❝ ကမ္ဘာမကြေ မှာ ခြွေတဲ့ ဥဒါန်း ❞
၁ ။
ပုထုဇဉ် လူသားတိုင်း သည် သေ မှာ ကို ကြောက်ကြ သူတွေချည်း ဖြစ်၏ ။ “ တို့ က သေ ရ မှာ ကြောက်တာ မဟုတ်ဘူး ၊ ဘာ ဂရုစိုက် နေ ရမှာ လဲ ” အစ ရှိ သဖြင့် ဘာညာကွိကွ ကြုံးဝါး သံတွေ ကို လူတိုင်း ကြားဖူးကြ ပေလိမ့်မည် ။ သို့သော် ထို စကား တို့ သည် အကြောင်း တစ်ခု ခု ကြောင့် စိတ်တို စိတ်ညစ် လျက် ရှိစဉ် ထိုသို့ “ တို ... ညစ်သော ” စိတ်ကလေး ထွက်ပေါက် ရ စေရန် မာန်တင်း၍ ဒေါသ အလျောက် ၊ သောက အလျောက် ၊ ငါ့ လှေ ငါ ထိုး ပဂိုး ( ပဲခူး ) ရောက်ရောက် ဆိုသလို မျက်စိ စုံမှိတ် ကာ ရမ်း ကြိတ်လိုက်ကြခြင်း သာဖြစ်သည် ။ တကယ် သေဘေး နှင့် ရင်ဆိုင် လာကြရသော အခါ တွင် ကား တည်တည်ငြိမ်ငြိမ် ရင်ဆိုင် သွားနိုင် သူ က ရှာ မှ ရှားပင် ။ ပုထုဇဉ်တွေ ကို ပြောပါတယ် ။ ပြောတုန်းက လေ တစ်လုံး မိုး တစ်လုံး ဆိုသော် လည်း တကယ် သေတွင်း သေဝ ရောက်သော အခါ “ စားပြီး နားမလည် ” ဖြစ်သွားကြသူ တွေ သာ များကြ၏ ။
ထို အကြောင်းအရာမျိုး ကို သာမန် လူတွေ ထက် ဆရာဝန် တစ်ယောက် ဖြစ်သော ဒေါက်တာမောင်ထူး တို့ က ပို၍ ပင် သိနေသေးသည် ။ နေ့စဉ် လူကောင်း တွေ ထက် လူနာ တွေ ကို ပိုထိ တွေ့ ဆက်ဆံ နေရတာ မဟုတ်လား ။ လူနာ တွေ ကို ကုသ ကယ်တင် နေရသည် ဆိုသော်ငြား ရောဂါ ကျွမ်း နေ၍ ... ၊ မီးစာကုန် ဆီခမ်း၍ ... စသဖြင့် တဖြုတ်ဖြုတ် သေ နေသော လူသေ တွေ ကို မရေနိုင် ၊ မတွက်နိုင် အောင် ဒေါက်တာ မောင်ထူး တွေ့ရှိခဲ့ရဖူးသည် ပဲ ။ သူ့ အဖို့ လူတို့ ၏ သေခြင်းတရား သည် အဆန်း မဟုတ် ။ မျက်စိ အောက် မှာ ပင် အသက် ငင် ပြီး သေသွား ကြတာမျိုးတွေ ကို တွေ့ရဖူးပေါင်း များ ခဲ့လှ သဖြင့် ရိုး နေပြီ ဟု ပင် ဆိုနိုင်သည် ။ သေခြင်းတရား နှင့် ပတ်သက်လျှင် အရပ်သား တွေ ထက် ဆရာဝန် တွေ က ပို တွေ့ကြုံရသည် ပဲ ။
သို့သော် .... ဦးဘချော လို လူနာ ၏ သေ ပုံက တော့ဖြင့် ဒေါက်တာမောင်ထူး ၏ တစ်သက် မှ ဒီတစ်ခါပဲ ကြုံရဖူးသေးသည် ဟု ဆိုရ မလို ရှိတော့၏ ။ မှန်၏ ။ သူ ၏ တစ်သက်တာ လူနာ မှ တ်တမ်း တွင် ထူးဆန်းစွာ ဇီဝိန်ချုပ် သွားခဲ့သော လူနာ အဖြစ် တော့ ထို ဦးဘချော ကိုပဲ ပထမဆုံး လူနာ အဖြစ် မှတ်တမ်း တင် ရတော့မည် ဖြစ်လေသည် ။
၂ ။
ဦးဘချော တို့ မိသားစု နှင့် ဒေါက်တာမောင်ထူး တို့ က သိဟောင်း ကျွမ်းဟောင်းများ တော့ မဟုတ်ကြပါ ။ ဟောက်ဆာဂျင် ဆင်းပြီး ၊ ' ဆ - မ ' လက်မှတ် ရပြီး နောက် တာဝန် ထမ်းဆောင်ရန် ပထမဆုံး ပိုစတင် ကျလာသော နယ်မြို့ကလေး သို့ ရောက်မှ သိကျွမ်း လာရသည့် မိသားစု သာ ဖြစ်ပါသည် ။ သူ တာဝန်ကျသော ဆေးရုံ က တိုက်နယ် အဆင့် ဆေးရုံကလေး မျှသာ ဖြစ် သည် ။ မြို့ကလေး က ခပ်သေးသေး ... ဆေးရုံ ကလေး က လည်း ပုလုကွေး ... ၊ လူနာ က ခပ်ပါးပါး ... ။ သည်တော့ သူ ပင် ဆေးရုံအုပ်ကြီး ၊ သူ ပင် ဆေးရုံဆရာဝန် အဖြစ် တစ်ကိုယ်တော်ပြဇာတ် ကို က ရလေ၏ ။ အကူ လက်ထောက် နာ့စ် Nurse နှင့် သားဖွားဆရာမ သုံးလေးယောက် သည် သူ ၏ ကျန်းမာရေး တပ်မဟာ တည်း ။ သူတို့ ပဲ ရဲဘော်ရဲဘက်တွေ ဖြစ်ကြတော့သည် ။
မြို့ကလေး က ငယ်သော် လည်း စီးပွားရေး ဖွံ့ဖြိုးသည် ။ နယ်မြို့ငယ်ကလေး တို့ ထုံးစံ အတိုင်း ဆေးရုံ ကို ကြောက်ကြသည် ။ “ ဆေးရုံ တက်ပါ ” ဟု ဆို လိုက် လျှင် မျက်စိမျက်နှာ ပျက်ပျက် နှင့် “ မတက်လို့ မရဘူးလား ... ဆရာ ၊ ဖြစ်နိုင်ရင် မတက်ပါရစေနဲ့ ၊ ဆရာနဲ့ ပဲ အပြင်မှာ ကုပါရစေ ” ဟု ပြန်ပြော လာသူက အများ ဖြစ်သည် ။ သူတို့ က သူတို့ ဆေးရုံ မတက်ချင်ကြသည့် ဆန္ဒကို အစွဲပြု၍ “ ဆရာ ရယ် ၊ မြို့ ထဲ မှာ ကိုယ်ပိုင် ဆေးခန်းလေး ဖွင့်စမ်းပါ ၊ ဆရာတို့ ဆေးရုံ က မြို့ အပြင် မှာ သီးခြားရှိနေတာ ဆိုတော့ လာရသွားရတာ မလွယ်ကူဘူး ၊ လွယ်ကူတယ် ပဲ ထားဦးတော့ ... ကျွန်မ တို့ က ဆေးရုံ တက်ရမှာ ကို ကြောက် ကို ကြောက်တာ ဆရာ ရဲ့ ၊ လူနာစောင့်မယ့် သူ က ည လိုက်အိပ်ဦး ၊ အိမ် က လူတွေလဲ ထမင်းချိုင့် ပို့ဦး နဲ့ တာဝန်တွေ ပိုလှတယ် ၊ မြို့ ထဲ မှာ ဆရာ ဆေးခန်း ဖွင့်လိုက်ရင် အေးရော ၊ နေမကောင်း ရင် ဆရာ့ ဆေးခန်း ကို ပြေး လာပြကြရုံပဲ ” ဟု ဝိုင်းဝန်း တိုက်တွန်းကြ ချေ သေး၏ ။ ထိုသို့ တောင်းဆိုလာသော ပရိသတ် က ရှစ်ဆယ် ရာနှုန်းခန့် ဖြစ်နေသည် ။
“ သံဃာ အား ဘုရား မဆန်သာ ” ဆိုသလိုပင် ။ မူလက ကိုယ် တာဝန်ကျရာ ဆေးရုံ မှာ ပင် ကု သရေး ကို လုပ်ရင်း ခပ်အေးအေး နေမည် ဟု ရည်မှန်းခဲ့သော ဒေါက်တာမောင်ထူး မှာ ထို ရည်ရွယ်ချက် ကို ဖျက်၍ အများ တောင်းဆိုချက် ကို လိုက်လျောကာ မြို့ ထဲ မှာ ဆေးခန်း ဖွင့်ဖို့ နေရာ ရှာရ လေတော့၏ ။ အဲဒီမှာ ပင် ဦးဘချောတို့ မိ သားစု နှင့် ပတ်သက် လာခဲ့ရခြင်း ဖြစ်တော့သည် ။ ဦးဘချော တို့ အိမ် မှာ မြို့ ထဲ ပိုင်း ကျသည် ။ ဈေး နှင့် လည်း နီးသည် ။ အိမ်ကြီး က နှစ်ထပ် ပျဉ်ထောင် ငါးပင်အိမ်ကြီး ဖြစ်ပြီး အောက်ထပ် မှာ နှစ်ခန်းတွဲ အခန်းကျယ်ကြီး တစ်ခု ငှားရမ်း ရန် လွတ်နေသည် ။ ဒေါက်တာမောင်ထူး နှင့် ဆေးရုံ တွင် လုပ်ကိုင် နေရသော မြို့ခံ သူနာပြု ဆရာမကြီး က ဦးဘချော တို့ မိသားစု နှင့် ရင်းနှီး၏ ။ ထို့ကြောင့် သူမ က ကြားခံ ဆက်သွယ်ပေးမည် ။ နေရာ က အကွက်အကွင်း ကျရုံ မ က ငှားရမ်းခ ဈေးနှုန်း လည်း မကြီး ။ စပေါ်တွေ ဘာတွေ လည်း တင်စရာ မလို ။ ဈေးနှုန်း ချိုချို သာသာ နှင့် ပင် ငှားရမ်းကြလိမ့်ဦးမည် ။ အဘယ်ကြောင့် ဆိုသော် မိမိတို့ အိမ် အောက်ထပ် ၌ ' အရေးဟဲ့ ' ဆို အနီးကပ် အားကိုးစရာ ဆရာဝန် တစ်ဦး ရောက်ရှိလာမည် မို့ ဦးဘချော တို့ မိသားစု က ဝမ်းသာအားရပင် ဈေးချိုချို နှင့် လက်ခံ ငှားရမ်း ပေးကြလိမ့်ဦးမည် ဟု ဆို၏ ။
မြို့ခံ သူနာပြုဆရာမကြီး ၏ အညွှန်း ဖြင့် ပင် ဒေါက်တာမောင်ထူး ခေါင်းညိတ် လိုက်ရသည် ။ တကယ် ဆက်သွယ် ငှားရမ်းသော အခါမှာ လည်း ဆရာမကြီး ပြောတာ အမှန်ပင် ဖြစ်ကြောင်း တွေ့ရ၏ ။ သူ ပင် ဘာမှ လိုက် မပြောလိုက်ရ ။ ဆရာမကြီး က “ ဆရာ ရေ ... ကျွန်မ နဲ့ အားလုံး ပြောပြီးပြီ ၊ တစ်လ ကို တစ်သောင်း ပဲ ပေးပါ ... တဲ့ ၊ ကြို မတောင်းဘူး နော် ၊ တစ်လ ကုန် မှ တစ်ခါ ငှားရမ်းခ ရှင်းပေး ရမှာ ” ဟု လာ ပြော၏ ။ ဆေးခန်း အတွက် ဒီကော်ရေးရှင်း Decoration များ ပြင်ဆင်ကြသည့် နေ့ ကျမှ ဒေါက်တာမောင်ထူး သိရသည် မှ ဤကိစ္စ နှင့် ပတ်သက်၍ သူနာပြု ဆရာမကြီး က ဦးဘချော နှင့် စကား မပြောခဲ့ရဘဲ ဦးဘချော ကတော် ဒေါ်ဒေါ်မြ တစ်ယောက် တည်း ၏ သဘောတူ ခေါင်းညိတ်မှု နှင့် ပင် အဆင်ပြေ ပြီးပြတ်ခဲ့ခြင်း ဖြစ်ကြောင်း ပင် ။ သူ့ အနေဖြင့် မူ ဦးဘချော ကို လည်း မသိ ၊ မြင် လည်း မမြင်ဖူးခဲ့ ။ လက်သမားတွေ နှင့် အတူ ဆေးခန်း အတွက် ပြင်ဆင် နေကြချိန် တွင် ဦးဘချော က အခန်း ရှေ့မှ ဖြတ် ဝင် လာသည် ။ လုပ်ကြကိုင်ကြတာ တွေ ကို ခဏ ဖြန့်ကျက်ကြည့်ရှု ကာ မေး၏ ။
“ ဒီမှာ ဆေးခန်း ဖွင့်ကြဖို့ ဆိုတဲ့ ကိစ္စ အတွက် ပြင်ဆင် နေကြတာနဲ့ တူပါရဲ့ ၊ ဟုတ်သလား ... မောင်ရင်လေး တို့ ”
ဦးဘချော ၏ ပုံစံ က ပီဘိ သူစိမ်း ပြင်ပြင်ပင် ။
သူ့ အိမ် အောက်ထပ် မှာ လာ၍ ဆေးခန်းဖွင့်ကြ မှာ ကို အိမ်ပိုင်ရှင် မဟုတ်သော တခြား ရပ်ကွက် ထဲ က သူစိမ်း တစ်ယောက် က လာရောက် မေးမြန်း စပ်စုပုံမျိုး ဖြစ်နေသည် ။
“ ဟုတ်ပါတယ် ခင်ဗျ ... နောက် နှစ်ရက် လောက် ရှိမှ ဖွင့်နိုင်လိမ့်မယ် ၊ ဘကြီး က ဆေးခန်း ပြချင်လို့ လား ”
ဆေးရုံ က အကူ လုပ်သားကလေး က မေး တော့ ဦးဘချော က ခေါင်းခါ ပြသည် ။
“ မဟုတ်ပါဘူး ၊ ဆေးခန်း ထိုင် ကုပေးမယ့် ဆရာဝန် ကို မမြင်ဖူးလို့ သိရအောင် ကြည့်တာပါ ”
“ ဪ ... ၊ ဆရာ့ ကို မြင်ဖူးချင်တာလား ။ ဘကြီး ရှေ့က ထိုင်ခုံ မှာ ထိုင် နေတာ ဒီ ဆေးခန်း ဖွင့်မယ့် ဆရာဝန် ပါ ခင်ဗျ ၊ ဒေါက်တာ ဦးမောင်ထူး တဲ့ ၊ ကျွန်တော်တို့ မြို့ကလေး ရဲ့ ဆေးရုံ မှာ တာဝန်ကျ လာတဲ့ ဆရာဝန် လေ ”
သည်တော့ မှ ဦးဘချော က ဒေါက်တာမောင်ထူး ကို ငုံ့ကြည့်သည် ။ အသက်အရွယ် အရ ဂါရဝ ပြုရမည့် ယဉ်ကျေးမှု အရ ဒေါက်တာမောင်ထူး လည်း ထိုင်ခုံ က အမြန် ထ ရပ် လိုက်ရလေ သည် ။
“ ဪ ... ၊ ဆရာဝန် က ဒီက ဆရာလေး ကိုး ၊ ခပ်ငယ်ငယ်ပဲ ရှိသေးတာပါ ကလား ”
“ ဟုတ်ကဲ့ ၊ ကျွန်တော် ပါပဲ ခင်ဗျ ၊ နာမည် က မောင်ထူး ပါ ခင်ဗျာ ”
“ ဆရာလေး က ဆေးခန်း ဖွင့်မယ့် ဆရာဝန် ဆိုတော့ မေးကြည့်ရဦးမှာ ပဲ ”
“ ဘာများ လဲ ခင်ဗျ ၊ ဘာ မေးစရာ ရှိလို့ လဲ ။ မေးပါ ခင်ဗျား ”
“ ထူးထူးထွေထွေတော့ မဟုတ်ပါဘူး ဆရာ လေးရယ် ၊ ဆရာလေး က ဒီ အောက်ထပ် ကို ငှားရမ်းပြီး ဆေးခန်း ဖွင့် မှာ ဆိုတော့ ငှားရမ်းခ တွေ ဘာတွေရော ပိုင်ရှင်များ နဲ့ ပြေပြေလည်လည် ရှိကြရဲ့ လား ”
ဒေါက်တာမောင်ထူး လုံးဝ ထင်မှတ် မျှော်လင့် မထားသော မေးခွန်း ဖြစ်သည် ။ “ ငှားရမ်းခ ” ကိစ္စ ကို လာမေးသည် ဆိုတော့ “ ဧကန္တ ... သည် လူကြီး က မြူနီစီပယ် က လား ၊ အကောက်ခွန်ဌာန ကလား ” ဟု တွေး လိုက်မိ၏ ။ စည်ပင်သာယာ ကလည်း ဖြစ်နိုင်တာပဲလေ ။
“ ပြေပြေလည်လည် ပါပဲ ခင်ဗျ ၊ နှစ်ဦးနှစ်ဘက် စလုံး ကျေနပ်ကြပါတယ် ၊ ဦးကြီး က ဘာလို့ မေးတာလဲ ခင်ဗျား ”
“ ဪ ... ၊ ဒါဆိုရင်လဲ အေးတာပါပဲ ၊ တကယ်လို့ မပြေလည်ကြရင် လဲ ဦးကြီး က ကြားဝင် ပြော ပေးတန်တာ ကို ပြောပေး ရအောင်လို့ ပါ ”
မပြေလည် ခဲ့သော် ကြား က ဝင်၍ ညှိနှိုင်း ပြောဆို ပေးရအောင်လို့ ဟု ဆို လာလေတော့ “ ဤပုဂ္ဂိုလ် သည် ဤ ရပ်ကွက် မှာ သြဇာ ညောင်း သော ရပ်ကွက်လူကြီးပေလား ” ဟု ဒေါက်တာ မောင်ထူး တွေး လိုက်မိရပြန်၏ ။
“ ဟုတ်ကဲ့ ... ၊ ခုလို ကူညီ ပေးဖို့ စကားပြော လာတဲ့ အတွက် ကျေးဇူး တင်ပါတယ် ခင်ဗျ ။ ဒါနဲ့ ဦးကြီး က ဘယ်သူလဲ ။ ဒီ ရပ်ကွက် လူကြီးများ လား ၊ ကိုယ့် ကိုယ် ကို မိတ်ဆက် ပေးပါဦးခင်ဗျ ”
“ မဟုတ်ပါဘူး ဆရာလေး ရယ် ၊ ဦးကြီး နာမည် က ဦးဘချော တဲ့ ၊ ဒီ အိမ်ကြီး ရဲ့ ပိုင်ရှင် ကွဲ့ ၊ ဒီ အိမ်ကြီး ဟာ ဦးကြီး မိဘများ ဆီ က အ မွေ ဆက်ခံ လိုက်ရတဲ့ အိမ်ကြီး ပဲ ဥစ္စာ ၊ အဲဒါ ဒီ အောက်ထပ် ကို ဆေးကုသခန်း ဖွင့်ဖို့ အိမ် က အဖွားကြီး က ဆရာဝန် တစ်ယောက် ကို ငှားလိုက်တယ် လို့ အခုပဲ လက်ဖက်ရည်ဆိုင် က သတင်း ကြားလာခဲ့ လို့ မေးစမ်း ကြည့်ရတာလေ ”
ဒေါက်တာမောင်ထူး သာ မက ဆေးရုံ ကအ ကူ ကောင်ကလေး နှင့် အခန်း ပြင်ဆင် နေကြသော လက်သမားဆရာ နှစ်ဦး ပါ ကိုယ့် နဖူး ကိုယ် လက်ဝါး နှင့် ရိုက် လိုက်မိကြရ လေသည် ။
“ လက်စသတ် တော့ အိမ်ပိုင်ရှင် စစ်စစ်ကြီး က လာ မေးနေခြင်းပါကလား” ဟု အဲဒီတော့ မှ သိ လိုက်ကြရခြင်း ဖြစ်တော့၏ ။
“ ဟောဗျာ ၊ အဲဒီ ကိစ္စ ကို ဦးကြီး က ဘာမှ မသိခဲ့ဘူးလား ခင်ဗျာ ”
“ အခုတော့ လက်ဖက်ရည်ဆိုင် က သတင်း ကြားလာခဲ့လို့ သိရပါပြီ ပြောပါတော့ ၊ အေး .. အေး ၊ အားလုံး အဆင်ပြေကြတယ် ဆို ရင် ပြီးတာပါပဲကွယ် ၊ ကဲ ... ဦးကြီး သွားမယ်နော် ”
“ ဟုတ် ... ဟုတ်ကဲ့ခင်ဗျ ”
ဦးဘချော က နှတ်ဆက်၍ အိမ် တစ်ဘက်ခန်း သို့ ဆက် ဝင် သွားလေသည် ။ ဒေါက်တာမောင်ထူး မှာ မူ ပါးစပ် အဟောင်းသား နှင့် ကျန်ရစ်ခဲ့ရလေတော့သည် ။ ဖြစ်မှ ဖြစ်ရလေ ။ ကိုယ့် အိမ် အောက်ထပ် က အခန်း နှစ်ခန်းတွဲ ငှားရမ်းတဲ့ ကိစ္စ ကို အရပ် ထဲ ရှိ လက်ဖက်ရည် ဆိုင် က သတင်း ကြား လာတော့မှ သိ လာ ရပြီး မေးမြန်းရသည် ဆိုတော့ အတော် စဉ်းစားချင် စရာကြီး ဖြစ်နေသည် ။ တကယ်ဆို ဦးဘချော က သည် အိမ်ကြီး ၏ အိမ်ပိုင်ရှင် အစစ် အိမ်ဦး နတ်ကြီး ပင် မဟုတ်ပါလား ။
“ ဧကန္တ သည် အိမ် က မိသားစုဝင်တွေ က အိ မ်ဦးနတ် ကို ပွဲတော် မဆက်ဘဲ ဥပေက္ခာ ရှုထား ကြလေရော့သလား ” ဟု တွေးရင်း ခေါင်းကုတ် ကျန်ရစ် ခဲ့ရလေတော့သည် ။
၃ ။
ဒေါက်တာမောင်ထူး အဖို့ ဦးဘချော ၏ မြို့ လယ် က အိမ်ခန်း နှစ်ခန်းတွဲ မြေညီထပ် တွင် ငှားရမ်း၍ ဆေးခန်း ဖွင့်ရသည် မှာ အတော် အဆင်ပြေသည် ဟု ဆိုရမည် ။ သွားလာရေး လွယ်ကူသည့် အပြင် မြို့ကလေး ၏ လူနာ အများ စု ကပင် ဆေးရုံ တက်ရန် နှင့် မြို့ အပြင် ကျသော ဆေးရုံ သို့ လာရောက် ပြသရန် နောက်တွန့်ကြ ၍ တစ်ကြောင်း ၊ ဒေါက်တာမောင်ထူး ကိုယ်တိုင် က ဆေးဝါးကုသမှု စရိတ်စက ကို သင့်တင့်မျှ တရုံသာ ယူလေ့ရှိသည် က တစ်ကြောင်း တို့ကြောင့် ဆေးခန်းကလေး မှာ လူနာများ အဆက်မပြတ် လှပေ ။
ထို ဆေးခန်းကလေး အောင်မြင် လာသောအခါ ဒေါက်တာမောင်ထူး မှာ တစ်ယောက်တည်း ဖင်မနိုင် ၊ ခေါင်းမနိုင် ဖြစ်လာတော့ သဖြင့် ဆေးခန်း အကူ အဖြစ် လူ ငှားရတော့သည် ။ ဤ ကိစ္စ တွင် လည်း ဆေးရုံမှ လုပ်ဖော်ကိုင်ဖက် နာ့စ်မလေးများ ၊ သူနာပြု ဆရာမများ ကို ငှားရမ်း၍ မဖြစ်ချေ ။ အကြောင်းမူ ထို ဆရာမများ မှာ လည်း သူ့ ရပ်ကွက် နှင့် သူ သတ်မှတ် ထားသော နယ်မြေ အလိုက် လူနာများ ၊ ကိုယ်ဝန်ဆောင် မိခင်လောင်းများ အတွက် အလုပ် များကြရသူ တွေ ချည်း ဖြစ်နေသော ကြောင့် ပင် ။ ထို့ကြောင့် သာမန် အရပ်သူများ ထဲ မှ သာ ဆေး ပေးရန် ၊ တိုကင် နံပါတ်ပြား ပေးရန် ၊ လူနာ အလှည့်ကျ ခေါ်ပေးရန် ... စသော ဆေးခန်း အကူအညီ လုပ်ငန်းများ အတွက် ငှားရမ်းရတော့၏ ။
ဤနေရာ တွင် ပို၍ အဆင် ပြေ သွားရသည် မှာ ဝေးဝေး က ငှားစရာ မလိုဘဲ ဆေးခန်း ဖွင့် ရာ နေအိမ် မှာ ပင် အလုပ် ဝင်မည့် သူ က အသင့် ရှိနေခြင်း ဖြစ်၏ ။ ဆေးခန်း မှာ လူနာ များ သဖြင့် အကူ လူ ငှားရတော့ မည့် အကြောင်း ကို ညည်းညူမိသည် နှင့် ပင် ဦးဘချော ကတော် ဒေါ်ဒေါ်မြ က တောင်းပန် လာလေသည် ။
“ ဆရာရယ် ... ဆေးခန်း မှာ လူ အကူ ငှားရမယ် ဆိုရင်လဲ တခြား ဝေးဝေး ကို ရှာ မနေပါနဲ့ ။ ဒေါ်ဒေါ့် သမီး မင်း နှမ “ ဝင်းနီလာ ” ကို ခေါ် သုံးကြည့်စမ်းပါ ... မတတ်တာ မသိတာ တော့လဲ သင်ပြပေးပေါ့ ၊ သူ လဲ ဘွဲ့ရပြီးသားပါ ကွယ် ၊ ဆေးခန်း ဖွင့်ဖို့ လဲ ဘာမှ အခက်အခဲ မ ရှိဘူးလေ ၊ ဒီ အိမ် က လူ ပဲ ဆိုတော့ ဆေးခန်း ဖွင့် ချိန် မှာ သူ က အောက်ထပ် ဆင်းပြီး ကြိုတင် ဖွင့် ထားရုံပဲ ၊ လူနာတွေ လာတော့လဲ တိုကင် ကြို ဝေထား နှင့် ရုံပဲပေါ့ ”
ဒေါ်ဒေါ်မြ ပြောတာ လည်း အဟုတ်သားပင် ။ ဆေးခန်း အကူ ရောက် မလာနိုင်၍ ခေါင်းခြော က် စရာ မလို ။ ဆေးခန်း ဖွင့်သည့် အိမ် အပေါ် ထပ်မှာ ပင် ရှိနေပြီ မဟုတ်လား ။ နောက် တစ်ချက် က ဆေးခန်း ဖွင့်ဖို့ အတွက် အိမ်အောက်ထပ် နှစ်ခန်းတွဲ ကို ဈေးချိုချို နှင့် ငှားရမ်း ပေးခဲ့ကြသော ကျေးဇူးတရား ၏ မျက်နှာ ကို ထောက်ထားရဦးမည် ။ သည် လိုနှင့် နောက် ဆုံးတော့ အိမ်ပိုင်ရှင် တို့ ၏ သမီး ဖြစ်သူ “ ဝင်းနီလာ ” ကို သာ ဆေးခန်းအကူ အဖြစ် ငှားရမ်းလို က်ရတော့၏ ။
ဝင်းနီလာ အလုပ် စ ဝင်တော့ အနီးဝန်းကျင် က လူတွေ က ပြုံးစိစိ ဖြင့် ကလိတိတိ ကြည့်ကြ၏ ။ “ ဒေါ်ဒေါ်မြ တို့ ကတော့ ပိုင် သကွာ ၊ တစ်ခါတည်း သပိတ်ဝင် အိတ်ဝင် ကြံတော့တာ .. ၊ အိမ်အောက် က အငှား ဆေးခန်း ကို အပိုင် ဆေးခန်း ဖြစ်အောင် ချယ်နယ် လိုင်း ပြောင်း ဖမ်းနေတာ ” ဟု တိုးတိုး တိတ်တိတ် ဝေဖန် စကားသံများ ကို လည်း ကြားရ၏ ။ ပြောမယ် ဆို လည်း ပြောစရာ ကိုး ။
ဒေါက်တာမောင်ထူး က လူပျို ဆရာဝန် ဖြစ်သည် ။ ဝင်းနီလာ က လည်း အသက် ၂၀ ဝန်း ကျင် သာသာ လုံးကြီးပေါက်လှ အသားညို ချော အပျိုစင် ဖြစ်သည် ။ ဆိုတော့ အတွေး ခေါင်ချင်စရာ ၊ ဝေဖန် ကလိချင်စရာ ဖြ စ်နေသည် ။ မည်သူတွေ မည်သို့ ဝေဖန်စေကာ မူ ဒေါက်တာမောင်ထူး အဖို့ ကတော့ ဝင်းနီလာ ကို ငှားရမ်းမိသည့် အတွက် အဆင်ပြေတာ အမှန်ပင် ။ သူ မရောက်ခင် ပင် ဝင်းနီလာ က ရေမိုးချိုး ၊ အဝတ်အစား လဲ ပြင်ဆင်ပြီး အောက်ထပ် ဆင်းကာ ဆေးခန်း ဖွင့် နှင့် ပြီး ဖြစ် သည် ။ ဆေးရုံ က အရေးပေါ် လူနာကိစ္စမျိုး ရှောင်တခင် ပေါ်လာ၍ လှမ်း ဖုန်းဆက် ခေါ်သောကြောင့် ဆေးရုံ ကို ပြေးရဦး မည် ဆိုတော့လည်း နောက်ဆံ တင်းစရာ မလို ။ “ နီလာရေ ၊ အချိန်တန်လို့ မှ ပြန် ရောက် မလာနိုင် ခဲ့ရင် ဒီနေ့ အဖို့ ဆေးခန်း သာ ပိတ်ထား နှင့် ပေတော့ ... ဆရာ တစ်ခေါက် ပြန် မလာနိုင် ရင် ဖုန်း လှမ်းဆက် လိုက်မယ် ...” ဟု မှာ ကြား ထားခဲ့ရုံ နှင့် ကိစ္စပြီး၏ ။
ဝင်းနီလာ က လည်း သူ သင်ပြ ပေးသမျှ ဆေးဝါး ပေးပုံ ၊ ကျသင့်ငွေ တွက်ချက်ပုံ ၊ သူ့ မှတ်ချက် စာရွက် ပေါ် က မြေကြီး ကို ကြက်ယက် ထား သကဲ့သို့ ရှုပ်ပွေသော ဆရာဝန် လက်ရေး ကို ဖတ်ကာ နောက်ထပ် ဘယ်နှစ်ရက် ဆက်၍ ပြရန် လိုသေးသည် ဟု မှာ ကြားရန်တို့ မှ အစ ကြိုးကြိုးစားစား လိုက်နာ သင်ယူကာ ဆောင်ရွက် ပေးနိုင် သဖြင့် ဒေါက်တာမောင်ထူး ဘဝင် ကျ၍ မဆုံး ။ ဝင်းနီလာ ဆေးခန်း မှာ အလုပ် ဝင် ၍ နှစ်လ ၊ သုံးလ အတွင်း မှာ တော့ ' ဆရာ ' နှင့် ' နီလာ ' ဖြစ်သော် လည်း နောင် လေးငါးခြောက် လ ကြာလာသော အချိန် တွင် တော့ “ အစ်ကို ” နှင့် “ နီလာ ” ဟု အခေါ်အဝေါ်တွေ ပြောင်းလဲ တိုးတက် လာသည် ကို လူနာများ ကြား ကြရလေ တော့သည် ။ ဘာ ကြာလိုက်လို့ တုန်း... ။ တစ်နှစ် ပြည့်လုလု ကာလ တွင် အများ မျှော်လင့်ကြသည့် အတိုင်း “ ဇာတ်လမ်း က မသန်း ” ဖြစ်လာကြလေတော့သည် ။ “ ချဉ်သီး နှင့် ဆား ... အတူထား၍ ” ဟု ပဲ ဆိုဆို ၊ “ ကြိုး ချင်း ထား ကြိုး ချင်း ငြိ - အိုး ချင်း ထား တော့ အိုး ချင်း ထိ ” ဟု ပဲ ပြောပြော အ ပျိုချော ဝင်းနီလာ နှင့် လူပျိုသိုး ဒေါက်တာမောင်ထူး တို့ နဖူးစာ မင်ရည် ပျစ်ပျစ်ထူ ကာ ချစ်သူ ဘဝ သို့ ရောက်ရှိ သွားကြ လေကုန်သတည်း ။
၄ ။
ချစ်သူ ဘဝ ရောက်လာကြပြီ ဆိုတော့ ဒေါက်တာမောင်ထူး မှာ သည် အတိုင်း မနေသာ တော့ ။ တစ်ချိန်တစ်ခါ က ကင်းကင်း နေခဲ့ သော်လည်း နောင် တစ်နေ့ သော အနာဂတ် တွင် ထိတွေ့ ဆက်ဆံ လာရတော့မည် ဖြစ်သော ဝင်းနီလာ တို့ မိသားစုကြီး နှင့် ပတ်သက်၍ မျက်လုံး ဒေါက်ထောက် ကာ စူးစမ်း အကဲခတ် ကြည့်လာရ တော့၏ ။ ဝင်းနီလာ မှာ အစ်ကို နှစ်ယောက် နှင့် မောင် တစ်ယောက် ရှိ၏ ။ ယောက်ဖ အင်အား ကတော့ မသေးလှ ။ သုံးယောက် တိတိ ရှိ၏ ။ တစ်ဖန် ခယ်မ ဖြစ်လာမည့် သူ က နှစ်ယောက် ။ သည် တော့ စုစုပေါင်း ၅ ယောက် ။ ယောက်ဖ အလောင်းအလျာ သုံးယောက် တွင် အကြီးဆုံး တစ်ယောက် ကတော့ ဘောလုံးသမား ဖြစ်တာ ကို တွေ့ရ၏ ။ နေ့ ရှိသမျှ ဘောလုံး ဂျာနယ်တွေ ကို တကုတ်ကုတ် ဖတ်လိုက် ၊ သူ နှင့် သွေးတူ မွေးတူတွေ နှင့် အာဆင်နယ် က ဘယ်ကဲ့သို့ ၊ မန်ယူ က ဘယ် ညာ ၊ မောင်း ထိုး လျှင် ဘယ် နှစ်မောင်း ၊ အထက်ကြေး က ဘယ်နှစ်ပြား ၊ အောက်ကြေး က ဘယ်နှစ်ပြား ... စသဖြင့် အာပေါင် အာရင်း သန်သန် ငြင်းခုန် နေသံတွေ ကြားရ၏ ။ ဒါက ... အကြီးဆုံး ယောက်ဖ ။
သူ့ အောက် က ဒုတိယ ယောက်ဖ ကို တိုးတိုး တိတ်တိတ် ကြိတ်၍ အကဲဖမ်း ကြည့် ပြန်တော့ သူ့ ဟာ သူ တစ်ယောက်တည်း နားကြပ် ကက်ဆက် ဝေါ့ခ်မင်း တစ်လုံးနှင့် အလုပ် ရှုပ် နေလေ့ ရှိတာ တွေ့ရ၏ ။ သူ က တော့ တစ်ကိုယ်တော် ။ သူ တစ်ယောက် တည်း နေရင်း က ပင် ပွစိပွစိ ဖြင့် နှတ်ခမ်း တလှုပ်လှုပ် ရွတ်ကာ ဒေါက်တာမောင်ထူး နားမလည် နိုင်သော စကားလုံးတွေ ကို မြင်း အီးပေါက် သည့် နှယ် ပေါက်ပေါက်ဖောက် နေလေ့ ရှိ၏ ။
“ နီလာ ... နီလာ ရဲ့ ဒုတိယ အစ်ကို က သူ့ တစ်ယောက် တည်း ဘာတွေ ပြောနေတာတဲ့ လဲ ၊ သူ က စိတ်ရော မှန်ရဲ့ လားဟင် ”
“ မှန်ပါတယ် အစ်ကို ရဲ့ ၊ ဝေါ့ခ်မင်းကက်ဆက်ကလေး နဲ့ နားကြပ် တပ်ပြီး နားထောင် နေ တာက ရက်ပ်ပါ သီချင်းတွေလေ ၊ ပါးစပ် က တလှုပ်လှုပ် ရွတ်နေတာက ရက်ပ်သီချင်း စာသား တွေပါ ၊ သူ က ... ရက်ပ်ပါ ဖြစ်ဖို့ ကြိုးစား နေတာ တဲ့ ”
သေဟဲ့ နန္ဒိယ ... ။ လက်စသတ်တော့ “ ရက်ပ်ပါ ” တည်း ဟူသော ခေတ်ပေါ် ဂီတခရေဇီ ဆိုပါကလား ။ ဒေါက်တာမောင်ထူး လန့် သွားသည် ။ မသိပါဘူး ။ တစ်ယောက်တည်း စကား တပြောပြော နဲ့ ဆိုတော့ ကျပ် မပြည့်တဲ့ အဆံ ချောင် အောက်မေ့လို့ ။
ဒုတိယ ပြီးတော့ တတိယ ယောက်ဖ အငယ် ကို ဆက်လက် စူးစမ်းပြန်၏ ။ သည် သူငယ် က တော့ လစဉ် လဆန်း စတင်သော ရက် နှင့် လလယ် တစ်ရက် လောက် တွင် သာ ပျာယာခတ် လေ့ ရှိပြီး ကျန်သည့် ၂၈ ရက် လောက်က ငြိမ်ငြိမ်သက်သက် ရှိတာကို တွေ့ရ၏ ။ သို့ရာတွင် သူ ပျာ ယာခတ်သော ထို နှစ်ရက် တွင် တော့ “ တောက် ... အသေအချာ အပိုင်ခွင် ဆိုကာ မှ အလယ် ထိုင် ဖေါက်သွားတယ် ” ၊ “ ဟောဗျ ... ၊ ခု တစ်ပတ်တော့ နောက်ပိတ် လွဲသွားတာကိုး ” ဟူသော မကျေမချမ်း ကြုံးဝါးသံတွေ ကိုသာ ကြားရလေ့ရှိ၏ ။
ယောက်ဖ အလောင်းအလျာ ၃ ယောက် က တော့ သူ့ နည်း နှင့် သူ ခေသူများ မဟုတ်ကြ ဟု ဆုံးဖြတ်ချက် ချရ မလို ရှိ၏ ။ “ လည် ( လယ် ) ရာပြန်စားရေးကိစ္စ ” တွင် လည်း ညီညာကြသော တောင်သူဦးကြီးများ ဖြစ်ကြ ၏ ။ ဆက်လက်၍ ခယ်မ ဖြစ်လာမည့် သူ နှစ်ဦး ကို လည်း သေသေချာချာ အကဲခတ် ကြည့်လိုက် တော့ “ ပျာကလပ်စိန် ” နှင့် “ လေဒီဆတ်စလူး ” ဟု ဘွဲ့ ပေးရမည့် သူတွေချည်း ။ ယောက်ဖများ နှင့် ခယ်မများ အလှည့် ပြီး၍ ယောက္ခမ လောင်းအလျာများ ဖြစ်ကြသည့် ဦးဘချော နှင့် ဒေါ်မြ တို့ ကို စေ့ငု ကြည့်မိပြန်၏ ။ နှစ်ယောက် စလုံး ပင် ခပ်အေးအေး နေကြပုံ ရသည် ။ သို့သော် တစ်ခါတစ်ခါ တွင် မူ “ မမြ ရယ် ... ၊ မင်း ရဲ့ နှစ်လုံး ရောဂါ က နှစ် ထဲ က စသတ် ပြုတ်ပြီး ငါ့ ဆီ ကို “ နှလုံး ” ရောဂါ အဖြစ် အသွင် ကူးပြောင်း ကူးစက်စ ပြုလာနေပြီ နော် ။ ငါ မခံစားနိုင်တော့ဘူး ” ဟူသော ဦးဘချော ၏ ညည်းညူသံ ကို ကြက်သီး ဘဲသီး ထဖွယ် ကြား ရတတ် ပြန်လေသည် ။ ဒေါ်ဒေါ်မြ ကလည်း တစ်နည်းတစ်ဖုံ ကျောချမ်းချင်စရာပါကလား ။
ထိုအခါ မျိုး တွင် “ ကိုဘချော ... ကျုပ် အာရုံ နဲ့ ကျုပ် နေတာနော် ၊ အပို ပူဆာ မလာနဲ့ ... ဟို လူနာ လို ဖြစ်သွားမယ် ” ဟူသည့် ဒေါ်မြ ၏ ခပ်တင်းတင်း ဝမ်နင် ပေးသံ နှင့် “ အေးလေ ... ၊ ဒီလိုဖြင့်လဲ လုပ်ပေါ့ ... ငါ က တော့ ဝဋ် ရှိသမျှ ပေါ့ကွာ ၊ တစ်နေ့ တော့ ဒီ ဝဋ် မကျွတ်ဘဲ မနေပါဘူးကွ ” ဟူသော ဦးဘချော ၏ အငေါ် တူး ချေပသံ ကို နားဆင် ခံစားရ ပြန်လေသည် ။ မည်သို့ရှိစေ ဤ တစ်မိသားစုလုံး တွင် သူ့ ယောက္ခထီးကြီး ဦးဘချော သည် သာ အငြိမ်သက်ဆုံး ၊ အအေးချမ်း ဆုံး ဖြစ်သည် ဟု ဒေါက်တာမောင်ထူး မှတ်ချက် ချ မိ၏ ။
ထို့ကြောင့် မနက်ခင်း တိုင်း မှာ ဦးဘချော ကြိုက်တတ်သည့် လက်ဖက်ရည် နှင့် ပဲပလာတာ ကို ဆေးခန်း သို့ လာ လေတိုင်း ပါဆယ် ဆွဲ လာဖို့ သဒ္ဓါ ပေါက် ၏ ။ ယောက္ခထီးကြီး က လည်း လက်ဖက်ရည် နှင့် ပဲပလာတာ ပါဆယ်ထုပ်ကလေးတွေ ကို လက်ခံ ရယူလေ တိုင်း ဒေါက်တာ မောင်ထူး ကို မရိုးနိုင်သော စကားဖြ င့် တုန့်ပြန်လေ့ ရှိ၏ ။ သူ့ မိသားစု ကို ငေါ့ ပြီး ပြောလေ့ ရှိသော တုန့်ပြန်ချက်မျိုး ဖြစ်သည် ။ “ ကျေးဇူးပါပဲ ဆရာလေး ရယ် ၊ ကျုပ် အိမ် အောက်ခန်း မှာ ဆရာလေး ဆေးခန်း လာဖွင့် ပေလို့ မနက်တိုင်း လက်ဖက်ရည် နဲ့ ပဲပလာတာ ကလေး မှန်မှန် မှီဝဲရပေတယ် ၊ အိမ် က လူ တွေ လို သာဖြင့် ကျုပ် ငတ် နေတာ ကြာရော့မယ် ၊ သာဓု ... သာဓု ... သာဓု ”
၅ ။
ခုတော့ဖြင့် ဦးဘချော တစ်ယောက် သာဓု မခေါ်နိုင်တော့ပြီ ။ တဖြည်းဖြည်း ကျန်းမာရေး ချို့ယွင်း လာခဲ့သော ဦးဘချော ကို ဒေါက်တာ မောင်ထူး ကိုယ် တိုင် အနီးကပ် စောင့်ရှောက် ပါလျက် နှင့် လက် လွှတ် ရတော့ မည့် အခြေသို့ ဆိုက်ရောက် လာခဲ့ပြီ ဖြစ်သည် ။ ဦးဘချော ၏ ရောဂါတွေ က လည်း “ စုံပါ သော်ကော ... ရောတိရောရာ ” ဆိုသလို ဖြစ်၏ ။ သွေးတိုး ၊ နှလုံး ၊ ဆီးချို ၊ အမယ် စုံလှသည် ။ အဆုတ် က မကောင်း ။ အသည်း က ကြီးနေသည် ။ ကျောက်ကပ် က ကောင်းကောင်း အလုပ် မလုပ်တော့ သဖြင့် တစ်ကိုယ်လုံး ဖောရောင် နေတာ လည်း ရှိသေးသည် ။ ဒေါက်တာမောင်ထူး မှာ ဂဏန်း အကောင် တစ်ရာ လောက် က ဟိုမှ သ ည် မှ ဝိုင်း ဖောက် ထားကြသော လယ်ကန်သင်းရိုး ရေထွက်ပေါက် များစွာ ကို လိုက်လံ ဖာထေး မြေဖို့ နေ ရသည့် လယ်သမား လို ဖြစ်နေ၏ ။ သည် တစ်ပေါက် ပိတ်တုန်း ဟို က တစ်ပေါက် က ယို ဆို သလို ဖြစ် နေရ၏ ။ တော်ရ လု ဆဲဆဲ ယောက္ခထီးကြီး မို့ ဒေါက်တာ မောင်ထူး က ကြိုးစား ကုသပါသော်လည်း ဆေးဆရာ တို့ မည်သည် ဝေဒနာ ကို သာ ကုနိုင် သည် ၊ ' သေနာ ' ကို ကား ကုနိုင် ရိုး ထုံးစံ မရှိပြီ ။
ယနေ့ နံနက် တွင် ဒေါက်တာမောင်ထူး ၏ ဆေးခန်း ပိတ်ထားသည် ။ အရေးတကြီး လူနာ ဖြစ်သော ဦးဘချော ကို ဆေးခန်း အပေါ်ထပ် အိမ်ခန်း ထဲ မှာ ကု နေရသော ကြောင့် ဖြစ်သည် ။ သို့သော် မရတော့ပါ ။ သွေးတိုး ၊ သွေးခုန်နှုန်း က တဖြည်းဖြည်း ဆုတ်ယုတ် လာနေပြီ မို့ စိတ် မကောင်းစွာ နှင့် ပင် ပွင့်ပွင့်လင်းလင်း အသိ ပေး လိုက်ရလေတော့သည် ။
“ မရတော့ဘူး အဒေါ် ၊ ဒါ ... သူ့ နောက်ဆုံး အချိန်ပဲ ”
သည် တော့ တစ်မိသားစုလုံး ဝိုင်းဝန်း ရောက်လာကြသည် ။ အိပ်ရာ ပေါ် မှာ ပက်လက်ကလေး မိန်းမော နေသော ဦးဘချော ကို မျက်ရည် လည်ရွဲ ဖြင့် ဝိုင်း ကြည့် နေကြသည် ။ ဒေါက်တာ မောင်ထူး လည်း အနား မှာ ရှိနေ၏ ။ သား အကြီး ဖြစ်သူ က ကက်ဆက် ကို ယူ လာ ကာ ပရိတ်ကြီး ၁၁ သုတ် ရွတ်ဖတ်သည့် တရားတိတ်ခွေ တစ်ခွေ ကို ထည့် ဖွင့်တော့ ဦးဘချော က မျက်လုံး ဖွင့်ကြည့်ကာ လက်ဝါး ကာ ပြ သည် ။ “ မဖွင့်ပါ နှင့် ” ဆိုသော သဘော ။ ဦးဘချော သတိ လက် မလွတ်တာတော့ သေချာသည် ။ ဒေါက်တာမောင်ထူး လည်း နံဘေး မှ ကြည့်ကာ စိတ် ထဲမှာ တအံ့တသြ ဖြစ်လာမိသည် ။ ဟုတ်၏ ။ ပြောခဲ့ပါပကော ... ။ ဆရာဝန် တစ်ယောက် အနေ ဖြင့် နောက်ဆုံး အသက် ငင်နေ သည့် လူနာများစွာ ကို တွေ့ကြုံခဲ့ဖူးသည် ဟု ... ။
ယခု ဒေါက်တာမောင်ထူး တအံ့တသြ ဖြစ် လာ ရတာက ဦးဘချော ၏ တည်ငြိမ်မှု ၊ ဣန္ဒြေ မပျက်မှု ၊ ကြံ့ကြံ့ခံနိုင်မှု အတွက် ဖြစ်သည် ။ အသက် ထွက် ညင်သာ သည် ဟူသော နောက်ဆုံး အသက် ကယ်ဆေး “ ဆိုလူကော့တက် ” မက လို့ ဘယ်လို ဆေးမျိုး ထိုး ထားထား ၊ အသက် ထွက် လုနီး လူနာတိုင်း ကတော့ နည်းနည်း ဖြစ်ဖြစ် ကသောင်းကနင်း ရုန်းရင်းဆန်ခတ် ဖြစ် ကြစမြဲ ။ သို့သော် ယခု ဦးဘချော ၏ ပုံစံ က သေခြင်းတရား ကို ရင်ဆိုင်ဖို့ အတွက် မတုန်လှုပ်သော တရားထူး တရားမြတ် ကို ကျင့်ကြံအားထုတ် ရရှိ ထားပြီးသော သာမန်ပုထုဇဉ် အဆင့် ကို ကျော်လွန် ထားပြီး ဖြစ်သည့် လူ တစ်ယောက် ၏ ပုံစံမျိုး ဖြစ်နေသည် ။ ဧကန္တ ... သည် အဘိုးကြီး လူသူ လေးပါး မသိရအောင်များ တရားထူး ၊ တရားမြတ်တွေ တစ်မဂ်တစ်ဖိုလ် ရအောင် ကျင့်ကြံ ထားပြီး ဖြစ်နေရော့ သလားဟု ပင် သံသယ ဝင်ချင်စရာ ဖြစ် နေသည် ။
ထိုခဏ မှာ ပင် ဦးဘချော က မျက်လုံး ဖွင့် ၍ ကြည့်၏ ။ ဒေါ်မြ ကို မြင်သော အခါ “ မမြ ” ဟု ခေါ်၏ ။ ဗလုံးပထွေး မဟုတ် ။ လေသံ က တည်တည်ငြိမ်ငြိမ် ၊ သဲသဲကွဲကွဲ ရှိ၏ ။
“ တော် ၊ ကိုဘချော ၊ ပြောလေ ၊ ဘာ ပြောချင်လို့ လဲ ”
ဒေါ်မြ က ငိုရှိုက်သံ တစ်ဝက် ဖြင့် စကား လမ်းခင်း ပေးသည် ။ မသွားခင်ကလေး မှာ သူ မှာ ချင်တာ တွေ ၊ ပြောချင်တာ တွေ မှာ သွား ၊ ပြော သွား ပါစေတော့ ဟု လမ်းဖွင့် ပေးပုံမျိုး ဖြစ်သည် ။ ဦးဘချော က ထပ် ပြောသည် ။
“ ငါ့ အခြေအနေ ငါ သိတယ် ၊ ငါ ကတော့ ဝဋ် ရှိသမျှပေါ့ ... တစ်နေ့ ဒီ ဝဋ် က မကျွတ်ဘဲ မနေ သေးပါဘူး လို့ ပြောခဲ့တာ မှတ်မိတယ် မဟုတ် လား ... အခု အဲဒီ ဝဋ် ကျွတ်ချိန် ကို ရောက် တော့မယ် ”
“ မှတ်မိပါတယ် တော် ၊ ပြောလေ ၊ ဘာ မှာချင်လို့ လဲ ”
ဒေါ်မြ က ငိုသံ ဖြင့် မေး၏ ။ သည် မှာ ပင် ဦးဘချော ၏ လေသံ က အတန်ငယ် မာ လာပြန်၏ ။
“ ဟင့်အင်း ... ဘာမှ မမှာ ချင်ဘူး ၊ နင်တို့ က တစ်သက်လုံး က ငါ ထိုင် ပြော လာတာ တောင် နား မထောင်ခဲ့ ဘဲ နဲ့ သေခါနီး မှ ထပ် မှာ နေတော့ ဘာ ထူးမှာ လဲ ... ငါ လေ ကုန်တာပဲ အဖတ်တင် မှာ ပေါ့ ၊ ငါ မှာ ချင်တာက ဟို ဆရာလေး ပဲ ၊ ဆရာလေး ”
မမျှော်လင့်ခဲ့ပါဘဲ နှင့် မြားဦး က ဒေါက်တာ မောင်ထူး ဘက် သို့ ဦးလှည့် လာ၏ ။ ဒေါက်တာ မောင်ထူး ရှေ့သို့ တိုး ကပ် သွားလိုက်ရ၏ ။ ဦးဘချော က ဒေါက်တာမောင်ထူး ၏ မျက်နှာ ဆီ သို့ မော့ ကြည့်၏ ။
“ ခင်ဗျာ ၊ ကျွန်တော် ရှိတယ် ဦးကြီး ၊ ပြောပါ ၊ ဘာ မှာ ချင်လို့ လဲ ခင်ဗျာ ”
ဒေါက်တာမောင်ထူး အသံ ကို ကြားတော့ ဦးဘချော ကျေနပ် သွားပုံ ရသည် ။
“ အချိန် လည်း မရှိတော့ပါဘူး ၊ တိုတိုပဲ မှာ ခဲ့ပါ့မယ် ၊ ဆရာလေး နဲ့ ဦးကြီး သမီး ဝင်းနီလာ တို့ ကြိုက် နေကြတယ် ဆိုတာ ဟုတ်သလား ”
ဒေါက်တာမောင်ထူး နှင့် ဝင်းနီလာ တို့ အကြည့်ချင်း ဆုံ သွားကြသည် ။ ဧကန္တ တော့ သူ့သမီး ဝင်းနီလာ နှင့် ဒေါက်တာမောင်ထူး တို့ မင်္ဂလာ ကိစ္စ အတွက် ဇော ကပ် နေပုံ ရသည် ဟု တွေးလိုက် မိကြ၏ ။ ရုပ်ရှင် ထဲ က လို “ သမီးလေး ကို ဆရာလေး တစ်သက် စောင့်ရှောက်ပါ ” ဆိုတာမျိုး မှာ ကြား ခဲ့ချင်နေတာလား မသိ ။ သူတို့ ချင်း ကြိုက် နေကြသည့် ကိစ္စ ကလည်း နှုတ် က ဖွင့် မပြော ကြသည့် တိုင် ဒေါ်မြ ရော ၊ ယောက်ဖလောင်း ၊ ခယ်မလောင်း တွေ အားလုံး သိထား ကြပြီး ဖြစ်၍ အထူးတလည် ဖုံးကွယ် နေစရာ မရှိ ။ ထို့ကြောင့် ဒေါက်တာမောင်ထူး ဝန်ခံချက် ပေး လိုက်ရ၏ ။
“ ဟုတ်ပါတယ် ... ဦးကြီး ၊ အဲဒီ အတွက် စိတ် ချပါ ခင်ဗျာ ၊ ကျွန်တော် ဦးကြီး သမီး ကို မိသား ဖသားပီပီ လူကြီးစုံရာ နဲ့ တောင်းရမ်း လက်ထပ် ပြီး တစ်သက်လုံး သားမှတ်မှတ် မယားမှတ်မှ တ် နဲ့ .. ”
ဦးဘချော လက်ဝါး ကာ ပြလိုက်၍ ဒေါက်တာမောင်ထူး စကားတွေ တစ်ဝက် တစ်ပျက် နှင့် ရပ် သွား ရသည် ။ ထိုအခိုက်မှာ ပင် ဦးဘချော က ပြော၏ ။
“ မဟုတ်ဘူး ... မဟုတ်ဘူး ... ကျုပ် မှာ ချ င်တာက အဲလို မဟုတ်ဘူး ၊ အဲဒါက ဆရာလေး ဘက် က အပိုင်း ... ကျုပ် ဘက် က မှာ ချင် တဲ့ အပိုင်း က ဝင်းနီလာ ကို ယူမယ် ဆိုရင် မယူခင် အသေအချာ စဉ်းစားဖို့ ပါ ... နောက်မှ ကျုပ် လို ဖြစ်ရမှာ ကို ယောက်ျားသားချင်း ကိုယ်ချင်း စာ လို့ မှာ ချင်တာ ... ကျုပ် က ဒီ အိမ် က လူတွေ အားလုံး အကြောင်း သိ ပြီးသား ၊ ကျုပ် က လွဲ ရင် တစ်အိမ်လုံး က တစ်သွေးတည်း တစ်စိတ်တစ် ဝမ်းတည်း ပဲ ၊ ဒါကြောင့် ဆရာလေး သေသေချာချာ စဉ်းစားဖို့ ဆရာလေး ကို ပဲ မှာ ခဲ့ ချင်တာပါ ၊ ဝင်းနီလာ ကို လည်း အဟုတ် မှတ် မနေနဲ့ ... သူ ဟာ ဆရာလေး နဲ့ ရပြီးပြီ ဆို တာ နဲ့ မရခင်က ဘာ ကတိတွေ ပေးခဲ့ ပေးခဲ့ သူ ဟာ လင် ဖြစ်တဲ့ ဆရာလေး ရဲ့ စကားတွေ ကို ကန့်လန့်တိုက် မှာ အမှန်ပဲ ၊ ဆရာလေး က “ အ ရှေ့ ” ဆိုရင် သူ က “ အနောက် ” ဖြစ်လိမ့်မယ် ။ ဆရာလေး က ဝါးလုံး လို့ ပြော ရင် ဝါးလုံးကြီး မြင် ပါလျက် နဲ့ ဝါးခြမ်း လို့ ခွ တိုက်ပြီး ငြင်း လိမ့် မယ် ... သူတို့ ဧည့်ဝိုင်း ထဲ ခွင်ထဲ ဝင် မိသွားပြီးပြီ ဆိုတာ နဲ့ ဆရာလေး တစ်သက် လုံး စိတ်ဆင်းရဲ အောင် ၊ နဂိုက အကျင့်စာရိတ္တ ကောင်း ပြီး အရက် ဆို အနံ့ တောင် မခံတတ်တဲ့ ဆရာလေး ကို စိတ်ညစ်ညစ် နဲ့ အရက်ချည်း ဖိသောက် သွားတဲ့ ယစ်ထုပ်ကြီး ဘဝ ရောက် အောင် နေ့ ရှိ သမျှ တွန်းပို့ ပေးလိမ့်မယ် ၊ အဲဒါ သူ့ အမေ ကျုပ် မယား မမြ ရဲ့ နည်းလမ်းတွေ ပဲ ၊ ဝင်းနီလာ က သူ တင် မကဘူး ၊ သူ့ ဘက် က စစ်ကူ အဖြစ် ဆရာလေး ဘာပြောပြော ဘယ်တော့ မှ နား မထောင် တဲ့ သားသမီး တွေ လည်း မွေး ပေးပြီး အိမ်ထောင်ဦးစီး ကို စက္ကန့်မလပ် စိတ် ဆင်းရဲရအောင် စွမ်းဆောင်မယ့် အိမ်ဦးနတ် နှိပ်ကွပ်ရေး ကွန်မန်ဒိုအသင်း လည်း ထူထောင် ဦး မှာ မုချပဲ ဆိုတာ စိတ်သာ ချထား လိုက်ပေတော့ ... ဒါကြောင့် မလွန်ခင် မှာ ပြူး နေအောင် စဉ်းစား ”
“ ခင်ဗျာ ”
ဒေါက်တာမောင်ထူး ခေါင်းနပန်း ကြီးသွား ကာ ပါးစပ် ဟောင်းလောင်း ဖြစ် သွားသလို ဝိုင်းအုံ နေကြသော မိသားစုဝင်တွေ လည်း ဟင် ခနဲ အလန့်တကြား ဖြစ် သွားကြ၏ ။ သို့သော် သူတို့ ဘာ စကား မှ ပြန် နှစ်သိမ့်ချိန် မရလိုက် ။ အဘယ်ကြောင့် ဆိုသော် ဦးဘချော က သူ ၏ လက်ဖဝါး နှစ်ဘက် ကို လက်အုပ် ချီ သည့် သဏ္ဍာန် ဖြင့် သူ့ ရင်ဘတ် ပေါ် ပူးယှက် တင်လိုက်ပြီး နောက် ကြည်လင် ပီသစွာသော ဆုတောင်း စကားလုံးများ ကို ဆက် ပြောလာ သောကြောင့် ဖြစ်သည် ။ ဦးဘချော ၏ ဒေါသတကြီး အသံ ကို အားလုံးပင် ပီပီသသ ကြား လိုက်ကြရသည် မှ သေချာ လှတော့၏ ။
“ ကိုးကွယ်ရာ အစစ် ဖြစ်တော်မူသော ဗုဒ္ဓ မြတ်စွာဘုရား ... တပည့်တော် ၏ နောက်ဆုံး ဆုတောင်း ကို သနား ငဲ့ညှာစွာ ဖြည့်ဆည်းပေး တော်မူပါ ၊ လင် ဖြစ်သော ၊ ဖခင်ကြီး ဖြစ်သော ကျွန်တော်မျိုး ၏ စကား ကို ဘယ်တုန်းက မှ အ ရေး လုပ် ၊ နား မထောင် ခဲ့ကြဘဲ တစ်လုံး ၊ နှစ်လုံး ၊ သုံးလုံး ကိစ္စတွေ ဖြင့် ထင်ရာ စိုင်း ခဲ့ကြသော ၊ ရပ်ထဲ ရွာထဲ အရှက် မရှိ ဒူးပေါ် ပေါင်ပေါ် စကတ်ကွဲတွေ ၊ စွပ်ကျယ်ချိုင်းပြတ်တွေ ဝတ် စားဆင်ယင် ကာ ပျံတန်တန် နန့်တန့်တန့် ဆတ်စလူး ထ နေခဲ့ကြသော သည် မယား ၊ သည် သား ၊ သည် သမီး တွေ နှင့် တပည့်တော် သည် ဘဝ ဆက်ဆက် ၊ သံသရာ ဆက်ဆက် ဘယ်တော့ မှ ပြန် မဆုံဘဲ အလွဲကြီး လွဲ ရပါလို၏ ။ သင်းတို့ နှင့် တပည့်တော် သည် ယခု ဘဝ နောက် ဆုံး ဆုံတွေ့ကြရခြင်း သာ ဖြစ်ရပါလို ၏ အရှင်မြတ်ဘုရား ။ ကိုင်း ... မှတ်ထားကွ ၊ ဘချော ... တဲ့ ၊ ငါ့ ကိစ္စ ပြီးပြီ ၊ ငါ သွားပြီ ဟေ့ ။ ခွေးသအုပ်မကြီး နဲ့ အဖွဲ့ “ အူ ” လို့ သာ နေခဲ့ကြ ပေတော့ ”
ဘယ်သူ မှ ဘာမှ ပြန် ပြောချိန် မရလိုက် ။ ထို စကား ဆုံးသည် နှင့် အလန့်တကြား ငုံ့ ကြည့်လို က်ကြသော အခါ ဟင်းခနဲ အသံကြီး နှင့် အတူ ခေါက် ခနဲ ဇက် ကျိုး ကျသွားသည့် ဦးဘချော ၏ နောက်ဆုံး လှုပ်ရှားမှု ကိုသာ မြင် တွေ့လိုက်ကြ ရ လေတော့သည် ။ အူသံတွေ ( အဲလေ ) ငိုသံ တွေ က တော့ စီခနဲ ... ။
◾နန္ဒာစိုး ( ဆင်ဖြူကျွန်း )
📖 သောင်းပြောင်းထွေလာ ရယ်စရာ မဂ္ဂဇင်း
အမှတ် - ၄၂
နိုဝင်ဘာလ ၊ ၂၀၁၅
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment