Friday, August 14, 2026

ဆေးပေးမီးယူ


❝ ဆေးပေးမီးယူ ❞
▢ ပန်းတောင်း တင်ဝင်းအောင်

၁။

လမ်းထိပ်က ကားဂိတ်ကို ရောက်တော့ နံနက် ၈ နာရီပင် ကျော်စပြုပြီ။ ပုဂ္ဂလိက ကုမ္ပဏီတွေက နောက်ဆုံး ကြိုပို့သည့် ဖယ်ရီကား တချို့ကို တွေ့နေရသေး၏။ များပြားလှသည့် လူငယ်တွေ။ ကုမ္ပဏီဝတ်စုံ ဆင်တူလေးတွေနှင့် ဖယ်ရီကားပေါ်သို့ အလုအယက် တိုးဝှေ့ တက်နေကြသည်။ သူတို့လေးတွေ၏ အသက်၊ မသကာရှိလှ ၂၅ နှစ်ထက် ပိုမည် မထင်။ အို လောက ... ဒီအရွယ် ကတည်းက စားဝတ်နေရေး ဆိုသည့် ဝင်္ကပါကြီးထဲမှာ လူသားတွေကို မျက်လှည့်ဆရာကြီးလို စိတ်ရှိတိုင်း မွှေနှောက်နေပါရော။

ဦးသန်းမောင် စိတ်ကူး အတွေးတွေနှင့် အာရုံတို့သည် မတည်ငြိမ်။ ရင်သည် ဖားဖိုတစ်ခုလို ဖောင်းလိုက် ပိန်လိုက်။ အိပ်ရေးပျက်သည့် ရက်တွေကများ၍ ဦးနှောက်သည် မကြည်လင်။ ခေါင်း တစ်ခုလုံး မူးဝေဝေ။ စိတ်ကို တင်းပြီး လမ်းကြားထဲက အိမ်သို့ ရောက်အောင် အားတင်းပြီး လျှောက်ပြန်လာခဲ့သည်။

အိမ်ဈေးဆိုင် ရှေ့က ခုံတန်းလျားလေးသို့ ရောက်သောအခါ လွယ်ထားသော ထမင်းချိုင့်နှင့် ဓာတ်မီး ထည့်ထားသော လွယ်အိတ်ကို အသာ တင်လိုက်ပြီး လူက တန်းလျားပေါ် အရုပ်ကြိုးပြတ် ထိုင်ချလိုက်သည်။

ဤသည်ကို ဆိုင်ရှေ့ မျက်နှာစာတွင် မုန့်ပဲသရေစာထုပ်တွေ တိုးလိုးတန်းလန်း ချိတ်ထားသည့် နောက်က အချိုမှုန့်ထုပ်အသေးကလေးတွေ ထုပ်နေသည့် ဇနီးဖြစ်သူ ဒေါ်ချောစိန်က မြင်ဖြစ်အောင် မြင်သွားသေးသည်။

“ဟင် … ကိုသန်းမောင်၊ ဘယ်လို ဖြစ်လာတာလဲ၊ နေမကောင်းဘူးလား”

ပျာပျာသလဲနှင့် ဆိုင်ရှေ့သို့ ပြေးထွက်လာပြီး သူ့ နဖူးကို စမ်း၊ ပါးကို စမ်း၊ လက်ကောက်ဝတ်သွေးကို စမ်းသည်။

“နေတော့ ကောင်းသားပဲ၊ ဘယ်လို ဖြစ်လာတာတုံး”

ပြောပြီး တုန်တုန်ယင်ယင်နှင့်၊ စိုးရိမ်သောက မျက်ဝန်းတွေနှင့် သူ့ရှေ့က ခုံတန်းလျားမှာ ဝင်ထိုင်သည်။

“ဖေကြီးတို့ အလုပ်အင်ချပ်က ဒီမနက် ဖေကြီးကို ခေါ်တွေ့တယ်။ ဦးသန်းမောင်က အသက်လည်း ကြီးပြီ၊ ညစောင့်အလုပ်က အိပ်ရေးလည်း ပျက်တယ်၊ ပင်လည်း ပင်ပန်းတယ်ပေါ့ကွာ။ အဲဒါကြောင့် တစ်လစာ ကြိုပေးပြီး အလုပ်က နားလိုက်ပါတော့တဲ့။ ဖေကြီးတို့ ဘယ်လို လုပ်ကြမလဲဟင် မေကြီး” 

သူ မိုးပြိုမှာကို စိုးရွံ့နေသည့် ယုန်သူငယ်မျက်လုံးမျိုးနှင့် ဒေါ်ချောစိန်ကို ကြည့်ပြီး ပြောဖြစ်နေသည်။ ဒေါ်ချောစိန် ခုံတန်းလျားကို နောက်မှီချလိုက်ပြီး ယခုမှ ဇာတ်စုံကို သိလိုက်ရ၍ သက်ပြင်းမောကြီး ချလိုက်ရသည့် တရားသူကြီးမင်းလို ပင့်သက် တစ်ချက် ရှူလိုက်ပြီး- 

“ဖြစ်လာမှတော့ ဘယ်တတ်နိုင်မလဲ ကိုသန်းမောင်ရယ်၊ ဈေးရောင်းလို့ ရတာလေးနဲ့ပဲ ချွေတာစားကြတာပေါ့”

ဟု အားပေးပြောရှာသည်။ တကယ်ကျ ဇနီးသည်၏ မျက်ဝန်းထဲမှာ သူတို့အိမ်၏ အိမ်ငှားခ၊ မီတာခ၊ ရေခ၊ သာရေးနာရေးခ၊ ဘာညာခတွေနှင့် စိတ်ရှုပ် စိတ်ညစ်သွားသည့် အရိပ်မျိုးစုံတို့က သူမ မျက်နှာပေါ်မှာ ဖြတ်ပြေးသွားသည်ကို သူ မြင်ဖြစ်အောင် မြင်လိုက်ပါသေးသည်။

“ဂလောင် …ဂလောင်”

ထိုစဉ် သူတို့ ဆိုင်ရှေ့သို့ ရေခဲချောင်းရောင်းသည့် သက်ကျားအို အဘိုးအဘွား စုံတွဲ ရောက်လာသည်။ အဘိုးကြီးက မျက်စိ မမြင်။ အဘွားကြီးက မျက်စိ မြင်၍ ရှေ့မှ တုတ်ကလေး ကမ်းလျက် ဆွဲခေါ်လေသည်။ အဘိုးကြီးက အချိန်ပိဿာ မည်ရွေ့မည်မျှ ရှိမည်မှန်း မသိသော ရေခဲ ချောင်းပုံးကြီး ဘေးတိုက် လွယ်ထားလျက်က မမြင်မစမ်းနှင့် တကောက်ကောက် လိုက်နေသည်။ မျက်နှာတွင် ချွေးစေးတို့က တဒီးဒီး။ အဘွားကြီး မျက်နှာတွင်လည်း ချွေးသီးတွေ တပေါက်ပေါက် စီးလိမ့်လျက်။ အို... လောကရယ် ရက်စက်ပါပေ့။

သူ အတွေးတစ်ချက်နှင့်-

“ဟို ရေခဲချောင်းလေး ရောင်းခဲ့ပါဦး အစ်ကိုကြီး”

သူ လှမ်းအော်ခေါ်လိုက်သည်။ ရေခဲချောင်းရောင်းသည့် အဘိုးကြီးနှင့် အဘွားကြီး သူ့ဆိုင်ရှေ့သို့ ချက်ချင်း ရောက်လာသည်။ ပြီးနောက်-

“ဘယ်နှချောင်း ယူမှာလဲ ငါ့မောင်”

အဘွားကြီးခမျာ ဝမ်းသာအယ်လဲ ဖြစ်နေသည်။ ကြည့်ရတာ ဈေးဦးမပေါက်သေးဘူးထင်သည်။

“အစ်ကိုကြီးနဲ့ အစ်မကြီးတို့ ကြည့်ရတာ ပင်ပန်းလိုက်တာဗျာ၊ ခဏလောက် ထိုင်နားပါဦးလား”

သူ့ရင်ထဲမှ စစ်မှန်စွာ စီးဆင်းလာသော ကရုဏာစိတ်ဖြင့် အလိုလို ဖွင့်ဟ,ဖြစ်သည်။

"အို နေပါစေတော့ ငါ့ညီရယ်။ ရေခဲချောင်းတွေက မကုန်သေးဘူးကွ။ ဒါလေး ကုန်မှ စားဖို့တို့၊ နေ့ပြန်တိုးခတို့ ပေးလို့ရမှာ”

အဘိုးကြီးက အားနာပါးနာ စကားပင် မဆိုတော့ဘဲ တဲ့တိုးပင် ငြင်းပယ်လေသည်။ သူ ရေခဲချောင်း ၂ ချောင်း ဝယ်လိုက်သည်။ ဇနီး ဖြစ်သူ ဒေါ်ချောစိန်က ကျသင့်ငွေကို ဈေးဆိုင်ရှိ ပိုက်ဆံဘူးထဲက ယူပေးလိုက်သည်။

“ဒါနဲ့ ကျွန်တော် အစ်ကိုကြီးတို့ လင်မယားကို နေ့တိုင်း တွေ့နေရတယ်။ ဒီ အလုပ်ကြီးက သိပ်တော့ မကိုက်ဘူး။ တခြား လုပ်ငန်းလေး ပြောင်းလုပ်ပါလား။ ဒါမှမဟုတ် အိမ်မှာ မှီခိုရမယ့် သားသမီး မရှိဘူးလား”

အဘိုးကြီးက မျက်စိ မြင်သလို သူ့ကို လှည့်ကြည့်သည်။

"ငါ့ညီရယ် သားသမီး မရှိပါဘူးကွယ်၊ တို့က ကြီးပေါင်းတွေလေ။ အသက်ကြီးမှ အကြောင်းပါတာ ဆိုတော့ သားသမီးလည်း မရပါဘူး။ အခြား လုပ်ငန်း လုပ်စားမယ် ဆိုတော့လည်း အစ်ကို့လို ဒုက္ခိတက ဘာအလုပ် လုပ်နိုင်မှာလဲ။ ဒီအလုပ် မလုပ်ဘဲ အခြားအလုပ် ပြောင်းလုပ်မယ် ဆိုတော့လည်း အရင်းအနှီးက လိုသေးတယ်လေ။ ဘယ်သူက အရင်းအနှီး ထုတ်ပေးမှာလဲ ငါ့ညီ”

ရင်သည် နွေဆယ် ရာသီမက ပူလောင်သွားခဲ့ပါသည်။ သူ ဘာစကားမျှ ဆက်မပြောနိုင်ခဲ့တော့ ။ အဘိုးကြီးလင်မယားသည် ကျသင့်ငွေကို ယူပြီး “ဂလောင် ဂလောင်” ခေါက်လျက် “ရေခဲချောင်းရမယ်” ဟု အသံတုန်တုန်အက်အက်နှင့် အော်လျက် တရွေ့ရွေ့ ထွက်သွားလေသည်။

စင်စစ် သူနှင့် မချောစိန်တို့ကရော...။ သူနှင့် မချောစိန်မှာလည်း ငယ်လင်ငယ်မယားတော့ မဟုတ်ပါ။ သို့သော် ကြီးပေါင်းလို့လည်း မပြောနိုင်။ ဘာကြောင့်ဟု ဆိုလျှင် သူက ပထမအိမ်ထောင် ပျက်ခဲ့ဖူးသည်။ ပထမအိမ်ထောင်က သူအရာရှိ မဖြစ်၊ ဥစ္စာ မကြွယ်ဝနိုင်သောအခါ သူ့ကို ရက်ရက်စက်စက် ပစ်၍ အခြား ချမ်းသာသူ တစ်ယောက်နှင့် နောက်အိမ်ထောင် ပြုသွားခဲ့သည်။ သူနှင့် သမီးတစ်ယောက် ရခဲ့သော်လည်း အနှီ သမီးကလည်း သူ့အမေနှင့် ပါသွားသည်။ သူက ယောင်ချာချာနှင့် ကျန်ခဲ့သည်။

သူ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် အခြားအဆင့် တာဝန်ဖြင့် တာဝန်ထမ်းဆောင်ရင်း ဘွဲ့ရခဲ့သော်လည်း ကန့်သတ် အသက် ကျော်သွား၍ အရာရှိ စာမေးပွဲ ဖြေဆိုခွင့် မရ၍ အရာရှိလည်း မဖြစ်။ အစိုးရဝန်ထမ်း ဖြစ်၍ သိကြားမင်း မ, မစနိုင်သော လူတန်းစား ဖြစ်၍ ဓနဥစ္စာလည်း မကြွယ်။ ထိုရောအခါ ဇနီး ဖြစ်သူက သူ့ကို ပစ်သွားသည်မှာ မှန် သလား၊ မှားသလား ဟုပင် သူ မဝေခွဲနိုင်ခဲ့တော့။

ဝန်ထမ်းဘဝနှင့် တိုင်းနှင့် ပြည်နယ်မျိုးစုံ လှည့်လည်၊ ကျရာတာဝန် ထမ်းဆောင်ရင်း (×××) မြို့တွင် မချောစိန်နှင့် တွေ့၍ နဖူးစာ ဆုံခဲ့ရသည်။

ဒီတုန်းက သူလည်း အရွယ်ကောင်းတုန်း ရှိသေးသည်။ သူ တာဝန်ကျရာ စခန်းတွင် တာဝန်ထမ်းဆောင်ရင်း ထမင်းလပေးစား လက်ခံသည့် အသုပ်စုံ၊ မုန့်ဟင်းခါးရောင်းသည့် မချောစိန် ထံတွင် ထမင်းလပေး စားရင်း ပတ်ဝန်းကျင် အပေါင်းအသင်းတို့၏ အောင်သွယ် ကောင်းမှုကြောင့် မချောစိန် နှင့် အောင်ဇေယျတု မင်္ဂလာ သွန်းလောင်းဖြစ်ခဲ့သည်။

သူကသာ အိမ်ထောင်ပျက် တစ်ခုလပ်ပါ။ မချောစိန်ကတော့ အသက် ၂၇ နှစ် အရွယ်၊ လုံးကြီးပေါက်လှ လှတပတ အပျိုကြီး မချောစိန် ဖြစ်သည်။ သို့အတွက် မချောစိန်အဖို့တော့ သူတို့ အိမ်ထောင်ရေးသည် ငယ်ပေါင်းဟု ဆိုက မှားအံ့မထင်။

သို့သော် သူနှင့် မချောစိန်တို့ ကံမကောင်းခဲ့ပါ။ အိမ်ထောင်ကျပြီး တစ်နှစ်ခန့်တွင် သားဦးကိုယ်ဝန် ရခဲ့သော်လည်း ကံအကြောင်း မလှစွာ ကိုယ်ဝန်လျှောကျခဲ့သည်။ ဒီကတည်းက အိုဂျီ နှင့် ပြ၍ သားအိမ်ခြစ်၊ ဘာညာ ကုသခဲ့သော်လည်း သားသမီး မရခဲ့တော့။ သားအိမ်အားနည်း၍ဟု ဆိုကာ သန္ဓေ မတည်ခဲ့တော့။ သူပဲ လင်၊ သူပဲ သား။ သူမပဲ ဇနီး၊ သူမပဲ သမီး။ လင်လက် မယားခြေ။ ဖိုးသူတော်နှင့် တောင်ဝှေးလို၊ သူတို့ လင်မယား ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီဘဝ နေခဲ့ကြရသည်။ ရှေးလူကြီးသူမတွေ ပြောပြောနေသည့် ဆေးပေးမီးယူ ဆိုသည့် ဘဝမှာ ဤသည်ပင်လား မဆုံးဖြတ်နိုင်တော့ပေ။

••••• ••••• •••••

၂။

သူ သက်ပြည့်ပင်စင် ယူသည့်နေ့တွင် ဘဝတူ ရဲဘော်ရဲဘက်တွေက-

“ဘိုးတော်ကတော့ ဝဋ်ကျွတ်သွားပြီပေါ့ဗျာ၊ ကျုပ်တို့ ကတော့ တိုင်းပြည်တာဝန် ဆက်ထမ်းဆောင်ရဦးမှာပေါ့” နှင့် ဝမ်းပန်းတနည်း ပြောဆို နှုတ်ဆက်ကြသည်။ သူလည်း မျက်ရည်လည်ခဲ့ရပါသည်။

တကယ်ကျ ဝန်ထမ်းဘဝ ဆိုတာ အဘယ် ဝန်ထမ်း ဖြစ်ဖြစ် မချမ်းသာပါ။ မချမ်းသာ သော်လည်း မိုးတော့ မခေါင်။ နိုင်ငံတော်က ပေးထားသည့် လစာလေးနှင့် တစ်လစာ တွက်ဆကာ နှိုင်းနှိုင်းချိန်ချိန် သုံးလျှင် ထမင်းတော့ မငတ်ပါ။ သို့သော် ကျန်းမာရေး မကောင်းခြင်း၊ အခြား ဗာဟီရ အသုံးစရိတ်များ ပေါ်လာလျှင်တော့ ကြွေးမြီ တင်သွားတတ်ပါသည်။

ထိုရောအခါ ပိုမို၍ ခြိုးခြံချွေတာခြင်းဟူသော ဓားသန်လျက်ဖြင့် အနှီ ကြွေးမြီတင်ခြင်း ဟူသော ကုမ္ဘဏ် ယက္ခကြီးကို အထစ်ထစ် ပိုင်းဖြတ်ခြင်းဖြင့် ဝန်ထမ်းဘဝကို ထုဆစ်ရစမြဲပါလေ။

ဘဝတူ ရောင်းရင်းတွေက သူ ပင်စင်ယူ၊ ဝန်ထမ်းဘဝက လွတ်မြောက်သွားသည်ကို ဝမ်းမြောက်ကြလေသည် ဆိုပေမဲ့ တကယ်ကျ သူ ဝန်ထမ်းဘဝက မလွတ်မြောက်သေးသည်ကို သူတို့ မသိ။

သူသည် ခန္ဓာ၏ ဝန်ထမ်း။

ခန္ဓာ ရှိသရွေ့ အလုပ် လုပ်နေရဦးမည်။ ထိုသို့ လုပ်ရာတွင် ချမ်းသာကြသူများက အရင်းအနှီးကြီးကြီး စိုက်ထုတ်၍ ကုမ္ပဏီ၊ စူပါမားကက်တွေ ထောင် စီးပွားရှာသည်။ ပညာကြွယ်ဝကြသူတွေက သင်တန်းမျိုးစုံတွေ ခေါင်းစဉ်တပ် ဖွင့်ပြီး ဥစ္စာရှာသည်။

သူလို သာမန် ဝိဇ္ဇာ/ သိပ္ပံဘွဲ့နှင့်၊ သာမန် ထမင်းစားရေသောက် ဝန်ထမ်းဘဝ ရသည့် ဥစ္စာလေးနှင့် အဘယ်  အဆင့်အတန်းမြင့်မြင့်၊ ဂုဏ်ဒြပ်ကြီးကြီး ဝင်ငွေ သောက်သောက်လဲ လုပ်ငန်းတွေနှင့် ဘဝ ရထားအိုကြီးကို မြန်မြန် ခုတ်မောင်းနိုင်မည်နည်း။

ရသည့် ပင်စင်၊ ရသည့် ကရုဏာကြေး ငွေလေးနှင့် မြေကွက်လေး တစ်ကွက် ဝယ်ဖို့ ကြိုးစားသည်ကိုပင် အထမမြောက်ခဲ့။ မြေဈေးက ရွှေဈေးထက်မက ခေါင်ဆိုက် နေသည်။ ပေါချောင်ကောင်း ရနိုင်သည့် ကျေးလက်လို ဒေသတွေ သွားရောက် အခြေချမည်ဟု တွေးသော အခါ ဇနီးဖြစ်သူ မချောစိန်က-

“အဲဒီ တောရွာကို သွားပြီး ရှင်က လယ်ထွန်မလို့လား။ ရှင် လယ်ထွန်နိုင်တယ်ပဲထား၊ ဘယ်မှာလဲ လယ်ကွက်၊ ဘယ်မှာလဲ လယ်ဝယ်နိုင်တဲ့ အရင်းအနှီး”

ဒီလိုနှင့် အိမ်ဈေးဆိုင်လေး တည်၊ တောက်တိုမည်ရလေး ရောင်းပြီး တစ်နေ့ ဝင်ငွေ ၃,၄ ထောင်နှင့် လင်မယား နှစ်ယောက် ပါးစပ်ပေါက် ဆီ မစွတ်နိုင်သော်လည်း ငါးပိရည်ကျဲနှင့် ဝမ်းပြည့်စေနိုင်သည့် အနှီ (×××) တိုင်းမြို့ကြီးတွင် အိမ်ငှားဘဝဖြင့် သူတို့ ဇနီးမောင်နှံ အခြေချဖြစ်ခဲ့ခြင်းဖြစ်သည်။ အနှီ (×××) ရပ်ကွက်ရှိ နေအိမ်သို့ ရောက်ပြီး ၃,၄ လ အကြာ ကံကောင်းထောက်မ၍ တစ်ရပ်ကွက်တည်းနေ မိတ်ဆွေတချို့၏ အလုပ်စပ်ပေးမှုကြောင့် တရုတ်နိုင်ငံသားတွေ၏ မြေကွက်တွေမှာ တစ်လ ၁ သိန်းဖြင့် ညစောင့်အလုပ် ရခဲ့၍ လင်မယားနှစ်ယောက် စားဝတ်နေရေးအတွက် အသက်ရှူ ချောင်ခဲ့သော်လည်း ယခုတော့ ၄င်း အာမခံချက် မရှိသော အလုပ်က ပြုတ်လေပြီ။ ဘဝကလည်း ရက်စက်တာလား၊ သူကပဲ ကံမကောင်းတာလား ဝေခွဲ၍ပင် မရခဲ့တော့။

••••• ••••• •••••

၃။

ဒီနေ့ သူ့မွေးနေ့ မွေးရက် ထပ်၍ ၆၅ နှစ်ပြည့် မွေးနေ့ အတွက် ကုသိုလ်ကောင်းမှု အဖြစ် ရပ်ကွက်ထဲက ဘုန်း ကြီးကျောင်းကို ဆွမ်းချိုင့်ပို့ရန်အတွက် ဇနီးဖြစ်သူ မချော စိန် တစ်ယောက် မနက်စောစော ကတည်းက ထ,ပြီး မီးဖို ချောင်ထဲမှာ တကုပ်ကုပ်နှင့် ချက်ပြုတ်ကြော်လှော်နေခဲ့သည်။

သူ အိပ်ရာက နိုးသောအခါ နေပင် အတော်မြင့်၍ ဆွမ်းချိုင့်က အဆင်သင့် ဖြစ်နေလေပြီ။

“ကဲ ဖေကြီး၊ နေ မပူတုန်းလေး ဆွမ်းချိုင့် သွားပို့လိုက်ဦး။ ကျုပ်တော့ မလိုက်နိုင်တော့ဘူး။ ဆရာတော်လည်း ကြည့်ကျက် လျှောက်လိုက်ဦး”

ချွေးတွေ စိုနေသည့် မျက်နှာတွင် ကုသိုလ်ရေး အပြုံးငွေ့တွေနှင့် သူ့ကို စိတ်မချစွာ မှာရှာနေသည်။

“အေးပါကွာ၊ ဖေကြီး ကြည့်လျှောက်လိုက်ပါ့မယ်” ဟု ပြောပြီး သူ တစ်ယောက်တည်း ဆွမ်းချိုင့်ဆွဲ၍ ဘုန်းကြီးကျောင်းသို့ ထွက်လာခဲ့သည်။

ဒီ ဘုန်းတော်ကြီးကျောင်းနှင့် ဒီ ဆရာတော်ဘုရား ကတော့ သူတို့ လင်မယားနှင့် ရေစက်ပါသည်ဟု ပြောရမည်။ သူ ရှမ်းပြည်မှာ တာဝန်ကျစဉ်က တိုက်အုပ် ဆရာတော် အဖြစ် ခင်မင်ခွင့်ရခဲ့သည့် ဦးပဉ္စင်းက ယခု ဒီ မြို့၊ ဒီဘုန်းကြီးကျောင်းမှာ ကျောင်းထိုင်ဆရာတော် အဖြစ် ပြန်လည် ရေစက်ဆုံတွေ့နေခဲ့ရပါသည်။ ဒီအတွက် သူတို့ ဇနီးမောင်နှံက ဆရာတော့် အကြောင်းကို သိသလို ဆရာတော်ကလည်း သူတို့လင်မယားအကြောင်းကို ကောင်းကောင်း နားလည်နေခဲ့ပါသည်။ ဪ..လူ့ဘောင် ဆိုတာကလည်း ကျဉ်းကျဉ်းလေးပါကလား။

သူ ဆရာတော့်ကျောင်းကို ရောက်တော့ ကျောင်းထဲတွင် ဧည့်သည်တချို့ တွေ့ရ၏။ ဓာတ်စက်သံတွေ၊ ဆောင်းဘောက်သံတွေတော့ မကြားရပါ။ ဆွမ်းစားကျောင်းဘေးမှာ လူတချို့ ချွေးတလုံးလုံးနှင့် ချက်ပြုတ်နေတာကို ကြည့်ရခြင်းဖြင့် အလှူ တစ်ခုခုဟုတော့ နားလည်သည်။ ဘယ်လို အလှူ ဟူသည်ကိုသာ ဂဃနဏ မပြောနိုင်။

သူ ကျောင်းပေါ်သို့ တက်ခဲ့သည်။ ကျောင်းပေါ်တွင် ဧည့်သည် တချို့ ရှိ၏။ သူ ဘုရားဝတ်ဖြည့်၊ ဆရာတော်ကို ဝတ်ဖြည့်ပြီးသောအခါ ဆရာတော်က ဘုရားခန်းရှေ့ မိန့်မိန့်ကြီး ထိုင်လျက်-

“ဒကာကြီး နေကောင်း ရဲ့လား။ ဒီနေ့ ဆွမ်းချိုင့် အလှည့်ကျလို့လား”

ပဋိသန္ဓာရစကား ဆိုသည်။

“တင်ပါ့၊ ဆွမ်းချိုင့် အလှည့်တော့ မဟုတ်သေးပါဘူး။ တပည့်တော် အသက် ၆၅ နှစ်ပြည့် မွေးနေ့ မွေးရက် ထပ်တာနဲ့ ဆွမ်းချိုင့်လာပို့ ကုသိုလ်ယူတာပါဘုရား”

“ဒါနဲ့ ဒကာမကြီးရော မပါဘူးလား”

"တင်ပါ့၊ အိမ်မှာ ဈေးဆိုင်တစ်ဖက်နဲ့ဆိုတော့ လိုက်မလာအားပါဘူး ဘုရား”

“အင်း ဒကာကြီးတို့လည်း ရှမ်းပြည်မှာ ကတည်းက ဝန်ထမ်းဘဝ ဖြတ်သန်းလာခဲ့ရတာ။ ဝန်ထမ်းဘဝတုန်းကလည်း အလုပ်တစ်ဖက်နဲ့မို့ မအားလို့၊ အခု ပင်စင် ယူပြီးတော့လည်း ခန္ဓာဝန်ထမ်း ဘဝနဲ့မို့ မအားလို့နဲ့တဲ့။ သေခြင်းတရားကတော့ အားတာတွေ မအားတာတွေ မစောင့်ဘူးနော် ဒကာကြီး။ ကုသိုလ် ဆိုတာ ကိုယ်က ရအောင်ယူမှ ရတာ။ နိဗ္ဗာန် ဆိုတာကလည်း ကိုယ်က ရအောင် ကြိုးစားအားထုတ်ယူမှ ရတာ။ သူ့အလိုလို ရောက်မလာဘူး။ ဘယ်အရွယ်မဆို သတိတရား လက်ကိုင်ထားပြီး ကြိုးစားအားထုတ်ယူမှ သူ့အရွယ်နဲ့ ကိုက်ညီတဲ့ အကျိုးရလဒ်ကို ခံစားရတာ မဟုတ်လား။ ပထမအရွယ်မှာ ပညာရှာ၊ ဒုတိယအရွယ်မှာ ဥစ္စာရှာ၊ တတိယအရွယ်မှာ တရားရှာရမှာ မဟုတ်လား။ ငါတော့ နေကောင်းသေးတယ်၊ ငါတော့ ကျန်းမာသေးတယ်နဲ့ ဆင်ခြေပေးပြီး တရားအလုပ်ကို စိုက်စိုက်မတ်မတ် မလုပ်ဘဲ စားဝတ်နေရေး ဆိုတဲ့ သံသရာ အဆက်ဆက်က ပြုစမြဲ အာဝေဏိက ဒုက္ခတွေ နဲ့ ချာချာလည် နေရင်တော့ သေခါနီး ညောင်စောင်းပေါ် ရောက်မှ နောင်တရမယ်နော် ဒကာကြီး”

ဆရာတော်ဘုရားကတော့ ငယ်ပေါင်းလို အကြောင်းသိမို့ သူ့ကို အားမနာတမ်း ဝေဖန်၊ ဘဝမီးမောင်းထိုးပြနေလေပြီ။ သူ ဘာလုပ်ရမည်နည်း။

“အခု ဒီအလှူရှင် ဒကာကြီးကလည်း ဒကာကြီးလိုပဲ ဝန်ထမ်းဘဝက လာတာ။ အငြိမ်းစားယူပြီးလို့ ရာသက်ပန် ရဟန်းဘဝနဲ့ တရားအား ထုတ်တော့မယ်။ သူ့သား သမီးတွေက ဆရာတော့် ကျောင်းမှာ လာပြီး သူတို့ အဖေကို ရဟန်းခံ၊ သိမ်တက်ပွဲ လုပ်ပေးနေကြတာ။ ဒကာကြီးကိုလည်း အဲဒီလို လုပ်စေချင်တယ်။ ဘုန်းကြီး အကြံဉာဏ် ပေးတာပါ”

“တင်ပါ့ဘုရား”

အသိတရားတို့သည် ပွင့်သစ်စ လမင်းလို ထွန်းလက်တောက်ပသွားရမည် ဖြစ်ပါလျက် ရင်တွင် မီးစနှင့် ထိုးသလို စူးအောင့်ပူလောင်လာ၏။ နှလုံးခုန်သံသည် တဒုန်းဒုန်း။ ရင်သည် တလှပ်လှပ်။ ဦးခေါင်းထဲတွင် မူးနောက်နောက်။ ပုံရိပ်တို့သည် တဖျပ်ဖျပ်။

သူ့ဘဝတွင် ပထမအရွယ်၌ ထိုက်သင့်စွာ ပညာ ရှာနိုင်ခဲ့သည်။ ဒုတိယအရွယ်တွင် အနုညာတ ဝန်ထမ်းဘဝမို့ ထိုက်သင့်သော ဥစ္စာ မရှာနိုင်ခဲ့။ ယခု တတိယအရွယ်တွင်လည်း...။

အနှီ ရဟန်းဘဝနှင့် ဘဝနေဝင်ချိန်ကို ဖြတ်သန်းတော့မည့် အဆိုပါ ပုဂ္ဂိုလ်ကြီးကို အတိုင်းအဆမဲ့စွာ အားကျမိသည်။ သူ့ဘဝမှာရော...။

ထိုက်သင့်သော စုဆောင်းထားရှိသည့် ဓနဥစ္စာ ဆိုတာ ဘယ်မှာလဲ။

အားကိုးအားထား လောက်သော မှီခိုနိုင်သည့် သားသမီးဆိုတာ ဘယ်မှာလဲ။

ကိုယ်ပိုင်ဘဝ အခြေချနိုင်မည့် ပိုင်ဆိုင်မှု ခြံမြေအိမ် နေရာ ဆိုတာကရော ဘယ်မှာလဲ။

ဒီလို ဒီလို အခြေအနေတွေနှင့် တစ်ယောက်တည်း ယောင်ချာချာနှင့် မျက်နှာငယ်စွာ ကျန်ရစ်ခဲ့မည့် သူ့ဇနီး မချောစိန်။

သူမ ဘဝ အိုမင်းမစွမ်း အရွယ်တွင် မည်သူက ဆေးပေးမီးယူ အနှီအမှုကို မငြိုမငြင် လုပ်ပေးမည်နည်း။ နောက်ပြီး ကျန်ရစ်ခဲ့မည့် သူ၏ ချစ်ဇနီး မချောစိန်သည် ဣတ္ထိယ အိုကြီးအိုမ။

အတွေးတို့သည် ရဟတ်ပမာ ချာချာလည်နေခဲ့ပေပြီ။

နေသည် အတော်မြင့်လေပြီ။

နေမွန်းပင် တည့်တော့မည်။

နေမွန်းတည့်ပြီးလျှင် မကြာမီ နေဝင်ပေတော့မည်။ သူနှင့် သူ့ဇနီး မချောစိန် တို့တွင်လည်း ဘဝနေဝင်ချိန်သည် တစ်နေ့ မလွဲဧကန် ရောက်လာပေလိမ့်မည်။

သို့သော်..။

ထို သို့သော်၏ အောက်တွင် သူ ကောင်းကောင်း နားလည်ခဲ့ပါပြီ။ သူသည် သူ၏ ချစ်ဇနီး ဘဝကြင်လျာပေါ်တွင် ပစ္စက္ခအရွယ်၌ အကြင် ရာဂ ဟူသော နှောင်ဖွဲ့ခြင်းမျိုး မရှိသော်လည်း ၅၂၈ ဟူသော ဖြူစင်သော မောင်နှမ ဟူသော အကြင်သံယောဇဉ် တဏှာမျိုးတော့ တွယ်တာနေဦးမည် ဖြစ်သည်။

ထိုတဏှာဖြင့်ပင် ဇနီး ဖြစ်သူအား ဘဝနေဝင်ချိန်ထိ ပျော်ရွှင်ချမ်းမြေ့စွာ ဖြတ်သန်းစေရင်း၊ သံသရာရိက္ခာထုပ်ကို ဖြည့်ဆည်းပေးရင်း၊ အမြိုက်နိဗ္ဗာန် ဟူသော သောင် တစ်ဖက်ကမ်းကို တူပြိုင်ပြိုင် ကူးခပ်စေရင်း ဘဝအမောကို ချွေးသိပ်ပေးရလိမ့်မည်။

ထိုရောအခါ သူသည် လူ့အန္ဓ တစ်ယောက် ဖြစ်ကောင်း ဖြစ်ပေမည်။ သို့သော် ကိုယ့်ဝမ်းနာ ကိုယ်သာ သိသမို့ ဆေးပေးမီးယူ ဘဝ လက်ဆောင် အဖော်မွန်ဖြင့် မေတ္တာရနံ့တွေ ထုံထုံသင်းနေသော သူတို့ သိုက်မြုံလေးသည် ဤဘဒ္ဒကမ္ဘာတွင် အကောင်းဆုံးဖြစ်မည် ထင်သည်။

ဘယ်သို့ဖြစ်ဖြစ် ဘုန်းတော်ကြီးကျောင်းမှ အိမ်သို့ ပြန် လာသော လမ်းတစ်လျှောက်တွင် သူ့တစ်ကိုယ်လုံး ပေါ့ပါး လန်းဆန်းလျက် စိတ်နှလုံးကို ကြည်လင်ရွှင်မြူးလျက် ရှိသည်ကို အံ့သြစွာ ခံစားနေမိရပါတော့သတည်း။

▢  ပန်းတောင်း တင်ဝင်းအောင်
📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
      အောက်တိုဘာ၊ ၂၀၁၈

Thursday, August 13, 2026

ကိုဖိုးလှကို သတိရလို့တော့


❝ ကိုဖိုးလှကို သတိရလို့တော့ ❞
   ▢ မဟော်သဓာ ရွှေဝင်း

ရွာတရွာတွင် ကိုဖိုးလှနှင့် မစိန် ဆိုသူ လင်မယားနှစ်ယောက် ရှိကြ၏။ ကိုဖိုးလှကား မစိန်ကို နိုင်ရသည့် နေရာတွင် နှစ်ယောက် မရှိသူ ဖြစ်သည်။

ရိုက်သည့်အခါတွင် ထမ်းပိုးနှင့်မှ ရိုက်လေ့ရှိသည်ဖြစ်ရာ၊ တကြိမ်တွင် မိန်းမကို မရိုက်ရသဖြင့် မိမိ၏ လက်ကို ဒုတ်တို ရိုက်ဘူးလေသည်။

မစိန်မှာမူ ရိုက်နေဆဲသာ အော်ငိုတတ်၏။ အရိုက်ခံပြီး မကြာမှီ နာရီအတွင်းတွင် ကနွဲ့ကရ လုပ်လေ့လုပ်ထရှိ၏။ သူ၏ဆွေမျိုးများက ကိုဖိုးလှကို ကွာရန် ပြောကြသောအခါ…

“မဖြစ်ပါဘူးအေ၊ သူ့ကိုဘဲ ခေါင်းချတဲ့အထိ ပေါင်းရမှာဘဲ”

ဤသို့သာ မစိန်က ပြန်ပြောလေ့ရှိ၏။ မစိန် အသက် သုံးဆယ့် ငါးနှစ်၊ အိမ်ထောင်သက် တဆယ့်ခြောက်နှစ်တွင် ကိုဖိုးလှ တယောက် ဆုံးလေသည်။ မစိန်သည် အရွယ်ရှိသေးလျက်၊ နောက်အိမ်ထောင် မပြုဘဲ နေထိုင်လေသည်။

နွေဦး၏ လေရူးသည်, မှည့်ရာမှ အာလာကြသော လက်ပံသီးတို့မှ မှို့များနှင့် ဖုံများကို ကောင်းကင်ယံတွင် ရောမွှေသော အချိန်ကာလ ဖြစ်၏။ တောလက် ကျေးရွာများတွင် နေဝင်ရိုးရီ ဆိုပါက နွားသိုးတွေ မြူးကြွလို့ ကောင်းချိန် ဖြစ်သည့်အတိုင်း နွားသိုးပိုင်ရှင်များ၊ ကိုယ့်နွား ကိုယ် ချည်တိုင်အရောက် သွင်းရန် ဝန်လေးလှသော အချိန်သာ ဖြစ်သည်။

တနေ့သော နွားရိုင်းသွင်းချိန်တွင် မစိန် တယောက် အသားလွတ် ငိုလေသည်။ ခွန်နှစ်အိမ် ရှစ်အိမ် ကြားလောက်အောင်ပင် အော်ဟစ် ငိုခြင်းဖြစ်၏။ ဆွေမျိုးများ၊ မိတ်ဆွေများ ပြာပြာသလဲ ပြေးလာကြ၏။ သရဲပူးသလို နတ်ဝင်သလိုပင်, တီးတိုး ပြောကြလေသည်။

“ဟဲ့..မစိန် သတိရရဲ့လား”

“ကျမ သတိရပါတယ်၊ ဘာမှမဖြစ်ပါဘူး…”

“ဘာမှမဖြစ်လဲ ဘာပြုလို့ ငိုနေရတာလဲ၊ လူကြားမကောင်း သူကြားမကောင်း အချိန်မတော်ကြီးမှာ”

“အခုနက ဖိုးတေကြီး နွားကို ထမ်းပိုးနဲ့ ရိုက်နေတယ်”

“အို….ဘာဆိုင်လို့တုံး..”

“ကိုဖိုးလှကို သတိရလို့ပါတော့”

▢ မဟော်သဓာ ရွှေဝင်း
📖လူ့ဘုံခန်းဝါ အူတက်စရာ

မိုးရေထဲက ကံ့ကော်ပင်လွမ်းချင်း


❝ မိုးရေထဲက ကံ့ကော်ပင်လွမ်းချင်း ❞
        ( ဇော်ဇော်အောင် )

လောက၏ လက်ဝါးပြင်ပေါ်တွင် အမြော်အမြင်ရှိသော မိန်းမသည် ခရမ်းရောင်ဝတ်စုံဝတ်ဆင်လျက် ရပ်နေသည်ကို ကြည့်ကြလော့။

••••• ••••• •••••

ရေကန်ဘေးတွင် ပိတောက်ပန်းများ ပွင့်နေသည်။ မိုးငွေ့ဖြင့် သိပ်သည်းသော အပြာရောင် လေထုကို ဖြတ်၍ ပိတောက်ပန်းရနံ့များ ပျံသန်းလာသည်။ ကလေးဘဝက သင်္ကြန်အခါကိုလည်းကောင်း၊ လွဲခဲ့ရသော အချစ်ဟောင်းကိုလည်းကောင်း၊ အပျော်ဆုံးနေ့ကိုလည်းကောင်း ပိတောက်ပန်းရနံ့က သယ်ဆောင်လာမြဲ ဖြစ်သည်။ သင်္ကြန်ကျလုနီးပြီလား၊ ကျပြီးသွားပြီလား မသိပါ။ နေ့စွဲ၊ ရက်စွဲ၊ ခုနှစ်သက္ကရာဇ်များနှင့် ပတ်သက်၍ ကျွန်ုပ်သည် လွန်စွာအမှတ်သညာ နည်းပါးသူ ဖြစ်၏။ သို့သော် ထိုနေ့က မိုးရွာနေသည်။

••••• ••••• •••••

မိုးစက်များ သည် အံ့ဩဖွယ်ရာ ပူနွေးနေ၏။ သူနှင့် ကျွန်ပ် ထီးတစ်လက်ကို မရွံ့မရဲ အတူ ဆောင်း၍ ပိတောက်ပင်တန်း ရေလွှမ်းသော လမ်းအတိုင်း လျှောက်ခဲ့သည်မှာ နာကျင်စွာ အမှတ်ရဖွယ်ဖြစ်သည်။ မယုံနိုင်ဖွယ် နီးကပ်စွာ ရှိနေခြင်းအဖြစ်ကို သတိရနေပါသည်။ ပခုံးစွန်းချင်း မထိအောင် သတိကြီးစွာ ထားနေကြရကြောင်း နှစ်ယောက်လုံး သိကြပါသည်။ မည်မျှပင် သတိထားနေစေကာမူ ပျော့ပျောင်းကြမ်းရှသော သူ့အင်္ကျီစနှင့် မကြာခဏ ထိမိကြောင်း ကျွန်ပ်တို့ သိကြ၏။ လေဝှေ့ဝန်းသည်နှင့် မိုးစက်များ ယိမ်းခါသွားသည် ။ သူ့ ကိုယ်တခြမ်း မိုးရွှဲစိုပြီ။ အအေးကြောက်သော ထိုမိန်းမ ဖျားနေလျှင် မည်သူ့အား ကျွန်ပ် တရားစွဲရမည်နည်း။ ဝါညိုညစ်သော ရေများ လမ်းပေါ်တွင် အရှိန်အဟုန်ဖြင့် စီးနေ၏။ ရာဘာဖိနပ် သဲကြိုးပြတ်တစ်ခုသည် ချာလည်လည်၍ မျောပါလာသည်။ လမ်းတစ်လျှောက်တပြန့် စီးနေသော ရေပြင်သည် ချိုင့်ဝှမ်းကျောက်ခဲများကြောင့် အသေးစား ရေတံခွန်များကို ဖြစ်ပေါ်စေ၏။ လျှပ်တစ်ချက် ဝင်းပြက်၍ သော်ကရွက်များ ပြတ်ကြွေသွား၏။ မိုးခြိမ်းလျှပ်ပြက်သည်နှင့် ကောင်းကင်သည် ကွဲအက်သွား၍ ချက်ချင်း အကောင်းပကတိ ပြန်ဖြစ်သွားသော်လည်း ဘဝ၏ ပါးလျားအားနည်းသော နေရာတွင် ကွဲအက်သွားပါက အကောင်းပကတိ ပြန်ဖြစ်ရန် မျှော်လင့်ချက် မရှိကြောင်း ကျွန်ုပ် ကောင်းစွာ သိသင့်ပါလျက်မသိ။ မိုးစဲသည်နှင့် အဝါရောင် တိမ်တိုက်တစ်လုံး ဘွားဘွားပေါ်လာသည်။ ကျွန်ုပ်သည် နပိုလီယံအစစ်ဖြစ်ကြောင်း ပြောကြားရန် နောက်ကျသွားပေပြီ။ အနက်ရောင်ထီးတစ်လက် ပျံတက်သွား၏။ ရေကန်ထဲမှာ ကြာ ညိုပန်းများ ရှိ၏။

••••• ••••• •••••

မုတ်သုံဦးမှာ မိုးပထမဆုံး ရွာသောနေ့။ မြေအက်ကြားမှ နိုးထသော မြေသင်းနံ့နှင့်တူသော သူ့အပြုံး။ အမှတ်မထင် ထိတွေ့ကြသော ကျွန်ုပ်တို့၏ လက်ချောင်းကလေးများကို မည်သူ တွေ့မြင်လိုက်ကြသနည်း။ သူ့ထံမှ စူးရှသင်းပျံ့သော ကိုယ်နံ့နှင့် ပိတောက်ပန်းအပြုံးကို ကျွန်ုပ် တွေ့ရှိခံစားရသည်မှာ ခိုးကြောင်ခိုးဝှက် ဖြစ်လှပါသည် ။ ပါးနပ်သော ထိုမိန်းမ သိမည်မှာ သေချာ၏။ မျက်နှာကို အပြုံးနှင့်ဖုံး၍ မသိကျိုးကျွန် ပြုနေသော်လည်း သူ့မျက်လုံးများကို ကျွန်ုပ် ကောင်းစွာ ကျွမ်းဝင်ရင်းနှီးပါသည်။ သူ့မျက်လုံးများက ကျွန်ုပ်၏ ခိုးမှုခိုးရာကို သိကြပါသော်လည်း မသိဟန်ဆောင်သည့် အကြောင်းကို ကျွန်ုပ် သိကြောင်း သူ သိသည် ဆိုသော အကြောင်းကို ကျွန်ုပ်သိပါသည် ။ တောက်ပဝင်းလက် အရောင်ထွက်သော ကြယ်ပွင့်များသည် သဲကန္တာရအတွင်း သဲပွင့်များ အောက်တွင် ရှိနေကြသည်ကို လူအချို့သာ သိကြ၏။ ဝေးလံသော အရပ်တစ်ပါးမှ တယောသံကို ကြားရသည်။ ထို တယောကြိုးများသည် မကြာမီ မီးလောင်ကျွမ်း၍ ကျွန်ုပ်၏ နှလုံးသားအား အမည်းစက်များ ဖြစ်ပေါ်စေလိမ့်မည်ဟု မည်သူကမှ ကြိုတင် ပြောမထားကြပါ။ ကေ... ၏ ရဲတိုက်သည် မြင့်မားလှ၏။

••••• ••••• •••••

ချိုပေါ့ကျ လက်ဖက်ရည်တစ်ခွက် အတွင်းမှာ မဆုံလိုက်ရသော အထီးကျန်မှုသည် စိတ်ပျက်ဖွယ် တစ်စစီ ပြိုကွဲသွားသော အတူတကွ ရှိနေခြင်းကို ခေါင်းဖြတ် အဆုံးစီရင်လိုက်သည်။ သူနှင့် မတွေ့လိုက်ရသော ကင်းမဲ့ခြင်းအဆိပ်ကို စိန်စီထားသည့် ရွှေခွက်တွင် ထည့်၍ ကျွန်ုပ် သောက်မျိုလိုက်ပြီ။ မော်တော်ကားတစ်စင်း ညာဘက်သို့ ချိုးကွေ့ အခိုးအငွေ့ အဖြစ် ပျောက်ကွယ်သွားသည်။ သူပြန်သွား၍ မရှိခြင်းအဖြစ်ကို ရောဘတ်ရောရှင်ဘတ်ဂ်ထံ ပန်းချီကားတစ်ချပ် ဆွဲပေးရန် အပ်နှံရဦးမည်။ မော်တော်ကား တာယာတစ်ခု စွပ်ထားသော ဆိတ်တစ်ကောင် ကမ္ဘာကျော်သကဲ့သို့ သူ ထိုင်သွားသော ကုလားထိုင်တစ်လုံးသည် ကမ္ဘာကျော်သွားလိမ့်မည် ထင်သည်။ သစ်သားခွေးခြေခုံများကို မပျောက်ပျက်ရအောင် သံကြိုးဖြင့် ချည်တွဲထား၍ ရသော်လည်း လူကို သံကြိုးချည်ထား၍ မရကြောင်း သိကောင်းပါ၏။ စားပွဲခုံ အောက်မှာ ပေါင်မုန့် စားကြွင်းစားကျန်များကို ခွေးကလေးတစ်ကောင် ရှာဖွေနေ၏ ။ လက်ဖက်ရည်ခွက်သည် အေးစက်ချွဲကျိနေပေပြီ။ ဘယ်အရပ်ဆီမှ မသိ၊ ဇီဇဝါ ပန်းရနံ့များ မိုးစက်ကြားမှာ မျောပါလာ၏။ စုတ်ချာယိုင်ရွဲ့သော လက်ဖက်ရည်ဆိုင်ကလေးကို မိုးမှုန်များက ဝါးမျိုပစ်လိုက်သည်။ ခရမ်းရောင် လှပသော ကျွန်ုပ်၏ ထိုမိန်းမ ဟူသော စကားရပ်ကို သဒ္ဒါစည်းကမ်းဖြင့် တိုက်ဆိုင်ညှိနှိုင်း၍ အထားအသို မှားသည်ဟု တစ်စုံတစ်ယောက်က ပြောလာလျှင် ထိုသူကို ကျွန်ုပ် ဂရုစိုက်လိမ့်မည် မဟုတ်ပါ။ အချိန်ကာလ၊ နေရာဒေသ မှားယွင်း၍ လူဖြစ်လာသောသူတွေ မည်မျှရှိသနည်း။

••••• ••••• •••••

မိုးမရွာဘဲ ကြာလေပြီ။ မြက်ခင်းစိမ်းစိမ်း ကုန်းစောင်းပေါ်တွင် အုတ်လှေကားထစ်ကလေးများ ရှိ၏။ ခံစားမှုများသည် ပန်းရောင်မျက်လုံးများကို ပိတ်၍ တစ်ရပ်တစ်ကျေးသို့ ပြေးလေပြီ။ လေတွင် အနှံ့ ဖြန့်ကြဲလိုက်သော ကံ့ကော်ဝတ်မှုန်များကို တွေ့လိုက်ကြပါသလား။ အိပ်မက်ကို မည်သူ တီထွင်ခဲ့သနည်း။ ထိုသူအား ဒေါ်လာခြောက်သိန်း ပေးသင့်၏။ လှိုင်းထဝိုင်းအိသော တင်သားများ လှုပ်ရှား ယိုင်နွဲ့သွားသည်ကို မြင်နေရပါသည်။ အစ်(ရှ)တာကုန်းမြေမြင့်တွင် ကျွန်ုပ်တစ်ယောက်တည်း ‘ မောင့်လပြည့်ဝန်း ’ သီချင်းကို ဆိုညည်းနေပါမည်။ သူ သွားလိုပါက သွားပါစေ။ ဆီလိုက်မမှန်သော ကားတစ်စင်း၏ အသံက ကျွန်ုပ်၏ လှပသော အိပ်မက်များကို နင်းချေပစ်လိုက်၏။ ချောင်းလိုလို မြစ်လိုလို တစ်ခုသော ကမ်းစပ်မှာ ဆိုက်ဝင်လာသော လှေကြီးတစ်စင်းပေါ်တွင် အမှန်စင်စစ် ဘာမျှ မပါလာကြောင်း ဆရာငြိမ်း သိသွားမည်ထင်ပါသည်။ သူတို့ ဘယ်သွားကြသည်လဲ။ အအေးမိ၍ ချောင်းဆိုးနေသည်ကို ကိုဝဲလ်အရာ၀တ္ထုပေါ်မှာ စီးနင်းလိုက်ပါလာသော ကျွန်ုပ် ကြားရ၏။ မိုးရနံ့တွေ သင်းပျံ့ဝေလျက်။

••••• ••••• •••••

ကျူဗစ်ဇင်းကို ဆီဇန်းတို့ စတင်ခဲ့စဉ်က ပုံဖျက်ခြင်း ခေတ်စားပါသည်။ ကျွန်ုပ်၏ ဘဝ အစိတ်အပိုင်းများကို ပုံပျက်သွားသောအခါ လှပသော ကျူဗစ်ပန်းချီကားတစ်ချပ် ဖြစ်မလာပါ။ ခရမ်းရောင်လှပသော အမိုက်မအား ကျွန်ုပ် ဘာပြောရမည်နည်း။ အေးစက်သော လေများ တိုက်ခတ်လာပြီလား။ ကျွန်ုပ်နှင့်အတူ စက္ကူစုတ်များ အေးစက်သော လေပွေထဲတွင် ဝန်းဝိုက်လွင့်ပျံလာပါသည်။ စက္ကူစုတ် တစ်သောင်းပေါ်တွင် သူ့အမည်များ ကျွန်ုပ် ရေးထား၏။ ‘ ဂျေအယ်လ်ဖရက် ပရူ ဖရော့၏ အချစ်သီချင်း ’ ကဗျာကို သင်တို့ ဖတ်ဖူးကြရဲ့လား။ ပထမ ဝါကျ နှစ်ကြောင်းသည် သူနှင့် အတူ သွားခဲ့ရသော ပိတောက်ပင်တန်း လမ်းကလေးကို သတိရစေပါသည်။ သို့သော် လူအများနှင့် စက္ကူစုတ်များသည် အေးစက်သော လေပွေထဲတွင် လွင့်မျောပါသွား၏။ ကျွန်ုပ်တို့ စက္ကူစုတ်များ ၊ လေပွေများနှင့် ကျွန်ုပ်တို့ အားလုံးကို အေးစက်သော လေပွေများက ဖုံးလွှမ်းဝါးမျို၍ လေပွေများ ကျွန်ုပ်တို့နှင့် က္ကူစုတ်များကို အေးစက်သော လေပွေထဲတွင် လွင့်ပျံဝေ့ဝိုက် မျောပါနေသော ကျွန်ုပ်တို့ နှင့် စက္ကူစုတ်များ ပြတင်းပေါက်ကို ဖွင့်လိုက်ပါ။

••••• ••••• •••••

တောင်ပင်လယ်ရပ်ဝေးဆီမှ မိုးချုန်းသံသဲ့သဲ့နှင့် တူသော သူ့အပြုံးသည် ကျွန်ုပ်၏ ပုံမှန် အတွေးလမ်းကြောင်းများကို ကစဉ့်ကလျားဖြစ်သွားစေပါသည်။ သူ ဒီနေ့ လာသည်။ ပိတောက်ပင်များ ပင်လုံးဝေဝေပွင့်နေ၏။ သူ့ခြေထောက်များသည် ငှက်ဖြူကလေး တစ်ကောင်ကဲ့သို့ လှပနူးညံ့ ၏။ ခရမ်းရောင်လုံချည် အနားစသည် ခြေဖနောင့်အထက် ငါးလက်မခွဲတိတိတွင် ရှိ၏။ ခြေနှစ်ချောင်းထပ်၍ ချိတ် ထားသည်ကို စားပွဲအောက်မှာ ကျွန်ပ် ခိုး၍ ကြည့်စဉ် မြင်ရ၏။ အဖြူရောင် ပလတ်စတစ် ဖိနပ်ပါးပါးကလေးသည် ခြေဖျားတွင် တွဲလဲခို၍ ချိတ်နေ၏။ Je baisai ses fines chevilles ရှက်ဖွယ်ရာဟု ကျွန်ုပ် မယူဆ။ ရင်ဘိုး၏ ကဗျာတစ်ပုဒ် သင်တို့ ဖတ်ဖူးပါသလား။ အဝတ်လှန်းသော ကြိုးတန်းမှ ရှပ်အင်္ကျီအဖြူတစ်ထည် ဝရံတာကို ကျော်၍ လွင့်ကျသွား၏။ ကောက်လိုက်ကြပါ။ မီးခြစ်ကျောက်သည် အဝါရောင်မီးပွားများကို ဘယ်နေရာတွင် ဖွက်ထားလေသနည်း။ ကျွန်ုပ် မသိရပါ။ မိုးရွာလာသည်။ အချို့သော မေးခွန်းများတွင် အဖြေ မလိုအပ်။ တစ်စုံတစ်ယောက်က အစည်းအဝေးရှိသည်ဟု ဟစ်အော်ခေါ်ငင်နေသည်။ သစ်တိုပင်သည် အနီရောင် သစ်ရွက်များကို အလိုအလျောက် ခြွေချနေ၏။ စမ်းသပ်မျှင်များ တလှုပ်လှုပ် တရွရွဖြစ်နေသော ပိုးဟပ်ကို အချို့အရပ်ဒေသတွင် ဆီသောက်ငှက်ဟု ခေါ်၏။ ကျွန်ုပ် မှာထားသော လက်ဖက်ရည် ချိုချိုခါးခါးတစ်ခွက် မလာ ကြာလှပြီ။

••••• ••••• •••••

သေးငယ်စူးရှသော အသံများသည် ဒေါင်လိုက် ကန့်လန့်ပြေးသွားကြ၏။ လေထုသည် ကိုယ့်အကြောင်းကို အကောင်းပြောစကားများဖြင့် ပူနွေးညစ်ညမ်းနေသည်။ အချိန်တွေ ကုန်ခဲလှသည်ဟု လူတစ်ယောက်က ပြော၏။ အဓိပ္ပာယ်ကို ကျွန်ုပ် မသိပါ ။ ကျွန်ုပ်အဖို့ အချိန်ဆိုသည်မှာ သူ အလာကို ရေတမာပင်အောက်က စောင့်နေရခြင်း ဖြစ်၏။ မိုးဖွဲဖွဲ ရွာလာခြင်း ဖြစ်၏။ ဆားငန်သော ချက်နို့ဆီနှင့် ဖျော်သည့် လက်ဖက်ရည်တစ်ခွက် ဖြစ်၏။ ဆေးကောင်းစွာ စပ်ထားသော နွားဆေးပေါ့လိပ် တစ်လိပ် ဖြစ်၏။ ဒါလီ၏ ပျော့တွဲအိကျနေသော နာရီအဝိုင်းများ ဖြစ်၏။ မြောက်သို့ သွားသော အမြန်ရထားတစ်စင်း ဖြစ်၏။ ကောက်ရိုးအပြည့် တင်ထားသော ချယ်ဂါရီတစ်စင်း ဖြစ်၏။ အချိန်ဆိုသည်မှာ ကျွန်ုပ်အဖို့ လှေကားထစ်များ ဖြစ်၏။ လူတစ်ယောက်နှင့် သူ လိုက်ပါသွားသောအခါ ကမ္ဘာပေါ်ရှိ အချိန်အားလုံး ရပ်တန့်သွား၏။ သူ စာမေးပွဲအောင်သောနေ့က ကျွန်ပ် ကားတိုက်ခံရသည်။ လှေကားပေါ်မှ သူဆင်းလာနေပြီ။

••••• ••••• •••••

ကျွန်ုပ် သူ့ကို ဘာပြောရမည်နည်း။ ရေကန်ဘေးမှ ပေါ်ပီပန်းခင်းအကြောင်း ပြောရမည်လား။ မေတ္တာတရားနှင့် ပတ်သက်၍ ယန်းပေါလ်ဆတ်(တ) နှင့် ကျွန်ပ် သဘောကွဲလွဲကြောင်းလား၊ အောင်စိုး၏ ပန်းချီကားများ အကြောင်းလား၊ သမထလေးဆယ်နှင့် ကသိုဏ်းဆယ်ပါးအကြောင်းလား၊ တစ်နေ့တစ်ခြား အနေကျုံ့လာဖွယ်ရှိ သော ကမ္ဘာကြီး အကြောင်းလား၊ မိုးရွာသော နေ့တစ်နေ့ အကြောင်းလား၊ လူ့အခွင့်အရေးအကြောင်းလား၊ စကားပြေမှာ တွေ့ရသော ဆာရီယယ်လစ်ဇင်း အကြောင်းလား၊ သူ့ကို ရိုင်းစိုင်းဖောက်ပြန်စွာ စွဲလမ်းနေသည့်အကြောင်းလား။ အမှန်အားဖြင့် ကျွန်ုပ်သည် စက္ကူစုတ်တစ်ခုဖြစ်သည် ။ ငါသိသည် ၊ ငါတတ်သည် ၊ ငါလုပ်သမျှ ဟုတ်သည်ဟု ထင်နေသူတို့ နေပါစေ။ သူ့ကို ကန့်ကွက်ခြင်းဖြင့် အသိအမှတ် မပြုလိုက်ပါနှင့်။ ကျွန်ုပ်ကို ဇော်ဇော်အောင် ဟု ခေါ်ကြပါ။ ကျွန်ုပ်ကို အစ်(ရှ)မဲလ် ဟု မခေါ်ပါနှင့်။ အဘယ်ကြောင့် ဆိုသော် ကျွန်ုပ်သည် အစ် (ရှ) မဲလ် မဟုတ်သောကြောင့် ဖြစ်ပါ၏။ မြေကြွက်၏ ရှေ့သွားများနှင့် တူသော မနာလို ဝန်တိုမှုသည် ကိုယ်တွင်းမှ အူများကို တတိတိ ကိုက်ဖြတ်ပစ်တတ်ကြောင်း သင်တို့ သိသင့်ကြ၏။ အနီရောင်ခဲတံတွင် ခဲဆံ ခဏမကြာ ကျိုးတတ်သည် ။ ခရမ်းရောင် သစ်ခွပန်းများ ပွင့်သောနေ့က ခဲသားရောင် မိုးကောင်းကင်များကို ဗျိုင်းဖြူများ ဖြတ်ပျံသန်းသွားကြ၏။ ကံ့ကော်တောအုပ် အတွင်းမှာ ရွာသော မိုးသည် အရာအားလုံးကို စိုစွတ်စေ၏။ ခေါင်းပြားချပ်သေသွားသော ခွေးကလေးကို ကျွန်ုပ် ကျင်းတူးမြှုပ် ရဦးမည်။ ကျွန်ုပ် ခွေးမချစ်တတ်သော်လည်း ခွေးသေကို မိုးရေထဲတွင် မထားချင်ပါ။ နှင်းဆီပန်း အဖြူများ ကျောက်သား ထိုင်ခုံပေါ်မှာ နေသည် ။ ကျောင်းပေါ်မှ သူဆင်းလာနေပြီ။ မွန်စီယာမာစဲဂျူချမ့်ကို ရှာခဲ့ပါ။ ကျွန်ုပ်ဘဝကို အဖိုးလခအဖြစ် ပေး၍ သူ့ထံ ပန်းချီကားတစ်ချပ် အပ်နှံပါဦးမည်။ ကန်ရေပြင်ထက်မှာ ငါးကြင်းတစ်ကောင် ခုန်ပျံတတ်လာသည်။ သူ့ခြေသလုံးကလေးများကို စနေဂြိုဟ်၏ တတိယကွင်းဝိုင်းအတွင်းမှာ ကျွန်ုပ် သိမ်းဆည်းထားလိုက်ပြီ။ ပင်လယ်ကဗွီးပင်များသည် အဆောက်အအုံရှေ့မှ မားမားရပ်၍ မဆိုင်သူများ မလာရအောင် စောင့်ကြပ်နေကြသည်။ မိုးစက်မှုန်များ ကျလာပြန်သည်။ ကျွန်ုပ် မလာပါ။

••••• ••••• •••••

“မှန်သည်။ သိပ်မှန်သည်။ ငါသည် ဆင်ခြင်တုံတရားရှိသော ကာလ အပိုင်းအခြားကို ရရှိခဲ့ပြီ”

“မျက်ကန်းတွေ၊ အရူးတွေ”

“မနက်ဖြန်ဆိုလျှင် အနက်ရောင်ငှက်များ လာကြတော့မည်”

အကယ်၍ မနက်ဖြန် ဆိုလျှင် အဖြူရောင်ငှက်များလာကြမည်ဆိုပါ လျှင် ဆာ့တ်(တ)ကို ကျွန်ုပ် ဘာပြောရမည်နည်း။ ရှိပါစေ။ အနက်ရောင်ငှက်များ ယနေ့ပင် ပျံဝဲနေကြောင်း သူ သိသွားပုံ ရပါသည်။ ကျွန်ုပ်အခန်း ပြတင်းပေါက်မှ သရက်ပင်၏ စိမ်းမြရွက်ညွန့်တို့ကို မြင်နေရသည်။ စိမ်းဝါ နုကွက်ဆင်များ ပါသော သူ့အင်္ကျီသည် ပါးလွှာလွန်းသည် ထင်၏။ နှုတ်ဆက်လိုက်ပါသည် မွန်စီယာ ဆာ့တ်(တ)။ သို့သော်လည်း ကျွန်ုပ် သူ့ကို နှင်းဆီဥယျာဉ်တစ်ခု လက်ဆောင်ပေးမည်ဟု ဘယ်တုန်းကမှ ကတိမပြုခဲ့ပါ။ သူ့ထံမှ ခရမ်းရောင်စူးရှသော ကိုယ်သင်းနံ့ကိုမူ ကျွန်ပ်၏ အဖြူရောင် လက်ကိုင်ပဝါတွင်းမှာ သိမ်းဆည်းထား၍ နဝမမြောက် တိမ်တိုက်ကြား တစ်နေရာတွင် ဝှက်ထားလိုက်သည်။ ထိုနေရာကို မည်သူမျှ ကျွန်ုပ် မပြ။ သူ့ကိုလည်း မသိစေပါ။ နှစ်ပေါင်း နှစ်ဆယ်အတွင်း သုတေသနစာတမ်း လက်တစ်ဝါးစာမျှ မရေးဖူးသော သူများကို ကျွန်ုပ် ဝမ်းထဲက ပြုံးပြလိုက်ပါသေးသည်။ သူတို့ နှင့် ကျွန်ုပ် ကြမ်းတစ်ပြေးတည်း မထိုင်လိုပါဟု ဆိုခြင်းအတွက် ကျွန်ပ် အလွန်သာ ရှိပါစေ။ အတင်း ပြောတတ်သော သူ တစ်ယောက် လာနေပြီ။ ကျွန်ုပ် သွားတော့မည်။ လီယိုကို ခေါ်မသွားပါ။

••••• ••••• •••••

သူ့တွင် သစ်ရွက်စိမ်းရောင် လုံချည်တစ်ထည် မရှိဟု ငြင်းဆိုခြင်းသည် အလကား။ ထိုလုံချည်ကို လွန်ခဲ့သော အနှစ်အစိတ်ကပင် ကျွန်ုပ် တွေ့မြင်ဖူးပြီး ဖြစ်၏။ အစ်(ရှ)တာ ကုန်းမြေမြင့်ဝယ် လေထန်လွန်းနေသည်လား။ ဤနေရာမှ အမှိုက်ပုံကို မည်သူ ရွှေ့မည်နည်း။ ဖိနပ်သဲကြိုးပြတ် တစ်ခုကို ရွှေရောင်စက္ကူဖြင့် ထုပ်ထားသည်ကို ငှက်ပျောခွံများကြားတွင် ကျွန်ုပ် တွေ့ရ၏။ မြူနှင်းတို့ ဝေမှုန်သော နံနက်ခင်းသည် ဖြစ်ရပ်မှန်များကို လှပစွာ ဖုံးအုပ်ထား၏။ ကျိုးကြောင်း ဆင်ခြင်မှု ရေကြည်သည် မြောင်းပုပ်အတွင်း စီးဆင်းနေသောအခါ နှင်းမှုန်များ ပိုမိုထူထပ်လာ၏။ သူ့ကို ပထမဆုံး ရုံးခန်းတွင်းမှာ ကျောင်းလခပေးသွင်းစဉ်က တွေ့ခဲ့သည်မှာ နှစ်ပေါင်းမည်မျှ ကြာပြီနည်း။ လုပ်သမျှ ဒုက္ခဟု ညည်းနေသူသည် ရာထူးတိုးမြှင့်ပေးသည့် အမိန့်စာကို မျှော်နေသည် ။ ဈင်ဝါဒ အကြောင်းကို ပြောနေသူက နို့ဆီခွက်အတွင်း ကျပ်ကျပ်တည်းတည်း ထိုင်နေသော ကြောင်ကလေး တစ်ကောင်အကြောင်း စဉ်းစားနေသည်။ ကျွန်ပ် ရင်တွင်းမှာ ဟင်းခါးဖတ်များ နှင့်တူသော ဝန်တို မနာလိုမှု စိတ်ထားများ ရှိနေသည်လား။ မြေတိုင်းအရာရှိ၏ အလုပ်ခန့်စာသည် ဌာနတစ်ခုမှ အခြား ဌာနတစ်ခုသို့ ပို့ရာ၊ စားပွဲတစ်ခုမှ အခြား စားပွဲတစ်ခု၏ အကြားတွင် ပျောက်ဆုံးသွား၏။ မည်သူ့ကိုမျှ မေး၍ မရ။ မစ်ဇီ ဆိုသော မိန်းမက အံဆွဲများကို ဖွင့်၍ ရှာပါသေးသည်။ ဌာနခွဲအေနှင့် ဌာနခွဲဘီ အကြောင်း အထက်အရာရှိက ရှင်းပြရင်း ရှုပ်နေသည်။ ထူးဆန်းအံ့ဩဖွယ်ရာ လက်ဖျားခါလောက်သော စကားပြေ ရေးစွမ်းနိုင်သူသည် တစ်ထောင့်ကိုးရာ နှစ်ဆယ့်လေး (၁၉၂၄) ခုနှစ်၊ အသက်လေးဆယ့်တစ်နှစ်တွင် ကွယ်လွန်ခဲ့သည် ။ ကမ္ဘာလောကသည် လူတော်တစ်ယောက် ဆုံးရှုံးခဲ့၏။ အလုပ်ခန့်စာ ယနေ့တိုင် ပျောက်ဆုံးနေဆဲ။ ကျွန်ုပ် ဘာမျှ မသိပါ။

••••• ••••• •••••

ရှည်လျား မှုန်သီစွာသော အနမတဂ္ဂ ဘာသာတရားနှင့် နှိင်းစာပါလျှင် ဘဝတစ်ခုသည် မြူမှုန်စိတ်ငယ်မျှသာ။ လောက၏ သင်ပုန်းပြင်ပေါ်တွင် ဝိုင်းစက်ဆူဖြိုးသော သုညကြီး တစ်လုံးကို မြင်ကြရဲ့လား။ ဉာဏ်ပညာဖြစ်စေသော ကိတ်မုန့်တစ်လုံး ဖုတ်၍ တောင်ပိန္နဲပင်အောက်တွင် စတုဒီသာ ကျွေးရဦးမည်။ ပျော်ရွှင်ခြင်းများ ရနိုင်သည် ဆိုသော လူ့လောက အရောင်းဆိုင် အဝင်ဝတွင် ကုန်ပြီဟူသော ဆိုင်းဘုတ်ကို တွေ့ရသည် ။ ပြတင်းပေါက်ကို ဖွင့်၍ ဥယျာဉ်တွင်းသို့ ဆင်းခဲ့ပါ။ စွန့်စားကြောက်ရွံ့ နောက်မတွန့်ဘဲ ပြေးထွက်ခဲ့ပါ။ တန်ဖိုးရှိသော လူသားတစ်ယောက်ဖြစ်ခြင်းက ကြိုဆိုနေပါလိမ့်မည်။ သင်တို့ သွားကြပါ။ ကျွန်ုပ် အိပ်တော့မည်။ ယုတ်လျော့သော နေရာတွင် လောက၏ ရယ်မောသံများဖြင့် ဖုံးကွယ်လွှမ်းဖို့ပစ်လိုက်သောအခါ မြေသည် ညီ၍ ခရမ်းရောင် သစ်ခွပန်းများ ပွင့်လာကြပါလိမ့်မည်။ ကေ၏ အမှုစီရင်ချက် ချမည့်နေ့ကို ဗေဒါလမ်းကဗျာများ ဖတ်ရင်း၊ စောင့်ရင်း၊ အိပ်ရင်း သင်တို့ သွားကြတော့။ သူလည်း သွားပါစေ။ ကျွန်ပ် ကေကို လွန်စွာလေးစား၏။

••••• ••••• •••••

သူ့ကို ကျွန်ပ် … အေးစက်သော လေပွေများ၊ စက္ကူစုတ်များ ... သူနှင့် ကျွန်ုပ်။ သူ့ကို ကျွန်ုပ် ...။ သူသည် ကျွန်ုပ် ...။ သူ့အား ကျွန်ုပ် ...။ မိုးရွာနေသည် ။

••••• ••••• •••••

ရှားပါးသော သစ္စာငှက်သည် သော်ကပင်ပေါ်တွင် ဝဲပျံလူးလွန့်သော ဖြူရောင်ပြာရောင် မီးခိုးများဖြင့် ဝန်းဝိုက်ကွေ့သော ပန်းချီကားတစ်ချပ်ကို ရေးဆွဲနေသည်။ အတ္တဆန်ခြင်း အရိပ်သည် မြေပြင်ပေါ်တွင် တွန့်လိမ်လျက်ရှိ၏။ သိသည်ဟု ထင်ထားသူများနှင့် စကားပြောကောင်းသူများ ဆူညံစွာ စကားပြောနေစဉ် ကျွန်ပ် အိပ်ပျော်သွားပါသည်။ အတွေ့အကြုံ ရင့်ကျက်ကြွယ်ဝသော လောက၏ ရယ်သံသဲ့သဲ့ကို အိပ်ပျော်နိုး တစ်ဝက်တွင် ကြားလိုက်ရသေး၏။ တန်ဖိုးနည်း နှုတ်ခမ်းနီ ဆိုးဆေးတို့ဖြင့် နီရဲစိုစွတ်သော နှုတ်ခမ်းများ ပွင့်လာသောအခါ လောကသည် အသံရှည်စွာ ငိုညည်း၏။ လသာသောညတိုင်း မလှပကြောင်း ကျွန်ုပ် သိသည်။ သူ ပြန်သွားသောအခါ ကျွန်ုပ်သည် တွင်းနက်ကြီးအတွင်းသို့ ကျ၍ သုံးပိုင်းပြတ်သွားသည်။ သူ မရှိသော ကင်းမဲ့လပ်ဟာခြင်းသည် အစိမ်းရောင်တောက်ပနေ၏။ ဟိုလပ်(ဗ) က အရာအားလုံးတွင် ကဗျာ ရှိသည်ဟု ဆိုဖူး၏။ မြစ်ဘက်ဆီမှ ဝေ့ပျံလာသော အောင်မြေသာဇံသီချင်းသံကို ကြားနေရ၏။ ဝါးပတ္တလားသံသည် လှိမ့်၍ ကျွန်ုပ်၏ ကဗျာ အားလုံးကို ယူသွားပြီ။ သူ့အား နှင်းဆီဥယျာဉ်တစ်ခု လက်ဆောင်ပေးမည်ဟု ဘယ်တုန်းကမှ ကတိ မပြုခဲ့ဖူးပါ။ အမိုက်မသည် ကျွန်ုပ် မုန်းသော အနီရောင်အင်္ကျီကို လုံချည်အနက်နှင့် တွဲဖက်၍ ဝတ်ဆင်လာပြန်ပါပြီ။ အတူတကွ ရှိနေခြင်းသည် ဆုလာဘ်တစ်ခု ဖြစ်၏။ သူ့ကို ဘယ်အခါမှ မမေ့သော်လည်း ကျွန်ုပ်တွင် မေ့လျော့တတ်သော ရောဂါ ရှိ၍ သူ့ကို မေ့ပစ်ရန် ကျွန်ုပ် မေ့လျော့နေကြောင်း သူ သိဖို့ ကောင်းပါသည် ။ အမှန်စင်စစ် သူ့ကို မတွေ့မမြင်ရလျှင် ကျွန်ပ် နေ၍ မရကြောင်း သူ ကောင်းစွာသိသော်လည်း အမိုက်မသည် ကျွန်ုပ် ရှိရာသို့ မလာ။ ယနေ့ မတ်လ ဆယ့်ကိုးရက်နေ့လား။

သူ့ကို ကျွန်ုပ် … ကံ့ကော်ပင် … မိုးရွာနေသည်။ မိုးစက်မှုန် ကန့်လန့်ကာနောက်မှ ... လက်ဖက်ရည်ပန်းကန်ပေါ်တွင် ပန်းနုပျော့ နှုတ်ခမ်းရာများ … နှုတ်ခမ်းပါးလှပ် ပါးစပ်ပိတ်၍ သူ ပြုံးသောအခါ .. ကျွန်ပ်၏ ကဗျာများ … မနေ့က … ကျွန်ပ် … သူ ပြန်သွားပြီ။ ဇီဇဝါပန်းများ ပွင့်သောနေ့က ... အနည်းငယ်မျှသော ကျွန်ုပ်ဘဝ လိုအင်များ ရေးမှတ်ထားသော စာရင်းစာရွက် ဘယ်မှာ ကျပျောက်ခဲ့သည် မသိတော့။ ကျွန်ုပ်သည် သူ့ကို … လေပွေများ အေးစက်စွာ … အေးစက်သော လေပွေများ။

▢  ဇော်ဇော်အောင်
📖ဝတ္ထုတိုပေါင်းချုပ် ( ၁ )

အမြင်ချင်းတော့ မတူပါလေ


အမြင်ချင်းတော့ မတူပါလေ
        ▢ ရန်နိုင် ( ယုဇန )

နေရာ တစ်နေရာ၌ လူသားတစ်ယောက်နှင့် နတ်သားတစ်ပါး တွေ့ဆုံမိကြလေ၏ ။ နတ်သားက လူသားကို “ ကျွန်ုပ်ဟာ ကုသိုလ်ကောင်းမှုလည်း ပြုလုပ်လို့ရ ၊ သီလလည်း ဆောက်တည်လို့ရတဲ့ လူ့ဘဝကို ရချင်လိုက်တာ ” ဟု ပြောလေ၏ ။ ထိုအခါ လူသားကလည်း “ ကျွန်ုပ်ကလည်း အိမ်ငှားခလည်း ရှာစရာမလို ၊ ကုန်ဈေးနှုန်းလည်း ပူစရာ မလိုတဲ့ နတ်သားဘဝကို လိုချင်လိုက်တာ ” ဟု ပြန်ပြောလိုက်လေသည် ။

နောက်တစ်နေရာ၌လည်း အဘိုးကြီး တစ်ယောက်နှင့် ဖိနပ်ဆိုင်ပိုင်ရှင် လူငယ်လေးတစ်ယောက်တို့သည် အသိမိတ်ဆွေ တစ်ယောက်၏ အသုဘကို အတူတကွ လာပို့ကြရင်း စကားစပ်မိကြလေ၏ ။ အဘိုးကြီးက “ သံဝေဂ ရစရာပဲ ငါ့တူရယ် ၊ လူ့လောကမှာ မိတ်ဆွေတစ်ယောက် လျော့သွားတာ နှမြောစရာ ကောင်းလိုက်တာကွာ ” ဟု ညည်းလေ၏ ။ ထိုအခါ ဖိနပ်ဆိုင်ရှင်လူငယ်လေးကလည်း “ ဟုတ်တယ် အဘရယ် ၊ ကျွန်တော်လည်း ဖိနပ် ဝယ်နေကျ ဖောက်သည်တစ်ယောက် လျော့သွားလို့ နှမြောလိုက်တာဗျာ ” ဟု ပြန်ညည်းလိုက်လေသည် ။

▢ ရန်နိုင် ( ယုဇန )
📖 ရယ်စရာ မဂ္ဂဇင်း
      ဖေဖော်ဝါရီ  ၊ ၂၀၁၅

သီတာချမ်းမြ

❝ သီတာချမ်းမြ ❞
( ဆင်ဖြူကျွန်းအောင်သိန်း )

ကြည့်လေရာ အရပ်တိုင်းတွင် လက်ပံ၊ ပေါက်နှင့် ကသစ်တို့၏ နီရဲသော အလှသည် ပိတ်ဆီးလျက် ရှိလေ၏။ အနီရင့်၊ အနီရဲနှင့် အနီဖျော့တို့သည် အစိမ်းရောင်တံတိုင်းများအတွင်းမှ ထင်ရှားပေါ်လွင်နေသည်။ သည်အနီများသည် တံတိုင်းလေးဘက်ပမာရှိသော မြင်ကွင်းမှာသာမဟုတ်၊ တစ်မျှော်တစ်ခေါ်ကြီး ပြန့်ပြူးနေသော လယ်ပြင်ကွင်းကြီးအတွင်းတွင်လည်း မင်းမူနေသေးသည်။

အလွန်စွာသော မိန်းမတွေ ရန်ဖြစ်နေဘိသို့ ညံစာသော ဆက်ရက်သံများသည် ရီးဆေးရိုးတို့ လယ်ပွဲသို့ လေးဖက်လေးတန်မှ ညှပ်၍ လွင့်ပျံ၍လာ၏။ ထိုဆူညံ၍နေသော ဆက်ရက်အုပ်သည် တစ်ချက် တစ်ချက်တွင် သောသောရုတ်ရုတ် ဖြစ်သွားတတ်သေးသည်။ သူတို့ကို လာရောက်ထိုးသုတ်သော လင်းယုန်၊ သိမ်းနှင့် ချိုးသိမ်းတို့ကြောင့်ဖြစ်သည်။ ဖော့စဖိတ်ဓာတ်မြေဩဇာများ ကြဲပက်လိုက်သည်။ သို့အလန့်တကြား ပျံထွက်လာသော ဆက်ရက်အုပ် ကို ရီးဆေးရိုး တစ်ချက်မော့ကြည့်ပြီး ရေနွေကြမ်းပန်း

ကန်ကို ချထား၏။ ရေနွေးကြမ်းထည့်သော စဉ့်ပန်းကန်သည် ချေးလက်လေးသစ်တက်နေ၏။ သို့ဖြစ်ငြား သည်အရာကို ရီးဆေးရိုး မဆေးကြောရက်။

အရသာ ပျက်သွားမည်စိုး၏။ မြေကရားကလည်း အိုးလုံးသာမက အိုးလက်ကိုင်ကိုင်းပါ မီးခိုးစွဲကာ မည်းမှောင်နေ၏။ ရေနွေး တစ်ခွက် ငှဲ့လိုက်တိုင်း လက်ကို တစ်ခါပေစေကာမူ ရီးဆေးရိုး သတိမထားအား။ မျိုချလိုက်သော ရေနွေးကြမ်းကြောင့် လျှာဖျားတွင် ဖြစ်ပေါ်လာသော အရသာ၊ ဝမ်းခေါင်းတစ်လျှောက် စီးဆင်းသွားသော အရသာကို ခံစားရလိုက်လျှင် အမောပြေသွား၏။ သို့ကြောင့် လက်ပေသည်ကို မသိ။ ယခုလည်း ဓာတ်မြေသြဇာ ကြဲပက်အပြီးတွင် ညောင်ပင်ရိပ်သို့ ဝင်လာကာ ရေနွေးကြမ်းသုံးခွက် ခွက်ဆင့်သောက်လိုက်ရသဖြင့် မျက်လုံးအစုံ ဝင်း လက်လာ၏။

နွားနှစ်ကောင်ကို လှမ်း၍ကြည့်သည်။ နွားတွေ ကောင်းစွာ အမောပြေနေပြီ။ သို့သော် လူက အမော မပြေသေး။ လူက မည်သို့လျှင် အမောပြေနိုင်ပါမည်နည်း။ နွားနှစ်ကောင်ကို ရပ်ထားခဲ့ပြီးနောက် ထွန်ရေးထဲတွင် ဓာတ်မြေဩဇာတောင်းကို စလွယ်သိုင်းလျက် မြေသြဇာ ပက်ခဲ့ရသည် မဟုတ်လား။

တပို့တွဲလပြည့်ကျော်၊ တပေါင်းလဆန်းသည် ဝါရာသီဖြစ်၏။

ရီးဆေးရိုးတို့မှာ ရှေးရှေးကာလများကလို အေးအေးရိတ်၊ နှေးနှေးသယ်၊ ဖြည်းဖြည်းနယ် မနေနိုင်ကြပြီ။ စီမံကိန်းသီးနှံတစ်မျိုးဖြစ်သော ဝါ နောက်မကျစေရန် မောင်းညိုသည်နှင့် အပြေးအလွှား ရိတ်ကြ၊ လှည်းလမ်းပေါက်လျှင် ချက်ချင်း သယ်ကြရသည်။

လှည်းလမ်း ပေါက်ပြီ။ သို့ဆိုလျှင် ထွန်စက်လည်း လမ်းပေါက်ပြီ။ ကိုယ့်အလှည့်ကျသည်နှင့် သတ်မှတ်သော လယ်ကွက်တွင် စက်ဖြင့် ထယ်တစ်လွှာ၊ ထွန်တစ်လွှာ ထွန်ကြသည်။ သည်စက်ဖြင့် ထယ်ထား ထွန်ထားသော ထွန်ရေးပေါ်တွင် ရီးဆေးရိုး ဝါစိုက်ရန် အားသွန်နေခြင်းဖြစ်၏။ သူ့ တောင်းထဲတွင် ဓာတ်မြေသြဇာတွေ ကျန်နေသေး၏။ စူပါ ၁ဝ ပြည်နှင့် ပုလဲ ၁၂ ပြည် ရောစပ်ထားသော ဓာတ်မြေသြဇာတွေဖြစ်သည်။ သည်အရာတွေ မကုန်မီ ခြေကုန် လက်ပန်းကလည်း ကျ၊ မိုးရွာသည့်နှယ် မျက်လုံးထဲ ဝင်လာသော ချွေးရည်တွေကလည်း စပ်သဖြင့် အရိပ်အောက် ဝင်နားခြင်း ဖြစ်ပေသည်။

တစ်ဧကတွက် သတ်မှတ်ရောစပ်ခဲ့သော သည် ဓာတ်မြေသြဇာများမှာ နောက်ထပ် တစ်ယောက်စိုက် စာလောက် ကျန်သေး၏။ ကျန်သေးသော်ငြား နောက် တစ်ကြိမ် ထွန်နားပြီးမှ ဆက်ပက်လျှင် ဖြစ်သည်။ ရီးဆေးရိုး ပြောင်းဖူးဖက်ဆေးလိပ် ကောက်ညှိသည်။ ကတိုက်ကရိုက် ဖွာသည်။ မီးခိုးတွေ အူမည်းပြီး ထောင်းထောင်းထလာ၏။ ခုနစ်ဖွာမြောက်တွင် တအား ဖွာလိုက်ကာ ညောင်ခေါင်းအောက် မြေပြင်တွင် ချထားပြီး နေပူထဲသို့ ထွက်ခဲ့သည်။

“ကဲကွ ကဲကွ နွှဲလိုက်ဦးမှ သားတို့ရေ”

ကွေးပြီးတပ်ထားသော ထွန်ကိုင်းတွင် ချိတ်တွယ် ထားသည့် နှင်တံနှင့် ကန်ကြိုးကိုဖြုတ်ရင်း ရီးဆေးရိုး ပြောသည်။ နွားနှစ်ကောင်သည် လူ့စကားကို နားလည်ဘိသို့ ပခုံးကို ရှေ့သို့ ညွှတ်လိုက်သည်။ ရှေ့ခြေထောက်များ စတင်လှုပ်ရှားကာ ထွန်ကိုဆွဲသည်။

“သားလေးကွနော် သားလေး”

အလှည့်ဘက်မှ ရုန်းသော နက်ကျော်၏ ကျောပေါ်သို့ နှင်တံအဖျားဖြင့် ပွတ်ပေးရင်းပြောသည်။ နက်ကျော်ကား ငယ်လည်း ငယ်၊ ဖျတ်လည်း ဖျတ်လတ်သဖြင့် အတို့မခံချေ။ နှင်တံကို အမြီးဖြင့် တစ်ချက်ယမ်းကာ ခြေလှမ်း သွက်သွက်လှမ်းလိုက်ရာ အတိုင်နွား ‘ထမ်းပိုးတန်း’ နောက်ကျကျန်ခဲ့ပြီ။

“နွားကြီးနော် နွားကြီး”

အတိုင်ဘက်မှ နွားကိုကား နှင်တံဖြင့် ပွတ်၍ မရ။ နှင်တံထိပ်ဖျားနှင့် တင်ပါးကို မထိတထိ ထိုးသည်။ မထိတထိဆိုသော်ငြား နှင်တံထိပ်တွင် သံချွန်ကလေး မပေါ့်တပေါ် တပ်ထားသည့်အတွက် ထိသည်။ ထိုအခါ ထမ်းပိုးတန်း ညီသွားသည်။ သည်နှစ်ယောက်စိုက် လယ်ကွက်ကလေးကို စိတ်မှန်းဖြင့် မြေသြဇာ ပက်ထားသည်။ မြေသြဇာပက်ပြီးမှ ထွန်ဖြင့်မွှေခြင်း ဖြစ်ရာ ငါးစပ်ရပြီးပြီ။ နောက်တစ်စပ် စပ်လျှင် တော်လောက်ပြီ။ ဟိုဘက်က မြေသြဇာပက်ဆဲ သုံးယောက် စိုက်သို့ ကူးမည်။ ထွန်ရေးကား ကောင်းလှသည်။ ကောင်းပေမပေါ့။ စက်ထယ်တစ်လွှာနှင့် စက်ထွန် တစ်လွှာထိုးရာ ထွန်ရာတွင် ရီးဆေးရိုး နှုတ်ဆော့ခဲ့ရသည် မဟုတ်ပါလား။

“ဟေ့ ကောင်လေးရေ၊ ဟန်ဘီးချပေးပါဦးဟ”

ဟန်ဘီး ဆိုသည်မှာ ကြာရွက်များ၊ လင်ပန်းများ အစူးအကြွကို ထိန်းသောအရာဖြစ်သည်။ ထွန်စက်မောင်းရဲဘော်မှာ ရီးဆေးရိုးတို့နှင့် ရပ်ဆွေရပ်မျိုးနှယ် ရင်းနှီးခင်မင်နေရာ သည်းခံလိုက်လျောရှာ၏။ သို့တိုင်အောင် ရီးဆေးရိုး မကျေနပ်သေး။

“သည်တစ်လွှာပြီးရင် နှစ်သွားတပ်ပြီး ဟိုဘက်မှာ မောင်းပေးဦး မောင်ရ”

ထွန်စက်မောင်းရဲဘော် ငြိမ့်ခနဲ ဖြစ်သွားသည်။

“ဘာပြုလို့လဲ ဦးကြီးရဲ့”

“လင်းမြွေရိုးကျန်နေသဗျား”

“သေချာရဲ့လား ဦးကြီးရာ၊ ကျွန်တော် ဂရုစိုက် မောင်းတာပါ ”

“မဟုတ်ဘဲနဲ့ ပြောပါ့မလားကွ။ အေးဗျာ၊ မကောင်းရင်တော့ မင်းတို့ရဲ့ ‘ဟက်ဒလိုင်ဘာ’ ကို တိုင်မှာပဲ”

ထွန်စက်မောင်းရဲဘော် မညည်းညူပေ။ သုံးသွားထယ်ကို နှစ်သွားပြောင်း၍ မတပ်သော်ငြား ရီးဆေးရိုး မကျေနပ်သောနေရာကို ရီးဆေးရိုး သဘောကျသည်အထိ ထပ်မံမောင်းပေးခဲ့သည်။ သို့ကြောင့် ထွန်ရေးကလည်း ကောင်းလှသည်။ ထွန်ရေးကောင်းကောင်းတွင် မြေသြဇာပက်ပြီး မွှေရသည့်အတွက် ရီးဆေးရိုး စိတ်အားတက်ကြွနေသည်။ နှစ်စဉ်နှစ်ဆက် ဝါ ရှုံးသည်ကိုပင် သတိမရတော့ဘဲ ရွှင်နေချေသည်။

ဆူညံနေသော ဆက်ရက်သံများကိုဖောက်လျက် ငှက်ခါးတစ်ကောင် အော်လိုက်၏။ ရီးဆေးရိုး အသံ လာရာသို့ အမှတ်တမဲ့ မော့ကြည့်၏။ ထန်းပင်ဖျားမှ ငှက်ခါးတစ်သိုက်။ နောက်တစ်ခေါက် မောင်းလျှင် ခြောက်စပ် ပြည့်တော့မည်။ သည်အခိုက်တွင် ငှက်ခါး တစ်ကောင် ထိုးဆင်းလာ၏။ လှလိုက်ပုံ၊ လျင်လိုက်ပုံမှာ ရီးဆေးရိုး ငေးယူရ၏။ ငှက်ခါးသည် ထွန်ရေးကို အတောင်ဖြင့် ရိုက်ကာ ထန်းပင်ပေါ်သို့ ပျံတက်သွား ၏။ ခဏကလေး ငေးနေမိ၏။

သည်ခဏလေးမှာပင် အတိုင်နွားကြီးသည် ကန်သင်းဆုံတွင် ပေါက်နေသော ပေါက်ပင်ပေါက်စကလေးကို ရှည်လျားသော လျှာကြီးထုတ်ကာ လှမ်းဟပ်၏။ သူ တုံ့ဆိုင်းသွားသည်နှင့်တစ်ပြိုင်နက် ထွန်ကြောင်း ကောက်သွားသည်။ ရီးဆေးရိုး သတိချက်ချင်းဝင်ကာ နှင်တံကို မြှောက်လိုက်၏။ ဖြန်းခနဲ အသံနှင့်အတူ နွားကြီး ကျောကော့သွား၏။

“အဲဒါ ငတ်တဲ့ အကျိုး၊ ငတ်လိုက်ဦး၊ တယ် ငါ ရိုက်လိုက်ရ သေဦးတော့မှာပဲ”

နှင်တံကို ထပ်မံမြှောက်လိုက်ပြန်သည်။ နွားကြီး ကျောကော့သွား၏။ စင်စစ် နွားကြီး ကျောကော့မည့်သာ ကော့သည်။ အရိုက် မခံရပေ။ ရီးဆေးရိုးက ရွယ်ရုံသာ ရွယ်ခြင်းဖြစ်သည်။

“စားစမ်းဟဲ့ ဆိုပြီး ပေါက်ရွက်တွေ ခူးပြီး ကျွေးစမ်းပါကလား၊ စားဖို့ဝေးလို့ နမ်းတောင် မနမ်းဘူး”

မြည်မြည်တွန်တွန် ဆိုဆိုပြောပြောနှင့်ပင် နောက်ဆုံး တစ်စပ်ပြည့်သွား၏။ နွားနှစ်ကောင်ကို တစ်ဖက် လယ်ကွက်ထဲ မောင်းသွင်းလိုက်ပြီးမှ ထွန်တုံးကို ကန်သင်း လွတ်အောင် မကာ ဆက်မောင်းသည်။ မြေသြဇာပက်ပြီးသမျှ နေရာစပ်သွားအောင် တစ်စပ်မောင်း လိုက်ပြီးမှ ထွန်ကို ရပ်ထားခဲ့၏။ နွားများ နားခွင့်ရသော်ငြား ရီးဆေးရိုး မနားရ။ မြေဩဇာတောင်းကို ပုဆိုးတစ်ထည်ဖြင့် ကွင်းသိုင်းကာ ပခုံးတွင်လွယ်လျက် ထွန်ရေးပြင်ထဲ ထွက်လိုက်သည်။ မြေသြဇာ တစ်ဆုပ်ကို လွှဲပက်ကြဲလိုက်စဉ် အထက်ဘက် လယ်ပွဲကို လှမ်းကြည့်မိသည်။ လူသူ ရှင်းနေ၏။ ကန်သင်းများတွင် မမြင်ရ။ သို့ကြောင့် ဟင်းခုပ်ပင်အောက် ဆီသို့ မျက်လုံးရောက်ရပြန်၏။ ဟင်းခုပ်ပင် အောက်တွင်လည်း ထွန်းလှိုင်ကို မမြင်။ လယ်ကွက်အချို့မှာမူ တပြောင်ပြောင်ဖြင့် အရောင်လက်နေသည်။ သည် လယ်ကွက်များပေါ်သို့ မျက်စိရောက်သွားမှ ရီးဆေးရိုး သတိရ၏။

“ဪ ထွန်းလှိုင် ရေယူလို့ ပြီးသွားမှပဲ၊ ဒါကြောင့် မလာတာကိုး”

ထွန်းလှိုင် ပြီးလျှင် ထွန်းလှိုင်နှင့် မျက်နှာချင်းဆိုင် မြောင်းတစ်ဖက်ရှိ လယ်ပွဲထဲက ရေယူရမည်။ ထိုသူ ပြီးစီးမှ ရီးဆေးရိုး အလှည့်။

“ငါ့အလှည့် ရောက်တော့မှာပါလား” ဟူသော အသိဝင်လာသည့်ခဏ၌ ရီးဆေးရိုး စိတ်ထဲတွင် ပျော်သလိုလို ရွှင်သလိုလို ခံစားရ၏။ သီချင်းဟစ်ဆိုလိုက်ချင်သော်ငြား ကာလသားဘဝက ဆိုခဲ့သော တေးများ ကို ရီးဆေးရိုး မေ့နေပြီ။ ယနေ့ခေတ် တေးသီချင်းများ ကိုကား တစ်ပုဒ်ဆုံးအောင်ပင် မရ။ တောင်းထဲမှ မြေသြဇာများကုန်သွားချိန်တွင် စက်ထွန်ရေးပြင်လည်း စပ်သွားနှံ့သွားချေပြီ။ သို့တစေ ရီးဆေးရိုး ညောင်ရိပ်သို့ မဝင်။ လယ်ကွက်တွင်း မြေပြင်ထက် နှစ်တောင်ခန့်မြင့်သော မြောင်းလက်တံပေါင်ပေါ် ပြေးတက်၏။ လယ်ကြားမြောင်း ဟိုဘက်သို့ မျှော်ကြည့်၏။

နေရောင်တွင် တလက်လက်တောက်ပနေသော ရေပြင်ကြီး၊ တရွရွသွားနေသော ဗျိုင်းများ၊ ငြိမ်သက်စွာ သမာဓိ တည်ဆောက်နေသော ငှက်ကြီးဝန်ပိုများ။

“မှန်း ဘယ်နား ရောက်သွားပြီလဲ”

ဟင်းခုပ်ပင် လယ်ပွဲနှင့် မျက်နှာချင်းဆိုင်လျက်ရှိ ရေယူနေဆဲ လယ်ပွဲမှာ သီးခြားအမည်မရှိ။ မရှိသော်ငြား လယ်နီးချင်းမို့ သူ့လယ်ကွက် ဘယ်မှာဆုံးသည်ကို ရီးဆေးရိုးသိ၏။ ထို့ကြောင့် နေရောင်ကို ကန့်လန့်ဖြတ်ရပ်နေရာက မျက်လုံးကို ရှုံ့ကြည့်လိုက်သည်။ ထိုအခါ မျက်နှာပြင်ပေါ်တွင် သီးနေသော ချွေးပေါက်များကို ညှစ်ချလိုက်သည်သို့ရှိရာ ကြီးမားသော ချွေးစီးကြောင်းကြီးနှစ်ခုသည် မျက်လုံးများထဲသို့ ဝေါခနဲပြေးဝင်ကြ၏။

“အား” ခနဲအော်ကာ ရီးဆေးရိုး မျက်လုံးပိတ်သည်။ နာကျင်စွာ စုတ်သပ်ရင်း မျက်လုံးကို ပွတ်သည်။ ပွတ်သပ်ပေးမှ အစပ်သက်သာသွား စေကာမူ မျက်လုံးများကို ချက်ချင်းမဖွင့်နိုင်သေး။ သူ့မျက်လုံး ကြည်ကြည်လင်လင်ရှိ၍ ကြည့်လိုက်သောအခါ မြင်ကွင်းထဲသို့ ဦးစွာဝင်လာသူများမှာ ရီးကျီးဒန်နှင့် ကလေးသုံးယောက်။ ရီးကျီးဒန်က ထမင်းထုပ်ကို ရွက်လျက်။ ကလေးများ၏ လက်ထဲတွင် ရေထည့်သော သံဖြူချိုင့်နှင့် အထုပ်ကလေးတွေ။ နွားမကြီးကို ဆွဲလာသူမှာ ကိုကိုကြီး။

ရီးကျီးဒန်၏ ထမင်းထုပ်မှာ ကြီးလွန်းသည်။ ရီးဆေးရိုးတစ်ယောက်စာသာ ဆိုပါက သံဇလုံသင့်သင့်တွင် ထမင်းထည့်၊ ထမင်းထဲတွင် ဟင်းပန်းကန်ကို မြှုပ်၊ အချို့ဟင်းလျာအခြောက်ကို ထမင်းပေါ်တွင် ပုံကာ ပုဆိုးစုတ်ဖြင့် ထုပ်ရိုးဖြစ်၏။ သည်နှယ်ဆိုလျှင် လက်ဖြင့် ဆွဲလာဦးရသည်။ ရွက်လာလျှင်လည်း သည်မျှ မကြီးတန်ရာ။

“တန်တော့ သူ့မြေးတွေရော သူပါ ဒီရောက်မှ စားမှာမို့ ကန်တော့ပွဲပြင်တဲ့ ဇလုံကြီးနဲ့ ထည့်လာတာ ထင်တယ်”

မြေးအဘွားတစ်တွေ ချုံကွယ်တစ်ခု ဘေးတွင် ပျောက်ကွယ်သွား၏။ ရီးဆေးရိုး တစ်ဖက်လယ်သို့ လှမ်းကြည့်၏။ ထိုလယ်၏ တနင်္ဂနွေထောင့်တွင် ထန်းညီနောင် ရှိသည်။ ရာဟုထောင့်တွင် ဥနှဲပင် ရှိသည်။ သည်မျဉ်းကြောင်း အစပ်တွင် ထိုလယ်၏ မြောက်ဘက်နယ်နိမိတ်ဆုံးသည်။ ဗျိုင်းများလည်း ထိုမျဉ်းကြောင်းသို့ ရောက်နေကာ ခုန်ဆွခုန်ဆွ ပြေးသူ ပြေး၊ ဝဲပျံလိုက် ထိုးဆင်းလိုက် လုပ်သူလုပ်နေကြသည်။

“ဒီလိုဆိုရင် ဒီကောင်ဘအုန်း ရေရပြီပေါ့”

ထမင်းလာပို့သူများကို ရီးဆေးရိုး မေ့၏။ ဘအုန်းကို မျက်လုံးဖြင့် အရေးတကြီးရှာသည်။

“ရော ဒီကောင် ဘယ်သွားပါလိမ့်”

ဝါကို သည်နှစ် အစိုပေါက်စိုက်မည်။ ခါတိုင်း နှစ်များတွင် အခြောက်စိုက်ခဲ့သည်။ စိုက်ပြီးမှ ရေလှဲသည်။ သည်နှစ်တွင်ကား အပင်ပေါက်သန် သည် ဆိုသော ‘အစိုစိုက်’  စိုက်နည်းသို့ ပြောင်းမည်။ ပြောင်းမည်ဆိုသော်ငြား ရေရမည့်ရက်၊ ရေယူစဉ် ကြာမြင့်မည့်ရက်နှင့် မြေကြီးခြောက်မည့်ရက်ပါ တွက်ရသေး သည်။ စီမံကိန်းသီးနှံမို့ နောက်မကျချင်။ သို့ကြောင့် ရေယူချိန်ကို နည်းနည်းမျှ အပွန်းမခံနိုင်။ သို့နှယ် ရှိကာမှ ဘအုန်းကို မမြင်ရ။ ရေတွေ လိုအပ်သည်ထက် ပိုသွင်းပါက အလဟဿဖြစ်ချေရော့မည်။

“ဒီကောင် ‘ပင်းတား’ ကို ဖျက်ချပြီး ငါ့ကို သတိမပေး ဘာမပေးနဲ့ ပြန်သွားရော့လား”

အတွေးဖြင့် လယ်ကြားမြောင်းကို လှမ်းကြည့်၏။ မြောင်းထဲတွင် ရေရောက် မရောက် မြင်ရလို မြင်ရငြား သဘော သူ ကြည့်နေခိုက်တွင် ခွေးလှေးယားချုံအကွယ်မှ ရီးကျီးဒန်တို့ မြေးအဘွားတစ်တွေ ဘွားခနဲ ပေါ်လာကြ၏။ မြောင်းကိုဖြတ်ကူးရန် မြောင်းထဲ ဆင်းကြ၏။

“မြောင်းထဲမှာ ရေရှိလားဟ”

“မရှိဘူး ဘ”

ငတက်ပြားမ၏ အဖြေ။ ရီးကျီးဒန်၊ ခင်ခင်ကြီး နှင့် မိမိထွေးတို့ မြောင်းသည်ဘက် ပေါင်ပေါ်ရောက်မှ နွားဆွဲလာသော ကိုကိုကြီးမှာ ချုံကွယ်မှ ပေါ်လာ၏။

“ဘရေ ပင်းတားဖျက်လိုက်ပြီတဲ့ဗျို့ ။ ရီးဘအုန်း လှမ်းပြောနေတယ်ဗျို့”

ဝမ်းသာလိုက်သည့် ဖြစ်ခြင်း။ ရီးဆေးရိုး ဝမ်းသာအားရ ပြုံးမိသည်။ မြောင်းလက်တံပေါင်ပေါ်မှ ပြေးဆင်းကာ တောင်းကို ကောက်ယူ၏။ သို့သော် ရပ်ပြီးမှ ကောက်ယူခြင်းမဟုတ်။ ပြေးရင်း လှမ်းကောက်၏။

တောင်းကို ကောင်းစွာ မမိ။ လူ့ရှေ့သို့ လိမ့်လာသည်။ ရီးဆေးရိုး အပြေးအရှိန်မသတ်နိုင်ဘဲ တောင်းပေါ် မှောက်လျက်လဲသည်။ တောင်းကြီး ဖင်တစ်ထောင့် ခွက်ဝင်သွားလေ၏။

“ဘ ပြေးရင်း လဲလို့ဟေ့”

ကိုကိုကြီးနှင့် ခင်ခင်ကြီးတို့ အော်ဟစ်ရယ်မောကြ၏။

ရင်ဘတ် စုတ်သလော၊ ဒူးပြဲသလော ရီးဆေးရိုး မကြည့်။ ညောင်ပင်အောက် ရောက်အောင် ပြေးသည်။ တောင်းချထားသည်။ ညောင်ပင်အခေါင်းထဲမှ ‘ပင်းတားတိုင်’  တွေ ဆွဲထုတ်သည်။ ပခုံးပေါ်ထမ်းပြီး လယ်ကြားမြောင်းဘက်သို့ ပြေးသည်။

“ဖြည်းဖြည်းသွားပါတော်၊ တော့်မလဲ”

ရီးကျီးဒန် စိုးရိမ်မကင်း ပြောသော်ငြား ရီးဆေးရိုး မကြား။ မြောင်းထဲသို့ သူ ရောက်ချိန်တွင် ရေဦးကို မမြင်ရတော့။ နှမြောဖွယ်ရေများသည် အဘယ်မျှ များပြားစွာ စီးဆင်းသွားကြပြီနည်း။ ထိုသို့ နှမြောစွာ တွေးမိသောကြောင့်လည်း မြောင်းတစ်ဖက်တစ်ချက်တွင် တန်းပစ်လိုက်ပြီးနောက် တိုင်များကို ကမန်းကတန်း စိုက်သည်။ တိုင်ခိုင်အောင် နှဲ့မသွင်းသေး။ ရေဝင်ပေါက် အနီးတွင်ရှိသော မြက်ဖုတ်များ၊ ရွှံ့နှင့် လုံးနေသော ကောက်ရိုးများကို အပြေးအလွှား တွန်းချကာ မြောင်းကို ပင်းသည်။ ရေကို တားမိပြီ။ ထိုအခါ ပင်းတားတိုင်များကို ရေက တွန်းပြီ၊ ကန်ပြီ။ ထိုအခါ ကျမှ ပင်းတားတိုင်များကို နှဲ့သွင်း၍ တစ်နည်း၊ သစ်တုံးဖြင့် ရိုက်သွင်း၍ တစ်ဖုံဖြင့် ခိုင်ခံ့အောင် လုပ်တော့သည်။

ပင်းတား ခိုင်ပြန်တော့ လုံလဲအောင် နဘူးခက်များ ချိုးယူနင်းသိပ်၏။ ရွှံ့တွေ သယ်ပြီး မံ၏။ ငါးဆေးရေနှယ် နက်ပြာပြာမြောင်းရေသည် ပင်းတားကို ဝင်တိုးပြီးမှ မြောင်းလက်တံတွင်းသို့ လှိမ့်ဝင်သွား၏။ ရီးဆေးရိုးမှာ ရေပင်းနေစဉ်က မောရန် မသိ။ ရေဝင်တော့မှ ဟိုက်နေမှန်းသတိထားမိ၏။ ထို့ကြောင့် ညောင်ပင်အောက် အရောက်တွင် ပစ်ချပြီး ထိုင်လိုက်၏။ ခဲတွေ တုတ်တွေ ဖင်ကို စူးချင်စူး မစူးချင်နေ၊ ဒူးကွေးပြီး လက်ထောက်ပြီး ထိုင်မနေနိုင်။ ကိုယ်လုံးကို ပစ်ချသောအခါ မြန်မြန်ထိုင်ရသည်။ ထိုင်ရခြင်းသည်သာ ပဓာန။

“ဘယ်အကွက်က စသွင်းမှာလဲဟင်”

ရီးကျီးဒန်က အမေးဖြင့် ကြိုဆိုသည်။ သူသည် ရေနွေးအိုးတည်ရန် မီးဖိုကို တဖူးဖူး ကုန်းမှုတ်နေရာမှ လှည့်ကြည့်ပြီး မေးလိုက်သောကြောင့် တစ်ခေါင်းလုံး ပြာမှုန်ဖြင့် ဖွေးနေသည်။ နှာခေါင်းကို ကန့်လန့်ဖြတ်လျက် အိုးမည်းအစင်းကြီး ထင်ဟပ်နေသေး၏။ မောရသည့်အထဲ သည်ပုံကြီးကို မြင်သောအခါ ရီးဆေးရိုး စိတ်တိုသွားချေ၏။ သို့ကြောင့် မဖြေဘဲ ထွန်ရေးပြင် ဆီသို့ မျက်နှာလှည့်ထား၏။

“တော်က ထွန်ရဦးမှာ မဟုတ်လား။ ဒါကြောင့် နားချင်နားပစေတော့ဆိုတဲ့ စေတနာနဲ့ ကျုပ် ‘ရေလိုက်’ လိုက်မလို့ မေးတာ”

ရေလိုက်သည် ဆိုခြင်းမှာ သွင်းသောရေ လိုရာသို့ ဖြောင့်တန်းစွာ ရောက် မရောက် လိုက်လံစစ်ဆေးရင်း ထူးပေါက် ပုစွန်ပေါက် ကြွက်ပေါက်နှင့် မြွေပေါက်များကို ပိတ်ဆို့ပေးရခြင်း ဖြစ်ပေသည်။ သည်နှယ် ရှင်းပြသောစကား ကြားရသည်တွင် ရီးကျီးဒန့် စေတနာကို နားလည်ရသည်။ တိုသောစိတ်ကို ဖျောက်ရသည်။ သို့ပေမင့် စကားမူ မဆိုချင်သေး။

“ဘ တစ်ကိုယ်လုံးလည်း ချွေးတွေပါကလား”

ထွန်ရေးပြင်ထဲတွင် ငှက်ခါးထောင်ရန် အတွက် မောင်နှမသုံးယောက် ညောင်ပင်ပင်စည်တွင် ညောင်စေး ထစ်နေရာမှ ဖျတ်ခနဲလှည့်ကြည့်မိသော မိမိထွေး သည် ရီးဆေးရိုးနား ပြေးလာ၏။ ရီးကျီးဒန် ပစ်ချထားသော ခေါင်းဖုကို ကောက်ယူ၏။

“သမီးသုတ်ပေးမယ်နော်”

ပြောပြောဆိုဆို ကျောပြင်ကြီးကို သုတ်ပေး၏။

တစ်ဖန် ရင်ဘတ်ကို သုတ်ပေး၏။

“အမေကြီး ဘ မောနေတယ်၊ ရေနွေးငှဲ့ပေးပါ”

“တွေ့လား ကျီးဒန်၊ ငါ့မြေးက ညည်းထက် အများကြီးလိမ္မာတယ် သိလား”

မည်သူ့ကို စိတ်ဆိုးရမှန်း မသိသော စိတ်သည် ချက်ချင်း ကြည်လင်လာကာ ရယ်ရွှန်းဖတ်ရွှန်း ပြောမိပြီ။ သို့စဉ်တွင် မြေးမက နဖူးမှ ချွေးကို သုတ်ပေးပြန်ရာ ရီးဆေးရိုးရင်ထဲတွင် အေးချမ်းသွားလေ၏။

“ငတက်ပြားမနော် ငတက်ပြား၊ နင် တော်တော့်ကို လူပါးဝတယ်။ သတိထား ဟင်း”

ရီးကျီးဒန်၏ အသံမှာ မာန်မဲခြိမ်းခြောက်သံဖြစ်ငြား မျက်နှာမှာမူ ပြုံးရောင်သမ်းလျက် ပီတိဖြာဝေနေသည်သာ။

▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်

အပါယ်လမ်း


❝ အပါယ်လမ်း ❞
   ( ချစ်သဲမောင် )

ကျွန်တော်တို့ဆီမှာ ရွာတွေက နေပြီး မြို့ကို ဈေးတက်ဝယ် တဲ့ ကားတွေ နေ့စဉ် ပြေးဆွဲပေးပါတယ် ။ မနက်ပိုင်း ရွာက ထွက်ပြီး ညနေ သတ်မှတ်ထားတဲ့ အချိန်မှာ ပြန်ဆုံ ပြန်ထွက်ပေါ့ ။ အဲဒီ ကားကို ဈေးကားလို့ ခေါ်ကြတယ် ။ တစ်နေ့ ဈေးကားကြီး ထွက်လာတော့ ရွာပေါက်ကနေ လူတစ်ယောက် ကား ထွက်တားတယ် ။ အရက်တော်တော်သောက်ထားပုံရတယ် ။ ယိုင်ထိုးယိုင်ထိုးနဲ့ ။ ကားရပ်ပေးလိုက်တော့ အဲဒီလူဟာ အရက်ထည့်ထားတဲ့ ကြွပ်ကြွပ်အိတ်ကလေးကို လက်က ဆွဲလို့ တက်လာတယ် ။ အဲဒီလူ ကားပေါ် တက်လာတာကို သူ့ထက် အရင် ကားပေါ်မှာပါ လာတဲ့ သူ့ဦးကြီး ဦးမှန်ကြောင်က မြင်သွားတယ် ။ ဒီတော့ သူဦးကြီးက ဆီးပြီး မာန်မဲတော့တာပေါ့ ။

“ ဟေ့ကောင် ကြက်ဖ ၊ မင်း စောစောစီးစီး မူးနေပြီ မဟုတ်လား ”

အမူးသမားက မျက်လုံးလေး လှန်ကြည့်ပြီး ချက်ချင်းပဲ မျက်လွှာလေး ပြန်ချသွားတယ် ။ အဲဒါနဲ့ ဦးကြီး ဖြစ်သူက ဆက်ပြီး ...

“ ခွေးထက် မိုက်တဲ့ကောင် တစ်နေ့ တစ်နေ့ ဒီအရည်တွေပဲ သောက်နေ ၊ ဟေ့ကောင် ကြက်ဖ ၊ မင်း လမ်းမှားနေပြီ သိရဲ့လား ၊ မင်းကိုယ် မင်း ဘယ်လမ်း သွားနေတယ် ဆိုတာ သိရဲ့လား ၊ အခု မင်းသွားနေတာ အပါယ်လမ်းကွ ... အပါယ်လမ်း ”

ဦးကြီးစကားလည်း ကြားရော အမူးသမားရဲ့ မှေးစင်းနေတဲ့ မျက်လုံးဟာ ပြူးကျယ်သွားတယ် ။ ပြီးမှ ထိတ်လန့်နေတဲ့ အမူအရာနဲ့...

“ ဗျာ … ဟုတ်လား ၊ ဟိုး .. ဟိုး ... ကားဆရာ ခဏရပ်ပါဦး ” ဆိုပြီး ထအော်တယ် ။ ကားဆရာလည်း ဘာမှန်းညာမှန်းမသိ ကားရပ်ပေးလိုက်ရတယ် ။

“ ကျုပ် ကားမှား စီးလာလို့ပါ ၊ ကျုပ်ဦးကြီး ပြောတဲ့ လမ်း မှန်း မသိလို့ စီးမိတာ ” ဆိုပြီး ကားပေါ်က ဆင်းချသွားတယ် ။ တဆက်တည်း သူ့ဦးကြီးဘက် လှည့်ပြီး ပြောလိုက်သေးတယ် ။

“ ကဲ … ဦးကြီး ကျုပ်တော့ သွားပြီ ၊ ဦးကြီးပဲ ဆက်လိုက် သွားတော့ ” တဲ့ ။  ။

▢ ချစ်သဲမောင်
📖ရယ်စရာ မဂ္ဂဇင်း
     ဧပြီလ  ၊ ၂၀၁၆

မိုးသံကြားမှ ရင်ကွဲသံ


❝ မိုးသံကြားမှ ရင်ကွဲသံ ❞
     ▢ ပင်မြင့်စံ ( ရွှေဘို )

“ဝုန်း...ချလိမ်း...”

“အုန်း...”

“ကိုမြတ် ပြန်ကြရအောင်၊ မင်း ဒီလိုကြီး ထိုင်ကြည့်နေတာ တော်တော်ကြာနေပြီကွ။ ငါတို့ ပြန်သင့်နေပြီလို့ ငါထင်တယ်။ မိုးတွေလည်း ခြိမ်းနေပြီ၊ မိုးရွာတော့မယ် ထင်တယ်”

ကျွန်တော် ကိုမင်းကို ခေါင်းညိတ်ပြရင်း သော့်ကို ကြည့်မိပြန်သည်။ သူမ ရရှိထားသော ခုတင်ပေါ်မှာ ဘေးတိုက်ထိုင်ရင်း ပြတင်းတံခါးဆီ ငေးနေသော သော့် မျက်လုံးများက ကျွန်တော့်ဘက်မှာ ရှိမနေခဲ့ပါ။ ပန်းနုရောင် သတို့သမီးဝတ်စုံလေးကိုတော့ ထပ်ဝတ်ချင်တယ်ဟု ပူဆာနေသောကြောင့် သော့်ကို ထပ်ပြီး ဝတ်ဆင်ပေးထားလေသည်။ တစ်ပတ်လျှို ဆံထုံးလေးနှင့် ယဉ်စစ ရှိနေသော သော့်ကို ထား၍ ကျွန်တော် မသွားရက်သလို ဖြစ်သွားမိသည်။ အချစ်သည် ဒုက္ခနှင့် သောကကို ယူဆောင်ခဲ့သည်ဟုဆိုလျှင် ကျွန်တော် သော့်ကို ဒုက္ခနှင့် သောကကို ပေးရက်မည် မဟုတ်ခဲ့ပါ။ ရိုးသားစွာ မြတ်နိုး တန်ဖိုးထား၍ ချစ်ခဲ့မိပါလိမ့်မည်။ အရင်တစ်ပတ် စနေ၊သော်က လှပသော သတို့သမီးလေး။ ကျွန်တော်ကတော့ သော့် ဘဝတစ်ခုလုံးကို မြတ်နိုးစွာ သိမ်းပိုက်တော့မည့် သတို့သား။ ယနေ့ စနေနေ့ မှာတော့ သော်က လူမမာ တစ်ယောက်၊ အသိတရား ကင်းမဲ့နေရှာသော လူမမာတစ်ယောက်။ ကျွန်တော်ကတော့ ချစ်ရသူရဲ့ နာကြည်းမှု၊ အမျက်၊ အမုန်းတွေကို စုခံခဲ့ရသူ၊ ချစ်ရသူကို ခပ်ဝေးဝေး လေးက ထိုင်ကြည့်နေခဲ့ရသူ သာဖြစ်သည်။

“သော်ကပန်း မြန်မြန် ကျန်းမာလာမှာပါ ကိုမြတ်ရာ၊ ငါတို့ ခဏတော့ ပြန်ကြ ရအောင်ကွာ”

ကျွန်တော်၏ ခပ်ယိုင်ယိုင် ခြေလှမ်းတွေက သော့်ကို ခဏထားခဲ့၍ ထွက်ခွာလာခဲ့သည်။ “စိတ်ကျန်းမာရေး ဆေးရုံ” ဟူသော အုတ်နံရံကို ထွင်း၍ ရေးထားသော စာလုံးများက ကျွန်တော့် နှလုံးသားတစ်ခုလုံးကို နာကျင်ကြေမွစေတော့သည်။

••••• ••••• •••••

“ဝုန်း”

“ဘုတ်”

လက်ထဲက စာအုပ်တစ် ထပ်ကြီး လွင့်ကျသွားသလို ခန္ဓာကိုယ်လေးတစ်ခု လဲပြို ကျသွားသည်။

“အို”

“ဟာ ဆောရီးပါ၊ ကျွန်တော့်အမှားပါ”

စာကြည့်တိုက် ထောင့်ချိုးတစ်ခုမှာ အရှိန်ပြင်းပြင်း တိုက်မိသော မိန်းကလေး အပေါ် ကျွန်တော် ရင်မခုန် သေးပါ။

“သော်လည်း ငေးလာလို့ပါ”

“သောကြာနေ့ ဆိုတော့ စာအုပ်တွေ အရောက် ပို့ချင် ဇောနဲ့ သတိမထားမိတာပါ”

ကျွန်တော် လဲကျနေသော သူမကို ပွေ့ထူရန် ကြိုးစားမိသည်။

“အို မကိုင်နဲ့၊ မထိနဲ့။ သော့်ဘာသာ ထ,မယ်”

ခပ်မာမာ အပြောတစ်ခုနှင့် သူမဘာသာ အတင်းမတ်တတ် ထ,ရပ်လိုက်သော သူမကို ကျွန်တော် ခပ်ငေးငေး ကြည့်မိသည်။

“သော် သွားတော့မယ်နော်” ဟု နှုတ်ဆက်တာလား၊ အသိပေးတာလား မသိသော အပြောမျိုးဖြင့် ထွက်သွားသော သူမထက် တင်ပါးကျော်သော ဖြောင့်စင်းသည့်ဆံနွယ် မည်းမည်းအုပ်အုပ်လေးကိုသာ ကျွန်တော် သဘောကျခဲ့သည်။ အဲဒီအချိန်တုန်းက သော် ဟာ ကျွန်တော့်အတွက် အမှတ်တမဲ့ပါပဲလေ။ စနေနှင့် တနင်္ဂနွေ ပိတ်ရက် နှစ်ရက်အတွက် ကျွန်တော် လိုချင်သော စာအုပ်တွေ ရှာဖွေနေရင်း သူမက ကျွန်တော့်နှလုံးသား အပြင်ဘက် ရောက်သွားခဲ့သည်။

“ဆရာမကြီး မိုးမိုး (အင်းလျား) ရဲ့ မှတစ်ပါး အခြားမရှိ စာအုပ်နဲ့ ဆရာမ ဂျူးရဲ့ အမှတ်တရစာအုပ် နှစ်အုပ်လုံး မရှိတော့ဘူး အစ်ကို၊ စောစောကပဲ အစ်မလေးတစ်ယောက် ငှားသွားတာ”

“ သော်ကပန်း” ဟူသော ငှားသူ  အမည်လေးကို ရည်ရွယ်ချက်မဲ့စွာ ကျွန်တော် ကြည့်မိသည်။ အဲဒီအချိန်လေးတုန်းကတော့ အမှတ်တမဲ့ပါပဲ သော်ရယ်။

ကိုယ်ပိုင်စီးပွားရေး တစ်ဖက်နှင့် MBA လာတက်နေခဲ့သော ကျွန်တော့်တွင် ရည်ရွယ်ချက် ရှိခဲ့သည်။ ကျွန်တော့်အချစ်ဦး မေ တစ် ယောက် မာစတာတန်း လာ ရောက် တက်လေမလားဆို သည့် မျှော်လင့်ချက်ဖြင့် ကျောင်းလာတက်နေမိသည်။ စီးပွားရေးတက္ကသိုလ် သုံးနှစ်လုံး ရွှေလက်တွဲခဲ့သော မေ့ ကို ကျွန်တော် အစွဲလမ်းတစ်ခုလို တပ်မက်နေခဲ့သည်။

“မြတ်ဦးမောင်၊ မင်း မလဲကွာ အချိန်တွေ ကုန်လိုက် တာ။ မေ့သင့်တာ မေ့လိုက်ပါတော့။ ဒီလောက် အစွဲလမ်း ကြီးရသလား” ဟု ကိုမင်း၏ ငေါ့တော့တော့ အပြောကို အပြုံးမပျက်ခံရင်း ကျွန်တော် ပြောင်းလဲ၍ မရခဲ့ပေ။ မြစ်ကြီးနားသူ “မေ” သည် ကျောင်းပြီးကတည်းက အဆက်အသွယ်လည်း မလုပ်၊ ဘွဲ့လေးပင် လာမယူ။ သူ သိပ်ချစ်မြတ်နိုးသည်ဟု တဖွဖွဆိုခဲ့သော ကျွန်တော့်ကို ယတိပြတ် မေ့ပစ်လိုက်သူသာ ဖြစ်သည်။

“ဟေ့ ကိုမြတ်၊ နင် ကိုမြတ် မဟု တ် လား။ ကျောင်းကို ဘာကိစ္စနဲ့ လာတာလဲ”

ကျောင်းတုန်းက တရင်းတနှီးပေါင်းခဲ့သော သူငယ်ချင်း မဆွေက ကျွန်တော့်ကို ကျောင်းမှာ တွေ့ တော့ အံ့သြခဲ့ သည်။ “နင်နဲ့ မေ့ကို ယူပြီးပြီ ထင်နေတာ” ဟု ဆိုသောအခါ ကျွန်တော် မမေ့နိုင်သော အတိတ်လမ်းကို ပြန်ရောက်ရသည်။ နိုင်ငံခြား ပညာတော်သင်သွားရမည့် မဆွေက အမှတ်စာရင်း လာယူခြင်းဖြစ်သည်။ ကျွန်တော့် အကြောင်းကို ဆွေးမြည့်စွာ နားထောင်ပေးရင်း သူ ကျွန် တော့်အတွက် စိတ်မကောင်း ဖြစ်ခဲ့သည်။ “အလွမ်းသမား ကြီးရဲ့ အလွမ်းဇာတ်ထုပ်” ဟု ကိုမင်းက ခေါင်းစဉ်တပ်ခဲ့သည်။

“အင်း...ငါ နင့်ကို လူတစ်ယောက်နဲ့ မိတ်ဆက်ပေး မယ်၊ ဟုတ်တယ်၊ သူ ဆိုရင် တော့ မေ့သတင်း အစအန လေးတော့ ရနိုင်တယ်။ စော စောကပဲ ငါ သူ့ကို တွေ့လိုက် တာ။ သူက မေ့အခန်းဖော် လေ။ တစ်မြို့တည်းလို့ ပြောသံ ကြားဖူးတယ်။ နင် သူ့ကို မသိဘူးလား” ဟု မဆွေဆိုတော့ ကျွန်တော် ခေါင်းကိုသာ ခါယမ်းပြမိသည် ။ မေနှင့် ကျွန်တော် အင်မတန် ရင်းနှီးခဲ့သော ချစ်သူစုံတွဲဖြစ်ခဲ့ပါလျက်နှင့် မေ့အခန်းဖော် အကြောင်းကိုတော့ မေက လည်း မပြောပြခဲ့သလို ကျွန် တော်လည်း မမေးခဲ့ပါ။

အတူကျောင်းတက်၊ အတူ စား အဆောင်ပိတ်ချိန် ပြန်ပို့ ရင်း အချိန်များစွာ၊ ကာလ များစွာ ရင်းနှီးခဲ့သော်လည်း မေ့အခန်းဖော် အကြောင်း မသိခဲ့ပေ။ ကျွန်တော်နှင့် မေ ဝေးခဲ့တာ နှစ်နှစ်ကျော်၊ သုံးနှစ်နီးပါးတောင် ရှိခဲ့ပြီပဲလေ။

“ကိုမြတ် ဒါ နင်နဲ့ တွေ့ ပေးချင်တဲ့ မေ့အခန်းဖော် သော်ကပန်းလေ”

မျက်နှာတစ်ခြမ်း အုပ်နေသော ဆံနွယ်များ ဖယ်ရှား သပ်တင်ရင်း မော့ကြည့်လာ သော မျက်ဝန်းကြည်ကြည် လေးများကို ချက်ချင်း ကျွန် တော် မှတ်မိသွားသည်။

“သော် ကိုမြတ်ဦးမောင် ကို သိပါတယ် မဆွေ၊ မမေ စာကြည့်စားပွဲပေါ်မှာ ဓာတ်ပုံလေး တင်ထားတယ်လေ” ဟု မျက်နှာကို ခပ်လွှဲလွှဲပြု၍ ဆိုခဲ့သည်။

“သော် စုံစမ်းကြည့်ပေး မယ်။ မမေနဲ့ သော် အဆက် အသွယ် မရှိပါဘူး” ဟု ခံစား ချက်ကင်းမဲ့သော မျက်ဝန်း များဖြင့် သော်က ဆိုခဲ့သည်။ မာစတာနောက်ဆုံးနှစ်ကျောင်းသူ သော်နဲ့ MBA နောက်ဆုံးနှစ် ကျောင်းသား ကျွန်တော်သည် ကျောင်းကန်တင်းမှာ မကြာခဏ ဆုံဖြစ်လာခဲ့သည်။ သော့်ကို မြင်နေရလျှင် ကျွန်တော် မေ့ကို မေ့တတ်လာခဲ့သည်။ ကျွန်တော်၏ နှလုံးသား၏ စွဲလမ်းမှုအချစ်ဒုက္ခကို အပြီးတိုင် စွန့်လွှတ်ဖို့ဖြစ် လာခဲ့သည်။

“အတော်ပဲ၊ သော် ရှင့် ကိုရှာနေတာ” ဟု သော်က ဆို သောအခါ ကျွန်တော်နဲ့ သော် လူအနည်းငယ်ရှင်းသော ဆိုင်လေးမှာ ထိုင်ဖြစ်ကြသည်။ သော်က ကျွန်တော့်ကို သတင်းစာ အပိုင်းဖြတ်လေးတစ်ခု ကမ်းပေးခဲ့သည်။ လက်ထပ်ပြီးစီးခြင်းသတင်းလေး။ သတို့သမီး နာမည်မှာ မေ့ နာမည်လေး။ ကျွန်တော့် နှလုံးသားကို ခပ်လှောင်လှောင် ပြုလိုက် သည် ။ နောက်ဓာတ်ပုံလေးတစ်ပုံ။ သတို့သမီးဝတ်စုံလေးနှင့် မေက အပြစ်ပြောရက်စရာ မရှိအောင် လှလွန်းခဲ့သည်ပါပဲ။

“သော် စိတ်မကောင်းပါဘူးရှင်၊ သော် သွားတော့မယ်”

“အို”

မရန်းသော်လည်း အထိတ်တလန့်ပြုဟန်လေး တစ်ခု။ ဆောက်တည်ရာ မရ သောစိတ်က သော့်လက်ကို ဆွဲလိုက်မိသည်။ သော် ထွက်သွားမှာစိုးသည့် အတွက်ကြောင့်လား၊ အားပေးနှစ်သိမ့်မှုတစ်ခုခု လိုချင်၍ပဲလား ကျွန်တော့် စိတ်တွေ လွှင့်မျောသွားသည်။ မျက်ဝန်းစိမ်းများနှင့် ခံစားချက်ကင်းမဲ့သော အကြည့်များအစား ကရုဏာသက်သော မျက်ဝန်းလေး တစ်စုံကို ကျွန်တော် ရရှိခဲ့သည်။ အဲဒီ မျက်ဝန်းလေးက အစပြုခဲ့ သော ကျွန်တော်၏ နေ့ရက် များက အသစ်တစ်ဖန်ပြောင်းလဲခဲ့ပါတော့သည်။

••••• ••••• •••••

ကျွန်တော် ကျောင်းတက်မှန် လာခဲ့သည် ။ ကျောင်းရှေ့က အဆောင်မှာနေသော “သော်” ကျောင်းလာချိန်နှင့် ချိန်ကိုက်၍ လာခဲ့သည်။ ဘာကြောင့်ဟု နှလုံးသားကို အဓိပ္ပာယ်မဖွင့်လို သော်လည်း မြန်မာဝတ်စုံလေးများဖြင့် ဆံနွယ်ရှည်ရှည်လေးများ လေထဲတလွင့်လွင့်နှင့် လမ်းလျှောက်သွားနေသော ယဉ်စစ မျက်နှာလေး တစ်ခုကို ကျွန်တော် နေ့တိုင်း မြင်ယောင် သတိရလွမ်းဆွတ်လာခဲ့သည်။

“ကျွန်တော်နှင့် သော်”၊ “သော်နှင့် ကျွန်တော်” မရည်ရွယ်ဘဲ တွေ့ဖြစ်သော နေရာက ကျောင်းစာကြည့်တိုက်လေးသာဖြစ်လေသည်။ ကျွန်တော် နှစ်သက်တတ်သော စာအုပ် များနှင့် သော် ဖတ်သော စာအုပ်များက ထပ်တူညီနေပြန်သည်။ “သော်” သည် ယောက်ျားလေး မိတ်ဆွေ အပေါင်းအသင်း မရှိ၊ ယောက်ျားလေးများနှင့် ကင်းကင်းဝေးဝေး နေတတ်မှန်း ကာလ အတန်ကြာလာတော့မှ ကျွန်တော် သိလာခဲ့ရသည်။ ကျွန်တော်နှင့် စကားပြောသည်ပင် သော့်ဟန်လေးက မရဲတရဲဟန်ပေါက်နေသည်။ တားမြစ်ကန့်သတ်မှု ဘောင်ထဲက လွတ်ထွက်လာသော စိတ် ဆန္ဒကို “သော်” မထိန်းချုပ် နိုင်လွန်း၍သာ စကားဆိုမှန်း သိသာလှသည်။

“သော် ကျွန်တော့်မွေးနေ့ မို့ ဘုရားသွားချင်တယ်၊ ကျွန်တော်နဲ့ အဖော်လိုက်ပေးပါလား သော်”

သော် တွေဝေသွား သော်လည်း သော့် မျက်ဝန်း များက ငြင်းလိုဟန် မရှိပေ။ မိနစ်ပေါင်းများစွာကြာမှ ခေါင်းညိတ် အဖြေပေးသည်။ သော့် ဟန်ပန်သည် နူးညံ့သိမ်မွေ့သည်။ ယဉ်ကျေးလိမ္မာသည်။ ဒဏ်ရာအနာတရများဖြင့် ကျွန်တော့်နှလုံးသားသည် “သော်ကပန်း” မည်သောဆေးဖြင့် ဒဏ်ရာကျက်လာသည်။ အမာရွတ်အဆင့်သာသာ ဖြစ်လာခဲ့သည်။ တဖြည်းဖြည်းနှင့် မြင်ပါများ၊ တွေ့ပါများလာသောအခါ သော်သည် ကျွန်တော့်အပေါ် ပြောရဲ ဆိုရဲ ရှိလာသည်။ ရင်ဖွင့်တတ်လာသည်။ ဆန္ဒတချို့တလေကို ပြောပြတတ်လာသည်။ အချိန်ကာလ တော်တော်ကြာအောင် သော်ကို ပိုးပန်းခဲ့သည်။ ကျွန်တော် MBA နောက်ဆုံးနှစ်တွင် သော့်ကိုဖွင့်ပြောခဲ့သည်။ “ကျွန်တော် သော့်ကို ချစ်တယ်။ ဟုတ်တယ် သော်၊ ကျွန်တော် မြတ်မြတ်နိုးနိုးနဲ့ကို သော့်ကို ချစ်နေမိတာပါ” ဟု ဖွင့်ဟ လိုက်သောအခါ သော့်မျက် ဝန်းညိုများသည် ဝိုင်းစက် သွားကာ စက္ကန့် အနည်းငယ် ကြာအောင် ကျွန်တော့်ကို စိုက်ကြည့်နေခဲသည်။

“သော် ကိုမြတ်ဦးမောင် ကို နေ့တိုင်းလည်း သတိရတယ်။ အမြဲလည်း မြင်နေချင်မိတယ်။ ဘေးနားမှာ ရှိနေရင်လည်း ပျော်နေမိတယ်။ အဲဒါဘာကြောင့်လဲ၊ အဲဒါ အချစ်လား သော် မသိဘူး” ဟု အင်မတန် ရိုးသားသော မျက်ဝန်းညိုများ မလိမ်ညာစတမ်း ဝန်ခံခဲ့လေသည်။ အချစ်ဆိုသော ခံစားချက်ကို တစ်ခါဖူးမှ မခံစားဖူးရှာသော သော့်ကို ကျွန်တော် အင်မတန် မြတ်နိုးတန်ဖိုးထားခဲ့သည်။

“သော်လည်း ကျွန်တော့် ကို ချစ်နေတာ” ဟုဆိုသော အခါ ရှက်ရွံ့ဟန်စွက်သော မျက်ဝန်းညိုများသည် ကျွန် တော့် မျက်ဝန်းများနှင့် ဆုံဖို့ မကြိုးစားတော့ပေ။ သော့်လက်ဖမိုးလေးအား ဆွဲယူ နမ်းရှိုက်မိသောအခါ ရှက်ရွံ့ ကြောက်လန့်နေရှာသော သော့်မျက်နှာလေးကို ယနေ့ ထိ ကျွန်တော် မမေ့နိုင်ခဲ့တော့ပေ။

••••• ••••• •••••

“သော် မောင့်ကို အရမ်း ချစ်ပါတယ်။ မောင်နဲ့အတူ နေရရင် သော် သိပ်ပျော်မှာပဲ” ဟူသော အဖြေတိတိကျကျ ရသောနေ့တွင် ကျွန်တော်နှင့် သော် လက်ထပ်ဖို့ စီစဉ်ခဲ့သည်။ အရှက်ကြောက်ကြီးလွန်းသော သော့်ကို စာနာနားလည်ပေးခဲ့ရ၍ ကျွန်တော် သော့်ကို ရိုးစင်းလွန်းသော အချစ်ဖြင့်သာ မထိရက်စွာချစ်ခဲ့သည်။ မင်္ဂလာဦးညလေးသည် ကျွန်တော့်အတွက် အင်မတန် ရင်ခုန်လှုပ်ရှားဖွယ် ကောင်းလိမ့်မည်ဟု ကျွန်တော် စိတ်ကူးဖြင့် ရင်ခုန်ခဲ့ရသည်။

ကျွန်တော်နှင့် သော် မင်္ဂလာပွဲလေး အောင်မြင်စွာ ပြီးဆုံးခဲ့သည်။ မိဘနှစ်ပါး မရှိတော့သော သော့်ဘက်မှ ဆွေမျိုးနည်းပါးခဲ့သည်။ သော့်အဒေါ် လင်မယားနှစ် ယောက်သာ လာခဲ့သည်။ မျက်ရည်ဝဲဝဲလေးဖြင့် တူမ ချောကို အရိပ်လို ကြည့်နေ သော သော့်အဒေါ်ကြောင့် ကျွန်တော် ဘဝင်ကျ နှစ်သက်မိသည်။ အဘယ်ကြောင့်ဆိုရလျှင် သော်သည် သူ့မိသားစု၊ သူ့အသိုင်းအဝိုင်းအကြောင်း မေးလျှင် မကြိုက်ပေ။ နှစ် သက်ဟန်လည်း မရှိပေ။ သော် မကြိုက်သောအရာများကို ကျွန်တော် မမေးတော့ပေ။ ကျွန်တော့်အတွက် သော် ရှိနေလျှင်ပင် အရာရာ ပြည့်စုံလွန်းခဲ့ပါသည်။ ကိုမင်းတို့ လူစုအား ဧည့်ခံကျွေးမွေးပြီးသည်နှင့် သော် တစ်ယောက်တည်း ရှိနေမည့် မင်္ဂလာဦးအိမ်လေးသို့ ကျွန်တော် အပြေးပြန်လာခဲ့သည်။ နှစ်ယောက်အိပ်ခုတင်စွန်းလေးမှာ ကျုံ့ကျုံ့လေး ထိုင်နေသော သော့်ကို မြင်တော့ ကျွန်တော် အသနားပိုခဲ့ရသည်။ သော့် ပခုံးလေးအား ညင်သာစွာ ပွေ့ဖက်လိုက်သောအခါ သော့်ခန္ဓာကိုယ်လေးသည် တဆတ်ဆတ်တုန်ယင်သွားသည်။

“မောင်တို့ အိပ်ရာဝင်ကြ ရအောင် သော်” ဟု ကျွန်တော် ဆိုလိုက်ကာ သော့်ကိုယ်လေးကို ပွေ့ချီ၍ အိပ်ရာထက်ညင်သာစွာ ချပေးလိုက်သည်။ ကျွန်တော်၏ ရမ္မက်ဆန်သော၊ မွတ်သိပ်သော အနမ်းတစ်ပွင့်သည် ကျွန်တော့်နှလုံးသား တစ်ခုလုံးအား ဆုတ်ခြေမွလိုက်သလို ရင်ကွဲမတတ် ခံစားရလေတော့သည်။

“မလုပ်ပါနဲ့ … မလုပ် ပါနဲ့ ...၊ သော် ကြောက်တယ်။ အရမ်းကြောက်တယ်...မလုပ်ပါနဲ့...”

သော်၏ တောင်းတောင်းပန်ပန်အသံ၊ ကြောက်ရွံ့ချောက်ချားနေသော အသံ များကို ရှက်ရွံ့မှု တစ်ခုဟုသာ ကျွန်တော် တွေးထင်မိတာကြောင့် သော် မလုပ်ရန် တားမြစ်နေသော အပြုအမူတစ်ခုကို ကျွန်တော် ဇွတ်တိုးခဲ့မိသည်။

“လူယုတ်မာ... အား...ကယ်ကြပါဦး... အား မလုပ်ပါနဲ့ ...”

အသံနက်နက်ကြီးဖြင့် အော်ရင်း တဆတ်ဆတ်တုန်ခါ ကြောက်ရွံ့နေသော သော်သည် မျက်ဝန်းစိမ်းများဖြင့် ကျွန်တော့်ကို စိုက်ကြည့်နေခဲ့သည်။ ကျွန်တော် ကျူးလွန်လိုက်သော အမှားက ကျွန်တော့်ကို ပြင်းထန်စွာ ဒဏ်ခတ်လိုက်သည်။ အသိတရား ကင်းမဲ့သွားသော သော်သည် “မလုပ်ပါနဲ့” ဟုသာ တဖွဖွ ရေရွတ်နေခဲ့တော့သည်။ အဆိုးဆုံးကတော့ ကျွန်တော့်ကို လုံးဝ မမှတ်မိတော့ဘဲ နာကြည်းမုန်းတီးသော အကြည့်စိမ်းတို့ဖြင့်သာ ကြည့်နေတော့သည်။

••••• ••••• •••••

“သော်ကပန်း” ဟူသော သော့်နာမည်ကို ခပ်တိုးတိုးလေး ရေရွတ်နေသော သော့်အဒေါ်က ကျွန်တော့်ကို စကားပြောဖို့ အားယူနေရှာသည်။

“သော် ၈ နှစ်သမီးက မုဒိမ်းကျင့်ခံရဖူးတယ် မောင် မြတ်ဦးမောင်”

“ဗျာ” ဟူသော အသံက အပြင်သို့ ထွက်မလာနိုင် အောင် ကျွန်တော် တုန်လှုပ် ချောက်ချားသွားမိသည်။

“သော့်ကို မွေးပြီး တစ်နှစ်သမီးမှာ သူ့အမေ ဆုံးသွား တယ်လေ။ သော့်အထက်က နွယ်နဲ့ သော်က ၇ နှစ်ကွာ တယ်။ သူတို့အဖေက ခရီး ဝေးထွက်ပြီး စီးပွားရှာရတယ်။ အမြဲတမ်း မစောင့်ရှောက်နိုင်ခဲ့ဘူး”

ကျွန်တော် ဘာစကားလေး တစ်ခွန်းမှတောင် ပြန် မပြောနိုင်ဘဲ သော့်အဒေါ် ပြောသမျှကိုသာ နားထောင်နေခဲ့မိသည်။

“အဲဒီလိုဖြစ်ခဲ့တဲ့ ညက မိုးတွေတအားခြိမ်းပြီး တအား ရွာနေတာ” ဟု ဆိုလိုက်သော အခါမှ ကျွန်တော်တို့ မင်္ဂလာ ဦးညလေးမှာလည်း မိုးတွေ အုံ့မှိုင်းနေခဲ့တာကို ပြန်တွေးမိတော့ ကျွန်တော့်ရင်တွေ နာကျင်သွားရင်း အသက်မဲ့ မျက်ဝန်းများဖြင့် သော့်အဒေါ် ကိုသာ ငေးကြည့်နေခဲ့မိသည်ပဲ။

“နွယ်သာကီနဲ့ သော်ကပန်းက အတူဖက်အိပ်နေခဲ့တာ အဒေါ်လည်း မီးတွေပိတ်၊ တံခါးတွေ သေချာပိတ်ပြီးမှ အိမ်ပြန်ခဲ့တာပါ။ ရွာထဲက အလှူလည်း ရှိတော့ အသံချဲ့စက်က သီချင်းသံတွေဆူတာ တစ်မျိုး၊ မိုးသံကတစ်မျိုးနဲ့ အဒေါ် မသိလိုက်ရဘူး” ဟု ဆိုရင်း ဆို့နင့်မှုကြောင့် အသံ တိတ်သွားခဲ့သည်။

“သော့်ကို ကြိုးတုပ်ပြီး နွယ့်ကို အရင်စော်ကားခဲ့တာတဲ့။ သော်က သူ့အစ်မကို မလုပ်ဖို့ တောင်းပန်ပြီး အော်ငိုတော့ သော့်ကို ရိုက်လိုက်တာ သော်ခမျာ ခွေခွေလေး လဲကျသွားတာတဲ့”

ကျွန်တော့်မျက်ဝန်းထဲတွင် ၈ နှစ်အရွယ် ကလေးငယ် သော့် ပုံရိပ်လေးကို မြင်ယောင်ကာ သနားစာနာမှုဖြင့် နာကျင်ရပါတော့သည်။

“မုဒိမ်းကောင်က နွယ့်ကို စော်ကားပြီးတော့ သော်လေးကိုလည်း..”

“ဆက်မပြောပါနဲ့တော့” ဟု ကျွန်တော် တားမြစ်ခဲ့သည်။ ကျွန်တော် ဆက်မကြားရဲတော့သလို ဆက်ပြီး ကြားနိုင်စွမ်းလည်း မရှိတော့ပါဘူး သော်ရယ်ဟုသာ မချိတင်ကဲ ရေရွတ်နေခဲ့မိသည်။

“မုဒိမ်းကောင်က သော်တို့အဖေရဲ့ သူငယ်ချင်း၊ အိမ်မှာ ဝင်ထွက်နေတာ။ နွယ်က အပျိုဖြစ်စလေး ဆိုတော့ အရှက်လွန်ပြီး အဆိပ်သောက် သေတယ်။ သော့်အဖေက မုဒိမ်းကောင်ကို ဓားနဲ့ အချက်ပေါင်းများစွာ ထိုးသတ်ခဲ့လို့ ထောင်ကျခဲ့တယ်။ အဲဒီအချိန်က စပြီး သော့် စိတ်တွေက ပုံမှန် မဟုတ်တော့ဘူး။ ကျောင်း နှစ်နှစ်တောင် နားခဲ့ရတယ်။ ဒီပတ်ဝန်းကျင်နဲ့ ဝေးတဲ့ တစ်နေရာ ပို့ခဲ့ရတယ်။ သော် အပျိုဖြစ်တော့ ဘယ်အရာကိုမှ ရဲရဲဝံ့ဝံ့ မသွားရဲ၊ မလုပ်ရဲ အမြဲစိုးရွံ့ကြောက်လန့် အားငယ်ခဲ့တယ်။ အတိတ်က အရိပ်မည်းက သူ့ကို တုန်လှုပ် ချောက်ချားနေတော့တာပဲ။ ပတ်ဝန်းကျင်ကို ရဲရဲမော့ မကြည့်ရဲခဲ့ဘူး။ အထူးသဖြင့် ယောက်ျားတွေနဲ့ ဆက်ဆံတဲ့ အခါ၊ ပြောဆိုတဲ့အခါ သူ့ မသိစိတ်က ကြောက်ရွံ့နေခဲ့တာပဲ။ စာတော့ ကြိုးစားရှာတယ်။ သော်ဟာ သနားစရာ ကောင်းအောင် စိတ်ဒဏ်ရာ အကြီးအကျယ် ရခဲ့တာပါ။ အဖေကလည်း ထောင်ထဲမှာပဲ ဆုံးသွားရှာတာ။ အိမ်ထောင်ပြုမယ်လို့ ပြောတော့ ဝမ်းနည်းဝမ်းသာ ဖြစ်ခဲ့ရတယ်” ဟု ရှည်လျားသော စကားစုကြီးကို သော့်အဒေါ်က မနည်း အားယူ၍ ပြောခဲ့သည်။

“သော် ဒီမှာ ကြည့်စမ်း၊ မောင်တို့ မြန်မာနိုင်ငံမှာ သက်ငယ် မုဒိမ်းမှုတွေအဖြစ်များလာတယ်ကွာ” ဟု ဂျာနယ်ပါ သတင်းလေး ပြဖူးတဲ့နေ့က ဂျာနယ်ကို ဆွဲဖြဲပြီး “သော် အဲဒါတွေ မကြားချင်ဘူး မောင်” ဟုဆိုကာ ထိုနေရာလေးမှ ထွက်ပြေးသွားခဲ့ဖူးတာ အမှတ်ရတော့ ကျွန်တော် ပို၍ နာကျင်လာရတော့သည်။

“သော်ရယ်၊ အတိတ်တွေ ဘယ်လောက်ပဲ မလှပခဲ့ မလှပခဲ့ ကျွန်တော် စာနာမှု အပြည့်နဲ့ ချစ်မြတ်နိုးနိုင်တယ်၊ လက်ခံနိုင်တယ်။ ဒါတွေဟာ သော့် အမှားမှ မဟုတ်တာပဲ။ အသိဉာဏ် ဆင်ခြင်တုံတရား ကင်းမဲ့တဲ့ လူမိုက်တွေရဲ့ လော်မာမှုတွေကြောင့် ဘာမှ မသိနားမလည်တဲ့ ကလေးငယ်တွေ စိတ်ဒဏ်ရာ အနာတရတွေနဲ့ ဘဝကို ဖြတ်သန်းနေကြရတာပါ” ဟု ကျွန်တော် ပြောချင်သော စကားတွေကို သော်က နားထောင်မပေးခဲ့ပါ။

“မလုပ်ပါနဲ့... တောင်းပန်ပါတယ်...ကြောက်တယ်..မလုပ်ပါနဲ့…”

“ဟင့်အင်း မထိနဲ့ .. ငါ့ကို မထိနဲ့..ကြောက်တယ်...အား” ဟူသော စကားတွေသာ တတွတ်တွတ် ရေရွတ်နေခဲ့သော သော်။

မိုးတွေ တအားသည်း လာပြီ “သော်” ရယ်။ ကျွန်တော် မိုးရေတွေနှင့် ရောပြီး ငိုချ လိုက်သည်။ အကာကွယ်မဲ့ မိုးရေထဲ လျှောက်သွားနေသော ကျွန်တော့်ရင်ထဲက ခံစားချက်တွေကို နားလည်ပေးသည့် ကိုမင်းဟာ ကျွန်တော့်ကို မတားမြစ်ခဲ့ပေ။

“သော်ကပန်းကို အချိန်ယူပြီး ကုသရမယ် ကိုမြတ်ဦး မောင်။ စိတ်ဒဏ်ရာတွေ နာကြည်းမှု၊ နာကျင်မှု၊ ရှက်ရွံ့ ကြောက်လန့်မှုတွေနဲ့ အတိတ်ကို မေ့ချင်ယောင်ဆောင် ကြီးပြင်းရင်း သူ စိတ်ဝေဒနာ ခံစားနေရတာဗျ။ အလားတူ ဖြစ်ရပ်ကို ဒုတိယအကြိမ် ကြုံလိုက်တော့ စိတ်တွေဆောက်တည်ရာ မရတော့ဘဲ ထိန်းချုပ်ဖို့ ခက်သွားတာ” ဟူသည့် ဆရာဝန်ကြီးစကားများကို ပြန်ကြားယောင်တိုင်း အလိုလို ငိုမိတော့သည်။

“ကျွန်တော်သာ ကြိုသိခဲ့မယ်ဆိုရင်လေ သော့်ကို ဘယ်လိုဒုက္ခ၊ ဝေဒနာတွေမှ ပေးရက်မှာ မဟုတ်ပါဘူး။ အခုတော့ အချစ်ဟာ ဒုက္ခနဲ့ သောကကို ဖြစ်စေခဲ့တယ် ဆိုရင် အဲဒီအချစ်တွေ သော့်ကို မပေးရက်တော့ပါဘူး သော်ရယ်” ဟုသာ တဖွဖွ ရေရွတ်ရင်း မိုးရေတွေနှင့် အပြိုင် ကျွန်တော် ငိုနေမိတော့သည်။

▢ ပင်မြင့်စံ ၊ ရွှေဘို ၊
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
     စက်တင်ဘာ ၊ ၂၀၁၇

Wednesday, August 12, 2026

အေးမေတ္တာရေ

❝ အေးမေတ္တာရေ ❞
( ဆင်ဖြူကျွန်းအောင်သိန်း )

“ဒိုးပတ်သံများ မကြားရတာ ကြာပါပကောလားဟာ”

သူ့နားထဲတွင် သဲ့ခနဲ ကြားလိုက်ရသော အသံကို ဒိုးပတ်သံထင်သောကြောင့် ခေါင်းကို ငဲ့ကာ နားစွင့်ရင်း ရီးဆေးရိုး ပြောလိုက်မိသည်။ ရွာ့အရှေ့ဘက် ဘုရားငါးဆူသို့ ဝင်ရာလမ်းကို သန့်ရှင်းပြုပြင်ထား၏။ ချုံနွယ်များ အမှိုက်များ ရှင်းလင်းထားသဖြင့် လမ်းကလေးကိုက လျှောက်လှမ်းချင်စဖွယ် လှပနေပေသည်။ ဘုရားနှင့် ရွာကြားလမ်းရှိ မြေပြင်ကို ရှင်းလင်းသုတ်သင်ထားသည့်နည်းတူ ထိုလမ်းတစ်လျှောက် ကောင်းကင်ယံကိုလည်း နတ်လမ်းဖြင့် မွမ်းမံထားသေး၏။

နတ်လမ်းဟူသည် ထူးထူးဆန်းဆန်းကြီး မဟုတ်၊ ခက်ခက်ခဲခဲကြီးလည်း မဟုတ်။ အပ်ချည်ကြိုးတွင် ရောင်စုံ ရေပါးစက္ကူ (စွန်စက္ကူ) ကြက်လျှာသဏ္ဌာန် သေးသေးကလေးတွေ ကော်ဖြင့်ကပ်၍ သွယ်ခက် ယှက်မိုးထားခြင်း ဖြစ်၏။ လေအသွေးတွင် တလူလူ တလွင့်လွင့်ကစားနေသော ကြက်လျှာ မျက်နှာကြက်ကြောင့် လမ်းသည် ပို၍ခံ့ညားနေ၏။ ပို၍ လှပမြူးကြွနေ၏။ ကြက်လျှာတန်းနတ်လမ်း၏ အဆုံးတွင် လမ်းဝဲယာညှပ်လျက် ရမ်းဘိုကုန်းသူ လှပျိုဖြူများ စီတန်းနေကြသည်။ သူတို့ ဘေးတွင် ခုံတန်းလျားများ ရှိသည်။ ခုံတန်းလျားပေါ်တွင် လင်ပန်းများ၊ ဇလုံများ၊ တောင်းများ စသည်ဖြင့်။

တောင်းထဲတွင် ရေပါးစက္ကူဖြင့်ထုပ်ထားသော ပွပွပြားပြား ‘လျှာပေါ်ဝဲ’ မုန့်ထုပ်များရှိ၏။ လင်ပန်းထဲတွင် ရောင်စုံချိုချဉ်များစုပုံထား၏။ ထိုအစွန်မှ ဇလုံထဲတွင် ဖက်ဖြင့်ထုပ်ထားသော ချင်းသုပ်ထုပ်တွေ။ သည့်ပြင် လင်ပန်းများ၊ တောင်းများထဲတွင်ကား သနပ်ဖက်ဆေးလိပ်အမျိုးမျိုး။

သည်အရာများမှာ ရမ်းဘိုကုန်းရွာဦးဘုရား ဆွမ်းတော်ကြီးပေါင်း (ဆွမ်းတော်ကြီးတင်) ပွဲသို့ လှူဖွယ်တန်းရာများဖြင့် လာရောက်ကြသူများအား တုံ့ပြန် ကမ်းလှမ်းရန် ပစ္စည်းများဖြစ်ပေ၏။ စေတီတော်၏ အရှေ့ဘက်တွင် ဇာတ်စင်ရှိသည်။ ဇာတ်စင်ရှေ့တွင် ဧည့်ခံဆိုင်းက အသင့်ပြင်နေ၏။ သို့တစေ အသံချဲ့စက် ရပ်ထားချိန်၊ ဧည့်ခံဆိုင်းလည်း မတီးနိုင်သေးချိန်မို့ တိတ်ဆိတ်နေ၏။ သို့ကြောင့်သာ ဒိုးပတ်သံကို သဲ့သဲ့ကြားနိုင်ခြင်းဖြစ်၏။ အမှန်ပင် ဒိုးပတ်သံ ဖြစ်သည်။

“ကောင်းလိုက်တဲ့ ဒိုးပတ်သံဟာ ချိုနေတာပဲဟ”

ပုရပိုက်တန်းရွာသားတို့၏လက်သံလား၊ ချောင်း ဟိုဘက် ရှားတောရွာသားတို့ လက်သံလေလား မသဲကွဲသေး။ ကြိုဆိုရေးအဖွဲ့သည် ငြိမ်သက်၍ နားစွင့်နေကြသည်။ သို့စဉ်တွင် ရီးဆေးရိုးက ဒိုးပတ်သံ၏ အလှကို ချီးကျူးလိုက်ရာ ရီးကျီးဒန်က ထောက်ခံ၏။

“ဟုတ်ပါ့တော် ကောင်းလိုက်တဲ့ ဒိုးပတ်သံကလေး၊ နားထဲကို ဆိမ့်သွားတာပဲ”

ရီးကျီးဒန်အား ရီးဆေးရိုး မျက်စောင်းထိုးလိုက်မိငြား ပြောချင်သည့်စကားကိုမူ မျိုချလိုက်မိ၏။ အမှန်မူ ရီးကျီးဒန်သည် ဆိုင်းသံ ဗုံသံကို နားလည်သူ မဟုတ်ပေ။ ဒိုးပတ်နှင့် ဗုံရှည်သံ အကွဲကြီးပေမယ့် ရီးကျီးဒန် မခွဲတတ်။ သည်သို့သောသူက ဒိုးပတ်သံကလေး ဆိမ့်နေသည်ဆိုသောအခါ ‘တော်စမ်းဟာ’ တားလိုက်ချင်၏။ ‘လူကြားရင် ရယ်စရာကြီးဟာ’ ဆိုလိုက်ချင်၏။ မဆိုဖြစ်။ မဆိုဖြစ်ခြင်းကား နီးနီးလာသော ဒိုးပတ်သံကို နားစွင့်နေမိ၍ဖြစ်သည်။

ဒိုးပတ်သံကို သည်မျှ ခုံမင်မျက်ပြီဖြစ်ရခြင်းမှာ အမှန်ပင် ဒိုးပတ်သံများ မကြားရသည်မှာ ကြာညောင်းလှ၍ ဖြစ်ပေသည်။ အခါတိုင်းဆိုလျှင် ဒိုးပတ်သံကို မကြားချင့်အဆုံး နားငြီးနေ၏။ အီနေ မုန်းနေ၏။ ဒိုးပတ်သံသာ မဟုတ်၊ အိုးစည်သံ၊ စခွံ့နှင့် မောင်းဆိုင်းသံလည်း ရွံစရာကောင်းအောင် ကြားခဲ့ရ၏။ ဝါကျွတ်တော့မည်၊ လယ်လုပ်ငန်းတွေ အစသတ်စပြုကြပြီ ဆိုသည်နှင့်တစ်ပြိုင်နက် ကြားရပြီ။ ရွာတောင်ဖျားမှ ဝင်လာသော ဒိုးပတ်ဝိုင်းသည် မြောက်တံခါးသို့ ထွက်မှ ရပ်နားတော့သည်။ တစ်ဖွဲ့ထွက်သွား၍ နားအေးခါစ ရှိသေးသည်၊ နောက်တစ်ဖွဲ့ ဝင်လာပြန်၏၊ သည်သို့ဖြင့် တစ်နေ့လျှင် သုံးလေးဖွဲ့ခန့်ထက် မနည်းသော တီးဝိုင်းများသည် ရမ်းဘိုကုန်းရွာကို တောင်မှ မြောက်၊ မြောက်မှ တောင် ဖြတ်သန်းသွားကြ၏။

ဝင်လာတိုင်း ဝင်လာတိုင်းသော သည်အဖွဲ့များတွင် အလှူခံသူ အနည်းဆုံးနှစ်ဦးတော့ ပါလေ့ရှိသည်။ မောင်းထောင်ခွက်ထဲတွင်ပါသော ပိုက်ဆံအနုတ်များကို တချောက်ချောက်မြည်အောင် ပထမခေါက်လိုက်သည်။ နောက် မည်သည့်ရွာ၊ မည်သည့်ဘုရားပွဲ ဝေယျာဝစ္စသုံးစွဲရန် စသည်တို့ကို ရေရွတ်အလှူခံ၏။ စိတ်လက်ကြည်သာချိန်နှင့် ဆုံမိလျှင် ရီးဆေးရိုး သဒ္ဓါ ပေါက်မိသည်။

“ကျီးဒန် လောင်းလိုက်ဟာ”

လောင်းလိုက် ဆိုသော်ငြား ရီးကျီးဒန့် လက်ထဲတွင် ပိုက်ဆံ အမြဲ ရှိမနေပေ။ ထိုအခါ ဆန်အိုးကို ပြေးဖွင့်ရသည်။ အလှူခံသူသည် ငွေအနုတ်ထည့်ရန် ခွက်သာမက ဆန်လောင်းသူပေါ်လျှင် ခံယူရန် လွယ်အိတ်ကိုလည်း အသင့်လွယ်ထားပေသည်။ သည်အလှူခံတီးဝိုင်း အဖွဲ့တွေ၏ပုံကို ကြည့်လျှင် ခရီး နီးဝေးကို သိ၏။ ခရီးဝေးသော အဖွဲ့သည် လူတစ်ယောက်လျှင် လွယ်အိတ်တစ်လုံးကျ စလွယ်သိုင်းထား၏။ ဆန်တောင်းကို ကြိုးသိုင်းကာ ဝါးလုံးလျှိုပြီး ထမ်းသူနှစ်ယောက်မူ အပင်ပန်းခံ၍ မလွယ်။ ဝါးလုံးတွင် လွယ်အိတ်တွေ ချည်ထား၏။ သည်လို ဆန်တောင်းထမ်းသူများပါသော အဖွဲ့ကို မြင်ရတိုင်း ရီးဆေးရိုး ရယ်မောကာ မှတ်ချက်ချလေ့ရှိသည်။

“သည်အဖွဲ့မှာ ဒီလူနှစ်ယောက် အပင်ပန်းဆုံးကွ”

ထိုသူနှစ်ယောက်သည် တင်းတောင်းထက် ကြီးသော တောင်းကြီးကို နှစ်ယောက်ထမ်းသောကြောင့် သက်သာသည် ထင်ရငြား၊ တောင်းထဲတွင် အလှူခံရရှိသော ဆန်သာမက စားအိုးစားခွက်တွေ ပါသေးသည်။ သည်မျှ မကသေး။ ရှေ့မှ လူက လင်းကွင်းတီးရ၍ နောက်မှ လူက ထမ်းပိုးဝါးကို တုတ်ဖြင့်ခေါက်ကာ ဝါးလိုက်ရသေး၏။ တစ်ခါတစ်ရံ ဆန်တောင်းလျှိုသော ဝါးလုံးတွင် ဆန်တောင်းသာမက မောင်းပါ ချိတ်ဆွဲလာသော အဖွဲ့များ လာတတ်သေးရာ၊ နောက်မှ လူမှာ ထမ်းပိုးကိုခေါက်ပြီး စည်းဝါးလိုက်ရသည့် တာဝန်အပြင်၊ စည်းဝါး မလွတ်စေဘဲ မောင်းကိုပါ ထုရသေး၏။ ထိုအခါ ရီးဆေးရိုးမှာ ကြားထဲကနေပြီး မောနေရ၏။ သည်နှယ် တစ်ဖွဲ့ထွက် တစ်ဖွဲ့ဝင်ဖြင့် အလှူခံသော တီးဝိုင်းများသည် ဝါကျွတ်ခါနီးမှ စလာ ခဲ့ရာ နတ်တော်၊ ပြာသိုကျမှ ရပ်စဲသွားတော့၏။ ထိုအခါကျမှသာ “အင်း ခုမှပဲ နားအေးပါးအေး ရှိတော့တယ်” ဟူ၍ ရီးဆေးရိုးတို့ ဟင်းချနိုင်တော့သည်။

သို့သော် လွန်ခဲ့သော ဆယ်နှစ်လောက်မှ စပြီး အလှူခံတီးဝိုင်းများ ပျောက်ကွယ်သွားသည်။ သည်နေရာတွင် အစားထိုး ဝင်ရောက်လာသော အရာမှာ အသံချဲ့စက်။

“ကျွန်တော်များ တောင်သာကျေးရွာ ‘ရှင်ပင် ချမ်းသာရ’ မြတ်စွာဘုရားပွဲတော်ကြီး ကျင်းပရာမှာ ဝေယျာဝစ္စ အဖို့အတွက် သဒ္ဓါတတ်အား နည်းများမဆို ကုသိုလ်ပါဝင်တော်မူကြပါခင်ဗျား”

အသံချဲ့စက်ဖြင့် သီချင်းသုံးလေးပုဒ် ဖွင့်အပြီးတွင် လာရင်းကိစ္စကို စကားပြောခွက်မှ စတင် ကြေညာတော့သည်။ အလှူခံ အသံချဲ့စက်များသည် ညနေစောင်း သုံးလေးနာရီမှစပြီး ရွာထဲသို့ ဝင်လာကာ သီချင်းများ၊ စတီရီယိုဇာတ်လမ်းများကို ဖွင့်ကြ၏။ စကားပြောလိုက် ဖွင့်လိုက်ဖြင့်လုပ်ကြရာ လူကြီးများ၏ ကြပ်မတ်မှု မရှိမီက ဆိုလျှင် သန်းခေါင်ကျော်သည် အထိပင်။ ရွာထဲသို့ အလှူခံအသံချဲ့စက်များ ရောက်လာခါစတွင် ရီးဆေးရိုးတို့ အကြားဆန်းနေသဖြင့် သည်းခံခဲ့၏။ အိမ်သားအချင်းချင်း စကားပြော၍ မရအောင် ဆူညံလွန်းငြား ခွင့်လွှတ်ခဲ့ပေ၏။

“တစ်ထိုင်တည်းနဲ့ တူရိယာမျိုးစုံ တီးမှုတ်သံလည်း နားထောင်ရသကွ။ အဆိုတော်မျိုးစုံရဲ့ အသံလည်း ကြားရသကွ။ အမယ် ရုပ်ရှင်ဇာတ်လိုက်တွေတောင် ပါလိုက်သေး”

သို့ဖြစ်ငြား ရောဂါပျောက်သော ဆေးပင်လျှင် အဆမတန် သုံးစွဲသောအခါ ဘေးဖြစ်လာသေးရာ၊ အာဟာရကို ပေးသော အစားအစာသော်မှ လိုအပ်သည်ထက် ပိုလာချိန်တွင် အစာမကြေ အော့အန်လာရသေးရာ အသံချဲ့စက်များကိုလည်း တရားလွန်လာသောအခါ ရီးဆေးရိုးတို့ ‘ခါ’ တော့သည်။

ယမန်နေ့ ညနေ သုံးနာရီလောက်က ဝင်လာသော အလှူခံ အသံချဲ့စက်သည် အရုဏ်တက်တွင် ထဖွင့်ကာ ဆက်လက် အလှူခံပြီး မွန်းတိမ်းမွန်းတည့်မှ ရွာမှ ထွက်သွား၏။ ထိုအဖွဲ့ ထွက်သွား၍မှ ရွာ့ပြင်မရောက်သေးမီ နောက်တစ်ဖွဲ့ ဝင်လာပြန်တော့သည်။ အသံချဲ့စက်ပိုင်ရှင်ကလည်း သူ့စက်ကောင်းကြောင်း တစ်လက်စတည်း ကြော်ငြာသည့်အနေဖြင့် အားကုန်ဖွင့်၏။ အလှူခံသူကလည်း “အခု လေးဆယ်ပြည့်ဖို့ ခြောက်ကျပ်ပဲ လိုပါတော့တယ်” ဆိုကာ ဒါနအကျိုးကို ဟောပြောအပြီး၌ ဆက်ဖွင့်သည်။ ထိုအခါ “ဪ… လေးဆယ်ပြည့်ရင် ရပ်မယ် ထင်ပါရဲ့” တွေးသူက တွေးကာ အပြေးအလွှား သွားထည့်ကြ၏။ တစ်မတ် တတ်နိုင်သူက တစ်မတ်။ ဆယ်ပြားတတ်နိုင် သူက ဆယ်ပြား။ သို့သော် အသံချဲ့စက်မူ ရပ်မသွား။

“လေးဆယ်ပြည့်ရင် ရပ်မလို့ပဲ ခင်ဗျာ။ ဒါပေမဲ့ ရမ်းဘိုကုန်းရွာသူရွာသားတွေရဲ့ ထက်သန်သော စေတနာကြောင့် လေးဆယ့်တစ်ကျပ် ဖြစ်သွားပါတယ်။ ဒါကြောင့် ငါးဆယ်ပြည့်အောင် အားပေးကြပါဦး။ တစ်ခါမှ မဖွင့်ရသေးတဲ့ ဇာတ်လမ်းတွဲတွေလည်း ဖွင့်ပြပါ့မယ်”

တစ်ရက်လည်း မဟုတ်။ နှစ်ရက်လည်း မဟုတ်။ လနှင့်ချီလာသောအခါ ရီးဆေးရိုး စိတ်ညစ်လာသည်။ နှစ်နှင့်ချီလာသော အခါတွင်မူ အသံချဲ့စက်ကို ရီးဆေးရိုးတို့ ရွံ့မုန်းလာသည်။ ထို့ကြောင့် ရွာလယ်ဝတ်ကျောင်းတံခါးကို သံကြိုးချည်ကာ သော့ခတ်ထား လိုက်လေ၏။ အကြောင်းမှာမူ အလှူခံ အသံချဲ့စက်များသည် ရွာခံအသိမိတ်ဆွေအိမ် တစ်အိမ်တွင် စတည်းချကာ အလှူခံကြ၍ အသိမရှိသူများက ရွာလယ်ဝတ်ကျောင်းပေါ် တက်လေ့ရှိသောကြောင့်ပေတည်း။

သို့လျှင် ဝတ်ကျောင်းကို သော့ခတ်ထားပြီးသော်ငြား ရွာခံအသိ မရှိသော အလှူခံအသံချဲ့စက်များသည် ဝတ်ကျောင်းပေါ် မတက်ရသောအခါ ဝတ်ကျောင်း အောက်ဝင်ပြီး စတည်းချ၏။ အချို့လည်း ရွာတံခါးဝရှိ ကင်းတဲပေါ်တက်ကြ၏။ အလှူခံ အသံချဲ့စက်များမှ ဖွင့်သော ဇာတ်လမ်းသီချင်းများတွင် ရီးဆေးရိုး ကြိုက်သည်လည်းပါသည်။ ရွံစရာ၊ မုန်းစရာ၊ အော်ဂလီဆန်စရာလည်း ပါသည်။ မည်သို့ ဖြစ်စေ သည်အသံများကို ရီးဆေးရိုး မကြားချင်တော့ပြီ။

နမ်းဖန်များ၍ ပြယ်ခြင်း မဟုတ်။ မုန်းတီးစရာ ကောင်းအောင် နှောင့်ယှက်၊ ရွံစရာကောင်းအောင် နှိပ်စက်သည့်အတွက် မုန်းတီးလာခြင်း၊ ရွံရှာလာခြင်းသာ ဖြစ်သည်။ အသံချဲ့စက်ကို ရွံရှာလာသည်နှင့်အမျှ ပင်ကို အသံသာ ထွက်သော ဒိုးပတ်၊ အိုးစည်၊ ဗုံရှည် နှင့် စခွံ့တို့ကို ရီးဆေးရိုး ချင်ခြင်းတပ်လာရလေ၏။ ဤသို့ တောင့်တစိတ် ပြင်းပြနေစဉ် ဒိုးပတ်သံသဲ့သဲ့ကို ကြားလိုက်ရသော ရီးဆေးရိုးမှာ လည်ဆန့်မိသည်။ မျက်လုံးတွေ တောက်ပြောင်လာသည်။ ဒိုးပတ်သံသည် နီးကပ်လာသည်နှင့်အမျှ ကျယ်လောင်လာသည်။ အဖိုဘက်ကို ဆို့လိုက်သံကိုက နှစ်သက်စရာ ကောင်းသလို လင်းကွင်းနှစ်ချပ်ကို ရှပ်ပြီး ပွတ်ဆွဲလိုက်သံကလည်း ချစ်စရာ။

ပီသ၊ ကြည်မြ၊ တည်လှသော နှဲသံသည် ‘ရွှေဝါထွန်း’ သီချင်းကို သီဖွဲ့နေ၏။ ကြိုဆိုရေးအဖွဲ့သားများ ဒိုးပတ်သံအောက်၌ ယစ်မူးနေကြစဉ် ရီးဆေးရိုးတို့ဝိုင်း ခေါင်းရင်းဘက်မှ သောင်းလှိုင် စက်ဘီးတစ်စီးဖြင့် ရောက်လာ၏။

“ရှားတောကဗျို့ ၊ ရှားတောက။ အခု ရွာထဲကို ဝင်စပြုနေပြီ”

ကြိုဆိုရေးအဖွဲ့သားများ ဝမ်းသာ သွားကြသည်။ ချောင်းရေတိုးနေသည့် ကြားမှ လာနိုင်ကြပါမည်လား စိတ်ထင့်နေရသော ရှားတော။ ဟော သူက ဗွေဆော်ဦး။

“ဧည့်ခံရေးအဖွဲ့ အသင့်ပြင်ထားကြဟေ့၊ ရှားတောက လာနေပြီတဲ့”

စေတီတော်ဘက်သို့ ခေါင်းတစ်ခြမ်းလှည့်ကာ ရီးဆေးရိုး အော်ပြောသည်။ စေတီတော်ရှေ့ မဏ္ဍပ်ထဲတွင် ဧည့်ခံရေးအဖွဲ့သားများ လှုပ်လှုပ်ရွရွဖြင့် အသင့်ပြင်နေကြသည်။

လူဦးပေါက်လာပြီ။

ဆွမ်းတော်ကြီးပေါင်း အဖွဲ့တိုင်းတွင် ရှေ့ဆုံး ဦးဆောင်တစ်ယောက်ပါပြီး သူ့နောက်တွင် ကလေးတွေ ကြီးစဉ်ငယ်လိုက်ပါလေ့ရှိ၏။ ယခု ဦးဆောင်သူသာ ပါသည်။ ကလေးတွေ မပါ။ လင်ပန်း ကိုယ်စီ ရွက်လျက် တအိအိ လှမ်းလျှောက်လာသော ရှားတော ရွာသူ လှယမင်းများ။

သည်ကတည်းက ရီးဆေးရိုးတို့ နားလည်လိုက်ပါပြီ။ ချောင်းရေတိုးနေသည်ဟု။ ချောင်းရေသည် မုချ ဒူးခေါင်း ပေါင်လယ်လောက် ရှိနေရမည်။ သည်ရေနက်တွင် အရွယ်ရောက်ပြီးသူများအတွက် မထောင်းတာသော်ငြား ငယ်ရွယ်သော ကလေးများအတွက် အန္တရာယ်ရှိသည်။ ရေစီးတွင် လိမ့်မျောပါသွားနိုင်၏။ ချောက်ထဲကျပြီး နစ်မြုပ်နိုင်၏။ ထို့ကြောင့် ကလေးတွေ မပါခြင်းဖြစ်သည်။ သည်အခက်အခဲကြားမှ ကြိုးစားပမ်းစား ရောက်လာကြသော တစ်ရွာနှင့် တစ်ရွာ ထားရှိသည့် စေတနာသည် နည်းနည်းနောနော မဟုတ်။ ကြီးမားသော မေတ္တာ၊ ကြီးမားသော စေတနာ။

မိန်းမသားတို့သည် ကိုယ့်အစု ကိုယ့်အဖော်ချင်း ချည်း ချောင်းရေကူးသောအခါ လုံချည် ရေမစိုအောင် ပေါင်ရင်းထိအောင် မချင်မမည်။ လည်ပင်းရောက်အောင် သိုင်းချင်သိုင်းမည်။ ကိစ္စမရှိ။ ယောက်ျားသားတွေ ပါဝင်သော အစုအဝန်းနှင့် ကူးရာတွင်ကား ဣန္ဒြေငဲ့ရပြီ။ သို့ဖြင့် မိန်းမတစ်ယောက် လုံချည်တစ်ထည်နှုန်း ရေစိုခံကာ သည်ဘက်သို့ ကူးလာပြီးမှ အဝတ်လဲလှယ်ကြရသည်။ ရေစိုအဝတ်ကလေးတွေ ကိုယ်စီကိုင်ထားသော လှယမင်းများအား ကြိုဆိုရေး အဖွဲ့သည် ပျူငှာသော၊ လေးစားသော အပြုံးဖြင့် ကြိုဆိုကြ၏။ ကမ်းလှမ်းသော ပစ္စည်းများကို လင်ပန်းတွင်းသို့ လှမ်းထည့်ပေး၏။

“ဟဲ့ ကောင်မလေးတွေ၊ တို့အိမ်မှာ ထမင်းစားပြီး ပွဲကြည့်ကြမယ် မဟုတ်လား”

ရီးကျီးဒန်နှင့် ရင်းနှီးသော မိန်းကလေးတစ်သိုက် အား ဆေးလိပ်ကမ်းရင်း မေးသည်။

“အပြန်ကျမှ မုန်လာစိုက်ရမှာ အရီးရဲ့”

အလုပ်တစ်ဖက်နှင့် ကြားထဲမှ ဆွေဘုရား မျိုးဘုရားမို့ အားခဲလာခဲ့ရကြောင်း ထင်ရှားစေသည့် စကား။

“ဟိုကောင်မတွေကကော”

ရှေ့လူက ငြင်းသောကြောင့် နောက်လူများကို ရီးကျီးဒန် လှမ်းမေး၏။

“ပွဲကြည့်ရင် ပေါင်းထိုး တစ်ရက် ပျက်မှာ အရီးရ။ မုန်လာခင်းက တလောက ရွာတဲ့ မိုးကြောင့် ပေါင်းတွေ မနိုင် နိုင်အောင် ထနေတာ”

“ဟုတ်ပါ့ကော”

ပွဲကြည့်ရင်း ညအိပ်စားသောက်ကြမည့် ဧည့်သည်များအတွက် ရည်စူးကာချက်ထားသော ထမင်း ဟင်းများ အဟောသိကံ ဖြစ်ရတော့မည်။ သို့သော် ရီးကျီးဒန် စိတ်မဆိုးပါ။ သည်အချိန်မှာ ပန်းမုန်လာ (ပန်းဂေါ်ဖီ) ခြံသမားများ အလုပ်ပူသော လပေကိုး။

ဆွမ်းတော်ကြီးပေါင်းအဖွဲ့ မဏ္ဍပ်အတွင်း ဝင်စပြုစေကာမူ ဒိုးပတ်ဝိုင်းမှာ ဘုရားပရိဝုဏ်အစပ်တွင် ရပ်၍ လက်စွမ်းပြနေသည်။ အကသမားသည် ဆွဲပြားကြီး လွင့်ယမ်းအောင် ကနေ၏။ သည်နှယ် တကယ် ဒိုးပတ်သံမြိုင်သောအခါ ရီးဆေးရိုးမှာ ဒိုးပတ်သံကို အေးအေးလူလူ နားမဆင်နိုင်တော့ပြီ။ စေတီတော် မုခ်ဝရှိ မဏ္ဍပ်အတွင်း၌ လူငယ်လူရွယ်များနှင့်ပေါင်းကာ အလုပ်များလျက်ရှိ၏။ ချွေးသီးချွေးပေါက်ကျ လျက်ရှိ၏။ သူတို့သည် လင်ပန်းများကို တစ်ပန်းချင်း သယ်ယူကာ လှူဖွယ်ပစ္စည်းများကို လှယ်နေကြ သည်။ ဆန် ဆိုလျှင် အသင့်ထားသော ဆန်တောင်း အတွင်း ထည့်သည်။ သစ်သီး ဆိုလျှင် သစ်သီးပန်းကန် အတွင်းသို့၊ မုန့်ဆိုလျှင် မုန့်ပန်းကန်အတွင်းသို့ ပြောင်းထည့်ကြရသည်။တစ်ဦး၏ ပန်းကန်နှင့် အခြား တစ်ဦး၏ ပန်းကန် မမှားအောင်လည်း သတိထားရသည်။ မူရင်းပိုင်ရှင်ထံ လင်ပန်းရော ပန်းကန်ပါ မှန်ကန်စွာပြန်ရောက်အောင် ကြိုးစားရ၏။ အလှူပန်း သိမ်းသူချင်း မတိုးမိ မတိုက်မိအောင်လည်း ဂရုထားရ၏။ သည်မှာ လှူဖွယ်ပစ္စည်းတွေ လှယ်၍ မပြီးသေး။ ရှေ့ဖျားမှ အိုးစည်သံ တထုံထုံဖြင့် အဖွဲ့တစ်ဖွဲ့ ဘုရားတံတိုင်းပြင်ဘက်စပ်သို့ ရောက်လာ၏။ သို့စဉ်တွင် အသံချဲ့စက်မှ အသံထွက်ပေါ်လာ၏။

“ဒုတိယရောက်ရှိလာတဲ့ ပုရပိုက်တန်းကျေးရွာမှ မိတ်ဆွေများခင်ဗျား၊ မဏ္ဍပ်အတွင်းမှာ ရှိနေသေးတဲ့ ပထမအဖွဲ့မှ လှူဖွယ်ပစ္စည်းများလှယ်လို့ မပြီးသေးတဲ့အတွက် ခဏကလေး သည်းခံစောင့် ဆိုင်းပေးကြပါလို့ အနူးအညွတ် မေတ္တာရပ်ခံပါတယ် ခင်ဗျာ”

အသံချဲ့စက် ဟူသမျှကို မျက်မုန်းကျိုးခဲ့သော ရီးဆေးရိုးမှာ သည်တစ်ချက်တွင်ကား အသံချဲ့စက်ကို အလွန်ကျေးဇူးတင်လိုက်မိ၏။ အသံချဲ့စက်သာ မသုံးလျှင် မအားသည့် ကြားမှ တစ်ယောက် ပြေးသွားကာ အိုးစည်သံကို ဖောက်အောင် လည်ချောင်းပွင့်မတတ် အော်ပြောရမည်မဟုတ်ပါလား။ တစ်ဖက် ပေါက်မှ ငှက်ပျောတောအဖွဲ့ ထွက်သွားနေချိန်တွင် ပုရပိုက်တန်းရွာမှအဖွဲ့သည် မဏ္ဍပ်အတွင်း ဝင်လာ ပေပြီ။ ချစ်စရာကလေးငယ်များသည် လက်ဆွဲခြင်း ကလေးတွေနှင့်။ လက်ဆွဲခြင်းထဲတွင် အချို့လည်း စက္ကူခင်းကာ ဆန်ကို ပုံလာ၏။ အချို့လည်း ရှောက်ပန်းသီးကြီးတစ်လုံး။ အချို့မူ သြဇာသီး၊ သလဲသီး စသည်ဖြင့် နှစ်မျိုးမျှ။ လင်ပန်းဖြင့် ထည့်ရွက်လာသူ များမှာလည်း အချို့မူ ပန်းကန်တစ်ချပ်ထဲတွင် အမြင်လှရုံသာ ဆန်ထည့်လာ၏။ အချို့ကား ပန်းကန်ပြား သုံးလေးချပ်တွင် အနုဆုပ်က တစ်မျိုး၊ မာလကာသီးက တစ်မျိုး၊ အံစာမုန့်က တစ်မျိုး စသည်ဖြင့်။

ဆွမ်းတော်ကြီးပေါင်း ဖိတ်သူက မည်မျှပင် တစ်ရွာနှင့် တစ်ရွာ နာရီဝက် ခွာပြီး ဖိတ်ခဲ့သော်လည်း ယခု အမြီးဆက် ခေါင်းဆက် ရောက်လာနေကြပြီ။ ရီးဆေးရိုးမှာ ချွေးသော်မှ မသုတ်အား။ မဏ္ဍပ်အတွင်း ဝင်ရောက် နေရာယူပြီးသော အဖွဲ့သူအဖွဲ့သားများ ငါးပါးသီလခံယူ၍ ရေစက်ချ အမျှဝေပြီးချိန်နှင့် ကိုက်အောင် အပြေးအလွှား လှယ်ပြောင်းနေရသည်။

ယိုးဒယားလက်ဆွဲခြင်းတစ်ခုကို လူငယ်များ မျက်စိမှောက်နေကြ၏။ ခြင်းထဲမှ ပစ္စည်းများ မလှယ်ရသေး။ ရီးဆေးရိုး ချဉ်းကပ်သွားသည်။ ပစ္စည်းရှင်ကို မှတ်မိရန် မျက်နှာကို ကြည့်လိုက်သည်။ လှမ်းသည့်ခြေလှမ်း တုံ့သွားရ၏။ ၁၅ နှစ်အရွယ် မိန်းကလေး။ လှပသည်။ ဖွံ့ဖြိုးသည်။ သို့သော် တစ်ကိုယ်လုံးကို ရီးဆေးရိုး မသုံးသပ်အား။ မျက်နှာကိုသာ အရေးတကြီး ကြည့်တော့မှ မျက်ခွံအစိမ်းကြီးကို မြင်ပြီး လန့်သွားခြင်း ဖြစ်၏။

“ဘုရားစောင်းတန်း ပန်းချီကားတွေထဲက မာရ်နတ်မင်းမျက်နှာနဲ့ တူလိုက်တာနော်”

သည်နှယ်သာ မှတ်ချက်ချမိသည်။ ရီးဆေးရိုး ရယ်မောမနေအား။ ကဲ့ရဲ့ မနေအား။ စင်ပေါ် ပြေးတက်ပြီး လှူဖွယ်ပစ္စည်းများ အမြင်လှစေရန် ပြင်လိုက်။ နေရာကို ချဲ့ထွင်လိုက်။ အောက်ဆင်းကာ အခြားသူများကို ကူလိုက်နှင့် နောက်ဆုံးအဖွဲ့ဖြစ်သော သရက်တောရွာသားများ မဏ္ဍပ်ထဲမှ ထွက်သွားကြတော့မှ အရုပ်ကြိုးပြတ် ထိုင်ချရင်း မျက်နှာကို ပုဆိုးဖြင့် သုတ်နိုင်တော့သည်။

“အသက်တောင် ဘယ်လိုရှူရမှန်း မသိပါဘူး အရီးရာ၊ မောလိုက်တာ”

သူ့နည်းတူ ယခုမှ အပန်းဖြေနိုင်သော လူငယ် တစ်ယောက်က မောပန်းသံဖြင့် ပြောလိုက်၏။

“မောတော့လည်း မောတာပေါ့ကွာ။ ဒါပေမဲ့ ရေတွေများနေတဲ့ ချောင်းကြီးကိုတောင် ဖြတ်လာခဲ့ရတဲ့ ရှားတော သူတွေကို မြင်တော့ မမောရက်တော့ဘူးဟေ့။ မပန်းရက်တော့ဘူးဟေ့။ သူတို့ပဲ မောပစေ ပန်းပစေတော့ဆိုပြီး”

စကားတစ်ဝက်ဖြင့် မဏ္ဍပ်စင်အောက်ခံ ဝါးလုံးခေါင်းထဲတွင် ထိုးထားသော ဆေးလိပ်တိုကို ဆွဲယူကာ မီးညှိသည်။ ဆေးလိပ်မီးခိုးတွေ မှုတ်ထုတ်ရင်း လှူဖွယ်ပစ္စည်းများကို ငေးကြည့်နေသည်။ စကား မဆက်မိ။ စင်ပေါ်တွင် ပစ္စည်းမျိုးစုံတို့ဖြင့် ပြည့်လျှမ်းနေသည်။ ရွာပေါင်းစုံမှ စေတနာ သဒ္ဓါတရား သက်သေများ။

ရီးဆေးရိုး ဖျတ်ခနဲ ဖြစ်သွားသည်။

“ဟေ့ကောင်တွေ ဆွမ်းတော်ပွဲတွေမှာ ကြက်လျှာတိုင်ကလေးတွေ စိုက်ထားတဲ့ရွာဟာ ဘယ်ရွာလဲဟ”

လူငယ်လေးများ မဖြေနိုင်ကြ။ သူသိနိုး ငါသိနိုးဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြ၏။

“ဘာရယ်လို့ မဟုတ်ပါဘူးကွာ၊ အများနဲ့လည်း မတူဘူး၊ ထုံးစံလည်း မပျက်ဘူး။ မြင်ရတွေ့ရတာ ကျက်သရေလည်း ရှိ၊ ကြည်နူးစရာလည်း ကောင်းလို့”

ရီးဆေးရိုး စကားမပြတ်သေး၊ မဏ္ဍပ်ဝသို့ တောင်းကြီးတစ်လုံး ခါးစောင်းတင်လျက် ရီးကျီးဒန် ရောက်လာသောကြောင့် လည်ပင်းရှည်ကြည့်လိုက်ရာ ရီးကျီးဒန်ဘေး၌ ငတက်ပြားမကို မြင်ရ၏။

“အိမ်မှာ ဧည့်သည်တွေ ရောက်နေသတဲ့တော့်”

“အမောမှ မပြေသေးဘူးဟာ၊ အေးအေး သွားနှင့်”

ရီးဆေးရိုး ခေါင်းပေါင်းစောင်ကို ပြင်ပေါင်းကာ ထလိုက်သည်။ ပါးစပ်မှ အမောမပြေသေး ရေရွတ်ငြား သူ့ရင်ထဲတွင် စင်စစ် အေးမြနေပြီ။ ဝမ်းသာနေပြီ။ သူတစ်ပါးရွာ ဘုရားပွဲကျင်းပသောအခါတွင် သက်ဆိုင်ရာ ရွာမှ မိတ်ဆွေသူငယ်ချင်းများ၏ အိမ်များသို့ အားမနာတမ်း တက်စားခဲ့၏။ ထမင်းသာ တဝတပြဲ စားသည် မဟုတ်၊ မုန့်ကိုလည်း ခါးပိုက်ထောင်ဖြင့် အပြည့်ထည့်ယူခဲ့၏။ ယခု ကိုယ့်အလှည့်။

ကိုယ့်ရွာ ဘုရားပွဲသို့ လာမည့် အသိများ၊ မိတ်ဆွေများအတွက်ရော လှူဒါန်းရန်အတွက်ပါ ထမင်း၊ ဟင်းချက်ထားသည်။ ဆန်တစ်ပြည်ကုန် မုန့်ဖက်ထုပ် လုပ်ထားသည်။ သို့ဖြစ်ငြား စောစောက ရှားတောမှ ကလေးမများကို ဖိတ်ခေါ်မရသဖြင့် စိတ်ပျက်ခဲ့ရသည်။ ယခု ဧည့်သည်တွေ ရောက်နေသည် ကြားသောအခါ ရွာထဲသို့ ပြေးမတတ်ဝင်လာသည်။ အိမ်ရှေ့ ကပြင်တွင် ထိုင်လျက် တချို့၊ မန်ကျည်းပင်အောက်တွင် မိုးတိုးမတ်တတ် တချို့ကို အဝေးမှ လှမ်းမြင်ရမှ ရီးဆေးရိုး အမောပြေသွား၏။ ကန်သွယ်ရွာမှ ကိုငှက်ရိုးနှင့် သားသမီးမြေးမြစ်များ။ ထနောင်းကုန်းမှ မောင်ကျော်တို့ မိသားစုများ စုစုပေါင်း တစ်ကျိပ်ကျော် ရှိသည်။ ရီးဆေးရိုးကို မြင်သည်နှင့် လှမ်းအော်ကြ၏။

“အဝေးကြီးက လာရတာဗျနော၊ ခင်ဗျားတော့ သေရအောင်သာ ပြင်ထားပေတော့၊ အကုန်ကို စားပစ်မှာ”

“စားပါဗျား၊ စားပါဗျား”

ရင်တွင်းပျံ့နှံ့နေသော ကြည်နူးခြင်းဖြင့် ပြန်ပြောရင်း ရယ်မောလိုက်သော ရီးဆေးရိုး၏ အသံသည် မောသံ၊ ပန်းလျသံများ လုံးဝပါဝင်ခြင်း မရှိတော့ချေ။

▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်

ပွဲပြီးတဲ့နေ့


❝ ပွဲပြီးတဲ့နေ့❞ 
 ▢ အဖြူရောင် ( ရွှေ )

ကျွန်မ နာမည် ယဉ်လေးခင်။ ကဲ-ဒါဆို ကျွန်မ ဘာနေ့သမီးလဲ ရှင်သိမှာ။

ဟုတ်တယ်ဟုတ်။ အင်း-အတိအကျ ပြောရရင်တော့ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့မှာ မွေးခဲ့တဲ့ ဗုဒ္ဓဟူးသမီးစစ်စစ်ပေါ့။ ရေကို မရောတာ။ ဗုဒ္ဓဟူးသမီးလို့ ပြောလိုက်တာနဲ့ “ရှူးရှူးဒိုင်းဒိုင်းသမား စိတ်မြန်လက်မြန်၊ ဒါပေမယ့် ပြီးတော့လည်း ပြီးတာပဲ” ဆိုတဲ့ မှတ်ချက်က တစ်ခါတည်း တွဲပါလာတတ်တာ။ ဟုတ်လည်း ဟုတ်ပါရဲ့။ ပြောလည်း ပြောချင်စရာ။ ကျွန်မက စိတ်မြန်လက်မြန်။ အဲ ... အဲ ... နောက်ပြီး ရှိသေးတာ။ “ဗုဒ္ဓဟူးဆိုတော့ တစ်နေ့ သုံးခါ ရူးပေါ့” တဲ့။ အတက်ကြမ်း၊ အကျကြမ်းတဲ့ စိတ်ကလေးကို ပညာသားပါပါ နှိပ်ကွပ်တဲ့စကားနေမှာပေါ့။ အဲဒါလည်း ဟုတ်တယ် ပြောရမှာပဲ။ ကျွန်မက စိတ်ဆိုးလွယ်တာကိုး။ စိတ်ဆိုးတဲ့ အချိန်များတော့ သူနိုင်၊ ကိုယ်နိုင် ဦးအောင် ပြောလိုက်၊ ဆိုလိုက်။ စိတ်ပြေတဲ့ အချိန်များကျတော့လည်း ရယ်လိုက် မောလိုက်ဆိုတော့ တစ်နေ့သုံးခါ ရူးတယ်ပြောခံရတာလည်း မလွန်ပါဘူး။

အဲဒီ ဗုဒ္ဓဟူးသမီးက ကိုယ့်စိတ်တိုင်းကျ ဗိုလ်လုပ်ချင်တာ။ ကြွက်တွေနဲ့ တွေ့မှပဲ အစွယ်ကို ကျိုးရော။ ဟုတ်ပ၊ ကြွက်ဆိုတဲ့ အကောင်ကလည်း အကောင်သာသေးတာ အင်မတန် ကူလီကူမာ များတော့ အဲဒီ အကောင်သေးသေး ကြွက်နဲ့ တွေ့မှ အင်မတန် အကောင်ကြီးပြီး အမြီးရှည်တဲ့ ဆင်ဆိုတဲ့ အကောင်ကြီး ဖင်ထိုင်ကျရော၊ ပက်လက်လန်ရော။

ယဉ်လေးခင် ဆိုတဲ့ ဗုဒ္ဓဟူးသမီး ကျွန်မမှာ အစ်မတစ်ယောက်ရှိတယ်။ ကြာသပတေးသမီး။ စည်းမဲ့ ကမ်းမဲ့နိုင်တဲ့ နေရာမှာတော့ ဘယ်သူ့မှ ဗိုလ်မထားဘူး။ အတွင်းစကား ပြောရရင် ရေဝတ်ချိုးတဲ့ ထဘီတောင် ခြေထောက်နဲ့ ခတ်ပြီး ကွင်းလုံးပုံထားခဲ့တာ။ ထမင်းစားတဲ့ အခါများ ထမင်းရော၊ ဟင်းရော ပန်းကန်လေးထဲ ပုံစား၊ ပြီးတာနဲ့ ကြောင်အိမ်အောက်ဆုံးထပ် ထိုးထည့်ခဲ့တာပဲ။ ပန်းကန်ဆေးတဲ့ ဘေစင်ပေါ်တောင် မတင်ဘူး။ ကျွန်မ အဖေကတောင် အချစ်ဆုံး သမီးကြီးရဲ့ဒဏ်ကို မခံနိုင်ဘူး။

“သူများ ဘုရင်မကြီးဖြစ်ရင် ခက်မယ်” တဲ့။

အစ်မကြီးကလည်း စီးပွားရှာတဲ့၊ ငွေဝင်တဲ့အလုပ်က လွဲရင် ကျန်တာ ဘာမှ စိတ်မဝင်စားဘူး။ သူ့အကြောင်း ပြောရင်း ပြောရင်း သူငယ်ငယ်က အဖြစ်ကလေး သတိရမိတယ်။ ကျွန်မတို့ ညီအစ်မက ခုတင်တစ်ခုတည်း အိပ်တာလေ။ တစ်ရက်တော့ ညဘက်ကြီး အိပ်နေရင်း ခုတင်ပေါ်က ပြုတ်ကျပါလေရော။ အံမယ် မချောက ခုတင်ပေါ်ပြန်မတက်ဘူး။ ကျတဲ့ နေရာမှာပဲ ကွေးကွေးလေး ဆက်အိပ် တာ။ မနက်လင်းတဲ့ အထိ။

အဲဒီ လို နာမည်ကောင်းတွေနဲ့။ ငွေရှာတဲ့ နေရာမှာ ဇွဲရှိသလောက် အိမ်တွင်းမှုတို့၊ သန့်ရှင်းရေးတို့များ ကိုယ်နဲ့မဆိုင်သလို အပျင်းကြီး၊ စည်းကမ်းမရှိတဲ့ အစ်မနဲ့ နှစ်ပေါင်း သုံးဆယ်နီးနီး ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက် နေခဲ့ကြတာပေါ့။

ဒါပေမယ့် အဲဒီတုန်းက မတည့်ဘူးဆိုတာ အစ်မနဲ့ မတည့်တာနော်။ “ကြာသပတေးသမီး” ကို မတည့်တာ မဟုတ်ဘူး။

အဲဒီလိုနဲ့ ဗုဒ္ဓဟူးသမီးက ကြာသပတေးသမီးကို သစ္စာဖောက်ပြီး အချစ်နောက် ကောက်ကောက်ပါ။ ‘ သူ့မှ မရရင်ကွယ် အဆိပ်သောက်သတ်သေမယ် ’ ဆိုတဲ့ အချိုးမျိုးနဲ့ အိမ်ထောင် ရေးနွံထဲ ပျော်ပျော်ကြီး ခုန်ဆင်းခဲ့ပါရော။ ကြာသပတေးသမီးနဲ့ ရန်ဖြစ်တတ်၊ အနိုင်ယူတတ်တဲ့ ဗုဒ္ဓဟူး သမီးက-

“နင့်ကို ချစ်လွန်းလို့ နင်နဲ့ တူတဲ့ ကြာသပတေးသားကို ရှာယူတာပါ” လို့ ပလီခဲ့သေးတာ။ တစ်ယောက်တည်း ကျန်ခဲ့တော့ အမျက်ပြေမလားလို့ ရွှေနားတော်သွင်း ဧချင်းကလေး ဆိုပြမိတာပေါ့။ ဇာတ်လမ်းက အဲဒီမှာ စတော့တာပဲ။ ယဉ်လေးခင် ပါးစပ်က “ကြာသပတေးသားသမီးတွေများ” လို့ ရောသောကောသော ပြောရလောက်တဲ့ ဇာတ်လမ်းပေါ့။ ကြာသပတေးသမီးနဲ့ တုန်းက အလုပ်မှာ စာရင်းဇယားတို့၊ ပေးစာတို့ဆိုရင် အစ်မကြီးက ပါးစပ်က ပြော၊ ကျွန်မက လိုက်ရေး။ ဘောပင်ကိုင်ရမှာ ပျင်းလို့တဲ့။ ပြီးတော့ အစ်မကြီး စာရေးရင် မလိုအပ်တဲ့ စကားလုံးတွေမှာ ဝစ္စနှစ်လုံးပေါက်တွေ ထည့်တာ။ ဥပမာ-ပြောရရင် ပဲး၊ ဘဲး၊ အဲဒါမျိုးတွေ။ ရေးချဆိုရင် နှစ်ခါထပ်ရေးတာ အောာင်၊ ကောာင်း၊ အဲဒီလိုပေါ့။ အံမယ် တကယ့်ကို ဝစ္စနှစ်လုံးပေါက်တို့၊ အောက်မြစ်တို့ ထည့်ရမယ့် နေရာမျိုးကျတော့ မထည့်ဘူး။ အဲဒီတော့ သူ စာရေးရင် အမြီးအမောက် မတည့်။ အဲဒီတော့ ကျွန်မကို ရေးခိုင်း။ ကျွန်မ အမျိုးသားကလည်း အစ်မကြီးနဲ့ တစ်ပုံစံတည်း၊ တစ်ထပ်တည်း၊ အံ့သြစရာ၊ စာလုံး ပေါင်းသတ်ပုံ မှားပုံမှားနည်းကအစ တစ်ထပ်တည်း။ စာရေးပျင်းပုံကလည်း အတူတူ။

တူလိုက်ပုံများတော့ ကြာသပတေးသမီး နှစ်ယောက်လုံး ညအိပ်အဝတ်အစား သီးသန့်မထားဘူး။ အပြင်က ပြန်လာရင် ထိုးလှဲ အိပ်ပစ်လိုက်တာပဲ။ ကျွန်မတို့ ပြင်ဦးလွင်က ခိုက်ခိုက်တုန်အောင် အေးတဲ့အချိန်တွေ များတာကိုး။ ကျွန်မက စိတ်ဆိုးပြီး အင်္ကျီလဲခိုင်းရင် ‘ လူ့ထက် ဘယ်ဟာမှ အဖိုး မတန်ဘူး ’ တဲ့။ အဲဒါလည်း တစ်သံတည်း။ တစ်ယောက် အသံ တစ်ယောက်ကြားလို့ ကူးချတာ မဟုတ် ဘူးနော်။ သူတို့ရဲ့ စရိုက်သဘာဝကိုက တစ်ထပ်တည်းဖြစ်နေတာ။ နောက် ဗေဒင်၊ လက္ခဏာ ဝါသနာပါတာ၊ အားရင် အိပ်ရာထဲ ကျောခင်းနေတာ၊ စာရေးပျင်းပြီး ကိန်းဂဏန်းတွေ ဦးနှောက်ထဲ ထည့်မှတ်ထား ဘယ်အချိန်မေးမေး ဒေါက်ခနဲ ဖြေနိုင်တာ၊ ဂဏန်းပေါင်းစက် မကိုင်ဘဲ ပါးစပ်က ပွစိပွစိပြီး စိတ်နဲ့ ပေါင်း နုတ်၊ မြှောက်၊ စား လုပ်တာ။ အပျင်းကြီးတာကနေ စည်းကမ်းမရှိတာထိ တစ်ထပ်တည်းမှ တစ်ထပ်တည်း။

ကျွန်မမှာ အံ့သြလွန်းလို့ အရင်တုန်းက အစ်မကြီးနဲ့ပဲ တစ်ယောက်ချင်း ရန်ဖြစ်ရတယ်။ အခုတော့ နှစ်ယောက် တစ်ယောက်ပေါ့။ သူတို့ကလည်း ထုံးစံအတိုင်း ကျွန်မ ဘာပြောပြော၊ ဘယ်လောက်ပြောပြော မသိသလို၊ မကြားသလို အပြုံးမပျက်တွေလေ။ အဲဒီတော့ စိတ်ဆိုးဆိုးနဲ့ “ကြာသပတေးသားသမီးတွေများ” ဆိုပြီး ပြောနေကျ။

ဒါပေမယ့် တကယ်တမ်း ကျတော့လည်း သူတို့က စီးပွားရှာတဲ့သူတွေ၊ ကျွန်မက အိမ်မှာ နေတဲ့သူ။ ဆင်ကြီး ဘယ်လောက်ကြီးကြီး လှစ်လှစ်မြည်တဲ့ ကြွက်ကို မမီနိုင်သလိုဘဲ။ သူတို့ အရှုပ်တွေ ကျွန်မက ဒိုင်ခံရှင်းပေးရတာ ချည်းပါပဲ။

အဲဒီ လိုနဲ့ ကျွန်မ သားဦးကိုယ်ဝန် မွေးရတော့မယ် ဆိုတော့ ဘယ်တော့မှ ကြာသပတေးသား သမီး မမွေးဘူးလို့ လူတိုင်းကို ပြောခဲ့တာပဲ။ အခု ပြန်တွေးရင် အခု ရယ်ချင်တယ်။ အဟုတ်။

ဗုဒ္ဓဟူးသမီး မွေးခါနီးလေ ကြာသပတေး သားသမီးနှစ်ယောက်က ဗေဒင်၊ ယတြာတွေနဲ့ အလုပ်ရှုပ်လေ။ ဘယ်နေ့၊ ဘယ်ရက်ကို ခွဲမွေးမယ်။ မွေးမယ့်ဆရာဝန်ကို ဘယ်ပန်း ဆောင်ခိုင်း။ လူနာက ဘာအရောင်ဝတ်။ အိုး ... ရှုပ်ယှက်ခတ်အောင် တွက်ထားလိုက်ကြတာ။ တကယ်လည်း မွေးရော Due Date ထက် နှစ်ပတ်စော မွေးတော့ အပ်ထားတဲ့ ဆရာဝန်က ရန်ကုန်က ရောက်မလာသေးချိန်၊ ဗိုက်ကလည်း နာလှပြီ။ ရိုးရိုးပဲ မွေးဖြစ်လိုက်တယ်။

အံ့ဩစရာများ ပြောပါတယ်။ ခုနစ်ရက်၊ ခုနစ်နေ့ ရှိတာ ရာဟုပါ ထည့်တွက်ရင် ရှစ်နေ့ ရှိတဲ့အထဲ တိုက်တိုက်ဆိုင်ဆိုင် ကြာသပတေးသားကလေးများ ဖြစ်ရသတဲ့။ ဆင်ကြီး ပက်လက်လန်တာပေါ့။ ကြာသပတေးသားသမီးတွေ အကျင့် မကြိုက်လို့၊ မခံစားနိုင်လွန်းလို့ ကိုယ်ဝန် စရှိပြီဆိုကတည်းက ဘယ်တော့မှ ကြာသပတေးနေ့ မမွေးဘူး ကြိမ်းလာခဲ့တာ ကြာသပတေးနေ့များ မွေးဖြစ်အောင် မွေးသေးသတဲ့။ ကြာသပတေးတွေ အောင်ပွဲခံတော့တာပေါ့။

လပြည့်ဝန်းကြီးလို ဝိုင်းစက်ဖောင်းအိနေတဲ့ သားကြီးကို ချစ်မဝ၊ ကြည့်မဝ၊ နမ်းမဝ၊ မသိစိတ်ရဲ့ ဟိုးထောင့်တစ်နေရာမှာတော့ ဖြစ်ရလေခြင်းလို့ ညည်းမိတုန်း။

ဒီလိုနဲ့ အင်အားကောင်းလာတဲ့ ကြာသပတေး သုံးယောက်ရယ်၊ သနားစရာ ဗုဒ္ဓဟူး တစ်ယောက်ရယ် ဘဝကြီးထဲ ဆက်လျှောက်လာခဲ့လိုက်တာ သားကြီး သုံးနှစ်ပြည့်ခဲ့ပေါ့။

အခုကျတော့ ပြောစရာ၊ လူတစ်ယောက် ထပ်တိုးတာပေါ့လေ။ သားကလေးကပါ နားမလည် ပါးမလည်နဲ့ ‘ သားက ကြာသပတေးသားနော် ’ တဲ့။ မအေလုပ်တဲ့ ကျွန်မကလည်း ထစ်ခနဲဆို ‘ ကြာသပတေးသားတွေများ ’ ပြောလို့ ကောင်းတုန်း။ သူတို့က ဝစီပိတ်ပိတ်ပြီး ကာယကံမြောက် ရှုပ်သမျှ မနေနိုင်တဲ့ ကျွန်မက အပင်ပန်းခံ ရှင်းလိုက်၊ သိမ်းလိုက်၊ မခံချိမခံသာ ပြောလိုက်ပေါ့။

ကျွန်မရဲ့ ကြွက်တွေကလည်း သားကလေး တမေ့တမော ကြည့်တတ်တဲ့ Tom & Jerry ထဲက ကြွက်ကလေးတွေနဲ့ မကွာမခြားပါပဲ။ သားကလေးက Tom & Jerry ကို မျက်စိမမှိတ်တမ်း မျက်တောင်မခတ်တမ်း ကြည့်ပြီးများ တဟားဟား အော်ရယ်နေရင် ကျွန်မက အလိုလိုနေရင်း နေမထိ ထိုင်မထိ ဖြစ်နေရတာ ။ ရင်ထဲမှာ အခုအခံ တစ်ခုရှိနေရင် ကိုယ်နဲ့ဆိုင်ဆိုင် မဆိုင်ဆိုင် ကိုယ့်ကို ပြောတာ ဟုတ်ဟုတ် မဟုတ်ဟုတ် တိုက်ဆိုင်တိုင်း ကိုယ်နဲ့ ယှဉ်ထိုးချိန်စက် အနေခက်တတ်တာ လူ့သဘာ၀ပဲ မဟုတ်လား။

ကိုယ်က ကြွက်တွေကို မကျေမနပ် အခံရှိပြီးသား ဆိုတော့ ဂလိုဘယ်လူလည်၊ အဲ ... အဲ ... ဂလိုဘယ်ကြွက်လည် Jerry ရဲ့ ဟားကွက်တွေ မြင်တိုင်း ထောမနာပြုမိတော့တာလေ။

၃ နှစ်သားကလေးက Jerry ကို အထင်ကြီး၊ အားကျ၊ ချစ်ခင်နေတာ မဟုတ်လား။ Jerry လုပ်သမျှတွေကို တဟားဟားနဲ့ သဘောကျတတ်နေတာဆိုတော့ သူ့ကို Jerry နဲ့ နှိုင်းယှဉ်တာကိုပဲ သူက သဘောအကျကြီး ကျနေတော့တာလေ။

“သားက Jerry ပေါ့နော် မေမေ”

“အဲဒါ သဘောကျစရာ မဟုတ်ဘူးသားရဲ့။ ကိုယ့်ရဲ့ လိုအင်ဆန္ဒအတွက် သူတစ်ပါးကို ဒုက္ခရောက်အောင် ချောက်တွန်းတယ်၊ အနိုင်ကျင့်တယ်ဆိုတာ နိုင်ငံကြီးသားစိတ်ဓာတ် မဟုတ်ဘူး။ လူဆိုတာ လူရယ်လို့ ဖြစ်လာမှတော့ ကိုယ့်တာဝန် ကိုယ်ယူရတာ။ ကိုယ့်တာဝန် သူများကို ယူခိုင်းတာတို့ မလုပ်ရဘူး သားရဲ့။ ‘ ကျီစားသန်က ရန်များ၏ ’ တဲ့။ သူတစ်ပါး မခံနိုင်တဲ့အထိ စတယ် နောက်တယ်ဆိုတာ အနိုင်ကျင့်ခြင်းတစ်မျိုးပဲပေါ့။ မေမေကတော့ Tom ကိုပဲ ကြိုက်တယ်။ Jerry လူလည်ကျတာတွေ မြင်ပြီး မုန်းလွန်းလို့”

ဘာမှ နားမလည်သေးတဲ့ သားကလေးကတော့ မျက်လုံးပြူးကြီးနဲ့ မော့ကြည့်နေရုံပဲပေါ့။ ယောက်ျားနဲ့ အစ်မကို စောင်းပြောချင်တာနဲ့ ဇာတ်လမ်းထဲ အာရုံရောက်နေတဲ့ သားလေးကို ဇွတ်အတင်း လက်ချာရိုက်နေမိတာ။ သားကလေးသာ ပြန်ပြောတတ်တဲ့ အရွယ်ဆိုရင် “မေမေ့နှယ် စကားများရန်ကော” လို့ ငြူစူမယ် ထင်ပါရဲ့။

မနေ့ကတော့ ကျွန်မ ဆုံးဖြတ်ချက်တစ်ခုကို စိတ်တုံးတုံးချပြီးတော့ကို ချလိုက်တော့တယ်။ ဘယ်တော့မှ ‘ ကြာသပတေးသားသမီးတွေများ ’ မပြောတော့ပါဘူးလို့။

ဖြစ်ပုံက ဒီလိုလေ။

သီတင်းကျွတ် နားရက်ဆိုတော့ ကျွန်မတို့ မိသားစု ကျိုက်ထီးရိုး ဘုရားဖူးထွက်ဖြစ်တယ်။ အလုပ်ကိစ္စ အရေးပေါ်လာတော့ ယောက်ျားက မလိုက်ဖြစ်ဘူး။ ပြင်ဦးလွင်ဈေးထဲက ဆိုင်နီးချင်းတွေနဲ့ တစ်လလောက်ကတည်းက ကြိုတိုင်ပင်ထားတဲ့ ခရီးဆိုတော့ ဖျက်လို့လည်း မဖြစ်။ ဒီတော့ ကျွန်မတို့ ညီအစ်မပဲ ဘုရားဖူးလိုက်ရတော့တာပေါ့။

ဘုရားကို ရောက်တာနဲ့ တည်းခိုခန်းမှာ ခဏနားပြီးမှ သားကလေး လက်ဆွဲ၊ ဘုရားရင်ပြင်တော်ပေါ်တက်၊ ဘုရားကို ရွှေသင်္ကန်းကပ်ချင်တာ။ ယောက်ျားသား ကြီးကြီးမားမား မပါတဲ့ ကျွန်မတို့ ညီအစ်မ ဘုရားလူကြီးကို အကူအညီ တောင်းပြီး ရွှေသင်္ကန်းကပ်ပေးဖို့ ပြောရတော့တာပေါ့။ ရွှေဆိုင်းတွေကို လက်နှစ်ဖက်နဲ့ ယှက်ကိုင်အုပ်မိုး ဆုမျိုးစုံတောင်းပြီးမှ

“အဘရေ၊ သမီးကို ရွှေသင်္ကန်းလေး ကပ်ပေးပါဦး။ ဗုဒ္ဓဟူးထောင့်မှာ ကပ်ပေးပါနော် အဘ” ဆိုတော့ ဘုရားလူကြီးက မော့ကြည့်တယ်။ ဘာများ မှားပါလိမ့်ပေါ့လေ။ ဗုဒ္ဓဟူးသမီးက ဟိုခရီးဝေး ကနေ ဖူးခေါင့်ဖူးခဲ ဘုရားကို အရောက်လာပြီး ရွှေသင်္ကန်းကပ်တာ ဗုဒ္ဓဟူးထောင့်မှာပဲ ကပ်ချင်တာ ပေါ့။ ဘုရားလှူတယ် ဆိုပေမယ့် အတ္တကလေး အခြေခံထားတာကိုး။ ဘုရားလူကြီးက တုတ်တုတ်မှ မလှုပ်ဘူး။

“သမီးတို့က အမျိုးသားလည်း မပါလာလို့ပါ”

“မဟုတ်ပါဘူး၊ အဘက ဘုရားဖူးတွေကို ရွှေသင်္ကန်း ကပ်ပေးနေကျ သမီးက ဗုဒ္ဓဟူးထောင့်မှာ ကပ်ပါဆိုတော့”

“ဪ-သမီးက ဗုဒ္ဓဟူးသမီးလေ အဘရဲ့”

“မဟုတ်ဘူး ဗုဒ္ဓဟူးထောင့်က ကပ်လို့ မရဘူး။ ဗုဒ္ဓဟူးထောင့်က ချောက်ကြီး သမီးရဲ့။ မြေလေးက ဘာနေ့သားတုံး။ မြေးလေးမွေးနေ့ကပဲ ကပ်လိုက်လေ”

ကျွန်မဖြင့်လေ ဘာပြောလို့ ပြောရမှန်းကို မသိတော့ပါဘူး။

ဘာမှ မသိတဲ့ သားလေးက-

“သားက ကြာသပတေးသားနော် မေမေ” 

“ဟာ.. ကောင်းတာပေါ့၊ ဘိုးဘိုး ကြာသပတေးထောင့်မှာ ကပ်ပေးမယ်နော် မြေးလေး”

ပြောပြောဆိုဆို ရွှေဆိုင်းတွေ ယူပြီး ကြာသပတေးထောင့်မှာ သွားကပ်ပေးတယ်။ ကျွန်မ အစ်မကို မော့ကြည့်လိုက်တော့ ရယ်ချင်စိတ်ကို အောင့်ထားပုံရတဲ့ အစ်မကြီးက သူ လှူထားတဲ့ ရွှေဆိုင်းတွေကို နောက်ကျော်ဘက်မှာ ဝှက်ကိုင်ထားရင်း-

“ငါ ဘာမှ မပြောရသေးဘူးနော်” တဲ့။

ဗုဒ္ဓဟူးတွေဟာ ကြာသပတေးတွေရဲ့ ငယ်နိုင်များ ဖြစ်နေလေရော့သလား မသိတော့ပါဘူး။

 ▢  အဖြူရောင် ( ရွှေ )
📖 ရွှေအမြူတေ ရုပ်စုံမဂ္ဂဇင်း
      စက်တင်ဘာလ၊ ၂၀၁၁

Tuesday, August 11, 2026

သေရင်လဲ သော့ပေးခဲ့ဗျာ


❝ သေရင်လဲ သော့ပေးခဲ့ဗျာ ❞
    ▢ မဟော်သဓာ ရွှေဝင်း

ယခင် အင်္ဂလိပ်ခေတ် ရန်ကုန် ထောင်ကြီးအတွင်း ဖြစ်၏။ ထိုစဉ်က တို့ဗမာအစည်းအရုံး အင်အားတောင့်တင်းချိန်ဖြစ်၍ ဗမာ ပြည်ရှိ ထောင်တိုင်း သခင်မရှိသော ထောင် မရှိ။

ထိုစဉ်က ရန်ကုန်ထောင်ကြီး (ဘီ) အတန်းတွင် သခင်ဖိုး မောင် (အမည်ဝှက်) အမည်ရှိ နိုင်ငံရေးအကျဉ်းသမားတယောက် ရှိ၏။ ၎င်း သခင်ဖိုးမောင်သည် အခြား နိုင်ငံရေး အကျဉ်းသမားများနှင့် တူသည်မဟုတ်၊ ကပ်ရာတွင် ပေရာတွင် နှစ်ယောက် မရှိ။

သခင် ဖိုးမောင် နေသော အဆောင်အတွက် ထောင်မှူး-ဝါဒါများကို တာဝန်ချတိုင်း ထောင်မှူးကြီးအဖို့ အမြဲ ပြဿနာ ပေါ်သည်။ ထောင်မှူးတိုင်း ထိုအဆောင် မသွားချင်ကြ၊ တာဝန်ကျဘူးသော ထောင်မှူးတိုင်း သခင် ဖိုးမောင်နှင့် ပြဿနာ မဖြစ်ဘူးသည် မရှိ  အနဲနှင့် အများ အမြဲ ပေါ်ခဲ့ဘူးသည်။

တနေ့သော် တာဝန်ကျထောင်မှူးနှင့် သခင်ဖိုးမောင်တို့ အချီအချ စကားများကြတော့သည်။

“ခက်တယ် သခင်ဖိုးမောင်.. အုတ်နံရံနဲ့ ဆယ်ပေအထိ မကပ်ပါနဲ့လို့ ပြောထားပေါင်းလဲ များပါပြီ၊ လူကြီးဘဲဗျာ-ခဏခဏ ပြောရတော့ မကောင်းပါဘူး၊ ဆင်ခြင်ဘို့သင့်ပါတယ်”

“ခင်ဗျားတို့ ထောင်မှူးတွေမလဲ တယောက် ဥပဒေတမျိုး ပါလား၊ အရေးမကြီးပြန်ရင် ထောင်နံရံ မှီထိုင်တော့ ဘာမှ မပြောကြဘူး၊ အရေးကြီးပြန်တော့ နံရံနား မသွားရဘူးတဲ့”

“ခင်ဗျား ပြောရတာ လက်ဝင်တယ်ဗျာ၊ နိုင်ငံရေးအကျဉ်းသားက တမျိုး၊ ရာဇဝတ်အကျဉ်းသားကလဲ တမျိုး၊ လောကမှာ ခင်ဗျားတို့ မရှိရင် ဘယ်လောက် ကောင်းမလဲ”

“ကျုပ်တို့ မရှိရင် ခင်ဗျားတို့ အလုပ်လက်မဲ့ ဖြစ်မှာပေါ့”

“တော်ပါတော့ဗျာ…သေတောင် သေချင်လာဘီ”

“သေရင်လဲ သော့ပေးခဲ့ဗျာ”

▢ မဟော်သဓာ ရွှေဝင်း
📖လူ့ဘုံခန်းဝါ အူတက်စရာ