❝ ဖောက်သည် ❞
အဲဒီ ပက်လက်ကုလားထိုင် က ဦးလျောင်တိတ် ထိုင်နေတဲ့ ကောင်တာရဲ့ ညာဘက်ဘေးမှာ ။ ကောင်တာက ဆိုင်ခန်းရဲ့ အလည် မကျတကျဆိုတော့ ပက်လက်ကုလားထိုင် က လျောင်တိတ်စားတော်ဆက် ရဲ့ အလယ်တည့်တည့်မှာပဲ ။
ကုလားထိုင်ပေါ်က ထိုင်ရင်း ကြည့်ရင်း စားသောက်နေတဲ့သူတွေ အားလုံးကို မြင်ရတယ် ။ ပက်လက်ကုလားထိုင် ဆိုပေမယ့် သိပ် သားသား နားနားကြီးလည်း မဟုတ်ပါဘူး ။ သစ်မာသား နဲ့ လုပ်ထားပြီး ကုလားထိုင်အခင်းကိုတော့ ခဏခဏ မပြဲမစုတ်အောင် တာလပတ်စ နဲ့ လုပ်ထားတယ် ။ ကျွန်တော် ဆိုင်ထဲဝင်သွားတော့ လူတော်တော် များနေပြီ ။ စားပွဲတိုင်း လူတွေရှိတယ် ဆိုပါတော့ ။ အရက်ပုလင်းတွေ ထောင်လို့ ။ ဦးလျောင်တိတ် ဆိုင် က အရက်ပါ ရောင်းတာကိုး ။ အရက် ဆိုပေမယ့် ရမ်တို့ ၊ ဂျော်နီ လမ်းလျှောက်တို့ မဟုတ်ပါဘူး ။ လာသောက်တဲ့လူတွေကလည်း မသောက်နိုင်ကြဘူးလေ ။ နွားဈေးပြန်တဲ့ တော က လူတွေ နဲ့ မြို့ပေါ်က အရက်သမား လို့ သတ်မှတ်ထားကြတဲ့ သူတွေပဲ လာတတ်ကြတာပဲ ။ ( မြို့က ငယ်တော့ ဘယ်သူ အရက် စွဲနေပြီ ၊ ဘယ်ဝါရဲ့သား က အရက် သောက်တတ်နေပြီဆိုတာ သိကြတယ် ) ဒါကြောင့် လျောင်တိတ် ဆိုင်ထဲ ဝင်သွားပြီဆိုရင် ပတ်ဝန်းကျင်က စူးစမ်းတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတတ်တယ် ။ အရက် သောက်နေတာများ မြင်လို့ကတော့ နောက်နေ့ ဈေးထဲမှာ ဘယ်သူ့သား အရက်သောက်တတ်နေပြီတော့ ။ အင်းလေ ၊ မထူးဆန်းပါဘူး ။ သူ့ အဖေကလည်း အရက်သမားပဲ ။ ဒါမှမဟုတ် ဖြစ်မှ ဖြစ်ရပလေ ၊ သူ့အဖေ ဒီအရွယ်က အားကစားသမားပါ ။ ဘာလို့များ မဆုံးမကြပါလိမ့်နဲ့ သတင်းထူး သတင်းဆန်းကြီးကို ဖြစ်လို့ ။ ဒါ့ကြောင့် လျောင်တိတ်ဆိုင်ထဲ အကြော်အလှော် တစ်ခုခု ဝယ်ဖို့သွားရင် ဆိုင်ဝက အကျယ်ကြီး အော် မှာရတယ် ။ ဒါမှ ပတ်ဝန်းကျင်က အရက်သောက်ဖို့ လာတာ မဟုတ်မှန်း သိမှာ ။ ကျွန်တော်လည်း အဲဒီနည်းအတိုင်း ခေါက်ဆွဲကြော် ကြက်သားနဲ့ တစ်ထုပ်လို့ လှမ်းအော်လိုက်တယ် ။ ဒါပေမယ့် ဆိုင်ထဲမှာ လူတွေစည်ပြီး အသံတွေ က ကျယ်နေတော့ ဦးလျောင်တိတ် ကြားဟန် မတူပါဘူး ။ ဒါကြောင့် ကောင်တာနားအထိ သွားပြီး ပြောရတယ် ။ ဦးလျောင်တိတ်က နောက်ဖေးမီးဖိုဆီကို လှမ်းအော်ရင်း ရွှေသွားတွေ အဝင်းသားနဲ့ ပြုံးပြီး သူ့ရှေ့က ထိုင်ခုံမှာ ထိုင်ခိုင်းတယ် ။
ကျွန်တော်လည်း ခေါက်ဆွဲကြော်စောင့်ရင်း ဆိုင်ထဲကို လျှောက်ကြည့်မိတယ် ။ ဆိုင်ထဲမှာ စားပွဲဝိုင်းလေးလုံး ၊ ဝိုင်းတိုင်းမှာ ထိုင်နေတဲ့သူတွေက တောက လူတွေများတယ် ။ ပက်လက်ကုလားထိုင်ပေါ်မှာတော့ ဦးဘိုနီ ထိုင်နေတယ် ။ မြင်တာနဲ့ အရက်ချိုးကြီးမှန်း သိသာပါတယ် ။ မျက်နှာက နီစပ်စပ် ပွယောင်းယောင်း ၊ မျက်လုံးတွေကလည်း နီကြောင်ကြောင် ၊ လျှာနဲ့နှုတ်ခမ်းကို သတ်နေတာလည်း ခဏခဏ ။ သူ့ လက်ထဲမှာ အရက်ဖြူထည့်ထားတဲ့ ဖန်ခွက်ကို ကိုင်ရင်း ကျွန်တော့်ကို မျက်လုံး မှေးကြည့်နေတယ် ။
“ ဟေ့ .. ကလေး ၊ မင်း ဘယ်သူ့သားလဲကွ ”
“ ဦးအုန်းမြင့် ဒေါ်လေးမူ သားပါဗျ ”
“ ဪ ... အုန်းမြင့် သားလား ။ မင်းအဖေ နေကောင်းလား ကလေး ”
“ ဟုတ် ”
သူ က ခေါင်းတဆတ်ဆတ်ငြိမ့်ပြီး ရှေ့က စားပွဲဝိုင်းအသေးကလေးပေါ် တင်ထားတဲ့ ပန်းကန်ပြားထဲက ဝက်အူချောင်းတစ်ဖတ်ကို ခရင်းနဲ့ထိုးပြီး တခမ်းတနား ယူစားလိုက်တယ် ။
သူ မေးတဲ့ အသံ နဲ့ ကျွန်တော် ဖြေတဲ့ အသံ က သိပ် မကျယ်လှပေမယ့် တခြားစားပွဲဝိုင်းက လူတွေအားလုံး သူနဲ့ ကျွန်တော် ပြောနေတာတွေကို ငြိမ်ပြီး နားထောင်နေကြတယ် ။
“ ဘယ်နှတန်း ရောက်ပြီလဲကွ ”
အရက်ကို အရသာခံသောက်ရင်း ဦးဘိုနီက ကျွန်တော့်ကို လှမ်းမေးလိုက်ပြန်တယ် ။
“ ရှစ်တန်း ဖြေထားပါတယ် ခင်ဗျ ”
“ အေးအေး စားကြိုစားကွ ကြားလား ။ လောကမှာ ပညာ တတ်မှကွ ၊ ပညာ မတတ်လို့ကတော့ ဓားမနောက်ပိတ်ခွေး ဖြစ်မှာ ကြားလား ”
“ ဟုတ် ”
“ ပညာတတ်ပြီးရင် လုပ်ချင်တာလုပ် ၊ အကုန်တင့်တယ်တယ် ဟုတ်လား ကလေး ”
ကျွန်တော် ခေါင်းပဲ ညိတ်ပြလိုက်ပါတယ် ။ ကျွန်တော် ဆိုင်ထဲက ပြန်ထွက်ချင်ပြီ ။ မနေချင်တော့ဘူး ။ ဦးဘိုနီ ကြည့်ရတာလည်း တစ်မျိုးကြီးပဲ ။ ယဉ်ယဉ်ကျေးကျေးတော့ ပြောနေပါရဲ့ ။ သူ့ပက်လက်ကုလားထိုင်ပေါ် ထိုင်နေတဲ့ ပုံကြီးကိုလည်း မကြိုက်ပါဘူး ။ သူက ဘာလို့ သူများတွေလို စားပွဲမှာ သွားမထိုင်ဘဲ ဒီပက်လက်ကုလားထိုင်ကြီးပေါ်မှာ ထိုင်နေရတာလဲ ။ ဦးလျောင်တိတ်ကလည်း
သူ့ကို ဘာမှမပြောဘူးလား ။ တခြားစားပွဲက လူတွေကလည်း သူ့ကို ဘာလို့ အထင်ကြီးတဲ့မျက်လုံးတွေနဲ့ ကြည့်နေရတာလဲ ကျွန်တော် မသိဘူး ။
ဦးဘိုနီက စကားတစ်ခွန်းမှ ဆက်မပြောဘဲ ကျွန်တော့်ကို စိုက်ကြည့်နေတယ် ။ ပြီးမှ သူ့အိတ်ထဲက စီးကရက်ဘူးကို ထုတ် ၊ တစ်လိပ်ယူပြီး သူ့ရဲ့ မီးခြစ်နဲ့ ခြစ်တယ် ။ မီးခြစ်ဆံယမ်းအား မကောင်းလို့နဲ့ တူပါရဲ့ ။ မီးမတောက်ဘူး ။ ဦးဘိုနီက မီးခြစ်ဘူးကို လက်နဲ့တောက်ပြီး ဆိုင်အပြင်ဘက်ရောက်အောင်လွှင့်ပစ်လိုက်တယ် ။ ပြီးမှ သူ့ညာဘက်စားပွဲဝိုင်းက လူတစ်ယောက်ဆီကို လှမ်းပြီး ...
“ ဟေ့ ... မီးတစ်တို့လောက် ပေးစမ်းပါကွာ ” တဲ့ ။
တောက လူကလည်း ရိုရိုသေသေပဲ ။ သူ့ ဆီကို လာပြီး ဓာတ်မီးခြစ် အနီလေးကို ခြစ်ပြီး ပေးရှာတယ် ။ ပက်လက်ကုလားထိုင်ပေါ်က မထ ။ သူ့ စီးကရက်ကို မီးညှိပြီး ...
“ သင့်ကယူးကွာ ” တဲ့ ။
တောက လူက တော့ သူ့ကို ကျေးဇူးတင်ပါတယ် လို့ ပြောတာ နားလည်လား ၊ မလည်လားတော့ မသိဘူး ။ သူ့ နေရာသူ ပြန်ထိုင်ပြီး အရက်သောက်ရင်း မြည်းဖို့ချပေးတဲ့ ဇီးသီးလေးတစ်လုံး ကောက်ဝါးနေတယ် ။
တော်ပါသေးရဲ့ ။ မှာထားတဲ့ ခေါက်ဆွဲကြော်ရလာလို့ ဦးလျောင်တိတ်ကို ပိုက်ဆံပေးပြီး ဆိုင်ထဲက ကျွန်တော် မြန်မြန်ပြန်ထွက်ခဲ့တယ် ။ ဆိုင်ပြင်ရောက်လို့ ဆိုင်ထဲ အသာလှည့်ကြည့်လိုက်တော့ ဦးဘိုနီ ပက်လက်ကုလားထိုင်ပေါ်မှာ လက်နှစ်ဖက်ကွေးပြီး ခေါင်းအောက်မှာ ခံရင်း ဇိမ်ယူနေတဲ့ပုံကို မြင်လိုက်ရသေးတယ် ။
အိမ်ရောက်လို့ ခေါက်ဆွဲထုပ်ဖြေရင်း အဖေ့ကို ပြန်ပြောပြတော့ အဖေက ရယ်တယ် ။
“ အဲဒါ သူ့ အဖေ ဦးသာအေး နဲ့ တစ်ပုံတည်းကွ ။ သူ့ အဖေတုန်းကလည်း ငါ့ သား ပြောတဲ့ ပက်လက်ကုလားထိုင်မှာ ထိုင်ပြီး အရက်သောက်ခဲ့တာပဲ ။ ဦးသာအေး က အောက်တန်းရှေ့နေ ။ အဖေတို့ ခေတ်က ခုနစ်တန်းအောင်ရင် အောက်တန်းရှေ့နေ ဖြေလို့ရတယ် ။ ဦးသာအေး က ရှေ့နေသာ လုပ်တာ ။ နားက အင်မတန်လေးတာ ။ တစ်ခါ ရုံးတော်က သူ့အမှုသည် ကို တရားသေလွှတ်တယ်လို့ အမိန့်ချတာ ဦးသာအေး ဘယ်လို ကြားတယ် မသိပါဘူးကွာ ။ တရားသူကြီးမင်းခင်ဗျား ၊ ကျွန်တော်မျိုး ရိုသေစွာ လျှောက်ထားပါရစေ ။ ကျွန်တော်မျိုးရဲ့
အမှုသည်ကို ထောက်ထားစာနာသောအားဖြင့် ကြိမ်ဒဏ်များ ပေးသနားသင့်ပါတယ်လို့ လျှောက်လို့ တစ်ရုံးလုံး ရယ်လိုက်ကြတာ ။ တောက အမှုသေး အမှုမွှားတွေ လာအပ်ကြတာပေါ့ကွာ ။ ညနေ ရုံးဆင်းရင် လျောင်တိတ်ဆိုင် ဦးသာအေးရောက်ပြီ ။ ငါ့သားပြောတဲ့ ပက်လက်ကုလားထိုင်ကြီးပေါ်ထိုင်ပြီး တစ်ဆိုင်လုံး လာသမျှ သူတွေကို အပေါ်စီးကြီးနဲ့ပေါ့ကွာ ”
“ ဦးလျောင်တိတ်က စားပွဲမှာထိုင်ဖို့ မပြောဘူးလား အဖေရ ”
“ ဘယ်ပြောမလဲကွာ ။ သူ့ အမြဲတမ်း ဖောက်သည်ကြီးပဲ ။ နောက်ပြီး ယစ်မျိုးလေး ဘာလေးဆိုရင်လည်း သူ ရှိတော့ အားကိုးရတာပေါ့ ။ အမိန့်တော်ရမင်း ကိုယ်တိုင် သောက်နေတဲ့ ဆိုင်ပေါ့ကွာ ။ ဦးသာအေး ကလည်း လျောင်တိတ် ပက်လက်ကုလားထိုင်ကို ထိုင်ပြီးတော့ အရက်သောက်ရတာကို ဂုဏ်သိပ်ယူတာကွ ငါ့သား ရ ။ လျောင်တိတ်ရဲ့ အထူးဧည့်သည်တော်ပေါ့ကွာ ။ တောက လူတွေကလည်း ပက်လက်ကုလားထိုင်ကြီး နဲ့ ဆိုင်အလယ်မှာ အရက်သောက်နေတဲ့ အမိန့်တော်ရကြီး ဆိုပြီး အထင်ကြီးဟန် ရှိပါတယ် ။ အမယ် တစ်ခါတစ်ခါ
ဆိုင်ထဲမှာတင် အမှုလက်ခံလိုက်ရတာတွေ ရှိတယ် ။ ဆိုင်ထဲမှာ အမှုအပ်လို့ကတော့ လျောင်တိတ်ဆိုင် အရှေ့ခုနစ်အိမ် အနောက်ခုနစ်အိမ် အကုန်ကြားရတယ် ။ အော်ပြောရတာကိုးကွ ။ ဦးသာအေး သေတော့လည်း ဒီအရက်နဲ့ သေတာပါပဲ ။ ဆိုင်က အပြန် လမ်းဘေး လဲသေတာပဲလေကွာ ။ အဲဒီတုန်းက ဘိုနီ က အသက်အစိတ်လောက် မိန်းမ မရသေးဘူး ။ ဒါပေမယ့် အဖေတို့ ဘောကန်နေတဲ့အ ချိန်
သူက ခွက်ပုံး ဖြစ်နေပြီ ”
“ ဦးဘိုနီသား အငယ်က ကျွန်တော် နဲ့ တစ်တန်းတည်းအဖေ စိုးနီ တဲ့ ”
“ ဪ ... ဪ ဆယ့်လေးနှစ်လောက် ရှိပြီပေါ့ ”
°°°°° °°°°° °°°°°
ဘယ်ရောက်ရောက် ဘယ်အစာ စားရစားရ ဦးလျောင်တိတ် ခေါက်ဆွဲကိုတော့ ကျွန်တော် စွဲတယ် ။ ရန်ကုန်ရောက်လို့ စားပွဲရုံမှာ ခေါက်ဆွဲစားတိုင်း ဦးလျောင်တိတ် ခေါက်ဆွဲ သတိရတော့တာပဲ ။ အသားနိုင်းချင်း ဘဲဥ ကြီးတစ်လုံးလုံး အပြားလိုက် ကြော်ပြီး အုပ်ထားတဲ့ ဦးလျောင်တိတ် ခေါက်ဆွဲဟာ ကျွန်တော်စားဖူးသမျှ ခေါက်ဆွဲထဲမှာတော့ အကောင်းဆုံးလို့ ထင်တာပဲ ။ ဒါကြောင့် ရန်ကုန် က အရပ်ပြန်ရောက်တိုင်း ဦးလျောင်တိတ် ခေါက်ဆွဲကြော် စားဖြစ်အောင်ကို စားတယ် ။ ဒီတစ်ခေါက်တော့ ခေါက်ဆွဲဆိုင်ထဲ ထိုင်ပြီး စားမယ်လို့ စိတ်ကူးမိတာနဲ့ အစ်ကို နဲ့ ကျွန်တော် လျောင်တိတ် ဆိုင်ထဲ ဝင်သွားလိုက်တယ် ။ ဦးလျောင်တိတ် တော့ မရှိတော့ဘူး ။ ဆိုင်ကလည်း တော်တော်သားသားနားနား ပြင်ထားတယ် ။ ဖော်မိုက်ကာ စားပွဲဝိုင်းတွေ ဘာတွေနဲ့ အခန်းလေးတွေ ဖွဲ့လို့ ။ အခန်း
ဖွဲ့ထားတယ် ဆိုပေမယ့် ဦးလျောင်တိတ် သား ကိုကျိတိတ် ထိုင်တဲ့ ကောင်တာကတော့ အကုန်လှမ်းမြင်ရပါတယ် ။
“ ဟေ့ကောင် မင်းအောင်ကြီးပါလား ။ ဘယ်တုန်းက ပြန်ရောက်သလဲ ”
ဟင် ... ပက်လက်ကုလားထိုင်ပေါ်မှာ ထိုင်နေတာ စိုးနီ ပါလား ။
သူ့အဖေ ဦးဘိုနီ လိုပဲ မျက်နှာ ပွယောင်းယောင်း ၊ နီစပ်စပ် ၊ သူ့အမေးကို ကျွန်တော် တော်တော်နဲ့ မဖြေနိုင်သေးဘဲ သူ့ကို သေသေချာချာ ကြည့်ပြီး မှ ...
“ အေး ... သူငယ်ချင်း ။ မနေ့ကပဲ နေကောင်းတယ်နော် ”
“ အိုကေပါပဲကွာ ။ ဘာလဲ မင်းသောက်တတ်နေပလား ”
“ မသောက်ပါဘူးကွာ ။ ခေါက်ဆွဲလာစားတာပါ ”
“ အေးအေး မသောက်တတ်ရင် မသောက်နဲ့ ။ သောက်ရင်လည်း မရမ်းနဲ့ ။ အဲ ... သောက်ပြီးရမ်းရင် ကိုယ်အမှုဖြစ်ပြီး အဲဒီထက်ဆိုးပြီး လူတွေဘာတွေ သတ်မိပြီဆိုရင်တော့ ပုဒ်မ ၃၂ဝ ပဲ ။ ဆေးရုံရောက်မှ သေလည်း ၃ဝ၄ လို့ ရဲက အမှုဖွင့်တာ မဟုတ်ဘူး ။ ၃၂ဝ က လူသတ်မှုလေကွာ ။ နေရာတင် သေတာပေါ့ကွာ ။ ၃ဝ၄ က လူသေမှု ချက်ချင်း မသေဘူးပေါ့ကွာ ”
ကျွန်တော်က ခေါင်းတစ်ချက် ညိတ်ပြီး သူ နဲ့ အဝေးဆုံး စားပွဲဝိုင်းကို သွားထိုင်လိုက်တယ် ။ တစ်ဆိုင်လုံး သူ ပြောနေတဲ့ ပုဒ်မတွေကို နားထောင်နေလိုက်ကြတာ ငြိမ်လို့ ။
“ စိုးနီ အရက်ချိုး ဖြစ်နေပြီပဲ ”
ကျွန်တော် က အစ်ကို့ကို တိုးတိုးလေးပြောလိုက်တော့ အစ်ကို က တူဘူးထဲက တူနှစ်စုံကို လက်သုတ်ပဝါနဲ့ သုတ်ရင်း ...
“ မင်းမြင်တဲ့အတိုင်းပဲ ။ ညနေဆို အဲဒီ ပက်လက်ကုလားထိုင်ကြီးပေါ်မှာ ထိုင်ပြီး အရက်လာသောက်တဲ့ တောက လူတွေကို ဥပဒေအကြောင်းတွေရွတ်ပြတော့တာပဲ ။ အမယ် သူ့ အရပ်နဲ့ သူ့ဇာတ်တော့ ကိုက်လို့ပဲ ဟေ့ ။ တောက လူတွေကလည်း သူ ရွတ်ပြတဲ့ ဥပဒေတွေကို တလေးတစား နားထောင်ကြတာကွ ။ စိုးနီ ကတော့ ပက်လက်ကုလားထိုင်ပေါ် ထိုင်ရင်း အရက်ကလေး သောက်
လိုက် ၊ ဝက်အူချောင်းလေး ခက်ရင်းနဲ့ ထိုးစားလိုက် ၊ ဒူးယားစီးကရက်လေးဖွာလိုက်နဲ့ ”
“ ခု သူက ဘာအလုပ် လုပ်နေလဲ ”
“ သူ့အဖေ ဦးဘိုနီ သေသွားတော့ သူ့အဖေ နေရာပေါ့ ။ တရားရုံးမှာ လျှောက်လွှာစာရေး ပေါ့ကွာ ။ တောက လူတွေကတော့ သူ့ ကို ဗဟိုတရားရုံး ရှေ့နေလောက် ထင်နေတာ ”
“ သူ ကလည်း အဲဒီ ပက်လက်ကုလားထိုင်ကြီးပေါ် ထိုင်ပြီး ဘီအီးဒီစီ တစ်ဆယ်ဖိုးသောက်ရတာ ရန်ကုန် က ဟိုတယ်တက်ရသလို ဂုဏ်ယူနေတာဗျ ။ မင်း ကြည့်ပါလား သူ့ ပုံကို ”
အစ်ကို ပြောတာ ဟုတ်တယ် ။ စိုးနီက အရက်ကလေး သောက်လိုက် ၊ ဝက်အူချောင်းလေး စားလိုက် ၊ ဘေးဝိုင်းက တောသားတွေကို ဥပဒေအကြောင်း ပြောလိုက် ၊ လက်နှစ်ဖက်ကွေးပြီး ခေါင်းခု ပက်လက်လှန်လိုက်နဲ့ အတော် သဘောကျနေပုံ ရတယ် ။
“ အင်း ... စိုးနီ လည်း သူ့ အဖေလို လာတာပဲနော် ”
“ သူ့ အဘိုး လို့ ပြောပါကွာ ။ သူ့ အဘိုး အမွေ သူ့ အဖေ ဦးဘိုနီ က ရပြီးဦးဘိုနီ အမွေ စိုးနီ ရတာပဲ ။ ကျိတိတ် တို့ကတော့ မျိုးစဉ်ဘောင်ဆက် ဖောက်သည် ရတာပဲကွ ”
“ အဲဒီ ကုလားထိုင်ကြီးပေါ်မှာပဲနော် ”
ကျွန်တော် က စိုးနီ ကို လှမ်းကြည့်ရင်း အစ်ကို့ ကို ပြန်ပြောပြတော့ အစ်ကို ပြုံးတယ် ။
“ ဘာပြုံးတာလဲဗျ ”
“ အဲဒီ ပက်လက်ကုလားထိုင်ကြီးပေါ်ကို မကြာခင် ဖောက်သည် အသစ်ကလေးတစ်ယောက် ရောက်လာတော့မယ်လေကွာ ။ စိုးနီ သားလေ ။ ငါ့ သား နဲ့ ရွယ်တူ ပဲ ။ ခုဆို ကျောင်းပြေးပြီး ထန်းရည်တွေ ဘာတွေတောင် သောက်တတ်နေပြီ ” တဲ့ ။
◾အောင်ကျော်တိုး
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
အမှတ် ၃၈
ဒီဇင်ဘာလ ၊ ၁၉၉၂ ခု
koaungnaingoo.blogspot.com
.
No comments:
Post a Comment