Monday, December 11, 2023

သင် ကောင်းလျက် ကျွန်ုပ် ဆိုးတယ်


 ❝ သင် ကောင်းလျက် ကျွန်ုပ် ဆိုးတယ် ❞ 


သဝန်တိုတာ ရယ် ၊ ဒေါသ ဖြစ်တာ ရယ် ၊ ဝမ်းနည်း ကြေကွဲတာ ရယ် သုံးမျိုး ပေါင်း လိုက်တော့ ပွင့် ရင်ထဲ မှာ ဗလောင် ဆူပြီး ပွင့် ထွက် ကုန်တယ် ။ 


“ ဟင်း အရှက် နည်းလိုက်တဲ့ မိန်းမ ”


ကာယကံမြောက် မဖြစ်ချင် လို့ မနောကံ နဲ့ ပါး ရိုက် ပစ် လိုက်တယ် ။


“ မျက်နှာပြောင် တိုက်ရဲတဲ့ မိန်းမ ”


စကြဝဠာ အပြင်ဘက် အထိ လွင့်စဉ် သွားအောင် ဆောင့်တွန်း ပစ် လိုက် ချင်တယ် ။


“ ပစ်ခွာခဲ့လျက် အပြန်ရက်တဲ့ မိန်းမ ” 


ကိုဦး နဲ့ ချစ်သူ ဖြစ်ပြီး မှ ကိုဦး ကို စိမ်းစိမ်းကားကား ပစ်ခွာ ခဲ့တယ် ။


ကိုဦး တစ်ယောက် အဲဒီတုန်း က ရူး မတတ် ခံစားခဲ့ရတယ် ။


အဲဒီ အချိန် တုန်း က ဒီ မိန်းမ က ကျွန်မတို့ မြို့ မှာ စူပါစတား ။


မျက်နှာ က အလှကြီး မဟုတ်ပေမဲ့ ကြည့်လို့ အဆင် ပြေတယ် ။ ပြင် တတ်တော့ ပို လှတယ် လို့ ထင် ရတယ် ။ ထူးခြားတာ က သူ့ မျက်လုံး ။ ကြည်ပြီး ရီ နေတယ် ။ တောက် တယ် ။ အကြည့် ကလည်း သိပ် ရဲတယ် ။


အဲဒီ မျက်လုံးတွေ ရဲ့ ညှို့ငင်အား ကို ယောက်ျားတွေ တော်တော် ယစ်မူးကြဟန် တူတယ် ။ ကျွန်မ တို့ မိန်းမ ချင်း က တော့ မုန်းတယ် ။ ဒီလို မျက်လုံးမျိုးတွေ ရဲ့ အတွင်း သဘော ကို မြွေမြွေ ချင်း ခြေမြင် နေ တယ်လေ ။


ယောကျ်ားတွေ မြင် လည်း မြင်တာပါပဲ ။ ရမ္မက် ပါတဲ့ ညှို့ဓာတ် အကြည့်တွေ က မြင်စရာ ပါပဲ ။ ဒါပေမဲ့ မြင်မြင် ကြီး နဲ့ ကြိုက်နေ ခိုက်နေ ကြမှာပါ ။ အားကြီးတယ် ဆိုတဲ့ ယောကျ်ားတွေ ရဲ့

အားနည်းချက် တွေ လေ ။


ရှိုးကေ့စ် ပေါ် မှာ တင် ထားတဲ့ ဓာတ်ပုံပေါင် ထဲ က ကိုဦး ရဲ့ ပုံ ။ ပြုံး လို့ ...


ဓာတ်ပုံ ကို ကြည့်ရင်း ပွင့် ရင်ထဲမှာ မကျေနပ်မှုတွေ ပိုပြီး ကြီးထွား လာတယ် ။


“ ဟင် .. အမှတ်သည်းခြေ မရှိတဲ့ လူ ”


“ အရှက် မရှိတဲ့ လူ ”


“ ကိုယ့် မယား ကို သစ္စာ မရှိတဲ့ လူ ”


“ ကိုယ့် အပေါ် သစ္စာ မဲ့တဲ့ မိန်းမ ကို အကြင်နာ ပိုပြီး ကိုယ့် မယား ကို ရက်စက်တဲ့ လူ ”


ဒိုင်း .. 


ချလွမ် ...


ရှိုးကေ့စ် ပေါ် က ကိုဦး ရဲ့ ဓာတ်ပုံ ကို ဆေးလိပ်ပြာခွက် နဲ့ ကောက် ပေါက်ပစ် လိုက်တယ် ။


အပေါ် က မှန် ကွဲကြေ သွားပေမဲ့ အတွင်း မှ ဓာတ်ပုံ က ပြုံး လို့ ။ သူ့ ဓာတ်ပုံ နဲ့ ယှဉ်တွဲလျက် မှာ ပြုံး နေတဲ့ ပွင့် ရဲ့ ပုံ ။ ပွင့် ပုံ ပေါ် က မှန်လည်း တစ်ဆက်တည်း မို့ ကွဲကြေ သွားတယ် ။ 


“ ကွဲကြ ၊ ကြေကြ ”


ရယ် နေတဲ့ ကိုယ့် ဓာတ်ပုံ ကို ကြည့်ပြီး ငိုချင် လာ တာ နဲ့ ရှိုက်ကြီး တငင် ငို ပစ် လိုက်တယ် ။


“ ခု အချိန် ဆို ရင် ဘူတာ မဆင်းခင် စားသောက်ဆိုင် တစ်ခုခု မှာ အတူတူ စားသောက် နေကြမလားပဲ ။ ဟင်း ... ငါ က ငို နေတဲ့ အချိန်မှာ သူတို့ နှစ်ယောက် က ပြုံးလို့ ၊ ရယ် လို့ ကြည်နေ ကြ မှာ ”


ရင် ထဲ မှာ နာကျင်ရာ က နေ တင်းမာ လာတယ် ။ စီးကျ နေတဲ့ မျက်ရည်တွေ ကို ခပ်ကြမ်းကြမ်း သုတ် ပစ် လိုက်တယ် ။


ဆိုင် ကို လိုက် သွားပြီး ခက်မာပူပြင်းဆုံး မျက်နှာ နဲ့ နှစ်ယောက် စလုံး ကို ရင်ဆိုင် ပစ် လိုက်ချင်တယ် ။ အကြမ်းဆုံး စကားလုံး တွေ နဲ့ ဆဲရေးတိုင်းထွာ ပစ် ချင်တယ် ။ နဂါး လို သာ အစွမ်း ရှိရင် နှစ်ယောက် စလုံး ပြာ ကျ သွား အောင် မျက်စောင်း ထိုး ပစ် ချင်တယ် ။


ဒါပေမဲ့ ဒီလို ကြမ်းလို့ မရဘူး ဆိုတဲ့ ကိုယ့် အသိ က ကိုယ့် ကို ထိန်းချုပ် ထားတယ် ။


“ မင်း ကျေနပ်မှာ မဟုတ်ဘူး ဆိုတာ ငါသိတယ် ။ ဒါပေမဲ့ ဘယ်လို လုပ်မလဲ ။ ရည်းစား ဖြစ်ဖူးတယ် ဆိုတာ ကို ဖယ်ထား လိုက်ရင် တစ်ကျောင်းတည်း နေခဲ့ ဖူးတဲ့ သူငယ်ချင်း တစ်ယောက် ။ သူ က လည်း အခက်အခဲ ရှိလို့ အကူအညီ တောင်းတာပါ ။ ငါ သူ့ ကို မီးရထား ဘူတာ အထိ လိုက် ပို့ ပြီးရင် ပြန်လာခဲ့မယ် ”


ကိုဦး ရဲ့ အကြောင်းပြ စကား ...


“ မသွားရဘူး ၊ မကူညီရဘူး ၊ ဒီ ကောင်မ နဲ့ မတွေ့ရဘူး ၊ ပွင့် သဘော မတူဘူး ”


ပွင့် အော်ဟစ် နေဆဲ မှာ ပဲ ကိုဦး အိမ်ဝင်း ထဲ ကနေ ကား မောင်း ပြီး ထွက် သွားတယ် ။


ဒါဟာ ကိုဦး ရဲ့ အလေ့အထ ။


ကိုဦး က သူ လုပ်မယ်လို့ ဆုံးဖြတ် ပြီးရင် ဘယ်သူ ဘယ်လို တားတား နားထောင်တဲ့ လူ မဟုတ်ဘူး ။ ကျန်တဲ့ အလုပ်တွေ က တော့ ကိစ္စ မရှိ ။ ခုဟာ က တော့ ပွင့် အတွက် မျက်စပ် ပိုး ဝင် တဲ့ ကိစ္စ ။


“ ဒီ ကိစ္စ ကိုတော့ ဒီလို မလုပ်သင့်ဘူး ”


ဒါပေမဲ့ ဒီလို လုပ်ကောင်းလား လို့ လိုက် ကြမ်း ကြည့် မိုး ကို မီးလောင် သွားလိမ့်မယ် ။ ပိုဆိုးတာတွေ ဖြစ် သွားနိုင်တယ် ။


ကိုယ့် ယောက်ျား အကြောင်း ကိုယ် အသိဆုံး ၊ ကြမ်း လို့ ရတဲ့ လူ မဟုတ်ဘူး ။


ဒါပေမဲ့ မျက်စပ် မှာ ဝင် တဲ့ ပိုး ကို မချေပွတ် ဘဲ ငြိမ် ခံနေ ရတဲ့ ဝေဒနာ က ဆိုးလွန်း လှတယ် ။ 

လူ က ငြိမ် နေ ရလေ ၊ ရင် ထဲ မှာ ပေါက်ကွဲမှုတွေ က ပြင်းထန် လာ လေပါပဲ ။


အရေး ထဲ မှ ဒီ ကောင်မ ရဲ့ ငယ်ပုံ က မျက်စိ ထဲ မှာ ပေါ် လာ ပြန်တယ် ။ မနာလို ပေမယ့် ဝန်ခံစရာ တစ်ခု တော့ ရှိ တယ် ။ ကိုယ်လုံး ကိုယ်ပေါက် က သိပ် လှတဲ့ မိန်းမ ။ ကျစ်လျစ်ပြီး အချိုးအဆစ် ကျလွန်း လို့ မိန်းမ ချင်း တောင် ငေး ရ တယ် ။ အထူးသဖြင့် မိန်းမစီး စက်ဘီး ကို ကျော့ကျော့လေး ထိုင် ပြီး စီး သွား ရင် လမ်းဘေး အိမ်တိုင်း ထွက် ငေး ကြရ တယ် ။


“ အခုလည်း သူ့ ကိုယ်လုံးကိုယ်ပေါက် လှတုန်း ပဲ လား ”


လှလိမ့်ဦးမယ် လို့ ထင်တယ် ။ ဒီ မိန်းမ ရဲ့ ကိုယ်လုံးကိုယ်ပေါက် မျိုး က တစ်သက်လုံး ပျက်ဖို့ မလွယ်တဲ့ ဖွဲ့စည်းပုံမျိုး ။


အတူ စား ရင်း ကိုဦး ငေးကြည့် နေ မလား ။ 


မနာလို စိတ် ကြောင့် ရင် ထဲ မှာ ပူလောင် လာတယ် ။ 


ကိုယ်လုံး အလှ နဲ့ မျက်လုံး အလှ ကြောင့် ကိုဦး တစ်ယောက် အစွဲကြီး စွဲပြီး အချစ်ကြီး ချစ်လို့ ၊ အရူးကြီး ရူးခဲ့ရ တဲ့ မိန်းမ ။


ကိုဦး က လည်း ကျွန်မ တို့ မြို့ မှာ နာမည်ကြီး လူငယ် တစ်ယောက် ။ သူ့ မိဘတွေ က ကြံကြိတ်စက် ပိုင်တယ် ။ ကြံသကာ ၊ သကြား ချက်တယ် ။ ခေတ်ပေါ် သူဌေး ပေါ့ ။ 


ကိုဦး က သပ်သပ်ရပ်ရပ် ဝတ်တတ် ဆင်တတ် တယ် ။ သန့်သန့်ရှင်းရှင်း နေ တတ်တယ် ။ အသားအရေ က ဖြူဝင်း နေတယ် ။ ရာလေးစက်ဘီး အသစ်ကြီး နဲ့  ။ မိန်းကလေး ကျတဲ့ ပုံမျိုး ။

 

ကိုဦး နဲ့ ချိုမာဝင့် ချစ်သူတွေ ဖြစ်သွားကြတော့ အံ့ဩစရာ ၊ ဘယ်သူ မှ မနာလို ၊ မကျေနပ်စရာ မဖြစ်ခဲ့ကြဘူး ။ လိုက်ဖက် တဲ့ အတွဲ လို့ ကျေကျေနပ်နပ် လက်ခံကြတယ် ။ 


ဒါပေမဲ့ ဘဝ ဆိုတာ အချိုးအထောင့် ၊ အကောက်အကွေ့လေးတွေ နဲ့ လေ .... ။


ကြံတွေ မစိုက်ရတော့ဘူး ဆိုတော့ ကိုဦး မိဘများ ရဲ့ ကြံကြိတ်စက်တွေ အလုပ် ရပ် သွားကြတယ် ။ ကိုဦး တို့ စီးပွားရေး ထိုး ကျသွားတယ် ။


ကိုဦး ခမျာ  တက္ကသိုလ် တောင် ဆက် မတက်နိုင် လို့ မန္တလေးဂျီတီအိုင်ကျောင်း ကို ပဲ တက်နိုင် ခဲ့တယ် ။


ကျွန်မတို့ မြို့လေးမှာ နို့ဆီရုံ သူဌေး တွေ ပေါ်လာ ပြန်တယ် ။


ချိုမာဝင့် ...  ။ သစ္စာ မရှိတဲ့ မိန်းမ ... ။


ကိုဦး ကို ခေါက်ပစ် လိုက်ပြီ ။ နို့ဆီရုံ သူဌေး ကိုလှပို ရဲ့ သား မြင့်အောင် နဲ့ ပြောင်းလဲ ပစ် လိုက်တယ် ။ မြင့်အောင် က မန္တလေးတက္ကသိုလ် ကို လင့်ရိုဗာ နဲ့ ကျောင်း တက် သူ ။ မြင့်အောင် ဘွဲ့ ရ ပြီးတော့ ချိုမာဝင့် နဲ့ လက်ထပ်ကြတယ် ။


မြင့်အောင် က ကုန်သွယ်ရေး မှာ ဝင် လုပ်တယ် ။ မြို့နယ် မန်နေဂျာလေး ။ သိပ် ဟန်ကျတာပေါ့ ။


ချိုမာဝင့် တို့ လည်း အသရေရှိ ၊ ဂုဏ်ရှိ ၊ အကုန်ရှိ ပါပဲ ။ 


ဝတ်နိုင် ၊ ဆင်နိုင် ၊ သုံးနိုင် ၊ စွဲနိုင် ဆိုတော့ အိမ်ထောင် ကျ ပြီး မှ ပိုတောင် လှ လာတယ် လို့ ချီးကျူး နေ ကြရတယ် ။


ကလေး နှစ်ယောက် ရ လည်း လှတုန်း ၊ တစ်သားမွေး တစ်သွေးလှ လို့ ချီးကျူးကြ ပြန်ရော ။


ကျွန်မတို့ မြို့ မှာ ပွဲလမ်းသဘင် ရှိ တိုင်း သူတို့ လင်မယား ရှေ့တန်း က ။


ကိုဦး ခမျာ ဂျီတီအိုင် က ဆင်းတော့ လမ်းဗိုလ် ပေါ့ ။ လမ်းဖောက် - တံတားဆောက် ။


အဲဒီ အချိန်မှာ ငယ်သူငယ်ချင်း ဖြစ်တဲ့ ပွင့် ကို ချစ်ခွင့် ပန်တယ် ။ ချိုမာဝင့် နဲ့ ဖြစ်ခဲ့တာ အားလုံး ကို ပွင့် သိပါတယ် ။ တစ်မြို့လုံး လည်း သိ နေတဲ့ ကိစ္စပဲ ။


ကိုဦး သစ္စာ ဖျက် တာမှ မဟုတ်ဘဲ ၊ ချိုမာဝင့် သစ္စာ ပျက် ခဲ့တာပဲ ။


ကိုဦး ကို ပွင့် သနားတယ် ။


ဖြူစင်စွာ တုံ့ပြန်ခဲ့တယ် ။


ပွင့် နဲ့ ကိုဦး တို့ လက်ထပ် ခဲ့ ကြတယ် ။


သာမန် ပါ ပဲ ။ ရုံး မှာ လက်မှတ် ထိုး ပြီးတော့ ရင်းနှီးတဲ့ သူငယ်ချင်း တွေ လောက်ပဲ အိမ် မှာ ကျွေးမွေး ဧည့်ခံ လိုက်တာပါ ။


နောက်တော့ ရန်ကုန် က ဗိသုကာ ကိုဝင်းသိန်း နဲ့ ဆက် မိပြီး ကိုဦး ရန်ကုန် ရောက် သွား တယ် ။ 

ပွင့်လည်း ဆင်ပြောင်ကြီး သွားရာ ဆင်မယဉ်သာ လိုက်ပါ ခဲ့ ရတာပေါ့ ။


ရန်ကုန် ရောက် စ တော့ ရုန်းရ ကန်ရ ပါပဲ ။ ဖြစ် သလို နေ ၊ ဖြစ် သလို စား ရတယ် ။ 


ကိုဦး ဆိုတာ မနက် အစောကြီး ထွက် ၊ မိုးချုပ် မှ အိမ် ပြန် ရောက် ။ အတော် ပင်ပင်ပန်းပန်း လုပ်ရပါတယ် ။ 


ဒီကြားထဲ က ပဲ ပွင့် မှာ ကလေး သုံးယောက် ရ လာခဲ့တယ် ။


ကိုယ့်မြို့ ကိုယ့်ရွာ လည်း မဟုတ် ၊ မပြည့်မစုံ နဲ့ ရုန်းကန်ရချိန် မှာ အတော့် ကို စိတ်အားငယ် စရာ ကောင်းပါ တယ် ။


နောက်တော့ တဖြည်းဖြည်း ကိုဦး ရဲ့ ရိုးသားမှု ၊ ကြိုးစားမှု ၊ လုပ်ငန်း ကျွမ်းကျင်လာမှု တွေ ကြောင့် အဆက် အသွယ်တွေ များ လာတယ် ။ လုပ်ငန်းနယ်ပယ် ကျယ် လာ တယ် ။


အခြေအနေ လည်း အတော် ကောင်း လာတာနဲ့ ကိုဝင်းသိန်း နဲ့ လုပ်ငန်း ခွဲပြီး သီးခြား ရပ်တည်လိုက်တယ် ။ ကိုဝင်သိန်း က လည်း အစစ အရာရာ လိုလေးသေး မရှိ အောင် ကူညီပါတယ် ။


ကိုဦး ရဲ့ လုပ်ငန်း ဆောင်ပုဒ် က “ သင် ကောင်းလျှင် ကျွန်ုပ် မဆိုးပါဘူး ” တဲ့ ။ အိမ် မှာ လည်း ဧည့်ခန်း ထဲ မှာ အဲဒီ စာတန်း ကို စာလုံးကြီးကြီး နဲ့ ရေးပြီး ထင်ထင်ရှားရှား ကပ် ထားတယ် ။ တကယ်လည်း အလုပ် လုပ် ရာ မှာ သူ့ ဘက် က အကောင်းဆုံး ဖြစ်အောင် ကြိုးစား ထားတယ် ။ ကိုဦး ရဲ့ ကန်ထရိုက်တိုက် ဆောက်လုပ်ငန်းတွေ ကျယ်ပြန့်လာတဲ့ အချိန် မှာ တော့ ငွေ ဆိုတာ မလိုချင်အောင် ရတယ် ဆိုတာမျိုး ဖြစ် လာတယ် ။


ကျွန်မ တို့ မှာ တိုက်ခန်း နှစ်ခန်း ရှိပြီး အင်းလျားလမ်း မှာ ဝင်း နဲ့ ခြံ နဲ့ တိုက် တစ်လုံး ရှိပြီ ။ သွားစရာ ရှိရင် စီးဖို့ အက်စ်အီး စပရင်တာ တစ်စီး ၊ ကိုဦး အလုပ် အတွက် စီးဖို့ ဆန်နီပစ်ကပ် တစ်စီး ၊ တယ်လီဖုန်း အပါအဝင် အိမ်ထောင် ပရိဘောဂ အစုံအလင် ရှိပြီး စိန်ရွှေ အားလုံး ပြည့်စုံတယ် ။ ရက်ရက် ရောရော သုံးနိုင်တယ် ၊ စားနိုင်တယ် ၊ လှူနိုင်တယ် ၊ ပေးနိုင်တယ် ။


မမျှော်လင့်ရဲ ခဲ့တဲ့ စည်းစိမ်ချမ်းသာ ကို အံ့သြစရာ ဖြစ်အောင် ပိုင်ဆိုင် လာ ခဲ့တယ် ။


ဒီအချိန် မှာ ချိုမာဝင့် ရဲ့ ယောက်ျား က ကုန်သွယ်ရေး ဝန်ထမ်း အင်အား လျှော့တဲ့ အထဲ ပါ သွားတယ်လို့ သတင်း ကြား ရတယ် ။


လူ့ လောက မှာ လူတွေ ရဲ့ ဆင်းရဲချမ်းသာ ဂုဏ်ပကာသန အနိမ့် အမြင့် ဆို တာတွေ ဟာ ပင်လယ် ရေလှိုင်း တွေ လို ပါပဲ ။ မြင့် လိုက် ကြ ၊ နိမ့် လိုက် ကြ ပြောင်းလဲ နေကြတယ် ။


ဟင်း ... သူတို့ မြင့်တုန်း ကတော့ ကိုဦး ကို စိမ်းစိမ်း ကားကား ဖြစ် နေခဲ့တဲ့ မိန်းမ ။ သူတို့ ကောင်းစား နေတဲ့ တစ်ချိန်လုံး လှည့်တောင် လှည့် မကြည့်ခဲ့ဘူး ။ မကြည့်ပါနဲ့ ။ ကျေနပ်ပါတယ် ။ ခုမှ ဘာလို့ ဆက်သွယ် ရ တာလဲ ။ ခုမှ ဘာလို့ တွေ့ချင် ရ တာလဲ ။


ပြည်ဖုံးကား ချပြီး ဇာတ်သိမ်း ခဲ့ပြီ ဖြစ်တဲ့ ဇာတ်လမ်း ကို ခုမှ ဘာလို့ အခန်းဆက် ကချင်ရတာလဲ ။ 


သူ မို့ ကိုယ့် လိပ်ပြာ ကိုယ် သန့်နိုင်တယ် ။ ဆက်သွယ်တဲ့ မိန်းမ က အရှက် မရှိလို့ ဆက်သွယ် တော့ လည်း လက်ခံတဲ့ ယောက်ျား က ဘာကိစ္စ သံယောဇဉ် အမျှင်တန်း ချင် ရတာလဲ ။


မနာဘူးလား ။ အမှတ် မရှိလား ။


ဒီ အချိန် ဆိုရင် ဟို မိန်းမ က ငိုပြ နေပြီလား ။ အလွမ်း သယ် သမျှ အိမ် က ကိုယ်တော် မျော ပါပြီး နှစ်သိမ့် အားပေး နေ ပြီလား ။


ပွင့် ရဲ့ပါး ပေါ် မှာ မျက်ရည်တွေ အဆက် မပြတ် စီးကျ လာတယ် ။


ကိုယ် ကတော့ နိမ့်စဉ် ဘဝ ကတည်း က ဆင်းရဲ အတူ ခံပြီး ချစ်ခဲ့ ရ သူ ။ သူများ စွန့်ပစ်ခဲ့ တာ ကို အမွန်အမြတ် ဦး ထိပ်ရွက် ခဲ့ရသူ ။


ခုတော့ သူများ မယား ကို သနားပြီး ကိုယ့် မယား ကို မသနား တဲ့ လူ ။


“ အေးချမ်းသာယာ နေတဲ့ ငါတို့ အိမ်ထောင်ရေးလေး ကို လာ ဖျက် တဲ့ မိန်းမ ”


“ ကိုယ့် လင် ကို သစ္စာ မရှိတဲ့ မိန်းမ ”


“ သူများ လင် ကို လက်ကမ်း ချင် တဲ့ မိန်းမ ”


ဒီလို ချမ်းသာ လို့ ဒီ မိန်းမ မျက်စိ ကျတာ ဆိုရင် ဆင်းရဲ လိုက်စမ်းပါ ။ မွဲ လိုက်စမ်းပါ ။ ကိုယ့် လင် ကိုယ့် သားသမီး နဲ့ အေးအေးချမ်းချမ်း ပဲ နေချင်တယ် ။ 


ပွင့် ရင်ထဲ မှာ နာ တယ် ။


ကိုယ် သာ ဆိုရင် ဘယ်လောက် ပဲ ချစ်ခဲ့ ချစ်ခဲ့ သူ့ လင် ဖြစ် မှတော့ သူ့ အိမ်ထောင် ပူလောင်သောက ဖြစ်အောင် မပတ်သက်ချင် တော့ ပါဘူး ။ လွမ်း သလိုလို ၊ မေတ္တာ မကုန် သေး သလိုလို ၊ ငယ်ချစ်ဟောင်း မို့ အောက်မေ့သလိုလို စိတ် ကူးယဉ်မိမှာ မဟုတ်ဘူး ။ သူ့ အိမ်ထောင်လေး ပျက်စီး အောင် မြှူဆွယ် ချင် မှာ မဟုတ်ဘူး ။


လူမှုရေး ဖောက်ပြန်တဲ့ မိန်းမ ၊ အိမ်ထောင် နှစ်ခု အပေါ် မှာ အပြစ် ကျူးလွန်တဲ့ မိန်းမ ။


ဒီလို မိန်းမမျိုး ကို ကိုဦး လို ယောက်ျားတွေ က အထင် မသေးဘူးလား ။ ငယ်ချစ်ဟောင်း တဲ့ လား ။ သူငယ်ချင်း တဲ့ လား ။ မတရား လိုက်ကြတာ ။


ပွင့် ရင် ထဲ မှာ မီးတောက် နေ ပါပြီ ။ သင် ကောင်းလျှင် ကျွန်ုပ် မဆိုးပါဘူး ဆိုတဲ့ လူ ခုတော့ ငါရော ပါလျက် နဲ့ သူ ဆိုးတယ် ။ ငါ့ မှာ ချစ်သူ ရှိခဲ့ရင် အဲဒီ လူ ကို သူငယ်ချင်း မို့ ဆိုပြီး နှစ်ယောက်တည်း သွား တွေ့မယ် ။ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ပြီး အလွမ်း သယ် ကြမယ် ၊ ရထား ပေါ် တက်တာ ကို လိုက် ပို့ ပြီး ရထား ထွက် တဲ့ အထိ လက်ပြ နှုတ်ဆက် မယ် ။ သူ ဘယ်လို သဘော ထား မလဲ ။ ကျေနပ် မလား ၊ ကြည်ဖြူ မလား ။


ဘာမျှ အပြစ် မရှိတဲ့ ခေါင်းအုံး နှစ်လုံး ကို အိပ်ရာ ခုတင် ပေါ် က နေ ဆွဲ ယူပြီး လွှင့်ပစ် လိုက်တယ် ။


အခု သူတို့ နှစ်ယောက် က ဘယ်လောက် အတိုင်း အတာ အထိ အလွမ်း သယ် ကြ မှာလဲ ။ ဘယ်လို ကြင်နာ နေ ကြ မှာလဲ ။


အကျယ် တွေး လေ ပူလောင် လေ ဖြစ်လာသည် ။


“ ဒီနေ့ မီးရထား နဲ့ ပြန်မယ် ဆိုတာရော ဟုတ်ရဲ့လား ။ ဘူတာ လိုက်ပို့တာ မှ ဟုတ်ရဲ့လား ။ ဘယ်မှာ သွားပြီး တွေ့ နေကြတာလဲ ”


ရင် ထဲ မှာ ဆို့နင့် လာသည် ။


“ ဟို မိန်းမ က အခြေအနေ တွေ လမ်းခင်း ပေးရင် အို ယောက်ျား ဆို တာ ဟို ကလည်း စွဲလောက်တဲ့ ကိုယ်ခန္ဓာ အလှအပ နဲ့ မြှူဆွယ်ရင် .. ”


ပွင့် သူ့ ခန္ဓာကိုယ် ကို သူ ပြန်ကြည့်သည် ။ ကျစ်လျစ် စွာ လှပနေ ဆဲ ဖြစ် သော်လည်း ဟို မိန်းမ ၏ ကိုယ်လုံး အလှ ကို ဘယ်လို မှ မမီ နိုင်ကြောင်း ကိုယ့် ဘာသာ သိသည် ။ ဖိစီးလာသော သောကဒဏ် ကို ပွင့်ဖြူ မခံနိုင်တော့ပါ  ။


ခုတင် ပေါ် သို့ အရုပ် ကြိုးပြတ် ပစ်လှဲ ချ လိုက်သည် ။


သားလေးတွေ ၊ သမီးလေးတွေ နဲ့ သာယာလှပ တဲ့ ငါ တို့ အိမ်ထောင်လေး ပျက်စီးတော့ မှာလား ။ ငယ်ချစ်ဟောင်းနဲ့ ပြန်ပေါင်း နိုင် ဖို ငါ့ ကို ပစ်ခွာ သွားတော့မှာလား ။


မွေ့ရာ မှာ မျက်နှာ အပ်၍ ဆောက်တည်ရာ မဲ့ ငိုကြွေး နေ မိသည် ။


   •••••   •••••   •••••


ကိုဦး ရွှေရောင် အက်စ်အီးကား ကို ဖြည်းဖြည်းသာသာ မောင်း ရင်း ပြုံး လိုက်တယ် ။ ရွှေရောင် အပြုံး ။ 


မျက်နှာ ပေါ် မှာ ကျေနပ် ပီတိတွေ ဖုံးလွှမ်းလျက် ... 


“ ဪ မိချို ဆိုတဲ့ ချိုမာဝင့် ရယ် ”


မိချို နှင့် တွေ့ခဲ့ပုံ ကို စားမြုံ့ ပြန်ရင်း ပြုံး မိ ပြန်တယ် ။ 


မိချို ရဲ့ မျက်လုံးတွေ က အရည် လဲ့ ဆဲ ။ တောက်ပဆဲ ။ အကြည့်ရဲရဲတွေ က ညှို့ငင် ဆွဲဆောင် နေကြ ဆဲ ။ 


စကား အထာတွေ က  ရေ မလာ ခင် မြောင်း ပေးချင် နေကြတာ ကို လည်း မြင် နေတယ် ။ သိနေတယ် ။ 


“ ငါ ဟာ ယောက်ျား ပါ မိချို ရယ် ...”


မာယာတော မှာ သူယောင် တွေ ပေါ တယ်လေ ။ 


ကိုဦး ကိုယ့် ဘဝ ကို ကျေနပ်တယ် ။


ကား လီဗာ ကို ခပ်ဖိဖိလေး နင်း လိုက်တယ် ။ 


မှန် ဖွင့်ထားတဲ့ ကားပြတင်းပေါက် က လေအေးလေး တိုးဝင် လာတယ် ။


ကိုဦး စိတ် ထဲ မှာ ပေါ့ပါး လန်းဆန်း နေတယ် ။ ထူးခြားတဲ့ ပျော်ရွှင်မှု တစ်ခု ကို လည်း ခံစား နေရတယ် ။


တီ ... တီ ... တီ ... တီ .. တီ ။


“ အို သူ အစောကြီး ပြန် လာတယ် ”


ကိုဦး ရဲ့ ကား ဟွန်းသံ ။


မွေ့ရာ ပေါ်မှာ ပြားပြားကပ် အောင် မှောက် နေ လိုက်တယ် ။


အိမ် ပေါ် ကို တက်လာတဲ့ ခြေသံ ။


“ ပွင့် ”


မထူးချင်ဘူး ။


“ ကိုယ့် ကို စိတ်ဆိုး နေလား ပွင့် ” 


ဖြေစရာ မလိုတဲ့ မေးခွန်း ။


“ ကိုဦး ချိုမာဝင့် နဲ့ တွေ့ ခဲ့တယ် ” 


အူမြူး နေ တဲ့ လေသံ ။


“ ဟား ဟား ဟား ဟား ”


အထိန်းအချုပ် မဲ့ ကျယ်လောင်တဲ့ ရယ်သံ ။ 


“ ဟင်း ငါ က ရှိုက်ကြီးတငင် ငိုကြွေး ရ တာ ကို သူ က ဟားတိုက် ရယ်ရတဲ့ အဖြစ် ”


ပွင့် ၏ မျက်ရည်များ မွေ့ရာ ထဲ ကို စိမ့်ဝင် သွားကြတယ် ။


“ မင်း လည်း သူ့ ကို မြင် ရင် မရယ်ချင် တောင် တအံ့တသြ ဖြစ် ရမယ် ။ တကယ့် ကို ပုံဆိုး ပန်းဆိုး စဉ့်အိုး ဖြစ် နေ တဲ့ ကိုယ်လုံးကြီး ကွာ တရားကျ စရာပဲ ”


ပွင့် ကိုယ်တိုင် လည်း ကြားရုံ နဲ့ အံ့သြ သွားတယ် ။ 


မမျှော်လင့်တဲ့ စကား ၊ မလိုတမာစိတ် နဲ့ ဝမ်းသာတာ မျိုး မဟုတ်ပေမဲ့ ရင် ထဲ မှာ တော့ အေး သွားတယ် ။


“ ကိုယ့် ကုသိုလ် နဲ့ ကိုယ် ဖြစ်တာ ကွ ၊ ငါ့ မိန်းမ ရဲ့ ကိုယ်လုံးကိုယ်ပေါက် က ခုထိ ကျစ်ကျစ်လျစ်လျစ်နဲ့ လှ နေ တုန်း ” 


ပွင့် ရင် ထဲ မှာ ကျေနပ် သွားပြီးမှ အတွေး တစ်ခု ဝင် လာတယ် ။


“ ဘာလဲ ပုံပျက်ပန်းပျက် မဝဘဲ နဲ့ အရင်တုန်း က ကိုယ်လုံး ကိုယ်ပေါက်မျိုး နဲ့ လှ နေရင် ရှင် ဒီလို ရယ်နိုင်ပါ့ မလား ”


သူ မစဉ်းစား မိတာ ကို ပွင့် က မေး လိုက်လို့ ကိုဦး တွေဝေ သွားတယ် ။


“ အင်း မင်း မေး တာ မဆိုးပါဘူး ။ ဒါပေမဲ့ ကိုယ်လုံး ကိုယ်ပေါက် လှ နေရင်တောင် သူ့ စိတ် က မလှဘူး ကွ ”


ကိုဦး က ချိုမာဝင့် ရဲ့ ကြည့်ပုံ ၊ ပြောပုံတွေ နဲ့ စိတ်နေ စိတ်ထား ကို ပွင့် ရဲ့ ရိုးသားဖြူစင် တဲ့ စိတ်ရင်းအလှ နဲ့ နှိုင်းယှဉ် ပြတယ် ”


“ ဒါတွေ သိလျက်သား နဲ့ ရှင် ဘာဖြစ်လို့ သူ့ ကို သွား တွေ့ ရတာလဲ ”


“ အေး ဟုတ်တယ် ၊ ငါ့ စိတ် ထဲ မှာ သူ နဲ့ တွေ့ ကို တွေ့ ချင် လို့ သွား တွေ့ လိုက်တာပါ ။ ဒါပေမဲ့ ငါ ယောက်ျား ပါ ကွာ ၊ ပျော့ညံ့တဲ့ စိတ် မရှိပါဘူး ”


“ ဒါဖြင့် ပွင့် မှာ လည်း ချစ်သူ ရှိခဲ့ဖူး လို့ ခုလိုပဲ သွား တွေ့မယ် ။ ဘူတာ လိုက် ပို့မယ် ။ ရိုးရိုးပါ ပဲဆိုရင် ကျေနပ် မလား ”


ကိုဦး ထံ မှ ဘာမှ ထွက် မလာ ။ 


“ ဖြေလေ ကြည်ဖြူနိုင် မလား ”


ပွင့်က ထပ် မေးတယ် ။


“ ဟင်း စမ်းကြည့် ပါလား ၊ မက်သနော သယ် တဲ့ ကား မီးလောင် သလို ဖြစ်သွား မှာ ပေါ့ ”

 

“ ဪ ... တယ် တရား ကျဖို့ ကောင်းပါလား ။ ရှင် ဟာ ကိုယ့် ဆောင်ပုဒ် ကို တောင် အားမနာဘူး ” 


“ ဘယ် ဆောင်ပုဒ်လဲ ”


“ သင် ကောင်းလျှင် ကျွန်ုပ် မဆိုးပါဘူး ဆိုတာလေ ” 


“ ဘာလို့ ပြင်ရမှာလဲ ”


“ ရှင် ဟာ ကိုယ့် အပေါ် မှာ သစ္စာ မရှိတဲ့ မိန်းမကို ကြင်နာချင် တာ နဲ့ ကိုယ့် အပေါ် သစ္စာ ရှိတဲ့ မိန်းမ ကို ရက်စက် တယ် ။ ရှင်တို့ ယောက်ျားတွေ က ထစ်ခနဲ ရှိ ရင် မက်သနော ကား မီးလောင်နိုင်ပေမဲ့ ကျွန်မတို့ မိန်းမတွေ မှာ တော့ ဖွဲ မီးပုံ ရှို့ နေရတာရှင့် ”


ပြောနေရင်း က ပွင့် ရှိုက် ငို လိုက်တယ် ။


“ ကျွန်မ ရှင့် အပေါ် မှာ ကောင်းလျက် နဲ့ ရှင် ဆိုးတယ် ။ အဲဒီတော့ ရှင် ဆောင်ပုဒ် ကို ပြင်ရေးဖို့ ကောင်းတယ် ။ သင် ကောင်းလျက်နဲ့ ကျွန်ုပ် ဆိုးတယ် .. လို့ ”


ကိုဦး ဘာမှ ပြန် မပြောနိုင်ပါ ။  


တီ ... တီ .....


အိမ်အောက် မှ ကားသံ ကြားရ ပြန်တယ် ။ 


ကျောင်း က ပြန် လာတဲ့ ကလေး သုံးယောက် အိမ်ပေါ် ကို ပြေးတက် လာ ကြတယ် ။ 


“ မေမေ ရေ ”


သမီးငယ်လေး အသံ ... ။


“ ဟ ဓာတ်ပုံမှန်ပေါင် တွေ လည်း ကွဲလို့ ပါလား ။ ညီမလေး နဲ့ ညီလေး နေကြဦး ၊ မှန်ကွဲတွေ စူးကုန်လိမ့်မယ် ” 


သားကြီး အသံ ။


“ ဟော ကလေးတွေ ပြန် လာပြီ ။ ကိုဦး မှားသွားပါ တယ် ကွာ ။ တောင်းပန်ပါတယ် နော် ။ ဒါပေမဲ့ သူ့ကို သွား တွေ့မိ လို့ ကိုယ့် မိန်းမ ကို ပို ချစ် ၊ ပို မြတ်နိုးမိတာ ကတော့ အကြီးဆုံး အမြတ်ပေါ့ ကွာ ။ ကဲ ... ထ ထ မျက်ရည်တွေ သုတ် လိုက် ။ ကလေးတွေ တွေ့ သွားရင် မကောင်းပါဘူး ”


ပွင့် အိပ်ရာ က လူးလဲ ထပြီး မျက်ရည်တွေ ကို သုတ် ပစ် လိုက်တယ် ။


“ ကိုဦး နောက် ကို ... ” 


“ စိတ်ချ ကတိ ပေးပါတယ် ”


ကိုဦး က ပွင့်ရဲ့ ကျစ်လျစ်တဲ့ ခါးကလေးကို ဆွဲ ကိုင်ပြီး ပါးလေး ကို မွှေး ဖို့ ကြိုးစားတယ် ။


“ ဖယ်ပါ မထိနဲ့ ”


ပွင့် က အတင်း တွန်းဖယ်ပြီး သားသမီးများ ကို ကြို ဖို့ အခန်း အပြင် ပြေးထွက် သွားတယ် ။


ကိုဦး တစ်ယောက် တည်း ယောင်တောင်တောင် ကျန်ခဲ့ရင်း ပွင့် ပြောသွားခဲ့တဲ့ စကား ကို သဘော ကျပြီး ပြုံး နေ မိ ပါတယ် ။


“ သင် ကောင်းလျက် နဲ့ ကျွန်ုပ် ဆိုးတယ် ”


◾လယ်တွင်းသားစောချစ် 


📖 ဟန်သစ် မဂ္ဂဇင်း

      ၁၉၉၀ ၊ ဒီဇင်ဘာ 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment