Sunday, November 14, 2021

ပွင့်ချိန်တန်လျက် ပွင့်လန်းခွင့် မရတဲ့ ပန်း


 ❝ ပွင့်ချိန်တန်လျက် ပွင့်လန်းခွင့် မရတဲ့ ပန်း ❞


ကျွန်မ ရဲ့ အဖြစ်သနစ်ကို ရင်ဖွင့်ခွင့်လေး ပေးကြပါလား ရှင် ။


ကျွန်မ ရဲ့နာမည်သညာ ခေါ်စရာကား အခြေလျမ်းတင့်တဲ့ ရွှေသန်းမြင့် ပါ ။ ကျွန်မ က စာလေးဘာလေး ရေးတာ ဝါသနာပါတော့ စကားပြောရင် နဘေလေးတွေထပ်ပြီး ပြောတတ်တာကို အကြောင်းခံနဲ့ ကြိုတင် တောင်းပန်ထားပါရစေနော် ။ တစ်နည်းအမှန် နဲ့ သည်းခံပေးကြပါလို့ ။


ကျွန်မ ရွှေသန်းမြင့် ရဲ့ ဇာတိရပ်ရွာ ၊ မွေးဖွားရာကတော့ ရန်ကြီးအောင် ၊ မုဆိုးဘို ၊ ရတနသိင်္ခ ၊ ကုန်းဘောင် ၊ ရွှေဘို ရယ်လို့ ငါးမည်ရတဲ့ ဦးအောင်ဇေယျ ရဲ့ ရွှေဘိုနယ် ထဲက အကြားမတော် တွေးလို့မဆုံးတဲ့ ဂွေးကုန်း ဆိုတဲ့ ရွာသူ စစ်စစ်ပါပဲရှင့် ။


ကျွန်မ ရဲ့ ဘဝအကြောင်း မကောင်းခဲ့ပုံကို ကနဦးပထမ အစကနေ ပြောရမယ် ဆိုရင်တော့ ကျွန်မ ရဲ့အဖေ ကိုဖိုးတေ ဟာ ဒီနယ်တလွှားမှာ နွားနဲ့ ပတ်သက်လို့ကတော့ ရှာ မှ ရှား ပညာရှင် တစ်ဦးပေါ့ ။ နွား ရှိသူ မှန်သမျှ အဖေ နဲ့ ကင်းလို့မှ မရဘဲနဲ့ ။ နွား သားစပ်တဲ့ လုပ်ငန်းမှာ အဖေ က ဘုရင် လေ ။ ကျွန်မ ကတော့ ရှုမငြီးတဲ့ တစ်ဦးတည်းသော သမီးပါ ။


ကျွန်မ ဘဝရဲ့ မကောင်းပုံ အစက တစ်ဦးတည်းသော သမီး ကျွန်မ ကို လူ့ လောကကြီးထဲမှာ စိတ်ချလက်ချ ထားခဲ့ပြီး အဖေ ရော အမေပါ အစောကြီး ဂိမ်းသွားကြတယ်လေ ။ ဒီတော့ ဘာဖြစ်လဲ ။ အားကိုးရာ မဲ့တဲ့ တစ်ဦးတည်းသော သမီး ကျွန်မ ၊ ပရိဒေသနဝမ်းစာရေးအတွက် မိဘ လက်ငုတ်လက်ရင်း အလုပ် ကိုပဲ ဆက်လုပ်ရတော့တာပေါ့ ။ စဉ်းစားကြည့်ကြပါဦး ရှင် ။ နွားထီး မျိုးကောင်း ( ၄ ) ကောင် နဲ့ သူတို့ သမီး ကျွန်မ ကို စိတ်ချလက်ချ လူ့ လောကကြီးထဲမှာ ထားသွားတဲ့ မိဘတွေ ဘယ်လောက်ရက်စက်ကြသလဲ ဆိုတာ ။ တကယ်ဆို တစ်ဦးတည်းသော သမီး ကျွန်မရဲ့ ရှေ့ရေးကို တွက်ချက်ပြီး သေသင့် ၊ မသေသင့် စဉ်းစားပါဦးတော့လား လို့ ။


ဖြစ်လာမှတော့ ဘယ် တတ်နိုင်ပါ့မလဲရှင် ။ နွားထီး ( ၄ ) ကောင် နဲ့ ကျွန်မ လေ နားကို မနားရဘူး ။ လုပ်ငန်းက ကျွန်မ လက်ထဲမှာ ပိုပြီးအောင်မြင်တာကိုး ။ လာလိုက်ကြတဲ့ နွားမ ပိုင်ရှင်တွေလေ ။ ကျွန်မလည်း ဒီ နွားထီးတွေ နဲ့ ချောင်ချောင်လည်လည် ပါပဲ ။ စီးပွားဖြစ်တာကိုး ။


မိန်းကလေး နဲ့ ဒီအလုပ် မသင့်တော်ဘူး ။ အားကိုးရှာပါလားလို့တော့ မပြောလိုက်ပါနဲ့ ရှင် ။ ယောက်ျားလိုချင်လိုက်တာမှ တစ်ပိုင်းကို သေလို့ ။ အရှက်နည်းတယ် လို့တော့ မပြောနဲ့နော် ။ ကျွန်မ က ပွင့်ပွင့်လင်းလင်းပဲ ပြောတတ်တယ် ။ ထမင်းရှာ စားရတဲ့လုပ်ငန်း ကိုက ရှက်နေလို့မဖြစ်တဲ့ လုပ်ငန်းကိုး လို့ ။ ဒါဖြင့် ဘာဖြစ်လို့ ခုချိန်ထိ ( ၃၅ ) နှစ် ကျော်တဲ့အထိ ယောက်ျား မရတာလဲ ဆိုတော့ အကြောင်းရှိတယ် ။ ကျွန်မရဲ့ ကုသိုလ်အကျိုးပေး က နည်းနည်းလေး ညံ့တော့ ရုပ်ရည်လေးက နည်းနည်း ညံ့နေတာကိုး ။ ကျွန်မ ရဲ့ ပိုင်ဆိုင်မှုတွေ ၊ စီးပွားရေးတွေ ကို သွားရည်ကျနေတဲ့ ယောက်ျားတွေမှ ရိုက်သတ်လို့ မကုန်ဘူး ၊ ဒါပေမယ့် ကျွန်မ ကိုယူဖို့ မပြောနဲ့ ၊ ကျွန်မကြည့်တာကိုတောင် မခံရဲကြဘူးလေ ။ တစ်ရွာလုံးကို မယ်ဒလင်တီးပြီး မိန်းမလှည့် ပိုးတဲ့ ကာလသားအဖွဲ့ ဆိုရင် ကျွန်မ အိမ်က အသံသဲ့သဲ့ကြားရမယ့် နေရာလောက်တောင် လာပြီး မဆိုကြ ၊ မတီးကြဘူး ။ ကျွန်မ ကို လာပိုးတယ်လို့ ပတ်ဝန်းကျင် က အထင်လွဲမှာ ကြောက်လို့ ။ ဒါကြောင့် ကျွန်မ နဲ့အိမ်နီးချင်း အပျိုတွေတောင် ကျွန်မရဲ့ အရှိန်ဟပ်ပြီး စန်းတိတ်ကုန်ကြတဲ့ အထိပဲ ။


တစ်ရက်သားက ကျွန်မတစ်ယောက်တည်း မီးအမှောင်ချပြီး အိပ်မပျော်လို့ အိမ်ရှေ့ကို လှမ်းကြည့်နေတဲ့ အချိန်ပေါ့ ။ မိန်းမလှည့်ပိုးတဲ့ မယ်ဒလင် အဖွဲ့ရယ် လေ ။ ကျွန်မ အိမ်ရှေ့ရောက်လာပါလေရော ။ ရုတ်တရက် ဆိုတော့ ကျွန်မလည်း ဒိန်းခနဲ ရင်တွေ ဘာတွေ ခုန်ပြီး ဝမ်းသာသွားတာပေါ့ ရှင် ။ အသာလေး ငြိမ်ပြီး စောင့်နေမိတယ် ။ သေသေချာချာကြည့်တော့ ဘယ်ဟုတ်မှာလဲ ကျွန်မ ရဲ့ အိမ်ရှေ့ကနေ ခြေသံ မကြားအောင် တိတ်တိတ်လေး ( မဖြတ်လို့ မဖြစ်လို့ ) ဖြတ်သွားကြတာကိုး ။ ဓားပြစခန်းရှေ့ကဖြတ်သွားတဲ့ တောတွင်းကုန်သည်တွေလို အမူအယာမျိုးနဲ့ လေ ။ ကိုယ်ကို ဖော့ ၊ ခြေကို ဖွဖွလေး နင်း ၊ လက်ညှိုးလေးတွေ နှုတ်ခမ်းစူစူရှေ့ထောင်ပြီးတောင် အပြန်အလှန်လုပ်ပြနေကြသေး ရဲ့  ။ စိတ်တိုလိုက်တာ လေ ။ ကျွန်မ ကို အဲဒီလောက်အထိ ကြောက်နေကြသတဲ့လား ၊ ကျွန်မ လည်း မိန်းမ ထဲက မိန်းမ တစ်ယောက်ပါပဲ ရှင် ။ တခြားမိန်းမ တွေလို ပခုံးနှစ်ဖက်ကြားက ခေါင်းပေါက်ပြီး ခြေနှစ်ဖက် ၊ လက်နှစ်ဖက် နောက်ပြီးတော့ အင်း . . အတူတူချည်းပါပဲ တော် ။


အဲဒီနေ့က စပြီး ကျွန်မ ကြုံးဝါးလိုက်တယ် ။ နင်တို့ ယူမှ ယောက်ျားရတာ မဟုတ်ဘူး ။ ငါ့ ဘာသာ ငါလည်း ယူမယ်ဆို ယောက်ျားတစ်ယောက်တော့ ရမှာပဲလို့ ။ လှေကားရင်းက ခုံဖိနပ်မြီးတိုတောင် အချိန်တန်ရင် သူ့ဘက် နဲ့ သူ ဖြစ်သေးတာ ။ ကျွန်မ က နူရွဲနေတာ မဟုတ်ပါဘူး ။ နောက်ပြီးတော့ အိမ်နဲ့ ၊ ဝိုင်းနဲ့ ၊ စီးပွားရေးနဲ့ ၊ ယူတဲ့ယောက်ျား ကို အဆင်သင့် ထားနိုင်တဲ့ အခြေအနေနဲ့ ပါ ။


အဲဒီလို စိတ်နာတဲ့ နေ့ကစပြီး အသွင်တူတူ ၊ မတူတူ ၊ လင်ယူဖို့အရေးကို အာရုံတစ်မျိုးလန်းပြီး ကြိုးပမ်းတော့တာပါပဲ ။ ယတြာကြေသလို ဖြစ်နေတဲ့ မျိုးကောင်းအားကြီးနွားထီး ( ၄ ) ကောင် ကိုလည်း စိတ်နာပြီး အခြေအနေအဟုတ်ကောင်းအောင် ထုတ်ရောင်းပစ်လိုက်တယ် ။ ရွှေ ၊ ငွေ အပြည့်နဲ့ အပျိုကြီး တစ်ယောက်တည်း နေတယ်ဆို ပေမယ့် ( ၂၄ ) နာရီ အိမ်တံခါးတွေကို လာသမျှ အသင့်ဖြစ်အောင် ထာဝရ ဖွင့်ထားလိုက်တယ် ။ သူခိုး ၊ ဓားပြ ၊ ကစော် သမား ၊ လူရမ်းကား ၊ အရူး ဘယ်လို ပုရိသမျိုး မဆို ကျွန်မ အိမ်ခြံစက်ကွင်းထဲ သက်ဆင်းလာလို့ကတော့ အလွတ်မခံဘဲ ဇွတ်ကြံပစ်လိုက်မယ် ဟေ့ ။


ဒါပေမယ့် ရှင် ။ အရင် ဘဝက မိန်းမစိုးများ ဖြစ်ခဲ့ဖူးလို့ ဝဋ်လည်တာလား ၊ မိန်းကလေး အဆောင်မှူး ဖြစ်ခဲ့ဖူးလို့ပဲလားတော့ မသိဘူး ။ ပုရိသ ဆိုလို့ ကျွန်မ အိမ်ကို ဆိုရင် ( ၁၀ ) နှစ်သား ကလေး ကို တောင် ကိစ္စနဲ့ ခိုင်းလို့ မရချင်ဘူး ဆိုပဲ ။ သူ့မိဘတွေက ပြန်ပြောပြတာပါ ။


ဒီလို ဇွဲကောင်းကောင်းနဲ့ မျှော်လင့်ချက်ကြီးကြီးနဲ့ နေလာလိုက်ဘာ နှစ်ချို့ကြာရော ။ လူဆိုတာ လောဘသားပဲ ရှင် ။ ဘယ်နေလိမ့်မလဲ ။ တစ်ရက်ကျ တော့ ပြတင်းပေါက် မှန်သမျှ အကုန်ဖွင့်ပြီး အမှောင်ချ အိပ်တတ်တဲ့ ကျွန်မအိမ်ထဲကို အခြေတစ်မျိုး နဲ့ ကိုရွှေသူခိုး ဝင်ပါလေရော ။ ပြတင်းပေါက်က ကျော်ဝင်လာတဲ့ ရွှေသူခိုး ကို မြင်လိုက်ရတော့လေ ။ ပျော်လိုက်တာ ရှင် ။ ရင်တွေ ဘာတွေတောင် ခုန်လို့ ၊ ရင်ခုန်မှာပေါ့လို့ ။ ကျွန်မ အခန်းထဲကို ခြေချဖူးတဲ့ ယောက်ျား ရယ်လို့ သူ ဟာ ပထမဦးဆုံးပဲ ကိုး ။ ကိုရွှေသူခိုး က တစ်အိမ်လုံးကို တချွတ်ချွတ် နဲ့ မွှေနှောက်နေတာ ကို အသာပဲ ငြိမ်ပြီး စောင့်နေလိုက်တယ် ။တဖြည်းဖြည်း နဲ့ ကျွန်မ ရဲ့ အိပ်ရာနားလေး ရောက်လာပါလေရော ။ ဘာပြောကောင်းမလဲ ။ လက်ကောက်ဝတ်ကနေ အသာကလေး ဖမ်းဆုပ်ထားလိုက်တာပေါ့ ။ ကိုရွှေသူခိုး ခမျာ အလန့်တကြား နဲ့ ရုန်းတော့တာပါပဲ ။ ဘယ်ရမလဲ ရှင် ။ နွားသိုး နှစ်ကောင် ကို ဘယ်ညာ ဆွဲ ထိန်းလာတဲ့ မိန်းမ ပဲ ။ သူ ဘယ် လှုပ်နိုင်လိမ့်မလဲ လို့ ။


ပိုင်ပိုင်နိုင်နိုင်ဆုပ်ကိုင်ပြီးမှ ကျွန်မပြောလိုက်တယ် ။


“ ဟေ့ သူခိုး ၊ ရုန်းမနေနဲ့ ၊ မင်း ငါ့လက်က မလွတ်နိုင်ဘူး ၊ မင်းကို သူကြီးဆီ ပို့ရမယ် ” လို့ ။ အဲဒီတော့ သူခိုး က အသံလေးတွေတောင် တုန်ပြီး


“ မ .. မလုပ်ပါ နဲ့ မမ ရယ် ” တဲ့ ။ အံမယ် ကျွန်မ လေ နားထဲကို စိမ့်သွားတာပဲ ရှင် ။ ကျွန်မ ကို မမ တဲ့ ။ တစ်ခါမှ အခေါ် မခံဘူးပဲ ကိုး ၊ နောက်ပြီး ကျွန်မ ဆုပ်ကိုင်ထားတဲ့ သူ့ လက်ကလေး ကလည်း နွေးလို့ ၊ မှောင်မည်းနေလို့ သူ့ ရုပ်ရည်ကို မသိရ ၊ မမြင်ရသေးပေမယ့် သူ့ အသံလေးက သနားကမားလေး ချိုလို့ . . ရှင့် ။ ကျွန် မက ပြောလိုက်တယ် ။


“ မင်း ကို သူကြီး ဆီ ပို့လိုက်ရင် ဘာဖြစ်မယ် ဆိုတာ သိတယ် မဟုတ်လား ” ဆိုတော့


“ သိပါတယ် မမ ရယ် ၊ ကျွန်တော် ထောင်ကျမှာပေါ့ ၊ သိပေမယ့် မတတ်သာလို့ လုပ်ရတာပါ မမ ရယ် ၊ ကျွန်တော်လေ မကျန်းမာတဲ့ မိအိုဖအိုကြီးတွေ ကို လုပ်ကျွေးနေရတာပါ ။ မပြေလည်လွန်းလို့ ကြံမိကြံရာ ကြံတာပါဗျာ ၊ သူကြီး အိမ်တော့ မပို့ပါနဲ့ နော် ” တဲ့ ။


အို .. ။ ကျွန်မ စိတ်ထဲမှာလေ ကြက်သီးတွေ ဖြန်းခနဲ ထသွားလိုက်တာ ၊ ကရုဏာတွေ နေမှာပေါ့ ။ နောက်ပြီး လက်တစ်ကမ်းကိုတောင် မမြင်ရတဲ့ မှောင်ကြီးမည်းကြီးထဲမှာ ယောက်ျားလေး တစ်ယောက် ရဲ့ လက် ကို ကိုင်ထားပြီး စကားပြောနေတာပါလား ဆိုတဲ့ အသိကလည်း ရင်ကို တလှပ်လှပ်နဲ့ ဖိုစေတာပေါ့ ရှင် ။ ကျွန်မ ဆုံးဖြတ်ချက်ချပြီး တစ်ခါတည်း ပြောပစ်လိုက်တော့တယ် ။ ပထမအနေ နဲ့ သိချင်တာကိုမေးရတယ် ။


“ မင်း ဘယ်ရွာကလဲ ”


“ ရှားတော ကပါ မမ ”


အိုး .. ဟိုး အဝေးကြီးကပါလား ။ ဒီရွာ အထိ ကျူးကျူးကျော်ကျော် လာခိုးတာဆိုတော့ တော်တော့်ကို ကျပ်တည်းလွန်းလို့ဖြစ်မှာ ။


“ မင်း ကို ရွေးချယ်ဖို့ လမ်းနှစ်လမ်း ပေးမယ် ”


“ ဟုတ်ကဲ့ ပြောပါ မမ ၊ ကျွန်တော် နားထောင်နေပါတယ် ”


“ ပထမ တစ်လမ်း ကတော့ မင်းရဲ့ မကောင်းမှုနဲ့ တန်တဲ့ အပြစ်ဒဏ်ခံဖို့ သူကြီး ဆီကို အသာတကြည် အပို့ခံတဲ့ လမ်းပေါ့ ”


“ ဟင့်အင်း မမ ဟင့်အင်း ၊ အဲဒီလမ်းကိုတော့ မရွေးချင်ဘူး မမရယ် ၊ နောက်တစ်လမ်း က ဘယ်လိုလဲလို့ပြောပါဦး ”


“ နောက်တစ်လမ်း ကတော့ မင်း ငါ့ကို ယူလိုက်ရင် အားလုံး ပြီးသွားပြီပေါ့ ”


“ ဗျာ ”


မှောင်ထဲမှာ ဆိုတော့ တစ်ယောက် မျက်နှာကို တစ်ယောက် မမြင်ရပေမယ့် ကိုရွှေသူခိုး ရဲ့ ဗျာ သံကို နားထောင်လိုက်တာနဲ့တင် သူ ဘယ်လောက် အံ့ဩသွားမယ်ဆိုတာ သိသာနေတဲ့ အသံကြီးပါ ။ ဟုတ်တယ်လေ ။ သူခိုး ခိုး တဲ့ ပြစ်မှုက လွတ်မယ့် အပြင် ကျွန်မ လို ချမ်းချမ်းသာသာ မိန်းမ တစ်ယောက်ကို ရဦးမယ် ဆိုတော့ သူ ဘယ် ယုံနိုင်ပါ့မလဲ ။ သူ ယုံတာ မယုံတာ အသာထား ၊ ကျွန်မ ကတော့ တကယ်ကို ဆုံးဖြတ်ပြီးမှ ပြောလိုက်တာ ။ ဟုတ်တယ်လေ ။ ဒီ ရွာ က သေနာ ကာလသားတွေ ဟာခနဲဖြစ်သွားစေမယ့် နည်းက ဒီ နည်းပဲ ရှိတာကိုး ။ နောက်ပြီး ဒီ သူခိုးမျိုးနဲ့ မှ မရရင်လည်း ကျွန်မ က ဒီ တစ်သက် ယောက်ျား ရစရာမှ မမြင်တော့တာ ။ သူခိုး ကောင်လေး ရဲ့ အသံကို နားထောင်ရတာကလည်း ၂ဝ ကျော် အစိတ် ဝန်းကျင် လူငယ်လေးမှန်း သိတာကြောင့်လည်း ပါပါတယ် ။ ကောင်လေး က တအံ့တဩနဲ့ ဝမ်းနည်းပက်လက်ပြောရှာပါတယ် ။


“ ကျွန်တော် ဟာ အားနည်းချက်တွေနဲ့ လူ တစ်ယောက်ပါ မမ ရယ် ၊ မမပြုသမျှ ကျိတ်ခံရမယ့် သူပါ ၊ အဲဒီလိုကြီးတော့ မကျီစားပါနဲ့ ဗျာ ၊ မမလို အိမ်ကြီးရှင် တစ်ယောက် က အိမ်ပေါ်ကို တက်ခိုးတဲ့ သူခိုး ကို အပြစ် မယူတဲ့ အပြင် ငါ့ ကို ယူရမယ် ဆိုတော့ ကျွန်တော့် လို သူခိုးမျိုးက ကပြီးတော့တောင် ယူသေးရဲ့ ၊ မနောက်ပါနဲ့ မမ ရယ် ”


ဟုတ်တယ်လေ ။ သူခိုးကောင်လေးဘက်က ကျွန်မ ခင်းပေးတဲ့ အခွင့်အရေးတွေ ကို ဘယ် ယုံနိုင်ပါ့မလဲ ။ ဖြစ်မှ မဖြစ်နိုင်တာကိုး ။ ကျွန်မ ဘက်က ကျတော့လည်း ကိုယ့် အခက်အခဲနဲ့ ကိုယ် ။


“ ကဲပါ မင်း ယုံတာ မယုံတာ အပထား ၊ တကယ် ဖြစ်လာပြီဆိုမှ ယုံလိုက်ပေါ့ ၊ ပြော ၊ မင်း ငါ့ ကို ယူမှာလား ၊ သူကြီး အိမ် သွားမှာလား ”


“ အာ မမကလည်း ၊ သူကြီး အိမ် မသွားပါဘူး ဆို ၊ မမ က တကယ်ကြီးကို ပြောနေတာ ဆိုရင် ကျွန်တော့်ဘက်က ဘာ ငြင်းနေရမှာလဲ မမ ရဲ့”


“ ဒါဆိုလည်း ဘာမှ ပြော မနေနဲ့တော့ ၊ မနက်ခင်း နေထွက်တာနဲ့ တစ်ရွာလုံးကို ဖိတ်ပြီး သူကြီးရှေ့မှောက် မှာ လက်ထပ်ပစ်လိုက်မယ် ဟုတ်ပြီလား ”


“ မောင်လေးတော့ အိပ်မ က် မ က် နေသလိုပါပဲ မမ ရယ် ၊ ကိုယ့်ကံကြမ္မာ ကိုတောင် ကိုယ် မယုံတော့ဘူး ၊ ဒုက္ခရောက်ပြီ လို့ ထင်ထားတဲ့ကြားထဲက မဖြစ်နိုင်တဲ့ အခွင့်အရေးတွေ ပေးတဲ့ မမ ကို မောင်လေး ဘယ်လို ကျေးဇူးဆပ်ရမှာလဲ မမ ရယ် ”


မောညည်းလေး ညည်းပြီး ကျွန်မရင်ခွင်ထဲကို ပြိုဆင်းလာတဲ့ သူခိုးကောင်လေး ကို ပွေ့ထားလိုက်တဲ့အချိန်မှာလေ ကျွန်မ ရင်ဘတ်တွေ တဒိန်းဒိန်း နဲ့ ခုန်သွားလိုက်တာများ ရင်ဘတ် တောင် အောင့် ကျန်ခဲ့ပါတယ် ရှင် ။ ဟုတ်တယ်လေ ။ ဒီအရသာမျိုး တစ်ခါမှ မှ မခံစားဖူးတာ ကိုး ။ အသီး သရက် ၊ အသား မှာ ဝက် ဘာညာ လျှောက်ပြောနေတာ ။ ဒီ အရသာ နဲ့ ယှဉ်လိုက်တော့ စတုမဓူ နဲ့ ခွေးချေး လောက်တောင်ကွဲရဲ့ ။ အဲဒီ အချိန်မှာ ကောင်လေးက တောင်းဆိုလာပါလေရော ။


“ ကိုယ့် ရဲ့ကျေးဇူးရှင် မမ ကို မြင်ဖူးချင်တယ် ၊ မီး ထွန်းလိုက်ပါလား ” တဲ့ ။ ကိုယ် ကလည်း ကိုယ့် လင် ဖြစ်မယ့် ယောက်ျား ကို မြင်ဖူးချင်တာနဲ့ အလွယ်တကူ ပဲ “ အင်း ” လို့ ပြောပြီး ခေါင်းအုံး အောက်က မီးခြစ် ကို ယူလိုက်တယ်လေ ။ ခေါင်းရင်းစားပွဲပေါ်မှာ အသင့် တင်ထားတဲ့ မီးခွက်ကိုလည်း ထွန်းလိုက်ရော ။ အံမယ်လေး ဘုရား ဘုရား ၊ ကျွန်မတို့တစ်ရွာလုံးကို ဘီးစိတ်နဲ့တိုက်ရှာရင် တောင် ဒီလောက် ရုပ်ဆိုးတဲ့မျက်နှာမျိုး ရှိမယ် မထင်ဘူး ။ ကျွန်မ ဘာဆက် လုပ်ရမှန်းတောင် မသိတော့ဘူး ။ ဦးနှောက်ကလည်း ဒီ တစ်ယောက် ကိုမှ မယူရင် ဒီတစ်သက် ယောက်ျား ရမှာ မဟုတ်တော့ဘူးလို့ တဖွဖွ ပြောနေတယ်လေ ။


သူ ကလည်း ကျွန်မ လို ပါပဲ ။ ကျွန်မမျက်နှာကို ပါးစပ်အဟောင်းသား ၊ မျက်လုံးပြူးကြီး နဲ့ စိုက်ကြည့်နေတာများ အသက်ရှိသေးရဲ့လား အောက် မေ့ရတယ် ။ ကျွန်မ က ပခုံးကို အသာပုတ်ပြီး “ မောင်လေး ” လို့လည်း ခေါ်လိုက်ရော ဘာပြောတယ် ၊ ဘာဖြစ်တယ်ထင်သလဲ ။ ငိုသံပါကြီးနဲ့ “ ကျုပ် ကို သူကြီး အိမ်သာ ပို့ပါတော့ဗျာ ” တဲ့လေ ။ ပြီးတော့ ချုံးပွဲချပြီး ငိုတော့တာပါပဲ ။ ကျွန်မ ဘက်က ခံစားကြည့်ကြပါရှင် ။ ဘယ်လောက်ခံပြင်းစရာ စိတ်နာစရာ ကောင်းလိုက်သလဲလို့ ။ ဟင်း သေနာ ၊ သူ့ရုပ်ကြီးနဲ့ များ ။


( လွန်ခဲ့သော နှစ်အစိတ် ခန့်က ဖတ်ခဲ့ဖူးသည့် ဆရာကာတွန်းငွေကြည် ၏ ဇာတ်လမ်းတိုလေး ကို ဆင့်ပွား ၊ ဖန်တီးချယ်လှယ် ခိုးချ ၊ မှီငြမ်း ၊ ပုံတူလုပ် ၊ လုပ်စားပါသည် )


◾ သက်ဦးမောင်


📖 ဟားခလုတ် ဟာသစာစုများ ၂၁


koaungnaingoo.blogspot.com


.

No comments:

Post a Comment