❝ လက်နက်ကိုင် အရေးတော်ပုံအတွက် ခဲလေသမျှ သဲရေကျ ❞
မီးရထား သည် ကျွန်တော်တို့ အား မြောက်ဘက် သို့ ယူဆောင်သွားလေသည် ။
မန္တလေး သွား အဆန်မီးရထား ဖြစ်၏ ။ တွဲတိုင်းမှာ လူတွေညပ်နေသည် ။ လူစီးတွဲများသာမက
ကုန်တွဲများမှာလည်း ညပ်နေသည် ။ အမိုးနှင့် တွဲများမှာသာမက အမိုး မပါသော တွဲများမှာပင် ညပ်နေသည် ။
ရန်ကုန်မြို့ကြီးကား ရေကာတာကြီး ပေါက်ကျိုးသည်နှင့် တူသည် ။ လူတွေ ၊ ယာဉ်တွေ ၊ ကုန်ပစ္စည်းတွေ ဒလဟော ယိုစီးထွက်နေလေသည် ။
ကျွန်တော့် မှာ ထိုင်စရာ တစ်နေရာ ရ၍ ကံကောင်းသည် ။ ထိုင်စရာ မရ၍ မတ်တတ်ရပ်လိုက်သူ
လိုက်ကြသည် ။ သေတ္တာတွေ အိပ်ရာလိပ်တွေပေါ် တက်ထိုင်လိုက်သူလည်း လိုက်သည် ။
ကျွန်တော် တို့လို ဝန်ကျဉ်းသူတွေမှာကား ဗျာပါဒ မရှိ ၊ ဝန်စည်စလယ် များသူတွေမှာကား ဗျာပါဒတွေ များလှ၏ ။ ပျောက်မည်စိုးရသည်က တစ်မျိုး ၊ ကွဲမည်ရှမည် စိုးရသည်က တစ်ဖုံ ၊ သူများတွေ
တက်ထိုင်သည်ကို ငြူစူရသည်က တစ်လှည့် ။ ပဲခူးဘူတာ ရောက်တော့မှ နေသား အနည်းငယ်
ကျသွားလေသည် ။ ခရီးသည်အချင်းချင်း မိတ်ဆက်နိုင်ကြသည် ။ ဖေးဖေးမမ ကူကူညီညီ ဆက်ဆံနိုင်ကြသည် ။ အလုအယက် တိုးခြင်း ၊ ဆူပူခြင်းနှင့် ရန်စောင်ခြင်းတို့ နေရာတွင် မျှတခြင်း ၊
ကြင်နာခြင်းနှင့် မိတ်ဆွေဖြစ်ခြင်း ရောက်လာလေတော့သည် ။ ဒုက္ခအတူ ရောက်နေကြသော ကံတူအကျိုးပေး စစ်ပြေးများပါတကား ဟူသောအသိ ဝင်လာလေသည် ။
ဒုတိယတန်း ပထမတန်းများမှာလည်း ပြည့်ညပ်နေသည် ။ သူတို့ထဲတွင် ခြေဆန့်၍ မလိုက်ရခြင်း
ကြောင့် စူအောင့်နေသူတွေ ၊ ပေရေညစ်ပတ်သူတွေ ပါလာခြင်းကြောင့် နှာခေါင်းရှုံ့သူတွေ ၊
ခွေးတွေ ပစ်ထားခဲ့ရသောကြောင့် နှမြောတသနေသူတွေ ပါလာခဲ့လေရာ ပတ်ဝန်းကျင် အခြေအနေသည် တင်းမာနေလေသည် ။ ရထားကြီးက တဖြည်းဖြည်း ဆန်တက်ရင်း ဒုက္ခတွေကြားမှာ
ကျင့်သားရလာကြလေသည် ။ တင်းမာမှုတွေ လျော့ပါးလာလေသည် ။
ဘုရင်ခံ ဆာဒေါ်မန်စမစ် နှင့် နန်းရင်းဝန် ဆာပေါ်ထွန်း တို့၏ အစိုးရသည် ဥရောပတိုက်သားများ
နှင့် အစိုးရအရာထမ်း အမှုထမ်းများအား ရန်ကုန်မှာ ကြံ့ကြံ့ခံနေကြရန် စတေးပွတ် ( Stay Put ) အမိန့် ထုတ်ထားလေသည် ။ သို့သော် ကြံ့ကြံ့ မခံဘဲ ရန်ကုန် မှ အကြောင်းအမျိုးမျိုး ရှာ၍
ထွက်ခွာလာသူတွေ အမြောက်အမြား ရှိလေသည် ။ မီးရထားလမ်း နှင့် ကားလမ်း မျဉ်းပြိုင်ပြေးမိသော နေရာတိုင်း၌ ထိုသူများအား ကားကြီးတွေနှင့် တွေ့ရသည် ။ သူတို့ ကားကြီးများပေါ်မှာ
ဝန်စည်စလယ်တွေ များလှသည် ။ ဗိုလ်ခွေးကြီးများလည်း သားသားနားနား လိုက်ပါခဲ့လေသည် ။
ကော်ရင်ဂျီ ၊ အူရယာ ၊ ကူလီ ကု -လားများစွာမှာ မီးရထားမှာလည်း နေရာ မရ ၊ ဘတ်စ်ကားနှင့်လည်း
မသွားနိုင် ၊ ရန်ကုန်မြို့ မှာလည်း တစ်နေ့တစ်ရက်မျှ စောင့်ဆိုင်း မနေလို ၊ မနေဝံ့ ။ သူတို့သည်
ပေတစ်ရာလမ်းမကြီးအလိုက် ချီတက်နေကြလေသည် ။ အထုပ်ထမ်းလျက် ၊ ကလေးချီလျက် ၊
ကြေးအိုးရွက်လျက် အစုလိုက်အပြုံလိုက် လျှောက်ကြသည် ။ သူတို့သည် မော်တော်ကားပေါ်မှာ
ခံ့ညားစွာပါသွားသော ခွေးကြီးများကို မည်မျှ မနာလိုပေမည်နည်း ။ တို့ ဘဝက ခွေးလောက်မှ
မဟန်ပါဘဲကလား ဟု ဝမ်းနည်းကြေကွဲခြင်း ဖြစ်သူက ဖြစ်မိပေလိမ့်မည် ။
ဘူတာဆိုက်တိုင်း အစားအသောက် ရောင်းချသူကိုသာမက ကုသိုလ်ကောင်းမှု ပြုနေသူတွေ ကိုလည်း တွေ့ရ၏ ။ မြို့ငယ်တောရွာများမှ မြန်မာလူထု သည် ဗုံးကြဲခံရသော ရန်ကုန် လူထုကို သနားကြသည် ။ စစ်ပြေးများအား ကရုဏာသက်ကြသည် ၊ စေတနာ ယိုဖိတ်ကြသည် ။ ဆေးလိပ်တည်သူ ၊
လက်ဖက်ကမ်းသူ ၊ ရေလှူသူ ၊ ထမင်းထုပ်ဝေသူ ဒါနရှင်တွေ များလှပေ၏ ။
ကျွန်တော် ကား စစ်ပြေး မဟုတ် ၊ အရေးတော်ပုံတာဝန် နှင့် ခရီးထွက်ခဲ့သူ ဖြစ်သည် ။ သို့သော်
ကျွန်တော်သည် လည်း စစ်ပြေးများနှင့် အတူ ပြည်သူတို့ ၏ စေတနာကို ခံစားရလေသည် ။
ညောင်လေးပင်ဘူတာ တွင် ထမင်းထုပ် ဝေ၏ ။ ထမင်းက ပူပူနွေးနွေးကို လယ်ထဲကရသော
ငါးသလဲထိုး ဆီပြန်ချက် သံပရာသီး ဆားစိမ်နှင့် စားရသည် ။ မြိန်လှပေသည် ။
အချို့သူများသည် မြို့ကြီးများတွင် မနေဝံ့ကြတော့ပေ ။ မြို့ကြီး ဟူသမျှ ဂျပန် က ဗုံးကြဲမည်ဟု
သတင်းဖြစ်ပွားနေလေသည် ။ ပဲခူး မှာဆိုလျှင် ဗုံးကြဲရုံမက ဂျပန် နှင့် မဟာမိတ် ကြည်းကြောင်း
တပ်များ တိုက်ပွဲဖြစ်လိမ့်မည်ဟု ကြားနေကြလေသည် ။ မြို့ကြီးများမှ လူအများသည် မြို့ငယ်များ
သို့ လည်းကောင်း ၊ တောရွာများသို့ လည်းကောင်း စစ်ပြေးကြ၏ ။ အချို့ကား ဆွေမျိုးသားချင်း
ရှိရာသို့ ၊ အချို့ကား အသိမိတ်ဆွေ ရှိရာသို့ ၊ အချို့ကား ခြေဦးတည့်ရာသို့ ပြေးကြသည် ။
အစိုးရရုံးစိုက်ရာဌာန ကို ရန်ကုန် မှ မိတ္ထီလာ သို့ ပြောင်းမည်ဟု လည်းကောင်း ၊ မန္တလေး သို့ ရွှေ့မည်
ဟု လည်းကောင်း ၊ မေမြို့ တွင် ထားမည်ဟု လည်းကောင်း သတင်းအမျိုးမျိုး ဖြစ်ခဲ့ရာ အစိုးရ
အရာထမ်းအမှုထမ်း များစွာ တို့သည် စိတ်ကူးပေါက်သလို ၊ အဆင်ပြေသလို ပြောင်းရွှေ့ကြလေသည် ။
မီးရထား သည် မြောက် သို့ ခုတ်မောင်းလာသည် ။ တစ်စတစ်စ တောတောင်ရေမြေသစ်ပင် သဘာဝ
ရှုခင်းတို့သည် ပြောင်းလာခဲ့၏ ။ သို့သော် စစ်ပြေးရှုခင်းကား မပြောင်းချေ ။ ကျွန်တော်တို့
ရထားပေါ်မှ အချို့စစ်ပြေး ဒုက္ခသည် တို့သည် ဆင်းကြလျက် ၊ နောက်ထပ် စစ်ပြေးဒုက္ခသည် တို့က
တက်ကြသည် ။ ပေတစ်ရာလမ်းပေါ်တွင် မော်တော်ကား နှင့် စစ်ပြေးသူ ၊ ဘတ်စ်ကား နှင့်
စစ်ပြေးသူ ၊ ခြေလျင် စစ်ပြေးသူ စသည်တို့အား မီးရထားလမ်း နှင့် မော်တော်ကား နှင့် မျဉ်းပြိုင်
ကပ်လာတိုင်း မြင်တွေ့ရလေသည် ။ စစ်ပြေးကုလားတွေကြားတွင် ဝမ်းရောဂါဖြစ်နေသည်ဟု
ကြားရသည် ။ အချို့ သစ်ပင်များအောက်၌ စောင်ကို အမိုးလုပ်ကာ တဲထိုးပြီး ဖျားနာနေသော
စစ်ပြေးများကို မြင်ရလေသည် ။ တချို့နေရာတွင် ကု -လားစစ်ပြေးများကြားတွင် မသာများကို
တွေ့မြင်ရသည် ။ ကု -လားကူလီများ လန်ချားသမားများ အလုပ်သမားများမှာ ရန်ကုန် တွင် ဗုံးဒဏ်
အခံရဆုံး ဖြစ်၏ ။ စစ်ပြေးဒုက္ခတွင်လည်း အကြီးဆုံးခံရသူများ ဖြစ်လေသည် ။
ဤသို့ ပြောင်းလဲသော စစ်ပြေးရှုခင်းသည် ကျွန်တော် နှင့် ထက်ကြပ် လိုက်ပါခဲ့လေသည် ။ ထိုမျှ
မကသေး ၊ ကျွန်တော် ၏ ခရီးစဉ် ဆုံးသော်လည်း စစ်ပြေးဒုက္ခသည်တို့ ၏ ခရီးကား မဆုံးပါချေ ။
ကျွန်တော် သည် ကျွန်တော့် ရွာ သို့ မဝင် ၊ အခြား တစ်နေရာမှနေပြီး သူငယ်ချင်းဟောင်း ယောက်ဖ
တော် သခင်ဘဖေ အား ခေါ်ယူလိုက်လေသည် ။ ရွာသို့ ကျွန်တော် ဝင်လျှင် လူတွေ သိမည် ။ ပုလိပ်
က နောက်လိုက်နေမည် ။ ထို့ကြောင့် ကိုယ်ယောင်ဖျောက်လိုက်ရခြင်း ဖြစ်လေသည် ။ သခင်ဘဖေ
ကျွန်တော့် ထံသို့ ရောက်လာသောအခါလည်း သူ့အား ရုပ်ဖျက်ခိုင်းရလေသည် ။ ပြီးမှ သူနှင့်
ကျွန်တော် ဆည်ကြီးရွာ သို့ သွားကြလေသည် ။
ဆည်ကြီးရွာ မြောက်ဘက်ရှိ ရွာကလေးတွင်မှ ခဏသာ နားကြသည် ။ စည်းရုံးပြီးသား ဖြစ်သော
ရွာသားများထဲ မှ စိတ်အချရဆုံး လူလေးယောက် တို့ အား ခေါ်ပြီး တောပစ်ထွက်ရန်ဟု သတင်း
လွှင့်လျက် တောထဲသို့ လာခဲ့ကြလေသည် ။
ညနေ ငါးနာရီသာသာလောက် တွင် ကိုနေထွန်း နှင့်ကျွန်တော် တို့ ရွေးချယ်ထားခဲ့သော လေယာဉ်ပျံ
မှ လက်နက်ချပေးမည့် နေရာသို့ ရောက်ကြလေသည် ။
တောကြီးအလယ်ကောင်မှ ကွက်လပ် ။ ထိုကွက်လပ်ထဲမှာ ခေါင်းတုံးပြောင်နေသော တောင်ကမူ
ကလေး ။
ကျွန်တော်တို့ သည် တောင်ကမူကလေးပေါ်မှာ ရပ်နားကြသည် ။
နေလုံးကြီး သည် အနောက်ဘက် တောတန်းထိပ်ဖျားနှင့် ထိနေလေပြီ ။ မြောက်ဘက်က လေအေးသည် တသုန်သုန် တိုက်ခတ်လာနေ၏ ။
ထန်းတက်သမား ကံထိုက် သည် ထန်းရည်ပုလင်း နှင့် အရက်ပုလင်းများ ကို လွယ်အိတ်နှင့် လွယ်၍
