❝ တို့များ ငယ်ငယ်တုန်းကလေ ❞
ချိုးဥတွဲလောင်း ၊ နှပ်တွဲလောင်းနှင့်
ခေါင်းလောင်းသံချို ၊ ကျောင်းအိုကိုသွား
ကစားမက်ရင်း
ထမင်းကိုမေ့ ၊ ဟင်းကိုမေ့ထား
တို့များငယ်ငယ်တုန်းကလေ
••••• ••••• ••••• •••••
အရိုက် ခံရမည်ကို အလွန် ကြောက်ပါသည် ။ အမေ တုတ် ရှာ လျှင် ၊ ရိုက်မည် ပြင်လျှင် နာရမည် ထက် ကြောက် သည် က ပို ခဲ့ပါသည် ။ ကျွန်တော် ကြောက် နေပုံကို ကြည့်ပြီး အမေ မရိုက်ဘဲ နေတတ်၏ ။ သို့သော် မျက်ရည် ကျ လာ ပါသည် ။ အရိုက် မခံရခြင်းကြောင့် လော ၊ အသနား ခံရခြင်း ကြောင့် လော ဟု ထိုစဉ်က ကျွန်တော် မသိခဲ့ပါ ။ အမေ သည် ခေါင်း ၊ ကျော ၊ လက် တို့ ကို မရိုက် တတ်ပါ ။ ခေါင်း ကို ရိုက်လျှင် ဉာဏ် ထိုင်းမည် ။ ကျော ကို ရိုက်လျှင် အဆုပ် ကို ထိခိုက်သည် ဟု ပြော ၏ ။ အဆုတ် ကို မူ ကျွန်တော် မသိပါ ။ ကျွန်တော့် လက်ဖဝါးနုနုလေးများ ကို မရိုက်ရက် ဟု ဆို ပါသည် ။ တင်ပါး နှင့် ခြေသလုံး ကား အမေ ရိုက်စရာ နေရာများ အဖြစ် မွေးရာ ပါ ခဲ့၏ ။
ဆရာမများ ကား အမေ ကဲ့သို့ ရိုက်စရာ နေရာ မရွေး ပေ ။ ကျွန်တော် စာ မအံဘဲ စကား ပြော နေ မိ၍ ခေါင်း ကို ကြိမ်လုံး ဖြင့်လည်း အရိုက် ခံ ရဖူး၏ ။ ဂဏန်း တွက်ပြီး သွား ပြ ရာ အမှား များ သဖြင့် ကျောပြင် ကို လက်ဝါး အတင် ခံခဲ့ ရဖူး၏ ။ ဗိုက်ခေါက် ကို လိမ်ဆွဲ ခံရဖူး၏ ။ နားရွက် အလိမ် ခံရ ဖူး၏ ။ လက်သီး ဆုပ်ခိုင်းပြီး အဆစ် ကို ပေတံစောင်း ဖြင့် အခုတ် ခံခဲ့ရဖူး၏ ။ ဆရာမများ ကား အမေ့ ကဲ့သို့ နားလည် မှု မရှိချေ ။ ကျွန်တော့် ကို ရိုက်သော ၊ ဆူသော ဆရာမများ ကို ပြုံးပြုံးရယ်ရယ် မခေါ်ပြော လာသမျှ ကျွန်တော် မုန်း နေ တတ်၏ ။
ထားဝယ်မြို့ တွင် ခရစ်ယာန်ကျောင်း နှစ်ကျောင်း ရှိ ရာ ကျွန်တော့် ကျောင်း မှာ အေ - ဘီ - အမ် ကျောင်း ဖြစ်၏ ။ ခရစ်ယာန်ဆရာမ များ ၏ ။ အင်္ဂလိပ်စာ သင်သော ဆရာမ တစ်ယောက် မှာ အလွန် စည်းကမ်း ကြီး၏ ။ ကျောင်းအုပ်ဆရာကြီး ၏ မိန်းမ လည်း ဖြစ်ပါသည် ။ ထို ဆရာမ သည် မြေပဲလှော် စားသော အခါတွင် ကတော့ ထဲ မှ မြေပဲလှော်များ ကို စားပွဲပေါ် လောင်းချပြီး ၊ မြေပဲခွံများ ကို ကတော့ ထဲ ပြန် ထည့် တတ်၏ ။ ဆီးသီး ကို စား လျှင်ကား စားပွဲ ပေါ် လောင်း မချ ။ ဆီးစေ့လေးများ ကို သာ ကတော့ ထဲ သို့ ပြန် ထည့် တတ်၏ ။ ထို ဆရာမ စား ပုံမျိုး ကျွန်တော့် အမေ လည်း မစား ပါ ။ အဘွား စားသည် ကို လည်း မမြင်ဖူးပါ ။ အမေ့ ကို ပြန် ပြောပြသောအခါ “ ဘိုတွေ ဟာ စည်းကမ်း ကြီးတယ် ” ဟု ပြောပြပါသည် ။
စာ ခဏခဏ မေး တတ်သော ၊ အရိုက် ကြမ်းသော ဆရာမ ခုံ တွင် ကြမ်းပိုးလေးများ သွား ချ ထားဖူး၏ ။ ကြမ်း ပိုးလေးများ ကို ကျွန်တော် သည် အိမ် မှ ကြိုးစား ပမ်းစား ရှာ လာပြီး လျက်ဆားပုလင်းလေး ဖြင့် ထည့် လာ ရပါ သည် ။ မိန်းကလေးများ ခုံ တွင် ခွေးလှေးယားသီးမှုန့်များ ဖြူး တတ်ပါသည် ။ နောက်ဆုံးတန်း တွင် ထိုင် ပြီး ကျောင်း အိမ်သာ နား တွင် ပေါက် နေသော ခေါင်စေးပင် မှ ခေါင်စေး သီးများ ဖြင့်လည်း ပေါက် တတ်ပါသည် ။ ကျွန်တော် တို့ ကို မလိမ္မာ ဟု ဆိုကာ ဆရာ - ဆရာမများ က မချစ်တတ် ချေ ။ ကရင်ဆရာ ဆရာဦးနီ မှာ ကျွန်တော်တို့ ကို ဆိုးသော ကြောင့် ချစ်သည် ဟု ဆို၏ ။ သူ သင်ပြသော အင်္ဂလိပ် ကဗျာလေးများ ကို အရ ကျက်ကာ သံကုန် ရွတ် တတ်ပါ သည် ။ သို့သော် ထိုအချိန် က ကဗျာ ကို ကဗျာ ဟု မသိ သေးပါ ။ ဦးနီ ကား စာ သွား ပြလျှင် အမှတ်အများကြီးပေး သော ဆရာ ဖြစ်၏ ။ ကျွန်တော် ကား အမှတ်များများ လိုသ ဖြင့် တစ်ခါတစ်ရံ အမှတ် ပို တောင်း တတ်သေး၏ ။ ဆရာ က လည်း ပို ပေးပါသည် ။ ကျွန်တော် ပို၍ ချစ် သွားပါသည် ။ ကျွန်တော့် စာအုပ် ထဲ မှ မင်နီ ဖြင့် ပေးထားသော အမှတ်များ ကို ပြန် ပေါင်းရ ၊ ပြန် ကြည့်ရသည် ကို အလွန် ပျော်ပါသည် ။ မင်ပြာ နှင့် ပေးထားသော ၊ ခဲတံ နှင့် ပေးထားသော အမှတ် များ ကို မူ မကြိုက်ပါ ။ မင်နီ နှင့် ပေးသော အမှတ် ကို သာ ကြိုက်၏ ။ ကျွန်တော့် စာအုပ် တွင် အမှတ် များ ချင်သော ကြောင့် ဆရာ့ အမှတ် ပေးပုံ ကို တုပြီး အမှတ် ခိုး ပေးပါသည် ။ သို့သော် မတူ ဟု သာ ထင် ပါသည် ။
ခရစ္စမတ်နေ့ တွင် ဆရာ - ဆရာမများ ကို ခရစ္စမတ် လက်ဆောင် ပေး ပါသည် ။ ဆရာဦးနီ ကို မူ အခြား ဆရာ ဆရာမများ ထက် ကောင်းသည် ကို ပေး တတ်ပါသည် ။ အမေ့ ကို ပူဆာ ရပါသည် ။ အမေ ကား ဆရာဦးနီ ကို ကျွန်တော့် အပြော နှင့် ပင် ချီးကျူး နေပါသည် ။ တခြား ဆရာ - ဆရာမများ အရိုက် ကြမ်း ကြောင်း ပြော လျှင် အမေ မျက်နှာ မကောင်းချေ ။ စာ ကြိုးစားရန် ၊ လိမ်လိမ်မာမာ နေရန် ပြော တတ် ပါသည် ။
