Wednesday, December 27, 2023

ဝမ်းတွင်း သက်တံ့


 

❝ ဝမ်းတွင်း သက်တံ့ ❞

မီးရထား ရဲ့ ဥဩသံ က ဆက်ဇိုဖုန်း တစ်လက် က ထွက် လာတဲ့ အသံ နဲ့ တူ နေ တယ် ။ ခဏ နေရင် ရထား ထွက်တော့မယ် ဆိုတဲ့ အသိ က ခရီးသည်တွေ ရော လိုက် ပို့ကြတဲ့ သူတွေ ပါ စိတ် ထဲ မှာ သိ နေကြတယ် ။ တစ်ယောက် နဲ့ တစ် ယောက် ခွဲခွာကြရမယ့် သူတွေ က လွမ်းစိတ် ၊ လွမ်းမျက်လုံးလေး တွေ ကိုယ်စီ နဲ့ လက်ကိုင်ပဝါ ကို နာနာ ချေ ရင်း စာ မှန်မှန် ရေးဖို့ မှာ ကြတဲ့ အချိန် ၊ ပြောလက်စ စကားတွေ မကုန်နိုင် တဲ့ အချိန် ၊ ရထားကြီး ရယ် ကျေးဇူးပြုပြီး မထွက်လိုက်ပါ နဲ့ ဦး ၊  ခဏ လောက် တော့ စောင့်ပါဦး လို့ စိတ် ထဲ ကနေ လှမ်း တား နေကြတဲ့ အချိန် ပေါ့ ။

တစ်ဦး နဲ့ တစ်ဦး ပြန်လည် ဆုံစည်းကြရမယ့် သူတွေ အတွက် တော့ ရထားသံ က နားဝင်ပီယံ ရှိ လှချည့် ။ မောင် ပြန်လာပြီ အချစ်ရေ လို့ သူတို့ ကိုယ် စား ပြောပေး နေ သယောင်ယောင် ။ ကျွန်တော် ပြန် လာပြီ အမေ လို့ သား ကို မျှော် နေမယ့် အမေတွေ အတွက် မင်္ဂလာ ရှိလှတဲ့ ဥသြသံ ပေါ့ ။ မီးရထား တစ်စင်း က တော့ မြို့ တစ်မြို့ ကနေ ထွက် လာ ပါပြီ ။ သူ့ လမ်းဆုံး မြို့ အထိ ခုတ်မောင်း သွားတော့မယ် ။

ရထားသံလမ်း က နိုင်ငံခြား တိုင်းပြည် တစ်ပြည် က ရွှေ နဲ့ စက် ဝယ်ရတာ ။ ဇလီဖားတုံး က လည်း အဖိုးတန် ရတနာ တစ်ပါး ဖြစ်တဲ့ ပျဉ်းကတိုး သား ။ သူ့ ဇာတိ က ပဲခူးရိုးမ ဒါမှမဟုတ် ရှမ်းရိုးမ က ။ အောက် က ကျောက် စရစ်ခဲ တွေ က မန္တ လေး ထုံးဘို ဇာတိ ၊ မဟုတ်ရင် စဉ့်ကိုင် ဘယ်လင်း ဇာတိ ၊ ပျဉ်းမနား ရေဆင်းဇာတိ လည်း ဖြစ်နိုင်သေးသယ် ။

မီးရထားသံလမ်း က “ ဆပ်ခင်းကြီး ” ရွာကလေး နား မှာ မကွေ့ မကောက် ဖြတ် သွားတယ် ။ ရွာစည်းရိုး နား ကပ် ဖြတ်သွာတာမျိုး တော့ မဟုတ် ဘူး ။ ရွာ နဲ့ ရထားလမ်းကြား မှာ လှည်းလမ်း တစ်ခု နဲ့ လယ် နှစ်ပွဲ ခြား သေး တယ် ။ ရွာကလေး က အိမ်ခြေ လေးဆယ် နီးပါးရှိတဲ့ ရွာကလေး ။ ဇနပုဒ် ကလေး ။ ရွာ မှာ ဘာ နာမည် မှ ရေး မထားတဲ့ ဘုန်းကြီးကျောင်း တစ်ကျောင်း ရှိတယ် ။ ဒီ ကျောင်း မှာ ဆရာတော် သုံး ဆက် ကျောင်း ထိုင် ခဲ့ဖူးတယ် ။ ပထမ ဆရာတော် က သက်တော် ( ၇ဝ ) မှာ ပျံလွန်တော် မူခဲ့တယ် ။ ဒုတိယ ဆရာတော် က သက်တော် ခြောက်ဆယ် ကျော် မှာ ပျံလွန် ရ ပြန်တယ် ။ အခု ဆရာတော် က သက်တော် ငါးဆယ် နီးပါး ပဲ ရှိ သေးတယ် ။

ရွာသားတွေ အားလုံး တိုင်ပင် မထားကြဘဲ လယ်သမားတွေ ဖြစ် နေ ကြတယ် ။ အတိတ် ဘဝ က ဆုတောင်း တူ ခဲ့ကြလေ သလား မသိ ။ သူတို့ တစ်တွေ လယ်ယာခွင် မှာ ဆင်းရဲပင်ပန်းတာ လည်း တူ ကြတယ် ။ အနာ ရောဂါ ဖိစီး ခံစားကြရတာ မှာ လည်း တူ ကြတယ် ။ ပညာ အခြေခံ နည်း ကြရာ မှာ လည်း တူ နေ ကြပြန်တယ် ။

မီးရထား လောက သား မဟုတ် ရင် ဒီဇယ်စက်ခေါင်း က ဘယ် နိုင်ငံ က ထုတ်လုပ်တယ် ဆိုတာ တပ်အပ် မပြော နိုင်ပေဘူး ။ ရေနွား ၊ ဆေဇန်း ၊ ပေါလ် ဂေါ်ဂင် ၊  ဗင်းဆင့်ဗန်းဂိုး ၊ မိုဒီဂလရာနီ တို့ ရဲ့ ပန်းချီကားတွေ ကို ပြတိုက်တွေ ထဲမှာ စနစ်တကျ သိမ်းဆည်း ပြသ ထားတတ် တဲ့ ပြင်သစ်နိုင်ငံ လုပ် ဒီဇယ် စက်ခေါင်း ဖြစ် ချင် ဖြစ်မယ် ။ ဒါမှမဟုတ် ကမ္ဘာကျော် ဘောလုံးသမား ဖရန့်ဇ် ဘက် ကင်ဘောဝါ ၊ ဂတ်မူလာ ၊ ယူဝီဆီးလား တို့ ကို မွေးထုတ် ပေးလိုက်တဲ့ ဂျာမနီနိုင်ငံ က လည်း ဖြစ်နိုင်တယ် ။ သေချာတာ တစ်ခု က တော့ စက်ခေါင်း တစ်လုံး ဖြစ်ဖို့ ချွေးစက်တွေ လိုအပ်တယ် ဆိုတဲ့ အကြောင်း ပဲ ။ လူတွေ က ချွေး တစ်စက် ၊ သွေး တစ်စက် စွန်းပေ သွားခဲ့ရင် ရေဆေး တိုက်ချွတ် ပစ် လို့ ရတယ် လို့ အထင် ရှိကြတယ် ။ ဟောဒီ စက်ခေါင်း ရဲ့ ကြမ်းပြင် တစ်နေရာ မှာ ဥရောပ အလုပ်သမားတွေ ရဲ့ ချွေးစက်တွေ နဲ့ အင်းစိန် နဲ့ ရွာထောင်စက်ရုံ က အလုပ်သမားတွေ ရဲ့ ချွေးစက်တွေ စွန်းထင်း ပေါင်းဆုံ ခဲ့ကြဖူးတယ် ။ ဘယ်လို မှ ဆေးကြော တိုက်ချွတ် လို့ မရတော့ဘူး ။

ဆပ်ခင်းကြီး ရွာ နား က ရထားသံလမ်း က ရထားလမ်း စ ဖောက် ကတည်း က ရှိ နေတဲ့ သံလမ်း တော့ မဟုတ်ဘူး ။ အသစ် လဲလှယ် ပေးထားတဲ့ သံလမ်း ။ အရင် သံလမ်းတွေ က ခါးသည်း တဲ့ စစ်ဒဏ် ကြောင့် အပိုင်းပိုင်း အတစ်တစ် ဖြတ် ခဲ့ရပြီ ။ ဘဝ ပြောင်း သွား ကြပြီ ။ သံဖြူသမားတွေ ၊ ပန်းပဲ လုပ်သားတွေ ၊ တွင်ခုံလုပ်သမားတွေ ၊ ဆီချေးတွေ ပေကျံ နေတဲ့ ဝပ်ရှော့ လုပ်သားတွေ နဲ့ ဘဝ တူ ဖြစ် သွားရပြီ ။ အလွန် အသုံးဝင်တဲ့ ပေခုံတွေ ပေါ့ ။

ရွာကလေး က အရင် တည် ၊ နောက်ပြီး မှ မီးရထားလမ်း က ဖောက် ၊ မီးရထား ထက် ရွာကလေး က အသက် ကြီးတယ် ။ ဆပ်ခင်းကြီး က အစ်ကို ဆိုရင် မီးရထား က ညီ ပဲပေါ့ ။ ရေနွေးငွေ့ စက်ခေါင်း က လွင့်စင် ကျကျန် ခဲ့တဲ့ ကျောက်မီးသွေးတုံးလေးတွေ ကို ရွာသားတွေ လိုက် ကောက်ခဲ့ကြ ဖူးတယ် ။ ရေနွေးငွေ့ စက်ခေါင်းတွေ ရော ဒီဇယ်စက်ခေါင်းတွေ ပါ ရွာကလေး နား မှာ ဥဒဟို ဖြတ် သွား ခဲ့ကြဖူးပြီ ။ ဒါပေမယ့် ဆပ်ခင်းကြီး သား တစ်ယောက် မှ ရထား မစီး ဖူး သေးဘူး ။ တခြား ရွာ က ကျောင်း လာ ထိုင်တဲ့ ဒုတိယ ကျောင်းထိုင် ဆရာတော် တစ်ပါး ပဲ ရထား ကို စီး ဖူးတယ် ။ ဘူတာရုံ ရှိတဲ့ မြို့ကလေး ကို သွား စီးရတာ ။ လှည်း တစ်တန် ၊ လှေ တစ်တန် နဲ့ ကြွ ရ ရှာတယ် ။ ဆေးကု သွားတဲ့ ဒီ ဆရာတော် က အပြန် မှာ ရထား စီး ရတဲ့ အတွေ့အကြုံ ကို အားပါးတရ ဖောက်သည် ချ ချင် ပေမယ့် ဆန္ဒ မပြည့်ဘဲ ပျံလွန်  ရရှာတယ် ။

အခု ကျောင်းထိုင် နေတဲ့ ဆရာတော် က တော့ တစ်နေ့ နေ့ မှာ သူ လည်း ပဲ မီးရထား စီးဖူးရမယ် လို့ မျှော်လင့် ထားတယ် ။ ဆန္ဒ က တော့ မြန်မာပြည် အနှံ့ ဘုရားစုံ လည် ဖူး ချင်တာ ။ ဘုရာစုံ ဖူး ပြီး အပြန် ကျ ရင် အတွေ့ အကြုံတွေ ကို တရား ထဲ ထည့် ဟော လိုက်ဦးမဟဲ့ တဲ့ ။ ကြိတ်ပြီး ကြုံးဝါး နေတယ် ။

ကျောင်းဝင်း ထဲ မှာ ဆူဆူညံညံ အော်ဟစ် ကစား နေကြတဲ့ ကလေး တွေ ကို ဆရာတော် ငေးမော ကြည့် နေတာ အတော် ကြာသွားပြီ ။ ကလေး တော်တော်များများ က ဖတဆိုးလေးတွေ ဖြစ် နေကြတာ ဆပ်ခင်းကြီးရွာ ရဲ့ ထူးခြားချက် ပဲ ။ ကလေးတွေ ဘာကြောင့် မိဘမဲ့ ဖြစ် ရတာလဲ ။ လင်မယားတွေ ဘာလို့ ခဏခဏ ကွဲကြ ရ တာလဲ ။ ကံတရား ကြောင့်လား ။ ကြမ္မာ ကြောင့် လား ။ တခြား ရွာတွေ မှာ ရော သားကွဲ မယားကွဲ တွေ မရှိ ဘူးလား ။ ဆရာ တော် စဉ်းစား ကြည့်တယ် ။ တိကျတဲ့ အဖြေ မရဘူး ။ ကျောင်းသားလေးတွေ ထွေခင်းတမ်း ကစား နေကြတယ် ။ ကျောင်းသူလေးတွေ က ထုပ်ဆီးတိုးတမ်း ပေါ့ ။ ကလေးတွေ အထဲ မှာ မိစုံ ဖစုံ က အရှား သား ။ မိစုံ ဖစုံ ရှိတဲ့ ကလေးတွေ သူတို့ မိဘတွေ နဲ့ သေတပန်သက် တဆုံး အတူ နေသွား နိုင်ကြပါစေ လို့ ဆရာ တော် မကြာခဏ ဆုတောင်း ရတယ် ။

ဆရာတော့် ဆီ ကို ပြဿနာတွေ သပိတ် နဲ့ သယ် တဲ့ ကလေးက သယ် တယ် ။ ဆွမ်းချိုင့် ထဲ ထည့် သူ က ထည့် ခဲ့တယ် ။ မောင်းထောင်ချိုင့် နဲ့ မဆံ့ အောင် လုပ် သူ က လုပ် ။ မိုးဗြဲဒယ် ထဲ ထည့်ပြီး ပြဿနာတွေ ကို သုံးလေး ယောက် မ တဲ့ သူ က မ ကြ ။ သင်္ကန်းဟောင်းတွေ နဲ့ စု ချည်တဲ့ ကလေး က စုချည် ထားရဲ့ ။ ဘုရားခန်း မှာ ရော ၊ ကျက်သရေခန်း မှာ ပါ ကလေးတွေ သယ်လာ တဲ့ ပြဿနာတွေ နဲ့ ပြည့်နှက် နေတယ် ။ မိတဆိုး ဖတဆိုး ကလေးတွေက  ပြဿနာတွေ သယ် အလာ ဆုံးပဲ ။ ဆရာတော် ဘုရားစုံ သွား ဖူးလို့ ရှိရင် ဒီ ကလေးတွေ ကို လည်း ခေါ်သွား ချင်ရဲ့ ။ ကပ္ပိယ အဖြစ် ခေါ်ရမယ့် သူ ကို သူ စဉ်းစား ကြည့်တော့ ဆပ်ခင်းကြီး တစ်ရွာလုံး အပြင် ကြိုးကြာအိုင် က ပါ ပါ လိုက်သေးတယ် ။ ဆရာတော် ဆက် မတွေးတော့ဘူး ။ ကြာရင် ရထားတွဲ နဲ့ မဆံ့ဘဲ ဖြစ်ရော့မယ် ။ သူ့ ဒကာ ဒကာမတွေ နဲ့ ပတ်သက်ပြီး မချင့်မရဲ ဖြစ် မိ တာ တစ်ခု က ပညာ အခြေခံ နည်းကြတဲ့ အကြောင်းပဲ ။ ဘာလို့ စာ မသင်ကြ တာတုံး ။ ပညာ မတတ် လို့ မသင် ၊ မသင် လို့ မတတ် နဲ့ ချား လို ချာချာ လည် နေတယ် ။ ဒါလည်း အမယ်ဘုတ် ရဲ့ ချည်ခင် ပဲ ။

ဆပ်ခင်းကြီး ရွာသား တစ်ယောက် အဝါရောင် ထူပိန်း နေတဲ့ လယ်ကွင်းပြင် မှာ ရပ်နေတယ် ။ သူ့ ခြေဖနောင့် နှစ်ဖက်စလုံး မှာ အက်ကွဲကြောင်း တွေ ဗလပွ နဲ့ ။ တစ်လက်မ ကို တစ်မိုင်စကေး နဲ့ ရေး ထားတဲ့ မြစ်ဝကျွန်းပေါ် ဒေသ ရဲ့ မြေပုံ ထဲ က မြစ်တွေ ၊ ချောင်းတွေ ၊ မြောင်းတွေ နဲ့ တူ သေးတော့ ။ အဝေး မှာ တစ်ရိပ်ရိပ် ခုတ်မောင်း နေတဲ့ မီးရထား တစ်စင်း ကို ဆွေးမြေ့တဲ့ မျက်လုံး နဲ့ ငေးမော ကြည့်နေတယ် ။ ဘယ့်နှယ်လဲ ၊ လူတွေ ကိုယ့် အိမ်ကို မှ နေကြသေးရဲ့လား ။ ခရီး သွား သွား နိုင်ကြ လွန်းတယ် ။ ဘာတွေများ လုပ်ကိုင် စားကြတဲ့ လူတွေပါလိမ့် နော် ။ မီးရထား ကို မြင်ရတိုင်း ၊ ဥသြသံ ကြားရတိုင်း ၊ တံလျှပ်တွေ ကြားက သံလမ်း ပြောင်ပြောင်တွေ ကို မြင်ရတိုင်း ရထား စီးဖူး ချင်စိတ် ပေါ်လာတယ် ။

ဒီ ရထားတွဲ ဟာ မဇ္ဈိမတိုင်းဖွား တစ်ယောက် ဆိုတာ တွဲပေါ် မှာ ပါတဲ့ ခရီးသည်တွေ က မသိကြဘူး ။ မဇ္ဈိမ ရထားလုပ်သားတွေ ရဲ့ ချွေးစက်တွေ စွန်းပေ နေတာ ကို လည်း သတိ မရကြဘူး ။ မူးယစ် စေတဲ့ ဆေးလုံးတွေ ကို စပ်ပြီး သောက်ဖို့ ဖော်မြူလာ အသစ် ရှာ နေတဲ့ ဆန်ကုန်မြေလေး တစ်ယောက် ဒီ တွဲပေါ် မှာ တလိမ့်လိမ့် တလူးလူး နဲ့ လိုက်ပါ လာတယ် ။ ထိုင်ခုံ ကြား က ကိုက် လိုက် တဲ့ ကြမ်းပိုး ကြောင့် လူသူ ရှေ့ မရှောင် သူ့ ရဲ့ ခပ်ပိန်ပိန် တင်ပါး ကို တဂျီးဂျီး ကုတ် နေတဲ့ အငြိမ်းစား အငြိမ့်မင်းသမီး တ စ်ယောက် က လူ အန္ဓကလေး နဲ့ မျက်နှာချင်း ဆိုင် ထိုင် လို့ ။ အလုပ်သမား ၊ လယ်သမား ဦးဆောင်တဲ့ ခေတ် ကို မျှော်လင့် နေတဲ့ လူငယ်လေး က မှိုင်းပြာပြာ အလယ်ရိုးမ ဆီ ငေးမျှော် ရင်း လိုက် လာတယ် ။ လေးကောင်ဂျင်ဝို င်းမှာ အနိုင် ကြ မ်းလာခဲ့တဲ့ လူလတ် တစ်ယောက် က ဒီ ရထား ပေါ် မှာ တင် တစ်ဆက်ရှင် လောက် လှည့် လိုက် ရရင် လို့ တွေးရင်း မျက်လုံး ထဲ မှာ အက်ဖ်အီးစီတွေ ကို မြင်ယောင် နေတယ် ။ ခြေ တစ်ဖက် ကို “ ..... ရှင် ”  ဆိုတဲ့ စကားလုံးလှလှ တစ်လုံး နဲ့ အဓမ္မ အလဲ အလှယ် ခံခဲ့ရ သူလည်း ဒီ တွဲ မှာ ပိန်လိန်ကောက်ကွေး ပြီး လိုက် လာတယ် ။  ဖြတ် ခဲ့ရတဲ့ ခြေတစ်ဖက် အတွက် ဆွေးရင်း အစား ထိုး မဝယ်နိုင်သေး တဲ့ ခြေတု တစ်ဖက် အတွက် တွေးလို့ ။ တရား မဝင် သားကြော ဖြတ် ပေးပြီး လူ တစ်လုံး သူ တစ်လုံး ဖြစ်နေတဲ့ လူ တစ်ယောက် က သားဖွားနဲ့ မီးယပ်ပါရဂူ ဆရာဝန်ကြီး တစ်ယောက် နဲ့ ထိုင်ခုံ တစ်လုံး မှာ ကျောချင်းကပ် ထိုင် လိုက် လာ ကြတယ် ။

မဇ္ဈိမနွယ်ဖွား ရထားကြီး ဟာ မကြာခင် မှာ မြစ်ငယ် ရထားဆေးကု ခန်း တက် ရဦးတော့မယ် ။ မြစ်ငယ် မှာ မီးရထား အလုပ်သမားတွေ က တွဲကြီး ကို အူ အတက် ဖြတ် ပေးကြလိမ့်မယ် ။ ဟာနီးယား ကို ခွဲစိတ်ကြ လိမ့်မယ် ။ ချောင်းဆိုး သွေးပါ အတွက် ဆေးပြင်းတွေ ထိုး ကြ လိမ့်မယ် ။ တြိကဋုက်ဆေး တိုက်ကြလိမ့်မယ် ။ မဘဲမြင်းမိုရ်ကုန်း ကျွေးကြ လိမ့်မယ် ။ ဆေးဖယောင်းချက် တွေ ကပ်ပေး ကြလိမ့်မယ် ။ ပြီးရင် ပလတ်စတစ် ဆာဂျရီ လုပ်ပေး လိမ့်မယ် ။ စေးပျစ် နေတဲ့ လိမ္မော်ရောင် အောက် မှာ သိပ်သည်း နေတဲ့ အဝါရောင် လယ်ကွင်းပြင်ကျယ်ကြီး ရှိတယ် ။ ခပ်လှမ်းလှမ်း မှာ မှိုင်းညို့ နေတဲ့ ရိုးမ က နောက်ခံ ထားလို့ ။ ရောင်စုံ ရထား တစ်စင်း တရွေ့ရွေ့ ခုတ်မောင်း လာ တာ ဟာ မြန်မာပန်းချီကျော် တစ်ဦး ရဲ့ လက်ရာမြောက် အိတ်စ်ပရက်ရှင်း ပန်းချီကား တစ်ချပ် ပါ ပဲ ။

ဒီလို လိမ္မော်ရောင် နေပြင်းပြင်း အောက်မှာ တစ်နေ့ က ဆပ်ခင်းကြီး ရွာသား ကလေးငယ် သုံးယောက် အရိပ် မခိုကြဘဲ ရထား အလာကို  စောင့် နေခဲ့ ကြဖူးတယ် ။ ရထား က တဖြည်းဖြည်း နီးလာတာ နဲ့ အမျှ သူတို့ ရင် ထဲ မှာ လည်း ရထား ခုတ်သံ နဲ့ အပြိုင် တထိတ်ထိတ် နဲ့ ပေါ့ ။ ရထားသံလမ်း နဲ့ အပြိုင် မီတာ ၄၀ လောက် ရှည်တဲ့ ဖုန်သောသော လှည်းလမ်းကလေး ဆီ သူ တို့ ကြည့် နေကြတယ် ။ ရထား နဲ့ သူတို့ အပြေး ပြိုင်ကြမလို့ တဲ့ လေ ။ ဒီလို ပြိုင် ကြတာ သူတို့ မှ မဟုတ်ဘူး ။ သူတို့ အဖေတွေ တုန်း ကလည်း အပြေး မြန်တဲ့ နွားလှည်း နဲ့ ဒုန်းစိုင်း ယှဉ်ပြိုင်ခဲ့ကြ ဖူးတယ် ။  ကလေးတွေ သတ်မှတ်တဲ့ နေရာ ကို ရထား က ရောက်ပြီ ။ စက် နဲ့ လူ နဲ့ အားချင်း ပြိုင်ပြီ ။ မျက်စိ ကို စုံမှိတ် ၊  ခြေကုန် သုတ် ပြေးပြီ ။  သူတို့ အတွက် တော့ တကယ့် အရေးကြီးတဲ့ ဧရာမ ပြိုင်ပွဲကြီး ။ ရင်နှစ်ခြမ်း ဗြန်းဗြန်းကွဲ သွားပါစေ ဆိုတဲ့ စိတ်ဓာတ် ကိုယ်စီ နဲ့ ။ မီတာ ဆယ့်ငါး ၊ နှစ်ဆယ် ယှဉ် တုန်းပဲ ။ အစိတ် ပြေး တုန်းပဲ ။ သုံးဆယ် ပြေးအား ကို အမြန်ဆုံး မြှင့် လိုက်တယ် ။ ဒါပေမယ့် သူတို့ နဲ့  ယှဉ်ရက် က ခေါင်းတွဲကြီး မဟုတ်တော့ ဇွဲမလျှော့ ဆက် ပြေးကြတယ် ။ ပန်းတိုင် ရောက်ပြီ ။ သွားပြီ ။ သွားပြီ ။ သူတို့ ကလေးတွေ မော နေကြတယ် ။ တစ်ယောက် ရဲ့ နှလုံးခုန်သံ တစ်ယောက် ကြား နေ ကြရတယ် ။ နှုတ်ခမ်း က လွဲလို့ မျက်နှာ တစ်ခုလုံး ချွေး တွေ စိုလို့ ။ ဒီတစ်ခါ တော့ ရှုံးပြီ ။ ကိစ္စ မရှိ ။ နောက် တစ်ခါ နိုင်ရမယ် ။ နိုင် ရုံ တင် မကဘူး ။  ရထားကြီး ပါ စီး ရမယ် ။ သူတို့ အချင်းချင်း ဖွင့်သာ မပြောကြတာ ။  စိတ် ထဲ မှာ မကျေမနပ် ဖြစ်နေတာ တစ်ခု ရှိတယ် ။ အဲဒါကတော့ ရထားတွဲ ပေါ် မှာ ပါ လာကြတဲ့ လူတွေ က သူတို့ ပြိုင်ပွဲ ကို အားပေးဖို့ နေနေ သာသာ ဘယ်သူ က မှ အာရုံ စိုက်တာ ၊ ကြည့် သွားတာ မခံလိုက်ရဘူး လို့ ထင် နေကြတဲ့ အချက်ပဲ ။ တကယ် လည်း ဘယ်သူ မှ ဂရုမစိုက် ခဲ့ကြပါဘူး ။

ရထားတွဲကြီး က သာ စကား ပြော တတ် ရင် ကျုပ် က  စိနတိုင်းသား ဗျ လို့ ပြောလိမ့်မယ် ။ ကျွန်တော့် ကို မွေးဖွား လိုက်တဲ့ အလုပ်သမားတွေ က ခရီးသည် အမျိုး စုံ တင်ဆောင် သွားလိမ့်မယ် ဆိုတာတော့ သူ တို့ သိကြတယ် ။ ဒီလောက် အရောင်အသွေး စုံကြမယ် လို့ သူတို့ ထင်ကြမှာ မဟုတ်ဘူး ။ တည်ဆောက်ရေး လုပ်သားတွေ ၊ ထွန်စက်မောင်းသမားတွေ ၊ ရုံးသူ ရုံးသားတွေ ၊  ရွှံ့ပေ နေတဲ့ လယ်သူမတွေ ၊  ဖဝါးအက် နေတဲ့ တောင်သူတွေ ၊ ပန်းရံ နဲ့ လက် သမားတွေ စီး ကြလိမ့်မယ် လို့ သူတို့ ထင်ခဲ့ကြတာ ။ အခုတော့ဗျာ .... လို့ လေပူတွေ မှုတ်ထုတ် ရင်း သူ့ စကား ကို ခဏ နား လိမ့်မယ် ။

ဒီ တွဲ ပေါ် မှာ မြို့ တစ်မြို့က ပညာရေးဝန်ဆောင် ပေးမယ့် ဘော်ဒါ ကျောင်း ကို သွားမယ့် လူငယ်ကလေး တစ်ယောက် ချစ်ရည်းစား ကို လွမ်း တဲ့ မျက်နှာ နဲ့ လိုက် လာတယ် ။ သူ နဲ့ ဓားလွယ်ခုတ် နေရာ မှာ စားပွဲရုံ တစ်ခု မှာ စားပွဲထိုး အလုပ် သွား လုပ်မယ့် အသားညိုညို လူငယ်လေး တစ်ယောက် က တော့ ဟိုတယ်သုံး အင်္ဂလိပ် စကားပြော ကို အလွတ် ကျက် နေ လေရဲ့ ။ ပြည်သူပိုင် အသိမ်း ခံရလို့ စိတ်ရောဂါ ရခဲ့ဖူး သူ တစ်ယောက် က လည်း ဒီ ရထားကြီး ကို သူ ပိုင် စိတ်ကူး နဲ့ ပြန် သိမ်း ကြည့် နေမိတယ် ။ မျက်နှာ နီနေတဲ့ လူလတ်ပိုင်း တစ်ယောက် က အရက်ပုလင်း ကို ဖွင့် လို့ တစ်စွတ်စွတ် သောက် နေတယ် ။ သူ့ ဘဝမီး ကို ရမ် နဲ့ ငြိမ်း နေတယ် ထင်ပါရဲ့ ။ သောက်ရေသန့် ပုလင်း ထဲ က ရေ ကို သွန်ချတာ က မှ နှေး လိမ့်ဦးမယ် ။

ပါတိတ် အထက်အောက် ဝတ် ထားတဲ့ အမျိုးသမီး က ရထား ပေါ် မှာ မယုံမရဲ နဲ့ ထိုင် လိုက် လာတယ် ။ သူ့ ဘဝ က သူ့ ကို ခြောက်လှန့် နေတယ် ။ တွဲ ကတော့ ဒီလို တွဲပဲ ။ သူ့ အရှက် နဲ့ မာန ကို အိတ်သွန် ဖာမှောက် အနင်းချေ ခံခဲ့ရတာ ဒီ တွဲများ ဖြစ်လေ မလား ။ ကြယ်သီး ကို ဖြုတ် ၊ ဇစ် ကို ဆွဲချ ၊ ခြေကျင်း ဝတ် ကနေ ဘောင်းဘီရှည် တစ်ထည်ကို ချွတ်လိုက်ပုံ က ပုဆိုး တစ်ထည် ကွင်းလုံး ချွတ် ပစ်တာ ထက် မြန်သေးတဲ့ လူတွေ ။ လူသွားလမ်းကလေး မှာ လူရိပ် မြင်ရင် တွဲ အပြင် ဘက် ကို သူ့ မျက်နှာ လွှဲ နေ လိုက်တယ် ။ အထက် အညာ က ဆရာတော် တစ်ပါး ကို ရှေးဟောင်းပစ္စည်း ခိုး ရောင်းသူ တစ်ယောက် က စီးကရက် နဲ့ ဝတ် ဖြည့်ရင်း သူ လိုရာ ကို တဖြည်းဖြည်း ချဉ်းကပ် နေတယ် ။ သစ်ပင်တွေ ကို ချစ်တဲ့ ၊ တိရစ္ဆာန်တွေ ကို ချစ်မြတ်နိုးတဲ့ ၊ စိမ်းလန်း ငြိမ်းချမ်းမှု ကို နှစ်သက်တဲ့ လူငယ် တစ်ယောက် ၊ အလွန် နာမည်ပျက် တဲ့ ဆင်ပစ် မုဆိုး တစ်ဦး နဲ့ မျက်နှာချင်းဆိုင် ထိုင် လိုက် လာတယ် ။

မီးရထား ကို မြင်တိုင်း ရင် ထဲ မှာ မချင့်မရဲ ဖြစ်နေရသူ တစ်ယောက် ရှိတယ် ။ သူ က ပုစွန်လုံး နှိုက် နေတယ် ။ ရထားသံ ကြား တော့ ပုစွန်လုံး က မထွက် တော့ဘူး ။ သူ ကျောင်း နေတဲ့ နွားမအုပ် ထဲ က ဂျိုကုတ်မ က ရထား သံလမ်း ပေါ် ရောက် နေပြီ ။ သူ လှမ်း ပြီးတော့ ခြောက်တယ် ။ ဂျိုကုတ်မ က အစာ ငမ်း နေတယ် ။ သူ့ ရှေ့ တင် အရှင်လတ်လတ် နုတ်နုတ်စင်း ခံ လိုက်ရတာ မြင် နေ ရတယ် ။ တခြား ရွာ က နွားမအုပ်ပိုင်ရှင် ရဲ့ ခက်ထန်တဲ့ မျက်နှာကြီး ကို မြင်ယောင် နေရာ က သူ လည်း ပဲ အဖမ်း ခံရနိုင်တယ် ဆိုတာ ကြားဖူး လို့ လူလွတ် ထွက်ပြေး ခဲ့ရဖူးတယ် ။ ဘယ်ကို ပြေးရမယ် မသိ ။ ခြေဦး တည့် ရာ စွတ်ပြေး မိတယ် ။ ကလေး ခြေလှမ်းနဲ့ တော်တော်ဝေးဝေး ပြေး ပြီး မှ လည် ပြန် ကြည့် လိုက်တော့ ဂျိုကုတ်မ ရဲ့ နီနီရဲရဲ အသားတစ်တွေ ကို လူ တချို့ က ရထားပေါ် ဆွဲတင် နေကြလေရဲ့ ။ အဲဒီ မြင်ကွင်း က သူ့ အတွက် ကနေ့ အထိ မမေ့နိုင်စရာပါပဲ ။

ရထား တစ်စင်း ဖြတ်သွား ပြီး ရင် နောက်ဆုံးတွဲ ရဲ့ နောက်ပိုင်း မှာ ဖုန်မှုန့်တွေ ၊ အမှိုက်တွေ တဝဲဝဲ ဖြစ်စေတဲ့ လေပွေလေး တစ်ခု ဖြစ် ကျန် နေခဲ့တတ်တယ် ။ ဒီ လေပွေလေး ထဲ က အလွန် လှတဲ့ ယိုစုံ အိတ်ခွံလေး တစ်ခု ကို ဆပ်ခင်းကြီး က ကလေး တစ်သိုက် ကောက်ရခဲ့ ကြ ဖူးတယ် ။ တံဆိပ် က ရောင် စုံ ။ ချစ်စရာကလေး ။ သူတို့ ပလတ်စတစ်အိတ်ကလေး ကို ဖြဲ ပြီး အကတ်အသတ် ယို လက်ကျန်ကလေး ကို နည်းနည်းစီ မျှ ပြီး မြည်း ကြည့် ခဲ့ကြဖူး တယ် ။ အလိုလေး အရသာ ရှိ လှပါလား ။ ငါ့ မှာ သာ ပိုက်ဆံတွေ အများကြီး ရှိ ရင် ဒီလို ယိုစုံတွေ တဝကြီး စား ပစ်မယ် ဆိုတဲ့ စိတ်ကူး ကိုယ်စီ ရ သွား ကြတယ် ။

ကြော်ငြာမင်းသမီး သိပ် ဖြစ်ချင်တဲ့ တောမြို့ ကလေး က လှယဉ်ကျေးမယ် တစ်ဦး ထိုင် လိုက်ရင် အိခနဲ ဖြစ် သွားတဲ့ ခုံ တစ်ခုံ မှာ ထိုင် လိုက် လာ တယ် ။ သူ ရှေ့ က ကတ်ကြေးကိုက် အလွန် တော် တဲ့ လူကြီး တစ်ယောက် ထိုင် လို့ ။ သူ့ ဆီ မှာ ခရက်ဒစ်ကဒ်တွေ အများကြီး ရှိတယ် ။ ရောင်စုံ ရှိတယ် ။ ခရက်ဒစ်ကဒ်တွေ ကို ပိုကာ ကစားသူ တစ်ယောက်လို သူ့ လက် ထဲ မှာ ကိုင် ထား နိုင်တယ် ။ ဆွဲကြိုးတွေ ၊ လက်ကောက်တွေ ကို ကတ်ကြေး ကိုက်တဲ့ လူ တော့ မဟုတ်ဘူး ။ ငွေလင်ပန်း ပေါ် က မြစိမ်းရောင် ကတ္တီပါစ ၊ မြစိမ်းရောင် ကတ္တီပါ စ ပေါ် က ဘော်ငွေရောင် ကတ်ကြေး နဲ့ ပိုးသား ၊ ဖဲသား အတိ ပြီးတဲ့ ဖဲကြိုး လှလှတွေ ကို ကတ်ကြေးကိုက် ညှပ် ပေး ရသူပေါ့ ။ သူ့ ညာဘက် လက် နဲ့ ဘီယာ ဘူးခွံ ကို သူ ပစ် လိုက်တယ် ။ ဘီယာဘူးခွံ က ကန်သင်းထိပ် မှာ ကျွမ်းထိုး မှောက်ခုံ လွင့်သွား လေရဲ့ ။

တို့ မြို့ မှာတော့ အေအိုင်ဒီအက်စ် ရောဂါ ကြောင့် ပထမဆုံး သေ သွား တဲ့ မသာ က တော့ ဒီ အကောင် ပဲ လို့ ပြောရတော့မယ့် နယ်မြို့  က ' မ သမား ' တစ်ယောက် ဒူး ကို တဇတ်ဇတ် နန့်ရင်း လိုက် ပါလာတယ် ။ ခေတ်သစ် သမထီး စိတ် ဝင်နေတဲ့ ရသေ့ တစ်ပါး လည်း ဒီတွဲ မှာ ပါလာတယ် ။ သူ့ လက်ဖျံ က ခြင်္သေ့ရုပ် ဆေးမင်ကြောင် ကြောင့် သူ ဟာ အင်္ဂါနေ့ဖွား ဖြစ်ဖွယ် ရှိတယ် ။ ရသေ့ က မုတ်ဆိတ်ကျင်စွယ် ရော ခေါင်း ပါ ပြောင်အောင် ရိတ် ထားတယ် ။  သူ တည်ခဲ့တဲ့ ဘုရားတွေ အတွက် အားရ ကျေနပ် နေပုံပဲ ။ ဒီ ဘုရားတွေ အကြောင်း ဂုဏ်ပြု စပ်ဆိုမယ့် ၊ နောက် ထုတ်မယ့် သီချင်းခွေ အတွက် စကား လုံးတွေ ကို နှစ်ချပ်ပြူ ဆင်းဒဝစ်   မြုံ့ ရင်း စဉ်းစား လာတယ် ။

ကိုရီးယားနိုင်ငံ မီးရထား အလုပ်သမားတွေ က အလုပ်သမား အခွင့်အရေးတွေ အတွက် သပိတ်မှောက် တိုက်ပွဲ ဆင်ခဲ့ကြဖူးတယ် ။ တိုက်ပွဲ က ရက်ရှည်ပြီး အဆင်းရဲ အပင်ပန်း ခံပြီးမှ အောင်ပွဲ ရ ခဲ့ ကြတယ် ။ လုပ်ငန်းခွင် ပြန် ရောက်တော့ တည်ဆောက်လက်စ ရထားတွေ ကို ဆက်ပြီး တည်ဆောက် ကြတယ် ။ အောင်ပွဲခံ စိတ် အပြည့် နဲ့ အလုပ် လုပ်ရင်း လုပ်သားတွေ ပြောကြတဲ့ စကားတွေ က “ ဒီ တွဲတွေ က ဘယ် တိုင်းပြည် ရောက်မယ်လို့ ငါ တို့ မသိနိုင် ဘူး ။ ဘယ် တိုင်းပြည် ပဲ ရောက်သွားပါစေ ကွာ ။ တို့ တွဲတွေ ရောက်တဲ့ တိုင်းပြည် က အလုပ်သမားတွေ လည်း တို့ လိုပဲ တိုက်ပွဲတွေ မှာ အောင်နိုင်တဲ့ သူတွေ ဖြစ်ပါစေလို့ ဆုတောင်းတယ် ” တဲ့ ။

တစ်ဝက်ခ ပဲ ပေး ရတဲ့ ကလေးလက်မှတ် ကိုင်ဆောင် ထားသူ က စိုးရိမ်သောက ဖြစ် ရတာ ကျ တော့ လူကြီး တစ်ယောက် ထက် မနည်းဘဲ ဖြစ်နေ ရတာ ဘာကြောင့် လဲ ။ လူလတ် တစ်ယောက် က ဒီ ပုစ္ဆာ ကို အဖြေ ရှာရင်း လိုက် လာတယ် ။ သူ့ နံဘေး မှာ မလိုင်အပြည့် နို့ဆီ ၊ မလိုင်လုံး ၊ မလိုင်မုန့် ၊  မလိုင်ခဲ ၊ မလိုင်ကျွတ် ၊ မလိုင် ကရေကရာ တွေ ကို သိပ် ကြိုက်တဲ့ ကိုလက်စထရော ဇောတိက တစ်ယောက် ပါလာတယ် ။ သူ့ လက်ကြား မှာ စီးကရက် တစ်လိပ် က တငွေ့ငွေ့ လောင်လို့ ။  ဒီ ကိုလက်စထရော ဇောတိက ကြီး သေ ရင် ကျွန်းသား ခေါင်း ထဲ ထည့်ပြီး သင်္ဂြိုဟ် လိမ့်မယ် ။ သူ့ လက်ထဲ က စီးကရက် နဲ့ ကျွန်းသစ်တွေ နဲ့ လဲလှယ် နေရတာ ကို သူ မသိချင်ဟန် ဆောင် နေတယ် ။

သာသနာ့တက္ကသိုလ် နဲ့ တက္ကသိုလ် ချင်း မှား တက် ခဲ့ရတဲ့ ဦးပဇင်းပျို တစ်ပါး ခါး ကို မတ်မတ် ထိုင် လိုက် လာတယ် ။ ဘားတော့ဘရက် ၊ ပက်ဗလို နီရူဒါခါလီဂျီဘရန် ၊ ရာတော့ဆလပ်ဆိုက်ဖရဲ အစ ရှိတဲ့ ကဗျာဆရာတွေ ရဲ့ ကဗျာတွေ သူ့ အသွေးအသား ထဲ မှာ လှည့်ပတ် နေကြတယ် ။ ဆရာ ဒဂုန် တာရာ ၊ ဆရာကြည်အောင် နဲ့ ဆရာတင်မိုး တို့ ရဲ့ ကဗျာတွေ လည်း သူ့ နှုတ်ဖျား မှာ တရွရွ နဲ့ ။ ရထား ထွက် ကတည်း က ကဗျာမျိုးစုံ စိတ်ကူးနဲ့  ရွတ် လာ လိုက်တာ အခု ပြင်သစ်ကဗျာဆရာ ပရေဗား ရေးတဲ့ “ ပီကာဆိုရဲ့ ပဉ္စလက် မီးအိမ် ”  ဆိုတဲ့ ကဗျာ ကို ရွတ် နေတယ် ။

တက္ကသိုလ် က ဘွဲ့  ၊ ဘွဲ့လွန် နဲ့ ဒီပလိုမာ လက်မှတ်တွေ တသီကြီး ရ ထားတဲ့ လူ တစ်ယောက် အခု လည်း ကွန်ပျူတာကျောင်း တစ်ခု ဆီ ကို ခရီး ဆက် နေပြန်ပြီ ။ သူ က တော့ ပရိတ်ကြီး ဆယ့်တစ်သုတ်လုံး အလွတ် ရတဲ့ သူ ။ သူ ဝဋ္ဋသုတ် ကို ရာဟုဂြိုလ်သက်ပြည့်အောင် ရွတ် နေ လေရဲ့  ။

မျက်နှာ တစ်ခုလုံး ဆေးသား တွေ တင် ထားပြီး ကျွန်မ က တော့ မို့မောက်ဖွံ့ထွားတဲ့ ဟောဒီ ရင်သား အစုံ အတွက် သိပ် ဂုဏ်ယူတာပါပဲ ရှင် ၊ ကြည့်ကြပါဦး ဆိုတဲ့ မျက်နှာပေး နဲ့ ထိုင်ရင်း ကိုယ်ဟန် ပြ လာတဲ့ အမျိုးသမီး တစ်ယောက် လည်း ပါ လာတယ် ။ တိရစ္ဆာန်အဆီတွေ အများကြီး စားပြီး မျက်နှာကြီး ကလည်း အဆီပြန် လို့ စိတ် ကလည်း တိရစ္ဆာန်စိတ် ပေါက်နေတဲ့ အသားဖြူဖြူ လူ တစ်ယောက် က အဲဒီ အမျိုးသမီးကို သား ကြည့် ၊ မယား ကြည့် ကြည့် ရင်း လိုက်လာတယ် ။ တံတွေး ခဏခဏ မျို လိုက် ၊ တိုနံ့နံ့ နှာခေါင်း ကို ရှုံ့ချည်ပွချည် လုပ်လိုက် နဲ့ ဟမ်ဘာဂါ ကို ပလုပ်ပလောင်း ဝါးရင်း လက် က လည်း ဟမ်ဘာဂါ ကို နာနာဖျစ် နေ တတ်လေရဲ့ ။

ညတိုင်း မီးလင်း နိုင်တဲ့ အိမ် က ဆပ်ခင်းကြီး မှာ အရှား သား ။ အခု ရက် မှာ ဒေါ်ကု,လားမ အိမ် က ဒီဇယ်မီးခွက်ကလေး မလင်း စဖူး လင်း နေ တယ် ။ ဒေါ်ကု,လားမ နေ မကောင်းတာ ကြာပြီ ။ ဒါကြောင့် ဆရာတော် က ဒီဇယ်ဆီကလေး နည်းနည်း စွန့် လိုက်တယ် ။ သူ ဇီဝမီး နဲ့ ဒီဇယ်မီး ဘယ်သူ အရင် ငြိမ်း မလဲ ။ မပြိုင်ကောင်း တာ ကို ပြိုင် နေရ ရှာတယ် ။

ဒီ ရက် မှာ ပဲ ကလေး ခြောက်ယောက် တို့ ရဲ့အမေ လင်ပစ်မ စိန်တုတ် ရွာ က ပျောက်သွားတယ် ။ ဆန် အချေး သွား သတဲ့ ။ တစ်ရက် ပေါ် မလာ ၊ နှစ်ရက် ပေါ် မလာနဲ့ ကလေးတွေ ငို ကျန်ရစ်တယ် ။ ရွာ နဲ့ ကီလိုမီတာ တော်တော် ဝေးတဲ့ နေရာ မှာ မိစိန်တုတ် ကို တွေ့ ကြတယ် ။ လက် ထဲ မှာ ဆန်အိတ်ခွံကလေး ကျစ်ကျစ် ဆုပ်လို့ ။ ခန္ဓာ က တော့ ရထားသံလမ်း ပေါ် မှာ သုံးပိုင်း ပြတ် နေ သတဲ့ ။ သူ့ ကလေး ခြောက်ယောက် က ပုံစံတစ်ဆယ် မပါဘဲ ဆရာတော် ရဲ့ ကျောင်း ကို တိုက်ရိုက် ပြောင်း သွားကြတယ် ။

ကဗျာဆရာတွေ က မီးရထား ကို နဂါး နဲ့ တင်စား ခဲ့တယ် ။ တချို့ က ကင်းခြေများ တစ်ကောင်တဲ့ ။ နဂါး ပဲ ဖြစ်ဖြစ် ၊ ကင်းခြေများ ပဲ ဖြစ်ဖြစ် အဆိပ် ပြင်း လှပါ ကလား ။

မီးရထား စီးမယ့် မယ်တက္ကသိုလ် ပဲ ဖြစ်ဖြစ် ၊ အရပ်ပျက်မ ပဲ ဖြစ်ဖြစ် လက်မှတ် တစ်စောင် တော့ ဝယ်ရလိမ့်မယ် ။ ကုမ္ပဏီပိုင်ရှင် ပဲ ဖြစ်ဖြစ် ၊ ဆေး လည် ရောင်းသူပဲ ဖြစ်ဖြစ် လက်မှတ် တစ်စောင် တော့ ကိုင်ထား ရ လိမ့်မယ် ။ သီလရှင် ပဲ ဖြစ်ဖြစ် ၊ ဗွီဒီယို မင်းသမီး ပဲ ဖြစ်ဖြစ် လက်မှတ် တစ်စောင် တော့ ဆောင် ထား ရလိမ့်မယ် ။ သုဘရာဇာ ပဲ ဖြစ်ဖြစ် ၊ ဆေးဆရာ ပဲ ဖြစ်ဖြစ် ၊  သင်းအုပ် ဆရာပဲ ဖြစ်ဖြစ် ၊ ခိုးဆိုး လုယက်သမား ပဲ ဖြစ်ဖြစ် ၊ ယောဂီမ ပဲ ဖြစ်ဖြစ် ၊  ငါးစိမ်းသည် ပဲ ဖြစ်ဖြစ် ။

မီးရထား လက်မှတ် တစ်စောင် ဟာ ဘဝ တစ်ခု တဲ့ ။ ဘဝ တစ်ခုမှာ သောက တစ်ဆယ် ရှိချင် ရှိမယ် ။ ဝေဒနာ တစ်ရာ လည်း ရှိ နိုင်တယ် ။ ပူမှု တစ်ထောင် ၊ ကြေကွဲမှု တစ်သောင်း .... တစ်သိန်း .... တစ်သန်း ရှိ နိုင်တယ် ။

ကျွန်တော် ကျောင်း နေ ချင်တယ် အဖေ လို့ ပူဆာရမယ့် ကလေး က ကျွန်တော် မီးရထားကြီး စီးချင်တယ် အဖေ တဲ့ ။ ကျွန်တော့် ကို ရှင်ပြု မပေး သေးဘူးလား လို့ မေးရမယ့် ကလေး က ကျွန်တော်တို့ ရထား မစီးရသေးဘူး လား အဖေ တဲ့ ။

မီးရထား ဟာ ရောင်စုံ ပိုးနက်သန်ကောင် တစ်ကောင် နဲ့ တူ နေတယ် ။ ဒီ ပိုးနက်သန်ကောင် ရဲ့ အစာလမ်းကြောင်း ထဲ မှာ မြန်မာမလေးတွေ ရဲ့ မျက်ရည်တွေ စွန်းခဲ့ဖူးတယ် ။ အိုင်းရစ် ကော်ဖီတွေ ဖိတ်ကျ ခဲ့ ဖူးတယ် ။ မယ့်ပါး က သနပ်ခါးတွေ ပျက် ခဲ့ဖူးတယ် ။ ရိုးလက်စ် နာရီ တစ်လုံး ကို မီးရထား လေထီးသမား တစ်ယောက် က ဖြုတ်ပြီး ခုန်ဆင်း သွားခဲ့ ဖူးတယ် ။ ကိုယ်ဝန် နေ့စေ့ လစေ့ နဲ့ အမျိုးသမီး တစ်ဦး ရထား ပေါ် မှာ တင် ရေမွှာ ပေါက် ၊ ရထားပေါ် မှာ တင် ရင်သွေး ကို မွေးဖွား သန့်စင်ခဲ့ ဖူးတယ် ။ အာဟာရဓာတ် မပြည့်သူ တစ်ယောက် အသက်ရှု ရပ်တန့် သွားခဲ့ ဖူးတယ် ။

ပိုးနက်သန်ကောင် ရဲ့ ရင်ခွင် ကို တချို့က ဒန်းလော့မွေ့ရာ တဲ့ ။ တချို့ က ရွေ့လျား မတ်ကက် တဲ့ ။ တချို့ လူတွေ အတွက် ရွှေချောင်းတွေ သယ် ပေးတဲ့ စက်မြင်း ။ တချို့လူတွေ အတွက်တော့ ဘဝ သင်ခန်းစာ အသစ်တွေ ပြဋ္ဌာန်း နေတဲ့ ကျောင်းကြီး တဲ့ ။ တချို့က အဆင့်မြင့် ပြဇာတ်တွေ ကို တင်ဆက် နေတဲ့ ဘဝဇာတ်ခုံ တဲ့ ။ တချို့ က ကမ္ဘာ့ အကောင်းဆုံး ဘဝ သရုပ်ဖော် ဝတ္ထုရှည်ကြီး တဲ့ ။ ရွေ့လျား နေတဲ့ ပန်းချီဂယ်လာရီ လို့ ဆို သူ လည်း ရှိ ရဲ့ ။

အကော်ဒီယံ ကို စိတ် နာပြီး ဆက် မတီးတော့တဲ့ သူ တစ်ယောက် နဲ့ စီးကရက် ကို စိတ် နာပြီး စီးကရက် ဖြတ် လိုက်တဲ့ သူ တစ်ယောက် ထိုင်ခုံ တစ်ခု မှာ အတူ ယှဉ် ထိုင်လို့ ။ ကျောက်အောင် လို့ သိန်း တော်တော်များများ ကို တစ်ထိုင်တည်း ရ လိုက်သူ နဲ့ ရေတိမ် နစ်တာ မှ တစ်သက်လုံး ရေတိမ် နစ် နေ တာပါဗျာ ဆိုတဲ့ လူ နှစ်ယောက် က ကျောချင်း ကပ် လျက် ။  တန်ခိုးကြီး ဘုရားကြီး က ဂေါပက လူကြီး တစ်ယောက် ရဲ့ တိုက်ပုံအင်္ကျီအဖြူ နဲ့ သားသတ်သမား တစ်ယောက် ရဲ့ တိုက်ပုံအင်္ကျီအဖြူ တို့ က ရထား လှုပ် လိုက်ရင် ထိထိ သွား တတ်တယ် ။ ကမ္ဘာလှည့်ခရီးသည်တွေ ကို လမ်းညွှန်ရတဲ့ သူ နဲ့ လမ်းနံဘေး လောင်းကစားဝိုင်း က အလံရှူး တို့ က ပြတင်း တစ်ပေါက်တည်း ကို ငေး ကြည့် နေ ကြတယ် ။ ဆေးတက္ကသိုလ် က ခန္ဓာဗေဒ ကထိက နဲ့ ပလက်ဖောင်း ပေါ် က ကြွက်နို့သတ်သမား ရဲ့ လက်ထောက် လူငယ်လေး တို့ အေစီယံနိုင်ငံတွေ အကြောင်း ပြော ရင်း လိုက်လာ ကြတယ် ။ ရထားသံ က ကျေးလက် ရှင်ပြု နားသ အလှူ မှာ တီးတဲ့ ဒိုးပတ်သံ လို ဆူဆူမြိုင်မြိုင် ရှိ လှတယ် ။

နောက်ဆုံး က ဘရိတ်တွဲ ထဲ မှာ ဂါတ်ဗိုလ်ကြီး နဲ့ အခုမှ သိ ကြတဲ့ မိတ်ဆွေ လေးယောက် ပါ လာတယ် ။ ပိန်ပိန်ပါးပါး နတ်ကတော် မိန်းမလျာ က အဲဒီထဲ မှာ အသက် အငယ်ဆုံး ပဲ ။ နွားဝှေးသင်း တဲ့ လူ က သူ့ ပခုံး ပေါ်  က တဘက် နဲ့ မျက်နှာ ခဏခဏ သုတ် နေတယ် ။ လမ်းဘေး မျက်လှည့်ဝိုင်း မှာ ဘင် တီးတဲ့ လူ က ရထားသံ ကို ဂီတသံတွေ လို ခံစားရင်း လိုက်ပါ လာတယ် ။ အင်္ဂလိပ်စာ အဓိက နောက်ဆုံးနှစ် ကျောင်းသား က ဆရာကြီးသခင် ကိုယ်တော်မှိုင်း ရဲ့ ဂဠုန်ပျံဒီပနီ ကို နှစ်နှစ်ခြိုက်ခြိုက် ဖတ်ရင်း ခေါင်း တငြိမ့် ငြိမ့် နဲ့ ။ ခါတိုင်း ထက် ခရီးသည် နည်း နေပေမယ့် ဂါတ်ဗိုလ်ကြီး က စိတ် မပျက် ဘူး ။ ဒီ အပတ် တော့ ဂူအောင်း နေတာ မက လို့ သံကွင်း ပဲ စွပ် နေ နေ ကွာ ဆိုပြီး အလယ်ထိုင် “ သုံး ” ပါတဲ့ ဆယ့်ရှစ် ဘရိတ် ကို အမိ ဖမ်း နေ လေရဲ့  ။

မသွား မဖြစ်လို့ သွားရမယ့် ခရီးသည် နဲ့ မရှိမဲ့ ရှိမဲ့ နဲ့ သွားကြရတဲ့ ခရီးသည်တွေ က ပိုးနက်သန်ကောင်ကြီး ကို နှေးလွန်း သတဲ့ ။ မရဘူးသေးတဲ့ စည်းစိမ် ဥစ္စာတွေ တစ်နေ့ တခြား ဒီရေ အလား တိုးပွားပြီး သိန်းစကား ၊ သန်းစကား ၊ စိန်စကား ၊ ကျောက်စကား ၊ ပါဂျာရိုးစကား ပြောနေကြ သူတွေ က လည်း ဒီကောင်ကြီး ကို နှေး သတဲ့ ။ အက်ဖ်အီးစီတွေ ၊ ဒေါ်လာတွေ ၊ ဆပွား တိုး နေသူတွေ က ကျည်ဆံရထား တစ်စင်း ဖြစ် သွားရင် သိပ် ကောင်းမှာပဲ လို့ တွေး နေတယ် ။ သူတို့ အဖို့ အချိန် က ငွေ ဖြစ် သတဲ့ ။ ရထားတွဲ ရဲ့ တန်ဖိုး ကို ဈေး သင့်ပြီး တွက်ချက် ဝယ်ယူ နေ ကြတယ် ။ သူတို့ ရထား ဘယ်နှစ်စင်း ပိုင် နေ ကြပြီလဲ ။

မီးရထား သိပ် စီးချင်နေတဲ့ ကလေး တစ်ယောက် ရွာ ထဲ က ပြေးထွက် လာ နေတယ် ။ ပါးစပ် က လည်း သံကုန် အော်ဟစ်လို့ ။ ခရီးသည် အားလုံးကို လက် ဝှေ့ယမ်း ပြရင်း နှုတ်ဆက် နေတယ် ။ ရထား ပေါ် က ပန်းရောင်စုံ ၊ လိပ်ပြာ ရောင်စုံတွေ က သူ့ကို ဂရု မစိုက်ကြဘူး ။ သူ က ခုန်ပေါက် အော်ဟစ် ရင်း ဆက် ပြီးတော့ နှုတ်ဆက် နေတယ် ။ ရထား ပေါ် က ချောကလက်တွေ ၊  ဂျယ်လီ တွေ ၊ ချူအင်ဂမ်းတွေ က သူ့ ကို အသိအမှတ် မပြုကြဘူး ။ သူ ဝမ်းနည်း စိတ် ဝင် လာတယ် ။ ဒါပေမယ့် ဆက် ပြီးတော့ အော်ဟစ် ဝှေ့ယမ်း နှုတ်ဆက် တုန်း ပဲ ။ ဂျင်းစကတ်တွေ ၊ ပါတိတ်ရှပ်တွေ က သူ့ ကို မကြည့်ကြဘူး ။ ရှိတယ်လို့ မထင်ဘူး ။ ဝှေ့ယမ်း နှုတ်ဆက် နေရင်းက ရထားတွဲ မှာ ရေး ထားတဲ့ စာတမ်း ကို လှမ်း ဖတ်ကြည့်တယ် ။ “ အ ” ရယ် ၊ “ ထ ” ရယ် ပဲ ဖတ် လိုက်ရသေးတယ် ။ ပိုးနက်သန်ကောင်ကြီး က အမြန် ပြေး သွားပြီ ။

ကလေး ရဲ့သွေးတွေ ဆူ လာတယ် ။ ရထား စီးချင်တဲ့ သူ လို ဘဝတူ ကလေးတွေ ရဲ့ သွေးတွေအားလုံး သူ့ ခန္ဓာကိုယ် ထဲ ဆောင့်တိုး ဝင် လာသလို ပဲ ။ ငယ်ထိပ် က နေ ခြေဖျား အထိ သူ့ ကိုယ်တွေ ပူနွေး နေပြီ ။ ဂျိုကုတ်မ ကို တိုက်ချသ,တ်သွား ဖူးတဲ့ ရထားကြီး က သူ့ ကို သူစိမ်းပြင်ပြင် ဆက်ဆံ နေ တယ် ။ သူ့ မှာ ဝမ်းနည်း အားငယ်စိတ် တွေ ဖိစီး လာတယ် ။ ဆပ်ခင်းကြီး ရွာသား အားလုံးရဲ့ သွေးတွေ သူ့ ကိုယ်မှာ ထပ် ဝင်လာ ပြန်ပြီး ရီးစိန်တုတ် ကို ထက်ပိုင်း ဖြတ် တဲ့ အကောင်ကြီး ၊  သေပေရော့ ။ သူ့ မျက်လုံး ထဲ မှာ ချွေးတွေ ရော ၊ မျက်ရည်တွေ ပါ ရောပြီး ကျိန်းစပ် နေတယ် ။ ရထားကြီး က ကြည့်နေရင်း ဝေဝါး လာတယ် ။ မသာ မီးရထားကြီး ။

ကျောက်ခဲ တစ်လုံး ။ ငန်းဥ လောက် ။ ဘယ်မှာလဲ ။ ဒီ ကျောက်ခဲ ။ သူ ရှာတယ် ။ မတွေ့ဘူး ။ မာတဲ့ ပစ္စည်း ။ ထု စရာ ။ ဘာဖြစ်ဖြစ် ။ မာ ရင် ပြီးရော ။ မြေစိုင်ခဲ ။ မာသားပဲ ။ မြန်မြန် ။ ဖဲ့ ။ ပဲ့ ပါ ဟ ။ ရထားသံ က တဝေါဝေါ နဲ့ ။ အလွန် အော့နှလုံး နာစရာ ကောင်းတဲ့ လူ တစ်ယောက် ရဲ့ အရေခွံ ကို ကျက်ထားတဲ့ ဗုံ တစ်လုံး ကို အရက် မူးပြီး တီး နေတဲ့ အသံ နဲ့ တူ နေတယ် ။ ကလေး ကို သရော် နေ သလိုပဲ ။

ပဲ့ပြီ ။ ပဲ့ပြီ ။ ဝသုန္ဓရေ နတ်သား ရဲ့ ရတနာ တစ်လုံး သူ ရ သွားပြီ ။ မြေစိုင်ခဲ ကို ချက်ချင်း ကောက် ကိုင်ပြီး လက် ကို အမြန် မြှောက် လိုက်တယ် ။ သူ့ စိတ် ထဲ မှာတော့ အာရ်ပီဂျီ တစ်လက် ပေါ့ ။

မိတ်ဆွေ .... ရထားလမ်း နံဘေး မှာ ကလေး တစ်ယောက် ကို တွေ့ ရင် ကိုယ် က အရင် ဦးအောင် ပြုံးပြ နှုတ်ဆက် လိုက်ပါ မိတ်ဆွေ ။

◾အောင်ဘာလေ

📖 ပန်းဝေသီ မဂ္ဂဇင်း
      မေ ၊ ၁၉၉၆

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment