Saturday, November 13, 2021

ပြုံးတတ်တယ် ခေါင်းညိတတ်တယ် အခန်း ၈+၉+၁၀


 အခန်း ( ၈ )




လမ်းခွဲချင်ယင်လဲ ခွဲ ။ သဘော ။




ပြန်လာချင်လို့ ပြန်လာယင်လဲ ပြန်လာ ။ သဘော ။




ဟုတ်တယ် ။ လမ်းခွဲကြရအောင် တဲ့ ။ သည်တခါတော့ အောင်သိန်း က ပြောတာ ။ သဘောပေါ့ ။




အောင်သိန်း ဆိုတာ ငလွင့် နောက် ငါ ယူလိုက်တဲ့ ဒုတိယမြောက် ငါ့ လင် ။ ပြောမယ့်သာ ပြောတာ ။ ငါ ကလဲ အောင်သိန်း ကို ချစ်တယ် ။ အောင်သိန်း က လဲပဲ ငါ့ ကို ချစ်တယ် ။ ဒါကြောင့် ငါ တို့ လက်ထပ်လိုက်တယ် ။




မုတ္တမ ကနေ မော်လမြိုင် ကို ကူးတဲ့ သင်္ဘောပေါ်ကနေ ငါ လှမ်းကြည့် လိုက်တယ် ။




အောင်သိန်း ငါ့ ကို ကျောခိုင်းပြီး ထွက်သွားနေတာ နောက်ကျော ကို မြင်ရတယ် ။ သားရေဦးထုပ်ပျော့ ကို ဆောင်းထားတယ် ။ ဂျင်းဘောင်းဘီ နဲ့ ဂျင်းဂျက်ကက် ကိုလဲ အင်္ကျီလက် မတင်ပြီး ဝတ်ထားတယ် ။ ပုခုံးမှာလဲ ခရီးဆောင်အိတ် အပြာကို လွယ်လို့ ။ သူ့ တကိုယ်လုံး ခေါင်း ကနေ ခြေဖျား အထိ ငါ ဆင်ထားတာ တွေချည့်ပဲ ။




ငါ့ ခန္ဓာကိုယ် နဲ့ ရင်းလို့ရတဲ့ ငွေ နဲ့ ငါ ဆင်ထားတာ ။ အစာဝလို့ ဌာနပြန် တာလား အောင်သိန်း ရယ် ။




ငါ မငိုဘူး ။ ဒါပေမယ့် ရင်ထဲကတော့ တချက် ရှိုက်လိုက်တယ် ။




သင်္ဘောနောက်က ရေတွေ လှိုင်းထ ကျန်ရစ်တယ် ။




ငါ့ ရင်ထဲမှာ လဲ လှိုင်းထနေတယ် ။ ဝင်းလွင် ခေါ် ငလွင် နဲ့ စာရင်တော့ အောင်သိန်း ကို ငါ ပိုချစ်တယ် ။ အောင်သိန်း က ငါ့ ထက် သုံးနှစ် လား ငယ်တယ် ။ ငလွင် က ငါ့ ထက် ငါးနှစ် ကြီးတယ် ။ ပြီးတော့ အောင်သိန်း က ရုပ်ပိုချောတယ် ။

သူကလဲပဲ ငါ့ ကို ချစ်ပါတယ် ။




အေး ... ခုတော့ လမ်းခွဲကြရပြီ ။ သူကတော့ ဘယ်သွားမယ် မပြောတတ်ဘူး ။




ငါ ကတော့ ကျိုက္ခမီ စက်စဲ ကို သွားမယ် ။




သင်္ကြန်မိုးကလေး ရွာလိုက်တယ် ။




မိုးစက်မိုးပေါက်တွေ အကြားမှာ ငါ ချစ်တဲ့ အောင်သိန်း ကို မှုန်ဝါးဝါး မြင်နေရရာက လုံးဝ ပျောက်သွားတယ် ။




◾မောင်သာရ




📖ပြုံးတတ်တယ် ခေါင်းညိတ်တတ်တယ်



အခန်း ( ၉ )


ငလွင် နဲ့ ကွဲပေမယ့် ငါ ဝမ်း မနည်းဘူး ။ ငါ ကမှ ငလွင့် ကို နှစ်နှစ်ကာကာ မချစ်ခဲ့တာပဲ ။


ဘာမှန်း မသိ ညာမှန်း မသိပဲ အိမ်ထောင်သည် ဘဝကို ရောက်ခဲ့ရတယ် ။ အိမ်ထောင် တခုကို တည်ဆောက်ကြည့်တယ် ။ အခြေခံ မကောင်းဘူး ။ အခြေ မခိုင်ဘူး ။ မေတ္တာမှ အခြေ မခံခဲ့တဲ့ အိမ်ထောင်ရေးပေကိုး ။


ငလွင် ကတော့ ငါ့ ကို ချစ်တယ် ။ ဒါပေမယ့် နှစ်ယောက်ပေါင်းပါ မှ အိမ်ထောင်ရယ်လို့ ဖြစ်နိုင်တာ မဟုတ်လား ။ ငါ က သူ့ ကို မချစ်တော့ တဘက်မှာ လွတ် မနေဘူးလား ။


မချစ်တော့လဲ အနစ်နာခံနိုင် စွမ်း ၊ သည်းခံနိုင် စွမ်း ၊ ခွင့်လွှတ်နိုင် စွမ်း ဆိုတာတွေ နည်းပေမှာပေါ့ ။ သည်တော့ အခြေ မခိုင်တော့ဘူးပေါ့ ။


ထားတော့ ။ တည်ဆောက်ကြိုးပမ်းကြည့်လို့ မရတော့လဲ ပျက်ပေါ့ ။ ဝမ်းနည်းစရာ မဟုတ်ဘူး ။


ဒါပေမယ့် ခက်တယ်လေ ။ ငါ့ တဝမ်းတခါးတွင်မှ မဟုတ်တော့ပဲ ။ ကလေး သုံးယောက် က ရှိသေးတယ် ။ ငါ့ တာဝန်အပြင် သည်ကလေး သုံးယောက် ရဲ့ တာဝန် ကို ငါ့ အဖေ အမေ က ဘယ်လောက် စွမ်းအားရှိလို့ ရေရှည် ထိန်းထား နိုင်မှာလဲ ။


ညတိုင်ကျ ငါ တော်တော်နဲ့ အိပ်လို့ မရဘူး ။ ရှေ့ရေးအတွက် စဉ်းစားရတာ ခေါင်း ကို ရှုပ်နေတာပဲ ။


ငါ့ မှာ ညီအစ်ကို မောင်နှမ ရယ်လို့ များများစားစားတော့ မရှိဘူး ။ ငါရယ် ... ငါ့ ညီမ ဆု ရယ် ... ဒါပါပဲ ။


ကုန်ဈေးနှုန်းတွေ က တရိပ်ရိပ် တက်နေတယ် ။ တမိသားစုလုံး ကျန်းကျန်းမာမာ ဆိုယင်တော့ စားနိုင်ယုံ ရှိတာပေါ့ ။


ဒါပေမယ့် သွေးနဲ့ ကိုယ် သားနဲ့ ကိုယ် ဆိုတော့ ကိုယ်ခန္ဓာကို ဘယ် အစိုးရမှာလဲ ။ အိမ်သား တယောက်ယောက် ဖျားတယ် နာတယ် ဆိုယင် အဲသည်လ ကသီလင်တ ဖြစ်ပြီ ။


တုတ်တုတ် အိမ်ကို ပြေးရ လွှားရပြီ ။ ချေး ရပြီ ။ ငှား ရပြီ ။ ပေါင် ရပြီ ။ နှံ ရပြီ ။


အင်း ... ငါတို့ ရပ်ကွက် မှာလဲ တုတ်တုတ် နဲ့ ကင်းဖို့ ဆိုတာတော့ မလွယ် လှ ဘိခြင်း ။


တုတ်တုတ် ကလဲ ရှိလို့လား ဆိုတော့ သိပ် မရှိပါဘူး ။ သူ့မှာ ရှိတဲ့ အရင်းအနှီးကလေး လေးငါးခြောက်ထောင် နဲ့ ရင်းနှီးနေတာ ။ ဒါပေမယ့် သူ့ မှာက လှည့်သာတယ် ။ ငွေ ကို နေ့စဉ် မြင်နေရတယ် ။ နောက်ခံ ရှိတယ် ။ သည်လိုလေ ဈေးထဲမှာ ဆိုင်တဆိုင် ရှိတယ် ။ ဆိုင်ရှင့် နာမည်က ကိုလောဘ တဲ့ ။ ဆိုင် က ကုန်ခြောက်ဆိုင် ။ ဒါပေမယ့် ရွှေငွေ အပေါင် ခံတယ် ။ ပစ္စည်း အပေါင် ခံတယ် ။ တခုတော့ ရှိတယ် ။ ကိုလောဘ က လူတိုင်း နဲ့ အလုပ် မလုပ်ဘူး ။ တုတ်တုတ် တယောက်တည်းနဲ့ပဲ အလုပ်လုပ်တယ် ။


ရွှေပေါင်ချင်တယ် ဆိုပြီး ကိုလောဘ ဆီကို ဘယ်တော့မှ တိုက်ရိုက် မသွားနဲ့ ။ မရဘူး ။ ကိုလောဘ က သူ သည် အလုပ် မလုပ်ဘူး ဆိုပြီး ပြောလွှတ်လိုက်လိမ့်မယ် ။


တကယ်တော့ လုပ်တယ် ။ ဒါပေမယ့် တုတ်တုတ် က တဆင့် သွားမှပဲ ရတယ် ။


တုတ်တုတ် နဲ့ ကိုလောဘ က ဘယ်လောက်တိုး နဲ့ အလုပ် လုပ်တယ် မပြောတတ်ဘူး ။ တုတ်တုတ် အလုပ် လုပ်တာကတော့ ရွှေပေါင် ဆိုယင် ငါးကျပ် တိုး ။ နာရီ ၊ အထည် စတဲ့ ပစ္စည်းတွေ ဆိုရင်တော့ တဆယ် တိုး ။ အလွတ်ဆိုယင် တော့ နှစ်ဆယ် တိုး ။


ဒါက တုတ်တုတ် ရဲ့ ကိုယ်ပိုင် စီးပွားရေး ။ ဒါတွင် မကသေးဘူး ။ ရှိသေး တယ် ။ အရင်းအနှီး လေးငါးခြောက်ထောင် နဲ့ ရန်ကုန် တမြို့လုံး လှမ်း အလုပ်လုပ်နေတဲ့ မိန်းမ ပဲ ။


ပြီးတော့တခါ သူ့ယောက်ျား ကားမောင်းလို့ ရတဲ့ ဝင်ငွေကလဲ ရှိသေးတယ် ။ သူ့ အိမ်က စားအိုးတော့ ကြီးတယ် ။ ဒါပေမယ့် စီးပွားရေး ကောင်းတယ် ။ သူတို့ လင်မယားက ဘက်ညီတယ် ။


သည်တော့ သည်လို တုတ်တုတ် ကို ငါတို့ က ပေါင်းသင်းထားရတယ် ။


ကလေး သုံးယောက် ကလဲ တယောက် တလှည့် ဖျားတတ်တယ် ။ သည်ကြားထဲ တခါ အဖေ နေမကောင်းလို့ ငွေ အတော်ကုန်သွားတယ် ။


မိဆု ရဲ့ ကျောင်းစရိတ်ကလဲ မနည်းဘူး ။ သည်နှစ် တက္ကသိုလ် ရောက်ပြီ ။ လမ်းစရိတ် ၊ မုန့်ဖိုး ၊ စာအုပ်ဖိုး ။


သည်တော့ တုတ်တုတ် ရဲ့ ကြွေး ကလဲ တက်လာတယ် ။ အတိုးကလဲ တရိပ်ရိပ် ။


အလွတ် ချေးထားတာ ကိုက သုံးရာ ။ တလ ကို အတိုး ခြောက်ဆယ် ။ မပေးနိုင်တာ ငါးလရှိပြီ ။


စဉ်းစား ကြည့်လိုက်တော့ သိပ်ရင်မောရတယ် ။ ပစ္စည်းကလေးတွေ မရွေးနိုင်တာက ထားဦး ။ အတိုးကလေးတော့ တလ တကြိမ်လောက် ဆပ်နိုင်ဖို့ ကောင်းတယ် ။ ဒါပေမယ့် မဆပ်နိုင်ဘူး ။


အတိုး မဆပ်နိုင်တော့လဲ အတိုး က ချေးငွေ အဖြစ် ပြောင်းသွားတယ် ။ ချေးငွေ သုံးရာ မှာ အတိုး သုံးရာ ပေါင်းလိုက်တော့ ချေးငွေ ခြောက်ရာ ဖြစ်လာတယ် ။


ဟော ... အတိုးက တလ တရာ့နှစ်ဆယ် ။ ဘယ်ကငွေရလို့ သည် အကြွေးတွေ ဆပ်နိုင်တော့မှာတဲ့လဲ ။


ပြီးတော့ လခ ကလဲ အလျဉ် မမီတော့ဘူး ။ လခနဲ့ ချည့် မလောက်တော့ဘူး ။ သည်တော့ သည်လို အခါမျိုးမှာလဲ တုတ်တုတ် ကိုပဲ အားထားရပြန်တယ် ။


မီးဖိုချောင်သုံး ပစ္စည်းအားလုံးကိုလဲ ကိုလောဘ ဆိုင်ကပဲ ကြွေးယူ ရပြန်တယ် ။ ကိုယ်ယူလို့ မရတော့ဘူး ။ တုတ်တုတ် ကို အယူ ခိုင်းရတယ် ။


တုတ်တုတ် က စီးပွားရေးသမား ပဲ ။ သူ့ အတွက်တော့ မသိမသာ ဈေးတင် ထားတတ်တယ် ။ အဲ ... လကုန်ယင် ကိုလောဘ ဆီက ယူထားတဲ့ အကြွေးတွေ ကို ဦးစားပေးပြီး ဆပ် ။ နောက်ထပ် ဝယ်မစားနိုင်တော့ယင် ထပ်ပြီး အကြွေးယူ ။


သည်တော့ တုတ်တုတ် နဲ့ မကင်းနိုင်ဘူး ။ ကိုယ် မသေသေး သရွေ့ ၊ တုတ်တုတ် မသေသေး သရွေ့ ၊ ကင်းအောင် ရှင်းအောင် နေဖို့ဆိုတာ စဉ်းစားလို့တောင် မရနိုင်တော့ဘူး ။


သည်လိုနဲ့ ကြံရာမရ ဖြစ်နေတုန်း ၊ တနေ့မှာ ဝင်းပပ နဲ့ သွားတွေ့တယ် ။


ဝင်းပပ နဲ့ ငါ က ကျောင်းနေဘက် ။ ခင်တယ် ။ ကျောင်းက ထွက်ပြီးကတည်းက လူချင်း မတွေ့ဖြစ်ကြတော့ဘူး ။ ခုတခါ ပထမဆုံး ပြန်တွေ့ဖြစ်ကြတယ် ။


သူ့ သတင်းတွေကိုတော့ ကြားတယ် ။ သင်္ဘောသားတယောက် နဲ့ အိမ်ထောင် ကျသွားတယ်တဲ့ ။ ဟန်ကျနေပြီတဲ့ ။


ဟုတ်မယ် ။ အခု ပြန်တွေ့ကြတော့လဲ သူ့ ကိုယ်မှာ ဝတ်စားထားလိုက်တာ ကြော့ လို့ ။ ရုပ်ကလဲ ဖြူ လို့ ၊ လှ လို့ ။ နာမည်နဲ့ လိုက်တယ် ။ မိန်းမချင်းတောင် ငေးကြည့်ရတယ် ဆိုတဲ့ ရုပ်ရည်မျိုး ။


မိန်းမ က အရပ်အမောင်း လဲ ကောင်းတယ် ။ ကျောင်းတုန်းကလဲ ကျောင်းအနေ နဲ့ အားထားရတဲ့ အားကစားသမားကောင်း တစ်ယောက်ပဲ ။


မဆိုးပါဘူး ။ ချမ်းသာနေပေမယ့် ဘဝင်မမြင့်ဘူး ။


အေးအေးဆေးဆေး စကားပြောရအောင် ...တဲ့ ။ မြို့ထဲကို ခေါ်သွားတယ် ။


◾မောင်သာရ


📖ပြုံးတတ်တယ် ခေါင်းညိတ်တတ်တယ်



အခန်း ( ၁ဝ )


သူ့ အကြောင်းကို သူကပြောပြတယ် ။ သင်္ဘောသား နဲ့ က ကွဲပြီ ... တဲ့ ။


ငါ ကလဲ ငါ့ အကြောင်းကို ပြောပြတယ် ။


အမှန်အတိုင်းပဲ ပြောပြတယ် ။ ညည်းသံနှောပြီး ပြောတယ် ။ ကြွေးတွေ အကြောင်းလဲ ပါတယ် ။ ရှေ့ရေးအတွက် ရင်လေးတဲ့ အကြောင်းတွေလဲ ပါတယ် ။


သည်တော့ ဝင်းပပ က နှစ်သိမ့်တယ် ။ ငွေ ရနိုင်တဲ့ လမ်းတော့ ရှိတယ် ... လို့ အစချီပြီး သူ့ ဇာတ်ကြောင်းကို ပြောပြန်တယ် ။


သူ လဲ လင် နဲ့ ကွဲပြီးတော့ တော်တော်လေး ဒုက္ခရောက်ခဲ့တယ် ပြောတယ် ။ ဒါကတော့ မဆန်းပါဘူး ။ သဘာဝ ကျပါတယ် ။


သူ့ ဘဝ အကြောင်းကလဲ ငါ့ ဘဝနဲ့ ဆင်တူရိုးမှားပဲ ။ လင် နဲ့ ကွဲပုံကွဲနည်း က အစ တူချင်တယ် ။ မသိမသာ ကလေးပဲ ခြားနားတယ် ။


သူ့ အဖေကလဲ ဝန်ထမ်း တစ်ယောက်ပဲ ။ ဒါပေမယ့် ငါတို့ ထက်တော့ အဆင့်အတန်း မြင့်တယ် ။ ကျောက်ကုန်း ဘက် မှာ ကိုယ်ပိုင်ခြံ နဲ့ ၊ ကိုယ်ပိုင်အိမ် နဲ့ နေနိုင်တယ် ။


ဒါပေမယ့် အိမ်ထောင် ကျတဲ့ခါ ငါ့ လိုပဲ ယောက္ခမ အိမ် လိုက်နေခဲ့တယ် လို့ ပြောတယ် ။


ထုံးစံ အတိုင်းပေါ့ ယောက္ခမ နဲ့ မတည့်ဘူး ။ ဒါပေမယ့် သူကတော့ ယောက္ခမ နဲ့ အတော်ကြာကြာ နေနိုင်တယ် ။ ကလေး နှစ်ယောက် မွေးပြီးတဲ့အထိ ယောက္ခမ အိမ်မှာပဲ နေခဲ့တယ်လို့ ဆိုတယ် ။


အေးလေ ... သူ့ ယောက္ခမ က ငါ့ ယောက္ခမလောက် ဆိုးမှာ မဟုတ်ဘူး ။ ပြီးတော့ သူ့ ယောက္ခမ အိမ်မှာက ဝင်းမာ လို ယောက်မမျိုးလဲ မရှိဘူး ။ ဒါကြောင့်လဲ ကလေး နှစ်ယောက် မွေးတဲ့ အထိ ယောက္ခမ အိမ်မှာ နေနိုင်တာ ဖြစ်မယ် ။


ဒါပေမယ့် တနေ့တော့ ပြဿနာဖြစ်ပြီး ကျောက်ကုန်း က သူ့ မိဘအိမ်ကို ပြန်ဆင်းလာခဲ့တယ် ။ သူ့ ယောက်ျား သင်းအောင် က လဲပဲ ယောက္ခမ အိမ်မှာ လိုက်လာနေတယ်တဲ့ ။


တနေ့တော့ သင်းအောင် နဲ့ ဝင်းပပ တို့ အဖေ နဲ့ စကားများကြတယ် တဲ့ ။ ဝင်းပပ တို့ အဖေ က သူ့ ရှေ့မှာ သူ့ သမီး ကို ဆူတာ ပူတာ မကြိုက်ဘူး ။ အဲဒါ သင်းအောင် ကလဲ ဝင်းပပ ကို ဆူပူရုံ မကဘူး ။ ရိုက်လား နှက်လားပါ လုပ်သတဲ့ ။ အဘိုးကြီး နဲ့ ပြဿနာ တက်ကြရော ။


အဘိုးကြီး က စိတ်ကြီးတယ် ပြောတယ် ။ လက်သီး နဲ့ ထိုးပစ်လိုက်တာ သင်းအောင် သွား နှစ်ချောင်း ကျိုးသွားတယ် တဲ့ ။ ဆက်ပြီး တုတ်ကောက် နဲ့ ရိုက်လိုက်တာ သင်းအောင် ခေါင်း ကွဲသွားရောတဲ့ ။


သင်းအောင် အိမ်ပေါ် က ဆင်းသွားတယ် ။ အမှု ဖြစ်ကြတယ် ။ အဲသည် နေ့က စပြီး လင်မယား ပါ အပြီးအပိုင် ကွဲကြရတယ်လို့ ဆိုတယ် ။


တနေ့တော့ ဝင်းပပ စိတ်လေလေ နဲ့ ဗိုလ်ချုပ်ဈေး ဘက် ရောက်သွားတယ် ။ ဗိုလ်ချုပ်ဈေး မှာ သင်းအောင် ရဲ့ သူငယ်ချင်း ကျော်ဆွေ နဲ့ သွားတွေ့တယ်လို့ ဆိုတယ် ။


ကျော်ဆွေ ကလဲ သင်္ဘောသားပဲ တဲ့ ။ သင်းအောင် နဲ့ မကွဲခင် တုန်းက အိမ်ကို မကြာမကြာ အလည်လာပြီး သင်းအောင် နဲ့ သောက်လေ့ရှိတယ် တဲ့ ။


အဲသည် ကျော်ဆွေ က ဝင်းပပ ကို ရှမ်းပြည် ဘက် အလည် လိုက်ခဲ့ဖို့ ဆွယ်တယ်တဲ့ ။ စိတ်ပြေလက်ပျောက် ပေါ့ ။


စရိတ် လဲ တပြားတချပ် မှ ကုန်စရာ မလိုဘူး ။ ပြီးတော့ အပြန်မှာ ငွေ တစ်ထောင်မျိုး ကိုးရာမျိုး လဲ ရလာနိုင်သေးတယ်လို့ ကတိပေးတယ်တဲ့ ။


အမှန်တော့ ဝင်းပပ က ငွေရေးကြေးရေး ထက် အပျော်အပါး ကို ဦးစားပေး တတ်မှန်း ငါ သိတယ် ။ ပြီးတော့ ယောက်ျား နဲ့ လဲ ကွဲ နေတဲ့အချိန် ။ ပြီးတော့ ကျော်ဆွေ ကလဲ ရုပ်ချောတယ်လို့ ဆိုတယ် ။ အဲသည်တော့ အိမ်ကို လှည့်ပတ်ပြောခဲ့ပြီး တောင်ကြီး လိုက်သွားဖြစ်တယ်တဲ့ ။


လမ်းတလျှောက် ရထားပေါ် မှာတော့ ကျော်ဆွေ တယောက်ထဲနဲ့ပေါ့ ။


တောင်ကြီး ရောက်တော့ မှ ကျော်ဆွေ ချည့် မဟုတ်တော့ပဲ အဖော်အပေါင်းတွေ ပါ ပါလာတယ် ။ ဝင်းပပ ကလဲ မိုက်ပြီလေ ။ မထူးတော့ပါဘူးလို့ပဲ သဘောထားလိုက်တော့တယ် တဲ့ ။


ကျော်ဆွေ က တောင်ကြီး မှာ ငါးရက်လား ပဲနေပြီး ရန်ကုန် ကို ပြန်လစ်ပြေး တယ်တဲ့ ။ ရသမျှ ငွေ  တွေ ကိုလဲ ကျော်ဆွေ တစ်ယောက်တည်း အကုန် ယူသွားတယ် တဲ့ ။


ဝင်းပပ မှာ အပြန် လမ်းစရိတ် တောင် မကျန်တော့ဘူးတဲ့ ။ ဒါပေမယ့် တောင်ကြီး မှာ ဆက်ပြီး အလုပ် လုပ်လိုက်တော့ ၊ တပတ်အတွင်း ထောင့်လေးငါးရာ စုမိတယ် ။


သည်လိုနဲ့ ဝင်းပပ ရဲ့ဘဝ ပျက်စီးခဲ့ရတယ် ။


ငါ နဲ့တွေ့တော့ ဝင်းပပ က ပုဂ္ဂလိက လိုင်းမှာ သမ္ဘာ ရင့်နေပြီ ။ တောင်ငူလိုင်း ၊ တောင်ကြီးလိုင်း ၊ မြစ်ကြီးနားလိုင်း ၊ မော်လမြိုင်လိုင်း ... စုံပြီ ။


ငါ့ ကို ပြောတယ် ။ အရင်း မရှိပဲ ငွေရဖို့ ဆိုတာကတော့ လှေထိုးလိုက်ရုံပဲ ရှိတယ် တဲ့ ။


ခု ငွေ လိုယင် အခု လိုက်ခဲ့ ။ ခု အလုပ်ဖြစ်ပြီး ခု ငွေ ရမယ်တဲ့ ။ ငါ စဉ်းစားယင်း နဖူးမှာ ချွေးတွေ စို့ လာတယ် ။ သူ က နားချတယ် ။


' မထူးပါဘူး ဟယ် ... နင် လဲ အပျိုကလေး မှ မဟုတ်တော့တာပဲ ၊ ကလေး သုံးယောက်ပဲ မွေးပြီးပြီ ဥစ္စာ ' ... တဲ့ ။


ငါ စဉ်းစားလိုက်တာ အချိန် တနာရီ မကဘူး ကြာတယ် ။


ငါ့ မျက်စိထဲမှာ အောင်သိန်း မျက်နှာကို ချည့် ပြေးပြေး မြင်ယောင်နေတယ် ။


အမှန် ပြောရယင် အဲ့သည် အချိန်မှာ အောင်သိန်း နဲ့ ငါ က သမီးရည်းစား မက လင်မယား မကျ ဖြစ်နေပြီ ။ သူ ကျောင်းအားတဲ့ ရက် သူ့ သူငယ်ချင်း တစ်ယောက် အိမ်မှာ ချိန်းတွေ့နေကြပြီ ။


သည်လို လေ ။ ငလွင် နဲ့ ငါ ကွဲကြရတာက သူ့ ပယောဂကြောင့်တဲ့ ။


သည်တော့ ကျောင်းပိတ်ယင် သူ ငါ့ ကို လက်ထပ်ယူပါရစေ ... တဲ့ ။ ချစ်လဲ ချစ်တယ် တဲ့ ။


ကျောင်းပိတ်ဖို့ က လိုသေးတယ် ။ စာမေးပွဲဖြေဖို့ က လိုသေးတယ် ။ ပြီးတော့ စာမေးပွဲ အောင်မယ် ရှုံးမယ် ဆိုတာကို ဘယ်လာ တပ်အပ် ပြောနိုင်ဦးမှာ လဲ ။ စာမေးပွဲ အောင်ပြီးတော့ကော အလုပ် က ချက်ချင်း ရနိုင်မှာတဲ့လား ။ မလွယ်ပါဘူး ။


သူ ကလဲ သဌေးသား မဟုတ်ဘူး ။ သူ့ အဖေက သာမာန် ဌာနခွဲ စာရေးကြီး ။ ကျောင်းနေရတာတောင် ချို့ချို့ငဲ့ငဲ့နဲ့ နေရတာပဲ ။


အို ... ငါ စဉ်းစားလိုက်တာ ခေါင်းတောင် မူးနောက်နောက် ဖြစ်လာတယ် ။


ဝင်းပပ ကလဲ လက်တို့ မေးလှပြီ ။ နင့် ဟာ ဖြစ်မှာလားဟယ် ... မဖြစ်ယင်လဲ ပြန်ကြမယ် တဲ့ ။


နောက်ဆုံး ငါ ဆုံးဖြတ်ချက် ချလိုက်တယ် ။ တကြိမ်တခါတော့ မျက်စိ မှိတ်လိုက်မယ် ။ ဖြစ်ချင်ရာ ဖြစ်စေတော့ စွန့်စားလိုက်တော့မယ် ။


ဝင်းပပ က ငါ့ ကို တည်းခိုရိပ်သာ တခုကို ခေါ်သွားတယ် ။ မန်နေဂျာ နဲ့ သူ စကားတိုးတိုး ပြောတယ် ။


တွေ့ဖူးတာ ယောက်ျား နှစ်ယောက် ရှိပြီ ဆိုတာတော့ မှန်ပါတယ် ။


ဒါပေမယ့် ငါ့ ရင်တွေ တအား ခုန်တယ် ။


တွေ့ဖူးတာတော့ တွေ့ဖူးတာပေါ့ ။


ဒါပေမယ့် တယောက် က လူသိ နတ်ကြား တရားဝင် ယူတဲ့ လင် ။


တယောက်ကလဲ ကိုယ် နဲ့ လက်ထပ်မယ့် ကိုယ့် ရည်းစား ။


ခု တွေ့ရမယ့် လူ က မျက်နှာစိမ်းကြီး ပါကလား ။ အသက်ကလဲ ကြီးပြီ ။ ငါးဆယ်တောင် ကျော်ဦးမယ် ။


မျက်နှာ ဝိုင်းဝိုင်းပြည့်ပြည့် ။ ဗိုက် ရွှဲရွှဲ ။ မျက်မှန် ထူကြီး နဲ့ ။ အသား ကလဲ ညိုညို ။


ငါ ချွေးစေးတွေ ပြန်လာရော ။


အဲသည် မန်နေဂျာကြီး က သီးသန့်ခန်း တခန်း ကို ဦးဆောင်ပြီး ခေါ်သွားတယ် ။


ဝင်းပပ က ဟဲ့ လိုက်သွားလေ တဲ့ ။


ငါ ကြောက်တယ် ။ ငွေ မရချင်လဲ နေပေ့စေတော့ ။ ငါ ဝင်းပပ ကို ခေါင်းခါ ပြလိုက်တယ် ။ ပြီးတော့ ချက်ချင်း ငါ့ သဘောနဲ့ ငါ တည်းခိုရိပ်သာ ကနေ အောက်ထပ် ကို ဆင်းပြေးခဲ့တော့တယ် ။


ဒူးတွေ က မခိုင်ချင်ဘူး ။ တဆတ်ဆတ် တုန်နေတယ် ။ အား မရှိတော့ သလိုပဲ ။ ပျော့ခွေပြီး လဲ မကျသွားအောင် မနည်း ပြန်ထိန်းထားရတယ် ။


ဝင်းပပ ကလဲ ခဏကြာတော့ နောက်ကနေ ဆင်းလိုက်လာတယ် ။ ငါ့ ကို အပြစ်တင်တယ် ။ဆုံးဖြတ်ချက် မပြတ်သားရ မလားပေါ့ ။


ငါ ဘာတခွန်းမှ မပြောတော့ဘူး ။ ဆက်လျှောက်သွားတယ် ။ လမ်းလျှောက်ယင်း ဦးနှောက် ကို အလုပ်ပေးနေတယ် ။ အရင်းအနှီး ... ငွေ ... အကြွေး ... အတိုး ... အို စုံလို့ပဲ ။


ပြန်သွားရအောင်လို့ ဝင်းပပ ကို ငါ ပြောလိုက်မိပြန်တယ် ။ ငါ့ ခြေထောက်တွေကလဲ နောက်ဘက် ကို ပြန်လှည့်ပြီးသား ဖြစ်နေတယ် ။ တလှမ်း နှစ်လှမ်း ။


ဝင်းပပ က ငါ့ ကို မယုံတော့ဘူး ။ နင့် ဟာက ဟုတ်မှလဲ လုပ်ပါဟယ် တဲ့ ။


သည် တကြိမ်တော့ ပိုင်းဖြတ်ချက် ခိုင်မာပါတယ် ။ ငါ့ ခြေထောက်တွေလဲ အား ရှိနေတယ် ။ ပထမ တုန်းကလို ပျော့ မနေဘူး ။


နောက်တခေါက် ပြန်တက်သွားကြတယ် ။ ဝင်းပပ နဲ့ အဲ့သည် လူကြီး နဲ့ စကားတိုးတိုး ပြောပြန်တယ် ။


သည် တကြိမ်တော့ အဲသည် လူကြီး နောက်ကို ငါ အရဲစွန့်ပြီး အခန်းထဲ အထိ လိုက်သွားတယ် ။ အိပ်ရာထဲ အထိ လိုက်သွားတယ် ။


ဟော ... ငါ နဲ့ ဝင်းပပ ပြန် ဆင်းလာခဲ့ ကြတယ် ။ အဲသည် လူကြီး က ငါ့ လက်ထဲကို ငွေနှစ်ရာ ပေးလိုက်တယ် ။


◾မောင်သာရ


📖ပြုံးတတ်တယ် ခေါင်းညိတတ်တယ်


koaungnaingoo.blogspot.com


.

No comments:

Post a Comment