Showing posts with label စပါယ်အုံး. Show all posts
Showing posts with label စပါယ်အုံး. Show all posts

Thursday, May 16, 2024

ဟင့်အင်း ရှင့် ဟင့်အင်း


 ❝ ဟင့်အင်း ရှင့် ဟင့်အင်း ❞  


အခန်း - ၁


ကြည်မောင်ဝင်း သည် အခြားသော ကျောင်းသားများ ကဲ့သို့ ပါချီပါချက် စိတ်ကလေး နှင့် ကောလိပ်မြေ နင်းမိရုံ ပြီးတန်း ဟူ ၍ သဘောပိုက် ထားသူ မဟုတ်ဘဲ အရိုးကြေကြေ ၊ အရေခန်းခန်း မဟာဝိဇ္ဇာတန်း ကို ဖြင့် မအောင် မချင်း ကောလိပ်ကျောင်းကြီး နှင့် အရိုးမြေကျ ၊ ပေါင်းရချင် ပေါင်းရစေတော့ ပေါင်းမည် ဟု စိတ်ကြီး ဝင်ကာ ကောလိပ် ခေါ် တက္ကသိုလ်ကျောင်းတော်ကြီး သို့ ပညာ လာရောက် သင်သူ မဟာဝိဇ္ဇာလောင်းကြီး တစ်ယောက် ဖြစ်လေ၏ ။


၎င်း စ ဝင်သည့် နှစ် မှာပင် ရန်ကုန်သူ အချောအလှ ပြော မပြတတ် အောင် သဘောကျ လောက်သည့် ခင်မြင့် ဆို သူ မိန်းကလေး တစ်ယောက် လည်း စ  ,ဝင်ရောက်သည် နှင့် ကြုံကြိုက်လေ၏ ။


ကြည်မောင်ဝင်း ၏ နေပုံထိုင်ပုံ ကို ကြည့်ရခြင်းဖြင့် မြင်သူတိုင်း တို့ က မူ မာမီရှိန်း ခေါ် မိန်းမရှာ ဟူ၍ပင် ပြောင်လှောင် ကဲ့ရဲ့ ခေါ်ဆိုနိုင်ဖွယ် ရှိလေ ၏ ။ အကြောင်းမူကား ၎င်း မှာ ကျောင်း ဝင်သည့် နေ့မှ စ၍ အချို့သော ကျောင်းသားများ ကဲ့သို့ ကစားဖွယ်ရာ အမျိုးမျိုး တို့ ကို လုံးလုံး ကစားခြင်း မပြုဘဲ တကုပ်ကုပ် နှင့် စာ ကိုကြိုးစားခြင်း ဖြင့်သာ အချိန် ကို ကုန်လွန်စေခဲ့ သောကြောင့် ဖြစ်လေ၏ ။



စင်စစ် ကြည်မောင်ဝင်း သည် ကျောင်းသားများ ပြောင်လှောင် ခေါ်ဆို ကြသော မာမီရှိန်း ဆိုသူနှင့် လားလား မှ မတူချေ ။ ကစားခြင်း ကို အလျှင်း မပြုခြင်း ကြောင့် သာ ၎င်းကဲ့သို့ ခေါ်ဆို ခံရလေသည် ။ ကြည်မောင်ဝင်း ကစား ခြင်း မပြုသည် မှာ နဂို က ဝါသနာ မပါသည် က တစ်ကြောင်း ၊ မိမိ အထင်ကြီး ထားသော မဟာဝိဇ္ဇာအတန်း ကို မအောင်မည် စိုးသည် တစ်တန် အကြောင်း ကြောင်း အတန်တန် တို့ ကြောင့် ကစားခြင်း ကို လျစ်လျူ ရှု ပြီး စာ ဖတ်ခြင်း ကို သာ အရေးတယူ ပြုခဲ့လေ၏ ။


ကျောင်းသားများ ပြောဆို နေကြသော အလေ့အထ တစ်ခု မှာ ( စပို့ ) ခေါ် ကစားဘက် တွင် အလွန် နာမည်ကျော်ကြားသူများ တို့ သည် စာဘက် ၌ အလွန် ညံ့ဖျင်း ၍ နှစ်နှစ် ၊ သုံးနှစ် ဆုံးရှုံးခြင်း ဖြစ်ရ သကဲ့သို့ ၊ စာ ဘက်တွင် ( အော်နာ ) ဘွဲ့ထူး နှင့် တံဆိပ်များ ကို ပါ ရကြအောင် တော်သည်ဟု ချီးမွမ်း ခံခဲ့ရ သူများ လည်း ကစားဘက် တွင် ပီပီသားပင် အသုံး မချ နိုင် အောင် ညံ့ဖျင်းကြ သည် ဟူ၍ ပြောဆိုနေကြသော အကြောင်းတစ်ရပ် ဖြစ်လေသည် ။


ထို့ကြောင့် ကြည်မောင်ဝင်း အတွက် မှာ ကစားခြင်း ကို အနည်းငယ် မျှ မပြုလုပ်ဘဲ စာ ကိုသာ အရေး စိုက်ကာ နေခြင်း ကို ထောက်ချင့်သော် ကြည်မောင်ဝင်း သည် တစ်နှစ် တစ်တန်း မအောင်ဘူး ဟူ၍ မည်သူမျှ ငြင်းနိုင်ဖွယ် မရှိပေ ။


ထိုနည်း မခြား ခင်မြင့် ဆိုသူ မိန်းကလေး တစ်ယောက် မှာ လည်း မြန်မာ မိန်းမများသည် ကုန်ရောင်းကုန်ဝယ် နှင့် အိမ်တွင်းမှုရေးရာ သာ တတ်သိ၍ တိုင်းပြည် ၏ ကြီးပွားရာ ကြီးပွားကြောင်း နှင့် တိုင်းတစ်ပါးသား တို့ ၏ ပညာရပ် များကို ထူးထူးချွန်ချွန် မတတ်သိ ၊ မနားလည် သော အမျိုးအစား ထဲ တွင် တစ်ဦး အပါအဝင် ဖြစ်သည် ဟူ၍ နိုင်ငံခြားသားများ ပြောဆို ကဲ့ရဲ့ကြခြင်း ကို မြန်မာအမျိုးသမီး တစ်မျိုးလုံးအတွက် မခံမရပ်နိုင် ဖြစ်ပြီး ယခု မြန်မာပြည် မျက်နှာစုံညီ အစည်းအဝေး အတွက် အမျိုးသမီး ကိုယ်စားလှယ် အဖြစ် နှင့် ဘိလပ်မြို့တော် ကို တက်ရောက် ရသော ဒေါ်မြစိန် ကို အားကျကာ ၎င်း ကဲ့သို့ ဇမ္ဗူ ပေါ် လူမော် မလုပ်ရလျှင် မနေဘူး ဟု စိတ်မာန် တက်ပြီး အဓိဋ္ဌာန် ဖက်ကာ သိပ္ပံ တက်ခဲ့သူ တစ်ဦး ဖြစ်လေ၏ ။


အခန်း - ၂


သို့ကလို အကြောင်းအရပ်ရပ် တွေ ကို ပေါင်းစပ်ပြီး ထောက်ဆခြင်း ပြု လိုက်သော် ယခုအခါ ကြည်မောင်ဝ င်းနှင့် ခင်မြင့် တို့ မှာ နောက်ဆုံးနှစ် ဖြစ်သော မဟာဝိဇ္ဇာအတန်း တွင် ပထမ ၊ ဒုတိယ လု ကာ ပညာ သင်ကြားလျက် နေသည် ကို တွေ့မြင်ရတော့လေ၏ ။


တစ်ခုသော ပုစ္ဆာ ကို မသိသည် နှင့် ဥပစာအတန်း တွင် ကြည်မောင်ဝင်း အား မေးမိရာ မှ ကြည်မောင်ဝင်း နှင့် ခင်မြင့် တို့ မှာ အလွန် ရင်းနှီးသော အသိအကျွမ်း ဖြစ်မိရုံ သာ မက ယခုအခါ အောက်ပါ အခြေအနေ သို့ ပင်လျှင် ရောက် နေတော့၏ ။


“ ခင်မြင့် က တော့ ရုပ် က လည်း ချော ၊ ဥစ္စာ က လည်း ပေါ ၊ လိမ္မာ က လည်း လိမ္မာ ၊ ပညာ က လည်း ရှိ ၊ တိုက်ကြီးနဲ့ လည်း နေတယ် ဆိုတော့ အရာရှိ ၊ အရာခံတွေ ဝိုင်းရံလျက် ရှိသော နေရာ ကို ခင်မြင့် ဟု ခေါ်သည် ဆိုရင် လွဲနိုင်ဖို့ မရှိဘူးပေါ့ ”


“ ကိုဝင်း က ခင့် ကို ဘယ်လိုကောင်မ အစားမျိုး ထဲ က အောက်မေ့ နေလို့ လဲ အခုလို ပြောတာ ”


“ ဘယ်လို ကောင်မမျိုး ရယ် လို့ မအောက်မေ့ရပါဘူး ခင်ဗျာ ၊ ဘုရား ကို စူးရပါစေရဲ့ ၊ ခင် က ကိုဝင်း ပြောတာ ထက် တောင် ပိုနေပါသေးတယ် ”


“ ခင် ဟာ ဟော့ဟော့ဒိုင်းဒိုင်းကြီး အမြှောက် မကြိုက်ဘူး ဆိုတာ ကိုဝင်း သိတယ် မဟုတ်လား ”

( လက်ညှိုး ထိုး ထိုးပြီး ရန်တွေ့ သလို ပြောသည် )


“ သိတယ်လေ သိပေမဲ့ ပကာသန ခေတ်ကြီး မှာ မျက်နှာ ကြီးရာ ဟင်း ဖတ် ပါတတ်ကြတာ မို့ အခုလို ခင့် ကို ပလ္လင် ခံရတာ ၊ ကိုဝင်း တို့ က ပညာ ကို မှ အနိုင်နိုင် သင် ရတဲ့ လူစားမျိုး ထဲ က ဖြစ်တော့ နောင် ဘာလေး ညာလေး ဆိုရင် ခက်မှာ စိုးလို့ ”


“ ဘာ ခက်ရမှာလဲ ရှင့် ”

( မခံချင်သော မျက်နှာမျိုး နှင့် ပြောသည် )


“ ခင့် မိဘတွေ က ကိုဝင်း နဲ့ သဘော မတူဘူး ဆိုရင်ကော ” 


“ ခင့် မိဘနဲ့ ပေါင်းရမှာ မဟုတ်ဘူး ၊ ခင် နဲ့ ပေါင်းရမှာပါ ”


“ ခင် နဲ့ ပေါင်းရတာ ဟုတ်ပါပြီ ၊ မိဘတွေ က သမီးကလေး ကောင်းစား တာ မြင်ချင်လွန်းလို့ ၊ တချို့ တချို့ သမီးရှင်တွေ လည်း ဘိလပ် မှာ ပညာ သင် တုန်း ရှိနေတဲ့ သားရှင် မိဘတွေ နဲ့ မြန်းတောင် မြန်းထားပြီး ကြတဲ့ အတွက် အခု ခင် နဲ့ ဆိုရင်လည်း ခင့် မိဘတွေ က မမြန်းထားရသေးဘူး လို့ ခင် သိနိုင် လား ”


“ မသိနိုင် ၊ သိနိုင် ရှင် ၊ ကိုဝင်း အပူ တစ်ရွေးသား မှ မရှိပါဘူး ၊ ကိုဝင်း က လွဲရင် လေ တစ်ကိုယ်လုံး စိန်စီ ထားတဲ့ အကောင်ပဲ ဖြစ်ဖြစ် ၊ မိုးကျရွှေကိုယ် ပဲ ဖြစ်ဖြစ် “ ဟင့်အင်း ရှင့် ဟင့်အင်း ပဲ သိလား ”

( ခေါင်း ခါ လျက် ပြောသည် )


“ အို .. ဒီလိုလား ၊ ဒီလိုဖြင့် အတိုင်းထက် အလွန်ပေါ့ ၊ ကိုဝ င်းအတွက် ကို တော့ စိတ်သာ ချ ထားလိုက်ပါ ”


စသည်ဖြင့် တစ်သက် မှာ မပျက် မလွဲ ရအောင် နှစ်ဦးသား တို့ သည် အထူးစကား ဆို၍ အချက် ဆွဲ ကာ ဂယက် ထဲ ဝဲ၍ နေကြလေ၏ ။


အခန်း- ၃


ထိုနေ့ သည် များစွာသော ကျောင်းသား တို့ အဖို့ ကိုယ့် မြို့ ၊ ကိုယ့် ရွာ ရောက်ရမည့် အရေးကြောင့် ဝမ်းသာလုံး ဆို့ကာ ပျော်ရွှင် နေကြ သော်လည်း ပုလဲခိုင်နံ့သာ ကရမက်တည်း ဟူသော ခင်မြင့် နှင့် မခွဲနိုင်မခွာရက် ရှိ ရှာသော ကြည်မောင်ဝင်း တို့ မှာ တပန်ဟိုက်ဟိုက် ၊ တရှိုက်ငင်ငင် ၊ တငြင်ညိုညို ဆင်းရဲ သာ ပိုလျက် ခင် အကြောင်းထူး ပါ က ကိုဝင်း ထံ ကိုသာ မြန်မြန် စာရေး အကြောင်းကြားပါ တော့ ဟူသော အမှာစကားမျိုး ကို ပြောရင်း မနို င့်အနိုင် ခွဲခွာကာ အခြား အဖော်များ ကဲ့သို့ ဝမ်းသာလုံး မဆို့နိုင် အောင် ဖြစ်ရှာကြ လေ၏ ။


ယင်းသို့ ခွဲခွာလာကြ ရာ မှ ကိုယ့် အိမ် ၊ ကိုယ့် ဌာန သို့ ရောက်ကြ သော အခါ အုပ်ထိန်းခြင်း နှင့် မကင်းသေးသော သမီး ၊ သားများ ဖြစ်ကြသည် အလျောက် အသီးသီးသော မိဘများ တို့ မှာ ပညာစုံ လို့ မို့ ကြင်ယာပါ စုံစေ လိုကြ သဖြင့် ရင်းနှီးရာ တော်ရာသင့်ရာ များ ကို ရွေးချယ်ပြီး သကာလ ထိမ်းမြားပေးလိမ့်မည် ဟူသော အကြောင်း ကို သိရ ပြန်လေ၏  ။


တစ်ဦးတည်း သား မို့ ထူးပြီး ထားခဲ့သော အချစ်တွေ ကြောင့် လှလှပပကြီး မြင်လိုသည့် မိဘတို့ အား “ ကျွန်တော် မိန်းမ မလိုချင်သေးပါဘူး ခင်ဗျာ ” ဟူ၍ ပင် ငြင်းလို့မရသော အခါ နှင့် ကြုံကြိုက်ရ ပြန်လေ၏ ။


“ ဖေဖေ ၊ မေမေ တို့ က ခင့်ကို  ဒီ မဟာဝိဇ္ဇာအတန်း အောင် သည့် တိုင် အောင် ပညာ ပေးလာတာ လင် ပေးစားဖို့ပဲ လား ၊ နို့ ဖေဖေ တို့ က ငါ့ သမီး လည်း မမြစိန် တို့ လို ဘိလပ် ကို မျက်နှာစုံညီ တက် နိုင်အောင် သင်ပါ ဆို ၊ မေမေခင် တို့ လို ဝတ်လုံ ဖြစ်အောင် သင်ပါ ဆို ၊ အခုတော့ သင် လို့ တတ်ခါနီး မှာ လင် ပေးစားမယ် ဆိုရင် ဘိလပ် မပြောနဲ့ သိလား ၊ ဘိလက် တောင် ရောက် မှာ မဟုတ်ဘူး ၊ လင် ယူဖို့ ကို တော့ ခင် က လေ ( ဟင့်အင်း ရှင့် ဟင့်အင်း ) ပဲ ဖေဖေ ရဲ့ စသည်ဖြင့် နွဲ့ဆိုးဆိုးကာ အရွဲ့ ထိုး ပါ သော်လည်း မတည့်ရိုး အမှန် ဖြစ်၍ မယူရင် မနေရ အောင်ပင် စီမံထားချက် ခိုင်မာ၍ နေတော့လေ၏ ။


သို့ကလို စီမံချက်၌ တစ်ဦးဦး သော သား ဖြစ်ချေ က ခင်မြင့် မှာ မည်သို့ မျှ မငြင်းဆန် နိုင်ဘဲ အတင်း ဇွတ် နှစ်ရတော့ မလိုလို ဖြစ်နေသော်လည်း သတို့သား သည် မည်သူ ဟူ၍ သိရသော အခါ “ မဖြစ်နိုင်ဘူး ဖေဖေရဲ့ သည် လူ နဲ့ သာ ဆိုရင် ခင့် ကိုယ် ခင် သေလိုက်မှာပဲ ” စသော ငြင်းပယ်ခြင်းမျိုး ကို ပြောဆိုရန် ကြံစည် မိလေ၏ ။


အကြောင်းမူ ကား ကျောင်းသူ ဖြစ်စဉ် ဝင်သည့် နှစ် မှ စ၍ တစ်မျိုး ဉာဏ် နှင့် အပိုးသန်ခဲ့သော ကိုတိုးဟန် ဆိုသူ နှင့် ဟူ၍ အတိအကျ သိရသော ကြောင့် ဖြစ်လေ၏ ။ တိုးဟန် မှာ အရိုးကြံ ၍ အပိုးသန် ခဲ့သော်လည်း တဇောင်းစေး နဲ့ မျက်ချေး ပမာ ၊ မကောင်းတဲ့ ဘက် ချည်းသာ အပြော ခံရသူ တစ်ဦး ဖြစ်လေသည် ။ သို့သော် မိဘဂုဏ်မောက် ကာ မရရင် နေနိုင်ရိုးလား စသော အခဲလုံးမျိုး နှင့် အမြဲတမ်း စွဲလမ်း ၍သာ နေလေ၏ ။


ဝန်ထောက် သား ဖြစ်သည် က တစ်ကြောင်း ၊ ပညာ က လည်း အထက်တန်းစားမျိုး ကို တက်ရောက် နေသဖြင့် ယခု ကဲ့သို့ လက် သင့်ရာ စားတော် ခေါ် နေသော ခေတ်ကြီး မှာ ဘိုးဟန် အတွက် အလုပ်အကိုင် အား ခဲယဉ်းစရာ မရှိသော ကြောင့် တက္ကသိုလ်ကျောင်း မှ ထွက်ထွက်ချင်း ပင် လျှင် သထုံမြို့ တွင် ဒုတိယ ရာဘက် ရာဇဝတ်တရားသူကြီး အဖြစ် နှင့် ဆောင်ရွက် နေရလေ၏ ။ 


ထိုသို့ မိဘဂုဏ် မှ စ၍ အမျိုးအရိုးများ ကြီးကျယ်သည့် အပြင် သား ဖြစ်သူ မှာ လည်း တရားသူကြီး ဟူသော ဘွဲ့ထူး နှင့် ပြည့်စုံသည့် အတွက် ဂုဏ်ပကာသန ကို သာ အစဉ် ထာဝရ လက်ကိုင် ထားရှိသော ခင်မြင့် ၏ မိဘ များ မှာ အင်း ၊ အဲပင် မလုပ်နိုင် ဘဲ တပြုံးပြုံး နှင့် နှုတ်ခမ်း အဆီရစ် ကာ တဟုတ် တန်း အတည်ဖြစ်အောင် စီစဉ်၍ နေလေတော့၏ ။


အခန်း - ၄


မိဘ စကား နား မထောင်ဘဲ ကိုယ် ထင်ရာ လုပ်မိလို့ ဒုက္ခတွေ မိုးမွှန် အောင် ခံစားရတာတွေ လည်း အနန္တ ပဲ ၊ မိဘ ဆိုတာ ဟာ ကိုယ့် ရင်နှစ် သား သမီးများ ကို အပူအပင် များအောင် ဒုက္ခ များအောင် ရယ် လို့ ဘယ်တော့မှ မဖြစ် စေချင်ကြဘူး ၊ အခု သူတို့ စီမံချက် ဟာ လည်း ဘယ်သူမှ မပြောဘဲ နဲ့ ငါ့ ကိုယ်တွေ့ နဲ့ ပင် ကောင်းဖို့ လှလှပပကြီး ဖြစ်ဖို့ ပန်ကာ အောက် မှာ ကြံရာ မြောက် ပြီး အတင်းပျော်တော်များ နဲ့ မင်းကတော် ၊ မင်းကတော် ခေါ်ဖို့ ဆိုတာ ငါ အသိပဲ မဟုတ်လား စသော တွေးတောချက် တို့ ဖြင့် တစ်ခါ တစ်ခါ မင်းကတော် လုပ်ချင်စိတ် ဖြစ်ပေါ် လာရင် မိဘ စကား ပဲ နားထောင်ချင် သလို ခင်မြင့် မှာ စမ်းတဝါးဝါး ဖြစ်၍ နေလေ၏ ။


“ ခင့် မိဘ နဲ့ ပေါင်းရမှာ မဟုတ်ဘူး ၊ ခင် နဲ့ ပေါင်းရမှာပါ ”


“ ခင် နဲ့ ပေါင်းရတာ ဟုတ်ပါပြီ ၊ မိဘတွေ က သမီကလေး ကောင်းစား တာ မြင်ချင်လို့ တချို့ တချို့ သမီးရှင် တွေ လည်း ဘိလပ် မှာ ပညာ သင်တုန်း ရှိ နေတဲ့ သားရင်းမိဘတွေ နဲ့ မြန်းတောင် မြန်း ထားပြီးကြတဲ့ အတွက် အခု ခင် နဲ့ ဆိုရင်လည်း ခင့် မိဘတွေ က မမြန်းထားရသေးဘူး လို့ ခင် သိနိုင်လား ”


“ မသိနိုင် ၊ မသိနိုင် ရှင် ၊ ကိုဝင်း အပူ တစ်ရွေးသား မရှိပါဘူး ၊ ကိုဝင်း က လွဲရင်လေ တစ်ကိုယ်လုံး စိန်စီ ထားတဲ့ အကောင် ဖြစ်ဖြစ် ၊ မိုးကျရွှေကိုယ် ပဲ ဖြစ်ဖြစ် ( ဟင့်အင်း ရှင့် ဟင့်အင်း ) ပဲ သိလား ” ဟူသော မိမိ ကျောင်း နေစဉ်တွင် ကြည်မောင်ဝင်း နှင့် ပြောခဲ့သည့် စကားများ ကို ကြားယောင်ယောင် ရှိသော အခါ “ အောင်မယ် တစ်ကိုယ်လုံး စိန်စီ ထားတဲ့ အကောင် ပဲ ဖြစ်ဖြစ် ၊ မိုးကျ ရွှေကိုယ် ပဲ ဖြစ်ဖြစ် ( ဟင့်အင်း ရှင့် ဟင့်အင်း ) ပဲ ဆို ၊ အခု ဒီ ငတိုးဟန် ဟာ စိန်စီ ထားတဲ့ အကော င်ပဲ လား ၊ မိုးကျရွှေကိုယ် ပဲ လား ။ ဘာမှ မဟုတ်ဘူး မဟုတ်လား ၊ ဒီလို အကောင်မျိုးတွေ ကို တောင် ( ဟင့်အင်း ရှင့် ဟင့်အင်း ) ပဲလို့ ငါ ကိုဝင်း ကို ပြောသေးတာ ပဲ ၊ သူ လို ငါ လို ငတိုးဟန် ဆိုရင် ဖြင့် ဒီထက် ကဲဦးမှာ ပေါ့ ၊ အို .. ကိုဝင်း ၊ ကိုဝင်း ရဲ့ ၊ ခင် လေ ခင် ၊ ခင်လေ မိုက်မိဦး မလို့ ၊ ခင် မမိုက်တော့ပါဘူး ၊ ခင် အကြောင်း ထူး ပါက ကိုဝင်း ထံ ကိုသာ မြန်မြန် စာရေး အကြောင်းကြားပါ တော့ မှာသွားတယ် မဟုတ်လား ၊ အခု ခင် အကြောင်း ထူး နေပြီ ၊ မှာလိုက်တော့မယ် ကိုဝင်း ရေ စသည်ဖြင့် တဗျစ်တောက် တောက် ဖြစ်ကာ စာကို ချက်ချင်း ရေးသား ပေးပို့ လိုက်လေ၏ ။


မင်္ဂလာ ဆောင်ရန် ရက် သည် လည်း တဖြည်းဖြည်း နီးကပ် ၍ လာလေ ၏ ။ ခင်မြင့် မှာလည်း မျှော်တော်ဇော နှင့် မော နေရှာလေ၏ ။ နက်ဖြန်ခါ မင်္ဂလာ ဆောင်မည့် နေ့ မကျခင် ညဉ့် ၌ မော်လမြိုင်ရထား ကို မီ မှ မီပါ့မလား ဟူသော စိုးရိမ်ခြင်း နှင့် ကွမ်းခြံဘူတာရုံကြီး တံတား ပေါ် မှ ခပ်သုတ်သုတ် လျှောက် လာကြသော လူနှစ်ယောက် တို့ သည် မီးရထားတွဲ ပေါ် သို့ ရောက် နေကြ သော် လည်း ဂနာ မငြိမ်ဘဲ တောင်း မှောက်သော ကျီးကန်း မျက်စိ ကဲ့သို့ ပျာရိပျာယာ ဖြစ်၍ နေလေ၏ ။ ပုဇွန်တောင် ဘူတာ ကို လွန်၍ သင်္ဃန်းကျွန်း ဘူတာ ကို ကျော်ဖြတ် သွားသော အခါမှ နှစ်ဦးသား မှာ ' ဟင်း ' ခနဲ ဟူသည့် သက်ပြင်းများ ကို ချကာ ပျော်ရွှင်သော အမူအရာ ကို ပြကြ လေ၏ ။


“ ကိုဝင်း ”


“ ဘာတုံး ခင် ”


“ အခု ဘာလုပ်နေလဲ ” 


“ ကျောင်းဆရာ လုပ် နေတယ် ” 


“ ဘယ်ကျောင်းမှာလဲ ”


“ အောင်မယ်လေး အခုမှ စက်ရှင်မင်းကြီး ရောက် နေပြန်ပြီ ၊ ဘယ်ကျောင်း ဖြစ်ဖြစ် ဘာလုပ်ဖို့လဲ ”


“ အို သိချင်လို့ မေးတာပေါ့ ” 


“ ဗုဒ္ဓဘာသာ ကျောင်း မှာ ”


“ လခ ဘယ်လောက် ရသလဲ ”


“ ဒါတွေ ခင်နဲ့ မဆိုင်ပါဘူး ၊ အခုလို ချွတ်ချွတ်လွတ်လွတ် တွေ့ကြရ တာပဲ ဝမ်းသာစရာ မဟုတ်လား ”



“ ဆိုင်လို့ မေးတာပဲ ကိုဝင်း က လဲ ”


“ တစ်ရာ့ရှစ်ဆယ် ရတယ် ၊ ကိုင်း ဘယ်လို ဆိုင်လဲပြော ” 


ဆိုကာ လက်ကလေး ကို ဆွဲကိုင် လိုက်လေ၏ ။


“ အို ဒီ လက်ကြီး ဟာ ၊ ဖယ်ပါအုံး ရှင့် ၊ တစ်ရာ့ရှစ်ဆယ် ဆိုတော့ တစ်ရာ ကို ဖယ်ပြီး သုံးပုံ ပုံ တစ်ပုံ က လှူဖို့ ၊ တစ်ပုံ စု ဖို့ ၊ တစ်ပုံ ကို ကိုဝင်း တို့ ဖေဖေ မေမေ တို့ ကို တစ်ပုံ ၊ ကျန်တဲ့ ရှစ်ဆယ် ဟာ စားဖို့သောက်ဖို့ ပိုပိုလျှံလျှံ ရှိရင် ဒီ အထဲ က ပဲ အဝတ်အစား ဝယ် ၊ ကိုင်း မဆိုင်ဘူး ဆို ”


ဟု ပြောကာ ကြည်မောင်ဝင်း ၏ ပါး ကို ဆွဲ လိမ်လိုက်လေ၏ ။ 


“ ဒါကြောင့်မို့ မိန်းမများ ဟာ ကုန်ရောင်းကုန်ဝယ် နှင့် အိမ်တွင်းမှုရေးရာ သာ တတ်တယ်လို့ နိုင်ငံခြားသား တွေ ပြောတယ် မဟုတ်လား ”


“ ပြောပါစေ ၊ ဘာဖြစ်လဲ တတ်တယ်လေ တတ်တယ် ” 

( နွဲ့ဆိုး ဆိုးကာ ပြောသည် )


“ နို့ မဟုတ်ဘူးလား ”


ဟူ၍ ကြည်မောင်ဝင်း မှာ ခင်မြင့် အား ပွေ့ပိုက်မည့် ဟန် ဖြင့် လက် ကို ဆွဲကိုင် လိုက်ရာ


“ အို ကြည့်ပါလား ... ဟင့်အင်း ရှင့် ဟင့်အင်း ”


“ ခင် က လည်း အခုတောင် ‘ ဟင့်အင်း ရှင့် ဟင့်အင်း ’ နေသေး သလား ၊ ကျောင်းမှာတုန်း ကလို စိန်စီ ထားတဲ့ အကောင် ပဲ ဖြစ်ဖြစ် မိုးကျရွှေကိုယ် ပဲ ဖြစ်ဖြစ် ‘ ဟင့်အင်း ရှင့် ဟင့်အင်း ’ မျိုး မဟုတ်တော့ဘူး ၊ စီး လာတဲ့ မီးရထား ကို က ဒုတိယတန်း သက်သက် ကွဲ့ ”


ဟု ပြောကာ ချောကညာ မြင့်မြင့်ခင် အား သဘောမှာ အချစ်မြင် အောင် ဒလဟော ပြော နေသည့် “ ဟင့်အင်း ရှင့် ဟင့်အင်း ” ဟူသော အသံ ကို တစ်မုဟုတ်ချင်း ရပ်တန့်စေသည့် အပြင် “ ခင် ၊ မုတ္တမ ဘက် တောင် နီးလာပါ ပကော ” စသော ကြည်မောင်ဝင်း ပြောသံ ကြားမှ ခင်မြင့် မှာ မျက်နှာ ကို ထ သစ်ရတော့လေ သတည်း ။


◾စပါယ်အုံး


📖 ဗန္ဓုလဂျာနယ် ဝတ္ထုများ


#ကိုအောင်နိုင်ဦး


.

Tuesday, March 7, 2023

အပျော် အပျော် နဲ့


 ❝ အပျော် အပျော် နဲ့ ❞


( ပုဂ္ဂလဓိဋ္ဌာန် မဟုတ် ၊ သတိသမ္ပဇဉ် နှင့် ဉာဏ်ဆင်ခြင်တော်မူကြစေရန် ရည်ရွယ်ခြင်း ပြုလိုက်ပါသည် )


“ ငါ့ သား ၊ အပျော်အပျော် နဲ့ ဘယ့်နှယ့်ဟာ လဲ ၊ ဒီလို အပျော် လိုက်တဲ့ ဟာ ၊ ကျောင်း နေတုန်း မှာ ဆိုရင် အမြင် မတော် ဆင်တော် နဲ့ ခလောက် ၊ ဘုန်းကြီး မှာ ဘီး နဲ့ ဆံထောက် ဆိုတာ လို ကျနေတယ် ကွဲ့ ”


“ ဒါက မေမေ ၊ လူတင် ပါ လို့ နွား ကျားကိုက်တာပါ ၊ ကျွန်တော်တို့ သင်ခန်းစာ ထဲ မှာ ပျော်တဲ့ အချိန် ပျော်ပြီး စာ ကျက် တဲ့ အချိန် စာ ကျက် ရင် ပြီးတာပဲ တဲ့ ”


“ အေးလေ ဟုတ်ပါတယ် ၊ နို့ပေမဲ့ မင်း အခု လုပ် နေတာ က လူလေ တဲ့ အလုပ်မျိုး လုံးလုံး ဖြစ် နေပြီ ၊ လူ ဟာ လေ သွားပလား ဆိုရင် ဘယ်က စာသော ညာသော ကျက်နိုင်မှာ မဟုတ်ဘူး ”


“ ခက်တယ် မေမေ ခက်တယ် ၊ အရပ် နဲ့ ဖြစ်လာတော့လည်း မငြင်းနိုင်ဘူးပေါ့ ။ ဒီ အပေါ် မှာ လည်း ကျွန်တော့် အခန်း က မပါရင် မပြီးတဲ့ အခန်းမျိုး ကျတော့ မလုပ်ပြန်လည်း သွေးကြီးတယ် ၊ ဖင်ကျယ်တယ် နဲ့ အမျိုးမျိုး ပြောကြတယ် ”


“ ဒီလို အပြောတွေ ကို သာ ကြောက် နေရင် မင်း ရှေ့ ကို လူ လုပ်ဖို့ ဘယ် ဖြစ်တော့ မလဲ ၊ သူတို့ က မင်း ဟာ အက ကောင်းတယ် ၊ အဆို ကောင်းတယ် ၊ အပြော ကောင်းတယ် နဲ့ ချီးမွမ်း လေလေ ၊ ဒုက္ခ ရောက် လေလေပဲ ၊ အေး တစ်ခါတလေ ဆိုလို့ ဘုန်းကြီးပျံပွဲ ၊ ဘုရားပွဲ တို့ မှာ အရပ် နဲ့ ချီပြီး လုပ်ကြလို့ ၊ က,တယ် ဆိုရင် ရှိပါစေတော့ ၊ အခုဟာ ဒီလိုမှ မဟုတ်ဘဲ ၊ ဇာတ်သမား လို ညဉ့် ရှိ သလောက် ဟို က လာ ငှားတယ် ဆို လိုက် သွား လိုက် ၊ ဘယ် က လာ ခေါ် တယ် ဆို လိုက် သွား လိုက်နဲ့ ဒီလို ဘိုင်စကုတ် ထဲ မှာ ဇာတ်လိုက်ကလေး လုပ်ပြီး မင်း သား ၊ မယား ကျွေးနိုင်မယ် ဆိုရင် မပြောပါဘူး ၊ အခု ဆယ်တန်း အောင် တဲ့ လူတွေ တောင် ဒု နဲ့ ဒေး ၊ အလုပ် မရှိတာတွေ ။ မင်း ကို ပြောနေတာတွေ ဟာ မင်း ကောင်းဖို့ချည်း ပဲ နော် ၊ ကြပ်ကြပ် စဉ်းစား ငယ်တဲ့ အရွယ် မဟုတ်တော့ဘူး ”


“ ဒါဖြင့် ကျွန်တော် မကတော့ဘူး လို့ သွား ပြော လိုက်မယ် ”


“ အောင်မယ်လေး မလုပ်ပါနဲ့ ၊ ဟိုက မဟဝါတွေ က ငါ့ ကို ကလော်တုတ် ပါဦးမယ် ၊ ငါ က မကရဘူးလို့ ငါ့ သား ၊ ငါ ပြောပေမဲ့ တချို့က ဘာညာ ထင်ကြမယ် ၊ အဆုံးမတော့ မင်း သဘောလေ ၊ ချင့်ချိန်ဖို့ ပါပဲ ၊ အခု ဆယ်တန်း ဆိုရင် ဒီ တစ်နှစ် ပဲ အောင်ရမယ် မဟုတ်လား ၊ တစ်နေ့ ကလည်း ကျောင်းပျက်ရက် များတယ် လို့ ဆရာကြီး ခေါ် တိုင် ပြီးပြီ ၊ ကိုယ့် မှာ လေ ဖုံးလိုက် ရတာ တကတဲ မှ ပဲ ”


“ မေမေ ပြောတာတွေ တော့ ကျွန်တော့် အတွက်ချည်း ပါ ပဲ ၊ နို့ပေမဲ့ မုန်း မှာ လည်း ကြောက်ရသေးတော့ စဉ်းစားဦးမယ် နော် ”


“ အေး ... စဉ်းစား စဉ်းစား ၊ မမိုက်ပါနဲ့ ကွယ် ၊ လူ က အလိမ္မာသား နဲ့ မက,ရ လို့ သေသွားမှာ မဟုတ်ပါဘူး ”


စသည်ဖြင့် မောင်လွန်းတင် ၏ မိခင် မသော့ မှာ ၊ မိမိ ၏ သား အား ကျောင်း နေတုန်း အခါတွင် အပျော် မလိုက်ရန် ဆုံးမ သွန်သင်၍ နေလေ၏  ။


“ ကိုလွန်းတင် ၊ ဒီ ညဉ့် ဘာ ဇာတ်ထုပ် ခင်း မလို့လဲ ၊ သင်္ဘော ထဲ အရပ် က ဘိုင်စကုတ် နဲ့ ပြိုင် ကရမယ် ဆို ”


“ ဒီ ဘိုင်စကုတ် လည်း မကပါတော့ဘူး ၊ တယ် ရှုပ်တယ် ၊ က နေလို့ ထမင်း ဝမယ် ဆိုရင် တစ်သက်လုံး က နေမယ် ၊ ခင် တို့ က မောင် အက သိပ် ကောင်းတာပဲ ၊ အမူအယူ ဟာ မိန်းမကလေး နဲ့ လွှတ် တူတာပဲလို့ မြှောက်ပေး လေလေ ၊ မောင် ဒုက္ခ ရောက်လေပဲ သိလား ၊ တော်တော်ကြာ ဆယ်တန်း စာမေးပွဲ တောင် ဝင် ရမှာ မဟုတ်ဘူး ”


“ အောင်မယ် …. ရှင့် ကို ဘယ်သူ က ကုန်း တိုက်လိုက် ပြန်ပြီလဲ ၊ နည်းနည်းကလေး သူများ က ကောင်းပါတယ် ၊ တော်ပါတယ်လို့ ချီးမွမ်းရုံတင်ကလေး ရှိ သေးတယ် ၊ ယောက်မ မြင်းစီး ထွက်ချင်လာပလား ”


“ ဘယ်သူ က မှ မတိုက်ရပါဘူး ၊ သို့ပေမဲ့ ကိုယ် ကိုယ် ရမ်းလည်း ကို သိရသေး တာပေါ့ ၊ လူ ဆိုတာ အပျော်ချည်း လိုက်နေလို့ ဘာဖြစ်မလဲ ၊ နောင်ကို သား ၊ မယား ယူချင် ယူကြမှာ ၊ ဒီတော့ ဇာတ်သမား မဟုတ်လို့ က,ကျွေး ရမယ် ဆိုတာလဲ အခက်သား ကလား ”


“ အို ... ကိုလွန်းတင် လည်း သား ၊ မယားတွေ ယူဦးမလို့တဲ့ လား ၊ ဘယ်သူများ မြင်ထားပါ လိမ့် ”


“ ဘယ့်နှယ့် ပြောတာလဲ ၊ ကာမလောကီသားတွေ ပဲ ၊ ဘယ် မယူဘူးလို့ ပြောနိုင်ပါ့ မလဲ ၊ မြင် ထားတာတော့ လည်း ရှိတာပေါ့လေ ၊ ဒီလောက် ကြီး တဲ့ ညောင်ပင် ဟာ ရုက္ခစိုး မရှိဘူးလို့ ဘယ်သူ က ပြောနိုင်သလဲ ”


“ အလိုလေး ၊ အခု ရုက္ခစိုးတွေ ဘာတွေ နဲ့ လား ကြည့်စမ်း ၊ ဘိုင်စကုတ် ထဲ က ဇာတ်လိုက် ဆိုတော့ ဘယ်လောက် မျက်နှာ ရှိသလဲ ၊ ဘယ်သူတဲ့လဲ ရှင် ၊ ကျွန်မတို့ ကော မသိရဘူးလား ”


“ ခင် သိပြီးပြီ မဟုတ်လား ”


“ ဘယ်တော့ပြောလို့ ၊ ဘယ်မှာ သိရမှာလဲ ”


“ ဟောဒီက မောင့် ကို ဆံထုံး ထုံးပေးတဲ့ မခင်အေးကြီး ဟာ မောင့် ရုက္ခစိုးကြီး ပေါ့ ”


“ တယ် .. တယ် ၊ ဘယ်သူက ဘာ ပြောမိသေးလို့လဲ ၊ ကိုလွန်းတင် ရဲ့ ရုက္ခစိုး ဖြစ်ရမှာ ”


“ ခင့် ပါးစပ်က မပြောပေမဲ့ ၊ ခင့် မျက်စိ က ပြောနေပါတယ် ”


“ လွှတ်လေ ၊ အို လူတွေ မြင်ကုန်မယ် ၊ ကြည့်ပါလား အော်လိုက်မယ် ၊ မလွှတ်ဘူးလား ၊ ကြည့်စမ်း ကြည့်စမ်း ၊ တယ်နော် ”


“ မြင်ကုန်ရင် ဘာဖြစ်သလဲ ၊ သနပ်ခါး လူးပေး နေတယ် လို့ ပြောတာပေါ့ ”


“ ဒီလိုတော့ တယ် တတ်တယ် ၊ မကတော့ဘူး ဆို ”


“ ခင် ချည်းပဲ သနပ်ခါး လူးပေး ၊ ခင် ချည်းပဲ ဆံထုံး ထုံးပေး ၊ ခင် ချည်းပဲ ထဘီတို့ အင်္ကျီတို့ နဲ့ ဖြီးပေး ၊ လိမ်းပေး ၊ ဝတ်ပေး နေရင် က မှာ ပေါ့ ”


“ ဒီ ည ဘာ ဇာတ် က မလို့လဲ ”


“ ဒါရိုက်တာ က တော့ ကံဆိုးမ ကမယ် လို့ ပြောတာပဲ ”


“ ဒီလို ပြိုင် က ရမှာ အလွမ်းချည်းပဲ ပါ တာ မကောင်းပါဘူး ”


“ ဟေ့ ... လွန်းတင် မပြီးသေးဘူးလား ကွဲ့  ၊ တယ် ကြာတာကိုး ၊ မင်း တစ်ယောက် တည်း ကျန် တော့တယ် ၊ ဒါနဲ့ ကံဆိုးမ မဟုတ်တော့ဘူး ၊ မမုန်းနိုင် ကပါ လို့ ပြောကြလို့ ဇာတ်ပြောင်း လိုက်ရပြီ ”


ဟု ဒါရိုက်တာ က လာ ပြောမှ ပွဲ ထွက်ရန် အချိန် စေ့လုနီးပြီ ကို သတိ ရ ကာ လွန်းတင် မှာ ကမန်းကတမ်း ထဘီ ကို ဝတ်၍ နေ လေ၏ ။


“ ဒါပဲနော် ပွဲ ထွက်ရင် ခင့် ဘက်ကို ချည်းပဲ လှည့် ကရမယ် သိလား ”


“ အေးပါကွယ် မြန်မြန် လုပ်ပါ ၊ တို့ပတ် ကော ၊ အတွင်းခံ ဇာဘော်လီ အပြင် ထွက် နေသေးလား ကြည့်ပါဦး ”


“ မထွက်ပါဘူး သွားတော့ ၊ ဟိုမှာ ပွဲ ထွက်တော့မယ် ”


ပွဲဦး အစ တွင် ဇာတ်လိုက်များ အား အကုန် ကန်တော့ပန်း ဆင်ရန် ထွက်ခိုင်း လေ၏ ။ လွန်းတင် မှာ တကယ့် ပကတိ မိန်းကလေး နဲ့ တူသောကြောင့် ယောက်ျားကလေးတွေ များသော ဘက် မှ အော်ဟစ် ဆူညံ၍ နေလေ၏ ။ မိန်းမပျိုကလေး ဘက်များ မှ မူ ကား မတုန်မလှုပ် ကျောက်ရုပ် ပမာကဲ့သို့ ငေးစိုက် ကြည့်ရှု နေကြကာ မိန်းမကလေး နဲ့ ဖြင့် သိပ် တူတာပဲ ဟူ၍ တွေးသူ က တွေး၍ နေကြလေ၏ ။ ဇာတ်လမ်း စ ၍ ထွက် လေ၏ ။ မကြာခင် လွန်းတင် မှာ သူဌေးသမီး တစ်ဦး အဖြစ် နှင့် ဆောင်ရွက်ရလေရာ ဇာတ်လိုက် ဖြစ်သူ နှင့် ချစ်ခန်း ၊ ကြိုက်ခန်း နှစ်ပါးသွားခန်း တို့ ကို ပြောဆိုရန် အချိန် ကျရောက် လာလေ၏ ။


“ လွှတ်လေ ၊ အို လူတွေ မြင်ကုန်မယ် ၊ ကြည့်ပါလား အော်လိုက်မယ် ၊ မလွှတ်ဘူးလား ၊ ကြည့်စမ်း ၊ ကြည့်စမ်း တယ်နော် ” ဟု နှုတ် က ပြောရင်း အမူအရာ နှင့် လွန်းတင် ပြုလုပ်နေသည် ကို ကြည့် နေသော ခင်အေး မှာ လွန်းတင် အား သနပ်ခါး လိမ်းပေး စဉ် က ထိုကဲ့သို့ လွန်းတင် ပြုလုပ် သဖြင့် မိမိ က ပြောဆို မိသော စကားမျိုး ဖြစ်နေသည့် အတွက် အိုးမလုံ အုံပွင့် ကာ ဣန္ဒြေ မဆည်နိုင်အောင် ဖြစ်ရလေရာ မနည်း ဟန်ပန်လုပ် ၍ နေရလေ၏ ။


ခင့် ဘက် ကို ချည်းပဲ လှည့်ပြီး က ရမယ် သိလား ဟု မှာထား သဖြင့် လွန်းတင် မှာ အကွက် ဆိုက်တုန်း ပြောလိုက်သော စကား ကြောင့် ခင်အေး ဘယ့်နှယ် ဖြစ်သွားပါလိမ့် ဟု တစ်ချက် လှည့်စောင်း ကြည့်လိုက်ရာ “ ဟင်းနော် ဟင်း ၊ တယ် စွာတဲ့ ပါးစပ် ၊ ပွဲပြီးရင် သိရောပေါ့ ” ပြောဆို နေဘိအလား နှုတ်ခမ်းကလေး တစူစူ နှင့် နေမတတ် ထိုင်မတတ် ဖြစ်နေသည် ကို တွေ့ ရလေ၏ ။


ချစ်ခန်း ၊ ကြိုက်ခန်း လည်း ချစ်ခန်း ၊ ကြိုက်ခန်း အလိုက် ၊ လွမ်းခန်း ၊ သောခန်း လည်း လွမ်းခန်း ၊ သောခန်း အလိုက် လွန်းတင် ကပြရာ တွင် ကြည့်ရှုသူ ပရိသတ် တို့ အား ချစ်ခန်း ၊ ကြိုက်ခန်း တွင် ရိုးတိုးရွတ ဖြစ်စေ၍ လွမ်းခန်း ၊ သောခန်း တွင် မျက်ရည်များ ယိုဆင်း လာ လောက်အောင် အသုံးတော်ခံတတ် သဖြင့် ၎င်း၏ အမူအရာ ကြောင့် ပရိသတ်လူထုကြီး မှာ ပွဲပြီး သည့် တိုင်အောင် လျော့သည် မရှိ တိုးသည် ထက် ပင် တိုး၍ လာလေ၏ ။


ဇာတ်လမ်း အဆုံးသတ် တွင် ဇာတ်လိုက် လုပ်သူ က လွန်းတင် အား “ ခင် ရယ် ၊ ခင် က မောင့် ကို ဘယ်လောက်ပင် ရက်စက်စိမ်းကားစွာ ပြုလုပ်ပေမဲ့ ဟောဒီ က မောင့် မှာ ဖြင့် ခင်က လွဲ ရင်လေ ဆန်ကွဲဆန်ညှာ ၊ ဖွဲပမာ ပဲ ရယ်လို့ ထင်ပြီး မမုန်းနိုင်ဘူး ခင် ရေ့ ၊ မမုန်းနိုင်ဘူး ၊ ရွှေမြင်းမိုရ် ကြေကာ ပြုန်းစေတော့ ၊ သွေခွာ မုန်းမယ်လို့ မထင်ပါနဲ့ ” စသည် ဖြင့် ခရာတာတာ နှင့် မမုန်းနိုင် ဇာတ်လမ်းကြီး ကို ကွက်ကွက်ကွင်းကွင်း ပေါ်လွင် ထင်ရှားစေအောင် ပြောဆို လိုက်သော အခါ ပရိသတ်များ မှာ သဘော ကျ နေခိုက် တွင် “ ပြီးပါပြီ ခင်ဗျာ ” ဟု တစ်ယောက် က ကျယ်လောင်စွာ ပြောလိုက် သဖြင့် လူထုကြီး မှာ မပြန်ချင် ပြန်ချင် နှင့် ပြန်ကြ ရ လေ၏ ။


ပွဲ ပြီးလျှင် လွန်းတင် မှာ မိမိ အမေ ပြော လိုက်သော စကားများ ကို ရုတ်တရက် သတိ သွား ရသဖြင့် ပြုံးလက်စ ရှိ နေသော ရွှေရုပ်သွင် မှာ လ,ငပုပ် ဖမ်းထား ဘိ သကဲ့သို့ ညှိုးငယ် ၍ သွားလေ၏ ။


သို့သော် မွဲချင်တဲ့ ခွေး ပြာပုံ တိုး ဆိုသလို လေချင်တဲ့ မောင်လွန်းတင် မှာ နဂို က လေချင်တဲ့ လက်စ နှင့် ခင်အေး ၏ လိမ်းဖြီး ပြုပြင်ပေးသည့် တွေ့ထိခြင်း အဖြစ်မျိုး ရော ပူးပူးကပ်ကပ် နူးနူးနှပ်နှပ် ပြောရ ဆိုရခြင်း ကိစ္စမျိုး ကို ပါ ညစဉ် လိုလို တွေ့ လို မြင်လို သော စိတ်တို့ မှာ ယိုဖိတ် လု မတတ် များပြား နေရကား မိဘ စကား မှာ ချိုလို့ ညောင်း သော်လည်း ခင်အေး စကား လောက် မကောင်း ဟု ထင်မှတ်ကာ အိမ်သို့ ပင် မပြန်ချင်ဘဲ ရှိနေလေ၏ ။


သို့နှင့် ညဉ့် ပွဲ က နေ့ အိပ် နှင့်သာ အချိန်ကို ကုန်လွန်ခဲ့စေလေရာ နောက်ဆုံး ၌ ကျောင်း ပျက်ရက် များသည် ဟု အကြောင်း ပြ ကာ လွန်းတင် အား ဆယ်တန်း စာမေးပွဲ သို့ ဝင်ခွင့် မပြုဘူး ဟူ၍ ဆရာကြီး က အတိအလင်း ကြေညာ လိုက်လေ၏ ။


စာမေးပွဲ မဝင်ရသော ကိစ္စ သည် ခင်အေး နှင့် ပြော နေရ ၊ ဆို နေရ ၊ ချစ် နေရ သော အမှောင်တဏှာကြီး က ကာဆီး ဖုံးကွယ်ကာ ထား သကဲ့သို့ ရှိနေ သဖြင့် မည်သို့မျှ ပူပန် တွေးတောခြင်း ကို မပြုနိုင်တော့ဘဲ ကြင်ယာလောင်းကလေး နှင့် သာ အစဉ်မကွာ ပေါင်းသင်း ချင် ပြန်လေ၏ ။ ဆားငန် ရေ သောက် မိသော သူ သည် အဆာ မပြေဘဲ ၊ ထပ်ကာ ထပ်ကာ သာ သောက်သုံး လို သကဲ့သို့ ၊ ချစ်မိ ၊ ခင်မိ ၊ ကြင်မိသော လွန်းတင် မှာ လည်း အာသာ ငမ်းငမ်းတက် ၊ စွဲလမ်းမှု တရား တို့ ကြောင့် နေမထိ ထိုင်မထိ ဖြစ်ပြီး လျှင် နောင် မည်သို့ဖြစ်ဖြစ် ဇွတ် နှစ်ရတော့မည် ဟု သာ အားခဲ ၍ နေလေ၏ ။


“ ကိုလွန်းတင် ရှင် စာမေးပွဲ မဝင်ရတော့ဘူး ဆို ”


“ ဟုတ်တယ် မဝင်ရတော့ဘူး ၊ ဒါ ဘယ်သူ့ကြောင့် လဲ သိလား ”


“ အောင်မယ် ရှင် က ခင့် ကြောင့် ဆိုလိုချင်တာပေါ့လေ ”


“ ခင့် ကြောင့် လည်း ဆိုချင် ၊ မောင့် ကြောင့် လည်း ဆိုချင်တာပဲ ၊ မောင် ချည်းပဲ ချစ်လို့ ခင် က မချစ်ဘူး ဆိုရင်လည်း ၊ ဖြစ်ဦးမှာ မဟုတ်ဘူး ၊ ဒီတော့ ဖြစ်ပြီးမယ့် အတူတူ မောင် တို့လည်း စိတ်တူ ကိုယ်တူ နေလိုက်ကြပါစို့ ”


“ အလုပ်ကလေး အကိုင်ကလေး မှ မရှိဘူး ဆိုရင် မျက်နှာ မငယ်ဘူးလား ”


“ ဒါကတော့ ခင် ပူစရာ မဟုတ်ပါဘူး ၊ လူပျို တုန်း က ကျောခင်း လာ တဲ့ အကောင် တောင် မယား ရပလား ဆိုရင် တကုပ်ကုပ် နဲ့ လုပ်ကျွေး နေတာပဲ ၊ မောင့် ပညာ နဲ့ လည်း တန်ရုံတော့ ရဦးမှာပေါ့ မပူပါနဲ့ ”


နောက် တစ်နေ့ တွင် ဘိုင်စကုတ် ထဲ က ဇာတ်လိုက်မင်းသမီး လုပ်သူ နှင့် ခင်အေး တို့ လိုက်ပြေး သွားကြပြီဟူသော သတင်း သည် ပျံ့နှံ့ သွားလေတော့ သတည်း ။


◾စပါယ်အုံး


📖 ဗန္ဓုလဂျာနယ် ဝတ္ထုများ


#ကိုအောင်နိုင်ဦး


.