❝ အတ္တ ၏ တုပ်နှောင်ခြင်း ❞
“ တိုးလေ ”
“ အပေါ် တက်ပါ ”
“ အထဲ ဝင်ပါဦး ”
“ ဟဲ့ .. အေးတင် ရှေ့ တိုးဦးလေ ။ ဒီလိုပဲ ရပ်နေရ လား ”
“ ဒီမှာ သေတော့မယ် အဒေါ် ရဲ့ ။ မရဘူး ”
“ ဟဲ့ ... အထဲမှာ ပန်တျာကြည်လင် ကလို့ ရတယ် ”
“ အဒေါ် ပဲ အပြော ကောင်းတယ် ၊ ဒီမှာဖြင့် ချိုမိုင်မိုင်တောင် ကလို့ မရတာ ”
သူတို့ တစ်သိုက် တက် လာသည်နှင့် တစ်ကားလုံး ဆူပွက် သွားတော့သည် ။
မင်္ဂလာဒုံဈေး မှတ်တိုင် က သူတို့ တက် လာကြ သည် ။ လက်မှတ်ရောင်း က လည်း သူတို့ ကို အေးစက်စက် နှင့် ပင် ကြည့် နေသည် ။ လက်မှတ်ရောင်း က သူတို့ ကို ကျေးဇူး တင်နေဟန် လည်း ရှိသည် ။ သူတို့ က လက်မှတ် ရောင်း ပြောရမည့် စကား ကို ကူညီ ပြောဆို ပေးနေကြ သည်ကိုး ။
သူတို့ သည် ထောက်ကြန့် ထက် ဝေးသော ကျေးရွာ များမှ လာကြသည့် ကျေးလက် တောရွာသူများ ဖြစ်ကြ၏ ။
ဘတ်စ်ကားဘီး လှိမ့် လိုက်လျှင် ပင် အများ စိတ် မှာ ထိတ်စရာ စကား တစ်ခု ကို ကြား လိုက်ရတော့သည် ။
“ ဟောတော့ ... အေးတင် ၊ ငါ့ ပိုက်ဆံ မရှိတော့ဘူး ”
“ ဟင် ... ဖြစ်ရလေ အဒေါ် ရယ် ၊ ခါးပိုက်နှိုက်ပြီ ထင် တယ် ”
အဒေါ် အခေါ် ခံရ သူ အသက်လေးဆယ် ကျော် အမျိုးသမီးကြီး သည် သူ့ ပိုက်ဆံအိတ် ကို မြှောက်ကိုင် ၍ ပြလိုက် သဖြင့် ကား ပေါ် ပါလာသူ ခရီးသည်များ ပါ လှမ်း၍ ကြည့်ကြသည် ။
ပိုက်ဆံ ထည့်သော အိတ်သည် သားရေအိတ် မဟုတ် ။ မုန့် ထုပ်သည့် ပလတ်စတစ်အိတ်လေး တစ်အိတ် သာ ဖြစ်သည် ။ အိတ် အစ မှ အစွန်း ထွက် နေသော ငွေစက္ကူစ ကို ခါးပိုက်နှိုက် က အလွယ်တကူ ဆွဲယူ သွား၍ အကြွေလေးများ သာ ကျန် တော့သည် ။
“ အဒေါ့် မ လည်း ဒုက္ခပဲ ၊ လက်ထဲ ဆုပ်ထားလျက် နဲ့ များ အဒေါ် ရယ် ”
အေးတင် ဆိုသူ မိန်းကလေး က ညည်းညူ လိုက် သည် ။
ထို ဘတ်စ်ကား တွင် ပါ လာသူ ကိုမြင့်မောင် ဆိုသူ လူထွားကြီး သည် အံ ကို မသိမသာ ကျိတ်၍ နားထောင် နေသည် ။
“ ဘယ်လောက် ပါသွားလဲ ဟေ့ ၊ နင် က သတိ မှ မထားဘဲ ကိုး ”
အခုမှပင် ဘတ်စ်ကား ဦးပိုင်း မှ ဦးကြီး တစ်ယောက် က နောက်ပိုင်း သို့ လှမ်း မေးရင်း အပြစ် တင်နေသည် ။
“ သုံးဆယ် တည်း ပါ ”
“ ပါတာ က လည်း သုံးဆယ် ပဲ မဟုတ်လား ”
“ အင်း ”
“ ဒီတော့ ပြတ်ရောပေါ့ ”
“ ပြတ်ပြီလေ ၊ အကြွေလေး ပဲ ကျန်တယ် ”
“ နင့် မလည်းမြွေပါ လည်း ဆုံး ၊ သား လည်း ဆုံးပဲ ဟာ ”
ဦးကြီး က မည်သည့် အဓိပ္ပာယ် နှင့် ဥပမာ ပေး လိုက် မှန်း ခရီးသည်များ နား မလည်ကြ ။ သို့သော် အားလုံးက ကရုဏာ သက် နေကြသည် ။
ခါးပိုက်နှိုက် ခံရသော အဒေါ်ကြီး ၏ အသံ လည်း ခဏ ပျောက် သွားသည် ။ ကျိတ်ပြီး ဝမ်းနည်း နေဟန် ရှိ၏ ။
“ အဒေါ် နည်းနည်း မှ သတိ မထားလိုက်မိဘူးလား ”
ကိုမြင့်မောင် က မကျေနပ် သေး၍ ထပ် မေးသည် ။
“ ဟင့်အင်း ... ကား က လည်း ဒီလောက် ကျပ် နေတာ ၊ အဒေါ် လည်း အပေါ် ရောက်ဖို့ပဲ လော နေမိတာ ”
“ အင်း …. မမိရင်တော့ လုပ်ကြပေါ့လေ ၊ မိလို့တော့ မသက်သာဘူးမှတ် ။ ခါးပိုက်နှိုက် ဆိုရင် ကျွန်တော် ဆိုတဲ့ ကောင် က တော့ ဗောလံတီယာ ဝင်ရိုက်ချင်တဲ့ ကောင်ပဲ ။ သက်သာ မှာ တော့ မဟုတ်ဘူး ”
အမှန်တော့ သူ့ စကား သည် အလွန်ပင် အန္တရာယ် ကြီး လွန်းသည် ။ ခါးပိုက်နှိုက်များ အနီးအနား တွင် ရှိ နေ က တစ်နည်းနည်း နှင့် သူ့ ကို အန္တရာယ် ပေးနိုင် သည် ။ ဒါကို ကိုမြင့်မောင် က သိသော် လည်း ခါးပိုက်နှိုက် ဆိုလျှင် စိတ် ထဲ က ချဉ်တင်တင် ရှိ၍ ဖြစ်ချင် ရာ ဖြစ် ဟူသော သဘောဖြင့် စွတ် ပြော နေခြင်း ဖြစ်၏ ။ သူ ကိုယ်တိုင် ခါးပိုက်နှိုက် ခံရခြင်း မရှိသေး သော်လည်း လူပေါ် လူညွန့် ခူးသော ခါးပိုက်နှိုက်များ ကို သူ ခါးခါးသီးသီး မုန်း လေသည် ။
တစ်ခါကတော့ သူ ကြုံခဲ့ရ ဖူးသည် ။ ခံရသူ က သူ မဟုတ် ။ သူ့ လက်အောက် မှ စာရေးလေး ကိုတင်လှ ဖြစ်၏ ။ ရုံး ဆင်းချိန် ကား တစ်စီး ပေါ် ကိုတင်လှ နှင့် သူ အတူတူ တက်မိ ကြသည် ။ ကိုတင်လှ က ရှေ့ပိုင်း မှ တက်၍ ကိုမြင့်မောင် က နောက်ပိုင်း မှ တက်သည် ။
ကား ထွက် ၍ တအောင့် ကြာလျှင် ခါးပိုက်နှိုက် က ကိုတင်လှ ၏ တိုက်ပုံအင်္ကျီ ထဲ မှ ဆယ်တန် သုံးရွက် ကို နှိုက် လိုက်သည် ။
လုပ်ကိုင်ပုံ မသေသပ် ၍ ဆယ်တန် တစ်ရွက် ခါးပိုက်နှိုက် လက် မှ အောက် သို့ ကျသွားသည် ကို ကိုတင်လှ မြင်လိုက် သဖြင့် ခါးပိုက်နှိုက် ကို မတိုးမကျယ် မေး လိုက်သည် ။
“ ဒါ ဘာလုပ်တာလဲ ”
ကား ပေါ် တွင် တစ်ရုံးတည်း လက်ရည် တစ်ပြင်တည်း လုပ်ကိုင်သူ ၊ အစ်ကိုကြီး သဖွယ် အားထားရသူ ကိုမြင့်မောင် လည်း ပါလာ သဖြင့် ကိုတင်လှ ကြောက်စိတ် နည်းနည်းမျှ မရှိတော့ ။
သို့သော် သူ့ အမေး ကို ခါးပိုက်နှိုက် က ပါးစပ် ဖြင့် မဖြေဘဲ ခေါက်ထီး နှင့် သူ့ နံကြား ကို ဆတ်ခနဲ ထောက် ထားသည် ။
“ စကား မရှည် နဲ့ တစ်လက်မ လောက် ဝင် သွားမယ် ” ဟူ၍ ခြိမ်းခြောက် လိုက်သည့် သဘော ။ တကယ်လည်း နံကြား ထဲ သို့ စပါးလုံး တစ်တောင့် ခန့် စူးဝင် နေပြီ ။ ခေါက်ထီးထိပ်စွပ် တွင် သံချွန် တပ် ထားမှန်း ကိုတင်လှ သိ လိုက်သည် ။
ကိုတင်လှ သည် လျင်မြန်ဖျတ်လတ်စွာ ထီး ကိုင် ထားသော ခါးပိုက်နှိုက် ၏ လက် ကို ဖမ်းလိမ်၍ ပါးစပ် မှ လည်း ...
“ အစ်ကိုကြီး ရေ ... ကျွန်တော့် ကို ကယ်ပါဦး ” ဟု တစ်ချက် လှမ်း အော်ပြီး ခါးပိုက်နှိုက် ကို သုံးလေးချက် ဆက်၍ ထိုးသည် ။ ကိုတင်လှ ၏ အော်သံ ကြား လျှင် ကိုမြင့်မောင် လည်း ကျပ်သိပ် နေသော လူအုပ်ကြီး ကြား မှ ကား ရှေ့ပိုင်း သို့ မည်သို့မည်ပုံ ရောက်သွားသည် မသိ ။ တရကြမ်း တိုးဝှေ့ သွားကာ တိုက်ပုံအင်္ကျီနက် နှင့် ခါးပိုက်နှိုက် ၏ မျက်နှာ ပေါ် သို့ လက်သီးမိုး ရွာ ချ လိုက်သည် ။
ရုတ်ရုတ်သဲသဲ ဖြစ်သွား သဖြင့် ယာဉ်မောင်း ကကား ကို ရပ် လိုက်သည် ။
“ ချကွာ ”
“ ဆော်ပေး …. ဒီကောင်တွေ ကို မညှာနဲ့ ”
ကား ထဲ ရှိ ခရီးသည်များ ၏ အသံဗလံ ကို ကြား လိုက်မှ ကိုမြင့်မောင် အသိတရား ဖျတ်ခနဲ ဝင် လာသည် ။ သူ့ လို အပျော်တမ်း ဝင် ရိုက်ချင်သူများ နောက်ထပ် ရှိ လာပါ က ခါးပိုက်နှိုက် သက်သာတော့မည် မဟုတ် ။ ထို့ကြောင့် သူ့ ကို ရဲစခန်း သို့ အမြန် ပို့ပေး လိုက်ရသည် ။
ထိုသို့ဖြင့် တစ်ကြိမ် တစ်ခါ က မခံချင်စိတ် ဖြင့် ဝင်၍ ဆုံးမခဲ့ ဖူးသည် ။ ဒေါသစိတ် ဖြင့် ပြုလုပ် မိ မှန်း စဉ်းစားမိ သော်လည်း သူတို့ ကို သက်ညှာ လိုက်လျှင် ကိုယ့် ဘက် ကို အန္တရာယ် ပြုသူများ ဖြစ်၍ မညှာမတာ ပင် တုံ့ပြန်ခဲ့ရပေ သည် ။ သို့သော် သူ ကိုယ်တိုင် မူ ယခု အချိန်ထိ ခါးပိုက်နှိုက် မခံခဲ့ရဖူးပေ ။
“ ကိုမြင့် … ခါးပိုက်နှိုက် သတိထား နော် ”
ခရီး သွားမည် ဟု အိမ် က ထွက်မည် ကြံတိုင်း ချစ်ဇနီး မခင်လေး က သတိပေး တတ်သည် ။ မခင်လေး ကိုယ်တိုင် က လည်း ခရီး သွား လျှင် ငွေ ကို ဂရုတစိုက် သိမ်းဆည်းသည် ။ မသုံးသော ငွေပို ကို လုံခြုံအောင် သိမ်းလွန်း သဖြင့် ကိုမြင့်မောင် က ပင် ဝင် ပြောမိသည် ။
“ တော်ရုံပဲ သိမ်းပါကွာ ။ လမ်း မှာ ဝယ်စရာ ရှိရင် ထုတ်ရ ခက်နေပါ့မယ် ”
“ သိမ်းရမယ် ကိုမြင့် ရဲ့ ။ မလေး တို့ က တောရုပ် တွေ ။ ခါးပိုက်နှိုက် က မလေးတို့ ကို ဆိုရင် အမဲ လို အောက်မေ့ တာ ”
“ အောင်မယ်လေး ကွာ ။ တောရုပ် မြို့ရုပ် မဟုတ် ပါဘူး ။ နမော်နမဲ့ နေရင် ခံရမှာပေါ့ ။ မလေး ပြော သလို ဆိုရင် ခါးပိုက်နှိုက် ရန် ဝေးအောင် မျက်နှာ ကို ပဲ မြို့သူ နဲ့ တူအောင် ပလတ်စတစ် ဆာဂျရီ လုပ်ရမယ့်ကိန်း ဖြစ် နေပြီ ”
ကိုမြင့်မောင် က လည်း ဇနီးသည် မခင်လေး ကို ခပ် ရွဲ့ရွဲ့ ပြောမိသည် ။
“ ကိုမြင့် မခံရသေးတော့ လည်း ခပ်ပေါ့ပေါ့ပဲပေါ့ ။ သူတို့ က ချိုပါတာ မဟုတ်ဘူး ။ တစ်နေ့နေ့ တော့ ထိလိမ့် မယ် ”
“ နှိုက်စမ်းပါစေကွာ ။ လက်သီး အကြောင်း သိ သွား မှာပေါ့ ”
ထိုအခါ မခင်လေး က ခင်ပွန်းသည် အပြော ကြီးပုံ ကို နားထောင်ပြီး သရော် သလို မပွင့်တပွင့် ပြုံးတတ် သည် ။
ယခု လည်း ခါးပိုက်နှိုက် အကြောင်း ကား ပေါ် တွင် ကြားနေရ သဖြင့် ဇနီးသည် ၏ ပြော စကားများ ကို ကိုမြင့်မောင် ပြန်၍ သတိရ မိသည် ။
••••• ••••• •••••
“ ဒုက္ခပါပဲ မချက် ရယ် ။ ညည်း မ လည်း တစ်ပူ ပေါ် နှစ်ပူဆင့် ၊ ကံဆိုးမ သွားရာ မိုးလိုက်လို့ ရွာတာပါပဲ အေ ”
“ ဟုတ်ပါရဲ့အေ ။ ကျုပ် ကုသိုလ်ကံ ကို က ဆိုးပါ တယ် ”
ကား အလယ်ပိုင်း သူတို့ အဖွဲ့ ထဲ မှ အဒေါ်ကြီး တစ်ဦး ၏ စကား ကြောင့် ကိုမြင့်မောင် က မနေသာဘဲ မေး လိုက် မိသည် ။
“ ဘာဖြစ်လို့လဲ အဒေါ် ”
“ သူ က ကလေးဆေးရုံ မှာ သူ့ သားလေး ဆုံးလို့ ကလေး ရဲ့ အသုဘ အတွက် လာ တာကွဲ့ ။ အဲဒါ မင်္ဂလာဒုံဈေး မှာ အလောင်းပတ်ဖို့ ပိတ်ဖြူ ဝင်ဝယ်ကြတာ ။ အဒေါ် တို့ က လိုက်ပို့ကြတဲ့ လူတွေပေါ့ ။ အဒေါ်တို့ ပဲ ဝိုင်းဝန်း ကူညီရတော့မှာပဲ ။ သူ့ ခမျာ နေပူ မရှောင် မိုးရွာ မရှောင် ဘိန်းမုန့် လည် ရောင်းရတဲ့ ပိုက်ဆံလေး ပါ ကွယ် ။ ခုတော့ အားလုံး ပါသွားပြီ ”
“ ဖြစ်ရလေ ။ ဒါဖြင့် ကျွန်တော် တစ်ဆယ် ပေးလိုက် ပါ့မယ် ”
ယိုဖိတ် လာသော ကရုဏာစိတ်များ ကြောင့် ကိုမြင့်မောင် အိတ် ထဲ က ငွေ တစ်ဆယ် ကို ထုတ်လှူ လိုက် သည် ။ တခြား စေတနာရှင် တစ်ဦး က လည်း ငွေတစ်ဆယ် လှူသည် ။ ခါးပိုက်နှိုက် ခံရသူ အဒေါ်ကြီး ၏ ကိုယ်ရေး အကြောင်းအရာ တစ်စွန်းတစ်စ ကို ကြားသိရ၍ ကိုမြင့်မောင် အတော်ပင် စိတ် ထိခိုက် သွားသည် ။ မရှိ ဆင်းရဲသူ ကို မှ ပို၍ နှိပ်စက်လေသော ခါးပိုက်နှိုက် ငမိုက်သား အပေါ် လည်း ပို၍ ဒေါသ ထွက်မိလေသည် ။
“ မမိလို့ပေါ့ကွာ ၊ ဟင်း ... ဟင်း ... မိရင်တော့ မသက် သာဘူး ”
ကိုမြင့်မောင် မကျေမနပ် နှင့် ဒုတိယမ္ပိ ထပ်၍ ကြိမ်း ပြန်သည် ။ ခါးပိုက်နှိုက် က ကား ပေါ် တွင် ရှိတော့ မည် မဟုတ် ။ ရှိလျှင် လည်း ချိုပါသူ မဟုတ်၍ ဘယ်သူ ဘယ်ဝါ မသိနိုင်ပေ ။
သို့သော် ရှေ့နား က မှတ်တိုင် တွင် ကား ရပ်သည့် အခါ လူရွယ် နှစ်ယောက် ဆင်း သွားသည် ။ ကိုမြင့်မောင် သတိထား ကြည့် လိုက်၏ ။ နှစ်ယောက် စလုံး မှာ သားနား လွန်း၍ ခါးပိုက်နှိုက် ဟု ထင်စရာ မရှိပေ ။ ကိုမြင့်မောင် ၏ စိတ် မှာ မူ သူတို့ ကို မသင်္ကာ သဖြင့် အသေအချာ ကြည့် မိရာ တစ်ယောက် ကို သူ မှတ်မိ သွားသည် ။ ထို သူ မှာ သူ မြင်ဖူးသည့် ခါးပိုက်နှိုက် တစ်ဦး ဖြစ်နေ၏ ။
“ ဟင် ... ဒီကောင်တွေ ကား ထဲ ပါလာကြတာ ကိုး ။ စောစောက မသိတာ နာ တာပဲ ။ နို့မို့ဆို ရဲစခန်း ပို့ လိုက် ရုံပဲ ။ ခုတော့ နောက်ကျ သွားပြီ ”
သူ့ စိတ် ထဲ က ခါးပိုက်နှိုက် ကို မဆုံးမ လိုက်ရသည့် အတွက် အားမလို အားမရ ဖြစ်မိ၏ ။ အိမ် သို့ ပြန်ရောက် သည် အထိ ကိုမြင့်မောင် ၏ စိတ် မှာ ထိခိုက် နေသည် ။ အိမ် ရောက် ၍ အမော ပြေချိန် မှာ ဇနီးသည် က ပြော၏ ။
“ ကိုမြင့် ရေ ... သားတွေ က တော့ မယ်လမုဘုရား လိုက် ပို့ပေးမယ် ဆို လို့ ကိုမြင့် အလာ ကို မျှော်နေကြ လေ ရဲ့ ။ ထမင်း စားပြီးရင် လိုက် ပို့ပေးလိုက်ဦး နော် ”
“ မလေး ကော မလိုက်ဘူးလား ”
“ ဟင့်အင်း …. မလေး မလိုက်တော့ပါဘူး ။ ဟို တလောက ဧည့်သည်တွေ နဲ့ ဖူးခဲ့သေးတယ် ။ နောက်ပြီး ဒီနေ့ မလေး အလုပ် သိပ် မအားဘူး ”
ကလေးများ ကို ပေးထားသော ကတိ ကြောင့် ညနေခင်း တွင် ကလေးများ နှင့် အတူ မယ်လမုဘုရား သွားရန် ပြင်ဆင်သည် ။
သားလတ် က တစ်ဖက် အိမ် မှ သူ့ အပေါင်းအသင်း များ ကို ခေါ်ချင်သည် ဆို၍ မိမိကလေး သုံးယောက် အပြင် တစ်ဖက် အိမ် မှ ကလေး လေးယောက် ပါ ပေါင်းပြီး ကလေးအုပ်ကြီး ကို ထိန်းကျောင်း ကာ ထွက်လာခဲ့သည် ။
သူ နေထိုင်သော ကိုးမိုင် မှ မယ်လမုဘုရား သို့ ကား နှစ်တန် စီး၍ သွားရမည် ။ နံပါတ် ၉ ကား စီးပြီး ရှစ်မိုင် တွင်ဆင်း ၍ နံပါတ် ၆ ကား ကို ပြောင်း၍ စီးရဦးမည် ။ .
ကိုမြင့်မောင် သည် ကလေးများ နှင့် ပျော်ပျော်ရွှင်ရွှင် နေတတ်သူ ဖြစ်၍ ကလေးအုပ်ကြီး နှင့် ထွက်ခဲ့သော် လည်း စိတ် မညစ်ပေ ။ ပြုံးရွှင်ရယ်မော လျက် ရှစ်မိုင် တွင် နံပါတ် ၉ ကား ပေါ် က ဆင်းကြသည် ။
ရှစ်မိုင် လမ်းဆုံ တွင် မိမိ ကလေး သုံးယောက် သည် ကားပေါ် မှ သွက်သွက်လက်လက် ဆင်းကြ သော်လည်း ခရီးသွား အတွေ့ အကြုံ နည်း သော တစ်ဖက် အိမ် မှ ကလေးများ က နှေးကွေးလေးလံ နေ သဖြင့် ကျန် နေသော ကလေးများ ကို ကိုမြင့်မောင် တစ်ယောက် ပြီး တစ်ယောက် ကား ပေါ် မှ ချီပိုး ချပေး နေရသည် ။
ကလေးများ ကား အောက် သို့ ရောက် ၍ လမ်း ဖြတ် ကူးမည် အပြု တွင် ...
“ အစ်ကိုကြီး ... အစ်ကိုကြီး ”
နောက်နား မှ ခေါ်သံ ကြား လိုက် သဖြင့် ကိုမြင့်မောင် နောက်သို့ လှည့် ကြည့် လိုက်သည် ။ လှမ်း ခေါ်သူ လူရွယ်က သူ့ အနား သို့ ရောက် လျှင် ...
“ ရော့ ... ဒီမှာ အစ်ကိုကြီး ရဲ့ နာရီ ”
“ ဟင် ”
ယခုမှပင် သူ့ လက် ကို သူ ပြန် ကြည့် ရာ လက် မှ တစ်ထောင်တန် နာရီ မရှိမှန်း သိလိုက်ရသည် ။
‘ ကျွန်တော် ခါးပိုက်နှိုက် ပါ ’ ဟု မပြောသော်လည်း လူရွယ် ၏ မျက်နှာ ကို ကိုမြင့်မောင် ချက်ချင်း မှတ်မိ၏ ။ တစ်ခါက ဘတ်စ်ကား ပေါ်တွင် မိမိ မနေနိုင်၍ ဝင်ပြီး ဆုံးမခဲ့သည့် လူရွယ် ။ ယခု နေ့လယ် က လည်း မရှိ ဆင်းရဲသူ တစ်ဦး ၏ ငွေ ကို နှိုက်ယူ သွားသည့် လူငယ် ။
“ ကျွန်တော် အစ်ကိုကြီး လက် က ပြုတ်ကျတာ တွေ့ လို့ ကောက်ခဲ့တာ ။ အစ်ကိုကြီး မှာ ကလေးတွေ က လည်း အများကြီး တွေ့တာ နဲ့ ကျွန်တော် မယူရက်ဘူး ”
ကိုမြင့်မောင် ၏ စိတ် ထဲ တွင်မူ ...
‘ အမယ် …. မင်းကများ ’ ဟု ထေ့ပြုံးလေး ပြုံးချင် သော်လည်း ကျေးဇူး တင်စွာ ခေါင်းညိတ် လက်ခံ လိုက်ရသည် ။
မိမိ က ညံ့ခဲ့ပါပကော ။ ကိုယ် မလျင် ၍ ခံရ သဖြင့် ဘာမျှ မပြောဖြစ်တော့ ။
မုသား ပါ သော သူ့ စကား ကို လုံးဝ မယုံကြည် သော် လည်း ယခင် က လို ထိုးကြိတ်ရန် သတိ မရလိုက် ။ အနီး တွင် ရှိနေသော ရဲစခန်း သို့ လည်း မပို့ဖြစ်တော့ ။
‘ အတ္တ ’ သည် သူ့ ကို မလှုပ်ရှား နိုင်အောင် တုပ်နှောင် ထား လိုက်သည် ။
သူတစ်ပါး နှင့် ပတ်သက်သော ကိစ္စ တွင် မခံချင်စိတ် ၊ ဒေါသစိတ်များ ပြင်းထန်ခဲ့ သော်လည်း တကယ် တမ်း မိမိ ကို သက်ညှာ လိုက်သည့် အခါ မိမိ က လည်း သူ့ အပေါ် မရက်စက် နိုင် ဘဲ သက်ညှာခဲ့ မိ၏ ။
ထို့ကြောင့်လည်း ‘ အတ္တ သည် လူ တွင် အနည်း နှင့် အများ ရှိကြတာပါလား ’ ဟု တွေးကာ မိမိ ၏ သတိ လစ်ဟင်းမှု အတွက် ရှက်ပြုံး ပြုံး ခဲ့မိပေသတည်း ။
◾တက္ကသိုလ် မအေးငြိမ်း
📖 ရှုမဝမဂ္ဂဇင်း
၁၉၈၃ ၊ စက်တင်ဘာလ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment