် သမားပဲ ။ ဆရာတော် သင်ပြပေးတဲ့အတိုင်း ကျုပ်လည်း
သစ်ဥသစ်ဖုတွေ ခက်ခက်ခဲခဲ ရှာပြီး အစွမ်းကုန် တတ်သမျှ မှတ်သမျှ ကုပေးလိုက်တာ အဲဒီ လူရဲ့
ရောဂါလည်း တစ်ခါတည်း ယူပစ်သလို ပျောက်သွားပါလေရော ။ သမားလည်း စုံပြီ ၊ ဆေးလည်း
စုံပြီ ၊ ဒါပေမဲ့ ရောဂါမပျောက်ဘဲ အနှစ် ၂၀ လုံးလုံး ဝေဒနာခံစားခဲ့ရပါတယ် ဆိုတဲ့ လူဝကြီးဟာ
ကျေးဇူးတင်လွန်းလို့ဆိုပြီး ကျုပ်ကို ထိုင်ရှိခိုးရုံမက ကျုပ် ဘယ်တုန်းကမှ မမြင်ဖူးခဲ့တဲ့ ၊ မကိုင်ဖူးခဲ့တဲ့
ငွေတွေ အထပ်လိုက် ထုတ်ပေးပါတော့တယ်ဗျာ ။ ဒါလောက် များတဲ့ ငွေတွေကို ကြည့်ပြီး ကျုပ်
တုန်တုန်လှုပ်လှုပ် ချောက်ချောက်ချားချားကြီးကို ဖြစ်သွားခဲ့တယ် ။
ကျုပ် မရွှေကျော့ ကို ချက်ချင်း သတိရလိုက်တယ် ။ ဒီ ငွေတွေကို မရွှေကျော့ လက်ထဲ
အပ်ပေးလိုက်ချင်တယ် ။ ကျုပ်တို့ မိသားစု ဒီငွေတွေနဲ့ ရင်းနှီးစားသောက်လို့ ရပြီ ။ ကျုပ်လည်း
နေကောင်းပြီမို့ အလုပ်လည်း ကောင်းကောင်း လုပ်နိုင်ပြီ ။ မရွှေကျော့ ပင်ပန်းထားသမျှ
တစ်လှည့် အနားပေးလို့ ရပြီ ။ သားသမီးတွေရဲ့ ပြဿနာကို ကျုပ်ဖြေရှင်းမယ် ။ ငယ်ဘဝကလို
မရွှေကျော့ သီချင်းတအေးအေးနဲ့ ပြန်နေနိုင်အောင် ကျုပ် ကြိုးစားမယ်… ။
မရွှေကျော့ရေ… ။
နှစ်ပေါင်းများစွာ တိတ်ဆိတ်နေတဲ့ သီချင်းသံလေးကို နားထောင်ဖို့ ကျုပ် ညည်းဆီကို
ပြန်လာခဲ့ပါပြီကွယ် ။
xxxxx xxxxx xxxxx
တကယ်တော့ ကျုပ် မရွှေကျော့ ကို အသံကောင်း လို့ ယူခဲ့တာပါ ။
ဟုတ်တယ် အသံ ကောင်းလို့ ။ မရွှေကျော့ က သီချင်းဆို သိပ်ကောင်းတာ ။ အသံက
ကြည်ပြီး အေးနေလိုက်ပုံများ နားထဲက တော်တော်နဲ့ မထွက်နိုင်တဲ့အထိ ။ ပိုပြောတာ မဟုတ်ဘူး ။
လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော်လောက်ကပေါ့ ။
အဲဒီတုန်းက ကျုပ် က အသက် ၂၂ နှစ် ။ မရွှေကျော့ က ( ၁၈ ) ( ၁၉ ) လောက် ရှိဦးမယ်
ထင်တယ် ။ ကျုပ်က အညာက ( ၁၀ ) တန်း အောင်ပြီး ၊ ရန်ကုန် ဆင်းလာတဲ့ အချိန် ။
ဦးလေး အဆက်အသွယ် နဲ့ ရုံးတစ်ရုံးမှာ အောက်တန်းစာရေး အလုပ်ရတယ် ။ တစ်ဖက်ကလည်း
လုပ်သားကောလိပ် တက်လို့ပေါ့လေ ။
မရွှေကျော့ က ဦးလေး ခြံနဲ့ ကပ်လျက် အိမ်က ။ သူ ကလည်း ပြောရရင် ကျုပ်လို ပါပဲ ။ မိဘမဲ့
တစ်ကောင်ကြွက် ၊ အဒေါ် အိမ်မှာ ကပ်နေရတဲ့ သူ ။ သူ့ အဒေါ်ရဲ့ စီးပွားရေးလုပ်ငန်းက
ရှောက်သီးဆေးပြား တို့ ၊ ရှောက်ချိုဝိုင်း တို့ လုပ်တဲ့ လုပ်ငန်း ။ သူတို့ခြံထဲမှာ ရှောက်သီးဆားစိမ်တဲ့
စဉ့်အိုးကြီးတွေ ၊ ရှောက်ပြားလှန်းတဲ့ လင့်စင်ကြီးတွေ နဲ့ ရှုပ်ယှက်ကို ခတ်လို့ ။
သူတို့ အလုပ်ကလည်း မလွယ်ပါဘူး ။ ရှောက်သီးတွေ လှီးရတာ ၊ ဆားစိမ်ရတာနဲ့ ၊
နေလှန်းရတာနဲ့ ၊ အထုပ် ထုပ်ရတာနဲ့ ဘယ်တော့မှ မအားရ မနားရပါဘူး ။ မရွှေကျော့ခမျာ
အလုပ်သမ လေး ငါးယောက်လောက်နဲ့ ဇယ်ဆက်သလို လုပ်နေရတယ် ။ ပြီးတော့
အိမ်အလုပ်ဖြစ်တဲ့ ချက်တာ ပြုတ်တာ လျှော်တာ ဖွပ်တာလည်း သူ့အလုပ်ပဲ ။
သူ့ အဒေါ်ရဲ့ သမီးတွေ ကတော့ ပေါ်ကြော့ ။ ကောလိပ်ကျောင်းသူတွေမို့လို့ စာကျက်
ပျက်မစိုးလို့ အိမ်အလုပ် မခိုင်းဘူးတဲ့ ။ မရွှေကျော့ခမျာမှာတော့ အလုပ် ဘယ်လောက်များများ
ညည်းညူတယ် မရှိရှာပါဘူး ။ သီချင်းလေး တအေးအေးနဲ့ အလုပ်နဲ့လက်နဲ့ မပြတ်လုပ်နေတာပဲ
ကျုပ် မြင်တယ် ။
ကျုပ် နေရတဲ့ ထပ်ခိုးပေါ်က ကြည့်ရင် မရွှေကျော့ အလုပ်လုပ်နေတာကို
ကောင်းကောင်း မြင်ရတယ် ။ သူ သီချင်း ဆိုရင်လည်း ကောင်းကောင်း ကြားရတယ် ။ သူက
အလုပ်များလေ ၊ သီချင်းဆိုလေပဲဗျ ။ အံ့ရော ။
“ အဟုတ်ကို ချောရဲ့လားလို့ မှန်တာကို ပြောရှင် ၊ တကယ့်ကို ချောရဲ့လားလို့ မှန်တာကို
ပြောရှင့် ၊ ရိုးရိုးလေးနဲ့ မပြုမပြင် ၊ ကျွန်မကတော့ နဂိုယဉ် ”
သူ မကြာခဏ ဆိုတဲ့ သီချင်းပါ ။
“ ဟုတ်ပါတယ် မရွှေကျော့ ရယ် ၊ ညည်းက မပြုမပြင်ပေမယ့် နဂိုယဉ် လှပါပေတယ် ” လို့
အဲဒီ သီချင်းကို ကြားရတိုင်း ကျုပ်စိတ်ထဲ အမြဲရေရွတ်နေခဲ့မိပါတယ် ။
တိုတို ပြောရစေတော့ဗျာ ။ ကျုပ်ဦးလေးအိမ် ရောက်ပြီး တစ်နှစ်လောက်မှာ သူနဲ့
သမီးရည်းစား ဖြစ်သွားပါတယ် ။ သမီးရည်းစား ဖြစ်လို့မှ ဘာမှ မကြာဘူး ။ သူ့ အဒေါ်က သိသွားပြီး
ကျုပ် နဲ့ သဘောမတူနိုင်လို့ တူမ ကို အဆက်ဖြတ်ခိုင်းသတဲ့ ။ သူတို့ အနေနဲ့ ခိုင်းချင်သလို
ခိုင်းလို့ ရတဲ့ ဒီ တူမကို သူများ လက်ထဲ ဘယ် အပါခံနိုင်မလဲလေ ။ နောက်ပြီး ကျုပ်လို လူကို
အထင်မကြီးတာလည်း ပါတာပေါ့ ။
တစ်နေ့ သူ နဲ့ ကျုပ် နဲ့ ခြံထောင့်မှာ စကားရပ် ပြောနေတုန်း သူ့ အဒေါ် မြင်သွားတယ် ။
ဒါကိုဗျာ ၊ တူမ ကို ပါးရိုက် ဆုံးမသတဲ့ ။ ပါး အရိုက်ခံရပြီးနောက် တစ်နေ့မှာပဲ မရွှေကျော့လည်း
အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ကျုပ် နောက်ကို လိုက်ခဲ့တာပဲ ဆိုပါတော့ ။
ကျုပ်တို့ နှစ်ယောက် ခြေဗလာ လက်ဗလာ နဲ့ ဘဝ ကို စခဲ့ကြတယ် ။ အညာ က အိမ်ဝိုင်း ကို
အစ်မတို့ဆီက အမ်းယူလိုက်တဲ့ ငွေကလေးနဲ့ ရန်ကုန် ဆင်ခြေဖုံးမှာ သစ်သားအိမ်လေး တစ်လုံး
ဝယ်လိုက်တယ် ။ ၁၂၆ ကျပ်ဆိုတဲ့ လစာ ဝင်ငွေလေးနဲ့ ဖြစ်အောင်ရပ်တည်တယ် ။ ငါးမူးဖိုး ဝယ်ရင်
၁၀ ခု ရတဲ့ ဗယာကြော်ကို ဟင်းအဖြစ်နဲ့ ထမင်းမြိန်ခဲ့တဲ့နေ့တွေဟာ ကျုပ်တို့ ဘဝမှာ အပျော်ရွှင်ဆုံး
မေ့မရနိုင်ဆုံး နေ့တွေပါပဲ ။ ကျုပ်တို့အိမ်မှာ ဆိုရင်လည်း မရွှေကျော့ ရဲ့ သီချင်းသံလေးနဲ့ အလွန့်ကို
ကျက်သရေရှိခဲ့တဲ့ အချိန်တွေပေါ့ ။
“ တူနှစ်ကိုယ် တဲအိုပျက်မှာနေရ ၊ ရွှေဘုံပေါ်မှာစံရ ၊ ချစ်တာ ချစ်တာ ပဓာနလို့ ဆိုချင်တယ်
မောင်ရယ် ၊ ချစ်တာ ချစ်တာ ပဓာနလို့ ဆိုချင်ပါတယ် မောင်ရယ် …”
ကျုပ်တို့ အိမ်ထောင်ဦးဟာ သိပ်ပျော်စရာ ကောင်းခဲ့ပါတယ် ။
ကျန်းမာရေး ဗဟုသုတ မရှိတဲ့ ကျုပ်တို့ နှစ်ယောက်ဟာ စောစောစီးစီးပဲ ကလေး
ယူလိုက်မိတယ် ။ လက်ထဲ ဘာမှ စုစုဆောင်းဆောင်း မရှိခင် ၊ ကလေးတာဝန် ပိုလာတော့ ကျုပ်တို့
အတော်ကလေး ကသီလင်တ ဖြစ်ရတယ် ။ ပိုဆိုးတာက ကလေးက မကျန်းမာဘူး ၊ ချူချာတယ် ။
သူ့ မွေးပြီးကတည်းက အိမ် နဲ့ ကလေးဆေးရုံ အမြဲ ကူးနေရတယ် ။
အဲဒီကလေး တစ်နှစ် ကျော်ကျော်မှာ နောက်သားတစ်ယောက် ကျုပ်တို့ ဘဝထဲ
ရောက်လာပြန်တယ် ။ ဒုတိယ သားက သားဦး လို မချူချာပေမယ့် ဗြောင်းဆန်အောင် ဆော့တယ် ။
လမ်းလျှောက်တတ်စအရွယ်မှာ အိမ်လှေကားပေါ်က ပြုတ်ကျလို့ ဆေးရုံတက် ချုပ်ရတာချည်း
နှစ်ခါ ။ သူ့ ခေါင်းမှာဆို ဒဏ်ရာ ချည်းပဲ ။
တတိယကလေး ကတော့ မိန်းကလေး ။ စိတ်ကြီးလိုက်တာလည်း မပြောပါနဲ့တော့ ။
အလိုမကျလို့များ ငိုရင် နှုတ်ခမ်းပြာပြီး တက်တဲ့အထိ ငိုတယ် ။ မရွှေကျော့ ခမျာ
ကလေးသုံးယောက် နဲ့ ပင်ပန်းရှာတယ်လေ ။ မဖြီးနိုင် ၊ မလိမ်းနိုင် ၊ သူ အင်မတန်ဝါသနာပါတဲ့
သီချင်းလေးတောင် မညည်းနိုင်တဲ့အထိပါပဲ ။
ကလေးတွေ ကျောင်းထားတဲ့ အရွယ် ရောက်တော့ သူတို့ကျောင်းစရိတ်လေး ကာဖို့
မရွှေကျော့ က အိမ်မှာ ဆိုင်ကလေး ဖွင့်တယ် ။ သူ့အမေ မသေခင်က ပေးခဲ့တဲ့ ပုလဲနားကပ်လေး
ချွတ်ရောင်းပြီး အရင်းအနှီး လုပ်သတဲ့ ။ အိမ်ဆိုင်ဆိုပေမဲ့ ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး ။
မုန့်လေး ပဲလေး ဆေးလိပ်လေး တိုလီမိုလီ ရောင်းတာပါ ။
ဘွဲ့ မရလိုက်လို့ စာရေးကြီး ဘဝက မတက်နိုင်တဲ့ ကျုပ် အနေနဲ့လည်း သူတို့ မိသားစုကို
ပြည့်စုံလုံလောက်အောင် ဘယ် ထောက်ပံ့နိုင်မှာလဲ ။ တစ်လ တစ်လ အကြွေးနဲ့
လုံးချာပတ်ချာလည်ရင်း အသက်တွေ ကြီးလာတာပဲ အဖတ်တင်တယ် ။
ငယ်ငယ် က ဉာဏ်ကောင်းပြီး စာတော်တဲ့ သားအကြီး ဖိုးထောင်ဟာ ၁၀ တန်း
တဘုန်းဘုန်း ကျတယ် ။ စာမေးပွဲကျတော့ ဖိုးထောင် စိတ်လေတယ် ။ ကျူရှင်ကောင်းကောင်း
ထားမပေးနိုင်တဲ့ မိဘ ကို မကျေနပ်ဘူး ။ အဲဒီ မကျေနပ်စိတ် နဲ့ အရပ်ထဲ လည်ပြီး လူတကာနဲ့
ရန်ဖြစ်တယ် ။ စီခနဲဟေ့ဆို ဖိုးထောင် ပဲ ။ ဖိုးထောင် ကြောင့် ရုံးရောက် ဂါတ်ရောက်ရတာ
အကြိမ်ကြိမ် ။
သူ ပြောသလို ကျူရှင်ကောင်းကောင်း ထားမပေးနိုင်တဲ့အတွက် အဖေ တစ်ယောက် အနေနဲ့
စိတ်ထိခိုက်တယ် ။ ဘွဲ့ မရခဲ့တဲ့ ကျုပ်ဟာ ကျုပ် သား ကို ဘွဲ့ရပညာတတ်ကြီး တစ်ယောက်
သိပ် ဖြစ်စေချင်တာပေါ့ ။ သား ကျူရှင်ခ အတွက် ဆိုပြီး ထပြီး ကုန်ထမ်းချင်စိတ်တောင်
ပေါက်မိတယ် ။
ဒါပေမဲ့ အဲဒီ အချိန်မှာ ကျုပ် ဘဝက စိတ်သွားတိုင်း ကိုယ် မပါတော့ဘူးလေ ။
ငယ်ငယ်တုန်းက အခံ ရှိခဲ့တဲ့ ရင်ကျပ်ပန်းနာရောဂါ ပြန်ပေါ်လာတယ် ။ ကုန်ထမ်းဖို့ နေနေသာသာ
လမ်းလေး နည်းနည်းပါးပါး ပိုလျှောက်မိရင်တောင် မောမဆုံးဘူး ။ ခွင့် ခဏခဏ ယူရလွန်းလို့ ရုံးက
အရာရှိ ကလည်း ငြိုငြင်လှပြီ ။
ဒုတိယသား ကျတော့ မိုက်တယ် ။ ဘယ်လိုက ဘယ်လို ဖြစ်သလဲ မသိဘူး ။ ဆေးစွဲတယ် ။
အိမ်ဆိုင်ကလေးက ပိုက်ဆံ ပျောက်တယ် ပျောက်တယ်နဲ့ ပထမ မရိပ်မိဘူး ။ တစ်နေ့
သူများ အိမ်ကြိုအိမ်ကြား ၊ နောက်ဖေးလမ်းကြားမှာ ဆေးထိုးအပ် တန်းလန်းနဲ့ သေနေတာ
တွေ့ရတော့မှ ကိုယ့်သား ဘိန်းစား ဖြစ်မှန်း သိလိုက်ရတယ် ။ ပိုဆိုးတာက ဖိုးအောင် ဟာ ဆေးကို
ကိုယ်တိုင် သုံးစွဲရုံမက လက်လီဖြန့်တဲ့ အလုပ်ကိုလည်း လုပ်သတဲ့ ။ ဘုရား … ဘုရား … ။
အဲဒီ သား ဆုံးတော့ မရွှေကျော့လည်း ပိန်ပြီး အိုစာသွားလိုက်တာလေ ၊ အရင်ရုပ်
တစ်စက် မှ မရှိတော့တဲ့ အထိပါပဲ ။ အသက် ၄၀ ကျော် ရှိဦးမယ် ။ ဆံပင်တွေက တစ်ခေါင်းလုံး
ဖြူလို့ ။ ပါးရေတွေတောင် တွန့်လို့ ။ သူက အဲဒီ သားကို အချစ်ဆုံး မဟုတ်လား ။
အငယ်ဆုံးသမီး မိကောက် အရွယ်ရောက်လာတယ် ။ ဒီသမီးက တစ်ဘာသာ ။
ကျုပ်နဲ့လည်း မတူဘူး ။ မရွှေကျော့ နဲ့လည်း မတူဘူးတဲ့ ။ အသားလေး ဖြူပြီး မျက်ခုံး မျက်လုံး
နှာတံက မဂိုကုလားမလေး ကျနေတာပဲ ။ သိပ်လှတာ ။ သူ့အမေ ဆီက သီချင်းဆို ကောင်းတဲ့
အမွေလေး ရလိုက်ပါရဲ့ ။
သူက စာထဲ စိတ်မဝင်စားဘူး ။ ကျောင်းနေချင်စိတ်လည်း မရှိဘူး ။ ရှစ်တန်း နှစ်ခါကျတော့
ကျောင်းထွက်ပြီး စားသောက်ဆိုင် တစ်ခုမှာ စားပွဲထိုး လုပ်တယ် ။ ကျုပ် သဘော မတူလှပေမယ့်
မျက်စိမှိတ်ပြီး လွှတ်ထားရတော့တယ် ။ အသက် ၁၈ နှစ် အရွယ် သမီးလေး ၊ ယောက်ျားတကာ ကို
အရက်ငှဲ့ပေးပြီး ထိကပါး ရိကပါး လုပ်တာ ခံရတဲ့ ဘဝမျိုး ဘယ် အဖေ က ခငွ့်ပြုချင်မှာလဲ ။ ကျုပ်
ရင်နာလိုက်တာလေ ။
ဒါပေမဲ့ ကျုပ် ဘာမှ မတတ်နိုင်ခဲ့ဘူး ။ ဘာကြောင့်လဲ ဆိုတော့ ကျုပ်ဟာ ကျန်းမာရေး
အခြေအနေကြောင့် အလုပ်က ထွက်ခဲ့ရပြီး ။ သားအကြီးက လူငယ်ချင်း ရန်ဖြစ်ပြီး လူသေမှုနဲ့
ထောင်ကျနေပြီ ။ ဒီသမီး လုပ်စာ မစား ၊ ဘာနဲ့ စားမလဲ ။
ကျုပ် ရောဂါ ပိုသည်းလာတယ် ။ မရွှေကျော့ က ကျုပ် ကို ပြုစုရတာ တစ်ဖက် ၊
သားကြီးဖိုးထောင် ဆီ ထောင်ဝင်စာ သွားတွေ့ရတာ တစ်ဖက် နဲ့ မအားရဘူး ။ သမီး က
အဖေ့ ဆေးဖိုး အတွက် အလုပ်ပိုလုပ်ပါတယ် ဆိုပြီး အိမ်ပြန်တာ ပိုပို နောက်ကျလာတယ် ။
သူ့ အမေ ကိုလည်း ငွေတွေ ခါတိုင်းထက် ပိုအပ်ပါရဲ့ ။ သူ ကိုယ်တိုင်လည်း ပြောင်ပြောင်ရောင်ရောင်
ဖြစ်လာတာတော့ အမှန် ။ သမီး အပြောက သူ စားပွဲထိုး အလုပ် မလုပ်ရတော့ဘူးတဲ့ ။ ဆိုင်ရှင် က
သူ့ကို သီချင်းပဲ ဆိုခိုင်းသတဲ့ ။ သီချင်း ဆိုတဲ့အတွက် လစာလည်း ပိုရပြီး ၊ ဆုကြေးတွေလည်း
မနည်းဘူး ရသတဲ့ ။
ဒါပေမဲ့ဗျာ … မိဘ ကို လုပ်ကျွေးတဲ့သမီး ရဲ့ ဂုဏ်သတင်း က လုံးဝမမွှေးခဲ့ပါဘူး ။ အရပ်ထဲမှာ
ပြောကြဆိုကြ လူတကာ နားက လျှံမှ ကျုပ်က ကြားခဲ့ရတာပါ ။
ကျုပ် ရှက်ဒေါသ နဲ့ သမီး ကို စစ်မေး မေးတော့ … ။ သမီး ဖြေတဲ့အဖြေ က “ သမီး ဒီအလုပ်ကို
မလုပ်ချင်ပါဘူး ၊ ဒါပေမဲ့ အဖေ က မိသားစု ကို ထမင်းဝအောင် ကျွေးနိုင်လို့လား ၊ လူနဲ့ သူနဲ့ တူအောင်
ထားနိုင်လို့လား ” တဲ့ လေ ။
ကျုပ် ကို အလဲထိုးတဲ့ စကားလုံးတွေ ။
ကျုပ် သမီး ကို ဘယ်လို တုံ့ပြန်လိုက်ပြီး ၊ ကျုပ်လည်း ဘယ်လိုဖြစ်သွားမှန်း မသိတော့ဘူး ။
ကျုပ် သတိပြန်ရလာတော့ သမီး က ကြမ်းပေါ်မှာ လဲကျနေတယ် ။ အဲဒါနဲ့ ကျုပ် တစ်ခု
ဆုံးဖြတ်လိုက်တယ် ။ ကျုပ် အားလုံးကို စွန့်ခွာသွားတော့မယ် ။ အရှုံးပေးတော့မယ်လို့ ။
မရွှေကျော့ တစ်ယောက် ငိုရလွန်းလို့ မောပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတဲ့အချိန်မှာ
သူ့ မျက်နှာ နွမ်းနွမ်းလေးကို နောက်ဆုံး အနေနဲ့ တစ်ချက် ကြည့်ပြီး အိမ်က အပြီးထွက်ခဲ့တာပါပဲဗျာ ။
ခြေဦးတည့်ရာ လျှောက်သွားရင်း ဆရာတော်တစ်ပါး နဲ့ တွေ့ပြီး ဆရာတော်က
သူ့ ကျောင်းပေါ် ကယ်ဆယ်ထားလို့ ကျုပ် အသက်ရှင်ခွင့် ရခဲ့တာပေါ့ ။
အဲဒါ အိမ်က ထွက်လာခဲ့တဲ့ အဖြစ်အပျက် ။
အခုတော့ … ကျုပ် အိမ်ပြန်ဖို့ ဖြစ်လာရပြန်ပြီ ။
xxxxx xxxxx xxxxx
အိမ်နားကို နီးလာလေလေ ကျုပ် ရင်ခုန်ရလေပဲ ။ မရွှေကျော့ တစ်ယောက်
ရှိမှ ရှိသေးရဲ့လား ။ ရှိရင်လည်း ကျန်းကော ကျန်းမာရဲ့လား ။
သူတို့ သားအမိတစ်တွေ ဘယ်လိုများ နေထိုင်စားသောက်ကြသလဲ ။
သမီးမိကောက် ကကော စားသောက်ဆိုင်မှာ အလုပ်လုပ်တုန်းပဲလား ။ မရွှေကျော့ ကကော
စားစရာ တောင်းရွက်ပြီး ထောင်ဝင်စာ သွားတွေ့တုန်းပဲလား ။ ကျောက်ထုတဲ့နေရာ အထိ
လိုက်ရတုန်းပဲလား ။
တွေးကြည့်ရုံနဲ့ ရင်ထဲ မွန်းကျပ်လိုက်တာ ။
တခြား ရပ်ကွက်နဲ့ စာရင် ကျုပ်တို့ရပ်ကွက် က သိပ် အပြောင်းအလဲ မရှိဘူး ။
မြေနီလမ်းတွေကတော့ ကတ္တရာခင်းလမ်း ဖြစ်လာတယ် ။ လမ်းထိပ်က အဘဖြူ တို့
အိမ်အိုကြီး ကတော့ မရှိတော့ဘူး ။ သူ့နေရာမှာ တော်တော် အထပ်များတဲ့ တိုက်ကြီးတစ်တိုက်
ဖြစ်နေတယ် ။
လမ်းထဲက လူတွေ ကျုပ်ကို မမှတ်မိကြဘူး ။ အသိထဲက တစ်ယောက် နှစ်ယောက်
ကျုပ်ကို ကြည့်ပြီး မထူးခြားသလို ဖြတ်ကျော်သွားတယ် ။ အေးလေ ဘယ် မှတ်မိပါ့မလဲ ။
ကျုပ်ကလည်း မုတ်ဆိတ်ပါးသိုင်းမွှေး နဲ့ သျှောင်ထုံးထုံး ခေါင်းပေါင်းထားတဲ့ ပုံစံတစ်မျိုး
ဖြစ်နေတာကိုး ။
ကျုပ် အိမ်နဲ့ မျက်စောင်းထိုးလောက်မှာ ကွမ်းယာဆိုင် အသစ်တစ်ဆိုင် တွေ့တယ် ။ ကျုပ်က
ကွမ်းယာတစ်ယာ မှာစားရင်း အိမ်ကို အကဲခတ် ကြည့်လိုက်တယ် ။
ကျုပ် အိမ်က အရင်နဲ့တော့ သိပ်မကွာပါဘူး ။ မျက်နှာစာမှာ အရင်ထက် ပိုစုံလင်တဲ့
အိမ်ဆိုင်လေးတစ်ဆိုင် ဖြစ်လာတာ တစ်ခုပဲ ။ ကြက်သွန် ၊ အာလူး ၊ ပဲ ၊ မီးသွေးစတဲ့ မီးဖိုချောင်သုံး
ပစ္စည်းအစုံအလင်နဲ့ ကုန်စုံဆိုင်လေးတစ်ဆိုင် ။ ပလတ်စတစ်ရောင်စုံနဲ့ ထုပ်ထားတဲ့
စားစရာထုပ်ကလေးတွေကို တိုးလိုးတွဲလောင်း ချိတ်လို့ ။
သြော် … ဈေးထိုင်ရောင်းနေတာ သမီး မိကောက် ပဲ ။ အရင်လို နှုတ်ခမ်းနီ ၊ ပါးနီဆိုးပြီး
ခေတ်ဆန်ဆန် အဝတ်အစားတွေနဲ့ မဟုတ်တော့ပါလား ။ သနပ်ခါး ပါးကွက်ကျားနဲ့
ဘီးကျော်ပတ် နဲ့ ။ သမီးကြည့်ရတာ အတော်လေး ရင့်ကျက်ပြီး တည်ငြိမ်လာသလိုပဲ ။
စက်ဘီးတစ်စီးနဲ့ ဆိုင်အနောက်ဘက် ဝင်လာတာ ဘယ်က သူငယ်ပါလိမ့် ။
စက်ဘီးနောက်ခုံမှာ တင်ထားတဲ့ ကြိမ်ခြင်းကြီးကို ချပြီး သမီးနား ယူသွားတယ် ။ သမီးညွှန်ပြတဲ့
နေရာမှာ ပစ္စည်းတွေ သွန်ချတယ် ။ သြော် … ကြက်သွန်ဖြူတွေ ၊ ပြီးတော့ သူက
သမီးဈေးရောင်းနေတဲ့ အနား ဝင်ထိုင်တယ် ။ သမီး က သူ့ အင်္ကျီအိတ်ကပ်ထဲက ပိုက်ဆံတွေကို
ပိုင်စိုးပိုင်နင်း နှိုက်ယူပြီး ရေတွက်ကြည့်နေတယ် ။ အဲဒီ သူငယ် က သမီး နဲ့ ဘယ်လို
ပတ်သက်နေပါလိမ့် ။ ကောင်လေး ကြည့်ရတာတော့ မွန်မွန်ရည်ရည် ရိုးရိုးသားသားလေးပဲ ။
မရွှေကျော့ ကော …
မရွှေကျော့ ဘယ်ရောက်နေပါလိမ့် ။
အရိပ်အယောင်တောင် မတွေ့ပါလား ။
မပြောကောင်း မဆိုကောင်း ၊ မရွှေကျော့ သာ မရှိခဲ့ရင်တော့ ၊ ကျုပ် ရင်ကွဲရ ချည်ရဲ့ဗျာ ။
ကွမ်းယာဖိုး ချေပြီး ကျုပ် အိမ်နားကို ခပ်ဖြည်းဖြည်း ချဉ်းကပ်သွားပါတယ် ။ သမီး ကတော့
သူ့ ဝယ်သူတွေနဲ့ အလုပ်ရှုပ်နေလို့ ကျုပ် ကို မမြင်ဘူး ။ အိမ်တံစက်မြိတ်မှာ ကျုပ်
အသာ ရပ်နေမိတယ် ။ သမီးအနား ကပ်ထိုင်နေတဲ့ သူငယ်ကတော့ ကျုပ်ကို စူးစမ်းသလို
ကြည့်နေတယ် ။ အဲဒီအချိန်မှာ အိမ်ထဲက ထွက်လာတဲ့ သီချင်းသံကို ရုတ်ခနဲ ကျုပ်
ကြားလိုက်ရတာပဲဗျို့ ။
“ ချစ်ပင်ပျိုးလို့ ချစ်မိုးတွေစွေစွေ ၊ ချစ်ရေစင် ပက်ခါဖြန်းလို့ ချစ်ပန်းပွင့် ကာနေ ”
ကျုပ် ရင်ထဲ ဒိန်းခနဲ ဖြစ်သွားတယ် ။
မရွှေကျော့ အသံ ကြားလိုက်ရလို့ ကျုပ် ဝမ်းသာလိုက်တာဗျာ ။ ဝမ်းသာလိုက်တာ ။
မရွှေကျော့ သီချင်း မဆိုနိုင်ရှာတော့ဘူးလို့ အောက်မေ့နေတာ ။ ခုတော့ ဆိုနိုင်ရှာသားပဲ ။
မရွှေကျော့ ရေ ကျုပ် ရင်ထဲ ဘယ်လိုဖြစ်မှန်း မသိဘူး ။
“ မေတ္တာတွေ အသင်္ချေ အသင်္ချာ ကမ္ဘာမြေဆုံးစေတော့ မမုန်းနိုင်ဘူး ချစ်သူရေ ”
ကျုပ် လက်ထဲက ဝန်စည်စလှယ် နဲ့ အထုပ်တွေကို ဘုတ်ခနဲ ပစ်ချပြီး ၊ ကျုပ် အိမ်ခန်းထဲကို
ပြေးဝင်သွားမိတယ် ။ အခန်းထဲမှာ မရွှေကျော့ ကို ကျုပ် လှမ်းမြင်ရပါပြီ ။ သူ ဘာလုပ်နေပါလိမ့် ။
သြော် … သူ … သူ အဝတ်ပုခက်လေးကို လွှဲရင်း သီချင်းဆိုနေတာကိုး … ။ သူ့ မျက်နှာက
ပြုံးလို့ကြည်လို့ ၊ ပုခက်ထဲက ကလေးလေးကလည်း ပုံ့ပုံ့ ဖြူဖြူနဲ့ ချစ်စရာလေးပါလား ။ ဒါ … ဒါ
ဘယ်သူ့ ကလေးပါလိမ့် ။
“ အဖေ …”
မရွှေကျော့ ကို တစ်လှည့် ၊ ကလေးကို တစ်လှည့် ကြည့်ရင်း အသက်ရှူ မှားမတတ်
ဖြစ်နေမိတဲ့ ကျုပ်ကို အလန့်တကြား ခေါ်လိုက်တဲ့သူက သားကြီးဖိုးထောင် ။ မရွှေကျော့ဟာ
ကလေးမျက်နှာကို ငေးကြည့်နေရာက ဆတ်ခနဲ မော့လာပြီး ကျုပ်ကို တွေ့တော့ …
“ ဟင် …”
မရွှေကျော့ ကြက်သေ သေနေလိုက်တာ အကြာကြီး ။
နောက်တော့ သမီး မိကောက် အိမ်ထဲ ဝင်လာပြီး ကျုပ် မှန်းလည်း သိရော ၊ အို … သားအမိ
သားအဖတွေ တစ်ယောက် တစ်ယောက် ဖက်ငိုလိုက်ကြတာ ။ ကျွက်ကျွက်ကို ညံသွားတာပဲဗျာ ။
“ အမလေး ကိုလှဒင် ရယ် ၊ ရှင် ပြန်လာသေးတယ်နော် ”
“ အဖေ သမီး မမိုက်တော့ပါဘူး ၊ အဖေ စိတ်ထိခိုက်အောင် ပြောမိတဲ့အတွက် သမီး
တောင်းပန်ပါတယ် ”
“ အဖေ … ထောင်က ထွက်ထွက်ချင်း ၊ အဖေ ရိုက်တာ ခံချင်လွန်းလို့ ၊ ကျွန်တော့်ကို
ရိုက်စမ်းပါ အဖေရယ် ၊ ရိုက်စမ်းပါ ”
ကျုပ် လည်း အားရပါးရ ငိုချလိုက်မှပဲ ရင်ထဲ ပေါ့ပါးသက်သာသွားတယ် ။
ပုခက်ထဲ တဝါးဝါး ငိုနေတဲ့ ကလေးကို မရွှေကျော့ ကောက်ချီပြီး ၊ မိကောက် ရင်ခွင်ထဲ
ထည့်ပေးတယ် ။ မိကောက် က အင်္ကျီလှန် နို့တိုက်တော့မှ ကလေးလည်း အငိုတိတ်သွားတယ် ။
သြော် … ကျုပ် တောင် မြေးကလေး ရနေပြီကိုး ။
တစ်ညနေလုံး ကျုပ်တို့ သားအမိတစ်တွေ စကားပြောလို့ မကုန်ဘူး ။ အဲဒီ ညစာလောက်
မြိန်တဲ့ ထမင်းလည်း မရှိတော့ဘူး ။ သမက်ကလေး ကဆို အိမ်မှာ ဟင်းတွေ ရှိနေလို့ အတန်တန်
တားနေတဲ့ကြားက ဇွတ်ပဲ ။ စက်ဘီးလေးနဲ့ ညဈေးဘက် သွားပြီး ခေါက်ဆွဲကြော်တွေ ၊
အစိမ်းကြော်တွေ ၊ အခေါက်ကင်တွေ ဝယ်လာပြီး ကျွေးသဗျ ။ ရင်ထဲမှာ အတော့ကို
ကြည်နူးဝမ်းသာ ဖြစ်ရတယ် ။ ကျုပ်တို့ မိသားစုရဲ့ အနာဂတ်ဟာ အကျည်းမတန်တော့ဘူးလို့
ဆိုရမှာပေါ့ မဟုတ်လား ။
တစ်ညလုံးလည်း ကလေးမြှူလိုက် ၊ စကားပြောလိုက် နဲ့ အချိန်ကုန်လို့ ကုန်သွားမှန်းတောင်
မသိတော့ဘူး ။ ညဉ့်နက်လာတော့ သမီး က ကျုပ်အတွက် ဘုရားစင်ရှေ့မှာ အိပ်ရာ ပြင်ပေးတယ် ။
ဖိုးထောင် အိပ်ရာနဲ့ ယှဉ်လျက်ပေါ့ ။ အရင် ကျုပ် နဲ့ မရွှေကျော့ အိပ်ခဲ့တဲ့ အခန်းကိုတော့
အိမ်ထောင်ရှင် သမီး က အပိုင်စီးလိုက်ပြီလေ ။
အသီးသီး အိပ်ရာဝင်တော့ …
“ ကိုလှဒင် ရယ် ကျွန် မလည်း ရှင် သိတဲ့အတိုင်း သီချင်း မဆိုဖြစ်တာ
အတော် ကြာခဲ့တာနော် ၊ ဟောဒီ မြေးကလေး ရလာမှ ကလေး ချော့ရင်း ပုခက်လွှဲရင်း
သီချင်း ပြန်ဆိုဖြစ်တာ မေ့နေတဲ့ သီချင်းတွေတောင် ပြန်ရလာတယ်တော့ ၊ ကျုပ် စိတ်ထဲ
မြေး ရလာမှ ပြန်ငယ်သွားသလိုပဲ ” တဲ့ ။
နို့ဝနေပြီဖြစ်တဲ့ မြေးလေး ကို ချီပြီး မရွှေကျော့ က ပြောတယ် ။ ပြီးတော့ …
“ ကဲ ကဲ စိတ်ချလက်ချ အိပ်တော့ ကိုလှဒင် ၊ ကျွန်မလည်း ကလေးသိပ်ရင်း အိပ်တော့မယ် ၊
ဒီ ကလေးက ၆ လသား ကတည်းက ကျွန်မ နဲ့ အိပ်ခဲ့တာ …”
ပြောပြောဆိုဆို နဲ့ သူ့ ခြေရင်းခန်းထဲ ဝင်သွားပါတယ် ။
တအောင့်နေတော့ တကျွတ်ကျွတ် ကလေးချော့သံနဲ့အတူ မရွှေကျော့ဆီက သီချင်းသံ
ခပ်တိုးတိုး ကို ကြားရတော့တယ် ။
“ ချစ်ပင်ပျိုးလို့ ချစ်မိုးတွေစွေစွေ …”
မရွှေကျော့ ပြန်ငယ်သွားတဲ့ အတွက် ကျုပ် ဝမ်းသာလိုက်တာ ဗျာ ။
◾မနှင်းဖွေး
📖 မဟေသီမဂ္ဂဇင်း ၊
၁၉၈၉ ၊ မေလ ။
koaungnaingoo.blogspot.com
.
No comments:
Post a Comment