Saturday, December 2, 2023

လူပိန်ဆေး


 

❝ လူပိန်ဆေး ❞

“ ဟဲ့ .. ကောင်မလေး လူကြီး နား မှန်း မသိ ၊ ဘာမှန်း မသိနဲ့ သွား သွား တို့ နား မလာနဲ့ ” 

ဟု ဒေါ်ထွေး သည် လက်ညှိုး နှင့် လက်မ ဖြင့် သူ ၏ နှာခေါင်း ကို ပိတ်ကာ မာန်မဲ လိုက်လျှင် ဗုတ်အိုက်ကြီး ထိုင် နေသော မြကြီး သည်

“ ကန်တော့ ကန်တော့ ” 

ဟု ဆိုကာ တော်ရာ သို့ အထ လိုက် -

“ သွားပအေ မြန်မြန် ၊ကြည့်စမ်း ပြောလေ ကဲလေ ” 

ဟု မြကြီး ၏ တင်သား ဝတုတ်ပြဲကြီး ကို တွန်း လိုက်လေ၏ ။ ဝလွန်းသော သူတိုင်း သည် အဖြစ်ကို တွေ့ရစမြဲ ဖြစ်လေ၏ ။ မြကြီး မှာ ဒေါ်ထွေး ၏ တူမ အရင်း ဖြစ်ပြီး အသက် မှာ ၂၀ ခန့် သာ ရှိသေး၏ ။ ကေအိုင်အိပ်ချ် ဗလ ဆန်စက် ပိုင် ၊ ကွယ်လွန်သူ ဦးဘတုတ် နှင့် မောင်နှမ တော်ခဲ့ လေသလား မသိရ ။ ဝ ချင် တိုင်း ဝ နေ သူ ဖြစ်လေ၏ ။ မိန်းမ ကွင်း လုံချည် မှာ ၃ တောင် ထွာ ဝတ်လေ့ ရှိကြလေရာ ၊ မြကြီး ဝတ် ရန်ကား ၄ တောင် ထွာ ချုပ် ရလေ၏ ။ သူ ၏ ဇာဘော်လီအင်္ကျီ များ ချွတ် ထားတုန်း တွေ့ ရသူ တို့ က ဆန်အိတ် အခွံလား ဟု မေး လောက်အောင် ကြီးကျယ် လေ၏ ။ အရပ် အမြင့် မှာ မိန်းမ တို့ ထက် မြင့်သော်လည်း ကိုယ်ခန္ဓာ ဝ လွန်းသဖြင့် ပုတိုက်တိုက် ဖြစ်ကာ လမ်း သွား လျှင် ရေစည်ကြီး ကို ဒေါင်လိုက် လှိမ့်လိုက်သည် နှင့် တူလှ၏ ။ အချို့ လူနောက်  များ က -

“ တင်ပါးကြီး က ဖြင့် ကွာ တစ်တောင့် တစ်ထွာ လောက် တောင် မကဘူး ” 

ဟု  ပြော ကာ အိပက်အိပက် နေသော နောက်ပိုင်း ကို ကြည့်ရှု ပြောင်လှောင် ပြောဆိုကြလေ၏ ။ အသက် ၂၀ ကျော် အောင် ဝတ်ဆင်မည် ဟု ကြုံးဝါး ထားသော ရွှေခြေချင်း ကို လည်း ချွတ် ထားရလေ၏ ။ အကယ်တွင် မြကြီး နှင့် လိုက်လျောသော ခြေချင်း ကို အသစ် ပြုလုပ်ရမည် ဆိုလျှင် ကျပ်လုံး ခန့် တုတ် မှ ကြည့်လို့ ကောင်း မည် ဖြစ်လေ၏ ။ သူ ထိုင်သော အခါလည်း ပစ်တိုင်းထောင် အရုပ် ပမာ များစွာ အထိုင်အထ လေးကန် နေလေ၏ ။ လူ ၏ ဆန္ဒကား အမျိုးမျိုး ရှိ၏ ။ အရိုးပိန်မ တို့ ကလည်း လူဝဆေး ကို ဖော် စား ၊ ဝယ်စား ပြု ကြ၏ ။ လူဝမ တွေ ကလည်း လူဝ ပိန်နိုင်သည် ဆိုသော ဆေးကြော်ငြာကောင်းများ တွေ့လျှင် တွေ့ချင်း အမှာစာ ပို့ လိုက်ကြ၏ ။

မြကြီး မှာကား ဘယ်လို ပိန်ဆေး နှင့် မျှ ဟန်မကျ ၊ ဆရာဝန် ပြပြီး လည်ကုတ် က အဆီ ထုတ် ယူရမည် ဆိုသဖြင့် ဖောက် ခဲ့ရသည်မှာ ၃ - ၄ ကြိမ် ရှိလေပြီ ။ အဝ ကား မပျက်ပေ ။

ဟယ် .. သောက်စားတွေ သိပ် စားလို့ သည်လောက် ဝ နေတာပဲ ဟု ပိန်ချင်လွန်း သောကြောင့် ထမင်း ကို တစ်ရက်လုံး မစားဘဲ အတင်း ခြိုးခြံ မျိုသိပ် နေလိုက်မိလေ၏ ။ နောက်တစ်နေ့ ၌ကား မနေ့ က ထမင်း မစားမိသည့် အတွက် ခါတိုင်းထက် အစာကြေ လွယ်ကာ နှစ်ဆ မက ပိုမို စားသောက်မှ တင်းတိမ် တော့ လေ၏ ။ အကယ်၍ အဒေါ် ဖြစ်သူက ဆင်းရဲပါ မူ မြကြီး အတွက် အတော် ခက်မည် ဖြစ်လေ၏ ။ မျက်နှာပေါက်ကလေး က နု ၍ မျက်လုံးမျက်တောင် များစွာ မညံ့ သော်လည်း ၎င်း ၏ ဆူဖြိုးလှသော ခန္ဒာကိုယ်ကြီး ကြောင့် ကာလသား လူပျိုတိုင်း မြကြီး အား ကြောက်ကြဟန် တူ လေ၏ ။ ဘောလုံး ဝါသနာ ပါသော အချို့ လူရွယ် တို့ ခြေသလုံး တုတ်လှသည် ဟု ပြောကြ၏ ။ မြကြီး သည် ထို ခြေသလုံးတွေ ထက် သူ သဘော မကျသူကို ဘောကန် သလို ကန် ထုတ်နိုင်မည် ကို တွေးတော မိကြသောကြောင့်လည်း အချို့ ယောက်ျား တို့ မှာ မြကြီး အား ဘာဘာညာညာ ဟဝါ လို မပြောဝံ့ခြင်း ဖြစ်ခဲ့၏ ။

မန္တလေးမြို့ ၊ ပဲပုပ်တန်း ပွဲကတော် ဒေါ်ထွေး ကား မုဆိုးမ ဖြစ် သော်လည်း အရောင်းအဝယ် အပေါင်းအသင်း ဘက် က ကိုယ်စွမ်း ကိုယ်စ ရှိ သောကြောင့် နာမည်ကြီး တစ်ယောက် ဖြစ်လေ၏ ။ သူ ပိုင်သော နှစ်ဆင့် တိုက်ကြီး ၌ လက်ဖက်စို ၊ လက်ဖက်ခြောက် ၊ ကွမ်းသီးဖက် ၊ ကွမ်းသီး စသော ချိတ်ကုန် တိုက်ကုန် တို့ဖြင့် ပြည့်လျှံ လျက်ရှိလေ၏ ။ အတူနေ များကား သမီး ၁၆ နှစ် အရွယ် သီလှ ၊ တူမ မြကြီး ၊ အစေခံ ဒေါ်ဝ တို့ ဖြစ် လေ၏ ။ မြကြီး မှာ အရောင်းအဝယ် ဘက် က သီလှ ထက် အကူအညီ ရ သောကြောင့် ဒေါ်ထွေး ၏ အချစ်တော် ဖြစ်၍ နေလေ၏ ။ ၎င်းတို့ မှာ ဈေးချိုတော် တွင် ဆိုင် ခင်း၍ မရောင်း ချချေ ။ အဝေးနယ် နှင့် ဈေးသည် အချို့တို့ အား ဖောက်သည် ချသော လက်ကားဆိုင်ကြီး ဖြစ်လေ၏ ။ အမှာစာများ နှင့် တကွ ၎င်းတို့ တိုက်တွင် လာရောက် ဝယ်ခြမ်းကြသူ အတွက်ပါ လက် မလည်အောင် ညီအစ်မ နှစ်ယောက် နှင့် ဒေါ်ထွေး ပါ ရောင်းချ ကြရလေ၏ ။ မြကြီး ကား အရောင်းအဝယ် ဘက် က သာ မဟုတ် ၊ အိမ်မှုအိမ်ရေး တွင်လည်း ရိုးဖြောင့် စိတ်ချရလေ၏ ။ သီလှ အတွက် မှာမူ မြကြီး ရှိ သဖြင့် ဂုမ္ဘာန်ယက္ခ စောင့်သော ကျွန်းဦး ဇမ္ဗုသပြေပင် နှင့် တူ၍ နေလေ၏ ။ တစ်ခါ ဈေးချိုတော် သို့ ညီမ နှစ်ယောက် သွားစဉ် ကာလသား အချို့ကား ရိသဲ့သဲ့ လုပ်ကြရာ မြကြီး မှာ ထဘီ ခါးတောင်း ကျိုက် မည့် ဟန် နှင့် ရန် တွေ့ လွှတ် သောကြောင့် ပြေးကြ ရလေ၏ ။ နှုတ်ကြမ်း အာကြမ်း ဆတ်ဆတ်ကြဲ ဖြစ် သောကြောင့် ယောက်ျားများ သာ မဟုတ် ၊ မိန်းမ ချင်းလည်း မြကြီး အား ရွံ့ ကြလေ၏ ။ ကုန် အကြွေး ယူသူ အချို့တို့ မှာ မြကြီး အလိုတော် ရှိလျှင် ရက်ကြာအောင် မဆိုင်း ဝံ့ကြချေ ။ သူ တိုက်နား သို့ စမူချောကလေး တစ်ယောက် ရှိသည် ဟု ရစ်သီရစ်သီ လုပ်တတ်သူတို့ အား လည်း “ အမယ် မတော်လို့ပါ မောင်ရယ် ”  ဟု ကွမ်းသီးဗန်း အလယ် က ခံသော တုတ်တံ နှင့် ပစ် လို ပစ် ၊ လက်ဖက် ၊ ချင်းအခွံ နှင့် ပေါက် လို ပေါက်သဖြင့် တစ်ယောက် မကပ်ဝံ့ကြတော့ချေ ။

သီလှ ကား မမမြ ၊ မမမြ နှင့် တစ်ယောက် ကို ညာတာဝါတ လုပ်ပြီး လျှင် သနပ်ခါး ခြေဆုံးခေါင်းဆုံး လိမ်း၍ နေသူ ဖြစ်လေ၏ ။ သူ ၏ အစ်မကို ချစ် လည်း ချစ် ၊ ကြောက် လည်း ကြောက် ၊ နွဲ့ဆိုး လည်း ဆိုးလှလေ၏ ။

တစ်ခု မှတ်ဖွယ်ကား ဝမ်းကွဲညီအစ်မ ဟု ဆိုရစေကာ ညီအစ်မ အရင်း မက ချစ်ခင်ကြလျက် ၊ တစ်ယောက် ကို တစ်ယောက် အဝတ်အစား နှင့် သော်လည်းကောင်း ၊ အိမ်မှုအိမ်ရေး နှင့်သော်လည်းကောင်း စကား မများဖူးကြချေ ။

တစ်ဦး ကို တစ်ဦး များစွာ ငဲ့ညှာကြလေ၏ ။ မြကြီး မှာ သူ ၏ ညီမ ကို နာမည် နင့်နင့်သီးသီး မခေါ် ။ လှလှ ၊ လှလှ ဟု ခေါ်ကာ များစွာ ယုယလေ၏ ။ သီလှ မှာ အတော် ချောမောလှပသော မိန်းကလေး တစ်ဦး  ဖြစ်သည် ကား မှန်၏ ။

သို့ရာတွင် မြကြီး ၏ နှုတ်ဖျား ၌ နတ်သမီး ထက် မက လှပ ၍ လောက တွင် သူ့ ညီမနှင့် တန်သောသူ မမွေးသေး ဟု ပင် ပြောဆိုလေ့ ရှိသောကြောင့် အခြားသူ က မပြောရ ။ အဒေါ် ဒေါ်ထွေး က ပင်လျှင် “  ဒါဖြင့်အေ ညည်း ညီမ နဲ့ တန်တာ ဒီနေ့ မွေးပြီ ဆိုပါတော့ ။ ညည်း ညီမ မှာ အပျိုကြီးမားမား ဖြစ်မှ လင် ငယ်ငယ်ကလေး ရ တော့မှာပေါ့ ” ဟု ပြောင်လှောင်ရယ်မော ပြောဆိုရလေ၏ ။

ဈေးချိုတော်( အေ - ရုံ ) ၊ အနောက်မြောက်ထောင့် ၊ ဒို့ဗမာဟိုတယ် တွင် သူငယ်ချင်း ၃ - ၄ ယောက် တို့ သည် လက်ဖက်ရည် သောက်ရင်း စကား ပြော နေကြလေ၏ ။ တစ်ယောက် က -

“ ဟေ့ .. သန်းစိန် မင်း ပဲပုပ်တန်း က စမူကလေး ပိုး နေတာ ဟန်ကျရဲ့လား ”

ဟု မေးလေ၏ ။

“ ဟန်တော့ကျ လုပါပြီဗျာ ... ဖက်တီးကြီး ကြောင့် ခက်နေတယ် ။ စမူကလေး ကတော့ ပြို နေတဲ့ လက္ခဏာ ပြ ၊ ကျွန်တော် ခြွေ ရင် ကြွေ လိမ့်မယ်လို့ ထင်နေတာပဲဗျ ”

“ အေး .. ဖက်တီးမကြီး က အာကြမ်း ၊ လျှာကြမ်း ၊ စိတ်ကြမ်း ၊ ကိုယ်ကြမ်း မောင် သတိထား ၊ ဒေါက်နဲ့ ဟတ် လွှတ်မှဖြင့် တစ်နေ့နေ့ အက် လာလိမ့်မယ် ” 

“ တစ်နေ့ကပေါ့ ဗျာ .. ကျွန်တော် သူတို့ တိုက်နား ဖြတ် သွားတော့ တမင်သက်သက် လက်ဖက်အခွံကြီး နဲ့ ပစ် လိုက်တာ ။ ကျွန်တော် ကလည်း စမူ ရှိလားလို့ ငုံ့ အကြည့်လိုက် ခေါင်း ကို စွပ် နေတာပေါ့ ။ ရှက် လိုက်တာဗျာ ၊ အမယ် သူ က လာလည်း လာချည်သေး ၊ ငါ့ မောင် .. ဘယ် ခိုက်မိသွား သေးသလဲ .. မတော်လို့ပါကွယ် သည်းခံပါ ။ ဟာ ကိစ္စမရှိပါဘူး သာ ပြောရ ၊ တစ်ခါတည်း ဆွဲ ထိုးပြီး ထု လိုက် ချင်တာပဲဗျာ ” 

“ အေး .. ဒီလိုချည်းပဲ သူ့ ကို ထုဖို့ အတော် ခက်တာလားကွ ” 

“  တစ်ခုတော့ စဉ်းစားမိပြီ ။ ဂျီ ရုံ ထဲ က မပြန့် တို့ ဟာ သူတို့ ဆီမှာ လက်     နဲ့ ကွမ်းသီးဖက် ဖောက်သည် ယူတယ် ။ နောက် မပြန့် တို့ ကိုယ်စား ကျွန်တော် သွား ယူပြီး ဖက်တီးမကြီး နဲ့ မိတ် ဖွဲ့ရမှာပဲ ” 

စသည်ဖြင့် ပြော ဆိုကာ အခြားစကားများ ကို ရယ်မော ပြောဆိုရင်း လူချင်း ခွဲကြလေ၏ ။

မောင်သန်းစိန် ဆို သူ ကား အသက် ၁၈ နှစ်ခန့် ရှိ၍ ရုပ်ရည် သားသားနားနား နှင့် ကျောက်သွေးတန်း ကျွန်းလုံးမိတ်ဆွေ တိုက် ပိုင်ရှင် ဦးဘိုးရှင်း ၏ သား ဖြစ်လေ၏ ။ ခေတ်ကာလ အင်္ဂလိပ်ပညာ ဆယ်တန်း အောင်ပြီး နောက် ကျောင်း ထွက်ကာ မိဘ အလုပ် ကို ကူညီ လုပ်ကိုင်နေ သူ ဖြစ် လေ၏ ။ မန္တလေးသား ဇာတိ မို့ မိကောင်းဖခင်သားပီပီ ပြောရေး ဆိုစ လိမ္မာရေးခြား ရှိလေ၏ ။

များမကြာမီပင် သန်းစိန် သည် မပြန့် တို့ ကိုယ်စား ကူလီများ ခေါ်ကာ လက်ဖက်ခြင်းများ ကို မြကြီး တို့ တိုက်သို့ သွား၍ ယူရလေ၏ ။ ဣန္ဒြေရရ ရိုးရိုးစိုက်စိုက် ၊ ရိုရိုသေသေ အမူအရာ နှင့် ဆက်ဆံသောကြောင့် ရန် တွေ့လေ့ ရှိသော မြကြီး မှာ အခက် ကြုံ၍ နေလေ၏ ။ တစ်ခါ ၊ နှစ်ခါ သုံးခါ ဆက်ဆံ မိသောအခါ မြကြီး နှင့် မိတ်ဆွေ ဖြစ်လျက် မြကြီး က မောင်သန်းစိန် ဟု ခေါ်၍ သန်းစိန် က မမမြ ဟု ခေါ်လေ၏ ။ အပြော ချို၍ လူတစ်ဦး ၏ အောက်ကျ နောက်ကျ ခံ ပေါင်းသူ တို့အား လူတိုင်း က ချစ်ခင်ကြမြဲ ဖြစ်ပေ၏ ။ သန်းစိန် သည် အစ ပထမ တွင် သူ ၏ ကိစ္စ ပြီး လျှင် ချက်ချင်း ပြန် သွား စမြဲ ဖြစ်လေ၏ ။ တစ်စတစ်စ အကြိမ် များ လာသောအခါ ကွမ်း မကြိုက်ဘဲ ကွမ်း စားခြင်း ၊ လက်ဖက်ခြင်း ကူညီ ရွှေ့ ပြောင်းပေးခြင်း တို့ဖြင့် အချိန် ကြာကြာ နေလေ့ ရှိလေ၏ ။ သီလှ သည်ကား နှုတ်သီး တစူစူ ဖြင့် -

“ မမမြ ကြောင့် ခက်တာပဲ ၊ ဒီ လူ ဒီမှာ လာ နေတာ တော်တော်ကြာ သူများ ကဲ့ရဲ့ တော့ မှာပဲ ။ ခက်တာပဲ ” ဟု ညည်းတွား လေ လျှင် -

“  ဟေ့ .. ဘယ်သူက ဘာ ပြောဝံ့မှာလဲ ၊ ကိုယ် ကောင်း ခေါင်း ဘယ်မှ မရွေ့ ဘူး ။ မြကြီး တဲ့ ပြောကြစမ်းပါစေလား ။ သူ့ ဘာသာ သူ လာတာ ဘာ ဖြစ်သေးလဲ ” 

ဟု မာန်မဲ ပြောဆိုကာ ညီအစ်မ နှစ်ယောက် မှာ စကား များစ ပြုလာလေ၏ ။

ဒေါ်ထွေး မှာ လက်ဖက် ၊ သနပ်ဖက် တို့ အတွက် ကျောက်မဲ နှင့် ညောင်ရွှေ စသည်တို့ သို့ ကိုယ်တိုင် ၁ဝ ရက် ၊ ၁၅ ရက် ကြာ သွားလေ့ ရှိလေ၏ ။ ဒေါ်ထွေး တခြား မြို့ ထွက်သွားသော အချိန် ၌ ဒေါ်ဝ နှင့် ညီအစ်မ နှစ်ယောက် သာ ကျန်ရစ်ခဲ့ရာ သူတို့ မှာ များစွာ ချောင်ချိလေ၏ ။ သန်းစိန် နှင့် လည်း အတော် ကျွမ်းဝင်သောကြောင့် ညအတော် ညဉ့်နက်သည့် တိုင်အောင် သူတို့ တိုက် ပေါ်တွင် စကား ပြောဆို လေ့ ရှိ ကြလေ၏ ။ မြို့ကလေး များ ၌ကား ဤသို့ အပြုအမူ တို့ ကို များစွာ ကဲ့ရဲ့ တတ်ကြ ၊ လူသိ လွယ်ကြလေ၏ ။ မြို့ကြီး များ ၌ကား ဂရု မစိုက်ကြချေ ။ တစ်ခါတစ်ရံ သီလှ အိပ်ပျော် နေသဖြင့် မြကြီး နှင့် စကား ပြောကြ၏ ။ သန်းစိန် မှာ ညီအစ်မ နှစ်ယောက် ကြား တွင် ဗျာ များ နေလေ၏ ။

သီလှ သည် သန်းစိန် အား သူတို့ တိုက် သို့ အဟုတ် မလာစေချင်သော စိတ် မရှိကြောင်း ထိုနောက်မှ သိရှိ ရလေ၏ ။ ထိုအခါ တွင် ညီအစ်မ နှစ်ဦး တစ်ဦး ကို တစ်ဦး အတွင်းကြိတ် ငြူစူ စိတ်ကလေးများ ပေါ် လာကြလေ၏ ။

တစ်ညသ၌ ကား ခါတိုင်း လိုပင် သန်းစိန် သည် ၇ နာရီ အချိန်ခန့် တွင် ရောက်ရှိ လာလေ၏ ။ ညီအစ်မ နှစ်ယောက် နှင့် ဖတ်ဖူးသော မဂ္ဂဇင်း ထဲ က ဝတ္ထု အကြောင်း ပြ သွားသော ရုပ်ရှင်ဇာတ်လမ်း တို့ ကို အပြန်အလှန် ပြောဆို လျက် ရှိကြလေ၏ ။ မြကြီး မှာ သူများ ကဲ့သို့ ကြာရှည်စွာ မထိုင် နိုင်သဖြင့် ဥတုမာတကံ ဖူးဖူးရောင်သော ရုပ်ကောင်ပမာ သင်ဖြူး ပေါ် မှာ အားလျား မှောက်လျက် နားထောင် နေလေ၏ ။ နားထောင် ရာ မှ မျက်ခုံးများ လေး ပြီး လျှင် အိပ်ပျော် သွားလေ၏ ။ ၎င်း ပါးစပ် မှ တခေါခေါ နဲ့ ဟောက် ၍ နေလေ၏ ။ သီလှ က သန်းစိန် အား

“ ကိုသန်းစိန် .. ဒီ ပန်းမျိုး ကို ဆွဲ ပေးစမ်းပါ ”

ဟု ပန်းစာအုပ် လှမ်း ပေးလိုက်သဖြင့် ကြည့်ရှုရာ ..

“ ကိုသန်းစိန် .. ရှင် က .. ညီအစ်မ နှစ်ယောက် ကြား ခွ တုတ် လုပ်နေတာလား ။ အစ်မကြီး တော့ ချမ်းသာ ပေး ရှင် ။ ကျွန်မ ကို ချစ်ရင် ကိစ္စမြန်မြန် ပြီးစေချင်ပါတယ် ” 

ဟု ခဲတံ နှင့် ရေး ပေးထားသော စာ ကို တွေ့ ရသဖြင့် ဖောင်တိန် ကို နုတ်ကာ

“ သည်လောက် အထင်မသေးပါ နှင့် ( လှ ) ရယ် ။ သူ နဲ့ လေပေး ဖြောင့် မှ လှ တို့ တိုက် ကပ် ရမှာ ဆိုပြီး ချော့ ပေါင်း နေတာပါ ။ ဒီ ဝတုတ်ပြဲကြီး ကို မောင် လုံးဝ စိတ် က မပြစ်မှားသည် မှန်ပါ၏ ” 

ဟု ရေးပေးလိုက်ရာ ...

“ ရှင် ပြော ရင်လည်း ယုံရမှာပေါ့ ။ နေတာက ရော လွန်းလို့ပါ ” 

“ ဒါထက်တောင် ရော ရပါဦးမယ် ၊ လှ ကသာ အထင် မလွဲပါနဲ့ ။ သူ့ စိတ် သန်း အပေါ် ညွတ်တဲ့ တစ်နေ့ ဟန်ကျတာပဲ ” 

ဟု အပြန်အလှန် ရေးသား ကြပြီး နောက် သန်းစိန် သည် သီလှ ၏ လက်ကလေး ကို ဖမ်း ကိုင် လိုက်လေ၏ ။ သီလှ သည် လက် ကို ရုန်းရင်း အခြား တစ်ဖက် က မြကြီး အား လက်ညှိုး ထိုးလျက် မတော်ပါဘူး ဟူသော လက္ခဏာ ဖြင့် လက်ဝါး ယမ်း ၍ ပြလေ၏ ။ သို့ရာတွင် မျက်နှာ ချင်းကား နီးသည် ထက် နီးသွားစဉ် ၊ “  ငါ သိတယ် ၊ ငါ သိတယ် ”  ဟု မြကြီး က အော် လိုက်သဖြင့် နှစ်ဦးစလုံး လန့်ပြီး လွှတ် လိုက်ကာ ခပ်ခွာခွာ နေကြလေ၏ ။

မြကြီး ကား အသက်ရှူပြင်းပြင်း နှင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည် ကို တွေ့ ရသောအခါ နှစ်ယောက် စလုံး ရယ်မော ကြရလေ၏ ။

ဆယ်နာရီ ကျော် သောအခါ မြကြီး နိုး လာလေ၏ ။ သီလှ သည် ရုတ်ခနဲ ဇာထိုးအပ် ကို ခဲတံ အမှတ် နှင့် ပန်း ရေး နေလေ၏ ။ သန်းစိန် မှာ သီလှ ၏ ဆံထိုး ကို အင်္ကျီ အတွင်း အယား ဖျောက်သလို နှင့် ထည့် လိုက်လေ၏ ။

ဝါးခနဲ ဟားခနဲ သမ်းဝေပြီးနေသော မြကြီး သည် “  မောင်သန်း ဘယ်နှစ်နာရီ ရှိပလဲ ”  ဟု မေးလေ၏ ။ ညီမ နှင့် သန်းစိန် အား မသင်္ကာသော မျက်လုံးများ ဖြင့် လျင်မြန်စွာ ကြည့် လိုက်လေ၏ ။

“ ၁ဝ နာရီ ၁၅ မိနစ် ရှိပြီ မမမြ ၊ သွားဦးမှပဲ ” ဟုနှုတ်ဆက်ကာ ထလေ၏ ။ မြကြီး သည် လက်နှိပ်ဓာတ်မီး ဖြင့် တိုက်အောက်တံခါး ကို လိုက် ဖွင့်ပေးမည် ဟု နောက် က လိုက်သွားရာ လှေကား အဆင်း အိပ်ချင်မူးတူး နှင့် ခြေ ချော်ကာ လဲကျ သွားလေ၏ ။

သန်းစိန် ရှေ့ က ခံ နေသဖြင့် လိမ့်ဆင်းလာသော ကိုယ်ကြီး နှင့် သန်းစိန် လုံးထွေးလျက် လှေကား အောက်သို့ ရောက်သည့် တိုင်အောင် လိမ့် သွားကြလေ၏ ။ သီလှ သည် လည်း အပေါ် မှ “ ဘာတုံး မမ ၊ ဘာတုံး ”  ဟု ပြေး ဆင်းလာလေ၏ ။ အောက် တစ်ထပ် တွင် အိပ်ပျော် နေသော ဒေါ်ဝ    သည် လည်း သူခိုး ကပ်ပြီ အထင် နှင့် ပီအောင် မအော်နိုင်ဘဲ “  ဗူး ဝူး ”  ဟု အော် ပြန်သဖြင့် သီလှ က “  ဒေါ်ဝ ဒေါ်ဝ သူခိုးမဟုတ်ဘူး ” ဆိုမှ သူ့ အနီး မီး မှိန်ထားသော မှန်အိမ် ကို မီးစာ မြှင့်ပြီး ထ ခဲ့လေ၏ ။ မြကြီး နှင့် သန်းစိန် ကား တော်တော် နှင့် မထနိုင်ချေ ။ သန်းစိန် မှာ မြကြီး ၏ ကိုယ်လုံး နှင့် ဖိမိ ပြီး အောက် သမံသလင်း နှင့် ဆောင့် မိသောကြောင့် တံတောင်ဆစ် နှင့် နဖူး မှာ အတော် နာကျင် သွားလေ၏ ။ သီလှ ကား “  ဖြစ်မှ ဖြစ်ရပလေတယ် မမရယ် ” ဟု ရယ်မော လေ၏ ။ မြကြီး သည် တိုက်လှေကားတိုင် ကို ရှုံ့မဲ့ကိုင်ကာ ထရင်း - “  ညည်းက တော်တော်ရယ်ပါ ၊ သူများ နာရတဲ့ အထဲ ” ဟု ပြောကာ သန်းစိန် အား တံခါးမင်းတုန်း ဖြုတ် ပြီး ဖွင့် ပေးလိုက်လေ၏ ။

မြကြီး မှာ အသိဉာဏ် များစွာ မခေလှချေ ။ အကယ်၍ မိမိ ၏ မောင်ငယ် အရွယ် နှင့် ချစ်ကြိုက် နေက သည်တိုက် နှင့် အိုးစား ကွဲမည် ကို ရိပ်မိလေ၏ ။ ထို့ကြောင့် သီလှ လည်း သင်္ကာမကင်း မဖြစ်စေရန် သန်းစိန် လာသောအခါ “ ငါ့ မောင်ကလေး ။ ငါ မတ်ကလေး ” ဟူသော စကား ကို သီလှ မကြား တကြား များစွာ ပြောလေ၏ ။ “ မင်း တော့ အစ်မကြီး က ငါ့ ညီမ နဲ့ ပေးစားရမယ် ။ အစ်မကြီး ကို မမေ့နဲ့ ”  ဟု ပုတ်လား ခတ်လား ။ ထိကပါး ရိကပါး လည်း နေလေ၏ ။ သန်းစိန် မှာ ကား မြကြီး စိတ်ပြောင်းပြီ ဟု အဟုတ် မှတ်ထင်ကာ သီလှ အား တကယ် ချစ်ကြိုက်ကြောင်းများ ကို ဖွင့်ဟ ပြောဆို လေ၏ ။ မြကြီး ကလည်း အောင်သွယ်ကြီး ပမာ များစွာ အရေး စိုက်သကဲ့သို့ အထိုက်အလိုက် ပြောဆို ပြန်သဖြင့် မတ်လောင်း နှင့် မရီး မှာ များစွာ ကျေနပ်၍ နေလေ၏ ။ ဒေါ်ထွေးသည် ကောင်းကောင်း မသိရှာချေ ။ ရက် အနည်းငယ်သာ နေရပြီး ကုန်ဝယ် သွားခြင်း ၊ ကြွေးတောင်း သွားခြင်း ဖြင့် အချိန် ကုန် လွန် သောကြောင့် သမီး နှင့် တူမ အကြောင်း ကို ကောင်းကောင်း မသိရှာချေ ။ သီလှ မှာ ကား သန်းစိန် နှင့် မြကြီး ရော လွန်းသောကြောင့် အောင်သွယ် နှင့် ညား တတ်သည့် အကြောင်းများ ကို အထူး သတိပေးလေ့ ရှိလေ၏ ။

သို့ရာတွင် မြကြီး ကျေနပ် မှ မိမိတို့ ချောင်ချိစွာ နေရမည် ကို စဉ်းစားမိသော အခါ ၎င်း တို့ ရောနှောခြင်း ကို ပင် တစ်နည်း အားဖြင့် သဘော ကျ ရမလို ဖြစ်၍ နေလေ၏ ။

မြကြီး မှာ ယခု အခါ၌ သူ ၏ ဝဖြိုးခြင်း ကို သာ၍ ဒေါသ ထွက်နေလေ၏ ။ မိမိ ကိုယ် ကို အလှပြုပြင်ခြင်း ကို ရှေ့က ထက် ပိုမို ဂရုစိုက်လေ၏ ။ ကွမ်း စားပြီး နှုတ်ခမ်းနီရုံ နှင့် အား မရသဖြင့် ပန်းဆီများ ဖြင့် ခြယ်လှယ် ကြည့်လေ၏ ။

နဖူး ပြောင်တင်းကြီး ကို ဆံလျဉ်စကလေးများ ကိုက် ၍ ချ ထားလေ၏ ။ သီလှ ၏ ကြံဆစ်လက်ကောက်များ ကို ဝတ်ရန် စွပ်ကြည့်ရာ လက်သုံးချောင်း တွင် တစ်၍ နေလေ၏ ။ ရှေးက ဝတ် ခဲ့သော ရွှေခြေချင်း မှာ ထောင်သားများ ဝတ်ရသော သံခြေချင်း ပမာ သေးငယ် တစ်ဆို့ ၍ နေလေ၏ ။ သို့နှင့်လည်း မှန်တင်ခုံ နား က မခွာ ၊ သီလှ က အောက်ထပ် ဈေးရောင်းတုန်း အပေါ်ထပ် တွင် တိတ်တိတ်ပုန်း ခြယ်လှယ် ၍ နေလေ၏ ။ တစ်ခါတစ်ရံ ခေါင်းအုံးကြီး ဖက်ကာ မြူး ၍ စိတ်ကူး နှင့် လိမ်း နေလေ့ ရှိလေ၏ ။ 

“ ဪ .. မောင်သန်း မောင်သန်း ၊ ကြီးတယ် ၊ ငယ်တယ် မဟုတ် ၊ လူပျိုစိမ်းလေး ဆိုတာ စွဲ တတ်တာပဲ ” 

ဟု ၎င်း၏ ဘုရားကြီး အတွင်း ဈေးသည်များ ရောင်းသော သူငယ်တော်ရုပ် ပမာ နှင့် ချိန်ကိုက် နေလေ၏ ။

လဆန်း ( ၁၀ ) ရက် ည သည်ကား မြကြီး ၏ အပျော်ဆုံး ည ဖြစ်လေ၏ ။ သန်းစိန် နှင့် ညီအစ်မ နှစ်ယောက် တို့ သည် စကား ပြောနေကြ အတိုင်း ပြောပြီးလျှင် သီလှ သည် ခေါင်းခဲသည် ဟု အိမ်ခန်း သို့ ပင် ဝင် သွားလေ၏ ။

သန်းစိန် နှင့် မြကြီး နှစ်ဦး ထဲ ကျန်သောအခါ လွတ်လပ်စွာ စကား ပြောခွင့်ရလေ၏ ။

“  အို .. မောင်သန်း ၊ လှလှ ချောင်း ကြည့်နေပါ့မယ် ။ မင်း နှယ်ကွယ် မမ ပြောတာလည်း မကြောက်ဘူး ” ဟု ကနွဲ့ကလျ ပြောဆို လေ၏ ။

မောင်သန်း က တစ်ဖန်

“ နို့ မမ က ဒီမှာ မတော်ဘူး ဆို ဘယ့်နှယ် ကြံရမလဲ မမ ရဲ့ ” 

“ ဟုတ်တယ် .. ဒီမှာတော့ ရှက်စရာကြီး ၊ မမ အရီးများ ရှိတဲ့ မတ္တရာ ကို သွားမယ် ၊ နောက်က မောင်သန်း လိုက်ခဲ့မယ် မဟုတ်လား ။ မနက်ဖြန် အဒေါ် ပြန် လာမယ် ၊ သန်ဘက်ခါ မမ ထွက် နှင့် မယ် ” 

ဟု ချိန်းချက် တိုင်ပင်ကြပြီး နောက် လူချင်း ခွဲကြလေ၏ ။

၂ ရက် ခန့် ကြာသောအခါ မြကြီး သည် မတ္တရာမြို့ က အရီး တော်စပ်သူ တစ်ယောက် အိမ် သို့ ရောက်ရှိ နေလေ၏ ။ မန္တလေး က မတ္တရာ သို့ ဆိုက်ကပ် သော မီးရထားချိန် ကျလျှင် သန်းစိန် ပါလာလိမ့်မည် ဟု ခေါင်းထောင် ၍ ပုတို တိုနေသော လည်တံများ ရှည် နိုင်သလောက် ရှည်အောင် မျှော် လေ၏ ။ ထိုနေ့ မောင်သန်း မပေါ်လာချေ ။ ဟယ် .. သူ့ အိမ် က မချောင် လို့ ထင်ပါ ရဲ့ ဟု နောက် တစ်နေ့ မျှော် ပြန်လေ၏ ။ နောက် တစ်နေ့ တွင် မပေါ်လာသော အခါ ငိုချင်စိတ် ပေါက်လာလေ၏ ။ ၃ ရက်ခန့် ကြာသော အခါ စာ တစ်စောင် သည် မြကြီး လက် ထဲ သို့ ရောက်ရှိ လာလေ၏ ။ ဖွင့်၍ ကြည့် လိုက်သည်နှင့် တစ်ပြိုင်နက် မြွေပွေး ထိ လိုက်သကဲ့သို့ ဖြစ်၍ သွားလေ၏ ။

ထို စာ မှာ မောင်သန်းစိန် နှင့် မသီလှ နှစ်ဦး မိဘ သဘောတူ လက်ထပ် ဖိတ်စာ ဖြစ်လေ၏ ။ ထိုအခါ ကျမှ မိမိ အား သူတို့ နှစ်ယောက် တစ်ပတ်ရိုက် ထုတ် လိုက်သည် ကို ရိပ်မိ သဖြင့် မင်္ဂလာဆောင် သို့လည်း မလာ ၊ မတ္တရာ တွင် တစ်လ ခန့် နေရာမှ ငှက်ဖျား နှင့် စိတ္တဇရောဂါ ပါ အဖမ်းခံရလေ၏ ။ ဒေါ်ထွေး သည် တူမ အား ရေတိမ် နစ်မည် စိုး သဖြင့်မန္တလေး သို့ ပြောင်း ယူကာ ဆရာဝန်များ နှင့် ကုသ ရာ ၊ ၃ လခန့် ကြာမှ ပျောက်ကင်း လေ၏ ။

ထိုအခါ၌ ဧရာမ မမြကြီး မှာ ပိန်ပိန်ကလေး ဖြစ်ကာ စစ်ကိုင်းချောင် တွင် သီလရှင် အဝတ် နှင့် ဖြစ်၍ သွားလေသတည်း ။

◾မဟာဆွေ

📖 ရုပ်ရှင်လမ်းညွှန်
      ၁၂၉၅ ခု ၊ ပြာသိုလဆုတ် ၇
     
#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment