Saturday, November 6, 2021

အရောင်ပြောင်းသွားသော နှလုံးသား


 ❝ အရောင်ပြောင်းသွားသော နှလုံးသား ❞



အဓိပတိလမ်းပေါ်မှနေ၍ သစ်ပုပ်ပင်ကြီးကို လှမ်းကြည့်မိသည် ။


သစ်ပုပ်ပင်ကြီး၏ အရွက်မရှိသော အကိုင်းများမှာ ဖဲကြိုးဝါကလေးတွေ ချည်ထားသည် ။ လေတွင်

တလူလူလွင့်လျက်ပါ ။


“ အို ”


မိကျော် သည် ကျွန်တော့် ကို ပြန်ချစ်ကြောင်း အသိပေးလိုက်ခြင်းပင် ဖြစ်ပါသည် ။


ကျွန်တော့် ကို ချစ်လျှင် သစ်ပုပ်ပင်ကြီး မှာ ဖဲကြိုးဝါ ကလေး တွေ ချည်ထားပါ ဟု ကျွန်တော် မှာထားခဲ့ပါသည်

မဟုတ်လား ။


သစ်ပုပ်ပင်ကြီး နားကို လျှောက်သွားသည် ။ သစ်ပုပ်ပင်ကြီးတွင်သာ မဟုတ်ပါ ။ အပင်ခြေရင်းက

စက္ကူပန်းပင်ချုံတွင်ပါ ဖဲကြိုးဝါကလေးတွေ ချည်ထားပါသည် ။ ခပ်လှမ်းလှမ်းက မြက်ခင်းပေါ်မှာ

ဖဲကြိုးဝါတစ်စ ။


ထိုဖဲကြိုးဝါစကလေး ကို ကျွန်တော် ကောက်ကိုင်ကြည့်သည် ။ ဖဲကြိုးဝါ မဟုတ်တော့ဘဲ ထဘီ

အထက်ဆင်စကြီး ဖြစ်နေလေသည် ။


သစ်ပုပ်ပင်ပေါ်သို့ အလန့်တကြား မော့ကြည့်မိသည် ။ အကိုင်းများမှာ ဖဲကြိုးဝါတွေ မရှိတော့ပါ ။

အပင်ခွဆုံက သစ်ခေါက်ဘုလုံးကြီးမှာသာ အထက်ဆင်စ အနက်ကြီး ချည်ထားသည်ကို တွေ့ရလေသည် ။



ကျွန်တော် လန့်နိုးလာသောအခါ ချစ်ဝင်း ကို သူ့စားပွဲမှာ ထိုင်နေသည်ကို တွေ့ရသည် ။ သူသည်

မီးသေနေသော ငွေစံပယ် ဆေးပေါ့လိပ်ကြီးကို ကိုင်လျက် သူ့ရှေ့ကနံရံရှိ ဂျပန်မ ပုံ ပြက္ခဒိန် ကို

ငေးကြည့်နေသည် ။ အေးမြင့် ၏ အိပ်ရာဆီမှ လူးလှိမ့်သံကို ကြားရသည် ။


“ ဟင်း ”


အေးမြင့် ၏ သက်ပြင်းချသံ ။


သူတို့နှစ်ယောက်စလုံးသည် နှလုံးသားနှင့် ပတ်သက်၍ ကျဆုံးနေကြသူနှစ်ယောက် ဖြစ်ပါသည် ။

ချစ်ဝင်း သည် ချိုချို ကို စာ လိုက်ပေးသည် ။ ချိုချို က “ လုပ်မနေပါနဲ့ ” ဟု ပြောလွှတ်လိုက်သည် ။ အေးမြင့် သည် ခင်မြင့်ကြည် ကို စကား လိုက်ပြောသည် ။ ခင်မြင့်ကြည် က “ ဖိနပ်ပဲရမယ် ” ဟု ပြောလွှတ်လိုက်လေသည် ။

ထို့ကြောင့် သူတို့ ဆွေးနေကြခြင်း ဖြစ်ပါသည် ။


ကျွန်တော်ကဖြင့် မဆွေးသေးပါ ။ မဆွေးသေးပါ ဟု ဆိုသောကြောင့် မကြာမီ ဆွေးလိမ့်မည်ဟု

မယူဆစေလိုပါ ။ လွန်ခဲ့သော နှစ်ရက် ကပင် ကျွန်တော် သည် မိကျော် ကို အောင်မြင်စွာ စာပေးခဲ့ပါသည် ။

မိကျော် ကျောင်းက အပြန် ဘတ်စ်ကားပေါ်မှာ ပေးလိုက်ခြင်း ဖြစ်ပါသည် ။ ဘတ်စ်ကားပေါ်မှာ

ဖြစ်သောကြောင့် မိကျော် ငြင်းလို့ မရပါ ။ ယူသွားရပါသည် ။ ဘယ်လောက်များ ပိုင်လိုက်လှပါသလဲ ။

ဟို နှစ်ကောင်နှင့် တခြားစီပါ ။


သူတို့ကို ကျွန်တော့် အိပ်မက်အကြောင်း ပြောပြပါသည် ။


“  မင်းအိပ်မက်က နိမိတ် မကောင်းဘူးကွ ”


ချစ်ဝင်း နှင့် အေးမြင့် က ဝေဖန်ပါသည် ။ အမှန်တော့ သူတို့ ပြောသလို မဟုတ်နိုင်ပါ ။ သူတို့သည် ကျွန်တော်

စာပေးဖြစ်သည်ကို မနာလို ဖြစ်နေကြခြင်းပါ ။ သူခိုး သေဖော်ညှိ အမြီးပြတ်သော မြေခွေး လို ဖြစ်ပါသည် ။

ကျွန်တော် သည် မိကျော် ကိုပေးလိုက်သော စာထဲမှာ ရေးသားထားသည်ကလည်း သိပ်မိလိုက်လှပါသည် ။

ကြည့်ပါလေ ။


   နှင်းဆီပန်းကလေးတွေ ဖျားတဲ့အခါ

နေမင်းက ဆေးကုပေးတယ်

   ကြယ်ကလေးတွေ ဖျားတဲ့အခါ

   လမင်းက ဆေးကုပေးတယ်

   ကိုယ့်နှလုံးသား ဖျားတဲ့အခါ

   မိကျော်က ဆေးကုပေးပါနော်


ဟေ့ ... ဟေ့  ၊ ဒီလို စာမျိုးကို ဖတ်ရတဲ့အခါ ဘယ် မိန်းကလေးကများ ကျွန်တော့် ကို မချစ်ဘဲ

နေနိုင်လိမ့်မှာတဲ့လဲ ။



“  သူ့ကို တို့ သူငယ်ချင်းလိုပဲ ခင်ချင်တယ် ”


မိကျော် ခေါ် ခင်စန်းကျော် ၏ အဖြေ ။ ကျွန်တော် ဘာပြန်ပြောရမည်မှန်း မသိပါ ။

ကျွန်တော့် စိတ်ကူးထဲမှာ တုန်းက တစ်မျိုးပါ ။ ပုဂံလမ်းထိပ်ကနေပြီး မိကျော် ကို စောင့်မည်  ၊ မိကျော် ကားပေါ်က ဆင်းလာသောအခါ ကျွန်တော့် စာကိစ္စကို မေးမည် ။ ထိုအခါ မိကျော် သည် ရှက်သဖြင့်

ခေါင်းငုံ့ထားလိမ့်မည် ။ ကျွန်တော်က အတင်း မေးသောအခါတွင်မှ ...


ခုတော့ဖြင့် ဒီလို မဟုတ်ပါ ။ မိကျော် သည် ဘတ်စ်ကားပေါ်မှ ဆင်းပြီး ကျွန်တော့် ကို တွေ့လျှင်

ရှက်ကြောက်ခြင်း အလျဉ်းကင်းသော မျက်နှာဖြင့် ပြောလိုက်ခြင်း ဖြစ်ပါသည် ။ အမှန်တော့လည်း သူ

ကျွန်တော့် ကို ကြောက်ရန် မလိုပါ ။ ကျွန်တော် တို့သည် ဆယ်တန်း မှာတုန်းက တစ်တန်းတည်း

နေလာခဲ့ကြပါသည် မဟုတ်လား ။ သို့ရာတွင် ကျွန်တော် ကတော့ သူ့ကို ကြောက်နေပါသည် ။ ကျွန်တော်၏

စိတ်ကူးထဲက စကားများသည် မရှိတော့ပြီ  ၊ တုန်ယင်ထစ်ငေါ့သော စကားများသည်သာ ။


“  တို့ကို ... တို့ကို စိတ်ဆိုးသွား .... ”


“ စိတ်တော့ ဆိုးချင်တယ်  ၊ ဒါပေမဲ့ မဆိုးတော့ပါဘူး ”


“ ဒါဖြင့်ရင် ဟိုဥစ္စာ ”


“ နောက်တစ်ခါတော့ ဒီလို ထပ်လုပ်ရင်တော့ စိတ်ဆိုးမိလိမ့်မယ် ထင်တယ် ”



“ နင့် အခြေအနေက သိပ် အဆိုးကြိး မဟုတ်သေးပါဘူး ဟယ် ”


ခင်အေးသန်း က ပြောလေသည် ။


ရန်ကုန်တက္ကသိုလ် ၏ ပန်းချီခန်းမ သည် ကျွန်တော်တို့ စတည်းချရာ နေရာဖြစ်သည် ။

အတန်း မရှိသော အချိန် ၊ အတန်း ပြီးသော အချိန် သို့မဟုတ် အတန်း လစ်နေသော အချိန်များတွင်

ကျွန်တော်တို့သည် ပန်းချီခန်းမ မှာ ထိုင်ကြသည် ။


“ ဆက်လုပ်စမ်းပါကွာ ၊ ဖြစ်ပါတယ် ၊ ငါ့ တုန်းကဆိုရင် မင်းထက်တောင် အခြေအနေ ဆိုးသေးတယ် ၊

နောက်တော့လည်း ဖြစ်သွားတာပါပဲ ”


ဘာဘာကျော် သည် ကျွန်တော့် ကို အားပေး သလိုလို နှင့် ကြွားပြန်သည် ။ ကြွားလည်း ကြွားစရာပါ ။ ခုဆိုလျှင်

သူ့ကောင်မလေး သည် သူ့ ကို ထမင်းဘူး ထဲက ထမင်း ကိုလည်း ကျွေးသည် ။ ပိုက်ဆံ ကိုလည်း ချေးသည် ။

( မှတ်ချက် ၊ ဘယ်တော့မှ ပြန်မဆပ်ပါ ) ကျွန်တော်တို့ ပင်လျှင် သူ့ ထမင်းဘူးကို ကပ်စားရသေးသည် ။

သူ့ ကောင်မလေး ချေးသော ပိုက်ဆံဖြင့် လက်ဖက်ရည် ကပ်သောက်သည် ။


တကယ်တော့မူ ကျွန်တော် သည် နာမည်ကြီး ထမင်းငတ် ဖြစ်ပါသည် ။ ဒီ စကားကလေးသည် ကျွန်တော်တို့

ပန်းချီခန်းမအတွက် အဓိပ္ပာယ်များစွာ ရှိပါသည် ။


“ အကြင်သူ တစ်ယောက်သည် မိန်းကလေးတစ်ယောက် ၏ အချစ်ကို ရသည်ဖြစ်အံ့ ၊ ထိုသူသည်

ထိုမိန်းကလေး ၏ ထမင်းဘူးကိုပါ ရတော့သည်သာ ”


သူတို့သည် ထိုရရှိလာသော ထမင်းဘူးကို တစ်ယောက်တည်း ဘယ်တော့မှ မစားတတ် ၊ ပန်းချီခန်းမသို့

မရ ရအောင် ယူလာတတ်သည် ။ သူငယ်ချင်း တွေကို ခွဲဝေကျွေးတတ်သည် ။ ပန်းချီခန်း က လူများသည်

ဆင်းရဲမွဲတေနေကြသူများ မဟုတ်ကြပါ ။ သို့ရာတွင် ငွေတော့ဖြင့် အမြဲ ပြတ်လပ်နေတတ်ကြသည် ။

ထို့ကြောင့်ပင် တစ်ယောက်ယောက်က မိန်းကလေးတစ်ယောက်ကို လိုက်တော့မည်ဆိုလျှင် အားရဝမ်းသာ

ကူညီတတ်သည် ။ ပန်းချီခန်း အတွက် ထမင်းဘူး တစ်ဘူး ၊ ပိုက်ဆံချေးမည့် မိန်းကလေး တစ်ယောက်

တိုးလာမည်ဖြစ်သောကြောင့် ဖြစ်ပါသည် ။


ခုအချိန်မှာဖြင့် ကျွန်တော်သည် “ နာမည်ကြီး ထမင်းငတ် ” ဖြစ်ပါသည် ။ ကျွန်တော် သည် မိကျော် ၏

ထမင်းဘူးထဲမှ ထမင်းတစ်ဇွန်း ကိုမျှပင် မစားဖူးသေးပါ မဟုတ်လား ။ သို့ရာတွင် စိတ်ဓာတ်ဖြင့်

မကျလိုက်လှသေးပါ ။



“ မိကျော် ”


“ ဘာလဲ ”


“ တို့ ... တို့ ပြောစရာ တစ်ခု ရှိလို့ ”


“ ရိုးရိုးသားသား သူငယ်ချင်းလိုပြောမယ် ဆိုရင်တော့ ပြောပါ ၊ ဆန်းဆန်းပြားပြား ဆိုရင်တော့

နားမထောင်ချင်ဘူး ”


“ အဲ... အေးလေ ၊ သူငယ်ချင်းလိုပဲ ပြောပါ့မယ် ”


“ ပြောလေ  .... ဘာလဲ ”


“ ဟို... ဟိုဥစ္စာ ၊ ထမင်းဘူး ပါလာလား ”


“ ဒီမှာလေ ၊ မတွေ့ဘူးလား ”


“ ဘာဟင်းလဲ ”


“ ငါးရံ့ခြောက်ဟင်း နဲ့ ပဲသီးကြော် ”


“ ဪ ဟုတ်လား ၊ ဒါဖြင့် သွားတော့မယ်နော် ”



“ သိပ်ညံ့တဲ့ ကောင်ပဲကွာ ၊ မိကျော် က မပြောနဲ့ ဆိုပေမယ့် အတင်း မရမက ပြောပေါ့ကွ ”


“ ဟာ ... ငါ ကြောက်တယ်ကွ ၊ မိကျော် က သိပ် စိတ်ကြီးတာနော် ၊ အပြတ် ကောလိုက်ရင် ဒုက္ခ ”


“ ညံ့ပါပေ့ကွာ ၊ မင်း နာမည်ကို ဉာဏ်ကိုကို လို့ မှည့်ဖို့ မကောင်းဘူး ၊ ညံ့ကိုကို လို့ မှည့်ဖို့ ကောင်းတယ် ”


“ အံမာ ... မင်းတို့ကတော့ အဖြစ် ရှိလို့လား ၊ လုပ်မနေပါနဲ့လို့ အပြောခံရတဲ့ ကောင်နဲ့ ၊ ဖိနပ်ပဲ ရမယ်ဆိုတဲ့

ကောင်တွေကများ ”


“ ဟ ... ငါ တို့က ဒီလို အပြောခံရပေမယ့် ဆက်လက်ကြိုးစားလျက်ပဲ ၊ တစ်နေ့ကျတော့

မင်းတွေ့ရမှာပေါ့ကွာ ”



“ မိကျော် ”


“ ဘာလဲ ”


“ တို့ ပြောစရာ တစ်ခု ရှိလို့ ”


“ သူငယ်ချင်းလို ပြောမှာလား ”


“ မဟုတ်ဘူး ”


“ ဒါဖြင့် မပြောပါနဲ့ ”


“ ပြောရမယ် မိကျော် ၊ ပြောရမယ် ၊ တို့ ရင်ထဲမှာ ... ”


“ ဒီမှာ ဉာဏ်ကိုကို ၊ တို့ကို နောက်တစ်ခါ ဒီစကားမျိုး လုံးဝ ထပ် မပြောပါနဲ့ ၊ ပြောခဲ့လို့ ရှိရင်တော့

သူငယ်ချင်း အဖြစ်ကပါ ရပ်စဲလိုက်ရလိမ့်မယ် ၊ ဒါပါပဲ ”



အရောင်ပြောင်းသွားသော နှလုံးသား

▬▬▬▬▬▬▬▬▬▬▬▬▬

   လစ်တမတ်အပြာ

   အက်ဆစ်မှာ ထည့်

   ပကတိ နီသွားစေသည် ။

   လစ်တမတ်အနီ

   ဗေ့စ်ရည်မှာ ထည့်

   ပကတိ ပြာသွားစေသည် ။

   ပန်းနုရောင် နှလုံးသား

   ဘာဂုဏ်များ မြောက်လို့

   အစိမ်းရောင်သို့ ပြောင်းသွားတာလည်းကွယ် ။


ကျွန်တော် ၏ အဆွေးကဗျာ များသည် ပန်းချီခန်းမ ၏ နံရံကပ်စာစောင်တွင် ပါဝင်လာခဲ့သည် ။

ဓာတုဗေဒကျောင်းသူလေး မိကျော် ကို ရည်ရွယ်စပ်ထားသော ဓာတုဗေဒဆိုင်ရာ ကဗျာများ ။ ကျွန်တော်

ဆွေးနေကြောင်းကို ပန်းချီခန်းတစ်ခန်းလုံး က သိကြပါသည် ။ အို ... သူတို့တင် မဟုတ်ပါ ။ ကိုအောင်ရင်

လက်ဖက်ရည်ဆိုင် က တင်ဝင်း တို့ ၊ ဖြူဝင်း တို့လည်း သိသည် ။ အအေးဆိုင်က အမေကြည် လည်း

သိပါသည် ။



ထိုအတောအတွင်းမှာပင် ချစ်ဝင်း နှင့် အေးမြင့် တို့၏ အချစ်ကိစ္စများ ပြေလည်သွားကြပါသည် ။


ချစ်ဝင်း သည် သူ့ကိုမှ ပြန်မချစ်ရင် ကျောင်း မတက်တော့ဘူး ၊ အင်းလျားကန် ထဲ ခုန်ချမည်ဟု

ဆိုသောကြောင့် သနားပြီး ချစ်သွားသည်ဟု ဆို၏ ။ အေးမြင့် ကမူ သူ့ ခေါင်းတုံးဆံထောက် ဆံပင်ကို

နည်းနည်း ပိုရှည်ပေးပါမည် ဟူသော ကတိဖြင့် ခင်ကြည်မြင့် ၏ အချစ်ကို ရသွားပါသည် ။


သူတို့သည် အဝတ်အစားအသစ်များ ချုပ်ကြပါသည် ။ တစ်နေ့လျှင် ရေသုံးခါလောက် ချိုးပါသည် ။

ချစ်ဝင်း ဆိုလျှင် ပေါင်ဒါဘူးတစ်ဘူးပင် ဝယ်လိုက်ပါသည် ။ သူတို့၏ အကြောင်းများကို ကျွန်တော့်အား

ပြန်ပြောကြပါသည် ။


“ ခင်ကြည်မြင့် လက်ကလေးက နုနုလေးကွ ”


“ ဟင် .. မင်းက ခုမှ လက်ကိုင်တဲ့ အဆင့်လားကွ ”


“ ဟေ့ကောင် ၊ လက် မကိုင်လို့ ခြေထောက်ကို ကိုင်ရမှာလား ”


“ ဪ ... အေးမြင့် အေးမြင့် ၊ ဆံပင် တိုသလောက် တုံးလှသေးပါလားကွာ ၊ နှုတ်ခမ်း က

ဘာလုပ်ဖို့ထားတာလဲ ”


“ ထမင်းစားဖို့ပေါ့ကွ ”


ဪ .... သူတို့မှာဖြင့် ပျော်နိုင်ကြပါပေသည် ။ ကျွန်တော့် မှာ တော့ဖြင့် ... ။


ချစ်ဝင်း နှင့် အေးမြင့် သည် ကျွန်တော့် ကို အားမရကြပါ ။


“ ဉာဏ်ကြီး ၊ ဆက်လုပ်ပါကွာ ၊ မင်းကလည်း ပျော့ညံ့လိုက်တာ ”


“ တော်ပါပြီကွာ ၊ ငါ့ အဖြစ်နဲ့ငါ ရှိပါစေတော့ ”


သို့ရာတွင် ကျွန်တော်သည် စာတစ်စောင်ကို ရေးလေသည် ။


၁၀


မိကျော်

နောက်ဆုံးအကြိမ် နှောင့်ယှက်တယ်လို့ သဘောထားလိုက်ပါတော့ ။ ဒီတစ်ခါမှ တို့လိုချင်တဲ့ အဖြေကို

မရရင် နောက်ကို ဘယ်တော့မှ မနှောင့်ယှက်တော့ပါ ။ မိကျော် ပြောသလို သူငယ်ချင်း အဖြစ်ကပါ

ရာသက်ပန် ရပ်စဲချင် ရပ်စဲလိုက်ပါ ။ သန်းခေါင်ထက်တော့ ညဉ့် မနက်နိုင်တော့ပါ ။ နက်ဖြန် မိကျော် တို့

အတန်းပြီးချိန်မှာ တို့ လာစောင့်နေမယ် ။ တို့ကို ချစ်တယ်ဆိုရင် အင်္ကျီ အဖြူရောင် ဝတ်ခဲ့ပါ ။ အဖြူရောင် ကို

ကြိုဆိုနေပါ့မယ် ။

                               ဉာဏ်

P.S. မိကျော် မကြိုက်ဘူးဆိုလို့ တို့ ဆေးလိပ်ဖြတ်လိုက်ပါပြီ ။


၁၁


အခန်း အမှတ် S.17 ရှေ့က စင်္ကြံအုတ်ခုံပေါ်မှာ ထိုင်စောင့်နေသည် ။ S.17 သည်

ဝင်ပေါက်တစ်ခုတည်းသာရှိသော သီရေတာ ခေါ် အခန်းကြီး ဖြစ်သည် ။ တစ်ပေါက်တည်းသော ဝင်ပေါက် ကို

ပိတ်ထားသဖြင့် အထဲကို မမြင်ရ ။ ဆရာ ၏ စာသင်သံသာ ထွက်လာသည် ။


စက္ကန့်တို့သည် ပြေးလွှားနေကြသည် ။ တစ်နာရီခွဲ ၊ အတန်းပြီးသင့်ပါပြီ ၊ ဆရာ သည် သင်လို့ ကောင်းတုန်း ။


“ အစ်ကို ဒူးယားသောက်မလား ”


စီးကရက်သည် ကုလားကလေး ရောက်လာသည် ။ ဝယ်မည်ပြုပြီးမှ မိကျော် ကို ကတိပေးထားတာ

သတိရသဖြင့် မဝယ်ဖြစ်တော့ ။ ကုလားကလေး သည် အင်္ကျီအဖြူ ဝတ်ထားသည် ။


“ မင်း ဘာဖြစ်လို့ အင်္ကျီအဖြူ ဝတ်တာလဲ ”


“ ကျွန်တော့်မှာ ဒီ အင်္ကျီတစ်ထည်ပဲ ရှိတာ ၊ ဒါပဲ ဝတ်ရမှာပေါ့ဗျာ ”


တစ်နာရီ မိနစ်လေးဆယ် ၊ တံခါးပွင့်လာသည် ။ ဆရာ ထွက်လာသည် ။ ဆရာသည် တိုက်ပုံအင်္ကျီအနက်ကို

ဝတ်ထားသည် ။ အထဲက ရှပ်အင်္ကျီမှာ အဖြူ ။


အခန်းထဲက ကျောင်းသားကျောင်းသူများ ထွက်လာကြသည် ။ ကျွန်တော် မကြည့်ရဲသဖြင့်

ခေါင်းငုံ့ထားရသည် ။ ကျွန်တော့် ရှေ့က လူတွေ ဖြတ်သွားကြသည် ။ ခြေသံများ နှင့် ကျွန်တော့် ရင်ခုန်သံသည်

အတူတူ ။


နှစ်လက်မ ဒေါက်မြင့်ဖိနပ် အနီကလေး ကို စီးထားသည်မှာ မိကျော် ၏ ခြေထောက်ကလေး ။ မျက်စိကို

အပေါ်သို့ တဖြည်းဖြည်း တက်ကြည့်သည် ။ ထဘီ အနီရောင် ။ အင်္ကျီကို ကြည့်သည် ။


ဟင် ... အနီ ... အနီ ။


ရက်စက်လှစွာသော အနီ ။


ငွေသွင်းဌာန ကို ဘယ်လို ဖြတ်ခဲ့သနည်း ။ သစ်ပုပ်ပင် ကြီး ကို ဘယ်လို ကွေ့ရှောင်ခဲ့သနည်း ။ ဝိဇ္ဇာခန်းမ ကို

ဘယ်လို ဖြတ်ခဲ့သနည်း ။ ပန်းချီခန်းမ ကို ဘယ်လို ရောက်ခဲ့သနည်း ။


၁၂


စောင့်နေကြသူများက မေးသည် ။


“ ဘယ်လိုလဲဟေ့ ”


“ အနီ တဲ့ကွာ ”


ကျွန်တော် သည် စားပွဲပေါ်မှာ မျက်နှာ အပ်ထားလိုက်သည် ။


“ ဘယ်လိုဖြစ်တာလဲဆိုတာ ပြောပါဦး ဟယ် ”


ယဉ်ယဉ်ထွေး ၏ အသံကို ကြားရသည် ။ ကျွန်တော် ခေါင်းခါလိုက်သည် ။


အစ်မကြီး မျိုးမြင့်ခင် က ပြောပြန်သည် ။


“ ဒီလောက်လည်း ဖြစ်မနေပါနဲ့ ဟယ် ”


“ အစ်မကြီး မှာ ခံစားတတ်တဲ့ နှလုံးသား မရှိပါဘူးဗျာ ”


ပန်းချီဆွဲရာတွင် ပုံစံ စံပြ အဖြစ်ထားသော အရိုးခေါင်းကြီး ကို ငေးကြည့်နေမိသည် ။ ဒီမှာ ခင်ဗျားကော

လူ့ ဘဝတုန်းက အသည်း ကွဲဖူးသလား ။ ကျုပ်လည်း တစ်နေ့နေ့ ခင်ဗျားလို ဖြစ်မှာပဲ ။ အဲဒီအခါ ကျရင် ...


“ ဟေ့ ... ဟိုမှာ ကြည့်စမ်း ”


ချစ်ဝင်း ၏ အလန့်တကြား အော်သံကြောင့် ခေါင်းထောင်ကြည့်မိသည် ။


ချစ်ဝင်း ညွှန်ပြရာမှာ ...


အို ... အဖြူရောင် ၊ ချစ်လှစွာသော ... အဖြူရောင် ။


မိကျော် သည် လက်မောင်းရင်းနား က ဖောင်းဖောင်းကလေး ဖြစ်နေသော အင်္ကျီအဖြူကလေး ကို ဝတ်၍

လာနေပါသည် ။ ကျွန်တော် သူ့ ဆီ ထ၍ ပြေးသည် ။


၁၃


အခန်း A.5 နားက စွယ်တော်ပင် အောက် က ခုံတန်းကလေး မှာ ထိုင်ကြသည် ။ ဘာက စပြောရမှန်း မသိ ။


“ မိကျော် ... အ ဖြူရောင် ၊ တို့ကို ချစ် ... ချစ်လို့ ”


စကားတို့သည် ကျွန်တော့် လက်ရေးများ လိုပင် မညီမညာ ထွက်လာသည် ။ မိကျော် ရှက်လို့

ခေါင်းငုံ့သွားသည် ။


“ ခုနတုန်းက အင်္ကျီအနီ ဘာဖြစ်လို့ ဝတ်တာလဲ ”


“ အိမ်ကထွက်လာတုန်းက နည်းနည်း ချမ်းတာနဲ့ အ ပေါ်က ထပ်ဝတ်လာတာ ”


“ တို့ နဲ ့တွေ့တဲ့အ ချိန်မှာတော့ အင်္ကျီအနီကြီး ကို ချွတ်ထားဖို့ ကောင်းပါတယ်ဟာ ”


“ တို့လေ ... တို့ ... ရှက်လို့ ”


ဘာ ဆက်ပြောရမှန်း မသိတတ်ပြန် ။ ချွေးပြန်လာသည် ။ ချွေးသုတ်မည်ဟု လွယ်အိတ်ထဲက

လက်ကိုင်ပုဝါကို ထုတ်သည် ။ ဟော .. ဘယ် အချိန်က လက်ကိုင်ပုဝါကြားထဲ ညပ်နေမှန်း မသိရသော

ခပေါင်းစီးကရက် တစ်လိပ်သည် လက်ကိုင်ပုဝါနှင့်အ တူ ခုန်ထွက်လာပြီး ကျွန်တော့် ပေါင်ပေါ်

လာတင်နေသည် ။ မိကျော် က မိသွားပါသည် ။


“ ဟင် ... ဟင် ဒါကဘာလဲ ”


“ ခပေါင်း ”


“ ဒါတော့ သိတာပေါ့ ၊ ဒါ ဘယ်သူ သောက်တာလဲ ”


“ တင် ... တင်ဝင်း သောက်တာ ၊ အဲ ... မဟုတ်ပါဘူး ၊ နန္ဒ သောက်တာ ”


“ နန္ဒ ခပေါင်း ဘယ်တော့မှ မသောက်ဘူး ၊ ဒူးယား မှ သောက်တာ တို့သိတယ် ၊ ဟင်း ... ဆေးလိပ် ဖြတ်ပြီလေး ဘာလေး နဲ့ တို့ကို သက်သက် ညာတာပေါ့လေ ”


“ မ... မဟုတ်ရပါဘူးဟာ ၊ နောက်ကို တကယ် မသောက်တော့ပါဘူး ”


ကျွန်တော် သည် အယောင်ယောင် အမှားမှား ဖြစ်ပြီး စီးကရက် ကို လွှင့်ပစ်ရန် နောက်သို့ လှည့်ကြည့်မိသည် ။

စင်္ကြံအုတ်ခုံအောက်သို့ ခေါင်းနှစ်လုံး ရိပ်ခနဲ ဝင်ပုန်းလိုက်သည်ကို တွေ့ရသည် ။ မောင်စံရှား နှင့်

ကင်းကောင်ကြီး တို့ လာချောင်းနေကြကြောင်း ကျွန်တော် သိလိုက်ပါသည် ။


သူတို့ကို ကြွားလိုက်ရဦးမည် ။ မိကျော် ၏ ထမင်းဘူးထဲက ထမင်းကို အားရပါးရ စားပြလိုက်မည် ။

ဒီနှစ်ကောင် သွားရည်ယိုကျသွားအောင် ။


မိကျော် ၏ ထမင်းဘူးကို ဖွင့်လိုက်သည် ။ အထဲမှာ ထမင်း တစ်ဝက်လောက်သာ ကျန်တော့သည် ။ ဟင်း

လုံးဝ မရှိ ။ မိကျော် က ခစ်ခနဲ ရယ်သည် ။


“ နက်ဖြန်ကျရင် တို့ ထမင်း ပိုထည့်ခဲ့မယ် ”


မည်သို့ပင် ဖြစ်ပါစေ ၊ ထိုနေ့မှ စ၍ ပန်းချီခန်းမ အတွက် ထမင်းဘူး တစ်ဘူး တိုးလာခြင်းသည်

“ ဝမ်းမြောက်ဖွယ်သတင်း ” ပင် ဖြစ်ပါသည် ။ ကောင်းချီးဩဘာ ပေးကြပါကုန် ။


( ရန်ကုန်တက္ကသိုလ် ပန်းချီမိသားစုသို့ အမှတ်တရ )


◾မင်းလူ


📖 ရုပ်ရှင်ပဒေသာ 

      ဖေဖော်ဝါရီ ၊ ၁၉၇၈


koaungnaingoo.blogspot.com


.

No comments:

Post a Comment