Sunday, December 24, 2023

အဖြူရောင် မေတ္တာ

❝ အဖြူရောင် မေတ္တာ ❞


[ မန္တလေးတောင် ပေါ် မှာ ပဲ နေတဲ့ ဆရာကြီးဦးလှရွှေ ( ၅၉ နှစ် ) ကို မန္တလေးတောင် ပေါ် မှာ ကျွန်တော် တွေ့ မြင်ဖူး နေခဲ့တာ ကြာပါပြီ ။ သူ ဟာ အဖြူရောင် အဝတ်တွေ ကို ဝတ်လေ့ ရှိတာ များတယ် ။ တောက်တောက် ပြောင် ပြောင် အရောင်လွင်လွင် တွေ ကို မဝတ်ဘူး ။ သူ့ မျက်နှာ က အေးချမ်းပြီး သူ့ မျက်လုံးတွေ က အစဉ် ပြုံး နေ တတ်တယ် ။


တောင်ထိပ် က ဆုတောင်းပြည့်ဘုရား ရင်ပြင်တော် ၊ ကားရပ်နား စခန်း မှာ ဆရာကြီးဦးလှရွှေ က ဗေဒင်လက္ခဏာ ဟောပြောတဲ့ အလုပ်ခန်း ဖွင့် ထားတယ် ။ သူ့ အလုပ်ခန်း ထဲ မှာ လူ့ အရွယ်အစား လောက် မက ကြီးမားတဲ့ ရုပ်တုတွေ ရှိတယ် ။ သူ ယုံကြည် ကိုးကွယ်မှု နဲ့ ဆိုင်တဲ့ ရုပ်တုတွေ ဖြစ် ပါတယ် ။ ရုပ်တုကြီး တွေ က အလုပ်ခန်း ကို လွှမ်းမိုး ထားတယ် ။ အဲသည် အခန်း ထဲ မှာ ထိုင် နေသူ အပေါ်  စိတ်ပိုင်းဆိုင်ရာ တစ်စုံတစ်ရာ သက်ရောက်မှု ရှိ နေပါတယ် ။ ဆရာကြီး ဦးလှရွှေ က သူ့ ဧည့်သည်တွေ ကို သူ လေးစားယုံကြည် တဲ့ ရုပ်တုကြီး တွေ ရဲ့ရှေ့ မှာ လက်ခံ တွေ့ဆုံ ပြီး ဗေဒင် လက္ခဏာ ပညာ နဲ့ သူ မြင်တဲ့ အကောင်း အဆိုး ၊ အကြောင်း အကျိုးတွေ ကို ဟောပြော လေ့ ရှိတယ် ။ 


မြန်မာတွေ က ဗေဒင် ကို သက်ဝင် ယုံကြည်သူ များတယ် ။ အားကိုး အားထား လည်း ပြု ကြတယ် ။ ဆရာကြီးဦးလှရွှေ က Insight Guide ဆိုတဲ့ မြန်မာပြည် အတွက် နိုင်ငံခြားသား ခရီးသွား ဧည့်သည်တွေ ကို ဧည့်လမ်းညွှန် တဲ့ စာအုပ် ထဲ မှာ သူ့ ဓာတ်ပုံ နဲ့ ပါတယ် ။ နိုင်ငံခြားသား ဧည့်သည်တွေ လည်း သူ့ ကို ဗေဒင် လာ မေးလေ့ ရှိတယ် ။


မန္တလေးတောင် ပေါ်  မှာ ရှိတဲ့ ဆရာကြီးဦးလှရွှေ ရဲ့ အလုပ်ခန်း ကို ကျွန်တော် သွားပြီး သူ့ ဘဝ ၊ သူ့ လုပ်ငန်း သဘာဝ တွေ ကို ကျွန်တော် မေးပါတယ် ။ ]


   •••••   •••••   •••••


ကျွန်တော့် ရဲ့ ပုဏ္ဏား နာမည် က ပါသမ္မာကစ္စနား ။ ကျွန်တော် က မြန်မာ လို ဝတ် မြန်မာ လို နေတာ မို့ ဦးလှရွှေ လို့ ပဲ သိကြပါတယ် ။ 


ကျွန်တော့် အဖိုး က နက္ခတ်ပညာရှိ ဦးဒေဝရာဇ ။ အဖိုး က စည်းကမ်း သိပ် တင်းကြပ်တယ် ။ ကျွန်တော် ကိုးနှစ်သား အရွယ် စလွယ် တင်ပြီးတာ နဲ့ သွားလာ နေထိုင်ရာ မှာ စည်းကမ်း နဲ့ နေ ခိုင်းတယ် ။

 

ကျွန်တော် က မြန်မာ ကျောင်း လည်း တက် တယ် ။ မနက် ကျောင်း မသွားခင် အဖိုး ရှိတဲ့ ဘုရားကျောင်း ကို သွားရတယ် ။ ညနေ ကျောင်း က ပြန် လာရင် တစ်ခေါက် သွားရတယ် ။ သူ့ ဆီ သွား ရင် ပုဆိုး နဲ့ မဝင်ရဘူး ၊ ဘောင်းဘီတို နဲ့ မဝင်ရဘူး ၊ ဒိုတီ ပဲ ဝတ် ရတယ် ။ ပုဏ္ဏားတွေ လုပ်တဲ့ သကျ လို့ ခေါ်တဲ့ ဟာ နဖူး တပ် ရတယ် ။ ကျွန်တော်တို့ ၁၂ နှစ်သား လောက် က စပြီး အဖိုး ဆီ နေ့စဉ် ဝင် ရတယ် ။ ကျွန်တော်တို့ ကို ဥပုသ် စောင့် ခိုင်းတယ် ။ တရား ထိုင် ခိုင်းတယ် ။ တရား ဘာဝနာ ပွား ခိုင်း ပြီး မှ အဖိုး က စာ သင်ပေးတာ ။ ကောင်းကင် နက္ခတ် နဲ့ ပတ်သက်တာတွေ ၊ ဗေဒင် နဲ့ ပတ်သက်တာတွေ ၊ လက္ခဏာနဲ့ ပတ်သက်တာတွေ အဖိုး က သင်ပေး ပါတယ် ။ မပျင်းဖို့ ၊ စိတ်ရှည်ဖို့ ၊ ဝီရိယရှိဖို့ လည်း အမြဲ ဆုံးမတယ် ။


အဖေ က ဦးစန္ဓီ ။ မန္တလေး တောင်ခြေ ခြင်္သေ့ကြီး နှစ်ကောင် စောင်းတန်း မှာ ဗေဒင် ဟောတယ် ။ ကျွန်တော် ဆယ်နှစ်သား လောက် ကတည်း က အဖေ ဗေဒင် ဟောတဲ့ နေရာ လိုက်သွား ဖူးတယ် ။ ကျွန်တော် အသက် ၁၅ နှစ် သား က စပြီး မန္တလေး တောင်ထိပ် က ဆုတောင်းပြည့်ဘုရား မှာ ဗေဒင် စ ဟော တယ် ။ ဆရာတော်ကြီးတွေ က သဘောကျ ပြီး နေရာ တစ်နေရာ ခွင့်ပြု လို့ ဟော ခဲ့တာ ။ မန္တလေးတောင် ပေါ် မှာ ဗေဒင်ဟောလာခဲ့တာ အခုဆိုရင် တော့ ၄၅ နှစ် လောက် တောင် ရှိ သွားပြီပေါ့ ။ 


လူ တစ်ယောက် မှာ ဖြစ်တတ်တဲ့ ဆင်းရဲဒုက္ခ ကို အေးချမ်း သွားဖို့ သာယာ သွားဖို့ ပေးရတဲ့ မေတ္တာဓာတ် ကျွန်တော့် မှာ အောင်မြင် နေပြီ ။ ဒါက အားထုတ် ထား လို့ ၊ မနက် တစ်ကြိမ် ၊ နေ့လည် တစ်ကြိမ် ၊ ညနေ တစ်ကြိမ် တရား ထိုင်ရတယ် ။ စိတ် မပျံလွင့်ဖို့ အရေးကြီးတယ် ။ ခုနှစ်ရက် သားသမီး အားလုံး လူကြီး လူငယ် လူလတ်မရွေး မေတ္တာ ပို့ ရတယ် ။ စိတ် တည်ငြိမ် မှ သာ ဟောကိန်း က မှန်တယ် ။ ဟောတဲ့ ပြောတဲ့ နေရာ မှာ နည်းနည်း မှ အတိမ်းအစောင်း မခံဘူး ။ လူတွေ မှာ အတက်အဆင်း ဂြိုဟ်စီးဂြိုဟ်နင်း တွေ ရှိတယ် ။ ကံကြမ္မာ ရဲ့ အပြောင်းအလဲ ဆိုတာ ရှိတယ် ။ ကောင်းကျိုး ဆိုးကျိုး ဒွန်တွဲ နေတယ် ။ ကံကြမ္မာ အားနည်းသူ ကို မေတ္တာ ထားပြီး ကောင်းမွန် လာ အောင် ကျွန်တော် အကူအညီ ပေးတယ် ။


ကျွန်တော် ယတြာ မပေးပါဘူး ။ မေတ္တာ ပို့ ပေးတယ် ။ အခက်အခဲ ကြုံလာသူ ကို ကောင်းမှု ဝေယျာဝစ္စများ လုပ်ဖို့ ၊ ရဟန်းသံဃာ ၊ အဘိုး ၊ အဘွား များကို အဝတ်အစား ပေးလှူ ကျွေးမွေးဖို့ ၊ သက်ကြီး ဝါကြီးတွေ ကို ရိုသေ လေးစားဖို့ ၊ မေတ္တာပို့ဖို့ ၊ ပုတီးစိတ်ဖို့ ၊ ညောင်ပင် မှာ ရေပူဇော်ဖို့ ၊ ကောင်းတဲ့ အလုပ် တွေ လုပ်ခိုင်းတယ် ။ နည်းနည်းပါးပါး ငွေကြေး တတ်နိုင်ပြီး ကံကြမ္မာ အားနည်းတဲ့ သူ ဆိုရင် ရေကန် တူးပါ ၊ ရေအိုးစင် တည်ပါ လို့ ပြောပါတယ် ။


ကျွန်တော့် ဆီ မှာ မေးဖူးပြီး စီးပွား တက်သွား လို့ ကျေးဇူး လာ ဆပ်တဲ့ လူတွေ လည်း အများကြီး ပဲ ။ ကျွန်တော် က ငွေကြေး အသပြာ ထက် မေတ္တာ ကို ပိုပြီး တန်ဖိုး ထားပါတယ် ။ ဆရာကြီး ရဲ့ မေတ္တာရည် ကို ရတဲ့ နေ့ က စပြီး ကျွန်တော် တို့ မှာ စီးပွားဥစ္စာ တက် ပါတယ် ။ သွားလေရာ လာလေရာ မျက်နှာ ပွင့်လင်းပါ တယ် လို့ ဆိုတယ် ။ အချို့ ဆိုရင် မိဘ ရဲ့ မေတ္တာ ကို တောင် မှ အသိအမှတ် မပြုခဲ့ သူတွေ မိဘ ကို ကျေးဇူး ဆပ် တဲ့ အထိ ဖြစ်လာပါတယ် ။


လူ တစ်ယောက် နဲ့ တစ်ယောက် စိတ်သဘောခြင်း မတူဘူး ။ အချို့ ဆိုရင် ဖြောင့်မတ်တဲ့ လမ်း ကို မသွားဘဲ ကွေ့ ကောက်တဲ့ လမ်းသွားရမှ ကျေနပ် တယ် ။ ကွေ့ကောက်ချင်တဲ့ သူ ကို ဖြောင့်တဲ့ လမ်း ဝင် လာ အောင် ဆွဲဆောင် ရ တယ် ။ တချို့လည်း ရ တာပေါ့ ။ ဆယ်ယောက် မှာ ခုနစ်ယောက် က တော့ ရတတ် ပါတယ် ။ ကျန်တာ က တော့ ကောက် မှာ ပဲ လွဲ မှာ ပဲ ။


သူ များ အိမ်ထောင်ရေး ကို ကွဲ အောင် ကျွန်တော် ဘယ်တော့မှ စီရင် မပေးဘူး ။ ပေါင်းအောင်ပဲ လုပ် ပေးတယ် ။ တချို့က လက်ရှိ မိန်းမကြီး ကို ပစ်ပြီး နောက်ထပ် မိန်းမ နဲ့ ပေါင်းချင်တာမျိုး လာတယ် ၊ လုပ် မပေးပါဘူး ။ တတ် လည်း မတတ်နိုင်ဘူး ။ တတ် အောင် လည်း ကျွန်တော် မသင်ဘူး ။ ကျွန်တော် တို့ က အိမ်ထောင်ရေး ဖောက်ပြန်တာ ကို အား မပေးရဘူး ။ မိသားစု သာယာမှု ကို ပဲ အားပေးရမယ် ။


ဟောပြောတဲ့ နေရာ မှာ တော့ ကိုယ်တွေ့  မြင်တဲ့ အတိုင်း ဟော ရတာ ပဲ ။ လူ တစ်ယောက် အတွက် ဆိုးကျိုးပါတဲ့ နှစ် ဆိုရင် ဆိုးကျိုး ရှိတယ် လို့ ဟော တာပဲ ။ ဗေဒင် ဆိုတာ အလင်းရောင် ပေးတဲ့ ပညာ ၊ သောက ကို ရှင်းပေးတဲ့ ပညာ ပါ ။ ဥပမာ လူ တစ်ယောက် ကို ဒုက္ခ တွေ့ နိုင်တယ် ၊ သည်နှစ် အညံ့ ရှိ တယ် ပြော ထားတယ် ။ အဲသည် ဟောချက်မျိုး ပါလာခဲ့ ရင် ကာယကံရှင် က ပိုပြီး ဂရုစိုက် ရမယ် ၊ ပိုပြီး ကြိုးစားရမယ် ၊ ကြိုးစားမှု အင်အား ကျွန်တော် ထားရှိတဲ့ မေတ္တာတွေ ကြောင့် အဆိုးအညံ့ ကို ကျော်ပြီး အောင်မြင်မှု ရတယ် ။ ခုနစ်ရက် သားသမီး ကို ကူညီရတာ မို့ ကောင်းတဲ့ အလုပ် ဖြစ်ပါတယ် ။


( ဗေဒင်ဆရာ ကိုယ်တိုင် လည်း ပုထုဇဉ်လူသား မို့ ဒုက္ခ တွေ့ တာ ၊ သောက ပွေ တာ ရှိနိုင်ပါတယ် ။ ကိုယ့် မှာ သောက အခံ နဲ့ ဟော ရင် မှန်ပါ့မလား လို့ စာရေးသူ က မေးတယ် ။ ) ကိုယ့် ကိုယ် ကို အသား တင်ပြီး ပြောတာ မဟုတ်ပါ ။ ကျွန်တော့် မှာ ဘယ်လိုပင် သောကတွေ ကြုံကြုံ ဘယ်လိုပင် အခက်အခဲ တွေ့တွေ့ ၊ ဘယ်လောက် ပြဿနာတွေ ကြုံနေ ကြုံနေ တရားကျင့်စဉ် အရ စိတ်အေးချမ်းအောင် သောကတွေ ပြေပျောက်အောင် လုပ်ပြီး မှ ဟောတာပါ ။ လပြည့်နေ့ တိုင်း ကျွန်တော် အဓိဋ္ဌာန် ဝင်ပြီး တရား ထိုင် တယ် ။ ဘုရားကျောင်း ကို သွားတယ် ။ ညောင်ပင် အောက် မှာ တရားထိုင်တယ် ။ လူသူ မရှိဘဲ အေးချမ်းတဲ့ နေရာတွေ ရွေးချယ်ပြီး တရား ထိုင် ပါတယ် ။


ကျွန်တော်တို့ ဟာ ကိုယ့် ကိုယ် ကို ယုံကြည် ဖို့ လည်း လိုတယ် ။ အစွမ်း သတ္တိ ရှိ ဖို့ လည်း လိုတယ် ။ ကျွန်တော့် အလုပ် က မိုးရွာ လို့ မိုးလာ ခိုတဲ့ သူတွေ ကို အရိပ် ပေး ရမယ် ။ ဆာလောင် လာ သူ တွေ့ ရင် ထမင်း ကျွေး ရမယ် ။ ပညာ လိုချင်သူ ရှိရင် သင်ပေး ရမယ် ။ ကျွန်တော့် ဆီ က ပညာ သင် သွားပြီး ဟော နေ တာ ၁၅ ယောက် လောက် ရှိနေပြီ ။ သူတို့ က ကိုယ့် ထက် အဆင် ပြေတယ် ။ တိုက် နဲ့ ကား နဲ့ ဖြစ်တဲ့ သူ ဖြစ် နေပြီ ။ သူတို့ က အကျိုးပေး ကောင်းတယ် ။ 


ကျွန်တော် က တော့ ဥစ္စာအသပြာ ထက် စိတ်ပုတီး ကို ပိုပြီး လိုလား လို့ အစစ အရာရာ အဆင်ပြေ ပြီး စိတ် ချမ်းသာ ပါတယ် ။


◾ကျော်ရင်မြင့်


📖 ဘဝဇာတ်ခုံ


#ကိုအောင်နိုင်ဦး


.

 

No comments:

Post a Comment