မိုးဦး ကျ စ တွင် ကျွန်တော်တို့ ကျောင်း သွားရာ လမ်း ဘေး ရေမြောင်း ထဲ ၌ ငါးဖားလောင်းလေးများ ရှိပါသည် ။ ကျောင်း သွားရင်း ငါးဖားလောင်း ဖမ်း တတ်ပါသည် ။ လွယ်အိတ် ကို စစ်သားများ ကဲ့ သို့ ကျောပိုးပြီး ဖိနပ် ကို လွယ်အိတ် ဘေးအိတ်လေး ထဲ ထည့် တတ်ပါသည် ။ ဂိုးဖမ်း သကဲ့ သို့ ခြေထောက် နှစ်ချောင်း ကား ၊ ဒူး ကို ကွေးကာ လက် ကို အသင့် ပြင် ထားရသည် ။ ငါးဖားလောင်းလေး များ ၊ နှုတ်ခမ်းချွန်ငါးလေးများ ကို ဤ ပုံစံအတိုင်း လိုက် ဖမ်း ရင်း ကြာလာသော အခါ ဒူးများ မသိမသာ ညွှတ် လာ၏ ။ ငါး ဖမ်းဖို့ သာ အာရုံ ရောက်နေသဖြင့် ဒူးညွှတ်ခြင်း ကို ပင် သတိ မပြုနိုင်ချေ ။ ဖင် နှင့် ရေ ထိပြီး အေးခနဲ ၊ စိုခနဲ ဖြစ်မှ သိ တော့၏ ။ တစ်ခါက ငါးဖမ်း ကောင်းသဖြင့် ဖိနပ် တစ်ဖက် ရေ ထဲ မျော ပါခဲ့ဖူး၏ ။ ဂျပန်ဖိနပ်လေး မှာ လွယ်အိတ် ထဲ မှ ဘယ် အချိန် က ကျ သွားသည် မသိလိုက်ချေ ။ ကျွန်တော့် ရှေ့ လေးငါးလံ မျှ ရောက် မှ မြင်မိ၏ ။ ရေစီး သန် သဖြင့် လိုက် သော်လည်း မမီတော့ချေ ။ အမေ့ ကို မူ ဘောလုံး ကန်ရင်း ပျောက်သည် ဟု ပြော ရ၏ ။
ဘောလုံး ကန် လျှင် ဖိနပ် ခဏခဏ ပျောက်တတ် ပါ သည် ။ အုတ်ခဲ ဖြင့် ဂိုးတိုင် မလုပ်ချေ ။ ဘောလုံး လုရင်း ခြေ ထိ မှာ စိုးရ၏ ။ ဘောလုံး ကန်မည့် သူများ ၏ ဖိနပ်များ ကို စုပုံပြီး ဂိုးတိုင် လုပ်တတ်၏ ။ ထို အခါမျိုး တွင် ဖိနပ် ပျောက် တတ်ပါသည် ။ ထို့ကြောင့် အမေ သည် ကျွန်တော် ညာ ပြောသည် ကို ယုံခြင်း ဖြစ်၏ ။
ကျွန်တော် သည် ဘောလုံး ကန် လျှင် ဂိုး ဖမ်းရသည် က များ ၏ ။ ကျောင်း တွင် မူ ရွယ်တူများ နှင့် ကန် ရ သဖြင့် ဂိုး မဖမ်းရ သော်လည်း လမ်း ထဲ တွင်မူ ကျွန်တော့် ထက် ကြီး သူ ဘောလုံးကန် ကောင်းသူများ သာ ရှိသောကြောင့် ကျွန်တော် ဂိုး ဖမ်းရပါသည် ။ ကျွန်တော် သည် ပိန်ညောင်ညောင် နှင့် ပျော့ သည် ၊ ကြောက်သည် ဆို ကာ မည်သည့် ဘက် မှ မလိုကြချေ ။ လူ မပြည့် မှ ဂိုး စောင့် လုပ် ဖို့ ခေါ် တတ်ပါသည် ။ ဂိုး ဖမ်းသည် ကို ပျင်းစရာ အကောင်းဆုံး အလုပ် အဖြစ် ကျွန်တော် ထင်၏ ။ တစ်လမ်းလုံး က လည်း ထင် ပေလိမ့်မည် ။ ကျွန်တော့် အမေ နှင့် ညီ - ညီမများ က လည်း ဘောလုံး ကန် ညံ့ ၍ ဂိုးဖမ်း ခိုင်းသည် ဟု ပြော တတ်ပါသည် ။ ကိုယ့် ဘက် က ကောင်းလျှင် ဂိုးသွင်း မခံရတော့ချေ ။ ကျွန်တော် လည်း ဘောလုံး ကို မထိ ရ ၊ မကိုင် ရ လိုက် ချေ ။ ကိုယ့် ဘက် က မကောင်း လျှင် လည်း ဘောလုံး ခဏ ခဏ လာ၏ ။ ထိုအခါ မျိုး တွင် ကျွန်တော် ကြောက် ပြန်၏ ။ လူ ကို ဘောလုံး ထိ မှာ လည်း ကြောက်၏ ။ ဂိုး ဝင် မှာ လည်း ကြောက်၏ ။ ဂိုး မဝင် သည့် တိုင် ဘောလုံး ကို လိုက် ကောက်ရမည် ကို လည်း ကြောက် ၏ ။ ကျွန်တော် ဘောလုံး နောက် ပြေး လိုက် ကောက် လျှင် လမ်း ထဲ မှ လူများ က ပြုံး ကြပြန်၏ ။ ကျွန်တော် အလွန် ရှက်မိပါသည် ။ ကျွန်တော့် ကို လှောင်ပြုံး ပြုံး သည် ဟု သာ ထင်ပါ၏ ။
ကျွန်တော် အင်္ဂလိပ် ကား ကြည့် ချင်၏ ။ အမေ က နားမလည် ဟု ဆိုကာ လိုက် မပို့ပါချေ ။ ကျွန်တော် လည်း မကြည့်ရတော့ချေ ။ ကျွန်တော် တွင် အဖေ မရှိသောကြောင့် အင်္ဂလိပ်ကား မကြည့်ရခြင်း ဖြစ်သည် ဟု ထင် ပါသည် ။ သို့သော် အဖေ လိုချင် စိတ် ကျွန်တော့် တွင် မပေါ်ခဲ့ပါ ။ အမေ နှင့် မူ မြန်မာကား ကြည့် ရပါသည် ။ ရွှေဘ ၊ တင်ညွန့် တို့ ပါလျှင် ကျွန်တော် ကြိုက်၏ ။ နတ်စိမ်းကားများ ကို မူ ကျွန်တော် မကြည့်ရဲချေ ။ တာတေကြီး ကို အကြောက်ဆုံး ဖြစ်၏ ။ ဒေါ်မြလေး ကို မူ ကြောက် လည်း ကြောက် ၊ မုန်း လည်း မုန်း ပါသည် ။ ဖိုးပြုံးချို က ဖိုးပါကြီး နှင့် ဝင်းမာ ကို ကျွန်တော် အလွန် ကြိုက်၏ ။ ဖိုးပြုံးချို ကြည့် စဉ်က အမေ မျက်ရည် ကျ၏ ။ ကျွန်တော် လည်း မျက်ရည် ကျ ပါသည် ။ ကျွန်တော့် ညီ နှင့် ညီမ ကား ကျွန်တော် ငိုသည် ကို ကြည့် ပြီး မိန်းမလျာ ဟု ဆိုကြပါသည် ။ ညီလေး ကို ခေါင်း တစ် ချက် ရိုက် လိုက်မိ၏ ။
••••• ••••• ••••• •••••
“ ကိုရွှေများ ကိုရွှေများ
ကျွန်ုပ်တို့ဆီ လာပါလား ” ကဗျာလေး ကို အလွန် ကြိုက်ခဲ့ပါသည် ။
“ ထပါကပါ ၊ လသာသာ
ပဝါပါးပါး ကာကာထား ” ဟူသော စာပိုဒ်လေးများ ကို သံကုန် အော် ဖတ်ခဲ့သည် ။
ဦးဝန် ဦးဘ ဟူ၍ မည်သူမှန်း မသိသော်လည်း ဦးဝန် ဦးဘ ရေးသော စာအုပ်များ နှင့် ရင်းနှီးပြီး ဖြစ်၏ ။ မြန်မာ ဖတ်စာအုပ်များ ထဲ မှ မောင်ဒီ ၊ ရွှေလက်တို့ရ ဘုရင်ကြီး ၊ ဒွေးမယ်နော် ၊ ရွှေဖျဉ်းညီနောင် ၊ လေးသည်တော်ဝီလျံတဲ တို့ ကို ကြိုက် ခဲ့ပါသည် ။
“ ဤပုံနှင့်သာ ဆိုလျှင် မိုးကြီး ချုပ်သည့် တိုင် အိမ် သို့ ရောက်မည် မဟုတ် ” ဟူသော စာပိုဒ်လေး ကို အလွတ် ရနေ၏ ။
နယူးစတာဒီ ရီဒါတူး အင်္ဂလိပ်ဖတ်စာ ထဲ က အာရပ် နှင့် ကု,လားအုပ်ကြီး အကြောင်း ကို လည်း သဘော ကျခဲ့ပါ သည် ။
ရေ တွင် အရောင်အဆင်း အနံ့အရသာ မရှိကြောင်း ကို လည်း သင်ခဲ့ရပါသည် ။
••••• ••••• ••••• •••••
ထိုစဉ် အခါက အုန်းသီး ပါ သော သုံးမြွှာပူး သကြားလုံးကလေးများ ကို အမြဲ ဝယ် စားပါသည် ။ ပူရှိန်း သကြားလုံးဖြူဖြူလေးများ မှာ ငါးပြား ဖိုး နှစ်ပြား ရ၏ ။ ပါးစပ် ထဲ တွင် ပူရှိန်းရှိန်း ဖြစ်နေရခြင်း ကို ပင် အလွန် ကြိုက်ခဲ့ပါသည် ။ စာလေးခွေ ကို မူ ချိုးဖဲ့ ချေကာ အင်္ကျီအိတ် ထဲ ထည့် ပြီး မှ အကျိုးလေးများ ကို တဖြည်းဖြည်း ထုတ် စား တတ်ပါသည် ။ ပန်းသီးလေးများ ကို လည်း ကျောင်း နောက်ဖေး ဦးဖိုးဝ ခြံစည်းရိုး တွင် သွား ခူး စားတတ်ပါသေးသည် ။ ပုဏ္ဏရိပ်ပင် မှ သီးသော အသီးလေးများ ဖြစ်လေသည် ။ ဖန်တန် တန် ချိုတိုတို ရှိ၏ ။
ကျွန်တော် သည် ဂျင် မပေါက်တတ် ၊ စွန် မလွှတ်တတ် ချေ ။ ဂျင် ပေါက်သည် ကို စိတ် မဝင်စား သော်လည်း စွန် လွှတ်ခြင်း ၊ စွန်ဖြတ်ခြင်း ကို မူ စိတ်ဝင်စား၏ ။ စွန် လိုက်သမား နောက်လိုက် အဖြစ် လည်း လိုက် တတ်ပါသည် ။ ကျွန်တော် ကား ပိန်ညောင်ညောင်လေး ရှိသည့် အတိုင်း လုယက် တိုးဝှေ့ ပြေးလွှား ရသော စွန် လိုက်ရာ၌ လည်း မစွမ်းခဲ့ချေ ။ သူများ နောက်လိုက် အဖြစ် စွန်များ ၊ ကြိုးများ ကို ကိုင်ရင်း စွန် နောက်လိုက် လုပ် ပါသည် ။ ထိုအခါ မျိုး တွင် စွန်စုတ်စုတ် တစ်ကောင် ၊ ကြိုး လေးငါးဆယ်လံ မျှ ရ တတ် ပါသည် ။ ထို စွန် ၊ ထို ကြိုး တို့ ကို ကျွန်တော် ကိုယ်တိုင် စွန် လိုက် ၍ ရ သည့် ပမာ အမေ့ ကို ကြွား တတ်ပါသည် ။ ယုံသည် လည်း မရှိချေ ။
အကြမ်းပတမ်း ဘက် တွင် မစွမ်းသော ကျွန်တော် သည် ပုံ ဆွဲတွင် မူ တော်၏ ။ စစ်ပွဲများ ၊ ရွှေဘ ၊ တင်ညွန့် ထိုးပုံ ၊ ကောင်းဘွိုင်ပုံများ ၊ ဗိုလ်ဗရှိန်းပုံများ ဆွဲ တတ်ပါ သည် ။ စစ်ပွဲများ တွင် အမြောက်ပေါင်း များစွာ ပါသော လေယာဉ်ပျံ ၊ သံချပ်ကား ၊ သင်္ဘောများ ကို ထည့် ဆွဲရပါသည် ။ ကျွန်တော် ဆွဲသော စစ်တိုက်ပွဲပုံများ ကို ကျွန်တော့် သူငယ်ချင်းများ က ဝိုင်းအုံ ကြည့် တတ်ပါသည် ။ ကျွန်တော် နှင့် မတည့်သူများ လာ ကြည့်လျှင် ပုံ မဆွဲဘဲ နေတတ်ပါသည် ။ ထိုအခါ ကြည့်ချင်သူများ က ကျွန်တော် နှင့် မတည့်သူများ ကို ပင် နှင် ထုတ်ကြလေသည် ။ ရွှေဘ ၊ တင်ညွန့် ထိုးပုံ ကို ကား လူကြိုက် များ၏ ။ ကောင်းဘွိုင်ပုံများ ၊ ဗိုလ်ဗရှိန်းပုံ များ ကို မူ သူများ ကျောက်သင်ပုန်း တွင် ပင် ဆွဲ ပေး ရပါသေး သည် ။ ပုံ ဆွဲရာတွင် ကား ကျွန်တော် အလွန် တော်သည် ဟု ချီးမွမ်း ခံရခြင်း ကို သတိ ရ နေသေးသည် ။
ကျွန်တော့် ကျောက်သင်ပုန်း မှာ ကျိတ်မှန်ရွက် နှင့် စပယ်ရှယ် တိုက် ထားသောကြောင့် မည်းနက်ချောမွတ် နေ တတ်၏ ။ ကျောက်တံ ချွန် ရာ ၌ လည်း ကျွန်တော့် လို ချွန် တတ်သူ အတန်း ထဲ တွင် မရှိချေ ။ အဖျား ကို တဖြည်းဖြည်း ရှူး သွားအောင် ချွန် ပါသည် ။ တံတွေး ကို အင်္ဂတေ ပေါ် ထွေး ချ ပြီး ချွန် သည် မှာ အခြောက်တိုက် ချွန် သည် ထက် ကောင်း ပါသည် ။ ချွန် လောက်ပြီ ထင်မှ ကျောက်တံ ထိပ်ပိုင်း ကို စက္ကူစုတ် ဖြင့် သုတ် ပစ်ရ၏ ။ ကျောက်တံထိပ် ကို နမ်း ကြည့် လျှင် အာပုပ်စော် နံ နေတတ်သည် ။ ကျောက်တံ ချွန် မချွန် စမ်း နည်းမှာ ပါးတစ်ဖက် ကို ဖောင်း ပြီး ကျောက်တံ ဖြင့် ရွရွလေး ထိုး စမ်း ရပါသည် ။ စူးစူးနစ်နစ်လေး ရှိလျှင် ကျောက်တံ ချွန်သည်ဟု မှတ် လိုက်၏ ။
“ လူကလေးရယ် ငို ၊ ခို ဖမ်းလို့ပေး ၊ ခိုဖြူ ခိုပြာနက် ကယ် ဖမ်း ခက်လှသေး ” ကဗျာလေး ကို သင်ရစဉ် က “ ဖမ်း ခက်လှသေး ” “ ဖမ်းဂလန့်သေး ” ဟု ဖျက် ဆိုခဲ့၏ ။ တစ်တန်းလုံး အော် ဆို ရသောကြောင့် ကျွန်တော် ဖျက် ဆိုသည် ကို ဆရာမ မသိချေ ။ ဘေး မှ သူငယ်ချင်းများ သာ သိ ပါသည် ။ ကျွန်တော် က လည်း ဖျက် ဆို ရသည် ကို ပို ကြိုက်ခဲ့၏ ။ “ ဤလူ့ဘောင်တွင် ” ရုပ်ရှင်ကားနာမည် ကို ကား ဘာ ဆိုလို မှန်း မသိခဲ့ချေ ။ “ ဤလူ့ဘောင်တွင် ” ဟူ သည် ဘာမှန်း မသိ ချေ ။ တစ် အပေါ် တွင် သုည တင် ပြီး ဝိ − ဟု ရေး သည်ကို လည်း ကျွန်တော် နား မလည်ခဲ့ချေ ။ တစ် နောက်တွင် ထား ရမည့် သုည ကို ပင် အပေါ် တင် ထားခြင်း ဟု ထင်ပြီး တစ်ဆယ် ဟု မှတ်ခဲ့၏ ။ ၁ဝိ − ရေးလျှင် တစ်ရာ ၊ ၁ဝဝိ - ရေးလျှင် တစ်ထောင် ဟု မှတ် သွား တတ်ပါသည် ။ ထို အကြောင်းကို ဆရာမများ မသိချေ ။ ကျွန်တော့် ဘာသာ မှတ် ထားခြင်း ဖြစ် ပါသည် ။
လုပ်ပြီး မှ သိမှာ စိုးသော အဖြစ် တစ်ခု ရှိပါသည် ။ ၎င်း ကား ချေး ကြိုးတန်းခြင်း ပင် ဖြစ် ပါသည် ။ ကျွန်တော် တို့ အိမ်ဝင်း မှ ဖြတ် သွားရသော ဖြတ်လမ်းကလေး တစ်ခု ရှိပါ သည် ။ ညဘက် တွင် ထို လမ်း ကို ချေးကြိုး တားခြင်း ဖြစ်ပါ သည် ။ ချေး ကို တုတ်တစ်ချောင်း ဖြင့် ကော်ပြီး ရင်ဘတ် အမြင့် နား တွင် ချည် ထားသော အပ်ချည်ကြိုးတန်း ၌ သုတ် ထား ရ၏ ။ ကျွန်တော် ကား ချေး ကြိုး ထိမည့် သူများ ကို အ မှောင် ထဲ မှ ထိုင် ချောင်း နေပါသည် ။ ဦးဘဒင်ကြီး လာ ပါ သည် ။ ကျွန်တော့် ကို အလွန် ချစ်သော လူကြီး ဖြစ်သည် ။ ကျွန်တော် က လည်း ချစ် ပါသည် ။ သူ့ ကို ချေးကြိုး မထိစေ ချင်သောကြောင့် ပြောမည် ကြံသေး၏ ။ ကျွန်တော် လုပ်သမျှ ပေါ်မည် စိုး၍ အသော ကုပ် နေ လိုက်ပါ သည် ။ ဦးဘဒင်ကြီး ကား ချေးကြိုး ထိ လေသည် ။ အပ်ချည်ကြိုး ပင် ပြတ် သွား ပေပြီ ။ သိ မသိမူ မသိချေ ။ ကျွန်တော် လည်း အိမ် ပေါ် သို့ ပြေး တက် လာခဲ့တော့၏ ။ လာ တိုင်မည် ကို နား စွင့် နေ မိ သည် ။ လာ မတိုင်ချေ ။ ထိုအခါမှ စ၍ ချေးကြိုး တားခြင်း ကို ကျွန်တော် ဆလံ ပေး ခဲ့ပါသည် ။ မည်သူမျှ မသိပါချေ ။ ကျွန်တော့် ကို ဆိုးသည် ဟု ပြောကြမည် ထင်၏ ။
ဪ ... ကျွန်တော် ငယ်ငယ်တုန်း က လေ ။
တို့များ ငယ်ငယ်တုန်းကလေ ။
••••• ••••• ••••• •••••
( ကျွန်တော့် တင်ပြမှုကြောင့် အနည်း နှင့် အများ မူကွဲ တတ် သော ကိုယ်ပိုင် အဖြစ်ကလေးများ ကို ပြန်လည် ခံစား နိုင် လျှင် အထုပ် ဖြေရကျိုး နပ်ပါပြီ ။ )
◾ ကိုရွှေသိမ်းမင်း
📖 မြကန်သာ မဂ္ဂဇင်း
၁၉၇၄ ၊ ဖေဖော်ဝါရီ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment