Monday, October 30, 2023

ပလေးတိုး ၏ ဂန္ထဝင် သာလိကာ


 

❝ ပလေးတိုး ၏ ဂန္ထဝင် သာလိကာ ❞

မြန်မာပြည် ၏ တစ်ခုသော အရပ် ၌ တောကြီး တစ်တော ရှိသည် ။ ထို တောကြီး ၏ တစ်နေရာ တွင် အဓိကရ ညောင်ပင်ကြီး တစ်ပင် ရှိလေသည် ။ ထို ညောင်ပင် ကို အမှီပြု၍ ငှက်ပေါင်းစုံ တို့ သည် ပျော်မြူးစွာ နေထိုင်လျက် ရှိကြ၏ ။

တစ်နေ့ တွင် အဆိုပါ ညောင်ပင် သို့ သာလိကာ တစ်ကောင် ရောက် လာသည် ။ ဒေသခံ ငှက် တို့ သည် သာလိကာ ကို တစ်ခါမျှ မမြင်ဖူးကြ၍ စူးစမ်းသော အကြည့် ဖြင့် အသာ အကဲခတ် နေကြသည် ။ သာလိကာ ၏ အပြုအမူ တို့ ကလည်း တော်တော် ထူးဆန်းသည် ။ ပြောဆိုပုံ က ပင် တစ်မျိုး ။

“ အလို ၊ အလွန်တရာ နက်လှပေသော တောကြီး အတွင်း သို့ ကျွန်ုပ် ရောက်ခဲ့ပြီ ၊ ချောက်ချားဖွယ် ကောင်းလေစွ ”

သာလိကာ သည် ဟိုဟိုဒီဒီ လှမ်း ကြည့် လိုက်သည် ။ သူ နှင့် အနီး စပ်ဆုံး ငှက် တစ်ကောင် ကို တွေ့ရသော အခါ စူးစမ်း မိတ်ဖွဲ့ လိုသော သဘော နှင့် မေးမြန်း လေသည် ။

“ အသင်ကား မည်သူနည်း ”

အမေး ခံရသော ငှက် သည် အံ့အားသင့် သွားမိသည် ။ ဤ တောကြီး အတွင်း ရှိ တိရစ္ဆာန်အပေါင်း က ပင် သူ့ အား ဆက်ရက်ငှက် မှန်း သိကြသည် ။ ယခု ရောက်လာသော ငှက် က ဘာ့ကြောင့် မသိရလေ သနည်း ။ ထို့ကြောင့်ပင် -

“ ငါ လည်း မင်း လို ခြေထောက် နှစ်ချောင်း နဲ့ ၊ အတောင်ပံ နဲ့ ၊ နှုတ်သီး နဲ့ ငှက်ပေါ့ ကွ ။ မသိဘူးလား ”

“ တောင်ပံ နှုတ်သီး ပါ တိုင်း ငှက် မဖြစ်နိုင်ကြောင်း ကို မြို့၌ နေစဉ် က ပင် ကျွန်ုပ် တွေ့ကြုံခဲ့ပါသည် ။ သို့သော် သင့် ကိုယ် သင် ငှက် ဟု ဆို လျှင် လည်း ရှိပါစေတော့ ၊ သင် ၏ အမည်နာမ ကား မည်သို့ အခေါ် ရှိပါ သနည်း ”

“ ဆက်ရက် တဲ့ ”

“ အိမ်း ဟုတ်ကပြီ ၊ အသင် ၏ နာမည် ကို သိရ၍ ကျွနုပ် ဝမ်းသာ မိပါသည် ၊ ကျွန်ုပ် ၏ နာမည်ကား သာလိကာ ဖြစ်ပါသည် ၊ သင် ယခု စား နေသော အသီး ကို မည်သို့ ခေါ်ပါသနည်း ၊ ကျေးဇူးပြု၍ ပြောပြ စေလိုပါသည် ၊ မေးမြန်း စပ်စုသည် ဟု မထင်စေလိုပါ ”

“ ညောင်သီး လို့ ခေါ်ပါတယ် ”

“ ညောင်သီး ကို ကျွန်ု ပ်၏ ဘဝ တွင် တစ်ကြိမ်တစ်ခါ မျှ မစားခဲ့ရပါ ၊ စား၍ ကောင်းပါ၏လော ၊ ကျွန်ုပ် မြို့ တွင် နေခဲ့ရသည် ဖြစ်ရာ ကျွန်ုပ် ကို ကျွေးမွေး ပြုစုသည့် သခင် ကျွေးသည့် အချို အအီ ၊ အဆီ အအိမ့်များ ကို သာ အရသာ ခံတတ်ပါတော့သည် ”

ကြာတော့ ဆက်ရက် သည် စိတ် မရှည်တော့ပေ ။ ဤ သာလိကာ ဆိုသည့် ငှက် နှင့် ဆက်လက် ပြောနေပါလျှင် သည်နေ့ အဖို့ အစာ ဝ စရာ အကြောင်း မမြင် ။ ထို့ကြောင့် -

“ ညောင်သီး ကို စား ကောင်းလို့ စား နေတာတော့ မဟုတ်ဘူး ၊ ဒါပေမဲ့ ဒါမှ မစားရင် ဘာသွား စားရမလဲ ၊ ငါ့ အဖေ နဲ့ အမေ လည်း ညောင်သီး ကို စားကြတာမို့ ငါတို့ လည်း စားကြရတာပဲ ပေါ့ ၊ အရေးကြီးတာ က ညောင်သီး ကောင်း မကောင်း ထက် ငါ တို့ အသက် ရှင်ဖို့ မဟုတ်လား ”

ဆက်ရက် သည် ဤမျှသာ ပြောပြီး တခြား ကိုင်း တစ်ကိုင်း သို့ ခုန်၍ ကူး သွားကာ ညောင်သီးများ ကို စားလေတော့သည် ။ သူ့ ကို ဂရု မစိုက် သလို ပြုမူ သွားသောကြောင့် သာလိကာ သည် ဒေါပွ သွားလေသည် ။ သို့သော် ပညာရှိ အိမ် ၌ ကြီးပြင်း ခဲ့ရသော ငှက် ပီပီ အမျက် ကို အပြင် သို့ ထုတ် မပြမိရန် ထိန်းချုပ် ထား လိုက်ရသည် ။ မိမိ မကျွမ်းကျင်သော နယ်မြေ ဖြစ်သောကြောင့် ကြောက်ရွံ့သည် က လည်း တစ်ကြောင်း ဖြစ်ပါသည် ။ သို့သော် စိတ် ထဲ ကမူ “ ဒီကောင် တော်တော် ရိုင်းစိုင်းတဲ့ ကောင် ၊ ဘာမှ ယဉ်ကျေးမှု ကို နားမလည်တဲ့ ငှက် ပဲ ၊ ဧကန္တ ပညာသင်ဖို့ နေနေသာသာ မြို့ ပေါ် ကို တောင် ရောက်ဖူးမယ့် ကောင် မဟုတ်ပါဘူး ” ဟု ကြိမ်းဝါး နေမိသည် ။

ထိုစဉ် စာကလေး တစ်ကောင် သည် သာလိကာ အနီးသို့ ရောက်လာပြီး -

“ ခုနက ဆက်ရက် နဲ့ ခင်ဗျား စကား ပြောနေကြတာ ကျွန်တော် ကြားမိတယ် ၊ ခင်ဗျား ပြောတဲ့ စကားတွေ ဟာ တစ်မျိုးကြီးတွေပဲ ၊ ကျွန်တော်တို့ ပြောနေကြတာ နဲ့ လည်း မတူပါလား ”

သာလိကာ သည် တဟဲဟဲ ဖြင့် တည်တည်ခံ့ခံ့ကြီး ရယ်လိုက်ပြီး -

“ အိမ်း ၊ အသင် ငှက်ကလေး က အံ့အားသင့် နေသည်မှာ ဆန်းလှသည် မဟုတ် ၊ အသင် နားလည်အောင် ရှင်းလင်း အဓိပ္ပာယ် ဖွင့်ဆိုပြပါမည် ၊ ကျွန်ုပ် မွေးဖွား ကြီးပြင်းခဲ့ရာ ဒေသ သည် ရန်ကုန်ရွှေမြို့တော် ရှိ မဟာပညာရှိကြီး တစ်ဦး ၏ အိမ် တွင် ဖြစ်ပါသည် ”

“ ရွှေမြို့တော် ဆိုတော့ ရန်ကုန် က တစ်မြို့လုံး ရွှေတွေချည်း ပဲလား ”

သာလိကာ သည် စာကလေး အား နုံချာရန်ကော ဟူသည့် သနား ဟန် အပေါ်ကြည့် နှင့် ကြည့် လိုက်ပြီး -

“ ရွှေ ဟူ၍ တင်စားလိုက်သည် မှာ ရန်ကုန် သည် ကြီးကျယ်ခမ်းနား ၍ ချစ်ခင်နှစ်သက်ဖွယ်ကောင်းသော သဘော ကို ဂုဏ်ပြုခြင်း ဖြစ်ပါသည် ”

စာကလေး လည်း ခေါင်း ခါယမ်းပြီး -

“ အေးလေ ၊ ကျွန်တော့် အဖို့တော့ ရန်ကုန် တစ်မြို့လုံး ရွှေတွေ ဖြစ် နေလည်း မှည့်နေတဲ့ စပါး လယ် တစ်ကွက် လောက် မခင်တွယ်ပါဘူး ”

သာလိကာ သည် စကားစ ပြတ် သွားလျှင် သူ့ အကြောင်း ကို မပြော လိုက်ရဘဲ ရှိသွားမှာ စိုးရိမ်ရသော ကြောင့် -

“ ဆက်၍ ပြောပါဦးမည် ၊ ကျွန်ုပ် ကို ငယ်စဉ် က ပင် ကျွေးမွေး ပြုစုခဲ့ သော သခင် သည် မဟာ ပညာရှိကြီး တစ်ဦး ဖြစ်ပါသည် ၊ သူ သည် ကြီးကျယ်လေးနက်သော ကျမ်းကြီးများ ကို ပြုစု နေသူ ဖြစ်ပါသည် ။ မြန်မာစာ ၊ ပါဠိ ၊ ဟင်ဒီ ၊ အင်္ဂလိပ် ၊ ပြင်သစ် နှင့် လက်တင်ဘာသာများ ကို ထုံးလိုချေ ရေလိုနှောက် ကောင်းကောင်းကြီး ကျွမ်းကျင်လေ့လာ ထားပါ သည် ၊ ဤ လောက၌ သူ မသိ ၊ သူ မတတ် ဟု မရှိ သလောက်ပင် ဖြစ်ပါ သည် ။ အိမ် သို့ လာလည်ကြသော သူ့ အပေါင်းအသင်းများ သည် လည်း ပညာရှိ များသာ ဖြစ်သောကြောင့် သူတို့ ပြောကြလျှင် စာသံ ပေသံ အလွန် ပါ ၍ ကျမ်းဂန် အကိုးအကား များလှသောကြောင့် အလွန်တရာ တန်ဖိုး ရှိ လှသည် ။ သူတို့ သည် စကား ပြောကြလျှင် ပညာရှိ ပီသစေရန် အတွက် ခန့်ညားထည်ဝါစွာ စာသံ နှင့် ပြောကြသော ကြောင့် ကျွန်ုပ် သည် လည်း ဤကဲ့သို့ စာသံ နှင့် ပြောတတ် နေခြင်း ဖြစ်ပါတော့သည် ”

စာကလေး သည် ပိုမို၍ အံ့အားသင့် သွားပြီး -

“ ဒါဖြင့် ခင်ဗျား ပြောနေတာတွေ ဟာ ပညာရှိ စကားတွေပေါ့ နော် ”

သာလိကာ သည် ခေါင်း တညိတ်ညိတ် ဖြင့် -

“ မှန်လှပေ ၏ အချင်း ငှက်ကလေး ၊ ကျွန်ုပ် လည်း ပညာရှိများ ၏ အလယ် တွင် နေခဲ့ရ၍ ပညာရှိတို့ ၏ စကားများ ကို သာ ပြောတတ်ပါ၏ ၊ တခြား စကားများ ကို ပြောရန်မှာ သိမ်ငယ် နုံချာလှ၍ ကျွန်ုပ် ဝန်လေး လှပါသည် ၊ ကျွန်ုပ်တို့ ပတ်ဝန်းကျင်ရှိ ပညာရှိများ သည် မည်သို့သော အခါမျှ သိမ်ဖျင်းသော အကြောင်း ကို မရေးကြပေ ၊ ကမ္ဘာ့ ဂန္ထဝင် စာပေ ကြီးများ ၏ အောက်သို့ တစ်လက်မကလေး မျှ လျှော့ပြီး မဆွေးနွေးနိုင် ကြပါ ”

“ အဲဒါတွေ ပြောမှ ပညာရှိ လို့ ခေါ်သလား ”

“ ယူသော် ရနိုင်ပါသည် ၊ ကမ္ဘာကြီး သည် အချိန် နှင့် အမျှ ပြောင်းလဲ တိုးတက် နေသော်လည်း ကျွန်ုပ် ၏ သခင် နှင့် ပညာရှိကြီးများ သည် ရှိတ်စပီးယား ၊ ချားလ်စ်ဒစ်ကင်း ၊ သောမတ်ဟာဒီ ၊ ရှယ်လီ ၊ ဘိုင်ရွန် ၊ တင်နီဆင် ၊ တော်လ်စတွိုင်း စသည့် ဂန္ထဝင် စာရေးဆရာကြီးများ ၊ ကဗျာဆရာ ကြီးများ ကိုသာ အသိအမှတ် ပြု ထားပါသည် ။ ပလေးတိုး ၊ ဆိုကရေးတီး စသည့် အတွေးအခေါ်ရှင်များ ကိုသာ ဦးတင် ကြပါသည် ။ ကျန်သူများ ကို မူ နောက်ပေါက်များ ဖြစ်၍ မဆွေးနွေး ချင်ကြပါ ၊ ကျွန်ုပ် ဆို လျှင် ထို ပုဂ္ဂိုလ်ကြီးများ ၏ စကားလုံးများ ကို အလွတ် ရနေပါသည် ၊ အထူးသဖြင့် ပလေးတိုး ၏ စကားများ ကို အလွတ် ဆိုပြနိုင်၍ သခင် က အလွန် သဘောကျ ပါသည် ၊ ကျွန်ုပ် ကို ပင် ပလေးတိုး သေပြီး နောက် ဝင်စား သလော ဟု တွေးခေါ်ကြံဆ ကာ ကျမ်းစာအုပ် ထူထူကြီးများ ကို လှန်လှော ကိုးကား ခဲ့ရသည် ထိပင် ဖြစ်ခဲ့ပါသည် ။ သင် သည် ပလေးတိုး ရေး သော ဖိဒရကထာ ကို ကြားဖူးပါသလော ”

“ ပလေးတိုး ဆိုတာ ကို ခင်ဗျား ပြောမှ ကြားဖူးတာပဲ ”

သာလိကာ သည် စိတ်ပျက်ဟန် နှင့် -

“ ဒါဖြင့် လက်ခီ တို့ ၊ ခါမိဒိ တို့ လည်း ကြားဖူးမှာ မဟုတ်ပါဘူး ” ဟု ညည်းညူ လိုက်ပြီး စာကလေး ကို အပြစ် တင် လိုက်သည် ။

“ ဤသို့ဖြစ်လျှင် အသင်သည် ဤ အရွယ် သို့ ရောက်သည့်တိုင် မည်သည့် ပညာ ကို မှ မသင်ကြား မနာယူခဲ့ ဘဲ အချိန် များ ကို မည်သို့ ဖြုန်းတီး ပစ်ခဲ့ပါသနည်း ၊ မိုက်မဲလေစွ ၊ အသိပညာ မရှိသော သူ သည် အမှောင် ထဲ တွင် စမ်းတဝါးဝါး လျှောက်ရ သကဲ့သို့ တည်း ၊ အသင် မည်သည်တို့ နှင့် အချိန် ကုန်ခဲ့သနည်း ”

စာကလေး သည် ပညာ မသင်ခဲ့ ရ ၍ သူ့ ဘဝ ကို စိတ်ဆိုး ဝမ်းနည်း ရန် လို မလို ဟု ဝေခွဲ မရဟန် ဖြင့် -

“ ကျွန်တော် လား ၊ အတောင် ရှိတော့ လေ ထဲ မှာ အနှံ့ ပျံသန်းတာ ပေါ့ ၊ စားစရာ အသီးအနှံတွေ ရှာဖွေ စား ၊ အသိုက် ဆောက် ၊ ဥတွေ ဥ ၊ သားပေါက် ၊ ဒါပဲပေါ့ ၊ အခုတောင် ဟို မှာ မြင်လား ၊ အသိုက် ဆောက် နေတယ် ”

သာလိကာ သည် စာကလေး ညွှန်ပြရာ သို့ ကြည့် လိုက်ရာ ညောင်ကိုင်း တစ်ခုတွင် တွဲလွဲကျ နေသော အသိုက်ကလေး တစ်ခု ကို မြင်ရသည် ။ အပြီးမသတ်သေးသော အသိုက် ကို စာကလေး တစ်ကောင် က မြက်စ တစ်စ ဖြင့် ထုံးရက် ၍ ဆောက် နေလေသည် ။

သည်တစ်ခါ တွင် မူ သာလိကာ အံ့အားသင့် ရလေပြီ ။

“ ထို အသိုက် သည် အသင်တို့ နေရန် ဖြစ်သလော ၊ လူများ က လာ ၍ ဆောက် မပေးဘူးလား ”

“ လူတွေ က ဘာဆိုင်လို့ ဆောက်ပေးရမှာလဲ ”

“ ကျွန်ုပ် မြို့ ၌ နေခဲ့ရသည် မှာ လူတို့ ပြုလုပ်ပေးသော အိမ်လှလှလေး နှင့် ဖြစ်ပါသည် ၊ သင်တို့ ၏ ဘဝ ကား ပင်ပန်း ဆင်းရဲလှပါ တကား ”

“ သဘာဝ ရဲ့ ဒဏ်ကို ခံနိုင်ဖို့တော့ ကြံဖန်ပြီး နေရတာပဲ ၊ ဒီ တော ထဲ ရောက် လာရင်တော့ ခင်ဗျား လည်း အသိုက် တစ်ခု လို လာပြီ ၊ တော်ကြာ မိုး ရွာရင် ခင်ဗျား ဘယ်မှာ နေမလဲ ”

“ ကျွန်ုပ် ကား တစ်ခါမျှ အသိုက် မဆောက်ဖူးခဲ့ ၊ ထို့ကြောင့် မည်သို့ ဆောက်ရမည် မသိ ၊ ပလေးတိုး က လည်း မည်သို့ ဆောက်ရမည် ဟု မပြောခဲ့ပေ ၊ အသိုက် ဆောက်ရသည် မှာ သိမ်ဖျင်းသော အလုပ် ဖြစ်၍ မပြောခဲ့ခြင်း ဖြစ်ပေလိမ့်မည် ”

“ ကဲ ဒါဖြင့်လည်း နေရစ်ပေတော့ ၊ ကျွန်တော် တော့ စာမ ကို သွား ကူ လိုက်ဦးမယ် ၊ အဲ တစ်ခု တော့ သတိပေး ထားခဲ့ဦးမယ် ၊ လူသံ ကြားရင် တော့ သစ်ရွက် ထူတဲ့ နေရာ ဝင် ပုန်းနေနော် ၊ လောက်လေးစာ မိသွားမယ် ”

“ လူ ဟူသည် မှာ ဤမျှ ရက်စက်လိမ့်မည် ဟု ကျွန်ုပ် မယူဆပါ ”

“ ဒါတော့ မသိဘူးလေ ၊ ကျွန်တော် တို့ ဘဝ အတွေ့အကြုံ အရ သတိပေး ရတာပဲ ၊ ခင်ဗျား သင်ခဲ့ရတဲ့ ပညာ ထဲ တော့ ဘယ်လို ပါသလဲ မသိဘူး ၊ ကဲ သွားမယ်ဗျာ ”

စာကလေး ပျံသွားသော အခါ သာလိကာ တစ်ကောင် တည်း ကျန်နေခဲ့လေသည် ။ တခြား ငှက်များ က လည်း ဆူညံစွာ စားကြ ၊ အသိုက် ဆောက်ကြ ၊ ဟိုသည် ပျံကြ နှင့် သာလိကာ ကို ဂရုစိုက် မနေကြပေ ။ သာလိကာ သည် အလုပ်ရှုပ် နေသော ငှက်များ ကို ကြည့်၍ သူတို့ အစား မောနေ မိသည် ။ ဘာ့ကြောင့် သည်လောက် လှုပ်ရှား လုပ်ကိုင် နေကြကြောင်း ကို သဘော မပေါက် ။ သူ့ ဘ ဝ၌ သည်လို မလုပ်ကိုင်ခဲ့ရပေ ။ ကျွေးသည် ကို စားလိုက် ၊ သင်ကြား သည် ကို ရွတ်ပြလိုက် ၊ လေချွန်လိုက် ၊ အိပ်လိုက် နှင့် လှောင်ချိုင့် ထဲ ၌ ကြီးပြင်းခဲ့ရသည် မဟုတ်လော ။

သာလိကာ သည် စကား ပြောဖော် မရှိ၍ အလွန် ပျင်းနေသည် ။ ဤ တောကြီး ကား အင်မတန် ခြောက်သွေ့လေစွ ။ သို့သော် မကြာလှပါ ။ ညောင်ပင် သို့ ကြက်တူရွေးမ တစ်ကောင် လာ နား လေသည် ။ ကြက်တူရွေးမ ၏ လည် တွင် ဆွဲ ထားသော ဖဲကြိုးလှလှလေး ကို မြင်သည်နှင့် ပင် သူ့ လို လူတို့ လက်မှ ထွက် ခဲ့သော ငှက် တစ်ကောင် ဖြစ်မှန်း သိ လိုက်လေ သည် ။ ထို့ပြင် ကြက်တူရွေးငှက်မ ဖြစ်သည် ကို လည်း ယခင် က မြို့ တွင် ကြက်တူရွေး တစ်ကောင် နှင့် နေခဲ့ရ ဖူး၍ သိထားသည် ။ သည်တော့ သာလိကာ က-

“ မရွှေကျေး ”

ကြက်တူရွေးမ သည် ခေါ်သံ ဘက် သို့ လှည့် လိုက်ပြီး အံ့အားသင့်ဟန် ဖြင့် -

“ ရှင် ကျွန်မ ကို သိတယ် ၊ ရှင် ဘယ်သူလဲ ဟင် ၊ ကျွန်မ ရှင့် ကို မသိပါဘူး ”

သာလိကာ က ခေါင်း ကို အသာ ယမ်း၍ ပညာရှိကြီး လေသံ ဖြင့် ပြောလိုက်သည် ။

“ ကိုယ် က သာလိကာ ပါ ၊ သိခြင်းတွေ ကို ဘာ့ကြောင့် ဘယ်လို သိတယ် ဆိုတာ ရှင်းပြရရင် ကျမ်း တစ်စောင် ဖွဲ့နေရဦးမယ် ၊ မရွှေကျေး မမှတ်မိဘူး ဆိုရင်လည်း ကိုယ် အပြစ် မတင်ပါဘူး ၊ သံသရာ ဆိုတာ ကလည်း မေ့လျော့ခြင်း ဆိုတဲ့ ဘဝမြူ လွှမ်းမြဲ ဓမ္မတာ မဟုတ်ပါလား ”

ကြက်တူရွေးမ သည် သာလိကာ ၏ ထည်ဝါသော စကားလုံး များကို  ကြားရသော အခါ မည်သည် ကို ဆိုလိုမှန်း ရှင်းရှင်းလင်းလင်း မသိရသည့် တိုင် အထင် ကြီး သွားလေသည် ။ ထို့ကြောင့် ဝင်းပသော မျက်နှာ ဖြင့် -

“ ရှင် ပြော လိုက်တဲ့ စကားတွေ ဟာ သိပ်ကို လေးနက်တာပဲ ၊ ဒီလို စကားမျိုးတွေ ပြောတတ်တဲ့ သူ ဟာ ဒီ တော ထဲ က တော့ ဟုတ်မယ် မထင် ပါဘူး ”

သာလိကာ က လည်း ဝမ်းသာ သွားဟန် ဖြင့်-

“ မှန်ပါတယ် မရွှေကျေး ၊ ကိုယ် က ရန်ကုန်ကပါ ” ဟု အစချီပြီး သူ့ ဘဝ ကို ပြောပြလိုက်သည် ။ မရွှေကျေး က လည်း အစ အဆုံး နား ထောင်ပြီး မှ မွန်ရည်သိမ်မွေ့ဟန် ဖြင့် သူမ ၏ ဘဝ ကို ပြောပြလေသည် ။

“ ကျွန်မ က တော့ တက္ကသိုလ် ဘွဲ့ရ စာရေးဆရာမကြီး ရဲ့ အိမ် မှာ အလှမွေး ခံရတဲ့ သူ ပါ ၊ ကျွန်မ သခင်မ ရဲ့ ဘဝ က မှ တကယ့် အနုပညာသည် ပါပဲ ၊ ကြမ်းတမ်းရိုင်းစိုင်းတာ ဘာမှ မရှိဘူး ၊ သူ့ အပေါင်းအသင်း တွေ ဆိုလည်း တိုက် နဲ့ ကား နဲ့ ၊ လူတိုင်း စန္ဒရား တီး တတ်တယ် ၊ တယော ထိုး တတ်တယ် ၊ ကဗျာ ရွတ်ပြ တတ်တယ် ၊ မဟာဂီတ ထဲ က သီချင်းတွေ တော့ သခင်မ တို့ သုံးတာနဲ့ ပဲ ဟောင်းနွမ်း ကုန်ပါပြီ ၊ ဝတ္ထု နာမည် ဆို အဲဒီ ထဲ က ကူးချ လိုက်တာပဲ ။ နဝဒေး တို့ ၊ နတ်သျှင်နောင် တို့ ရဲ့ ကဗျာ တွေ ဆို သခင်မ တို့ က အာဂုံဆောင်ထားတာ ၊ သူတို့ ပြော လိုက်ရင်လည်း တကယ့် စကားလုံး နုနုရွရွလေးတွေ ၊ တစ်ခါတလေကျတော့ လည်း အင်္ဂလိပ် စာလုံးတွေ ညှပ် ထားတဲ့ အတွေးအခေါ် လှလှလေးတွေ ၊ သိပ် အထင်ကြီးစရာ ကောင်းတာပဲ ရှင် ”

“ သခင်မ နဲ့ နေရတာ ကြာတော့ ကျွန်မ လို ကြက်တူရွေး တောင် စကားလုံး အနုအလှ အဖူးအရွလေးတွေ ရွတ်တတ်လာတယ် ၊ ဒါပေမဲ့ ကျွန်မ ဟာ လှောင်ချိုင့်စံ မင်းသမီးလေး နဲ့ ဘာ ခြားနားသေးလဲ ၊ ကျွေးတာ စား ပြီးတော့ လှောင်အိမ် ထဲ မှာ ပဲ နေရတယ် ၊ ကျွန်မ လေ လွတ်လွတ်လပ်လပ် ပျံဝဲ သွားချင်လိုက်တာ ၊ ကံကောင်းချင်တော့ ကျွန်မ အတောင် ကို မေ့ပြီး မဖြတ်တာ နဲ့ အလစ်မှာ ထွက်ပြေး လာတာပဲ ”

သာလိကာ က လည်း သဘောတူ စွာ ဖြင့် -

“ ကိုယ့် ဘဝ နဲ့ တိုက်ဆိုင်လိုက်လေတယ်ကွယ် ၊ မင်း နဲ့ ကိုယ် ဟာ ဘဝတူ အကျိုးပေးတူချင်းပဲ ၊ တို့ နှစ်ယောက် အဖော် ပြုပြီး ကျယ်ပြောလှတဲ့ လောကကြီး အလယ် မှာ လွတ်လပ်ခြင်း ရဲ့ အရသာ ကို ပြည့်ဝစွာ ခံစားရင်း နဲ့ သစ္စာတရား ကို ရှာဖွေကြရအောင်လား ဟင် ”

“ ဟုတ်တယ် ကိုသာလိ ကာ ၊ ကြည့်စမ်းပါဦး ၊ ဒီ တောကြီး ဟာ ဘယ်လောက်များ သာယာသလဲ လို့ ၊ ကျွန်မ ဖြင့် ကဗျာ တစ်ပုဒ် တောင် ရွတ်ချင်လာပြီ ”

“ ကိုယ် နားထောင် နေပါတယ် မရွှေကျေး ”

“ မြိုင်ယံတင့်မော ၊ ရွက်ရင့်လျှောက ၊ တောလည်း မှောင်မှောင် ၊ တောင်လည်း ခွေခွေ ၊ ရေလည်း လျှမ်းလျှမ်း ၊ စမ်းလည်း စိမ့်စိမ့် ၊ ငြိမ့် ရရိမ့်တည့် ၊ မနိမ့်မမြင့် ၊ ဆင့်ရရင့်တွင် ၊ ခပ်ဖြင့်စုံကျယ် ၊ ရဂုံလယ်၌ တဲ့ ။ ဘယ်လောက် လွမ်းစရာ ကောင်းသလဲ ရှင် ရယ် ”

“ ကိုယ့် ရင် ထဲ မှာ သိမ့်ငြိမ့် ဆိမ့်အိမ့် သွားအောင်ကို စွဲငြိ သွားပါတယ် မရွှေကျေး ၊ အဲဒီ ကဗျာ က မရွှေကျေး စပ်တာလား ဟင် ”

“ မဟုတ်ပါဘူး ၊ မင်းလှရာဇာကျော်ထင် စပ်တဲ့ စန္ဒကိန္နရီပျို့ ထဲ ကပါ ”

“ မရွှေကျေး က စာပေလင်္ကာ ဘက် မှာ လည်း တော်တော် နှံ့စပ်တာပဲ နော် ”

“ ဒါတွေဟာ သခင်မ ရဲ့ ကျေးဇူးပါ ၊ သခင်မ က ဝတ္ထု ရေးတော့မယ် ဆိုရင် ပျို့တွေ ရတုတွေ လှန်လှောပြီး ကြိုက်တာ တွေ့ရင် ဝတ္ထု ထဲ ကူးရေးတော့တာပဲ ၊ သခင်မ က သိပ်ပြီးတော့ စိတ်အားငယ်တတ်တာပဲ ၊ ကျွန်မ ပျောက်တာ သိရင်တော့ သခင်မ ရင် ထဲ မှာ မိုးည ရဲ့ တိမ်တိုက် တွေ လို ညို့မှိုင်းတဲ့ သောကတွေ ဖုံး နေတော့မှာပဲ ”

ကြက်တူရွေးမ သည် ပြောရင်း နှင့် ပင် မျက်ရည် ဝဲ လာ၍ ငိုရှိုက်သံ ပါလာ လေသည် ။

“ မရွှေကျေး က မရွှေကျေး ရဲ့ သခင်မ အ ပေါ် တော်တော် သံယောဇဉ် ကြီးတယ်ပေါ့ ”

“ ကာမဘုံကရယ် လို့ ဖြစ်လာရင် သံယောဇဉ်တရား ကို ရှောင်ရှား မရပါဘူး ရှင် ရယ် ၊ အရင်းစစ် အမြစ် က တဏှာ လို့ အဘိဓမ္မာ က ဆိုတယ် မဟုတ်လား ”

“ ဟုတ်တာပေါ့ မရွှေကျေး ရယ် ၊ ကိုယ် လည်း သံယောဇဉ် ကို မပယ် ရှားနိုင်တဲ့ သူ တစ်ဦး ပါ ၊ အဲဒါကို မရွှေကျေး ဘယ်လို သဘောရသလဲ ဟင် ”

ကြက်တူရွေးမ သည် ခေါင်းကလေး ငုံ့ သွားပြီး ရှက်သွားဟန် ဖြင့် မပွင့်တပွင့်လေး ပြော လိုက်သည် ။

“ ကျွန်မ လည်း အိပ်မက် ထဲ မှာ စိတ်ကူး ယဉ်ပြီးတော့ ခရီးဖော် ရှာ ခဲ့ရတာ ကြာခဲ့ပါပြီ ရှင်ရယ် ၊ ဒါပေမဲ့ ခုတွေ့ ခုပြော ဆိုတော့ မစော လွန်းဘူးလား လို့ ”

“ နောက်ကျတာ စောတာတွေ က အဓိပ္ပာယ် မရှိလှပါဘူး ၊ အကြောင်း ကတော့ အချိန် ဆိုတာ လူတွေရဲ့  ထင်မှတ် ယုံမှားခြင်း တစ်ခု မို့ ပါ ၊ ကိုယ် ဟန် မဆောင်ချင်ပါဘူး မရွှေကျေး ရယ် ၊ ရင် မှာ အသစ် ဖြစ်လာတဲ့ သစ္စာပွင့် ကို အခွင့်သင့် အခါကောင်း စဉ် ဆင်ထိုက်သူ ခေါင်းထက် မတင်ဆက် မိလို့ ပင့်သက်ဖိုဖို အလိုမကျ နောင်တ ပိုပို နဲ့ ငိုရမှာ ကို စိုးမိတယ် ”

“ ပိုလွန်းပြီ ထင်တယ်ကွယ် ”

“ မပိုပါဘူး မရွှေကျေး ၊ ဘာတဲ့ အဲ နည်းနည်းလေး မေ့နေလို့ ၊ ဪ အင်း ဟုတ်ပြီ ။ အစက ဘယ်မှာ ၊ အဆုံးဟာ ဘယ်ဆီ မသိနိုင်ပြီ တဲ့ ။ သံသရာကြီး နဲ့ ချီပြီး အတီတေ ဘယ် ဘဝ က ဘယ်လို စတဲ့ သံယောဇဉ် ပါလို့ ... ”

ကြက်တူရွေးမ က လက်ကာ ပြ ၍ -

“ ယုံပါပြီတဲ့ ကိုသာလိကာ ရယ် ၊ ရွတ်ပြ မနေပါနဲ့တော့ ၊ အဲဒီ စာသားတွေ ပါတဲ့ ဝတ္ထု ကို သခင်မ ရဲ့ မောင်လေး အော်ပြီး ကျက်နေလို့ ကျွန်မ လည်း အလွတ် ရပြီးသားပါ ၊ ကဲ ကဲ သဇင်ခိုင် သူ ညွှတ်လို့ ယူဆွတ်ပြီး ခေါင်း မှာ ဆင်စေပါတဲ့ ရှင် ရယ် ”

“ တိတ်ကြစမ်း ဟေ့ ၊ မျက်စိ နောက်တယ် ၊ နားငြီးတယ် ”

တအား အော် လိုက်သော အသံ တစ်သံ ကြောင့် သာလိကာ နှင့် ကြက်တူရွေးမ တို့ က လှည့် ကြည့် လိုက်သည် ။ တစ်ကိုယ်လုံး အမွေးအတောင်များ နက်မှောင်၍ အကျည်းတန် လှသော ကျီး တစ်ကောင် ကို တွေ့လိုက်ရသည် ။ ထို ကျီး က ပင် ဆက်၍ -

“ မြို့ ပေါ် က လူတွေ ထမင်းကြမ်းခဲ တောင် မသွန်တော့လို့ ဘာမှ မစားခဲ့ရတဲ့ အထဲ ဘာတွေ လာ ကြောင်နေကြမှန်း မသိဘူး ၊ အလကား အရည်မရ အဖတ်မရ ၊ ဘဝ နဲ့ ဟပ်စပ်လို့ လည်း မရ ၊ အဓိပ္ပာယ် မရှိတာ တွေ လာ ရွတ်နေကြတာ ဘယ်က အရူးတွေလဲကွ ဟေ ”

သာလိကာ သည် ထိတ်လန့် နေပြီ ဖြစ် သော်လည်း ချစ်ကျွမ်းဝင်စ မရွှေကျေး ၏ ရှေ့ မှာ ဖြစ်၍ ဟိတ်ဟန် ထုတ် လိုက်ပြီး -

“ ကျွန်ုပ် သည် ရန်ကုန်မြို့ မှ စာပေကဝိ ကျမ်းတတ် ပညာရှိ အိမ် ၌ နေသော သာလိကာကြီး ပလေးတိုး ပင် ဖြစ်တော့သည် ”

“ ဒီ တော ထဲ ကို ဘာကိစ္စ နဲ့ လာ တာလဲ ”

“ ကျွန်ုပ် ၏ အမျိုးအနွယ် ဖြစ်သော ငှက်များ သည် တော ထဲ တွင် မည်သို့ စားသောက်ကြသနည်းဟု လေ့လာလိုသည် က တစ်ကြောင်း တို့ ကြောင့် ရောက်လာခြင်း ဖြစ်ပါသည် ”

ကြက်တူရွေးမ သည် သာလိကာ ၏ ပြောင်းလဲ သွားသော ဟန် ကို ပီတိ ဖြစ်နေ လေသည် ။ ခုနလေးက သူမ ကို ခရာ ညုတာ နေသော သာလိကာ ၏ စကားလုံးများ သည် ယခုအခါ ခံ့ညား ထည်ဝါလှပါ တကား ။ သို့သော် ကျီး က ဘုတော လေသည် ။

“ ခုနက မင်းတို့ ပြော နေတဲ့ မဟုတ်မဟတ် စကားတွေ ကို ဝေငှပေးမယ် ဖြင့် မလိုချင်ပါဘူး ကွာ ”

ထိုစဉ်တွင် ညောင်ပင်ကြီး ၌ အစာ ရှာရာမှ ပြန်လာကြသော ငှက် များ နှင့် များ လာပေပြီ ။ ဗျိုင်းများ ၊ လင်းတများ ၊ ချိုးသိမ်း ၊ သစ်တောက်ငှက် ၊ ဒေါင်း ၊ ပျံလွှား စသည်ဖြင့် ငှက်မျိုး စုံလှပေသည် ။ ကျီးကန်း က သာလိကာ ကို စူးစမ်း စစ်ဆေး နေပေသည် ။

“ ကဲ မင်း တတ်တဲ့ ပညာတွေ က ဘာတွေလဲ ”

“ စာပေ အတွေးအခေါ် ကျမ်းစာများ ဖြစ်ပေသည် ၊ အစ ပထမဦး ဆုံး အသင်တို့ ၏ တောကျမှု ကို ပြုပြင် ပြောင်းလဲရန် လိုအပ်ပေပြီ ”

သစ်တောက်ငှက် က သာလိကာ ၏ စကား ကို ဒေါပွ သွားသည် ။ သူ ၏ နှုတ်သီးကြီး ဖြင့် သစ်ကိုင်း ကို ပေါက်ချ လိုက်ပြီး -

“ ဒါ တို့ကို စော်ကားတာပဲ ၊ တောကျတော့ ဘာဖြစ်သလဲ ၊ ကျမ်း စာကြီးတွေ က ငါ့ ကို ပိုးကောင် တစ်ကောင် ပေးမှာလား ”

“ ဒေါသ မကြီးပါ လင့် ၊ ခန္တီ - သည်းခံခြင်းသည် ၊ ပရမံ - မြတ်သော ၊ တပေါ - အကျင့်တည်း လို့ ဗုဒ္ဓဘုရား က ဟောခဲ့ပေသည် ။ သင်တို့ ကို ကျွန်ုပ် သည် ကျမ်းစာများ ရှိ အဆီအနှစ် ကို ရွတ်ဖတ် တတ်အောင် သင် ပေး လိုသည် ”

လင်းတ က မှုန်ကုပ်ကုပ် နှင့် ဝင်၍ ဘုတော လိုက်သည် ။

“ အဲဒီ ကျမ်းစာတွေ ရွတ်တတ်လို့ အစာ မဝဘူးကွ ၊ အသေကောင် တွေ့ မှ ဗိုက် ဝတာ ”

သာလိကာ သည် ကြောက်ရွံ့သွားဟန် ဖြင့် -

“ အသင်ကား ရိုင်းစိုင်းလှပါဘိ ၊ သင် ၏ ကိုယ်ကျင့်တရား ကောင်း လာစေရန် နီတိကျမ်းများ သင်ကြားပေးအံ့ ။ ပြီးတော့ ဣရု ၊ ဣန္ဒြေသဝိဘ ၊ ဝရုဏ ၊ မရုတ စသည့် မီး ၊ တိမ် ၊ နေ ၊ ကောင်းကင် ၊ လေမုန်တိုင်း များကို ပူဇော်သည့် ဂါထာများ ၊ သက္ကတဘာသာ ဖြင့် ရေးသော ဗေဒင်ကျမ်းများ ကို လေ့လာကြလော့ ”

ကျီးကန်း က ဝင်၍ စောဒက တက် လိုက်သည် ။

“ ကျုပ်တို့ အဖို့ ဒါတွေ မလိုပါဘူး ။ အစာရေစာ ပေါများဖို့ ၊ တောမီး မလောင်ဖို့ပဲ အရေးကြီးတာပဲ ။ အဲဒီ ပညာတွေ မပါဘူးလား ”

သာလိကာ က အတောင် ခါ ပြပြီး -

“ ပလေးတိုး က ထို အကြောင်းများ ကို မရေးခဲ့ပါ ၊ ထို့နောက် ကျွန်ုပ် ပြောလိုပါသေးသည် ၊ ကျွန်ုပ်တို့ က သင်တို့ အား ပညာ သင် ပေးသော ကြောင့် ကျွန်ုပ်တို့ နေရန် အသိုက် တစ်ခု ဆောက်ပေးကြခြင်း ဖြင့် ပြန်လည်၍ ကျေးဇူး သိတတ်မည်ဟု ထင်ပါသည် ”

ချိုးသိမ်း က ရန်လိုသော မျက်လုံး နှင့် -

“ ကျုပ်တို့ ငှက်လောက မှာ ကိုယ် နေဖို့ အသိုက် ကိုယ့် ဘာသာ ဆောက်ကြရတယ် ၊ ဘယ်သူ့ မှ အားမကိုးကြဘူး ”

သာလိကာ သည် ဆင်ခြေ ပေးလိုက်လေသည် ။

“ ကျုပ် အနေ နှင့် တစ်သက်လုံး အတွေးအခေါ် စာပေကျမ်းဂန်များ ကို သာ သင်ကြားခဲ့ရသည် ဖြစ်ရာ အသိုက် ဆောက်တတ်ရန် အချိန် မရ ခဲ့ပါ ။ လူများ ၌ ဆိုလျှင် အိမ် ဆောက်တတ်သူ က တခြား လူများ အတွက် အိမ်ဆောက် ပေးပါသည် ၊ လေမိုး လုံခြုံသော ရွှေလှောင်အိမ် ၌ နေခဲ့ရသော ကျွန်ုပ် သည် ဘဝတူ ငှက်များ ၏ အကျိုး ကို ကြည့်၍ ဤ တော ထဲ ၌ အသင်တို့ ဆောက် ပေးသော အသိုက် ၌ နေနိုင်ရန် အလွန်ပင် သည်းခံ ၍ ရောင့်ရဲ တင်းတိမ်ရပါဦးမည် ”

ကြက်တူရွေးမ က လည်း သာလိကာ ဘက် မှ ဝင်ရောက် ပြောဆို ဆွဲဆောင် ပြန်သည် ။

“ လောက မှာ တန်ဖိုး မဖြတ်နိုင်တဲ့ ပညာ ကို ဆည်းပူးဖို့ ဒါ အခွင့်အရေး တစ်ရပ် ဖြစ်ပါတယ် ၊ လက် မလွှတ်ကြပါစေ နဲ့ ။ ပြီးတော့ ပညာ တတ် ပြီး ယဉ်ကျေး လာရင် အချင်းချင်း ဘယ်လို ဆက်ဆံရမယ် ဆိုတာ သိလာမယ် ၊ တကယ်လို့ ရှင် တို့ သာ ဂါရဝတရား ကို နားလည် ခဲ့ရင် ကျွန်မ တို့ လို ဧည့်သည်တွေ ကို ရှိတာလေး နဲ့ ကျွေးမွေးပြုစု ဧည့်ခံရမယ် ဆိုတာ သိမှာပဲ ၊ ကျွန်မ လည်း အစာ မစားရတာ တော်တော် ကြာလို့ ဝမ်း ဟာ နေပါပြီ ရှင် ၊ အဲဒါ ကျေးဇူးပြုပြီး တော့ ... ”

ကျီးကန်း က ခေါင်း ယမ်းပြီး -

“ လုံးဝ မကျွေးနိုင်ဘူး ၊ ကျုပ်တို့ ငှက် ဆိုတာတွေ ဟာ တစ်မျိုး နဲ့ တစ်မျိုး အစာ တူကြတာ မဟုတ်ဘူး ၊ ပြီးတော့ ကိုယ့် ဝမ်း အတွက် ကိုယ့် ဘာသာ ရှာဖွေ စားရတာ ထုံးစံပဲ ”

သာလိကာ က ကျီးကန်း အား -

“ အလွန်တရာ မိုက်မဲ ရိုင်းစိုင်းလေစွ ၊ သင် ၏ ပညာမဲ့မှု အား ကျွန်ုပ် သနားလိုက်ပါဘိ ၊ ရှိစေတော့ ၊ သင်တို့ အားမငယ်ကုန်လင့် ၊ သင်တို့ အတွက် အလင်းရောင် ကို ကျွန်ုပ် ယူဆောင်လာခဲ့ပြီ ၊ သင်တို့ သည် ပလေးတိုး ၏ ဂေါ့ဂျီယကထာ ကို လေ့လာဖူးကြပါ၏ လော ”

စာကလေး က ဝင်ရောက် အဖြေ ပေး လိုက်သည် ။

“ ဂေါ့ဂျီယ ဆိုတာဟာ ကောက်ညှင်းစပါးစေ့ လို မွှေးရဲ့လား ”

“ သွပ် သွပ် သွပ် ၊ သည်လို ငှက်များ အား စကြဝဠာကြီး ၏ အဆုံး အစ မရှိခြင်း သဘောတရား ကို နားလည် သဘော ပေါက် ရန် ကျွန်ုပ် မည်သို့ ပြောရမည်နည်း ”

ကျီးကန်း က တအားအား အော်ဟစ်လျက် နှင့် -

“ ပြောဖို့ ခက်ခဲလှရင် လည်း ကြိုးစားပြီး ရှင်း မနေနဲ့ပေါ့ ၊ ငှက်ဘဝ ရောက် လာရင် ငှက်လို နေနိုင်တာ အကောင်းဆုံးပဲ ၊ ကျုပ်တို့ တော ထဲ လာ နေပြီးတော့ မှ တော ကို ကဲ့ရဲ့ ရှုတ်ချမယ် ဆိုရင်တော့ အမြန်ဆုံး ထွက် သွားလိုက်ပါ ”

“ သင်ကား အလွန် ရိုင်းစိုင်းပါလား ၊ သင် ၏ တအားအား နှင့် အသံ က ပင် ကျက်သရေ ကင်းမဲ့လှသည် ၊ သာယာ နာပျော်ဖွယ် လုံးဝ မရှိ ”

ကျီးကန်း စိတ်ဆိုးခြင်း ၏ အထွတ်အထိပ် သို့ ရောက် သွားသည် ။ ထို့ကြောင့် ညောင်ကိုင်းပေါ် ၌ ခုန်ဆွ ခုန်ဆွ လုပ်ရင်း -

“ ကျီး ပါ ဆိုနေမှ အား အား မအော်လို့ သာဆန်းရဂုံဘွေ ဆိုနေရ ဦးမှာလား ဟ ၊ ဒါ ငါတို့ ကျီးမျိုး ရဲ့ ပင်ကိုသံ အစစ်ပဲ ၊ ဟောဟိုက ဒေါင်း လည်း အိုးဝေ လို့ ရင့်ကျူးတယ် ၊ စာကလေး က လည်း ကျလိ ကျလိ လို့ မြည်တယ် ၊ ဒါ ဆန်းသလား ”

သာလိကာ က မခိုးမခန့် ရယ်ပြုံးလျက် နှင့် -

“ ဤအဖြစ်ပင် သင်တို့ ၏ အထီးကျန် ခေတ် နောက်ပြန်ဆွဲမှု ကို ပြ နေပေသည် ၊ နိုင်ငံတကာ ယဉ်ကျေးမှု နှင့် ကင်းကွာရာ ရောက်နေပေသည် ”

သည်တစ်ခါ တွင် တော့ ဣန္ဒြေ ကြီးလှသော ဒေါင်း က ပင် ဆိတ် ဆိတ် မနေနိုင်ဘဲ ကြားဝင် လာသည် ။ သူ က လှပသော အစိမ်းရောင် မြီးကွက်များ ကို ဖြန့် ပြလိုက်ရင်း -

“ ဟေ့ သာလိကာ ၊ မင်း က လူတွေ ကြား သွား နေပြီး စာပေ ကျမ်း ဂန်တွေ ၊ နိုင်ငံတကာ ယဉ်ကျေးမှုတွေ ရွတ်ပြတာတော့ ဟုတ်ပါပြီ ၊ ဒါ တွေကို မင်း တကယ် တတ်မြောက်ရဲ့လား ၊ အလွတ် ရွတ်ပြနိုင်ရုံပဲလား ။ အေး ၊ ဘာပဲ ပြောပြော မင်း မှာ ပင်ကိုသံ မရှိတာတော့ အမှန်ပဲ ၊ ဒါကမှ ရှက်စရာ ကောင်းတာကွ ”

ကျီးကန်း က ထောက်ခံ လိုက်သည် ။

“ အေး ဟုတ်တယ် ၊ ငါ လည်း တောကျီး ပေ မဲ့ မြို့ ကို သွားပြီး သားငါးတစ် အလစ်သုတ်ရင်း နဲ့ အနှံ့ ရောက်တာပါပဲကွာ ၊ မင်းတို့ ပြော တဲ့ မြို့ က လူတွေ ဟာ နိုင်ငံတကာ နဲ့ ဆက်ဆံရ လို့ ထင်ပါရဲ့ ၊ နည်းမျိုးစုံ နဲ့ ညစ်ပတ် လိမ်ညာ နေကြတာတွေ အများကြီး ပဲ ၊ နိုင်ငံတကာ ယဉ်ကျေးမှု အမည်ခံပြီး တလွဲတချော်တွေ အတုခိုးတော့ ဘုရားစူးရစေ့ မြန်မာစာသား ကို အင်္ဂလိပ်သံ အလိုက် နဲ့ မတူ တူအောင် ဖျစ်ညှစ်ပြီး အော်ဆို နေတဲ့ သီချင်းတွေ က ရော နား မကလောဘူးလား ၊ ကဲ တော်ပြီ ၊ ရှည်တယ် ၊ နေစရာ မရှိရင် တို့ တော မှာ အေးအေးဆေးဆေး လာ နေပေါ့ ၊ ခုတော့ ငှက် အချင်းချင်း အပေါ် ငှက်တွင်ကျယ် လုပ်ချင်တဲ့ ကောင်တော့ ဝိုင်းပြီး ထိုးဆိတ် လွှတ်လိုက်မယ် ၊ ကဲ လာကြဟေ့ ဆက်ရက် တို့ ၊ လင်းတကြီး တို့ ”

ကြက်တူရွေးမ သည် ပျာပျာသလဲ နှင့် အထိတ်တလန့် ဖြစ်နေလေသည် ။ သာလိကာ အား ဝိုင်းလာကြသော ငှက်တို့ အား တောင်းပန်သံ ဖြင့် -

“ ကျွန်မ ပြောတာ အမှား ပါရင် ခွင့်လွှတ်ကြပါ ရှင် ၊ ကျွန်မတို့ ဟာ ငှက် အချင်းချင်းတွေ ပဲ ၊ တစ်ကောင် နဲ့ တစ်ကောင် မေတ္တာ ရှေ့ ထားပြီး သဘောထား ကြီး ကြရင် မမှားပါဘူး ရှင် ၊ ရန်သူ ပင် ဖြစ်ပေမဲ့ လက်နက် ချ ရင် ကျေအေးရတာ ထုံးစံ တစ်ခုပါ ၊ တစ်ဦး နဲ့ တစ်ဦး ရန်မလိုတာ ဟာ ငြိမ်းချမ်းရေး ရဲ့ လက္ခဏာ တစ်ခု ... ”

လင်းတ က အာခေါင်သံကြီး ဖြင့် -

“ လာပြန်ပြီလား မေတ္တာထားရေး ရွှေပြည်အေးဝါဒ ၊ နယ်ချဲ့တွေ ရဲ့ မစားရ ဝခမန်း လက်သုံး စကားလုံးတွေ ဟာ မင်းတို့ သခင်မ ဆီ ရောက် တာ တော်တော် ကြာပြီ ထင်ပါရဲ့ ၊ တို့ ကို ပျားရည် နဲ့ ဝမ်း လာ မချနဲ့ဟေ့ ၊ ဒါမျိုးတွေ က ကြားရဖန် များလွန်း လို့ ဆီသည်မ လက်သုတ် ဖြစ်နေပြီ ၊ ငါတို့ ကို မေတ္တာဝါဒ ဗန်းပြပြီး လိမ်ညာ စားဦးမယ့် ငှက်နပ်ချမ်းသာတွေ ၊ သွားပေတော့ ၊ အမြန် ဒီနေရာ က ထွက်သွား ပေတော့ ”

သာလိကာ သည် ကြောက်ရွံ့လွန်း ၍ တုန်လှုပ် နေပေပြီ ။ ထို့ကြောင့် ကြက်တူရွေးမ ဘက် လှည့်ပြီး -

“ အဘယ် မရွှေကျေး ၊ သူတို့ လက်မခံလို လျှင် လည်း ရှိစေတော့ ၊ အသေဝနာစ ဗာလနံ - လူမိုက်တို့ နှင့် ကင်းကွာခြင်းသည် မင်္ဂလာ မည်ပေ၏ ။ ထို့ပြင် အပိယေဟိ - မချစ် မနှစ်လိုအပ်သော သတ္တဝါ သင်္ခါရ တို့ နှင့် ၊ သမ္ပယောဂေါ - အတူတကွ ပေါင်းယှဉ်ရခြင်းသည် ၊ ဒုက္ခော - ဆင်းရဲ၏ တဲ့ ။ ဆင်းရဲခြင်း မှ ကျွန်ုပ်တို့ သွားကြပါစို့ ”

“ အမယ် ၊ ငါတို့ ကို များ မိုက်သလေး ဘာလေး နဲ့ စော်ကားလှ တယ် ၊ ကဲ ဝိုင်းတွယ်ကြစမ်းကွာ ” ဟု ပြောပြောဆိုဆို ကျီးကန်း က သာလိကာ ကို ထိုးဆိတ် လိုက်ရာ ၊ တခြား ငှက်များ က ပါ ကြည့် မရတာ ကြာလှပြီ ဖြစ်၍ ကြက်တူရွေးမ ကိုပါ ထိုးဆိတ်ကြလေသည် ။ ပလေးတိုး ၏ ကထာများ ရွတ် တတ်သော သာလိကာ နှင့် မဟာဂီတ ကို အာဂုံဆောင် သော ကြက်တူရွေးမ တို့ သည် ငှက်နှုတ်သီး နှင့် ထိုးဆိတ်ခြင်း အရသာ ကို အလူးအလဲ နှင့် လေ့လာ သိရှိသွားပြီး နောက် လွတ်အောင် မနည်းကြီး ထွက်ပြေး ပျံသန်း ခဲ့ရလေသည် ။

ဘေးလွတ်ကင်းရာ သစ်ပင်ကြီး တစ်ပင် သို့ ရောက်သောအခါ သာလိကာ နှင့် ကြက်တူရွေးမ တို့သည် အသက် ကို မှန်မှန် မရှူနိုင်သည် အထိ မောဟိုက် နွမ်းနယ်၍ နေလေသည် ။ ကိုယ် ပေါ် ရှိ ဒဏ်ရာများ မှ လည်း သွေးများ စီးကျ နေပေသည် ။

သာလိကာ သည် ကြက်တူရွေးမ အား -

“ ကျွန်ုပ် ၏ ချစ်လှစွာသော မရွှေကျေး ၊ စိတ်အား မငယ်လင့် ၊ ဘဝ ဟူသည် ဤသို့ပင် တစ်ခါတစ်ရံ ဆူးလွှမ်း ခရီး ကို ကြုံတတ်ရချေသည် ”

ကြက်တူရွေးမ သည် သာလိကာ အား နွမ်းလျလျ ဟန် ဖြင့် မော့် ကြည့် လိုက်ပြီး -

“ ပြေးရ လွှားရ နဲ့ ဝမ်း ထဲ က သိပ် ဟာနေတယ် ကိုသာလိကာ ရယ် ၊ ခက်တာက ဘယ်သီးနှံ ကို စား ရရင် ကောင်းမှန်း ကျွန်မ မသိတာပဲ ၊ ရှာ လည်း မရှာတတ်ဘူး ”

“ ရှာဖွေ စားရန်လည်း မလွယ်ပါ ၊ အကယ်၍ မသင့်သော အသီး စား မိလျှင် ဒုက္ခ ရောက်ပေလိမ့်မည် ၊ ဤ ရာသီ၌ မည်သည့် အသီး နှင့် သင့်ကြောင်း ကို ကျမ်း နှင့် ညှိရန် လိုအပ်လှသည် ။ ဥတုဘောဇနကျမ်း လည်း အိမ် ၌ ကျန် နေခဲ့သည် ။ ကျွန်ုပ် တို့ သည်သို့ နေရုံမှ လွဲ၍ ဘာမျှ တတ်နိုင်လိမ့်မည် မဟုတ် ”

ဝမ်း ထဲ က ဆာလောင် မွတ်သိပ်လာသော အခါ ကြက်တူရွေးမ လည်း စိတ် မရှည်ချင်တော့ ။

“ အို တော်စမ်းပါ ၊ စာသံပေသံကြီး နဲ့ တခြား လူတွေ အထင်ကြီး အောင် တမင် လုပ် ပြောမနေပါနဲ့ ။ ဒီမှာ ရှင် နဲ့ ကျွန်မ ပဲ ရှိတယ် ၊ ကဲ ကြည့်စမ်းပါဦး ၊ အစာလေး ဘာလေး စားရအောင် ”

သာလိကာ သည် ခေါင်း ကို တွင်တွင်ကုတ် နေ မိတော့သည် ။ သူ့ အဖို့ အစားအသောက် ဟူသည် လှောင်ချိုင့် ထဲ ရှိ ခွက်ကလေး ထဲ ၌ နေ့တိုင်း ရောက်နေ စမြဲ ဖြစ်၍ အစာ သည် မည်သည် မှ မည်သို့ ဖြစ် လာကြောင်း ကို မသိရှာခဲ့ပေ ။ သိရန် လည်း မကြိုးစားခဲ့ ။ သည်တော့ သာလိကာ က ကြက်တူရွေး မကို ချော့ ရတော့သည် ။

“ မကျေး ရယ် ၊ ကိုယ် အရစ္စတိုတယ် အကြောင်း ပြောမယ်လေ ”

“ တော်စမ်းပါ စိတ်ညစ်ရတဲ့ အထဲ ၊ အင်း ငါ ထွက်လာခဲ့မိတာ ကို က မှားတာပဲ ၊ အိမ် မှာ ဆို ဒီလို ဒုက္ခ ရောက်မှာ မဟုတ်ဘူး ၊ ဒီအချိန် ဆို သခင် မတော့ သဇင်နံ့လေး တွေ နဲ့ သင်းပျံ့နေတဲ့ မှန်ခန်းမ ထဲ မှာ စန္ဒရား ကို တို့ထိ နေရောပေါ့ ”

ခေတ်ပညာတတ် လူတန်းစား တို့ နှင့် နေခဲ့ရသော ကြောင့် ၎င်းတို့ နှင့် ဉာဉ်တူခဲ့ပြီ ဖြစ်သော သာလိကာ နှင့် ကြက်တူရွေးမ တို့ သည် အစ ပထမ တော့ သူတို့ကိုယ် သူတို့ အထင် ကြီးခဲ့ကြသည် ။ အိမ် မှ ထွက်ခွာ ခဲ့ စ က တော်လှန်ရေးကြီး တစ်ခု ကို အောင်မြင်ပြီး ခဲ့ သလို ဂုဏ်ယူ ခဲ့ကြ သည် ။ လှောင်ချိုင့် နှောင်ကြိုးများ မှ ကင်းလွတ်ခဲ့ပြီ ဟု အားတက် ခဲ့ကြသည် ။

သို့သော် ယခုလို ဝမ်း ဆာလောင်၍ ဘာမျှ မလုပ်တတ် မကိုင် တတ် ၊ ပြင်ပ လောကကြီး နှင့် အဆင်မပြေ ဖြစ်လာသော အခါ စိတ်ပျက် လွယ် လှသည် ။ အားငယ် လွန်းကြသည် ။ နောက်ဆုံး ၌ လှောင်ချိုင့် ကို ပင် ပြန်လည် တမ်းတ ကြလေသည် ။

ယခု သာလိကာ နှင့် ကြက်တူရွေးမ တို့ သည် လည်း သစ်ကိုင်း တစ်ကို င်း၌ ငူတူတူ ငိုင်တိုင်တိုင်လေး နားနေရုံ မှ တစ်ပါး ဘာမျှ မလုပ် တတ်ကြတော့ ။ ဝမ်း ဆာလောင်မှုဒဏ် ကို အလူးအလဲ ကြိတ်မှိတ် ခံစား နေကြရသည် ။ အချစ်တို့ ၊ သစ္စာတို့ ၊ မေတ္တာတို့ ၊ အသည်းနှလုံးတို့ ကို ပြောရန်လည်း စိတ်ကူး မရှိကြတော့ ။

သည်လိုနှင့် ည သို့ ရောက်လာသည် ။ တောကြီး တစ်ခုလုံး သည် မှောင်မည်း၍ တိတ်ဆိတ် လွန်းလှသည် ။ တိုက်ခန်း ထဲ မှ နီယွန် မီးရောင် အောက် ၌ အနေ များခဲ့သော သာလိကာ တို့ သည် အမှောင်ကြီး ထဲ ၌ ကြောက်ရွံ့စိတ်များ နှင့် ရင်တုန် နေကြရလေသည် ။

ညလယ်ခန့် တွင် မိုးကြီး သည်းထန်စွာ ရွာသွန်းချ ပြန်သည် ။ ကြောက်လန့်စဖွယ် မိုးခြိမ်းသံများ ၊ လျှပ်စီးလက်ခြင်းများ ကြောင့် ကြက်တူရွေးမ သည် ခေါင်း ပင် မဖော်ရဲတော့ ။ သာလိကာ ခမျာ လည်း အား ပေးရန် မဆိုထား နှင့် ၊ သူ ကိုယ်တိုင် ပင် စိတ်အား ငယ်လှပေပြီ ။ တစ်ကိုယ်လုံး လည်း မိုးရေတို့ နှင့် ရွှဲရွှဲစို နေလေပြီ ။ သို့သော် မည်သည့် နေရာ၌ မိုး ခိုရမှန်းလည်း သူတို့ မသိ ။ နှစ်ယောက် စလုံး ခိုက်ခိုက်တုန်အောင် ချမ်းအေးလှသည့် တိုင် ငုတ်တုတ် ခံနေရုံမှ တစ်ပါး ဘာမျှ မတတ်နိုင်ကြပေ ။

သူတို့ ၏ ဘဝ ၌ အရှည်လျားဆုံး ဟု ထင်ရသော ည သည် ကျော် လွန် သွားပြီး နောက် တစ်နေ့ နံနက်ခင်းသို့ ရောက်တော့ မှ ရင်တမမ နေရခြင်း မှ ကင်းလွတ်ပြီး စိတ်အေး ရတော့သည် ။ နေ ထွက်ပြီး စို နေသော ခန္ဓာကိုယ်များ ခြောက်သွေ့သည် အထိ စောင့် နေရသေးသည် ။ ပြီးမှ ဘယ်ဝယ် ဟု မသိနိုင်သော အရပ် သို့ နှစ်ကောင် တွဲ ၍ ပျံဝဲ ရလေသည် ။ သူတို့ သည် ယခင် က နေခဲ့ရသော အိမ်များ သို့ ပြန် ရောက်ချင်လှသော် လည်း ပြန်လမ်း ကို မမှတ်မိ ။ ရန်ကုန် သည် မည်သည့် အရပ် ၌ ရှိကြောင်း လည်း မသိလေရာ ဦးတည့်ရာ သို့ ပျံသန်းရင်း မတော်တဆ တွေ့လို တွေ့ငြား ဟူသော မျှော်လင့်ချက်ကလေး နှင့် သာ အားတင်းနေကြရ လေသည် ။

ကြာတော့ ရေ ဆာလာသည် ။ မော လည်း မော လာပြီ ။ ဟော ရှေ့ က မြေပြင် မှာ ရေအိုင်လေး တစ်အိုင် ။ ဘေး ၌ ချုံပင်လေးများ ဝိုင်းရံ ထားသည် ။ စိတ်လက် ကြည်သာ ဆိုပါက ကြက်တူရွေးမ သည် ဘာမျှ အတွေးအခေါ် မသစ်ဆန်း သည့် သစ်ရွက်ကလေး တွေ စိမ်းကြောင်း ၊ ရေကလေး က ကြည် နေကြောင်း ကို ကဗျာ ရွတ်ဦးမည် မှာ မုချ ။ ခုတော့ ရေ ဆာလွန်းလှ၍ ဟန် မဆောင်နိုင်ဘဲ ရေအိုင်ကလေး ဆီသို့ ထိုးဆင်း လိုက်သည် ။

မြေပြင် သို့ ဆင်း မိ၍ ရေအို င်သို့ ကပ် လိုက်ရာ ခြေထောက် တင်း ခနဲ အဆွဲ ခံလိုက်ရသည် ။ ငဲ့ ကြည့် လိုက်တော့ ကြိုးစကွင်းလေးများ က ခြေထော က်တွင် စွပ်မိ နေသည် ။ ရုန်းကန်၍ လည်း မရ ။

သာလိကာ ကို ကြည့် လိုက်တော့လည်း အတူတူပင် ။ သူ လည်း အားယူ၍ ပျံကြည့်သေး၏ ။ မရ ။ ညွှတ်ကွင်း က တင်းခံပြီး ဆွဲ ထား သည် ။

မကြာမီ၌ ခွေးဟောင်သံများ နှင့် အတူ လူ တစ်ယောက် ၏ လေချွန်သံ ကို ကြား လိုက်ရသည် ။

သူတို့ သည် လူ တို့ တမင် ထောင်ထားသော ညွှတ်ကွင်း ထဲ ၌ မိနေသည် ဖြစ်ကြောင်း ကို မသိရှာသော သာလိကာ သည် လူသံ ကြား၍ ဝမ်းသာ သွားသည် ။ လူ ရောက် လာလျှင် သူတို့ အား ငြိ နေသော ကြိုးများ မှ ဖြုတ်ပေးပြီး အစာ ကျွေးပေတော့မည် ဟု ထင် နေလေသည် ။

သူတို့ အနီးသို့ ခွေးများ က အရင် ရောက် လာရာ ဝိုင်း၍ ဟောင် ကြ ဟိန်းကြသည် မှာ သွေးပျက်သွားခမန်းပင် ။ ခွေး ဟောင်သံ ကြားရာ ဘက် သို့ လူ တစ်ယောက် လည်း အပြေးကလေး ရောက် လာသည် ။

သူ သည် အသား မည်းမည်း ၊ အပေါ်ပိုင်း ဗလာဟင်းလင်း ။ ပုဆိုးကြမ်း တစ်ထည် ကို သာ တိုတိုလေး ဝတ် ထားသည် ။ ခါး တွင် ဓား တစ်ချောင်း ထိုးထားသည် ။ သာလိကာ နှင့် ကြက်တူရွေး ကို မြင်သောအခါ ဝမ်းသာအားရ နှင့် ပြေးကပ် လိုက်လေသည် ။ ပြီးတော့ သာလိကာ ၏ ခြေ မှ ညွှတ်ကွင်း ကို ဖြုတ်ပေး လိုက်သည် ။

သာလိကာ သည် ထို လူ အား ကျေးဇူးတင် စကား ပြောရန် စိတ်ကူး ပြီး စကားလုံး ခံ့ခံ့ညားညား ရှာနေစဉ်၌ ပင် ဖုန်းခနဲ မြေ ပေါ် သို့ ကိုင် အပေါက် ခံလိုက်ရရာ အသံပင် မထွက်လိုက်ရဘဲ အသက် ပျောက် သွား ရရှာသည် ။ ကြက်တူရွေးမ သည် ထို အဖြစ်အပျက် ကို ကြည့်၍ သွေးပျက် သွားရှာသော ကြောင့် မေတ္တာတရား ကို ပင် မပြောနိုင်တော့ ။ တော ကအပြန် အိမ် က မိန်းမ အား မျက်နှာ လုပ်စရာ ရ၍ ဝမ်းသာ နေသော ကျေးလက် တောရွာသားကြီး သည် ကြက်တူရွေးမ ကို လည်း ကိုင်ပေါက် လိုက်ပြန် သည် ။ သူ့ သခင်မ ရေးသော အချစ် အလွမ်း ဝတ္ထုရှည်ကြီးများ ၌ ပါ သည့် ဇာတ်လိုက် မင်းသမီးလေးများ သေခါနီး ၌ အသက် အလွန် ပြင်းကြ သည် ။ တော်ရုံ နှင့် မသေဘဲ ပြောချင် သမျှ ကို လွမ်းစရာ စကားလှလှ လေးများ နှင့် ပြော ပြီးမှ သေသွားကြ စမြဲ ။ အခု သူမ မတော့ ဖုန်းခနဲ ဆို ကဗျာ မဆန်ဘဲ သေရပြီ ။

တောသားကြီး သည် ငှက်သေ နှစ်ကောင် ကို ခါးပိုက် ထဲ ထည့်၍ ရွာ သို့ ပြန်လာလေသည် ။ ပြီးတော့ ထို ငှက်သေ နှစ်ကောင် အနက် သာလိကာ သည် ပလေးတိုး ၏ ကထာများ ကို အာဂုံ ဆောင်နိုင်သည့် ကျမ်းစာပေ ဂန္ထဝင်ပညာရှိ မှန်း လည်း မသိ ။ သိရန် လည်း မလို ။

သူ သိသည်ကား သည်နေ့ ညစာ ထမင်း ကို ငှက်သားဟင်း နှင့် တဝကြီး ဟဲ လိုက်ရလျှင် ဗိုက်ကား သွားမည် ကို သာ ဖြစ်လေသည် ။

သာလိကာ တော့ သည် အချိန် ဆိုလျှင် ကောင်းကင်ဘုံ ၌ ပလေးတိုး ၊ ရှိတ်စပီးယား တို့ နှင့် ဂန္ထဝင်စကားများ ဆွေးနွေး နေပြီလား မဆို နိုင် ။

◾မာန်မြင့်

📖 မိုးဝေ မဂ္ဂဇင်း
      ဩဂုတ် ၊ ၁၉၇၂

#ကိုအောင်နိုင်ဦး

.

Sunday, October 29, 2023

အချိန်လွန် နောင်တ


 ❝ အချိန်လွန် နောင်တ ❞


ရာသီဥတု က လည်း တစ်နေ့တခြား ပူ လာလိုက်တာ အရှင် လတ်လတ် ငရဲ ကျ နေသလားမှတ်ရတယ် .. ဘယ်အချိန် ကတည်း က ထွက်ချင်နေမှန်း မသိတဲ့ ချွေး က လည်း နည်းနည်းလေး လှုပ်ရှား လိုက် တာ နဲ့ ရေစီးကြောင်း ပမာ စီးကျတော့ တာပါပဲ ။


ဒေါ်ကြီးတင် ကတော့ ဒါတွေ ထည့် မတွက် နိုင်ပါဘူး ။ မီးဖို ထဲ မှာ ချက်ပြုတ် နေရတယ် ။ ဒေါ်ကြီးတင် က အသက် ၆ဝ ကျော် လောက် တော့ ရှိပြီ ။ သူ့ အမျိုးသား ဆုံးပြီး ကတည်း က သား ဖြစ်သူ နဲ့ အတူ နေကြ တယ် ။


သား ဖြစ်သူ အလုပ် သွားချိန် ဆိုရင် အိမ် မှာ ဒေါ်ကြီးတင် ချွေးမ နဲ့ မြေး နှစ်ယောက် ကျန် နေခဲ့တယ် ။ ဒေါ်ကြီးတင် က တော့ တစ်အိမ်လုံး စားဖို့ မီးဖိုချောင် ဝင်ရ ၊ သန့်ရှင်းရေး လုပ်ရ ၊ မြေး နှစ်ယောက် ကို ထိန်းရ နဲ့ အလုပ် နဲ့ လက် မပြတ်ပါဘူး ။ ချွေးမ ဖြစ်သူ က တော့ ဇာတ်လမ်းတွဲလေး ကြည့်လိုက် ၊ ဖေ့ဘွတ်လေး သုံးလိုက် နဲ့ စည်းစိမ် အပြည့်အဝ ခံစားနေတယ် ။


“ ဟာ ... အမေ့ ဟင်း က လည်း ငန်ကျိ နေတာပဲ ။ သမီး သွေးတိုး ရှိမှန်း သိလို့ တမင် လုပ်တာမလား ”


“ မဟုတ်ရပါဘူး သမီး ရယ် အမေ ဆား ထည့်ပြီးသား ကို မေ့ပြီး ထပ် ထည့် မိ လိုက်လို့ပါ ”


“ ထည့်ပြီးသား ကို ထပ် ထည့်ရအောင် အမေ့ ဦးနှောက် က ပုံမှန် မဟုတ်တော့ဘူးလား ။ ပြော ရင်လည်း မချို တို့ လွန်တယ် ဖြစ်ဦးမယ် ”


ပွစိပွစိ နဲ့ ပြောဆိုပြီး ဆောင့်ကြီးအောင့်ကြီး ထွက် သွားလိုက်တာ အိမ်တောင် ပြိုကျ မတတ် ။ မချို က ယောက္ခမ ကို တစ်ခါ မှ ပြေပြေ လည်လည် ပြောဆို ဆက်ဆံတယ် မရှိ ။ ချက်ပြုတ် ပြီးတော့ မချို မြေး တွေ စားသောက်ဖို့ ပြင်ဆင်ပေး ။ သူတို့ စားပြီး မှ ပဲ ဒေါ်ကြီးတင် စားရ တယ် ။ စားပြီး ပြန် တော့ သူတို့ စားသောက် သွားတဲ့ ပန်းကန်တွေ ကို ဆေးကြော ဖို့ ပြင်ရပြန်တယ် ။ သား ဖြစ်သူ က မနက် အစောကြီး အလုပ် သွား ။ ညနေ မှ ပြန်လာ ဆိုတော့ အိမ်မှာ ဘာတွေ ဖြစ်နေလဲ ဆိုတာ သိ မှာ မဟုတ် ။


“ ရာသီဥတု က ပူရအိုက်ရတဲ့ အထဲ နင်တို့ ကို လိုက် ထိန်းနေရတယ် ။ သွား နင် တို့ အဖွား ဆီ သွား ...”


“ အမေ ရေ ဒီမယ် အမေ့ မြေး နှစ်ယောက် ကို ခေါ်ပါဦး ” 


ဒေါ်ကြီးတင် ပန်းကန် ဆေး နေတုန်း မြေး နှစ်ယောက် ကို လှမ်း ခေါ်ရတယ် ။ မချို က တော့ တစ်နေ့ တစ်နေ့ အလှလေး ပြင်လိုက် ဖုန်းလေး ပွတ်လိုက် နဲ့ အချိန်ကုန် နေတာ ။ ကိုယ့် သားသမီး ကို လည်း အချိန် မပေး ။ သွားချင်ရာ သွား စားချင်ရာ စား ကိုယ့် လက် က လွတ် ပြီးရော ထား ထားတာမျိုးပါ ။


ဒီလောက် ပူပြင်း နေတာကို နေပူ ထဲ ထွက် ဆော့လို့ ပူပန်ရ ကောင်းမှန်း မသိ ။ ဆုံးမပဲ့ပြင်ခြင်း လည်း မရှိဘူး ။ ဒေါ်ကြီးတင် လည်း ဒီ ကလေး နှစ်ယောက် ကို  ပြောလို့ နိုင်ဘူး ။ ကလေးတွေ ကို ဆုံးမတော့ လည်း မချို က မကြိုက် ။ ကလေး နှစ်ယောက် က စည်းမဲ့ကမ်းမဲ့ နဲ့ ဖြစ်ချင်တိုင်း ကို ဖြစ် နေတယ် ။


“ ချလွမ် ၊ ခလွမ် ”


“ ဟဲ့ ကလေးတွေ ၊ ဒီမှာ ပန်းကန်တွေ ကျကွဲ ကုန်ပြီ ” 


ဒေါ်ကြီးတင် က ရေစည် မှာ ပန်းကန်တွေ ဆေးပြီးလို့ မီးဖို ထဲ ပြန် ဝင်လာတယ် ။ မြေး အကြီးကောင် က ပြေးဝင် လာလို့ ရှောင် လိုက်တာ ကို ကျကွဲ ကုန်တယ် ။


“ ဘာဖြစ်တာလဲ ၊ ဒီ ပန်းကန်လေး တောင် နိုင်အောင် မကိုင် နိုင်ဘူးလား အမေ ရယ် ”


မချို က အသံတွေ ကြား လို့ ဒေါ်ကြီးတင် အနား ရောက် လာတယ် ။


“ အမေ လက် ချော်သွားတာ သမီး ရယ် ”


“ အမေ က ပြော လိုက်ရင် ဆင်ခြေချည်းပဲ ။ ဒီ ပန်းကန် တစ်ချပ် ဘယ်လောက် ရှိတယ် ထင်လဲ ။ ပိုက်ဆံ က ရှာတိုင်း ရတာ မဟုတ်ဘူး အမေ ရဲ့ ”


“ အေးပါ သမီးရယ် နောက်ဆို အမေ သတိထား လုပ်ပါ့မယ် ”


  •••••   •••••   •••••


ဒေါ်ကြီးတင် က ပန်းကန်ကွဲတွေ လိုက် ကောက် နေချိန်မှာ သား ဖြစ်သူ အလုပ် က ပြန် လာတာ နဲ့ ကြုံ သွားတယ် ။


“ အမေ ပန်းကန် အကွဲတွေ လက်ရှ ကုန်လိမ့်မယ် ဘာလို့ ကိုယ်တိုင် လုပ် နေတာလဲ ”


“ မချို ရေ ဒီမယ် ပန်းကန် အကွဲတွေ လာ ရှင်းစမ်းပါဦး အမေ ကိုယ်တိုင် လုပ်နေလို့ ”


“ ဒီမယ် ကိုထွန်းနိုင် ရှင့် အမေ ကြောင့် ကွဲတာ ၊ သူ့ ဘာသာ ရှင်း လိမ့်မယ် ။ ကျွန်မ က တော့ မရှင်းနိုင်ဘူး ”


“ ဒီ မိန်းမ က တော့ ကွာ ၊ အမေ ထားလိုက် သား ရှင်းလိုက်မယ် ” 


“ ရပါတယ် သားရယ် အမေ ဘာမှ မဖြစ်ပါဘူး ” 


“ နားနားနေနေ သွား နေပါ အမေရယ် သား လုပ်လိုက်ပါ့မယ် ” 


သား ဖြစ်သူ ပြောလိုက်တဲ့ စကားကြောင့် ဒေါ်ကြီးတင် မျက်နှာ ရွှင်ပြ သွားတယ် ။ သား ရဲ့စကားသံလေး ကြား ရုံ နှင့် ပီတိ ဖြစ်နေတာ ။ ဒေါ်ကြီးတင် ဘက် မှာ သား ဖြစ်သူ ရှိနေလို့ တော်သေးတယ် ။


  •••••   •••••   •••••


“ အမေ က လည်း ဗျာ ကလေး ရေတွေ ဆော့ နေတာ ကို မပြောဘူးလား ဗျာ ”


“ အမေ လည်း အိမ် အလုပ်တွေ လုပ်နေတာ နဲ့ သတိ မထားမိဘူး သားရယ် ”


“ မချို ရေ မင်း ကလေးတွေ လာ ကြည့်ဦး ။ တစ်ကိုယ်လုံး ရွှဲစို လို့ ။ မင်း လည်း ဒီ ဖုန်း နဲ့ အချိန် ကုန် နေတော့တာပဲ ”


“ တစ်ကိုယ်လုံး ရွှဲ လည်း အဝတ်စား လဲ ပေးလိုက်ပေါ့ ရှင် ၊ စကား လုပ် ပြော နေတယ် ”


“ မင်း ဟာ က ပြီးစလွယ် နိုင်လိုက်လား ကွာ ။ နေမကောင်း ဖြစ်ချည် ရဲ့ ဖျားချည် ရဲ့ နာချည် ရဲ့ မတွေးမိဘူးလား ”


“ ရှင့် အမေ နဲ့ ထား ထားတာပဲ တော် .. ”


“ အမေက အိမ် အလုပ်တွေနဲ့ မအားဘူး ။ မင်း ဟာ က လွန်လွန်းတယ် ကွာ ”


“ တော်ပါတော့ သားရယ် အမေ မှားတာပါ အမေ သတိ မထားမိလို့ပါ သား ရယ် ”


ထွန်းနိုင် က မိန်းမ လုပ်သူ ကို ပြန် မလှန်နိုင် ။


  •••••   •••••   •••••


ကိုထွန်းနိုင် ပြာပြာ ပြာပြာ နဲ့ ဘေးတွင် လည်း ဆေးမှူးလေး ပါ လာတယ် ။ ဒေါ်ကြီးတင်  နေမကောင်း ဖြစ်နေလို့ပါ ။ 


“ ကိုထွန်းနိုင် ဘယ်သူ ဘာဖြစ်လို့လဲဗျ ”


“ အမေ နေမကောင်းလို့ ကိုလှဖေ ရေ ၊ ရင်ကျပ်ပန်းနာ ပြန် ဖြစ်နေတာ ”


“ ဟုတ်လား လာကြည့်ဦး မှ ”


တစ်ဖက်ခြံ က ကိုလှဖေ က လှမ်း မေးရင်း ကိုထွန်းနိုင် အိမ် ဖက် ကူး လာတယ် ။


“ တစ်နေ့ တစ်နေ့ အိမ် အလုပ်တွေ နဲ့ နပန်းလုံး နေရတော့ ခြေကုန်လက်ပန်း ကျလောက်ရောပေါ့ ။ ဒေါ်ကြီးတင် နေ မကောင်းတာ လည်း တစ်မျိုး ကောင်းပါတယ် နားနားနေနေ နေ ရတာပေါ့လေ ” 


ကိုလှဖေ က ဒေါ်ကြီးတင် ရဲ့အခြေအနေ ကို မြင်တွေ့ နေကျ ဆိုတော့ တစ်ကိုယ်တည်း ရေရွတ် နေ မိတာ ။ 


“ ကိုလှဖေ လာဗျာ အိမ်ပေါ် တက် .. ” 


“ ဟုတ်ကဲ့ ကိုထွန်းနိုင် ”


“ အမေ ရေ ၊ ဒီမယ် ဘေးအိမ် က ကိုလှဖေ လာ တယ် ” 


“ သက်သာရဲ့လား ဒေါ်ကြီးတင် ဘယ်လို နေသေးလဲ ” 


“ သက်သာပါတယ် ငါ့တူ ရယ် ”


“ ကျန်းမာရေး လည်း ဂရုစိုက်ဦး ဒေါ်ကြီး ၊ အလုပ် လည်း နားနားနေနေ လုပ်ပေါ့ ။ ဒေါ်ကြီးတင် ကို မြင်တွေ့ နေရတာ စိတ် မချမ်းသာဘူးဗျာ ”


ကိုလှဖေ က စိတ် မချမ်းမြေ့တဲ့ အသံ နဲ့ ထွန်းနိုင် ကို ပြောဖြစ် အောင် ပြော လိုက်သေးတယ် ။ ဆေးမှူး က လိုအပ်တဲ့ ကိစ္စတွေ လုပ်ပေး ပြီး ပြန်သွားတယ် ။


“ ကိုထွန်းနိုင် ရေ ကလေးတွေ လာ ခေါ်ဦး ၊ ဒီမယ် ရှင်တို့ စားဖို့ ချက်ပြုတ် နေရတာ ”


“ ကိုလှဖေ ထိုင်ဦးဗျာ ၊ ကျွန်တော် ကလေးတွေ သွား ခေါ်လိုက်ဦးမယ် ”


“ လုပ်စရာရှိတာ လုပ်ပါဗျာ ကျွန်တော် လည်း အလုပ်ကိစ္စလေး ရှိလို့ ပြန်ဦးမယ် ... ဒေါ်ကြီး ကျွန်တော် နောက်နေ့ မှ လာခဲ့မယ် နော် ။ ကျွန်တော့် ကို ပြန်ခွင့် ပြုပါဦး ”


“ အေးပါကွယ် .. ”


  •••••   •••••   •••••


ဒေါ်ကြီးတင် နေမကောင်း ဖြစ်နေလို့ နေ့တိုင်း ချက်ပြုတ် နေရတော့ မချို တစ်ယောက် ငြိုငြင်စ ပြု လာတယ် ။ ကိုထွန်းနိုင် က လည်း အလုပ် တစ်ဖက် နဲ့ အမေ ကို သိပ် ဂရု မစိုက်နိုင်ဘူး ။ 


“ တစ်အိမ်လုံး ငါ့ အလုပ်ချည်းပဲ ။ အိမ် သန့်ရှင်းရေး လည်း ငါ ပဲ ၊ တစ်အိမ်လုံး မြိုဖို့စို့ ဖို့ လည်း ငါ ပဲ ချက်ရတာ ”


“ မချို မင်း ဘယ်လို ပြောလိုက်တာလဲ မင်း ကွာ ” 


“ ရှင် ကြားတဲ့ အတိုင်းပဲ လေ ၊ ဒီကြားထဲ လူမမာစာ က ချက်ရသေး သေမှာ ဖြင့် လည်း မြန်မြန် သေတာ မဟုတ်ဘူး ”


“ ဟာ ... ဒီ မိန်းမ တော့ ကွာ ”


“ ရှင် က ကျွန် မကို ရိုက်ချင်သေးတာလား ရိုက်ရဲ ရင် ရိုက်ကြည့်လေ ”


“ ဟာကွာ ”


ထွန်းနိုင် စိတ် တိုသွားပြီး လက် နဲ့ ရွယ်လိုက်တယ် ။ မချို လုပ်ပုံ က အရမ်း ရိုင်းလွန်းနေတာကိုး ။ ဒေါ်ကြီးတင် ချက်ပြုတ် ကျွေး နေတုန်း က ဘာသံမှ မကြားရဘူး ။ မီးဖိုချောင်လေး ခဏ ဝင်ရတာ ကို ပြောလို့ မဆုံး ဖြစ်နေတာ ။ ဒေါ်ကြီးတင် လည်း မသက်သာ တဲ့ အပြင် ပို ဆိုးလာ တယ် ။ အလုပ် ပင်ပန်းတဲ့ဒဏ် နှင့် ရာသီဥတုဒဏ် ပေါင်းပြီး နလန်မထူ နိုင်အောင် ဖြစ်နေတယ် ။


“ ဒေါ်ကြီး သက်သာရဲ့လား ”


ထွန်းနိုင် အလုပ် က ပြန်ရောက်ချိန် မှာ ကိုလှဖေ က လူမမာ မေးဖို့ ရောက် လာ တာပါ ။ ဒေါ်ကြီးတင် ခေါင်းလေး ပဲ ညိတ်ပြ နိုင်တယ် ။ 


“ ကိုလှဖေ ထိုင်ဗျာ ၊ ကျွန်တော် အမေ့ ကို ဆေး တိုက်ဖို့ လုပ်လိုက်ဦးမယ် ”


“ လုပ်ပါ လုပ် ”


“ အမေ ဆေး သောက်လို့ ရအောင် ... ဒီ ဆန်ပြုတ်လေး အရင် သောက် လိုက်နော် ”


“ အမေ့ ကြောင့် သားတို့ အလုပ် ပိုနေပါ့မယ် ၊ အမေ ဘာမှ မစားချင်ပါဘူး ကွယ် ”


ဒေါ်ကြီးတင် ခမျာ လေသံလေး နဲ့ တိုးလျလျ သာ ပြောနိုင်တယ် ။


“ အလုပ် မပိုပါဘူး အမေ ရယ် ၊ သောက်လိုက်နော် ဒါလေး သောက်မှ ဆေး သောက်လို့ ရမှာ ၊ ဆေး သောက်မှ အမေ နေကောင်းမှာ ပေါ့ ”


ဒေါ်ကြီးတင် မျက်လုံးအိမ် ထဲ မှာ မျက်ရည် အဝိုင်းသား နဲ့ သား ဖြစ်သူ မျက်နှာ ကို မျှော်လင့်ချက် အပြည့် နဲ့ ကြည့် နေတယ် ။ ဖြူလျော် နေတဲ့ ဆံပင် ၊ တွန့်ကြေနေတဲ့ ပါးပြင် နဲ့ ဒေါ်ကြီးတင် အတော်လေး ရုပ် ကျ နေပါပြီ ။ ကိုလှဖေ လည်း မြင်ရတာ စိတ်မချမ်းသာပုံ နဲ့ ခေါင်း တစ်ခါ ခါ ဖြစ်နေတယ် ။ ဒေါ်ကြီးတင် ဒီလောက် ဖြစ်နေတာ ကို မချို က ရှောင် ဖယ်ဖယ် လုပ်နေတယ် ။


  •••••   •••••   •••••


နောက် နှစ်ရက် လောက် နေတော့ ဒေါ်ကြီးတင် ဆုံးပါးသွား တယ် ။ ကိုလှဖေ လည်း ကူညီညာဖို့ ရောက်လာတယ် ။ ထွန်းနိုင် က တော့ အမေ ဖြစ်သူ နား မှာ ရှိုက်ငို နေတယ် ။


“ တရား နဲ့ ဖြေပါ ကိုထွန်းနိုင် ရယ် ခင်များ ငို နေလို့လည်း သေတဲ့ သူ က ပြ န်ရှင်လာမှာ မှ မဟုတ်တာ ”


“ ကျွန်တော် အမေ့ အပေါ် မှာ တာဝန် မကျေခဲ့ဘူးဗျာ ၊ အများကြီး လစ်ဟင်း ခဲ့တယ် ”


“ အဲ့ဒီလို လည်း ဘယ် ဟုတ်ပါ့မလဲဗျာ ”


“ ကျွန်တော့် ဘက် က အများကြီး လိုအပ်ခဲ့တယ် ဗျာ ၊ ကျွန်တော့် မိန်းမ အမေ့ အပေါ် မှာ မသိတတ်တာတွေ အများကြီး ရှိမှန်း ကျွန်တော် သိ ပေမယ့် မပြောခဲ့ဘူး မိန်းမ ကို  ပဲဦးစားပေးခဲ့ မိတယ် ”


“ ဒါတွေကို ကိုထွန်းနိုင် အစောကြီး ကတည်း က သိခဲ့သင့်တယ် ” 


“ ကျွန်တော် နောင်တတွေ ရနေပါပြီ ဗျာ ”


ထွန်းနိုင် တစ်ယောက် အချိန်တွေ လွန် မှ နောင်တ ရ နေမိတယ် ။ အခုမှ အသိတရား ရ လည်း ဘာမှ ထူး မလာတော့ပါ ။


“ မိဘ ဆိုတာ အကောင်းဆုံး တန်ဖိုး အကြီးမားဆုံး အရာတွေ ကို ထားခဲ့ ပေးတယ် ။ ဖယောင်းတိုင် မီး လိုဘဲ အဆက် မပြတ် ကိုယ့် ကိုယ် ကို လောင်ကျွမ်းပြီး သားသမီးတွေ ကို  အလင်းရောင်တွေ ပေးတတ် ကြတယ် ။ ကျွန်တော် တို့ ဆီ က သူတို့ ပြန် လိုချင်တာက တကယ် မများပါဘူး ဗျာ ။ အမေ ဒီနေ့ နေကောင်းလား ထမင်း စား ပြီးပြီလား ဆိုတဲ့ ရိုးရှင်းတဲ့ စကားသံလေး ပါပဲ ”


ကိုလှဖေ ရဲ့ တရားချသံ ကြောင့် ထွန်းနိုင် ဆီ က ငိုရှိုက်သံ က ပို ကျယ်သွားတော့တယ် ။


  •••••   •••••   •••••


ကမ္ဘာ ပေါ် မှာ ရှိသော သားသမီး တိုင်း အချိန် လွန်မှ နောင်တ မရစေ လို သော ဆန္ဒ ဖြင့် ။


◾မိုးကြယ်


📖 နှလုံးသားဖြင့် စီရင်သည် 

      ( ဝတ္ထုတိုများ စုစည်းမှု )


#ကိုအောင်နိုင်ဦး


.

Saturday, October 28, 2023

ဟိုနား တစ်ခဏ ၊ သည်နား တစ်ခဏ


 

❝ ဟိုနား တစ်ခဏ ၊ သည်နား တစ်ခဏ ❞

ရှမ်းပြည်နယ် မြောက်ပိုင်း က တန့်ယန်းမြို့ တစ်ခုလုံး နေရာတိုင်း မှာ လူတွေ နဲ့ ပြည့်နေပါတယ် ။

အောင်မင်္ဂလာ ဘုန်းတော်ကြီး ကျောင်းဝင်း ထဲ မှာ လည်း လူတွေ အပြည့် ၊ တိုင်းရင်းသား လူမျိုး ပေါင်းစုံ ရဲ့ ရိုးရာ အဝတ်အစားတွေ ဝတ်ဆင်ထားကြတာမို့ ရောင်စုံ ပန်းခင်းကြီး နဲ့ တူနေတယ် ။ အစိမ်းနု ၊ အနီ ၊ ပန်းနုရောင် ၊ အနက် ၊ အဝါ ၊ လိမ္မော် ၊ အပြာနု ၊ အဝတ်အစားတွေ က သိပ် လှပတယ် ။ ပလောင် ပျိုမယ်လေးတွေ ရဲ့ ရင်ညွန့် မှာ ငွေဒင်္ဂါးပြားတွေ ဖြူစင် လင်းလက်တယ် ။ တိုင်းရင်းသူ အဘွားတွေ ပြုံးရယ်လိုက်တဲ့ အခါ ကွမ်းစား ထားတဲ့ နှုတ်ခမ်းသား နဲ့ သွားမည်းမည်း က ပနံ ရတယ် ။ မောင်းသံ ၊ ဗုံသံ ၊ လင်းကွင်းသံ စည်းချက် နဲ့ ပျောင်းပျောင်းနွဲ့နွဲ့ က နေ တဲ့ မိန်းမပျိုလေး တွေ ဖားလျား ချ ထားတဲ့ ဆံပင် က အနွဲ့ မှာ ယိမ်း နေတာ ကြည့်လို့ အင်မတန် လှ ပါတယ် ။

တန့်ယန်းမြို့ ၊ မြို့မ ဈေးကြီး တစ်လျှောက် ဗိုလ်ချုပ်လမ်း တစ်လျှောက် မြို့အဝင် လမ်းမ တစ်လျှောက် နေရာတိုင်း မှာ ဝတ်ကောင်းစားလှတွေ ဆင်မြန်း ထားတဲ့ အရွယ်စုံ တိုင်းရင်းသား ပေါင်းစုံ က ပြုံးရွှင်တဲ့ မျက်နှာ နဲ့ စောင့်ဆိုင်း နေကြတယ် ။

လူတွေ က သိပ် ကို များတယ် ။ အပေါ် က စီးပြီး ကြည့်လိုက်ရင် ခေါင်းကလေးတွေ အများကြီး ဟာ သာကူပြင် က ရောင်စုံ သာကူစေ့ကလေးတွေ လိုပဲ ။

သူတို့ ဟာ တန့်ယန်း မြို့ခံတွေ ချည်းတော့ မဟုတ်ဘူး ။ ရှမ်းပြည်နယ် ဒေသ ပေါင်းစုံ မြို့တွေ ရွာတွေ က ရောက် လာ ကြတာ ၊ ကချင်ပြည်နယ် ထဲ က အချို့တောင် ပါ သေးတယ် ။

တောင်တန်း သာသနာပြု ဆရာတော် အရှင်သုခမိန္ဒ ( ခေါ်  ) စပ်ဆုခမ်း ဇာတိမြို့ ကို ခေတ္တ ပြန် ကြွလာခိုက် ပူဇော်ဖို့ ဧည့်ပရိသတ်တွေ တန့်ယန်းမြို့ ကို ရောက် လာတာပါ ။ သူတို့ အားလုံး ရဲ့ မျက်နှာ ပေါ်မှာ ကြည်နူး ကျေနပ်မှု ကို တွေ့မြင် ရတယ် ။ ဘယာ ကြောင့် လာ စောင့်ရတာ မဟုတ်ဘဲ သဒ္ဓါ ကြောင့် လာ ကြတာ မို့ ပျော်ရွှင် နေကြတယ် ။

ဆရာတော် အရှင် သုခမိန္ဒ  ( ခ ) စပ်ဆုခမ်း သီတင်း သုံးရာ ဓမ္မဂုဏ်ရည်ရိပ်သာ ကို ရောက်ရှိ လာချိန်မှာ သွားရောက် တွေ့ဆုံပြီး ဆရာတော် ရဲ့ ဘဝ ကို မေးလျှောက်တယ် ။ လက်တော့ပ် ကွန်ပျူတာ တစ်လုံး နဲ့ အလုပ် လုပ် နေရင်း ဆရာတော် က ပြောတယ် ။

•••••   •••••   •••••

ဘုန်းဘုန်း တန့်ယန်းမြို့ အထက်တန်းကျောင်း က ခုနစ်တန်း အောင် ပြီးတော့ ရှစ်တန်း ၊ ကိုးတန်း ၊ ဆယ်တန်း ကို မေမြို့ ( ပြင်ဦးလွင် ) ကို သွားရောက် တက်တယ် ။ ပြီးတော့ မန္တလေး ဒေသကောလိပ် တက် ပါတယ် ။

ဒေသကောလိပ် မှာ ပထမနှစ် စာမေးပွဲ ဖြေ ပြီးတော့ ကျောင်း ပိတ်ရက် မှာ တန့်ယန်းမြို့ ကို ပြန် လာတယ် ။

ဘုန်းဘုန်း က ဆေးရုံ သွားပြီး လူနာ ကြည့်တာ ဝါသနာ ပါတယ် ။ ဘုန်းဘုန်း ရဲ့ ယောက်ဖ တစ်ယောက် က ဆေးရုံ မှာ ကွန်ပေါင်းဒါး ။ ကလေး ဘဝ ကတည်း က ဆေးရုံ ကို သွား ဆော့တယ် ။ ဆေးရုံ နဲ့ ရင်းနှီးတယ် ပေါ့ ။ နေ မကောင်းတဲ့ သူတွေ ကို သွား ကြည့်တယ် ။ သူတို့ လိုအပ်တာ သွား ယူ ပေးတယ် ။ ဝယ် ပေးတယ် ။ ဗိုက် နာတယ် ပြုတယ် ဆိုရင် ဆရာမတွေ သွား ပြောပေးတယ် ။

၁၉၈၀ ပြည့်နှစ် က အဲသည် နေ့ က တန့်ယန်းမြို့နယ် ဘောလုံးကွင်း မှာ ဘောလုံးပွဲ ကြည့် အပြီး ဆေးရုံ ကို ဝင် ကြည့်ဦးမယ် လို့ ဝင် လိုက်တာ ဘုန်းဘုန်း ရဲ့ သူငယ်ချင်း တစ်ယောက် ဆေးရုံ တက် နေတာ ကို သွားတွေ့တယ် ။ သူ့ နာမည် နဲ့ ဘုန်းဘုန်း နာမည် နဲ့ သိပ် မကွာဘူး ။ သူ က ကိုသန်းလွင် ၊ ဘုန်းဘုန်း က သိန်းလွင် ။

ကိုသန်းလွင် က ဝက်ရူးပြန် ရောဂါ ရှိ လို့ ခြောက်တန်း လောက် မှာ ကျောင်း ထွက် သွားပြီး ဘုန်းဘုန်း နဲ့ ကွဲ သွားတယ် ။ မတွေ့တာ လေး ငါးနှစ် ရှိပြီပေါ့ ။ သူ့ ကို တွေ့ တော့ အရိုး ပေါ်အရေတင် ဖြစ် နေပြီ ။ သူ့ ကို အားပေးပြီး ပြန်လာခဲ့တယ် ။ အဲသည် ညနေ မှာ ပဲ သူ ဆုံးသွားပြီ လို့ ဘုန်းဘုန်း သတင်း ရတယ် ။ အဲသည် အချိန် မှာ ဘုန်းဘုန်း သတိ သံဝေဂ ရ သွားတယ် ။ ဒါနဲ့ ခမည်းတော် မယ်တော် တို့ ကို ခွင့် တောင်းပြီး ဘုန်းဘုန်း ရဟန်းခံ လိုက်တယ် ။ ဘုန်းဘုန်း ရဲ့ ခမည်းတော် ဦးလှရွှေ ( ခေါ် ) စပ်မောင်လုံ က လည်း ဝိပဿနာ တရားပြ ဆရာ လုပ် နေတယ် ။ သူ့ မိတ်ဆွေ တစ်ယောက် က တန့်ယန်း က နေ မိုးကုတ် ကို ပြောင်း သွားတယ် ။ ကျောက်သူဌေး ဖြစ် သွားတယ် ။ သူ့ နာမည် က ဦးဆိုင်ဟိန်း တဲ့ ။ အဖေ က သူ့ ကို တရား အားထုတ် ဖြစ်လို့ အဖေ့ ကို ကျေးဇူး တင် ပြီး မိုးကုတ် လာ တရား ဟော ဖို့ ဖိတ်တယ် ။ အဖေ မိုးကုတ် သွားတော့ ဆရာ ကို ပူဇော်တဲ့ အနေနဲ့ တန်ဖိုး ကြီး တဲ့ ကျောက် တစ်ပွင့် လက်ဆောင် ပေးတယ် ။ သည် ကျောက် က တန်ဖိုးကြီးတဲ့ အရာ မယူပါရစေ နဲ့ ဆိုတော့ ဘာ လိုအပ်သလဲ မေးတယ် ။ အဖေ က သူ တရားရိပ်သာ ဖွင့် ချင်တယ် ။ ဓမ္မာရုံ  မရှိဘူး ဆိုတော့ ၊ အဖေ့ သူငယ်ချင်း က ဆောက် လှူတယ် ။ ရိပ်သာ က တရားဂုဏ် ကြောင့် ဖြစ် လာလို့ ဓမ္မဂုဏ်ရည်ရိပ်သာ ။

ဘုန်းဘုန်း ရဟန်း ပြု တာက တန်ဆောင်မုန်းလ ။ အဲသည် နှစ် နွေရာသီ မှာ တန့်ယန်းမြို့ မီးလောင်တယ် ။ အမေ့ အိမ် တော့ မပါဘူး ။ ဒါပေမဲ့ သူငယ်ချင်းတွေ ရဲ့ အိမ် တော့ ပါ သွားတယ် ။ အမေ က အရှင်ဘုရား ရဲ့ အဝတ်အစားတွေ ဘာ လုပ်မှာလဲ တဲ့ ။ သူငယ်ချင်းတွေ ကို အကုန်လုံး စွန့် လိုက်ပါ ပြောလိုက်တယ် ။

ရဟန်း ငါးဝါ ရတော့ အမေ က မေးတယ် ။ ဘုန်းကြီး ဆက် ဝတ် မှာလား ။ လူ ထွက် မှာလားပေါ့ ။ လူ ထွက်မယ် ဆိုရင် လည်း အမေ က ကိုယ့် သား မို့ ကျွေးမွေး ထားမှာပဲ တဲ့ ။ ရဟန်း ပဲ ဆက်ပြုမယ့် အကြောင်း ပြောလိုက် ပါတယ် ။

ဘုန်းကြီး ဝတ်မယ် ဆိုတော့ လောကုတ္တရာ စာ မတတ်လို့ မရဘူးလေ ။ ညောင်ရွှေ ရွှေဂူ စာသင်တိုက် မှာ ခြောက်နှစ် ပရိယတ္တိ စာပေ ဆည်းပူးပြီး ပထမကြီးတန်း အောင်တယ် ။ နောက် ရန်ကုန် နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ် ဆက် တက်တယ် ။ သာသနာ့ တက္ကသိုလ် ဓမ္မာစရိယ BA ( Buddhism ) ဘွဲ့ ရတယ် ။ ဒေါက်တာ ဓမ္မသာမိ က အမြင် ကျယ် သွားအောင် ဆိုပြီး သီရိလင်္ကာ နိုင်ငံ ကေလဏီလျ တက္ကသိုလ် ဆက် တက်ဖို့ စီစဉ်ပေးတယ် ။ MA ဘွဲ့ ရတယ် ။ ၂ဝဝဝ ပြည့်နှစ် မှာ သီရိလင်္ကာ က ပြန်လာခဲ့ပြီး နိုင်ငံတော် ပရိယတ္တိ တက္ကသိုလ် က တက္ကသီလ မဟာ ဓမ္မာစရိယ MA ( Buddhism ) ဘွဲ့  ထပ်ရတယ် ။

ဒေါက်တာ ဓမ္မသာမိ က ဘုန်းဘုန်း ကို အောက်စဖို့ဒ် တက္ကသိုလ် မှာ Ph.D ဘွဲ့ ဆက် တက်ဖို့ အကုန် စီစဉ် ပေးတယ် ။ ဘုန်းဘုန်း က ရှမ်းပြည်နယ် အနှံ့ နဲ့ ကချင်ပြည်နယ် မှာ တရား ဟောပြီး ဝိပဿနာ တရားပြသ ပေးနေတယ် ။ ဒါက အရှိန် ရခါစ ပရိသတ် က မျှော်လင့် နေကြတဲ့ အချိန်မှာ ဘုန်းဘုန်း က Ph.D တက် ဖို့ ထွက်သွား ရ မှာ သူတို့ ကို သနားမိတယ် ။

ဘွဲ့ နဲ့ ပတ်သက်ပြီး လုပ်ခဲ့တဲ့ အတွေ့အကြုံ က ရှိပြီးသား ကူညီမယ့် သူငယ်ချင်း တွေ လည်း အများကြီး ရှိတယ် ။ Ph.D လုပ်မယ် ဆိုရင် ပြီးသွား နိုင်တယ် ။ ကိုယ် ကိုယ်တိုင် က ထက်ထက်မြက်မြက် ရှိမှပဲ Ph.D လုပ် ချင်တယ် ။ ကိုယ် ရတဲ့ ဘွဲ့ ကို ကိုယ် တတ်တဲ့ ပညာ နဲ့ Level ( အဆင့်အတန်း ) ညီအောင်တော့ လုပ်ရမှာပေါ့ ။ ဘွဲ့ တော့ရပြီး ကိုယ် က quality ( အရည်အချင်း ) မမီဘူး ဆိုတာမျိုး လည်း မဖြစ်စေ ချင်ဘူး ။

ဘုန်းဘုန်း ကို “ ဟိုနား တစ်ခဏ ၊ ဒီနား တစ်ခဏ ၊ အရှင်သုခမိန္ဒ ” ဆိုပြီး ပြောကြတယ် ။ ဘုန်းဘုန်း က တစ်နေရာ မှာ သုံး လေး ရက် ပဲ နေတာများတယ် ။ မူဆယ် မှာ ကျောင်း ထိုင်တယ် ဆိုပေမယ့် လည်း နာမည် လောက်ပဲ ။ ဆရာတော် ဦးလောကနာထ ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ ' The water is pure , that flows , The monk is pure , that goes ' ဆိုတာ လက်ခံတယ် ။ ဒါကြောင့်လည်း နယ်တကာ လှည့်ပြီး တရား ပြနေတာပါ ။

အကျဉ်းထောင် ထဲ တောင် ဘုန်းဘုန်း သွားပြီး တရား ဟောခဲ့တယ် ။ သူတို့ စိတ်ဓာတ် ကို မြှင့်တင် ပေးတာပါ ။ လူ့ ဘဝ မှာ အဆိုး ထဲ က အဆိုး မဖြစ်စေနဲ့ ။ အဆိုး ထဲ က အကောင်း ဖြစ်အောင် နေတတ်ဖို့ပါပဲ ။ ထောင် ကျတယ် ဆိုရာမှာ ကိုယ့် ပစ္စုပ္ပန် ဝဋ်ကြွေး ၊ ကံ ကြောင့် လည်း ရှိမယ် ။ ရှေးအတိတ်ကံ ကြောင့် လည်း ရှိမယ် ။ အချို့လည်း ပစ္စုပ္ပန် မှာ ကိုယ် က မပါပေမယ့် သူများ ယိုးစွပ်လို့ ထောင် ကျ တာ လည်း ရှိတာပဲ ။ ရှေးက ကံကြွေး ရှိလို့ ခန္ဓာကိုယ် နဲ့ ပေးဆပ် ရသူတွေ လည်း ရှိကြောင်း ၊ ကိုယ် က မခိုးဘဲ သူခိုး ယိုးစွပ် ခံရတဲ့ ဥတ္တရသာမဏေ အကြောင်းတွေ ဘုန်းဘုန်း ဟောပြောခဲ့တယ် ။

ဘုန်းဘုန်း က တစ်နှစ်စာ ခရီးစဉ် ဆွဲတယ် ။ ဘယ်နေ့ ဘယ်မြို့ ဘယ်ရွာ ရောက်မယ် ။ ခရီး လည်း မထပ် အောင် ရောက်သင့်တဲ့ နေရာတွေ လည်း ရောက်အောင် နေရာ လည်း နှံ့အောင်ပေါ့ ။ မျှော်လင့် မထားတဲ့ အကြောင်းကိစ္စ ပေါ်လာ လို့ အစီအစဉ် ပြင်ရတာ လည်း ရှိတယ် ။ ဘဝ မှာ လည်း သည်လိုပါပဲ ၊ ရည်မှန်း ထား ပေမယ့် လိုက်လျောညီထွေ ဖြစ်အောင် ပြင် လိုက်ရတာတွေ လည်း ရှိတာ ပါပဲ ။

အလုပ် လုပ်ရာမှာ ဒါ လုပ်ရင် ဒါ ရမှာပဲ ဆိုတဲ့ မျှော်လင့်ချက်တွေ မထားဘဲ လုပ်သင့် လုပ်ထိုက်တာ ကို လုပ်တယ် ။ မျှော်လင့် မထားဘဲ အကျိုး ရလာရင် ပို ကောင်းတာပေါ့ ။ ဥပမာ ကိုယ် က တစ်ထောင် လောက် မျှော်လင့်ပြီး လုပ်တယ် ။ ရတော့ ငါးရာ ပဲ ရတယ် ။ ကိုယ့် စိတ် ထဲ မှာ ငါးရာ ရှုံးနေပြီ ။ ဘာမှ မမျှော်လင့်ဘူး ။ တစ်ပြား ရ ရင် တစ်ပြား မြတ်တာပဲ ။

◾ကျော်ရင်မြင့်

📖 ဘဝဇာတ်ခုံ အဖုံဖုံ

#ကိုအောင်နိုင်ဦး

.

တိုင်းကျော်


 ❝ တိုင်းကျော် ❞ 


စာတတ် ပေတတ် အကြင်သူမြတ် တစ်ဦး သည် တိုင်းကျော် ၏ ဘဝ ကို “ ခြေ သလုံးအိမ်တိုင် ” ဟု သမုတ်ငြားအံ့ ။ တိုင်းကျော် က ထို ဂုဏ်ထူး ကို ရာသက်ပန် ရိုးမြေကျ ရင်ဝယ် ပိုက်လိမ့်မည် ။


ထိုထက် ပို၍ ပညာရှိသူ က သူ့ အား “ ဆန်ကုန်မြေလေး ” ဟု ဘွဲ့ပေး လာမည် ဆိုလျှင် တိုင်းကျော် က ယုယမြတ်နိုးစွာ ပန်ဆင်ဦးမည် ။


ခြေဦးတည့်ရာ လျှောက်၍ သွားခြင်းသည် တိုင်းကျော် ၏ အလုပ်အကိုင် ဖြစ်၏ ။ လမ်းဘေး ရှိ တစ်နေရာရာ သည် တိုင်းကျော် ၏ အိပ်ရာ ဖြစ်၏ ။ အစား နှင့် ပါးစပ် တို့ မရှောင်သာ၍ မတော်တဆ ညားမိခြင်းသည် တိုင်းကျော် ၏ အာဟာရ ဖြစ်၏ ။ သို့သော် တိုင်းကျော် သည် အခါခပ်သိမ်း ကြောင့်ကြ ကင်းရှင်းစွာ ချမ်းသာ သုခ ပီတိ သောမနဿကလေး ကို ပုဆိုးစ နှင့် ခါးရိုးကြား မှာ ညှပ်၍ ထားနိုင်ခဲ့လေသည် ။


တိုင်းကျော် ၏ ယူဆ ယုံကြည်ချက် ဝယ် ဘဝခရီး ဆိုသည်မှာ ဧရာဝတီ မြစ်ကြီး တစ်မျိုး ပင် ဖြစ်လေသည် ။ ဒီ မြစ်ကြီး ကို မောင်တိုင်းကျော် စုန် လည်း စုန်ခဲ့ဖူးပြီ ။ ဆန် လည်း ဆန်ခဲ့ဖူးပြီ ။ ရေတိမ် လည်း တွေ့ ရ၏ ။ ရေ နက် မှာ လည်း နစ်ခဲ့ဖူး၏ ။ လောင်းလှေလေး နှင့်လည်း ကူးခတ် ဖူးသည် ။ သင်္ဘော ပထမခန်း မှာ စီး ၍ လည်း စံစားဖူးပါ၏ ။ ဝဲဂယက် မှာလည်း ချာချာလည်ခဲ့ဖူး၏ ။ သို့သော် နောက်ဆုံးတွင် လှိုင်း ၊ လေ ၊ မုန်တိုင်း တို့ ပုတ်ခတ်၍ အတောမသတ် လွင့်မျော လာခဲ့ပြီး ရန်ကုန် မှာ သောင်တင် နေလေ တော့သည် ။ တိုင်းကျော် သည် ဘဝ ခရီး ဟူသော မြစ်ကြီး ကို စုန်ရင်း ၊ ဆန်ရင်း ၊ နစ်ရင်း ၊ ပေါ်ရင်း နှင့် ၃ဝ ကျော် မျှသော နှစ်ကာလ အတောအတွင်း ဝယ် လူ ပေါင်းစုံ ကို မြည်းကြည့်ဖူး လေပြီ ။ လူလိမ် ၊ လူကောက် ၊ လူဖြောင့် ၊ လူတော် ၊ လူပျင်း ၊ လူပေါ့ ၊ လူပေါင်းစုံ တို့ ကို မြည်း ကြည့်ပြီး နောက် လူ့ လောက အတွင်း မှ ဥပဒေသ တစ်ခု ကို ရမိ၏ ။ ရွှေ ရှိသော ဘုရား မှ လူ ရိုသေကြ သတည်း ။


တိုင်းကျော် ၏ ဝတ်စားတန်ဆာ ကို စာဖွဲ့မည် ဆိုလျှင် စုတ်ပြတ် ညစ်ပေသည် ဟူသော စာလုံး ထက် ပို၍ ဖွဲ့နွဲ့ ရန် မရှိ ။ ညှိုးနွမ်းခြင်း ၊ အေးစက်ခြင်း တို့သည် တိုင်းကျော် နှင့် မကွဲမကွာ ရှိနေကြသော အမူအရာများ ဖြစ် လေသည် ။ အဓိပ္ပာယ် မရှိ ရောက်ရာ ပေါက်ရာ လျှောက် သွားချင် လည်း သွား တတ်သည် ။ လွတ်လပ်ရေး ကို တိုင်းကျော် မှ သာ ပိုင်ဆိုင်သည် ။ တိုင်းကျော် ပိုင်ဆိုင်သော လွတ်လပ်ရေး မှ တကယ့် လွတ်လပ်ရေး အစစ် ။


၂ ရက် ၃ ရက် လောက် ထမင်း မစားခြင်း မှာ မူ သူ့ အဖို့ ရိုး နေပေပြီ ။ ခံ နိုင်ရည် ရှိနေလေပြီ ။ ထမင်းနပ် မမှန်ခြင်း သည် သူ့ အဖို့ ဒုက္ခ မဟုတ် ။ ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်၏ ။ အင်း ... လူလိမ် လူကောက် တွေ ၏ ဒဏ် ကို ပြန်လှန် သတိရ လိုက်လျှင် ထမင်း မစားရခြင်း မှာ အယား ဖျောက် သလောက် သာ ရှိ ပါကလား ။


တစ်ခါ တစ်ခါ တော့ အဖေ နှင့် အမေ ကို သတိရ မိသည် ။ အဖေ သည် ညစ်ပတ် စုတ်ပဲ့သူများ က ပညာရှိ နှိပ်စက်ခြင်း ခံရ သဖြင့် သက်ဆိုး မရှည် ၊ ငယ်ငယ် နှင့် သေရ၏ ။ အမေ မှာ လည်း တိုင်းကျော် ကို လူလားမြောက် အောင် ပြုစု ရင်း ဆင်းရဲ မွဲတေပြီး သေရသည် ။ အသေ ဆိုးသော အဖေ နှင့် အမေ ကို သတိရမိ သော အခါ ထမင်း မစားရခြင်း မှာ အယား ဖျောက် သလောက် သာ ရှိပါ ကလား ။


သို့သော် တိုင်းကျော် သည် တိုင်းကျော် မျှ သာ ဖြစ်၍ ဘာ ကောင် မှ မဟုတ် ။ လောက ၏ တရားမှု ၊ မတရားမှု တို့ ကို သူ မတွန်းလှန်နိုင် ရှာ ။ သူ့ မှာ ဘာမှလဲ မရှိ ။ ရှိ ဖို့ လည်း မလို ။ လူ့ပြည် မှာ အသက် နှင့် ကိုယ် နှင့် မြဲ နေ ဖို့ သာ လိုသည် ။ ယနေ့ ထိ အသက် နှင့် ကိုယ် နှင့် မြဲ နေအောင် ဒုက္ခ အပေါင်း ကို ကျော်နင်း လာနိုင်ခဲ့ခြင်း အတွက် တိုင်းကျော် အား ချီးကျူးရ ပေသည် ။ ချီး လည်း ချီကျူးစရာပါ ကလား ။


အမှန် က တော့ ချီးကျူးဖို့ မရှိလှပါ ။ သူ သည် ဒုက္ခ အပေါင်း ကို ကျော် နင်း လာခဲ့သည် ဟု မဆိုသာပါ ။ ကျရောက် သမျှ ဘေးဒဏ် တို့ ကို အလိုက်သင့် ခေါင်းလျှို ကာ ငုံ့ ၍ ခံခဲ့ခြင်းသာ ဖြစ်ပါသည် ။ တုံးအောက် က ဖားကလေး လို အမြဲတမ်း ပြားပြားကလေး နေနိုင်ခဲ့ သဖြင့် ကနေ့ လူ့ပြည် မှာ တိုင်းကျော် ကို တွေ့ နေရခြင်း ဖြစ်လေတော့သည် ။


တိုင်းကျော် တစ်ယောက် လူ တို့ တိုင်းပြည် သို့ ဘယ်နှစ် ၊ ဘယ်လ ၊ ဘယ်ရက် ၊ ဘယ်အချိန် တွင် ဘယ် နက္ခတ် နှင့် ယှဉ်၍ ရောက်လာသည် ကို မူ ပုရောဟိတ် ဆရာကြီးများ ၏ မှတ်တမ်းတင် မခံရလေသော ကြောင့် မသိရှိ နိုင်ပါ ။ သို့သော် လွန်ခဲ့သော တစ်နှစ်ကျော် လောက် က စတင်၍ ရန်ကုန်မြေ ကို နင်းလာခဲ့ကြောင်း ကား ကျွန်တော် တထစ်ချ ပြောရဲပေသည် ။


အကြောင်းမူ ထို တစ်နှစ်ကျော် လောက် က စ၍ ကျွန်တော်တို့ အိမ် နံဘေး ရှိ ပလက်ဖောင်း ထောင့်ကွယ် သည် တိုင်းကျော် ၏ ဘုံရိပ်သာ ၊ တိုင်းကျော် ၏ အိုးအိမ် ၊ တိုင်းကျော် ၏ ဝပ်ကျင်း ဖြစ်ခဲ့သောကြောင့် ပေတည်း ။


ကျွန်တော် စတင်၍ သတိထား မိစဉ် က နေ့ခင်း ဘက် မှာ ဆိုလျှင် တိုင်းကျော် တစ်ယောက် ပျောက်၍ ပျောက်၍ သွားလေ့ ရှိသည် ။ ညဘက် ညဘက် ရောက်မှ သူ့ ဝပ်ကျင်း သို့ ပြန်လာ တတ်သည် ။ စုတ်ပြတ် ညစ်နွမ်းသော အဝတ်အစား နှင့် မောဟိုက် ကုန်ခန်းသော အမူအရာ ကို အမြဲ မြင်တွေ့ ရသည် ။ စိတ်ကူး ရသည့် အခါ သူ့ လက်ထဲ သို့ ပိုက်ဆံ တစ်မတ် ၊ ငါးမူး လောက် ထည့် ပေး လိုက်မိ၏ ။ ထိုအခါ ကျွန်တော့် အား တစ်မတ် ၊ ငါးမူးဖိုး မက ကြာအောင် စိုက် ကြည့်ပြီး “ ကျေးဇူး တင်သဗျာ ” ဟု လေးတွဲ့တွဲ့ကြီး ပြော တတ်လေသည် ။


တစ်ခါသော် ကျွန်တော်တို့ ရပ်ကွက် အနီးဝယ် တစ်ဦးသော ဂုဏ်ရှိ ၊ ပါဝါရှိ ၊ မျက်နှာရှိ အကုန် ရှိသော သူဌေးကြီး တစ်ဦး က အပြောကျယ် လှသော မဏ္ဍပ်ကြီး တစ်ခု ထိုး၍ လာသမျှ အယုတ် အလတ် အမြတ်မရွေး စတုဒိသာ ကြီး တစ်ခု ကျွေး လေသည် ။ စတုဒိသာ ဟူသည် ဘာမျှ မရှိသော တိုင်းကျော် တို့ လို လမ်းဘေး နေ သတ္တဝါများ အတွက် နတ်ရေကန်ကြီး ဖြစ်လေ သတည်း ။


သို့သော် ငတ်ခြင်းဖြင့် အရင်း တည်၍ လူ့ပြည် တစ်ရိုး ကို ဒိုးယိုပေါက် လျှောက် ခဲ့သော တိုင်းကျော် က စတုဒိသာ ဖြစ်ဖြစ် အလှူ ဖြစ်ဖြစ် သူတို့ လို မရှိ ဆင်းရဲသားများ ကို ကျွေးမွေး လှူဒါန်းခြင်း သည် စေတနာ သက်သက် ဖြင့် လုပ်လေ့လုပ်ထ မရှိဘဲ ဘာကြောင့် ၊ ညာကြောင့် ၊ ဘာလိုလို ၊ ညာလိုလို ဟူသော နောက်ကွယ် ရည်ရွယ်ချက်များ ခပ်များများ ရှိတတ်ကြောင်း အတပ် သိ နေ ပေပြီ ။


မည်သို့ ဖြစ်စေ သတ္တဝါ တစ်ကောင် မျှ သာ ဖြစ်ရှာသော တိုင်းကျော် မှာ အစာ တွေ့ လျှင် စားရမည် ၊ အိပ်ချိန် ရောက်လျှင် အိပ်ရမည် ဟူသော သတ္တဝါ ၏ အသိလေး တစ်ခု ရှိနေသေးရကား အချိန် နှောင့်နှေး မနေဘဲ နံနက်စာ စာ ရန် စတုဒိသာ ဘက် သို့ ခြေလှမ်း သွက်သွက်ဖြင့် ထွက်ခွာ လာ ခဲ့လေတော့သည် ။


မဏ္ဍပ်ကြီး အတွင်း ၌ တိုင်းကျော် တို့ လို လမ်းဘေး နေ မင်းပရိသတ် ဖြင့် ပြည့်ကျပ်လျက် ရှိလေသည် ။ သူ သည် ဘဝတူများ ၏ အကြား သို့ ဝင် ရောက် ထိုင်လိုက်၏ ။ ရွှေပွဲလာ သူတောင်းစားများ ၊ ကု,လားအကျိုးအပဲ့များ ဘိန်းစားမင်းတြားကြီးများ တို့ သည် ‘ ဖျာကြမ်း ’ နေရာမြတ် ပေါ်ဝယ် ဒန် ပန်းကန် ထဲ သို့ ထည့် လာသော ဒန်ပေါက် မမည် ၊ ခွေးစာ မက စကောစက အမြိန်အရသာ တို့ ကို ခြေကန်၍ လွေးနေကြလေ သတည်း ။


တိုင်းကျော် ရှေ့ က ဒန်ပန်းကန် ထဲ သို့ ဆန်လုံးညို ထမင်း ကျ လာ၏ ။ နောက် ပဲဖတ် ၊ အာလူးဖတ် ၊ အမဲသား ၊ ကြက်ရိုး ၊ ဝက်ခေါက် စသည်ဖြင့် အမယ် စုံလင်လှ အနံ့ စုံလင်လှသော ဟင်းလျာ လည်း တစ်ပြိုင် ထဲ လို ကျလာ လေသည် ။ အငွေ့ က တထောင်းထောင်း ၊ စားလို့တော့ အကောင်းသား ။


ဆာနေသော တိုင်းကျော် သည် ဗိုက်ရိုက် သွတ် လေတော့သည် ။ ထမင်း ရော ၊ ဟင်း ရော ၊ တစ်ပန်းကန် ပြီး တစ်ပန်းကန် ကုန် သွား၏ ။ ၃ - ၄ ပန်းကန် ကုန်သော အခါ အိုးသူကြီး ဖြစ်ဟန် တူသူက တိုင်းကျော် ကို အလုံး အရပ် ရှိ သဖြင့် သူ့ ကို မြင်လိုက် လျှင် ပင် တိုင်းကျော် ခမျာ ပု ဝင် သွားလေ သည် ။ အဆာ လည်း မပြေသေး သဖြင့် မရဲတရဲ စား နေရလေသည် ။


အိုးသူကြီး ၏ အသား ကား မီးသွေး ကဲ့သို့ မည်းသည့် အပြင် ဝက်ဆီများ ပေကျံ နေသဖြင့် ဝင်းလက် ချောပြောင်၍ နေသေးသည် ။ မောက်သော နဖူး ၊ ပြဲဟသော ပါးစပ် ၊ ကျဉ်းမြောင်း စူးရှလှသော မျက်ပေါက် မျက်လုံးများ ၊ ကျွဲလို ကြံ့ခိုင်သော ကိုယ်လုံးကြီးများ ဖြင့် သခင် အားရ ကျွန်ပါးဝ မည့် သူမျိုး ဖြစ်ကြောင်း တိုင်းကျော် မြင်ရုံနှင့် သိလိုက်ပေသည် ။ သူ့ ကို အာရုံ ထား နေရ၍ ဝလုလု အရှိ တွင် မပြီးချင် ပြီးကာ ရေ တစ်ခွက် သောက်၍ ဝပ် ကျင်း ရှိရာသို့ ပြန်လာခဲ့ရလေတော့သည် ။


ထိုနေ့ နေခပ်မြင့်မြင့် အချိန်လောက် က စပြီး ညနေ နေစောင်း သည့် တိုင် တိုင်းကျော် တစ်ယောက် သူ့ နေရာကလေး ဝယ် နံရံ ကို ခြေကန်ရင်း နေကုန်နေခန်း အိပ် နေသည် ကို တွေ့ ရ သဖြင့် အစ ပထမ အကြောင်းရင်း မတွေးမိသော ကျွန်တော့် မှာ အဖြေ ရှာလို့ မရ ။ ပြီးမှ စတုဒိသာ က ဗိုက်ရိုက် စား လာမှန်း သတိ ရ ကာ မိမိ ဘာသာ ပြုံးမိရတော့သည် ။ ကျွန်တော့် အဖို့ ဆေးတက္ကသိုလ် နောက်ဆုံးနှစ် သင်တန်း စာမေးပွဲ ကို ဖြေဆိုရတော့မည် ဖြစ်သောကြောင့် ဘယ်မှ မသွားအားဘဲ နေ့ရော ညပါ စာကျက် နေရလေပြီ ။ ထို့ကြောင့် ဦးတိုင်းကျော်ကြီး အား မျက်ချေမပြတ် မြင်နေရခြင်း ဖြစ်ပေသည် ။ ညနေ ဘက် အိပ်ရာ မှ နိုးအလာ တွင် မျက်နှာသစ် လေ့ မရှိသော တိုင်းကျော် သည် လူးလဲ ၍ ထ၏ ။ လုံချည်ဝတ်လွှာ အဖိုးတန် ရတနာ ကို ဖုတ်ဖက်ခါ၏ ။ ထို့နောက် ညစာ အလို့ငှာ စတုဒိသာ ဆီ သို့ လှမ်းကြွ ရှာလေ သတည်း ။


မဏ္ဍပ်တွင်းဝယ် တိုင်းကျော် လို “ လူကြီးလူကောင်း ” များ အပြည့် အကြပ် ရောက်နှင့် လေပြီ ၊ စားနှင့် လေပြီ ။ သူတို့ ကို မြင်လျှင်ပင် ပို၍ ဆာ လာပြီး သူတို့ ကြား တိုးဝင်ကာ မနက် က လို ဖျာစုတ် နေရာမြတ် ပေါ်သို့ ထိုင် လိုက်၏ ။ သူ့ ရှေ့ မှ ဒန်ပန်းကန် ထဲ သို့ ထမင်း နှင့် ဟင်း ကျ အလာ ကို စောင့်ရင်း ရွှင်ပျသော နှလုံး ၊ ချိုပြုံးသော မျက်နှာ ဖြင့် ဝဲယာ သို့ လှည့်ပတ် ကာ မိတ်ဆွေ သင်္ဂဟများ ကို နှုတ်ဆက် လိုက်ရ သေးသည် ။ ဝက်ရိုး တစ်ခု ကို အားရ ပါးရ ကိုက် နေသော တရုတ် ဘိန်းစားကြီး ‘ အင်ထိုင် ’ ၊ ဆိတ်သားတုံးကြီး ကို ကုန်း၍ ဝါး နေသော ကု,လား အဖိုးကြီး ‘ ပဒယား ’  ၊ ဆိုက်ကား မောင်ကြည် ၊ ကနေ့ ညနေဘက် မှ တိုင်းကျော် အသိ မိတ်ဆွေများ နှင့် စုံစုံညီညီ တွေ့ရပေ တော့သည် ။ 


ထိုအခိုက်  ...


“ ဟေ့ကောင် ... ဘာလာ လုပ်ပြန်တာလဲ ” 


အိုးသူကြီး ၏ အသံမာကြီး ကြောင့် တိုင်းကျော် မှာ လန့်၍ သွားမိလေ သည် ။ မော့ ကြည့်လိုက် မှ မိမိ အား မေး နေကြာင်း တွေ့ရ၍ 


“ ထမင်း စားမလို့ပါ ခင်ဗျာ ” 


“ အံမာ မင်း စားပြီးသား မဟုတ်လား ”


“ မဟုတ်သေးပါဘူး  ... ခုပဲ ရောက်ပါတယ် ”


“ ငါ့ ကို များ ညာ သေးတယ် ၊ မင့် ပန်းကန် ထဲ ငါ ပဲ ထမင်းတွေ ဟင်းတွေ ထည့်ပေးတဲ့ ဟာ ” 


“ ဒါက မနက် က ပါ ခင်ဗျာ ”


“ အေး တစ်ခါ စားပြီးရင် တော်ပြီ ”


“ ဟင် ... သူများတွေ တော့ မနက် ရော ည ပါ ” 


“ သူများ ကျွေးတာ ကျွေးတာပေါ့ ကွ ” 


“ ကျွန်တော်က စတုဒိသာ ဆိုတော့ ဘယ်လို စားစား စား နိုင်တယ် ထင် လို့ပါ ” 


“ အံမာ ... မင်း တယ် လျှာရှည်တဲ့ ကောင်ပါလား ၊ မင့် ပြောရတာ လေ ကုန်တယ်ဟေ့ ၊ ဒီမယ် စတုဒိသာ ပေမဲ့ ဒိသာ ချင်တဲ့ လူ မှ ဒိသာ မယ် ၊ ကဲ သိပလား ၊ သွားကွာ သွားစမ်း ရှုပ် မနေစမ်းနဲ့ ” 


အိုးသူကြီး သည် ပြောပြောဆိုဆို သူ့ ရှေ့ မှ ပန်းကန် ကို သိမ်းယူ သွား ၏ ။ ဦးတိုင်းကျော် မဟာ အရှက်တော် ကွဲ လေပြီ တကား ။ ယခုလို အသိတွေ နှင့် ဆုံဆည်းချိန် ကျ ကာ မှ အနှင် ခံရသဖြင့် ရှက် လည်း ရှက် ၊ ဒေါသ လည်း ထွက် ကာ ခေါင်း ကို ငုံ့ပြီး ခပ်သုတ်သုတ် ပြန် လာခဲ့ရလေတော့သည် ။


ကျွန်ပါးဝ သော အိုးသူကြီး ကြောင့် တိုင်းကျော် မှာ ဒေါသ မထွက်စဖူး ထွက် ရလေပြီ ။ မနက် က စား မိသော ထမင်း အတွက်ပင် ကျေးဇူး မတင် တော့ ၊ ကျေးဇူး မတင်မိရုံ မက “ ဒိသာ ချင် မှ ဒိသာမယ် ” ဆိုသော အိုးသူကြီး ၏ စကားသံလေး သည် ပိုက်ဆံ ထား စရာ မရှိ သူတို့ ၏ မူ မမှန်သော စေတနာ ကို ဖော်ပြနေသည် ဟု တိုင်းကျော် ယုံကြည်မိ လေသည် ။


“ ဟာ ... သူဌေးမင်း က တော့ ဗျာ ၊ လှူတဲ့ တန်းတဲ့ နေရာမှာ ၂ ယောက် မရှိပါဘူး ။ နှိုင်းကောင်းမယ် သာ ဆိုရင် ဝေဿန္တရာ လက်သစ် ပါပဲ ၊ အံ့မခန်း ပါပဲ ”


“ စတုဒိသာကြီး ကျွေးထားတာ ဗျာ ၁၂ရာသီ ပါ ပဲ ၊ နည်းတဲ့ စရိတ် ၊ နည်းတဲ့ စေတနာ လား ”


“ ကုသိုလ်ဒါန နဲ့ ပတ်သက် ရင် ဒီလို သူဌေးမျိုး ကြုံဘူးပေါ င်ဗျာ ၊ ရှာမှ ရှားပါပဲ ” အစ ရှိသော အရပ် ထဲ က ပြောကြ ဆိုကြသည့် စကားသံများ ကို တိုင်းကျော် ကြားယောင်လာ မိလေသည် ။ ကြားယောင် မိ လျှင် ပင် ‘ ထွီ ’ ခနဲ တံတွေး လှည့်၍ ထွေး လိုက်မိ၏ ။


“ ရက်ရောသည် ” 


“ ကုသိုလ်ကောင်းမှု ပြုသည် ”


“ ဘာသာရေး ကိုင်းရှိုင်းသည် ” ဟူသော နာမဝိသေသန ကို ခုတုံး လုပ် ကာ ထို ပုဂ္ဂိုလ်မျိုး သည် အဘယ် မည်သော လောကီ ထွက်ရပ်လမ်း သို့ ကြွမြန်း တတ်သည် ကို တိုင်းကျော် မြင်ဖူးပေါင်း များ လှလေပြီ ။ တိုင်းကျော် သည် လူတွေ ၏ ဟန်ဆောင်မှု ၊ အပေါ်ယံ ဗန်းပြကောင်းမှု ၊ ကောင်းသတင်း ကို ငွေ နှင့် ဝယ်ပြီး ထို ကောင်းသတင်း ကို ခုတုံး လုပ် လိုက်လျှင် ...


“ ဟဲ့ မသာ ၊ အလောင်းလှလှ မသေချင်ဘူး ထင်တယ် ” စိတ် ထဲ တွင် မကျေမနပ် ဖြစ်မိ တိုင်း ဒေါတပွပွ နှင့် တွေးမိ တွေးရာ တွေး၍ တစ်လှမ်းချင်း လှမ်းလာခဲ့ရာ မှ လမ်းမ အကူး တွင် ဘတ်စကား တစ်စီး က တိုက်မိ မလို ဖြစ်သွားခြင်း ကြောင့် အလွန် ယဉ်ကျေး သိမ်မွေ့စွာ နှုတ်ခွန်း ဆက် လိုက်သည့် ဒရိုင်ဘာ ၏ အသံ ဖြစ်လေသည် ။ တိုင်းကျော်လည်း ရုတ်တရက် ဆိုသော် လန့်သွားပြီး မှ တစ်ဖန် ဒေါသ ထွက်ထွက်နှင့် လက်သီး ဆုပ် အံကြိတ်ကာ မကျေမချမ်း ကြည့်ရုံ သာ ကြည့် နိုင်ပြီး ဆက်လက် လျှောက်၍ လာခဲ့ရ၏ ။


ဒီလိုနှင့် မှောင်ရီရီကလေး တွင် တိုင်းကျော် တစ်ယောက် ကျွန်တော် တို့ အိမ် နံဘေး ရှိ သူ့နေရာ ဝပ်ကျင်းကလေး သို့ ပြန်လည် ရောက်ရှိလာ လေ သည် ။ ဒေါသ မထွက်စဖူး ထွက်၍ အဖျား တက်သည့် ပမာ တစ်ကိုယ်လုံး လည်း ဆတ်ဆတ် တုန် ၍ နေ၏ ။ ထိုအချိန်တွင် ဘယ်တုန်း က မျှ မဟောင် ခဲ့ ဖူးသော ခွေးလေမကလေး က ဆီးထည့်၍ တိုင်းကျော် ကို နှုတ်ဆက် လေ သည် ။ တိုင်းကျော် က နီးရာ ခဲ တစ်လုံး ကို ကောက်၍ ပေါက်သည့် တိုင်အောင် ရုတ်တရက် မပြေး ၊ ဟောင်၍ နေ သေး၏ ။ လည်ပင်း ကို ဆတ်ခနဲ မှန်အောင် နောက် တစ်ချက် ပေါက် မှ ထွက်ပြေး လေသည် ။


ခွေးလေမကလေး ပြေး သွားပြီး ရှေ့ဆင့် နောက်ဆင့် ပင် ကလေး ၃ - ၄ ယောက် ဝိုင်း လာကာ တိုင်းကျော် ကို အထူးအဆန်း သတ္တဝါ သဖွယ် ဝိုင်း၍ ကြည့်ကြ ပြန်၏ ။ အမှန်အားဖြင့် မူ တိုင်းကျော် ကို ဒီ ရပ်ကွက် ဒီ နေရာ မြင်ရ၍ ရိုး နေပေပြီ ။ ခုတစ်ခါ မှ ခွေး နှင့် ကလေး က ဝိုင်း ၍ ကြည့်ကြ ဟောင်ကြခြင်း ကား တိုင်းကျော် မူ ပျက်၍ ပင် ဖြစ်တန်ရာသည် ။ တိုင်းကျော် မူ ပျက်သည် ဟု ဆိုလျှင် ခိုး၍ ၊ တိုက်၍ လာခြင်းကား မဟုတ် ၊ ဒေါသအိုး ကွဲ လာခြင်းပင်တည်း ။


တိုင်းကျော် ကား စိတ် မရှည်တော့ပါ ။


ဟဲ့ ကလေးတွေ သွားသွား ... ၊ ဘာ လာလုပ်တာလဲ ဟု မျက်နှာထား နှင့် ငေါက်ရုံ မက ရိုက်မလို ၊ ပုတ်မလို လုပ်ကာ မှ ကလေးတွေ လည်း ထွက်ပြေးကြ လေသည် ။ ကလေးတွေ ထွက်ပြေး သွား၍ တုံးလုံး ပက်လက် လှဲ တော့မည် ပြုစဉ် စောစောက ဟောင် လာသော ခွေးလေမကလေး သည် ဘယ်က ဘယ်သို့ တစ်ပတ် ပြန် ကြော့လာသည် မသိ ၊ တိုင်းကျော် ကို သေသေချာ ကြည့် ကာ တဝုတ်ဝုတ် ဟောင် နေလေတော့သည် ။ တိုင်းကျော် သည် ခဲ တစ်လုံး ထပ်မံ ကောက် ယူပြီး “ တယ် ဒီ မအေ - တဲ့ ခွေးမ ၊ ကဲ ... ကဲဟာ ” ဟု ပေါက်ကာ ဒေါသအိုးကြီး စတင် ကွဲပါလေတော့ သတည်း ။


အစ ပထမ သော် ကျွန်တော် လည်း စာ ကျက် နေရာမှ တိုင်းကျော် တစ်ယောက် မဆဲစဖူး ခွေးမလေး ကို ဆဲသည် ဟု ထင်မိ၏ ။ သို့သော် ခွေးဟောင်သံ စဲ သွား၍ အတော် ကြာသည့် တိုင် တိုင်းကျော် ဆဲ နေတုန်း ဖြစ်ရာ ဘယ်တုန်းကမျှ မဆဲစဖူးသော တိုင်းကျော် အတွက် အထူးအဆန်း ဖြစ်နေ သဖြင့် နားထောင် မိ ပါတော့သည် ။


ဟုတ်၏ ၊ မှန်၏ ၊ တိုင်းကျော် တစ်ယောက် ခွေးမလေး ကို မဆဲ တော့ဘဲ အခြား သူ တစ်ဦးဦး ကို ရည်စူး၍ တစ်တစ်ခွခွ ဆဲ နေလေပြီ ။ မည်သူ့ အား နည်း ၊ အရပ်လူကြီး ဦးဘတုတ် ကို လော မဟုတ်ပါ ။ သူ ၏ ဆဲသံ ထဲ ဝယ် နာကျည်းသံ လည်း တုန်တုန်ယင်ယင် နှင့် ဖုံးလွှမ်း နေ သေး၏ ။ နောက်ကြောင်းပြန် ၍ ဆဲနေခြင်း ဖြစ်ပေသည် ။ သူ့ အဖေ ကို မတရား နှိပ်စက်သ,တ်ဖြတ်ခဲ့ကြသူများ ဟု ဆဲ၏ ။ ကျွန်တော် ပင်လျှင် စာအုပ် ကို ပိတ်၍ ထထည့်ပြီး ကြည့်မိရာ တိုက်နံရံ ကို မှီ၍ စိမ်ပြေ နပြေ ဆဲ နေသော တိုင်းကျော် ကို တွေ့ ရ၏ ။ ပါးစပ်ကသာ ဆဲ နေသော်လည်း ကိုယ်လက် တို့ ဖြင့် ရန် မူ မည့် အရိပ်အရောင် မပါ ပါ ။


ကျယ်ကျယ်လောင်လောင် ဆဲလိုက် ၊ လေသံ ကို နှိမ့်၍ ဆဲလိုက် နှင့် သူ ငယ်စဉ်က စ၍ သိခဲ့ရသော မတရားမှုများ ၊ မတရားသော လူယုတ်မာများ ကို တိုင်းကျော် ဆဲ နေခြင်း ဖြစ်ပေသည် ။ ကျွန်တော် လည်း တိုင်းကျော် ၏ ဆဲဆိုမှု သည် တရားနည်းလမ်း ကျ၏ ဟု ထင်မိ သွားသည် ။ ထို့နောက် စာ ကြည့်စားပွဲ ပြန် လာကာ စာ ကို ဆက်လက်၍ ကြည့်ရသည် ။ 


တိုင်းကျော် ကား ဆဲ၍ ကောင်းတုန်း ။


ကျွန်တော့် မှာ လည်း စာ ထဲ စိတ် က တစ်ဝက် ရောက် လိုက် တိုင်းကျော် ထံ တစ်ဝက် ရောက် သွားလိုက် နှင့် ဖြစ်နေ၏ ။ ရေဒီယို တစ်လုံး ဖွင့်ထား သည့် ပမာ တိုင်းကျော် ခမျာ ရာဇဝင် နှင့် ချီ၍ ဆဲ နေလေ တော့သည် ။ သူ့ အမေ ဆင်းရဲပလဲ ဘဝ တွင် မဟားတရား လုပ်ခဲ့သူများ အကြောင်း လည်း ပါ၏ ။ အခြား ကျွန်တော် မကြားဖူးသော နာမည် တွေ လည်း ပါ သေးသည် ။ 


အချိန်ကား တရွေ့ရွေ့ နှင့် ညဉ့်နက် လာလေပြီ ။ တိုင်းကျော် ကား ဆဲ၍ ကောင်းတုန်း ။ လည်ပတ်ရာ မှ ပြန် လာသော ကာလသား ၃ - ၄ ယောက် တို့ သည် တိုင်းကျော် ကို ဝိုင်း၍ ကြည့်ကြ၏ ။ တိုင်းကျော် ကား သူတို့ ကို ဂရုမစိုက် ၊ အစီအစဉ် အရ ဆက်လက် ဆဲ နေလေသည် ။ ကျွန်တော် သည် ဒီကောင်တွေ ဘာများ လုပ်ကြမလို့လဲ ဟု လှမ်း၍ ကြည့်မိ၏ ။ တစ်ယောက် က “ လာပါကွာ စိတ် မနှံဘူးနဲ့ တူတယ် ” ဟု လက်တို့ ခေါ် သဖြင့် ကျန်လူများ လည်း ထွက်ခွာ သွားကြလေသည် ။


တိုင်းကျော် ကား အရှိန်ရရ ဆဲ၍ ကောင်းတုန်း ။


ကျွန်တော် သည် ည နာရီပြန် တစ်ချက်ခွဲ တွင် နံနက် ၄ နာရီ နှိုးစက် ထားပြီး အိပ်ရာ ဝင်၏ ။ ကျွန်တော် အိပ်ရာ ဝင်သည့် တိုင် တိုင်းကျော် မှာ တိုး တိုးသက်သာ ဆဲနေတုန်း ဖြစ်လေသည် ။ ဒါလောက် ဆဲ လှတာ ကျွန်တော် အိပ်ပျော် နေတုန်း ရဲသား တစ်ယောက် ယောက် က ဖမ်းသွားမှာ ပဲ ဟု ယူဆ ယုံကြည်မိ၏ ။ ဖမ်း သွားလည်း ကျွန်တော် ဘာမျှ မကာကွယ်နိုင် ။ စဉ်းစား ရင်း အိပ်ပျော် သွားပြီး နံနက် ၄ နာရီ ဝယ် နာရီနှိုးစက် က နှိုး၍ ကျွန်တော် နိုးလာ လေသည် ။ အိပ်ရာ မှ နိုးနိုးချင်း ပထမဦးဆုံး ကြက်တွန်သံ နှင့် ကျီးအာသံ ကို မကြားရ ၊ တိုင်းကျော် ၏ မင်္ဂလာ အဖြာဖြာ နှင့် ပြည့်စုံသော ဆဲသံ ကို ကြား ရပါလေသည် ။


ယခု ထိ မအိပ် မနေ ဆဲနေနိုင် သေးသည် ကို လည်း အံ့သြမိ၏ ။ ထို့နောက် မျက်နှာ သစ်ပြီး စာအုပ် ဖွင့်၍ စာ ကျက်မိရာ စိတ် မှာ စာအုပ် ထဲ တစ်ဝက် ၊ တိုင်းကျော် ဆီ တစ်ဝက် ရောက် နေပြန်သည် ။ တိုင်းကျော် ၏ ဆဲသံ ၊ ဆိုသံ တို့ ကို နားထောင်ရင်း ဗဟုသုတ ပင် ရလာ၏ ။ နောက်ကြောင်း ချီ၍ ရာဇဝင် ပြန် လှန်သော ညစ်ပတ် ယုတ်မာသူများ ၏ ဇာတ်ကြောင်း ကို စီကာ စဉ်ကာ ဆဲ နေသောကြောင့် ဖြစ်လေသည် ။


နံနက်စောစော ပဲပြုတ်သည်များ ၏ အသံ သည် တိုင်းကျော် ၏ ဆဲသံ ကို မဖုံးလွှမ်းနိုင် ။ နေထွက် တစ်ပြူ တွင် နား မခံသာနိုင်ဟန် တူသော ရပ်ကွက် လူထု သည် တုတ် ၊ ဓား ကိုယ်စီ ဆွဲ၍ တိုင်းကျော် အနီး သို့ ဝိုင်း လာကြလေသည် ။ တိုင်းကျော် က သူတို့ ကို ဂရုမစိုက် အရှိန်ရရ ဆဲ နေတုန်းပင် ။


သို့သော် ကျွန်တော် မနေနိုင်တော့ပါ ။ သူတို့ တွေ ဝိုင်း ရိုက်ကြ လျှင် ခွေးလေ တစ်ကောင် ကို ဝိုင်းရိုက် သလို အသေတောင် ဖြောင့်အောင် သေနိုင် မည် မဟုတ် ။ ထို့ကြောင့် လူအုပ်ကြီး ရှေ့ သွား၍ ခါးထောက် ကာ ကျားကျားယားယား ရပ်ရင်း


“ ဒီမယ် ၊ ဒီမယ် နေကြပါဦး ... ၊ ခင်ဗျားတို့ သူ့ ကို ရိုက်လို့ ဘာများ အမြတ်ထွက် မှာလဲ ၊ ဘယ်လောက်များ အရသာ ရှိမှာလဲ ၊ ခွေးလေ တစ်ကောင် ရိုက် သလို နေမှာပဲ မဟုတ်လား ၊ သူ လမ်းဘေး မှာ ငတ်ပြတ် နေ တုန်းက ခင်ဗျားတို့ အိတ် ထဲ က ဘယ်သူ ပိုက်ဆံ တစ်မတ် ထုတ် ပေးဖို့ စိတ်ကူး မိကြရဲ့လား ၊ စေတနာ တစ်မတ်ဖိုး မရှိတဲ့ လူ တစ်ယောက် ကို ဒေါသ လည်း တစ်မတ်ဖိုး မှ မထွက်ချင်ကြပါနဲ့ ဗျာ ၊ ပြီးတော့ သူ ဆဲတာ က ခင်ဗျား တို့ ကျွန်တော်တို့ ကို မဟုတ်ပါဘူး ၊ သူ နဲ့ ပတ်သက်တဲ့ လူတွေ ၊ သူ့ ကို နှိပ် စက်တဲ့ လူတွေ ကို ဆဲ တာပဲ ၊ နောက်ပြီး သူ့ အဖို့ ရာ ဆဲ ရုံ ထက် ဘာမှလဲ မတတ်နိုင် ၊ ဘာမှလဲ ကိုယ်ထိ လက်ရောက် မလုပ်နိုင်ဘူးဆိုတာ ကျွန်တော် ပြောရဲပါတယ် ”


ဤနေရာ ၌ စကား ညှပ်၍ ပြောလိုသည် ကား ရပ်ကွက် လူထု နှင့် ကျွန်တော် ၏ အကြောင်း ဖြစ်၏ ။ ကျွန်တော် သည် ကစားခုန်စား ဝါသနာ ပါသည့် အလျောက် စက်သူဌေး ဦးစံဖြိုး ၏ ကပ်ဖလားကြီး ၃ နှစ် တိတိ ကျွန်တော် တို့ အရပ် က ဆက်လက် သိမ်းပိုက် ထားနိုင်အောင် ဘောလုံးသင်း ကို ဦးဆောင် ဖွဲ့စည်း ကာ ကြိုးပမ်းထားခဲ့ ဖူး သဖြင့် ရပ်ထဲ ရွာထဲ တွင် အနည်း အကျဉ်း မျက်နှာ ပွင့် လျက် ရှိပေသည် ။ ယခုလည်း သာမန် အရပ်သား တစ်ယောက် အနေ နှင့် ဆိုလျှင် ကျွန်တော့် စကား ကို ဖင်ကြား ညှပ်ကြမည် မဟုတ်သော် လည်း ထို ကျေးဇူးကလေးများ ကြောင့် တိုင်းကျော် ကို ချမ်းသာ ပေး လိုက်ကြလေသည် ။


“ ဒီတော့ဗျာ သူ့ ဆဲသံ ကို ရေဒီယို က သီချင်း လို သဘောထား လိုက်ရင် ပြီးတာပါပဲ ၊ သူ ဆဲတာတွေ က လည်း အမှန်တွေ ပဲ မဟုတ်လား ” 


ထွက် သွားသော လူအုပ်ကြီး အား ကျွန်တော် က နောက်ဆက်တွဲ ပြော လိုက်ချေသေးသည် ။


တိုင်းကျော် ကား အရှိန်မပျက် လွတ်လပ်စွာ ဆဲ နေလေတော့သည် ။ ကျွန်တော် လည်း စာကြည့် စားပွဲ သို့ ပြန်၍ စာ ကျက်ရ ပြန်၏ ။ တိုင်းကျော် ၏ ဆဲသံ ကို ရေဒီယို လို တဖြည်းဖြည်း သဘောထား နိုင်လာ လေပြီ ။


မှတ်မိသမျှ ထိုနေ့ တစ်နေ့လုံး တစ်ညလုံး တိုင်းကျော် ဆဲ နေခြင်း ဖြစ်၏ ။ သူ့ အနား သို့ လည်း ဘယ်သူမျှ ကပ်သည် ကို မမြင်ရတော့ လွတ်လွတ် လပ်လပ် ဆဲ နိုင်လေပြီ ။ အဆက်မပြတ် ဆဲ နိုင်သည် ကို ကျွန်တော် အံ့သြမိ ၏ ။ ထမင်း မစား ရေ မသောက်ဘဲ ဆဲ၍ နေနိုင်ခြင်း မှာ စိတ်တိုင်းကျ ဆဲရ သဖြင့် သာ အစာရေစာ မလိုတော့ ဘဲ နေခြင်း ဖြစ်ဟန် တူပေသည် ။


ထိုနေ့ ည အဖို့ ည တစ်နာရီခွဲ တွင် ခါတိုင်း လို ပင် ၄ နာရီ နှိုးစက် ထား၍ တိုင်းကျော် ဆဲ သံ နာခံရင်း အိပ်ရာ ဝင် ခဲ့၏ ။


နံနက် ၄ နာရီ အိပ်ရာ က နှိုးသော အခါ တိုင်းကျော် မှာ ဆဲ နေတုန်း ဖြစ် လေတော့သည် ။ ယခုအခါ တွင် မူ သူသည် နောက်ကြောင်း ကို ပြန်၍ ဆဲ ခြင်း မဟုတ်တော့ဘဲ ခု ကာလ လူများ ( ဝါ ) လူညစ်ပတ်များ ကို ရည်စူး၍ ဆဲစ ပြု လာ၏ ။ တိုးတိုး တစ်ခါ ကျယ်ချီ တစ်လှည့် နှင့် ဆဲ မှ ဆဲနိုင်ပလေ ဟု အံ့သြမိ ရသည် ။ အသံ လည်း မဝင် မအက် ၊ ပကတိ ကြည်လင်သော အဆိုကျော် ၏ သီချင်းသံ လို နားဝင်ပီယံ ဖြစ်အောင် ဆဲတတ်ပေစွ ။


နေ အတော် မြင့်သော အခါ ရဲသား တစ်ယောက် ပေါက် လာပြီး တိုင်းကျော် အား ငုံ့ကြည့်၏ ။ တိုင်းကျော် က မမှု ၊ ဆဲမြဲတိုင်း ဆဲ နေလေသည် ။ ကျွန်တော့် မှာ ထိတ်ထိတ်ပျာပျာ ဖြစ်သွား၍ ဖမ်းများ သွားလေမလား ဟု ကာကွယ်ရန် အလို့ငှာ အနား သို့ သွားကပ်၏ ။ ရဲသားကြီး သည် အတော်ကြာ စူးစိုက် ကြည့်ပြီး နောက် “ အင်း ရောဂါ က အဆန်းပဲဗျ ” ဟု ခေါင်းယမ်းရင်း မှတ်ချက် ချ ကာ ထွက်ခွာ သွား မှ ကျွန်တော် သက်ပြင်း ချ နိုင်သည် ။


ထိုနေ့ တစ်နေ့ လုံး လည်း တိုင်းကျော် မှာ အရှိန် ရရ ဆဲ၍ နေလေသေး သည် ။ သူ ဆဲသော သူများ ထဲ တွင် သူ့ အား တိုက် မလို လုပ်သော ဘတ်စကား များ အကြောင်း လည်း ပါလာ၏ ။ လမ်းဘေး နေရာ မှ အလစ် အလစ် ဝင် နှိုက် သော ခါးပိုက်နှိုက်များ အကြောင်း လည်း ပါလာ၏ ။ ကျွန်တော် သော် မှ လန့်သွား မိသေးသည် ။ အကြောင်းမူ တစ်ကြိမ် က မိုးတွေ သဲကြီးမဲကြီး ရွာ နေချိန် တွင် သူ နှင့် လမ်း မှာ ဆုံမိကြရာ ထီး ကို အကြော့သား ဆောင်း လာ သော ကျွန်တော် က သူ့ အား ထီး လောကွတ် ဆောင်း မပေးမိဘဲ ရှောင်သွား ခဲ့ဖူး၏ ။ ထို့ကြောင့် သူ ဆဲသော စာရင်း ထဲ တွင် ကျွန်တော်များ ပါ လာလေမည်လား ဟု ရင် တထင့်ထင့် နားစွင့် မိ ရသေးသည် ။


တော်ပါသေး၏ ။ ကံကောင်း ထောက်မ သဖြင့် ကျွန်တော် ၏ နာမည် မပါလာ ပါ ပေ ။ ညဦးပိုင်း တွင် အရပ် လူကြီး ၃ - ၄ ဦး သူ့ အနား လာသည် ကို မြင်ရ၏ ။ ကြာကြာတော့ မနေကြပေ ၊ နေရဲဟန် မတူ ။ ထိုနေ့ ည တစ်နာရီ ကျွန်တော် အိပ်ရာ ဝင် သော အခါ တွင် လည်း တိုင်းကျော် ကား ဆဲတုန်း ရှိ လေသည် ။


နောက် တစ်နေ့ နံနက် မိုး လင်းသောအခါ မျှော်လင့်သည့် အတိုင်း တိုင်းကျော် ၏ ဆဲသံ ကို ကြားရ ပြန်၏ ။ ကဗျာဆန်ဆန် ဆို ရသော် မိုးသောက် အရုဏ် သည် တိုင်းကျော် ၏ ဆဲဆိုသော တေးဂီတ ဖြင့် ဖွင့်လှစ်လာသည် မှာ ၃ ကြိမ် မြောက် ခဲ့လေပြီ ။


ထမင်း မစား ရေ မသောက်ဘဲ ဆဲ၍ နေနိုင်ခြင်း ကို ကျွန်တော် အံ့သြမိသည် ။ တစ်ခု ခု သွား၍ ကျွေးမှပဲ ဟု အောက်မေ့ မိ၏ ။ သို့သော် ကျွန်တော် ကျွေး လည်း မစား မှာ က သေချာ၏ ။ သူ့ အဖို့ ဆဲ နေခြင်းဖြင့် အစာ ဝ၍ နေသည် မဟုတ်လော ။


ထိုနေ့ နေ့လယ် ဘက် တွင် လည်း တစ်နေ့လုံး ပင် တိုင်းကျော် ဆဲ လေ သေးသည် ။ သို့သော် ကျွန်တော် သတိ တစ်ခု ပြုမိသည် ကား အနည်းငယ် အသံ ဝင်၍ သွားခြင်း ဖြစ်၏ ။ သူ့ ကို နားထောင် ရင်း စာ ကျက်ရသည် ကို ပင် ပို၍ ကျက်လို့ ရ သလိုလို ကျွန်တော် ထင် မိသေးသည် ။ ဆဲလေသော မောင်တိုင်းကျော် မော မမောတော့ မပြောတတ် ။ စာ ကြည့်ရလွန်း သဖြင့် ညောင်း ညာစ ပြု လာသော ကျွန်တော့် မှာ ညနေဘက် တွင် ဘောလုံးကွင်း သို့ ထွက် လာပြီး ဘောလုံးကစား လေ့ကျင့် ရသည် ။ အညောင်းအညာ ပြေလောက် အောင် ကစားပြီး ညနေ မိုးချုပ် လမ်းမီးများ လင်းလာမှ အိမ် ပြန် လာခဲ့၏ ။


လမ်း တွင်း သို့ ရောက်သော အခါ တိုင်းကျော် ၏ ဆဲသံ က ကျွန်တော့် ကို ဆီးကြို နှုတ်ဆက်လေသည် ။ ဆဲ လည်း ဆဲ နိုင်သော မောင်တိုင်းကျော် ပေတကား ... ။


ကျွန်တော် တို့ အိမ် နား သို့ ရောက်သော အခါ ကျွန်တော့် ခေါင်း မြွေ ပေါက် သလို အထိတ်တလန့် ဖြစ်သွားရ၏ ။ အမှန်မှာ လမ်း ထဲ ဝင်စက ကျွန်တော် ကြား လိုက်မိသော တိုင်းကျော် ဆဲ သံမှာ တိုင်းကျော် ၏ ဆဲဆိုသံ အစစ် မဟုတ် ။ ကျွန်တော် ၏ စိတ် ထဲ သို့ စွဲဝင် နေသော ပဲ့တင် မျှ သာ ဖြစ်၏ ။ မိမိ အိမ် နား တွင် အလှူ တစ်ခု ပြုလုပ်၍ ပွဲ တစ်ခြိမ့်ခြိမ့် ခံကာ အလှူ ပြီးသွား သော အခါ လည်း ဆိုင်းသံ ဗုံသံ ကြားယောင် ဖြစ်နေတတ်သည် မဟုတ်လော ။


ယခုလည်း တိုင်းကျော် မဆဲနိုင် တော့ပြီ ။ မဆဲနိုင် ရုံ သာ မဟုတ် ၊ ဘာ စကားမျှ မပြောနိုင်တော့ပါ ။ သူ ၏ အလောင်း ကို မြူနီစီပယ် အလုပ် သမား ၂ ယောက် က ဆေးရုံကား ပေါ်သို့ တင် နေသည်ကို တွေ့ ရ၏ ။ ရပ်ကွက် ထဲ က လူ တစ်ဦး ကို မေး ကြည့်ရာ လွန်ခဲ့သော တစ်နာရီ လောက် က ပင် အဆဲ ရပ် သွား၍ ကြည့်သည် တွင် အသက် မရှိတော့၍ ဆေးရုံကား ခေါ် လိုက်ရ ကြောင်း သိရ၏ ။


ဆေးရုံကား မောင်းထွက် သွားသော အခါ ကျွန်တော် လည်း စိတ် လေးလေး နှင့် ပင် အိမ် ပြန် ရေးချိုး ထမင်း စားပြီး စာကြည့်စားပွဲ မှာ ထိုင်၍ စာအုပ် ဖွင့် စာ ဖတ်၏ ။


တိုင်းကျော် ၏ ဆဲသံ သည် ကျွန်တော် ၏ ရင် ထဲ ဝယ် ပဲ့တင် ပြန်၍ နေလေ သေးသည် ။ သူ့ အဖို့ ဤ တစ်နည်း သာ လျှင် တစ်သက်လုံး ငုံ့ခံခဲ့ ရ သမျှ စုပေါင်း အုံကြွ ပွင့်ကွဲခြင်း ဖြစ်ပေသည် ။ နောက်ဆုံး အုံကြွ ပွင့်ကွဲ ရင်း အသက် ပါ တစ်ပါ တည်း ပါ သွားခြင်း ဖြစ်ပေသည် ။


ဪ ... တိုင်းကျော် တစ်ယောက် ဤမျှလောက် လူယုတ်မာများ ပေါ လှသော ကျွန်တော်တို့ လူ့ပြည် ကို နောက် တစ်ခေါက် လာမှ လာရဲပါဦး မလား ။  ။


◾အောင်စိုး


📖 မြဝတီ မဂ္ဂဇင်း

      မေ လ ၊ ၁၉၅ဝ ခု


#ကိုအောင်နိုင်ဦး


.

Friday, October 27, 2023

အပတ်‌စေ့‌တော့ နပ်လိမ့်မယ်‌ပေါ့ဟယ်


 

❝ အပတ်‌စေ့‌တော့ နပ်လိမ့်မယ်‌ပေါ့ဟယ် ❞

“ ဘယ်လိုလဲ‌ ဟေ့‌ကောင် ၊ အဆင်‌ပြေပုံ‌ ပေါ်ရဲ့လား ”

ကျွန်‌တော်  မတ်လ ၁၉ ရက်‌နေ့ က ပြည်မြို့‌ ရောက်‌ တော့ အ‌အေးဆိုင် ဖွင့်ထားတဲ့ သား အငယ်‌ကောင်‌လေး နဲ့ ‌တွေ့တယ် ခင်ဗျာ ။ ‌ရောက်တဲ့ အခါတိုင်း သည်လိုပဲ ‌မေးမိတယ် ။

“ အဆင်‌ပြေမှာပါ အ‌ဖေ ”

သူ က လည်း သည်လိုပဲ အမြဲပြန်‌ ဖြေ‌လေ့ ရှိတယ် ခင်ဗျာ့ ။ သူ့ အ‌အေးဆိုင် အလုပ် ဟာ ကျွန်‌တော် တို့ နဲ့ ရင်းနှီးတဲ့ အလုပ် မဟုတ်ဘူး ခင်ဗျာ့ ။ တကယ့် အစိမ်း ။ ကျွန်‌တော်တို့ ရမ်းစွတ်ကြိတ် ခဲ့ကြတာ ။ ပူရင် ဘယ်လို‌ နေမလဲ ။ မိုးဦးကျ မှာ ဘယ်လို‌ နေမလဲ ။
မိုး‌တွေ‌ စွေ‌ နေရင် ဘယ်လို‌ နေမလဲ ။ ဆောင်းဦး မှာ ဘယ်လိုလဲ ။ ဆောင်းလယ် မှာ ဘယ်လိုလဲ ။ ‌ကျောင်းဖွင့် ကျောင်းပိတ် ဘယ်လိုလဲ ။ ပြည်‌ ရွှေဆံ‌တော်ဘုရား ပွဲ‌တော်ရက် မှာ ဘယ်လိုလဲ ။ ‌ရွှေနတ်‌တောင် ဘုရားပွဲ ရက် မှာ ဘယ်လိုလဲ ။ လဲ‌ပေါင်း အ‌မြောက်အမြား ကို စိတ်တ‌စော‌စော နဲ့ ‌စောင့်ကြည့် လုပ်ခဲ့ရတာ ၊ ဒါလည်း စစ်ပွဲ တစ်ပွဲ ပဲ ခင်ဗျာ့ ။

အ‌မေရိကန် နှင့် ဗြိတိန် က အီရတ် ကို ဝင် တိုက်ကြ‌တော့ ဘာ ဖြစ်လာမလဲ ၊ ဘယ်လို ဖြစ်လာမလဲ ၊ ဘာ‌တွေ  ရင်ဆိုင်ရမလဲ ၊ ရင်တမမ နဲ့ ‌စောင့်ကြည့်‌ နေရသလို‌ ပေါ့ဗျာ ။ မှန်း ထားတာ နဲ့ တကယ် ဖြစ်လာတာ ညီချင် မှ ညီတာကလား ဗျာ ။

“ ဟဲ့ ... ကို‌လေး စိတ်‌တွေ အရမ်း‌ စောမ‌နေနဲ့ ၊ အပတ်‌စေ့‌ တော့ နပ်လိမ့်မယ်‌ပေါ့ ဟယ် ”

ကျွန်‌တော်တို့  ငယ်ငယ် က ‌တောရွာ ယာခင်း ထဲ မှာ နှမ်း ကြဲကြတဲ့ အခါ ( လွန်ခဲ့တဲ့ နှစ်‌ပေါင်း ငါးဆယ်‌ လောက် က‌ တော့ ယာထွန် ၊ ထွန်‌ရေးညက် ၊ နှမ်း ကို လက် နဲ့ ပက်ပြီး ကြဲကြတယ် ၊ ယခုအခါမှာ‌တော့ ထွန်‌ရေး ညက်ပြီ ဆို မျဉ်းဆွဲပြီး အတန်းလိုက် စိုက်ကြတယ် ၊
‌ခေတ် က ‌ပြောင်း သွားပြီဗျာ ။ ) အထူအပါး ညီပါ့မလား ၊ အပင်‌ပေါက် ညီပါမလား ၊ စိတ် က တ‌စော‌စော ခင်ဗျာ ။ စိတ် က အရမ်း‌ စော‌ နေ‌တော့ အပင်ဖြစ်‌ နှေးတယ် ထင်ပြီး ဆွဲနုတ် ကြည့်မိ ၊ ခု‌နေအခါ ပြန်‌ တွေးပြီး ပြုံးမိပါ‌သေး ။ နှမ်းပင်‌လေး‌တွေ ‌ပေါက်လာပြန်‌ တော့လည်း စက်လှည့်‌ တော့ စိတ် က တစ်မျိုး ( အရွက်‌ လေးရွက် ထွက်လာသည် ကို စက်လှည့် တဲ့ဗျာ ) ။ လက်ပံပွင့် မှာ  စိတ် က တစ်မျိုး (လက်ပံပွင့် ဆိုတာ က လက်ပံပွင့်က‌လေး  ‌ထောင် ထား သလို ကားယား ကွတတ ၊ သုံးလက်မ လေးလက်မ‌ လောက် အပင်က‌လေး မြင့် လာပြီး လှတပတ‌လေး ဖြစ် လာသည် ကို ဆိုလိုသည် ။ )

နှမ်းပင်က‌လေး‌တွေ တစ်‌တောင် ၊ တစ်‌တောင့်ထွာ‌ လောက် မြင့် လာပြီ ၊ ကြက်‌ချေးစု လာပြီ ၊ ပွင့်ဖူး ဆင်ပြီ ၊ ခေါင်း‌လောင်း ဆွဲပြီ လက်ရင်းသီး‌တွေ ဝင် လာပြီ နှမ်းခင်းကြီး က ‌လေ တိုက်တိုင်း ယိမ်းက‌ နေပြီ ဆို ကြည့်ပြီး ပီတိ‌တွေ ဖြာ‌နေပြီ‌ ကော ။ ချိန်းထားတဲ့ ရည်းစားက‌လေး ဘွားခနဲ ပေါ်လာတဲ့ အခါ ခံစား လိုက်ရသလိုမျိုး‌လေး ။ သီးတံ‌တွေ ရှည်လာပြီ ၊   အပွင့်တိတ်ပြီ ၊ ပင်‌ရောင်လွှတ်လာပြီ ၊ ရိတ်သိမ်း ဖို့ နီးလာပြီ ဆို နှမ်းခင်း ကြည့်ပြီး နှမ်းထွက် ကို မှန်းချင် လာပြီ ။ ရိတ်ပြီး ၊ ပုံပြီး ၊ ‌ထောင်ပြီး ၊ နှမ်း‌ထောင်‌ တွေ ခါပြီ ၊ နှမ်း‌တွေ ရပြီ ၊ အိတ်‌တွေ နဲ့ ထည့် ပြီးပြီ ၊ အိမ်‌ ပေါ်‌ ရောက်လာပြီ ဆိုမှ သက်ပြင်း ချရတာ ကလားဗျာ ။

နှမ်း ဟာ အလွန် မ‌ရေရာတဲ့ အမျိုးဗျာ ။ ဒါ‌ကြောင့်လည်း “ မှန်းချက် နဲ့  နှမ်းထွက် လွဲပ‌လေခြင်း ” ဆိုတဲ့ စကား ဖြစ် လာတာ‌ပေါ့ဗျာ ။ သည်နှစ် ဆို ကြည့်ပါလား ဗျာ ။ နှမ်း‌ ပေါ်ကာစ က ၁၅ ပိဿာ တစ်တင်း ၁ဝဝဝဝ ‌လောက် က‌ နေ ‌ဖေ‌ဖော်ဝါရီ ပထမပတ် မှာ တစ်‌သောင်းခွဲ နီးပါး ဖြစ်သွားခဲ့တယ် ။ အခုဆို တစ်‌သောင်းကို ပြန်‌ ရောက်သွားပြန်ပြီဗျာ ။ ဆက်ပြီး ဆင်းသွားဦးမလား ။ မ‌ရေရာ လိုက်တာဗျာ ။ အရူး လင် လုပ်ရ သလိုပါပဲ ။ သည်‌နေ့ အလုပ် လုပ်ကြတဲ့ အခါ ရှေ့ ကို ကြိုဖမ်းလို့ မရဘူးဗျာ ။ ဖြစ်ချင်တာ ကို အသာ‌ ဘေးချိတ် ၊
ဖြစ်လာတာ ကို အကဲခတ် ပြီး ‌လှော်ခတ် ကြရတာဗျာ ။ ဒါ‌ကြောင့် လုပ်ငန်း တစ်ခု ကို လုပ်ပြီ ဆို အရမ်း စိတ် မ‌စောရဘူး ။ အရမ်း စိတ် မလှုပ်ရှားရဘူး ။ စိတ်‌ အေး‌အေး ထားပြီး ထိန်းရင်း သိမ်းရင်း ၊ ပြုပြင်‌ ပြောင်းလဲရင်း ၊ ဖာရင်း ဆရင်း ၊ အမိအရ ဆုပ်ကိုင်ရင်း ၊ ဖရီးလွှတ်‌ ပေးရင်း စသည် အားဖြင့် ကာလ တစ်ခု အထိ လိပ်ပတ်လည်‌ အောင် ‌စောင့် ကြည့်ရင်း သည်းခံ လုပ်ကြရတာဗျာ ၊ ( လိပ်ပတ်လည် ဆိုသည် မှာ ကျွန်‌တော်တို့ ‌တော အရ ရက်ကန်း ရက်တဲ့ အခါ ရက်ပြီးသား ဖျင်စ ကို လိပ်တုံး မှာ ပတ် ရတယ် ၊ လိပ်တုံး တစ်ပတ် လည် သွားသည် ကို လိပ်ပတ်လည် သည် ဟု ‌ခေါ်ကြ၏ ။ )

“ အပတ်‌စေ့‌တော့ နပ်လိမ့် မ‌ပေါ့ဟယ် ”

ထို စကား အမှန်ပဲ ခင်ဗျာ့ ၊ ကျွန်‌တော်တို့ အလုပ် လုပ်စား‌ နေကြရသူများ ဟာ အပတ်‌ စေ့‌ အောင် မနည်း‌ စောင့်ကြရတာ ၊ အပတ်‌စေ့ လို့ နပ်‌တော့ မှ ပဲ စိတ်‌အေးကြရတာဗျာ ။ အပတ်‌စေ့ မှ နပ်တယ် ဆိုတာ ကျွန်‌တော် တို့ ‌တောရွာ မှာ ထမင်း ချက်တဲ့  စကား ခင်ဗျာ ။ ထင်းမီးဖိုများ နဲ့ ထမင်း ချက်ကြ‌တော့ ထမင်းရည် ငှဲ့ပြီးပြီ ဆို မီးဖို ထဲ က မီးကျီခဲ‌တွေ ဆွဲထုတ် ၊ အိုးတဖင်စာ ရ‌အောင် ဖြန့် ၊ အဲသည် မီးကျီခဲ‌တွေ အ‌ပေါ် ထမင်းအိုး တင် ၊ ထမင်း နှပ် ။ တစ်ဖက် က မီးဖို ၊ ဖင်‌အောက် မှာ က မီးကျီခဲ ၊ အောက် က ပူ ၊ ‌ဘေး က ပူ ၊ ခဏခဏ လှည့် လှည့်‌ပေး ။ ဟော ... အပတ်‌စေ့‌ တော့ ထမင်း‌စေ့‌လေး ဖျစ်ကြည့် ၊ ဟာ ... နပ်‌ နေပြီဗျာ ။ ဒါ‌ကြောင့် အပတ်‌စေ့ မှ နပ်တယ် ဆိုကြတာဗျို့ ။

( တကယ် လက်‌တွေ့ လုပ်ကိုင်‌ နေကြသူများ ကို အထူး ရည်ညွှန်းပါ၏ ) ။

◾မောင်ချမ်းသာ

📖 မောင်ချမ်းသာ ၏ ချမ်းသာနည်း

#ကိုအောင်နိုင်ဦး

.

သူ လာလာ မလာလာ ကိုယ် က စောင့်ရမှာ


 ❝ သူ လာလာ မလာလာ

ကိုယ် က စောင့်ရမှာ ...❞


ကိုအဏ္ဏဝါ သည် ဘဝ မှန်ပြီး အခြေခံ ကျသွားအောင် ဆိုသည့် ရည်ရွယ်ချက် ဖြင့် ကိုယ်ပိုင်ကား မစီးတော့ဘဲ အများပြည်သူ အခြေခံ လူတန်းစား နှင့် အတူ ဘတ်စ်ကား တိုး စီး နေသည် ။ ဘတ်စ်ကား တိုးစီး ခရီးသည် ဘဝ သည် ပင်ပန်း မွန်းကြပ် သော်လည်း အများပြည်သူ တို့ ၏ နိစ္စဓူဝ ကြုံတွေ့ နေရသည့် လူနေမှု ဘဝ ကို လေ့လာခွင့် ရ သဖြင့် ကုန်ကြမ်းတွေ ရသည် ၊ ဘဝ ဆန်သည် ဆိုပြီး ကိုအဏ္ဏဝါ ကျေနပ် နေသည် ။ တစ်နည်း ဆိုရသော် ပျော် နေသည် ။


၁၉၆ဝ ခုနှစ် ၊ သာကေတ မြို့ကြီး တည်စ က စပြီး ၁၉၈၁ ခုနှစ် သင်္ဘောသား ဖြစ်သည် အထိ အနှစ် ၂ဝ မျှ သာကေတ ဘတ်စ်ကား ကို တိုးတက် ၊ တွယ်စီး အတွေ့အကြုံ ရင့်ကျက် အသားကျ ပြီးသူ ကိုအဏ္ဏဝါ အဖို့ အခုလို မွန်းကြပ် လှောင်အိုက် အဲယားကွန်း ဘတ်စ်ကား ခေတ် မှာ တိုးတက် ၊ တွယ်စီး ရတာ သိပ်ပြီး အခက်အခဲ မရှိ ဖြစ်နေသည် ။ ကိုယ်ပိုင်ကား နဲ့ သွား နေတာ ကြာ လာလို့ ဘတ်စ်ကား တိုး စီးသော အခါ ဘတ်စ်ကား နံပါတ် ၃၉ တစ်မျိုးတည်း ကို ပဲ စီးတတ် သေးသည် ။ ဒါတောင် အပေါ်လမ်း နှင့် အောက်လမ်း မခွဲခြားတတ် သေး လို့ ဘိုကလေးဈေး က နေ အပေါ် ကို ပြန် လျှောက် ရတဲ့ အကြိမ်ပေါင်း မနည်း ဖြစ်ခဲ့ရသည် ။


ကိုအဏ္ဏဝါ နှင့် အတူ ဘတ်စ်ကား မှတ်တိုင် မှာ အတူ ရပ်စောင့် နေကြသည့် လူအုပ်ကြီး သည် ဘတ်စ်ကား တစ်စီး မှတ်တိုင် ကို ရောက်လာ လျှင် ငါးယောက် မှ ဆယ်ယောက် ခန့် အထိ လျော့ သွားသည် ။ ဘတ်စ်ကား မလာတာ ကြာသွား လျှင် လူ နှစ်ဆယ် ခန့် ပြန် တိုး လာသည် ။ ဘတ်စ်ကား နံပါတ် မျိုးစုံ မှတ်တိုင် မှာ လာရပ်သည် ။ ဘတ်စ်ကား စီးတတ်သူတွေ က တော့ မိမိ သွားလိုရာ ခရီး နှင့် အနီးဆုံး နေရာ ကို ရောက်နိုင်သည့် ကားတွေ ကို တက်စီး သွား ကြသည် ။ နံပါတ် ၃၉ တစ်မျိုးတည်း ကို ပဲ စီး တတ်သည့် ကိုအဏ္ဏဝါ က တော့ ၃၉ အပေါ်လမ်း ကား မလာမချင်း စောင့် နေသည် ။ နံပါတ် ၃၉ ကား တွေ လာ ပါသည် ။ အောက်လမ်း ကား ဖြစ် နေသည် ။ တက်လို့ မရအောင် ကြပ် နေသည် ။ သစ်သား ဘော်ဒီ ကားကြီး ဖြစ် နေသည် ။ ဘီအမ် ဟီးနိုးကားသေးလေး ဖြစ်နေသည် ... စသည်ဖြင့် ချေးများ နေ၍ ကား ပေါ် မရောက်နိုင် ဖြစ်နေသည် ။


ကိုအဏ္ဏဝါ နှင့် အတူ ခရီးသည် တချို့သည် အပေါ်လမ်း သွားမည့် အဲယားကွန်း ဘတ်စ်ကားကြီး အလာ ကို စောင့် နေကြသည် ။ အဲယားကွန်း က ဖွင့် လျှင် ကား ဆီ ပို ကုန်တယ် ဆိုပြီး မဖွင့်ဘဲ ထားလို့ ၊ ပျက် နေလို့ ပူအိုက် လှောင်မွန်း နေသော်လည်း ကားကြီးတွေ ဖြစ်လို့ ငါးကျပ်တန် ၊ တစ်ဆယ်တန် ကားတွေ ကို မစီးဘဲ ၂၀ တန် အဲယားကွန်း ကားကြီး ကို စောင့် စီး နေကြခြင်း ဖြစ်သည် ။ အပေါ်လမ်း ကားကြီး က တော်တော် နဲ့ ပေါ် မလာ ဖြစ် နေသည် ။ ကား စောင့် နေသည့် လူအုပ် ထဲ ပျော်ပျော် နေတတ်ဟန် တူသည့် လူ တစ်ယောက် က ကိုအဏ္ဏဝါ ကြားဖူးသည့် သီချင်း တစ်ပုဒ် ထဲ က တစ်ပိုင်း တစ်စ ကို အော်ဆို လိုက်သည် ။


“ သူ လာလာ မလာလာ ကိုယ် က စောင့်ရမှာ ...”


ကိုအဏ္ဏဝါ အပါအဝင် ကားစောင့် နေသူ တချို့ ပြုံး လိုက်ကြသည် ။ ကိုအဏ္ဏဝါ က တော့ သူ ကြုံခဲ့ရသည့် အတိတ်ဘဝ အတွေ့ အကြုံ တစ်ခု ကို ပြန် သတိရ ပြီး ပြုံး လိုက်ပြန်သည် ။ အသံ ထွက်ပြီး မရယ်မိ အောင် သတိထား လိုက်ရသည် ။၁၉၈၀ ခုနှစ် ၊ ဇန်နဝါရီလ မှာ ကိုအဏ္ဏဝါ သည် ဌာနဆိုင်ရာ တာဝန် ဖြင့် မြိတ်မြို့ သို့ ရောက် သွားသည် ။ မြိတ်ကျွန်းစု ရေပြင် တွင် ရေနံ ရှာဖွေရန် အင်္ဂလန် ကဂျီကိုအယ်လ်ဖာ ဆိုသည့် ကုမ္ပဏီ နှင့် တိုင်းတာရေး ( ဆိုက်စမက် ) လုပ်ရန် ရောက်သွားခြင်း ဖြစ်သည် ။ ကိုအဏ္ဏဝါ က ဝါယာလက် အော်ပရေတာ ဖြစ်သည် ။တိုင်းတာရေး သင်္ဘော က ဘိုတွေ နဲ့ မြန်မာအရာရှိတွေ ဆက်သွယ် စကား ပြောလို့ ရအောင် ကိုအဏ္ဏဝါ က ဆောင်ရွက် ပေးရသည် ။ 


ကိုအဏ္ဏဝါ တို့ အဖွဲ့ မှာ လူ ( ၇ ) ယောက် ပါသည် ။ ဘူမိဗေဒ အရာရှိ တစ်ယောက် ၊ ဝါယာလက် အော်ပရေတာ ( ၂ ) ယောက် ၊ ယာဉ်မောင်း တစ်ယောက် ၊စက်ပြင်မီးစက်မောင်း တစ်ယောက် ၊ ထမင်းချက် တစ်ယောက် ၊ စားပွဲထိုး တစ်ယောက် တို့ ဖြစ်သည် ။ ကိုအဏ္ဏဝါ တို့ အဖွဲ့ ကို ဒေသအာဏာပိုင်အဖွဲ့ က မြိတ်မြို့ဗိုလ်တဲကြီး မှာ နေရာ ချထား ပေးသည် ။ မြိတ်မြို့ ၏ ကျက်သရေဆောင် လေးကျွန်းဆီမီး စေတီတော်ကြီး အနီး က အထင်ကရ ဗိုလ်တဲကြီး မှာ နေရာ ပေးထားခြင်း ဖြစ်သည် ။ မြန်မာ့ရေနံဌာန က မြို့နယ် အာဏာပိုင် အဖွဲ့အစည်း ထံ မှ လခ ဖြင့် ငှားရမ်းခြင်း ဖြစ်သည် ဟု သိရသည် ။


ဗိုလ်တဲစောင့် အဘိုးကြီး က ကိုအဏ္ဏဝါ တို့ ကို နေရာ ချထား ပေးရာ တွင် အကန့်အသတ် ပြုလုပ်သည် ။ ဗိုလ်တဲကြီး ၏ အောက်ထပ် မှာ မည်သည့် နေရာ ကို မဆို ယူနိုင် ၊ နေနိုင် သော်လည်း အပေါ်ထပ် ကို မူ ခြေရင်းဘက် က တစ်ခြမ်း ကို သာ နေခွင့် ပြုပါသည် ။ ခေါင်းရင်း တစ်ခြမ်း ကို မူ ချန်လှပ် ထားသည် ဟု ပြောပါသည် ။ ကိုအဏ္ဏဝါ တို့ က လည်း သဘော တူ ပါသည် ။


၂၃ - ၁ - ၁၉၈ဝ နေ့ မှာ ရေနံရှာဖွေရေးကုမ္ပဏီ မှ နိုင်ငံခြားသား ( ၃ ) ယောက် ဗိုလ်တဲကြီး ကို ရောက် လာသည် ။ နိုင်ငံခြားသား သုံးယောက် အနက် တစ်ယောက် ဖြစ်သည့် ဂျိမ်းမာတင် ဆိုသူ ( ရေဒီယိုအင်ဂျင်နီယာ ) က ဗိုလ်တဲကြီး ၏ ခေါင်းရင်းဘက် က အိပ်ခန်း ရှိရာ ကို ပြေးပြီး နေရာ ယူ ပစ် လိုက်သည် ။ ကိုအဏ္ဏဝါ တို့ ၏ အဖွဲ့ခေါင်းဆောင် မြန်မာအရာရှိ က ဂျိမ်းမာတင် ကို အကျိုးအကြောင်း ရှင်း ပြသည် ။ မိမိ တို့ နှင့် အတူ ခြေရင်းခန်း က သင့်လျော်ရာ နေရာ တစ်ခု မှာ နေပါရန် မေတ္တာ ရပ်ခံသည် ။ နိုင်ငံခြားသား နှစ်ယောက် က ပါ သဘော တူ သော်လည်း ဂျိမ်းမာတင် က ခေါင်းမာ နေသည် ။ သူ သည် ဒီ ဗိုလ်တဲကြီး ကို ရောက် လျှင် ဒီ အခန်း မှာ ညအိပ်မည် ဆိုတာ ကို အင်္ဂလန် က ထွက်ခွာ လာ ကတည်း က ဆုံးဖြတ်ပြီး ဖြစ်သည် ဟု ဆိုပါသည် ။ မြန်မာအရာရှိ က ရော နိုင်ငံခြားသား နှစ်ယောက် က ဘာကြောင့်လဲ ဟု ဝိုင်း မေးကြသည် ကို မဖြေဘဲ နက်ဖြန် နံနက် မှ အဖြေ ပေးမည် ဟု ပြောသည် ။ ခေါင်းမာ နေသည့် ဂျိမ်းမာတင် ကို ဗိုလ်တဲစောင့် အဘိုးကြီး က ပါ အားလုံး က လက်လျှော့ ပေး လိုက်ကြရသည် ။ သူ့ အတွက် အိပ်ရာ ကို သူ နေချင်သည့် ခေါင်းရင်းခန်း က အရှေ့ဘက် ထောင့်ခန်း မှာ နေရာပြင် ပေး လိုက် ရသည် ။ ည အိပ်ခါနီး မှာ ရေမိုး ချိုးသည် ။ အဝတ်အစား အသစ် လဲသည် ။ ရေမွှေးတွေ ဘာတွေ ဆွတ်ဖျန်းပြီး အိပ်ရာ ဝင် သွား တာ မြင် လိုက်ရသည် ။


နောက်နေ့  ( ၂၄ - ၁ - ၈ဝ ) နံနက် ဘရိတ်ဖတ် ( နံနက်စာ ) စား ကြတော့ ဂျိမ်းမာတင် ကို အားလုံးက ဝိုင်း မေး ကြသည် ။ မြိတ်မြို့ ဗိုလ်တဲကြီး က ဒီ အခန်း မှာ ဘာကြောင့် အိပ်ချင်တယ် ဆိုတာကို သိချင် နေကြသည် ။ ဂျိမ်းမာတင် က ပြုံးပြီး ဖြေသည် ။


“ ကျွန်တော် မြန်မာပြည် ကို သွားရတော့မယ် ဆိုတော့ မြန်မာပြည် နဲ့ ပတ်သက် တဲ့ စာအုပ်တွေ ရှာဖတ်တယ် ။ အင်္ဂလိပ် လက်ထက် က မြန်မာပြည် မှာ အရေးပိုင် လုပ် သွားခဲ့ဖူးတဲ့ မစ္စတာ မောရစ်ကောလစ် ရေးတဲ့ မြန်မာပြည် အကြောင်း စာအုပ် တစ်အုပ် ဖတ် ရတယ် ။ အဲဒီ စာအုပ် မှာ ဒီ ဗိုလ်တဲကြီး အကြောင်း ရေး ထားတယ် ။ အခု ကျွန်တော် နေတဲ့ အခန်း မှာ သရဲ ခြောက်တယ် လို့ ရေး ထားတယ် ။ သရဲ က အမျိုးသမီး တဲ့ ။ မင်းသမီး လို နန်းဝတ်နန်းစား ဝတ်ထား တာ အရမ်း ချောတာပဲ တဲ့ ။ ပြီးတော့ သရဲမ က အပျို ဆိုတော့ ယောက်ျားတွေ ကို ပဲ ခြောက်တယ် တဲ့ ။ အခုအခါ မှာ သူ က လည်း အပျိုကြီး ၊ ကျုပ် က လည်း လူပျိုကြီး ဆိုတော့ တွေ့ချင်လို့ ပါ ဗျာ ”


“ ဒါဆိုရင် ည က သူ လာ သလား ဟင် ”


အားလုံးက စိတ်ဝင်တစား ဝိုင်း မေးကြသည် ။ ဂျိမ်းမာတင် က စိတ်ပျက် အားငယ်စွာ ခေါင်း ခါသည် ။ ကော်ဖီပူပူ တစ်ငုံ သောက်ချ လိုက်ပြီး မှ အေးအေးဆေးဆေး ပြန် ဖြေသည် ။


“မလာပါဘူး ဗျာ ၊ သူ လာလာ မလာလာ ကိုယ် က စောင့်ရမှာပဲ ”


အပျိုကြီး သရဲမချောချော ကို တွေ့ချင်လို့ စောင့်မည် ဆိုသည့် လူပျိုကြီး ကို အဲဒီ အခန်း မှာ ပဲ ဆက် နေဖို့ ခွင့်ပြု လိုက်ရတော့သည် ။ ကိုအဏ္ဏဝါ တို့ နှင့် အတူ နေသည့် နိုင်ငံခြားသား နှစ်ယောက် က တော့ ရဟတ်ယာဉ် ဖြင့် သင်္ဘော ကို သွားရန် လေယာဉ်ကွင်း ကို ဆင်းသွားကြ တော့သည် ။


◾အဏ္ဏဝါစိုးမိုး


📖 ရွှေမြင်သာဂျာနယ် 

      အတွဲ ( ၃ ) ၊ အမှတ် ( ၁၅ ) 

      ၈ ရက် ၊ ဇူလိုင်လ ၊ ၂ဝဝ၃ ခုနှစ် ။


#ကိုအောင်နိုင်ဦး


.

Thursday, October 26, 2023

အချစ် ကို ကျောခိုင်း၍


 ❝ အချစ် ကို ကျောခိုင်း၍ ❞


လန့် နိုး တော့ မနက် ရှစ်နာရီ ။ ချိန်းထားတာ က လည်း ရှစ်နာရီ ။ ဆိုတော့ နောက်ကျ နေပြီပေါ့ ။ သွားဖို့ ကမန်းကတန်း လုပ်သည် ။ ပြီးလို့ အိမ် က ထွက်မယ် လည်း လုပ် ရော ... ။ 


“ သား ဘယ်လဲ ”


“ ဗျာ ဩော် မေမေ ၊ သား ဒီနေ့ သူငယ်ချင်း တစ်ယောက် နဲ့ ချိန်းထားလို့ ”


“ သား က ရုံးဖွင့်ရက် လည်း မအားရ ။ ရုံးပိတ်ရက် လည်း မအားရ နဲ့ တစ်ခါတလေ မေမေ တို့ ဖေဖေ တို့ နဲ့ အိမ် မှာ ပဲ တစ်နေ ကုန်အောင် နေပါဦးလား သားလေး ရယ် ”


ဟုတ်တော့ လည်း ဟုတ်သည် ။ သူ သည် အိမ် ကပ်သည် ဟူ၍ မရှိခဲ့ ။ မိခင် က သူ့ ရှေ့တည့်တည့် မှာ လာ ရပ်သည် ။


“ သား ”


“ မေမေ သား ကို ဘာ ပြောချင်လို့လဲ ”


“ ဟိုလေ သားလေး မှာ ချစ်ရမယ့် သူတွေ ဘာတွေ များ ရှိ နေပြီလားလို့ပါ ” 


“ ဪ မေမေ ရယ် ”


သည်သို့ ဆိုတော့လည်း သူ ရှက် သွားသည် ။ 


“ သား မေမေ့ ကို မညာနဲ့ ၊ သား မှန်မှန် ပြောစမ်း ” 


သူ ရှက်ပြုံး နဲ့ ခေါင်းညိတ် ပြသည် ။


“ ဟော ကြည့် သား မှာ ချစ်သူ ရှိနေပြီ ကိုး ”


“ ဟုတ်တယ် မေမေ ၊ သား မှာ သား သိပ်ချစ်တဲ့ ချစ်သူ ရှိ နေပြီ မေမေ ”


မိခင် ၏ မျက်နှာထက် စိုးရိမ်မှုတွေ က ထွေပြား သွားသည် ။ 


“ မိန်းကလေး က ဘယ်ကလဲ သား ၊ ဘယ်သူ့ သမီး လဲ ၊ ဘာလုပ်လဲ ၊ အမျိုးကောင်း သမီး မှ ဟုတ်ရဲ့လား သားရယ် ချောကော ချောရဲ့ လား ”


မေးခွန်းပေါင်း များစွာကြောင့် သူ နှစ်ခြိုက်စွာ ရယ်ပစ် လိုက်သည် ။ 


“ သား ရဲ့ ချစ်သူ က ကျောင်း တက်နေတုန်းပဲ မေမေ ၊ အခု စီးပွားရေးတက္ကသိုလ် နောက်ဆုံးနှစ် မှာ နာမည် က ပန်းမို့မို့ တဲ့ ”


“ ပန်းမို့မို့ ဟုတ်လား သား ”


သူ ခေါင်းညိတ် ပြတော့ မိခင် က ရယ်သည် ။ 


“ သား ရဲ့ မိန်းကလေး နာမည် က အဆန်းလေးပါလား ၊ ဒါနဲ့ သူ က ဘယ်ကလဲ သား ”


“ ပုသိမ် က ပါ မေမေ ၊ ခုတော့ ပန်း က စံရိပ်ငြိမ် ထဲ က အမျိုးသမီး ဘော်ဒါဆောင် တစ်ခု မှာ နေတယ် ” 


“ ဒါဆိုလည်း သားရယ် ၊ သမီး ကို တစ်နေ့ လောက် အိမ် ကို ခေါ်လာပါလား ၊ မေမေ တို့ ကြည့်ရတာပေါ့ ” 


သူ ကျေနပ်စွာ ခေါင်းညိတ် ပြသည် ။


  •••••   •••••   •••••


“ သစ္စာရိပ်မြုံ အမျိုးသမီး ဘော်ဒါဆောင် ” 


ခြံဝင်း ထဲ ဝင်ခဲ့သည့် တိုင် ချစ်သူ ကို မတွေ့ ။ ရပ် စကား ပြော နေသော စုံတွဲ တစ်တွဲ ကို ကျော်ဖြတ် ခဲ့သည် ။


ဧည့်ခန်း ထဲ ရောက်တော့ အဆင်သင့် တွေ့ တဲ့ ဖြူဖြူသွယ်သွယ် မိန်းကလေး ကို တစ်ဆင့် ခေါ်ခိုင်း ရသည် ။ တော်တော် လေး ကြာ သွားသည် ။


စောင့်ရသည် မှာ စိတ်ထဲ ကသိကအောက် ဖြစ်လာသည် ။ လူရိပ် မြင်တိုင်း ချစ်သူလေလား ဟု လှမ်းလှမ်း ကြည့် ရသည် မှာ လည်း အမောပါ ပဲ ။ ကြာ တော့ ရှက်တောင် ရှက်လာသည် ။ အတော်ကြီး ကြာ မှ ချစ်သူ သည် ပေါ်ထွက်လာ ချေ၏ ။ မျက်နှာ သည် မို့အစ် ၍ နေသည် ။ ဘယ်လောက်တောင် ငိုထား သည် မသိ ။


သူ့ နံဘေး မှာ ဆောင့်အောင့်ပြီး ဝင် ထိုင်သည် ။ မျက်နှာ က ခပ်တင်းတင်း ။ ချစ်သူ ၏ လက် တစ်ဖက် ကို အသာအယာ ဆုပ်ကိုင် လိုက်သည် ။ သို့သော် သူမ က ရုန်းဖယ်ပစ်သည် ။


“ ဘာဖြစ်နေသလဲ ပန်း ” 


ပန်း က ဘာမျှ ပြန်မဖြေ ။


“ ပန်းရယ် မောင့် မှာ ဘာ အပြစ် ရှိလို့လဲ ”


ဆတ်ခနဲ လှည့် လာတဲ့ ပန်း ရဲ့ မျက်လုံးများ က မေးခွန်း ပေါင်း များစွာ ကို မေး နေသည် ။


“ ဘာလို့ ဒီလောက် နောက်ကျနေလဲ ” 


“ ဪ ဒါလား ”


“ ဟုတ်တယ် ၊ ဘာလို့ ခုမှ လာနေသေးသလဲ ။ မလာပါနဲ့ တော့လား ”


“ အဲဒီလိုတော့ မပြောပါနဲ့ ပန်း ရယ် ၊ ချိန်းထားတဲ့ ဟာ လာ ရမှာပေါ့ ”


“ ခု ဘယ်အချိန် ရှိပြီလဲ ”


“ ပန်း ရယ် မောင့်ကို  ခွင်လွှတ်ပေးပါကွာ ၊ မောင် ဘာလို့ နောက်ကျသလဲ ဆိုတာ မေးဦးမှပေါ့ ”


“ သွားပါ ခုမှ လာပြီး ဆင်ခြေ ပေးဖို့ မကြိုးစားပါနဲ့ ” 


“ ဪ ဆင်ခြေ ပေးနေတာ မဟုတ်ပါဘူး ။ ဒီမနက် ပန်း ရဲ့ ယောက္ခမကြီး နဲ့ မောင် တို့ ရှေ့ရေးတွေ ပြောနေရလို့ပါ ”


“  ဟင် ”

 

ပန်း ခမျာ ထိတ်ထိတ်ပျာပျာ ဖြစ် သွားခဲ့သည် ။ 


“ ဘယ်လို ဘယ်လို မောင် ပြောလိုက်တာ ၊ ပန်း ရဲ့ ယောက္ခမ ဆိုတာ ဘယ်သူ့ ကို ပြောတာလဲ ”


“ ဟား ဟား ဟား ”


သူ သဘောကျစွာ ရယ် လိုက်သည် ။


“ ပန်း ရဲ့ ယောက္ခမ ဆိုတာ က မောင့် မေမေ ကို ပြောတာပါ ”


“ ဟင် မောင့် မေမေ ကို ဖွင့် ပြောလိုက်ပြီ ဟုတ်လား ” 


ပန်း က အထိတ်တလန့် မေးသည် ။ 


“ ဟုတ်တယ် ပန်း ၊ မောင် ဒီ မနက်ပဲ ဖွင့် ပြောလိုက်ပြီ ” 


“ မောင့် မေမေ က ဘာ ပြောလဲဟင် ၊ ပန်း နဲ့ သဘော တူ ရဲ့ လား ၊ စိတ်ပူလိုက်တာ မောင်ရယ် ”


“ ဟဲဟဲ မေမေ က ပြောတယ် ၊ သား ချစ်သူ ဟာ မေမေ့ သမီး ပဲပေါ့ တဲ့ ၊ အိမ် ကို ခေါ်လာခဲ့ပါတဲ့ ၊ မေမေ က ကြည့်ချင်တယ် တဲ့ ”


“ ဟယ် ပန်း ကြောက်တယ် မောင် ရယ် ”


“ အို ဘာလို့ ကြောက်ရမှာလဲ ပန်း ရဲ့ ၊ မောင် တစ်ယောက် လုံး အနား မှာ ရှိနေမှာပဲ ၊ ပြီးတော့ မောင့် မေမေ က သဘော ကောင်း ပါတယ် ”


“ ပန်း ရှက်တယ် မောင်ရယ် ”


စောစောက ဒေါသစိတ် မွှန် နေတဲ့ ပန်း တစ်ယောက် ခုတော့ ရှက်စိတ် မွှန် နေပြီပေါ့ ။


 •••••   •••••   •••••


မေမေ့ ရှေ့ ရောက်တော့ ပန်း တစ်ယောက် ခေါင်းမဖော် တော့ ။ မျက်နှာကြီး ရဲတွတ် ကာ ခေါင်း ကို ငုံ့ ထားသည် ။ 


ဖေဖေ နှင့် မေမေ က ပန်း ကို စူးစူးစိုက်စိုက် ကြည့်သည် ။ အကဲခတ်သည် ။ သည် အကြည့်ဒဏ် ကို ပန်းခမျာ အလူးအလဲ ခံစား ရသည် ။


“ သမီး လေး အနေရ ခက်နေလား ဖေဖေကြီး တို့ ကို ဘယ်လို မှ မအောက်မေ့ နဲ့ နော် ၊ ကြောက် လည်း မကြောက်နဲ့ ၊ လွတ်လွတ်လပ်လပ်သာ နေပါ သမီး ”


သည်တော့မှ ပန်း က ရှက်ကိုးရှက်ကန်း ဟန်ပန် နဲ့ “ ဟုတ် ကဲ့ ” ဟု မရဲတရဲ ဖြေသည် ။ ဘာပဲပြောပြော မေမေ ကတော့ အရမ်း ကို သဘောကျ နေသည် ။


“ အမလေး သမီးလေး ရယ် ၊ မေမေကြီး တို့ ကို ဘာမှ ရှက် မနေနဲ့ ၊ ကိုယ့် အိမ် လို သဘောထားပြီး လွတ်လွတ်လပ်လပ် နေပါ သမီးလေး ရယ် ” 


“ ဟုတ်ကဲ့ပါ မေမေကြီး ” 


“ သမီးလေး က ဒီလောက် ချော ဒီလောက် လှ နေတာ သား နဲ့ ဘယ်လို ငြိလာလဲ မသိဘူး ”


“ ဟာ မေမေ က လဲ ”


သူ့ စိတ်ထဲ ဘဝင် မကျချင် ။ ပန်း ကတော့ ကြိတ်ပြီး ရယ်သည် ။


“ ဖေဖေကြီး တို့ မှာ က ဒီ သားလေး တစ်ယောက် ပဲ ရှိတာ ဆိုတော့ အိမ်သား က နည်းတယ် သမီး ရဲ့  ၊ အဲဒီတော့ သမီးလေး အဆောင်မှာ နေရတာ ပျင်းရင် ဒီအိမ် ကို မကြာမကြာ လာ ပေါ့ကွယ် ၊ သား မရှိလည်း လာပေါ့ ။ ကိုယ့် အိမ် လို ပဲ သဘောထား ပေါ့ သမီး ရယ် ”


“ ဟုတ်ကဲ့ပါ ဖေဖေကြီး ”


“ သမီးလေး နာမည် ကို ပန်းမို့မို့ လို့ ပြော ကတည်း က သမီးလေး ဟာ အရမ်း လှမှာပဲလို့ မေမေ က တွက် ထားတာ ၊ ခုတော့ မေမေကြီး ထင်ထား တာ ထက် တောင် သမီးလေး က အပြင် မှာ ပိုပြီး လှ နေသေးတယ် ”


ပန်း ခမျာ ဘယ်လိုမှ မနေတတ်တော့ ။ ရှက်ရှာ လွန်း လို့ ခေါင်းလေး ငုံ့ပြီး ခန္ဓာကိုယ် မှာ တွန့်လိမ် ၍ နေသည် ။


ပန်း ရဲ့ ရင်ထဲ မှာ ပျော်ရွှင်ခြင်း ဝမ်းသာခြင်းတွေ က ထောင်း လမောင်း ထ နေလေပြီ ။


 •••••   •••••   •••••


အချိန်က ညနေ ၅ နာရီ ။


“ ဗန္ဓုလ ” သင်္ဘောကြီး က ကမ်း မှ ခွာစ ပြုသည် ။ သင်္ဘော အပေါ် ထပ် မှ ပန်း က မျက်ရည်တွေ သုတ်ရင်း လက်တပြပြ နဲ့ ပါသွားသည် ။


စာမေးပွဲကြီး စစ်ပြီး လို့ တက္ကသိုလ်တွေ လည်း ပိတ်လိုက်ပြီ ။


“ ပန်း အိမ် ကို ပြန်ရတော့မယ် မောင် ရယ် ၊ ပန်း ကို  အကြာ ကြီး ခွဲ မထားပါနဲ့ ၊ ပန်း တော့ မောင့် ကို မခွဲနိုင်တော့ဘူး ၊ မောင် ရယ် ”


ချစ်သူ ၏ ဝမ်းနည်းစကားတွေ က နားဝ မှာ ကြားယောင် လာသည် ။ ပန်း သည် ပြန်ခါနီး သူ ၏ မိဘနှစ်ပါး ကို လည်း လာ ပြီး ကန်တော့ သွားသည် ။


အောင်စာရင်း ထွက်ပြီးသည် နှင့် အလုပ် တစ်ခု ဝင် လုပ်မည် ။ ပြီးလျှင် လက်ထပ်မည်ဟူ၍ ကတိစကား တွေ ဖလှယ် ခဲ့ကြသည် ။ ခုတော့ ပန်း သည် ဇာတိ ပုသိမ် သို့ ပြန်ခဲ့လေပြီ ။


 •••••   •••••   •••••


ကိစ္စ တစ်ခု ဖြင့် မြို့ ထဲ သို့ ထွက်ခဲ့သည် ။ ရုံးပိတ်ရက် ၊ ကျောင်းပိတ်ရက် ဖြစ် သော်လည်း ဘတ်စ်ကား ကတော့ ခပ်ကျပ်ကျပ် မို့ နေရာ က မရ ။


မှတ်တိုင် တစ်ခု အရောက် မှာ လူ အတော် ဆင်းသွားသည် ။ ဘေးနား ထိုင်ခုံ မှ တစ်နေရာ လွတ်သည် ကြောင့် အသာ ဝင် ထိုင် လိုက်သည် ။ သည်မှာ ဘေးနား က အမျိုးသမီး ကို အရှိန် နည်းနည်း နဲ့ တွန်းမိ သလို ဖြစ်သွားသည် ။ အားနာလိုက်သည့် ဖြစ်ခြင်း ။ 


“ ဆောရီး ” လို့ သူ ပြောတော့ ထို အမျိုးသမီး က ခေါင်းညိတ် ပြီး “ ရပါတယ် ” လို့ ပြန်ပြောသည် ။ လမ်း တစ်လျှောက် အခြေ အနေ က သိသာ လာသည် ။


အမျိုးသမီးသည် သူ့ ဘက် ကို မှီပြီး လိုက် လာသည် ။ သူ နည်းနည်း ရွှေ့ ထိုင်သည် ။ အမျိုးသမီး က လိုက် ပြီး မှီသည် ။ အမျိုးသမီး ၏ ပူနွေးအိစက်သော ခန္ဓာအတွေ့ က သူ့ ရင် ကို ခုန် စေ သည် ။ 


မင်္ဂလာဈေး မှတ်တိုင် သို့ ရောက်လာသည် ။ သည်မှာ အမျိုးသမီး က သူ့ လက်မောင်း ကို ဆုပ်ကိုင် လှုပ်ယမ်းပြီး ပြော လာသည် ။


“ ဒီ မှတ်တိုင် မှာ ပဲ ဆင်းကြရအောင် ၊ လိုက်ခဲ့ နော် ” 


ရုတ်တရက် ဘာမှန်း မသိဘဲ ယောင်တောင်ပေါင်တောင် နဲ့ သူ ခေါင်းညိတ် ဖြစ်သည် ။ အောက် ရောက်တော့ အမျိုးသမီး က သူ့ လက်မောင်း ကို ချိတ်တွယ် ထားသည် ။


ပြီးတော့ သူ့ ကို ရွှန်းရွှန်းစားစား ကြည့်သည် ။ မည်သူ မျှ မရှိသော သူမ နေထိုင်ရာ တိုက်ခန်း ဆီ သို့ လိုက်ခဲ့ ဖို့ ဖိတ် ခေါ် သည် ။


ဆိုတော့ သူ့ ရင်ထဲ ထိတ်ခနဲ ဝမ်းသာ သွားသည် ။ သည်သို့ သော အခွင့်အရေးမျိုး က ကြုံတောင့်ကြုံခဲ ရခဲ ဘိခြင်း ။ သူ သဘောတူသည် နှင့် အမျိုးသမီး က အားရဝမ်းသာ နှင့် တက္ကစီ တစ်စီး ကို ငှားသည် ။ 


သူမ နေထိုင်ရာ အခန်း ဆီ သို့ ရောက်သွားသည် ။ အလွယ် တကူ ရ ခဲ့သော အခွင့်အရေး သည် သူ့ စိတ်ဝိညာဉ် ကို ဖမ်းစား ခဲ့ လေပြီ ။ ထို အမျိုးသမီး နှင့် လည်း ရင်းနှီးခဲ့လေပြီ မို့ တစ်ကြိမ် မှ သည် နောက် တစ်ကြိမ် ဆီသို့ ။


 •••••   •••••   •••••


အချိန်တွေ က တစ်လ ပြီး တစ်လ ကုန်လွန် လာခဲ့သည် ။ တစ်နေ့ တွင် ဗိုက်ဖုံး အင်္ကျီ ဝတ်ထားသော အမျိုးသမီး တစ်ဦး သည် ခရီးဆောင် အိတ် တစ်လုံး လက်ဆွဲခြင်း တစ်ခု နှင့် သူ ၏ အိမ်ပေါ် သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက် လာခဲ့သည် ။ သူ ၏ ဖခင် နှင့် မိခင် က ဘာကိစ္စလဲ ဟု မေးရင်း နေရာ ပေးသည် ။ အမျိုးသမီး က ကျွန်မ ကိုဇော်ဇော် ရဲ့ ချစ်သူ ပါ ဟု ဆိုသော အခါ သူ့ မိဘ နှစ်ပါး မှာ မျက်လုံး မျက်ဆန် ပြူးရ လေပြီ ။


သူမ မှာ ကိုယ်ဝန် ရှိလာ ၍ အိမ် မှာ မနေရဲတော့သည် ကြောင့် အိမ် က ဆင်းခဲ့ကြောင်း ငိုသံ နှောပြီး ပြော တော့သည် ။ 


သူ ၏ မိဘနှစ်ပါး မှာ ဘယ်လိုမှ မယုံကြည်နိုင် ။ သား အလိမ္မာ သည် ဘယ်က မှန်း မသိရ သော မိန်းမ တစ်ဦး နှင့် ဘယ်အချိန် က များ သွား ရှုပ်ခဲ့လေပြီ မသိ ။


သိထားခဲ့သည် က သား ၏ ချစ်သူ သည် ပုသိမ် က ပန်းမို့မို့ တည်း ဟူသော မိန်းမချောလေး တစ်ဦး မျှ သာ ။ ယခုတော့ မူ ... ။


ညနေ ရုံး ဆင်း၍ အိမ် သို့ သူ ပြန် ရောက်သည် ။ သူ့ ကို မြင် တော့ ငို နေတဲ့ သူမ က ပြေးလာပြီး သူ့ ကို တစ်အား ကျုံး ဖက်ကာ တရှုံ့ရှုံ့ နှင့် ငိုသည် ။


သူ့ ရင် ထဲ ဒိတ်ခနဲ ခုန် ပြီး ဘာ လုပ်ရမှန်း မသိ ။ အသား များ ပင် တဆတ်ဆတ် တုန်ယင်လာသည် အထိ ထိတ်လန့် တုန်လှုပ် သွားခဲ့သည် ။


သွားပြီ ဆိုသည့် အသိ က သူ့ ဘဝ ၊ သူ့ ကမ္ဘာ ကို တစ်စစီ ၊ တစ်မှုန်စီ ခြေမွ ဖျက်ဆီး ပစ်လိုက်ပြီ ။


သား ရဲ့ အိမ်ထောင်ရေး အတွက် အမြဲတမ်း ပူပန်ခဲ့ ရသော မိခင်ကြီး မှာ သား အတွက် စိတ်ထိခိုက် လွန်း သဖြင့် ရုတ်တရက် သတိ ပင် လစ် သွားခဲ့သည် ။


အမှတ်မဲ့ ဇွတ်တိုး ခဲ့သော အမှား ၏ ဒဏ်ခတ်ခြင်း ကို ချက်ချင်း လက်ငင်း ခံစား နေရပြီ ။


ရင်သွေး ဟူ သော အသိကြောင့် မျက်လုံး ကို စုံ မှိတ်ပြီး အံကို တင်းတင်း ကြိတ် ဖြစ်သည် ။


ဟုတ်သည် ။ သူ ဘာမျှ မတတ်နိုင်တော့ ။ သူ ခေါင်းညိတ် လိုက် ရတော့သည် ။


◾တက္ကသိုလ်စိုးနောင်


📖 ရုပ်ရှင်သစ္စာ မဂ္ဂဇင်း

      အမှတ် ( ၂၃၃ ) ၊ 

      ၂၀၀၁ ခုနှစ် ၊ ဖေဖော်ဝါရီလ 


#ကိုအောင်နိုင်ဦး


.