Tuesday, December 26, 2023

မြင့်မြတ်သော ဘဝ


 

❝ မြင့်မြတ်သော ဘဝ ❞

ဆရာတော် ဦးကေသရ ( ယခု သက်တော် ၈၁ နှစ် ) ကို အောင်သမာဓိ ဦးအောင် က မိတ်ဆက် ပေးတာပါ ။

ဆရာတော် လူဝတ်ကြောင် ဘဝ တုန်း က ပန်းရန် လုပ်တယ် ။ ကန်ထရိုက် ဆရာတွေ နဲ့ တွဲပြီး ဆောက်လုပ်ရေး လုပ်ငန်းတွေ လုပ်တယ် ။ ဆိုရှယ်လစ် ခေတ်ပြောင်းတော်လှန်ရေး ဆိုတဲ့ အချိန် မှာ အလုပ်သမားကောင်စီတွေ ရဲ့ အားပေးကူညီမှု နဲ့ အလုပ်သမား လျော်ကြေးတွေ တောင်းကြတယ် ။ ဆရာတော်လောင်းလျာ ပန်းရန်ဆရာ ဦးကျော်မောင် က တော့ တခြား သူတွေ လို ဆရာ ကို ကာပြန် ပြီး လျော်ကြေး မတောင်းဘူး ။ သူ့ ရဲ့ ဆရာ့ ကျေးဇူး ထောက်ထားမှု ကို အောင်သမာဓိဦးအောင် က သဘောကျ ပြီး ကျွန်တော် နဲ့ မိတ်ဆက် ပေးတာပါ ။

ဆရာတော် ကို တွေ့ဆုံခွင့် တောင်း ပြီး သူ့ ဘဝ ခရီး ကို ကျွန်တော် လျှောက်ထား မေးမြန်းတယ် ။

ဆရာတော် က နား နည်းနည်းလေး တော့ ကျွန်တော့် မေးခွန်းတွေ ကို အသံ မြှင့် ပြီး မေး ရတယ် ။ ဆရာတော် ကလည်း နားလေးသူ တို့ ဓမ္မတာ အတိုင်း အသံ ခပ်ကျယ်ကျယ် ပြော တော့ မကြားလိုက်ရဘူး ဆိုတာ မရှိဘဲ အဆင်ပြေတယ် ။

ကျွန်တော် က မေးနေကျ မေးခွန်း ဖြစ်တဲ့ မွေးဖွားရာ ဇာတိ ၊ မိဘတွေ အကြောင်း ၊ သွေးချင်းတွေ အကြောင်း က စ မေးပါတယ် ။

“ အဖေ က တောင်သူ လုပ်တာ ။ မလှိုင်မြို့နယ် ၊ ထန်းမကြီးရွာ မှာ ဦးပဉ္စင်း မွေးတယ် ။ မွေးချင်း ငါးယောက် မှာ စတုတ္ထသား ပေါ့ ။ အမေ က ဦးပဉ္စင်း ငါးနှစ်သား မှာ ဆုံးတာ ။ စာ သင်တာ က တော့ ရွာ က ဘုန်းကြီးကျောင်း မှာပါပဲ ။ အမေ ဆုံးပြီး နောက် ဘုန်းကြီးကျောင်း မှာ ပဲ ကျောင်းအိပ် ကျောင်းစား နေတယ် ။ အဖေ က နောက် အိမ်ထောင် ထပ် ပြုပြီး ဦးပဉ္စင်း ၁၁ နှစ်သား မှာ မိတ္ထီလာ ကို ပြောင်း သွားတယ် ။ အခြား ညီအစ်ကို မောင်နှမတွေ က အဖေ နဲ့ အတူ ပါသွားကြပေမယ့် ဦးပဉ္စင်း က တော့ တစ်ယောက် တည်း ပဲ ဘုန်းကြီးကျောင်း မှာ နေခဲ့တာ ”

ဆရာတော် ဦးကေသရ က သူ့ ဘဝ ပြန် ပြောနေချိန် မှာ ကျွန်တော် က မှန်ပါ့ဘုရား စကား ထောက် ပေးပါတယ် ။

“ ရွာ ကျောင်း မှာ နေရင်း ကျောင်းဘုန်းကြီး က ပျံတော် မူသွားတော့ မိတ္ထီလာမြို့ ပေါ် ကို အဖေ နဲ့ လိုက် နေတယ် ။ အဖေ က မိတ္ထီလာ မှာ ကူလီခေါင်း လုပ် နေတယ် ။ ကိုယ့် အသက် က လည်း ၁၅ နှစ် ရှိပြီ ဆိုတော့ မိတ္ထီလာ မှာ ကြုံရာကျပန်း အလုပ်တွေ လုပ် နေတာပေါ့ ။ နေတာ က တော့ အဖေ့ အိမ် မှာ ”

“ အဖေ က နောက် အိမ်ထောင် နဲ့ သားသမီး ရသေးသလား ဘုရား ”

“ သားသမီး နှစ်ယောက် ရတယ် ။ မိထွေး က ကိုယ့် ကို သူ့ သားသမီး မဟုတ်တော့ ထမင်းဟင်း ကို ဟုတ်တိပတ်တိ ကျွေးချင်တဲ့ အခါ မှ ကျွေးတာ ။ ကိုယ် က ငရုတ်သီး အစပ် မစားဘူး ။ သူ က ငရုတ်သီးစပ်စပ် ဟင်း ချက်တယ် ။ အဲဒါတွေ စိတ် ထဲ မှာ မခံချင် ဖြစ်နေတာ ။ စိတ် ထဲ မှာ သူ့ သားသမီးတွေ နဲ့ ကိုယ့် ကို တအား ခွဲခြားတယ် လို့ ထင်တာ ”

“ ရေရှည် အတူတူ နေ ဖို့ အခက်အခဲ ရှိမှာပေါ့ ”

“ တစ်နေ့ တော့ စိတ် ကပေါက်ပေါက် နဲ့ မိထွေး ကို ဝါးရင်းတုတ် နဲ့ ဆွဲရိုက် ပစ်လိုက်မိတယ် ။ အဲဒီ အချိန် က အဖေ နဲ့ အစ်ကို နှစ်ယောက် စလုံးက အလုပ် ထဲ မှာ ။ မိထွေး ကို ရိုက်တာ အစ်ကို့ မိန်းမ မရီး က လာ ဆွဲတော့ မရီး ပါ ရော ရိုက်ပစ်လိုက်တယ် ”

“ အဖေ အလုပ် က ပြန်လာတော့ ပြဿနာ မတက်ဘူးလား ”

“ ညနေ သူတို့ အလုပ် က ပြန်လာတော့ ဒီလို ဒီလိုပဲ ဆိုတာ ပြောကြတယ် ။ အဖေ နဲ့ အစ်ကို ရိုက်မယ် ဆိုရင် ကျွန်တော့် ကို သေအောင် ရိုက်ပါ ဆိုပြီး ဝမ်းလျားထိုး ခံပေး လိုက်တာ ”

“ အဖေ ရိုက်ကောလား ”

“ မရိုက်ဘူး ။ ညီ တစ်ယောက် ရှိတယ် ။ ငါ ရောက်တဲ့ နေရာ က ပိုက်ဆံ ပို့ ပေးတော့မယ် ။ ဒီမှာတော့ မနေတော့ဘူးလို့ ။ မိတ္ထီလာမြို့ပေါ် မှာ ပဲ တရုတ် တစ်ယောက် ဆီ ရောက်သွားတာ ။ အဲဒီ တရုတ် က လည်း ငါ မင်း ကို မွေးစားတယ် ။ တောင်ကြီး လိုက်ခဲ့ လို့ ခေါ် သွားတယ် ။ တောင်ကြီး မှာ ကိုယ့် ကို ရောင်းစား မှာ မှန်း မသိဘူး ။ သူ က အိမ် တစ်အိမ် ခေါ်သွားပြီး မင်း ဒီ အိမ်မှာ နေရစ်ခဲ့တဲ့ ”

“ အဲဒါ ဘယ် အသက်အရွယ် လဲ ဘုရား ”

“ ၁၆ နှစ်သား ။ အဲဒီ အိမ်ရှင် က ညနေခင်း ရောက်တော့ ရုပ်ရှင် ကြည့် ဖို့ ပိုက်ဆံ ပေးတယ် ။ တောင်ကြီး က တရုတ် က ကိုယ့် ကို သားရေသေတ္တာ နှစ်လုံး ပေးပြီး မိတ္ထီလာ သွား ပို့ချေ တဲ့ ။ သူ့ ပစ္စည်း က ဘာရယ်လို့တော့ မသိဘူး ။ နောက်မှ သိတာ ဘိန်းတွေ ၊ ဘိန်းချခိုင်းတာ ။ သုံးခေါက် လောက်တော့ လွတ် သွားတယ် ”

“ ပိုက်ဆံ ကော ပေးသလား ”

“ တစ်ခေါက် တစ်ခေါက် အပြီးအစီး နှစ်ရာ့ငါးဆယ် ( ကျပ် ၂၅ဝ ) ပေးတယ် ။ ရှေ့ မှာ ရှာ တယ် ဆိုလို့ တစ်ခါက အဲဒီ သေတ္တာတွေ နဲ့ ယင်းမာပင် မှာ အိပ်ခဲ့ရတယ် ။ တစ်ခါက တော့ သာစည်ဘူတာ အဝင် မှာ ကန်ချပြီး ရှောင် ရတယ် ”

“ ဘယ်အချိန် ကာလလောက်ကလဲ ”

ဦးနုခေတ် ပေါ့ ။ လွတ်လပ်ရေး ရခါစ အချိန် က ၊ နောက်ဆုံး အခေါက် ကျ တော့ လမ်း မှာ ရှာတာ ပြုတာ ရှိတယ် ။ သတင်း ရတော့ သေတ္တာ နှစ်လုံး ကို သာစည်ဘူတာ မရောက်ခင် ရထား ပေါ် က ကန်ချတယ် ။ ဝပ်ရှော့ တစ်ခု သွားပြီး မိတ္ထီလာ သွားဖို့ ကား ငှားတယ် ။ အဲဒီတုန်း က သာစည် - မိတ္ထီလာ ကားခ က လူ တစ်ယောက် မှ တစ်ကျပ် ပဲ ပေးရတယ် ။ ကားသမား က ကောင်လေး နင် ၄၅ ကျပ် ပေးရမယ် တဲ့ ။ ပေးမယ်ဗျာ လို့ ။ ဒါဆို မင်း ရဲ့အင်္ကျီတွေ ၊ လုံချည်တွေ ချွတ် ၊ ဝပ်ရှော့ဆရာ ဝတ် တဲ့ စက်ဆီတွေ ပေ နေတဲ့ ဘောင်းဘီ နဲ့ အင်္ကျီ လဲ ဝတ် တဲ့ ။ ကားဆရာ က အကင်းပါး တဲ့ လူ ဆိုတော့ သေတ္တာ နှစ်လုံး ပေါ်  လူ နှစ်ယောက် ထိုင် ခိုင်းပြီး လိုက်ပို့တယ် ”

“ နောက်တော့ကော ”

“ မိတ္ထီလာဂိတ် ရောက်တော့ တရုတ် က လာ စောင့် နေတယ် ။ ရော့ သေတ္တာ နှစ်လုံး ဆိုပြီး အပ် လိုက်တယ် ။ စိတ် ထဲ မှာ ဒါ မကောင်းမှု ပဲ ၊ အဲဒါ စိတ် ကုန်တယ် ။ ပိုက်ဆံ မပေးဘူး မဟုတ်ပါဘူး ။ မုန့်ဖိုး အများကြီး ပေးပါတယ် ။ အကယ်၍ ထောင် ကျ ရင် ကိုယ် က ကျရမှာ ။ ကိုယ် မရောက်ခင် နှစ်ယောက် လောက် က ထောင် ကျ သွားတယ် ။ ပစ္စည်း ယူ ပြီး လိမ် သွားတဲ့ လူ လည်း ရှိတယ် ။ အဲဒီ အချိန်မျိုး မှာ ကိုယ် ရောက် သွားတာ ”

၁၆ နှစ်သား လူငယ် တစ်ယောက် အနေ နဲ့ ငွေရွှင်တဲ့အလုပ် ၊ စွန့်စားရတဲ့ အလုပ် တစ်ခု ကို အလွယ်တကူ စွန့်ခွာဖို့ ဆိုတာ ခက်ခဲမှာပဲ လို့ ကျွန်တော် တွေး နေမိပါတယ် ။

“ သူတို့ နဲ့ လမ်း ဖြတ် မှ ဖြစ်တော့မယ် လို့ တွေးပြီး အစ်ကို ကျွန်တော် မန္တလေး သွားဦးမယ် လို့ ။ မန္တလေး မှာ အသိရှိသလား တဲ့ ။ မရှိဘူး လို့ ။ မန္တလေး ရောက် မှ အခြေအနေ အရ ပဲ ။ သူ ဆင်ထားတဲ့ လက်စွပ်ကလေး ပြန်ချွတ် ပြီး ရော့ အစ်ကို ဝယ်ပေးထားတဲ့ လက်စွပ် လို့ ပြန် ပေးတော့ လွှင့်ပစ် လိုက်တယ် ။ ဝယ်ပေး တုန်း က ခုနစ်ဆယ် ( ကျပ် ၇၀ ) လား မသိပါဘူး ။ ငါ ဝယ်ပေးတုန်း က ပြန် ယူဖို့ ဝယ်ပေးတာ မဟုတ်ဘူး တဲ့ ။ သူ လွှင့်ပစ် လိုက်တဲ့ လက်စွပ်လေး ပြန် ကောက်ယူ ပြီးတော့ သူတို့ ပေးလိုက်တဲ့ ငွေ တစ်ရာ့ငါးဆယ် ( ကျပ် ၁၅၀ ) နဲ့ မန္တလေး တက် လာတာ ”

“ မန္တလေး မှာ ဘယ်လို နေသလဲ ”

“ မီးရထား ဘူတာကြီး မှာ အလံပြ တဲ့ လူ ကို သွား မိတ်ဆက်တယ် ။ ဦးလေး ဆီ မှာ တည်းလို့ ရမလား မေးတော့ ရတယ် ။ ထမင်း လခ တစ်လ အစိတ် ( ၂၅ ကျပ် ) ၊ အိမ်လခ တစ်ဆယ် ( ကျပ် ၁ဝ ) တဲ့ ။ ၃၅ ကျပ် ပေးပြီး သူ့ အိမ် မှာ နေတယ် ။ အလုပ် လိုက် ရှာတယ် ။ အလုပ် ထွက်ရှာတာ ခြေကျင် လျှောက် ပြီးသွားတာ ။ ၂၉ လမ်း မှာ ပန်းရန် လုပ်နေတဲ့ သူတွေ တွေ့ တော့ ဝင် စပ်တယ် ။ မင်း က လူလေးငယ်ငယ် နဲ့ ပန်းရန် လုပ်နိုင်ပါ့မလား တဲ့ ။ ဆရာ ကျွန်တော် ယောက်ျား ပါ လို့ ။ လုပ်နိုင် လည်း လာခဲ့ကွာ တဲ့ ”

“ ဆရာ့ အမည် က ဘယ်သူလဲ ”

“ ဦးချော တဲ့ ။ ဆရာ့ ဆီ ဝင် လုပ်တာ တစ်နေ့ နှစ်ကျပ် ပဲ ရတယ် ။ ပန်းရန် လုပ်တာ တစ်နှစ်ခွဲ လောက် ကြာတော့ ငါးမူး တက် ပေးတယ် ။ နှစ်ကျပ်ခွဲ ။ ဆရာ က အင်္ဂတေ နိုင်အောင် မွှေ ၊ တတ်အောင်သင် တဲ့ ။ တဖြည်းဖြည်း တက် ပေး လာတာ လေးကျပ်ခွဲ လောက် ရတော့ အိမ်ထောင် ကျ တာပဲ ”

“ ဘယ် အရွယ် လောက် အိမ်ထောင် ကျ လဲ ”

“ အသက် ၃ဝ လောက် ရောက်မှ အိမ်ထောင် ကျတာ ။ သူ က နှစ်ဆယ် ကျော် ။ စက်ချုပ်တာ ။ အိမ်ထောင် ကျပြီး သိပ် မကြာဘူး ။ ဗိုလ်ချုပ်နေဝင်း တက် လာတာပဲ ။ ဗိုလ်ချုပ်နေဝင်း တက် လာ တော့ အလုပ်သမားကောင်စီတွေ ဘာတွေ ပေါ်လာတယ် ။ အလုပ်ရှင် အလုပ်သမား လျော်ကြေးတောင်းကြတာတွေ ဖြစ်လာတယ် ။ အလုပ်သမား တွေ စုပြီး ဆရာ့ ဆီ က နစ်နာကြေးတောင်းကြမယ် ။ လက်မှတ် ထိုးကွာ လို့ ပညာသင်ဖက် သူငယ်ချင်းတွေ က ပြောတယ် ။ ဆရာ့ အပေါ် မှာ ဒီလို မလုပ်ကောင်းဘူး ၊ မထိုးဘူး လို့ ပြောလိုက်တယ် ”

“ တောင်းတဲ့ သူတွေ ဘယ်လောက် ရသလဲ ”

“ ဆရာ က အိမ်လေး ရောင်းပြီး သူတို့ ကို လျော် လိုက်တယ် ။ တစ်ယောက် သုံးထောင့်ငါးရာ ( ကျပ် ၃၅ဝဝ ) စီ လောက် ရတယ် ။ နောက်ပိုင်း မှာ ဆရာ့ ဆီ က လျော်ကြေး ယူတဲ့ သူတွေ တစ်ယောက် မှ မချမ်းသာကြဘူး ”

“ ဘဝ ကို ပင်ပင်ပမ်းပမ်း ဖြတ်သန်း ခဲ့ရတာ ရှိသလား ”

“ မန္တလေး ရောက် စ က နေတဲ့အိမ် က နေ အလုပ် ရှိတဲ့ နေရာ ကို ခြေကျင် သွားရတာ ။ နောက်ကျ ဖိလစ်စက်ဘီးလေး ဝယ်တယ် ။ ခြောက်ဆယ် ( ကျပ် ၆၀ ) ပဲ ပေး ရတယ် ။ တစ်ဝက် ပဲငွေ ချေပြီး ကျန်တာ အရစ်ကျဆပ် ရတာ ။ အကြီးဆုံး သမီး နဲ့ အကြီးဆုံးကောင် ဆယ်တန်း တုန်း က တော့ ဒုက္ခ ရောက် သေးတယ် ။ ကျောင်းလခ ငါးကျပ် ပဲ ပေး ရတာ ။ ဒါကို မပေးနိုင် လို့ ဆရာ တွေ သွား တောင်းပန်ရတယ် ။ ပေးတော့ ပေးပါ့မယ် ။ ဆိုင်းပါဦးပေါ့ ”

“ အခက်အခဲ ကြုံတဲ့ အခါ ကလေးတွေ ကျောင်း ထုတ်ပြီး အလုပ် ထဲ သွင်း ဖို့ စိတ် မကူးဘူးလား ”

“ စိတ်ကူး ကို မထည့်ဘူး ။ ငါ  ပညာ မတတ်ဘူး ။ ငါ့ သားသမီး ပညာ တတ် စေရမယ် ။ ငါ့ ဟာ ငါ ရေ သောက်ရ ၊ သောက်ရ ဆိုတဲ့ မာန တော့ ထားတယ် ။ ကလေးတွေ က လည်း အလုပ် ထွက် လုပ်မယ် ပြောကြပါတယ် ။ လက် မခံဘူး ။ ကိုယ့် ပညာ သာ ကိုယ် လိုက် ”

“ သားသမီး ဘယ်နှယောက် ရှိသလဲ

“ သမီး သုံးယောက် ၊ သား လေးယောက် ၊ အားလုံး ဘွဲ့ရပြီ ။ သူတို့ ဘွဲ့ ရပြီး မှ ဒီ အဝတ် စိတ်ကူးတာ ”

ဆရာတော် က သင်္ကန်းစ ကို ကိုင် ပြပါတယ် ။

“ အသက် ဘယ် အရွယ် မှာ သင်္ကန်း ဆီးတာလဲ ဘုရား ”

“ ခုနစ်ဆယ် က ယခု ရဟန်း ၁၁ ဝါ ရပြီ ။ အရင် က ဒုလ္လဘ ဝတ် ဖူးတယ် ။ ခုနစ် ရက် ၊ ၁ဝ ရက် ဝတ်ဖူးတာပေါ့ ။ ဒုလ္လဘ ဝတ် နေတဲ့ အခါ အလုပ်က နောက် က လိုက် လိုက်လာတယ် ။ သားသမီးတွေ အားလုံး ဘွဲ့ ရကြပြီ ဆိုတော့ သူတို့ လည်း လုပ်စား လို့ ရပြီ ။ ဒကာမကြီး က လည်း ခွင့်ပြုတယ် ။ ဒါကြောင့် ရဟန်း ပြုလိုက်တာပါ ”

◾ကျော်ရင်မြင့်

📖 ဘဝကြေးမုံ အဖြစ်စုံ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment