Monday, November 22, 2021

ပြုံးတတ်တယ် ခေါင်းညိတ်တတ်တယ် အခန်း ၂၃ + ၂၄


 အခန်း ( ၂၃ )


မြွေမြွေချင်းတော့ ခြေမြင်တယ် ။


အောင်သိန်း ရဲ့ ခြေ ဘယ်လောက် ပြေးတယ် ဆိုတာကို အေးမြ လဲ သိတယ် ။ ထိုးမယ် ကြိတ်မယ် အထိ ဖြစ်ကုန်ရော ။ သူ့ ပစ္စည်းတွေ ကို တောင်ကြီး သယ်သွားတယ် ဆိုပြီး အေးမြ က အောင်သိန်း ကို မကျေနပ်ဘူး ။


အမှန်တော့ အေးမြ အနေနဲ့ ကျေနပ်စရာလဲ မရှိဘူး ။ သူ့ စီးပွားရေး ဈေးကွက် ကို ဖျက်တဲ့ သဘော သက်ရောက်တယ် ။ လူလည် လုပ်သွားတဲ့ သဘောမျိုး ဖြစ်နေတယ် ။


စင်စစ် အောင်သိန်း မှာလဲ ဘာ အကျိုးအမြတ် မှကို မရှိဘူး ။ ကောင်မ တွေက ငွေအပ်တာကို လက်ခံထားပေးရုံ လောက်ပဲ ။


ကောင်မတွေ သဒ္ဓါ လို့ ကျွေးတာမွေးတာကလေး လောက်ပဲ စားရသောက်ရတယ် ။ ရာခိုင်နှုန်း တို့ အချိုး တို့ နဲ့ ဖြတ်တောက် လုပ်ကိုင်တာလဲ မဟုတ်ဘူး ။


အေးလေ ... အဖြစ်မှန်ကို ငါတို့ပဲ သိတာကိုး ။ ကောင်မတွေ က အဖြစ်မှန်အတိုင်း ပြောလဲပဲ အေးမြ ကတော့ ဘယ် ယုံကြည်မှာလဲ ။


ဒေါင်းမ နဲ့ မိသက် ကတော့ ရောက်ရောက်ချင်း အေးမြ နဲ့ ပြန် ပတ်သက်တယ် ။ နောက်တော့ ဒိုးကလေး ပါ သူတို့ နဲ့ ပြန်တွဲမိသွားတယ် ။


ဒိုးကလေး နဲ့ ငါ ကတော့ မကြာမကြာ တွေ့တတ်တယ် ။


ဒါပေမယ့် အလုပ် တွဲ မလုပ်ဖြစ်ဘူး ။ ဒိုးကလေး လဲ တောင်ကြီး က ပြန်ရောက်ပြီး အတော် ခြေငြိမ်သွားတယ် ။ ခြေငြိမ်ဆို အကွက်ကောင်း တကွက် သွားတွေ့တာကိုး ။


တင့်ဇော် .... တဲ့ ။ စက်ရုံတရုံ မှာ လုပ်တယ် ။ အကြံအဖန် ဖြစ်တယ် ။ ကောင်ကလေး က ဘွဲ့ရပြီးသား ။ ရုပ် ချောတယ် ။ အပြော ကောင်းတယ် ။ မိဘ ကလဲ ပစ္စည်း ရှိတယ် ။


ဒိုးကလေး မှာလဲ လင် ကတော့ ရှိတယ် ။ နာမည်က တင်အောင်မြိုင် တဲ့ ။ ကပြား ပဲ ။ အရပ်အမောင်း ကောင်းကောင်း ဆိုတော့ ဒိုးကလေး နဲ့ ယှဉ်ရပ်လိုက် ယင် ဒိုးကလေး က သူ့ ယောက်ျား ရဲ့ ခါးကျော်ကျော် လောက်ပဲ ရှိတယ် ။


အမှန်တော့ တင်အောင်မြိုင် နဲ့ အောင်သိန်း က ဘာမှ မထူးပါဘူး ။ အရာကြီး နဲ့ ကု -လားကြီး ပါပဲ ။


ငါ့ ကို အောင်သိန်း က ခိုင်းစားတယ် ။ ငါ က အောင်သိန်း ကို ရှာသမျှ အကုန် အပ်ရတယ် ။


ဒိုးကလေး ကို တင်အောင်မြိုင် က ခိုင်းစားတယ် ။ ဒိုးကလေး က တင်အောင်မြိုင် ကို ရှာသမျှ အကုန်အပ်ရတယ် ။


ဒါပေမယ့် အောင်သိန်း နဲ့ တင်အောင်မြိုင် ကွာတာကတော့ ကွာတယ် ။ တင်အောင်မြိုင် က ရည်မှန်းချက် ထားတယ် ။ အသုံးအစွဲ စစ်တယ် ။ ဖဲ မကစားဘူး ။ အရက် မသောက်ဘူး ။ အေး ... ပညာ ကတော့ အောင်သိန်း လို မတတ်ဘူး ။


ပြီးတော့ ဒိုးကလေး ရဲ့ သည်းညည်း ကိုလဲ တင်အောင်မြိုင် က အတော်ခံ ရှာတယ် ။ ဒိုးကလေး က စိတ်နဲ့ မတွေ့ယင် မတွေ့သလို တွေ့ကရာနဲ့ ကောက်ပေါက်ပစ်တတ်တယ် ။


တင်အောင်မြိုင့် မျက်နှာမှာ သေရာပါမယ့် အမာရွတ် တွေကို မနည်းဘူး ။ ဒိုးကလေး လူကောင် ညှက်သလောက် လက်မြန်တယ် ။ စိတ်ကလဲ ထက်တယ် ။


ဒိုးကလေး ဘယ်လောက်ပဲ ဆဲဆဲ ၊ တင်အောင်မြိုင် က ရွှေသွားနှစ်ချောင်း ပေါ်အောင် ပြုံးနေတယ် ။ ရွှေသွားနှစ်ချောင်း စိုက်ရတာကလဲပဲ ဒိုးကလေး လက်ချက်ပဲတဲ့ ။


ဒိုးကလေး က ပြောတော့ တင်အောင်မြိုင် ကြောင့် သူ ဒီဘဝ ကို ရောက်ခဲ့ရတယ်လို့ ဆိုတယ် ။ ဟုတ်လောက်တယ် ။


ဒိုးကလေး မိဘ တွေက ချမ်းသာတယ် ။ အလုံ မှာ စားသောက်ဆိုင်ကြီး တဆိုင် ရှိတယ် ။ ဒိုးကလေး က အဲ့သည်တုန်းက ဆိုင် ထိုင် ။ ကောင်တာ ထိုင်ပြီး ပိုက်ဆံ သိမ်းရတဲ့ သဌေးသမီး ပေါ့ ။


တင်အောင်မြိုင် ကတော့ မှောင်ခိုပစ္စည်း အရောင်းအဝယ် လုပ်တယ် ။ ရန်ကုန် နဲ့ မော်လမြိုင် ခေါက်တုံ့ ခေါက်ပြန် ကုန်ကူးတယ် ။


ရန်ကုန် ရောက်ယင် ဒိုးကလေး တို့ စားသောက်ဆိုင်မှာ နေ့စဉ် စားသောက်တယ် ။ ဒိုးကလေး ကလဲ မျက်စိ ကျတယ် ။ နောက်တော့ လိုက်ပြေးရော ဆိုပါတော့ ။


ခိုးရာ လိုက်ပြေးတော့ ဒိုးကလေး မှာ အထုပ် နဲ့ အထည်နဲ့ ရွှေငွေ လက်ဝတ်လက်စားအပြင် ငွေသားလဲ သောင်းကျော် ပါတယ်လို့ ဆိုတယ် ။ အထက်မြန်မာပြည် ကို ပျားရည်ဆမ်းခရီး ထွက်ကြတယ် ။


ဒိုးကလေး ရဲ့မိဘများ က လူမျိုးခြား နဲ့ လိုက်ပြေးလို့ စိတ်နာတယ် ။ သေခန်းရှင်ခန်း ဖြတ်တယ် ။ အမွေဖြတ် ကြော်ငြာတယ် ။


ပျားရည်ဆမ်းခရီး က ပြန်ရောက်တော့ လှိုင် သီရိမြိုင် ရပ်ကွက် မှာ အိမ်ခန်းကလေး တခန်း ငှားပြီး လင်မယား နှစ်ယောက် နေကြတယ် ။


လက်ထဲမှာ ငွေလက်ကျန် ရှိသေးတဲ့အချိန် လက်ဝတ်လက်စား ကလေးတွေ ကျန်သေးတဲ့ အချိန်ဆိုတော့လဲ ပူစရာ မလိုသေးဘူးပေါ့ ။ ဒါပေမယ့် စီးပွားရေးလုပ်ငန်း အမျိုးမျိုးကို စိတ်ကူးရင်းနဲ့ပဲ လုံးပါး ပါးရော ဆိုပါတော့ ။


ဒိုးကလေး ပြောလို့ ရယ်ရသေးတယ် ။


အစ်မ ရယ် .... အဲ့သည်တုန်းက သူ့ သူငယ်ချင်း ဆိုတဲ့ လူတွေ အိမ်ကို ရောက်ရောက်လာတယ် ။ တခါတလေလဲ တစ်ယောက်တည်း ။ တခါတလေ အတွဲနဲ့ ။ ပြောလိုက်ယင် ရတနာကုန်သည် ဘာညာ နဲ့ တိုး ကလဲ မသိတော့ ကျကျနန ချက်ကျွေးတယ် ။ မြစ်ကြီးနား ဘက်က ကောက်လာတဲ့ အစိမ်းရောင် သန်းနေတဲ့ ကျောက်တုံး တတုံး ပြလိုက်တယ် ဆိုယင်ပဲ တိုး ကလဲ ယုံတော့တယ် ။ ဒါပေမယ့် ကိုယ်တိုင် သည်လောကထဲ ဝင်ကြည့်လိုက်တော့မှ သူ့ ရတနာကုန်သည် ဆိုပြီး အိမ်ကို ခေါ်လာခဲ့တဲ့လူတွေဟာ ဟိုဟာ နဲ့ ဟိုဟာတွေပါ ကလား ဆိုတာ သိတော့တယ် ။


ကျောက်ခွဲမယ် ဆိုပြီး တင်အောင်မြိုင် က ငွေတောင်းတော့ ဒိုးကလေး လဲ ရှိသမျှ ထုတ်ပေးတယ် ။ ထပ်လို ထပ်ထုတ်ပေးနဲ့ ကုန်ပြန်ရော ။


ငွေ ကုန်တော့ လက်ဝတ်လက်စားတွေပါ တင်အောင်မြိုင့် လက်ထဲ အပ်လိုက်တယ် ။


ကျောက်လုပ်ငန်း ဆိုတာ ပွယင်လဲ တချီတည်း ပွတယ် ဆိုတော့ ဒိုးကလေး လဲ မျှော်လင့်မိတယ်ပေါ့ ။


နောက်တော့ တင်အောင်မြိုင် ကလဲ အောင်သိန်း လမ်းစဉ် အတိုင်းပဲ လမ်းစကလေး ဖော်ပေးတယ် ။


ဒိုးကလေး ကို လျှောက်ခိုင်းတယ် ။ ဒိုးကလေး ကလဲ အဲသည့် လမ်းကို လျှောက်ခဲ့မိတယ် ။ ဆက်ပြီး လျှောက်ခဲ့တယ် ။


ဒါပေမယ့် ငါ နဲ့ ဒိုးကလေး မတူတာ တချက် ရှိတယ် ။ ဒိုးကလေး က သည် လောက ကို အတော် ပျော်မွေ့တယ် ။ ငါ မှားပါပကော လို့ နောင်တ မရဖူးသေးဘူး ။ ဘယ်အချိန် ရောက်မှ နောင်တ ရမလဲ မပြောနိုင်ဘူး ။


ငါ ကတော့ နောင်တ လဲ ရတယ် ။ ကောင်းရောင်းကောင်းဝယ် လုပ်စားဖို့လဲ အကြိမ်ကြိမ် စဉ်းစား တွေးတော ခဲ့ဖူးတယ် ။


ဒိုးကလေး နဲ့ ရစ အချိန်တုန်းကတော့ တင်အောင်မြိုင် က မလိမ္မာဘူးတဲ့ ။ သုံးဟယ် ၊ ဖြုန်းဟယ် ၊ ပျော်ဟယ် ၊ ပါးဟယ် နဲ့ ... တဲ့ ။ တကယ်တော့ ဘာ ကျောက်ခွဲတာ မှ မဟုတ်ဘူး ။ သောက်စားယင်း နဲ့ ကုန်တာ ။


ဒိုးကလေး သည် ဘဝရောက်တော့ တင်အောင်မြိုင် လိမ္မာစ ပြုလာတယ် ။ မသောက်တော့ဘူး ။ မကစားတော့ဘူး ။ အပျော်အပါး မလိုက်စားတော့ဘူး ။


တင်အောင်မြိုင် ငွေ စုတယ် ။ အရင်းအနှီး ရှိယင် ထမင်းဆိုင် တဆိုင် ဖွင့်မယ် တဲ့ ။ ဘယ်ရွေ့ ဘယ်မျှ စုမယ်လို့သာ ထုတ် မပြောတာ ။ အတော်ကလေး စုမိပြီ ဆိုတာတော့ သိရတယ် ။


ဘာလို့လဲ ဆိုတော့ တောင်ကြီး ခရီး မထွက်ခင်တုန်းက ဒိုးကလေး ပြောဖူးတယ် ။ ကျောက်မြောင်း က အိမ်ခန်းလေး တခန်း ကြိုက်လို့ ပြောင်းချင်လိုက်တာတဲ့ ။ စပေါ် ဘယ်လောက်လဲ မေးတော့ ခြောက်ထောင် လို့ ပြောတယ် ။ အဲဒါ တင်အောင်မြိုင် က သဘော မတူလို့ မပြောင်းဖြစ်တာ တဲ့ ။


သည်တော့ တင်အောင်မြိုင် စုထားတာ ဘာပဲ ပြောပြော ခြောက်ထောင် တော့ ရှိမယ် ။ ခြောက်ထောင် မပြည့်ယင်တောင် လေးထောင် တော့ အောက်ဆုံးပဲ ။ ခု လှိုင် သီရီမြိုင် က အိမ်ခန်းအ တွက် စပေါ် တင်ထားတာက နှစ်ထောင် ။


အောင်သိန်း ကိုလည်း တင်အောင်မြိုင် လို လိမ္မာစေ့ချင်တယ် ။ ငွေ စုစေ့ ချင်တယ် ။ အရင်း အနှီးကလေး ရယင် ကောင်းရောင်း ကောင်းဝယ် လုပ်ဖို့ စိတ်ကူးစေ့ ချင်တယ် ။


တောင်ကြီး က ပြန်လာပြီး ကတည်းက ငါတို့ လင်မယား နားနေတယ် ။ ရှိတာကလေးနဲ့ပဲ ထိုင်စား နေကြတယ် ။ ငါ့ ထုံးစံ အတိုင်းပေါ့ ။ တတိတိ ကုန်လာတော့မှ ပူပန်မယ် ။ လက်ထဲ မရှိမှ ထ ရှာမယ် ။


တကယ့် တကယ်တော့ ရှာချင်တိုင်းလဲ ရှာလို့ မလွယ်ဘူး ။ အဆက်အသွယ် လိုတယ် ။ အဆက်အသွယ် ရပြန်တော့လဲ နေရာစကား ပြောတယ် ။ အဆက်အသွယ် ထက် အရေးကြီးတာက အလုပ် လုပ်ဖို့ နေရာ ။ တခါတလေများ အဆက်အသွယ် ရပြီး နေရာ မရှိလို့ ပြန် စွန့်လွှတ်လိုက်ရတဲ့ အဖြစ် ။


တနေ့ ဒိုးကလေး ရောက်လာတယ် ။ မျက်နှာ ကြည့်ရတာလဲ ဖြူရော်ရော် နဲ့ ။ ဇာတ်စုံ ခင်းပြတယ် ။


တင့်ဇော် နဲ့ အလုပ်သဘော အရ တွေ့နေကြယင်းက သံယောဇဉ်တွယ်မိတဲ့ အကြောင်း ။ နောက်ဆုံး သူ ကိုယ်တိုင် တင့်ဇော် ကို မခွဲနိုင်တော့တဲ့ အကြောင်း ။ ကိုယ်ဝန်ပါ ရှိလာတဲ့ အကြောင်း ... ရော ။


အခု သီရိမြိုင် မှာ မနေတော့ဘူး တဲ့ ။ သာကေတ ကို ပြောင်းသွားပြီလို့ ဆိုတယ် ။ အဲသည်မှာ နှစ်လင် တမယား နေကြတယ် ဆိုပဲ ။


ပထမတော့ တင်အောင်မြိုင် ကပဲ ရှောင် ရှောင်ပေးတယ် ။ တင့်ဇော် ကလဲ လျှောကနဲ တထောင် ၊ လျှောကနဲ နှစ်ထောင် ထုတ်ထုတ်ပေးနေတာကိုး ။


အဲသည်တော့ တင်အောင်မြိုင် ကိုယ်တိုင် က တင့်ဇော် ကို ကြိုဆိုတယ် ။ ကြည်ဖြူတယ် ။


အဲသည် သာကေတ အိမ် ကိုလည်း တင့်ဇော် ကပဲ ဝယ်ပေးထားတာတဲ့ ။ ရှစ်ထောင် ဆိုလား ပေးရတယ်တဲ့ ။ ပြင်တာ ဆင်တာနဲ့ ဆိုတော့ တသောင်း ဝန်းကျင် ကုန်မယ် ။


ဒိုးကလေး က ပြောတယ် ။


အစ်မရေ ... ပေါင်းလာတာ ကြာလေလေ ... တင့်ဇော် ကို ချစ်လေလေ ... တင်အောင်မြိုင် မျက်နှာ ကို ကြည့် မရလေလေ တဲ့ ။


တကယ်တော့ တင်အောင်မြိုင် နဲ့က ကလေး နှစ်ယောက် ရထားပြီ ။ တတိယမြောက် ရမယ့် ကလေး ကျမှ တင်အောင်မြိုင် ကိုယ်တိုင်က သူ့ ကလေး မဟုတ်လို့ မယူချင်ဘူး ဆိုပြီး ဖျက်ခိုင်းသတဲ့ ။ အဲသည်လိုသာ ပြောစတမ်းဆိုယင် အယင်ကလေး နှစ်ယောက် ကကော သူ့ သွေး ပါလို့ ဘယ်လိုလုပ် အတပ် ပြောနိုင်မလဲ ။


ဒိုးကလေး သည်လမ်းမပေါ် စရောက်တော့ ကလေး မမွေးဖူးသေးဘူး ။ ကလေး နှစ်ယောက် စလုံး သည်လမ်းပေါ် ရောက်ပြီးမှ မွေးတာချည့်ပဲ မဟုတ်လား ။


ဒိုးကလေး တင့်ဇော် ကို စေတနာ လွန်လွန်းတော့ တင်အောင်မြိုင် က တင့်ဇော် ကို နှင်ချတယ်တဲ့ ။ နောက်ဆုံး ဒိုးကလေး နဲ့ တင့်ဇော် ပုသိမ် ကို ထွက်ပြေးကြရော လို့ဆိုတယ် ။


တင်အောင်မြိုင် က မယားခိုးမှု နဲ့ စွဲသတဲ့ ။ ကံကောင်းလို့ တင့်ဇော် ထောင်ထဲ မရောက်တယ် ။ ဒိုးကလေး က သူ ကောင်းပေလို့ ... လို့ ပြောတယ် ။ တင်အောင်မြိုင် ကို သူ ပြန်ပေါင်းလို့ တဲ့ ။


တင့်ဇော် ကတော့ ဘဝပျက်သွားတယ် ။ မယားခိုးမှု နဲ့ ထောင် မကျပေမယ့် ရုံးက ငွေတွေ အလွဲသုံးစားမှု နဲ့ အရေးယူ ခံရတယ် ။ အဖမ်းအချုပ် ခံရတယ် ။ ဒါတွေက ဒိုးကလေး ပြောပြလို့ သိရတဲ့ သူ့ ဇာတ်လမ်း ။


ကဲ ... ဘာလုပ်ကြမှာလဲလို့ ငါ ကမေးတော့ မော်လမြိုင် ဘက် သွားကြရအောင်တဲ့ ။


တင်အောင်မြိုင် ကိုပါ ခေါ်ပြီး လင်စုံမယားဖက် နှစ်စုံတွဲ သွားကြရအောင်တဲ့ ။ အလုပ် ကောင်းတယ်လို့ ပြောတယ် ။ သည်လိုနဲ့ပဲ ငါတို့ လေးယောက် နောက်နေ့ မှာ မော်လမြိုင် ကို ခရီးထွက်ခဲ့တယ် ။


◾မောင်သာရ


📖ပြုံးတတ်တယ် ခေါင်းညိတ်တတ်တယ် 



အခန်း ( ၂၄ )


ဟုတ်တော့လဲ ဟုတ်တယ် ။ မော်လမြိုင် မှာ ပစ္စည်းကောင်း မရှိဘူး ။ ဒိုးကလေး နဲ့ ငါ ရောက်သွားတော့ မနားမနေ အလုပ် လုပ်ရတယ် ဖတ်ဖတ်ကို မောရော ။ မော်လမြိုင် က ပစ္စည်း မရှိလို့လား ဆိုတော့ မဟုတ်ဘူး ။ ရယ်ဖို့တော့လဲ အကောင်းသား ။ မော်လမြိုင် က ပစ္စည်းတွေကလဲ ရန်ကုန် ရောက်နေတယ် ။ ရန်ကုန် တွင် မကဘူး ။ မြစ်ကြီးနား တောင်ကြီး မန္တလေး အထိတောင် ရောက်ကြတယ် ။


ပစ္စည်းတွေကလဲ စိတ်ကူးတော့ ကောင်းတယ် ။ ကိုယ့် ဒေသမှာ ဆိုတော့ တနေ့မဟုတ် တနေ့ လူသိ များလာမယ် ။ ဒေသခံတွေနဲ့ချည်း တွေ့ရတော့မှာကိုး ။


တခြား တရပ်တကျေး မှာ ဆိုတော့ အကြောင်း မဟုတ်ဘူး ။ ကိုယ့်ဒေသ ကိုယ် ပြန်ရောက်ယင် ဘာညာဘာညာ ဘယ်သူမှ မသိဘူး ။


သည်တော့ မော်လမြိုင် က ပစ္စည်း က ရန်ကုန် ကို ရောက်နေတယ် ။ ရန်ကုန် က ပစ္စည်း က မန္တလေး ကို ရောက်နေတယ် ။ မန္တလေး က ပစ္စည်း က မော်လမြိုင် ကို ရောက်နေတယ် ။


အဝေးက ပစ္စည်း က ဘယ်လောက်ပဲ ဟောင်းနေနေ မတွေ့ဖူး မမြင်ဘူးယင် အသစ် ပဲလေ ။


အဲ ... ဒိုးကလေး နဲ့ ငါ မော်လမြိုင် ကို ရောက်ကြတော့ ရန်ကုန် က ပစ္စည်းအသစ် ပြတ်နေတဲ့ အချိန် ဆိုပါတော့ ။ ကောင်းကောင်း အလုပ် ဖြစ်တယ် ။


ဒါပေမယ့် ခေါင်းပုံဖြတ်တာတော့ တရား လွန်တယ် ။ ထက်ဝက် နှုန်း ။


ဧည့်သည် တယောက် ကို ငါးဆယ် ကောက်သတဲ့ ။ တနေ့တနေ့ တယောက် ကို ငါးရာကျော် ရတယ်ဆိုတော့ အိမ်ရှင် က ငါးရာကျော် ကောက်တယ် ။


ဒိုးကလေး ရဲ့ အသိ ဒေါ်ငွေ့ အိမ်မှာ သွားတည်းတယ် ။ အိမ်ကြီးက ကျယ်တယ် ။ သန့်တယ် ။ လုံခြုံတယ် ။


ပြီးတော့ ဒေါ်ငွေ နဲ့ သူ့ ယောက်ျား ပဲ ရှိတယ် ။ အဲသည် အိမ်မှာပဲ အလုပ် လုပ်ကြရတယ် ။


ထမင်းဖိုး ဆိုပြီး တစ်ယောက် ကို ငါးကျပ်နှုန်း လဲ ဖြတ်သေးတယ် ။ ထက်ဝက်စား လဲ ကောက်သေးတယ် ။


ဒါတောင် မဆိုးဘူး ။ ငါးရက်လောက် လုပ်ပြီးတယ် ဆိုယင်ပဲ နှစ်ထောင့်ငါးရာ ကျော် စုမိတယ် ။


အဆက်အသွယ်ကလေးတွေကလဲ ရလာပြီလေ ။ အိမ်မှာ ဧည့်မျှော်ပြီး လုပ်ရတဲ့ အလုပ်ထက် ' ရှိုး ' အခေါ်လိုက်ရတာက ပို တွက်ခြေကိုက်တယ် ။ ဒါကလဲ ဒေါ်ငွေ့ အဆက်အသွယ် နဲ့ပဲ ။


ဧည့်သည် နဲ့ ထည့်ပေးလိုက်ယင် တရှိုး သုံးရာ ပဲ ။ ဒေါ်ငွေ က တရာ ဖြတ်တယ် ။ နှစ်ရာ ပြန်ရှင်းတယ် ။ အချိန်ကို မကန့်သတ်ပေးလိုက်ဘူး ။ ကန့်သတ်လို့လဲပဲ မရဘူး ။


မော်လမြိုင် လို နေရာမျိုးက နေရာပြဿနာ ရှိတယ် ။ သည်တော့ နေရာ ရှာရတာက အလုပ်ကြီး တလုပ် ။


မြို့ပြင် ဘက် ထွက်ရတဲ့ အခါလဲ ရှိတယ် ။ ကျိုက္ခမီ ဘက် ကား နဲ့ထွက်ရတာလဲ ရှိတယ် ။ ရော်ဘာခြံတွေထဲလဲ ရောက် ။ ဒူးရင်းခြံတွေထဲလဲ ရောက် ။


အဲ ... မြို့ပြင် က ခြံကြီးတွေကတော့ ကျယ်တယ် ။ ခြံစောင့် တဲကလေး တွေမှာ စခန်းချကြလေ့ ရှိတယ် ။


သည်တော့ သွားချိန်ပြန်ချိန် ကို ကန့်သတ်လို့ မရတော့ဘူး ။ ရန်ကုန် လို သုံးနာရီ ရုပ်ရှင်တပွဲစာတော့ မဟုတ်တော့ဘူး ။


သည်တော့ ငါတို့ ကလဲ ဒေါ်ငွေ ကို ကွက်ကျော် ရိုက်တာလေးတွေ ရှိတယ် ။ သူတော်ကောင်း နဲ့ တွေ့ပြီး တပွဲ စောစော ပြီးပေမယ့် အိမ်ကို ပြန်ချင်မှ ပြန်တယ် ။


နောက် ဧည့်သည် နဲ့ ဆက်မိတဲ့ အခါမျိုးမှာ နောက်တပွဲ ဆက်တယ် ။ ဒေါ်ငွေ မသိဘူး ။ တရာ အဖြတ် မခံရဘူး ။ သုံးရာ အပြည့် ရတတ်တယ် ။


ဝါသနာ ပါလို့ လာကြတဲ့ ဧည့်သည်တွေကလဲ များသောအားဖြင့် ထောကြတဲ့ ကုန်သည်တွေ ချည့်ပဲ ။ ငွေကို ရေထင်တယ် ။ မနှမြောဘူး ။ မူးမူး နဲ့ တရာ မျိုး နှစ်ရာ မျိုး ကိုလဲ မူးမူးနဲ့ ပက်ကနဲ ပစ်ပေးသွားကြတာလဲ ကြုံခဲ့ရဖူးတယ် ။


သိတဲ့အတိုင်း ငါ ကတော့ ချူ မစားတတ်ဘူး ။ မြှူ မစားတတ်ဘူး ။ ဈေးရင်း အတိုင်းပဲ ။ လျော့ပေးယင်လဲ ဘာမှ ပြောမနေဘူး ။ သူ အောက်တန်းကျပေမယ့် ကိုယ် အောက်တန်းကျ မခံဘူး ။ အဲ ... စေတနာ ရှိတယ် ဆိုယင်လဲ သူတို့ သဘောပဲ ။


ဒါပေမယ့် စိတ်ကောင်း စေတနာကောင်း ရှိတဲ့ လူတွေနဲ့ချည့် တွေ့ရပါတယ် ။ ဆိုဈေး ထက် ပိုပေး သွားကြတာ များပါတယ် ။


ငါတို့ အလုပ် က ပါးစပ်ကောင်းဖို့ မလိုပါဘူး ။ ပါးစပ် က လွဲယင် တကိုယ်လုံး ကောင်းဖို့ပဲ လိုတယ် ။


အဲ ... ဒိုးကလေး ကတော့ ပါးစပ် ကောင်းတယ် ။ အပြော ကောင်းတယ် ။ မြှူ တတ်တယ် ။ ချူ တတ်တယ် ။ တယောက်က ဆိုရင် ဝတ်ထားတဲ့ နီလာ လက်စွပ်ကို ချွတ်ပေးသွားဖူးတယ် ။


အဲ ... ပြောရအုံးမယ် ။ မော်လမြိုင် မှာလဲ ပြဿနာ တခု ကြုံခဲ့ရသေး တယ် ။ တောင်ကြီး မှာတုန်းက ကိုအောင်သိုက် နဲ့ ဖြစ်ခဲ့ရတဲ့ ဇတ်လမ်းမျိုးပါပဲ ။


ကိုသန့်စင်ငြိမ်း တဲ့ ။ အရာရှိငယ် တယောက် ။ တကတည်း သူ ကလဲ ကြော့ မှ ကြော့ ဖြစ်ပါလေရော ။


လူ ကတော့ ဖြူဖြူသွယ်သွယ် ။ နှုတ်ခမ်းမွေး သဲ့သဲ့ နဲ့ ။ မငယ်ဘူး ။ သက်လတ်ပိုင်း ရောက်နေပြီ ။


ခမျာ ... ငွေ လဲ သိပ် မသုံးနိုင်ရှာပါဘူး ။ လင်မယား ကွဲနေတယ် ပြောတယ် ။ သားသမီး ငါးယောက် ကျန်ရစ်သတဲ့ ။


အဲဒါ တခါပဲ တွေ့ပြီး ငါ့ ကို တန်းတန်းစွဲ ဖြစ်ပါလေရော ။ သူ့ မယားနဲ့ပဲ တူရပြန်ရော တဲ့ ။


ဒေါ်ငွေ့ အိမ် ကို အခေါက်ခေါက် အခါခါ ရောက်လာတယ် ။ ငါတို့ က မြို့ပြင်ကို ရောက်နေယင်လဲ ပြန် မလာမချင်း ထိုင်စောင့်နေတတ်တယ် ။ တခြား အားနေတဲ့ ပစ္စည်းနဲ့လည်း လှည့်ပေးလို့ မရဘူး ။


ငါ ကလဲ သူ့ ကို စိတ်ဝင်စားမိပါတယ် ။ သံယောဇဉ် ဆိုတာ အပြောရ ခက်သားပဲ ။ မထင်မှတ်တဲ့ နေရာက ဖြတ်ဖြတ် ဝင်လာတတ်တယ် မဟုတ်လား ။


အဲ့ ... တနေ့တော့ ချိန်းတာပေါ့လေ ။ အဲသည်နေ့က တခြား ဧည့်သည်တွေက ခေါ်တာတောင် ငါ မလိုက်တော့ဘူး ။ ကိုသန့်စင်ငြိမ်း နဲ့ လိုက်သွားတယ် ။ စက်စဲ ကို ရောက်ကြတယ် ။ အပြန်မှာ အောင်သိန်း နဲ့ ပက်ပင်း တိုးကြ ပါလေရော ။


ဒါပေမယ့် အောင်သိန်း ကလဲ မမြင်ချင်ယောင် ဆောင်သွားတယ် ။ အိမ် အဝင်လမ်းကနေ ငါ့ အပြန်ကို စောင့်နေတယ် ။


ငါ ပြန်လာတော့ တနေရာကို ခေါ်သွားတယ် ။ မမ နဲ့ မောင် အေးအေးဆေးဆေး စကား ပြောကြရအောင်တဲ့ ။


သူ ဘာအကြောင်း ပြောမယ်ဆိုတာ ငါ သိပြီးသားပဲ ။ ခါတိုင်းဆိုယင်တော့ သူ့ လက်ထဲ ငွေအပ်နိုင်တယ် ။ သည်နေ့တော့ တပြားတချပ် မှ မအပ်နိုင်ဘူး ။ ငါ့ မှာ ပါတဲ့ ငွေတရာ ထဲကတောင် ခုနစ်ဆယ် ကျော် ကုန်ခဲ့ပြီ ။


ကိုသန့်စင်ငြိမ်း ကတော့ ငွေနှစ်ရာ ထုတ်ပေးပါသေးတယ် ။ ဒါပေမယ့် ငါ က လက်မခံခဲ့ဘူး ။


အေး ... ငါ ပါတဲ့ ငွေ နဲ့ သူ့ ကလေးတွေ အတွက် အင်္ကျီကလေးတွေတောင် ဝယ်ခြမ်းပေးဖြစ်လိုက်သေးတယ် ။


အောင်သိန်း က ပြောတယ် ။ ဘာလဲ ...မမ ပြောတော့ ငွေရှာတာ ၊ ငွေရှာတာဆိုပြီး ၊ အဆိပ်တွေ တက်နေပြန်ပြီလား တဲ့ ။ ဒါ အလှူပေးနေတာ မဟုတ်ဘူးတဲ့ ။


ငါ မလိမ်ချင်ပါဘူး ။ လိမ်ပြီး ပြောနေစရာလဲ မလိုဘူး ။ ဟုတ်တယ်ဟေ့ ... ဟုတ်တယ် ။ အဆိပ်တွေ တက်တော့ကော ဘာလုပ်ချင်သလဲလို့ ရန်စကား ပြောလိုက်တယ် ။


ငါ က သန့်စင်ငြိမ်း ကို ယူနိုင်တယ် ဆိုယင်တောင် ကိုသန့်စင်ငြိမ်း အနေနဲ့ ငါ့ ကို မယူနိုင်ပါဘူး ။ ဘဝချင်းက ရင်ချင်းသာ ကပ်လို့ရပေမယ့် ၊ ကျောချင်းကပ်လို့မှ မရနိုင်ပဲ ။


ဒါပေမယ့် အောင်သိန်း ပြောသလို ငါ့ ဘက်က စိတ်ပါမိတာတော့ အမှန်ပဲ ။


ဟဲ့ ... ရေကျွမ်းတယ် ဆိုတဲ့ တံငါသည် တောင် ရေနစ်သေတတ်သေးတာပဲ ။ မုဆိုး ကချည်း သားကောင် ကို အမြဲ နိုင်တယ်လို့လဲ မထင်နဲ့ ။ သားကောင် လက်ချက်နဲ့ အသက်ထွက်ရတဲ့ မုဆိုး လဲ ရှိတာပဲ ။ သည်လမ်းမှာ လျှောက်နေသရွေ့တော့ ငါ ဘယ်သူနဲ့မှ စိတ်မပါ ပါဘူးလို့ ဘယ်အာမခံ နိုင်ပါ့မလဲ ။ စိတ်မပါစေ့ချင်ယင် ငါ့ ကို သည်အလုပ် မလုပ်ခိုင်းနဲ့ ။ ရပ်တန်းက ရပ်တော့ ။


မောင် ကျတော့ ဒေါင်းမ နဲ့ မပတ်သက်ရဘူး ဆို ... ဒေါင်းမ နဲ့ ပတ်သက်တာ တွေ့ယင် ဓားပွဲ တုတ်ပွဲပဲ ဆို ... တဲ့ ။


ပြောပုံက ပညာတတ် ပီသတယ် ။ လေအေးကလေး နဲ့ ။ အမျက် မထွက်တဲ့ ပုံမျိုး ။


အေးလေ ... သူ ကြမ်းယင် ငါ ကလဲ ကြမ်းတော့မှာပဲ ဆိုတာ သူ သိထားပြီကိုး ။


ဟုတ်တယ် ။ ငါ ပြောခဲ့တယ် ။ ဒေါင်းမ နဲ့ ပတ်သက် လာယင် တုတ်ပွဲ ဓားပွဲ ပဲလို့ ။ ဒါကတော့ ငါ့ ခံစားရချက်ပဲ ။


ငါ မကြည့်ချင်ဘူး ။ မမြင်ချင်တာ ငါ့ ရှေ့မှာ လာ မလုပ်နဲ့ ။ မှားတာ ၊ မှန်တာ ၊ တရားတာ ၊ မတရားတာ ငါ နားမလည်ဘူး ။


မပေါင်းနိုင်ဘူး ဆိုယင်လဲ ကွာ ။ သဘော ။ ဒါပဲ ငါ ပြောတတ်တယ် ။


သူ လဲ ဘာမှ ဆက် မပြောတော့ဘူး ။ ငါ လဲ ဘာမှ ထပ် မရှင်းပြဘူး ။ အကြာကြီး စကား မပြောပဲ နေကြတယ် ။ ပြီးတော့မှ ... မမ မနက်ဖြန် မောင် တို့ ရန်ကုန် ကို ပြန်ကြရအောင် တဲ့ ။


နောက် နှစ်ရက်ကြာ မှ ပြန်လာ ဖြစ်ကြတယ် ။ ဘာပဲ ပြောပြော ၊ ငွေ လေးထောင်ကျော် ပိုက်မိတယ် ။


ငါ က ပြောတယ် ။ သည် အလုပ် ကို ရပ်တော့ ။ ငါ့ လဲပဲ မခိုင်းနဲ့တော့ ။ သူ လဲပဲ သည် အသိုင်းအဝိုင်း နဲ့ ကင်းကင်း ရှင်းရှင်း နေပေတော့ ။


ဒါဖြင့် ဘာ စီးပွားရေး လုပ်မှာလဲ တဲ့ ။


ငါ စဉ်းစားလို့ ရတာကတော့ သည်ငွေတွေ ကို သည်အတိုင်း သယ်သွားမယ့် အစား မှောင်ခိုထည်တွေ ဝယ်ခြမ်းသွားချင်တယ် ။ ရန်ကုန် ကျယင်လဲ ဖောက်သည်ဈေးနဲ့ မသွင်းနဲ့ ။ သုဝဏ္ဏ မှာပဲ အထည်ဆိုင်ကလေး ဖွင့် ။


အောင်သိန်း ကတော့ သဘော မတူဘူး ။ ဒါပေမယ့်လဲ အကျောက်အကန်တော့လဲ မကန့်ကွက်ဘူး ။ ငါ့ သဘော တခုပဲ ... တဲ့ ။


ငါ့ သဘော မပြောလဲပဲ ငါ က သည်တခါတော့ မရတော့ဘူး ။ ပိုင်းဖြတ် ထားလိုက်ပြီ ။ ပစ္စည်းတွေ ဝယ်တယ် ။


အထူးသဖြင့် ပါတိတ်တွေ ဆိုပါတော့ ။ လေးရာ့ရှစ်ဆယ် ဈေးပဲ ရှိတယ် ။ တထည်ချင်း ရောင်းမယ်ဆိုယင် ငါးဆယ့်ငါးကျပ် ရနိုင်တယ် ။


ရုံးသမားတွေ ဆိုယင်တော့ တနေ့ နှစ်ကျပ် သွင်း ။ ရက်ပေါင်းသုံးဆယ် သွင်း ။ ထဘီ တထည် ခြောက်ဆယ် ။ ထဘီ တစ်ထည် ကို ဆယ့်နှစ်ကျပ် အေးအေးဆေးဆေး မြတ်မယ် ။


ပါတိတ် က အထည် သုံးဆယ် ဝယ်တယ် ။ အဆင်ဆန်းတွေ ချည်းပဲ ။ ဆယ်ထည်တစည်း ကို လေးရာ့ရှစ်ဆယ် ဆိုတော့ တထောင့်ငါးရာ နား ကပ်သွား ရော ။


ခေါက်ထီး ကတော့ လေးရာ့နှစ်ဆယ် ဈေး ။ သွင်းဈေး ကတော့ သိပ် မရှိဘူး ။ လေးရာ့ငါးဆယ်ခြောက်ဆယ် ဆိုတာ အာဏာ ကုန်ပဲ ။


သည်တော့ တလက်ချင်းပဲ ရောင်းမယ် ။ ငါးဆယ် ၊ ငါးဆယ့်ငါးကျပ် ရမယ် ။ ထီး ကတော့ ငါးလက်လောက်ပဲ ။ နှစ်ရာကျော် သွားရော ။


ရှံ ကျတော့ မကိုက်ဘူး ။ မော်လမြိုင် မှာတွင် ဆယ်ကိုက်နှုန်း သုံးရာ့ရှစ်ဆယ် ဈေးလောက် ဖြစ်နေတယ် ။ အရင်း များတယ် ။ အမြတ် နည်းတယ် ။ ကိုယ့် ငွေနဲ့လဲ လက်လှမ်း မမီလို့ မကိုင်ဘူး ။


ပလတ်စတစ်ပစ္စည်း တွေကတော့ မဆိုးဘူး ။ အရင်းအနှီး နည်းတယ် ။ အမြတ် များတယ် ။


သည်တော့ ပလတ်စတစ် ခြင်း တို့ ခွက် တို့ ရေဘူး တို့ လက်လှမ်းမှီရာ ပစ္စည်းကလေးတွေ ဝယ်လိုက်တယ် ။


ဈေးကိုင် ရုံးကိုင် ပလတ်စတစ်ခြင်း ဆိုယင် နှစ်ရာ့နှစ်ဆယ် ဈေးပဲ ရှိတယ် ။ ရန်ကုန် မှာ တလုံးဈေး နှစ်ဆယ့်ခုနစ်ကျပ် တော့ ရနိုင်တယ် ။


သည်တော့ ပလတ်စတစ်ခြင်း ကြီး လတ် ငယ် ဝယ်တယ် ။ ထမင်းအုပ် ၊ စကာ စတဲ့ ပစ္စည်းကလေးတွေလည်း တထောင် ဖိုးလောက် ဝယ်လိုက်တယ် ။


အချိုမှုန့် အိုးတံဆိပ် အထုပ် နှစ်ရာ လဲ ဝယ်ခဲ့တယ် ။ ခြောက်ရာ ဈေး ။


ဆိုင်တော့ ဘယ်ဆီနေမှန်း မသိသေးဘူး ။ ပစ္စည်းတွေတော့ ဝယ်လိုက်လိုက်ပြီ ။ ဖြစ်ချင်ရာဖြစ် လို့ပဲ သဘောထားလိုက်ပြီ ။ ငွေလေးထောင် ကုန်သွားတယ် ။ ပါလာတာကလေး နဲ့ ဆိုတော့ ဘာပဲပြောပြော လက်ထဲမှာ တထောင်ကျော်ကျော် ပဲ ကျန်တော့တယ် ။


စပို့ရှပ်ကလေး လေးငါးထည်လောက် ထပ်ပြီး အစမ်းဝယ်လိုက်တယ် ။


စမ်းကြည့်တာလေ ။ အလုပ်ဖြစ်မယ် ဆိုယင် အောင်သိန်း ကို တခေါက် ပြန်လွှတ်မယ် ။ ငါ ဆိုင် ထိုင်မယ် ။ အလုပ် မဖြစ်ယင်လဲ ငွေချည့်သုံးတာ နဲ့ စာယင် ပစ္စည်းရောင်း သုံးတာက တော်ဦးမယ် ။ နှစ်လ စားရမယ့် နေရာမှာ သုံးလ စားရမယ် ။


အမေ့ အိမ် ရောက်တော့ ပစ္စည်းတွေလဲ ပါလာတယ် ပြောတော့ ။ အမေ က အံ့ဩနေတယ် ။ တသက်လုံး အမေ ချက်ကျွေးတာ လက်ဆေး စားလာတဲ့ ကောင်မ က မှောင်ခို ကုန် ကူးပြီး ၊ မှောင်ခို ပစ္စည်း ရောင်းမယ် ဆိုတော့ အမေ မအံ့ဩပဲ ဘယ် နေမှာလဲ ။


ငါ လှုပ်ရှားသွားလာ လုပ်ကိုင်နေတာကို အမေ ဘာတခု မှ မသိဘူး ။ ငါ့ ညီမ ဆု လဲ မသိဘူး ။ သိလို့လဲ မဖြစ်တဲ့ ကိစ္စပဲ ။


သည်တော့ အောင်သိန်း အိမ်ပွဲစား ကားပွဲစား လုပ်တာ မဆိုးပါဘူး ဆိုပြီး အမေ့ကို လိမ်ညာထားရတယ် ။


ငါ ကလဲ တမျိုးပဲ ငါ နဲ့ ပတ်သက်တဲ့ ငါ့ လင် ကို ငါ့ အမေ ငါ့ ညီမ က အထင်အမြင် မသေးစေချင်ဘူး ။


ကြုံဖူးပြီလေ ... ငလွင် နဲ့ တုန်းကပေါ့ ။ ငလွင် မကောင်းကြောင်း ၊ မယား နဲ့ ညီမ ယှဉ်ယင် ညီမ ဘက် ပါကြောင်း အမေ့ ကို ပြောပြဖူးထားတော့ အမေ ကလဲ ငလွင် ကို အစိုင်အခဲကလေးတော့ ဖြစ်နေရော ...


ငါ နဲ့ စကား များတော့ သမီး ဘက်က တခွန်းစ နှစ်ခွန်းစ ဝင်ပြောတော့ တာပေါ့ ။


ဒါကြောင့် ငါ က အောင်သိန်း နဲ့ ပတ်သက်ပြီး အမေ့ ကို အမွှန်းတင် ပြောထားတယ် ။ စီးပွားရှာ ကောင်းကြောင်း ။ ငါ့ ကို ဘယ်လောက် ဂရုစိုက်ကြောင်း ပြောထားတယ် ။


ဘာပဲ ပြောပြော ငါ့ အမေ ကလဲ ငါ့ ကို တလင် နဲ့ပဲ မြင်ချင်တာကိုး ... ။ ငလွင် နဲ့ ကွဲရတဲ့ အကြောင်းမှာ အောင်သိန်း ရဲ့ ပယောဂ ပါတယ် ဆိုတာလဲ သိထားတယ် ။


သည်တော့ အောင်သိန်း ကို အမေ သိပ်ပြီး မျက်စိထဲ မတွေ့ချင်ဘူး ။ ဒါကြောင့်လဲ မသိမသာကလေး အိမ်ပေါ် က နှင်လွတ်ထားတာ မဟုတ်လား ... ။


ခု ပစ္စည်းတွေ ပါလာတယ် ဆိုတော့ အမေ ကလဲ ငါ့ မရောင်းတတ် မဝယ်တတ်မှာ စိုးရိမ်တယ် ။ ဖောက်သည်ဈေး နဲ့ သွင်းဖို့ အမေ က တိုက်တွန်းသေးတယ် ။


ဒါပေမယ် ငါ့  ရည်မှန်းချက် နဲ့ ငါ ဆိုတော့ ကိုယ်တိုင်ပဲ လက်လီ ရောင်းကြည့်ချင်တယ်လို့ ပြောရတော့တာပေါ့ ။


သည်တော့ မတတ်သာတဲ့ အဆုံး အမေ က ပြောတယ် ။ အမေ့ အိမ်ကို ပြန်ပြောင်းလာခဲ့ပါတဲ့ ။


ပုစွန်တောင်ဈေး ထဲက အမေ့ အသိ ဆိုင် တဆိုင် အားနေတယ်တဲ့ ။ အဲသည် ဆိုင်မှာ တင်ရောင်းချင်ယင် ရောင်းလို့ ရနိုင်တယ်တဲ့ ။ ပြောပေးမယ် ပြောတယ် ။


ငါ အောင်သိန်း ကို မတိုင်ပင်တော့ဘူး ။ သူ့ ပါ ခေါ်ပြီး သုဝဏ္ဏ ကနေ အမေ့ အိမ် ကို ပြောင်းတက်ခဲ့တယ် ။ ဟိုဘက် လောကနဲ့လဲ တခါတည်း ပြတ်အောင်လို့ ။


မော်လမြိုင် က အပြန်မှာ ငွေ တန်ဖိုး ကို အတော် သိလာကြတယ် ။ မှောင်ခို အရောင်းအဝယ် လုပ်နေတဲ့ မိန်းမငယ်လေးတွေ ကို ကြည့်ပြီး ရင်ထဲ မောမိတယ် ။


မိန်းမ လဲ မိန်းမ အလျောက် မလွယ်ပါဘူး ။ ယောက်ျား လဲ ယောက်ျား အလျောက် မလွယ်ပါဘူး ။ စိတ်မောရတယ် ။ လူမောရတယ် ။ ငွေရှင် ဘက်က ကြည့်ယင်လဲ ရင် တမမ ။ ပစ္စည်း အသိမ်းခံရပြန်ယင်လဲ နစ်ပြန်ရော ။


ပစ္စည်းသယ် တဲ့ မိန်းကလေးတွေ ဆိုပါတော့ ။ အပျိုစင်စစ် က ကိုယ်ဝန်ဆောင် ပုံ ပေါက်နေတယ် ။ အထည်တွေ ကို ခါးမှာ ပတ်လာရတာကို ။


ငွေကလေး အနည်းအကျဉ်း မြတ်ဖို့ သွားရ ၊ လာရ ၊ စွန့်စားရတာ မလွယ်ဘူး ။


ငါတို့ လုပ်ငန်းကို ကြည့်တော့လဲ မှောင်ခို ထက်တော့ ငွေ ပိုရပါရဲ့ ။


ဒါပေမယ့် ငါတို့ လဲပဲ မှောင်ခိုသမားတွေလို ပါပဲ ။ ကျီးလန့်စာစား အလုပ် လုပ်ရတာပဲ ။ စိတ်ပန်းတယ် ။ လူပန်းတယ် ။ ပိုဆိုးတာက ဘဝ ပါ ပန်းတယ် ။


သည်တော့ အားခဲ မိတယ် ။ ကောင်းရောင်းကောင်းဝယ် စမ်းကြည့်မယ် ။


◾မောင်သာရ


📖ပြုံးတတ်တယ် ခေါင်းညိတ်တတ်တယ် 


koaungnaingoo.blogspot.com


.

No comments:

Post a Comment