❝ ရာဇဝင်ထဲက တစ္ဆေများ ❞
၁၁၁၅ - ခုနှစ်တွင် ရွှေထီးရွှေနန်း သိမ်းမြန်းစိုးစံတော်မူသည့် အလောင်းမင်းတရားကြီးသည် တပယင်းမြို့ စီရင်စု ဥသျှစ်ကုန်းကျေးရွာဇာတိ ဖြစ်တော်မူသော ရှင်ယသအမည်ရှိ မထေရ် မြတ်ကို မဟာအတုလယသဓမ္မရာဇဂုရု တံဆိပ်တော် ကပ်လှူတော်မူ၍ သာသနာတော်ကို စည်ပင်ပြန့်ပွားအောင် ဆောင်ရွက်တော်မူပါဟု အပ်နှင်းသည် ။ ထိုအခါ ဆရာတော်ကြီး သည် အလဇ္ဇီ ပွဲကျောင်း ၊ လက်ဝှေ့သတ် ၊ မီးဖောက် ၊ စည်တီးကြသည့် ရှင်ကြမ်းများကို နှိမ်နင်း၍ သာသနာတော်မြတ်၏ အကျိုးစီးပွားကို ရွက်ဆောင်လေသည် ။
ထိုကာလ၌ ဥသျှစ်ကုန်းကျေးရွာသည် တောင်အရပ် ၊ မြောက်အရပ် ၊ အရှေ့အရပ် ၊ ကုန်းရိုးအရပ် ၊ အိုးသည်ရပ် ဟူ၍ ရပ်ကွက်ပေါင်း ( ၆ ) ခုရှိသည့်အနက် တောင်အရပ်မှာ အတုလဆရာတော်က အမိအဘတို့အိမ်နေရာတွင် စေတီတည်၍ စေတီ၏ဘွဲ့တော်ကို တောင်းတိုင်းပြည့်ဟု သမုတ်သည် ။ ၎င်းစေတီ၏အရှေ့ဘက်တွင်လည်း ဘေးမဲ့ချမ်းသာဟူသော စေတီတစ်ဆူကို တည်သည် ။ ဥသျှစ်ကုန်းကျေးရွာတွင် ရှေးကောင်းမှုဖြစ်သည့်စေတီဟောင်း ရွှေချမ်းသာဘုရား ဟူ၍ ရှိလေသည် ။ နှစ်စဉ်နှစ်တိုင်း နယုန်လပြည့်နေ့တွင် ရွှေချမ်းသာဘုရားမှာ ဆွမ်းကပ်လှူပူဇော်ကြသော ဓလေ့ထုံးစံများ ရှိသည် ။
ရွာမ ၊ သစ်ချိုရွာ ၊ အင်ကြင်းပင်ရွာ ၊ ကန်နီရွာ ၊ တောင်ချောင်းရွာ ၊ လိမ်လှရွာ ၊ ကျောက် ဆောက်ရွာ ၊ ငနောင်ကြီးအိုင်ရွာ စသည်များမှ လူကြီးလူငယ်များကလည်း ဆီမီးတန်ဆောင်များ ထွန်းညှိပူဇော်ကာ မီးစက် ၊ မီးပျံပွဲသဘင်များခံ၍ ဘုရားကို ပူဇော်ကြသည် ။ ဝါကျွတ် ၊ တန်ဆောင်မုန်းလပြည့်များတွင်လည်း သင်္ကန်း ၊ ဆွမ်းကပ်လှူခြင်း ၊ သံဃာတော်များအား ဆွမ်းကပ်လှူခြင်း စသည်ဖြင့် တစ်နှစ်ပတ်လုံး တန်ခူးလ ၊ ကဆုန်လများမှာပါ အလွန်စည်ကား သိုက်မြိုက်စွာ လှူဒါန်းနိုင်ကြလေသည် ။
ထိုကာလ၌ ဥသျှစ်ကုန်းကျေးရွာသည် အိမ်ခြေတစ်ထောင်ရှိသည့် ကျေးရွာကြီးဖြစ်လေ သည် ။ ဥသျှစ်ကုန်းကျေးရွာ တောင်ပိုင်းရပ်တွင် နေထိုင်သည့် အလွန်သတ္တိကောင်းသည်ဟု နာမည်ကျော်စောသော ငချမ်းကောင်း ကြောင့်လည်း ဥသျှစ်ကုန်းကျေးရွာကို ထိုဒေသတစ်ဝိုက်က လူသိများသည် ။ ငချမ်းကောင်းကား အသက် ( ၃ဝ ) ခန့်ရှိပြီးလျှင် သူ့တွင် မယား မိအေးညိုနှင့် သူ့ လိုပင် သတ္တိကောင်းသည့် တောလုံးမွေး နှင့် တွေ့မရှောင်ဟူသော ခွေးနှစ်ကောင်ရှိ၏ ။ ငချမ်းကောင်း ၏ အသက်မွေးမှုပညာကားဥသျှစ်ကုန်းကျေးရွာ နှင့် ခရီးနှစ်တိုင်ခန့် ဝေးသည့် ထင်ကုန်း တောတွင် နွေမိုးမပြတ် တဲကလေးနှင့်နေထိုင်ကာ လယ်ယာလုပ်ကိုင်စားသည် ။ ခွေးနှစ်ကောင် နှင့် ဒရယ် ၊ ယုန် စသည့် သားကောင်ငယ်များကို လိုက်သည့်အခါလည်း လိုက်သည် ။ သူ၏ခွေး နှစ်ကောင်သည် ထိုသို့သော သားကောင်ငယ်များကို သာမက သူတို့သခင်က အလိုရှိလျှင် ကျား သစ်ကိုပင် သေအောင်ကိုက်၍ ဖမ်းယူလာနိုင်သည်ဟု ကျော်စောလေသည် ။
ငချမ်းကောင်းနေသော ရွာ နှင့် တော အကြားသည် တစ္ဆေသရဲအလွန်ခြောက်သည် ၊ တော ကြမ်းသည်ဟု နာမည်ကြီးသည် ။ အခြောက်အလှန့်ခံရသူများသည်လည်း လန့်ပြီး ဖျားကာ သေကျေကြသည်ဟုဆိုသည် ။ ထို့ကြောင့် ဤခရီးအကြားသို့ မဖြစ်မနေ သွားရမည်ဆိုလျှင် အဖောက် သုံးလေးယောက်ပါမှ သွားဝံ့ကြသည် ။ နေဝင်ရီတရော ဆိုလျှင်လည်း မည်သူမျှ မသွားဝံ့ကြ ။ ထို့ ကြောင့် ထိုခရီးသည် အမြဲပင် လူပြတ်လျက်ရှိ၏ ။ တစ်ခုသော တပေါင်းလပြည့်နေ့တွင် နှစ်စဉ် ကျင်းပမြဲဖြစ်သည့် သံဃဒါန ဆွမ်းလောင်းပွဲကြီး ရှိသည်ဖြစ်၍ ငချမ်းကောင်း သည် လဆန်း ( ၁၄ ) ရက်ညတွင် ရွာပြန်အိပ်မည်ဟူသော စိတ်ကူးဖြင့် ညစာထမင်းကိုစားပြီး ကိုင်စွဲနေကျ ဓားမကို ယူကာ ခွေးနှစ်ကောင်ကို အဖော်ပြု၍ တောနေတဲကလေးမှ ထွက်လာခဲ့၏ ။
ရွာ နှင့် သူနေသော တောအကြားတွင် ထိန်ပက်ကားခေါ်သည့် ရေအိုင်ကြီးရှိ၏ ။ ထိုရေအိုင် ကြီးအနီးတွင် အရိပ်အာဝါသကောင်းလှသော ညောင်ပင်ကြီးတစ်ပင်လည်း ရှိသည် ။ တစ္ဆေ ခြောက်လှန့်တတ်သည်မှာ ဤညောင်ပင်ကြီး ပတ်ဝန်းကျင်မှာပဲ ဖြစ်သည် ။ ထို့ကြောင့် ငချမ်း ကောင်း သည် သတိမြဲမြဲနှင့် လက်တစ်ဖက်ကလည်း ဓားကိုဆုပ်ကိုင်ကာ ညောင်ပင်ကြီးအနီးသို့ ရောက်လာလျှင် မြင်းတစ်ကောင်သည် ခွာသံပြင်းပြင်းနှင့် သူ့ထံသို့ ပြေးဝင်လာသည်ကို တွေ့လိုက်ရ၍ သူသည် အသင့်အနေအထားဖြင့် ဓားကိုစွဲကာ တည်တံ့စွာ ရပ်နေလိုက်၏ ။ မြင်းသည် သူ့ ရှေ့မှာပဲ ဖျပ်ခနဲ ပျောက်သွားကာ လူတစ်ယောက်အသွင်ဖြင့် ညောင်ကိုင်းမှာ တွဲလဲဆွဲလျက် လျှာအရှည်ကို ထုတ်ကာ မြေကြီးပေါ် ပုံချထားပြီးသူ့ကို ခြောက်သည် ။
'' ရော် ... ဒီတစ်ခါ နင် နဲ့ ငါ တွေ့ကြပြီပေါ့ ''
ငချမ်းကောင်းသည် ဤသို့ရေရွတ်အော်ဟစ်ရင်း လက်မှ ဓားနှင့်ညောင်ကိုင်းကို ခုတ်လျှင် တစ္ဆေသည် တွဲလဲချနေရာမှာ ညောင်ကိုင်းကို လွှတ်ကာ တောထဲသို့ ဝင်ပြေး၏ ။ ထိုအခါ ခွေးရဲ နှစ်ကောင်ကလည်း တစ္ဆေနောက်သို့ တစ်ဟုန်ထိုးလိုက်ကြလျှင် ငချမ်းကောင်း သည်လည်း သူ့ ခွေးများကို အမီပြေးလိုက်၏ ။ တစ္ဆေသည် ကျွန်းပင်ပေါ်သို့ တက်ကာ ပုန်းနေသည်ထင်၏ ။ ခွေး နှစ်ကောင်သည် ကျွန်းပင်ကိုပတ်ကာ စူးစူးရဲရဲဟောင်နေလျှင် ငချမ်းကောင်းသည် ကျွန်းကိုင်းများကို နှင်တံနှင့် လိုက်ရိုက်သောအခါ တစ္ဆေသည် ကျွန်းပင်ပေါ်မှ ဆင်းကာ မထင်မရှား တရိပ်ရိပ်ဖြင့် ပြေးပြန်၏ ။ ခွေးရဲနှစ်ကောင်ကလည်းထိုအရိပ်နောက်သို့ လိုက်၏ ။ တစ္ဆေသည် လမ်းမှာရှိသမျှသော သစ်ပင်များပေါ်သို့ အတက်အဆင်း လုပ်ကာပြေး၏ ။ ခွေးနှစ်ကောင်ကလည်း အလွတ်မပေးပဲ တကောက်ကောက် လိုက်၏ ။ ဤသို့ဖြင့် ပြေးရင်းလိုက်ရင်း ဥသျှစ်ကုန်းကျေးရွာ အနီးရှိ မုက္ကောဘုရားဝင်းအနီးသို့ ရောက်လာကြ၏ ။ နေကလည်း ဝင်လေပြီ ။
ထိုအခါ မုက္ကောဘုရားတောင်ဘက်ရှိ ရေကန်အနီးတွင် ပေါက်နေသော ခံတက်ပင်တစ်ပင်၏ အခေါင်းပေါက်ကြီးထဲသို့ တစ္ဆေဝင်သွားသည်ကို ခွေးရဲနှစ်ကောင်သည် မြင်သည်ဖြစ်၍ ထိုသစ်ပင်ခေါင်းကိုကြည့်ကာ ဟောင်တော့၏ ။ ထိုနေရာက မခွာတော့ချေ ။ ငချမ်းကောင်းမီလာ လျှင် တစ္ဆေ သစ်ခေါင်းထဲမှာရှိနေပြီကို သိလိုက်၏ ။ ( ခွေးများသည် လူတို့မျက်စိဖြင့် မမြင်နိုင်သည့်နာနာဘာဝ ၊ တစ္ဆေသရဲ စသည်များအား သူတို့မျက်စိဖြင့် ထင်ရှားစွာ မြင်တွေ့နိုင်သည်ဟု ရှေးလူများက ယုံကြည်လက်ခံထားကြ၏ ၊ ) ငချမ်းကောင်း သည် သစ်ပင်ခေါင်းထဲသို့ နှင်တံသွင်း ကာ မွှေနှောက်လျှင် တစ္ဆေသည် နေရာမရှိတော့ပြီဟု သစ်ခေါင်းမှ ထွက်ကာ ပြေးပြန်၏ ။ ခွေးရဲနှစ်ကောင်ကလည်း တစ္ဆေ ပြေးရာသို့ အစဉ်တစိုက် လိုက်ပြန်၏ ။ ငချမ်းကောင်း သည်လည်းသူ့ ပကတိမျက်စိဖြင့် တစ္ဆေကို မြင်တွေ့ခြင်း မရှိသော်လည်း ခွေးများပြေးရာနောက်သို့ အမီလိုက်ရင်းဖြင့် အားကုန်ပြေး၏ ။
ဤသို့ဖြင့် ဥသျှစ်ကုန်းရွာ နှင့် နီးကပ်နေသော နှောရင်း ခေါ် လယ်ကန်သင်းရိုးမှာ ရှိနေသည့် ပုစွန်တွင်း( ကဏန်းတွင်း ) ဝကို ခွေးရဲနှစ်ကောင် ယက်ရင်းဟောင်နေကြသည်ကို ငချမ်းကောင်း မီလာ၍ တွေ့ရလျှင် -
'' ဒီထဲ ရောက်နေတာကိုး ၊ နင်နဲ့ငါ တွေ့ကြပြီပေါ့ ၊ နင်မသေရင် ငါမနေဘူး '' ဟု ကြုံးဝါး ကာ ပုစွန်တွင်းခေါင်းဝကို လုံခြုံစွာ ပိတ်ထားပြီးလျှင် အိမ်သို့ပြန်၍ သံတူးရွင်းကို ယူ၏ ။ ခွေးရဲ နှစ်ကောင်ကိုကား တွင်းစောင့်ထားခဲ့သည် ။ ရောက်လာလျှင် ပုစွန်တွင်းကို တူးတော့၏ ။ ထိုအခါ ကြောက်လွန်း၍ ပုန်းလျှိုးဝပ်ခွေနေသည့် ပုတ်သင်ကြီးတစ်ကောင်ကို ငချမ်းကောင်း တွေ့လိုက်ရလျှင် '' နင်ပဲ မဟုတ်လား '' ဟုဆိုရင်း တူးရွင်းနှင့် ရိုက်လျှင် ပုတ်သင် သေ၏ ။ ထိုပုတ်သင်အသေ ကောင်ကို ငချမ်းကောင်းသည် အမြီးမှဆွဲကာ ရွာအနောက်ဘက်ရှိ ကန်နီတောထန်းတဲစုသို့ယူ သွားပြီးလျှင် ထန်းသမား ငပိုက် နှင့် သူ့မယား မိလွမ်းမွှေးတို့၏ တဲ၌ ပုတ်သင် ကို မီးဖုတ်၍ ထန်းရေခါး နှင့် ကုန်အောင် မြည်း၏ ။
ထိုတစ္ဆေသည် ပုတ်သင်ဟူသော မိမိ၏ ရုပ်ကို စွဲလမ်းသောစိတ်ဖြင့် ငချမ်းကောင်း နောက် သို့ လိုက်ပါလာသည်ဖြစ်ရာ သေလျှင် ထန်းရည်သည်မ မိလွမ်းမွှေး ဝမ်း၌ ပဋိသန္ဓေ ယူလေ၏ ။ မွေးလာလျှင် သားယောက်ျားလေး ဖြစ်နေ၏ ။ ထိုကလေးသည် နို့စို့အရွယ်ကပင် ငချမ်းကောင်း ထန်းရည် သောက်လာသည်ကို မြင်တိုင်း ချော့မြှူမရအောင် သည်းထန်စွာ ငို၏ ။ မိလွမ်းမွှေး က တဲပြင်သို့ ချီယူသွားသောအခါမှ အငိုတိတ်၏ ။ စကားပြောတတ်သည့် သုံးနှစ်ကျော်အရွယ်သို့ရောက်လျှင် ငချမ်းကောင်း ထန်းရည်ခါး လာသောက်သည်နှင့် ကိုးကွယ်ရာ ရှာမရသကဲ့သို့ သူ့ အမေရင်ခွင်မှာ မျက်နှာဝှက်ကာ '' ကြောက်တယ် ၊ ကြောက်တယ် '' ဟု အော်ငို၏ ။
အမိဖြစ်သူ မိလွမ်းမွှေး က '' ငါ့သား ဘာဖြစ်လို့ ကြောက်တာလဲ '' ဟုမေးလျှင် '' ငါ့ ကို မီးဖုတ်ပြီး ထန်ရေခါးနှင့် သူမြည်းလို့ သူ့ကို ကြောက်တယ် '' ဟု ပြော၏ ။ ထိုအခါ ငချမ်းကောင်း က တဟားဟား ရယ်၏ ။ ထိုတစ္ဆေ ပုတ်သင်ဘဝ နှင့် သေသွားသည့် နေ့မှစ၍ ထိန်ပက်ကားအိုင် အနီးရှိ ညောင်ပင်ကြီး တောလမ်းခရီးတွင် အခြောက်အလှန့် မရှိတော့ ။ ခရီးလမ်း သာယာသွား၏ ။ ငချမ်းကောင်းသည် အသက် ( ၈ဝ ) ကျော်သည်အထိ နေသွားရကာ ( ၁၁၅၈ ) ခုနှစ်သို့ ရောက်မှ အနိစ္စ ရောက်လေ၏ ။
( ရဟန္တာအရှင်မြတ် ရှင်နာဂသိန် နှင့် မိလိန္ဒမင်းကြီး တို့၏ အမေးအဖြေတွင် အရှင်နာဂသိန် ဖြေဆိုတော်မူသည်မှာ ဘီလူးတဇ္ဇေ စသည်တို့ သေလွန်လျှင် ပုတ်သင် ၊ ဖား ၊ ငှက် စသည့်သဏ္ဌာန် ဖြစ်သွားသည် ) ဟု ဆိုထား၏ ။
တစ္ဆေသရဲ စသည့် ပရလောကသားများတွင် အယောင်ဆောင်ခြင်း ၊ ဖန်ဆင်းခြင်းအစရှိ သည့် ကမ္မဇသိဒ္ဓိ တန်ခိုး ရှိတတ်ကြသည် ။ သူတို့၏ ကံအလျောက် ဖြစ်ပေါ်လာသည့်တန်ခိုးဟု ဆိုနိုင်မည်ဖြစ်သည် ။ သူတို့ကို အကြောင်းအကျိုး ဆက်မှ မြင်တွေ့နိုင်ခွင့် ရှိသည်ဟုလည်း ရှေးစာ များက ဆိုသည် ။
ရာဇဝင်တွင် ရာမညတိုင်း ၊ ဟံသာဝတီ ၌ စိုးစံခဲ့ကြသည့် မင်းများ အနက်မှ သုရှင်တကာရွတ်ပိမင်းသည် တဇ္ဇေမ နှင့် သံဝါသ ဖြစ်ခဲ့ကြောင်း အထင်အရှား တွေ့ဖူးသည် ။ သုရှင်တကာရွတ်ပိမင်းသည် သက္ကရာဇ် ( ၈၈၈ ) ခုနှစ်တွင် ဟံသာဝတီ မှာ မင်း ဖြစ်သည် ။ မြန်မာမင်း တပင်ရွှေ ထီး နှင့် ခေတ်ပြိုင်မင်း ဖြစ်၏ ။ တစ်ခါသော် သုရှင်တကာရွတ်ပိမင်း သည် အင်္ဂပူတပ် တွင် စံနေ သည့်အခိုက် ဆင်ကောင်းပေါ်သည် ကြားသောကြောင့် ဆင်ကျော့မည် ဟု တိုက်ဆင် ( ၇ဝ ) ၊ ဗိုလ်ပါ ( ၁ဝဝဝ ) ခန့်နှင့် တောသို့ ဝင်၏ ။ ဆင် ကို တွေ့သော်လည်း အကျော့ မခံဘဲ ထွက်ပြေးလျှင် သုရှင်တကာရွတ်ပိ သည် စီးတော်ဆင် နှင့် အပြေးလိုက်၏ ။ ထိုအခါ နောက်ပါ ဗိုလ်ပါများနှင့် ကွဲကာ မုရ သိမ်တော သို့ ရောက်သည်အထိ ဆင် ကို ဖမ်း မမိချေ ။
သူ သည် မောလှသည် ဖြစ်၍ ဆင် မှ သက်ကာ သောက်ရေရှာလျှင် အိုင်တစ်ခုကို တွေ့၏ ။ ရေသောက်တော်မူနေစဉ် နတ်သမီးတမျှ လှပသော မိန်းမတစ်ယောက် သည် အဝတ်မပါ ဗလာ အချည်းနှီး ကိုယ်လုံးတီးဖြင့် အိုင် ကို လှည့်၍ ပတ်၍ သုရှင်တကာရွတ်ပိ ကို ဖြားယောင်းလျှင် မင်း သည်လည်း အာရုံကို မပယ်ရှားနိုင်သောကြောင့် ထိုမိန်းမ နှင့် သံဝါသ ဖြစ်ကြလေ၏ ။ မင်း သည် ထိုမိန်းမ ၌ များစွာသော သာယာမှု နှင့် တပ်မက်လျက် ရှိနေစဉ် ထိုမိန်းမသ ည် မင်း ၏ မျက်မှောက်၌ပင် ဖြုတ်ခြည်း ကွယ်ပျောက်လေ၏ ။ မင်း သည်လည်း ထိတ်လန့်ကြောက်ရွံ့ခြင်းပြင်းစွာ ဖြစ်လျက်နှင့် အင်္ဂပူတပ် သို့ ပြန်တော်မူလေ၏ ။
တပ်သို့ ရောက်သည်နှင့် အပြင်းဖျားလေလျှင် သမားဟူးရားများက ကြီးစွာသော လုံ့လဖြင့် ကုသကယ်မကြပါသော်လည်း မိုးမသောက်မီမှာပင် အနိစ္စရောက်လေ၏ ။ ဤ သတင်းကို သိရ လျှင် ပြည်ဘုရင် နရပတိ နှင့် အဝဘုရင် သိုဟန်ဘွား တို့ တပ်အလုံးအရင်းနှင့်အတူ အင်္ဂပူတပ်သို့ ရောက်လာကြကာ သုရှင်တကာရွတ်ပိ ၏ အလောင်းကို သင်္ဂြိုဟ်တော်မူကြပြီးလျှင် သုရှင်တကာရွတ်ပိ ၏ ဆင်မြင်းလူသူတို့ကို သိမ်းယူ၍ ပြန်ကြလေကုန်၏ ။ ဤသို့ဖြင့် မင်းဧကရာဇ် ပင် ဖြစ်ပါသော်လည်း နတ်ဆိုးတဇ္ဇေမ ကြောင့် အနိစ္စ ရောက်သွားရသည့် သုရှင်တကာရွတ်ပိ ၏ သမိုင်းသည် ရာဇဝင်တွင် ထင်ရှားစွာ စာတင်ခံခဲ့ရ၏ ။
ဤအဖြစ်ကဲ့သို့ပင် အင်းဝမင်းကြီးစွာ၏ သား ဆင်ဖြူရှင် တရဖျား သည်လည်း သုရှင်တကာရွတ်ပိမင်း ထက် အနည်းငယ် စောစွာ သက္ကရာဇ် ၇၆၂ - ခုနှစ် ၌ အောင်ပင်လယ် အရပ် သို့ မှူးမတ် အပေါင်းနှင့် တောကစား ထွက်ကြွတော်မူရင်း သမင် လိုက်ရာတွင် တစ်ယောက်တည်းသာ တော ချုံ တို့ ထူရာသို့ ရောက်သွားစဉ် ဇော်ဂီတစ်ယောက် နှင့် တွေ့၍ ဇော်ဂီ ၏ မန္တန် အတတ်ဖြင့် ကောင်းကင် မှ ကျလာသည့် နတ်သမီး ကို ရလေ၏ ။ ထိုနတ်သမီး ကို မင်းကြီး မြတ်နိုးစွာဖြင့် သံဝါသ ပြုပြီး ခဏမှာပင် နတ်သမီး ကွယ်လေ၏ ။ နတ်သမီး ကွယ်လျှင် မင်းကြီး သည် စိတ်မတည်ငြိမ်စွာဖြင့် ရပ်တည်ရာ မရသော ရောဂါရကာ အနိစ္စရောက်သည်ဟု ရာဇဝင်တွင် ဆို၏ ။
ဤသို့အားဖြင့် ဘုရားဟောကျမ်းဂန် ကဏ္ဏမုဏ္ဍပေတ ဝတ္ထုတွင်လည်း ရုပ်အဆင်းလှပ တင့်တယ်သည့် ပြိတ္တာနတ်သမီးများ သည် ဗာရာဏသီမင်းကြီး အား ခရီးဦးကြိုဆိုကြကြောင်း ကို ဖော်ပြထားသဖြင့် ဉာဏ်နှင့်ထောက်ချင့်ဆင်ခြင်ကာ ယုံကြည်လက်ခံမှု သင့် ၏ မသင့် ၏ ကို တွေး သင့်ကြပေသတည်း ။
◾ကြည်ဦး
📖 သူရဇ္ဇမဂ္ဂဇင်း
၂ဝဝ၃ ခုနှစ် ၊ ဩဂုတ်လ
No comments:
Post a Comment