Thursday, November 4, 2021

ရေတိမ်နစ်တဲ့ ငါး


 

❝ ရေတိမ်နစ်တဲ့ ငါး ❞

ကိုယ်ကတော့ ရိုးရိုးလေးတွေးပြီး ရိုးရိုးလေး ရေးလိုက်တာပဲ ။ ဒါပေမဲ့ နေရာတိုင်းမှာ ပြာလဲ့ကို ဇာချဲ့ တတ်သူတွေ ရှိနေတော့ ပြောစရာတွေ ဖြစ်ကုန်တာပေါ့  ။ သူတို့က ချစ်တီးခေါင်း သန်းရှာပြီး အတွေးတွင်းကို ခပ်နက်နက် တူးချင်ကြတယ်လေ ။ ပြီးတော့ သူတို့ အထင်တွေကို ဝမ်းထဲမှာပဲ ထားတယ်ဆိုလည်း တော်သေးရဲ့ ။ အခုကျ ...

အဲဒီလို မဟုတ်ဘူး ။ လူစည်စည်မှာ ကွမ်းထုပ်သလို လုပ်ကြသေးတာကလား ။ ဘယ်သူတွေ ရှိရဦးမှာလဲ ။ ကျုပ်ဆီမှာ လာပြီး ဗေဒင်မေးကြသူတွေထဲက တချို့ပေါ့  ။ ဟောခန်းကပြန်ပြီး နေ့တောင် မကူးဘူးထင်ပါ့ ။ သူတို့ ထင်ထားတာနဲ့ တက်တက်စင်အောင် လွဲနေတဲ့ အချက်တစ်ခုအကြောင်းကို သတင်းလွှင့်ကြသတဲ့လေ ။ လွဲတယ်ဆိုတာလည်း ကျုပ်ရဲ့ ဟောပြောချက်တွေက လွဲတာ မဟုတ်ဘူးရယ် ။

အဲဒါတွေနဲ့ မပတ်သက်တဲ့ တခြားတစ်ခုက လွဲနေတာတဲ့ ။ ဈေးက ပြန်လာတဲ့ ကျုပ်မိန်းမ က ပြန်ပြောပြလို့ သိရတာပါ ။

ဟုတ်တယ် ။ ဒီနေ့ ကျပ်မိန်းမဈေးက ပြန်လာတော့ ကျုပ်အတွက် မထိတ်သာ မလန့်သာဖြစ်စရာ သတင်းစကားတစ်ခုပါ ဟင်းချက်စရာတွေနဲ့အတူ ပါလာခဲ့လေရဲ့ ။ တခြား ဟုတ်ပါရိုးလား ။ ကျုပ်ကို လူတွေက ပြောနေကြပြီတဲ့ ။ သူ့စကား ကြားတော့ ကျုပ် အလန့်တကြား ဖြစ်မိသွားတယ် ပြောပါတော့ ။ ကိုယ်က မဟုတ်တာ ဘာတစ်ခုမှ လုပ်မထားမိပေမဲ့ ရုတ်တရက်ဆိုတော့ လန့်မိတာပေါ့ ။ ကိုယ့်ကိုယ်ကိုတောင် မယုံ သင်္ကာဖြစ်ပြီး ဘာမဟုတ်တာတွေ လုပ်ထားမိခဲ့လဲလို့ ပြန်စဉ်းစားကြည့်မိသေးရဲ့ ။ ဒါပေမဲ့ ခေါင်းထဲမှာ ဘာမှကို ပေါ်မလာပါဘူး ။ ဘယ်ပေါ်နိုင်ပါ့မလဲ ။ လူပြောစရာဖြစ်မယ့် ကိစ္စတစ်ခုတလေမှ ကျုပ် မလုပ်ခဲ့ဘူးဆိုတာ သေချာနေတာကိုး ။ ဒါဖြင့် လူတွေက ကျုပ်ကို ဘာပြောနေကြတာပါလိမ့် အချိန်ပေးပြီး စဉ်းစားနေမယ့်အစား မိန်းမကို မေးကြည့်လိုက်တာ ပိုကောင်းမယ် ထင်ပါရဲ့ ။

“ ကဲ ပြောစမ်းပါဦး ။ ဘယ်သူတွေက ဘာပြောနေကြတာလဲ ”

" ဘာပြောတာလဲ ဆိုတော့ အိမ်ရှေ့မှာ ချိတ်ထားတဲ့ တော့် ဆိုင်းဘုတ်နဲ့ ပတ်သက်ပြီး တော့်ဆီမှာ ဗေဒင်လာမေးသွားသူတွေက ပြောကြတာပဲ ”

မိန်းမရဲ့စကားက ကျုပ်ဦးနှောက်ကို အလုပ်ရှုပ်သွားစေတယ် ။ သူ ပြောတာလည်း ကြည့်ဦးလေ ။ အိမ်ရှေ့မှာ ချိတ်ထားတဲ့ ဆိုင်းဘုတ်နဲ့ ပတ်သက်ပြီး ပြောနေကြတာတဲ့ ။ ဆိုတော့ ဆိုင်းဘုတ်က ဘာများ ဖြစ်နေလို့လဲ ။ ကျုပ် မစဉ်းစားချင်လည်း စဉ်းစားရပြီ ။ စဉ်းစားမယ့်သာ စဉ်းစားရတာပါ ၊ ဆိုင်းဘုတ် နဲ့ပတ်သက်တဲ့ ပြစ်ချက်ရယ်လို့ ကျုပ် ခေါင်းထဲမှာ ပေါ်မလာပါဘူး ။

" ငါ့ ဆိုင်းဘုတ်က ဘာ များဖြစ်နေလို့လဲကွာ ”

လမ်းရိုးလမ်းဟောင်းကြီးကို ဆက်လျှောက်ပြီး စောစောကလိုပဲ ကျုပ် မိန်းမ ကို မေးခွန်းထုတ်လိုက်တယ် ။ ကျုပ် ရှာမတွေ့တဲ့ အပြစ်ကို ကျုပ် မိန်းမက သိထားပြီးသား မဟုတ်လား ။ သူ့ကို မေးလိုက်ရင် အလွယ်တကူ ပြီးသွားမယ့် ကိစ္စအတွက် ကျုပ် ခေါင်းစားခံမနေချင်ဘူး ။

“ တခြား ဟုတ်ပါရိုးလား ။ တော်က ဆိုင်းဘုတ်မှာ “ လျှပ်စစ် နှင့် ဗေဒင် ဟောသည် ” လို့ရေးထားပြီး တကယ်ဟောတော့ ဘာလျှပ်စစ် မှ မပါဘူးတဲ့ ။ အဲဒါကို ပြောနေကြတာ ”

“ ဪ ... အဲဒီလိုကိုး ”

ဒီတစ်ခါမှာတော့ မိန်းမရဲ့ ရှင်းလင်းချက်က ကျုပ်ကို ရယ်ချင်ပက်ကျိ ဖြစ်သွားစေ တယ် ။ မဖြစ် ခံနိုင်ရိုးလား ။ “ လျှပ်စစ် နှင့် ဗေဒင် ဟောသည် ” ဆိုတဲ့ စာသားကို ကျုပ်က ကိုယ့်အတွေးနဲ့ကိုယ် ရိုးရိုးလေး ရေးခဲ့တာလေ ။ ဒါကိုပဲ ချော်တောငေါ့ ပြီး အတွေးခေါင် နေကြသူ တွေ ရှိနေသေးတာ သိလိုက်ရလို့ ဆိုပါတော့ ။ အဲသူတို့ အတွေးနဲ့ ကျုပ်အတွေး ဘယ်နေရာမှာ ဘယ်လို ကွာခြား နေသလဲဆိုတာ ပြောပြဖို့ လိုမယ် ထင်တယ် ။ ဒါမှလည် ရှင်းရှင်းလင်းလင်း ဖြစ်သွားမှာကိုး ။ ကိစ္စတစ်ခုဟာ မရှင်းမရှင်း ဖြစ်နေရင် စိတ် ထဲမှာ ခိုးလိုးခုလုကြီးဖြစ်ပြီး နေရထိုင်ရတာ အဆင်မပြေဘူးလေ ။

°°°°°°  °°°°°  °°°°°°°

ကျုပ်ရဲ့ အဓိကအသက် မွေးဝမ်းကျောင်း အလုပ်က လျှပ်စစ်မီး ဆင်တဲ့ လုပ်ငန်းပါ ။ အများအခေါ်ကတော့ မီးဆရာ ပေါ့  ။ မီးဆရာ ဆိုပေမဲ့ ကျုပ်မှာ ဘာအသိအမှတ်ပြု လက် မှတ်မှ မရှိဘူး ။ ဝစ်သောက် မီးဆရာ ဆိုပါတော့ ။ ဒီလို ဘာလက် မှတ်မှ မရဘဲ မီးဆရာဖြစ်လာဖို့ ဆိုတာကလည်း လွယ်တာ မဟုတ်ဘူးရယ် ။ ကိုယ်ရည်သွေးတာ မဟုတ်ပေမဲ့ ကျုပ်ရဲ့ ကြိုးစားအားထုတ်မှုကြောင့် ဖြစ်လာတာလို့တော့ ပြောချင်တယ် ။ ခြေကောက်ခံဘဝနဲ့ ဖြတ်သန်းလာခဲ့ရတာ နည်းတဲ့နှစ်တွေလား ။ ဆိုတော့ အောက်ခြေက စ,ခဲ့တဲ့ ကျုပ်အနေနဲ့ အခုလို လက် မှတ်မဲ့ မီးဆရာ ဖြစ်လာတာ အဆန်းတကြယ် ဖြစ်ရပ်တစ်ခုတော့ မဟုတ်ဘူးပေါ့  ။

နည်းနည်းဆန်းတယ်လို့ ယူဆနိုင်တာတစ်ခုက ပြီးခဲ့တဲ့ နှစ်လလောက်က စပြီး အလုပ်ပါးလာတာပဲ ။ ကျုပ်တစ်ယောက်တည်းကျမှ ကွက်ပြီး ပါးတာမျိုးတော့မဟုတ်ပါဘူး ။ တခြားသူတွေလည်း ကျုပ်နည်းနှင်နှင် ပါးကြတာကို သိနေရပါတယ် ။ ဒီလို အလုပ်ပါးတာက ဒေါ်လာဈေးတက်တာ ၊ ရွှေဈေးတက်တာတွေနဲ့ ဆိုင်, မဆိုင် ကျုပ် မစဉ်းစားအားပါဘူး ၊ လျှပ်စစ်လုပ်ငန်း ပါးနေချိန်မှာ အိမ်ရဲ့ မီးဖိုချောင်ကို ထိန်းဖို့ ဘယ်လိုလုပ်ရမလဲ ဆိုတာကိုပဲ စဉ်းစားနေရလို့ ။ အလုပ် ပြန်လှိုင်ချိန်ကို စောင့်ရင်း ရှိတာလေး ထိုင်စားနေလို့ မဖြစ်သေးဘူးလေ ။ ဆယ်တန်းကျောင်းသူ တစ်ယောက် နဲ့ ဖိုင်နယ် ကျောင်းသား တစ်ယောက် ရဲ့ ပညာရေးစရိတ် က ရှိသေးတယ် မဟုတ်လား ။ ဒီနေ့ခေတ်ရဲ့ပညာရေးတန်ဖိုး ကြီးမားပုံကလည်း သိကြတဲ့အတိုင်းပဲ ဥစ္စာ ။ အဲဒီလို ဘာလုပ်ရမလဲ စဉ်းစားရင်းနဲ့ပဲ ဗေဒင် ဟောဖို့ အကြံပေါက်သွားတာ ။

ဒီအလုပ်ကို ရွေးချယ်လိုက်တာက အခြေခံထက် ပိုတဲ့ ဗေဒင်ပညာကို ကျုပ်တတ်မြောက်ထားလို့ ပါ ။ ဝါသနာပါလို့ လေ့လာလိုက်စားခဲ့တဲ့ နှစ်တွေကလည်း နည်းမှ မနည်းဘဲကိုး ။ ဒါပေမဲ့ တကယ်ဟောစားတော့မယ်ဆိုတော့ ပညာရပ်ဆိုင်ရာ အချက်အလက်တွေကို မှတ်ဉာဏ်ထဲက ပြန်ခေါ် ။ ချောင်ထိုးထားတဲ့ ဗေဒင်လက္ခဏာ စာအုပ်တွေကို ဖုန်သုတ်ပြီး ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်တစ်ယောက်လို တရိုတသေ ပြန်လည်နေရာပေးပြီး ဧည့်သည်လာရင် တည်းဖို့ လုပ်ထားတဲ့ အခန်းလွတ်ကို ဟောခန်းအဖြစ် အသွင်ပြောင်း ။ အဲဒီလိုနဲ့ပဲ နှစ်ပတ်အတွင်း ဗေဒင်ဆရာဘဝကို ပြောင်းလဲဖို့ အသင့် ဖြစ်သွားတယ် ။

အမှန်အကန် ဗေဒင်ဟောစားတော့မယ်ဆိုတော့ ဆိုင်းဘုတ် တင်ဖို့က လိုလာပြီမို့ နေ့ရက်နဲ့ အချိန်အခါကို ကိုယ့်ဘာသာကိုယ် တွက်ချက်ပြီး “ လျှပ်စစ် နှင့် ဗေဒင် ဟောသည် ” လို့ ဆိုင်းဘုတ် တင်လိုက်တယ် ။ ဆိုင်းဘုတ်ပါ စာသားနဲ့ ပတ်သက်တဲ့ ကျုပ်အတွေးက ပြောခဲ့ပြီးသလို ရိုးရိုးလေးပါ ။ ကျုပ် အရင်က လျှပ်စစ်မီး ဆင်တဲ့အလုပ် လုပ်တယ် ။ အခု အလုပ်ပါးနေချိန်မှာ ဗေဒင် ဟောတယ် ။ လျှပ်စစ်လုပ်ငန်း ပြန်ပြီး ဦးမော့လာတဲ့အခါ အဲဒီ အလုပ်ကို ပြန်လုပ်မယ် ။

ဗေဒင် လည်း ဟောနေဦးမှာပဲ ။ အဲဒါကြောင့် ကျုပ်ရဲ့ လုပ်ငန်း နှစ်ခုစလုံး ပါအောင် “ လျှပ်စစ် နှင့် ဗေဒင် ဟောသည် ” လို့ ဆိုင်းဘုတ်တင်လိုက်တာ ။ ဒါပဲ ။

ဒါကို ကျုပ်ဆီ ဗေဒင်လာမေးဖူးသူတွေက ကိုယ့်အတွေးနဲ့ ကိုယ် ထင်ရာတွေ အဓိပ္ပာယ်ကောက် ။ “ လျှပ်စစ် နှင့်ဗေဒင် ဟောသည် ” ဆိုပြီး ဘာ လျှပ်စစ်မှလည်း မပါဘူးဆိုတဲ့ လေသံ ထွက်လာတော့ ကျုပ် ရယ်ချင်စိတ် ဖြစ်မိတာ မလွန်ဘူးထင် ပါတယ်  ။ တစ်ဆက်တည်းမှာပဲ ရယ်ချင်စိတ်နဲ့ အတူ ကျုပ် သဘောပေါက်သွားတာ တစ်ခုလည်း ရှိသေးရဲ့ ။ တင်ထားတဲ့ ဆိုင်းဘုတ်နဲ့ ကိုက်ညီတဲ့ အပြောင်းအလဲတစ်ခု မဖြစ်မနေ လုပ်ဆောင်ရတော့မယ် ဆိုတာပါပဲ ။ ဟုတ်တယ် ။ အခြေအနေနဲ့ အချိန်အခါရဲ့ တောင်းဆိုမှုအရ ပြောင်းလဲချိန်တန်ပြီ ။

ပြောင်းလဲမှုကို စတင်ဖို့ အဆင့် နှစ်ဆင့် သတ်မှတ်လိုက်တယ် ။ ပထမအဆင့်က ဟောခန်းကို ဆယ်ရက်တိတိ ပိတ်လိုက်ဖို့ပါပဲ ။ အကြောင်းပြချက်ကိုတော့ လူ အထင်ကြီးအောင် ဆရာ အဓိဋ္ဌာန် ဝင်နေလို့ ဆိုပြီး ပြထားလိုက်တာပေါ့ ။ အမှန်က မဟုတ်ဘူး ။ ဟောခန်းထဲမှာ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ဖို့ ပိတ်လိုက်တာ ။ ဆိုင်းဘုတ်ပါ စာသားနဲ့ သဟဇာတ ဖြစ်သွားအောင် ပြင်ဆင်ဖို့ အတွက်ပေါ့ ။ အဲဒါက ဒုတိယအဆင့် ဆိုပါတော့ ။ ဘယ်လို ပြင်ဆင်လဲဆိုတော့ ဒီလိုလေ ....

ဟောခန်းထဲမှာ ဗေဒင်ဆရာ နဲ့ လာမေးသူ ထိုင်ဖို့ ခုံနှစ်လုံး ချထားလိုက်တယ် ။ ခုံနှစ်လုံးရဲ့ အလယ်မှာတော့ စားပွဲခုံ အမြင့်တစ်လုံး ရှိလေရဲ့ ။ စားပွဲခုံ ပေါ်မှာလည်း ဟိုပစ္စည်း ဒီပစ္စည်းတွေ တင်ထားရသေး ။ ဒါမှ လာမေးသူကို ဆွဲဆောင်လို့ ကောင်းမှာလေ ။ ထားပါ ။ ကျုပ် အထူးတလည် ပြောချင်တာ အဲဒါ မဟုတ်ဘူး ။ ဗေဒင်လာမေးသူ ထိုင်ရမယ့်ထိုင်ခုံကို ကျုပ် ဘယ်လိုလုပ်ထားတယ် ဆိုတာကိုပါ ။

စကားကြီးစကားကျယ်တွေ ပြောနေလို့ ဘယ်လို ထူးထူးဆန်းဆန်းများ ပြင်ဆင်ထားပါလိမ့်ဆိုပြီး သိချင်စိတ်တွေ ရွစိထိုးနေကြပြီထင်ပါရဲ့ ။ ထွေထွေထူးထူး ဘာမှလုပ်ထားတာ မဟုတ်ပါဘူး ။ ထိုင်ခုံမှာ လျှပ်စစ်ဓာတ်အား လွှတ်ထားတာပါ ၊ လျှပ်စစ်ထိုင်ခုံ သဘောမျိုးပေါ့ ။ ထိုင်ခုံကို သစ်သားနဲ့ လုပ်ထားတာရယ် ၊ ဗေဒင် လာမေးသူ မရိပ်မိအောင် ဝိုင်ယာကြိုးတွေကို ဖျောက်ထားတာရယ်က လွဲရင် လျှပ်စစ်ထိုင်ခုံ လိုပါပဲ ။ လျှပ်စစ်ထိုင်ခုံ လို လူကိုသေစေနိုင်တဲ့အထိ ဓာတ်အားမပြင်းဘူး ။ အခုဟာက လူကို ကျဉ်ခနဲ ဖြစ်သွားစေရုံလောက်တင် လုပ်ထားတာ ။

အမြဲတမ်းကြီး ဓာတ်အား လွှတ်ထားတာမျိုးလည်း မဟုတ်ဘူး ။ လိုအပ်ချိန်ကျမှ လွှတ်တာ ။ အဲဒီလို လုပ်နိုင်အောင်လည်း စီစဉ်ထားရတာပေါ့ ။ ဘာမှ မခက်ပါဘူး ။ ထိုင်ခုံဆီကို လျှပ်စစ်ဓာတ်အားလွှတ်ဖို့ ထိုင်ခုံမှာ မြှုပ်ထားတဲ့ ဝိုင်ယာကြိုးတွေနဲ့ ဆက်ထားတဲ့ ပလတ်ခေါင်းကို ကျုပ် အနားမှာပဲထားတယ် ။ ပလတ်ခေါင်း ထိုးရမယ့် ပလတ်ပေါက် ကလည်း ကျုပ် အနားမှာပဲ ။ ကျုပ် လို မီးဆရာ တစ်ယောက် အတွက် ဒါက ချွေးစို့ဖို့မလိုတဲ့ အသေးအဖွဲကိစ္စ တစ်ခုလေ ။

အဓိကကျတဲ့ နေရာကို အသေအချာ ပြင်ဆင်ပြီးတော့ ဟောခန်းကို ဆေးပြန်သရတယ် ။ ဟောခန်းထဲဝင်လိုက်တာနဲ့ ကျုပ်ကို အားကိုးချင်စိတ် ပေါက်လာအောင် ဆိုက်ကိုနည်းတွေသုံး ၊ အရောင်တွေရဲ့ အကူအညီယူတဲ့ သဘောဆိုပါတော့ ။ အားလုံး စိတ်တိုင်းကျ ပြင်ဆင်ပြီးပြီဆိုမှ ဟောခန်းကို ပြန်ဖွင့်တယ် ။ ဆယ်ရက်ကလည်း ပြည့်သွားပြီမဟုတ်လား ။

“ ကျွန်မ ကို ကူပါကယ်ပါဦး ဆရာ ”

ဈေးဦးပေါက် ရောက်လာတာက သက်လတ်ပိုင်း အမျိုးသမီး တစ်ယောက် ။ သူ့ကို ကြည့်လိုက်တော့ ဆံထုံးကို ဖြစ်သလို ထုံးထားပြီး သောကဗျာပါဒတွေရဲ့ ဖိစီးနှိပ်စက် မှုကို ခံနေရတဲ့ပုံနဲ့ ။ မျက်နှာအမူအရာကသာ အပူမီးကြောင့် ညှိုးနွမ်းနေပေမဲ့ ဝတ်စားဆင်ယင်ထားတာတွေက ပြောင်လက်လို့ ။ ဝယ်ထားတာ သိပ်မကြာသေးမှန်း ရတနာပစ္စည်းတွေနဲ့ မနီးစပ်သူတွေတောင်မှ အထင်းသားသိနိုင်တယ် ။ အဲဒါနဲ့ ကျုပ်က ဟောသလို ပြောချလိုက်တာ ။

“ အင်း ... စီးပွားလေးမှ တက် မယ်မကြံသေးဘူး ။ ယောက်ျား က ဗွေဖောက်လာလို့ ဆရာ့ဆီ ရောက်လာခဲ့တာ မဟုတ်လား ”

“ အို ... မှန်လိုက်တာ ဆရာရယ် ။ အဲဒါ တနင်္လာ သမီး ခိုင်သဇင်ဆိုတဲ့ ကျွန်မကို ကူညီပါဦး ဆရာ ”

ခိုင်သဇင့် လေသံထဲမှာ ကျုပ်ကို အထင်ကြီးလေးစားမှုတွေက အပြည့် ။ ဒါဆိုရင် ပြီးပြီ ။ ကျုပ် အလုပ်ရဲ့ သုံးပုံနှစ်ပုံလောက်က ခရီးရောက်သွားပြီလို့ ပြောလို့ရတယ် ။ ဘာလို့လဲ ဆိုတော့ လူအချင်းချင်း ပြောဆိုဆက်ဆံတဲ့နေရာမှာ အရေးအကြီးဆုံးက ယုံကြည်လေးစားမှုပဲ မဟုတ်လား ။ တော်ရုံနဲ့တည်ဆောက်နိုင်ဖို့ မလွယ်သလို ၊ တည်ဆောက်ပြီးသွားပြီဆို ရင်လည်း အလွယ်တကူ ဖျက်ဆီးဖို့ ခက်တဲ့အထဲ ဒါလည်း ပါတယ်လေ ။ အခု ကျုပ်ကို ခိုင်သဇင်က လေးစားယုံကြည်နေပြီ ။ ဆိုတော့ ကျုပ် ပြောသမျှ ဟောသမျှကို သူ လက်ခံတော့မယ် ။

ထင်တဲ့ အတိုင်းပါပဲ ။ ခိုင်သဇင် က ကျုပ်ရဲ့ ဟောလုံး ပြောလုံးတွေထဲမှာ အလိုက်သင့် မျောပါနေလေရဲ့ ။ တစ်ချက်တစ်ချက်ကျမှ သူ သိချင်တာလေးတွေကို ကြားဖြတ်ပြီး မေးတယ် ။

“ ကျေးဇူးပါပဲ ဆရာ ။ ဒါနဲ့ဉာဏ်ပူဇော်ခ ဘယ်လောက် ကန်တော့ရမလဲ မသိဘူး ”

“ ဟောပြောခနဲ့ ယတြာစီရင်ခအတွက်ပါ ငါးထောင်ပဲ ပေးပါ ။ နေဦး ၊ ဆရာ့အဟောတွေ မှန် မမှန် စစ်ဆေးခွင့် တူမကြီးကို ပေးရဦးမယ် ။ ကဲ ... တူမကြီးရဲ့ မျက်လုံးကို မှိတ်ပြီး ဆရာ့ လက်ဖဝါးအလယ်တည့်တည့် မှာ လက်ညှိုးနဲ့ ထောက်လိုက် ”

ခိုင်သဇင့် ကို ကျုပ် လုပ်ခိုင်းတဲ့ပုံစံ ကို မျက်စိထဲမြင်ကြမယ် ထင်ပါရဲ့ ။ မမြင်ဘူး ဆိုရင်ဖြင့် တရုတ်သိုင်းကားတွေထဲက လက်ဝါးသိုင်းနဲ့ချတာကို လက်ညှိုးနဲ့ ပြန်ထောက်တဲ့ ပုံစံမျိုး တွေးကြည့်လိုက် ။ အဲဒီလို ထပ်တူမကျတောင် သိပ်တော့ မကွာခြားလှပါဘူး ။

" ကဲ ... ဘုရားတရား ကို အာရုံပြုထား တူမကြီး ။ ဆရာ ဟောတာတွေ မှန်တယ်ဆိုရင် တူမကြီး တစ်ကိုယ်လုံး ဓာတ်လိုက်ခံလိုက်ရ သလို တုန်ခါသွားလိမ့်မယ် ။ မှားရင်တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး ”

လက်ကို ဆန့်ထုတ် လက်ဖဝါးကို ဖြန့်ပေးလိုက်တယ် ။ ခိုင်သဇင် က ကျုပ် လက်ဖဝါး အလယ်တည့်တည့်ကို လက်ညှိုးနဲ့ မရဲတရဲ ထောက်လေရဲ့ ။ ကျုပ်လည်း အနားမှာရှိတဲ့ ပလတ်ခေါင်းကို အမြန်ယူပြီး ပလတ်ပေါက် မှာ ထိုးရတာပေါ့ ။ ချက်ချင်း ဆိုသလို ပြန်ဖြုတ်တယ် ။ ဒါဆို လုံလောက်သွားပြီလေ ။ သိပ်မကြာခင် အချိန်အတွင်း ကျုပ်ရဲ့ သတင်းက အပြင်မှာ ပျံ့နှံ့သွားဖို့ မြေကြီးလက်ခတ်မလွဲ သေချာနေပြီကိုး ။

°°°°°  °°°°°°°  °°°°°°

” တိုကင် နံပါတ် ( ၅ ) ဟောခန်းထဲ ဝင်လို့ရပါပြီ ”

အောင်မြင်လာ တဲ့လုပ်ငန်းရဲ့ လိုအပ်ချက်အရ ခန့်ထားရတဲ့ ကောင်လေး ရဲ့ခေါ်သံ ထွက်လာပြီး ဘာကြာမှာတုံး ။ ကျုပ်နဲ့ အသက်ရွယ်တူလောက်ရှိမယ့် ယောက်ျားတစ်ယောက် ဝင်လာတယ် ။ သူ့ ကြည့်ရတာ ဗေဒင်မေးဖို့ လာတဲ့ပုံတော့ မပေါ်ဘူး ။ အကူအညီ တစ်ခုခုတောင်းဖို့ ရောက်လာပုံမျိုး ။ ဘာပဲဖြစ်ဖြစ် ကျုပ် သူ့ကို ထိုင်ခိုင်းလိုက်ပါတယ် ။

“ ဆရာ့ကို စော်ကားတယ်လို့ မထင်ပါနဲ့နော် ။ ကျွန်တော် ဒီကို လာတာ ဗေဒင်မေးဖို့ မဟုတ်ပါဘူး ။ ဆရာ့ဆီက အကူအညီတစ်ခု တောင်းချင်လို့ပါ ”

“ ဟုတ်ကဲ့ ၊ ပြောပါဦး ။ ဘယ် လို အကူ အညီ မျိုး တောင်းချင်တာလဲ ”

ကျပ်က ခွင့်ပြုစကားဆိုလိုက်တော့ သူက သူ့အခက်အခဲကို ဖြန့်ခင်းပြတယ် ။ သိပ်အရှုပ်ကြီးတော့ မဟုတ်ပါဘူး ။ သမားရိုးကျဆန်တဲ့ ဦး နဲ့ သမီး ဇာတ်လမ်းတစ်ပုဒ်ကို နားထောင်နေရသလိုပါပဲ ။ ထက်ဝက်ကျော်လောက် ကွာဟနေတဲ့ အသက်အရွယ်ကြောင့် ကောင်မလေး မိဘတွေဘက်က သဘောမတူနိုင်ဖြစ်နေတာမျိုးတော့ မဟုတ်ဘူး ။ သဘောတူတာမှ ဟိုဘက်ဘူတာကိုတောင် လွန်နေသေးရဲ့ ၊ ဒါပေမဲ့ ခက်နေတာက ကောင်မလေး ပဲ ။ သူ့မှာ သူ နဲ့ ရွယ်တူ ချစ်သူရှိနေတယ် ။ စုံစမ်းသိရတာတော့ ကောင်မလေး ရဲ့ ချစ်သူက ခပ်ဆိုးဆိုး ခပ်ပေပေ လူ့ပေါ်ကြော့လေး တဲ့ ။

ဒါကို ကောင်မလေး မိဘတွေက သိပေမဲ့ ဘာမှ မပြောသာဘူး ဖြစ်နေရှာတယ် ။ " သမီးရဲ့အိမ်ထောင်ဖက်ကို သမီးကိုယ်တိုင် ရွေးချယ်ခွင့် ရှိတယ် ” ဆိုပြီး စကားကျွံထားမိလို့ ဆိုပဲ ။ ခုပုံအတိုင်းဆို ကောင်မလေး က သူ့ချစ်သူကိုပဲ လက်ထပ်မယ့်သဘော ရှိနေတယ် ။ သူကလည်း ကောင်မလေး ကို အဆုံးရှုံးမခံနိုင်ဘူး ၊ ကောင်မလေး မှာ ပျော့ကွက်တစ်ခုတော့ ရှိလေရဲ့ ။ ဗေဒင် ကို မျက်စိမှိတ်ပြီး ယုံတတ်တာပဲ ။ အဲဒီ ပျော့ကွက်ကို နင်းပြီး ကောင်မလေး ကို ပိုင်ဆိုင်ခွင့်ရအောင်လုပ်ဖို့ ကျုပ်ဆီလာပြီး အကူအညီ တောင်းတာတဲ့ ။

သူ က ကောင်မလေး ကို ကျုပ်ဆီ ခေါ်လာတဲ့ အခါ ကျုပ်က ကောင်မလေး နဲ့ သူ့ချစ်သူ ဘယ်လိုမှ ပေါင်းဖက်ဖို့ မဖြစ်နိုင်ကြောင်း ဟောပေးရမယ် ။ တစ်နည်းအားဖြင့်ဆိုရင် ဗေဒင်ကို လိမ်ဟောပေးရမယ်ပေါ့ ။ အဲဒီအတွက် ကျုပ်ကို ပုံမှန်ဟောခရဲ့ ဆယ်ဆ ပေးပါ့မယ် တဲ့ ။ တကယ်ဆိုရင် ဒါက ကျုပ်ပညာကို လာပြီး စော်ကားနေတာ ။ ကျုပ်နာမည် ပျက်စီးရာပျက်စီးကြောင်း လာလုပ်နေတာ ။ ဒါပေမဲ့ ကျုပ် လက်ခံလိုက်ပါတယ် ။ သားသမီးချင်း ကိုယ်ချင်းစာစိတ်နဲ့ ကောင်မလေးကို လင်ကောင်းသားကောင်း ရသွားစေချင်တဲ့ ဆန္ဒကြောင့် ပါ ။ ရိုးရိုးသားသား ဝန်ခံရမယ်ဆိုရင် ရမယ့်ငွေကြေးပမာဏကြောင့်လည်း ပါတယ် ဆိုပါတော့ ။

နောက်တစ်နေ့ သူနဲ့ ကောင်မလေး ရောက်လာကြတော့ ကြိုတင်စည်းဝါးရိုက်ထားတဲ့အတိုင်း ဟောပေးလိုက်တာပေါ့ ။ ပြီးတော့ ထုံးစံအတိုင်းပဲ ဟောပြောချက်တွေ မှန် မမှန် စစ်ဆေးခိုင်းလိုက်တော့ ကောင်မလေးက ကျုပ်ဟောတာတွေကို အကြွင်းမဲ့ ယုံကြည်သွားပါလေရော ။ စစ်ဆေးခိုင်းချိန်မှာ အဖုအထစ်လေး တစ်ခုတော့ ပေါ်လာသေးတယ် ။ မီးပျက်နေလို့ အကြောင်းရှာပြီး မီးစက်နှိုးခိုင်းလိုက်ရတာပါ ။ သူတို့ကတော့ ဘယ်ရိပ်စားမိကြပါ့ မလဲ ။ ကျုပ်ကို ဟောပြောခ ငါးသောင်းပေးပြီး ပြန်သွားကြတယ် ။

ဟောခန်းထဲက ထွက်သွားတဲ့ သူတို့ စုံတွဲကို ကြည့်ရင်း ကျုပ်လည်း ပီတိတွေ ဖြာလို့ ။ ကုသိုလ်လည်းရ ၊ ဝမ်းလည်းဝဆိုတာ ဒါမျိုးကို ပြောတာဖြစ်မယ်လို့တောင် တွေးမိနေသေး ။

°°°°°°  °°°°°°  °°°°°°

မောင် ...

သွယ့် ကို မေ့လိုက်ပါတော့ ၊ တကယ်ဆို ဒီစကားမျိုးကို သွယ် မပြောချင်ပါဘူး ။ ဒါပေမဲ့ မပြောလို့ မဖြစ်တဲ့ အခြေအနေကို ရောက်လာတော့လည်း ရင်နာနာနဲ့ ပြောရတော့တာပေါ့ မောင်ရယ် ။

တစ်နေ့က ဟောတာတွေ မှန်လွန်းလို့ နာမည် အရမ်းကြီးနေတဲ့ ဗေဒင်ဆရာ တစ်ယောက်ဆီကို သွယ် ရောက်သွားတယ် ။ အဲဒီ ဆရာက သွယ် နဲ့ မောင် ဟာ ဘယ်လိုမှ ပေါင်းဖက်ဖို့ မဖြစ်နိုင်ဘူးလို့ ဟောလိုက်တယ် မောင် ။ သူ ‌ဟော တာတွေ မှန် ကြောင်းကိုလည်း သူ့ သမာဓိအား နဲ့ သက်သေထူပြသေးတယ် ။ သူ့ သမာဓိအားက ကောင်းလွန်းလို့ ထင်ပါရဲ့ မောင် ရယ် ။ သူ့ လက်ဖဝါး အလယ်တည့်တည့်ကို သွယ် လက်ညှိုး နဲ့ ထောက်လိုက်ရုံနဲ့တင် လူတစ်ကိုယ်လုံး ကို ဓာတ်လိုက် ခံလိုက်ရသလို ကျဉ် တက်သွားတာပဲ ။

သွယ် ပြောတာကို မယုံဘူးဆိုရင် မောင် ကိုယ်တိုင် သွားမေးကြည့်ပေါ့ ။ လျှပ်စစ် နဲ့ ဗေဒင် ဟောတဲ့ ဆရာ့ အိမ်က ဘယ်မှာလဲ လို့သာ မေးကြည့်လိုက် ။ မြို့သစ် အမှတ် ( ၅ ) ရပ်ကွက် ထဲက လူတိုင်းသိကြတယ် ။ ဒါပါပဲ မောင် ။ သာယာချမ်းမြေ့ပါစေ ။

    မောင့်ရဲ့

               သွယ်

“ ဒါ ... ဒါဆို ... အဖေ့ ကို ငါးသောင်းပေးပြီး ဗေဒင်လိမ်ဟောဖို့ လာအကူအညီတောင်းသူနဲ့ ပါလာတဲ့ ကောင်မလေး က ”

“ ဟုတ်တယ် အဖေ ။ အဲဒါ သားချစ်သူပဲ ”

ကျုပ်သားက အဲဒါပဲပြောပြီး ကျုပ်ရှေ့က ထွက်သွားပြီ ။ ကျုပ်မှာသာ ခေါင်းငိုက်စိုက်ကျ ကျန်ရစ်ခဲ့ရတာ ။ ကျုပ်က သားဖြစ်သူရဲ့အသည်းကို ကိုယ်တိုင်ကိုယ်ကျ ခွဲလိုက် မိတဲ့ အဖေတစ်ယောက် ဖြစ်နေပြီလေ ။ မသိလို့ဖြစ်သွားတဲ့ကိစ္စမို့ တမင်တကာ ခွဲတဲ့ မိဘတွေ နဲ့ ယှဉ်ရင် တော်ပါသေးရဲ့လို့ ကိုယ့်ကိုယ်ကို နှစ်သိမ့်ပြီး ဆင်ခြေပေးလိုက် မှပဲ နည်းနည်း ခံသာသွားတာကလား ။ ဒါပေမဲ့ ခံရခက်တဲ့ ဝေဒနာတစ်ခုက ကျုပ် ရင်ထဲမှာ အမြစ်တွယ်နေတုန်းပဲ ။ တခြား ဟုတ်ပါရိုးလား ။ ကျုပ်သားကို လူဆိုးလူပေ လူ့ပေါ်ကြော့လို့ ဝိသေသတပ်သွားတဲ့ ကိစ္စပေါ့  ။

အဲဒီတုန်းက တော့ ကိုယ့်သားကို ပြောလို့ပြောမှန်း မသိသေးတော့ ကောင်လေးရဲ့ မိဘတွေ ကိုတောင် စိတ်ထဲက ကဲ့ရဲ့မိလိုက်သေးတယ် ။ အခု ကျုပ် ကဲ့ရဲ့ခဲ့တာက ကျုပ်ကိုယ် ကျုပ် ဖြစ်နေမှန်း သိလိုက်ရတော့ ကျုပ် မှာ မအီမလည်ကြီး ဖြစ်လို့ ။ နောက်ထပ် ဒါမျိုးကြုံလာခဲ့ရင် သတိထားမှ ဖြစ်မယ်လို့လည်း တွေးလိုက် မိလေရဲ့ ။

ကျုပ်မှာ သမီးတစ်ယောက် ကျန် သေးတယ် မဟုတ်လား ။

◾မော်မော့်မောင်

📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း 
      အမှတ် ၃၅၃ ၊ ဧပြီ ၂၀၁၉

koaungnaingoo.blogspot.com

.

No comments:

Post a Comment