ယူခဲ့လေသည် ။ အုန်းမှုတ်တစ်လုံးတည်း ပါလာ၏ ။ ကျွန်တော် နှင့် သခင်ဘဖေ တို့ကား ထန်းရည်
ကိုသာ သောက်ကြလေသည် ။ ရွာသားများကား အရက်ကို သောက်ကြ၏ ။
ရွာသားများ က ကျွန်တော့် အား ယခင်တစ်ခေါက်က ဤနေရာသို့ ကျွန်တော် နှင့် ပါလာခဲ့သော
ကိုနေထွန်း အကြောင်းကို မေးကြလေသည် ။ ကိုနေထွန်း ယခု ဘယ်ရောက်နေသည်ကို ကျွန်တော်
ကိုယ်တိုင် မသိ ။ သို့သော် မသိကြောင်းကို မပြောဘဲ ကိစ္စတစ်ခုနှင့် အခြားတစ်နေရာသို့
သွားနေကြောင်း ပြောပြရလေသည် ။
နေလုံးကြီး သည် အနောက် တောတန်းနောက်ကွယ် သို့ ဆင်းသွားလေသည် ။ တိမ်တောင်တိမ်တိုက်
ကင်းစင်သော ကောင်းကင်သည် ပြာနေ၏ ။
ကျွန်တော် က ထိုင်ရာမှ ထပြီး -
“ ကဲ အလုပ်စကြဦးစို့ ”
ရွာသား တစ်ဦးက -
“ ဘာလုပ်ရမှာလဲ ဆရာလေးရဲ့ ”
“ သစ်ပင်လေးပင်မှာ အလံဖြူ ထိုးတင်ထားရမယ် ၊ ပြီးတော့ မီးဖိုလေးဖို ဖိုရမယ် ”
အခြား ရွာသားတစ်ဦး -
“ ဒီလိုလုပ်ရုံနဲ့ ကောင်းကင်ပေါ်က လက်နက်တွေ ကျလာရောလားဗျာ ”
ကျွန်တော် က သရော်တော်တော်လုပ်ပြီး ရယ်လိုက်သည် ။ ပြီးတော့ မှ -
“ ဒီလိုဗျ ၊ ဒီနားတစ်ဝိုက် ကို လေယာဉ်ပျံ လာလိမ့်မယ် ၊ နေ့လာရင် အလံဖြူလေးခု ကို မြင်လိမ့်မယ် ၊
ညလာရင် မီးဖိုလေးဖို ကို မြင်လိမ့်မယ် ၊ ဒီတော့မှ ဒီနေရာမှာ ကျွန်တော် တို့ စောင့်နေတယ်ဆိုတာ
တပ်အပ်သိပြီး လေယာဉ်ပျံပေါ် က လက်နက်တွေ ချပေးလိမ့်မယ် ”
ပထမရွာသားက များစွာ အံ့ဩနေရာမှ -
“ ဪ လေယာဉ်ပျံ လာမှာလား ၊ ဒီတစ်ခါတော့ လေယာဉ်ပျံကို မြင်ဖူးရဦးတော့မှာပဲနော် ”
သခင်ဘဖေ -
“ ကိုရင်တင်ထွန်း အလံဖြူ ထိုးဖို့က မနက်ဖြန်မှ လုပ်ရင် ဖြစ်တာပေါ့ ၊ နေ့ခင်း မှ အချက်ပြဖို့
မဟုတ်လား ၊ ခုလုပ်ရမှာက မီးဖို ဖို့ ၊ ဒါမှ ဒီနေ့ည အချက်ပြနိုင်မယ် ”
ကျွန်တော် -
“ ဟုတ်တယ် ၊ မင်းပြောတာမှန်တယ် ၊ မီးဖိုရမယ် ”
ရွာသားများကား ဝှေ့ကွင်းပြင်နေသော နွားများ နှင့် တူလာသည် ။ လှုပ်လှုပ်ရွရွ ဖြစ်နေကြသည် ။
ခါးတောင်းကျိုက်သူက ကျိုက်နေကြသည် ။
ပထမရွာသား -
“ ကဲ ပြော ဘယ်မှာ ဖိုရမှာလဲ ”
“ ဟောဒီ တောင်ကမူရဲ့ အရှေ့အနောက်တောင်မြောက် စူစူးအရပ်တွေမှာ ဒီကနေပြီး ခဲတစ်ပစ်လောက် အကွာစီမှာ ဖိုရမယ် ၊ ဟောဒီ ချုံစပ်အောက်မှာ မီးဖိုတစ်ဖို ငယ်ငယ်ကလေး ဖိုရမယ် ”
ဒုတိယရွာသား -
“ ကဲ သခင်ဘဖေကြီး က အလယ်မီးဖိုကို ဖို ၊ တို့များ တစ်ယောက်တစ်ဖိုစီ လေးနေရာမှာ ဖိုမယ် ”
သူတို့ သည် အသီးသီး တာဝန်ခွဲကြသည် ။ ကိုယ့်ဘာသာကိုယ် ထင်းခွေယူကြရသည် ။
တတိယရွာသား -
“ ဟ - ငါ့မှာ မီးခြစ် မပါဘူး ”
ကံထိုက် -
“ ငါ့ မှာ မီးခတ်ပါတယ် ”
ပထမ နှင့် ဒုတိယ ရွာသားတို့မှာလည်း မီးခြစ် မပါခဲ့ကြ ။ သခင်ဘဖေ မှာမူ မီးခြစ် ပါလာလေသည် ။
ကျွန်တော် -
“ မီးဖိုကိုသာ အဆင်သင့် လုပ်ထားပါ ၊ ကျွန်တော် က မီးခြစ် လိုက်ပေးမှာပေါ့ ”
သို့ဖြင့် မီးဖိုတွေ ပြင်ကြလေသည် ။ တကယ်တော့ ညလုံးပေါက် မီးရှို့ဖို့ ထင်းခွေရသည်မှာ
လွယ်ကူသည် မဟုတ်ပေ ။ အတော်ကြာမှ ပြီးလေသည် ။ မီးဖိုများ ပြင်ဆင်ပြီးချိန်တွင် မှောင်လာလေပြီ ။ နှင်းတွေလည်း ဝေလာ၏ ။ ရာသီဥတုလည်း အတော်ပင် အေးလာလေပြီ ။
၎င်းနောက် မီးဖိုများကို မီးလိုက်ညှိကြ၏ ။ တဖြည်းဖြည်း မီးတောက်များ ထလာလေ၏ ။
ခဏကြာသောအခါ ကျွန်တော်တို့ ခြောက်ယောက်စလုံး အလယ်မီးဖိုမှာ စုမိကြလေသည် ။ ဤ
မီးဖိုမှာ ချုံကွယ်ထားသဖြင့် အထက်မှ မမြင်နိုင်ပါ ။ အထက်မှ မီးဖိုလေးဖိုသာ မြင်ရမည် ဖြစ်၏ ။
မီးဖို မှာ မီးလှုံရင်း ယခုပင် လေယာဉ်ပျံလာသည်ကို မြင်ရတော့မလို ကောင်းကင်သို့ မကြာခဏ
မော့ကြည့်ကြသည် ။ လေယာဉ်ပျံသံ ကို နားစွင့်ကြသည် ။
လေယာဉ်ပျံကား မလာ ။
ကျွန်တော်တို့မှာ လက်ဖက်ရည်အိုး ၊ လက်ဖက်ခြောက် ၊ အမဲခြောက် ၊ ဆီ နှင့် ဆားများ ပါလာခဲ့လေသည် ။ ကံထိုက် သည် ရေရှိသော ရိုးသို့ သွား၍ ရေသယ်ခဲ့လေသည် ။
“ သောက်ကျိုးနည်း သမင်တွေ ရေသောက်ဆင်းလာတာနဲ့ သွားတိုးတယ် ။ မပစ်ခဲ့ရတာ နာတာပဲ ”
ပထမရွာသား -
“ သတိနဲ့လုပ် မောင်ရေ့ ၊ သမင့် နောက်က ကျား ပါလာတတ်တယ် ”
ကျွန်တော် သည် ကြက်သီးတွေ ဖြန်းခနဲ ထသွားလေသည် ။ စောစောက တောရဲတိရစ္ဆာန်တို့၏
ဘေးကို တွေးပင် မတွေးမိခဲ့ချေ ။
လက်ဖက်ရည်ကြမ်းတစ်အိုး နှင့် အမဲခြောက် တစ်ပန်းကန် ကုန်သောအခါ မီးပုံတွေဆီသို့ သွားကြပြန်လေသည် ။ မီးတောက် မပြတ်အောင် မီးထိုးပေးကြရ၏ ။ အလယ်မီးဖိုတွင် ကျွန်တော်တို့ လူစု
စုမိကြပြန်သောအခါ ကံထိုက် တွင် ရေကြက် တစ်ကောင် ပါလာလေသည် ။ ခေါင်းမှာ ကြေမွနေပြီး
လည်ဆံတွေမှာ သွေးတွေလူးနေ၏ ။
သခင်ဘဖေ -
“ ဟေ့ မင်း ဘယ်လိုရလာသလဲ“
“ ရေစပ်က ချုံအောက်မှာ တွေ့တာနဲ့ ချောင်းပြီး ရိုက်ယူလာတာပဲ ”
ကျွန်တော်တို့ သည် နောက်တစ်နာရီ သာသာမျှ ကြက် နှင့် အလုပ်များနေကြလေသည် ။ ကြက် ကို
ညှပ်နှင့်ညှပ်ပြီး အမွေး မနုတ်ဘဲ မီးကင်သည် ။ အတော် အနံ့ဆိုး၏ ။ နောက်မှ အရေခွံကို ခွာချပြီး
ဆီ နှင့် ဆား လူးပေးသည် ။လက်ဖက်ရည်ကြမ်းတစ်အိုး နှင့် မြည်းကြရာ အရသာရှိလှပေသည် ။
ယခုထိ လေယာဉ်ပျံကား မလာ ။ လေယာဉ်ပျံနှင့် တူသော ပုစဉ်းမျှ မလာ ။ လေယာဉ်ပျံသံနှင့်
တူသော နကျယ်ကောင် အသံကိုမျှ မကြားရ ။
သန်းခေါင် ကျော်လေပြီ ၊ အိပ်ငိုက်လာကြ၏ ။
နှစ်ယောက် တစ်လှည့်စီ ကင်းစောင့်ရန် ဆုံးဖြတ်ပြီး ကျန်လေးယောက်က အိပ်ကြ၏ ။ ကျွန်တော်တို့
အိပ်ရပုံကို ကြည့်ပါဦး ၊ မီးဖိုနှင့် ခပ်နီးနီးမှာ အင်ဖက်ကြီးများကို ခင်းကြသည် ။ အင်ဖက်များ
ပေါ်မှာ လွယ်အိတ်များကို ခေါင်းအုံးပြီး လုံချည်ခြုံ၍ အိပ်ကြရသည် ။ မီးဖိုဘက် မျက်နှာပြု
အိပ်လျှင် ကျောအေးသည် ။ မီးဖိုကျောပေးပြီးအိပ်လျှင် ရှေ့က အေးသည် ။
သည်လိုနှင့် မိုးစင်စင် လင်းလေတော့၏ ။
လက်နက်ချပေးမည့် ဂျပန် လေယာဉ်ပျံကား မလာချေ ။ ကျွန်တော့် စိတ်ထဲတွင် သံသယ ဝင်လာ၏ ။
တို့ အလုပ်က ဟုတ်မှ ဟုတ်ရဲ့လား ။ သို့သော် ရွာသားများ သံသယဝင်လာမည်ကို စိုးရိမ်သည် ။
သူတို့က ကျွန်တော်တို့ အလုပ်ကို အထင်သေးသွားမည်ကိုလည်း ကာကွယ်ရမည် ။
“ အစီအစဉ်တွေကတော့ လုပ်ပြီးသားပဲဗျ ။ လေယာဉ်ပျံဟာ လာတော့ လာရမှာပဲ ။ ဒါပေမဲ့ ဒီလိုနဲ့
တူတယ် ၊ လေယာဉ်ပျံက နေ့ခင်းတစ်ခေါက်လာပြီး အလံဖြူထိုးထားတာကို ကြည့်ရဦးမယ် ။ အဲဒီ
အချက်ပြတာကို မြင်ပြီးမှ နေရာသေချာပြီး ညတစ်ခါ ထပ်လာရမယ် ။ ညကျတော့ မီး အချက်ပြတာကို ကြည့်ပြီး လက်နက်ချပေးမယ် ။ ခု ကျွန်တော်က ပျာလောင်ခတ်ပြီး နေ့ခင်း အချက်
မပြရသေးဘဲနဲ့ ည မှာ မီးအချက်ပြမိတယ် ၊ ဒုက္ခပါပဲဗျာ မှားသွားတယ် ”
သခင်ဘဖေ က ကျွန်တော့် အား သရော်ပြုံးကလေး နှင့် -
“ မင်းဟာက ဘုန်းကြီး ထိပ်ခေါက်ပြီး မှ ကန်တော့တာကိုးကွ ”
ရွာသားတွေကမူ ကျွန်တော့် အား သက်ညှာစွာ ကြည့်ပြီး ဘာမျှ မပြောကြပေ ။
ကျွန်တော် -
“ ကဲဗျာ သစ်ပင်တွေပေါ်မှာ အလံဖြူ ထိုးကြဦးစို့ရဲ့ ”
ကျွန်တော့် မှာ အလံ လုပ်စရာ ပိတ်စသာ ပါလာခဲ့သည် ။ ဘာမျှ အဆင်သင့် လုပ်လာခဲ့သည်
မဟုတ် ။ အပ်ချည်ကြိုးပင် မပါခဲ့ ။
ကျွန်တော်တို့သည် ဖြစ်သလိုပင် အလံလေးခု လုပ်ကြရလေသည် ။ ဓားမနှင့်ပင် ပိတ်စကို
ဖြတ်ကြရ၏ ။ ပိတ်စကိုပင် ဆုတ်၍ ကြိုးလုပ်ကြရ၏ ။
အရပ်လေးမျက်နှာ စူးစူးတွင်ရှိသော သစ်ပင်ကြီးများပေါ်တွင် အလံဖြူ ထိုးကြရလေသည် ။
တစ်နေ့ခင်းလုံး တောထဲမှာ ဘာလုပ်ကြမည်နည်း ။
ရွာထဲပြန်လိုက် ၊ တောဝင်လိုက် လုပ်နေပြန်ကလည်း လူတွေ မသင်္ကာစရာ ဖြစ်မည် ။ အခြေအနေ
ပျက်မည် ။
အမဲလိုက်ထွက်နေပါသည် ဆိုလျှင် ရွာအပြန် သားကောင်ကို ထမ်းပြန်နိုင်မှ ဖြစ်မည် ။
ထို့ကြောင့် တောထဲမှာ ဆက်နေကြ၏ ။ သစ်ပင်ကြီးများအောက်တွင် အင်ဖက်တဲငယ် ဆောက်ကြ၏ ။ ဝါးကျည်တောက်နှင့် ထမင်းချက်စားကြ၏ ။ ထမင်းဟင်းချက်ရန် ဆန် ၊ ငါးပိ ၊ ကြက်သွန်
စသည်တို့ကို လိုလျှင် ထန်းတောတဲများသို့ ကံထိုက် အား သွားပြီး ယူစေရ၏ ။
နောက်ညတွင်လည်း ပထမညကကဲ့သို့ပင် မီးဖို၍ စောင့်ကြပြန်လေသည် ။ လက်နက်ချပေးမည့်
လေယာဉ်ပျံကား မလာ ။ ရွာသားတို့သည် စိတ်ပျက်ကြ၏ ။ သူတို့ထက်ပို၍ သခင်ဘဖေ က
စိတ်ပျက်၏ ။ သခင်ဘဖေ ကို ကျွန်တော် က ဇွဲ မရှိ ဟု အပြစ်တင်လေသည် ။
သခင်ဘဖေ -
“ နောက် ဘယ်နှည စောင့်ရဦးမှာလဲကွ ”
ကျွန်တော် -
“ အားလုံး ခုနှစ်ည စောင့်ရမှာဆိုတော့ နောက်ငါးည ကျန်သေးတယ် ”
အမှန်မှာ ဌာနချုပ်က သုံးညစောင့်ရန်သာ ညွှန်ကြားခဲ့လေသည် ။ ကျွန်တော် ကား မျှော်လင့်ချက်
နည်းလာလေ ဇွတ်လုပ်ချင်လာလေ ဖြစ်ပေသည် ။ ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက် ဟူသော
စကားကို လက်သုံးပြုနေလေသည် ။
သခင်ဘဖေ သည် နောက် ငါးညစောင့်ရမယ် ဆိုသောအခါ ချူသံပါအောင် ညည်းလေသည် ။
“ မင်းဟာ ဖြစ်နိုင်မယ် မထင်ပါဘူးကွာ ၊ ဘယ်နေ့ဘယ်ည ဘယ်အချိန်မှာ ချပေးမယ်ဆိုရင်လည်း
ဟုတ်သေးရဲ့ ၊ ၇ ညတောင် ဆိုတော့ အစိုးရ ဖမ်းမယ်ဆို မင်းတို့ ငါတို့ ဂွိခနဲ မိနေလောက်ပြီ ”
ရွာသားတို့လည်း စိတ်ပျက်ပုံပြကြသည် ။ အတိအလင်းကား ဖွင့်မပြော ။ အကြောင်းတစ်မျိုးမျိုး
ပြပြီး ရွာခဏပြန်ပါရစေဟု ပြောသူက ပြောနေလေပြီ ။
ကျွန်တော်က လက်လျှော့လိုက်ရ၏ ။
“ ကဲ တစ်ညတော့ ထပ်စောင့်ကြပါဦးဗျာ ၊ အားလုံး သုံးညစောင့်လို့ မှ မလာရင် ရပ်လိုက်ကြတာပေါ့ ဟုတ်လား ၊ တိုင်းပြည် လွတ်လပ်ရေးအတွက် ဆိုတာ ဒီလောက် စိတ်ပျက်စရာကိစ္စကိုတော့
အပျော့လို့ ထားရမှာပဲဗျ ”
တတိယည စောင့်ကြသေးသည် ။ လက်နက်ချပေးဖို့ မပြောနှင့် လေယာဉ်ပျံနှင့် တူသောအရာ ပုစဉ်း
တောင် မလာ ။ လေယာဉ်ပျံသံနှင့် တူသောအသံ နကျယ်ကောင်အသံတောင် မကြားရ ။
တတိယညစောင့်ပြီးတော့ ကျွန်တော်ကား အားလုံးထဲတွင် စိတ်အပျက်ဆုံး ဖြစ်လေသည် ။ ရွာသားတွေက နောက်တစ်ခါ အစီအစဉ်သစ် လုပ်ပြီး စောင့်သေးတာပေါ့ဟု အားပေးစကား ပြောကြသေးသည် ။ သခင်ဘဖေ က အစီအစဉ်တွေ လွဲကုန်လို့ ထင်ပါရဲ့ဟုထင်ကြေးပေးသည် ။
ကျွန်တော် ကား ဂျပန် သည် ကျွန်တော်တို့ လို နယ်ချဲ့ဆန့်ကျင်ရေးသမား မျိုးချစ်များ လက်သို့
လက်နက်ပေးလိမ့်မည် မဟုတ်ဟု ယူဆလာလေသည် ။
ရန်ကုန် ပြန်ရောက်ပြီးနောက် စုံးစမ်းကြည့်သောအခါ သိရသည်မှာ မြန်မာပြည် ၈ နေရာ စလုံး၌
ကျွန်တော့်လိုပင် လက်နက်စောင့်ကြသည် ။ ဘယ်သူမျှ မရကြချေ ။
ခဲလေသမျှ သဲရေကျ ဖြစ်ကုန်ကြလေပြီ ။
ပြည်တွင်းမှနေပြီး အင်္ဂလိပ် တို့အား လက်နက်ကိုင်စွဲပြီး တိုက်ပွဲဝင်လိုက်မည်ဟု အားခဲထားခဲ့ကြရာ ဂျပန်လက်နက် ကို မျှော်ကိုးမိလျက် လက်တွေ့အားဖြင့်မူ ဗမာ့ လက်နက်ဖြင့်ပင် မတိုက်ကြရတော့ချေ ။
ပြည်ပမှ ဖွဲ့စည်းချီတက်လာမည့် ဗမာ့လွတ်လပ်ရေးတပ်မတော်ကြီး ကိုသာ ကျွန်တော်တို့တစ်တွေ
မျှော်လင့်နေရတော့သည် ။
ထို ဗမာ့လွတ်လပ်ရေးတပ်မတော်ကြီး အကြောင်းကို မသိကြသည့် ပြည်သူ အများကား ဂျပန်
တပ်မတော်ကြီး ကိုသာ မျှော်လင့်စောင့်စား နေကြတော့သည် ။
တောထဲမှာ လေယာဉ်ပျံ ကို ၃ ညစောင့်ပြီးသောအခါ သခင်ဘဖေ မှာ အပြင်း ဖျားလေတော့သည် ။
သခင်ဘဖေ အား ဆည်ကြီးရွာသား နှစ်ယောက် က လိုက်ပို့ရ၏ ။
ကျွန်တော် ကား စိတ်ပျက်ပျက် နှင့် မန္တလေး သို့ တိုက်ရိုက်လာခဲ့လေသည် ။
မန္တလေး တွင် အထက်ဗမာပြည် အတွက် ပြည်သူ့အရေးတော်ပုံပါတီ ဌာနခွဲ ရှိလေသည် ။ ဆရာ
ကိုခင်မောင်ကလေး ၊ တိုင်းချစ်ကိုသိန်းဖေ စသူတို့မှာ ထိုဌာနခွဲ ၏ ခေါင်းဆောင်များ ဖြစ်လေသည် ။ ထိုအချိန်တွင် တက်ဘုန်းကြီး ကိုသိန်းဖေ လည်း မန္တလေးဌာနချုပ် သို့ ရောက်လာပြီး
ခေါင်းဆောင်တစ်ဦးအနေ နှင့် ဆောင်ရွက်လျက် ရှိလေသည် ။ ဆရာကိုခင်မောင်ကလေး ကား ဗဟိုအမျိုးသားကျောင်းမှာ ဆရာလုပ်ရင်း အရေးတော်ပုံလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်နေလေ၏ ။
အမှန်အားဖြင့် ဆရာအလုပ် သည် အရေးတော်ပုံလုပ်ငန်း ၏ အကာအကွယ် ဖြစ်နေပေသည် ။
တိုင်းချစ်ကိုသိန်းဖေ ကား တိုင်းချစ်ပုံနှိပ်တိုက် လုပ်ငန်းများကို ရှေ့မှာပြထားပြီး နောက်မှာ
မြေအောက်အရေးတော်ပုံ လုပ်ငန်းများကို အားပေးဆောင်ရွက်လျက် ရှိလေသည် ။
မန္တလေးသို့ ရောက်လျှင်ရောက်ချင်းပင် တက်ဘုန်းကြီးကိုသိန်းဖေ သည် ဆရာ ကိုခင်မောင်ကလေး ၏ ထံမှ အကာအကွယ် ယူရလေသည် ။ ကိုခင်မောင်ကလေး သည် သူ့အား ဗဟိုအမျိုးသားကျောင်းအုပ်ကြီး ဦးရာဇတ် ထံ ခေါ်သွားပြီး ကျောင်းဆရာ ဝင်လုပ်စေလေသည် ။
ပုလိပ်များ သည် ကိုသိန်းဖေ အား လုံချည်အစိမ်း ၊ အင်္ကျီအနက်ဝတ်ထားသော နေရှယ်နယ်
ကျောင်းဆရာအဖြစ် ဖြင့်သာ တွေ့မြင်ကြလေရာ သူ့အား မြေအောက်အရေးတော်ပုံ နိုင်ငံရေးသမား
ဖြစ်သည်ဟု ထင်မြင်ယူဆရန် ခဲယဉ်းနေလေသည် ။
ကျွန်တော် သည် တစ်ညသောအခါ တက်ဘုန်းကြီးကိုသိန်းဖေ အား ဗဟိုအမျိုးသားကျောင်း ဘော်ဒါ
ဆရာ ၏ အခန်းတွင် တွေ့ရလေသည် ။ အခန်းထဲတွင် မီးထွန်း မထား ၊ အပြင်မှ မီးရောင်
အနည်းငယ်သာ ဝင်နေသည် ။
ကျွန်တော် က ကိုသိန်းဖေ အား သတ်မှတ်ထားသောနေရာမှာ ၃ ညတိုင်တိုင် မီးဖိုပြီး လက်နက်
ချပေးမည့် လေယာဉ်ပျံကို စောင့်ခဲ့ပုံ ၊ ဘာလေယာဉ်ပျံမျှ မလာပုံနှင့် လူအများ စိတ်ပျက်ကြပုံကို
ပြောပြလေသည် ။
ကျွန်တော် က ချွဲပျစ်သောအသံ နှင့် ညည်းညူလိုက်၏ ။
“ ကျွန်တော်ဖြင့် ဂျပန် တွေကို စိတ်ပျက်ပါပြီဗျာ ”
ကိုသိန်းဖေ သည် ကျွန်တော့် အား သက်ညှာထောက်ထားဟန် မပြ ၊ သူ့ အမူအရာနှင့် ပြောဟန်ဆိုဟန် တို့တွင် သရော်ခြင်း နှင့် မလိုတမာနိုင်ခြင်း တို့ကိုသာ တွေ့ရ၏ ။
“ ဟဲ ဟဲ ကျောချမှ ဓားပြမှန်း သိကြတာပေါ့လေကွာ ။ ကောင်းတယ် ၊ ကောင်းတယ် ၊ ဟဲ ဟဲ ၊
ထိပေးမှကောင်းတယ် ။ ထိပေးမှ အတွေ့အကြုံ များတယ် ၊ ခါးသီးတဲ့အတွေ့အကြုံ ပေါ့လေကွာ ။
ဂျပန် တွေက တို့ဗမာအရေးတော်ပုံလုပ်ငန်းအတွက် ငွေသန်း၂ဝ ပေးမယ် ဆိုတယ် မဟုတ်လား ၊
ဘယ်လောက်များ ပေးလို့တုံး ။ ၂ သောင်းမှ ရပါလေစ ။ ဂျပန်တွေ က လက်နက်တွေ ချပေးမယ်
ပြောတယ် ၊ မင့် နေရာသာ မကဘူး ၊ မိုးကုတ် မှာလည်း မလာဘူး ။ မင်းဘူး ဘက်မှာလည်း မလာဘူး ။
သခင်မြ ၊ သခင်သာခင် နဲ့ သခင်ဘသော် တို့လည်း ကိုယ့်လူလို ပဲ စိတ်ပျက်နေကြတယ် ။ အမှန်မှာတော့ ရဲဘော်တင်ထွန်း ရဲ့ စိတ်ပျက်တာဟာ လမ်းမှန် မဟုတ်ဘူး ”
သူပြောပုံမှာ မာနသံတွေ ပါလှ၏ ။ ကိုသိန်းဖေ သည် သူ့ကို သူ အထင်ကြီးပြီး မာနတံခွန် ထူသူဟု
အများက ပြောဆိုနေကြရာ မှန်သည်ဟု ကျွန်တော် က ထောက်ခံလိုပေသည် ။ သူ့ တွင် ချီးကျူးစရာ
အရည်အချင်းတွေ ရှိသလောက် မုန်းစရာ အကွက်တွေလည်း များသည် ။
“ ရဲဘော်တင်ထွန်း နောက်ဆုံးသတင်းတွေ ကြားပြီးပြီလား ”
“ ဘာသတင်းတွေလဲခင်ဗျာ ၊ ကမ္ဘာစစ်ကြီး သတင်းတွေလား ”
“ အို ရဲဘော်နှယ် ၊ ကမ္ဘာစစ်သတင်း ဆိုတာ သတင်းစာထဲ ဖတ်ရင် သိနိုင်တာပဲ ။ ဒါကို ကိုယ်က
မေးနေပါ့မလား ။ ဗမာ့စစ်မျက်နှာပြင် ကို ဖြတ်ကျော်လာတဲ့ သတင်း မေးနေတာ ။ ဟဲ ဟဲ ကိုယ့်လူ
ကြားဦးမှာ မဟုတ်သေးပါဘူး ။ ဂျပန်တွေ က အစ ပထမပြောတာက သူတို့ ကိုယ်တိုင် ဗမာပြည်ထဲ
မဝင်ဘူး ၊ အတွင်းက သူပုန်ထသူက ထ ၊ အပြင်က ဗမာ့လွတ်လပ်ရေးတပ်မတော်ကြီး ချီတက်လာ ။
ချီတက်ပြီး ဝင်လာလာချင်း ဗမာ့လွတ်လပ်ရေး ကြေညာမယ်တဲ့ ။ ခုတော့ ဂျပန်တွေ ကိုယ်တိုင်
ဗမာပြည် ထဲ ဝင်လာပြီး ၊ မော်လမြိုင် ရောက်တော့ လွတ်လပ်ရေးကြေညာမယ် ပြောတယ် ။ ခု
မော်လမြိုင် ရောက်နေပြီ ၊ လွတ်လပ်ရေး မကြေညာနိုင်သေးဘူးတဲ့ ။ လွတ်လပ်ရေး ကြေညာရင်ကော ဘယ်လို လွတ်လပ်ရေး ဖြစ်မယ်ထင်သလဲ ဟင် ၊ နှစ်ပြားတောင် တန်မယ့် လွတ်လပ်ရေး
မဟုတ်ဘူး ”
သူက သည်လောက် ပြောနေမှဖြင့် ကျွန်တော် က တစ်စုံတစ်ရာ ဝင်ရောက်ပြောဆိုဦးမှ ကောင်းမည်
ထင်သဖြင့် -
“ စိတ်ပျက်စရာကြီးဗျာ ”
“ အို လာပြန်ပြီ စိတ်ပျက်စကား ၊ ကိုယ်ပြောတယ် မဟုတ်လား ရဲဘော်တင်ထွန်း ရဲ့ ၊ စိတ်ပျက်တာ
ဟာ နည်းမှန် မဟုတ်ဘူးလို့ ”
“ ဒါဖြင့် ကျွန်တော်တို့ ဘာလုပ်ကြရမှာလဲ ”
“ အဆိုးဆုံး အခြေအနေက စပြီး အကောင်းဆုံး ရှာပြီး လုပ်ရမယ် ။ ပြေးနေရတဲ့ အင်္ဂလိပ် ကိုလည်း
အဆင်း တွန်းပေးရမယ် ။ သူ့ကို တတ်နိုင်တဲ့နည်းနဲ့ တိုက်ပြီး ရနိုင်တဲ့နေရာမှာ ကိုယ်တို့က
အုပ်ချုပ်ရေးအာဏာကို ချက်ချင်း ယူရမယ် ။ ဝင်လာတဲ့ ဂျပန် ကို ခုခံတိုက်ဖို့ ပြင်ထားရမယ် ။
ဂျပန် နဲ့ ပါလာမယ့် ဗမာ့လွတ်လပ်ရေးတပ်မတော် ကို အစွမ်းကုန် အားပေးကြိုဆိုပြီးတော့ တကယ်
တို့ အားကိုးလောက်တဲ့ တပ် ဖြစ်အောင် လုပ်ရမယ် ။ ဂျပန် ကို ပြန်ချအောင် နိုင်ငံရေးဝါဒ သွတ်သွင်းပေးရမယ် ၊ စည်းရုံးရမယ် ”
“ ဒီလိုဆိုတော့ စစ်မျက်နှာ နှစ်ဖက် ဖွင့်ရမှာပေါ့နော် ”
“ ဟုတ်တယ် ၊ နှစ်ဖက် ဖွင့်ရမှာပဲ ။ သို့ပေမယ့် နှစ်ဖက် စလုံးမှာ တစ်ပြိုင်နက်တည်း အပြင်းအထန်
တိုက်တာ ဟုတ်ချင်မှ ဟုတ်မယ် ။ ဒါကတော့ အခြေအနေပေါ်မှာ တည်တယ် ။ အဆိုးအဆုံး
အခြေအနေထဲမှ အကောင်းဆုံးထုတ်ယူပြီး အလုပ် လုပ်ကြရမှာပဲ ”
ထိုကဲ့သို့ ဆွေးနွေးနေကြစဉ် ကျောင်းသားတစ်ယောက် က ကိုသိန်းဖေ အား ခေါ်သွားလေသည် ။
ထိုအချိန်က လျှို့ဝှက်ဆွေးနွေးပွဲများ ကျင်းပလျက်ရှိရာ သူသည် ထိုည၌ မန္တလေးဆရာဖြစ်သင်
နော်မန်ကျောင်း တွင် ကျင်းပသော ဆွေးနွေးပွဲသို့ တက်ရောက်ရန် ထွက်သွားခြင်း ဖြစ်လေသည် ။
ကျွန်တော် ကား မန္တလေး တွင် ရက်အတော်ကြာ နေရသေးသည် ။ မြေအောက်အရေးတော်ပုံအတွက်
လျှို့ဝှက်အစည်းအဝေးများ ကို ဗဟိုအမျိုးသားကျောင်း မှာ သာမက တိုင်းချစ်သတင်းစာတိုက်တွင်
လည်း ကျင်းပတတ်ကြသည် ။ မကြာခဏ မစိုးရိမ်ကျောင်းတိုက် ထဲမှ ကျောင်းတစ်ကျောင်းတွင်
လည်း ကျင်းပကြလေသည် ။ တစ်ခါတစ်ရံ စစ်ကိုင်းတောင်ရိုး ရှိ မဟာသမယချောင် တွင်လည်း
ကျင်းပတတ်လေသည် ။ တော်လှန်ရေးစာရွက်စာတမ်းများ ကို တိုင်းချစ်ပုံနှိပ်စက် မှာ စက်တင် ပုံနှိပ်သည့်အခါ နှိပ်ပြီး မစိုးရိမ်ကျောင်းတိုက် တွင်ရှိ သောစကြာသီဟ စာချတန်းစာမေးပွဲများအတွက်
ထားသော ဂျက်စတင်နာကြီး ဖြင့် လက်နှိပ်ကူးယူသည့်အခါ ကူးယူကြလေသည် ။
ဝါဒဖြန့် စာရွက်စာတမ်းများနှင့် ညွှန်ကြားလွှာများ ဖြစ်လေသည် ။
ဝါဒဖြန့် စာရွက်စာတမ်းများတွင် နယ်ချဲ့အင်္ဂလိပ် ဆန့်ကျင်ရေး ၊ ဖက်ဆစ်ဆန့်ကျင်ရေး အစုံပါ၏ ။ နယ်ချဲ့စစ်ပွဲကြီးနှင့် ပတ်သက်သော တရုတ်ကွန်မြူနစ်ခေါင်းဆောင် မော်စီတုံး ၏
၁၉၄ဝ ခုနှစ် ထဲက မိန့်ခွန်းဘာသာပြန်လည်း ပါ၏ ။
ဆေးကောလိပ် မှ ကျောင်းသားခေါင်းဆောင်ဖြစ်သူ ကိုမောင်မောင် ကား စစ်ပညာစာအုပ်များ ကို
အားကြီး ဖတ်သူ ဖြစ်၏ ။ သူသည်လည်း မန္တလေး သို့ ရောက်လာပြီး စစ်ပညာသင်တန်းများ
ပေးလျက်ရှိလေသည် ။ မန္တလေး ၊ ရွှေဘို ၊ ကသာ စသော မြို့ကြီးများ၌ မြေအောက်တော်လှန်ရေး
သမားများက လူငယ်များကို လျှို့ဝှက်စွာ စုပေးရသည် ။ ကိုမောင်မောင် က စစ်ပညာသင်တန်းများ
ပေးလေသည် ။
မန္တလေး သို့ အောက်စစ်မျက်နှာပြင် မှ ကျော်ဖြတ်၍ ရောက်လာသော သတင်းများကား မကောင်းချေ ။ လွတ်လပ်ရေးအတွက် ဂျပန် တို့ကို အားမကိုးနိုင် ၊ ယုံကြည်စိတ်ချခြင်း မပြုနိုင်သော
အထောက်အထားတွေ ပိုများပြားလာ၏ ။ သို့သော် မန္တလေးဌာနခွဲ နှင့် ရန်ကုန်ဌာနချုပ် တို့၏
အဆက်အသွယ်မှာ မကောင်းလှသဖြင့် တိကျပြည့်စုံသော သတင်းများကို မရကြပေ ။ ကျွန်တော်တို့ ဆီကလည်း ရန်ကုန် သို့ သတင်းမပို့နိုင်ကြပေ ။ ထို့ကြောင့် ကျွန်တော့် အား ရန်ကုန် သို့
လွှတ်ရန် ဆုံးဖြတ်ကြလေသည် ။
ရန်ကုန် သို့ သွားရန် မလွယ်ကူချေ ။ မီးရထာ းလည်း မှန်မှန် မထွက် ။ တစ်ခါတစ်ရံ လမ်းမှာ
အကြာကြီး ရပ်နေလေသည် ။ မီးသင်္ဘောတွေကလည်း မမှန်တော့ချေ ။ ဘတ်စ်ကားတွေကလည်း
အောက်သို့ အဆင်းနည်းပြီး အညာ သို့ အတက်သာ များလေသည် ။ အောက်သို့ တောက်လျှောက်
ဆင်းသော ဘတ်စ်ကား က ပို၍ နည်းလေသည် ။ လူတိုင်း သည် ထိတ်လန့်စိုးရိမ်နေကြလေသည် ။
ဗုံးကြဲခံရမည်လော ၊ စစ်ပွဲနှင့် ရင်ဆိုင်တိုးနေရမည်လော ။
သို့သော် ကျွန်တော့် မှာ စိုးရိမ်ထိတ်လန့်ပြီး မနေအားချေ ။ ဖြစ်သလို ရန်ကုန် အရောက် သွားရမည်ဖြစ်လေ၏ ။
မန္တလေး မှ ထွက်လာသော နေ့မှာပင် အနှောင့်အယှက် တွေ့ရတော့သည် ။ မီးရထား သည်
ရှေ့ဆက် မသွားတော့ဘဲ သာစည်ဘူတာ မှာ ညအိပ်နေလေသည် ။ ကောလာဟလသတင်းများကား
အမျိုးမျိုး ပျံ့လွင့်နေ၏ ။
မော်လမြိုင်မြို့ကို ဂျပန်တပ်များ နှင့် ဗမာ့လွတ်လပ်ရေးတပ်မတော် သည် သိမ်းပိုက်ပြီးကြပြီ ။
ဂျပန်စစ်တပ်များ သထုံဘက်သို့ ရှေ့ဆက်ချီတက်နေကြသည် ။
ဂျပန်စစ်တပ်များ ကျိုင်းတုံဘက်မှနေပြီး ဝင်လာကြပြီ ။
ပဲခူးဘူတာ ကို ဗုံးကြဲလိုက်သည် ။
ပဲခူးတစ်ဝိုက် မှာ စစ်ပွဲကြီးများ ဖြစ်ပွားနေသည် ။
တရုတ်စစ်တပ်တွေ တောင်ငူ ကို တပ်စွဲနေကြသည် ။
ထိုသတင်းများကြောင့် လှုပ်လှုပ်ရွရွ ဖြစ်နေ၏ ။ ကျွန်တော်တို့ မှာ ဘယ်သတင်း အတည်ပြု
ရမည်ကို မသိချေ ။
သာစည်ဘူတာရုံ ၌ ကြေးနန်းအလုပ်သမားများ သည် ဒေါက်ဒက်ဒေါက်ဒက် နှင့် အလုပ်များနေသည်ကို ထောက်ပြီး အောက်မြန်မာပြည် နှင့် အထက်မြန်မာပြည် အဆက်မပြတ်သေးဟု ခန့်မှန်းရတော့၏ ။
သို့သော် မီးရထား ရှေ့ဆက် မခုတ်ခြင်းကြောင့် လူအများ သည် ကောလဟာလများ ကို ပို၍
ချဲ့ကားကာ ပြောဆိုနေကြလေ၏ ။
မီးရထားကား အောက်ပြည်အောက်ရွာ မှ အန္တရယ် မရှိဟု ကြေးနန်းလာ မှ ရှေ့ခုတ်လိမ့်မည်ဟု
ကျွန်တော် ခန့်မှန်းမိလေသည် ။ ထို့ကြောင့် စိတ်ကို တုံးတုံးချကာ မီးရထားနှင့် အတူတူ ညအိပ်ရန်
ဆုံးဖြတ်လိုက်လေသည် ။
ထို့နောက် ကျွန်တော် သည် ဘူတာဝင်းထဲ တွင် အညောင်းအညာပြေ လမ်းလျှောက်နေလေသည် ။
ဘူတာရုံရှိ ပထမတန်းတည်းခိုခန်းတွင် သိကျွမ်းဖူးသည်ဟု ထင်ရသော မိန်းမ နှစ်ယောက် ကို
မြင်လိုက်လေသည် ။ မိန်းမကြီး မှာ ငါးဆယ် တွင်း ဖြစ်၍ မိန်းမပျိုမှာ ဆယ့်ရှစ်နှစ် ဆယ့်ကိုးနှစ် မျှ
ရှိလေသေးသည် ။ နှစ်ယောက်စလုံး ဝါဝင်းနေအောင် အသားဖြူကြလေသည် ။ သူတို့ကလည်း
ကျွန်တော့် အား သိကျွမ်းဟောင်းအနေနှင့် စိုက်ကြည့်နေကြလေ၏ ။
မှတ်မိပါပြီ ။ မိန်းမကြီး ကား ညောင်ရွှေ မှ ပွဲစားကြီးဦးနန္ဒ ၏ ဝမ်းကွဲနှမ စောသုမြတ် ဖြစ်၏ ။
မိန်းမငယ် မှာ ဦးနန္ဒ သမီး မန္တလေး တွင် ကျောင်းနေသူ စောသုနန္ဒာ ဖြစ်လေ၏ ။ အံဩစရာ ၊ တွေ့ပဲ
တွေ့ရတတ်သည် ။
ကျွန်တော်က သူတို့အနား သွားပြီး -
“ အို အဒေါ်တို့ ပါကလား ၊ ဘယ်ကလာပြီး ဘယ်သွားကြမလို့တုံး ”
စောသုမြတ် က အသံဝဲဝဲဖြင့် -
“ မန္တလေး က လာကြတာကွဲ့ ၊ ညောင်ရွှေ ပြန်ဖို့ပဲကွဲ့ ၊ တူတော်မောင် က ဘယ်က လာတာတုံး ”
“ ကျွန်တော်လည်း မန္တလေး က လာတာပဲ ၊ ရန်ကုန် သွားမယ် ”
“ နေပါဦး ၊ ရန်ကုန် က ဘယ်တုံးက ထွက်လာခဲ့တာလဲ ”
“ တော်တော်ကလေး ကြာသွားပြီခင်ဗျ ”
“ ရန်ကုန် ဗုံးကြဲတုန်းက ဘယ်မှာလဲ ”
“ ရန်ကုန် မှာပဲ ခင်ဗျား ၊ ကိုယ်တွေ့ကြုံလိုက်ရသေးတာပေါ့ ခင်ဗျာ ”
စောသုနန္ဒ ကား ပါးစပ်ကလေးအဟောင်းသားနှင့် ငေးပြီး နားထောင်နေလေသည် ။ ဘာမျှ ဝင်
မပြော ။
စောသုမြတ် -
“ ဘုရားအမကြီး မမြမှီ တို့ ဘေးမထိ ၊ ရန်မငြိ ချမ်းချမ်းသာသာပဲလား ”
တကယ်စင်စစ် ကျွန်တော် ကား အဆက်ပြတ်နေပြီဖြစ်၍ မမြမှီ တို့ အကြောင်း ကို ကောင်းကောင်း
မသိတော့ချေ ။ သို့သော် ဟုတ်သည့်အတိုင်းလည်း သူတို့အား ပြောမနေချင်တော့ပါ ။
“ ဘာမှ မဖြစ်ပါဘူး ၊ ဘေးရန်ကင်းပါတယ် ။ သူတို့လည်း သိန်းသိန်းနွဲ့ တို့ နဲ့အတူ ပြည်လမ်းခြံထဲမှာ နေကြတယ်ခင်ဗျ ၊ ပြည်လမ်းဘက်မှာတော့ ဗုံးကြဲမှာ စိုးရိမ်စရာ မရှိပါဘူး ”
ထိုအခိုက် ခွန်သာမြတ် ရောက်လာလေသည် ။ ခွန်သာမြတ် ကား ပွဲစားကြီး ဦးနန္ဒ နှင့် ဝမ်းကွဲနှမ
စောသုမြတ် တို့ တိတ်တိတ်ပုန်း ညားရာမှ ရထားသော သား ဖြစ်သည် ။
“ အို နောင်ကြီး ကိုတင်ထွန်း ပါကလား ”
“ ဟာ ခွန်သာမြတ် လည်း ပါလာသကိုး ၊ ခု ဘာလဲ စောသုနန္ဒ ကို ကျောင်းက ခေါ်လာကြတာလား ”
ခွန်သာမြတ် နှင့် စောသုနန္ဒာ တို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး ပြုံးစိစိ လုပ်နေကြလေသည် ။ ထိုအခါ သူတို့နှစ်ဦး ၏ တိတ်တိတ်ပုန်း အချစ် ကို လည်းကောင်း ၊ ပွဲစားကြီးဦးနန္ဒ က
ထိုအဖြစ်ကို ဟန့်တားသောအားဖြင့် ခွန်သာမြတ် အား အိမ် မှ နှင်ထုတ်ထားခဲ့သည်ကို
လည်းကောင်း ဖျတ်ခနဲ သတိရမိလေသည် ။
စောသုမြတ် က ဣန္ဒြေရစွာဖြင့်ပင် -
“ တူတော်မောင် ကို ပြောပြဦးမယ် ။ ညောင်ရွှေ လာတုန်းကလည်း တူတော်မောင် သိသလောက်
သိသားပဲနော် ၊ သူတို့ နှစ်ဦး ချစ်ခြင်းကို ဘုရားနန္ဒ က ခွဲဖို့ကြိုးစားပေမယ့် ခွဲ မရဘူး ၊ ပိုတောင်
ဆိုးကုန်တယ် ။ ဒါကြောင့် သူတို့ ထွက်ပြေးကြတယ် ။ အခု ကျွန်မ က ပြန်ခေါ်လာရတာ
တူတော်မောင် ရဲ့ ”
ကျွန်တော် က ဝမ်းသာအားရ ပြုံးလိုက်ပြီး -
“ ကောင်းတာပေါ့ ကျောင်းအမကြီး ရာ ၊ လူငယ်တွေရဲ့ အချစ် ကို ပိတ်ပင်တားဆီးတာဟာ မမှန်ဘူး ၊
ထိန်းသိမ်းကြပ်မတ်ပြီး လမ်းမှန်ရောက်အောင် ပို့ရတယ် ၊ ခု ညောင်ရွှေ ပြန်ရောက်ရင် ဘုရာ့ဒကာကြီး ဦးနန္ဒ က ဘယ်လို သဘောထားမှာလဲ ”
“ ဘုရားနန္ဒ က အခုတော့ သဘောတူပါတော့မယ်တဲ့ ၊ အိမ်ပြန်ရောက်အောင်သာ ပြန်ခေါ်ခဲ့ပါတဲ့ ”
ကျွန်တော် သည် ချစ်သူနှစ်ဦး အား ချီးကျူးစကား ပြောနေလေသည် ။
ထို့နောက် ခွန်သာမြတ် နှင့် နှစ်ယောက်သား ဟိုဟိုသည်သည် လမ်းလျှောက်ရင်း စစ်အခြေအနေ ၊
နိုင်ငံရေးအခြေအနေများကို ပြောဆိုဆွေးနွေးကြလေသည် ။ ခွန်သာမြတ် ကား ကျွန်တော်တို့
ကျောင်းသားအရေးတော်ပုံ တွင် ပါခဲ့သူဖြစ်သဖြင့် ဗမာ့လွတ်လပ်ရေး ၊ ရှမ်းပြည်လွတ်လပ်ရေး ၊
ပဒေသရာဇ် ဆန့်ကျင်ရေးတွင် စိတ်ဝင်စားခဲ့သူဖြစ်သည် ။ တစ်ခါတုန်းက ကျွန်တော့်အား
အရေးတော်ပုံကြုံလျှင် သူ့အား အသိပေးပါ ၊ သူ ပါဝင်ပါရစေဟု ပြောထားခဲ့သူဖြစ်လေသည် ။
ထို့ကြောင့် အင်္ဂလိပ်အား တိုက်ထုတ်ရေး ၊ ဂျပန်ဖက်ဆစ်တို့အား ခုံခံတော်လှန်ရေး စသော
လုပ်ငန်းများကို ရှမ်းပြည် မှာလည်း မျိုးစေ့ချရန် ဆွေးနွေးကြလေသည် ။
ဘူတာရုံထဲ တွင် ရေဒီယိုတစ်လုံး ရှိ၏ ။ ရန်ကုန်အသံလွှင့်ဌာန မှနေပြီး ဆရာဖြစ်သင် နော်မန်
ကျောင်းအုပ်ကြီးဟောင်း မြို့မဦးတင့်ဆွေ သည် အစိုးရဝါဒဖြန့်စကား ပြောလျက်ရှိလေသည် ။
ဂျပန်လေယာဉ်ပျံတွေက ဗုံးကြဲသော်လည်း မြန်မာ တွေက မကြောက်ကြောင်း ၊ ထိမှန်ခြင်း ၊
ပျက်စီးခြင်း နည်းကြောင်း စိတ်ဓာတ်ပျက်ပြားခြင်း မရှိကြောင်း ၊ ဘုရင်ခံမင်းကြီး ဆာဒေါ်မန်စမစ်
ကွပ်ကဲမှုကောင်းသောကြောင့် အစိုးရအဖွဲ့ကြီး လည်း ကြံ့ကြံ့ခိုင်လျက်ရှိကြောင်း ဖရိုဖရဲ လုံးဝ
မရှိကြောင်း စသည်များ ဖြစ်လေသည် ။
ထို့နောက် အသံတစ်သံ က တင်းမာစွာဖြင့် -
“ မောင်မင်း ငလှဖေ ၊ ငဗဆွေ တို့ နာခံရမည်မှာ ” ဟု အစချီ၍ မြိတ် ၊ ထားဝယ် ဘက်တွင် ဂျပန် နှင့်
ပေါင်း၍ အုပ်ချုပ်ရေးအာဏာ သိမ်းပိုက်ကြသော သခင်လှဖေ နှင့် သခင်ဗဆွေ တို့အား ရာဇဝတ်ကောင်များအဖြစ် ကြေညာပြီးလျှင် သူတို့အား ပေးမည့် အပြစ်ဒဏ်များကို မိုးကြိုးထစ်ချူန်း၍
နေလေသည် ။
ရထားသည် သာစည်ဘူတာမှာ အတော်ကြာ သောင်တင်နေလေသည် ။
စောသုမြတ် ၊ စောသုနန္ဒာ နှင့် ခွန်သာမြတ် တို့ကား သာစည် မှ ကလော သို့ ရထားဖြင့်ပင်
တက်သွားကြလေသည် ။
ခရီးသည်အချို့သည် ရရာဖြင့် မန္တလေး သို့ ပြန်သူပြန် ၊ ကိုယ့်ရပ်ကိုယ့်ရွာသို့ ပြန်သူပြန် ၊ ရှေ့သို့
ဆက်သူဆက် သွားကြလေသည် ။
ကျွန်တော် ကား ရန်ကုန် သို့ အရောက်သွားရန် သန္နိဌာန်ပြုထားသဖြင့် မန္တလေး သို့ မပြန် ။ ရထားမှာလည်း နှစ်ရက်သုံးရက် သာစည် တွင် ရပ်နေဦးမည်ဟု ဘူတာရုံအရာရှိ တို့က ခန့်မှန်းလိုက်
သဖြင့် ဘာလုပ်ရမည်မသိ ဖြစ်နေလေ၏ ။
ချီတုံချတုံဖြစ်လျက် သာစည်ဘူတာ မှာပင် စောင့်နေစဉ် မန္တလေး တွင် တက်ဘုန်းကြီး ကိုသိန်းဖေ
ထံသို့ မကြာခဏ လာတတ်သော ဦးထွန်းစိန် ဆိုသူသည် မိတ္ထီလာမြို့ မှာ နေနေကြောင်း သတိရလေသည် ။ သူ့ထံ သွားရလျှင် မကောင်းပေဘူးလား ။ ဦးထွန်းစိန် သည် အရပ်အမောင်း
ကောင်းကောင်း ဝဝဖြိုးဖြိုးနှင့် ကြည့်၍ကောင်းသော ရုပ်ရည်ရှိ၏ ။ အနေအထိုင်ကလည်း သန့်ပြန့်
သားနား၏ ။ ဒေါ်မန်စမစ်အစိုးရ တွင် ဝန်ကြီးတစ်ဦးဖြစ်သော မိတ္ထီလာဦးဘရင် ၏ တူလည်း
ဖြစ်၏ ။ ကိုယ်တိုင်က အင်္ဂလိပ်ပိုင်ဖြစ်သော မက္ကမီလင် စာအုပ်ကုမ္ပဏီ ကိုယ်စားလှယ်လုပ်၏ ။
ထို့ကြောင့် သူ့အား ကျွန်တော်က တော်လှန်ရေးသမားဟု မထင် ၊ သူ့အား အင်္ဂလိပ်အစိုးရ
ဘက်သား ဟုသာ ထင်စရာရှိလေသည် ။ ကိုသိန်းဖေ နှင့်သာ အဆက်အသွယ် မရှိလျှင် သူ့အား
ကျွန်တော် က ယုံကြည်စရာ တစ်ကွက်မျှ မရှိချေ ။
သူ နှင့် ကိုသိန်းဖေ တို့၏ အဆက်အသွယ် ကို အားကိုးပြီး သူ့ထံ သွားရန် ဆုံးဖြတ်လိုက်လေသည် ။
ညနေ လေးနာရီ လောက်တွင် သာစည်ဘူတာ မှ မိတ္ထီလာ သို့ ခြေကျင်လျှောက်ခဲ့၏ ။
ကျနေပင်ဖြစ်လင့်ကစား အတော်ပူသည် ။ လမ်းမှာလည်း အရိပ်အာဝါသ နည်းလှသည် ။
လမ်းဘေးများတွင် အရွက်မပါ အရိုးစိမ်းကလေးများဖြင့်သာ စိမ်းနေသော မြစိမ်းပင်တို့သာ
စိမ်းစိမ်းရှိ၏ ။ အခြားအပင်တို့မှာ ခြောက်သွေ့နေကြ၏ ။ မြက်ခင်းတို့မှာ အုန်းခွံရောင် ပေါက်နေ၏ ။
ကျွန်တော့်ကိုယ် ကို ရုပ်ဖျက်ထားသောအားဖြင့် ဖျင်ကြမ်းလုံချည်နှင့် ဖျင်ကြမ်းရှပ်အင်္ကျီတို့ကို ဝတ်ထားသည် ။ မျက်နှာသုတ်ပဝါကြီးကို ခေါင်းပေါင်းထားသည် ။
တကယ်တော့ ထိုစဉ်အခါတွင် ရုပ် သိပ်ဖျက်နေဖို့ မလိုတော့ပါ ။ အင်္ဂလိပ်ဘုရင်ခံမင်းမြတ် ၏
အစိုးရအဖွဲ့သည်ပင် တလုံးတစည်းတည်း မရှိတော့ဘဲ ဟိုဝန်ကြီး က တောင်ပြေး ၊ သည်ဝန်ကြီး က
မြောက်ပြေး ၊ ဟိုအရာရှိတွေ က မော်တော်ကားဖြင့် ပြေး ၊ သည်အရာရှိတွေ က လေယာဉ်ပျံဖြင့် ပြေး ၊
စစ်ပြေးနေကြပြီဖြစ်ရာ ပုလိပ်အဖွဲ့တို့သည် ကျွန်တော်တို့ သခင်များအား လိုက်ဖို့ထက် ပြေးဖို့သာ
လုံးပန်းနေကြပါလေပြီ ။
သာစည် မိတ္ထီလာ ပေတစ်ရာလမ်းမကြီးပေါ်မှာ ချွေးတလုံးလုံးဖြင့် လျှောက်လာလေသည် ။ လမ်းမှာ
နွားအုပ်များနှင့် လှည်းများကို တွေ့၏ ။ မော်တော်ကား တစ်စီးမျှ မတွေ့ရချေ ။ လမ်းပေါ်မှာ
တွေ့သူ ဟူသမျှ ကျွန်တော့် အား အရေးကြီးသူတစ်ဦး ဟု ထင်ကြဟန် မရှိ ။ အမြင့်ဆုံး ထင်လှလျှင်
တောပွဲစား တစ်ယောက်သာ ဖြစ်သည်ဟု ထင်ပေလိမ့်မည် ။
နေမဝင်မီ တော်တော်စောစောမှာပင် မိတ္ထီလာကန်တော်ရိုးကို ရောက်လာလေသည် ။ ကန်တော်ကြီး
ကား အင်းကြီးအိုင်ကြီးသဖွယ် ကျယ်လှပေ၏ ။ သစ်ပင်အရိပ်အာဝါသကလည်း ကောင်း၏ ။
ကျွန်တော် ကန်ပေါင်မှာ ခဏထိုင်ပြီး နား၏ ။ တစ်နေရာတွင် အုတ်နှင့်ဆောက်ထားသော
နတ်ကွန်းတစ်ခု ရှိ၏ ။ နတ်ကွန်း နှင့် ဝါးတစ်ရိုက် အကွာလောက်တွင် ရေအိုးစင် ရှိ၏ ။
ကျွန်တော် သည် ချွေးများကို မျက်နှာသုတ်ပဝါဖြင့် သုတ်ပြီးနောက် ခေါင်းပေါင်းမြဲ ပေါင်းထား
လိုက်၏ ။
မိတ္ထီလာမြို့ ထဲတွင် ဝန်ကြီးဦးဘရင် ၏ အိမ်ကိုလည်းကောင်း ၊ သူ၏ တူ ဦးထွန်းစိန် ၏ အိမ်ကို
လည်းကောင်း ရှာဖွေရန် မခဲယဉ်းချေ ။ အလွယ်တကူဖြင့်ပင် ဦးထွန်းစိန် ၏အိမ်သို့ ရောက်သွားလေသည် ။
အိမ်အောက်ကနေပြီး ကျွန်တော် က မေးလိုက်သည် ။
“ ဦးထွန်းစိန်တစ်ယောက် ရှိပါသလားခင်ဗျာ ”
ညိုညိုဝဝ အသက် ၅၀ ကျော် မိန်းမကြီးတစ်ယောက် သည် ဆင်ဝင်ပြတင်းပေါက်မှ ပေါ်လာပြီး -
“ ရှိပါတယ် ၊ ဘာကိစ္စရှိလို့တုံး ”
“ တွေ့ချင်လို့ပါ ခင်ဗျာ ”
“ အိမ်အောက်မှာ ဝင်ထိုင်ပါဦးကွယ ”
အတွင်းမှ အသံတစ်သံက -
“ အမေ ဘယ်သူတဲ့တုံး ” ဟူ၍ မေးလိုက်သည် ။
ဦးထွန်းစိန် ၏ အမေ က -
“ ဧည့်သည်ဟေ့ ” ဟု ဖြေလေ၏ ။
အိမ်အောက်ထပ်မှာ အကာမရှိပါ ။ ထန်းပလပ်ပြားများ ခင်းထားသော ပက်လက်ကုလားထိုင်များနှင့် ခွေးခြေခုံများ ရှိလေသည် ။
ကျွန်တော်သည် ခွေးခြေခုံတစ်ခုပေါ်မှာ ဝင်ထိုင်ကာ ဦးထွန်းစိန် အား စောင့်နေ၏ ။
အတန်ကြာသောအခါ ဦးထွန်းစိန် ဆင်းလာလေသည် ။ သူ့ လက်ထဲမှာ စီးကရက် တစ်ဘူး ၊
ဆေးပေါ့လိပ် ၊ မီးခြစ် နှင့် ပြာထည့်ခွက်များ ပါလာလေသည် ။ သူ့ ပါးစပ်မှာလည်း ဆေးပေါ့လိပ်
ခဲထား၏ ။
သူ သည် ကျွန်တော့်အား အကဲခတ်ကြည့်ရင်း ကျွန်တော့် ဆီသို့ ခံ့ညားသော ခြေလှမ်းများဖြင့်
လာနေလေ၏ ။
ကျွန်တော် က မျက်နှာသုတ်ပဝါ ကို ခေါင်းမှ ဖြုတ်လိုက်ပြီး ပြုံးနှုတ်ဆက်သည် ။ သူကလည်း
ပြန်ပြုံးပြီး -
“ မြင်ဖူးပါတယ် မှတ်ပါတယ် ”
“ မစိုးရိမ်ကျောင်းတိုက် ထဲမှာ ကိုသိန်းဖေ ဆီ ဦးထွန်းစိန် လာတော့ တွေ့ကြတာလေ ”
ဦးထွန်းစိန် သည် အားရှိပါးရှိ ပြုံးပြီး ခေါင်းကို တဆတ်ဆတ် လှုပ်ကာ ပက်လက်ကုလားထိုင်မှာ
ထိုင်၍ -
“ ဪ ဟုတ်ပြီ ဟုတ်ပြီ ၊ ရဲဘော် က ရုပ်ဖျက်လာတာကိုး ။ ရုတ်တရက် ဘယ်မှာ မှတ်မိလိမ့်မှာလဲ ၊
နာမည်က ဘယ်သူတဲ့ ၊ နေစမ်းပါဦး ခပ်မေ့မေ့ ဖြစ်နေတယ် ။ ဟဲ ဟဲ ၄ဝ မကျော်သေးဘူး ၊ သတိတွေ လစ်ကုန်ပြီ ဟဲ ဟဲ ”
အဖြီးတော့ အတော်ကောင်းသော ငနဲကြီး ပဲ ဟု စိတ်ထဲက မှတ်ယူလိုက်လေသည် ။ သူနှင့်
ကျွန်တော် မြင်ဖူးတွေ့ဖူး စကားတစ်ခွန်းနှစ်ခွန်း စသည်ဖြင့်ပြောဖူးကြသော်လည်း ကျွန်တော့်
နာမည်ရင်းကိုပင် မေးသည့်မြန်းသည့်အဆင့်သို့ မရောက်ဖူးချေ ။
“ ကျွန်တော့် နာမည်က ညွန့်မောင် ပါ ခင်ဗျာ ” ဟု ကျွန်တော်က လျှို့ဝှက်နာမည် ကို ပြောလိုက်လေသည် ။
“ ဪ ဟုတ်သားပဲ ၊ ဟုတ်တယ် မှတ်မိပြီ ။ ခု ဘယ်က လာတာလဲ ၊ ဖိုးသိန်းဖေ က လွှတ်လိုက်တာလား ”
“ ရန်ကုန် သွားမယ်လို့ ပါပဲဗျာ ၊ သာစည် မှာ ရထားရပ်နေရလို့ ဝင်လာတာပါ ၊ ကိုသိန်းဖေ ကလည်း
ကြုံရင် ခင်ဗျားဆီ ဝင်သွားလိုက်ပါတဲ့ ”
သူက ပြုံးပြီး ခေါင်းညိတ်ကာညိတ်ကာဖြင့် နားထောင်နေသည် ။
“ မီးရထားက တစ်ရက် နှစ်ရက် ရပ်နေရမယ် ထင်တယ် ”
“ မိတ္ထီလာ မှာ ညအိပ် မလား ”
“ ဟုတ်ကဲ့ ”
“ ဘယ်သူနဲ့ တွေ့ချင်သေးတုံး ”
သူ က ကျွန်တော် တို့ အရေးတော်ပုံလုပ်ငန်းနှင့် ပတ်သက်၍ တွေ့စရာ လူကို မေးခြင်းဖြစ်ဟန်တူသည် ။
“ အဓိကကတော့ ခင်ဗျား နဲ့ တွေ့ဖို့ပါပဲဗျာ ၊ သည့်ပြင် တွေ့သင့်တွေ့ထိုက်တဲ့ လူတွေလည်း
တွေ့ရတာပေါ့ဗျာ ”
သူ သည် ဆေးပေါ့လိပ်ကို ပြာထည့်ခွက်ထဲ ခေါင်းစိုက်၍ ထည့်ပြီးနောက် စီးကရက်တစ်လိပ်ယူပြီး
ကျွန်တော့် အား ပေးသည် ။ ကျွန်တော် က ငြင်းလိုက်သောအခါ သူ့ဘာသာ သူ ညှိသောက်လျက်
ခေါင်းမော့၍ စဉ်းစားနေလေသည် ။
အတန်ကြာတော့ သူက -
“ လာဗျာ ကျွန်တော်နဲ့လိုက်ခဲ့ ”
ပြောပြောဆိုဆိုနှင့် ဗြုန်းခနဲ ထလေသည် ။ ကျွန်တော်ကလည်း ထလိုက်၏ ။
“ ခင်ဗျား လွယ်အိတ်လည်း ယူခဲ့ ”
အမြဲတမ်း ပခုံးမှာလွယ်ခဲ့ပြီး ယခု အိမ်ရောက်မှ ပက်လက်ကုလားထိုင်အစွန်းတွင် ချိတ်ထားသော
ကျွန်တော့် လွယ်အိတ် ကို ဖြုတ်ယူခဲ့လေသည် ။
သူက ဘာမျှ မပြောဘဲ ရှေ့က လျှောက်သွားရာ ကျွန်တော် ကလည်း ဘာမျှ မပြောဘဲ နောက်မှ လိုက်သွားလေသည် ။
ကန်တော်ကြီး အနီး ဘုန်းကြီးကျောင်း တစ်ကျောင်း သို့ ရောက်ကြလေ၏ ။
ထိုအချိန်တွင် နေဝင်ပြီးပြီဖြစ်၍ မှောင်ရီလာလေပြီ ။
ကျောင်းဝင်းမှာ မန်ကျည်း ၊ သရက် ၊ ပိန္နဲစသော အပင်ကြီးများဖြင့် အုပ်နေ၏ ။ ဗျိုင်းအုပ် ၊ ကျီးအုပ်
များသည် ၎င်းအပင်ကြီးများပေါ်တွင် အိပ်တန်းတက်ရန် ပျံသန်းလာကြသည် ။ ခိုများကား
ကျောင်းခေါင်မိုးပေါ်တွင် အိပ်တန်းတက်ရန် နားနေကြလေသည် ။
ကျောင်းအောက်ထပ်မှာ နိမ့်ပြီး မှောင်နေသည် ။
ဦးထွန်းစိန် သည် ကျောင်းပေါ်သို့ မတက်သေးဘဲ အောက်မှပင် -
“ ဆရာတော် ကျောင်းပေါ်ရောက်ပြီလားဘုရား ” ဟု မေးလျှောက်လေရာ ကျောင်းအောက် မှောင်
ထဲမှ ဩဇာရှိလှသော အသံတစ်သံ ပေါ်လာလေသည် ။
“ ဘယ်သူလဲဟေ့ အောက်ဝင်ခဲ့လေ ”
အောက်ထပ် မှောင်ထဲသို့ ဖောက်ထွင်း၍ ကြည့်လိုက်ကြသောအခါ ခုတင်ကြီးပေါ်တွင်
ဘုန်းတော်ကြီး တစ်ပါး ၊ ဘုန်းတော်ကြီး အား နင်းပေးနေသော ကိုရင်တစ်ပါး နှင့် ဦးပဉ္စင်း နှစ်ပါး ကို
ဝိုးတိုးဝါးတား မြင်ကြရလေသည် ။
ကျွန်တော်တို့ သည် ခေါင်းလွတ်သော်လည်း ခေါင်းငုံ့၍ အောက်ထပ်ထဲသို့ ဝင်သွားကြလေသည် ။
ခါးပန်းနှင့် တိုက်မိမှာစိုး၍လော ၊ ဘုန်းကြီးကျောင်း ဘုန်းကြီးရှေ့မှာမို့ ဖြစ်၍လောမသိ ၊ ခေါင်းငုံ့မိကြ၏ ။
“ ဘယ်သူတွေလဲဟေ့ ” ဟု မေးပြန်လေသည် ။
“ တပည့်တော်ပါဘုရား ”
“ ဩော ထွန်းစိန် လား ”
“ တင်ပါ့ဘုရား ”
ကျွန်တော်တို့ သည် ဝတ်ချပြီးနောက် ခုတင်ပေါ် တက်ထိုင်ကြလေသည် ။
ဆရာတော် အား ဝတ်ပြုနေသော ( နင်းပေးနေသော ) ကိုရင် သည် ဆင်းလိုက်၏ ။ ဆရာတော် က
ထထိုင်ပြီး -
“ ဘယ်က လာကြတာလဲဟေ့ ”
“ အရှင်ဘုရားဆီ တမင် လာတာပါပဲ ဘုရား ၊ သခင်ခေါင်းဆောင် တစ်ယောက် အရှင်ဘုရား ကျောင်းမှာ ခဏ ထားချင်လို့ပါ ဘုရား ”
“ ဟေ ဟုတ်လား ၊ နေပါ နေပါ ၊ ရန်ကုန် ကလား ”
ကျွန်တော် “ တင်ပါ့ဘုရား ”
ဦးပဉ္စင်း နှစ်ပါး ထသွားကြလေသည် ။
ဘုန်းတော်ကြီး -
“ ဦးစန္ဒော ကျောင်းပေါ်မှာ မီးအိမ် ထွန်းထားလိုက်ပါ ၊ ဧည့်သည် ထမင်းစားပြီးခဲ့ပြီလား ”
ကျွန်တော် ကား မစားခဲ့ရသေးချေ ။ သို့သော် ဖြေရမှာ အားနာနေ၏ ။ ဦးထွန်းစိန် က ဝင်၍ “ မစားရသေးဘူး ဘုရား ၊ တပည့်တော်လည်း ကတိုက်ကရိုက်မို့ အိမ်က ကျွေးမလာမိဘူး ဘုရား ”
ဆရာတော် “ ကိုရင်ဉာဏ ၊ ထမင်းခြောက် ထမင်းတစ်အိုးတော့ ချက်ဦးမှပဲ ၊ ဟင်းလေးအိုး အရှိသားပဲ ၊ မြေပဲကြော် တွေလည်း ရှိရဲ့ မဟုတ်လား ”
ကိုရင် သည် သွက်လက်ချက်ချာစွာ ထွက်သွားလေသည် ။
ဆရာတော် က နောက်ဆုံး စစ်မျက်နှာ အခြေအနေကို မေးနေလေသည် ။ ကျွန်တော် က ရန်ကုန် မှ
ထွက်လာသည်မှာ ကြာပြီ ဖြစ်၍ သိပ် မသိကြောင်း ၊ သို့သော် သိသလောက်ကို လျှောက်ထား
ရကြောင်း လျှောက်နေစဉ် ဦးထွန်းစိန် သည် ဆရာတော် အား ဝတ်ချပြီး -
“ တပည့်တော် သွားချေပါဦးမယ်ဘုရား ”
“ မြန်လှချည့်လားကွ ”
“ တင်ပါ့ ၊ ညမှ လာခဲ့ပါဦးမယ် ဘုရား ၊ ခုတော့ ကိစ္စကလေးတွေ ရှိသေးလို့ပါ ဘုရား ”
ဦးထွန်းစိန် ထွက်သွားလေသည် ။
ဆရာတော် သည် စစ်ရေးစစ်ရာ မှာသာမက နိုင်ငံရေး မှာလည်း စိတ်ဝင်စားလှလေသည် ။ တို့ဗမာ
သခင်တို့ ၏ လွတ်လပ်ရေးအားထုတ်မှု ဟူသမျှကို ထောက်ခံပြောဆို နေလေသည် ။ သခင်ကိုယ်တော်မှိုင်း အကြောင်းကို မေးနေလေရာ ကျွန်တော် က နောက်ဆုံး သိရသမျှဖြင့် ဆရာကြီး
သည် အဖမ်း မခံရလေအောင် ပုန်းရှောင်နေရကြောင်း ဖြေလျှောက်လိုက်ပေ၏ ။
၎င်းနောက် ကျောင်းပေါ်သို့ တက်ကြလေ၏ ။
မီးရောင်ထဲတွင် ဆရာတော် အား အကဲခတ်ခွင့်ရပေ၏ ။ အသက်တော် ၆ဝ မျှ ရှိပြီဖြစ်သော်လည်း
အလွန် သေချာဟန်ရှိသည့် ခိုင်ခံ့သောကိုယ်ထည် နှင့် ကြည်လင်သော မျက်နှာ ရှိလေသည် ။ မျက်ခုံးမွေးမှာ ထူလှပြီး ဖြူရောင်သမ်းနေလေသည် ။ ကွမ်းအတော်စားဟန် တူသော်လည်း သွားများကို
ဖြူအောင် တိုက်ထား၏ ။
ကျွန်တော် ထမင်းစားနေစဉ် ဆရာတော် သည် စင်္ကြလျှောက်ရင်း သွားများကို တံပူ တိုက်နေလေသည် ။
အတန်ကြာသောအခါ ငါးဆယ်ကျော် လူကြီး နှစ်ယောက် ရောက်လာ၏ ။ တစ်ယောက်မှာ ကပ္ပိယ
သဂြိုလ်ဆရာ ဖြစ်ပြီး အခြား တစ်ယောက် မှာ ပဉ္စင်းဒကာ တောင်သူကြီး ဖြစ်လေသည် ။ နောက်
တစ်ခဏကြာတော့ အသက်လေးဆယ်ကျော် မင်းသားဟန် သျှောင်တွဲထုံးနှင့် လူတစ်ယောက်
ပေါက်လာပြန်လေသည် ။ သူကား ဆေးဆရာ ဖြစ်၏ ။
ဦးထွန်းစိန် သည် ကျွန်တော်တို့ နှင့် တွေ့သင့်သောသူများ ဟူ၍ လွှတ်လိုက်သလောဟု ပထမသော်
ထင်မြင်မိကာ ကျွန်တော့် စိတ်ထဲမှာ မကျေမချမ်း ဖြစ်နေမိလေသည် ။ သို့သော် သူတို့မှာ
ညညတွင် စကားစမြည် ပြောဆိုနှီးနှောရန် ဆရာတော်ထံ လာနေကျ ဖြစ်ကြောင်း ရိပ်စားမိ
လေသည် ။
ဆရာတော့် ထံမှ ကျွန်တော် သည် သခင်ခေါင်းဆောင်တစ်ဦး ဖြစ်ကြောင်း ၊ ရန်ကုန် ဗုံးကြဲစဉ်က
ကိုယ်တွေ့ မြင်ခဲ့ရကြောင်းများ ကို သူတို့ သိရသောအခါ သူတို့ သည် ကျွန်တော့် ဘေးတွင် ဝိုင်းနေကြလေတော့၏ ။ စစ်မျက်နှာ အခြေအနေ ၊ နိုင်ငံရေးအခြေအနေ နှင့် ရန်ကုန် တွင် ဗုံးကြဲပုံများကို
ပြောပြရပြန်လေသည် ။ စကားဝိုင်းသို့ ဦးပဉ္စင်းတစ်ပါး ရော ကိုရင် ပါ ဝင်လာကြလေသည် ။
ဆရာတော် ကား အနီးမှ ပက်လက်ကုလားထိုင်တွင် ထိုင်ရင်း ကျွန်တော်တို့ စကားဝိုင်းတွင် ပါဝင်နေလေသည် ။
လက်ဆွဲမီးအိမ်က မီးမှာ တလက်လက် ။
တိုင်ကပ်နာရီကြီးမှ ချိန်သီးက တချက်ချက် ။
ကျွန်တော်တို့ စကားဝိုင်းက တိုးတစ်ခါ ကျယ်တစ်လှည့်နှင့် သွက်လှပေ၏ ။
ကျွန်တော် က ပြောစရာ ရှိတာတွေ အတော် ပြောပြီး၍ အတော် မောသွားသောအခါ ကျွန်တော်
ပြောပြသည့် အချို့အချက်များကို အခြေပြု၍ သူတို့အချင်းချင်း ဆွေးနွေးပြောဆို နေကြပြန်
လေသည် ။ ကမ္ဘာ့အရေးတွင် သူတို့ နားလည်ပုံနှင့် နားလည်သမျှ ဖော်ပြပုံတို့မှာ စိတ်ဝင်စားဖွယ်
ဖြစ်ပေသည် ။
အင်္ဂလိပ် အမေရိကန် က တစ်ဖက် ၊ ဂျာမန် နာဇီ တို့က တစ်ဖက် စစ်ဖြစ်လာခဲ့ပုံ ၊ ရုရှား က တစ်ဖက် ၊
အင်္ဂလိပ် အမေရိကန် တို့က တစ်ဖက် ပဋိပက္ခဖြစ်ခဲ့ပုံ ၊ ဂျာမန် နှင့် ရုရှား သင့်မြတ်နေသလို ထင်ရရာ
မှ စစ်မီးတောက်ပုံ ၊ အင်္ဂလိပ် အမေရိကန် က တစ်ဖက် စစ်ဖြစ်ခဲ့ပုံ စသည်များနှင့် ပတ်သက်၍
ကျောင်းကပ္ပိယကြီးက ' တထာကတမံ ၊ ကာမာဝစရံ ဆိုတဲ့ သဂြိုလ်စကားအရ ကာမဘုံ ဒီကမ္ဘာကြီးဟာ တယ်ရှုပ်တာပဲဗျာ ” ဟု ဆိုလိုက်လေရာ -
ပဉ္စင်းဒကာ တောင်သူကြီး က ထောက်ခံလိုက်ပုံမှာ “ ဆုတ်ကပ်ကြီးဆိုတော့ ဝိသမလောဘက လွှမ်း
နေတာပဲဗျာ ။ ဝိသမလောဘ ဦးဆောင်နေတဲ့ နိုင်ငံကြီးတွေဟာ ဘယ်မှာ အချင်းချင်း တည့်နိုင်ပါ့မလဲ ၊ ပဋိပက္ခ ဖြစ်စမြဲပေါ့ ။ ခေတ်ဆိုးကြီးမှာ လက်နက် အထူးထူးအဆန်းဆန်းတွေကလည်း
ပေါ်နေတော့ ထဆော်ကြတာပဲဗျ ”
ဆေးဆရာပညာရှိ က ဤသို့ တစ်ကမ္ဘာလုံး ကြိမ်မီးအုံသလို ပူပင်ဒုက္ခ စစ်ဘေးကြီး ကျရောက်ခဲ့သည်မှာ မင်းတွေ မကောင်းလို့ ဖြစ်ကြောင်း ၊ ' ဂငယ်သုံးခု ၊ ဥသျှစ်ထု ' ဆိုသော အဂ္ဂိရတ်လင်္ကာ ကို
ရွတ်ဖတ်၍ အဓိပ္ပာယ်ဖော် ရာဇဝင်ခင်းပြီးလျှင် ပိုင်းခြားဝေဖန်လေသည် ။
ထို့နောက် အင်္ဂလိပ်မင်း မကောင်းပုံ ၊ ဒေါက်တာဘမော် ၊ ဂဠုန်ဦးစော ၊ ဆာပေါ်ထွန်း စသော
အင်္ဂလိပ် အလိုတော်ရိ နန်းရင်းဝန်များ ၏ အစိုးရအဖွဲ့များ မကောင်းပုံများတွင် စကားလက်ဆုံ
ကျကြလေသည် ။
ထိုအခါ ဆရာတော် က ဝင်ရောက် စွက်ဖက်၍ “ ဒကာကြီးတို့ရဲ့ ၊ ဒီကမ္ဘာလောကကြီးမှာ အားလုံး
သော အရာတွေဟာ အနိစ္စတွေပဲ ၊ မင်း လည်းပဲ အနိစ္စ ၊ အစိုးရ လည်းပဲ အနိစ္စ ၊ မင်းပြောင်းမင်းလွှဲ ကြုံရတော့မှာ အမှန်ပဲ ။ ဖြစ်ပြန်ပျက်ပြန် လောကဓံ ပဲလေ ”
ကပ္ပိယကြီး “ တဘောင်လည်း ရှိသားပဲ ဘုရား ။ အင်း ကို ဟင်္သာ ဆင်းမည် ၊ ဟင်္သာ ကို မုဆိုး လေး နဲ့
ခွင်းမည် ၊ မုဆိုး ထီးရိုး ရိုက်မည် ။ ထီးရိုး ကို မိုးကြိုး ပစ်မည် တဲ့ ။ ခု နောက်ဆုံး မိုးကြိုး ပစ်မည့်
ကိန်းပ ဘုရား ”
ဆေးဆရာ ကလည်း အားကျမခံ ။ တိုင်းပြည်ပျက်မည့် တိတ်နိမိတ် တဘောင်များအကြောင်း
ဝင်ရောက် ပြောဆိုလေသည် ။
' သော်တာကန်ကြီး ၊ ဟင်္သာစီး ၊ အင်းကြီးသည်တွင် ပျက်လတ္တံ့ ' ဟူသော ဇာဂရုသိုက် တဘောင် ၊
နတ်စက်ရောင် သိုက် တဘောင် ၊ ဂဝံပတေ့ရသေ့ဆရာ သိုက် တဘောင် ၊ ' ပန်ပါတဲ့ပန်ပါ ၊ ရွှေမင်းဝံ
တောင်ပေါ်ထိပ်က ၊ လူပျိုတော် မောင်စံအိတ်ကယ် ၊ ပန်းဆိတ်လို့လာ ၊ မပန်သာ နေပါအသင့် ၊
ကြက်သူငယ် တွန်သံဆုံးလျှင် ၊ ဘုန်းပန်ဖို့လင့် ' ဟူသော တဘောင် ။
' မန်ကျည်းပင် တောင်ကိုင်း ၊ ဗျိုင်းနားတဲ့ ဖွတ်သိုက် ။ မောင်မလာအား ၊ လူငှားလို့လွှတ်လိုက် '
ဟူသော တဘောင် ။
' ရွှေဘိုချဉ်ပေါင် ၊ ခုနှစ်တောင် ၊ ဖူးခေါင်ဝေ၍ဖြိုး ' ဟူသော တဘောင် ။
သူတို့သည် သိုက်တွေ ၊ တဘောင် တွေကို ကြားဖူးသမျှ မှတ်ဖူးသမျှ ၊ ရွတ်ဆို၍ ပြကြလေသည် ။
သူတို့သည် မင်းပြောင်းမင်းလဲ ကို လိုချင်ကြ၏ ။ လိုချင်သည့်အတိုင်း တဘောင်များကို လိုသလို
ဆွဲ၍ အဓိပ္ပာယ်ပြန်ကြ၏ ။
ကုန်းဘောင်ဆက် မှာ ပေါ်ခဲ့သော သိုက်တဘောင် တို့သည် ကျွန်တော်တို့ ခေတ်နှင့် သက်ဆိုင်လာလေတော့သည် ။
ဆရာတော် -
“ သက္ကရဇ် ၁၂ဝ၈ ခုနှစ် မှာ ပုဂံမင်း နန်းစံတော်မူတယ် ။ ပုဂံမင်း နန်းကျခါနီးမှာ ' တောင်က
ခြောက်လို့ မြောက်ကယူ ၊ အလယ်လူ အူနဲ့ဟောင်းလောင်း ' ရယ်လို့ သံချပ်တဘောင် ပေါ်ခဲ့တယ်
ဒကာကြီးတို့ရဲ့ ။
“ ပုဂံမင်းဟာ ကုလားဘိုင်ဆတ် နဲ့ ဦးဘိန် ဆိုတဲ့ လူတွေကို ရာထူးကြီးပေးသတဲ့ ။ သူတို့တစ်တွေ
ကလည်း တိုင်းသူပြည်သား ရှင်လူအများကို သိပ် နှိပ်စက်သတဲ့ ။ မင်း မကောင်းတော့
တစ်တိုင်းပြည်လုံး ဗရုန်းသုန်းကား ဗယောက်ဗယက် ဖြစ်နေတာပဲ ။ ဒီအခါမှာ တောင်ဘက်က
အင်္ဂလိပ် တွေက ဝင်တိုက်တယ် ။ ညီတော် မင်းတုန်းမင်းသား က မြောက် မြင်းနယ် ရွှေဘို ထွက်ပြီး
မြောက်ဘက်က ပုန်ကန်တိုက်ခိုက်တယ် ။ ဒီတော့ ပုဂံမင်း က ကျတော့တာပေါ့ ။ ခုလည်းပဲ ဒီကိန်း
ဆိုက်နေပြီ ဒကာကြီးတို့ရဲ့ ၊ မြန်မာနိုင်ငံ ကို အုပ်စိုးနေတဲ့ အင်္ဂလိပ်မင်း ကို ဂျပန် က ဝင်တိုက်တယ် ၊
နောက်ကနေပြီး သခင်တွေက အင်္ဂလိပ်မင်း ကို တိုက်တယ် ၊ အင်္ဂလိပ်မင်း တော့ ကျရတော့မှာပဲ ။
အလယ်လူ အူ နဲ့ ဟောင်းလောင်းဆိုတာ အင်္ဂလိပ်မင်း ပဲ ”
သူတို့သည် တဘောင်စနည်းတို့၏ အကူအညီဖြင့် မျက်မှောက်အခြေအနေများကို ဆင်ခြင်သုံးသပ်ပြီး များစွာပင် အားရရွှင်လန်းနေကြလေသည် ။
ထို့နောက် ဦးထွန်းစိန် နှင့် လူနှစ်ယောက် ရောက်လာလေသည် ။ တစ်ယောက်မှာ သခင်သာညွှန့် ဟု ခေါ်၍ တစ်ယောက်မှာ မောင်ကိုကို ဟု ခေါ်လေသည် ။ သခင်သာညွန့် မှာ အသက်
အစိတ် လောက် ရှိဦးမည် ။ တရုတ်ကပြားကလေးလား အောက်မေ့ရအောင် အသားဖြူသည် ။
သူကား ကျောင်းသားခေါင်းဆောင်ကလေး ဖြစ်၏ ။
သူတို့ လာသောအခါ ကျွန်တော် သည် ဆရာတော် အမှူးပြုသော စကားဝိုင်းမှ ထလေသည် ။
သူတို့သည် သိုက်တဘောင် ရာဇဝင်နယ်မှ ထွက်ပြီး သင်္ဂြီုဟ်နိပါတ်နယ်သို့ ကူးပြောင်းနေခဲ့ကြလေသည် ။
ဆရာတော် က လှမ်းပြီး မိန့်ကြားလိုက်သေးသည် ။
“ ထွန်းစိန် ရေ မင်းတို့ လွတ်လွတ်လပ်လပ် တိုင်ပင်ပြောဆိုချင်ရင် ဟိုဘက်ခန်း သွားထိုင်ကြ“
ဟိုဘက်ခန်း ဆိုသည်မှာ ဆရာတော် ဥပုသ်ပေးသောအဆောင် ဖြစ်လေသည် ။
ဦးထွန်းစိန် ကား သခင်သာညွန့် နှင့် မောင်ကိုကို တို့အား ထားခဲ့ပြီး အိမ်ပြန်ရန် ဆရာတော် အား
ဝတ်ချလေသည် ။
“ ဟ မင်းက သွားတော့မလား ၊ မင်း ဧည့်သည် နဲ့ စကား မပြောတော့ဘူးလား ”
ဦးထွန်းစိန် က ပြုံးလျက် -
“ ဟဲ ဟဲ တပည့်တော် က နိုင်ငံရေးသမား မှ မဟုတ်ဘဲ ဘုရား ၊ ကိုယ့်ဝန်ကိုယ်ထမ်း ကိုယ့်လမ်း ကိုယ်သွား စီးပွားရေးသမားပဲ ဟဲ ဟဲ ”
ဆရာတော် -
“ ဟ ထွန်းစိန် ရ ၊ ခုအခါမျိုးမှာတော့ လူတိုင်း နိုင်ငံရေးသမား ကွ ။ လူတွေသာ မကဘူး ၊ ဘုန်းကြီး
တွေလည်း နိုင်ငံရေးသမား ပဲဟ ။ တို့နိုင်ငံ လွတ်လပ်ဖို့အရေး အားလုံးဝင်ပြီး တက်သုတ်ရိုက်ရမယ် မဟုတ်လား ”
ဦးထွန်းစိန်က ' မဟဲ ' တော့ဘဲ တည်ကြည်စွာ “ တပည့်တော် ကိစ္စရှိသေးလို့ပါ ဘုရား သွားချေပါဦးမယ် ”
ဦးထွန်းစိန် ထွက်သွားလေသည် ။ ကျွန်တော် သည် သခင်သာညွန့် ၊ မောင်ကိုကို တို့နှင့်
အရေးတော်ပုံ လုပ်ငန်းများကို ဆွေးနွေးတိုင်ပင်နေလေသည် ။ သူတို့အား ဂျပန် ကတိဖျက်ပုံများ
ပြောပြရလေသည် ။ ဂျပန့်ထံမှ လက်နက် မရနိုင်ကြောင်း ၊ သို့သော် စိတ်ပျက် မနေကြဘဲ
ကိုယ်တတ်နိုင်သော နည်းဖြင့် အင်္ဂလိပ် အစိုးရအား တိုက်ထုတ်ရမည် ဖြစ်ကြောင်း ၊ အခါအခွင့်
သင့်သောအခါ ဝင်လာသော ဂျပန် အား ပြန်ချရန် အသင့်ပြင်ထားကြရမည် ဖြစ်ကြောင်း ၊ ဂျပန် နှင့်
ချီတက်လာမည့် ဗမာ့လွတ်လပ်ရေးတပ် များအား အစွမ်းကုန် အားပေးရမည် ဖြစ်ကြောင်းများကို
ရှင်းပြရလေသည် ။
သခင်သာညွန့် နှင့် မောင်ကိုကို တို့သည် ငြိမ်၍ နားထောင်နေကြ၏ ။
ထို့နောက် မိတ္ထီလာ နယ် စည်းရုံးရေး အခြေအနေများကို ဆွေးနွေးကြသည် ။ သခင်သာညွန့် က
အရေးရှိက အရေးတော်ပုံတွင် အသက်စွန့်ကာ ပါဝင်ဆောင်ရွက်ကြမည့်လူ အများအပြား
ရှိကြောင်း ပြောပြလေသည် ။
“ အင်္ဂလိပ် ရဲ့ ဘားမားရိုင်ဖယ်စစ်တပ် ထဲက ဗမာတချို့လည်း လက်နက်ယူပြီး ဒီလိုပဲ ထွက်လာကြတဲ့ ဗမာစစ်သား တွေ ရှိတယ် ။ သူတို့ကို တို့က ကျကျနန လက်ခံပြုစုထားရမယ် ။ သူတို့ကို
အခြေခံပြီး လက်နက်ကိုင်အရေးတော်ပုံ တပ်စိတ်တွေ ဖွဲ့ရမယ် ။ ကောင်းတယ် ခု ဘယ်နှယောက်
ရှိပြီလဲ ”
သခင်သာညွန့် -
“ သုံးယောက် ၊ ဒီပြင် ကျွန်တော်တို့နဲ့ အဆက်မရဘဲ သူတို့ဘာသာ ထွက်ပြေးလာတဲ့ စစ်သားတွေလည်း ရှိဦးမှာပဲ ”
“ ရှာ ရှာ ၊ သူတို့ကို တွေ့အောင်ရှာ ၊ အရေးကြီးတယ် ”
၎င်းနောက် စစ်ရထားများ ကို ဖျက်ရန် နှင့် လက်နက်လုယူရန် ကိစ္စများ ဆွေးနွေးကြလေသည် ။ ဤ
ကိစ္စများကို အောင်မြင်စွာလုပ်နိုင်ရန် မိတီ္ထိလာ မှ ရဲဘော်များချည်း မပြီး ။ မြစ်သား မှာ ရောက်နေသော ဒဂုန်ဦးလှဖေ ၊ ကူမဲ မှ ကိုထွန်းကြည် ၊ သာလွန် မှ ကိုတင်မောင် ၊ သပြေတောင်း မှ
သခင်စံလှ နှင့် ဦးဘရီ စသော ရဲဘော်များပါ ပူးပေါင်းဆောင်ရွက်မှ ပြီးမည်ဟု သဘောရရှိကြသဖြင့် မန္တလေးဌာနချုပ် နှင့် ကူမဲစက်ပိုင် ဒေါ်ကျင်ဆိုင် နှင့် မန်နေဂျာ ဦးသိန်းမောင် တို့မှတစ်ဆင့်
ဆက်သွယ်၍ လုပ်ကြရန် ဆုံးဖြတ်ကြလေသည် ။
ထိုနေ့ညအဖို့ ထိုမျှဆွေးနွေးပြီး သခင်သာညွန့် တို့ လူစု ပြန်သွားကြလေသည် ။ ဆရာတော် ကြီးမှူးသည့် စကားဝိုင်းမှာလည်း လူစုကွဲသွားလေသည် ။ ကျွန်တော် လည်း ဦးပဉ္စင်းများ နေရာ
ချထားသည့်အတိုင်း အိပ်ရာဝင်လေသည် ။ ထိုညတွင် ကျွန်တော် သည် မမြင့်ဦး အား မိတ္ထီလာ သို့
ခေါ်လာပြီး အဆုတ်နာရောဂါ ပျောက်ကင်းအောင် ကုပေးနေသည်ဟု အိပ်မက် မြင်မက်လေသည် ။
လွန်ခဲ့သော ညက လည်းကောင်း ၊ သည့်အရင် ရက်များ၌လည်းကောင်း မမြင့်ဦး အကြောင်းကို
စဉ်းပင် မစဉ်းစားမိဘဲ နေခဲ့ရာမှ ယခုလို အိပ်မက် မြင်မက်သဖြင့် အံ့ဩမိလေသည် ။ မမြင့်ဦး အား
တစ်မနက်လုံး သတိရနေ၏ ။ မိတ္ထီလာကန်ရိုး တွင် နံနက်စောစော သာယာသည့်အချိန်၌ မမြင့်ဦး
နှင့် ကျွန်တော် လမ်းလျှောက်နေကြ သလိုလို စိတ်ကူးယဉ်ကာ လွမ်းနေမိလေသည် ။
သာစည်ဘူတာ သို့ ပြန်လာခဲ့ရာ မီးရထား မထွက်သေးသည်ကို တွေ့ရသဖြင့် ဝမ်းသာမိ၏ ။
နေ့ခင်း တစ်ချက်တီးတွင် ရန်ကုန် သို့ မီးရထား ထွက်မည်ဆိုသဖြင့် အားတက်ရွှင်လန်းခြင်း ဖြစ်ရလေသည် ။
သို့သော် တစ်ချက် တီးသောအခါ မီးရထားပေါ်ရောက်နေသော ခရီးသည်တွေကို အာဏာပိုင်တို့က
အဆင်းခိုင်းပြန်လေသည် ။ တောင်ငူ စစ်မြေပြင် သို့ ချီတက်သွားရမည့် တရုတ်စစ်သားများ ကို
သယ်ဆောင်ရန် ထိုရထား ကို သိမ်းလိုက်သည်ဟု ဆိုလေသည် ။ ထိုရထား သည် မန္တလေး သို့ ပြန်၍
ခုတ်မောင်းသွားလေသည် ။
အချို့ခရီးသည်များမှာ မန္တလေး သို့ပင် လိုက်သွားကြလေသည် ။ ကျွန်တော် ကား သည်စည်
ဘူတာ မှာ မယောင်မလည်နှင့် ကျန်ရစ်ပြန်လေ၏ ။
ကံအားလျော်စွာ ကျွန်တော် သည် သာစည်ဘူတာ မှ စာရေးတစ်ယောက် နှင့် အကျွမ်းတဝင် ခင်မင်
သွားကြလေသည် ။ သူ က မန္တလေး သို့ ပြန်သွားသော ရထား သည် တရုတ်စစ်တပ်များအား
တင်ဆောင်ပြီး သာစည်ဘူတာ သို့ ပြန်ရောက်ပါက ဂါတ်ဗိုလ် ကို သူကပြောပြီး ကျွန်တော့် အား
တင်လွှတ်လိုက်မည်ဟု ကတိပေးလေသည် ။
ထိုရထား သည် သန်းခေါင်ကျော် မှ သာစည်ဘူတာ သို့ ဆိုက်ရောက်လာလေသည် ။ ကျွန်တော် သည်
ဂါတ်တွဲတွင် မီးရထား ကူလီခေါင်း လိုလို ၊ မီးရထား စာရေး လိုလို ဟန်ဆောင်ပြီး လိုက်ခဲ့ရလေသည် ။ ကျောခင်း၍ အိပ်စရာ မရှိ ၊ ထိုင်လျက် အိပ်လိုက်ရပေ၏ ။
ပျဉ်းမနား သို့ ရောက်သောအခါ ရထားဆက် မထွက်ပြန်သဖြင့် အခက်တွေ့ရပြန်၏ ။ ပျဉ်းမနား မှ
ရန်ကုန် ထိ မီးရထားလမ်းကို စစ်ဘက်က သိမ်းလိုက်ပြီ လိုလို ကြားရပြန်၏ ။
ဂါတ်ဗိုလ် က ကျွန်တော့် အား ကျောက်ပန်းတောင်း ဘက်သို့ လိုက်၍ ထိုမှ တစ်ဆင့် မကွေး ၊ ပြည်
စသော မြို့များဘက်သို့ ဘတ်စ်ကားဖြင့် သွားရန် အကြံပေးလေသည် ။ ထိုသို့သွားမှ ဘေးကင်း
ရန်ကင်း ဖြစ်လိမ့်မည်ဟု ဆိုလေသည် ။
ထို့ကြောင့် ပျဉ်းမနား မှ ရထားစီးပြီး ကျောက်ပန်းတောင်း သို့ လိုက်ရလေသည် ။
တစ်လမ်းလုံး တွေ့သမျှ လူအပေါင်းသည် တလှုပ်လှုပ်တရွရွ ဖြစ်နေကြလေသည် ။ ကောလဟာလ
သတင်းများကလည်း ပွနေ၏ ။
ရန်ကုန် မှာပင် အစိုးရ မရှိတော့ ဟူ၍ ပြောသူက ပြော၏ ။
အင်္ဂလိပ် တို့သည် စစ်တပ်များ ကို ဆုတ်ခွာရင်း မြို့များ ၊ တံတားများ ၊ ရထားများ ၊ သင်္ဘောများ ၊
စက်ရုံများကို ဖျက်ဆီးပစ်ခဲ့ရန် စီစဉ်နေပြီ ဟုလည်း သတင်းဖြစ်နေ၏ ။
ရေနံချောင်း မှ ရေနံတွင်းများထဲသို့ပင် ကွန်ကရစ် လောင်းထည့်ပြီး ဖျက်ရန် စီမံနေကြပြီဟု ဆို၏ ။
ပြည်မြို့ ဘူတာရုံ ဂျပန် က ဗုံးကြဲချပြန်သည်တဲ့ ။
ရေနံချောင်း ဗုံးကြဲသည်တဲ့ ။
ဘာ သတင်းတွေ ကြားရ ကြားရ ကျွန်တော် ကား နောက်ပြန် မလှည့်တော့ချေ ။ ရထား မရလျှင်
ဘတ်စ်ကား ၊ ဘတ်စ်ကား မရလျှင် မြင်းလှည်း ၊ မြင်းလှည်း မရလျှင် ခြေကျင် ။ မြစ်တွေ့လျှင်
သင်္ဘော ၊ သင်္ဘော မတွေ့လျှင် လှေ ၊ လှေ မတွေ့လျှင် ဖောင် ၊ ကြုံရာတွေ့ရာနှင့် အောက်သို့ ဆင်းခဲ့လေသည် ။
ဂျပန်စစ်သားများ ၏ ရက်စက်ကြမ်းကြုတ်မှု များလည်း လွင့်လာလေသည် ။ မည်မျှ လျင်မြန်စွာ
လွင့်လာသနည်း ။
မော်လမြိုင် ဘက်မှာ ဂျပန်စစ်တပ် ကို ပန်းသပြေ နှင့် ဆီးကြိုသူများ အား စစ်သားတွေ က လှည်းတွေ
ဆွဲစေသည်တဲ့ ။
ဆီးကြိုသူများထဲတွင် လက်ပတ်နာရီ ၊ လက်စွပ် ပါသူများ ဂျပန်စစ်သားများ ဖြုတ်ပေးခဲ့ရသည်
တဲ့ ။
တောင်ရှည်ပုဆိုး နှင့် လူကြီးလူကောင်း တွေကို ကူလီ အထမ်းခိုင်းသည်တဲ့ ။
ဂျပန်စစ်သား တို့သည် ဗမာ မိန်းကလေးများ အား မဟားတရား လုပ်သည်တဲ့ ။
ထို သတင်းတွေကို ယုံသူလည်း ရှိ၏ ။ မယုံသူလည်း ရှိ၏ ။ ယုံသူတွေ ထဲတွင် ကျွန်တော် တစ်ယောက်
အပါအဝင် ဖြစ်လေသည် ။
မယုံသူ အချို့ကမူ ဂျပန် နှင့် ဗမာ သည် မိတ်ဆွေတွေ ဖြစ်သည် ။ ဘယ်နည်းနှင့်မျှ ဗမာ အပေါ် ဤမျှ
ရိုင်းစိုင်းလိမ့်မည် မဟုတ်ဟု ဆိုကြလေသည် ။ အချို့ကမူ အရှေ့တောင်အာရှ သာတူညီမျှ
ကောင်းစားရေးအတွက် အသက်စွန့်ကာ တိုက်ကြရသော ဂျပန်စစ်သားတို့ ၏ အပြုအမူကို
အပြစ်တင် မစောသင့် ၊ ခွင့်လွှတ်သင့်သည်ဟု ဆိုကြသည် ။
များစွာသော တောသူတောင်သား ဆင်းရဲသားများနှင့် မြို့ပေါ်မှ ဆင်းရဲသားများကမူ ယုံသည်
လည်း မပြော ၊ မယုံဘူးဟုလည်း မဆို ၊ ကြားသမျှ ငြိမ်သက်စွာ နားထောင်နေကြပြီး ကိုယ့်
အလုပ်ကိုယ် ကုန်းလုပ်နေကြလေသည် ။ ထွန်စရာရှိ ထွန် ၊ ယက်စရာရှိ ယက် ၊ ထမ်းစရာရှိ ထမ်း ၊
ရောင်းစရာရှိ ရောင်း နေကြလေတော့သည် ။
ကျွန်တော်သည်လည်း သွားစရာရှိလို့ သွားနေလေသည် ။ နောက်ပြန် မဆုတ်ပါ ။
သို့ဖြင့် ရက်ပေါင်း အတော်ကြာသောအခါ ဟင်္သာတ သို့ ရောက်ခဲ့လေသည် ။
◾သိန်းဖေမြင့်
📖 အရှေ့က နေဝန်းထွက်သည့်ပမာ
koaungnaingoo.blogspot.com
.
No comments:
Post a Comment