အခန်း ( ၆ )
ပြတ်ချင်ယင်လဲ ပြတ် ။ သဘော ။
ဖြတ်ချင်ယင်လဲ ဖြတ် ။ သဘော ။
အေး ... ငါကတော့ ဘယ်လာ ပြတ်စေ့ချင်မှာလဲ ။ ငါ ချစ်လို့ပါ ဆိုနေ ။ ဖြတ်လဲပဲ မဖြတ်စေ့ချင်ဘူး ။ ဟုတ်တယ် ငါ့ တသက် ဒီ ယောက်ျား တစ်ယောက်တည်းနဲ့ပဲ သေတပန်သက်တဆုံး ပတ်သက်သွားချင်စိတ် ရှိတော့တယ် ။
ငါ့ ဘဝအကြောင်းက မကောင်းခဲ့ဘူး ။ ပြောပြီးပါပကော ။ ချစ်ကြတုန်းကလဲ သူတို့ပဲ ။ ပစ်ခွာသွားကြတော့လဲ သူတို့ပဲ ။
ငါ နဲ့ ပေါင်းလာတဲ့ ယောက်ျားပေါင်းကလဲ များပြီ ။ မရေတွက် နိုင်တော့ပါဘူး ။
အေး ... ငါကတော့ အာကြမ်းတယ် ။ ငါ့ သဘောကတော့ ဖြူပါတယ် ။ တစ်ခုတော့ ရှိတယ် ။ ငါ ဘယ်ယောက်ျား ကိုမှ အောက်ကျနောက်ကျခံ မဆက်ဆံဘူး ။ မှန်တယ်ထင်ရင် လုပ်တယ် ။ မှန်တယ်ထင်ရင် ပြောတယ် ။ ဒါပေမယ့် ခု ယောက်ျား ကိုတော့ အောက်ကျို့ပေါင်းပါတယ် ။ သူ့ အကြိုက်ကို အတတ်နိုင်ဆုံး လိုက်လျောတယ် ။ သူ့ သဘောကျနေတယ် ။ အဆင်းရဲခံတယ် ။ ငတ်ချင် ငတ်ပလေ့စေ ။
ငါ့ ယောက်ျား မျက်နှာ ကြည်နေယင် ပျော်တယ် ။ ကြည်နူးတယ် ။
ဒါပေမယ့် ခက်တယ် ။ ယောက်ျားက ငါ့ အပေါ် အမြဲ သံသယ ထားတယ် ။ သူ့ ကွယ်ရာမှာ လော်မာဖောက်ပြားမှာပဲလို့ ယူဆနေတယ် ။
ငါ့ ယောက်ျား နဲ့ ငါ့ ကြားမှာ သံသယတွေက ခြားထားတယ် ။ ငါ့ ဘက်က ဆိုယင် အချိန်ကို စောင့်နေရတယ် ။ ယောက်ျား ဘက်ကတော့ ငါ့ ကို လေ့လာနေတဲ့ သဘော ရှိတယ် ။
ဒါကြောင့် ငါ့ ယောက်ျား ဆိုပေမယ့် သူ့ ကို ငါ မပိုင်ဘူး ။
ငါ့ ကိုတော့ သူ ပိုင်တယ် ။ ဒါပေမယ့် သူ က ပိုင်တယ်လို့ မယူဆသေးဘူး ။ ဘယ်သူ့ကို ဘယ်သူကမှ မပိုင်သေးဘူးတဲ့ ။ ဒါ သူ့ရဲ့ လက်သုံးစကားပဲ ။
ငါ့ မှာ တနေ့တနေ့ မျှော်လိုက်ရတာ အမော ။ အဖွာတော် ဆက်ပြီး ကိုယ်တော်တွေကို ဆွဲခိုင်းရတာလဲ အမော ။ ဒါတွေကို သူ မသိတော့လဲ
ခက်တယ် ။
ပြောသွားတဲ့ စကားကိုလဲ ကြည့် ။ ... ' ရေ ကို မီးရှို့ယင် မီး မလောင်ဘူး ။ ဓါတ်ဆီ ကို မီးရှို့ယင် မီးလောင်တယ် ။ ဒါလောက်တော့ မင်းသိတယ် ။ ဒါပေမယ့် ရေ ကျတော့ ဘာလို့ မီးမလောင်ဘူး ။ ဓါတ်ဆီကျတော့ ဘာလို့ မီးလောင်တယ် ဆိုတဲ့ အကြောင်းတရားကို မင်း မသိနိုင်ဘူး ။ သိအောင်လဲ မင်း ကြိုးစားမှာ မဟုတ်ဘူး ' ... တဲ့ ။
ငါ က ပညာတတ်မှ မဟုတ်ဘဲ ။ သည်တော့ ဓါတ်ဆီ ကို မီးရှို့ရင် ဘာလို့ မီးလောင်တယ်ဆိုတာ ငါ ဘယ်သိမလဲ ။ ရေ ကို မီးရှို့ယင် ဘာလို့
မီးမလောင်ဘူး ဆိုတာကိုလဲ ငါ ဘယ်သိမလဲ ။
ပညာတတ် မဟုတ်ဘူး ဆိုပေမယ့် ငါ လဲပဲ ဆယ်တန်း အထိလောက်တော့ ရောက်ခဲ့ဖူးပါတယ် ။ ဒါပေမယ့် ငါ့ ကိုယ် ငါ ပညာတတ် ရယ်လို့ မသတ်မှတ်ဘူး ။
သူ ကတော့ ပညာတတ် ။ ပြီးတော့ အလကားနေတဲ့လူ မဟုတ်ဘူး ။ အင်္ဂလိပ်ဝတ္ထု တအုပ်အုပ်ကို အမြဲ ချိုင်းကြား ညှပ်ထားတတ်တယ် ။ သွားလေရာရာ တအုပ် အမြဲပါတယ် ။ စာဖတ်များတယ် ။ ဗဟုသုတ ကြွယ်တယ် ။
ဘာမှ မဟုတ်ဘူးဟေ့ ။ ဖြစ်တာက ငါ့ သူငယ်ချင်း တုတ်တုတ် အိမ်ကို လာလို့ ။
တုတ်တုတ် ကို သူ ဘယ်လို မြင်ထားတယ်တော့ မပြောတတ်ဘူး ။ အမှန် တော့ တုတ်တုတ် ဟာ ငါ့ ရဲ့ သူငယ်ချင်းကောင်းပါ ။
ပြီးတော့ ငါတို့ လမ်းကြောင်းမှာ လျှောက်လာခဲ့တဲ့ မိန်းကလေး တစ်ယောက်လဲ မဟုတ်ဘူး ။ သူ့မှာ တခြား စီးပွားရေး ရှိတယ် ။ ငါ နဲ့က ရပ်ဆွေရပ်မျိုး ။
သည်လူ့ စိတ်ကလဲ တော်တော် ခက်တယ် ။ သည်လူ သည်တကြိမ်လာလို့ သူ့ စိတ်မှာ ဘယ်လိုမှ မနေပေမယ့် ၊ နောက်တစ်ကြိမ် လာယင် တမျိုးဖြစ်ချင် ဖြစ်နေတယ် ။
အေး ... အကင်းတော့ ပါးတယ် ။ ချက်ဆိုယင် နားခွက်က မီးတောက်တဲ့ လူ ။ ရှာမှ ရှား ။ တကယ့်ကို ရှားတယ် ။
တုတ်တုတ် နဲ့ ငါ နဲ့ ပြောကြတဲ့စကားမှာ ရှေ့ကြောင်း နောက်ကြောင်းဆိုလို့ တခွန်းမှ တစွန်းတစ မပါဘူး ။
အေး ... တခုတော့ ရှိတယ် ။ တုတ်တုတ် က ငါ့ ကို မျက်စ တချက်ပစ်လိုက် တယ် ။ ဒါကိုလဲ သူ မြင်ဖို့ မကောင်းဘူး ။ ဘာလို့လဲဆိုတော့
သူ နဲ့ တုတ်တုတ် က ဘေးချင်း ယှဉ်လျက်ကိုး ။ နားရွက် နဲ့ မြင်နိုင်တယ် ဆိုယင်တော့လဲ ငါ မပြောတတ် တော့ပါဘူး ။
ဒါပေမယ့် တုတ်တုတ် မျက်စပစ်ပြတာကိုတော့ သူ သိသွားတယ် ။ ဘယ်လိုနည်းနဲ့ သိသွားတယ်တော့ ငါ လဲ မပြောတတ်ဘူး ။
အဲဒါ ... ပြဿနာ တက်တယ် ။ ပြဿနာ တက်ပေမယ့် ပညာတတ်ဆိုတော့ သိမ်မွေ့တယ် ။ စကားအရာနဲ့ပဲ ငါ့ ကို နှက်သွားတယ် ။
အင်း ... ဉာဏ်မီသလောက် ငါ စဉ်းစားလိုက်တာကတော့ သူက ဓါတ်ဆီ ပေါ့ ။ ရေ မဟုတ်ဘူး ဆိုတဲ့ သဘောပေါ့ ။
ရေ ဆိုတာကတော့ အောင်သိန်း ကို ရည်ညွှန်းတာ နေမှာ ။ အောင်သိန်း ဆိုတာ ငါ့ ရဲ့ တချိန်က လင် ။
သဘောက သည်မြင်ကွင်းကို အောင်သိန်း အနေနဲ့ ကြည့်လို့ မြင်လို့ ရပေမယ့် သူ ကတော့ မရဘူးဆိုတဲ့ သဘောပဲ ။
တုတ်တုတ် က ငါ့ ကို မျက်စပစ်သွားတာဟာ ငါ့ ဧည့်သည်တယောက် သူ့ အိမ်မှာ ရောက်နေတယ် လို့ အချက်ပေးတာ ဖြစ်မယ်ပေါ့ ။
အဲဒါကို သည်လူ သိနေတယ် ။
သည်လိုလေ ... ။ သူ က ငါ့ ကို အရင်လမ်းဟောင်းမှာ ပြန်လျှောက်မှာ စိုးရိမ်တယ် ။ ဒါပေမယ့် ဘယ်တော့မှ တိုက်ရိုက် ဖွင့်မပြောဘူး ။ ဒါပေမယ့် သူ မကြိုက်တာကတော့ သိပ်သိသာပါတယ် ။
ငါ့ အိမ်မှာ ဧည့်သည်လာတာ သူ မကြိုက်ဘူး ။ ဒါကိုလဲ ပါးစပ်နဲ့ မပြောဘူး ။ သူ့ မျက်နှာကဲ ကို ကြည့်ရင် သိတယ် ။ မျက်ထောင့် နီလာတယ် ။ နဖူးကြောကြီးတွေ ထောင်လာတယ် ။
သည်တော့ ငါ ဘယ်လို လုပ်ရမလဲ ။ သူ ရှိတတ်တဲ့ အချိန် ဧည့်သည်လာယင် မဖြစ်ဘူး ။ သူ့ မျက်နှာ မကြည်တာကိုလဲ ငါ မမြင်ချင်ဘူး ။ သည်တော့ တုတ်တုတ် အိမ် ကို လမ်းလွှဲထားရတယ် ။
သိမှာပေါ့ ။ ငါ ကလဲ မကောင်းခဲ့တော့ ငါ့ ဆီ လာတဲ့ ဧည့်သည်တွေထဲမှာ မကောင်းတာတွေက များတယ် ။
တခါတခါ ဟိုးရှေးရှေးတုန်းက ဧည့်ဟောင်းကလေးတွေလဲ မျက်စိလည် လမ်းမှားပြီး ရောက်ရောက်လာတတ်တယ် ။ ပြီးတော့တခါ လုပ်ဖော်ကိုင်ဘက်မလေးတွေလဲ လှည့်ဝင်လာတတ်တယ် ။ ငါ့ မှာ သည်လိုမျိုး အပေါင်းအသင်းပဲ အိမ်ကို လာစရာရှိတယ် ။
ငါ ကလဲ လမ်းကြောင်းကို လုံးလုံးလျားလျား ပြောင်းတာမှ မဟုတ်ပဲ ။ လမ်းကြောင်းကတော့ သည်လမ်းကြောင်းပဲ ။ ဒါပေမယ့် အနေအထားကလေးတော့ ပြောင်းထားတယ်မဟုတ်လား ။
သည်တော့ ပစ္စည်း အဆက်အသွယ်လေးတွေကို ဘာလာ ဖြတ်တောက် ပစ်လိုက်လို့ ဖြစ်မလဲ ။ သူတို့တတွေ တကူးတက လာဖော်ရတာပဲ ကျေးဇူးတင်ရဦး မယ် ။
တုတ်တုတ် ဆိုတာကတော့ သူငယ်ချင်းကောင်း ပီသတယ် ။ ကြည့်လေ ... ငါ့ ဧည့်သည်တွေကို သူ့ အိမ်ဘက် လမ်းလွဲထားတာလဲ လက်ခံတယ် ။ သူ့ အိမ်မှာ ဧည့်သည်လဲ လက်ခံရသေးတယ် ။ ငါ့ ကိုလဲ လာ အကြောင်းကြားရသေးတယ် ။
ပြီးတော့တခါ ရပ်ကွက်ထဲ ဧည့်သည် အလာများတယ် ဆိုတာ ကောင်းတာ မှ မဟုတ်ပဲ ။ တမျိုး မဟုတ် တမျိုးတော့ ထင်ကြေးပေးကြမယ် မဟုတ်လား ။ သွားပုပ်လေလွင့် ပြောကြမယ် မဟုတ်လား ။ ဒါကိုလဲ တုတ်တုတ် က လုံးဝ
ဂရုစိုက်တာ မဟုတ်ဘူး ။
သူ့ ယောက်ျား ကိုထွန်းဦး ဆိုတာကလဲ လူအေး ။ ရှုပ်ရှုပ်ရှက်ရှက် မကြိုက်ဘူး ။ မျက်စိအနောက် မခံဘူး ။ အပေါင်းအသင်းလဲ နည်းတယ် ။ သူ့ မှာ ကိုယ်ပိုင် ကားစုတ်လေးတစ်စင်း ရှိတယ် ။ ရွှေတိဂုံမြောက်ဘက်မုခ် အဆင်းမှာ ဂိတ်ထိုးပြီး အငှားလိုက်တယ် ။ လောဘလဲ မကြီးဘူး ။ သူ မှန်းသလောက် ရရင် အိမ်ပြန် အိပ်နေတဲ့လူ ။
အဲ့သည် ကိုထွန်းဦး ကလဲ သူ့မိန်းမနဲ့ ပတ်သက်ပြီး ငါ့ ဧည့်သည် သူ့အိမ် လာတာကို ကြိုက်တော့ ဘယ်ကြိုက်ပါ့မလဲ ။ ဒါပေမဲ့ ဘာမှတော့ မပြောဘူး ။ မကန့်ကွက်ဘူး ။
အဲဒါ ... ငါ့ ယောက်ျားက ဘယ်လိုလုပ်ပြီး အထာပေါက်သွားတယ် မပြောတတ်ဘူး ။ ငါ့ ကို သာသာ နဲ့ နာနာ နှက်တယ် ။
ငါ့ နှယ် ... စိတ်တောင် ညစ်လာတယ် ။ ငါ ဘယ်လိုလုပ် နေရမှာလဲ ။ ဧည့်သည် အိမ်လာတာ မကြိုက်လို့ သူငယ်ချင်းအိမ်ကို လွှတ်တယ် ။ အဲဒါလဲပဲ သူသိတယ် ။ မကြိုက်ဘူး ။ မခက်ဘူးလား ။ ကဲ ... ။
တခါတခါတော့ ငါ သူ့ကို ပြောပါတယ် ။ ' ယောက်ျားရယ် ယောက်ျားလဲ ပဲ သံသယ ကင်းကင်းရှင်းရှင်းနဲ့ နေရအောင် ငါ့ ကို တရပ်တပါး
ခေါ်ထုတ်သွားပါ လားကွယ် ...' လို့ ။
ဟုတ်တယ်လေ .... ။ အဲ့သည်တော့မှပဲ သူ မတွေ့စေချင်တဲ့ ငါ့ အပေါင်းအသင်းတွေ နဲ့ ဝေးသွားမယ် ။ သည်ရပ်ကွက်ထဲမှာ နေလို့ကတော့ တကြောင်းမဟုတ် တကြောင်းနဲ့ ပတ်သက်နေရဦးမယ် ။
တကယ်ပါ ။ သူ မကြိုက်တာကို ငါဘယ်တော့မှ မလုပ်ချင်ပါဘူး ။ ဘာလို့လဲဆိုတော့ သူ မျက်နှာညိုမှာ ကို ငါ မမြင်ချင်လို့ ဆိုပါတော့ ။
ငါ က သည်ရပ်ကွက်က ခေါ်ထုတ်သွားဖို့ ပူဆာတာလဲ အကြိမ်ပေါင်း များပြီ ။ ဒါပေမယ့် ဘယ်တော့ခေါ်ထုတ်သွားမယ် ဆိုတာတော့ ငါလဲ မပြောတတ်ဘူး ။ အရိပ်အရောင်လဲ မမြင်ရသေးဘူး ။
ငါ့ ကို လေ့လာတုန်းပဲလား ။ ဘယ်လောက်ကြာကြာ လေ့လာ နေဦးမှာလဲ ။ ငါးနှစ် လား ။ ဆယ်နှစ် လား ။ ဒါမှမဟုတ် ဘဝဆုံးတိုင် လား ။
လေ့လာချင်သလောက် လေ့လာပါ ။ ငါ ကလဲ ယောက်ျား စိတ်တိုင်းကျအောင် နေမှာပါ ။ မကြိုက်တာကလေးတွေ ရှိယင်လဲ ပြင်ပါ့မယ် ။ စကားလဲ ငါ နာခံပါ့မယ် ။
အေး ... တခုတော့ ရှိတယ် ။ မကင်းရာ မကင်းကြောင်းကလေးတွေနဲ့ တစ်ကြောင်းမဟုတ် တစ်ကြောင်းတော့ ပတ်သက်နေရဦးမှာပဲ ။ ဥပမာ တုတ်တုတ် တို့လို လူမျိုး ။
ဒါတောင် ယောက်ျား မသိအောင် ခိုးကြောင်ခိုးဝှက် ငါ ဆက်သွယ်တာပါ ။ ငါ က မှားတယ်ထင်လို့ သည်လို လုပ်တာတော့ မဟုတ်ဘူး ။ ယောက်ျားက မှားတယ်ထင်လို့ ။ သူ မကြိုက်လို့ ။
တကယ်တော့ ကိုယ်ကောင်းယင် ခေါင်းဘယ်မှမရွေ့ဘူးလို့ အဆိုရှိသားပဲ ။ ငါ ကောင်းအောင်နေယင် ပြီးတာပဲ ။
ဒါပေမယ့် ယောက်ျား က ငါ့အပေါ် အမြင် မကြည်လင်ဘူး ။ သံသယမျက်စိနဲ့ ကြည့်နေတယ် ။ သည်တော့ ခက်တယ် ။
ငါ ကလဲ ငါ ပဲ ။ မြုံ မထားတတ်ဘူး ။ ငါ့ ပါးစပ်က ဖွာလန်ကျဲ ။ မမေးပဲနဲ့တောင် ကိုယ့်အကြောင်းကို အခုလို လျှောက်ပြောချင်တတ်တဲ့ မိန်းမ ။
စဉ်းစားရင်း စဉ်းစားရင်း ငါ သဘောပေါက်ပေါက် လာတယ် ။ ယောက်ျား ငါ့ ကို ပြောသွားတဲ့စကားက အဓိပ္ပါယ် လေးနက်တယ် ။ ဘေးလူတော့ သိချင်မှ သိမယ် ။ ငါ ကတော့ သိပြီ ။
ဘာလို့လဲဆိုတော့ ယောက်ျား ငါ့ကို မေးဖူးတဲ့ စကား ငါ ပြန်ကြားယောင် လာတယ် ။
' ချစ်လှချည့်ဆိုတဲ့ ယောက်ျားတစ်ယောက် က သူ ချစ်လှချည့် ဆိုတဲ့ မိန်းမတစ်ယောက် ကို တပါးသူရဲ့ ရင်ခွင်မှာ အိပ်စက်ခွင့်ပြုထားတာ ဘာသဘောလဲ ကြော့ ... သိပ် ချစ်လို့လား ... ' တဲ့
ယောက်ျား ရဲ့ စကားက အောင်သိန်း ကို ရည်ညွှန်းပြီး ပြောတာ ။
တကယ်တော့ အောင်သိန်း ကို သည်ကနေ့အထိ ယောက်ျား လူကိုယ်တိုင် မြင်ဘူးသေးတာ မဟုတ်ဘူး ။ ဖြူ သလား ၊ မဲ သလားလဲ ယောက်ျား မသိဘူး ။ အေး ... ငါ နဲ့ အောင်သိန်း နဲ့ တွဲရိုက်ထားတဲ့ ဓါတ်ပုံတော့ ယောက်ျား မြင်ဖူးတယ် ။
အဲဒါကလဲ ငါ လက်ဆော့လို့ ။ ငါ သာ လက်ဆော့ပြီး မပြယင် အောင်သိန်း နဲ့ ငါ ဓါတ်ပုံတွဲရိုက်ထားတာကို ယောက်ျား မြင်ဖူးစရာ အကြောင်း မရှိဘူး ။
ငါ နဲ့ အောင်သိန်း အကြောင်းကိုတော့ ယောက်ျား က သိထားပြီးသားပါ ။ ငါ ကလဲ ပြောပြထားပါတယ် ။
ငါ သိလိုက်ပြီ ။ ရေ ဆိုတာက အောင်သိန်း ကို ရည်ညွှန်းတာ ။ ဓါတ်ဆီ ဆိုတာက ယောက်ျား ကိုယ် ယောက်ျား ရည်ညွှန်းတာ ။
မီး ဆိုတာကတော့ ငါ့ ရဲ့ ဧည့်သည်တွေပေါ့လေ ... ။
ယောက်ျား ပြောမယ်ဆိုလဲ ပြောစရာပဲ ။ ငါ့ အဖြစ်ကလဲ ဆန်းတယ် ။ ငါ့ ကုသိုလ်ကံကလဲ ဆန်းတယ် ။
အမှန်တော့ ယောက်ျား နားလည်အောင် ငါ မပြောတတ်တော့ဘူး ။ အောင်သိန်း ဟာ တစ်ချိန်က ငါ့ ယောက်ျား ပါပဲ ။ ငါ ချစ်လို့ ယူခဲ့တဲ့
ယောက်ျား ပါပဲ ။ အောင်သိန်း ကလဲ ငါ့ ကို ချစ်ပါတယ် ။
ဒါပေမယ့် ယောက်ျား နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုယင် အောင်သိန်း ဆိုတာ ဘာ တန်ဖိုးမှ မရှိပါဘူး ။ ယောက်ျား ရည်ညွှန်းသလိုပဲပေါ့ ။ အောင်သိန်း က ရေ ။ အပေါ့စား ။ ခပ်ငင်ယူလို့လဲပဲ ရတယ် ။ ဝယ်ယူလို့လဲပဲ ရတယ် ။ လွယ်တယ် ။
အေး ... ဓါတ်ဆီ ဆိုတာကတော့ ခပ်ငင်ယူရုံနဲ့ မရနိုင်ဘူး ။ မြေထွက်ပစ္စည်းချင်းတူပေမယ့် တန်ဖိုးချင်းမှာ ကွာတယ် ။ အသုံးဝင်ပုံချင်းမှာလဲ ကွာတယ် ။
တခုတော့ ရှိတယ် ။ လူ ဆိုတာ ကိုယ့်တန်ဖိုး ကိုယ် မြှင့်တင်ချင်ကြတာ ချည့်ပါပဲ ။ အေး ... မတတ်သာလို့ မမြှင့်တင်နိုင်တာကတော့ ကံ အကြောင်းတရား ပဲပေါ့ ။
ခက်တယ် ယောက်ျား ၊ ခက်တယ် ။ လူတစ်ယောက် ရဲ့ ဘဝကနေ နောက်တစ်ယောက် ရဲ့ ဘဝကို လှမ်းကြည့်တဲ့ နေရာမှာ အားလုံး မှန်လိမ့်မယ်လို့ချည့် ၊ ယောက်ျား အတပ် ပြောနိုင်ပါ့မလား ။ ငါ ကတော့ မထင်ဘူး ။
ယောက်ျား က ငါ့ထက် ပို သိမှာပါ ။ ငါ့ ထက် ပညာတတ်တယ် ။ ငါ့ ထက် ရင့်ကျက်တယ် ။ ပြဿနာတစ်ခုကို ငါ့ ထက် ထောင့်စုံအောင် လေ့လာတတ်တယ် ။ ဒါကိုတော့ ငါ ယုံမှားသံသယ မဖြစ်မိဘူး ။
ဒါပေမယ့် ' ပညာရှိ သတိဖြစ်ခဲ ' လို့ ဆိုတယ် မဟုတ်လား ။ ယောက်ျားရဲ့ စိတ်ထဲ မှာ မီးဖိုထဲ မှာ မီး အမြဲရှိမှာပဲ လို့ အစွဲကြီးနေတာ တယူမသန်လွန်းဘူးလား ယောက်ျား ။
လူကွယ့် လူ ။ ရွှေ မဟုတ်ဘူး ။ ငွေ မဟုတ်ဘူး ။ သတ္ထု မဟုတ်ဘူး ။ သည်ပုံစံ မကြိုက်ယင် အရည်ကျိုပြီး နောက်ပုံစံတစ်ခု ချက်ချင်း ပုံလောင်းပစ်လို့ ဘယ်လွယ်ပါ့မလဲ ။
ဒါပေမယ့် မိကြော့ ကောင်းအောင် နေနေပါတယ် ။ ယောက်ျား သဘောကျ ဖြစ်အောင် ကြိုးစားနေပါတယ် ။ သည်ကနေ့အထိတော့ ယောက်ျား သဘောကျ မဖြစ်သေးမှန်းတော့ သိတယ် ။ ဒါပေမယ့် ဘယ်တော့အခါ ယောက်ျား သဘောကျ ဖြစ်လာရပါစေ့မယ် ရယ်လို့တော့ အချိန်အကန့်အသတ်နဲ့ ငါ တာဝန်မယူနိုင်ဘူး ။
ဘာဖြစ်လို့လဲ ။ ရှင်းပါတယ် ။ ယောက်ျား က ငါ့ကို သံသယအမြင်နဲ့ ကြည့်တယ် ။ ငါ ပြောင်းလဲနေသလို ယောက်ျား ရဲ့ အမြင်က လိုက် မပြောင်းလဲလာဘူး ။
သည်တော့ ငါ ဘာလုပ်ရမလဲ ။ ငါ မစဉ်းစားတတ်တော့ဘူး ။ ယောက်ျား သဘောပဲ ။
အေး ... ငါ့ ဘက်က တခုခုတော့ တာဝန်ခံတယ် ။ ငါ သေတဲ့အထိ သည် ယောက်ျားနဲ့က လွဲပြီး ဘယ်ယောက်ျား နဲ့ မှ မပေါင်းတော့ဘူး ။
ငါ ပြောတာတွေ ယုံစေ့ချင်တယ် ယောက်ျား ။ ငါ ဆိုတဲ့ ကောင်မက ရင်ထဲမှာ မျိုသိပ်မထားတတ်ဘူး ။ ချစ်တာကိုလဲ ချစ်သလောက် ဖွင့်ပြောတတ်တယ် ။ မုန်းတာကိုလဲ မုန်းသလောက် ဥပေက္ခာ ပြုတတ်တယ် ။
အေး ... အဲ့ဒါက ငါ့ ချို့ယွင်းချက် ဖြစ်နေလေရော့သလားပဲ ။
ဒိုးကလေး က ပြောဖူးတယ် ။ အစ်မ ရယ် ... ယောက်ျား တွေဟာ ချစ်လို့ ချစ်တဲ့အကြောင်း စကားကုန် ပြောယင် ရောင့်တက်တတ်တယ် တဲ့ ၊ ရင်ထဲကသာ ချစ် တဲ့ ။ ဖွင့် မပြောပြနဲ့ တဲ့ ။
ဒါပေမယ့် ငါ ကတော့ မျိုသိပ်မထားတတ်ဘူး ။ ချစ်တာကိုလဲ ပြောပြလိုက်ရမှ ။ ဘယ်လောက် ချစ်တာကိုလဲ တိုင်းတာနှိုင်းစာ ပြရမှ ။
ယောက်ျား ... ငါ့ မှာက အထုပ် နဲ့ အထည်နဲ့ ရှိတာလဲ မဟုတ်ဘူး ။ ငါ့ စီးပွားရေးက ဘယ်မှာ အခြေခိုင်လို့လဲ ။
သည်တော့ အဆွဲအလွဲကလေးတွေကတော့ လုပ်နေရတာပဲ ။ ရှေ့လျှောက်လဲ လုပ်နေရဦးမှာပဲ ။
ပြောရယင် တုတ်တုတ် က ငါ့ ရဲ့ဘဏ်တိုက် ပဲ ။ ပြတ်ပြီဟေ့ ဆိုယင် တုတ်တုတ် ဆီပဲ ပြေးရတယ် ။ ထစ်ကနဲ အရေးပေါ်ပြီ ဆိုယင်လဲ တုတ်တုတ် ဆီပဲ ပြေးရတယ် ။
ငါ တင်လား ဆိုတော့ မဟုတ်ဘူး ။ ငါ့ အမေ ငါ့ ညီမ တွေက အစ ၊ အရေးကြုံယင် တုတ်တုတ် ဆီမှာပဲ ပြေးဆွဲကြရတာပဲ ။
အေး ... ငါ့ ဧည့်သည်တွေကို တုတ်တုတ် အိမ်မှာ ဧည့်ခံပြီး ပြောဆို ဆက်ဆံတာ ယောက်ျား မကြိုက်ယင် ငါ မလုပ်တော့ပါဘူး ။ ဒါပေမယ့် ငွေရေး ၊ ကြေးရေး အတွက်တော့ တုတ်တုတ် နဲ့ ပတ်သက်ရမှာပဲ ။
အဲသည်လို အကြောင်းပေါ်လို့ တုတ်တုတ် အိမ် ငါ သွားတာကို ယောက်ျား က တမျိုးထင်မှာ ငါ သိပ်ကြောက်တယ် ။
ယောက်ျား ရောက်လာလို့ ငါ့ မတွေ့ယင် အိမ်ကလူ တစ်ယောက်ယောက် က တုတ်တုတ် အိမ် ပြေးခေါ်ပေးမှာပဲ ။ သည်တော့ ယောက်ျား သိမယ် ။ သိယင် အထင်လွဲမယ် ။ အထင်လွဲမှာကို ငါကြောက်တယ် ။
နေပလေ့စေတော့ ။ ဧည့်သည်တွေ အားလုံးကို ငါ မျက်ခြည် ဖြတ်လိုက်တော့မယ် ။
ငါ သည်ရပ်ကွက် က ပြောင်းသွားပြီလို့ပဲ တုတ်တုတ် ကို အပြတ် ပြောခိုင်း လိုက်တော့မယ် ။ ငါ့ စိတ်ကို ငါ ပိုင်းဖြတ်လိုက်ပါတယ် ယောက်ျား ။
ဒါပေမယ့် ယောက်ျား သိမသွားတာကိုတော့ ငါ စိတ်မကောင်းဘူး ။
သည်နေ့ည ငါအိပ်လို့လဲပဲ ပျော်မှာ မဟုတ်တော့ဘူး ။
ယောက်ျား က စိတ်မြန်ထက်လွန်းတယ် ။ ပြောချင်တဲ့စကားကို ကောက်ကာငင်ကာ ပြောပြီး ထပြန်ထွက်သွားတယ် ။
ငါ ဆွဲထားချင်တာပေါ့ ။ ဒါပေမယ့် သိတယ် မဟုတ်လား ။ အများအမြင်မှာ သင့်လျော်ချင်မှ သင့်လျော်မယ် ။ ငါ့ အမေ ရှိတယ် ။
ငါ့ ညီမ ဆု ရှိတယ် ။ ငါ့ သမီးတွေ ရှိတယ် ။
တကယ်တော့ ငါ ကသာ ယောက်ျားရယ် လို့ နှလုံးသား နဲ့ သတ်မှတ်ထားတာ မဟုတ်လား ။
လင် ရယ် မယား ရယ် ဆိုပြီး ဥပဒေ အရ ဘာ အနှောင်အဖွဲ့မှ ရှိတာ မဟုတ်ဘူး ။
ငါ့ ဘဝကိုလဲ ကိုယ်ချင်းစာပါ ယောက်ျား ။ ယောက်ျား ရောက်လာမှ တွေ့ရ တယ် ။ ယောက်ျား မလာယင် မျှော်ရတယ် ။
ပြောသာ ပြောတာပါ ။ ငါ လေ ယောက်ျား ကို ငလွင် တို့ အောင်သိန်း တို့လို သဘော မထားနိုင်ဘူး ။ ငလွင် တို့ အောင်သိန်း တို့ တုန်းကတော့ အိုး ... မျက်ရည်တစ်စက် မကျခဲ့ဘူး ။
◾ မောင်သာရ
📖 ပြုံးတတ်တယ် ခေါင်းညိတ်တတ်တယ်
koaungnaingoo.blogspot.com
.
No comments:
Post a Comment