Tuesday, November 9, 2021

ကက်ကင်း ဝေဒနာ


   ❝ ကက်ကင်း ဝေဒနာ ❞


“ သူ့အဖြစ်က ဆီပုလင်း ခါးချိတ်သွားရသလို ...”


ပြည်နယ် ရဲမင်းကြီး ကားက ရှေ့ဆုံးကဆိုတော့ မဏ္ဍပ်ကို ကျော်၍ ရပ်လိုက်သည် ။ ရဲမင်းကြီး ဆင်းသွားသည် နှင့် ရေသန့်ဘူးနှင့်ထည့်ထားသော ဆီဘူးကို အမြန်ယူကာ သူဆင်းသည် ။ Double ကားက Cab ဆိုပေမဲ့ တံခါးတစ်ချပ်သာဆိုတော့ ရှေ့က ရဲမင်းကြီး ဆင်းပြီးမှပဲ သူ ဆင်းလို့ရခြင်းပင် ။


အဘဥက္ကဋ္ဌကြီး က မဏ္ဍပ်အတွင်းသို့ ဝင်သွားသော်လည်း သူ မလိုက်အား ။ မဏ္ဍပ်ကို ကွေ့ပတ်ကာ မဏ္ဍပ်အနီးက သရုပ်ပြ မောင်းနှင်မည့် လက်တွန်းထွန်စက် ရှိရာသို့ ဆီဘူး ကိုင်လျက် အပြေးသွားလိုက်ရ၏ ။


“ စက်နှိုးစမ်းပြီးပလား ... ”


“ ဟုတ်ကဲ့ ၊ တစ်ကြောင်း ။နှစ်ကြောင်းတော့ မောင်းကြည့်ပြီးပါပြီ ”


“ ကြိုးပါလား ၊ မပါရင် ကြွပ်ကြွပ်ကြိုး ရှာဗျာ ၊  ဒီမှာ ကြက်ဆူဆီဘူး တိုင်ကီပေါ် ချိတ် ၊ ဆီပိုက်ကို ထည့် ”


" နေဦး ...နေဦး ... ဒီဆီ က Filter ( ဖစ်တာ ) ဖြတ်မှာ မဟုတ်လို့ ၊ ဆီပိုက်ကို ပန့် ဒါရိုက် ဂျိုင်းဗျာ .. "


Filter ဆီစစ်ဘူး အဝင်ပိုက်ကို ဆွဲဖြုတ်၍ ဆီပန့်သို့ တိုက်ရိုက်တပ်လိုက်သည် ။ ကြက်ဆူဆီ က စေးပျစ်အား “ များ " သဖြင့် ဆီစစ်ဘူး စက္ကူကို ဖြတ်မထွက် ။ ဒါကြောင့် စက် မောင်း ဆီပန့်သို့သာ တိုက်ရိုက် တပ်ဆင်ရခြင်းဖြစ်၏ ။


သူ သိသည်ကလည်း ဒါလောက်ပဲ ။ ဘာမှ များများစားစား မသိ ။ ဟိုး ...အထက်ဆုံးက “ အဘကြီး ” က “ ဆူ ” ဆိုလို့ အားလုံးက လိုက် “ ဆူ ” ကြတာ အုတ်အုတ်ကျတ်ကျတ်ကို ညံလို့ ။ ညံသာညံကြတာ ဘယ်သူမှ ထဲထဲဝင်ဝင် မသိ ။


မဏ္ဍပ်ထဲမှာတော့ အဘ ဥက္ကဋ္ဌ မိန့်ခွန်းခြွေနေပြီ ။ လူပရိသတ်က နှစ်ရာလောက် ရှိမလားပဲ ။ ရှေ့ဆုံး လေးတန်းမှာလည်း အမျိုးသမီးရေးရာတို့ ၊ မိခင်နှင့်ကလေးတို့ ၊ ပြည်ခိုင်ဖြိုးတို့ ...ဝါဝါ ...ပြာပြာ ... စိမ်းစိမ်းတွေ ပြည့်လို ။


အဘ ပြောပြီးတော့ ပြည်နယ်စိုက်ပျိုးရေး မန်နေဂျာ ဦးသိန်းကျော် က ကြက်ဆူပင် ကို ဘယ်လို စိုက် ၊ ဘယ်လောက်စိုက် နှင့် အားရပါးရ ပြောနေပြီ ။ မြေမရွေးစိုက်နိုင်ကြောင်း ၊ ရေသိပ်မလိုကြောင်း ၊ ရေငတ်ခံနိုင်ကြောင်း ... ကြောင်း ...  ။ကြောင်း ... တွေနှင့် မစားရ ။ “ ဝ ” ခမန်းပြောနေသလောက် သူ့မှာတော့ ချွေးပြန်နေပြီ ။


ဆီပိုက်ကို ဟိုဖြုတ် သည်တပ် နှင့် ကိုယ်တိုင် ဝင်ကြဲနေတော့ ချွေးမပြန်ဘဲ နေမလား ။ တပည့် လည်း တစ်ယောက် မှ မပါ ။ ကိုယ်တောင် အဘခရီးစဉ်ဆို ရဲမင်းကြီး ကား ကပ်စီး ၊ ဒါမှမဟုတ် ဆောက်လုပ်ရေး C.E ကား ကပ်လိုက်ရနှင့် ဘယ်က တပည့်လူပို ခေါ်နိုင်ပါ့မလဲ ။


သူ့ဌာနက လူကြီးတွေ သိပ်လက် မတွေ့သည့် ဌာနဖြစ်နေ၍ အဆောင်အယောင် လောက်လောက် လားလား မရှိ ။ ပြည်နယ်ဦးစီးမှူး သာ ဆိုတယ် ဝပ်ရှော့ ခဏခဏ ထိုးထားနေရသည့် လင့်ရိုဗာ အစုတ်ကလေး တစ်စီးသာ ရှိတော့ တစ်လ လေး,ငါးခေါက်လိုက် , လိုက် နေရသည့် ပြည်နယ်ဥက္ကဋ္ဌ အဘ ခရီးစဉ်မှာ ပြည်နယ်ရဲမင်းကြီးကား ၊ ဆောက်လုပ်ရေး C.E ကား ၊ တစ်ခါတစ်ခါ ပါ သည့် ပြည်နယ် ကျန်းမာရေးမှူး ကားတွေ ကပ်စီးရသည် ။


“ ကဲ ... ဆရာတို့ စက်နှိုးကြည့်စမ်းပါ "


စက် မောင်းက နောက် ဖင်ထိုင်ခုံမှ ဆင်းလာပြီး ဂေါက်လှည့် နှိုးလိုက်တော့ စက်က ဒီဇယ်ဆီ လက်ကျန်နှင့် “ ဝူး " ခနဲ နိုးသွားသည် ။ ဂီယာ မထိုးဘဲ လီဗာကို ကစားကြည့်တော့ အခြေအနေ ကောင်းသည် ။ အခုမှပဲ ရင်ထဲက အလုံးကြီး “ ဒိန်း " ခနဲ ကျသွား၏ ။


အနာဂတ်မှာ လောင်စာဆီ ရှားပါးလာမည့် အခြေအနေ ရှိ၍ အစားထိုးရန် “ ဘိုင်အို ဒီဇယ်ဆီ ” လောင်စာဆီကို စမ်းသပ်ရမည် ။ ကြက်ဆူဆီ က ဒီဇယ်အစား အင်ဂျင် အမျိုးမျိုးကို မောင်းနှင်၍ရကြောင်း အင်တာနက် မှာတွေ့သည့်သူက “ အဘကြီး ” ထံ သံတော်ဦး တင်သည် ။ အဘကြီး က ခေါင်းတညိတ်ညိတ် နှင့် တစ်ပြည်လုံးမှာ ကြက်ဆူပင်စိုက်စေ ၊ သီးနှံစိုက်ခင်းမှာ မစိုက်ရ ။ အခြား မြေနေရာ ရှာစိုက် ၊ မြေလွတ်မြေရိုင်း ရှာစိုက် ။ သုံးနှစ် နှင့် ဧကငါးသိန်း ပြည့် အောင် စိုက် ။


အဲဒါနှင့် တစ်ပြည်လုံး ဆူလိုက်သမှ ... ဟိုနေရာက ဆူ ၊ သည်နေရာ ဆူ ။ ည ၈ နာရီ သတင်းမှာ ဟိုအဘ ဗိုလ်ချုပ် က ကြက်ဆူဆီ နှင့် စက်ကိရိယာများ မောင်းနှင် ပြသ ။ သည်အခါ ဗိုလ်ချုပ် က ကြက်ဆူဆီနှင့် စက် များ မောင်းနှင် ပြသ ။ သည်လို စက်ကိရိယာတွေ မောင်းနှင် ပြသဖို့ လက်ညှိုးညွှန် ခံရသူက သူတို့ဌာန ဖြစ်နေလေတော့ သူ့ခမျာ အသည်းအသန် ခဲမှန်ရတော့သည် ။


ဟော … ပယက ဥက္ကဋ္ဌကြီး နှင့်အဖွဲ့တွေ မဏ္ဍပ်ထဲမှ ထွက်လာကြပြီး သူ သရုပ်ပြမည့် စက်နား ရောက်လာကြသည် ။ သူ စောစောက ဆီတိုင်ကီဘေးမှာ ကြိုးချည်ထားသော ကြက်ဆူဆီ ဟု ကွန်ပျူတာ စာလုံးစီ၍ လေဘယ် ကပ်ထားသော ရေသန့်ဘူး ကို ဖြုတ်ယူ၍ ...


“ ဟောဒီမှာ ကြက်ဆူဆီပ ါ အဘ "


အဘက ကြက်ဆူဆီ ဘူးထဲ လက်ညှိုးနှင့် နှိုက်ပြီးကြက်ဆူဆီ ၏ အနံ့ကို ရှူကြည့်သည် ။ ပြီး လက်ညှိုးနှင့် လက် မကြား ပွတ်ကြည့်၏ ။


“ အား .. တော်တော် စေးတာပဲ ”


“ ကဲ ...ကဲ ... ဟောဒီမှာ ကြက်ဆူဆီ ကြည့်ထားကြ ။ ဒီဆီ နဲ့ စက်တွေ မောင်းပြမယ် ဟုတ်ပလား ။ ကဲ ... ခယက ၊ မယက လာ ။ ပြီးရင် ကြက်ဆူပင် သေချာစိုက်ကြ ။ ဘယ်လောက် စိုက်ပြီးပလဲ တစ်ပတ်တစ်ခါ Report လုပ် ၊ ဟုတ်ပလား ”


အဘ ပြောပြီးသည်နှင့် ကြက်ဆူဆီဘူးထဲ ဆီပိုက် ချိတ်၍ စက် မောင်းပြသည် ။ စက်သံကလည်း ပုံမှန် ။ လီဗာ အတင်အချကလည်း အိုကေ ၊ ဘာ ပြဿနာမှ မရှိ ။


“ ဪ ...ဒေါ်ခင်မာဝေ ခင်ဗျားခြံထဲ ဒီလို စက်တွေ မသုံးဘူးလား ”


အဘ က စက်ကြည့်ရင်းနှင့် အနားက သူဌေးကတော် ခေါ်နိုင်လောက်သည့် စိန်တွေ ၊ ရွှေတွေ သီးနေသည့် အရွယ် ခပ်လတ်လတ် အမျိုးသမီးကို လှည့်မေးလိုက်သည် ။


“ ခြံထဲတော့ မသုံးဘူး အဘ ၊ ဘေးက ဥယျာဉ်မှာတော့ သုံးပါတယ် ။ ဒါပေမဲ့ ထိုင်စီးတော့ မဟုတ်ဘူး အဘ ။ ယိုးဒယားကျွဲ ပဲ သုံးပါတယ် ”


“ ဘာလဲ ယိုးဒယားကျွဲ ”


အဘ က နားမလည်၍ သူ့ကို လှည့်မေးသည် ။


“ လက်ကိုင်အရှည်ကြီးနဲ့ လက်တွန်းထွန်စက်ပါ အဘ ။ ထိုင်း ( ယိုးဒယား ) ဘက်က လာလို့ ၊ ပြီးတော့ သူ့တံဆိပ်က ကျွဲပုံ မို့လို့ ခေါ်တာပါ "


“ ဪ ... သိပြီ ၊ သိပြီ ။ ကဲ ... ဒီကပြီးရင် ဒေါ်ခင်မာဝေ ခြံလိုက်ကြည့်ရအောင် ။ သူ့ခြံ ဖိတ်ထားတာ ဘာကြွား မလို့လဲ မသိဘူး ”


“ အဲဒီ ကြက်ဆူဆီဘူးလည်း ထားခဲ့လိုက်တော့ ။ မယကကြီး ယူသိမ်းထား ။ ပြီးတော့ တခြား ပရိသတ်တွေလည်း ပြလိုက်ဦး ၊ ဟုတ်လား ၊ လာ သွားကြမယ် ”


°°°°°   °°°°°   °°°°°


ဒေါ်ခင်မာဝေ ခြံက လိမ္မော်ခြံ ။ ပျားလိမ္မော်ပင်တွေက စီစီရီရီ ။ တစ်ပင်နှင့် တစ်ပင် ခုနစ်ပေ ကွာ ၊ ညီညီညာညာ စိုက်ထားသည် ။ ပေါင်းမြက်တွေလည်း လုပ်အားနိုင်နိုင်နှင့် ရှင်းထားတော့ ခြံက ရှင်းသန့်နေသည် ။ အပင်ရေဖျန်းဖို့ ပိုက်လိုင်းတွေ သွယ်တန်းထားပြီး ( Spinkler ) ရေဖျန်း ကိရိယာတွေနှင့်ဆိုတော့ တော်တော့်ကို စနစ်ကျကျ ဆောင်ရွက်ထားမှန်း သိသာသည် ။ ပျားလိမ္မော်ပင်တွေက ပင်ပျိုတွေ ။ အခုနှစ်မှ အသီး စ , သီးမည် ။


“ ခြံ က တော်တော်ကောင်းတာပဲ ၊ အားလုံး ဘယ်နှဧကလဲ ”


“ ငါးဧကလောက် ရှိမယ် အဘ ”


“ ဒီမယ် ဒေါ်ခင်မာဝေ ။ ခင်ဗျာ့ ပျားလိမ္မော်ပင်တန်း ကြားမှာ ကြက်ဆူ စိုက်ဗျာ ။ ပျိုးပင် ကျွန်တော် ရှာပေးမယ် ဟုတ်လား ”


ဒေါ်ခင်မာဝေ က သိပ်စိုက်ချင်ပုံ မပေါ် ။ ပြည်နယ် ဥက္ကဋ္ဌ၏ လမ်းညွှန်စကားဆိုတော့ ပယ်ရှားရန်လည်း မဝံ့ ဖြစ်နေပုံ ရသည် ။ အဘ က ဒေါ်ခင်မာဝေ ထံမှ အဖြေကို မစောင့် ။ ခယကဥက္ကဋ္ဌ ကို ခေါ်၍ ကြက်ဆူပျိုးပင် ရှာပြီး ပျားလိမ္မော်ပင်တန်းကြားမှာ စိုက်ပေးဖို့ သေချာမှာနေသည် ။


လယ်ယာမြေများပေါ်တွင် ကြက်ဆူမစိုက်ဘဲ အခြားနေရာရှာ၍ စိုက်ရန် ညွှန်ကြားထားသဖြင့် ကြက်ဆူ စိုက်ရန် နေရာ အတော် ရှာနေရသည် ။ ကားလမ်းမကြီးများ ဝဲယာတွင် ကြက်ဆူပင်တွေ ၄ ပေ ခြား စိုက်ကြ၏ ။ အပင်ရေ ၁၅ဝဝ ကို တစ်ဧက သတ်မှတ်ပြီး တိုင်း နှင့် ပြည်နယ် တစ်ခုလျှင် သုံးနှစ်အတွင်း ဧက ငါးသိန်းစီ စိုက်ရမည် ဆိုတော့ အဘ တို့ တော်တော့်ကို စီစဉ်နေရသလို သူတို့လို ဌာနဆိုင်ရာတွေလည်း ကြက်ဆူကိစ္စနှင့် မအားကြတော့ ။


သူတို့ ရုံးချုပ်တွေကလည်း ညွှန်ကြားသည် ။ ကြက်ဆူ ကို ဌာနဆိုင်ရာရုံးဝင်း မြေနေရာလွတ်များတွင် ပြည့်အောင်စိုက် ၊ အခြားနေရာ ရှာစိုက် ။ သို့သော်လည်း ကြက်ဆူနှင့် ပတ်သက်၍ ရန်ပုံငွေ ဘတ်ဂျက် ( Budget ) ထုတ်သုံးခွင့် မရှိ သက်ဆိုင်ရာ ပြည်နယ် ခရိုင် မြို့နယ် ဌာန အကြီးအကဲများ မိမိအစီအစဉ်ဖြင့် စိုက် ။ သည်တော့လည်း ကြက်ဆူပင် စိုက်ရေး ၊ ကြက်ဆူမျိုး ရရှိရေးတွေနှင့် နည်းပေါင်းစုံ သုံးကြရတော့၏ ။


သည် ကြားထဲ သူ့အတွက် “ ကြက်ဆူဆီ " ကိစ္စက တစ်ပူပေါ် နှစ်ပူဆင့် ။ သူတို့ဆီမှာ ကြက်ဆူပင်တောင် အခုမှ ရှာစိုက်နေရတာ ။ ဘယ်မှာလဲ ကြက်ဆူစေ့ ၊ ကြက်ဆူဆီ ။


ကြက်ဆူဆီ ရအောင် ရှာ ၊ စက်ကိရိယာတွေ ကြက်ဆူဆီနှင့် မောင်းပြဖို့ အဘက ညွှန်ကြားတော့ သူ့ခမျာ ပျားတုပ်ရတော့သည် ။ သူ့ဌာနက အသိမိတ်ဆွေထံ ဖုန်းဆက်၍ မြင်းခြံ တောင်သာဘက် ကြက်ဆူဆီ လှမ်းမှာရသည် ။ ကြက်ဆူခေတ်မို့ ကြက်ဆူစေ့ ကလည်း ဈေးတက် ၊ ကြက်ဆူဆီကလည်း ဈေးမြောက် ။ တစ်ပိဿာ သုံးသောင်းခွဲ ။ နှစ်ပိဿာ မှာ ၊ လိုင်းကားနှင့် ပို့ ။ သူ့အိတ်ထဲက ငွေတစ်သိန်းလောက် ထွက်သွားသည် ။ အိတ်စိုက်ပေါ့ ၊ ဘာတတ်နိုင်မှာလဲ ။ သည်အလုပ် လုပ်နေမှတော့ သည်လောက်တော့ စိုက်ထုတ်ကုန်ကျရတော့မှာပေါ့ ။ ကိုယ်မှ မထွက်နိုင်ဘဲကိုး ။


°°°°°   °°°°°   °°°°°


အိမ်ပြန်ရောက်ပြီး ည ၈ နာရီ သတင်းကြည့်တော့ တခြားပြည်နယ်မှာ ကြက်ဆူဆီနှင့် စက်ယန္တရားများ မောင်းနှင်ပြသနေတာ တွေ့ရသည် ။ ကိုယ့်မှာတော့ လက်တွန်း ထွန်စက်လေး မောင်းပြဖို့တောင် မနည်း လုပ်ရသည် ။ သူတို့က ဘက်ဟိုး( Backhoe ) တွေ ၊ Dozer တွေ ၊ ကားကြီးတွေတောင် မောင်းပြလို့ ။ ဒုဗိုလ်ချုပ်ကြီးတွေ ၊ ဗိုလ်ချုပ်တွေ အဘတွေ ကလည်း ကြည့်ရှု အားပေးလို့ ။


ကြက်ဆူဆီ က ကော် နှင့် အစေးဓာတ် တော်တော် များသည် ။ ထို ကော် နှင့် အစေးဓာတ် ကို ဖယ်ရှားမှ လက်ရှိ အင်ဂျင်တွေ ၊ ပန့်တွေ ၊ နော်ဇယ်တွေနှင့် မောင်းနှင်ရ လွယ်မည် ။ ဒီဇယ်ဆီ ကဲ့သို့ သုံးနိုင်ဖို့ရန်အတွက် ဘိုင်အိုဒီဇယ် ( Bio Diesel ) အဆင့် ရောက်အောင် အဆင့်ဆင့် သန့်စင် ချက်လုပ်ဖို့ နည်းပညာတွေ အများကြီး လိုမှန်း သူ သိသည် ။ အခုတော့ ဘယ့်နှယ် “ ကြက်ဆူဆီ " နဲ့ ချက်ချင်းပဲ မောင်းပြဖို့ လုပ်တဲ့ ။ အမိန့်လေ ။ သည်တော့လည်း ဖြစ်အောင် လုပ်ပြကြရသည် ။


သတင်းပြီးသည်နှင့် ထို ပြည်နယ်မှူးထံ ချက်ချင်း ဖုန်းဆက် မေးကြည့်တော့ ...


“ ဟာ ... ကိုထွန်းထွန်း ကလည်း ကျွန်တော့်မှာလည်း ကြက်ဆူဆီ ဒီလောက် များများ ဘယ်က ရမလဲဗျာ ။ ရရင်လည်း ဒီ Back Hoe တွေ ၊ Dozer တွေ ချက်ချင်းမောင်းပြလို့ ဘယ်ဖြစ်နိုင်မလဲ ။ ဆီဘူးကို ကြက်ဆူဆီ တံဆိပ် လေဘယ်ကပ်ပြီး တိုင်ကီထဲမှာ ဒီဇယ်ဆီ ထည့်မောင်းတာပေါ့ ဗျာ ”


သူငယ်ချင်းက ရှင်းပြတော့မှ အတော် “ အ ” တဲ့ ငါပါလားဟု သဘောပေါက်သွားသည် ။


°°°°°   °°°°°   °°°°°


လေး , ငါးခြောက်လနေပြီး စနေ တစ်ရက်မှာ သူ့ အိမ်သို့ အဘ ဖုန်းဆက်သည် ။ ဖုန်းကိုင်သူက သူ့အဖေ ။


“ ဟယ်လို ... အမိန့်ရှိပါခင်ဗျာ ”


“ ကိုထွန်းထွန်း ရှိလား ”


“ အပြင်သွားပါတယ်ခင်ဗျာ ၊ ပြန်လာရင် ပြောပေးပါ့မယ် ”


“ အေး ... ကိုထွန်းထွန်း ပြန်လာရင် ကျပ်ဆီ ဖုန်းဆက်ဖို့ပြော ဟုတ်လား ”


“ ဘယ် သူ ဆက်တယ်လို့ ပြောပေးရမလဲခင်ဗျာ ”


“ သူ့အဘ ဆက်တယ်ပြော "


“ ခင်ဗျာ ”


သူ့အဘ ဆိုတော့ အဖေ ခမျာ အောင့်အည်းအောင့်သက်နှင့် ယောင်နန ဖြစ်သွား၏ ။ သူ့ အဖေက အသက်ကြီး ပြီဆိုတော့ ခေတ်ကာလ အခြေအနေ သိပ်မသိ ။ သည်ကောင် အပြင်မှာ ဘယ်က “ အဖေ ” တစ်ယောက် ရှိနေသလဲပေါ့ ။


သူ ငါးနှစ်သားလောက် မှာ အဖေ နှင့် အမေ အိမ်ထောင် ကွဲသည် ။ ခြောက်နှစ်သားလောက် မှာ သားနှစ်ယောက်ရှိတဲ့ သူ့ အမေနောက်အိမ်ထောင် ပြုသည် ။ အမေ ၏ နောက်အိမ်ထောင် သူ့ပထွေး ကို ( အဘ ) ဟု ခေါ်ရန် အမေ က သင်ပေး၏ ။ သူတို့ ညီအစ်ကို ကလည်း အမေ သင်ပေးသည့်အတိုင်း ပထွေး ကို အဘ ဟု ခေါ်လာခဲ့တာ အဘ ကွယ်လွန်သည် အထိ ။


အဖေ နှင့် ကွဲသွားပြီးနောက် နှစ်ပေါင်း သုံးဆယ်ကျော် လေးဆယ်လောက် မှ ပြန်တွေ့သည် ။ အဖေတစ်ဦးတည်း ဘုန်းကြီးဝတ်နေပြီး ကျန်းမာရေးလည်း သိပ် မကောင်းသဖြင့် လူဝတ်လဲကာ သူ့ဆီ လိုက်နေရန် ခေါ်ထား၏ ။ အမေ ကတော့ မန္တလေး မှာ ကျန်နေခဲ့သည် ။


အဘ ဆီ ဖုန်းပြန်ဆက်တော့ ခေါ်သဖြင့် အဘအိမ် သွားတွေ့ရ၏ ။ အိမ်မှာ ရေအရင်း အမြစ်ဌာနက EE ကိုမျိုးလွင် ပါ ရောက်နှင့်နေသည် ။


“ ခင်ဗျားတို့ နှစ်ယောက် မြဝတီ သွား ၊ ဟိုမှာ ဒေါ်ခင်မာဝေ့ ခြံမှာ ကြက်ဆူပင်တွေ တအား ဖြစ်နေတယ် ပြောတယ် ။ ဒီ ကြက်ဆူပင်တွေ အကုန်နုတ်ပြီး ကျုပ်ကို ပြန်ပေး မလို့တဲ့ ။ ကားနဲ့ပါ သယ်ပေးမယ် ပြောတယ် ၊ သွားသယ်ဗျာ "


အဘအမိန့် နှင့် သူတို့နှစ်ယောက် ဒေါ်ခင်မာဝေ့ ခြံသို့ နောက်တစ်ခေါက် ပြန်ရောက်သည် ။ ခြံထဲရောက်တော့ ...


“ ဟာ ... "


ခြံက အရင်တစ်ခေါက် သူတို့ ကြည့်စဉ်ကနှင့် မတူ ။ အရင် တစ်ခေါက်က လန်းဆန်း စိုပြည်နေသော ပျားလိမ္မော်တွေက ညှိုးရော်လို့ ။ ပျားလိမ္မော်ပင် တန်းကြားက ကြက်ဆူပင်တွေကတော့ လူ့တစ်ရပ် မက မြင့်ကာ ပင်ပွားတွေ ၊ ကိုင်းဖြာတွေနှင့် အစွမ်းကုန် ကြီးထွား ရှင်သန်လို့ ။ ဒေါ်ခင်မာဝေ့ မျက်နှာကလည်း မအီမသာ ။


“ ကဲ ... အစ်ကိုတို့ရေ ၊ အဘ ကြက်ဆူပင်တွေ အကုန်သာ တူးယူသွားပေတော့ ။ ကျွန်မ လူတွေ နဲ့ တူးပေးမယ် ။ ကား နဲ့ လည်း အရောက်ပို့ပေးမယ် ။ မြန်မြန်သာ ယူသွားတော့ ။ ကြာရင် ကျွန်မ လိမ္မော်တွေ သေကုန်တော့မယ် ”


ကြက်ဆူ က မြေမရွေး ၊ ရေငတ်ခံသည် ဆိုသော်လည်း ပျားလိမ္မော် ကို ကျွေးသော မြေဩဇာများ ကို စုပ်အားသန်သန် နှင့် စားပစ်လိုက်ပုံရသည် ။ Spinkler ရေဖျန်းကိရိယာနှင့် ဖျန်းပေးသော ရေကိုလည်း အကုန်ဆွဲ သောက်ပစ်လိုက်၏ ။ သည်တော့လည်း သူ့အစာ ၊ သူ့ရေတွေကို ကြားမှ ဖြတ်စားသွားသော ကြက်ဆူပင်တွေကြောင့် လိမ္မော်ခြံကြီးမှာ မီးလောင်ထားသလို ညှိုးရော် နွမ်းလျနေသည်မှာ မြင်မကောင်း ။


သည်လိုနှင့် ဒေါ်ခင်မာဝေ ၏ ပျားလိမ္မော်ခြံထဲမှ ကိုင်းတုတ်ကာ အခက်အလက်တွေ ဝေဖြာနေသော ကြက်ဆူပင်ကြီးများကို သူ နှင့် ကိုမျိုးလွင် တို့ နှစ်ယောက် သယ်လာကာ အဘထံ သတင်းပို့တော့ -


“ ကဲ ... အဲဒီအပင်တွေကို သံလွင်မြစ်ကမ်းဘေး ဟို “ ဘားကပ်ရွာ ” က ကမ်းနံဘေးမှာ သေချာ အတန်းလိုက် စိုက်ဗျာ ။ ဟို “ ရဲဘက်စခန်း ” ကျွန်တော် ဖုန်းဆက်ထားတယ် ။ သူတို့ ရဲဘက်တွေနဲ့ လာစိုက်ပေးလိမ့်မယ် ။ စိုက်ပြီးရင်တော့ ဆက်ပြီး ရေလောင်းဖို့ ၊ အပင် ဆက်ပြုစုဖို့ ခင်ဗျားတို့နှစ်ယောက် တာဝန်ယူ ၊ ဟုတ်ပလား ”


သေဟ ။ ဆက်တာဝန် ယူရမတဲ့ ။ ရေလောင်းရမတဲ့ ။ ရေအရင်းအမြစ်ဌာန က ရေစုပ်စက်တွေ ၊ ပိုက်တွေ ဆင်ပြီးတော့ သံလွင်မြစ်ထဲက ရေစုပ်ပြီး ကြက်ဆူခင်း ရေလောင်းရမတဲ့ ။ စက်က ကိစ္စမရှိ ၊ ရေစုပ်မောင်းဖို့ ဆီက ဘယ်မလဲ ။ အဘ ကလည်း ထုတ်ပေးမှာ မဟုတ် ။ သည်တော့ သူ qနှင့် ကိုမျိုးလွင် တို့ အိတ်ထဲက စိုက်ပေဦးတော့ ။


°°°°°   °°°°°   °°°°°


အရှည် ၁၂ ပေ ၊ အနံ ၃ ပေရှိ ဗီနိုင်းဆိုင်းဘုတ်ကို စိုက်ခင်းရှေ့ လမ်းဘေးမှာ သူ နှင့် ကိုမျိုးလွင် တို့ သေချာ စိုက်ထူထားသည် ။ ဆိုင်းဘုတ်စာသားက ဝင့်ဝင့်ကြွားကြွား  ။


“ ပြည်နယ် စံပြ ကြက်ဆူ စိုက်ခင်း ” တဲ့ ။


ဆိုင်းဘုတ်ထူ ပွဲ မှာ ဘယ်သူမှ မပါ ။ သူ ရယ် ၊ ကိုမျိုးလွင် ရယ် ၊ တပည့်တွေရယ်ပဲ ပါသည် ။ ဆိုင်းဘုတ်တိုင်နှစ်ဖက်ပေါ် သပြေညွန့်တွေ ချည်ဖို့ သူ့တပည့်တစ်ယောက်ကို ခိုင်းနေစဉ် ကိုမျိုးလွင် တစ်ယောက် အောက်ဘက်နား တိုင်ခြေမှာ ဘာတွေ ချည်နေသလဲ မသိ ။ သူ သွားကြည့်တော့ ကန်စွန်းရွက်ရယ် ၊ အသားကြော် တစ်တုံးရယ် ။


“ ကိုမျိုးလွင် ဘာလုပ်တာတုံးဗျ ”


“ အဟဲ ၊ ဗေဒင်ဆရာက ဟောထားလို့ ကြက်ဆူဒဏ် ခဏခဏ ခံနေရလို့ ကက်ကင်း ဓာတ်ဆင် ဓာတ်ရိုက်ရမယ် ပြောတယ် ။ အဲဒါ ဆိတ်ကြော် နှင့် ကန်စွန်းရွက် ကို စွန်ကြိုးနဲ့ ချည်နေတာ ဟဲ ဟဲ ”


သူလည်း သဘောကျသွားသည် ။


လူတွေများ ဘာလေး ဖြစ်လိုက် ဖြစ်လိုက် ဗေဒင် မေးကြ ၊ ယတြာ ချေကြ ၊ ကက်ကင်း တဲ့ ။ ဓာတ်ဆင် ဓာတ်ရိုက် တဲ့ ။ တော်တော် ရယ်ချင်စရာ ကောင်းသည် ။ အခုလည်း ကြက်ဆူခင်းမှာ ကိုမျိုးလွင် တစ်ယောက် ကက်ကင်း ဓာတ်ဆင်ဓာတ်ရိုက် ယတြာချေနေပြီ ။


သူ့ ယတြာပဲ အောင်လေမလား ။


ကြက်ဆူ ကပဲ စွမ်းလေမလား ။


ဘာပဲဖြစ်ဖြစ် ပြည်နယ် စံပြ ကြက်ဆူစိုက်ခင်းရှေ့က ကြက်ဆူ ဒုက္ခသည် သူတို့ နှစ်ဦးအဖြစ် ကို သိလျှင် ဒေါ်ခင်မာဝေ ဆိုသော ပျားလိမ္မော်ခြံရှင် တစ်ယောက် မပြုံးဘဲ ဝါးလုံးကွဲ ရယ်နေမှာတော့ သေချာပါသည် ။


◾နွေမွန်  ၊ မန်း  ၊


📖 ရွှေအမြုတေ မဂ္ဂဇင်း


       မတ်လ  ၊ ၂၀၁၇ ခုနှစ်


koaungnaingoo.blogspot.com


  .

No comments:

Post a Comment