Friday, December 1, 2023

ကျွန်တော့် ချစ်သူ ပြောသော သူ့ ချစ်သူ အကြောင်း ( ဇာတ်သိမ်း )


 

“ ဟိဟိ .. ကောင်းတယ် မှတ်ထား ... သူတော်ကောင်း ကို စော်ကားလို့ ”

သူမ သူ့ ကို ဝေ့ ကြည့်သည် ။ ပြီးနောက် ကား အောက် ကို ဆင်း လိုက် သည် ။ သူ လည်း ရည်ရွယ်ချက် မရှိပါဘဲ ကား အောက် ကို ဆင်း လိုက်သည် ။ သူမ ကား ဘီး ကို ‘ ဖုန်း ’ ခနဲ ကနဲ လိုက်ပြီး ...

“ တောက် ... ကောင်းကျိုး မပေးတဲ့ ကား ... နင့် ကို ရောင်းစား ပစ်မယ် ”

ဆိုပြီး ကားလမ်းမ ဘက် ကမန်းကတမ်း လှမ်း ကာ လာသမျှ ကား များ ကို လှမ်း တား နေ၏ ။ ကားများ က တစ်စီး မှ ရပ်မပေး ။ သူမ က သာ ပျာယာခတ် ပြီး တစ်စီး ပြီး တစ်စီး တား နေ၏ ။ ကြာ တော့ သူမ ပို၍ ဒေါသ ထွက် လာပုံရ၏ ။ ကားလမ်း ဟိုဘက် ကူး ကာ တားလိုက် ၊ ဒီဘက်လမ်း ပြန်ကူး ကာ တားလိုက် နဲ့ ယောက်ယက်ခပ် နေသည် ။ သူ က တော့ ဘာမှ မဆိုင်သူ တစ်ယောက် လို ငြိမ် ကြည့် နေ လိုက်သည် ။

လမ်းနဘေး လယ်ကွင်းများ ထံ မှ လေများ တသုန်သုန် တိုက်ခတ် နေ၏ ။ သူမ က တော့ လမ်းမ ပေါ် ပျားပိတုန်း သဖွယ် ပျံဝဲ နေသည် ။ ဓာတ်ဆီ မရ လျှင် ငပလီ မပြောနဲ့ ရန်ကုန် ပြန်ဖို့ ပင် ခက်နေပြီ ။

သူ လည်း သူမ ကို ဘာမှ မကူညီဘဲ ကြည့် နေ လိုက်သည် ။ သူမ က သာ စကပ်ကြီး တမမ နဲ့ ဟိုဘက် ပြေးလိုက် ဒီဘက် ပြေးလိုက် လုပ်နေသည် ။

“ ဟဲ့ ... နင် ယောက်ျားကြီး တန်မဲ့ ဒီ အတိုင်း ကြည့် နေမှာလား ကား လာ ရင် နည်းနည်းပါးပါး ဝိုင်း တားပေးပါလား ”

သူမ စကား ကြောင့် သူ မျက်မှောင်ကြုတ် လိုက်သည် ။

“ ဘာ လုပ်ဖို့ တားမှာလဲ ”

သူ့ စကား ကြောင့် သူမ ခါး ပေါ် လက် တင်ကာ မျက်လုံးကြီး ပြူး ၍ သူ့ နား ရောက် လာပြီး ...

“ ဘာလုပ်ဖို့ တားရမှာလဲ ဟုတ်လား .. ဟိုမှာ နင့် ဘိုးအေ ငါ့ စီးတော်မြင်း က ဆီ ကုန်နေပြီလေ ... အဲဒီ ငါ့ စီးတော်မြင်း နင့်ဘိုးအေ ကို ဆီ ပြန် ထည့်ဖို့ တား ရမှာလေ ”

“ အင် ”

သူ ပြောလိုက် မှ ကိုယ့် ဘိုးအေ တောင် သူ့ စီးတော်မြင်း ဖြစ်ရပြီ ။ ဒါတောင် သူမ က မပြီးသေး ...

“ အောင်မလေး .. အဖက်ဖက် ချွန် တဲ့ ဖရီးဝှီး မှတ်လို့ ပေါင်းတာ ဘာ အချွန် အတက် မှ မရှိတဲ့ လောက်စာလုံးကြီး ... မေထူးချွန် တို့ လူပေါင်း မှားပြီ ”

သူ့ ဖာသာ သူ ပွစိပွစိ နဲ့ ခုန်ဆွ ခုန်ဆွ ဖြစ်နေတယ် ။ သူမ ကို ကြည့်၍ သူ လည်း မနေနိုင် တော့ ...

“ မေထူးချွန် ”

သူမ လှည့် ကြည့်သည် ။ နောက်ပြီး ခပ်ဆတ်ဆတ် ပြန် မေးသည် ။

“ ဘာလဲ ”

သူ ၏ စိတ် ထဲ မှာ လုံးဝ မရည်ရွယ်သော စကား တစ်ခု ...

“ နင့် ကို ... ငါ ချစ်တယ် ”

“ ဘာ ... ”

သူ ၏ မဆီမဆိုင်စကား ကြောင့် သူမ မျက်လုံး ပြူးပြီး ထ အော်၏ ။

သူမ အသံ က အတော် ကျယ် ပါသည် ။ သူမ အသံ နဲ့ အတူ အနောက် နား ဆီ က ကား တစ်စီး လည်း ‘ ဝှီး ’ ခနဲ ဖြတ် သွား၏ ။

ထို စကား သူ ၏ နှုတ် မှ မည်သို့မည်ပုံ ထွက်သွားသည် ကို မသိ ။ သို့သော် သူ လည်း ပြောလက်စ အရှိန် ရနေပြီ မို့ ထို စကား သာ ဆက် ပြောလိုက်သည် ။

“ ဟုတ်တယ် ... နင့် ကို ငါ ချစ်တယ် ”

သူ့ ထံ မှ ထပ်မံ ထွက်ပေါ် လာသော စကား ကြောင့် သူမ ပါးစပ်လေး ဟ ပြီး ငြိမ် နေသည် ။ အတန်ကြာ မှ သူမ ဟိုကြည့် ဒီကြည့် လုပ်သည် ။ ပြီးနောက် ကားလမ်းမ ဘက် ပြေးတက် သွားပြီး ခေါင်း ကို မော့ ကာ အသံ ကျယ်ကျယ် ဖြင့် ...

“ သေတာပဲ အေးပါတယ် တော် .. သေတာပဲ အေးပါတယ် .. ဘယ့်နှယ် သူများ ရည်းစား မိန်းမ နောက် လိုက်လို့ စိတ်ညစ် နေရတဲ့ ကြား ထဲ ... ဒင်း က ပွဲလန့် တုန်း ... အဲ ... ပွဲမလန့် လန့်အောင် ခလောက်မြွေ ပစ်ထည့် ပြီး ဖျာဝင် ခင်းချင် နေသေးတယ် ”

သူမ စကား ကြောင့် သူ လည်း ရှိုးတိုး ရှန့်တန့် ဖြစ်သွားပြီ ...

“ ဟ .. ငါ ဖျာခင်းတာ မဟုတ်ဘူး ငါ့ ရင် ထဲ က တကယ် ချစ်မိနေလို့ ”

သူ့ စကား ပင် မဆုံးလိုက် ။ သူမ တစ်ဖက် သို့ လှည့်ပြီး ...

“ သေတာပဲ အေးပါတယ် တော်.. ရင်ထဲ က တကယ် ချစ်လို့ တဲ့ .. ဟင်း .. ဒါမျိုးကျ တော့ တတ်တယ် ... လောက်စာလုံး လို အလုံးကြီး မှတ်နေတာ .. ဂျင် လို တစ်ဖက်ချွန်ကြီး ... ဟင် .. မချွန်သင့် တာ ချွန် နေတဲ့ လူကြီး ”

သူမ စကား ကြောင့် သူ လည်း ရှက် သွားပြီး ...

“ ဟာ ... ဘာ တစ်ဖက်ချွန် လဲ .. ငါ့ ရင်ထဲ က စကား ” 

“ ဘာ ... ရင် ထဲ စကား .. ဟုတ်လား ... နင် ဒီလို အချိန်မျိုး မှာ ပြောသင့်သလား စဉ်းစား ကြည့်ပါဦး ... အော် ... ကိုယ် က တော့ ကိုယ် အပူ နဲ့ ကိုယ် ... ဒင်း က ဘယ်အချိန် လစ်မလဲ ဆိုပြီး ဝင် ချောင်း နေတာ ဝင် ချောင်းနေတာ .. အချောင်းပိုင် ကြီး ... ဘယ်အချိန် ကျရင် ဘယ်လို ခြေကလိန် ဝင် ကွပ်မယ် ဆိုပြီး စဉ်းစား နေတဲ့ လူကြီး .. ခြေကလိမ် လက်ကလိမ် နဲ့ ကလိမ်စေ့ ငြမ်းဆင် ချင်တဲ့ လူကြီး ... ဘယ့်နှယ် ... ဟိုကောင် မျိုးမြင့်ထွန်း လောက် ရုပ်ရည် ရှိရင် မသိချင်ယောင် ဆောင်ပြီး ခေါင်း ညိတ် လိုက်ဦးမယ် .. အခုတော့ ” 

“ ဟာ ... နင့်ကောင် မျိုးမြင့်ထွန်း နဲ့ ငါ့ ကို မနှိုင်းပါနဲ့ ... နင့် ကောင် က မီးသွေးသည် ကျနေတာပဲ ... မှောင်မည်း နေတာ ” 

“ အော် .. နင် က အတော် ပြောင်တယ်ပေါ့ လေ ... ဟင် .. လူပြောင်ကြီး.. အတော် ပြောင်တဲ့ လူကြီး ... ပြောင်ပြောင်ရောင်ရောင် ကြီး ” 

သူမ တစ်ခွန်းတင် မခံ ကက်ကက်လန် ရန်တွေ့သည် ။ ဒါကို သူ လည်း အသိမဲ့စွာ ရှက်ရမ်းရမ်း ပြီး...

“ ဟာ ... အဲဒီလောက် လည်း မပြောင်သေးပါဘူး ... အဲ .. မျက်နှာ ပြောတာ နော် ... မျက်နှာ ... ”

သူ့ စကား ကို သူမ မျက်နှာ ရှုံ့မဲ့ လိုက်ပြီး ...

“ အော် ... မျက်နှာ မဟုတ်ရင် ငါ က ဘာ ပြောင်တယ်များ ပြောနေ လို့လည်း လူပြောင်ကြီး ရဲ့ ... နင့် မျက်နှာ ပြောင်ကြီး ပဲ ကြည့်ပြီး ပြော နေတာ ... ဟောဒီ အခွက် ပြောင်ပြောင်ကြီး ကို ပဲ ကြည့်ပြီး ပြော နေတာ ဒီ အပြောင်ကြီး က ငါ့ ကို ချစ်တယ်တဲ့ သူ မို့ မရှက်မကြောက် ”

သူမ လက်ညှိုး က သူ့ မျက်နှာ နား နီးနီး လာသည် ။ သူမ ၏ မနားတန်း စကား များ ကြောင့် သူ စိတ်ရှုပ်ဟန် နဲ့ ခေါင်း ကုပ် လိုက်သည် ။

“ ဟာ ... နင် က စကား တတ်တိုင်း ဟာ ”

သူ ၏ စကား ကို သူမ ခပ်တည်တည် နဲ့ ခါးထောက် လိုက်ပြီး ...

“ ရှိတယ် .. မေထူးချွန် တို့ မှာ ရှိတယ် ... မပေါ်သေးတာ .. သူ့ ဟာ နဲ့ သူ ကပ်ပါ နေတာပဲ ” 

“ ဟာ ... ဘာတွေလဲ ဟ ” 

“ စကားလုံး အလှလေးတွေ ပြောတာ ... တလွဲ မတွေးနဲ့ ” 

သူ စိတ်ရှုပ်စွာ ခေါင်းကုပ် လိုက်သည် ။ သူမ ကို ဒီအတိုင်း စကား ပြော နေလို့ ကတော့ ဒီ တစ်သက် နိုင်ဖွယ် မရှိ ။ ထို့ကြောင့် ...

“ ဒီမှာ မေထူးချွန် ... ”

သူမ လှည့် ကြည့်ပါသည် ။

“ နင် ငါ့ ကို မချစ်ဘူးလား ” 

သူမ မျက်နှာ ရှုံ့မဲ့ ၍ တစ်ဖက် သို့ လှည့်သွားပြီး ခုနက အတိုင်း ခေါင်း ကို မော့ ကာ ...

“ သေတာပဲ အေးပါတယ် တော် .. ဒီလောက် ရှင်းပြတာ တောင် မရှင်းဘူး ဖြစ်နေတယ် ... ဟင်း ”

“ မဟုတ်ပါဘူး .. နင့် ကို ငါ ချစ်တယ် ဆိုတာ ဘုရားရှေ့ ကျိန်ဆို ကျိန်ရဲတယ် ... ငါ နင့် ကို တကယ် ချစ်မိ နေတာပါ ... တကယ် ချစ်မိ တာပါ ” 

“ ဟော တွေ့လား .. ဘုရား လည်း တ ရင်း ... လိပ်ဥ လည်း ပြရင်း လုပ်ချင်သေးတာ .. ဟင် ... ဒီလောက် ရှင်းပြ နေတာ မရှင်းသေးဘူး လား ... ဟင် .. ”

“ ရှင်းတယ် ... အယ် .. မရှင်းဘူး ”

သူ ၏ ကပေါက်တိ ကပေါက်ချာ စကားများ ။ နောက် မှ စိတ် ကို တည်ငြိမ်အောင် ထိန်းရင်း ...

“ မဟုတ်ဘူးလေ ... အဲဒါဆို .. နင် က ဟို မီးသွေးသည် အတွက် ငါ့ ကို အသုံးချ ချင်ယုံ သက်သက်လား ”

သူ ၏ မထင်မှတ်သော စကား ကြောင့် သူမ မျက်နှာ ရုပ်ချည်း တည် သွားသည် ။ နောက် မှ ခေါင်း ကို မော့ကာ ခါး ကို ထောက်ရင်း ပြန် ဖြေသည် ။

“ ဟုတ်တယ် ... ဟုတ်တယ် .. ကဲ .. ဘာ ပြောချင်သေးလဲ ”

“ ဘာ ... ” 

သူ ၏ အဖြေ စကား ကြောင့် မလိုအပ်ပဲ မျက်ရည်များ ဝိုင်း သွား မိ၏ ။ ကြည့်စမ်း ဟို လူ့ အတွက် သူ့ ကို အသုံးချခဲ့တာ တဲ့ ။ ဘယ်လောက်များ ဒေါသ ထွက်စရာ ကောင်းလဲ ။ သူမ ကို ကြည့်ပြီး ချက်ချင်း ဒေါသ ထွက် သလို နာကျည်း သလို ဖြစ်မိ သွား၏ ။ သူမ စကား ကြား မှ သူ က ဟိုလူ အတွက် နဲ့ လုံးဝ အသုံးချခံ လူတန်းစားကြီး ဖြစ်သွားရပြီ ။ မည်သည့် အတွက် အသုံးချ ခံရတာ လဲ ၊ သူ က ရော အသုံးချနေတာ သိလျက် နဲ့ ဘာလို့ ငြိမ် နေတာလဲ ။ စဉ်းစားရင်း ဒေါသ တို့ တလိမ့်လိမ့် တက်လာ၏ ။ နောက် ဘာကြောင့်ရယ် မသိ ။ အသား တဆတ်ဆတ် တုန်ပြီး လက်သီး ကို ကျစ်ကျစ် ပါ အောင် ဆုပ်ထား မိသည် ။ လည်ချောင်း ထဲ တစ်ခု ခု နင် နေ သလို တစ်ဆို့ဆို့ကြီး ဖြစ်နေ သလို ခံစားရ၏ ။

နောက် မှ အသံ ကို အတတ်နိုင်ဆုံး ထိန်း၍ အား တင်းရင်း ...

“ ဒီမှာ မေထူးချွန် .. နင့် ရဲ့အတ္တ အတွက် လူ တစ်ယောက် ကို ဒီလို အသုံး မချသင့်ဘူး ။ လူတိုင်း ဟာ သွေး နဲ့ ကိုယ် သား နဲ့ ကိုယ် နှလုံးသား ကိုယ်စီ နဲ့ ပါပဲ ... လူတိုင်း မှာ လည်း အချစ် ရှိတယ် .. အဲဒီ အချစ် ဟာ နင် ဟိုကောင် ကို ချစ်တဲ့ အချစ်မျိုး မဟုတ်ဘူး ... အပြစ် ကင်းတဲ့ ချစ်ခြင်း မေတ္တာ ပဲ ၊ အေး .. အဲဒီ ချစ်ခြင်းမေတ္တာ မျိုး နင့် မှာ မရှိဘူး မေထူးချွန် ”

သူ ၏ အသံ မှာ လိုသည် ထက် ပို ကျယ်ပြီး တုန်ရ င်နေပါသည် ။ သူမ က ငေးလျက် ။

“ ကိုယ့် ရဲ့လိုအပ်ချက် အတွက် တခြား လူတွေ ကို ခုတုံး လုပ် တာ မကောင်း ပါဘူး ... နင့် ရဲ့ အပြုအမူတွေ က ဟိုဘက် လှေနံ နင်း ချင် လို့ ဒီဘက် လှေနံ အားပြု သလို ဖြစ်နေပြီ ” 

သူမ သူ့ ကို ကြောင်ငေး ကြည့် နေသည် ။ ခံစားချက်များ ကူးစက် သွားသည် ထင့် ၊ သူမ မျက်ဝန်း ပေါ် တွင် လည်း ...

“ နင့် ကို ငါ နောက်ဆုံး တစ်ခု ပြောလိုက်မယ် ”

သူမ သူ့ ကို မျက်ရည်အဝိုင်းသား နဲ့ စိုက်ကြည့် နေ၏ ။ သူ က သာ သူမ ၏ မျက်နှာ ကို လက် နဲ့ တည့်တည့် ထိုး ပြီး ပြောချ လိုက်သည် ။

“ မင်း ကို ကြောက်သွားပြီ မေထူးချွန် ”

သူမ ဘာမှ မပြောပဲ ခေါင်းငုံ့ ငြိမ်သက် နေသည် ။ သူ လည်း သူမ ၏ အပြုအမူ ကို ပို၍ဒေါသ ဖြစ်ကာ နာကျည်းဖွယ် စကားများ ကို အသေအချာ စီ၍ အသံကျယ်ကျယ် နှင့် ဆက် ပြောလိုက်သည် ။

“ မင်း ဟာ တစ်ဖက် ကိုမ လွှတ်ချင် လို့ တစ်ဖက် ကို အသုံးချ ခဲ့တဲ့ ..  ”

သူမ အသံ ...

“ တိတ် ... ပတ်ဝန်းကျင် လည်း တိတ် ”

သူ က ဒေါသတကြီး အသံ မြှင့် ၍ ..

“ မြွေနှစ်ခွ နဲ့ လျှာဟောက်မ .. အယ် ... ”

ကိုယ့် ဖာသာ ကိုယ် ဖီလင်ကြီး နဲ့ ဒေါသတကြီး ပြောပြီး စကား မှား သွားသည့် အတွက် ကိုယ့် ဖာသာ ကိုယ် ကြောင် သွားမိ၏ ။ သူမ လည်း ရုတ်တရက် မို့ ကြောင်သွားသည် ထင့် ။ မျက်မှောင် ကြုတ် ၍ ...

“ ဘာရယ် ... ”

ဘာ ဆက် ပြောလို့ ပြောရမှန်း မသိ ဖြစ်သွားသည် ။ နောက်မှ အားတင်း ပြီး ဖီးလ် ပြန် ထည့်ကာ သူမ ၏ မျက်နှာ ကို လက်ညှိုး ထိုး ၍ သက်မ ကို ပြင်းပြင်း ဆောင့်ချ ရင်း ...

“ မင်း ဟာ လျှာနှစ်ဟောက် နဲ့ မြွေခွမ လို့ ပြောတာ ... ”

“ ဟား ဟား ဟား ... ငါ က ပဲ မြွေခွ ရ ဦးမယ် .. ဟားဟား ” 

သူမ သူ့ ဖာသာ သူ မြွေခွ ပြကာ သဘောကျစွာ ရယ်သည် ။ ထိုတော့ မှ သူ လည်း စကား ထပ် မှားသွား မှန်း သိပြီး ခပ်တည်တည် နဲ့ ထပ် အော်လိုက်သည် ။

“ နင့် ကို မြွေနှစ်ဟောက် နဲ့ လျှာခွမ လို့ ပြောတာ ”

“ ဟား ဟား ဟား ဟား ... ဟား ဟား ဟား ဟား ... အဟွတ် .. အဟွတ် ... မြွေနှစ်ဟောက်ဟီးဟီး .. လျှာခွမ တဲ့ ဟားဟားဟား .. ဟားဟား ... ”

သူမ ရယ်ရင်း မျက်ရည်တွေ ထွက် ချောင်းတွေ ဆိုး ပြီး လမ်း ပေါ် ဆောင့်ကြောင့် ထိုင် ကာ သူ့ ဗိုက် သူ နှိပ် ရင်း လှိမ့် ရယ် နေလေ၏ ။

သူ လည်း ပြောရင်း နှင့် လျှာနှစ်ဟောက် နဲ့ မြွေခွမ လား ၊ မြွေနှစ်ခွ နှင့် လျှာဟောက်မ လား အဓိပ္ပါယ် ကို ရုတ်တရက် ပြန် စဉ်းစားလို့ မရ ဖြစ်နေသည် ။ နောက်ဆုံး ဘယ်လိုမှ စဉ်းစားလို့ မရသည့် အဆုံး ...

“ အေး .. ငါ ပြောချင်တာ အဲဒါပဲ .. မြွေ ပါတယ် ၊ လျှာ ပါတယ် ၊ နှစ်ခွ ပါ တယ် ၊ မ ပါတယ် ... အဲဒါ နင် ပဲ ... အဲဒါကို အဆင်ပြေ အောင် စီ ပြီး နာ ပေ တော့ ... ဟင်း ”

ဟု ဆို၍ ခပ်တည်တည် လှည့် ထွက် လိုက်သည် ။ သူမ က တော့ လမ်းမ ပေါ် ဆောင့်ကြောင့် ထိုင်၍ လှိမ့် ရယ် နေတုန်း ။ သူမ ရယ်သံ က ပတ်ဝန်းကျင် ကို စီညံနေတုန်း ။

“ တောက် ... အပိုင်ကြီး ပြောရမယ့် အလှည့် ကျ မှ စာသား က မေ့ နေ ရတယ်လို့ ”

ရေရွတ်ပြီး တစ်လမ်းလုံး စဉ်းစား ကြည့်သည် ။

မြွေနှစ်ခွ နဲ့ လျှာဟောက်မ လား ၊ လျှာနှစ်ဟောက် နဲ့ မြွေခွမ လား ၊ မြွေနှစ်ဟောက် နဲ့ လျှာခွမ လား ၊ စဉ်းစား ၍ မရ ။

တောက် ... ဒီလောက် အပိုင်ကြီး မျက်ရည် တဝိုင်းဝိုင်း နဲ့ ပြော ရတာ ကို စာသား မေ့ နေရတယ် လို့ ။ အမှန်ဆို ထို စာသား မှန် ပါ က သူမ မျက်ရည်များ ဖြိုင် နေပြီ ။ ယခု လည်း မျက်ရည် တော့ ဖြိုင်ပါရဲ့ ၊ ဒါပေမယ့် ရယ် လို့ ကျတဲ့ မျက်ရည်များ သာ ဖြိုင် နေတာ ။

သူ အသေအချာ ပြန် စဉ်းစား ကြည့်သည် ။ မြွေ ပါတယ် ၊ လျှာ ပါ တယ် ၊ မ ပါ တယ် ၊ နှစ်ခွပါတယ် ။ အဲဒါ ဘာလဲ ။ အဖြေ က မထွက် ။

အို ... အခု စဉ်းစား လို့ ရတော့ ရော လက်ညိုး ငေါက်ငေါက် ထိုး ဘယ်လို ပြန် ပြောလို့ ရတော့မှာ လဲ ။

လျှောက်သည့် ခြေလှမ်းများ ဦးတည်ရာ မဲ့ နေသည် ။

သူမ က ရော ... ၊ ဆီ ကုန်နေသော ကား တစ်စီး နှင့် မည်သို့ ကျန်ခဲ့ မည်နည်း ။

အို ... နေပါစေ .. ဒီလို ကောင်မလေးမျိုး ဒီလို ဖြစ်တာပဲ အေး မည် ။ ဓာတ်ဆီ ရ သွားရင်တော့ ငပလီ ပဲ ဆက် လိုက် သွားမလား ဒါမှမဟုတ် ရန်ကုန် ကို ပဲ လှည့်ပြန် လာ မလား သူ မသိ ။ သူမ မပြော နှင့် သူ ပင် ရန်ကုန် ရောက် အောင် ဘယ်လို ပြန်ရမယ် မှန်း မသိသေး ။ ဖြတ်သွား ဖြတ်လာ ကားများ က တဝီဝီ မြည်ကာ ပေတစ်ရာ လမ်း မှာ မစဲ ကားသံပဲ လုပ်ရင်း သူ့ ကို ဖြတ်ကျော် ကုန်၏ ။

သူမ ၏ အနား မှာ လည်း ထို ကဲ့သို့ ပင် ကား တစ်စီး ပြီး တစ်စီး ဖြတ်သန်း သွားပေ လိမ့်မည် ။ သူမ က လည်း တစ်စီး ပြီး တစ်စီး ဖြတ် တား နေပေ လိမ့်မည် ။ ထိုမှ မဟုတ်ရင် လည်း သူ ပြောခဲ့သော လျှာ ပါတယ် ၊ မြွေ ပါတယ် ၊ နှစ်ခွ ပါတယ် ၊ မ ပါတယ် ဟူသော စကား ကို ပြန် ကြားယောင်ရင်း လိမ့် နေ အောင် ရယ်နေ မလား ။ မည်သို့ပင်ဖြစ်စေ ယခုတော့ သူမ ရော သူ ပါ ဒုက္ခ ရောက် နေရပြီ ။ ဤကဲ့သို့ အခြေအနေမျိုး ကို သူမက သာ ဖန်တီးခဲ့သည် မဟုတ်ပါလား ။

သူ က ရော ... ။

သူ လည်း သူမ အပေါ် သံယောဇဉ် မရှိ ခဲ့ လျှင် ၊ စိတ် ထဲ က ကျိတ်ပြီး မချစ် မိ ခဲ့ လျှင် ဤကဲ့သို့ အဖြစ်မျိုး ကြုံနိုင်ပါဦးမည် လား ။ ယခု သူမ နှင့် နှစ်ယောက် ထဲ ထွက် လာ မှ မည်သို့အချစ်စိတ်များ ရုန်းကြွ လာ သနည်း ။ သူ စဉ်းစား၍ မရ ။

ဘယ် အချိန် မှာ ချစ်မိ သွားတာလဲ ။

သူ မသိ ။

သူ ၏ ခြေလှမ်းများ ဦးတည်ရာ မဲ့ တုန်း ။

“ တီ ...တီ ... တီ ... တီ ... တီ ”

ဒရကြမ်း နှိပ် လာသော ကား ဟွန်းသံ ကြောင့် သူ လှည့် ကြည့်လိုက်သည် ။

“ ဟာ ...”

သူ့ ထံ ဦးတည်၍ ဒရကြမ်း မောင်းနှင် လာသော သူမ ၏ ကား ကို မြင်တော့ သူ လန့် သွားရ၏ ။

“ တီ ...တီ ... တီ ... တီ .. .တီ ”

“ ဟင် ... ”

ကား က ဦးတည်ချက် မပြောင်းလဲ ဘဲ အရှိ န်ပြင်းစွာ ပြေးဝင် လာ သည် ။ အနား ရောက် တော့ သူ အလန့်တကြား ခုန် ရှောင် လိုက်သည် ။ သူမ ၏ ကား လည်း သူ့ နား ရောက် မှ ကျွိခနဲ ဆွဲ ကွေ့ သွား၏ ။ အရှိန် က လုံးဝ မလျှော့ ။ ကားတံခါး မှ နေ၍ လက်ထုတ် ပြ ကာ ...

“ သွားပြီ ... မြွေနှစ်ခွ နဲ့ လျှာဟောက်ထီး ရေ့ ... ဟား ဟား ”

ဟု အော်ရင်း ရန်ကုန် ဘက် သို့ ဒရကြမ်း မောင်းထွက် သွား၏ ။ ကား က တခဏချင်း ပင် မြင်ကွင်း က ပျောက်ကွယ် သွားတော့၏ ။

“ တောက် ... ကောင်မ မြွေခွမ ဘယ်က ဓာတ်ဆီ ရသွားလဲ မသိဘူး ”

ဟု ကြိမ်ဆဲ ရေရွတ်ရင်း သူမ သွားရာ လမ်းကလေး ဆီ သို့ ငေးကြည့် နေ မိသည် ။ ကားလေး က တော့ မီးခိုး ပင် မမြင်ရတော့ ။ သူမ က တော့ ဟုတ် သွားပြီ ၊ သူ က သာ ဘယ်ကဘယ်လို ပြန်ရမှန်း မသိသေး ။ ညနေ ၏ နေရောင် က လည်း တဖြည်းဖြည်း နှင့် သူ့ ကိုယ့် သူ မှိန်ဖျော့ ချရန် တာစူ နေပြီ ။ ဖြတ်သွား ဖြတ်လာ ကားများ က ကျဲပါးစ ပြုနေပြီ ။ သူ ဘာမှ မတတ်နိုင်တော့ ။ သက်ပြင်း ချ ၍ ခြေလှမ်း ကို ပြန် စလိုက်သည် ။ ယခုတော့ သူ့ တစ်ယောက် တည်း ၊ လမ်းမ က ရှည်လျား ဆဲ ။ ဤသို့သာ ပေါ့ ။

ချစ်ချင်းမေတ္တာ ဆိုတာ ဘယ်အချိန် မှာ ဘယ်လို ဝင်ရောက်လာ မှန်း မသိပေမယ့် သူမ ကို တွေ့တိုင်း သံပတ် အပေး ခံရသူ လို အလိုလို တက်ကြွ နေ မိသည် ။ သူမ ကို မတွေ့ရှိချိန်များ ကို လည်း လွမ်းဆွေးရ ကောင်းမှန်း မသိ ပေမယ့် သတိရ စိတ် က အလိုလို နေရင်း ရင် ထဲ ရောက် နေ တတ်သည် ။ တစ်ယောက် ကို တစ်ယောက် ချစ် တယ် လို့ ဖွင့် ပြောဖို့ ဆိုတာ က လည်း လွယ်လှသည့် အလုပ်တော့ မဟုတ် ။ ဈေး ထဲ က သမာဓိ ချိန်ခွင်လျှာ လို နှစ်ဖက် အနား ညီ မှ ပြောလို့ ဖြစ်သည် မဟုတ်ပါလား ။ အခုတော့ ကိုယ် တစ်ဖက် ထဲ အလေး သာ ပြီး ပြောချင်ရာ ပြောခဲ့မိသည့် အတွက် အရှုံး နှင့် ရင်ဆိုင်ခဲ့ ရပြီ ။ ထို စကား တစ်ခွန်း သည် သူ ၏ နှုတ် ပေါ် သို့ ဘယ်အချိန် ရောက်ရှိ လာသနည်း သူ မသိပါ ။ သူ သတိထား မိချိန် တွင် ထို စကား ကို သူ ပြောပြီး နေပြီ ။

ကြိုတင် ကြံစည်ထားခြင်း ၊ ရည်ရွယ်ချက် ထားခြင်း လုံးဝ မရှိခဲ့ပါ ။ သူမ ပြောခဲ့ သလို ပွဲလန့်တုန်း ဖျာခင်း ခဲ့ခြင်းလည်း အလျင်း မဟုတ်ခဲ့ပါ ။ အဘယ်ကြောင့် ဆိုသော် သူမ အား မည်သည့် အချိန် က မှ ချစ်သူ အဖြစ် စိတ်ကူး မယဉ်ခဲ့ဖူး၍ ဖြစ်သည် ။ မချစ်၍ လား ။ မဟုတ်ခဲ့ပါ ။ ချစ်ပါသည် ။ သို့သော် ...

မည်သည့် အချိန် မှာ စ ချစ်ခဲ့ခြင်း ကို သူ ကိုယ်တိုင် မသိခဲ့ခြင်း ကြောင့် ဖြစ်သည် ။ ‘ ဖျတ် ’ ခနဲ လမ်းဘေး ဓာတ်တိုင် မှ အလင်းရောင်များ တောက်ပ သွားသည် ။ ထိုတော့မှ သူ လည်းပတ်ဝန်းကျင် တစ်ခုလုံး မှောင်မည်း နေကြောင်း သတိထား မိ၏ ။ ရုတ်ချည်းပင် အကြောအချင်များ တောင့်တင်း လာ သလို ခံစားရ၏ ။ တစ်ကိုယ်လုံး ချွေးများ လည်း ရွှဲနစ် နေသည် ။

“ ရေ ... ရေ ဆာတယ် ”

လတ်တလော ဖြစ် နေသော ခံစားချက်များ ချက်ချင်း ခန္ဓာကိုယ် ကို ပြန် ပူးကပ် လာသည် ။ အနီးအနား တွင် လူနေအိမ်များ လည်း မရှိ ၊ ဖြတ်သွား ဖြတ်လာ ကားများ လည်း မရှိ ။ လမ်းမ ပေါ် တစ်ယောက် တည်း အိမ် အပြန် လမ်း က ရှည်လျှား ဆဲ ။

ကြောက်စိတ် မဟုတ် သော် လည်း သိမ်ငယ်စိတ် ကြောင့် ဇောချွေး တို့ ထွက်လာ၏ ။ လမ်းဘေး မှာ ပဲ လှဲအိပ် နေရတော့ မှာ လား ၊ လမ်း ပဲ ဆက် လျှောက်သွား ရတော့မှာ လား မဝေခွဲ နိုင် ။ ကိုယ့် ခြေထောက် ကို ကိုယ် ပြန် မသယ်နိုင် လောက် အောင် လေးလံ နေသည် ။ မောပန်းနွမ်းနယ်စွာ ခြေလှမ်း ကို ခေတ္တ ရပ်နား လိုက်သည် ။

“ မောတယ်ကွယ် ”

ထိုစဉ် ...

“ ဟာ ... ”

သူ နှင့် မျက်နှာချင်းဆိုင် မှ လမ်း ပြောင်းပြန် မောင်းနှင် လာသော ကား တစ်စီး ။

မည်သည့် အတွက်ကြောင့် လမ်း ပြောင်းပြန် မောင်း နှင် လာမှန်း မသိ ။ ခပ်ဝေးဝေး က ဆိုတော့ သိပ် မသဲကွဲ ။

“ အလို ... ”

ခပ်လှမ်းလှမ်း ရောက် မှ ကား က ဘက် ဂီယာ နှင့် အရှိန် ပြင်းစွာ ပြန် ဆုတ်လာမှန်း သိရသည် ။

“ ဟင် ... ”

သူမ ၏ ကား ... ။ သူမ ၏ ကား မှန်း သိချိန်ဝယ် ကား က သူ့ ကို နောက် ဆုတ်လျက် ပင် ဝှီးခနဲ ဖြတ်ကျော် သွား၏ ။

“ အဲ ... ”

ကား က သူ နှင့် ခပ်လှမ်းလှမ်း တွင် ကျွိခနဲ ရပ် သွားသည် ။ နောက် အရှေ့ သို့ “ ဝှီး ” ခနဲ ပြန် မောင်း ပြီး သူ့ အရှေ့ ခပ်လှမ်းလှမ်း တွင် ရပ်သွား ပြန်၏ ။ သူ့ ကား မောင်းပုံ ကြည့်ရသည် မှာ အရှေ့ ရောက် လိုက် အနောက် ရောက် လိုက် နှင့် ဘုန်းကြီးပျံ ဧယဉ်ကျူး နေ သလို ။

ကားလေး လုံးဝ ရပ် သွားတော့ မှ သူ ကားလေး ဆီ သို့ ဝမ်းသာအားရ ပြေး သွား လိုက်မိသည် ။ နောက် ကားတံခါး ကို ဆွဲ ဖွင့် လိုက်စဉ် ...

“ နေဦး ... ”

သူမ ၏ပြတ်တောင်းတောင်း အသံ ။ သူ တံခါး ကို ကိုင် ပြီး သူမ ကို ကြောင် ကြည့် နေမိသည် ။

“ နင် နဲ့ ငါ အခုမှ စ တွေ့တယ် လို့ သဘော ထား နိုင်မှ ကား ပေါ် တက်ပါ ”

သူမ ၏ အသံ က နူးညံ့မှု တော့ လုံးဝ မရှိ ။ သူ ဘာမှ မပြောဘဲ ကား ထဲ ဝင် ထိုင် လိုက်သည် ။ သူမ ၏ စကား ကို လည်း ဂရု မစိုက် နိုင် ။ ယခု အချိန်တွင် အရေးကြီး သည် က အိမ် ပြန် ရောက်ဖို့ သာ ။

သူ ကား ပေါ် ရောက်သည် နှင့် ကားလေး က ဝူးခနဲ မောင်းထွက် သွား တော့၏ ။ သူ ကားပေါ် တွင် ပက်လက် လှန် ရင်း ခေတ္တ အမောဖြေ လိုက်သည် ။ အတန်ကြာ မှ ...

“ မေထူးချွန် ...”

သူမ ဘက် မှန် ထဲ မှ သူ့ ကို ကြည့်သည် ။

“ ငါ နင့် ကို ခုမှ တွေ့တယ် လို့ သဘော ထားပြီ ထားပါတော့ ... နင် က ရော ..”

သူမ ထံ မှ ခပ်တိုးတိုး ရယ်သံ ကြား ရ၏ ။ ပြီးနောက် သူ့ အိတ်ကလေး ကို ကား မောင်းရင်း ဖွင့် ရှာ ကာ ဓာတ်ပုံ တစ်ပုံ သူ့ ထံ ပစ် ပေးလိုက်သည် ။

“ ရော့ ... အဲဒီမှာ ကြည့် ”

သူမ ပစ် ပေးသော ဓာတ်ပုံ ကို ယူ ကြည့် လိုက်ရာ ...

“ ဟင် ...”

ဓာတ်ပုံ ထဲ တွင် သူမ အပါအဝင် နောက်ထပ် နှစ်ယောက် ပေါင်း သုံးယောက် ရပ်နေပြီး ထိုသုံးယောက် အနောက် နား မှာ မှ ခုံတန်းလေး တစ်ခု ပေါ် ထိုင်နေသော ကျွန်တော့ ပုံ ။

“ ငါ နင့် ကို ကျောင်း ကတည်း က သိတယ် ”

သူမ ၏ အသံ ။ ပြီးနောက် ကျယ်လောင်စွာ ထွက်ပေါ် လာ သော သီချင်း သံ က Willie Nelson ရဲ့ Always On My Mind သူ ကြည်နူး စိတ် နဲ့ ကြည့် လိုက်တော့ သူမ ကား ဒက်ရှ်ဘုတ် ပေါ် တွင် ကား ...

“ ဟင် ... ဗျောက်အိုး ... ဗျောက်အိုး တွေ ”

သူမ က တော့ မသိချင် ယောင် ဆောင် ၍ ...

သူ သာ တွန့်သင့်သည့် နေရာ အားလုံး တွန့်တက် သွား၏ ။

ထို အချိန် မှ ထွက်ပေါ် လာသော သီချင်းသံ က ...

“ ရွှေရော ငွေရော ××× ငါ ဆင် ပေးထားတာ ××× အဖေ ရော ××× အမေ ရော ××× ”

လေးစားစွာ ကြိုးစားလျက်

◾အကြည်တော်

📖 ကျွန်တော့် ချစ်သူ ပြောသော သူ့ ချစ်သူ အကြောင်း

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment