Tuesday, November 9, 2021

ပြုံးတတ်တယ် ခေါင်းညိတ်တတ်တယ် ၃ + ၄


 အခန်း ( ၃ )


လူဆိုတာ ကိုယ့်ဘဝကလေး ကိုယ်တော့ လှပစေ့ချင်ကြတာပဲ ။ အခြေခိုင်စေ့ချင်ကြတာပဲ ။ တည်တည်တံတံ ရှိစေ့ချင်ကြတာပဲ ။ ဒါပေမဲ့ ဖြစ်မလာတော့လဲ မတတ်နိုင်ဘူး ။


ကောင်မတွေ ကတော့ လှောင်ကြတယ် ။ ကြော့ တစ်ယောက် ခုထက်ထိ နှလုံးသား အနယ် မထိုင်သေးဘူး ... တဲ့ ။ ဂယက် ထတုန်းပဲ ... တဲ့ ။


ဒိုးကလေး ကလဲပဲ မေးတယ် ။ ကြော့ ရယ် ... ခုထိ နှလုံးခုန်တုန်း ၊ ရင်ခုန်တုန်းပဲလားကွယ် ... တဲ့ ။


ငါ့ အသိုင်းအဝိုင်း ထဲမှာတော့ ငါဟာ ဟားစရာကြီး ဖြစ်နေတယ် ။ ငါ ကလဲ ငါ ပဲ ။ ချစ်မိယင် အသည်း စွဲ ။ မိုးမမြင် လေမမြင် ကို ...  ။


ငါ့ကိုယ် ငါ လည်း ပြန်စဉ်းစားတယ် ။ ငယ်တော့တာလဲ မဟုတ်ဘူး ။ လာမယ့် စက်တင်ဘာ ( ၃ဝ ) ရောက်ယင် သုံးဆယ့်တစ်နှစ် ပြည့်ပြီ ။

သက်လတ်ပိုင်း ထဲ ဝင်ပြီဆိုပါတော့ ။ ဒါပေမယ့် ကောင်မတွေ ပြောသလိုပဲ ။ နှလုံးသားနဲ့ ပတ် သက်လာရင် အနယ် မထိုင်ချင်သေးဘူး ။


အတွေ့အကြုံ နည်းသလား ဆိုတော့လဲ မနည်းလှဘူး ။ တွယ်ခဲ့ဖူးတဲ့ သံယောဇဉ်တွေလည်း အပုံပဲ ။ ဒါပေမဲ့ သိတယ် မဟုတ်လား ။ ကိုယ်က ဖြတ်ရတယ်ကို မရှိဘူး ။ တဘက်ကချည်း ဖြတ် ဖြတ်သွားကြတာ ။


ကြေကွဲရတဲ့ အခါပေါင်းလဲ များပြီ ။ နှလုံးနာရတဲ့ အကြိမ်ပေါင်းလဲ များပြီ ။ မျက်ရည်မဆည်နိုင်တဲ့ အကြိမ်ပေါင်းလဲ များပြီ ။


ဒါပေမယ့် အခုထက်ထိလဲပဲ အချစ်ကို ငါ ကိုးကွယ်နေတုန်းပဲ ။ အချစ် အတွက် စွန့်စားချင်တုန်းပဲ ။ အချစ်အတွက် စိတ်ဝေဒနာ ခံစားရတုန်းပဲ ။


အေးလေ ... ငါကလဲ ဘယ်အကောင့် ဝဋ်တွေ လည်မှန်းမှ မသိတာ ။ ရှိပေလေ့စေတော့ ။ ပြောကြပလေ့စေတော့ ။ လူဆိုတာ ကိုယ့်အကြောင်းကိုယ် အသိဆုံးပဲ ။


ပြောမယ့်သာ ပြောကြတာပါ ။ ငါ့ ကောင်မတွေထဲမှာလဲ ငါလို အသည်းနုတဲ့ လူတွေ အပုံပါပဲ ။ ငါ့ကို ပြောတဲ့ ဒိုးကလေး ကိုပဲ လေ့လာ လေ့လာ ၊ မိသီတာ့ အကြောင်းကိုပဲ စဉ်းစားစဉ်းစား ၊ အဖြေ ပေါ်လာတယ် ။


ဒိုးကလေး နဲ့ ဆိုယင်လဲ သူ့ယောက်ျား ကို လှန်ရဲတာမှမဟုတ်ပဲ ။ သူ့ကိုယ်နဲ့ ရင်းပြီး စီးပွားရှာနေတာ မှန်ပေမယ့် ၊ သူ့တကိုယ် သူ့တခါးစာမှ မဟုတ်တာပဲ ။ သူ့ လင်ကို သူရှာရမျှနဲ့ ဖို့နေတာ ငါ မသိတာမှ မဟုတ်ပဲ ။


မိသီတာ အဖြစ်က ပိုဆိုးသေးတယ် ။ သူ့မှာ က လင်မှတ်မှတ် သားမှတ်မှတ် ပေါင်းမယ့် လူကို မရှိတော့ဘူး ။ သူ့ လင် က သူ့ ကို ပစ်သွားတာလဲကြာပြီ ။ ဘယ်ရောက်လို့ ဘယ်ရောက်နေမှန်းလဲ မသိတော့ဘူး ။ စာမလာ သတင်းမကြား ဆိုတာမျိုး ။ ကြာပြီ ။ သူ့ဝမ်းသူ ကျောင်းနေရတယ် ။ ကလေးငါးယောက် တာဝန်ကို ထမ်းနေရတယ် ။ သည်ကြားထဲက နောက်တွေ့တဲ့ ခြောက်စောင်း ကို အရက်ဖိုး ပေးနေရတာ ချစ်လို့ပဲ မဟုတ်လား ။


ငါ လဲပဲ မတွေ့ဖူးတာမှ မဟုတ်ပဲ ။ တွေ့ဖူးသမှ တရားဝင် လင် သုံးယောက် တောင် ယူခဲ့ဖူးတာပဲ ။ မြဲတော့ တစ်ယောက်မှ မမြဲဘူးပေါ့လေ ။

ကွဲကုန်ပြီပေါ့ ။


ဘဝဝင်္ကပါ လမ်းတလျှောက် တွေ့လာခဲ့ရတဲ့ ယောက်ျားတွေကတော့ မပြောနဲ့တော့ ။ လူမျိုးစုံ ။ အရွယ်စုံ ။ စရိုက်မျိုးစုံ ။ အမျိုးမျိုး အဖုံဖုံ ။


အိမ်က မိန်းမကြီးကို ကွာပစ်မယ် ကျိန်ပြောတဲ့ လူကလဲ ပြော ။ ရည်းစားကို ဖြတ်လိုက်တော့မယ် ပြောတဲ့ လူကလဲ မနည်း ။ လက်ထပ်ယူနိုင်မလား ဆိုတော့လဲ ခုလားလို့ မေးတဲ့ သူချည့်ပဲ ။


အိမ်တဆောင် မီးတပြောင်တင် မကဘူးဟေ့ ။ မော်တော်ကားတောင် အဆစ် ထည့်ပေးမယ့်သူတွေလဲ ပါတယ် ။


ဒါပေမယ့် ငါ ကလဲ ငွေ မမက်ဘူး ။ ဥစ္စာ မမက်ဘူး ။ အချစ်ကိုပဲ ကိုးကွယ်ချင်တယ် ။


အေး ... တွေ့ဖူးသမျှ ထဲမှာတော့ သည် ယောက်ျားက အဆန်းဆုံးပဲ ။ ဘာကြောင့်မှန်းတော့ မသိဘူး ။ သူ့ ကို ငါ အချစ်ဆုံး ။


အရွယ်ကလဲ ငါ့ထက် သုံးနှစ်ကျော် ငယ်မယ် ။ သည့်ထက် မလျော့ဘူး ။


ရုပ်ချောသလား ဆိုတော့လဲ ။ ငါ ဘာ ပြောရမလဲ ။ ခေါင်းခါရမှာပဲ ။


ချမ်းသာသလားလို့ မေးယင်ကော ... ငါ ဘယ်လို ဖြေရမလဲ ။ ခေါင်းခါရမှာပဲ ။


သွယ်သွယ်လျလျ ... ညိုညိုကြမ်းကြမ်း ။ ပြီးတော့လဲ မျက်မှန်တကားကားနဲ့ ။ သည်ကြားထဲ ဆေးတံကိုလဲ ခဲလိုက်သေးတယ် ။


ဆံပင်ကလဲ ကျဲတယ် ။ စဉ်းစားလွန်းလို့ပဲလား ။ ဒါမှမဟုတ် သွေးကြောင့် ပဲလား ။ မပြောတတ်ဘူး ။ အသက်ထက် ပိုပြီး အိုစာတယ် ။ ဖြူတဝက် မည်းတဝက် ။ ဒါပေမယ့် ဆေးဆိုးထားလို့တော့ တယ်မသိသာဘူး ။


အသားဖြူတာကလေးတခုပဲ ချီးမွမ်းစရာ ကျန်တယ် ။ ဒါတောင် မျက်နှာမှာ ကျောက်ပေါက်မာ သက်သက်က ရေးရေး ထင်ချင်တယ် ။


အဲ ... အပြောချိုသလားဆိုတော့လဲ မချိုဘူး ။ ပြေပြေပြစ်ပြစ် ဖွဲ့ဖွဲ့နွဲ့နွဲ့ ဘယ်တော့မှ မပြောတတ်ဘူး ။ ပြောလိုက်မှဖြင့် ပြတ်တိ ပြတ်တောင်း ။ ဘုကန့်လန့် ။ လူ့ ခွစာပါလို့ ဆိုနေ ။


သားသားနားနားကော ဝတ်စားထားတတ်သလား ဆိုတော့ မထင်နဲ့ ။ အင်္ကျီက ချွေးနံနဲ့ ။ လုံချည်ကလဲ ခါးတောင်းကျိုက် ဖြေချလာတဲ့အတိုင်းပဲ ။ တွန့်ကြေလို့ ။


ဒါပေမယ့် ငါ သူ့ကို သိပ် ချစ်တယ် ။ အတူ နေချင်တယ် ။ ငါ့ အရိပ်လို ငါ သွားရာမှာ အမြဲ ငါ နေစေ့ချင်တယ် ။


ဘယ်သူ့ကိုမှ မချစ်ဖူးသေးတဲ့ အချစ်နဲ့ သူ့ ကို ငါ ချစ်တယ် ။ ဒါပေမယ့် ဘာကို ချစ်တာလဲမေးယင် ငါ မဖြေတတ်ဘူး ။


အေးလေ ... ထူးတဲ့ အချက်ကလေးတွေ တော့ ရှိတာပေါ့ ။ ဘယ်သူနဲ့မှ မတူအောင် ထူးတဲ့လူ ။


' စိန်မျက်လုံးနှင့် ပြုံးတဲ့သခင် ၊ မြမျက်လုံးနှင့် ပြုံးတဲ့သခင် ၊ ပတ္တမြားမျက်လုံးနှင့် ပြုံးတဲ့သခင် ၊ ကျေးဇူးရှင် ကိုယ်တော်လေးဘုရား ... ၊ နန်းပိုင်တဲ့မင်း ၊ ရုံးပိုင်တဲ့မင်း ၊ ဒါးပိုင်တဲ့မင်း ၊ ကျားပိုင်တဲ့မင်းပါ ဘုရား ၊ ကိုယ်တော့်ညီဖွား ကြာသာပတေး သားကြီး ကို နှမတော် တနင်းလာ သမီးထံ နာရီပိုင်းအတွင်း လာရောက်အောင် ကိုယ်တော် ဆွဲဆောင်ခေါ်ယူလာ ပေးတော်မူပါ... ။'


' တနင်းလာသမီး နှမတော်ကြီး စိတ်ဝေဒနာ ခံစားနေရတာတွေကို သိတော်မူပါစ ၊ ကြားတော်မူပါစ ၊ မြင်တော်မူပါစ ၊ ကြာသပတေးသားကြီး

တနင်းလာ သမီးထံ ကို နာရီပိုင်းအတွင်း ရောက်လာမယ်ဆိုယင် ကိုယ်တော့် ကို နှမတော်ကြီး က ဒံပေါက်ပွဲများဖြင့် တင်ဆက်ပသပါ့မယ် ဘုရား ...  ။'


' ကြာသပတေးသားကြီး အပြောမှား ၊ အဆိုမှား ၊ အနေမှား ၊ အထိုင်မှား ရှိယင်လဲ ခွင့်လွှတ်တော်မူပါ ။ နှမတော်ကြီး ကပဲ ကြာသာပတေးသားကြီး ကိုယ်စား တောင်းပန်ပါတယ် ။ ကိုယ်တော် ခွင့်လွှတ်တော်မူပါ ။ ဆယ်မျက်နှာ ဆယ်တံခါးဝ ကနေ လာဘ်လာဘများ ဖွင့်ပေးတော်မူပါ ။ ဆထက်ထမ်းပိုး တိုးလို့ ကိုယ်တော်တို့ ကို လှူနိုင်တန်းနိုင်အောင် မစတော်မူပါ ။'


' လူ့ကတိ နတ်ကတိ တည်တည်ကြည်ကြည်နဲ့ နှမတော်ကြီးရဲ့ ယောက်ျား ကြာသာပတေးသားကြီး နာရီပိုင်းအတွင်း ရောက်ခဲ့ယင် နှမတော်ကြီး ကတိ ရှိခဲ့တဲ့အတိုင်း ဆက်ပါ့မယ်ဘုရား ...'


လင်တရူး လို့ပဲ ပြောပြော ၊ ပြောချင်ရာ ပြော ၊ ငါ ကတော့ ငါ့ ကိုယ်တော်ကို တိုင်တည်ရမှာပဲ ။


ဒါပေမယ့် သည်နေ့လဲ ဖွာတော်ဖွာတာ အား မရဘူး ။ ထက်ဝက်တော့ မကဘူး ။ သုံးချိုး နှစ်ချိုး ကျိုးတယ် ။ စိတ် မချရဘူး ။


ငါက တိုင်တည်ပြီးသား ။ ကိစ္စဝိစ္စတွေ ချောချောမောမော ပြီးစီးပြီး ကြာသာပတေးသားကြီး သည်နေ့မှ နှမတော်ကြီးဆီ စောစော ရောက်ပါစေလို့ ။


မနက်ကတည်းက အိမ်တွင်း ဖခင်ကိုလဲ ယပ်စည်းပြီး လက်ဖက် ဆက်တယ် ။ ပြီးတော့ ရွှေနန်းသူသခင်မ ၊ ရွှေပိုးဖြူသခင်မ ၊ ရွှေနှဲသခင်မလေး ကိုလဲ ဘက်စေ့ ဘက်စေ့ ရွှေဖင်စိ ဆက်တယ် ။ ပန်းဆက်တယ် ။


မျှော်ရလွန်းလို့ မောတယ် ။


နေပဲ စောင်းပေါ့ ။


သည်အချိန် မှ ရောက်မလာယင် ရောက်လာမယ် မထင်ဘူး ။


သူ့အလုပ်ကလဲ အများသား ။ နိုင်ငံခြား သစ်ကုမ္ပဏီ တခုရဲ့ မြန်မာပြည် ကိုယ်စားလှယ် ဆိုလားပဲ ။ သေသေချာချာတော့

မေးမကြည့်ဖူးပါဘူး ။ သူ ပြောသမျှပဲ ကြားရ သိရတယ် ။


မိဆု ရေ ... မိဆု ၊ အဲသည် ငရုတ်သီးထောင်းပန်းကန် နဲ့ တညင်းသီး တွေကို သိမ်းလိုက်တော့ ။


အငယ်လေး ... မေမေ့ ကို သွေးကျဆေးတလုံး ယူလာပေးစမ်း ။ ရေတခွက်ပါ ယူလာခဲ့ ။


◾မောင်သာရ


📖 ပြုံးတတ်တယ် ခေါင်းညိတ်တတ်တယ်



အခန်း ( ၄ )


လာချင်ယင်လဲ လာ ။ သဘော ။


မလာချင်ယင်လဲ နေ ။ သဘော ။


ဟုတ်တယ် ။ မျှော်ရလွန်းတော့လဲ မောလာတယ် ။


သေသေချာချာ မှာလိုက်တယ် ။ သောကြာနေ့ စတော် တိုက်ရမယ်လို့ ။ သေနာမ ဒိုးကလေး ။ မနေ့က ရောက်လာဖို့ ကောင်းတာ ။ ရောက် မလာဘူး ။


မနေ့က ပြန် မရောက်တာတော့ အရေး မဟုတ်ဘူး ။ မနေ့က ဗုဒ္ဓဟူးနေ့ ။ ဗုဒ္ဓဟူးနေ့ ဆိုယင် နတ်ရူးတောင် မကြွဘူးတဲ့ ။ အဆို ရှိတယ် ။


ဒင်း မနေ့က ရောက်လာလည်း ဘာမှတော့ လုပ်လို့ရမှာ မဟုတ်ပါဘူး ။ ဒါပေမယ့် လာမယ်လို့ ငါ့ ကို ပြောသွားလို့ ကတိတည်မှ ငါ ကြိုက်တယ် ။


သည်ကနေ့ကတော့ ကြာသပတေးနေ့ ။ စောစောရောက်ဖို့ ကောင်းတယ် ။ ခုပဲ ဆယ်နာရီ တမတ် စွန်းနေပြီ ။ သေနာမ ဘယ်သွား သေနေလဲမှ မသိတာ ။ အချုပ်ထဲပဲ ရောက်နေပြီလား ။ ရောက်ယင်လဲ အကောင်းသား ။ သည်တော့မှ ဒင်း အကြောင်းကောင်းကောင်း သိမယ် ။


စတော် တိုက်မှာက မနက်ဖြန် မှပါ ။ သောကြာနေ့မှ တိုက်ရမယ် ။ ဒါပေမယ့် ဘာပဲပြောပြော ဒီကနေ့ ဝယ်ခြမ်းစရာလေးတွေ ရှိတယ် ။ ငါ့ အကြွေးလဲ ရစရာ ရှိတယ် ။ ဒါကြောင့် ငါ တောင့်တမိတာ ။


စတော် တိုက်တာ ဘာ ကုန်တာမှတ်လို့ ။ ကုန်လှ ငါးဆယ် ပေါ့ ။ ငါကလဲ ပြောလိုက်တယ် ။ ငါးဆယ် ပဲ ငါ့လက်ထဲ အပ်လိုက် ။ အပြီးအစီး ငါ တာဝန်ယူတယ် ။


ဟို နတ်ကတော် ရင့်မကြီးတွေဆီ သွားလို့ကတော့ ၊ ဟင်း .... သည်လောက်နဲ့ ဘယ်လာရလိမ့်မှာလဲ ။


အေး ... ရိုးရိုးသားသား ပြောရရင် ငါ့အတွက် နှစ်ဆယ်လောက်တော့ ကျန်တယ် ။ သည်လောက်တော့လဲ ကျန်ပေဦးမှပေါ့ ။ အသည်းအမြစ်ကလေး မစားရတာလဲ ကြာသွားပြီ မဟုတ်လား ။


ကြည့်လေ .... အသည်းအမြစ် ကပဲ ငါးပုံ ။ အမေဂျမ်း နဲ့ မယ်တော်လေးပါး ပေါင်း ပူဇော်ရတာ ။ အသည်းအမြစ် ငါးစုံ ဆိုတော့ တစုံ နှစ်ကျပ်ခွဲ ပဲ ထား ။ ဆယ့်နှစ်ကျပ်ခွဲ သွားပြီ ။ အလင်းတိုင်တော်က ငါးတိုင် ။ ဘာပြောပြော သူကလဲ ဆယ့်နှစ်ကျပ်ခွဲ သွားပြီ ။


ပြီး ထမင်းဦးပေါင်း က ငါးပွဲ ။ ဘာပဲပြောပြော နှစ်ကျပ် တော့ ကုန်မယ် ။


ဟင်းခါး တခွက်ကလဲ ကိုယ်ပါ သောက်ရအောင် ဆိုတော့ တကျပ်ခွဲ လောက် ကုန်မယ် ။


ဟင်းချက်ဖို့ ဆီ ၊ ငရုတ်သီး ၊ ကြက်သွန်က မကုန်ဘူး ဆိုတော့တောင် သုံးကျပ် တော့ထား ။


ထန်းရည်ခါး မရတော့ အရက်လဲ နှစ်ကျပ်ဖိုး လောက်မှ ဖြစ်မယ် ။


အမွှေးတိုင်က တထုပ် တကျပ် ။


ပန်း ဝယ်ရမယ် ။ နှင်းဆီပန်းလှလှ ငါးပွင့်ဆိုရင် တကျပ်ခွဲ ။ ပြီးတော့ .... အမေဂျမ်း ကို ငါက ဆက်ပေးရတဲ့အတွက် ငါးကျပ်တမတ် က ငါ့အတွက် ။ သည်တော့ မကုန်ပါဘူး ။ အာဏာကုန် နှစ်ဆယ် ။ အစိတ် ပါပဲ ။


သည် ကောင်မကလဲ အိမ်မှာ အိပ်ပြီး ဈေးဖိုး မပေးပဲ နှစ်ရက်လောက် ဝင် စားသွားဦးမယ် မဟုတ်လား ။


ငါက ဇယားသမားတော့ မဟုတ်ပါဘူး ။ ငွေရေးကြေးရေးနဲ့ ပတ်သက်လို့ ဘယ်တော့မှ စကား မပြောချင်ဘူး ။ ကိုယ့် ရှိရင် ကိုယ်ကသာ ထုတ်ချင်တာ ။


ဟဲ့ ... ကိုယ်တိုင်က ဖျာပေါ်မှာ ပိုက်ဆံ ရှာလာတဲ့ လူပဲ ။ သုံးဖူးတယ် ။ စွဲဖူးတယ် ။ လက်ဖွာတယ် ။ မရှိခါမှ ထိုင်နေရော ။


ဒါပေမဲ့ မရှိတဲ့ အခါမှာတော့ ရပေါက်ကလေးတွေ စဉ်းစားရမယ် ။ ကုန်ပေါက်ကလေးတွေ စဉ်းစားရမယ် ။ ဒါကို မြင်မြော်တယ်လို့ ဆိုမလား ။


စဉ်းစားကြည့်လေ ... ။ ဈေးနေ့က နီးနေပြီ ။ သန်ဘက်ခါ တနင်္ဂနွေနေ့ ။ မန္တလေးမှာ ဈေးနေ့ ။


စနေညနေမှာ ရန်ကုန် က ပစ္စည်း မန္တလေး ကို ပို့မယ် ။ သည်တော့မှ ဈေးနေ့မှာ ပစ္စည်းအလဲအလှယ် အံကိုက်မယ် ။


မန္တလေး က ပစ္စည်းဆင်းရှာတဲ့ လူလည်း ပစ္စည်းလေးခုပဲ ရသေးတယ် ။ ပစ္စည်းတစ်ခု လိုသေးတယ် ။ သည်တော့ ငါက မိညို ကို ငါ့ပစ္စည်းအဖြစ်နဲ့ ပြမလို့ ။


တကယ်လို့ ပစ္စည်း ကြိုက်သွားရင် သူလဲပဲ အလုပ် ဖြစ်မယ် ။ ကိုယ်လဲပဲ အလုပ် ဖြစ်မယ် ။ ငါ့ ပစ္စည်းစွံဖို့ ငါက အမေဂျမ်း ကို အကူအညီ တောင်းထားပြီးသား ။ ကတိလဲ ခံပြီးသား ။


နတ် နဲ့ နဂါး မလှည့်စားကောင်းဘူးတဲ့ ။


ကိုယ့်ပစ္စည်း မကောင်းလို့ မစွံမှာ စိုးရိမ်တဲ့ သဘောတော့လဲ မဟုတ်ပါဘူး ။ တကယ်တော့ ကိုယ့်ပစ္စည်းကလဲ အပြင်ပန်း ကောင်းပြီးသားပဲ ။ တခုကလေးပဲ ပြောစရာ ရှိတယ် ။ မညို က ညိုတယ် ။ ညှက်တယ် ။ ဒါပေမယ့် တကယ့် တကယ် ကျတော့ ညှက်တာ က တမျိုးကောင်းတယ် ။ အသက် ငယ်ချင်လို့ ရတယ် ။ အသက်ကို မှန်းလို့ တော်တော်နဲ့ အမှန် မရနိုင်ဘူး ။ မိညို ရဲ့ အသက်က ခုဆို နှစ်ဆယ့်ငါးနှစ် စွန်းနေပြီ ။ ဒါပေမဲ့ နှစ်ဆယ် ဆိုလဲ ယုံကြတာ ပါပဲ ။


အေး ... ပစ္စည်းရွေးသူ ကတော့ အသား ဖြူဖြူဖွေးဖွေး မှ ကြိုက်တတ်တယ် ။ ကိုယ်လုံးကိုယ်ပေါက် ကို ငါးရံ ကိုယ် မှ ။ အသားကျတော့လဲ ရေဆေးငါး မှ ။ အရွယ် ကျတော့လဲ နှစ်ဆယ်အောက် မှ ။ ဒါက ပစ္စည်းရွေးသူရဲ့ အကြိုက် ။


ဒါပေမဲ့ ဒီလို စင်းလုံးချောကြီးတော့လဲ ဘယ်လာ ရမှာလဲ ။ တဘက်ဘက်မှာတော့ ချွတ်ယွင်းချက် ရှိမယ် ။ အနာအဆာ ကလေး ၊ အပြစ်လေး နည်းနည်းတော့ ပါမှာပဲ ။


အကောင်းဘက်က ကြည့်မယ်ဆိုယင် မိညို မှာ အမှတ်ကောင်းရနိုင်တဲ့ အချက်တွေ ရှိတယ် ။ ကိုယ်လုံးကိုယ်ပေါက် ကျစ်လစ်တယ် ။ အမို့ အမောက် ၊ အချိုင့် အဝှမ်း ၊ သူ့နေရာနဲ့ သူ ပြည့်စုံတယ် ။ ပြီးတော့ မျက်လုံး ကြည်တယ် ။ အပြော ချိုတယ် ။ ဆံပင် တိုတယ် ။


ပြီးတော့လဲ တစ်ယောက်နဲ့ တစ်ယောက် အကြိုက်ချင်း တူတာမှ မဟုတ် တာ ။ ငါ့ ယောက်ျားကိုပဲ ကြည့်လေ ။ ငါးသံချိတ် တို့ ငါးဘဲဖြူ တို့ မှ ကြိုက်တယ် ။ ကြိုက်ပါတော့လား ။ ငါးကြင်း တို့ ၊ ငါးမြင်း တို့ ။ ကောင်းတိုင်းလဲ ကြိုက်ကြတာ မဟုတ်ဘူး ။ တချို့က ညံ့မှ ကြိုက်တာ ။


ဖြူဖြူ သန့်သန့် ခန့်ခန့်မှ ကြိုက်တဲ့သူလဲ ရှိတာပဲ ။


သေးသေးညှက်ညှက် ကလေး မှ ကြိုက်တဲ့ သူလဲ ရှိတာပဲ ။


သည်တော့ ငါ့ ပစ္စည်းအတွက် ငါ မစိုးရိမ်ဘူး ။ သူ့ အတိုင်းအတာနဲ့ သူတော့ စွံမယ် ။ သေချာတယ် ။ ဒါပေမယ့် ဟိုရောက်ယင် အပြိုင်အဆိုင် အလုပ် လုပ်ရမှာ ။ သာသူ စားစတမ်း ။ များများ အလုပ်လုပ်ရမှ များများ ရမှာ ။


သည်တော့ မျက်နှာပန်းပွင့်ဖို့ လိုတယ် ။ အမေဂျမ်း အကူအညီလဲ လိုတယ် ။


သည်မယ် ... ငါ့ တသက် ပွဲကြီးပွဲငယ် အသွယ်သွယ် နွဲလာခဲ့ဖူးပြီ ။ သည်လမ်းတွေ က ငါလျှောက်ဖူးခဲ့တဲ့ လမ်းတွေပါ ။ ငါ မသိတာ မရှိဘူး ။ ငါ့ စကား ကို နားထောင်ယင် ဘယ်တော့မှ မမှားဘူး ။


ငါလေ ... တယ် ။ သည် ယောက်ျားကြောင့်သာပေါ့ ။ မဟုတ်ယင် အပြိုင်တောင် ဝင်ကြဲလိုက်ချင်သေးတယ် ။ ငါ့ ထက် ဆယ်နှစ်နီးပါး ငယ်တဲ့ မိညို လို ဟာမျိုးလဲ မမှုဘူး ။ ဈေးတပတ် ဝင်ငွေမှာ မိညို ထက် ပို ရရစေ့မယ် ။ မပိုယင် ငါ ရသမျှကို တပြားမကျန် အကုန်သာ ယူသွား ။ လှူလိုက်မယ် ။ လောင်းကြေး စား ကြေး ။


ငါ့ ရုပ်က လှလို့လား ဆိုတော့ မလှပါဘူး ။ ငါ့ ကိုယ်က လှလို့လား ဆိုတော့လဲ မလှပါဘူး ။


ငါက အပြောလဲ မချိုပါဘူး ။ ယောက်ျားတစ်ယောက် ကို ပွတ်သီး ပွတ်သပ်လဲ မလုပ်တတ်ဘူး ။ အလုပ် သဘောအရပဲ ။ မပိုဘူး ။ တစက်ကလေးမှ မပို ဘူး ။


ဒါပေမဲ့ ငါ အလုပ်ဆင်းတုန်းက ဆိုရင် ငါ့ ခေတ်နဲ့ငါတော့ ဈေးတပတ် စံချိန်ကို တင်ထားနိုင်တဲ့ မိန်းမပဲ ။


ငါ့ အရင် ဈေးတပတ်ဝင်ငွေ တင်ထားခဲ့တာ က အဲလစ် ။ ဗိုလ် ကပြားမလေး ။ ဈေးတပတ် မှာ သုံးထောင့်ရှစ်ရာ ရတယ် ။ ငါက လေးထောင်ကျော် နဲ့ အဲ သည် စံချိန်ကို ချိုးခဲ့တယ် ။ စံချိန်သစ် တင်ခဲ့တယ် ။ မှတ်ကရော ။


အမေဂျမ်း လေ ... အမေဂျမ်း ရဲ့ ကျေးဇူးတွေပေါ့ ။


စတော် ဖူးပြီး ကောင်းကောင်း တိုင်တည်လိုက်တယ် ။


' အမေရဲ့ ... လမ်းဆုံလမ်းခွကနေ ကိုကို မောင်မောင် တွေကို အလုပ်များများဖြစ်အောင် အမေ့ထမီနဲ့ ရမ်းပြီး အုပ်ပြီး ခေါ်လာပေးပါ ။ အများနဲ့ ပြိုင်အလုပ် လုပ်ရာမှာ ကိုယ်ကသာ အနိုင်ရပါစေ ၊ အသာရပါစေ ... ။ အမေ့ကျေးဇူး မမေ့ပါ ဘူး ။ မျှော်မှန်းတဲ့ အတိုင်း အထုပ်အထည်နဲ့သာ ရယင် အမေ့ကို စတော်ထပ်ဖူး ပါအုံးမယ် ' ... ပေါ့ ။


အဲသည်လို အမေဂျမ်း ကို ဦးထိပ်ထား တိုင်တည်ပြီး မှ ငါက အလုပ် လုပ်တာဟေ့ ။ ဒါကြောင့်လဲ စံချိန် ချိုးနိုင်ခဲ့တာပေါ့ ။


ပြီး အလုပ်သဘောအပြင် ဘောက်ဆူး ရတာလေးတွေကိုတောင် ငါက မသုံးဘူး ။ ကတော့ကလေးတွေ ထိုးပြီး ငါ့ ခေါင်းရင်းမှာ သီးသန့် ဖယ်ထားတယ် ။


အမေဂျမ်း ဆိုတာကလဲ ပေါ့သေးသေးမှ မဟုတ်ပဲ ။ မီးယပ် ၊ သားဖွား ၊ သားဖျက် ၊ အို ... ချက် အောက် က ကိစ္စတွေ အားလုံးမှာ အမေဂျမ်း က အားကိုးယင် အားကိုးသလောက် စောင့်ရှောက်တယ် ။ ယုံ ။


ကြုံဖူးတယ် ။ ဟို တရုတ်တစ်ယောက် နဲ့ ညားပြီး ကိုယ်ဝန်ရှိတုန်းကပေါ့ ။ ခုနေတောင် ပြန်တွေးကြည့်ယင် ကြက်သီး ထသေးတယ် ။ ပန်းက မပွင့်ဘူး ။ တလ ၊ နှစ်လ ၊ သုံးလ ၊ လေးလ စွန်းသွားရော ။ ငါ မျက်လုံး ပြူးသွားတယ် ။


ပထမတော့ ဆေးပူဆေးခါး အမျိုးမျိုး စားတာပေါ့ ။ ရဲ့ယိုသီးမှည့် နဲ့ ထန်းလျက် လဲ မလွတ်ဘူး ။ ဒန့်သလွန်ခေါက် ၊ ဒန့်သလွန်မြစ် သွေးသောက်လဲ မထူးဘူး ။ ဇာတိပိ္ဖုလ်သီး သွေးသောက်တာကတော့ အလုံးပေါင်း မရေတွက်နိုင်ဘူး ။


ကိုယ်ဝန် ရှိမှန်းတော့ သိပြီလေ ။ ထိမ်တာ မဟုတ်ဘူး ။ ထိမ်ရအောင် အပျိုကလေးမှ မဟုတ်တာပဲ ။ အဲ ... ပန်း မပွင့်တာ နှစ်လကျော်တော့ ဆေးထိုးပြီး စမ်းခိုင်းတယ် ။ ကိုယ်ဝန်ရှိမှန်း သိရတယ် ။ အဲဒါ ... ရလို ရငြားဆိုပြီး ဆေးမြီးတို ကလေးတွေ စားနေတာ ။ နောက်တော့ မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်ရရော ။


တယောက်စကား တယောက်နားနဲ့ ကြားရတာပေါ့ ။ ကန်ဘဲ့ က ဒေါ်ညှာ ဆီ ကို ရောက်သွားတယ် ။


လုပ်ပုံကိုင်ပုံကတော့ သိမ်မွေ့ပါတယ် ။ ငါက အတင်းနင်းနှိပ်ပြီး ခြေတဘက် လက်တဘက် ဆွဲထုတ်မှာလား ထင်တာ ။ မဟုတ်ဘူး ။ ဆေးအဖြူကလေး တို့တယ် ။ သားအိမ် ပွင့်ဆေး တဲ့ ။


သုံးရာ တောင်းတယ် ။ မနည်းကြီး ဆစ်လို့ နှစ်ရာ နဲ့ ဈေးတဲ့သွားတယ် ။ ဒါပေမဲ့ အိမ်ရောက်တော့ မသက်သာဘူး ။ သွေးပေါင်နေတယ် ။ သွေးတစက် ကျဖို့ မလွယ်ဘူး ။ အတော်ကို ခံရတယ် ။ အတော်ကို ခံရဆိုးတယ် ။ ငိုနေရတာပဲ ။


နာလိုက် ပျောက်လိုက် နဲ့ တနေ့ နဲ့ တညလုံးလုံး ခံရတယ် ။ အခြေအနေ မကောင်းဘူး ။ နောက်နေ့ အနောက်ပိုင်းဆေးရုံ ကို ပြေးရရော ။


ခက်လိုက်တာ မပြောနဲ့တော့ ။ ကိုယ်ကတော့ မလိုချင်လို့ ဖျက်တာပဲ ။ ဒါပေမဲ့ ဆေးရုံမှာတော့ မုသားသုံးရတာပေါ့လေ ...  ။ ချော်လဲလို့ ။ ဆောင့်မိလို့ ။ ဘာညာ ပေါ့ ။ ဆရာဝန် က ကလေး မပျက်အောင် ထိန်းဆေး ပြန်ထိုးပေးမှာတဲ့ ။ ငါ ဘယ်လိုပြောရမှန်း မသိအောင် စိတ်ဆင်းရဲတယ် ။


ခုတင်ကလဲ မရဘူး ။ သည်တော့ တခန်းမှာ ခုတင် ခြောက်လုံး ၊ တဘက် သုံးလုံး ထိပ်ချင်းဆိုင်ထားတဲ့ ကြားမှာပဲ နေရ အိပ်ရတယ် ။ ခုံတန်း နှစ်ခု ဆက်ပြီး ငါ့ ကို တင်ထားတယ် ။


ခုနေမှ သည်ကလေးကို ယူရအောင်ကလဲ အကောင်းပကတိမှ ထွက်လာပါ့မလား ။ ငါ သည်လို တွေးတယ် ။ ဖျက်မိတဲ့ အတွက် ကြီးစွာနောင်တ ရရတယ် ။ ကာရန် မသင့်ယင် ငါတောင် အသက် ထွက်နိုင်တယ် ။


ဆရာဝန် ကလဲ ပြောတယ် ။ ဆေးရုံကို အရောက်ဦးလို့တဲ့ ။ ဂလူးကိုစ့် နဲ့ အားဆေး စပ်ပြီး နှစ်ပုလင်း သွင်းရတယ် ။ အားကလဲ အတော်နည်းနေပြီ ။


အဲ ... ည ဆယ့်တစ်နာရီ ခွဲလောက် ရောက်တော့ ဗိုက်နာလာပြန်တယ် ။ သည်တစ်ခါတော့ သည်းသည်းသန်သန် နာတယ် ။ ဘေးက မိန်းမတယောက်ကို အကူအညီ တောင်းရတယ် ။ ဆရာမ တစ်ယောက်ကို သွား အကြောင်းကြား ခိုင်းရတယ် ။ ငါလဲ အားတင်းပြီး ညှစ်ထုတ်လိုက်တယ် ။ လား ... လား အဲသည်မှာ ကလေး ဆင်းသွားရော ။


အေး ... အဲသည်တုန်းက စပြီး ငါ အမေဂျမ်း ကို ယုံတာ ။ ဆေးရုံ မသွားခင် စတော် တိုက်တယ် ။ ချောချောမောမော ဆင်းဖို့ အမေဂျမ်း ကို တိုင်တည်တယ် ။အဲသည် ညမှာပဲ ချောချောမောမော ဆင်းတာပဲ ။


ကလေး ဖျက်တာကို တခါတည်းနဲ့ လန့်သွားတယ် ။ တော်တော် အန္တရာယ် များတယ် ။ အသက်နဲ့ ရင်းရတယ် ။ အဲဒါ ပထမဆုံး နဲ့ နောက်ဆုံးပါပဲ ။


အမေဂျမ်း ငါ့ကို စောင့်ရှောက်တာတွေ ပြောရယင် ခုနစ်ရက်ဆက် မိုး လင်းမယ် ။


ဟဲ့ ... အငယ်လေး မေမေ့ ကို သွေးကျဆေ းတစ်လုံး ယူလာပေးစမ်း ။ ပြီးတော့ ဟိုကတ်ကလေး နဲ့ ကလိုင်ဗီနောဆေး တလုံးလဲ ပေး ၊ ရေတခွက်ပါ ယူခဲ့ ။ သေနာ ... မြန်မြန် လာ ၊ ကလိုင်ဗီနော ဆိုတာ ဟို ငါးကြီးဆီလို အဝါရောင် တောက် နေတဲ့ ဆေး ။


သွား ... ဒူးယား နှစ်လိပ် ပြေးဝယ်စမ်း ။ ခိုင်းလိုက်လို့ ဖင်လေးနေယင် ငါ မကြိုက်ဘူး ။


◾မောင်သာရ


📖 ပြုံးတတ်တယ် ခေါင်းညိတ်တတ်တယ်


koaungnaingoo.blogspot.com


.

No comments:

Post a Comment