❝ တွေ့မြင်ချင်ရေးငယ်နှင့် ❞
အခန်းပြင် မှ တရှုပ်ရှုပ် ငိုရှိုက် နေသော မအေးရှင် ၏ အသံ သည် ကျွန်မ ၏ ဦးနှောက် အား မီးပြင်းပြင်း နှင့် အကင် ခံရသည့် သဖွယ် ၊ ပူလောင် ခြောက်ခန်း စေသည် ဟု ထင်မိပါသည် ။
စာ ရေးရန် ထိုင် နေရသည် မှာ လည်း ခါး တွေ ပင် တောင့် နေပါပြီ ။ ကျွန်မ သည် လက် ထဲ မှ ကလောင် ကို ဆကာ ဆကာ ငေးငိုင် ၍ နေမိခိုက် တွင် အပြင်ဘက် မှ မအေးရှင် ၏ ရှိုက်သံ မှာ တိမ်ဝင် သွားပြီး စကားသံတွေ ကို ကြား နေ ရလေသည် ။ ကျွန်မ လည်း စာ ရေးရန် ကို စိတ် သွင်း မရတော့ သည် နှင့် စကားပြောသံများ ကို အမှတ်မထင် နားစိုက် မိ သွားသည် ။
“ ညည်းတို့ အတွက်တွေ က ဘေးလူ တွေ မှာ စိတ် မချမ်းသာရပါဘူး အေ ၊ ဖြစ်တာ လည်း ဖြစ်တာပေါ့ ။ တခြား လူတွေ မှတ်လို့ ၊ ကောင်းကောင်းမွန်မွန် ခေါ်ပြော နေကြရင် ပြီးရော ၊ တစ်မှု ပေါ် တစ်မှု ဆင့်ပြီး မမိုက်ချင်ကြစမ်းပါ နဲ့ ”
ထို အသံ မှာ မအေးရှင် အား မေမေ က ဖျောင်းဖျ ပြောဆို နေခြင်း ဖြစ်ပေသည် ။ မအေးရှင် ထံ မှ တော့ စကား ပြန် မရ ၊ မသောင်း ၏ ဆတ်ဆတ်ကြဲ အသံ က သာ ကြားဖြတ်၍ ထွက်ပေါ် လာသည် ။
“ ဟုတ်တယ် အမေကြီး ရယ် ၊ တစ်ခုခုကလေး ပြော လိုက်မိရင် မျက်ရည် ထွက်ရတာ က အရင် ပဲ ၊ ဖြစ်ရတာချင်း အတူတူ ကို သူ ပဲ အလွမ်းသယ် နေတာပဲ ”
“ သယ်ရတယ်တော် ရဲ့ ကျုပ်တို့ မှာ က တရားခံ ဘက် က ဖြစ် နေတော့ ပြောသမျှ ငုံ့ခံ နေရတာ ဝမ်းနည်းတာပေါ့ ”
မအေးရှင် က လည်း ခံ မနေ ၊ ငိုသံ မပျောက် တပျောက် နှင့် ပြန်၍ ထုချေ လိုက်သည် ။
“ အေးပေါ့ အေ ၊ လင် တစ်ယောက်လုံး သေမလား ရှင်မလား ဖြစ်နေတာတော့ ငါ က ဝမ်း မနည်းရဘူးပေါ့ ။ ဟင်း .. ဟင်း ... ကောင်မ ကို က သူများ အိမ်ကြီး မှာ မင်္ဂလာ မရှိ ကျက်သရေ မရှိ ”
“ ဟို ... တော်ကြစမ်း ၊ ငါ့ အိမ် မှာ ဒီလို သွေးကွဲ စကားတွေ မကြားချင်ဘူး ”
နောက် တစ်ကြိမ် မသောင်း က စကား အတွန့် တက် လာသည် တွင် မေမေ က အော်ငေါက် လိုက်ခြင်း ဖြစ်ပေသည် ။ မေမေ စိတ် တိုမည် ဆိုတော့လည်း တိုချင် စရာပေ ။ မသောင်း နှင့် မအေးရှင် မှာ ဆွေမျိုး ဝေးလှသည် မဟုတ် ။ ထို့ပြင် မသောင်း ယောက်ျား ကိုဖိုးအေး နှင့် မအေးရှင် ယောက်ျား ကိုပု ဆိုတာ ကလည်း သူတို့ချင်း ဆွေရင်း မျိုးချာ သာ ဖြစ်သော မေမေ ၏ မြေး နှင့် တူများ သာ ဖြစ်လေသည် ။
သူတို့ အားလုံး တောရွာကြီး တစ်ရွာတွင် နေကြသည် ။ တောဘက် မှာ အဖြူတွေ အနီတွေ ဘာရောင် ညာရောင်တွေ အပြောင်းအလဲ ဖြစ်ကာ ရှုပ်ထွေး နေကြစဉ် က သူတို့ ရွာ နှင့် နီးသော မြို့ပိုင် ရုံး စိုက်ရာ မြို့ကလေး ၏ မြို့ရိပ် ကို ခိုလှုံ လာကြတော့ လည်း အတူတူပင် ဖြစ်သည် ။
ယခုတော့ ကိုဖိုးအေး အား ကိုပု က ဓား နှင့် ခုတ်ထား သဖြင့် ခရိုင်ဆေးရုံ နှင့် အချုပ်ခန်း တွင် အသီးသီး ရောက်ရှိ နေကြပြီး ရုံး ၊ ဂါတ် နှင့် နီးရာ ကျွန်မ တို့ အိမ် တွင် မသောင်းနှင့် မအေးရှင် က လာရောက် တည်းခို ကြရာမှ တစ်ယောက် နှင့် တစ်ယောက် ထိခလုတ် ပါးခလုတ် နှင့် စကား အတင် အစီး မခံ အကျအန ကောက်ကာ တကျက်ကျက် ဆိုသလို ဖြစ် နေကြရာ အငို လွယ်သော မအေးရှင် တစ်ယောက် စကား အခန့်မသင့် ဖြစ်ကြတိုင်း တအီအီ ငို နေတတ်ခြင်း ဖြစ်လေသည် ။
ကျွန်မ က သည်လို နားပူနားဆာတွေ နှင့် ကင်းလွတ်ရာ ကို သွားလိုက် ချင်သည် ။ တစ်ယောက် တည်း ဆိတ်ဆိတ်ငြိမ်ငြိမ် စာ ရေးဖို့ ကောင်းမည့် နေရာ ကို အတွေး ဖြင့် ရှာကြည့် မိသည် ။ စိတ် ဆိုသည့် စိတ် က နီးနီးနားနား မှာ တော့ မတွေ့ ၊ ဟိုး အဝေး က မသောင်း တို့ “ ယင်းမာပင် ” ရွာကြီး ကို သာ စိတ် တမ်းမိ သွားသည် ။
ထို ရွာ တွင် တစ်ရွာလုံး လိုလို ဆွေမျိုး ချည်း ဖြစ်၍ ၊ ကျွန်မတို့ သွားသည့် အခါ ဝမ်းသာ - အယ်လဲ ဆီးကြို ကျွေးမွေး ဧည့်ဝတ် ပြု တတ်ကြသည် ။ ၁၅ ရက် အရက် ၂ဝ မျှ ကြာ သော်လည်း တစ်အိမ် တစ်နပ် ထမင်း စားရသည် မှာ ဆွေမျိုးအိမ် မနှံ့သဖြင့် အချို့ ဆွေမျိုးများ က ထမင်း မကျွေး ရ၍ တဖျစ်တောက်တောက် နှင့် ပြော ကျန်ခဲ့ရသည် ။
ယင်းမာပင်ရွာကြီး ၏ အရှေ့ဘက် တွင် ဘုန်းကြီးကျောင်း ရှိသည် ။ ကျောင်း မြေတလင်း မှာ မြက် တစ်ပင် မရှိ ၊ ဖုတ်ဖြူဖြူနုနုကလေးများ ဖြင့် ဖွေးဖွေးဖြူ နေသည် ။ ကျောင်း မြေပတ်လည် တွင် ဝါးပင်ကလေးများ ကို စည်းရိုး လုပ်ထားသည် ။ ထီးရိုးဝါးပင်ကလေးတွေ မို့ ပင်ခြေ ရှင်း၍ ဖြောင့် တန်းဝန်းဝိုက်စွာ အလှ တစ်မျိုးပင် ဖြစ်သည် ။ ကျောင်းဝင်း ထဲ တွင် သရက် ၊ မရမ်း ၊ မန်ကျည်း ၊ အုန်း ၊ ရှောက် စသည့် သီးစားပင်များ က အုပ်အုပ်ဆိုင်းဆိုင်း အရိပ် မိုး ပေး သလို အေးမြ သာယာလှသည် ။ တစ်ရွာလုံး မှာ လည်း ဥယျာဉ်ခြံမြေများ ဖြင့် စိမ်းစို၍ သာ နေသည် ။
အင်း ... သည် နေရာ သည် ရှုခင်းတွေ ကို မက်မော၍ ကျွန်မ တစ်ခါ ရောက်ရှိ သွားစဉ်က သူတို့ တစ်တွေ အတွက်ပင် စာ တစ်လုံးမျှ မရေးနိုင်ဖြစ်ခဲ့ရသည် ကို လည်း တွေးမိပါသေး၏ ။
မှတ်မိ ပါသေးသည် ။ လွန်ခဲ့သော နှစ်ပေါင်း အတော်ကြာ လောက် က ... ။
••• ••• ••• •••
မေမေ့ ညီမ ဒွေးလေး ဒေါ်သိန်းရင် တို့ အိမ် မှာ ကျွန်မ တည်းခိုသည် ။ သည် ရွာ ရောက်လျှင် သည် အိမ် မှာ ကျွန်မ တည်းခိုနေ ကျ ပင် ဖြစ်၍ အခြား ဆွေမျိုးများ အိမ်သို့ ဤ အိမ် မှ တစ်ဆင့် အလှည့် သင့် သလို သွားလာ လည်ပတ် ရသည် ။
ဒွေးလေးတို့ မှာ သားသမီး မရှိ ၊ ဦးလေး နှင့် သူပါ အားလုံး ပေါင်း မှ ဇနီးမောင်နှံ နှစ်ယောက် တည်း သာ ဖြစ်သည် ။ နှစ်ယောက်လုံး ပင် အလုပ်အကိုင် ကောင်း သဖြင့် ငွေပို ငွေလျှံ စုဆောင်းမိ ကာ ချောင်လည် ကြသည် ။ ကျွန်မ ရောက် သွား လျှင် “ အိမ် ကျယ်ပြီး လူ နည်းတော့ အမြဲတမ်း ပျင်းစရာ ကောင်းနေတာ ၊ လုံမလေး ရောက်လာတော့ အတော်ပဲ ဟေ့ ၊ အကြာကြီး နေဦး ” ဟု ပြောကြသည် ။
“ စာ ရေးမယ်လို့ စိတ်ကူးပြီး လာတာပဲ ၊ စာ ရေးလို့ ဟန်ကျရင် နေဦးမှာပေါ့ ဦးလေး ရဲ့ ” ဟု ကျွန်မ က ပြန် ပြောရသည် ။
“ အေးအေး ကောင်းပါလေရဲ့ ၊ နင့် ဒွေးလေး ကော ဘယ်သွား သလဲ ၊ ကောက်ညှင်းဆန်စိမ် ပြီး ပလား ၊ ထန်းဖူးကော ရပလား ၊ ငပု ကို တက်ခိုင်းပစ်ခဲ့တယ် ” ဟု ပြောရင်း ဦးလေး က သူ့ လက် ထဲမှ ဖြာပြီးသား နှီးတွေ ကို လက်ဆွဲကိုင်း သံပုံး ထဲ သို့ ခွေထည့် ပြီး ရေစိမ် ထားလိုက်သည် ။
“ ပဲနက်စေ့ ပြုတ် နေတယ်လေ ၊ ဆန် တော့ မနက် တည်း က စိမ် ထားတယ် ၊ ထန်းဖူး တော့ မရသေးဘူး ၊ ငပု က ဘယ် ကို ခြေရှည် နေမှန်း မှ မသိတာ ၊ သူ မလာခင် ငှက်ပျော်သီးထုပ် ထုပ်မလို့ ငှက်ပျောရွက် ခုတ် ပြီးပြီ ”
“ အေး စောစော ထုပ်ကြကွာ ၊ လုံမတို့ လာတဲ့ အခါ စား ရအောင် ၊ လုံမတို့ တစ်အိမ်သားလုံး က မြို့မှာ နေကြလေ တော့ တော အကြိုက် တော့ မျိုးရိုး အလိုက် ကြိုက်ကြတာပဲ ”
“ ကောက်ညှင်း လောက် ကောင်းတာ ဘယ်မှာ ရှိဦးမလဲ ဦးလေး ရဲ့ ။ အမြဲတမ်း စားရင် အစာ မကြေမှာ စိုးလို့သာပဲ ၊ ကောက်ညှင်း ကို ပဲ နိုင်နိုင် နဲ့ ပေါင်း ၊ ပူပူနွေးနွေး ကို ပျော့ နေအောင် ရိုက်ပြီး ငါးရံ့ခြောက်ဖုတ် ဆီဆမ်းတို့ ၊ ဘဲဥကြော် ၊ ငါးကြော်တို့ နဲ့ သာ တို့ စား လိုက်ရရင် စား ရင်း ကို အီပြီး မျက်တောင် စင်း လာအောင် ကောင်းတာ ၊ ပြီးတော့သာ ဝမ်းနုတ်ဆေး စားဖို့ မမေ့ လေနဲ့ပေါ့ အဟင်း ... ဟင်း ... ”
“ အင်း ... လုံမလေး က တော့ မြိန်ရေရှက်ရေ ပြောပြပါလိမ့်မယ် ၊ ကြိုက်သလို စား ရပါတယ် ဗျာ စားပါ ၊ ကောက်ညှင်းစပါး အများကြီး ရှိပါတယ် ”
ဦးလေးက အိမ် နှင့် ကပ်လျက်သား နွားခြံတွင်း သို့ ဆင်း သွားကာ နှီးဖြာ နေပြန်သည် ။ ဒွေးလေး က ငှက်ပျောသီးမှည့်တွေ ကို အခွံ ခွာ၍ ပလုံး ထဲ သို့ ထည့် နေသည် ။ ကျွန်မ မှာ နောက် ဖေးဘက် သို့ ဆင်းသည့် တံခါးပေါက် ဘေးနား တွင် စားပွဲ တစ်လုံး နှင့် ထိုင်၍ စား ရေးရန် ပြင်နေ သည် ။
နောက်ဘေး တံခါးပေါက် မှ ခြံထဲ သို့ ကြည့် လိုက်လျှင် ကွမ်းသီးပင် သုံးပင် နှင့် မန်ကျည်းပင်ကြီး အလယ် တွင် အုတ်ရေတွင်းကလေး ကို တည့်တည့်ကြီး မြင် နေရသည် ။ ရွာ ထဲ မှ သုံးရေ သောက်ရေ နွားရေ တို့ ကို နီးရာ အိမ်များ မှ လာ၍ ခပ်ယူ နေကြသည်မှာ လူ မစဲ သလောက် ရှိနေသည် ။ ရေချိုးသူ အဝတ်လျှော်သူ များက တစ်မျိုး နှင့် ပျော်စရာ ကောင်းလှသည့် မြင်ကွင်းကလေး ပဲ ဟု ကျွန်မ က ငေး၍ သာ ကြည့်နေမိပါသည် ။
“ သိန်းရင် လာအေ ၊ ဒီ အပေါက်နား ကို ၊ လေ တိုက်လို့ အေးတယ် ၊ နင့် နေရာ က ပူက ပူသနဲ့ ၊ ငါ ပါ ကူ ထုပ်ပေးမယ် ” ဟု အရှေ့ဘက် အိမ် မှ ကြီးတော်ဒေါ်လှမယ် ရောက် လာပြီး ခေါ် လိုက်သည် ။
“ လုံမလေး လည်း တို့ အိမ် တစ်ခေါက်တည်း ရောက် သေးတယ် ၊ မသောင်း က ဖြင့် မျှော်လို့ လာဦးမလား နဲ့ ”
“ နောက် မှ လာ လိမ့်မယ် သူ စာရေးချင် လို့ တဲ့ ၊ အခုလည်း ရေးမလို့ပဲ ” ဟု ဒွေးလေးသိန်း ရင် က ပြောပြ လိုက်သည် ။ ရေးကြီးခွင်ကျယ် လုပ်ကာ သည်လိုသာ ပြော နေရသည် ၊ ကျွန်မ မှာ စာ ကို ဖြစ်ဖြစ်မြောက်မြောက် ရေး တတ်သည်တော့ မဟုတ်သေး ။
ကြီးတော် နှင့် ဒွေးလေးတို့ နှစ်ယောက် ကျွန်မ နှင့် ခပ်လှမ်းလှမ်း တံခါးပေါက် တွင် လေ ကလေး တအေးအေး နှင့် ကောက်ညှင်းဆိုင်း ထုပ် နေကြသည် ။ ကျွန်မ မှာ ဘာကို စ၍ ရေးရမည် မသိ ။ ကလောင် ကို ကိုင်ကာ ဟိုကြည့် သည်ကြည့် လုပ် နေရသည် ။
ရေတွင်း သို့ မျက်စိ ရောက်သွား ပြန်လျှင် ကောင်မကလေး ထဘီရင်ရှား နှင့် ရေအိုး ရွက် လာ တာကို စ၍ ရေး လိုက်ရမည်လား ။ ဒါမှမဟုတ် နွားပြာ နီဖြူကျားတွေ တွင်းဘေး က ရေစည်ပိုင်းများ မှာ အလုအယက် သောက် ကြရင်း နွားနီကြီး က နွားကျားကြီး ကို လိုက်၍ နွားကျားကြီး က ကြောက်အားလန့်အား နှင့် ဆုတ် အလာ ရေရွက် လာသော ကလေးမကလေး က ဘေးရှောင် ထွက်ပြေး ရာ မှ ရေအိုးကလေး ဖြန်းခနဲ ကျကွဲ သွားတာ ကို ပင် စ၍ ဇာတ်လမ်း ဆင် လိုက် ရမည်လား နှင့် တောင်တောင်အီအီ တွေး ရင်း ဘာက စ၍ ရေးရမှန်း မသိသလောက် ဖြစ်နေသည် ။
ဒွေးလေးတို့ ဘက် သို့ မျက်စိ ရောက်သွား မိပြန်၏ ။ ကျွန်မ ကြည့် မိသည့် တစ်ခဏ တွင် ပင် ပါးစပ် နှင့် ကိုက် ၍ နှီးကြိုး ကို ကျစ်ကျစ် ပါ အောင် ဆွဲ လိုက်ရင်းမှ နှီးကြိုး က တောက်ခနဲ ပြတ် သွားကာ ကောက်ညှင်းထုပ်ကလေး လက် မှ လွတ်ကျ သွားသည် နှင့် တစ်ပြိုင်နက် “ မိထူး နဲ့ ရွှေတောင်တွေ ပြဲကုန်ပြီ ဟဲ့ ” ဟု ကြီးတော် က ယောင် လိုက်သည် ကို အသံများ ပင် ထွက်အောင် ရယ် လိုက်မိသည် ။
“ ကုန်ပါပြီတော် ... ဆန်တွေ ” ဟု ကြီးတော် က သူ့ ဟာ သူ မြည်တွန် တောက်တီး ပြ နေသည် ။
“ အင်း ... ကောက်ညှင်း ထုပ်ရင်း ဇာတ်လမ်း ကို စဉ်းစား နေရတာ က မှ ကောင်းကောင်း ... ကောင်း ”
ကျွန်မ က ဘာ အတွေးအခေါ် မျှ မရှိသေး၍ ဖျစ်ညှစ်ပြီး ထွက် မလာနိုင်တော့သော ကလောင် ကို အသာ ချခဲ့ပြီး ကြီးတော်တို့ နံဘေး မှာ ဝင် ထိုင် လိုက်သည် ။
“ အမယ် လုံမလေးကများ ကောက်ညှင်း ထုပ်ဦး မလို့တဲ့ လား ၊ သွားစမ်းပါ အေ ၊ ညည်းတို့ သူတွေ မလုပ်တတ်ပါဘူး ”
“ ဟင့်အင်း ကျွန်မ လုပ်တတ်ပါတယ် ကြီးတော် ရဲ့ ၊ ငှက်ပျောသီး နဲ့ ဆန် နဲ့ ထည့်ပြီး လေး တောင့်ပြားပြား ထုပ် နှစ်ခု ပူးပြီး နှီး နဲ့ ချည်ရုံဟာ ကို ၊ ဟို ထန်းဖူး နဲ့ ထုပ်ရတာ မျိုး သာ မလုပ်တတ် တာ ”
“ အေးဟဲ့ ထန်းဖူး ဆို လို့ ငပု တစ်ယောက် ခုထိ မလာသေးပါလားတဲ့ ၊ ဒီ သေနာကောင်များ ခိုင်း လိုက်ရရင်တော့လား ... ”
“ ရောက်နေပါပြီ ရှင်သိန်းရင် ရဲ့ တို့ အိမ်မှာပါ ”
ဒွေးလေး က မြည်တွန်တော့မည် ပြုသည် ကို ကြီးတော် က ဟန့်တား လိုက်သည် ။ သို့ရာတွင် “ ဪ .. ဪ .. မိသောင်း နဲ့ တွေ့ နေရင်တော့လား သင်း အကောင် အမြှုပ်စီစီ မထွက် ဘဲ မပြန်ဘူးမှတ် ” ဟု ဒွေးလေး က ဆက် ပြောလိုက်ကာ “ အေ ...ငပုရေ ” ဟု ခုနစ်သံချီ နှင့် ကုန်း အော် လိုက်သည် ။
အိမ်ချင်း ကပ်နေသော ကြီးတော် ဒေါ်လှမယ်တို့ ၏ ခေါင်းရင်း အိမ် မှ “ ဗျို့ .. လာပြီ ဗျို့ ” ဟု ပြန် ဟစ် လိုက်သော ကိုပု ၏ အသံ ကို ကြားရ၏ ။ မကြာမီ ထန်းဖူးတွေ လက် မှာ ကိုင် ပြီး ပြုံးစိစိ နှင့် တက် လာသော ကိုပု ကို တွေ့ ရသည် ။
“ နင်တို့ အဲလောက် ထနေ ၊ တော်တော်ကြာ နင့် ဦးလေး က အမြင်ကပ်ပြီး ဘာမှ မထည့်ဘဲ မပြောဘဲ နေလိမ့်မယ် သိလား ”
“ အေးပါတော် ၊ မိသောင်း လည်း ဖိုးအေး က တစ်ခါ မာန်ပြီ ၊ မမှတ်ကြသေးဘူး ”
ကိုပု ကို မြင်မြင်ချင်း ဒွေးလေး က ဆီး ကြိမ်းရာ ကြီးတော် က ပါ မသောင်း အကြောင်း ကို ဝင် ပြောသည် ။ ကျွန်မ မှာ ဘာမျှ နားမလည် သေးသည် နှင့် ကြောင် ၍ သာ ကြည့် နေမိ၏ ။ ကိုပု က တော့ စပ်စပ် နှင့် ရယ် ၍ သာ နေသည် ။
ကိုပု မှာ ဒွေးလေး နှင့် ( တူမ က မွေး သော ) မြေး တော်သည် ။ ဒွေးလေး တို့ အိမ် မှာ ပင် နှစ် ရှည် နေထိုင်ကာ ကူညီ လုပ်ကိုင် ခဲ့၍ ဒွေးလေး တို့ က ပစ္စည်းများ ကို ထိုက်သင့် သလို ပေးအပ်ရန် လျာထားသူ လည်း ဖြစ်သည် ။
မသောင်း မှာ ကြီးတော် ဒေါ်လှမယ် ၏ ချွေးမ ဖြစ်သည် ။ ကြီးတော် သား ကိုဖိုးအေး နှင့် ကိုပု ၏ အမေ မှာ မောင်နှမ တစ်ဝမ်း ကွဲ လေသည် ။ ကိုဖိုးအေး နှင့် ကိုပု မှာ ဦးလေး နှင့် တူ ပင် ဖြစ်သော်လည်း အသက်ချင်း မှာ မတိမ်းမယိမ်း လောက်သာ ရှိကြသည် ။ သူငယ်ချင်း တွေ လို ထိပ်ပုတ် ခေါင်းရိုက် နေတတ်ကြ၏ ။ ယခုမှ မသောင်း နှင့် ကိုပု တို့ က ဘာ ဖြစ်၍ ၊ ကိုဖိုးအေး က ဘာကြောင့် မာန် ရ လေသနည်း ... ကျွန်မ က အတွေး နက်တော့မည့် ဆဲဆဲ တွင် မသောင်း ကိုယ်တိုင် ပြီးကာ ရယ်ကာ နှင့် အိမ် ပေါ် တက်လာပြန်၏ ။
“ ဪ ... စိန်စိန် ပါ ကောက်ညှင်း ထုပ် နေသကိုး ၊ ပျင်း ရင် ဟိုရွာ ဒီရွာကလေးများ လျှောက် လည်ပါဦးလား ၊ ဟိုဘက် က ကံသာယာရွာ သွား ရ ရင်တော့ စိန်စိန် ကြိုက်တဲ့ ဆီးတော်သီး တွေ လည်း ရမှာပဲ ”
“ ဟုတ်လား ၊ အဲဒီ ဘက် က ဆီးတော်သီး တော်တော် ပေါသလား ”
“ တော်စမ်း ကောင်မတွေ ၊ သူတို့ ....... ထ ချင်တိုင်း ”
မသောင်း အား ကျွန်မ က အားရဝမ်းသာ ပြန် မေး နေဆဲ တွင် ဒွေးလေး က ကြားဖြတ်၍ မာန်မဲ ကာ မျက်စောင်းကြီး ချိတ် ပစ် လိုက်သည် ။ မသောင်း က တော့ မူ တစ်စက်ကလေး မျှ ပြီး ဟန် မတူဘဲ တစ်ခစ်ခစ် နှင့် ရယ်မော နေ လိုက်သေးတော့သည် ။
“ ဘာလဲ ဒွေးလေးသိန်းရင်ကြီး က တော်တော်ကြာ ထမင်းပွဲ ရောက် စားရတော့ မှ မသောင်း ကို ကျေးဇူး တင် လိုက်တာ မလုပ်နဲ့ ၊ သွားဟယ် မောင်ပု လှည်း ပြင်လိုက်ဟယ် ”
“ ကောင်မ ပြော လိုက်ရင် နည်းနည်း မှ အပိုး မကျိုးချင်ဘူး ”
ဒွေးလေး မှာ ဆက်လက် မာန်မဲ ၍ ပင် နေ သော်လည်း မျက်နှာ မှာ တော့ ပြေလျော့ လာ ကာ အပြုံးယဲ့ယဲ့ ပင် သန်း လာသည် ။
“ ကဲ လုံမလေး က လည်း လိုက်မှာ ဆိုရင် အဝတ်အစား လဲလေ ”
ကြီးတော် ဒေါ်လှမယ် က လည်း ဝင် ပြော လိုက်ပြန်၏ ။ ကျွန်မ မှာ သိပ် မလိုက်လို လှသော် လည်း ကိုပု ကို ပြော နေရုံ နှင့် အားမရ သလို သူ ကိုယ်တိုင် ပင် နွားများ ကို ဆွဲ ထုတ်ပြီး လှည်း မှာ တပ် နေတော့သော မသောင်း ကို အားနာသမှု နှင့် အဝတ်အစားများ ကို လဲလှယ် ရတော့သည် ။
ကိုပု မှာ ကျွန်မ အဝတ် လဲ ပြီးသည် တိုင်အောင် မှန်ကလေး ရှေ့ ထောင်ပြီး ကော့စမစ်တစ် အခဲ နှင့် ခေါင်း ကို တိုက် နေရတုန်း ဖြစ်လေ၏ ။ ကော် တောင့် နေသော ရှပ်အင်္ကျီ ပင်းမင်း နှင့် ပလေကပ်လုံချည် အသစ်များ ကို တော့ လဲလှယ်ပြီး နေလေပြီ ။ ကျွန်မ မှာ အဆီဝေ့ နေသော သူ့ မျက်နှာကြီး ကို ကြည့် ကာ ပြုံးမိရ သေး၏ ။
“ ခလောက်ကလေးရယ်တဲ့ ဒိုးဒိုးဒေါင်ဒေါင် ၊ ပျိုတို့မောင် ယာမလုပ်တယ်ကွယ် ၊ ဝါးခုတ်တဲ့ တောင် ”
ကျွန်မတို့ လှည်း ပေါ် ရောက်ကြသော အခါ ကိုပု မှာ လှည်းဦး မှ ထိုင်ပြီး ဖုံးဖိ၍ မရနိုင်သော ပြုံးပီတိ မျက်နှာကြီး ဖြင့် လှည်းမောင်း လိုက်လာသည် ။ ရွာ မှ ထွက်မိသည် တွင် မူ သီချင်းတွေ ဘာ တွေ ကို ပင် အော်ကျယ် ဟစ်ကျယ် သီဆို ပါလေတော့၏ ။ မသောင်း က တော့ သူ နှင့် ညီမဝမ်းကွဲတော် သော မအေးရှင် ခေါ် မိန်းကလေး အကြောင်း နှင့် ထို မအေးရှင် တို့ အိမ် မှ သံပရာသီး ချောချော အရွယ် လောက် ရှိသော ဆီးတော်သီးကြီးတွေ အကြောင်း ကို မြိန်ရေရှက်ရေ ပြောပြ လာသည် ။ ဤတွင် မှ ကျွန်မ က သူတို့ ၏ အကြောင်း ကို အနည်းငယ် ရိပ်မိ လာရ၏ ။
“ ဪ ... ဪ ...ကိုပု က ကိုဖိုးအေး ကို ဦးလေး တော် နေရာက အကို ထပ် တော်ချင် နေ ပြီ မှတ်ပါတယ် ။ ဟုတ်ရဲ့လား ” ဟူ၍ လည်း ခပ်ရဲရဲ ပင် မေးချ လိုက်မိသည် ။
“ ဟဲ ... ဟဲ ... ဟဲ ... ဟဲ ”
ကိုပု က စပ်ဖြဲဖြဲကြီး နှင့် ရယ်နေ၏ ။ မသောင်း က ကိုပု ကို မျက်လုံးစေ့ ကြည့် လိုက်သည် ။ “ အေးလေ တော်ချင် လိုက်သမှ နန့်လို့ ၊ ဒါပေမဲ့ ခိုးချင်တာ လည်း ပျာ လို့ ၊ လက်နှေး လိုက်တာ လည်း ချာ လို့ အစားထဲ က ပါ အစိန် ရယ် ၊ မသောင်း က ချည်း သူ့ ရှေ့ က နေ အဆိုအဆဲ ခံပြီး ကြားဝင် ရတာ ၊ တကယ် ကျတော့သာ ဖျာ လို ခင်းပြီး နင်းလား မနင်းလား မသိတယ် ”
“ အမယ်လေး ဒါလောက် ရက်ရက်စက်စက် မပြောပါနဲ့ အစ်မ ရယ် ( ၃၇ ) မင်း ထဲ ထည့် ပြီး ကိုးကွယ်ရမယ် ဆိုရင်တောင် ကိုးကွယ် နေမယ့် မောင်ငယ်လေး ပါ ”
ကိုပု က ဟန်နှင့် ပန်နှင့် လက်အုပ်ချီ ပြော လိုက်၍ ကျွန်မတို့ မှာ ရယ် နေရသည် ၊ လှည်း မှာ လည်း ချိုင့်တွေ ကန်သင်းတွေ ထဲ ကို တဂျိုင်းဂျိုင်း နှင့် ပြေး နေရသည် ။ တချို့ နေရာတွေ မှာ စပါးများ ရိတ်သိမ်း ၍ ပင် မကုန်တတ်သေး သဖြင့် လှည်းလမ်း က ကောင်းစွာ မပေါက်သေးပေ ။ ကောက်လှိုင်း တိုက်သော လမ်း ခပ်ကြမ်းကြမ်း ထဲ မှ ပင် ကွေ့ကောက် ၍ မောင်း နေရခြင်း ဖြစ်သည် ။
သို့ရာတွင် ကန်သာယာရွာ မှာ ဝေးလှသည် မဟုတ်၍ မကြာမီပင် ရွာလယ်လမ်း ကို ဝင်ကြတော့သည် ။ သွပ် တစ်ပိုင်း ၊ သက်ငယ် တစ်ပိုင်း မိုး ထားသော လေးပင်အိမ် ခပ်ဟောင်းဟောင်း တစ်ဆောင် ရှေ့ မှာ လှည်း ကို ရပ် လိုက်လေ၏ ။
ပြီးတော့ ကျွန်မ နှင့် မသောင်း သာ လှည်း ပေါ် မှ ဆင်း ကြသည် ။ ကိုပု မှာ လှည်း ကို နွား တန်းလန်း နှင့် ထောက် ကာ လှည်း ပေါ် မှာ ပင် ထိုင် နေရစ်သည် ။ အခြေအနေ ကို ကြည့်ရသည် မှာ တော့ ကိုပု အတွက် ရင်းရင်းနှီးနှီး ထိထိရောက်ရောက် ဆက်သွယ် ပြီးပုံ မရသေးပေ ။
အိမ် ပေါ် ရောက် တော့ လည်း မသောင်း က ကျွန်မ မှာ ဒွေးလေးသိန်းရင် တို့ ၏ တူမ ဖြစ်၍ မြို့ မှ လာ လည်ကြောင်း ၊ ဆီးသီး စားချင်သည် ၊ လှည်း စီးချင်သည် ဆို၍ ခေါ်လာရကြောင်း ဖြင့် ကျွန်မ ကို ရှေ့ တင်ပြီး ပြောလေသည် ။ ရည်ရည်မွန်မွန် ဧည့်ဝတ် ပြုပြီး ဆီးသီး လိုက် ခူးပေးသော မအေးရှင် ဆိုသူကလေး ကို တွေ့ရသော အခါ ကျွန်မ မှာ ကိုပု အတွက် ဝမ်းသာ သွားမိသည် ။ သူတို့ ကိစ္စ ဖြစ်
မြောက်ပါစေ ဟု ပင် ဆုတောင်း ပေးရ၏ ။ ကိုပု ခမျာ က တော့ ကျွန်မတို့ လှည်း ပေါ် အတက် တွင် မအေးရှင် လိုက်ပို့ နှုတ်ဆက် တော့ မှ သာ ခိုးကြောင်ခိုးဝှက် နှင့် မျက်စိစားပွဲ ထိုင်ရ ရှာလေသည် ။
ဒါကိုပင် ရွှမ်းပီတိ ဖြင့် ဂွမ်းဆီထိ နေ ရှာသော ကိုပု က နောက် တစ်နေ့ တွင် တစ်ခါ သွား ကြဦးမည် ဟု ခေါ် နေပြန်၏ ။ ကျွန်မ က “ နေ့ဆက် ရက်ဆက် သွား နေလို့ အားနာစရာ ၊ ဒီပြင် အကြောင်း ပြဖို့လည်း ရှိတာ မဟုတ်ဘူး ” ဟု ပြော ရသည် ။ “ အမယ် ဒါများ အားနာစရာ မှတ်လို့ ၊ အစိန့် ကို လာပါဦး လာပါဦး နဲ့ တရ ရ မှာလိုက်သေးတာ မဟုတ်လား ၊ သွား သာ သွား ၊ မနေ့ က မသောင်း လည်း ခေါင်း ပတ်တဲ့ တဘက် မေ့ကျန် ရစ်တယ် ” ဟု မသောင်း က ဆိုလာ ပြန်သည် ။
“ နင်တို့ ဟာတွေဟယ် တမင် ထားရစ် သလား မှ မသိတာ ” ဟု ကြီးတော် က ဝင် ပြော သေး သည် ။ ဘယ်သို့ ဆိုစေ ကျွန်မတို့ တစ်ခေါက် ရောက်သွားကြ ပြန်၏ ။ အပြန် တွင် မအေးရှင် ပင် အိမ် အထိ အလည် လိုက်ပါ လာသေးသည် ။ ထိုမှာ ဒွေးလေး သည် ယက်ကန်းစင် တွင် မျက်စိ မွဲမွဲသီသီ နှင့် စမ်းတဝါးဝါး ထိုင် နေရာ မအေးရှင် က ပင် ဆတ်ကယ် လပ်ကယ် ဝင်ရောက် ကူညီ သွား သေး၏ ။ မျက်နှာကလေး မှာ လည်း ရိုးရိုးသားသား နှင့် သီရိသရေ ရှိလှစွာပင် ဖြစ်သည် ။ ဒွေးလေး နှင့် ဦးလေး မှာ ပြုံးပြုံး ပြုံးပြုံး နှင့် ဖြစ် နေကြ၏ ။ ကိုပု ဆိုတာ ကတော့ လှည်းမောင်း ပို့ပေးရုံ အပြင် တည့်တည့်ထင်ထင် ပင် ကြည့်ရဲ ရှာသည် မဟုတ်ပါပေ ။
ဘာပဲဖြစ်ဖြစ် သူတို့ ကိစ္စ ကို လူကြီးတွေ ပါ ဝင်ရောက်ကာ အတိအလင်း စေ့စပ်တော့ရန် ပွသိုက် ပွသိုက် ဖြစ်လာကြ၍ ကျွန်မ ၏ မရေရာလှသော စာ ရေးချင်စိတ်ကလေး ကို အသာ ခေါက်သိမ်း နေ လိုက်ရ၏ ။ ထိုအခေါက် တွင် စာ တစ်လုံးမျှ မရေးနိုင်ခဲ့ပါတော့ချေ ။
နွေဦးပေါက် တွင် လူကြီးမိဘများ သဘောတူ ၊ ကိုပု နှင့် မအေးရှင် တို့ မင်္ဂလာ ဆောင်ကြ တော့ လည်း မေမေ သာ သွား၍ ကျွန်မ မရောက်ခဲ့ရပေ ။
••• ••• ••• •••
မကြာမီ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် ကာလ သိပ် မရှည်မြင့် မီမှာပင် သူတို့ နယ်မြေ မှာလည်း လွတ်မြောက်သော နယ်မြေ ဖြစ်သွားခဲ့သည် ။ သို့ရာတွင် အခြေအနေ မှာ တည်ငြိမ်မှု မရှိဘဲ အပြောင်းအလဲတွေ မြန်ဆန်စွာ ဖြစ်ပျက် နေကြ၏ ။ သည်အတွင်း မှာ ဒွေးလေးသိန်းရင် နှင့် ဦးလေး တို့ လည်း မကျန်းမမာ ဖြစ်ကာ တစ်ယောက် နှင့် တစ်ယောက် ( ၂ ) နှစ် မျှ ခြားပြီး ဆုံးပါးခဲ့သည် ။
ကိုဖိုးအေး နှင့် ကိုပု တို့ အိမ်ထောင် နှစ်စုံ မှာ လည်း မြို့ ပြောင်း လာကြ၏ ။ လေးပင်သွပ်မိုး အိမ် နှစ်လုံး ကို ဘေးချင်း ယှဉ်၍ပင် ဆောက် ထားကြသည် ။ အစိုးရအုပ်ချုပ်ရေး ပြန် ရောက်၍ အကြာကြီး ကြာပြီး ခေတ်ကောင်း လာပြန်မှ သူတို့ မြို့ကလေး သို့ ကျွန်မ တစ်ခေါက် ရောက်သွား သည် ။ ကိုဖိုးအေး မှာ မြို့ ပေါ် တွင် ကုန်စုံဆိုင် နှင့် ဘာနှင့် အကျအန ဖြစ်နေရုံမျှ မက သူ ၏ နာမည် မှ “ ဖိုး ” တစ်လုံး နှင့် ဦးခေါင်း ထက် မှ သျှောင်တစ်လုံး ပင် ပြုတ်ကာ ဗိုလ်ကေ နှင့် ဘာ နှင့် မြို့သားကြီး
ဖြစ် နေသည် ။ မသောင်း မှာ လည်း အခါလည်ရွယ် သားကလေး နှင့် အိမ် မှာ အဖော် ရ နေသည် ။
ကိုပု က တော့ ဆန်စက် တစ်စက် မှာ တာလီ စာရေးကလေး ဖြစ်နေသည် ဟု သိရ၏ ။ မအေးရှင် က လည်း အိမ် မှာ အလကား မနေ ၊ ဆေးလိပ်ခုံ မှာ အလုပ် လုပ်နေရာ ၊ သူတို့ ကို ခဏတစ်ဖြုတ် သာ တွေ့ ခဲ့နိုင်သည် ။ သို့ရာတွင် သူတို့ အားလုံး ၏ စီးပွားရေးဖူလုံမှု ကို သိရှိရသည် မှာ အားရ လောက်စရာကြီး ပင် ဖြစ်နေသည် ။ ထို ထက် သတင်းစာ တစ်မျိုးစီ လပေး ယူ ဖတ်ပြီး တစ်အိမ် နှင့် တစ်အိမ် သတင်းစာ ချင်း လဲလဲ ဖတ်ဖော် ရနေကြခြင်း ကို ကျွန်မ ဝမ်းသာ မဆုံးပင် ။
သို့သော် ပုထုဇဉ် လူသားတို့ အနေနှင့် ဤ အခြေ ဤ အနေမျိုး မှာ နိစ္စဓူဝ ဖြစ်ခဲလှသည် ။ သို့အတွက် လည်း ယခုတော့... ဟုတ်ကဲ့ တစ်ခုတော့ ပြောရမည်ပင် ၊ အသည်း နာစဖွယ် ရှက်ဖွယ်လိလိ ဖြစ် လာရသည် ။
ဘာမျှ မဆီဆိုင်လေသော အကြောင်းတရား တစ်ခု အတွက် ကိုပု က ကိုဖိုးအေး ကို ဓား နှင့် ခုတ်ထား၏ ။ ဒဏ်ရာ မှာ အတော် ပြင်း သဖြင့် ခရိုင်ဆေးရုံ ဖြစ်သော ကျွန်မတို့ မြို့မှ ဆေးရုံ နှင့် အချုပ်ခန်း တွင် ပင် စံမြန်း နေရသည် ။ ဤတွင် တစ်ဦးတည်း သော ဆွေမျိုး ဖြစ်သည့် ကျွန်မတို့ အိမ် မှာ မသောင်း နှင့် မအေးရှင် တို့ ပါ တည်းခို ဆုံစည်း ကြရလေတော့သည် ။
မသောင်း က နှုတ်ရေး စကားတတ် နှင့် မကြာခဏ ငြူစူ ဆောင့်အောင့်သည် ။ မအေးရှင် က မကြာခဏ ငိုရသည် ။ ကျွန်မတို့ သားအမိတွေ လည်း စိတ်ညစ် ကြရသည် ။ မရှိတော့ပြီ ဖြစ်သော ဦးလေး နှင့် ဒွေးလေး တို့ အား သည် အဖြစ်ကို မြင်လာစမ်း စေချင်သည် ။
“ ဪ ... သည် တစ်ကြိမ် မှာ ဦးဦးဖျားဖျား မိုက်တွင်း နက်ခဲ့ပြီး သော သည် လူ နှစ်ဦးမှ လွဲ၍ အခြား သူတွေ ဘာမျှ မဖြစ်ကြပါစေနှင့် ”
ကျွန်မ မှာ ဆုတောင်း ရုံသာ တောင်း တတ်တော့သည် ။ တကယ်ဆိုတော့ ဘယ် ဘုရား ၊ ဘယ် ခေါင်းဆောင် မှ တတ်နိုင်မည့် ကိစ္စ မဟုတ် ၊ လူထု က ကို လူထု အလိုက် အသိ ရှိကြမှ ဆင်ခြင်နိုင်မှ သာယာ ကောင်းမွန်နိုင်မည့် ကိစ္စ ဖြစ်သည် ။
ကျွန်မ က စိတ်ရှုပ်ရှုပ် ရှိသည်နှင့် စားပွဲ ပေါ် ကို မျက်နှာ မှောက် ချလိုက်သည် ။ ခပ်စောစော
က ရရှိသော ကျွန်မ သူငယ်ချင်း “ မြိုင် ” ထံ မှ စာကလေး ကို နဖူး နှင့် ထိမိလျက် ဖြစ်သွားသည် ။ စာပါ အကြောင်းများ ကို ဆက်လက် တွေးတော မိပြန်၏ ။ သည် စာ ပါ အကြောင်း က လည်း နှစ် သိမ့်ကျေနပ်စရာ မဟုတ်ခဲ့ပေ ။
ကျွန်မ သူငယ်ချင်း မြိုင် မှာ ဌာန တစ်ခု ကို အုပ်ချုပ် ရသော အစိုးရ အရာထမ်း တစ်ဦး ဖြစ်သည် ။ သူ အုပ်ချုပ်ရသော ဌာန မှ အမှုထမ်းများ မှာ သူ့ ကို မိန်းမသား တစ်ယောက် ပါလား ဟု သက်ညှာ ရမှန်း အားနာ ရမှန်း မသိကြ ဟု ထို စာ ထဲ မှာ ညည်းညူ ထားသည် ။ ပြီးတော့ အမျိုးသမီး များ အလုပ် တာဝန် ထမ်းဆောင်ရခြင်း ၏ မလွတ်လပ်မှုများ ကို လည်း တသီတတန်းကြီး ထည့် ရေး ထားသေးသည် ။
ဒါကလည်း စောစောက ကိစ္စ လို လူထု က အသိတရား ရှိကြမှ ၊ သိသည့် တရား ကို စောင့်ထိန်းကြ မှ သာ ဖြစ်နိုင်မည့် ကိစ္စ ဖြစ်သည် ။ ကျွန်မတို့ နိုင်ငံမှာ အမျိုးသမီးများ အတွက် ချုပ်ချယ် မှု တင်းတင်းကျပ်ကျပ် မရှိခဲ့စေကာ သူ တစ်ပါး နိုင်ငံ လို စည်း မစောင့်ကြ၍ မလွတ်မလပ် ရှိလှသည် ။ ဥပမာ ... တောကြီးနက်ခေါင် မှာ တစ်ဦး တစ်ယောက် တည်း နေရမည့် တောမီး မျှော်စင်စောင့် သည့် အလုပ်သမား တစ်ဦး အဖြစ်မျိုး လို ဆိုပါစို့ ။ ညဉ့်နက် သန်းခေါင် မှာ တစ်ဦးတည်း သွားလာ ပြီး လုပ်ကိုင် ရမည့် အလုပ်မျိုး ဆိုပါစို့ ။ အမျိုးသမီးများ အနေ နှင့် အဘယ်မျှ သတ္တိ ကောင်း၍ အဘယ်မျှ ထမ်းဆောင် နိုင်သည့် အရည်အချင်း ရှိပါစေ ။ ကျွန်မတို့ နိုင်ငံ မှာ ဘေးရန် များလှသည် ။
မတော်မသင့် ရတာ နှင့် ၊ ပတ်ဝန်းကျင် က အထင်အမြင် သေးရတာ နှင့် မြို့လယ်ကောင် လှောင်ချိုင့် တွင်း မှာ အရုပ်သဖွယ် အကစား ခံနေရတတ်သော ထီစာရေးမ ဆိုသူကလေးတွေ ကို လည်း ကြည့်ပါဦး ။
တကယ် ကောင်းသည် တိုင်အောင် အကောင်း မထင်တတ်ကြ ။ ကောင်းရာ ကို ဖေးကူပေး ခြင်း မရှိကြသော ပတ်ဝန်းကျင် ဝယ် အမျိုးသမီးများ အလုပ် လုပ် စားရသည်မှာ ရွေးချယ်ရ လွန်း လှပါတကား ။
သည်လို အတွေးနက် နေသည့် တစ်ခဏ ဝယ် အပြင် မှ စကားသံတွေ မှာ သဲကွဲခြင်း မရှိလှတော့ သော်လည်း မအေးရှင် ၏ ရှိုက်သံသဲ့သဲ့ က မူ ကြား ကြားနေရသည် ။
ကျွန်မ က အားလုံးသော ကိစ္စရပ်များ အပေါ် မှာ မနှစ်မြို့နိုင်တော့သည် နှင့် တမေ့တမော လောက်ပင် အိပ်ပျော် ရပါစေတော့ ဟု စာရေးစားပွဲ မှ ထကာ အိပ်ရာ ထက် မှာ နား နှစ်ဖက် ကို လက် နှင့် ပိတ်ပြီး ငြိမ်ငြိမ်ကလေး စောင်းခွေ နေလိုက်သည် ။
••• ••• ••• •••
“ လုံမလေး လုံမလေး ”
ဤအသံ နှင့် အတူ ဦးလေး သည် ခြေကို ခပ်ဖွဖွ နင်းပြီး ကျွန်မ ခြေရင်း မှာ ပြုံးစိစိ နှင့် ရပ်လာသည် ။
“ ဟင် .. ဘုရားရေ ဦးလေး သေပြီ မို့လား ” ဟု ကျွန်မ က အိပ် နေရာ မှ တအံ့တဩ နှင့် လူး လဲ ထလိုက်ရသည် ။
“ အေးလေ ဦးလေး ခဏ ပြန်လာတာပေါ့ ၊ လုံမလေးတို့ မကျေမနပ်တာ ရှိရင် ဦးလေး ယူ သွားမယ်လေ ”
“ ရော့...ရော့ ၊ ဦးလေး ဒါတွေကို ယူသွားပါ ”
မြိုင် သည် ဘယ် က ပေါ်လာသည် မသိ ရောက် လာပြီး ဦးလေး ကို အထုပ် တစ်ထုပ် လှမ်း ပေးသည် ။ ဦးလေး က မြိုင့် လက် ထဲ မှ အထုပ် ကို လှမ်း ယူပြီး ထွက်သွားရာ ၊ မြိုင် သည် “ ပေး လိုက်ပြီ ပေး လိုက်ပြီ အားလုံး ပေးလိုက်ပြီ ” ဟု ဆိုကာ ကွေး နေအောင် ကလေ၏ ။
သည်ခဏ မှာ သျှောင် တစ်စောင်းထုံးကြီး နှင့် ကိုဖိုးအေးကြီး ရောက် လာ ပြန်ပြီး “ ဟေ့ ကောင်မကလေးတွေ နင် တို့ ဘယ်သူ့ ကို မဲ ပေးသလဲ ဟေ့ ” ဟု ကျွန်မ ထိပ် ကို ပုတ်ပြီး မေးလေသည် ။
“ ကျွန်မတော့ ဒေါ်မမ ကို မဲ ထည့်တယ် ကိုဖိုးအေး ၊ သူ က မှ အမျိုးသမီးအရေး ကို ထိထိ ရောက်ရောက် ဆောင်ရွက် ပေးမှာ သိလား ”
ကျွန်မ ကို မေးသည် ကို မြိုင် က မနေနိုင် မထိုင်နိုင် ပြောချင်ဇော နှင့် ဝင် ပြော ပစ်လိုက်သည် ။
“ ဟား ... ဟား ... ဟား ၊ နင့် အတွေး က ကျဉ်းမြောင်းလှ သဟာ ၊ ငါတော့ သခင်ကိုကို ကို ပဲ ထည့်သဟေ့ ”
“ ဟင် ... ကိုဖိုးအေး လူ က ရာသက်ပန် အတိုက်အခံကြီး ပဲ ”
မြိုင် နှင့် ကျွန်မ က သီချင်း ဆို သလို ညီညီညာညာ ပြိုင်တူ ဆိုလိုက်၏ ။
“ ဟေ .. အတိုက်အခံ တော့ ဘာဖြစ်ရမှာလဲ ဟ ၊ သခင်ကိုကို မရှိရင် ပါလီမန်ကြီး ကို
တစ်ခါတည်း သွေ့ခြောက် သွားမယ် မှတ် ၊ သခင်ကိုကို လက်သံ ပြောင် လွန်းလို့ ပါလီမန်ကြီး ဒီ လောက် မြိုင် နေတာ ”
“ ဟင် ... ကျွန်မ က တော့ ဦးညီညီ ပဲ ကြိုက်ပါသရှင် ၊ သူတို့ ပါတီလမ်းစဉ် က ဘယ်လောက် ကောင်းတယ် မှတ်လို့လဲ ”
“ ပါတီ ဘယ်လောက် ကောင်းကောင်း ပုဂ္ဂိုလ် က လည်း လိုပါသေးသကွာ ၊ သစ္စာ သမာဓိ နဲ့ တို့ ဘဘ မှ ကောင်းတာ ဟ ၊ ငါ တော့ ကိုယ့် ဆွေမျိုး ပဲ ကိုယ် ထည့်တယ် ”
သည် နောက်ဆုံး အသံ က ဘယ်သူ့ အသံမှန်း မသိပေ ။ အသံ ကို သာ ကြား ရပြီး လူ ကို လည်း မမြင်ရချေ ။
“ ဟေ ... ဟေ ... ကိုကို ၊ ညီညီ ၊ မမ ၊ ဘဘ ကြိုက်ရာ ထည့်မယ်ကွ ၊ ဟေ ... ဟေ ... ကိုကို ၊ ညီညီ ၊ မမ ၊ ဘဘ ကြိုက်ရာ ထည့်မယ်ကွ ၊ ဟေ ... ဟေ ... ဟေ ... ”
ဤ အသံနှင့် အတူ ကွေး နေအောင် ကပြီး ဝင်လာသူ ကား ကိုပု ဖြစ်သည် ။ သူ့ ပါး မှာ ပေါင်ဒါတွေ ပုံထား လိုက်သည် ကလည်း ဖွေးဖွေးလှုပ် နေ၏ ။
“ ဟေ ... ကိုကို ၊ ညီညီ ၊ မမ ၊ ဘဘ ”
ကိုဖိုးအေး နှင့် မြိုင် ကလည်း လက်ခုပ်မြိုင်မြိုင် ဝိုင်းကူ တီးကြသည် ။ ကျွန်မ သည် ပျော်၍ လာ လေ၏ ။ သူတို့ ကို အားကျ ပြီး လက်ခုပ် တီးမည် ပြုတော့မှ လက် မှာ သစ်တုံး တစ်တုံး နှင့် ပိညပ် နေ ပြန်သည် ။ ကျွန်မ က လက် ကို ရုန်း၍ ထုတ်ရင်းနှင့် ပါးစပ် မှ သာ အားရရွှင်ပျော်စွာ “ ဟေ ... ဟေ ” ဟု ကူညီ အော်ဟစ် ပေးရသည် ။
ကိုယ့် အသံ ကိုယ် ခပ်သဲ့သဲ့ မျှ ကြားရကာ ဖျတ်ခနဲ ဖြစ်သွားတော့ မှ လက် တစ်ဖက် ကို ခေါင်း အောက် မှာ ဖိလျက် နှင့် မေ့မေ့ ၊ မေ့မေ့ အိပ်ပျော် သွားမိသော ကိုယ့် အဖြစ် ကို သတိရ လာသည် ။ တစ်ဖက် အိမ် က ရေဒီယို မှာ ဒိုးပတ်သံ မြိုင်မြိုင်ဆိုင်ဆိုင် ထွက်ပေါ် လျက် ရှိနေ၏ ။ ကျွန်မ အိပ်မက် မှာ ဆောင်းတွင်း အိပ်မက် ကတောက်ကတက် မဟုတ်ဘဲ ၊ စိတ်ကူးယဉ် တောင့်တမှု ဖြင့် လွှမ်းမိုး နေသော အိပ်မက်မျိုးသာ ဖြစ်သည် ။
သို့ပေမဲ့ ထို အိပ်မက်ကလေး ကို ပင် ကျွန်မ က နှမြော နေမိ၏ ။
တကယ့် အဖြစ်ကား ထို အိပ်မက်ကလေး နှင့် ဆန့်ကျင် လှပါပေသည် ။ အမတ်လောင်းများ စာရင်း ထွက်လာစ မှာ ပင် ကိုဖိုးအေး နှင့် ကိုပု တို့ က စိတ်ဝမ်း ကွဲ လာကြသည် ။ ကိုပု က အမတ် အလောင်း ဖြစ်သော သူ့ အလုပ်ရှင် ဆန်စက်ပိုင်ကြီး ကို ပင် သဘောကျ နေ၏ ။ ကိုဖိုးအေး က တော့ တစ်နယ် မှ လာရောက် အရွေးခံမည့် နိုင်ငံရေး လက်ဟောင်း တစ်ဦး ကို မှ သဘောကျ သည် ။
“ သူ့ စက် ထဲ အလုပ် လုပ် ရတာ နဲ့ သူ့ မဲ ထည့်ရမယ် ဆိုတာ မဟုတ်သေးပါဘူး ကွာ ” ဟု ကိုဖိုးအေး က ဆိုသည် ။
“ ကျုပ် ဒါလောက် မအပါဘူး ၊ မျက်နှာလို မျက်နှာရ လည်း မဟုတ်ဘူး ၊ လူ အရည်အချင်း ရော နောက်ခံ ပါတီ ကို ပါ သဘောကျ လို့ပါ ” ဟု ကိုပု က ပြန် ပြောသည် ။
အမှန်မှာ ဒါလောက် နှင့် ပြီး သင့်၏ ။ အကျိုးအကြောင်း ကို ရှင်းလင်း တင်ပြခွင့် ရှိသည့် တိုင် နောက်ဆုံး မှာ သူ့ သဘော နှင့် သူသာ ဖြစ်စေရပေမည် ။ သို့သော် ကိုဖိုးအေး ရော ကိုပု ပါ မကျေ နပ်ကြ ၊ အခွင့် ရတိုင်း ကော်ကြ ၊ ကပ်ကြ ၊ ထေ့ ကြ ၊ ငေါ့ကြ နှင့် တစောင်းမဲမဲ ဖြစ် လာသည် ။ တစ်နေ့တော့ မအေးရှင် က သူ့ ဆေးလိပ်ခုံ ဝင်ငွေ ဖြင့် စုဆောင်း လုပ်ကိုင်လာသော လက်ကောက် တစ်ရံ ကို ပြ လာသည် ။ ဒါကို မဲဆွယ် ပေး၍ စက်ပိုင် ထံ မှ လာဘ် ရလာတာပါ ဟု ကိုဖိုးအေး က စွပ်စွဲ၏ ။ တစ်ယောက် တစ်ခွန်း စကား များကြ၏ ။ နောက်ဆုံးတော့ ကိုပု က ကိုဖိုးအေး ကို ဓား နှင့် ခုတ်ကာ ဆေးရုံ နှင့် ထောင် မှာ လက်စသတ်ကြသည် ။
ဒါလည်း နိဂုံးချုပ် လက်စသတ် တော့ ဟုတ်ချင် မှ ဟုတ်ဦးမည် ။ အပြင်ဘက် မှာ မသောင်း ရိုက် ၍ သူ့ သားကလေး ငိုနေသံ ကြားရ၏ ။ မအေးရှင် မှာလည်း ကိုယ်ဝန်ကြီး နှင့် ဖြစ်သည် ။
မသောင်း သားကလေး ကြီး လာလျှင် သူ့ အဖေ ခေါင်း မှ အနာရွတ် က စကား ပြောချင် ပြောဦးမည် ဖြစ်၍ မအေးရှင် ၏ သား သို့မဟုတ် သမီးကလေး ကို လည်း “ ထောင်ထွက် ” ဟူသော အဖေ ၏ ဘွဲ့ထူးဂုဏ်ထူး က စကား ပြောချင် ပြောလာပေဦးမည် ။
သူတို့ ဖခင် နှစ်ဦး က တော့ ငဝက် ဖြစ်လို့ ဖြစ်မှန်းမှ သိကြပါသေးစ ။
ကျွန်မ က စိတ်ပျက် လက်ပျက် နှင့် သက်ပြင်း တစ်ချက် မှုတ်ထုတ် လိုက် မိသည် ။ အကယ်၍ သာ ဖြစ်များ ဖြစ်နိုင်မည် ဆိုပါလျှင် အိပ်မက် သည် တကယ် ဖြစ်၍ တကယ့် အဖြစ် သည် အိပ်မက် ပင် ဖြစ်သွားပါစေတော့ ။
◾စိန်စိန်
၁၉၆၁
📖 နှစ်ဆယ်ရာစု မြန်မာဝတ္ထုတို
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment