Wednesday, December 20, 2023

ကြာဖက် ပေါ် က ဖား


 

❝ ကြာဖက် ပေါ် က ဖား ❞

ရန်ကင်း ဆိုတဲ့ အမည် ကို ကြား လိုက် ရင် ပဲ မိုးကောင်း ဘုရားပွဲ ၊ ဂျိုးဖြူ ပိုက်လုံးကြီး ၊ အင်းယားကန် ၊ ကျိုက္ကဆံကွင်း ခေါ်  တစ်ချိန်က မြင်းပြိုင်ကွင်းကြီး မှာ ကျင်းပ ပြုလုပ် ခဲ့တဲ့ တောင်သူလယ်သမားနေ့ ၊ ပြည်ထောင်စုနေ့ ပွဲ ၊ မေဒေး ၊ လွတ်လပ်ရေးနေ့ ပွဲ စသဖြင့် အကြောင်းအရာ တွေ ကို အသက် အရွယ် ( ၆ ) ထိပ်စီး ( ၇ ) နီးနီး ဖြစ်နေသူ တိုင်း သတိရကြ ပါလိမ့်မယ် ။ ကျွန်တော်တို့ ငယ်စဉ် က တော့ ၁၂ လုံး တန်း ၊ ဆေးရုံတိုက် ၊ ၅လုံး တန်း ၊ လေးလုံးတန်း စတဲ့ တိုက် အစုလေးတွေ လောက် ပဲ ရှိပြီး ဂွတ္တလစ် ယခု ( ရန်ကင်းဈေး ) နား က သွပ်မိုး ၊ တန်းလျား ဆိုတာ ကို ဖျက် လိုက်တော့ တိုက်သစ် ဆိုတာ ပေါ်လာ ပါတယ် ။

၁၂ လုံးတန်း ၊ ၅လုံးတန်း တို့ ရဲ့ နောက်ဘက် ဂျိုးဖြူ ပိုက်လုံးကြီး ( ကျွန်တော်တို့ အခေါ်  ပိုက်လုံးကြီး ရဲ့ ) ဟိုဘက် မှာ ရွာသစ်ကုန်း ဆိုတာ ရှိပါတယ် ။ အဲဒီ ရွာသစ်ကုန်းလဲ နောက်တော့ အနောက် ရန်ကင်း ဖြစ်သွား ပါတယ် ။ ရန်ကင်း အ.ထ.က ( ၁ ) နား မှာ ( ၂ ) ထပ် တိုက် ဂျူးပလတ် တို့ လဲ ရှိတယ် ။ တိုက် လေးလုံး ဆိုတာလဲ ခုတော့ တိုက် အလုံး ( ၂၀ ) လောက် ဖြစ် နေပါပြီ ။

အဲဒီ တိုက်တွေ မှာ ရန်ကင်း က တိုက်ခန်းတွေ မှာ ပေါ့ ဗျာ ။ အနုပညာသမားတွေ တော်တော် နေ သွားကြတယ် ။ များတယ် များတယ် တော်တော်များများ နယ်ပယ် အစုံက အနုပညာသည် တွေ နေ သွား ကြတယ် ။

စာရေးဆရာ ၊ ကဗျာဆရာ ၊ ဝတ္ထုရော ၊ ကဗျာရော ရေးတဲ့ သူ ၊ မင်းသား ၊ မင်းသမီး ၊ အဆိုတော် ၊ တူရိယာပညာရှင် ၊ ပန်းချီဆရာ သတင်းစာ ဆောင်းပါး ရေးသူ ၊ သတင်းထောက် ၊ ဒါရိုက်တာ ၊ အများကြီး ဗျာ ။

ဟိုတုန်းက စ ပြောရရင် ကိုလှထွဋ် ( စန္ဒရား )  ၊ သန်းသန်းဆင့် က စပြီး စိုးလွင်လွင် ၊ ကိုင်ဇာ ၊ လွှမ်းမိုး ၊ မိမိခိုင်မင်း နောက် …

စာရေးဆရာတွေ ဆို လဲ အများကြီး ၊ တေးရေး ဆရာကြီး ရန်နိုင်ဆွေ ၊ နောက်ကိုသစ်မင်း ၊ ကိုလှထွဋ် ( စန္ဒရား ) ၊ ကိုငွေစိုး ( စန္ဒရား ) ၊ ကိုမောင်တိုး ၊ ညီညီသွင် တို့ အထိ ပဲ နေခဲ့ကြတာ ။

စာရေးဆရာတွေ ဆိုလဲ ဒေါင်းနွယ်ဆွေ ၊ ထွဏ်းနေနွယ် ၊ ယုဝတီ မာလာသိန်း ၊ တိုင်းရင်းမေမြင့်နွယ် ၊ ကြည်ဦး ၊ နန်းညွန့်ဆွေ ၊ အလင်္ကာကျော်စွာ ဒဂုန်ဆရာတင် ၊ ငွေဥဒေါင်း ၊ က နေ - ဗျူး  ၊ သျှင်မင်း ၊ ဂျွန်နွယ် ၊ တက္ကသိုလ် နှင်းပန်းခိုင် ၊ ဒါရိုက်တာ စိုးမိုး ( ပန်းချီ )  ၊ ဒါရိုက်တာ ဇော်ထက် ၊ ဒါရိုက်တာ ကိုကိုနိုင် ၊ ဒါရိုက်တာ မောင်မောင်ဦး ။

သတင်းစာဆရာ ၊ ဓါတ်ပုံဆရာကြီးတွေ - ဦးဝင်းဖေ ၊ ဦးဉာဏ်မြင့် က စ လို့ စန်းဝင်းဗိုလ် အထိ ပန်းချီ - ကိုသောင်း ၊ ဒေါင်းနွယ်မျိုး ။

မင်းသမီး မင်းသားတွေ အေးမင်းဝင်း ၊ တင်နီလာဝင်း ၊ တင်တင်ညို ၊ နန္ဒာလှိုင် ၊ ဆူကီနိုကာ ၊ မင်းသားကြီး ဦးဝင်းမြင့် ။

ကျွန်တော် မေ့ နေတာတွေ ရှိနေပါသေးတယ် ။ အများကြီး ပါ ဆို ။

အဲဒီလို အနုပညာသည် တွေဟာ အများကြီး ရှိတဲ့ နေရာ မှာ ကျွန်တော် ကြီးပြင်းခဲ့တယ် ။ မွေးဖွား ရာ ဇာတိ မဟုတ်ပေမဲ့ ရန်ကင်းသား စစ်စစ် တော့ ဖြစ်ခဲ့ဖူးတယ် ။

ဒါတွေကို ဘာလို့ ပြောနေတာလဲ ဆိုတော့ အကြောင်း ကြောင့် ဖြစ်ခဲ့တဲ့ အကျိုးလေး တစ်ခု ကို ပြောပြ ချင်လို့ ပါ ။

ကျွန်တော့် ကို ဖခင် ဖြစ်သူ အလင်္ကာကျော်စွာ ဒဂုန်ဆရာတင် က ရန်ကင်း မှာ ကြီးပြင်း စေခဲ့တယ် ။ ဟိုဘက် လှေကား ဒီဘက် လှေကား ဆိုတာ ( ၁၂ ) လုံးတန်း တိုက် က တစ်တိုက် မှာ လှေကား ( ၂ ) ခု ရှိတယ် ။ ဒီတော့ ဟိုဘက် လှေကား မှာ ကဗျာဆရာ စာရေးဆရာကြီး ဒေါင်းနွယ်ဆွေ နေတယ် ။

ကျွန်တော်တို့ ရဲ့ ဘေးဘက် တိုက် မှာ ဆရာကြီး နန်းညွန့်ဆွေ နဲ့ ကြည်ဦး တို့ နေတယ် ။ ကျွန်တော်တို့ အပေါ် ထပ် မှာ မင်းသားကြီး ဦးဝင်းမြင့် နေတယ် ။ ဦးလေးကြီး သခင်လေးမောင် နေတယ် ။

ပြောရမယ် ဆိုရင် တော့ ယခု ပညာရှင်များ ဝန်းရံ လျက် ရှိသော နေရာ တွင် ကျွန်တော် နေထိုင် ကြီးပြင်း ပါသည် ပေါ့ ။ သည်လိုနဲ့ အဲ တဖြည်းဖြည်း ကျွန်တော် ကြီးပြင်းလာတယ် ။ လိမ္မာ မှာ တော့ မဟုတ်ဘူး ၊ ဉာဏ် ကောင်းပေမဲ့ စာ မကျက် ချင်ဘူး ။ အားကစား တော်ပေမယ့် မလေ့ကျင့် ချင်ဘူး ။ ဒါပေမဲ့ လဲ ကျွန်တော် နေရတာ အဆင် ပြေ နေတာပဲလေ ။

အဆင်ပြေ နေတာပဲ လို့ ထင် နေတဲ့ ကျွန်တော့် ဘဝ ဟာ ဘာမှ အနှစ်သာရ မရှိပါလား လို့ တွေးမိ သွားတဲ့ နေ့ တစ်နေ့ ကျွန်တော့် ဘဝ မှာ ရှိလာ ခဲ့တယ် ။

စာရေးဆရာ အောင်လင်း ရဲ့သမီး နဲ့ သားကြီး ကိုကိုအောင် တို့ ကျေးဇူး နဲ့ မလှိုင် မှာ ရှိတဲ့ “ ရွှေပေါ် ကျွန်း ” ဆိုတဲ့ သာသနာပြု စခန်း ကို ကျွန်တော် ရောက် သွားတယ် ။ အေးဆေးပဲလေ ဆရာတော် က မနက်စာ ညစာ ကျွေးတယ် ။ အိပ်စရာ နေရာ ပေးတယ် ။ တစ်ခါတလေ ပုတီးစိပ် မေတ္တာပို့ ခိုင်းတယ် ။ ဘာ ခက်လို့ လဲဗျာ ။ နေပျော်တာပေါ့ ။

ဒါပေမဲ့ အဲဒီ မူလတန်းကျောင်းလေး မှာ တောင် ကလေးတွေ ကို စာသင် ပေးလိုက်သေးတယ် ။ ဟုတ်လို့ ...

တစ်နေ့ မှာ တော့ “ ဓမ္မသာဏ ” လို့ ခေါ်တဲ့ တရား ဟောတဲ့ နေရာ မှာ တရား နာ ကြတယ် ။

ဆရာတော် က ဆုံးမ စကားတွေ ပြောပြီး တရား ဟောတဲ့ အထဲ မှာ ဘာ စကား ပါလဲ ဆိုတော့ ...

သည် ကျောင်း မှာ နေ ၊ သည် ကျောင်း မှာ စား  ၊ သည် ဘုန်းကြီး ဟောတဲ့ တရားတွေ ကို နေ့တိုင်း နာပြီး ဘဝ မှာ ဘာမှ မရ လိုက်ဘဲ သေသွား ခဲ့ရင် “ ကြာဖက် ဘေး က ဖားတွေ ပဲ ” တဲ့ ။

ကြာဝတ်မှုန် ကို စားသုံးရ ကောင်းမှန်း မသိ ၊ ကြာပန်းရနံ့ ကို ရှူရှိုက်ရ ကောင်းမှန်း မသိ နဲ့ ကြာဖက် ပေါ်  ရပ်ပြီး ကိုယ့် ကိုယ် ကိုယ် ရေ ပေါ် မှာ ရပ်နေ ရတယ် လို့ ထင်ပြီး ဘဝ မေ့နေ ခဲ့ရင် လူ ဖြစ်ပြီး “ ကြာဖက် ပေါ် က ဖား ” လို လူ့ ဘဝ ကို ရတာ မတန်ဘူး တဲ့ ။

အကြောင်းအရာ တိုက်ဆိုင်တာ လား ၊ ကျွန်တော် အသိ တရား ဝင်ဖို့ အချိန် ရောက် လာတာလား တော့ မသိဘူး ။

ရင် ထဲ မှာ ငလျင် လှုပ် သလို အတွင်း က ကလီစာတွေ ဟာ လှုပ်ခတ် သွားလိုက်တာ မခံနိုင်ဘူး ။ မျက်လုံး ထဲ က မျက်ရည်တွေ က လဲ ထိန်းမရဘူး ။ အမျှဝေ သာဓု ခေါ်တဲ့ အချိန် ထိ ငိုလို့ ကောင်းတုန်း ၊ လာတဲ့ ပရိသတ်တွေ က လဲ သည် လူ ဘာလဲပေါ့ ။

ကျွန်တော် တံခါးပေါက် နား မှာ ဆိုတော့ တစ်ယောက် ပြီး တစ်ယောက် ကျွန်တော့် ရှေ့ ဖြတ် သွားတိုင်း ကြည့် ကြည့်သွား ကြတယ် ။ ကြာ တော့ ကျွန်တော် လဲ အဆောင် ကို ပြန်ပြေး လာပြီး အိပ်ရာ ပေါ်လှဲ ချရင်း ငို မိတယ် ။ ငို ရင် လဲ တွေး မိတယ် ။

ငါ ဟာ ကြာဖက် ပေါ် က ဖားပါ လား ။

ယခု ပညာရှင်တွေ နား မှာ နေခဲ့ ရတယ် ။ အနုပညာရှင်ကြီး တစ်ယောက် ရဲ့ သားသမီး ဖြစ်ခဲ့ရတယ် ။ အိမ်နီးနားချင်း ပညာရှင်တွေ ရဲ့ သားသမီးတွေ နဲ့ သူငယ်ချင်း ဖြစ် ၊ ခင်မင် ရင်းနှီးသည့် အနုပညာရှင်တွေ ရဲ့ ချစ်ခင် ရင်းနှီးမှု လဲ ရခဲ့ပါရက် နဲ့ ငါ ဘာ မှ မဆောင်ယူခဲ့ပါလား ။ ဘာကို မှ မသင်ကြား ခဲ့ရ ပါလား ။

သည် နောင်တ နဲ့ ကျွန်တော် ရန်ကုန် ပြန် ရောက် ခဲ့တယ် ။ ဆရာတော် က တရားတော် ရဲ့ အဆီအနှစ် ကို ဥပမာ ပေးတာဖြစ် ပေမဲ့ ကျွန်တော် ကတော့ ဘဝ အတွက် သင်ခန်းစာ ယူခဲ့တယ် ။

အဲဒီ အချိန် မှာ ဖခင် ဖြစ်သူ က ကွယ်လွန် သွားပြီ ဖြစ်လို့ ဖခင်ကြီး ရဲ့ တပည့်ရင်း လဲ ဖြစ် ၊ သားကြီး တစ်ယောက် လို လဲ ဖြစ်တဲ့ အဘ စည်သူ ဗိုလ်ကလေးဦးတင့်အောင် ဆီ မှာ ပညာ ကို ရ သလို ယူခဲ့တယ် ။ ဆရာ ဒေါင်းနွယ်ဆွေ ၊ ဒါရိုက်တာ မျိုးဇော်အောင် ၊ ကိုလှကျော်နေ ၊ ဒါရိုက်တာ ဝေလင်း စတဲ့ လူတွေ ဆီ လာ ၊ သူတို့ ပညာတွေ ကို လေ့လာတယ် ၊ သင်ယူတယ် ။

အခု ကျွန်တော်  Adviser အဖြစ် တာဝန် ထမ်းဆောင် နေတဲ့ ဇာတ်ညွှန်း ဌာနကလေး ဆီ ကပဲ ရနံ့ ကို ခံစားတယ် ။ ဝတ်မှုန် ကို စားသုံးတယ် ။ အနှစ်သာရ ဖြစ်အောင် အားထုတ်တယ် ။

ကျွန်တော့် အသက် ရှင် နေသရွေ့ ကာလ ပတ်လုံး “ ကြာဖက် ပေါ် ကဖား ” မဖြစ်အောင် ကျွန်တော် နေမယ် ။

မှတ်ချက် - ကျွန်တော့် တပည့်လေးတွေ ကို လဲ ကြာဖက် ပေါ် က ဖား မဖြစ်စေချင်တာ စေတနာ အမှန်ပါ ။

◾မြတ်ဘုန်းမိုရ်
     ဖခင် ( ဒဂုန်ဆရာတင် )

📖 စာပေ မျိုးဆက်များ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment