Thursday, November 18, 2021

ပြုံးတတ်တယ် ခေါင်းညိတ်တတ်တယ် အခန်း ၁၅ + ၁၆


 အခန်း ( ၁၅ )


တို့နှစ်ယောက် အတော် ဣန္ဒြေရသွားတယ် ။ ပေးစရာ ကြွေးစကလေးတွေ ရှိတာလဲ ဆပ်ပြီးသွားပြီ ။ သူ့ အတွက် ဖိနပ်တရံ လဲ ဝယ်ပေးပြီးပြီ ။ ကလေးတွေ အတွက်လဲ အနည်းအကျဉ်း ဆိုသလို သွားပေးပြီးပြီ ။ လက်ထဲမှာ ခုနစ်ရာ့ငါးဆယ် ရှိတယ် ။


ငါ့ သဘောက အိမ်ထောင်သုံး ပစ္စည်းကလေးတွေ ဝယ်ချင်တယ် ။ ငါ တို့မှာ ရေပုံး တပုံး မရှိ သေးဘူး ။ ဒယ်အိုး တစ်လုံး မရှိ သေးဘူး ။ ဇလုံ တလုံး မရှိ သေးဘူး ။ အို ... ဘာဆို ဘာမှ မထူထောင်ရသေးဘူး ။


ဒါပေမယ့် အောင်သိန်း က... “ ဘာလုပ်မှာလဲ ... မမ ရယ်... သည်မှာ အမြဲ နေမှာမှ မဟုတ်ပဲ ... ပြောင်းတော့ယင် ခွက်တွေ ပလုံးတွေ တထွေးကြီး နဲ့ ရှုပ်ပါတယ် ”  ... တဲ့ ။


အဲသည်တော့ ထမင်းဆိုင် မှာပဲ စားကြတယ် ။ အယင်ကလို ထမင်းတအိုး တည်ပြီး ဟင်းဝယ်စားတဲ့ အလုပ်တောင် သိပ် မလုပ်တော့ဘူး ။ ထမင်းအိုးလဲ မတည်တော့ဘူး ။


ငါ့ စရိတ်ကတော့ မရှိပါဘူး ။ ငါ က သွားရည်စာ ကလေးတော့ တမြုံ့မြုံ့ နေတတ်တယ် ။ ချိုချဉ်ကလေး အစ ၊ ဆီးထုပ်ကလေး အစ ၊ ဒါက ဘာကုန်တာ မှတ်လို့လဲ ။ ကုန်လှ တနေ့ တကျပ်ခွဲ အပြင် အစွန်း မထွက်ပါဘူး ။


အောင်သိန်း ရဲ့ စရိတ်ကတော့ ကြီးတယ် ။ တနေ့ ကို ဒူးယား နှစ်ဗူး ။ လက်ဖက်ရည် နှစ်ခွက် ။ ညနေဘက် ကျတော့ အရက် ။


ရှေ့ရေးကို စိုးရိမ် ရတာပေါ့ ။ ဆင်းရဲငတ်ပြတ် ခဲ့ဖူးတော့လဲ ပြန် ဆင်းရဲ ရမှာကို ငါ ကြောက်တယ် ။ ငွေပြတ်တုန်း ဖျား မယ် နာ မယ်ဆိုယင်လဲ ဘယ်နှယ့် လုပ်ရမှာလဲ ။ ဆေးရုံ က ဆေး မရလို့ အပြင်မှာ ဝယ်ရပြီ ဆိုပါတော့ ။

မဝယ်နိုင်ယင် အသေ ခံရတော့မှာလား ။


နောက်တခု ငါ က ငွေကိုင်တာ မဟုတ်ဘူး ။ အောင်သိန်း ကို အပ်ထားတာ ။ သူ က အရက် အပြင် ဖဲ ကလဲ အစ ရှိနေတယ် ။ တနေ့နေ့ တချိန်ချိန် အဖော်ကောင်းယင် မကစားဖြစ်ပဲ နေမလား ။ မရှုံးဘူး လို့ကော ဘယ်သူ အာမခံမှာလဲ ။


တတိတတိ နဲ့ ငွေ အတော် ကုန်သွားတယ် ။ နေ့စဉ်တော့ အောင်သိန်း ကို ငါ မေး မေးကြည့်တယ် ။ မောင် ... ငွေ ဘယ်လောက် လျော့သွားပြီလဲကွယ် ... လို့ ။


တနေ့တော့ သုံးရာ့နှစ်ဆယ် ဆိုလား ကျန်တော့တယ်တဲ့ ။ ခုပုံအတိုင်း သုံးနေယင် အရက် နှစ်ဆယ် နဲ့ ပြတ်မယ် ။ ငါ ရင်မောတယ် ။


ဒါပေမယ့် နောက်နေ့ မနက်စောစော မှာ အေးမြ အိမ်ကို ရောက်လာတယ် ။ အိမ်လိပ်စာ လဲ ပေးထားပြီ ဆိုတော့ ၊ ငါ တို့ နှစ်ယောက် လင်မယား မှန်း အေးမြ လဲ သိပြီပေါ့ ။ ငါ့ အမျိုးသမီး ဆိုလို့ မရတော့ဘူး ။


အလုပ်ကိစ္စ စကား ပြောကြတယ် ။ တညအိပ် ခရီး တဲ့ ။ ခရီးကလဲ ခရီးတို ။ လက်ပံတန်း ကို ကား နဲ့ သွားရမှာ ။ ငါးရာ အသားတင် ရမယ်တဲ့ ။


အောင်သိန်း က ပြောတယ် ။ မမ သဘောပဲတဲ့ ။ ... “ သည်လို မလုပ်နဲ့လေ မောင် ... မောင် ကြည်ကြည်သာသာ ခွင့်ပေးယင် မမ သွားမယ် ၊ မောင့် သဘော တခုပဲ... ” လို့ ငါ က ပြန်ပြောလိုက်တယ် ။


ဟုတ်တယ် ။ တောင်ကြီးလိုင်း ကို သွားတုန်းက ငါ ဘုမသိ ဘမသိ နဲ့ လိုက်သွားခဲ့ရတာ ။ အလုပ်သဘော ကို ဘာတခု မှ ငါ သိတာ မဟုတ်ဘူး ။


အခုတော့ ငါ သိပြီ ။ အောင်သိန်း လဲ သိပြီ ။ သူ က ငါ့ ရဲ့ ကာမပိုင် ယောက်ျား ပဲ ။ သူ ခွင့်မပြုပဲ နဲ့တော့ သူ့ ရင်ခွင် အပြင် ဘယ် ရင်ခွင်သစ် မှာမှ မအိပ်ဖို့ ငါ ဆုံးဖြတ်ထားတယ် ။


မောင့် သဘော ဆိုတော့ သူ လဲ အတော် အနေရ ခက် သွားတယ် ။ ဒါပေမယ့် သိတဲ့ အတိုင်းပဲ ။ တခဏချင်း မျက်နှာထား ကို ပြင်လိုက်တယ် ။ တညအိပ်ပဲ ဆိုယင်တော့လဲ သဘောပဲလေ တဲ့ ။


အလုပ်သဘော အရ ငွေငါးရာ လက်ခံလိုက်တယ် ။ ငါ ကိုင်တောင် မကြည့်ပါဘူး ။ အောင်သိန်း ရဲ့ လက်ထဲ ကိုပဲ အေးမြ ကို အထည့်ခိုင်းလိုက်တယ် ။


အချိန်ရော နေရာပါ တခါတည်း ပြောသွားတယ် ။ နေ့ခင်း နှစ်နာရီ တိတိ မှာ တက္ကသိုလ်များ ဆေးရုံ ရှေ့က စောင့်နေရမယ်တဲ့ ။


အောင်သိန်း လိုက်ပို့တယ် ။ နှစ်နာရီ တိတိ မှာပဲ ဖီယက်ကား အပြာကလေး တစင်း နဲ့ ရောက်လာတယ် ။ အေးမြ ဆင်းနေရစ်တယ် ။ ငါ တက်လိုက်သွားတယ် ။


ယာဉ်မောင်း အပြင် ယောက်ျား နှစ်ယောက် ပါတယ် ။ အဘိုးကြီး တွေပါပဲ ။ တယောက်က မန္တလေး သား ။ ဦးသိန်းလွင် တဲ့ ။ ငွေရှင် ဆိုပါတော့ ။ နောက် တယောက် ကတော့ ရန်ကုန် က ။ ဦးဖေညွန့် တဲ့ ။


ဦးဖေညွန့် နဲ့ ဦးသိန်းလွင် နဲ့ ဖက်စပ်လုပ်တဲ့ စီးပွားရေးလုပ်ငန်း အတွက် လက်ပံတန်း ကို သွားကြမှာ ...  ။ ဖက်စပ် ဆိုပေမယ့် ဦးသိန်းလွင် က ငွေရင်း စိုက်တယ် ။ ဦးဖေညွန့် ကတော့ ပေါက်ရောက်တယ် ပြောပါတော့ ။


သံကြွပ်တွေ တင်ဒါ ရထားတယ် ။ လက်ပံတန်း မှာ ပါမစ် နဲ့ သွားထုတ်ယူရမယ် ။ လက်ပံတန်း ရောက်တော့ သံလမ်းမှူး ဦးတင်ဦး ရဲ့ အိမ်မှာပဲ တည်းတယ် ။ ငါ နဲ့ ဦးသိန်းလွင် က လင်မယား အဖြစ် တည်းကြတယ် ဆိုပါတော့ ။


တည အိပ်ပြီး နောက်နေ့ မနက် ကိုးနာရီ လောက်မှာပဲ ပြန်လာခဲ့ကြတယ် ။ ညနေ သုံးနာရီလောက် မှာ ပြန်ရောက်တယ် ။


ငါ ထင်ထားတဲ့ အတိုင်းပဲ ။ အခန်း မှာ အောင်သိန်း မရှိပြန်ဘူး ။ ထုံးစံအတိုင်း သော့ခလောက် ပဲ တွေ့ရတယ် ။ ရိုက်ဖွင့်ပြီး ဝင်ရတယ် ။ တခု ပျက်ပြန်ရော ။


သည်တခါ သဲလွန်စ တွေ့ရတယ် ။ အယင်တခေါက် ပြန်လာတုန်းကတော့ သဲလွန်စ ဆိုလို့ ဘီးကျိုး တချောင်း ပဲ တွေ့ရတယ် ။ ဒါပေမယ့် ငါ လုပ်ခဲ့ရတဲ့ အလုပ် အရ ၊ သူ လဲ စိတ်မကောင်း ဖြစ်နေမှာပဲ ဆိုပြီး စိတ် ကို ဖြေခဲ့ တယ် ။ ဒါကြောင့်မို့လို့ ငါ ပြောချင်တဲ့ စကားတွေ ကိုတောင် မျိုသိပ်ထားခဲ့တယ် ။


အဲ ... အယင်တခေါက်တုန်းကတော့ သင်ဖြူးဖျာ တချပ် ပဲ အောက်ခင်း ဆိုလို့ ရှိတယ် ။ သဲလွန်စ ကို ဖမ်းမိဖို့ ခက်တယ် ။ ပြီးတော့ သူ့ သူငယ်ချင်း လင်မယား လာ အိပ်တယ် ဆိုတော့ ရောထွေး သွားနိုင်တယ် ။


ခု တခေါက်ကတော့ ရှင်းတယ် ။ တောင်ကြီး က ပြန်လာကတည်းက တိုးတက်လာပြီလေ ။ အိပ်ရာခင်း နဲ့ ခေါင်းအုံးစွပ် အသစ် နဲ့ ဖြစ်နေပြီ ။ အိပ်ရာခင်းအဖြူ မှာ ပန်းရောင်ကွက် နှစ်ကွက် စွန်းနေတယ် ။ ခေါင်းအုံးစွပ် ကြားထဲ မှာလဲ မိန်းမကိုင် ပိုက်ဆံအိတ်ကလေး တအိတ် တွေ့ရတယ် ။ ဖွင့်ကြည့်တော့ လိုင်စင် ဓါတ်ပုံ တပုံ တွေ့ရတယ် ။ ငါ သိဖူး မြင်ဖူးတဲ့ အမျိုးသမီးတယောက် ရဲ့ ပုံပဲ ။ သမဝါယမ ကုန်မျိုးစုံဆိုင် က စာရေးမ ။


အိမ်ရှင့် သားကလေး ကို မုန့်ဖိုး တကျပ် ပေးပြီး အစ်ကြည့်လိုက်တယ် ။ ပေါ်ရော ... ။ ဘယ်အချိန် က လာတယ်တော့ သူ မသိဘူးတဲ့ ။ သည်နေ့ မနက် မိုး မလင်းတလင်း မှာ အောင်သိန်း နဲ့ မိန်းမ တယောက် ထွက်သွားတယ် ကိုတော့ သူ တွေ့လိုက်တယ်တဲ့ ။


ဆောက်တည်ရာ မရဘူး ။ ငါ့ စိတ်တွေ မငြိမ်တော့ဘူး ။ ထိုင်ရ မလိုလို ၊ ထရတော့ မလိုလို ဖြစ်နေတယ် ။ မိုးစုပ်စုပ် ချုပ်ခါမှ ကိုယ်တော်ချော ပြန်ရောက်လာ တယ် ။ အရက်နံ့ ကလဲ တထောင်းထောင်း ထနေတယ် ။ လူကလဲ လေးကွက်သိုင်း နင်းလို့ ။


ငါ ကလဲ ခုနစ်မောင်း တင်ပြီး စောင့်နေတာပဲ ။ ထွေထွေထူးထူး ပြော မနေတော့ဘူး ။ မေးလဲ မနေတော့ဘူး ။ မလိုတော့ဘူးလေ ။ အားရပါးရ ပါး ရိုက်ချလိုက် တယ် ။ အောင်သိန်း ခွေလဲကျသွားတယ် ။


နှုတ်ခမ်းထောင့် က သွေးတွေ ထွက်လာတယ် ။ သူ ဘာတခွန်းမှ မပြောနိုင်ဘူး ။ သူ့ အပြစ်တော့ သူ လဲ သိထားပေမှာပေါ့ ။


ဪ ... ငါ လက်လွန်သွားပါကလားလို့ စိတ်မကောင်း ဖြစ်မိတယ် ။ မျက်ရည်လဲ ကျမိတယ် ။ လက်ကိုင်ပဝါ ရေဆွတ်ပြီး သွေးစသွေး နတွေကို ငါ သုတ်ပေးမိပြန်တယ် ။ အိပ်ရာထဲကို ဆွဲခေါ်ပြီး သိပ်ထားလိုက်ရတယ် ။


ဘာတခွန်းမှ ငါ့ ကို ပြန် မပြောဘူး ။ ဘာလို့ ရိုက်တာလဲ လို့လဲ မမေးဘူး ။ မူးတော့ မူးနေတယ် ။ ဒါပေမယ့် အလွန်အကျွံ မူးတာမှ မဟုတ်ပဲ ။


အဲသည် ညက ငါ မိုးလင်းတဲ့ အထိ အိပ် မပျော်ဘူး ။ မိုးလင်းမှပဲ မှေးကနဲ ပျော်သွားတယ် ။ အောင်သိန်း ကို လှမ်းကြည့်လိုက်တော့ ဂျင်းအင်္ကျီ အဖြူ နဲ့ ဂျင်းဘောင်းဘီ အဖြူ ဝတ်ထားပြီးနေပြီ ။ စီးကရက်တလိပ် ကို အေးအေးဆေးဆေး ဖွာနေတယ် ။


မမ အိပ်လှချည့်လား မောင် ဆာလှပြီတဲ့ ။ မနေ့ည က သူ နဲ့ ငါ ဘာမှ မဖြစ်တဲ့ အတိုင်းပဲ ။ ဪ ... အတော် ဟန်ဆောင်နိုင်တဲ့ ယောက်ျား ပါကလားလို့ ငါ တွေးလိုက်မိတယ် ။


◾မောင်သာရ


📖 ပြုံးတတ်တယ် ခေါင်းညိတ်တတ်တယ် 



အခန်း ( ၁၆ )


လုပ်စေ့ချင်သပ ဆိုယင်လဲ လုပ်မယ် ။ သူ့သဘော ။ ကြည်ကြည်သာသာ ခိုင်းလို့ကတော့ ဘာမလုပ်ဝံ့ စရာ ရှိသလဲ ။ လမ်းကတော့ လမ်းတိုပဲ ။ ညဉ့်အိပ်ညဉ့်နေ မဟုတ်ဘူး ။ အချိန်တန်ယင် အိမ်ပြန်ရုံပဲ ။ ငါ့ ယောက်ျားရင်ခွင်

မှာ ငါ ပြန်အိပ်ရုံပဲ ။ ' ဝမ်းရှိုး' ဆိုယင် ပြီး ပြီ ။ လောဘလဲ မကြီးဘူး ။ တနေ့ ရုပ်ရှင် တပွဲစာ ။


ဒါကလဲ အေးမြ လမ်းစ ဖော်ပေးလို့ ဖြစ်လာတာ ။ ဟိုခရီး သည်ခရီး ဆိုတာကလဲ တခရီး နဲ့တခရီး သိပ်ဝေးတယ် ။ ခရီးတခု ကို မျှော်ပြီး သုံးနှင့်တော့ ၊ ငွေကုန်တဲ့ အထိ နောက်ခရီး မထွက်ရယင် မခက်ပေဘူးလား ။

တနေ့တော့ အောင်သိန်း ကပဲ ငါ့ ကို ပြောတယ် ။ ခရီး မထွက်ရတဲ့ ခရီးတို ဆိုယင်ကော တဲ့ ။ ဘာလဲ ခရီးတို ဆိုတာလို့ မေးတော့မှ ၊ ရုပ်ရှင် တပွဲစာ အချိန်အတွင်း သူတို့ ခေါ်သွားတဲ့ နေရာကို အဖော် လိုက်ဖို့တဲ့ ။


ရှိတဲ့ ငွေကလဲ ထိုင်စားတော့ လျော့လျော့ လာတယ် ။ သည်ကြားထဲ ကြံဖန်ပြီး အပွန်းအပဲ့ကလေးတွေ ရှိလာတယ် ။ ဆေးသွား ထိုးရတာမျိုး ဆေးဝယ် စားရတာမျိုး ။ တခါ ... ငါ့ သား အငယ်ကောင် ဆေးရုံ တင်ရလို့ တရာ့ငါးဆယ်

နှစ်ရာ ကုန်လိုက်ရသေးတယ် ။


သည်တော့ အဲသည် ' ဝမ်းရှိုး ' ပဲ လိုက်ဖြစ်ရော ။ မနက် ကိုးနာရီ လောက်ကျတော့ ချိန်းထားတဲ့ အတိုင်း အေးမြ က အိမ် ကို ကား နဲ့ ရောက်လာတယ် ။ လင်မယား နှစ်ယောက်စလုံး လိုက်သွားတယ် ။


မှတ်မှတ်ရရ ရှိုး စတဲ့ နေ့က ကား ကို ဘုရားလမ်း ၊ ဆက်သွယ်ရေး မှတ်တိုင်နားမှာ ရပ်ထားတယ် ။ အေးမြ ရော အောင်သိန်း ပါ ကားပေါ် က ဆင်း  ပြီး ၊ လက်ဖက်ရည်ဆိုင် မှာ သွားထိုင်စကားပြောကြတယ် ။ ငါ ကတော့ ကားပေါ်ကပဲ စောင့်နေတယ် ။


ဆယ့်လေးငါးမိနစ် ကြာတော့ ၊ ကိုရိုလာကားစိမ်းကလေး တစီး ၊ ငါ ထိုင်နေတဲ့ ကားဘေးက ဖြတ်ပြီး ရှေ့လှမ်းလှမ်း မှာ သွား ရပ်တယ် ။


သည်တော့မှ အေးမြ နဲ့ အောင်သိန်း ကားပေါ် ပြန်တက် လာကြတယ် ။ အဲသည် ကားကလေး နောက်ကို တို့ ကားက လိုက်ရတယ် ။


ရှေ့ကားက အာဇာနည်ကုန်းလမ်းဘက် ကို တက်သွားတယ် ။ တနေရာမှာ ရပ်တယ် ။ ငါ့ ကို ကားပြောင်း စီးခိုင်းတယ် ။


အချိန်မှတ် ။ ဘယ်အချိန်လောက်မှာ အောင်သိန်း နဲ့ ငါ ဘယ်မှာ ပြန်တွေ့မယ်ဆိုတာ အချိန်းအချက် လုပ် ။ ကိစ္စပြီးယင် အဲသည် နေရာမှာ ပြန်ဆုံကြ ။ သူ စောရောက်နေယင်လဲ ငါ့ ကို စောင့် ။ ငါ စောရောက်နေယင်လဲ

သူ့ ကို စောင့် ။ မလာမချင်း စောင့် ။


အဲသည်နေ့က အောင်သိန်း နဲ့ ငါ ကမာရွတ် ပန်းကမ္ဘာ မှာ ချိန်းထားတယ် ။ ငါ့ ကို ခေါ်သွားတဲ့ တရုတ်နှစ်ယောက် ကို အဲသည် ပန်းကမ္ဘာ ပဲ ပြန်အပို့ ခိုင်း ရတယ် ။


သုံးရာ ရတယ်လို့ ပြောတယ် ။ ဒါပေမယ့် အေးမြ က ငါးဆယ် ဖြတ် သတဲ့ ။ နောက်နေ့တွေမှာ သည်လုပ်ငန်း မှာ မိန်းကလေးရယ် လို့ ငါ တစ်ယောက်တည်း မဟုတ်တော့ဘူး ။ အဖော်အပေါင်း တွေ တိုးလာပြီ ။


ပထမ တရက်မှာ တယောက် ပါလာတယ် ။ ငါ နဲ့ ရွယ်တူ သက်သက် တဲ့ ။ ညိုညိုညက်ညက် ကလေး ။ သူ့ နံမည်ရင်း လဲ သက်သက် ပဲ ။


နောက်တရက် ကျတော့ တယောက် တိုးလာပြန်တယ် ။ ဒိုးကလေး ။ ဒိုးကလေး ဆိုတာ နောက်ပိုင်း အချင်းချင်း ရင်းနှီးလာကြတော့ တို့ အချင်းချင်း က ခေါ်ကြတာ ။ နာမည်ရင်း က တင်တင်တိုး ။ တိုးကလေး ၊ တိုးကလေး နဲ့ ခေါ်ကြယင်း ဒိုးကလေး ဖြစ်သွားတယ် ။ ဒိုးကလေး က လှလဲ လှ ။ လည်လဲ လည်တယ် မဟုတ်လား ။


အဲ ... နောက် တယောက် ကတော့ ချိုချဉ် ။ သူ နဲ့ တည့်ယင် ချို တယ် ။ မတည့်ယင် ချဉ် တယ် ။ သူ လဲ မဆိုးပါဘူး ။ လှတယ် ။ ငယ်တယ် ။ အရပ်အမောင်း ကောင်းတယ် ။ စကားပြော ပြတ်တယ် ။ စိတ်ရင်း ဖြူတယ် ။ မကောက်

တတ်ဘူး ။ မညစ်တတ်ဘူး ။ နာမည်ရင်းကလဲ ချိုချိုအေး တဲ့ ။


သည် လေးယောက် ကတော့ ပင်တိုင် ပဲ ။


ဒါပေမယ့် တနေ့ တပွဲ အလုပ်ရဖို့ ဆိုတာကတော့ စောင့်မျှော်ရတာပဲ ။ တခါတလေများ အခန့်မသင့် ၊ ကာရန်မပြေချင်ယင် မနက်ကနေ ညနေ မိုးချုပ်တဲ့အထိ စိတ်ရှည်ရှည် နဲ့ စောင့်တာတောင် ဈေးဦး မပေါက်ဘူး ။ အိတ်ထဲက စိုက်ရတယ် ။


ဒါပေမယ့် ပစ္စည်း လေးခု ထဲမှာတော့ ငါ က အကောင်းဆုံး ဖြစ်နေတယ် ။ ပထမဆုံး ပွဲဝင်ရပြီ ဆိုယင်လဲ ငါ ချည့်ပဲ ။ ငါ ပြီးယင်တော့ ချိုချဉ် ။ ချိုချဉ် ပြီးမှ ဒိုးကလေး ။ မိသက် ကတော့ နောက်ဆုံးပိတ် ။


ကြည့်လေ ... လေးယောက်ထဲ မှာ ငါ က အသားအဖြူဆုံးလဲ ဖြစ်တယ် ။ အချောဆုံးလဲ ဖြစ်တယ် ။ ပြီးတော့ အသားအရေကလဲ စိုပြည်တယ် ။ သင့်တယ် ။


ကိုယ့်ကို ကိုယ် ကြွားရတာ ရှက်လိုက်တာ ကွယ် ။


အဲ ... အသားကလေး နည်းနည်း ကြမ်းတာပဲ အပြစ်ပြောစရာ ရှိတယ် ။ နောက် တချက်ကတော့ ခြေသလုံး ကို လှန် မကြည့် နဲ့ ။ မလှဘူး ။ ငယ်ငယ်တုန်းက ဝဲခြောက် ပေါက်ထားတာတွေက အမာရွတ်တွေ ထင်နေတယ် ။ မပျောက်တော့ဘူး ။ ဘာပဲ ပြောပြောလေ ... အဖြူ မှာ အမည်းစက် ထင်ယင် အကြည့်ရ ဆိုးတာပဲ မဟုတ်လား ။


ဒါကလဲ ဒူး အောက်ပိုင်း တွင်ပါ ။ ထဘီရှည်ရှည် ဝတ်ထားလိုက်ယင် ပြီးတာပဲ ။ မမြင်ရပါဘူး ။ ပြီးတော့လဲ ဘယ်သူက ခြေထောက်ကို ကြည့်ပြီး ရွေးမှာလဲ ။ မျက်နှာ နဲ့ ကိုယ်လုံးကိုယ်ပေါက် ပဲ ကြည့်ကြမှာပေါ့ ။


မျက်နှာ ကတော့ ငါ့ မျက်နှာ ငါ လှတယ် မပြောချင်ပါဘူး ။ ဒါပေမယ့် မျက်လုံး က လှတယ်လို့ အများက ပြောကြတယ် ။ ငါ့ မျက်လုံးတွေက သိပ်တောက်တာပဲ တဲ့ ။ ပြီးတော့ ဘာပဲ ပြောပြော ၊ မျက်လုံးမျက်ခုံး လှတာကလဲ မျက်နှာ ရဲ့ အလှ ကို အထောက်အကူ ပြုတာပဲ ။


ဒါပေမယ့် သည် အလုပ်ကိုတော့ ငါ စိတ်ပျက်မိတယ် ။ လိုင်းရိုက် သလောက် ဣန္ဒြေ မရဘူး ။ ' ဘိ ' မှာ အလုပ်ဆင်းရတာနဲ့ စာယင်တော့ အဆင့်အတန်းကလေး ရှိတယ် ။ ဝင်ငွေ ကောင်းတယ် ။ ဝင်ငွေ ကတော့ တခါတလေ လိုင်းရိုက်တာ ထက်တောင် ကောင်းချင် ကောင်းတတ်တယ် ။ နှစ်ပွဲ ဆိုယင် ခြောက်ရာ ။ အေးမြ အတွက် တရာ နုတ်ဦး ။ ကိုယ့် အတွက် ငါးရာ ကျန်နိုင်တယ် ။


နှစ်ပွဲ ရတဲ့ နေ့ က ရှားပါတယ် ။ စောင့်ရလို့ မောတာ မျိုး ။ အလုပ်လုပ်လို့ မောတာ မျိုး ။ ကြောက်ရလို့ မောတာ မျိုး ။ စိတ်မော ကိုယ်မော မော ရတဲ့ အလုပ် ။ သည်တော့ တနေ့တပွဲ ဆိုယင်ပဲ တော်လောက်ပြီ ။


ပြောရယင် တခါတလေ အဲ့လို တပွဲ ကိုတောင် ငါ စိတ်မပါချင်ဘူး ။


ပြီးတော့ ငါ က လူလဲ ရွေးချင်တယ် ။ ငွေ ရယင်ပြီးရော သဘော မထားဘူး ။ အထူးသဖြင့် လူမျိုးခြား ဆိုယင် ရှောင်တယ် ။ သွေး မရောချင်ဘူး ။ ဒေါင်းမ ကို ပခုံးလွှဲ ပေး တယ် ။


ဟဲ့ ... သူတို့ က ပစ္စည်း ကို ရွေးသလို ပစ္စည်း ကလဲ သူတို့ ကို ရွေးတာပဲ ။ ငွေ တော့ လိုချင်တာပေါ့ ။ ဒါပေမယ့် တယောက် နဲ့ မဖြစ်ယင် နောက် တစ်ယောက် နဲ့ ဖြစ်မှာပဲ ။ သည် တပွဲ လက်လွတ်လိုက်ရလဲ နောက် တပွဲ က ကိုယ့် အတွက် ဖြစ်မှာပဲ ။ ဘာ အရေးလဲ ။ တရုတ်ကုလား ဆိုယင် ဟင့်အင်း ပဲ ။


ကိုယ် က ကားပေါ် ကနေ ပစ္စည်း ပြရတာဆိုတော့ မာမာ ပဲ ။ ' ဘိ ' မှာလို မဟုတ်ဘူး ။ ' ဘိ ' မှာတော့ ပစ္စည်း ရွေးသူက ရွေးရင် သွား မငြင်းနဲ့ ။ ငြင်းလို့ မရဘူး ။ ပြဿနာ ဖြစ်မယ် ။ အလုပ် လုပ်မှာဖြင့် လုပ် ။ လူ မရွေးနဲ့ ။ လူ ရွေးရင် နောက်နေ့ မလာနဲ့ လို့ ပြောလွှတ်လိုက်တယ် ။


' ဘိ ' မှာ ရောက်ဖူးလို့ ပြောနေတာတော့ မဟုတ်ပါဘူး ။ လျှာပေါ်မှာ မြက်ပေါက်ပလေ့စေ ... ။ အဲ့သည်လို ' ဘိ ' ဆိုတဲ့ တန်းလျားမျိုး ကိုတော့ ငါ တသက်လုံး အရောက် မခံဘူး ။


တလောက နဲ့ တလောက နီးနီးကလေးရယ် ။ ' ဘိ ' အကြောင်း ကြားဖူးနားဝ ရှိထားတယ် ။ မဟန်ဘူး ။ ခေါင်းအနေနဲ့ကလဲ စရိတ်ကြီးတယ် ။ ပြီးတော့ ပစ္စည်းအပေါ် ဖြတ်တောက်ယူထားတာက ထက်ဝက်ချိုး ။ နှစ်ဆယ် ကောက် ဆိုယင် တစ်ဆယ် ရှင်း ။ ဧည့်သည် နှစ်ဆယ် နဲ့ တွေ့မှ ငွေ နှစ်ရာ ပဲ ရမယ် ။


ငွေ နှစ်ရာ ရဖို့ လွယ်သလား ။ ဧည့်သည် နှစ်ဆယ် နဲ့ တွေ့ရမယ် ။ ကဲ ... တနေ့ ဧည့်သည် ဆယ်ယောက်နဲ့ပဲ တွေ့ ။ တနေ့ ဆယ်ယောက် ဆိုတော့ တလ ကို သုံးရာ ။ အေး ... ဖောက်သည် ဧည့်သည်လည်း ပါမယ် ။ သည်တော့

သုံးရာ တော့ မဖြစ်နိုင်ဘူး ။ လျော့ဦး ။ နှစ်ရာ ဆိုပါတော့ ။ ကြာယင် မြို့ထဲမှာ မျက်နှာပြလို့ ဖြစ်ပါ့ဦးမလား ။ သိပ် လူသိများနေပြီ ။ သည်တော့ နောက်ကနေ တကောက်ကောက် အလိုက် ခံရတာမျိုး ။ စကား လိုက် အပြောခံရတာမျိုး တွေလဲ ဖြစ်ကုန်ရော ။ သိပ် ဣန္ဒြေ ပျက်တာ ။


ပြန် ကောင်းချင်တာတောင် ကောင်းနိုင်တော့မှာ မဟုတ်ဘူး ။


တချို့တော့လဲ ရှိပါတယ် ။ တန်းပျော်မ ကလေးတွေ ... ။ ငွေ ကို အကြောင်း မပြုဘူး ။ ပျော်ချင်တယ် ။ တရင်ခွင်ပြီး တရင်ခွင်မှာ ပျော်ချင်တယ် ။ ဝါသနာ ဆိုပါတော့ ... ။


ဒါပေမယ့် အဆင့်အတန်း ရှိတဲ့ မိန်းမ ဆိုယင်တော့ ရန်ကုန် မှာ မလှုပ်ရှားဘူး ။ နယ် ကို ထွက်တယ် ။ တောင်ဥက္ကလာ က မိထား ဆိုယင် တောင်ငူ မှာ သွား ကျက်စားတယ် ။ နောက်တခါ နေရာ ပြောင်းတယ် ။ မေ့လောက်ပြီ ဆိုမှ နေရာဟောင်း ကို ပြန်တယ် ။


ငါ ကတော့ ပြတ်ပြတ် ပဲ ။ ချိုချဉ် တို့လို ပျာကလတ် ပျာကလတ် လဲ မလုပ်ဘူး ။ ကြိုက်ယင် ရွေး ။ မကြိုက်ယင် နေ ။ သိပ်တော့ သိက္ခာကျ မခံဘူး ။


တခုတော့ ရှိတယ် ။ သည်ကောင်မ ချိုချဉ် နဲ့ သွားဖူးတဲ့ လူကတော့ ချိုချဉ်မ မှ ချိုချဉ်မ ။ ဘာတွေ ဘယ်လို ကောင်းပြလိုက်သလဲ ဆိုတာတော့ ငါ လဲ မသိဘူး ။


ဘာပဲ ပြောပြောလေ ဒီ အလုပ်ကို ထာဝရ လုပ်စားဖို့တော့ ငါ စိတ်မကူးပါဘူး ။ ကောင်းရောင်း ကောင်းဝယ် ကလေးပဲ လုပ်စားချင်ပါတယ် ။ အရင်းအနှီးကလေး စုဆောင်းမိယင် ဈေးပဲ ရောင်းရ ရောင်းရ ။ တော်ပြီ ။ နားမယ် ။


ခုဆိုယင် ဘာပဲ ပြောပြော ၊ ငါ တို့ လင်မယား ပြောင်ပြောင်လက်လက် ဖြစ်နေပြီ ။ အောင်သိန်း ဆိုလဲ ပုဆိုးတထည် ပဲ ထားတယ် ။ ညဝတ် အိပ်ဖို့ နဲ့ ရေလဲဖို့ ။ ကျန်တာက ရာကျော်တန် ဘောင်းဘီတွေ ချည့်ပဲ ။ ဒေါက်မြင့် ရှူးဖိနပ် ဆိုလဲ နှစ်ရံ ရှိနေပြီ ။


ငါ့ မှာလဲ အတော် ပြည့်စုံနေပြီ ။ ငါ့ သားသမီး တွေမှာလဲပဲ အတော်ကို လူ နဲ့သူ နဲ့ တူ နေပြီ ။ တုတ်တုတ် ရဲ့ ကြွေးဟောင်းလဲပဲ ဆပ်လိုက်နိုင်တာ ကြာပြီ ။


ကြွေး မရှိတော့ ခေါင်း အေးတယ် ။ ကြွေး ရှိယင် ခေါင်း လေးတယ် ။ မတွေ့ချင်ပါဘူး ဆိုခါမှ ကြွေးရှင် နဲ့ ပက်ပင်း တိုးတတ်တာကလဲ ရှိသေးတယ် ။ ဘာ သဘောလဲ မပြောတတ်ဘူး ။ ငါ တွေ့ချင်တဲ့ ဝင်းမာ နဲ့ ကျတော့ တခါမှ

မျက်နှာချင်းဆိုင် မတိုးမိဘူး ။ အဲ ... တုတ်တုတ် နဲ့ ကတော့ မကြာ မကြာ တိုးပါရဲ့ ။


အဲ ... တုတ်တုတ် နဲ့ ကတော့ မကြာမကြာ တိုးပါရဲ့ ။ သူငယ်ချင်း ... လို့များ တုတ်တုတ် က စခေါ်လိုက်ယင် ငါ့ ရင်ထဲ ဒိန်းကနဲ ဆောင့်သွားတော့တာပဲ ။


ဒါပေမယ့် ပြေလည် ပြန်တော့လဲ အောင်သိန်း ကြောင့် ခက်တယ် ။ အရက်ကလေး တမြမြ နဲ့ ။ လောင်းကစား မှာလည်း ဖဲ တွင် မကတော့ဘူး ။ဂျင် ဘက်တောင် ကူးနေပြီ ပြောကြတယ် ။


အလုပ် သည်လောက် ဖြစ်ပြီး သည်လောက် ငွေတွေ ရလဲပဲ လက်ထဲ အဖတ် မတင်ဘူး ။ ဘယ်တော့မှ တထောင့် အထက် လက်ထဲမှာ မရှိဘူး ။ ရွှေ တရွေးသား ကိုယ်မှာ မကပ်ဘူး ။ အဝတ်အစား လောက်သာ ထည်လဲနဲ့

ဝတ်နိုင်တာ ။


ကြည့်လိုက်ယင်တော့ သူလို ကိုယ်လို ချည့်ပါပဲ ။ ငါ ကမှ ငါ့ သားသမီး ကလေးတွေ အတွက် ပေးကမ်းရတာ ရှိသေးတယ် ။ တဘက်ကရ တဘက်က ဖြုန်းနေတဲ့ လင် ရှိသေးတယ် ။ ချိုချဉ် ဆိုယင် ဘယ်လင် ဘယ်သား မှ မရှိဘူး ။ အမေ တခု သမီး တခု ။ သူ မှ စုမိဖို့ သိပ်ကောင်းတယ် ။ ဒါပေမယ့် သူ လဲ မစုမိပါဘူး ။


ဘယ်လာ စုမိမှာလဲ ။ နှစ်ရာ့ငါးဆယ် ခုရ ၊ နှစ်ရာ့ငါးဆယ် တန် စလင်းဘတ် တခု ဝယ်တယ် ။ ခုနစ်ရာ့ငါးဆယ် အခုရ ခုနစ်ရာ့ငါးဆယ် ကုန်အောင် အဝတ်အစားတွေ ဝယ်ပစ်တယ် ။ အေး ... ပစ္စည်းတော့ အဖတ်တင်ပါတယ် ။ ဒါပေမယ့် မရှိတော့ ပေါင် ရရော ၊ ရောင်း ရရော ။ အဲသည်တော့ တန်ဖိုး ထက်ဝက်တောင် ပြန်ရတာမှ မဟုတ်ပဲ ။ နစ်နာရပြန်ရော ။


သွားချည် လာချည် နဲ့ပဲ သင်္ကြန်နား နီးလာတယ် ။ သင်္ကြန်ရက် ကတော့ အလုပ် ကောင်းတယ် ။ နယ်မှာ ဆိုယင် ပိုတောင် အလုပ်ဖြစ်သေးတယ် ။ တရက်တော့ မန္တလေး က ဦးသိန်းလွင် မိုးမလင်းသေးဘူး အခန်း ကို

ရောက်လာတယ် ။


ဦးသိန်းလွင် နဲ့ က လက်ပံတန်း ကို တညအိပ်ပဲ သွားဖူးတယ် ။ ဒါပေမယ့် ငါ့ ကို သိပ် သဘောကျသွားတယ် ။ ခု တစ်ခေါက် ရန်ကုန် ပြန်ရောက်အလာမှာ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတယ် ။


အောင်သိန်း နဲ့ ငါ လင်မယား ဆိုတာလဲ သိသွားတယ် ။ ဒါပေမယ့် အဘိုးကြီး က ပေါင်းတတ်တယ် ။ အောင်သိန်း ကိုလဲ အလိုက်သင့် အလျားသင့် ဆက်ဆံတယ် ။ သည်တော့ သူ နဲ့ပါ ရင်းနှီးသွားကြရော ။


ငွေတစ်ထောင် အောင်သိန်း လက်ထဲ ထည့်ပေးတယ် ။ အခန်းက သိပ်ကျဉ်းတယ် တဲ့ ။ တခြား တနေရာကို ပြောင်းနေပါလားတဲ့ ။ အဲသည်နေ့ကတော့ ကား နဲ့ မလိုက်တော့ဘူး ။ အောင်သိန်း ကလဲ ခွင့်ပြုတော့ ဦးသိန်းလွင် နဲ့ပဲ တနေရာမှာ သွား အချိန်ကုန်တယ် ။


ငါ တို့ ကလဲ စံရိပ်ငြိမ် မှာ မနေချင်တော့ဘူး ။ သည်လမ်းမှာ ဆက်နေဖို့လဲ မကောင်းတော့ဘူး ။ ဘယ်လောက်ပဲ ပိပိရိရိ နေတယ် ပြောပြော ... မသိဘူး ဆိုတောင် ရိပ်မိမယ် ။ ရိပ်မိတယ် ဆိုယင်ပဲ သိပ် မကောင်းတော့ဘူး ။


ပတ်ဝန်းကျင် ဆိုတာကလဲ သိတဲ့အတိုင်း ။ ကိုယ့်ထမင်း ကိုယ်စားပြီး အေးအေးဆေးဆေး နေကြတာမှ မဟုတ်တာ ။ သူများ အတင်းအဖျင်း ပြောကြလား ပြောကြရဲ့ ။ ထေ့ထေ့ငေါ့ငေါ့ ပြောပြီး ရန်စလား ရန်စရဲ့ ။


အရေးတော့ မစိုက်ပါဘူး ။ ခုနစ်အိမ်ကြား ကလော် ဆဲရ ဆဲရ ၊ ကလော် ဆဲရဲ ပါတယ် ။ ဖက်ပြီး နပန်းသတ် ရမလား ။ သတ်ဝံ့ပါတယ် ။ ဒါပေမယ့် ပတ်ဝန်းကျင်နဲ့ ရန် မဖြစ်ချင်ဘူး ။ မဖြစ်တာပဲ ကောင်းတယ် ။


သည်တော့ ဦးသိန်းလွင် နဲ့ မလိုက်သွားခင် အောင်သိန်း ကို မှာခဲ့တယ် ။ စပေါ်ကလေး တထောင် နဲ့ အခန်းကလေး တခန်းခန်း တနေရာရာ မှာ ရှာထားဖို့ ။


အဘိုးကြီး ကလဲ တော်ရှာပါတယ် ။ ငါ့ အတွက် အင်္ကျီစ တစ ၊ အောင်သိန်း အတွက် အင်္ကျီစ တစ ဝယ်ပေးသွားသေးတယ် ။ ငါ့ လက်ထဲလည်း ငွေ နှစ်ရာ ထည့်ပေးသွားသေးတယ် ။ နေမဝင်ခင် အိမ် ကို ပြန်ပို့ပေးသွားတယ် ။


အောင်သိန်း နဲ့ ငါ အခန်း ကို မရှေးမနှောင်း ပြန်ရောက်လာကြတယ် ။ အိမ်ခန်း အဆင်ပြေတယ်တဲ့ ။ ဝေးတော့ ဝေးတယ် ။ သုဝဏ္ဏ ရေနံသာလမ်း မှာ စပေါ်ကတော့ တနှစ်စာပဲတဲ့ ။ အိမ်လခ တလ ငါးဆယ် ဆိုတော့ ခြောက်ရာ ပေးရမယ် ။ တနှစ်တော့ အနည်းဆုံး နေရမယ်တဲ့ ။


ဘာပဲပြောပြော အိမ်စပေါ်ခြောက်ရာ ပေးလိုက်တာတောင် သည်နေ့အဖို့ ခြောက်ရာ အသားတင် ဝင်တယ် ။ ဒါ့ အပြင် အင်္ကျီစ နှစ်စတောင် အဆစ် ပါလိုက် သေးတယ် ။


သည်တော့ ညတွင်းချင်းပဲ ပြောင်းဖို့ အောင်သိန်း ကို ငါ ပြောလိုက်တယ် ။ မမ ရယ် ... တရက်လောက်တော့ စောင့်လိုက်ပါလား ... တဲ့ ။ ဟင့်အင်း ... ဘာလို့ စောင့်ရမှာလဲ ။ သယ်စရာ ပိုးစရာ ငါတို့မှာ များများစားစား မရှိပဲ ။

ဖင်မလီယာတစီး ငှားလိုက်ယင် တခေါက်တည်းနဲ့ ပြီးတဲ့ ဥစ္စာ ။


ဒါနဲ့ ငါတို့ သုဝဏ္ဏ ရေနံသာလမ်း ကို ညတွင်းချင်းပဲ ပြောင်းကြတယ် ။ ကားကလဲ အရန်သင့် ။ အလုပ်အတွက် သုံးနေကျ ဖင်မလီယာ ကား ။ အဆင်ပြေတယ် ။


ဦးသိန်းလွင် မန္တလေး မပြန်ခင်တရက် အေးမြ နဲ့ သုဝဏ္ဏ အိမ်ကို ရောက်လာတယ် ။ သုဝဏ္ဏ ကို ပြောင်းတယ် ဆိုလို့ ကျယ်ကျယ်ဝန်းဝန်းတော့ မထင်နဲ့ ။ အောက်ထပ် မှာ လင်မယား နှစ်ယောက်စာ အခန်းကန့်ပေးထားတာ ။

ငါတို့ ကလဲ အိမ်မှာ ချက်စားတာ မဟုတ်တော့ နေလို့တော့ ဖြစ်တယ် ။


အဲ... ဦးသိန်းလွင် က မန္တလေး ကို ခေါ်တယ် ။ ငါ တို့ လင်မယား နှစ်ယောက်စလုံး လဲ လိုက်ခဲ့ဖို့ ခေါ်တယ် ။ အောင်သိန်း ကလဲ လိုက်သွားရအောင်တဲ့ ။


အဘိုးကြီး က မန္တလေး ကို ခေါ်တာ အကြောင်း ရှိတယ် ။ သူ ငါ့ ကို သည်ဘဝမှာ မကြည့်ရက်ဘူး ။ အလုပ် ပြောင်းလုပ်စေ့ချင်တယ် ။ သူ ကြည့်ရှုမယ်ပေါ့ ။


ငါ ရော အောင်သိန်း ပါ အဘိုးကြီး ရဲ့သဘောကို တီးခေါက်မိကြတယ် ။ သည်တော့ လိုက်သွားဖို့ ဆုံးဖြတ်လိုက်ကြရော ... ။


လူ့ ကံ ဆိုတာ မပြောနိုင်ဘူးပေါ့ ။ အမှီကောင်းယင် ငါတို့ ဘဝ တမျိုးတဖုံ ပြောင်းလဲသွားနိုင်တယ် မဟုတ်လား ။


◾မောင်သာရ


📖 ပြုံးတတ်တယ် ခေါင်းညိတ်တတ်တယ် 


koaungnaingoo.blogspot.com


.

No comments:

Post a Comment