❝ သုံးခွက် တစ်ခွက်တင် ❞
“ မောင်ချမ်းသာ ပုဏ္ဍရိပ်ပင် ကို သိလား ”
“ သိပါတယ် ဆရာကြီး ”
“ ဟို ၁၂ လ ပတ်လုံး အရွက် စိမ်းနေပြီး နီနီ အဆုပ်လိုက် အဆုပ်လိုက် ပွင့်တက်တဲ့
အလှစိုက် ပန်းပင် လေ ”
“ ဟုတ်ကဲ့ ဆရာကြီး ၊ ကျွန်တော်တို့ အိမ်ရှေ့ ခြံစည်းရိုး မှာ ရှိပါတယ် ဆရာကြီး ”
“ အေး ... အဲဒီ ပုဏ္ဍရိပ်ရွက် အကိုင်းအခက် အဖူးအပွင့် လက် တစ်ဆုပ်စာ လောက်
ခူးပြီး သုံးခွက် တစ်ခွက် တင်အောင် ကျို ( ရေ သုံးပုံ တစ်ပုံ ကျန်အောင် ကျို ) ပြီး ဖန်ရည် ငုံပေး ၊
ဝမ်းခေါင်း ထဲ မကျစေနဲ့ ၊ ဘာမှတော့ မဖြစ်ဘူး ၊ နည်းနည်း တောက်တတ်တယ် ၊ ငုံပြီး ထွေးပစ် ၊
တော်တော်လေး ငုံမိတော့ လက်ဖက်ရည်ကြမ်း နဲ့ ပလုပ်ကျင်း ပစ် ၊ နှစ်ရက် လောက် ငုံမိရင်
မောင်ရင့် သွားနာ ယူပစ် သလို ပျောက်သွားလိမ့်မယ် ”
ကျွန်တော့် ညာဘက်ခြမ်း အောက် အံသွား တစ်ချောင်း ကိုက်ပြီး နာနေရာ ညာဘက် မေးရိုးကြီး တစ်ခုလုံး ရောင်ကိုင်း နေလေ၏ ။ မြန်မာသမားတော်ကြီး ဦးဉာဏ်မြင့် က ပြော သည့် အတိုင်း ပုဏ္ဍရိပ်ရွက် ကို သုံးခွက် တစ်ခွက်တင် ပြုတ်၍ ငုံလေရာ
နှစ်ရက်မြောက် နေ့ တွင် သက်သာ၍ ငါးရက်မြောက် နေ့ တွင် သွားကိုက် လုံးလုံး ပျောက်လေ၏ ။
သုံးခွက် တစ်ခွက် တင် ။
မြန်မာတိုင်းရင်းဆေး လောက တွင် အလွန် အသုံးများ သော ဝေါဟာရ ဖြစ်မည် ထင်ပါ၏ ။ ခဏခဏ ကြားရ၏ ။ သုံးခွက် တစ်ခွက် တင် ဆိုသော စကား သည် ဆေးလောက တွင် အသုံးများ သကဲ့သို့ လူ လောက ၊ စီးပွားရေး လောက တွင် လည်း သုံးကြ ကုန်သေး၏ ။ အဓိပ္ပာယ် ဖွင့်ဆိုပုံခြင်း ကား မတူညီပါလေ ။
“ မမ ဘယ်လို သဘောရလဲ ၊ ပြည့်စုံ က ငါ့ နွားဝါကြီး ကို ငှားချင်တယ်
ပြော နေတယ် ”
“ အင်း အဲဒီ ကောင်လေး က ပေး ပြတ်ပြတ် ၊ ယူ ပြတ်ပြတ် နာမည်ပျက် မရှိဘူး ၊ ငှားလိုက်ပါလား ဟယ် ၊ ဒါပေမယ့် ကိုလေး သဘောလေ ”
ကျွန်တော် က နွား ငှားမည် ကြံတိုင်း ကျွန်တော့် အမ မမနှင်းဝေ ကို တိုင်ပင် လေရ၏ ။ သူ့ သဘောထား ကို တောင်းခံလေ့ ရှိလေ၏ ။ မမ က ဆက်ဆူဝရွာ ၊ ရွာခံ ။ ဘယ်သူ ဘယ်လို စိတ်ထားမျိုး ရှိ ၊ သူ အကုန် သိ ။ မမ က ဘယ်သူ့ က ငှားလိုက်ပါ ၊ အမိန့်ချ လိုက် ၊ ထို သူ ကို ငှားလိုက်၏ ။ အချိန်တန် နွားငှားခ နှမ်း သုံးတင်း ရစမြဲပါ ခင်ဗျာ့ ။ အစ က ပြန် ကောက်ရသည် ရှိသော် ။
၁၉၇၈ ခုနှစ် ကျွန်တော့် ယောက္ခမကြီး ဒေါ်မြရင် ရန်ကုန် အထွေထွေရောဂါကု
ဆေးရုံကြီး တွင် အူမကြီး ကင်ဆာရောဂါ ဖြင့် ကွယ်လွန်သော အခါ အသက် ၇၅ နှစ် အရွယ် ကျွန်တော့် ယောက္ခထီးကြီး ဦးဖိုးချီ အား ပြုစု စောင့်ရှောက်ရန် ကျွန်တော်တို့ လင်မယား သည် သား နှစ်ယောက် ၊ သမီး တစ်ယောက် လက် ဆွဲ၍ ရန်ကုန်မြို့တော်ကြီး မှတဆင့်
အောင်လံမြို့နယ် ၊ ရေပြည့်ရွာ သို့ ပြောင်းခဲ့ကြ လေ၏ ။ ရန်ကုန် ကြည့်မြင်တိုင် ရေတွင်းကုန်း ရပ်ကွက် မှ နေအိမ်ကလေး နှင့် ကြည့်မြင်တိုင် ညဈေးတန်း မှ အထည်ဆိုင်ကလေး ကို အပြတ် ရောင်းခဲ့ကြလေ၏ ။ လျှပ်စစ်မီး ထိန်ထိန်ညီး သော မြို့တော်ကြီးသား ဘဝ မှ
ရေနံဆီ မီးခွက်ကလေး မှိတ်တုတ် မှိတ်တုတ် ရွာဇနပုဒ် တောသားကလေး ဘဝ သို့
ရောက်ကြလေ၏ ။ ဘဝ ပြောင်း သော် အလုပ် လည်း ပြောင်း ကြရလေ၏ ။ မြို့ပေါ် အထည် ရောင်းသော ဈေးသည် ဘဝ မှ တောရွာ လယ်ထွန် ယာထွန် ရသော လယ်သမား ယာသမား ဘဝ သို့ ရောက်လေ၏ ။ အို ...ဖြစ်သမျှ ဘဝ အကောင်းချည်း ပေါ့ ဟယ် ။
တောရွာ မှာ အခြေချသော အခါ တောလုပ် တောကိုင် လုပ်ရ၏ ။ အိမ် နှင့် ဆိုင် ရောင်း၍ ရ ခဲ့သော ပိုက်ဆံကလေး ကို တောရွာ ထုံးစံ နွား ငှားရ၏ ။ နှမ်းပေး ပေးရ၏ ။ ( နှမ်း ကြိုတင် ဝယ်သည် ကို နှမ်းပေး ပေးသည် ဟုခေါ်သည် ။ )
၁၉၇၈ ခုနှစ် ။ ထိုစဉ် က နွားတစ်ကောင် ၇၀၀ - ၈၀ဝ ကျပ်ဆို ခိုင်းဖြစ် နေပြီ ။ ၁၀၀၀ -
၁၅၀ဝ ကျပ် ဆို ငါးမိုး လောက် ကောင်းစွာ ခိုင်းနိုင် သေး၏ ။ သုံးလေးထောင် လောက် ဆို ခိုင်းနွားကောင်းကြီးများ ကို ရနိုင်၏ ။ ကျွန်တော်တို့ နွားငှားစားသူများ ကား ဘေကြီးများ ကို မဝယ် ၊ တော်ရုံ သင့်ရုံ သုံးလေးမိုး ခိုင်း နိုင် လောက်သော ခပ်သင့်သင့် နွားများ ကို သာ ဝယ်ရ၏ ။ ဒါမှ တွက်ချေ ကိုက်မှာ ကိုး ။ ကျွန်တော့် မှာ ငှားနွား ၁၄ - ၅ ကောင် ရှိလေ၏ ။ ငှားနွား ပို နေသည့် နှစ်ရယ် လို့ မရှိ ။ မိုးဦးကျ မိုးသံ လေသံ ကြား ထွန်ယက် ချိန် နီးပြီ ဆို ခိုင်းနွား မပြည့်စုံသူများ က နွားငှားမည့် သူများ ထံ ချဉ်းကပ်ကြရကုန်၏ ။ အိမ် သို့ တကူးတက ဖိတ် ၊ ကြက်ရိုက် အရက်တိုက် ကြရကုန်၏ ။ ရှိလို့ မဟုတ်ဘူး ၊ ချေးငှား ဝယ်ရတာ ။
“ ငှားဖို့ နွား မကျန်တော့ ဘူးကွာ ”
“ ဒါဆို ဒီ ဈေးပတ် လိုက် ဝယ်ပေးပါ ”
ကျွန်တော်တို့ အောင်လံမြို့ က ကြာသပတေးနေ့ တိုင်း နွားဈေး ရှိတယ် ခင်ဗျာ့ ။
နွားပွဲ လို့ လဲ ခေါ်တယ် ။ အင်မတန် ယုံကြည် စိတ်ချရမည့် သူ ၊ အလွန် မျက်နှာ နာရမည့်သူ ၊ ကိုယ့် ထဲ ကိုယ့် လူများ ကျတော့ သည်လိုပဲ နွားဈေး လိုက် သွားပြီး သူတို့ ကြိုက်ရာ
နွား ဝယ်ပေး လိုက်ရသူ လည်း ရှိတယ် ခင်ဗျာ့ ။
“ မမ ဘယ်လိုလဲ ဖိုးထွန်းစိန် ”
“ ဟယ် ... ကိုလေး သူ က သုံးခွက် တစ်ခွက်တင် ဟဲ့ ”
ဤနေရာ တွင် သုံးခွက် တစ်ခွက်တင် ဆိုသော စကားသည် သုံးပုံ တစ်ပုံ သာ ယုံရ၏ ။ နှစ်ပုံ က မယုံရ ဟု ဆိုလိုရင်း ဖြစ်လေ၏ ။
“ ကြည့်ပြော လိုက်ပေါ့ဟယ် ”
ထိုအခါ တွင် ကျွန်တော် သည် လှပသော နားဝင် ချိုသော စကားလုံးများ ဖြင့်
ငြင်းရ ပြန်လေ၏ ။ သည်လိုနှင့် တောသား ဘဝ ငါးနှစ် မျှ ကြာလေ သတည်း ။
◾မောင်ချမ်းသာ
📖 မောင်ချမ်းသာ ၏ ချမ်းသာနည်း
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment