❝ ဂျပန်နိပွန်း ဘိရုမာ အုံနာကျိ ❞
“ အခုစစ်တိုက်နေတာ ဗမာ့လွတ်လပ်ရေးအတွက် တိုက်နေတာ ၊ ဘယ်သူ့အတွက်မှ တိုက်တာ မဟုတ်ဘူး ၊ မှတ်ပါ ” ဟူသော ဗိုလ်ရန်နိုင် ၏ စကားကို ကြိုက်နှစ်သက်သူ များပေသည် ။
ထိုအထဲတွင် ကျွန်တော် တစ်ယောက်လည်း အပါအဝင် ဖြစ်ပေ၏ ။ ထိုစကားသည် ဗိုလ်ရန်နိုင် အစရှိသော ဂျပန်ပြန် ရဲဘော်များ ဦးစီးသည့် ဗမာ့လွတ်လပ်ရေးတပ်မတော် ( ဘီအိုင်အေ ) တစ်ခုလုံးအား စိတ်ဓာတ်တက်ကြွစေသည့် စကား ဖြစ်၏ ။ ပြည်သူလူထု အများအပြားအားလည်း ထို ယုံကြည်ချက်ဖြင့် ဗမာ လွတ်လပ်ရေးတပ်မတော် အား ထောက်ခံအောင် လှုံ့ဆော်ပေးနိုင်သည့် စကား ဖြစ်လေသည် ။ ဂျပန် တို့သည် ကျွန်တော် တို့ အပေါ်တွင် ထားခဲ့သော ကတိများ ကို ဖျက်စ
ပြုလေပြီ ။ မော်လမြိုင် ရောက်လျှင် ဗမာ့လွတ်လပ်ရေး ကြေညာမည်ဟု ဆိုခဲ့သော်လည်း ရန်ကုန် သို့ပင် ရောက်ခဲ့ပြီ ။ ဘာသံမျှ မကြားခဲ့ရသေး ။ ဗမာပြည် ကို အင်္ဂလိပ် လက်ထဲမှ ဗမာ တို့ကသာ
တိုက်ယူစေပါမည် ။ ဂျပန် စစ်တပ်များ မြန်မာပြည် တွင်းသို့ မဝင်ပါစေနဲ့ဟု ဆိုခဲသော်လည်း ဂျပန်စစ်တပ်များ သည် ဗမာပြည်ထဲ သို့ ဝင်ရုံမျှ မက ဗမာလူထု ကို အမျိုမျိုး ညှဉ်းပန်းနှိပ်စက်နေလေပြီ ။ ထိုအချက်များကြောင့် စိတ်ပျက်စရာ ကောင်းသော်လည်း ကျွန်တော် တို့ စိတ်မပျက်ကြပေ ။ အကြောင်းမူကား ဘယ်သူ့ အတွက်မျှ တိုက်နေခြင်း မဟုတ်ဘဲ ဗမာ့ အတွက် တိုက်နေကြသည် ဟု ယုံကြည်နေကြသောကြောင့် ဖြစ်ပေ၏ ။ ဘာပဲဖြစ်ဖြစ် တစ်နည်းနည်းဖြင့် ကျွန်တော်တို့
လွတ်လပ်ရေး ရမည်ဟု ယုံကြည်နေကြပေသည် ။ ယခုမှ ပြည်လည်သုံးသပ်ကာ ပြောကြမည် ဆိုလျှင် ထိုယုံကြည်ချက်သည် ရိုးအသူ ၏ ယုံကြည်ချက်ဖြစ်သည်ဟု ပြောသူက ပြောပေလိမ့်မည် ။
ဖက်ဆစ်ဂျပန် နှင့် ပူးပေါင်းခြင်း မှာ မည်သည့်နည်းနှင့် မျှ ဗမာ့လွတ်လပ်ရေး မပေါ်ထွက်နိုင်ဟု နိုင်ငံရေးကဝိ တစ်ဆူ အနေဖြင့် ပြောသူက ပြောပေလိမ့်မည် ။ သို့သော် ထိုအချိန်က ဗမာ့ လွတ်လပ်ရေး တပ်မတော်သားများ ကြားတွင် လည်းကောင်း ၊ လူငယ်ကျောင်းသား နှင့် တို့ဗမာသခင်များ ကြားတွင် လည်းကောင်း ထို ယုံကြည်ချက်မှာ အစိုင်အခဲနှင့် ခိုင်မြဲစွာ ရှိခဲ့လေသည် ။
ဗိုလ်ရန်နိုင် အုပ်ချုပ်သော ဘီအိုင်အေ သည် ခရိုင်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ကိုလည်း ဖွဲ့စည်းပေး၏ ။ ထိုအဖွဲ့များကို ခရိုင်မှ လည်းကောင်း ၊ မြို့နယ်မှ လည်းကောင်း ဖွဲ့လိုက်ပြီ ဆိုသောအခါ
များစွာသော ကျေးရွာများတွင်လည်း အုပ်ချုပ်ရေးအဖွဲ့များ ပေါ်ပေါက်လာခဲ့လေသည် ။ မြို့မိမြို့ဖလူကြီးများ ၊ ဒေသပညာရှိများနှင့် နိုင်ငံရေးပါတီ အဖွဲ့အစည်းအသီးသီးမှ ပါဝင်သော အုပ်ချုပ်ရေးအဖွဲ့များ ဖြစ်လေရာ အလွန်ကျယ်ပြန့်ပြီး ဩဇာရှိသော အဖွဲ့များ ဖြစ်နေပေသည် ။ ထိုအဖွဲ့များ၏
အကူအညီဖြင့် ဘီအိုင်အေ သည် လူထု၏ အသက်စည်းစိမ်အိုးအိမ်ကို ကောင်းစွာ ကာကွယ်စောင့်ရှောက်ခဲ့၏ ။ သူခိုးဓားပြ ကို နိုင်နင်းစွာ သုတ်သင်ခဲ့၏ ။ ဗမာ့လွတ်လပ်ရေးတပ်မတော် ၏
အချို့ အစိတ်အပိုင်းများနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းတချို့သည် ချစ်တီး ထံမှ ပစ္စည်းသိမ်းခြင်း ၊ ဗမာသူဌေး ထံမှ ငွေအမြောက်အမြား အလှူခံခြင်း ၊ အရာရှိဟောင်းများ ထံမှ မော်တော်ကား
သိမ်းခြင်း စသောကိစ္စများနှင့် အချို့ တပ်သားများ မမှန်မကန် ပြုမူခြင်းများ ရှိကောင်းရှိခဲ့ပေမည် ။
သို့သော် ထိုကဲ့သို့သော စစ်ကြီးဖြစ်နေချိန် မင်းပြောင်းမင်းလွဲ ဖြစ်နေချိန်တွင် လူထု ၏ အသက်စည်းစိမ်ကို ဤမျှ ကာကွယ်နိုင်ပြီး အခြေအနေ ဖရိုဖရဲ မဖြစ်အောင် ထိန်းသိမ်းနိုင်ခြင်းမှာ ချီးကျူးစရာ ကောင်းပေသည် ။
စပ်ကူးမတ်ကူး ကာလမှာ လူတွေ သည် တထိတ်ထိတ် တလန့်လန့် ဖြစ်နေကြ၏ ။ ထိတ်တိုင်းလန့်တိုင်း အဆင်ခြင်မဲ့ပြီး ချဲ့ကားပြောကြ၏ ။ ချဲ့ကား ယုံကြ၏ ။ တစ်အိမ်မှာ လင်မယားရန်ဖြစ်သည်ကိုပင် ဓားပြ တွေ မြို့ထဲ ဝင်လာပြီဟုဆိုကာ ဈေးဆိုင်တွေ ဝုန်းခနဲ ဒိုင်းခနဲ ပိတ်ကုန်ကြ၏ ။ ပြေးသူ ပြေး ၊ လွှားသူ လွှား ဖြစ်တတ်ကြ၏ ။ ဗမာ့လွတ်လပ်ရေးတပ်မတော် နှင့် အုပ်ချုပ်ရေးအဖွဲ့ တို့သည် ထိုသို့သော မတည်မငြိမ်သည့် အခြေအနေကို နေသားတကျဖြစ်အောင် ဖန်တီးပေး၏ ။
ဟင်္သာ အုပ်ချုပ်ရေးအဖွဲ့ တွင် ဟင်္သာတဦးမြ ၊ တို့ဗမာဦးသိန်း ၊ သခင်ဗစိန် ၏အစ်ကို သခင်ပြန့် ၊ ကိုသာတင် ၊ ကိုသာဒင် စသောပုဂ္ဂိုလ်များ ပါဝင်လေသည် ။
ဟင်္သာတ သို့ ဘီအိုင်အေ မရောက်ခင် ရန်ကုန်တက္ကသိုလ် မှ ကျောင်းသားခေါင်းဆောင်ကိုသိန်းအောင် သည် ဘီအိုင်အေ ကို ကြိုဆိုရန် ရောက်လာခဲ့လေသည် ။ ထို့ကြောင့် ဟင်္သာတမြို့မှာ ကျောင်းသားလူငယ် နှင့် တို့ဗမာများ ကြား၌ ဘီအိုင်အေ ၏ အကြောင်းကို ကြိုတင်သိနေနှင့်သူတွေ တော်တော်များများ ရှိလေသည် ။
ဗိုလ်ဘကြင် ဆိုသူ ခေါင်းဆောင်သည့် ဘီအိုင်အေ တပ်ဦး သည် ညဉ့်နက်သန်းခေါင်ကြီးမှ ာဟင်္သာတ သို့ ရောက်လာသည် ။ ထို့ကြောင့် ကိုသိန်းအောင် သည်လည်းကောင်း ၊ အခြား
လူတွေသည် လည်းကောင်း ဘီအိုင်အေ ကို ပန်းသပြေ နှင့် အခမ်းအနားနှင့် ဆီးမကြိုနိုင်တော့ချေ ။ ထို့နောက် ဗိုလ်ရန်နိုင် နှင့် ဘီအိုင်အေ တပ်ရင်း ရောက်ခဲ့လေသည် ။
ဘီအိုင်အေ သည် ကိုဘသိန်း အား စစ်တာဝန်ခံ အဖြစ်ဖြင့် ခန့်ထားလိုက်လေသည် ။ ကျွန်တော် ဟင်္သာတ သို့ ရောက်သွားချိန်တွင် ကိုဘသိန်း နှင့် ကိုသန့်တင် တို့သည် ကျောင်းသား သံမဏိများ
ကို ပြန်လည်စုဆောင်းပြီး စစ်တပ်ဖွဲ့နေလေပြီ ။ ကိုအောင်မင်း ၊ ကိုဖိုးသာ စသော ကျောင်းသားများဝင်ကြလေသည် ။
ကျွန်တော် ဟင်္သာတ သို့ ရောက်နေချိန်မှာ ပါပီ ဆိုသူသည် ခိုးမှုဖြင့် အပြစ်ပေးခံခဲ့ရလေသည် ။ ပါပီ သည် မကြာသေးမီက မြို့သူကြီးဘုရား တွင် ဌာပနာ ဖောက်ခဲ့၏ ။ ယခု ဒိစတြိတ်ကောင်စီရုံး မှ
ပစ္စည်းများကို ခိုးယူပြန်လေသည် ။ ဘီအိုင်အေ သည် အမှုကို စစ်ဆေးပြီး စံနမူနာပြအနေဖြင့် ပါပီ အား သတ်ပစ်လိုက်လေသည် ။
ကျွန်တော် သည် ဗိုလ်ရန်နိုင် ၊ ကိုသိန်းအောင် ၊ ကိုဘသိန်း နှင့် အခြား မိတ်ဆွေရင်းများနှင့်ပြည်လည် တွေ့ဆုံရခြင်းကြောင့် အလွန် ဝမ်းသာအားရ ဖြစ်လေသည် ။ အခြားမိတ်ဆွေများ ၊
လုပ်ဖော်ကိုင်ဖက်များနှင့် ရဲဘော်များအကြောင်း ကို သူတို့ထံမှ မေးမြန်း ပြောဆိုရသည်မှာလည်း တပျော်တပါးကြီး ဖြစ်လေသည် ။ သခင်အောင်ဆန်း က ဗိုလ်တေဇ ၊ သခင်လှဖေ က ဗိုလ်လကျာ် ၊ ကိုလှမောင် က ဗိုလ်ဇေယျ ၊ ကိုအောင်သန်း က ဗိုလ်စကြာ ၊ ဘယ်သူကဖြင့် ဘယ်ဗိုလ် ဖြစ်နေပြီတဲ့ ။ ဘယ်သူ ဘယ်စစ်ကြောင်းမှာ တိုက်နေပြီ ။ ဗိုလ်မင်းခေါင် ၊ ဗိုလ်ရန်အောင် တို့ ရခိုင်ပြည်သို့ ချီတက်နေပြီ ။ ဘယ်သူဖြင့် ဘယ်မှာ အုပ်ချုပ်ရေးမှူး လုပ်နေပြီ ။
ဟင်္သာတ ငွေတိုက်မှာ အင်္ဂလိပ် များ ဖျက်ဆီးမသွားနိုင်သဖြင့် ငွေနှစ်သိန်းကျော် နှင့် ဘိန်း စသော အခြားပစ္စည်းများ ကျန်ရစ်ခဲ့လေသည် ။ ၎င်းတို့ကို ဟင်္သာတ အုပ်ချုပ်ရေးအဖွဲ့က သိမ်းပြီး
ဗိုလ်ရန်နိုင် တို့ တပ်အား တစ်သိန်း ပေးလိုက်လေသည် ။ ဗိုလ်ရန်နိုင် တို့တပ်သည် ကျိုက်လတ် ၊ ဖျာပုံ ဘက်မှ ငွေတိုက်များမှ လည်း ငွေများ ရသေးသည်ဟု ဆိုလေသည် ။ ထိုငွေများ ကို
အုပ်ချုပ်ရေးအဖွဲ့ သို့ အချို့အဝက် ပေးခဲ့ပြီး ကျန်တာကို စစ်စရိတ်အဖြစ်ဖြင့် ယူခဲ့လေသည် ။ ဗိုလ်ရန်နိုင် သည် စစ်ချီတက်ရာ၌ လှည်းခ ၊ လှေခ ၊ ကားခ စသည်များကို မပေး မနေရ စည်းကမ်းသတ်မှတ်ထားလေသည် ။ ထိုအချက်ကြောင့်ပင် သူချီတက်လေရာမှာ သတင်းမွှေးနေပေ၏ ။
ကျွန်တော်နှင့် တွေ့ပြီး နောက်တစ်ရက်မှာပင် ဗိုလ်ရန်နိုင် သည် ရှေ့ဆက်ချီ တက်ရလေသည် ။ ဂျပန်တပ်ရင်း တစ်ခုလည်း ဘီအိုင်အေ နှင့်အတူ ချီတက်သွားလေသည် ။ ဟင်္သာတ ကြံခင်း မီးရထားလမ်း
တွင် မြို့တွင်းဘူတာ အထိ မီးရထား သွားနိုင်သေးသဖြင့် မီးရထား ဖြင့် ချီတက်သွားကြလေသည် ။
ဗိုလ်ရန်နိုင် သည် ကျွန်တော့် အား သူနှင့် လိုက်ပါရန် ခေါ်သေး၏ ။ စစ်တပ်ထဲ ဝင်ပြီး တိုက်လိုကတိုက်နိုင်သည် ။ သို့မဟုတ် ရောက်ရာအရပ်မှာ ရိက္ခာစုဆောင်းရေး ၊ စစ်သားစုဆောင်းရေး ၊
အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းရေးနှင့် အခြား နိုင်ငံရေးလုပ်ငန်းများ လုပ်ရာမှာ ဗိုလ်ရန်နိုင် အားကူညီရန် ဖြစ်လေသည် ။ ကျွန်တော် အလွန်ပင် လိုက်ချင်ပါသည် ။ သို့သော် မန္တလေး မှ ယခုလောက် အခက်အခဲများကို ကျော်နင်းပြီးလာခြင်းမှာ ရန်ကုန်ဌာနချုပ် သို့ သွားရန် ဖြစ်လေသည် ။ အထက်မြန်မာပြည် မှာ ဖြစ်ပျက်နေသော အခြေအနေကို အစီရင်ခံရမည် ။ တစ်တိုင်းပြည်လုံး အခြေအနေ ၊ ကမ္ဘာအရပ်ရပ် အခြေအနေများကို ခြုံပြီး နားလည်ရန်နှင့် ရှေ့အဖို့ ညွှန်ကြားချက်များကို ယူရန်မှာ ရန်ကုန်ဌာနချုပ် သို့ သွားမှသာ ဖြစ်နိုင်ပေလိမ့်မည် ။
ထို့ကြောင့် ဗိုလ်ရန်နိုင် က ကျွန်တော့် အား ရန်ကုန် သို့ အမြန်ဆုံးနှင့် ချောချောမောမော ရောက်အောင်သာ ကူညီစေလိုကြောင်း ပြောရလေတော့သည် ။ မီးရထားဖြင့် ရန်ကုန် သို့ မသွားနိုင် ။ ခမုန်ဆိပ်တံတားကြီး မှာ ကျိုးနေသည် ။ လက်ပံတန်း ရန်ကုန် မီးရထားလမ်း တစ်လျှောက်မှာ
တိုက်ပွဲများလည်း မရှင်းသေး ။ အင်္ဂလိပ် တို့သည် လေယာဉ်ပျံ အနည်းငယ်လွှတ်ပြီး တတ်နိုင်သလောက် ဗုံးကြဲနေ၏ ။ ဟင်္သာတ မှာ ကျွန်တော် ရှိနေတုန်းမှာပင် လေယာဉ်ပျံတစ်စင်း လာပြီး ဗုံးကြဲသွားသေး၏ ။ ဧရာဝတီ တွင် သင်္ဘော မရှိတော့ချေ ။ မော်တော်ဘုတ်ပင် မရနိုင်တော့ပေ ။ အင်္ဂလိပ်စစ်တပ် တို့သည် အချို့ကို အညာ သို့ ခေါ်သွားပြီး အချို့ကို ဖျက်ဆီးပစ်ခဲ့လေသည် ။ မြစ်ကြောင်းမှ သွားလိုလျှင် လှေစီးရုံသာ ရှိလေသည် ။
အချိန်မှာ ဧရာဝတီ တွင် ရေပြာပေါက်ချိန် ၊ ရေကြည်တက်ချိန် ဖြစ်၏ ။ ထွန်းနေသော သောင်ကြီးများကား သည်အတိုင်းပင် ရှိကြသေးလျက် နေရောင်တွင် တဖိတ်ဖိတ်တောက်ကာ မျက်စိ
ကျိန်းစရာ ဖြစ်လေသည် ။ မြစ်ကြောင်းမှ ဆိုလျှင် ရက်ပေါင်းများစွာ ပျင်းစရာကောင်းအောင် လှေ စီးရမည် ။
လှည်း တစ်တန် ၊ ကား တစ်တန် ၊ ကုန်းကြောင်းလမ်း ရှိ၏ ။ ရန်ကုန် သို့ ခပ်မြန်မြန် ရောက်နိုင်သည် ။
ဘယ်ဘက်က သွားသွား လွယ်မည်ကား မဟုတ်ချေ ။
ဗိုလ်ရန်နိုင် သည် ကျွန်တော့် အား အင်္ဂလိပ် အစိုးရ ထုတ်ခဲ့သော ငွေစက္ကူ ဖြင့် ၅ဝဝိ ၊ ဂျပန်စစ်တပ် မှ ထုတ်သော ငွေစက္ကူ ဖြင့် ၂ဝဝိ ပေးလိုက်လေသည် ။ မြန်မာ - ဂျပန် နှစ်ဘာသာဖြင့် ကျွန်တော် သည် ဘီအိုင်အေ ဗိုလ်ချုပ်အောင်ဆန်း ၏ အထူးဌာနတွင် အမှုတာဝန် ထမ်းဆောင်နေရသူဖြစ်ကြောင်း လက်မှတ်စာတစ်စောင် ရေးပေးလိုက်လေသည် ။ “ မီနင်မီဘွန်တိုင်း ” ဆိုသော အချက်ပြစကား ကလေးကိုလည်း သင်ပေးလိုက်ပေ၏ ။
ဟင်္သာတမြို့ မှ ဗိုလ်ရန်နိုင် ထွက်ခွာသွားသောအခါ ဗိုလ်ဘကြီး ဆိုသူအား ချန်ထားခဲ့လေသည် ။ ဗိုလ်ဘကြီး မှာ မြိတ် မှ စပြီး ဗိုလ်ရန်နိုင် နှင့် လိုက်ပါလာခဲ့သူ ဖြစ်လေသည် ။ စစ်အတွေ့အကြုံ
အတော်များပြီး တိုက်ရည်ခိုက်ရည် ပြည့်ဝသည် ။ သူသည် စုဆောင်းပြီး စစ်သားသစ်များအား စစ်အတတ် သင်ကြားလေ့ကျင့်ပေးရ၏ ။ ဗိုလ်ဘကြီး သည် ဂျပန်စစ်တပ် ၊ ဂျပန်နယ်ချဲ့သမားတို့နှင့် အတွေ့အကြုံမှာလည်း အတော်များခဲ့လေပြီ ။ ထို့ကြောင့် ဂျပန် အကြောင်း ကောင်းစွာသိ၏ ။
“ တို့ဟာ ဘယ်ကောင်အတွက်မှ တိုက်တာ မဟုတ်ဘူး ၊ ဗမာ့လွတ်လပ်ရေး အတွက် တိုက်တယ်
မှတ်ပါ ” ဟူသော ယုံကြည်ချက်ကို စစ်သားသစ်များ အား နာနာ သွင်းပေး၏ ။ ထိုမျှ မကသေး
“ ဂျပန် တွေဟာ ကောင်းတဲ့ကောင်တွေ မဟုတ်ဘူး ။ တစ်နေ့ သူတို့ကိုလည်း ဆော်လွှတ်ရမှာပဲ ” ဟူသော စကားမျိုးများကိုလည်း ပြောဆိုနေလေပြီ ။
ကျွန်တော် သည် ဟင်္သာတ မှ သာရဝေါ ၊ သာရဝေါ မှ စံရွေးဖိုးခေါင် ၊ ထို့နောက် သုံးဆယ် ၊ သုံးဆယ် မှ ရန်ကုန် သို့ သွားရမည် ဖြစ်လေသည် ။
သာရဝေါ သို့ လှေဖြင့် ။
သာရဝေါ မှ စံရွေးဖိုးခေါင် ဖြတ်လျက် သုံးဆယ် သို့ လှည်းဖြင့် ။
သုံးဆယ် မှ ရန်ကုန် သို့ ဘတ်စ်ကားဖြင့် ။
သုံးမျိုးသုံးတန် သွားရပေလိမ့်မည် ။
ဗိုလ်ဘကြီး က ကျွန်တော် နှင့် အဖော်အဖြစ်ဖြင့် လိုက်ရန် မောင်ဘဝင်း နှင့် မောင်ဖေကြည် ဆိုသော လူငယ်နှစ်ယောက် ကို ထည့်လိုက်လေသည် ။ သူတို့သည် သွားရင်းလာရင်း အရောင်းအဝယ်များလည်း လုပ်ကြမည်ဖြစ်၏ ။
ဟင်္သာတ မှနေကြည့်သော် သာရဝေါ ကို မြင်နေရ၏ ။ သို့သော် တော်တော် နှင့် မရောက်နိုင် ။ လှေလှော်ရသူမှာလည်း မသက်သာလှချေ ။ နေမထွက်မီ ခရီးထွက်ခဲ့ကြခြင်း ဖြစ်၍ တော်ပေသေး၏ ။
ဘဝင်းနှင့် ဖေကြည် တို့သည် ဟင်္သာတ သို့ အင်္ဂလိပ်စစ်တပ် မှ စေလွှတ်လိုက်သည့် ဖျက်ဆီးရေးတပ်စိတ်တစ်ခု သင်္ဘောဖြင့် ဝင်လာပုံ ၊ ဘီအိုင်အေ နှင့် တွေ့ပြီး တိုက်ပွဲ ဖြစ်ပုံ ၊ တရားဟောမည်
လုပ်နေသော ဗိုလ်ရန်နိုင် တိုက်ပွဲဆီသို့ပြေးလာရပုံ စသည်များကို ပြောနေကြလေသည် ။ နောက်ဂျပန်တပ်စု တစ်စု ရောက်လာပုံကို ပြောကြလေသည် ။
ဘဝင်း -
“ ဂျပန်တွေဟာ အထက်တန်းစားလူမျိုးတွေလို့ ထင်ခဲ့တာဟာ မှားတာပဲကွ ။ တို့ဆီရောက်လာတဲ့ ဂျပန်တွေဟာ ထမင်းကို ဘာနဲ့ ထည့်စားတယ် အောက်မေ့လဲ ၊ ကြွေရေသုတ် နောက်ဖေးအိုး နဲ့
ထည့်စားတယ် သိလား ၊ နောက်ဖေးအိုးမှန်း သိရက်နဲ့ စားတာလား ၊ မသိလို့လားတော့ မပြောတတ်ဘူး ”
ဖေကြည် -
“ မသိလို့ဆိုလည်း ရှော်တာပဲ ၊ သိရက်နဲ့ စားတယ်ဆိုလည်း ရှော်တာပဲကွ ။ ထမင်းကိုလည်း ကောင်းကောင်းမွန်မွန် ချက်မစားတတ်ပါဘူးကွာ ။ ထမင်းအိုးထဲ အာလူးရော ၊ သကြားရော ၊ ငရုတ်သီးရော ၊ ခရမ်းသီးရော အကုန် ရောကျိုတာပါပဲ ။ တကယ့် လူရိုင်းတွေပါပဲကွာ ”
လှေသမား က ဝင်ထောက်ခံလိုက်၏ ။
“ ရိုင်းတာကတော့ ဘာပြောကောင်းမှာလဲ ၊ ကိုယ်တုံးလုံးနေတာ ကြည့်ပါဦး ”
ထိုခဏ၌ လက်ဝဲဘက်ကမ်း ခပ်လှမ်းလှမ်းမှ သေနတ်သံ သုံးချက် ဆင့်ကာ ဆင့်ကာ ကြားရသဖြင့်
ဘာမျှ မပြောကြဘဲ နားစွင့်နေကြလေသည် ။ ဓားပြတိုက်နေသလော ။ စစ်တိုက်နေသလော စိုးရိမ်စွာဖြင့် အကဲခတ်နေကြရာ ၁ဝ မိနစ် လောက် ကြာတော့လည်း နောက်ထပ် ဘာသံမျှ မလာသဖြင့် စိတ်အေးသွားကြပြန်လေသည် ။
ဘဝင်း ၊ ဖေကြည် နှင့် လှေသမား တို့သည် ဂျပန်စစ်တပ် က ထုတ်ပေးနေသော ငွေစက္ကူများအကြောင်းကို ပြောနေကြပြန်လေသည် ။ အင်္ဂလိပ်အစိုးရ ထုတ်သော ငွေနှင့် တန်ဖိုးညီမျှခြင်း ရှာကြ၏ ။
လှေသမားမှာ ကျောချမှ ဓားပြမှန်းသိပြီး -
“ ဟာ ဒါဖြင့် မနေ့က ကျွန်တော့် လှေကို ငှားပြီး သူတို့ ပေးတဲ့ပိုက်ဆံဟာ တစ်မတ် လောက်သာရှိတာပေါ့ ၊ ဟင် ခွေးမသားတွေ ”
သူသည် သက်ပြင်းကြီးချလိုက်၏ ။ မျက်နှာတွင် စိတ်ဆိုးခြင်းနှင့် စိတ်ပျက်ခြင်းတို့သည် တစ်လှည့်စီ ပေါ်နေလေသည် ။
သူ့လိုပင် ခံလိုက်ရသူတွေ မနည်းတော့ချေ ။ ဂျပန်စစ်တပ် အား ရေထမ်းပေးရသော သူတွေ ၊ ထင်းခွေပေးရ သူတွေ ၊ လှည်းပို့ရ သူတွေ ။
သူတို့သာမက ဈေးသည်တွေလည်း နစ်နာကြ၏ ။
ဘဝင်း -
“ မသိလို့သာပေါ့ဗျာ ၊ သိရင် ဘယ်ခံရမှာလဲ“
ဖေကြည် -
“ ပိုက်ဆံ တစ်ပြားမှမပေးဘဲ သေနတ်ပြပြီး ခိုင်းတာနဲ့စာတော့ တော်သေးတာပေါ့ကွာ“
သူတို့သည် ထိုသို့ပြောပြီးနောက် တွေးတောငေးမောနေကြလေသည် ။
ကျွန်တော်တို့ သည် သာရဝေါ သို့ ရောက်သောအခါ လှည်းငှားကြ၏ ။ သို့သော် အချို့က မလိုက်ရဲ ။ အချို့ကမူ နေ့ခင်းနေပူနေမည်ဆိုပြီး ငြင်းနေကြ၏ ။ နောက်ဆုံးတွင် ညနေစောင်းမှ ထွက်မည်
ဆိုလျှင် လိုက်ပို့မည့် လှည်းတစ်စီးကို တွေ့ကြလေသည် ။ လမ်းမှာ တစ်ရွာရွာ တွင် ညအိပ်ကြရမည်ဖြစ်လေသည် ။
သာရဝေါ မှာ နံနက်စာထမင်း ဝယ်စားကြလေသည် ။ ဆိုင်ရှင် သည် ဂျပန်ငွေစက္ကူ ထက် အင်္ဂလိပ်ငွေစက္ကူ ကိုသာ လိုချင်ဟန် တူသဖြင့် ကျွန်တော် က အင်္ဂလိပ်ငွေစက္ကူ ကို ထုတ်ပေးလိုက်ရာ အလွန်ပင် ဝမ်းသာသွားလေသည် ။
သာရဝေါ မှ စံရွေး - ဖိုးခေါင် ဖြတ်၍ လှည်းဖြင့် သွားရသောလမ်းမှာ စိမ့်ကြီးကို ဖြတ်ရလေသည် ။
မိုးတွင်းမှာ ရေဝပ်ပြီး နွေမှာ စိမ့်နေသော ကျယ်ပြန့်လှသည့် မြေရိုင်းကွက်ကြီး ဖြစ်လေသည် ။ အခြား မြက်များအပြင် ဆင်ငိုမြက် နှင့် ကိုင်းတောများ ဖုံးလွှမ်းနေပေသည် ။ သစ်ပင်ကြီးများ ရှားသဖြင့် အရိပ်ပင် မရှိသလောက် ဖြစ်နေသည် ။
လှည်း ကို တအိအိမောင်းလာကြ၏ ။ လမ်းမှာ ချိုင့်ဝှမ်းနှင့် ကျောက်တုံးကျောက်ခဲ မရှိသဖြင့်မဆောင့်လှချေ ။
လှည်းသမား သည် အသစ် ရောက်လာသော ဂျပန် နှင့် ပတ်သက်၍ အကြားအမြင် များသည့်အပြင်
အာသွက်လျှာသွက်ထဲကလည်း ဖြစ်သဖြင့် သူ့ထံမှ ဂျပန်စစ်သားတွေအကြောင်း အတော်ပင်ကြားသိရလေသည် ။
ဘဝင်း က ဖေကြည် အား -
“ ငါတို့ကသာ ဂျပန် လို့ ခေါ်ကြတာ ၊ သူတို့ကို နီပွန်လို့ ခေါ်ရသတဲ့ကွ ။ တို့ကိုလည်း သူတို့က ဘိရုမာ လို့ ခေါ်တယ်တဲ့ ” ဟု ကိစ္စတစ်ခု နှင့်ပတ်သက်ပြီး ပြောလိုက်သောအခါ လှည်းသမား က -
“ အောင်မာ ဂျပန် လို့ ခေါ်ရင် ပါးတောင် ရိုက်သတဲ့ဗျ ။ နီပွန် ခေါ်ရင်တော့ နည်းနည်း အဖက်လုပ်ပြီး ခေါ်ခေါ်ပြောပြော လုပ်သတဲ့ ၊ ဒါပေမဲ့ မတ်စတာ ခေါ်ရင် သူတို့ အကြိုက်ဆုံးပဲတဲ့ဗျား ”
ဖေကြည် -
“ မတ်စတာတဲ့ ဟုတ်လား ”
ဘဝင်း -
“ ဒါ ဂျပန်စကားလား မတ်စတာ ”
လှည်းသမားကလည်း ပြန်မဖြေနိုင်ဘဲ တစ်စုံတစ်ရာ တွေးတောနေစဉ် ကျွန်တော် က -
“ မတ်စတာ ဆိုတာ အင်္ဂလိပ် စကားပဲ ၊ အဓိပ္ပာယ်ကတော့ ဆရာ ၊ သို့မဟုတ် သခင် လို့ရတယ် ။ အင်း သူတို့ကလည်း ပြေးသွားတဲ့ အင်္ဂလိပ် တွေ လိုပဲ သခင် အခေါ်ခံချင်တာ ထင်ပါရဲ့ ”
လှည်းသမား ၏ မျက်နှာသည် နားလည်မှုဖြင့် ဝင်းလက်သွားသည် ။
“ အား ဟုတ်ပြီ ၊ ဒါ့ကြောင့် သူတို့ ဒီလိုခေါ်တာ သိပ်ကြိုက်တာကိုး ။ သူတို့ကိုယ် ကို ကျုပ်တို့ရဲ့အရှင်သခင် အဖြစ်နဲ့ ခယစေချင်တာကိုးဗျ ၊ လက်စသတ်တော့ ကြည့်စမ်း ”
သူသည် သို့ကလိုပြောပြီး လက်ဝဲဘက်က နွားကို တံဖျာနှင့် ခပ်နာနာ ရိုက်လိုက်လေသည် ။ လှည်း မှာ မြန်သွားသဖြင့် ကျွန်တော်တို့ ကိုယ်များသည် နောက်သို့ ယိမ်းသွားကြ၏ ။
အတန်ကြာသောအခါ လှည်းသမား သည် ရွာတစ်ရွာသို့ ဂျပန်တွေရောက်သောအခါ ပစ္စည်းများ ရှာပြီးယူပုံကို ပြောပြနေပြန်လေသည် ။ ဂျပန် တို့သည် ကြက် ၊ ဝက် ၊ ဥ စသော စားစရာတွေကို
ယူရုံမက ရွှေငွေလက်ဝတ်လက်စားကိုပါ ယူကြလေသည် ။ အချို့မှာ မိန်းမဝတ် ပိုးထဘီကိုပါယူသည် ။
“ ရှာတာကလည်း သိပ်စေ့စပ်သေချာတဲ့ အကောင်တွေဗျ ။ အိမ်ထဲမှာ ရှာရုံတင်မကဘူး ၊ ကောက်ရိုးပုံထဲကိုတောင် ခက်ရင်း နဲ့ ထိုးရှာသေးတယ် ။ အိမ်ထဲမှာလည်း ဝင်ပြီး ထိုးဆွရှာတာပဲ ”
ဘဝင်း -
“ လက်နက်များ ဖွက်ထားသလားလို့ ရှာတာလေလားဗျာ ”
“ ဘယ်ဟုတ်လိမ့်မှာလဲ ၊ လက်နက်ရှာတာသာ ဆိုရင် တခြားပစ္စည်းတွေ့ရင် ထားခဲ့ရမယ် မဟုတ်လား ၊ ခုတော့ မထားခဲ့ဘူး ၊ ကလေးနားဆွဲတောင် မချန်ဘူး ယူတယ် ”
ထို့နောက် ဂျပန်စစ်သားများ မိုက်သား မသိသား ဆိုးရွားပုံကို ပြောကြပြန်လေသည် ။
လှည်းသမား က -
“ ကြည့်စမ်းပါဦး ၊ အုန်းသီးစားချင်တာနဲ့ အုန်းပင်ကို လှဲသတဲ့ ”
ကျွန်တော်တို့ သည် မျက်နှာကိုမဲ့ရွဲ့ပြီး မလိုတမာ ရယ်လိုက်ကြလေ၏ ။
ညနေ နေဝင်ရီတရောအချိန် ကျလာသော်လည်း ကျွန်တော်တို့ လှည်းသည် ခရီးဆုံးခန်းသို့ မရောက်ကြသေးချေ ။ အခါကာလ ကောင်းပါမူ ညဉ့်နက်သန်းခေါင်ဖြစ်ဦးတော့ လှည်းမောင်းနိုင်ကြ၏ ။ အခါကာလမကောင်းသဖြင့် မမှောင်ခင် ပထမဆုံး ရောက်သောရွာတွင် ဝင်၍ ညအိပ်ရန် ဆုံးဖြတ်လိုက်ကြလေသည် ။
တစ်ညအိပ်ပြီးနောက် နောက်တစ်နေ့ နံနက်အရုဏ်တက်တွင် ခရီးထွက်ကြပြန်လေသည် ။
နံနက်ပိုင်း လှည်းဖြင့် ခရီးသွားရသည်မှာ ခရီးတွင်လှ၍ နွားကို တံဖျာတို့ရသည်ပင် မရှိ ၊ ခပ်သွက်သွက် သွားလေသည် ။ သဘာဝကလည်း သာယာလှသည် ။
သို့သော် ခရီးမှာ အတော်ကျန်သေးသဖြင့် သုံးဆယ် သို့ နံနက် ဆယ်နာရီကျော် မှ ရောက်လေသည် ။ သုံးဆယ် မှ ရန်ကုန် သို့ မော်တော်ကားဖြင့် လိုက်ရမည်ဖြစ်ရာ မော်တော်ကား ရှိ မရှိ စုံစမ်းကြည့်ရာ နောက်တစ်နေ့မှ ရှိ မည်ဟု သိရလေသည် ။ ထမင်းဆိုင်တစ်ဆိုင် မှာ ဝယ်ခြမ်းစားသောက်ကြပြီးနောက် လှည်းသမား ၏ အကြံပေးချက်အရဘုန်းကြီးကျောင်း တစ်ကျောင်းတွင် ဝင်တည်းခိုရန် ဆုံးဖြတ်ကြလေသည် ။ ထိုကျောင်းတွင် လှည်းသမား နှင့် အမျိုးတော်သော ဦးပဉ္စင်း တစ်ပါး ရှိလေသည် ။
စည်ကားသော ကျောင်းတိုက်ကြီး ဖြစ်၏ ။ ကျောင်းဆောင် အများအပြား ရှိရာ အချို့မှာ အုတ်တိုက်ကျောင်းများ ဖြစ်ပေသည် ။ ကောင်းကောင်းမွန်မွန် ၊ သပ်သပ်ရပ်ရပ် ၊ လုံလုံခြုံခြုံ ဆောက်ထားသော
ဇရပ်များ ၊ အုတ်စီထားသော ရေတွင်းများ ၊ ရေလှောင်ကန်များနှင့် သစ်ပင်ပန်းပင်များ ရှိလေသည် ။
လှည်းသမား သည် ကျွန်တော်တို့ အား အုတ်တိုက်ကျောင်း တစ်ကျောင်းပေါ်သို့ ခေါ်သွားလေ၏ ။ စုံစမ်းလိုက်သောအခါ သူ့ အမျိုး ဦးပဉ္စင်း မှာ လူထွက်ပြီး ဗမာ့လွတ်လပ်ရေးတပ်မတော် ( ဘီအိုင်အေ ) ထဲသို့ လိုက်ပါသွားကြောင်း သိရလေသည် ။ ကျွန်တော်တို့ က ဝတ်ချပြီး ပြန်မည် လုပ်သောအခါ ထိုကျောင်း မှ ကျောင်းထိုင်နှင့် တူသော ဦးပဉ္စင်း က -
“ ဒကာတို့ က ဘာကိစ္စ ရှိလို့တုံး“
လှည်းသမား -
“ တပည့်တော်က သာရဝေါ ကပါ ဘုရား ၊ ဦးပဉ္စင်း ဦးသာဂရ နှင့် ညီအစ်ကို တော်ပါတယ် ။ ဟောဒီက ဧည့်သည်တွေ ရန်ကုန် သွားမှာမို့ တပည့်တော် က လှည်းလိုက် ပို့တယ် ။ ရန်ကုန် ထွက်မယ့် ကားက နက်ဖြန် မှ ရှိတော့မှာမို့ သူတို့ တစ်ည တည်းရအောင် လာပို့တာပါ ဘုရား ”
ဦးပဉ္စင်း -
“ ဪ ဟုတ်လား ၊ ဦးသာဂရ မရှိပေမယ့် တည်းနိုင်ပါတယ် ဒကာတို့ရာ ”
ကျွန်တော်တို့က တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး ပြုံးစိစိ လုပ်နေကြစဉ် ဦးပဉ္စင်း က ဆက်ပြန်သည် ။
“ ဒကာတို့က ကုန်သည်တွေလား ”
ကျွန်တော် -
“ မဟုတ်ပါဘူး ဘုရား ၊ နိုင်ငံရေးကိစ္စ နဲ့ ရန်ကုန် သွားရမှာပါ ဘုရား ”
“ ဟုတ်လား တည်းပါဗျာ ၊ ဒီမှာပဲ တည်းပါ ၊ တခြား သွားမနေပါနဲ့တော့ ။ ရန်ကုန် မှာ အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့နေပြီလို့ သတင်းကြားရတယ် ၊ သခင်ထွန်းအုပ် က ဗမာနိုင်ငံ အုပ်ချုပ်ရေးအဖွဲ့
ခေါင်းဆောင်လို့ ကြေညာလိုက်တယ်ဆိုပါကလား ”
ကျွန်တော်သည် အရေးကြီးသမျှ အစစအရာရာ သိပြီး ဖြစ်နေသော ဟန်မျိုးကို ဆောင်လျက် -
“ ဟုတ်ကောင်း ဟုတ်ပါလိမ့်မယ် ဘုရား ၊ ဟင်္သာတ မှာလည်း အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့ထားပြီးပြီ ဘုရား ၊ သို့ပေမယ့် ဒါတွေက ယာယီ သဘောတွေ ပဲ ၊ ရှေ့အဖို့ ဘယ်လို စခန်းသွားကြမှာလဲဆိုတာ
ရန်ကုန် မှာ ဆွေးနွေးကြရဦးမှာပဲ ဘုရား ”
သည်လို ပြောလိုက်သောအခါ ဦးပဉ္စင်း သည် ကျွန်တော့် အား လေးစားသော မျက်လုံးများဖြင့် ကြည့်ပြီး သဘောကျသောအပြုံးကို ပြနေလေသည် ။
“ သခင်ထွန်းအုပ်က ဗမာနိုင်ငံ အုပ်ချုပ်ရေးခေါင်းဆောင်အဖြစ်ဖြင့် ကြေညာမယ် ဆိုတာကတော့ ဒီလိုနဲ့ တူပါတယ်ဘုရား ။ သူလည်း ဂျပန် ကို လိုက်သွားသေးတယ် ၊ သခင်အောင်ဆန်း နဲ့
အတူတူပဲ ”
ဦးပဉ္စင်း -
“ ဪ ဟုတ်လား ၊ အာဂ လူပါကလား ။ ဦးပဉ္စင်း တို့တော့ သခင်ထွန်းအုပ်ကြီး ကို မြင်ဖူးပါရဲ့ဗျာ ။
ပန်းဆွဲသခင်ညီလာခံ လုပ်တုန်းက ကျုပ်တို့ သုံးဆယ် မှာ ဝင်ပြီး တရားဟောသွားသေးတယ် ။ လူက လူချောကြီး ”
လှည်းသမား က ဝတ်ချရင်း -
“ ကဲ တပည့်တော် ကတော့ နေချိုရင် ပြန်ထွက်ရမယ် ဘုရား ၊ ဈေးလည်း ဝယ်သွားရဦးမယ် ”
ဦးပဉ္စင်း-
“ အေး အေး သွားစရာရှိရင် သွားရော့လေ ။ ဒီ ဒကာတွေ အတွက် စိတ်ချသွားပါ ၊ ဦးပဉ္စင်း ကိုယ်တိုင် မော်တော်ကား ရှာပြီး ထည့်ပေးလိုက်ပါ့မယ် ၊ ဓာတ်ဆီ ရရင်တော့ သွားကြမှာပါပဲ ”
ဖေကြည် -
“ ဒီဘက်မှာ ဓာတ်ဆီ ရှားသလား ဘုရာ့း ၊ တပည့်တော် တို့ ဟင်္သာတ မှာတော့ ပေါသေးတယ် ။ အင်္ဂလိပ် တွေက ဖျက်ဆီး မသွားနိုင်ဘူး ”
ဦးပဉ္စင်း -
“ အင်း ဒီဘက်မှာတော့ မိစ္ဆာကောင်တွေ က သယ်နိုင်သမျှ သယ်သွားတယ် ၊ မသယ်နိုင်တာ သွန်ပစ်သွားတယ် ။ ခုတော့ ဒင်းတို့ သံလျင် - ရေနံချောင်းပိုက် ကို ဖောက်ပြီး ရေနံအကြမ်းတွေ ယူကြတယ် ။ ပြီးတော့ ဗမာ့နည်းနဲ့ ချက်ပြီး သုံးနေကြရတယ် ”
ထိုစကားကို ကြားရသောအခါ ကျွန်တော့်မှာ အလွန် အားရသွားပြီး ကိုယ့်ဗမာ တွေ ကို ချီးကျူးနေမိလေသည် ။
ဦးပဉ္စင်း -
“ ဒကာ့ နာမည်က ဘယ်သူတဲ့လဲ ”
“ သခင်တင်ထွန်း ပါတဲ့ ဘုရား ”
“ ဟိုဘက်က သူငယ်တွေကကော ”
“ မောင်ဘဝင်း နဲ့ မောင်ဖေကြည် ပါတဲ့ဘုရား ”
“ စစ်သတင်းတွေများ ဘာကြားသေးသလဲ သခင်တင်ထွန်း ရဲ့ ”
“ တပည့်တော်တို့ ဒီထွက်မလာခင် ဗိုလ်ရန်နိုင် တို့ တပ်မတော် ပြည် ဘက်ကို ချီတက်သွားတယ် ဘုရား ”
“ ဒီနေ့ပဲ ကြားတယ် ဒကာရဲ့ ၊ ရွှေတောင် မှာ တိုက်ပွဲတွေ ဖြစ်နေတယ်တဲ့ ”
ကျွန်တော်က အစစအရာရာ သိထားပြီးသော လေဖြင့်ပင် -
“ ဖြစ်ရမှာပဲ စစ်ပရိယာယ်အရ ချက်ပိုင်တဲ့ နေရာကိုး ဘုရား ”
လှည်းသမား မှာ ကျွန်တော်တို့ နှင့် ခွဲသွားရတော့မည်ဖြစ်သဖြင့် ကျွန်တော်တို့ သည် ကျောင်းတိုက်ဝင်းပြင်ဘက်တွင် ချွတ်ထားခဲ့သော လှည်းသို့ အရောက် လိုက်ပို့ကြလေသည် ။
တည်းခိုမည့် ဘုန်းကြီးကျောင်းသို့ ပြန်ရောက်လာသောအခါ အောက်ထပ်တံခါးပေါက်ဝတွင် မတ်တတ်ရပ်ကာ ကျွန်တော့် အား ကြည့်နေသော အဒေါ်ကြီး တစ်ယောက်ကို တွေ့ရလေသည် ။ ထို အဒေါ်ကြီး အား မြင်ဖူး သလိုလို ရှိသောကြောင့် ကျွန်တော် ကလည်း စိုက်ကြည့်နေမိသည် ။ အဒေါ်ကြီး ကလည်း ကျွန်တော့် မျက်ခွက်တည့်တည့် ကို စိုက်ကြည့်နေ၏ ။ တကယ်ပင် မြင်ဖူး၏ ။
ဘယ်တုံးကပါလိမ့် ။
မိန်းမကြီး ကား အသက် လေးဆယ်ကျော် ငါးဆယ်တွင်း ။ ထောင်ထောင်မောင်းမောင်း ဖြူဖြူဖြိုးဖြိုး ၊ သပ်သပ်ရပ်ရပ် ။
ဟုတ်ပါသည် ။ ၁၃ဝဝ ပြည့်နှစ် ကျောင်းသားအရေးတော်ပုံ အတွင်းက သမဂ္ဂအသင်းတိုက် သို့ ဤ အဒေါ်ကြီး လာပြီး ကျွန်တော့် အား သူတို့အိမ် သို့ ခေါ်သွားခဲ့သည် ။ ထမင်းကျွေးပြီး ကျောင်းသားတိုက်ပွဲ ရန်ပုံငွေသို့ အလှူငွေ ၉၅ ကျပ် ပေးလိုက်ခဲ့သည် မဟုတ်ပါလား ။
“ ဟာ အဒေါ်ပါကလား ”
“ မင်း ကျောင်းသားခေါင်းဆောင် မောင်ဟိုသင်း အင်း - မဟုတ်လား ”
ကျွန်တော့် နာမည်ကို မမှတ်မိသော်လည်း သူမ သည် လူကို ကောင်းစွာမှတ်မိနေသည် ။
“ မောင်တင်ထွန်း ပါ ခင်ဗျား ”
“ အေး အေး မှတ်မိပြီ ၊ ခုနင်က မင်းတို့ဆင်းသွားကတည်းက လှမ်းမြင်လိုက်တော့ တူပါတယ်လို့ ထင်လို့ စောင့်ကြည့်နေတာကွဲ့ ”
သူမ ကား ရန်ကုန်မြို့ တွင် နာမည်ကျော် ဆရာဝန်မကြီး ဒေါက်တာတင်တင်လှ ၏ အစ်မ တင်တင်ငယ် ဖြစ်လေသည် ။
“ အဒေါ်တို့ ဘယ်တုံးက ဒီကိုရောက်နေကြတာလဲ ”
“ ရန်ကုန်ဗုံးကြဲပြီးကတည်းက ပြေးလာကြတာပဲ ”
“ အကုန်လုံးလားခင်ဗျာ ၊ ဒေါက်တာရောလား ”
သူတို့မှာ ညီအစ်မ ငါးဦး နှင့် အမေအိုကြီး ဖြစ်လေသည် ။
“ ဒေါက်တာ ဒီရောက်တာတော့ မကြာသေးဘူးကွဲ့ ၊ ဂျပန်တွေ ရန်ကုန်ဝင်ပြီးမှ ရောက်လာတယ် ကဲ ဝင်ပါဦး ”
ဘဝင်း နှင့် ဖေကြည် တို့သည် ကျွန်တော့် ကို ထားခဲ့ပြီး ကျောင်းပေါ်သို့ တက်ရန် လုပ်နေကြစဉ် ဒေါ်တင်တင်ငယ် ခေါ် ထိုမိန်းမကြီး က -
“ ခေါ်ပါ ၊ မင်းမိတ်ဆွေတွေကို ခေါ်ပါ ”
ဘဝင်း -
“ အပေါ်မှာ လုပ်စရာကလေးတွေ ရှိသေးလို့ပါ ခင်ဗျာ "
သူတို့ သည် ကျောင်းပေါ်သို့ တက်သွားကြလေသည် ။ ဒေါ်တင်တင်ငယ် က ကျွန်တော့်အား အထဲသို့ ခေါ်သွားလေသည် ။
အုတ်တိုက်ကျောင်းအောက်ထပ်မှာ အပေါ်ထပ်ထက်ပင် ကောင်းသေးသည်ဟု ထင်ရ၏ ။ ပျဉ်းကတိုး လျှာထိုးကြမ်းပြင်မှာ တဖိတ်ဖိတ် တောက်နေသည် ။ ထောင့်နှစ်ထောင့်တွင် ချိပ်ဆေးအဝါရောင် တဖိတ်ဖိတ်တောက်နေသော သစ်သားလိုက်ကာများဖြင့် အခန်းဖွဲ့ထားသော အခန် း၂ ခန်း ရှိသည် ။ ပြတင်းပေါက်များတွင် ရောင်စုံ ဖန်ပုတီးစေ့ကုံးများဖြင့် လုပ်ထားသော
လိုက်ကာများ ဆွဲထားသည် ။ သို့သော် ပက်လက်ကုလားထိုင် တစ်လုံးမှ တစ်ပါး ဘာ အိမ်ထောင် ပရိဘောဂမျှ မရှိချေ ။ ဆိုဖာတွေ ၊ ကုလားထိုင်တွေ ၊ စားပွဲတွေနှင့် ခံ့ညားလှသော သူတို့ ရန်ကုန် တိုက်နှင့်ကား ကွာခြားလှပေ၏ ။
ဝင်သွားရင်း ဒေါ်တင်တင်ငယ် က အထဲသို့ လှမ်းပြောလိုက်၏ ။
“ ဟုတ်တယ် မမကြီး ရေ ၊ ကျောင်းသားခေါင်းဆောင် သူငယ်ကလေးပဲ ”
အရှေ့ဘက်နံရံ၏ ပြတင်းပေါက်များအနီးတွင် သားရေအနက်ဖုံး စာအုပ်ကိုယ်စီနှင့် စာထိုင်ဖတ်နေကြသော သူများမှာ ဒေါ်တင်တင်ငယ်၏ မမလေး ၊ မမလတ် ၊ မမကြီး တည်းဟူသော အကုန်လုံး ၊ တစ်ပြုံလုံး ၊ လင်မရသေးသည့် မိန်းမကြီးများ ဖြစ်၏ ။ သူတို့ ကို ကျွန်တော် ကတော့ အပျိုကြီး နံပါတ် ၃ ၊ ၂ နှင့် ၁ ဟုသာ အသီးသီး မှတ်မိ၏ ။ တင်တင်ငယ် မှာ အပျိုကြီး နံပါတ် ၄ ဖြစ်လေသည် ။ သူတို့သည် ကျွန်တော်တို့ ထံသို့ ထလာကြလေသည် ။ ဒေါ်တင်တင်ငယ် သည် သင်ဖြူးဖျာမျာ းခင်းပြီး ကျွန်တော့် အား ထိုင်စေ၏ ။ ပြီးမှ သူတို့ ဝိုင်းထိုင်ကြလေ၏ ။ ထိုင်ပုံမှာ ပိပိပြားပြ ားရှိလှသည် ။ ဒူးတုပ်လျက် ၊ မျက်နှာမှာလည်း ဣန္နြေရှိလှ၏ ။ ဥပုသ်သည် ဣန္နြေ ။
သူတို့အား တွေ့သည်မှာ လွန်ခဲ့သော သုံးနှစ်ကျော် က ဖြစ်လေသည် ။ သို့သော် သူတို့အားလုံးသည် သုံးနှစ် မက နှစ်ပေါင်းများစွာ ပိုကြီးသွားသည်ဟု ထင်ရလေသည် ။ သူတို့တွင် စိန်တွေ ၊ မြတွေ ၊
လက်ဝတ်လက်စားတွေ မပါတော့ချေ ။ ပွဲနေပွဲထိုင် စတိုင်ဖြင့် ဝတ်ဆင်ခြင်းလည်း မရှိတော့ပြီ ။ အစ်မကြီးဖြစ်သော အပျိုကြီး အမှတ် ၁၏ သျှောင်ထုံးမှာ ဆံပင်နက်ဟူ၍ တစ်ချောင်းမျှ မမြင်ရတော့ ၊ ဆံပင်ကျွတ်နေသော အကွက်များမှာ ပိုလာ၏ ။ အပျိုကြီး ၂ ၏ သျှောင်ထုံးမှာလည်း ငွေရောင်လွှမ်းနေ၏ ။ အပျိုကြီး ၃ မှာ ဆံပင် အနက်အဖြူ ဆတူလောက်ဖြစ်နေပေသည် ။
ဒေါ်တင်တင်ငယ် ခေါ် အပျိုကြီး ၄ မှာကား ဘီးဆံပတ်ပင် မပတ်နိုင်တော့ချေ ။ နောက်တွဲထုံးမှာ တစ်ချက်တစ်ချက် ဆံဖြူကလေးများ လက်လက်သွားသည်ကို မြင်ရ၏ ။ အပျိုကြီး ၁ နှင့်၂ တို့၏
လက်ကောက်ဝတ် တွင်ကား လွန်ခဲ့သော ၃ နှစ်ကျော်တုန်းက ကဲ့သို့ပင် ပယင်းပုတီးများကို တွေ့ရသေး၏ ။ ၃ နှင့် ၄ တို့၏ လက်ကောက်ဝတ်တွင် မူ မြလက်ကောက် နှင့် စိန်လက်ကောက်များ
မမြင်ရတော့ဘဲ ဆင်စွယ်ပုတီးကလေးများ ကိုသာ တွေ့မြင်ရလေတော့သည် ။
သူတို့ သည် ပိပိရိရိ ဒူးတုပ်ထိုင်ပြီးနောက် အတော်ကြာမှ စကားပြောကြတော့သည် ။
ဒေါ်တင်တင်ငယ် က စလိုက်၏ ။
“ အံ့ဩစရာ ကောင်းတယ်နော် ၊ ခုလို တွေ့ရတာ ”
အပျိုကြီး ၁ -
“ ကံတရားဆိုတာ ဒီလိုပဲ ၊ ကံဆုံစည်းရင် တွေ့ဖို့အကြောင်း ပေါ်ရတာပဲ ”
အပျိုကြီး ၂ နှင့် ၃ သည် ပြိုင်တူ မေးလိုက်ကြလေသည် ။
“ မောင်ရင်ကကော ဘယ်က လာလို့ ဒီကို ရောက်လာတာလဲ ”
ကျွန်တော် က မန္တလေး ကစပြီး ခရီးထွက်ခဲ့ပုံ ၊ ဟင်္သာတ မှ လာခဲ့ရပုံနှင့် ဘုန်းကြီးကျောင်းသို့ ရောက်ရပုံတို့ကို တိုတိုနှင့် လိုရင်း ပြောပြနေစဉ် သူတို့သည် စကားဖောက် မပြောဘဲ စိုက်
နားထောင်နေကြလေသည် ။ ဤတွင်လည်း သူတို့သည် အရင်ကနှင့် မတူသည်ကို တွေ့ရ၏ ။
ကျွန်တော် ပြောပြီးမှ အပျိုကြီး ၁ က -
“ ကြည့်စမ်း ၊ ဘယ်လောက် ရေစက်ဆုံသလဲ ၊ ဒီကျောင်းမှာ လာတွေ့ရတယ် ။ ဒီကျောင်းက မေမေဘုရား လှူထားတဲ့ကျောင်း ၊ ပျံတော်မူသွားတဲ့ကျောင်းထိုင်ဆရာတော် က မေမေဘုရား ပဉ္စင်းခံထားတာ ။ ပြီး ခုနက မောင်ရင်ပြောတဲ့ လူထွက်ပြီး စစ်ထဲလိုက်သွားတယ်ဆိုတဲ့ ဦးသာဂရ ကို ပဉ္စင်းခံထားတာ ဒီကပဲလေ ”
အပျိုကြီး ၄ က ပြုံးလျက် -
“ မမကြီး က ပဉ္စင်းအမကွဲ့ ၊ ခုတော့ လူထွက်သွားလို့ ခက်နေပေါ့ ”
အပျိုကြီး ၁ -
“ ဘာခက်ရမှာလဲ ၊ ခုစစ်ထဲလိုက်တာလည်း ကိုယ့်တိုင်းပြည်အတွက် လိုက်တာပဲ ။ သာသနာတော် အကျိုးအတွက် ထမ်းရွက်တဲ့အခါ ထမ်းရွက်တယ် ၊ အခုတော့ အမျိုးသားအကျိုးအတွက် ထမ်းရွက်တာပေါ့ ”
အပျိုကြီး ၃ သည် ငြိမ်ငေးပြီး နားမထောင်ချင်တော့သောကြောင့် -
“ ခုနက ဦးသာဂရ ရဲ့ ဆွေမျိုး လှည်းသမား ဆိုတာ မေမေဘုရား ရဲ့ သီးစားသမားများ ဖြစ်နေမလား
မဆိုနိုင်ဘူး ”
ကျွန်တော့် စိတ်ထဲမှာ နိပါတ်တော် ဇာတ်ပေါင်းသံ တွေကို ကြားယောင်လာလေသည် ။
အပျိုကြီး ၂ သည်လည်း စကားမပြောဘဲ နေရသည်ကို သည်းညည်း မခံနိုင်တော့ဘဲ -
“ သီးစားသမား မဖြစ်နိုင်ဘဲ နေပါ့မလား ၊ ဒီဘက် တစ်ဝိုက်မှာရော သာရဝေါ ဘက်မှာရော ဟင်္သာတ ဘက်ရော မေမေဘုရား တို့ မြေတွေ က အများကြီး ရှိတာပဲ ။ မောင်ရင့် ကို လိုက်ပို့တဲ့ ဟင်္သာတ က
သူငယ်နှစ်ယောက် တောင် မေမေဘုရား ရဲ့ သီးစားသမားကလေးတွေ ဖြစ်ချင်ဖြစ်မယ် ”
ကျွန်တော်သည် ထိုဇာတ်ပေါင်းသံတွေကို ရပ်စဲစေခြင်းငှာ -
“ ဘွားဘွားကော နေကောင်းရဲ့လား ”
အပျိုကြီး ၄ နှင့် ၂ တို့က တစ်ပြိုင်တည်း -
“ ကောင်းပါတယ် ကောင်းပါတယ် ”
အပျိုကြီး ၃ -
“ ခုတော့ နေ့လယ်စာစားပြီးလို့ အိပ်နေတယ် ”
နေ့လယ်စာစားခြင်း နှင့် စကားစပ်မိပြီးနောက် သူတို့သည် ရန်ကုန် အိမ်မှ ပန်းကန်ခွက်ယောက် အင်္ဂလိပ်လုပ်များ နှင့် ငွေဇွန်းခက်ရင်းများ ကို မြေမှာ မြုပ်ထားခဲ့ရကြောင်း ၊ အိမ်ထောင်
ပရိဘောဂများကို မသယ်ယူနိုင်ခဲ့ကြောင်း ၊ ထို့ကြောင့် ဒီမှာ နေရတာ မည်မျှ ဆင်းရဲကြောင်း ၊ ထောပတ်ကောင်းကောင်း မရကြောင်း ၊ မေမေဘုရား အတွက် စပျစ်သီးလည်း ဝယ်မရကြောင်း ၊ ဝင်ငွေလည်း မရှိတော့ဘဲ ပစ္စည်းပစ္စယများကို ထုခွဲစားနေရ၍ မည်မျှ ခြိုးခြံနေရကြောင်း ၊ ရန်ကုန်မြို့
ပတ်ကလိန်း ရှိ သူတို့ အိမ် ပျက်စီးမည် ကို မည်မျှ စိုးရိမ်ကြောင်း ၊ လူမသမာတို့ သည် အိမ်သော့ကို ရိုက်ချိုးပြီး စန္ဒရား ၊ ဗီရို ၊ စသော အဖိုးတန်အိမ်ထောင်ပစ္စည်းများ ကို ယူပြီး ပစ်စလက်ခတ်
လုပ်လေ့ရှိသည်ဟု ကြားရကြောင်း ၊ ဘုရားခန်းထဲ က ငွေဖလားတစ်လုံး နှင့် ကြွေပန်းစိုက်အိုးတစ်လုံးကို မြေမြုပ်ထားသည့် အထဲတွင် မထည့်လိုက်မိကြောင်း စသည်ဖြင့် အမျှင်မပြတ် ပြောဆိုနေကြလေသည် ။ ထိုထိုသော ဒုက္ခများနှင့် ဤဤသော ဗျာပါဒများကြောင့် သူတို့တစ်တွေသည်
ရုပ်သဏ္ဍာန် အဆင်းကြန်တွေ ဤမျှ ကြီးရင့် အိုမင်းသွားကြခြင်း ဖြစ်သည်ဟု ဆင်ခြင်မိလေသည် ။ ကြာတော့ သူတို့၏ ညည်းညူသံတွေကို မကြားချင်တော့ချေ ။ ထို့ကြောင့် စကားကြောင်းပြောင်းလဲသွားစေရန် -
“ ဒေါက်တာ ကော ရှိရဲ့လားခင်ဗျာ ”
အပျိုကြီး ၄ -
“ ရှိပါတယ် အခန်းထဲမှာ စာဖတ်နေတယ် ”
အပျိုကြီး ၁ -
“ တင်တင်ငယ် ရေ ၊ တင်တင်လှ ကို ခေါ်ပြီး မိတ်ဆက်ပေးလိုက်ပါဦးကွယ် ”
အပျိုကြီး ၄ -
“ ဟုတ်ကဲ့ မမကြီး“
ဒေါ်တင်တင်ငယ် သည် ဖျတ်လတ်စွာထပြီး လက်ဝဲဘက်ထောင့်ရှိ အခန်းဆီသို့ သွားလေသည် ။ ပြောစရာစကားစ ပျောက်နေကြသဖြင့် အပျိုကြီး ၃ သည် လက် မှ ဆင်စွယ်ပုတီးကို ဖြုတ်ကာ
စိပ်နေလေသည် ။ အပျိုကြီး ၂ ကား လက်ကောက်ဝတ်တွင် ပတ်ထားသော ပယင်းပုတီးကို စိုက်ကြည့်နေသည် ။ အပျိုကြီး ၁ မှာ ထိုင်ရာမှထပြီး သားရေနက်ဖုံး စာအုပ်များဆီသို့ သွားလေသည် ။
အခန်းထဲမှ ဒေါ်တင်တင်ငယ် သည် ထွက်လာရာ နောက်မှ ဒေါက်တာတင်တင်လှ ပါလာလေသည် ။ ကျွန်တော် သည် ဒေါက်တာတင်တင်လှ အား ယခုမှ ပထမအကြိမ် မြင်ဖူးရခြင်းဖြစ်လေသည် ။ အသက်လေးဆယ် တွင်းသို့ ရောက်နေလင့်ကစား ပျိုမျစ်ခြင်းအပြည့်ရှိပြီး စစ်ပြေးဘဝ ဒုက္ခသုက္ခတွေ တွေ့ကြုံနေလင့်ကစား ကျန်းမာလန်းဆန်းခြင်းအပြည့် ဆောင်နေပေ၏ ။
အရပ်အမောင်းမှာ ဒေါ်တင်တင်ငယ် နှင့်အတူထောင်ထောင်မောင်းမောင်း ဖြစ်လေသည် ။ မျက်နှာမှာ ဒေါ်တင်တင်ငယ် က မမလေး ဟု ခေါ်သော အပျိုကြီး အမှတ် ၃ နှင့် ခပ်ဆင်ဆင်ဖြစ်၏ ။
ရကောက်ပြောင်းပြန် ထောင်ထားသော နှာခေါင်းကို သူတို့ အဖေ ထံမှ အမွေဆက်ခံ ထားကြလေသည် ။ ဆံပင်ကို တပတ်လျှိုနောက်တွဲ ထုံးထားပြီး နဖူးပြင်မှာ ဆံနုကလေးများ ဖြန့်ကြဲချထား
လေသည် ။ ရှံသားအင်္ကျီတိုကျပ်ပါး နှင့် အပြာရင့် ပိုးတွန့်လုံချည် တစ်ပတ်ရစ်ကို ဝတ်ထားလေသည် ။
ဒေါ်တင်တင်ငယ် -
“ ဟောဒီ သူငယ်ပေါ့ ၊ ကျောင်းသားခေါင်းဆောင် မောင်တင်ထွန်း ဆိုတာ ”
ကျွန်တော် က မတ်တတ်ရပ်ပြီး ကြိုရင်း-
“ နေကောင်းပါရဲ့လား ဒေါက်တာ ”
“ ကျေးဇူးတင်ပါတယ် ၊ နေကောင်းပါရဲ့ ” ( ကျွန်တော့် ထံမှ အစ်မများ ဘက် လှည့်ပြီး ) “ အရင်တစ်ခေါက်
............................... ယောက်ျား မပါလာသော အိမ်တွင် အစ်မ လုပ်သူအားလုံးက
ညီမအငယ်ဆုံးအား မောင်ကလေး လို ဆက်ဆံကြရာမှ ကျွန်တော် ဟူသော အသုံးအစွဲသည် အလေ့အထ ဖြစ်လာခဲ့ဟန် တူလေသည် ။
ဒေါက်တာတင်တင်လှ က ကျွန်တော့် ဘက်သို့ ပြန်လှည့်ပြီး -
“ အဲဒီတုန်းက ကိုယ် နဲ့ မတွေ့လိုက်ရတာ ဝမ်းနည်းပါတယ် ထိုင်ပါ ထိုင်ပါ ”
ကျွန်တော် က မူလနေရာမှာ ပြန်ထိုင်သည် ။ ဒေါက်တာတင်တင်လှ သည် မမကြီး ထိုင်သွားသော နေရာမှာ ဝင်ထိုင်သည် ။ သို့သော် အစ်မများ လို ပိပိရိရိ ဒူးတုပ်၍ မထိုင် ၊ ဆောင့်ကြောင့်သာ ထိုင်လိုက်လေသည် ။
ကျွန်တော် သည် ဘာစကား ပြောရပါမည်လဲဟု စဉ်းစားနေစဉ် ဒေါက်တာတင်တင်လှ က -
“ ယူတို့လည်း ဒီကို ပြေးလာသလား ” ဟု မေးလိုက်ရာ သုံးဆယ် သို့ ရောက်ပြီး မမျှော်လင့်ဘဲ သူတို့နှင့် တွေ့ရပုံကို အကျဉ်းရုံးပြီး ပြောပြရပြန်လေသည် ။
ဒေါက်တာ သည် ကျွန်တော် ပြောသမျှကို စိုက်နားထောင်နေသော်လည်း ကျွန်တော့် နိုင်ငံရေးဆောင်ရွက်မှုများတွင် စိတ်ဝင်စားဟန် မရှိ ။ သူမသည် ကျွန်တော့် အား မစပ်ဟပ်သော မေးခွန်းဖြင့်သာ တုံ့ပြန်လိုက်လေသည် ။
“ ယူက ဂရယ်ဂျူယိတ်လား ”
“ ဟုတ်ကဲ့ ၊ ကျွန်တော် ဘီအေ အောင်ပါသေးတယ် ”
“ ဘီအယ်လ် ဆက်မသင်ဘူးလား ”
“ မသင်ဖြစ်ပါဘူးခင်ဗျာ ၊ မိတ်ဆွေတွေကတော့ တိုက်တွန်းကြပါရဲ့ ”
ကျွန်တော့် စိတ်ထဲမှာ ကွယ်လွန်သူ မမြင့်ဦး က ကျွန်တော့် အား ဘီအယ် ဆက်သင်ရန် အတန်တန်ပြောခဲ့သည်ကို သတိရသွားလေသည် ။ ဒေါက်တာ က -
“ ဆက်သင်ဖို့ ကောင်းတယ်နော် ၊ ယူ မှားတာပဲ ”
ကျွန်တော် က -
“ ဒေါက်တာ ရန်ကုန် ကို ဂျပန်တွေရောက်ပြီးမှ ဒီကို လာခဲ့တယ်ဆို ”
“ ဟုတ်တယ် ၊ အစကတော့ ဘယ်သူလာလာ ကိုယ့်အလုပ် ကိုယ့်တာဝန်ကို ဆက်လုပ်မယ်လို့ပဲ ။ ကိုယ်တို့ကတော့ အင်္ဂလိပ်အုပ်ချုပ်သည် ဖြစ်စေ ၊ ဂျပန်အုပ်ချုပ်သည် ဖြစ်စေ ၊ ဗမာအုပ်ချုပ်သည် ဖြစ်စေ ၊ လူနာ ဆေးကုရမှာပဲ ။ ဂျပန် က ပစ်ခတ်လို့ ဒဏ်ရာရတဲ့ အင်္ဂလိပ် ကို ကုသဖို့လည်း ကိုယ်တို့ တာဝန် ၊ အင်္ဂလိပ် က ပစ်ခတ်လို့ ဒဏ်ရာရတဲ့ ဂျပန် ကို ကုသဖို့လည်း ကိုယ်တို့ တာဝန် ဒီသဘော ထားတာပဲ ။ ဒါကြောင့် ရန်ကုန် ဗုံးကြဲတာတောင် အလုပ်ကို မစွန့်ဘူး ၊ မေမေ နှင့် မမ တို့ကိုသာ ဒီကိုပို့ထားတာ ”
သူမ သည် အစ်မကြီးများ လို မေမေဘုရား ဟု မခေါ် ၊ မေမေ ဟု ရိုးရိုးသာ ခေါ်သည်ကို သတိပြုလိုက်မိလေသည် ။ သူမ၏ တာဝန်ကိုသိတတ်သော သဘောကိုလည်း ကြည်ညိုမိလေသည် ။
“ ရန်ကုန်တစ်ဝိုက်မှာ စစ်ဖြစ်နေတော့လည်း တာဝန်ကို မစွန့်ဘူး ၊ ဂျပန်တွေနဲ့ ဘီအိုင်အေတွေ ဝင်လာပြန်တော့လည်း မစွန့်ဘူး ။ ဒါပေမဲ့ ခဏကြာတော့ အင်မတန် ရိုင်းစိုင်းတဲ့ ဂျပန် တွေနဲ့
မဆက်ဆံချင်တော့ဘူး ။လူကြီးလူကောင်း ကို လူကြီးလူကောင်းနဲ့တူအောင် သူတို့ မဆက်ဆံတတ်ကြဘူး ။ ဆရာဝန်မို့လို့ ရိုသေရမှန်းမှလည်း မသိဘူး ၊ မိန်းမသားမို့ အရေးပေးရမှန်းလည်း
မသိဘူး ။ ပြီးတော့ ကိုယ့်မှာ အင်္ဂလိပ်ငွေစက္ကူတွေ ရှိနေတာကိုလည်း မသင်္ကာကြဘူး ။ ခြောက်လား လှန့်လား လုပ်တယ် ၊ ပြီးတော့ မဟားတရား ရိုင်းစိုင်းတဲ့ အမူအရာတွေ ပြကြတယ် ။
ဒါနဲ့ ထွက်လာခဲ့တာပဲ ။ တချို့ ယဉ်ကျေးတဲ့ ဂျပန်အရာရှိတွေတော့ ပါပါရဲ့ ၊ သူတို့ကလည် းမထွက်ဖို့ တောင်းပန်ကြပါရဲ့ ၊ ဒါပေမဲ့ သူတို့ မျက်ကွယ်မှာ သူတို့ အောက်ကလူတွေ လုပ်ချင်ရာ
လုပ်နေတာတွေ တားဆီးနိုင်ကြတာ မဟုတ်ဘူး ၊ ဒါနဲ့ ဇွတ်ထွက်လာခဲ့တာပဲ ”
ဂျပန် စစ်သားတို့ ၏ မဟားတရား ရိုင်းစိုင်းသော အမူအရာ ဆိုသည်မှာ ဒေါက်တာတင်တင်လှ ၏
အမျိုးသမီးဂုဏ်ရည်များကို စော်ကားခြင်း မဟုတ်ပါစေနှင့်ဟု စိတ်ထဲက ဆုတောင်းနေမိ၏ ။
“ ဒပ်ဖရင်ဆေးရုံကြီး ကိုလည်း ဂျပန်စစ်တပ်က သိမ်းထားတယ် ။ ဆေးရုံ ၊ ကောလိပ်တို့ကို စစ်စခန်းလုပ်တာလည်း ကိုယ်ဖြင့် နည်းနည်းမှ သဘောမကျဘူး ”
အခါတိုင်းနှင့် မတူ တစ်ခုထူးခြားသည်မှာ ဒေါ်တင်တင်ငယ် နှင့် အစ်မကြီးများ သည် ညီမ တင်တင်လှ စကားပြောနေစဉ် တစ်လုံးတစ်ပါဒမျှ ဝင်ရောက်စွက်ဖက်ပြောဆိုခြင်း မပြုကြချေ ။
စကားလုပြောဖို့ကား ဝေး၏ ။
ဒေါက်တာတင်တင်လှ သည် ရန်ကုန်ဆေးရုံကြီး ရပ်စဲ မသွားအောင် ဒေါက်တာဘသန်း တို့လူစု
ဆက်လက်ထိန်းသိမ်းကာ တာဝန်ထမ်းနေကြပုံ ၊ ကျန်းမာရေး သန့်ရှင်းရေးနှင့် အခြား မြူနီစပယ်လုပ်ငန်းများ ရပ်မသွားအောင် မြန်မာ့အလင်းဦးတင် စသော လူကြီးများ ဆောင်ရွက်နေကြပုံ
အရူးထောင် နှင့် ရန်ကုန်ထောင် ပွင့်သဖြင့် မည်မျှ ပရမ်းပတာဖြစ်သွားပုံ ၊ ဆိုင်ဖောက်အိမ်ဖောက်လုယက်မှုများ ဖြစ်ပွားပုံ စသည်တို့ကို ပြောပြနေလေသည် ။
ထိုအခိုက် အသက်ငါးဆယ် ခန့် ရှိသော ခပ်ပုပုသေးသေး လူကြီးတစ်ယောက် ဝင်လာလေသည် ။ သူ့လက်ထဲမှာ ဂုန်အိတ်အလွတ်တစ်လုံးနှင့် နှီးတောင်း အလွတ် တစ်လုံး ပါလာလေသည် ။
ဒေါ်တင်တင်ငယ် က ဆီးပြီး -
“ ဝေပြီးခဲ့ပြီလား ”
ထိုလူကြီး သည် တောင်းနှင့် အိတ်တို့ကို ကြမ်းပြင်ပေါ်မှာ ချထားရင်း -
“ ဟုတ်ကဲ့ ဝေပြီးပါပြီ ခင်ဗျာ ၊ ဆန်ကတော့ လောက်ပါရဲ့ ၊ ဆီက မလောက်ဘူးခင်ဗျ ”
ဒေါ်တင်တင်ငယ် -
“ နောက်တော့ ကျန်တဲ့လူတွေ ဆီဝေသေးတာပေါ့ ”
ထိုလူကြီးသည် ထိုင်ပင်မထိုင်တော့ဘဲ ပြန်ထွက်သွားလေ၏ ။
ဒေါ်တင်တင်ငယ် က ကျွန်တော့် အား -
“ ကျောင်းတိုက်ထဲမှာ ဒေါ်ဒေါ်တို့ လိုပဲ စစ်ပြေးဒုက္ခသည်တွေ ပြည့်နေတာပဲ ၊ သူတို့ က ကိုယ့်ထက်ဒုက္ခရောက်နေကြလေတော့ ဆန်ဆီ ဝေပေးရတာကိုး သခင်တင်ထွန်း ရဲ့ ”
“ ကောင်းပါတယ်ခင်ဗျာ ၊ ဒါလည်း သာဓုအနုမောဒနခေါ်စရာ ကောင်းမှုကုသိုလ် တစ်ခုပေါ့ ”
အပျိုကြီး ၂ နှင့် ၃ တို့က ပြိုင်တူ -
“ စစ်ဆိုတာ တယ်ဆိုးတာကလား ”
“ စစ်ဆိုတာ တယ်ဆိုးတာကလား ”
“ လူတွေ သိပ်ဒုက္ခရောက်ကြတယ် ”
“ လူတွေ သိပ်ဒုက္ခရောက်ကြတယ် ”
သူတို့သည် ဒေါက်တာတင်တင်လှ စကား စပြောကတည်းက ဤတစ်ကြိမ်သာ ဝင်ပြောကြခြင် းဖြစ်လေသည် ။
ဒေါက်တာတင်တင်လှ က အစ်မများ အား -
“ ဒီကျောင်းတိုက်ထဲနေရတဲ့ စစ်ပြေးဒုက္ခသည်တွေက အတော် တော်သေးတာပဲ ၊ တချို့ သစ်ပင်အောက်မှာတောင် နေရတာ ကျွန်တော် တွေ့ခဲ့ရတယ် ”
ထို့နောက် ဒေါက်တာ သည် အိန္ဒိယ သို့ သင်္ဘောဖြင့် ပြန်ရန် အားခဲကာ စောင့်နေပြီးမှ သင်္ဘော မရတော့သဖြင့် ဒုက္ခဆင်းရဲရောက်နေသော ကုလားစစ်ပြေးများအကြောင်းကို ပြောပြနေလေသည် ။
ထိုအခိုက်တွင် အပျိုကြီး ၂ သည် ဖုံးဖိရန် ကြိုးစားသော်လည်း မရ ၊ အုံကြွလာသော သမ်းခြင်းဖြင့် သမ်းလိုက်လေသည် ။ ကျွန်တော်တို့ စကားပြောနေကြသည်မှာ ကြာပြီဖြစ်ကြောင်း ကျွန်တော် က သတိရသဖြင့် -
“ အဲဗျာ ခုလို ဒေါက်တာတို့ နဲ့ လာတွေ့ရတာ အင်မတန်ဝမ်းသာတာပဲ ၊ ကျွန်တော် နက်ဖြန်မနက်မှ ရန်ကုန် သွားမှာပါ ၊ ညနေကျရင် ဘွားဘွား နဲ့လည်း တွေ့ရအောင် လာပါဦးမယ် ” ဟု ပြောပြီး
ထလေသည် ။
ဒေါ်တင်တင်ငယ် က -
“ ရန်ကုန် ရောက်ရင်ကွယ် ဒေါ်ဒေါ် တို့ အိမ် သွားကြည့်လိုက်စမ်းပါ ၊ ဒရဝမ်တော့ ထားခဲ့ပါရဲ့ ”
“ ဟုတ်ကဲ့ ၊ သွားကြည့်ပြီး အခြေအနေကို စာရေးလိုက်ပ့ါမယ် ”
“ တတ်နိုင်ရင် မပျက်မစီး မပျောက်မရှအောင် စောင့်ရှောက်လိုက်ပါကွယ် ”
“ စိတ်ချပါခင်ဗျာ ”
ကျွန်တော့် အား နှုတ်ဆက်ရန် အပျိုကြီး ၁ သည် စာဖတ်နေရာမှ ထလာခဲ့လေသည် ။ ဒေါ်တင်တင်ငယ် နှင့် အပျိုကြီး ၂ နှင့် ၃ တို့ သည်လည်း ထိုင်ရာမှ ထကြလေသည် ။ ဒေါက်တာတင်တင်လှ သည်လည်း မတ်တတ်ရပ်လိုက်၏ ။
ထိုခဏ၌ ဒေါက်တာတင်တင်လှ သည် ကျွန်တော့် အချစ်ဟောင်းကြီး မမြမှီ နှင့် အသက်အရွယ် နှင့် အရပ်အမောင်း ၊ ကိုယ်လုံး အတူလောက် ဖြစ်မည်ဟု ခန့်မှန်းကြည့်မိလေသည် ။ သို့သော်
ဒေါက်တာ မှာ မမြမှီ လောက် မလှ ၊ မမြမှီ လောက်လည်း နွဲ့နောင်းပြေပြစ်ခြင်း မရှိ ၊ မ သဘာဝ ညှို့ဓာတ်လည်း မရှိ ။
ကျွန်တော် တံခါးပေါက် သို့ ရောက်သောအခါ ဒေါက်တာတင်တင်လှ က -
“ ယူ ညနေမှာ အားမယ်လား ” ဟု မေးလိုက်လေသည် ။
“ အားပါတယ် ဒေါက်တာ ၊ ဘာကိစ္စ ရှိလို့ပါလဲ ”
“ ကိုယ် ဒီရောက်ကတည်းက ကျောင်းဝင်းအပြင်ကို တစ်ခေါက်မှ မရောက်သေးဘူး ၊ အပြင်ထွက်ပြီး
လမ်းလျှောက်ချင်တယ် ၊ လိုက်ပို့နိုင်မယ်လားလို့ ”
“ ဟုတ်ကဲ့ ၊ ပို့ပါ့မယ်ခင်ဗျာ ”
အပျိုကြီး ၃ နှင့် ၄ တို့ က ပြိုင်တူ -
“ ဒီကလည်း လိုက်ခဲ့မယ်ကွဲ့ ”
“ ဒီကလည်း လိုက်ခဲ့မယ်ကွဲ့ ”
ကျွန်တော်သည် ကျောင်းအပေါ်ထပ်သို့ တက်လာခဲ့လေသည် ။
ညနေတွင် လမ်းမလျှေက်ဖြစ်ပေ ၊ ဂျပန်စစ်တပ်တွေ အများအပြား နောက်ထပ်ရောက်လာသဖြင့် အထိတ်တလန့် ဖြစ်နေကြလေရာ ဒေါက်တာတင်တင်လှ ၏ မိခင်ကြီးက ဘယ်သမီးမျှ အပြင်
မထွက်ရဟု ကြပ်တည်းစွာ ပိတ်ပင်လိုက်လေသည် ။
မိန်းမသားတွေ မဆိုထားနှင့် ကျွန်တော်တို့ ယောကျာ်းသားများပင်လျှင် ဂျပန်စစ်သားများအား ဝေးဝေးက ရှောင်ကြသည် ။ သူတို့ စခန်းချနေသော နေရာများသို့ မသွားမိဖို့ သတိထားကြ၏ ။
မလွှဲသာလို့ သူတို့နှင့်မျက်နှာတူရူ ပက်ပင်းပါ တွေ့ကြလျှင်လည်း အရောတဝင် ဖြစ်မသွားအောင်
ကိုယ့်ဘာသာ နေလိုက်ကြလေသည် ။
ယခင်က ဂျပန်တို့အား အင်္ဂလိပ် လက်အောက်မှ ကယ်တင်သူများ အဖြစ်ဖြင့် ရိုးသားစွ ာအထင်ကြီးပြီး လှိုက်လှဲစွာ ဆီးကြိုခဲ့သူများသည် ပို၍ သတိကြီးစွာဖြင့် ရှောင်ကြလေသည် ။
ဂျပန် တို့သည် ကမ်းလှမ်းသော သပြေပန်း ကို လွှင့်ပစ်ခဲ့သည် မဟုတ်လော ။ တောင်ရှည်ပုဆိုး နှင့် လူကြီးများ ကို လှည်း အတွန်းခိုင်းသည် မဟုတ်လော ။ အပေါ်အင်္ကျီ ရွှေကိုင်းမျက်မှန် နှင့် လူငယ်အား သေနတ်ပြောင်း အတိုက်ခိုင်းသည် မဟုတ်လော ။ သခင်ခေါင်းဆောင် အား ဖာ အရှာခိုင်းသည်
မဟုတ်လော ။
သို့သော် ဂျပန် တို့ကို ဗမာ အားလုံးက ရှောင်ကြသည် မဟုတ်ပါ ။ သူတို့နှင့် ပလဲနံပ သင့်မြတ်အောင် အောက်ကျို့၍ မျက်နှာချိုသွေး၍ ပေါင်းသူတွေလည်း ရှိပေသည် ။ အင်္ဂလိပ် စကား ချောက်ချီးချောက်ချက် ပြောတတ်သော ဂျပန် စစ်ဗိုလ်ကလေး ကို ရှာ၍ ဆည်းကပ်ပြီးလျှင် ဘာသာပြန် လုပ်သလိုလို ၊ စာရေး လုပ်သလိုလို ၊ ဂျပန် သူလျှို လုပ်သလိုလို လုပ်ကြသူတွေကို တွေ့ရသည် ။ အချို့ မိန်းမယောက်ျား တွေက ဂျပန် တွေနှင့် အသိဖွဲ့ပြီး အရောင်းအဝယ် အသွားအလာ
လွယ်ကူအောင်လုပ်ကာ စီးပွားရှာသူတွေလည်း ပေါ်လာလေသည် ။ ဂျပန့် ဘုန်းရိပ် ကို ခိုလှုံကာ ဗမာတွေ အပေါ်မှာ ဗိုလ်ကျနိုင်ရန် စီစဉ်သူ စီစဉ်သည် ။
မိမိကို လည်းကောင်း ၊ မိမိ၏ အဝန်းအဝိုင်းကို လည်းကောင်း ၊ ဗမာအမျိုးသားတို့ကို လည်းကောင်း
၊ ဂျပန်စစ်ဝါဒီ တို့ မညှဉ်းပန်း မနှိပ်စက်နိုင်ရန် အကာအကွယ်အဖြစ်ဖြင့် မချစ်သော်လည်း အောင့်ကာနမ်းရမည်ဟု ယူဆသူတွေကလည်း များလှပေ၏ ။
ကျွန်တော် သည် သုံးဆယ် မှ ရန်ကုန် သို့ ဘတ်စ်ကားဖြင့် လိုက်ပါခဲ့စဉ် အထက်ပါ အခြင်းအရာများကို တွေ့မြင်ဆင်ခြင်မိလေသည် ။
စစ်ကြီးတွင် ကိုယ်တွေ့မကြုံကြိုက်ဖူးစဉ်ကဆိုလျှင် အထက်ပါ မကြိုက်စရာ အခြင်းအရာမျိုးကို တွေ့လျှင် ရင်ထဲမှာ မျိုသိပ်မထားနိုင်ဘဲ ထုတ်ဖော်ဖွင့်ဟ ရှုတ်ချမိပေလိမ့်မည် ။ ယခုတော့
မျိုသိပ်ထားလိုက်သည် ။ ကောင်းမကောင်း ၊ မှန်မမှန်ကို စိတ်ထဲမှာသာ ကျိတ်၍ ဝေဖန် နေလေသည် ။ ဘာ့ကြောင့်လဲ ။
ဂျပန်တွေကို ကြောက်လို့ မျိုသိပ်ထားသလား ။ ဒါ ဟုတ်ကောင်း ဟုတ်နိုင်သည် ။
အခက်အခဲ အကျဉ်းအကျပ်နှင့် တွေ့လာသောအခါ များစွာသော လူတို့မှာ အားနည်းချက်ကလေးတွေ ၊ နုံတာညံ့တာတွေ ၊ အလွယ်လိုက်တာကလေးတွေ ပေါ်လာတတ်လေသည် ။ ထို့ကြောင့်
မိမိအား ပါးချနေသော ဂျပန် ကို ခြေဖက်လိုသူတွေ ပေါ်လာ၏ ။ ကုန်းခံခြင်း ၊ မချစ်သော်လည်း အောင့်ကာနမ်းခြင်း စသည်တို့သည် ပညာရှိတို့ လုပ်အပ်သော အလုပ် မည်၏ ဟူသော ဩဝါဒ
မျိုးတွေ ပေါ်လာ၏ ။ ဤကား သဘောဝပါ တကား ။ သည်လူတွေ ရဲ့ အမူအကျင့်တွေဟာ သဘာဝကျသော အမူအကျင့်တွေပါကလား ။ ထို့ကြောင့် ကျွန်တော် သည် သူတို့ တစ်တွေကို ခွင့်လွှတ်လိုသည် မဟုတ်လား ။ ပြစ်တင်ရှုတ်ချချင်တာတွေကို မျိုသိပ်ထားလိုသည် မဟုတ်လား ။ ဒါလည်းဖြစ်နိုင်ပေသည် ။
သို့သော် ကျွန်တော်သည် ရင်တွင်းရှိတာ ဖွင့်ဟဖော်ထုတ်ချင်ဦးတော့ ၊ မည်သူ့ရှေ့တွင် ဖွင့်ဟဖော်ထုတ်ရမည်နည်း ။ မည်သူ့အား ယုံကြည်ရမည်နည်း ။ ဤလို အခါမျိုးတွင် မည်သူက မည်သူ့အား ယုံကြည်ရအံ့နည်း ။ ရန်ကုန် ရောက်လျှင် ယုံယုံကြည်ကြည်ဖြင့် ဖွင့်ဟဖော်ထုတ် ပြောနိုင်သူတွေ တွေ့ကောင်းပါ၏ ။
သို့ကလို တွေးတောကာ လိုက်ပါလာစဉ် ကျွန်တော်တို့ ၏ ဘတ်စ်ကားမှ စပယ်ယာ၏ အော်သံကြောင့် လန့်သွားလေသည် ။
“ ရှေ့မှာ ငပုတွေ ဟေ့ ငပုတွေ ၊ သတိထား မောင်းကွ ”
မှော်ဘီ အလွန်မှာ ဖြစ်လေသည် ။ ငပုတွေ ဆိုတာ ဘယ်သူတွေ မှန်း ကျွန်တော် မသိ ၊ ခေါင်းပြူ၍ ရှေ့ကြည့်လိုက်တော့ စစ်ကားတွေ ကို မြင်ရလေသည် ။ ကျွန်တော်တို့ ၏ ဘတ်စ်ကားသည်
မြန်ရှိန်ကို လျှော့ပြီး မောင်းသွား၏ ။ ခရီးသည်တစ်ယောက်က “ ဂျပန်တွေက တို့ကားကို အရပ်ခိုင်းနေတယ် ” ဟု ပြောလိုက်တော့မှ ငပု ဆိုသည်မှာ ဂျပန် ဟု ဆိုလိုကြောင်း သိရတော့သည် ။
ဂျပန် စစ်သား တို့သည် သေနတ်များဖြင့် ချိန်ရွယ်ပြီး ကျွန်တော် တို့ ဘတ်စ်ကားကို အရပ်ခိုင်း၏ ။ ခရီးသည်များမှာ အထိတ်တလန့် ဖြစ်နေကြလေသည် ။ ဘတ်စ်ကားသမား မှာ ထန်းလျက် မှတ်ပြီး ခွေး အလျက်ခံရထိုက်လောက်အောင် မျက်နှာများကို ချိုစေကြပြီး ကာယဝစီ အမျိုးမျိုး ပလီလျက် -
“ မတ်စတာ မတ်စတာ ” ဟု နှုတ်ဆက်ကြလေ၏ ။
ဂျပန် တို့သည် ကားကို စစ်ဆေးကြခြင်း ဖြစ်လေသည် ။ သူတို့သည် ဖရဲသီးကြီးများ နှင့် ထန်းလျက် များကို တွေ့သောအခါ အာသာငမ်းငမ်း တက်နေကြကြောင်း ပြနေလေသည် ။ အလိုက်သိသေ ာစပယ်ယာသည် ဖရဲသီးသုံးလုံး နှင့် ထန်းလျက် တစ်ပိဿာလောက် ကို ယူပေးလိုက်သောအခါ အလွန် ဝမ်းသာသွားလေသည် ။ တပ်ကြပ်ကလေးနှင့် တူသော ဂျပန် ကား ခရီးသည် တစ်ယောက် စီးလာသော ကတ္တီပါ သည်းကြိုးတပ် ညှပ်ဖိနပ် ကို အတော် သဘောကျနေဟန် ရှိ၏ ။ သူ့ ခုံဖိနပ်ကို လက်ညှိုးထိုး ပြလိုက် ၊ ကတ္တီပါဖိနပ် ကို လက်ညှိုးထိုးပြလိုက် ပါးစပ်က ဂျပန် စကားတွေပြောလိုက် လုပ်နေခြင်းကြောင့် အကင်းပါးသော ဗမာအပေါင်း က ထိုခရီးသည်အား “ ကဲပါဗျာ လဲလိုက်ပါ ” ဟု တောင်းပန်တိုက်တွန်းကြလေသည် ။ ခုံဖိနပ် နှင့် ကတ္တီပါဖိနပ် လဲလာခဲ့ကြရလေ၏ ။ ကျေနပ်သွားပြီဖြစ်သော ဂျပန် တို့သည် ကျွန်တော်တို့၏ ဘတ်စ်ကားကို သွားခွင့်ပြုလိုက်လေသည် ။
စပယ်ယာ သည် ဂျပန်စကားလုံး တော်တော်များများကို တတ်နေပြီကို တွေ့ရသဖြင့် ကျွန်တော် အံ့ဩနေ၏ ။ သူသည် ' ရောတောရှိ ' ' အာရိကတ္တော ' ' နိပွန် ဘုရုမာ ဘန်ဇိုင်း ' ' နိပွန် ဘုရုမာ
အုံနာကျိ ' စသည့် စကားများဖြင့် ဘေးမသီရန်မခ ကိစ္စချောအောင် လုပ်ခဲ့လေသည် ။
ကားထွက်ပြီးနောက် တစ်ခဏ၌ကား သူသည် ဂျပန် များကို ဆဲရေးတိုင်းထွာနေလေပြီ ။
“ မအေပေး ငပုတွေ ၊ ဂိတ်လည်း မဟုတ်ဘူး ၊ သက်သက် စားပေါက်ထွင်တာကွ ”
ကတ္တီပါဖိနပ် နှင့် ခုံဖိနပ် လဲခဲ့ရသော ခရီးသည်သည် ကား ဘတ်စ်ကားစပယ်ယာ လို ဆဲရေးတိုင်းထွာခြင်း မပြု ၊ ခုံဖိနပ် ကိုသာ လွင့်ပစ်ခဲ့လေသည် ။
ဘတ်စ်ကား သည် ကမာရွတ် ဌာန အနီး လှည်းတန်း မှာ ရပ်ရလေသည် ။ ရှေ့ဆက် မသွားရ ။
ယခုထိ မြို့ထဲသို့ စီးနင်းလိုက်ပါရန် ယာဉ်များ မရှိသေး ။
မောင်ဘဝင်း နှင့် မောင်ဖေကြည် တို့သည် ကြည့်မြင်တိုင် မှာ နေသည်ဟု သတင်းရထားသော သူတို့ ၏ မိတ်ဆွေတစ်ဦးထံ သို့ သွားချင်ကြလေသည် ။ ကျွန်တော့် အဖို့မှာ ကမာရွတ် ဦးလေးမြင့်
အိမ်သို့ သွားခြင်းက အကောင်းဆုံး ဖြစ်လိမ့်မည် ။ ကမာရွတ် မှလူအများမှာ ပြောင်းရွှေ့နေထိုင်ခြင် းပြုဖို့လိုမည် မဟုတ်ပေ ။
အင်္ဂလိပ်မက်သောဒစ် မိန်းကလေးကျောင်း မှာ စခန်းချထားသော ဘီအိုင်အေ စစ်ဌာနချုပ်သို့ သွားရန်လည်း မလွယ်သေး ။
တို့ဗမာအစည်းအရုံးဌာနချုပ် လုပ်ထားသော ကိုယ့်မင်းကိုယ့်ချင်းလမ်း အမှတ် ၈ သို့ သွားရန်လည်း မလွယ်သေး ။
ဗမာ့လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်တေဇ ခေါ် သခင်အောင်ဆန်း နှင့်လည်း မတွေ့ချင်သေး ။ ဗမာနိုင်ငံ အုပ်ချုပ်ရေးခေါင်းဆောင်ဟု ကြေညာလျက်ရှိသူ သခင်ထွန်းအုပ် နှင့်လည်း မတွေ့ချင်သေး ။ အခြေအနေ ဘာဆိုတာကိုသာ သိချင်နေလေသည် ။ ကျွန်တော်တို့ ဌာနချုပ်က ဘယ်မှာလဲ ။ ဘီအိုင်အေ ဌာနချုပ် ဟာ ကျွန်တော်တို့ ဌာနချုပ်လား ၊ တို့ဗမာအစည်းအရုံး က ကျွန်တော်တို့
ဌာနချုပ်လား ၊ ကျောင်းသားသမဂ္ဂ ဟာ ကျွန်တော်တို့ ဌာနချုပ်လား ။
ကျောင်းသားများသမဂ္ဂ ကို ရှာ၍ မရနိုင်တော့ပြီ ။ တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ဂျပန်စစ်တပ် က သိမ်းထားသဖြင့် ဘယ်သူမျှ မဝင်ရ ။ တကယ်တော့ တက္ကသိုလ်ကျောင်းတိုက်
တစ်ခုလုံးကို ဂျပန်စစ်တပ်တွေ က သိမ်းထားလေသည် ။ တက္ကသိုလ်ဝင်းထဲသို့ပင် အမိတက္ကသိုလ်မှ
မွေးထုတ်လိုက်သော သားများဖြစ်သူ ကျွန်တော် တို့ ခြေမချရတော့ချေ ။ ကမာရွတ် ဘက်သို့ လျှောက်သွားနေစဉ် ကျွန်တော့် အသည်းနှလုံးများမှာ အထက်ပါ ခံစားချက်များဖြင့် ဆွေ့ဆွေ့ခုန်
နေလေသည် ။ ချစ်အပ် ၊ လေးစားအပ် ၊ မြတ်နိုးအပ်သော အမိတက္ကသိုလ်အတွက် နှမြောနေသည် ။
လွမ်းဆွတ်နေသည် ၊ ယူကျုံးမရ ဖြစ်နေသည် ။ တက္ကသိုလ် သည် ကျွန်တော်တို့ အား တတ်သိ လိမ္မာစေခဲ့၏ ။ သမဂ္ဂ သည် ကျွန်တော်တို့အား နိုးကြားမာန်တက်စေခဲ့၏ ။ ဂျပန်စစ်သားတို့ သည်
ကျွန်တော်တို့ ၏ အသိလိမ္မာ နှင့် နိုးကြားမာန်တို့ကို ရွှံ့ပုပ်ထဲ ချနင်းနေသည်နှင့် တူလေသည် ။
ကမာရွတ်ရွာကလေး မှာ ယခင်က သွင်ပြင်နှင့် မထူးခြား ။ ပိန်းကြာရွက်တွင် ရေမတင် လျှောကျသလို စစ်ကြီးမှာ ကမာရွတ် ကို ဖြတ်ရသော်လည်း လျှောကျသွားဟန်တူသည် ။ အိမ်တစ်လုံးမျှ
မီးမလောင် ၊ တိုက်တစ်လုံးမျှ မပြိုအက် ၊ သစ်ကိုင်းတစ်ကိုင်းမျှ ပဲ့မကျ ၊ ဗုံးကြဲချရာ စက်သေနတ်ပစ်ရာ စသော အမာရွတ်တွေ တစ်ခုမျှ မတွေ့ရ ။ လူတွေကိုလည်း အရင်ကအတိုင်းပင် တွေ့ရလေသည် ။
မြင်းလှည်းသမားများ ဖြစ်ကြသော ဦးဖိုးခင် နှင့် သား ကိုတင်ဖေ တို့ကို သူတို့ အိမ်မှာပင် တွေ့ရလေသည် ။ ဒေါ်လှမေ အားလည်း တွေ့မြဲ အတိုင်း တွေ့ရ၏ ။ ကိုတင်ဖေ ၏ မယား ဖြစ်နေသော
ဒေါ်လုံးတင် ၏ သမီး မြကြည် ကိုလည်း သူတို့နှင့် အတူ တွေ့ရသည် ။ ထူးခြားချက်ကား မြကြည် သည် အပျိုတုန်းက ရွက်ကြမ်းရေကျို ကြည့်ပျော်ရှုပျော်လောက်သာ လှခဲ့သော်လည်း ယခု
အတော် လှနေလေသည် ။ အချို့ မိန်းမတွေ သည် ယောက်ျား ရမှ အလှတိုးသည် မှာ တကယ်ပင်ဖြစ်၏ ။ သူတို့အိမ်မှာ ဦးဖိုးခင် ၊ ဒေါ်လှမေ တို့၏ သမီး မတင်ရွှေ နှင့် သမက် မီးရထားလက်မှတ်စစ်
ကိုပြုံး တို့သည် ကလေးတစ်ယောက်နှင့် တကွ ပြန်ရောက်နေသဖြင့် လူစည်ကားနေ၏ ။
ဒေါ်လုံးတင်မှာ ဘူးသီးကြော်ရောင်းခြင်း ၊ ချင်းသုပ်လက်ဖက်ရောင်းခြင်း တို့ကို ခါတိုင်းလိုပင်ဆက်လုပ်နေလေသည် ။ သို့သော် သူမ၏ ဘဝမှာ ကြီးစွာသော ပြောင်းလဲချက်တစ်ခုကို ဝမ်းသာစွာဖြင့် တွေ့ရလေသည် ။ အပြက်အပြက်နှင့် နှာခေါင်းသွေးထွက်ခဲ့ပြီ ။ ဂျပန် တွေ
မလာခင်က အချင်းချင်း ပြောင်ကြနောက်ကြရုံ နှင့် ဒေါ်လုံးတင် ကသာ တစ်ဖက်သတ် ကြိုက်ရုံဖြစ်နေခဲ့သော်လည်း ဂျပန် တွေ လာသောအခါ ကျွန်တော့် မိတ်ဆွေကြီး ကိုကြွယ် နှင့် ဒေါ်လုံးတင် တို့သည် ပုဆိုးတန်းတင် အကြင်လင်မယား ဖြစ်သွားကြလေသတည်း ။
ဦးလေးမြင့် အိမ်မှာလည်း ခါတိုင်းလိုပင် ဖြစ်၏ ။ ကဲလားတံခါးထောက် သည်ပင်လျှင် အရင်က အတိုင်း ဖြစ်၏ ။ ရေတွင်းနားက ခေါင်ရန်းပင် သည် ခါတိုင်းလိုပင် ပွင့်နေလေသည် ။ သို့သော် သခင်တင်မောင်ကြီး ကား မရှိတော့ချေ ။ သူ့အား ရန်ကုန်မြို့ကို ဗုံးမကြဲခင် ဒီအိမ်မှာ ဝှက်ထားခဲ့သည် ။ တစ်လကျော်ကျော် နေပြီး တခြားရွှေ့သွားကြောင်း ခုမှ သိရလေသည် ။ စစ်ကြီးနှင့် ဂျပန်
တို့အား အတော် နားလည်ပြီဖြစ်သော ကျွန်တော် သည် အရင်ကတည်းက စစ်ကြီးကို ခုခံဆန့်ကျင်ရမည်ဟု ပြောဆိုခဲ့သော သခင်တင်မောင်ကြီး အား တွေ့ချင်လှသည် ။ တွေ့အောင်ရှာ၍ တွေ့ရမည် ။ ဦးလေးမြင့် တို့ အိမ်မှာ ကျွန်တော့် အသိလည်းဖြစ် ၊ ဦးလေးမြင့် ၏ မိတ်ဆွေလည်း ဖြစ်သော ပါမောက္ခဦးဖေမောင်တင် ၏ မျက်နှာနှင့် တူသော မျက်နှာ ရှိသည့် ၊ စာတစ်လုံးမှ မတတ်သည့် ကပ္ပိယကြီး ဦးအုန်းဖေ ရောက်နေလေသည် ။
သူတို့ အားလုံးသည် ကျွန်တော့် အား ဝမ်းသာအယ်လဲ ဆီးကြိုနှုတ်ဆက်ကြလေသည် ။ ကိုယ့်အိမ်ကိုယ့်ရွာ ပြန်ရောက်ရသည်နှင့် မခြားပေ ။ အပြန်အလှန် မေးကြမြန်းကြသည်မှာလည်း ဆူညံသွားတော့၏ ။
ထူးခြားချက် တစ်ခုကို တွေ့လိုက်သည် ။ သခင်ဘကျူး ၏ ဆံပင်ညှပ်ဆိုင်ကို ပိတ်ထားခြင်း ဖြစ်သည် ။ မေးကြည့်သောအခါ သခင်ဘကျူး သည် ယခုအခါ ကမာရွတ်ရွာ အတွက် အုပ်ချုပ်ရေးမှူးဖြစ်နေသည်ဟု လည်းကောင်း ၊ ခြောက်လုံးပြူး ခါးထိုးပြီး အုပ်ချုပ်ရေး လုပ်နေရသောကြောင့် ဆံပင်
ညှပ်ဆိုင် ပိတ်ထားရသည်ဟု လည်းကောင်း ၊ သူသည် သခင်တင်ကြီး ၏ လက်အောက်မှာ အမှုထမ်းရသည်ဟု လည်းကောင်း သိရလေသည် ။
စာဖတ်သူတို့ သည် သခင်တင်ကြီး အား မှတ်မိကြလိမ့်မည်ဟုထင်သည် ။ တုတ်ခိုင်သော ကိုယ်ခန္ဓာနှင့် သေးကွေးဝါရော်သော လက်များ ရှိသော သခင်တင်ကြီး ပင် ဖြစ်လေသည် ။ ကောလိပ်ကျောင်းသားဘဝမှာ သခင်ပေါက်စ စ၍ဖြစ်စဉ်က ကျွန်တော့် အား မြင်ကွန်းမင်းသားကြီး ၏ အဆက်များမှ တစ်ဆင့် နိုင်ငံခြား မှ လက်နက်တွေငွေတွေ ရှာပေးနိုင်သည်ဟု ဝါကြွားပြောဆိုလျက် မျှော်လင့်ချက်တွေ အမျိုးမျိုးပေးပြီးနောက် ကျွန်တော့်ထံမှ ငွေချေးသွား
ခဲ့သော သခင်တင်ကြီး ဖြစ်လေသည် ။ ကု -လားဗမာ အဓိကရုဏ်းတုန်းက ကောလဟာလ သတင်းတွေ အမျိုးမျိုးလွှင့်ပြီး ကမာရွတ် သို့ အဓိကရုဏ်းမီးကြီး ကူးစက်အောင် လုပ်ခဲ့သော သခင်တင်ကြီး ဖြစ်သည် ။ အင်္ဂလိပ် - ဂျပန် စစ်မဖြစ်မီကလေးတွင် ကျောင်းသားခေါင်းဆောင်
ကိုအေးငွေအား ဂျပန်နှင့် အဆက်ယူပေးမည်ဟု ပြောလာသော သခင်တင်ကြီး ဖြစ်လေသည် ။ ထို ကိုတင်ကြီး အား ကျွန်တော့် မိတ်ဆွေ ကိုကြွယ် က လုံးဝ မယုံဘဲ ပုလိပ် နှင့် ပေါင်းကာ တို့မီးရှို့မီး
လုပ်နေသူဟု ထင်လေသည် ။ ကျွန်တော် လည်း သခင်တင်ကြီး အား မယုံကြည်ခဲ့ချေ ။
ထို သခင်တင်ကြီး သည် ယခုအခါ ဂျပန် တို့၏ လူယုံတော်ကြီး ဖြစ်နေလေပြီ ။ သခင်ဘကျူး လို ရိုးသားသော မျိုးချစ်တစ်ဦး သူ့လက်အောက် မှာ အမှုထမ်းရွက်နေပြီဟု ကြားရသဖြင့် နှမြောမိ
လေသည် ။ သခင်ဘကျူး သည် ဦးလေးမြင့် နှင့် ကိုကြွယ် တို့အား သူနှင့် အတူတူ အလုပ်လုပ်ရန် ဆွယ်လာသည်ဟု ဆိုလေသည် ။ အခြေအနေ အနည်မထိုင်သေး၍ ဦးလေးမြင့် မှာ ဘာကဘယ်လို ဖြစ်နေသည်ဟု အသေအချာမသိသဖြင့် တွေဝေနေလေရာ သခင်ဘကျူး က “ သခင်အောင်ဆန်း နှင့် သခင်ထွန်းအုပ်တို့ လုပ်တဲ့အလုပ်ကို မကူညီချင်ဘူးလား ” ဟု မေးသည်ဆို၏ ။ ထို့ကြောင့် ဦးလေးမြင့် က ခေါင်းညိတ်ခဲ့လေသည် ။
သို့သော် ကိုကြွယ် က -
“ ငါကတော့ မလုပ်ချင်ဘူးလို့ ငြင်းလိုက်တယ်ကွ ။ သခင်ဘကျူး ဟာ သခင်တင်ကြီး ရဲ့ နောက်လိုက်ပဲ ၊ သခင်တင်ကြီး နဲ့ ပတ်သက်တဲ့ အလုပ် ဆိုရင် ဘယ်နည်းနဲ့ မှ ကောင်းနိုင်မှာ မဟုတ်ဘူး“
ကျွန်တော် -
“ ခင်ဗျားဆုံးဖြတ်ချက်ဟာ မဆိုးဘူးဗျ ”
ကပ္ပိယ ဦးအုန်းဖေ -
“ ခုလို မောင်ကြွယ် ငြင်းလိုက်တာ ကောင်းတော့ ကောင်းပါရဲ့ ။ ခုလို အခါမျိုးမှာ အနေတတ်မှ ၊ အနေမတတ်ရင် ရွှေဥကြမ်းညပ် ဖြစ်တတ်တယ် ။ ဒါပေမဲ့ ပစ်ပစ်ခါခါကြီးလည်း ပြောမနေနဲ့
မောင်ကြွယ် ရေ့ ၊ အမုန်း သိပ်မခံနဲ့ဟ ၊ သခင်တင်ကြီး က ရန်ရှာနေဦးမယ် ”
ကိုကြွယ် -
“ မကြောက်ပါဘူးဗျာ ၊ လူရှုပ်လူပွေတွေကို ကြောက်ပြီး ပြောသင့်ပြောအပ်တာ မပြောဘဲတော့မနေနိုင်ဘူး ”
ဦးလေးမြင့် -
“ ကဲ ကဲ တော်ကြပါတော့လေ ၊ ခပ်ငြိမ်ငြိမ်နေပြီး စောင့်ကြည့်နေကြပါဦးစို့ ”
မြင်းလှည်းသမား ဦးဖိုးခင်နှင့် အခြားသူများက ဦးလေးမြင့်ကို ထောက်ခံကြလေသည် ။
ကျွန်တော်သည် ကမာရွတ် မှာ ဦးလေးမြင့် တို့နှင့် အတူ နေလိုက်လေသည် ။ ဦးလေးမြင့် မှာ သတင်းစာတိုက် ပိတ်ထားသဖြင့် အလုပ်လက်မဲ့ ဖြစ်နေ၏ ။ ဟင်္သာတ တုန်းက ဗိုလ်ရန်နိုင်
ပေးလိုက်သော ငွေထဲမှ ကျွန်တော့် လက်မှာ အနည်းငယ်သာ ချန်ပြီး ဦးလေးမြင့် အား ပေးလိုက်လေသည် ။ ရန်ကုန် မှာ ငွေစက္ကူ နှစ်မျိုး စလုံးကို လွယ်ကူစွာပင် သုံးနိုင်သေး၏ ။
ရန်ကုန်မြို့ထဲသို့ လွယ်လွယ်ကူကူနှင့် သွားမရချေ ။ များသောအားဖြင့် ခြေလျင်လျှောက်ကြရ၏ ။
မဝင်ရ ၊ မဖြတ်ရ ၊ မသွားရ ၊ မလာရဟု တားမြစ်ထားသော နေရာများမှာလည်း များလှပေ၏ ။
များစွာသော ရပ်ကွက်များမှာ မီးလောင်မြေများ ဖြစ်နေပေ၏ ။ မီးလောင်ထားသော အိမ်တိုင်ငုတ်တိုများနှင့် ပြိုလဲနေသော တိုက်နံရံများအပေါ်ဝယ် မည်းနက်၍ အရိုးပြိုင်းပြိုင်းဖြစ်နေသော
မီးလောင်သစ်ပင်များက အရိပ်မိုးရန် ကြိုးစားနေကြပုံနှင့် အုတ်ဖိုခုံလောက်နှင့် မီးလောင်သွပ်ပြားတို့သာ ကျန်တော့သော မီးဖိုချောင်များအနီးတွင် အစာမရှိ၍ ဟောင်ပင် မဟောင်နိုင်တော့သော
ခွေးပိန်ကလေးများ သည် ထော့နဲ့ထော့နဲ့ နှင့် လှုပ်ရှားသွားလာနေကြပုံတို့မှာ စိတ်ညစ်စရာကောင်းအောင် တမင် ဉာဏ်ဆင်၍ ဆွဲထားသော ပန်းချီကားချပ်နှင့် တူနေလေတော့သည် ။
အင်္ဂလိပ် တို့သည် ရန်ကုန် မှ ပြေးခါနီးတွင် မသယ်ဆောင်နိုင်သော မော်တော်ကားများကို စုပြီး
ဖျက်ဆီးမီးရှို့ထားခဲ့၏ ။ ထိုဟာကို မော်တော်ကားသင်္ချိုင်း ဟု ခေါ်ကြသည် ။ မီးလောင်ကာ မည်းပြီး ပုံပျက်နေသော မော်တော်ကား အများအပြားရှိသော ထိုမော်တော်ကား သင်္ချိုင်းသည် ရသမျှ သိမ်းရန် အပြင်းချီတက်လာသော ဂျပန် တို့အား သရော်လှောင်ပြောင်နေသည်နှင့် တူလေသည် ။
ရက်အတန်ကြာသောအခါ ကျွန်တော် သည် ခက်ခက်ခဲခဲနှင့်ပင် ဗမာ့လွတ်လပ်ရေး တပ်မတော်ဌာနချုပ် လုပ်ထားသော မက်သောဒစ်မိန်းကလေးကျောင်း သို့ သွားခဲ့၏ ။ မျက်နှာစိမ်းစစ်သားတွေ ၊ စစ်ဗိုလ်တွေ အများအပြားကိုသာ တွေ့ရသည် ။ အသိတွေ့ပါသော်လည်း ရင်တွင်း ရှိသမျှကို ဖွင့်ဟ
ပြောဆိုကာ တိုင်ပင်နိုင်သော အသိမျိုး မဟုတ် ။ သူတို့ကလည်း ကျွန်တော့်အား ယုံကြည်မည် မဟုတ် ။ ဗိုလ်တေဇ ခေါ် သခင်အောင်ဆန်း ၊ ဗိုလ်လက်ျာ ခေါ် သခင်လှဖေ ၊ ဗိုလ်ဇေယျေ ခေါ်
ကိုလှမောင် စသော ကျွန်တော်သိသော ခေါင်းဆောင်များသည်လည်း စစ်မြေပြင်သို့ ထွက်ခွ ာသွားကြလေပြီ ။
ကိုယ့်မင်းကိုယ့်ချင်းလမ်း အမှတ် ၈ တွင် တည်ရှိသော တို့ဗမာအစည်းအရုံး ဌာနချုပ် သို့လည် းသွားခဲ့လေသည် ။ ဗမာနိုင်ငံ အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဟု ကြေညာနေသော သခင်ထွန်းအုပ်
အား တစ်စေ့တစောင်းချောင်းမြောင်းကြည့်ခဲ့၏ ။ သူ၏ အုပ်ချုပ်ရေး သည် ဘယ်မျှ ထိရောက်သည် မသိ ၊ သူ့အာဏာသည် ဘယ်မျှ စူးရှသည် မသိ ၊ သို့သော် သူ ၏ မင်းသံစိုးသံ ၊ နီပွန်ဘိရုမာ အုံနာကျိ ဟု ကြွေးကြော်သံ နှင့် အရှေ့တောင်အာရှ မဟာစစ်ပွဲကြီး အောင်မြင်အောင်တိုက်မည်ဟု
ကြွေးကြော်သံတို့ကား ကျယ်လောင်စူးရှလှပေသည် ။
ကျွန်တော် ကား ထိုကြွေးကြော်သံ ကို မယုံကြည်တော့ချေ ၊ သို့သော် သခင်ထွန်းအုပ် တို့နှင့် အငြင်းမပွားလို ။ သူ ယုံချင်ယုံ ကိုယ်မယုံ ပြီးတာပဲဟု သဘောထားလိုက်လေသည် ။ ထို့ကြောင့် သူတို့ အနီးသို့ မကပ် ။ သခင်ကိုတော်မှိုင်း ၊ သခင်တင်မောင်ကြီး နှင့် သခင်မြ တို့ကိုလည်း
ဌာနချုပ်မှာ မတွေ့ရ ။ သခင်သန်းထွန်း ၊ သခင်စိုး ၊ သခင်ကျော်စိန် ၊ သခင်ဘဟိန်း စသော ကျွန်တော့် သင်တန်းဆရာများ မှာလည်း မန္တလေးထောင် ၊ မုံရွာထောင် စသည်များတွင် ရောက်နေရာ အခုနေအခါ ဘယ်လိုဖြစ်နေမည်ကို မခန့်မှန်းနိုင် ။
ပါ့က်ဟော်တယ် နှင့် ထရီနီတီရေတာ များသို့လည်း ရောက်၏ ။ ကျောင်းသားသမဂ္ဂ တွင် လုပ်ဖော်ကိုင်ဖက် ဖြစ်ခဲ့သော ရဲဘော်အချို့နှင့် တွေ့ရ၏ ။ သူတို့အား အုပ်ချုပ်ရေးဖွဲ့လျှင် အမှုထမ်းကြရန်
စုခေါ်ထားခြင်း ဖြစ်၏ ။ ကျွန်တော့် အားလည်း ခေါ်ကြ၏ ။ သို့သော် ကျွန်တော် ကား ထိုအလုပ်မှာလည်း စိတ်မဝင်စားတော့ချေ ။ ဘယ်သူ့ အကျိုးအတွက် ဘယ်သူ့ ကို အုပ်ချုပ်ရမှာလဲ ။ ဘယ်သူမျှ ကျေနပ်လောက်အောင် အဖြေ မပေးနိုင်ကြ ။
သခင် ၊ ကျောင်းသား ၊ ဘီအိုင်အေစစ်ဗိုလ် နှင့် အားလုံးသော ပြည်သူပြည်သားတို့သည် “ ငါတို့
ဘယ်မှာ ရပ်တည်နေကြသလဲ ” ဟု ကိုယ့်ကိုယ် ကိုယ် မေးပြီး မဖြေတတ်ကြလောက်အောင်ဖြစ်နေသောအချိန် ဖြစ်လေသည် ။
ကျွန်တော် သည် မေးမြန်းလိုသည် ၊ ဆွေးနွေးလိုသည် ၊ တိုင်ပင်လိုသည် ၊ သို့သော် ယုံကြည်စိတ်ချရမည့်သူကို မတွေ့ ။ ကျွန်တော့်လို ခံစားနေသူတွေ ရှိကောင်းရှိမည် ။ သို့သော် သူတို့က
ကျွန်တော့်အား ယုံကြည်စိတ်ချရဲပါမည်လား ။ ဘယ်သူ့ကို ဘယ်သူက ယုံရမှန်းမသိ ဖြစ်နေသော အချိန်ပါတကား ။
ကျွန်တော် သည် ကမာရွတ် မှာ ခပ်လျှိုလျှို နေပြီး အပြန်အလှန် ယုံကြည်စိတ်ချနိုင်သူကို ရှာရင်း အခြေအနေကို စောင့်ကြည့်ရန် ဆုံးဖြတ်ရလေသည် ။
ကမာရွတ် မှာ နေရင်း မတော်တဆတွေ မြင်ရကြားရလေသည် ။ ရက်တွေ ကြာလာလေ ပို၍ မတော်တာတွေကို ပို၍ မြင်ရကြားရလေ ဖြစ်ပေသည် ။
ဂျပန် တို့သည် မီးရထားများ ကို သိမ်းလိုက်ပြီး တတ်နိုင်သမျှ သယ်ယူပို့ဆောင်ရေး လုပ်ကြလေသည် ။ ဈေးသည် မိန်းမ အချို့သည် ဂျပန်ရုံပိုင် နှင့် ဂါတ်ဗိုလ် တို့အား ကိုယ်ခန္ဓာဖြင့် လာဘ်ထိုးပြီး မီးရထား ဖြင့် ကူးသန်းသွားလာ ရောင်းဝယ်ဖောက်ကားမှု ပြုကြလေသည် ။ ဂျပန်စစ်သား တို့သည် ဆန်တွေ သိမ်းထားလိုက်ကြပြီးနောက် စားစရာ မရှိသော ကူလီမကလေးများ အား ဆန် ပေးပြီး ပျော်ပါးကြလေသည် ။
ဝင်နီဖေ ခေါ် ခင်သိန်းဝင်း ၏ အကြောင်း ကို ကြားရသည်မှာလည်း စိတ်မကောင်းစရာပင် ။
အငြိမ်းစားဝန်ထောက်ကြီး ဦးဖေ နှင့် ဝန်ထောက်ကတော် ဒေါ်ဌေးကြည် တို့၏ သမီး ဝင်နီဖေ နှင့် ကျွန်တော်တို့ သည် ကောလိပ်ကျောင်းရောက်စက ' အထဲဝင် အပြင်ထွက် ' ဘာကလိုတိုတို ဖြစ်ခဲ့
ပြီးနောက် စလယ်ဝင်ဖင်မမည်းခင် က ကွဲ့ခဲ့ကြ၏ ။ နောက် ဝင်နီ သည် ဝန်ထောက်ကလေးတစ်ယောက် နှင့် လက်ထပ်တော့မည် လိုလို ကြားရသေး၏ ။ နောက်ထပ်ကား ဘာမျှ မကြားခဲ့သည်မှာ ကြာလေပြီ ။ ယခုတော့ မတော်တာ ကြားရလေသည် ။ ဂျပန်စစ်ဗိုလ်တစ်ယောက် နှင့် မကြာခဏ
ကားတွဲစီးသည် ဟု လူအများ ပြောကြလေသည် ။ တစ်နေ့တော့ ကမာရွတ် စာတိုက် ရှေ့နားမှာ ကျွန်တော် ကိုယ်တိုင် မြင်လိုက်ရလေသည် ။
သည်တော့မှ ကျွန်တော် သည် ဝင်နီဖေ တို့ မိသားစုအကြောင်း ပြန်လည် စိတ်ဝင်စားမိပြီး ကိုကြွယ်
အား မေးကြည့်သောအခါ အငြိမ်းစားဝန်ထောက်ကြီး ဦးဖေ သည် ဂျပန် များ ရန်ကုန် မဝင်မီ နှစ်ရက်သုံးရက် လောက်ကပင် သွေးတိုးရောဂါဖြင့် ဆုံးသွားကြောင်း သိရလေသည် ။ စိတ်ကောင်း
နှလုံးကောင်းရှိသော ဦးဖေ ၊ အကျွေးအမွေး ရက်ရောလှသော ဦးဖေ ၊ သခင်ပေါက်စ ဖြစ်သော ကျွန်တော် ၏ တရားများကို သဘောထားကြီးစွာနှင့် နားထောင်ရင်း အိပ်ပျော်တတ်သော ဦးဖေ ။
ယခုကား မနိုးသောအိပ်ခြင်းဖြင့် အိပ်သွားလေပြီ ။ ကျွန်တော် ကား သခင်ပေါက်စ မဟုတ်တော့ပြီ ။
အတွေ့အကြုံများသော သခင် ဖြစ်ခဲ့ပေပြီ ။ အဖေ သေခြင်း ၊ ရည်းစား သေခြင်း စသော ဒုက္ခနှင့်လည်း ကြုံခဲ့၏ ။ စစ်ဘေးစစ်ဒဏ် အတွေ့အကြုံလည်း ရှိ၏ ။ ဂျပန် တို့၏ လှည့်ဖြားခံရသော
အတွေ့အကြုံလည်း ရှိ၏ ။ မမြမှီ ၏ ကွန်ပိုက်မှ ရုန်းထွက်နိုင်ခဲ့သော ပြောင်မြောက်သည့် အတွေ့အကြုံလည်း ရှိ၏ ။ ထိုမျှ အတွေ့အကြုံများနေပြီဖြစ်သော ကျွန်တော် သည် ဦးဖေ နှင့်
တရားဟောလိုက်ချင်ပါဘိသည် ။ ဒီတစ်ခါတော့ ဦးဖေ သည် အိပ်ပျော်သွားမည် မဟုတ်ချေ ။
သို့သော် ဦးဖေ အား မတွေ့နိုင်တော့ပြီ ။ ဦးဖေ သည် မုဆိုးမဒေါ်ဌေးကြည် နှင့် သားသမီးများ ကို ဂျပန်ဖက်ဆစ် ဘွတ်ဖိနပ်အောက်တွင် ထားပစ်ခဲ့သည် ။ ဒေါ်ဌေးကြည် ကား ကြွားရုံသာ ကြွားတတ်သည် ၊ ဟန်ဆောင်ရုံသာ တတ်သည် ။ ရှိတာ ဖဲ့ပြီး ထုခွဲစားရုံသာ တတ်သည် ၊ ပင်စင်ကို ထိုင်စားရုံသာ တတ်သည် ၊ ဝမ်းစာ အတွက် တစ်စုံတစ်ရာ လုပ်တတ်သူ မဟုတ် ၊ တစ်ပြားတချပ် ရှာတတ်သူ မဟုတ် ။ သူတို့ အတွက် စိတ်ပူမိသေးတော့၏ ။
အပူဆုံးမှာ ဝင်နီ အား ကိုရွှေဂျပန်ဗိုလ် က ဗိုက်တစ်လုံး နှင့် ထားပစ်ခဲ့မည့် အရေး ဖြစ်လေသည် ။ သို့သော် ရက်အတန်ကြာသောအခါ ဝင်နီဖေ ခေါ် ခင်သိန်းဝင်း အား ကပ္ပတိန်ယိုးရှီဒါ ခေါ် ဗိုလ်ကြီးရန်ရှင်း နှင့် အကြီးအကျယ် လက်ထပ်မင်္ဂလာပြုကြခြင်း ဟူသော သတင်းကို ကြားရသောအခါ
ရင်ဖိုတာတွေ ပျောက်ပြီး အတော် စိတ်အေးသွားရလေသည် ။
သခင်တင်ကြီး သည် ကမာရွတ် ဘက်မှာတော့ အတော် လက်စွမ်းပြနေလေသည် ။ ဂျပန် အနှောင့်အယှက် မရှိဘဲနှင့် ' သူခိုးဈေး ' ဖွင့်နိုင်အောင် စီစဉ်ပေးသည် ။ ' သူခိုးဈေး ' ဟု ခေါ်သော ဈေးမှာ
စပ်ကူးမပ်ကူး အထိတ်တလန့် ကာလတုန်းက ဆိုင်တွေမှ ဖောက်ယူထားသော ပေါင်ဒါဘူး မှ စပြီး ဖိနပ် ထိ ပစ္စည်းများ နှင့် ဥရောပတိုက်သားများ အိမ်တွေမှ ဖောက်ယူလာသော ဇွန်း ၊ ခက်ရင်း မှ
စန္ဒရား ထိ ပစ္စည်းများကို ရောင်းချရာနေရာ ဖြစ်လေသည် ။ ဘယ်လူ သူခိုး ၊ ဘယ်လူက ခိုးရာပါပစ္စည်း လက်ခံသူ ၊ ဘယ်သူက တစ်ဆင့်ဝယ်သူ မသိနိုင်တော့ချေ ။ ထိုစဉ်အခါက ခိုးခြင်း ကို
ကျင့်ဝတ်သိက္ခာ ပျက်သည်ဟု ဘယ်သူကမျှ မထင်ကြတော့ချေ ။ သို့သော် သခင်တင်ကြီး သည် ထိုဈေးသို့ ရောက်လာပြီး စစ်ဆေးလေသည် ။ ပန်းကန်ရောင်းနေသော သူတစ်ယောက်ကို ခိုးရာပါ ပစ္စည်း လက်ခံသူဟုဆိုပြီး ကြိမ်ဒဏ် ကိုယ်တိုင် ပေးလေသည် ။ သခင်တင်ကြီး အား ထိုသူက လာဘ် မထိုးသောကြောင့် ခုလို ရိုက်ခြင်းဖြစ်ကြောင်း နောက်မှ ကြားရလေသည် ။
တစ်နေ့ ရေကျော် ရောက်သွားရာ မခင်သစ် တို့ အိမ်သို့ သွားကြည့်လေသည် ။ မခင်သစ် တို့အိမ်မှာ ဗုံးလည်း မထိ ၊ မီးလည်း မလောင် ။ သို့သော် အိမ်တွင် ဘယ်သူမျှ မရှိကြ ။ တံခါး သော့ခတ်ထားသည် ။ အိမ်နီးနားချင်းများကလည်း ဘာမျှ မသိကြ ။ မခင်သစ် တို့ တစ်အိမ်လုံး ဘယ်သို့ ပြေးရှောင်နေကြပါလိမ့် ။
ခုနေသာ မခင်သစ် တို့ မိသားတစ်စု အကြောင်း ကြားရပါက တော်တာ ကြားရခြင်း မည်ပေမည် ။ ခုနေသာ မခင်သစ် တို့ မိသားစုအား မြင်ရပါက တော်တာမြင်ရခြင်း မည်ပေမည် ။ သို့သော် ယခုလို အချိန်ကား မတော်တာ ကြားရ ၊ မတော်တာ မြင်ရပြီး တော်တာ မကြားရ ၊ တော်တာ မမြင်ရသော အချိန်ပေတည်း ။
◾သိန်းဖေမြင့်
📖 အရှေ့က နေဝန်းထွက်သည့်ပမာ
koaungnaingoo.blogspot.com
.
.
No comments:
Post a Comment