❝ ဥစ္စာ ကို ဉာဏ် စောင့်လေ၏ ❞
၂၀၀၃ ခုနှစ် ၊ မတ်လ ၁၂ ရက် ဗုဒ္ဓဟူးနေ့ က အောင်လံမြို့ ဈေးကြီး အရှေ့ဘက်တန်း မှ ဆေးဆိုင် သို့ အဝင် ဆိုင် ရှေ့ တွင် ရပ်ထားသော ကား အကောင်းစားကလေး တစ်စီး ကို သတိပြု မိလေ၏ ။
“ ဟေး ... ဒါ ခင်ဗျား ကားလားဗျ ”
ဆေးဆိုင်ပိုင်ရှင် ကိုတုတ် ကို မေးကြည့်မိ၏ ။ ( သတင်းထောက် တယ် စပ်စုသကိုး )
“ ကျွန်တော့် ကား မဟုတ်ရပါဘူးဗျာ ၊ ဟောဟို မှာ လာနေပါပြီ ပိုင်ရှင် ”
သူ ညွှန်ရာ သို့ ကြည့်လိုက်ရာ လူငယ် လင်မယား နှစ်ယောက် ဈေး ထဲ မှ ဝယ်ခြမ်း ပြီး
ပြန် ထွက်လာသည် ကို တွေ့လိုက်ရလေ၏ ။ ကား ပေါ် တက် ဝူးခနဲ မောင်းထွက် သွားကြ
လေ၏ ။
“ ထိပ်ပြောင်ကြီး သားလားလို့ ”
“ ဟုတ်ပါ့ ”
“ အရင် က ဒီ ကား မဟုတ်ဘူးလားလို့ ”
“ သိန်း ၁၀ဝ အလိုက် ပေး ပြီး လဲထားတာ ”
“ အယ် ... တယ်ဟုတ်ပါလား ”
“ တယ် မဟုတ်ဘူး ဗျို့ ၊ ကလေး က စီးပွားရေး သိပ် မလုပ်တတ်သေးဘူး ၊ ရှာ တဲ့ ဘက် အား မသန်ဘူး ၊ သုံး တဲ့ ဘက် အားသန် နေ လို့ သတိပေး နေရတယ် ၊ ကျွန်တော် နဲ့ က အမျိုးလေ ဗျာ ”
“ ဟင်း ... ဟင်း ... ကိုတုတ် က လည်း ဝန်ကတော် ကြောင့်ကြဗျာ ”
“ အင်း ... နေ့စဉ် တွေ့မြင် နေရတော့ စိတ်ပူမိတာပေါ့ဗျာ ၊ ဒီ ကလေး အတွက်ပါ ဗျာ ”
ပူမည် ဆို လည်း ပူလောက်ပါ၏ ။ ဖြစ်တတ်သည့် သဘောတရား လေ ။
“ ဟာ ... ချမ်းလေး လာဟေ့ ”
လက်ဖက်ရည်ဆိုင် ရှေ့ ခုံပုကလေး ပေါ် မှ ခေါ်သံ ကြား၍ ကြည့် လိုက်ရာ ...
“ ဟင် ... ဒင်ကြီး ”
သူ က ကျွန်တော့် ကို ချမ်းလေး ၊ ကျွန်တော် က သူ့ကို ဒင်ကြီး ၊ အပြန်အလှန် ချစ်စနိုး
ခေါ်ကြလေ၏ ။ တောသား အချင်းချင်း ငယ်ပေါင်းတွေ ။ ထမင်းချိန် နီး နေသော်လည်း သူ့ ကို ငဲ့ ၍ ဝင် ထိုင် ၊ ကော်ဖီ တစ်ခွက် မှာ လိုက်၏ ။ နာမည် အရင်း က ဦးအောင်ဒင် ခင်ဗျာ့ ၊
အောင်လံမြို့ အရှေ့ဘက် ဖောင်ရိုး ဆိုသော ရွာကလေး ဇာတိ ၊ သူတို့ ငယ်စဉ် (၁၉၄၉ - ၅၀ ) က ရွာ မှာ မူလတန်းကျောင်း မရှိသေး ၊ လောကနိတိ ပရိတ်ကြီး ဘုန်းကြီးစာ သင်ရ၏ ။ အတန်းစာ မတတ် သော် လည်း ဒင်ကြီး ကား လာဘ် မြင်သူ ဖြစ်ရကား
အောင်လံမြို့ ပေါ် တက် ပွဲရုံ ထောင် လေ၏ ။ အပေါင်းအသင်း ဆံ့ လူချစ်လူခင် များသဖြင့်
နေ့ချင်း ညချင်း နာမည် တက် လေ၏ ။
၁၉၈၀ - ၁၉၉ဝ အောင်လံ မျိုးမြေပဲများ ပဲခူး ဈေးကွက် တွင် စန်းပွင့် နေသော ကာလ ဒင်ကြီး ပဲခူး အောင်လံ ပဲ ကုန်ကူး လေရာ ပဲ တစ်ရာသီ ( သတင်းကျွတ် - တန်ဆာင်မုန်း -
နတ်တော် ) တည်း နှင့် အမြတ် ကောင်းစွာ ရ၍ ကား တစ်စီး ဝယ် နိုင်လေ၏ ။ ၁၉၉၅ -၂၀၀၀
လူစီး အဝေးပြေး မှန်လုံ အိတ်စပတ်ကားကြီးများ ခေတ် ထ လာ သော အခါ ဒင်ကြီး အိတ်စပရက် ထောင် လေ၏ ။ ၂၀၀ဝ ပြည့်နှစ် ဒီဇင်ဘာ ပထမပတ် ဒင်ကြီး နဲ့ ကျွန်တော် သူ့ ကားကြီး ပေါ် တွေ့ ၊ အောင်လံ - ရန်ကုန် လမ်းမကြီး ပေါ် မှာ -
“ ဒင်ကြီး ဘယ်နှစီးလဲ ဟ ”
“ ရှစ်စီး ၊ ခြောက်စီး က ပြေးနေတယ် ၊ နှစ်စီး က ဝပ်ရှော့ မှာ ”
“ လုပ်လှချည်လား ”
“ ရတုန်း ရှာရတာပေါ့ဟ ချမ်းလေး ရ ”
ယနေ့ သူ နဲ့ လက်ဖက်ရည်ဆိုင် မှာ တွေ့ တော့ သူ့ မှာ ကား တစ်စီး မှ မကျန်တော့ပါ ၊ သူ ကိုယ်တိုင် ရိပ်သာ ရောက် နေပါ၏ ။ သူ့ သား အငယ်ကောင် လှော်ခတ် ပစ် လိုက်ရာ ကား ရှစ်စီးလုံး ကုန်သော ဟူ၏ ။ ဉာဏ်ကလေး နဲ့ ထိန်းပြီး ဆ,လုပ်မည် ဆိုပါက ဆုတ်ယုတ်စရာ မရှိ တိုးပွား ဖို့ သာ ရှိပါ၏ ။
“ အမေ နေမကောင်းဘူး ၊ လာခဲ့ဦး ”
တစ်နေ့သော အခါ ကျွန်တော်ရှစ်တန်း ၊ ကိုးတန်း ၊ ၁ဝ တန်း ( ၁၉၆၀ - ၆၁ - ၆၂ - ၆၃ )
နေ ခဲ့သော မွေးစား အမေ ဒေါ်ကြည်ကြည် အိမ် သို့ ရောက်လေ၏ ။ လမ်း အနောက်ဘက် တစ်ခြမ်းလုံး တွင် ဒေါ်ကြည်ကြည် နှင့် လမ်းမ အရှေ့ဘက်ခြမ်း တွင် ဦးတင်မောင် တို့
နှစ်ဦး သာ သိဟောင်း ကျွမ်းဟောင်းများ ရှိတော့၏ ။ အခြား သူများ ကား နောက် မှ
ဝင် လာသော မျက်နှာစိမ်းများ ဖြစ်ကုန်၏ ။ မူလ နေထိုင်သူများ က အိမ်ပေါင်လှီး ၍ ထွက်သွားကြလေပြီ ။ ထို့ကြောင့်လည်း ကိုတုတ် က မနက် က သူ့ တူတော်မောင် အတွက်
ရှေ့ရေး တွေးပူ နေခြင်း ဖြစ်ပုံရပါ၏ ။ မိဘ လက်ငုတ် ဆက် လုပ်ရမှာ ၊ မိဘ ထက် သာလွန် အောင် ကြိုးစားရမှာ ဖြစ်ပါ သော် လည်း အချို့သော သူများ သည် ... ။
ဥစ္စာ ကို
ထက်မြက်သော ဉာဏ် နှင့် စောင့်ရှောက် ထိန်းသိမ်း နိုင်ကြပါစေ သတည်း ။
( ဆယ်နှစ် ဆယ်မိုး ရှာထားသော ပစ္စည်းဥစ္စာ ဆယ်မိနစ် အတွင်း ပျောက်ပျက်
သွားနိုင်သည် ။ )
◾မောင်ချမ်းသာ
📖 မောင်ချမ်းသာ ၏ ချမ်းသာနည်း
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment