❝ ရှက်ဖွယ် ❞
“ ဘာမှ မရှိတော့ဘူး × × × တစ်ခုမှ မရှိတော့ဘူး × ဘာမှ မရှိတော့ဘူး × × × တကယ်ကို တစ်ခု မှ မရှိတော့ဘူး ×× × ခံစားချက်တွေ ပျက်စီး xxx ငါ့ မှာ မျက်ရည် မရှိတော့ဘူး ”
ဆောင်းဘောက်စ် မှ သီချင်း ကို အားရပါးရ သံပြိုင် လိုက် ဆို နေသော ‘ နေထွန်းသာ ’ သည် တီးလုံးပိုဒ် အရောက် တွင် မျက်စိ ကို မှိတ် ၊ ဒူး ကို နှံ့ ၍ စီးကရက် ကို ရှိုက်ဖွာ လိုက်သည် ။
သူ့ ဘေး က ခုံ မှာ ယခု စီးကရက် ၏ ဒကာ ‘ ဂျင်မီစိုး ’ ရှိသည် ။
“ ဒီအချိန် မြန်မာစာကြီး ကွ ၊ ပျင်းစရာ ကောင်းတယ် ”
ဟူသော အတိုင် ကို တစ်ယောက် က အစ ပြု ပြီး
“ အေးကွာ နောက် အချိန်တွေ က လည်း အင်္ဂလိပ်စာ နဲ့ သမိုင်း ကွ ”
ဟူသော အဖောက် နှင့် တစ်ယောက် က ထောက်ခံကာ
“ ဒါဖြင့် လက်ဖက်ရည်ဆိုင် သွားကြမယ် ”
ဟူ၍ နှစ်ဦး သဘောတူ ဆုံးဖြတ်လျက် ကျောင်း နား က လက်ဖက်ရည်ဆိုင် မှာ လာထိုင် နေကြခြင်းပင် ဖြစ်သည် ။
‘ ဂျင်မီစိုး ’ က ငွေကြေး ပြေလည်၍ လက်ဖက်ရည်ဖိုး ၊ ဆေးလိပ်ဖိုး ဒိုင်ခံ ရှင်းလေ့ ရှိ၏ ။ နေထွန်းသာ က တစ်ခါတစ်လေ မှ ...
သူတို့ နှစ်ယောက် စလုံး ဆံပင်ပုံစံ ဆင်တူ ညှပ်ပြီး အလယ် ခွဲ ကာ ဂျင်မီ က အညိုရောင် ဆိုး ထားသည် ။ နေထွန်းသာ က တော့ အဖေ့ ကို ကြောက်၍ သည်လို လုပ်ခွင့် မရချေ ။
လက်ဖက်ရည် ကို အချိန် ဆွဲ သောက်ပြီး စီးကရက် ကို ဇိမ် နှင့် ဖွာ ကာ သီချင်း နားထောင် ရသည့် အရသာ ကို အလွန် နှစ်ခြိုက်ကြ သဖြင့် မကြာခဏ အတန်း လစ် ၍ သည် ဆိုင် ကို လာ ထိုင် နေကျ ။
“ ဖြောင်း ”
ဘယ်လို ခံစားမှု လဲ ဟု ဝေခွဲ၍ မရခင် ရုတ်တရက် လူ က အရှေ့ သို့ စိုက်ကျ သွားပြီး လက် ထဲ က စီးကရက် လည်း လွင့်ထွက် သွား၏ ။ ယောင်ယမ်း လက် ထောက် မိ သဖြင့် စားပွဲ ပေါ် မှ လက်ဖက်ရည် ပန်းကန် လည်း စောင်းမှောက် ကာ ဖိတ်စင် စီးကျ ကုန်သည် ။
“ ထောင်း ” ခနဲ ဒေါသ ထွက် ပြီး မိမိ ဇက်ပိုး ကို လာ ရိုက်သူ အား နေထွန်းသာ ဆတ်ခနဲ လှည့် ကြည့် လိုက်မိသည် ။
‘ ဟင် အဖေ ’
မီးဝင်းဝင်း တောက်သော မျက်လုံးများ ဖြင့် စီးမိုး ကြည့် နေသော အဖေ ။ နေလောင်သော အသားအရေ ၊ ညစ်နွမ်းနွမ်း စစ်အင်္ကျီ ၊ မွဲခြောက်ခြောက် ဦးထုပ် အစုတ် ကို ဆောင်း လျက် ခါးကြီး တင်းတင်း ထောက် လို့ပါ ကလား ။
“ ခွေးမသား ... ဒီမှာ လာ အလေ လိုက်နေတယ် ၊ ဟင်း ကျောင်းချိန်ကြီး ကို အဖေ က ကျွဲ လို နွား လို ရှာ မင်း က ဒီမှာ လာ ဖြုန်း မင်း သေသွားမယ် ”
အဖေ က အင်္ကျီ ကော်လာစ ကို ဆွဲကုပ်ပြီး ကိုင်မ လိုက် သဖြင့် နေထွန်းသာ အမြန် မတ်တပ် ထ ရပ်ရင်း
“ မ ... မဟုတ်ပါဘူး အဖေ သူ တိုက်တာပါ ”
“ သူ တိုက်တာ နဲ့ ပဲ မင်း က ဒီစီးကရက် ကို သောက်ရ ရောလား ။ တယ် ငါ ကွာ ဆိုင် ထဲ မှာ မို့လို့ မင်း သက်သာ နေသေးတယ် မှတ် ။ သွား ကျောင်း ထဲ ပြန် ။ အေး မင်း နဲ့ ငါ ညနေ မှ စာရင်း ရှင်းမယ် ”
အဖေ နင်း ထွက် သွားသော ဆိုက္ကား ပေါ် မှ ခရီးသည် မှာ အံ့ဩသော မျက်နှာ နှင့် နေထွန်းသာ ကို လှည့် ကြည့် သွား၏ ။ ဆိုင် ထဲ မှ လူများ အားလုံး က လည်း နေထွန်းသာ ကို ဝိုင်း ကြည့် နေကြသည် ။
သွားပြီ ။ အားလုံး သိကုန်ပြီ ။ နေထွန်းသာ သေချင် လောက် အောင် စိတ်ညစ် သွားတော့၏ ။ ဂျင်မီ သိ သွားတာ အဆိုးဆုံးပဲ ။ မိမိ ကို ဆိုက္ကားသမား သား မှန်း သိသွားပြီး အထင် သေး တော့မည် ။
ယခု နှစ် မှ ကိုးတန်း တက် ရန် ကျောင်း အသစ် သို့ ရောက် လာသော နေထွန်းသာ သည် သူငယ်ချင်း အသစ်တွေ မရိပ်မိ အောင် ဟန်ဆောင် ထား နိုင်ခဲ့သည် ။ လမ်း မှာ အဖေ နှင့် တွေ့ လျှင် မမြင်ယောင် ဆောင်ခဲ့၏ ။ ပုန်း နေခဲ့၏ ။ မိဘ အလုပ်အကိုင် ‘ ကုန်သည် ’ ဟု ပြောခဲ့၏ ။
သည်နေ့ တော့ သူ အလိမ် ပေါ်ပြီ ။
လက်ဖက်ရည်ဆိုင် ထဲ က ထွက် လာပြီး နှစ်ယောက် သား တိတ်ဆိတ် နေခဲ့ ကြသော်လည်း နေထွန်းသာ ရင် ထဲ မှာ တော့ ဗလောင်ဆူ နေချေပြီ ။ သူ ဘာ လုပ်ရမည်လဲ ။ သည် အချိန် ကျောင်း လည်း မပြန်ချင် ။ အိမ် ပြန် လျှင် လည်း မသက်သာ ။ သက်ပြင်း ရှည်ကြီး ကို မှုတ်ထုတ် မိတော့သည် ။
“ မင်း အဖေ က ဒေါသ ကြီးတယ် နော် ”
“ အေး သူ စိတ်ဆိုး ရင် တိုင် မှာ ကြိုးတုပ်ပြီး ရိုက်တာကွ ”
“ ဟာ မင်း အမေ က မဆွဲဘူးလား ”
“ ငါ့ အမေ ဆုံးတာ ကြာပြီ ။ ရှိလဲ ဆွဲ လို့ ဘယ် ရမလဲကွာ ”
ပြောရင်း အမေ့ ကို သတိရ စိတ် ဖြင့် မျက်ရည် ဝဲချင် လာသည် ။ နေထွန်းသာ တို့ ညီအစ်ကို သုံးဦး မှာ နေထွန်းသာ အကြီးဆုံး ၊ ညီလတ် နှင့် ညီထွေး က အိမ် နား က အလယ်တန်းကျောင်း မှာ ။ အဖေ က မုဆိုးဖို ဘဝ နှင့် ပင် တစ်နေကုန် ဆိုက္ကား နင်း ၍ အိမ် စီးပွား ကို တာဝန် ယူသည် ။
ကျောင်း မုန့်ဖိုး ၊ လမ်းစရိတ် လိုသမျှ ကို စိစစ်၍ ပေးသည် ။ ကိုယ်တိုင် လည်း အပို မသုံး ။ အရက် မသောက် ၊ ဆေးလိပ် မဖွာ ။ ကွမ်း ပင် မစား ။
အားလုံး ကောင်း သော် လည်း သူတို့ ညီအစ်ကိုတွေ ကို စိတ်တိုင်း မကျ လျှင် တော့ ထိုးကြိတ် ရိုက်နှက် ရာ ၌ လက် အလွန် ယဉ်သည် ။ အပြစ် ကြီး လျှင် အိမ်ရှေ့ ဓာတ်တိုင် မှာ ကြိုးတုပ် ရိုက် တတ်သည် ။
သည်နေ့ ကိစ္စ က အဲသည်လို အရိုက် ခံရဖို့ ရာခိုင်နှုန်း တော်တော် များ နေပြီ ။ အမယ်လေး တွေး ကြည့်ရုံ နှင့် ရှက်စရာ ။ ကျောချမ်းစရာ ။
“ မင်း ကွာ သည်လောက် ကြောက် ရရင် လည်း သူ မကြိုက်တာ ရှောင် ပေါ့ကွ ။ ငါ့ မိဘတွေ ဆို စကား ကို တစ်ခွန်း နှစ်ခွန်း လှည့်ပတ် ပြောလိုက် ရင် ပြီးတယ် ။ ပြဿနာ မရှိတော့ ငါ ကြိုက်သလို နေတာ ။ မင်း အဖေ ပုံစံမျိုး ဆိုရင်တော့ ”
ဂျင်မီစိုး က ဆက် မပြောတော့ ဘဲ ပုခုံး တွန့် ပြသည် ။
“ အေး ဒါကြောင့် ငါ လစ် တော့မယ် ”
“ ဟင် ဘယ်ကိုလဲ ”
“ ငါ့ ကြီးတော်ကြီး ရှိ တဲ့ အညာ ကို ”
“ ဟာ ဟေ့ကောင် ကျောင်း ပျက် မှာပေါ့ ”
“ ပျက် ပျက်ကွာ လောလောဆယ် ငါ စိတ်လေ နေတယ် ”
“ ပြဿနာ ပဲ နေထွန်းသာ ရာ ”
••••• ••••• •••••
“ ဦးလေး ၁၆ ရပ်ကွက် ဘုရားလမ်း ဆိုတာ ဘယ်နား မှာ လဲ ”
“ မြို့ တောင်ဘက် မှာ ကွ ။ နည်းနည်းတော့ ဝေးတယ် ။ ဆိုက္ကား နဲ့ သွားပေါ့ ”
ဘူတာ မှ အထွက် ကြီးဒေါ် အိမ် ရောက်ဖို့ နေထွန်းသာ ဆိုက္ကား ငှား ရလေပြီ ။ ဘုရားလမ်း “ ရွှေမြင်း စာအုပ်အငှားဆိုင် ” ဆိုသည် မှ လွဲ၍ အိမ် အမှတ် လည်း မသိ ။ တစ်ခါမှ လည်း မရောက်ဖူးချေ ။
ဆိုက္ကားသမားလေး က “ ဩော် သိတယ် သိတယ် ” ဟု ဝမ်းသာအားရ ဆို၍ သွက်လက်စွာ နင်း ထွက်၏ ။ နေထွန်းသာ နှင့် မှ ရွယ်တူ လောက် ရှိ၏ ။
“ ဟေ့ ဖိုးသား မင်း အဖေ ဘာဖြစ်လို့လဲ ”
“ ထုံးစံ အတိုင်းပေါ့ ဆေးရုံ တင် ထားရပြန်ပြီ အစ်ကိုကြီး ရေ ”
မျက်နှာချင်း ဆိုင် မှ လှမ်း မေးသော ဆိုက္ကားသမား ကို ပြန်ဖြေရင်း
“ ဒီ တွဲ က အဖေ့ တွဲ လေ အစ်ကို ရဲ့ ။ ဒီလိုပဲ အဖေ နေဆိုး ရင် ကျွန်တော် က တက် ဆွဲရတာ ”
“ ဟင် ဘာဖြစ်လို့ ”
“ ဪ အဖေ နေဆိုး လို့ အခု ဆေးရုံ တက် နေတယ်လေ ”
“ နေမကောင်း တာ ကို ပြောတာလား ”
“ ဟုတ်ကဲ့ ။ အစ က ဆိုက္ကားနင်း ရင် ဘေးချည်း ဆွဲပြီး လည် နေတာလေ ။ အဖေ မနင်းနိုင် လို့ ခဏတိုင်း တက်နင်း ရင်း နဲ့ ကျွမ်း သွားတာ အစ်ကို ရဲ့ ”
“ ဒါဆို မင်းပဲ အမြဲ နင်း တာပေါ့ ”
“ အာ ကျွန်တော် က ကျောင်း တက် နေတာ အစ်ကို ရ ။ ဒီနေ့ ဆို စာတွေ လွတ်ကုန်ပြီ လေ ”
နေထွန်းသာ အလန့်တကြား နှင့် သူ့ ကို မော့ ကြည့်မိသည် ။
ဘယ့်နှယ် ကျောင်းသား က ဆိုက္ကား ထွက် နင်းရတယ်လို့ ။
“ ဘယ်နှစ်တန်းလဲ ”
“ ကိုးတန်း ပါ ”
နေထွန်းသာ မျက်နှာ နည်းနည်း စပ်ဖျဉ်းဖျဉ်း ဖြစ်သွား သလိုပင် ။
“ ဒါဆို ကျောင်း ပျက်တော့ ဆရာမတွေ က မဆူဘူးလား ”
ကုန်း တက် မို့ အရှိန် ရအောင် မတ်တပ် ရပ်လျက် နင်းရင်း အရှေ့ မှ စက်ဘီးများ ကို လည်း ဘဲလ်တီး အချက်ပေး လိုက်သေးသည် ။
“ ရှင်းပြ ထားရတာပေါ့ ဆရာမတွေ က လည်း သိ နေတော့ ညနေ ကျောင်း ဆင်း ရင် အိမ် ခေါ် သင် ပေးတယ် ။ ကျွန်တော် က ဆိုက္ကား စောစော သိမ်း ရတာပေါ့ ။ သူငယ်ချင်းတွေ က လည်း စာအုပ် ငှားကြ ပါတယ် ။ ဒါပေမယ့် ကျောင်း မှာ သင်တာ က ပို ကောင်းတာပေါ့ အစ်ကို ရာ မဖြစ်လို့ သာ ဆိုက္ကား ထွက် နင်း နေရတာ ။ ပြန်သင် ပေး ရတဲ့ ဆရာမ ကို လည်း အားနာလှပြီ ”
“ မင်း အဖေ က ဘာဖြစ်တာတဲ့ လဲ ”
“ အဖေ က အသည်း ခြောက် တာ လို့ ဆရာဝန် က ပြောတာပဲ ။ အရင် က အရက် အရမ်း သောက် ခဲ့လို့ တဲ့ ။ အလုပ် က ပင်ပန်းတော့ နည်းနည်း သောက်ရင်း က စွဲ သွားရှာတာပေါ့ အစ်ကို ရာ ။ မနှစ်က ဒီအချိန် ဆို သွေး အန်လို့ တစ်ခါ ဆေးရုံ တက်ရ ပြီးပြီ ။ သိပ် သနားစရာ ကောင်းတာပဲဗျာ ။ အခု တစ်ခါ သွေးစလေး နည်းနည်း ပါ ရုံ နဲ့ လန့်ပြီး ဆေးရုံ သွား တင်လိုက်တာ ”
“ အရက် ဖြတ်ခိုင်းပေါ့ ”
“ စွဲနေပြီ ။ မရတော့ဘူး ။ အဖေ့ ကို ကြည့်ပြီး ကျွန်တော်တော့ တကယ် သင်ခန်းစာ ရတယ် ။ အရက် ဆို လုံးဝ မစဘူး ။ ဆေးလိပ် လည်း မသောက်ဘူး ။ ဘာ လုပ်မလဲ အစ်ကို ရာ ပိုက်ဆံ အပို ကုန်တာပေါ့ မဟုတ်ဘူး လား ”
ဖိုးသား ၏ အမေး ကို သူ ခေါင်း ညိတ် လိုက် မိသလား ပင် ၊ နေထွန်းသာ မသေချာဘဲ မျက်စိ ထဲ အဖေ့ မျက်နှာ ကိုသာ မြင် နေတော့သည် ။ မိမိ အဖေ နှင့် ဖိုးသား အဖေ ဘဝတူ ။ ခံယူချက်ခြင်း ကွဲပြားကြသည် ။ မိမိ နှင့် ဖိုးသား က ရော ။ အရက် သောက် သော အဖေ ကို မငြိုငြင်ဘဲ သင်ခန်းစာ ယူ သော ၊ အိမ် စီးပွားရေး ကို တစ်ဖက် တစ်လမ်း က ကူထောက် နေသော ၊ ဆိုက္ကား နင်းရသည် ကို ကျောင်းချိန် ပျက်သည့် အတွက် တစ်ခုတည်း ကြောင့် သာ မနင်းချင်သော ၊ ပညာရေး ကို တန်ဖိုး ထားသော ဖိုးသား နင်း သည့် ဆိုက္ကား ပေါ် မှာ ထိုင် စီး ရသည် ကိုပင် နေထွန်းသာ လိပ်ပြာ မလုံချင်တော့ချေ ။
အဖေ သာ နေမကောင်း ဖြစ်ခဲ့ပါက နေထွန်းသာ သည်လို ဆိုက္ကား နင်းရဲ ပါ့မလား မသိ ။ အဖေ ကျန်းမာ နေခြင်းသည် မိမိ တို့ အတွက် အလွန် အဖိုး ထိုက်တန်သော အနေအထား ပါ ကလား ။
အဖေ့ စေတနာတွေ ကို စော်ကား ခဲ့မိသော မိမိ ကိုယ် ကို ဘယ်မှာ ဝှက်ထား ရမည် မှန်း မသိတော့ အောင် ရှက်မိသည် ။ ဆိုက္ကားသမား သား ဖြစ်ရခြင်း အတွက် တော့ ဘာမှ ရှက်စရာ မရှိပါ ။
ဆိုက္ကား တုန့်ခနဲ ရပ် မှ အတွေး လည်း ပြတ်သည် ။
ဆိုက္ကားခ ဆိုဈေး ထက် ပိုပေးသည် ကိုပင် ဖိုးသား က မယူ ။ ပြန် အမ်းသည် ။ စာအုပ်ဆိုင် ထဲမှ ကြီးဒေါ် ဖြစ်သူ ပြေးထွက် လာသည် ။
“ ဟဲ့ ငထွန်း ငထွန်း မဟုတ်လား ။ လာ လာ ”
“ ကြီးကြီး နေကောင်းလား ”
“ အေး ကောင်းပါ့ ။ ဒါနဲ့ မင်း ဘာကိစ္စ နဲ့ လာတုန်း ။ မင်း အဖေ ရော ”
“ အားလုံး ပြီးတော့ ပြောပြပါ့မယ် ကြီးကြီး ရာ ။ ရထား ဘယ်အချိန် ပြန် ထွက် မလဲ သိချင်လို့ ။ ခုနက ဆိုက္ကားသမား ကို လည်း မမေးလိုက်ရဘူး ”
“ ဒီနေ့ နေ့လည် ၂ နာရီ လေ ၊ ဘာဖြစ်လို့လဲ ”
“ ကျွန်တော် ပြန်မလို့ ”
“ ဟောတော့ ”
◾မဦး
📖 မြအလင်္ကာ မဂ္ဂဇင်း
သြဂုတ် ၊ ၁၉၉၉
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment