❝ အလွမ်း၌ မွေ့လျော်ခြင်း ❞
မိုးငွေ့ များ ပါးလျား လာသည် နှင့် ဆောင်းရနံ့ ကို ခံစားရှူရှိုက်ရမြဲ ပင် ။ မြောက်ပြန်လေ တွင် အအေးဓာတ် သည် စိမ့်ဝင် နေ၏ ။ လမ်း တစ်လျှောက်လုံး စည်းရိုး ပမာ ဖြစ် နေသော ပုဏ္ဍရိက်ပင်တန်း သည် နှင်းရည်များ ဖြင့် စွတ်စို လျက် ။ သစ်ရွက်စိမ်းမြ ပေါ် တွင် နီရွှန်းသော ပန်းပွင့်များ အစီအရီ ဖူးပွင့် နေကြသည် ။ ချိုင့်ခွက် များသော လမ်း ကို သတိထား လျှောက် နေ ရပေမယ့် စိတ် အတွေး တို့ သည် လွင့်ပျံ့လျက် ရှိ၏ ။
မတွေ့ဘဲ နေကြရင် မကောင်းဘူးလား လို့ …. ။
အကြိမ်ကြိမ် စိတ်ကူး သော်လည်း ပြော မထွက်ခဲ့ ။ တကယ်တမ်း မတွေ့ ရတော့ နှလုံးအိမ် တွင် ဆွတ်ကျင် စွာ ခံစားရ လေသည် ။ မတွေ့ရတာ ကြာပြီလေ ။ တစ်စုံ တစ်ရာ အသိ မပေးဘဲ ဘာ အကြောင်း ကြောင့် မျှ သည်သို့ ပျောက်ကွယ် မနေခဲ့စဖူး ။ ဘာလို့များလဲ ။ မအားလို့လား ။ ဖျားနာ နေသလား ။ တယ်လီဖုန်း တော့ ဆက်သင့်တာပေါ့ နော် ။ ဆေးရုံ တာဝန် အပြီး မှာ ကိုယ့် ဆီ ရောက်လာ တတ်တဲ့ သူ ။ ဆေးခန်း အသစ် မှာ ထိုင်နေ ဖြစ်ပြီလား ။ ဆေးရုံ နှင့် ဆေးခန်း ကူးသန်းရင်း မအားရအောင် အလုပ် များ နေသလား ။ သူ သိပ် ပင်ပန်းမှာ ပဲ ။ ဒါမှမဟုတ် ကိုယ် နှင့် မဆုံဖြစ်အောင် ကြိုးစားရင်း ညနေတိုင်း သိမ်ဖြူ တင်းနစ်ကွင်း ကို ရောက်နေ မလား ။ အသင်းတိုက် မှာ ဘီယာဝိုင်း ပဲ ဖွဲ့နေ မလား ။ အင်းလျားလိတ် ၊ နမ်စင်း ၊ မေဥယျာဉ် ။ တစ်နေရာ ရာ မှာ အပေါင်းအသင်းတွေ နှင့်ဆုံနေ ဖြစ်သလား ။ ညနေတိုင်း ရောက်လာ တတ်သူ ကို ရောက်တတ်တဲ့ ညနေတိုင်း မျှော်လင့် မိသည်လေ ။ တွေ့တော့ လည်း ရင်မောသည် ။ မတွေ့တော့ လည်း မျှော်မောရ ပြန်သည် ။
သူ့ အကြောင်း တစ်စွန်းတစ်စ သိလို သိငြား ဆရာ့ ဆီ ရောက် သွား ခဲ့ပေမယ့် နှုတ်ဖျား က ထုတ် မေး ဖို့ ကို တော့ လိပ်ပြာ မလုံချင် ။ မိတ်ဆွေ တစ်ဦး တစ်ယောက် အဖြစ် မေးမြန်း သလိုမျိုး ပင် ဟန် မဆောင်နိုင် ။ ကိုယ်တို့ နှစ်ယောက် ရဲ့ အခြေအနေ ကို သိလျက် နှင့် နားမလည် သူတွေ ထဲ မှာ ဆရာ လည်း တစ်ယောက် အပါအဝင် ဖြစ် မည် ထင်ပါရဲ့ ။ မပွင့်လင်း ရဲ သော အဖြစ်ပေပဲ ။
“ ကျော်ဆွေဟန် လာ သေးလား ” တဲ့ ။
“ ဟင့်အင်း …. မလာတာ ကြာပြီ ”
ပြန်ခါနီး မှာ ဆရာ က မေး သည် ။ စိတ် လှုပ်ရှားစွာ ဖြေပြီး မှ တမ်းတ မျှော်မောသံများ ပါ သွား သလား လို့ ရှက်ရွံ့မိ သေးသည် ။
“ ဆရာ့ ဆီ လည်း ရောက် မလာဘူး ။ ချင်းတောင် ကို ပြောင်းရခါ နီးပြီ ထင်တယ် ။ သူ့ အိမ် က သဘော မတူလို့ ပြဿနာ ဖြစ်နေတယ် လို့ တော့ ကြားတယ် ”
အပြည့်အဝ ပြော မလာပေမဲ့ သူ့ မှာ အကြောင်းကိစ္စ တစ်ခု ခု ရှိနေပြီ ဟူ၍ သိ လိုက်သည် ။ ဆရာ့ မျက်လုံးများ တွင် တစ်စုံတစ်ရာ ကို ဖုံးကွယ် ထားသည့် အရိပ်များ ယှက်သန်း နေ သလိုပင် ။ မမရီ က တော့ ခြံဝ အထိ လိုက်ပို့ရင်း ...
“ မေသက် နဲ့ ကိုကျော်ဆွေဟန် တို့ အခြေအနေ က ဘယ်လိုလဲ ” ဟု မေးခဲ့သည် ။ မျှော်လင့် မထားသော မေးခွန်း မို့ အံ့အားသင့် နေမိသည် ။
“ ဟင့်အင်း ... မမရီ ဘာဖြစ်လို့လဲ ”
တစ်စုံတစ်ရာ မဖြေဖြစ်ဘဲ မမရီ ကို ပြန်လည် မေးခွန်း ထုတ်ခဲ့မိသည် ။ ဖြေစရာ စကား လည်း အဆင် သင့် မှ ရှိ မနေဘဲ ကွယ် ။ “ မဟုတ်ပါဘူး ၊ မေး ကြည့်တာပါ ” လို့ ပြန် ပြောသည့် မမရီ ၏ စကားသံ နောက် တွင် လျှို့ဝှက်မှုတွေ ရှိ နေလိမ့်မည် ဟု ထင်ပေမယ့် တစ်ခု ခု ကို ကောက်ချက် မချရဲ ။ မတွေးရဲ ။ ရင် တွင် လှုပ်ရှား နေခဲ့ လေသည် ။
မှိုင်းပြာသော ကောင်းကင် နောက်ခံ တွင် မှုန်ဝေစွာ လဲလျောင်း နေသော အင်းလျားကန်ပေါင် ကို မြင်ရ၏ ။ လမ်းထိပ် ကို ရောက် လာခဲ့ ပြီပဲ ။ လမ်းထောင့် ရှိ ခရေပင်ကြီး မှာ ကြီးမားအိုမင်း သော်လည်း အရွက်များ စေ့စေ့သိပ်ဆဲ ။ သင်းကြူသော ခရေရနံ့ သည် ဝန်းကျင်သို့ ပျံ့လှိုင်နေ၏ ။ နင်းလိုက် မိသော သစ်ရွက်ကြွေ အချို့ သည် စိုပျော့ နေ၍ မြေသား အတွင်း သို့ နစ်ဝင်သွားသည် ။ ညာဘက် သို့ ကွေ့ချိုးရင်း ကန်ပေါင် နှင့် မျဉ်းပြိုင် လျှောက်သည် ။ ဦးတည်ချက် မဲ့သော ခြေလှမ်းတို့ သည် တစ်လှမ်းချင်း လေးတွဲ့စွာ ။ အဆောင် ကို လည်း မပြန် ချင်သေး ။ သည်လို ညနေခင်းတွေ မှာ အဆောင် မှာ နေချင်စိတ် မရှိ ။ ရက်ပိုင်း အတွင်း ရောက်ရှိ လာသော ဆောင်းဦးညနေ တို့ သည် လွမ်းမောရီဝေ နေ တတ်၏ ။ ဆွတ်ပျံ့ တမ်းမောမှု ကို ကြီးစိုး စေသော ကာလများပါပဲ ။ ဘာသာပြန် ကဗျာ တစ်ပုဒ် ရဲ့ အပိုင်းအစ တစ်ခု လိုပေါ့ ။
အသားမျှင် နဲ့ ဖွဲ့ရက် ထားတဲ့ အသိုက် တစ်သိုက် ထဲ မှာ ငှက် တစ်ကောင် ရှိလေရဲ့ သူ့ တောင်ပံတွေ က နှလုံးသား ရဲ့ အနီး မှာ တဖျပ်ဖျပ် ရိုက်လို့ အဲဒီ ငှက် ရဲ့ နာမည် က ‘ စိတ်လေခြင်း ’ တဲ့ ။
တစ်ယောက် တည်း ရှိ နေတော့ မှ အဖော် အဖြစ် မှီတွယ်နိုင်ခြင်း ၏ တန်ဖိုး ကို ပိုလို့ နားလည် လာသည် ။ နံဘေး မှ ဖြတ် သွားသော ကားများ ကို သတိပြု ကြည့် မိ၏ ။ ကားပြာပြာ မြင်တိုင်း လှိုက်ခနဲ ရင်ခုန် သွား တတ်သည် ။ ရံဖန်ရံခါ ကား ပေါ် တွင် သူ့ အရိပ် ကို လှစ်ခနဲ မြင်လိုက်မိ သလိုပင် ။ အရွယ် ကြောင့်လား ၊ အခြေအနေ ကြောင့်လား မသိ ။ တည်ငြိမ် သိမ်မွေ့သော သူ့ ဟန်ပန် က မျက်လုံးအိမ် တွင် စွဲငြိ လို့နေသည် ။
“ ယောက်ျားတွေ ဟာ ပညာ တတ်လေ တွေဝေ လေပဲ ”
ခင်နွယ့် ဝေဖန် စကား ကို မကြာခဏ သတိရ နေ တတ်သည် ။ ရင် ကို စူးနင့် စေပေမယ့် ငြင်းပယ် နိုင်သည့် အင်အား မရှိပြန် ။ သူ့ ဘက် က ကာကွယ် ဖြေရှင်းချင်ပေ မယ့် ပြန်လည် မချေပတတ် ။ အသိုင်းအဝိုင်း ရဲ့ လွှမ်းမိုးမှု ဒဏ် ကို ဘယ်လောက် အထိများ တွန်းလှန် နိုင်ပါ့မလဲ ကွယ် ။
သာကေတမြို့ အစွန်အဖျား က သူ့ ဆေးခန်းကလေး ကို တစ်ခေါက် တော့ ရောက် ဖူးပါရဲ့ ။ ခုတင် တစ်လုံး ရယ် ၊ ခေါင်းအုံး ရယ် ၊ ခန်းစီးပြာပြာ ရယ် ၊ ဆေးဗီရို ခပ်လတ် လတ်တစ်လုံး ရယ် ။ ပြီးတော့ နုံချာနွမ်းပါးတဲ့ သူ့ လူနာ တွေ ... ။
မိဘ အဆက်အသွယ် နှင့် မြို့လယ် ဆေးခန်း တစ်ခု ခု မှာ နာမည် ချိတ်ပြီး ထိုင် နေနိုင်လျက် နှင့် သည်လို နေရာ မှာ ဆေးခန်းကလေး တစ်ခု ဖြစ်ပေါ် လာတာ အံ့သြစရာ လည်း ကောင်း ရဲ့ ။ မရှိနွမ်းပါးသူတွေ ရဲ့ မှီခို အားထားရာ ဖြစ်နိုင်ပါ့မလား လို့ သံသယ ဝင်ခဲ့မိ သေးသည် ။ သူ့ လူနာ တွေ အပေါ် ထားတဲ့ စေတနာ ကို မြင်ရတော့ လေးစားမိ တာ အမှန်ပင် ။ ရောဂါ ရှာဖွေဖို့ လိုတဲ့ လူနာတွေ ၊ ဓာတ်မှန် ရိုက်ရမည့် ဆေးရုံ တင် မှ ဖြစ်မည့် လူနာတွေ ကို အခမဲ့ စမ်းသပ်စစ်ဆေးပြီး ဆေးရုံ ကို ညွှန်ပြ ပို့ဆောင် ပေး ခဲ့တာ လေ ။ လူနာ များ သလောက် ငွေကြေး ပမာဏ အရ နည်း ခဲ့သော သည် ဆေးခန်းလေး မခိုင်မြဲ ခဲ့တာတော့ ဝမ်းနည်း စရာ ပင် ဖြစ်သည် ။ သား ပင်ပန်းသည် ဟု သူ့ မိဘတွေ ကန့်ကွက်ခဲ့သည် မဟုတ်လား ။ ပညာ တတ် တာ ၊ အခြေ အနေချင်း ကွာဟ တာ တစ်ခုတည်း နှင့် တော့ သူ့ ကို အပြစ်ဖွဲ့ဖို့ မသင့်ဘူး မဟုတ်လားကွယ် ။ ခင်နွယ် နှင့် ယု က သူ့ကို မပြတ်သား သူ ၊ စဉ်းစားတွေဝေ သူ တဲ့ ။ ကိုယ့် ကို သူငယ်ချင်းများ ရဲ့ အမြင် မှာ လည်း ပျော့ညံ့ သူ ၊ သို့မဟုတ် စိတ်ကူး အိပ်မက် ကို မွေ့လျော် သူ တဲ့ လေ ။ ကိုယ်တိုင် က သူတို့ တွေး သလို မတွေးမိ ပေမယ့် နူးညံ့သိမ်မွေ့ သော ပစ္စုပ္ပန် ကို အလျားရှည် ဆန့်ထား ချင်တာ ကို တော့ ရင် ထဲ က ဝန်ခံနေ မိလေသည် ။
••••• ••••• •••••
“ ဒီလိုပဲ နေသွား ကြတော့ မှာ လား ”
ခင်နွယ် မကြာခဏ ပြော တတ်သည့် စကား လေ ။ သူ ချင်းပြည်နယ် ကို ပြောင်းဖို့ လျှောက်ထားတဲ့ အခါက စ လို့ပေါ့ ။ ‘ ကိုယ် ဘာ တတ်နိုင်မှာလဲ ကွယ် ’ လို့ အေးစက် စက် နှင့် ငြိမ်သက် နေတတ်သည့် ကိုယ့် ကို ခင်နွယ် က ဒေါသ ဖြင့် အပြစ်တင် လို့ မဆုံး ။ တစ်ခုခု ပြန် ပြောမှ ဖြစ် မယ် လို့ စဉ်းစား မိ တော့ …. ။
“ နောက်တော့ လည်း ကိုယ့် လမ်း ကိုယ် လျှောက်ကြ ရမှာပေါ့ဟယ် ” လို့ ပြော ဖြစ်သည် ။ ခင်နွယ် က လက်မခံ ချင် ။
“ နင့် မှာ မိန်းမတွေ ရဲ့ မွေးရာပါ အတတ်ပညာတွေ မရှိဘူး ထင်ပါရဲ့ ” တဲ့ ။
ခနဲ့ သေးသည် ။
“ သိပ်ခင်တဲ့ မိတ်ဆွေတွေ ပါပဲ ခင်နွယ် ရယ် ”
ကာကွယ်မိ လျှင် တော့ ...
“ ကိုယ့် ကိုယ် ကိုယ် ညာ နေတာ လောက် လောက မှာ မိုက်တာမရှိဘူး ” တဲ့ ။ ပြန် ပြောစရာ စကား လည်း မရှိတော့ ပြုံး နေရ ပြန်တာပါပဲ ။
“ မိန်းမတွေ ရဲ့ဘဝ ဟာ ချစ်သူ ကို ချစ်တယ် လို့ ပြော နိုင်တဲ့ အခွင့်အရေး နည်းပါးပါတယ် ”
ဝတ္ထု တစ်ပုဒ် ထဲ က စာသားလေး ကို သဘောကျ နေ မိသည် ။ သူ့ ကို ရွတ်ပြ ချင် ပေမယ့် ထိုသို့ ရွတ် မပြနိုင် ခြင်းကို က မိန်းမသားတွေ မရ နိုင်တဲ့ အခွင့်အရေး ပဲ မဟုတ်ပါလား ။
ဆောင်းညနေ သည် ရီဝေဖျော့တော့ လို့ လာ၏ ။ မြကန်သာ ဘဏ်ရိပ်သာ တို့ ကို ကျော်ဖြတ် ခဲ့သည် ။ ကျိုးကျဲသော ဝါးရုံပင် ခြေရင်းတွင် စာဘုန်းကြီးဝါဝါ လေးများ ကို ချစ်စဖွယ် မြင်ရ၏ ။ ရိုးမရိပ်သာ ကို လွန် လာသည် ။ မာလာဆောင် ဝင်း ထဲ မှာ အဆောင် ကျောင်းသူ အချို့ ဘော်လီဘော ကစား နေကြ၏ ။ ကျောင်း ဝန်းကျင် တစ်ဝိုက် တွင် လှုပ်ရှားမှု လျော့ပါး သွား လေပြီ ။ ညနေစောင်း မို့ မစည်ကားတော့ သော် လည်း စိုပြည်ဆဲ ။
“ ကမ္ဘာ ပေါ် တွင် ငြိမ်သက်ခြင်း ရှိစေသတည်း ”
ယုဒသန်ရိပ်သာ မှ ခေါင်းစီး စာတန်း ကို လှမ်း မြင်ရ သည် ။ နှစ်ခြိုက်စွာ ဖြင့် တိုးတိုး ရွတ်မိ လေသည် ။ ကိုယ့် ဘဝ ရဲ့ မငြိမ်သက်တဲ့ အခြေအနေ ဟာ လည်း ဘယ်တော့ များ မှ ကုန်ဆုံး လွန်မြောက် သွားမလဲကွယ် ။ ကျောင်းလခ ၊ စာအုပ်ဖိုး ၊ အဆောင်ခ ၊ စားစရိတ် ၊ စပါး ပေါ်ချိန် မှာ စုဆောင်း ခြစ်ကုတ် ပြီး တစ်နှစ်စာ အတွက် အဖေ ပေးလိုက် သည့် ငွေ ။ တက္ကသိုလ် ကျောင်းသူ တစ်ဦး ရဲ့ လူတန်းစေ့ နိုင်ရန် မလွယ်ကူသော အခြေအနေ ။ လူမှုရေး အသိုင်းအဝိုင်း ပေါ် မူတည်ပြီး သတ်မှတ် ငွေ ထက် ပိုမို ကုန်ကျ သွားသည့် လ မှာ တော့ သေတ္တာ ထဲ မှ တက်ထရွန် ထဘီ အဟောင်းလေးများ လျော့ပါး သွားရပြန်သည် ။ တစ်ခါ တစ်ခါ မှာ တော့ ကျောင်း ဆက် မနေချင် လောက် အောင် စိတ်ပျက် မိသည် ။ ရွာ ကို ပြန် ပြေး ချင်သည် ။ သို့ပေမယ့် သမီး ကို ပညာ တတ် စေချင်သည့် အဖေ့ မျက်နှာ က တားဆီး ခုခံခဲ့စမြဲ ။
“ အမေတို့ ဆွေမျိုး ထဲ မှာ ဘယ်မှာ ပညာတတ် ရှိလို့လဲ ။ ပေးလာတဲ့ အခွင့်အရေး ကို လက် မလွှတ် သင့်ဘူး ။ သမီး ဘွဲ့ ရ လာတဲ့ အခါ အဖေ အနားယူမယ် ။ အခုတော့ သမီး အတွက် အဖေ အလုပ် လုပ် နိုင် ပါသေး တယ် ။ အဖေ့ မှာ သမီး ကို ဘာ အမွေ မှ မပေးနိုင်မယ့် အတူတူ ပညာအမွေလေး တော့ ပေးခဲ့ချင်တယ်ကွယ် ”
ကိုယ် ဆယ်တန်း အောင်စဉ် က အဖေ ပြောခဲ့သည့် စကား ။ ကျောင်း ပိတ် လို့ အိမ် ပြန်သည့် အခါ လယ်ကွင်း ထဲ ၊ ယာခင်း ထဲ က မထွက်သော အဖေ့ ကို မကြည့်ရက် လို့ မို့ ကျောင်း ပြန် မသွားတော့ဘူးလို့ ဆုံးဖြတ်မိ တိုင်း အဖေ ပြောတတ်သည့် စကား ။ ပညာ မဲ့ ခဲ့သော အဖေ့ ရင် ထဲ က ဝေဒနာ ကို ပျောက်ပြယ် စေချင်သည့် စိတ် ဖြင့် ကျောင်း တက် ခဲ့ရသည့် တက္ကသိုလ် ဟူသည် ကို ပျော်မွေ့ စရာ အရပ်ဒေသ တစ်ခု အဖြစ် မမြင်နိုင်တော့ ။ ကျောင်း မြန်မြန် ပြီး သွား ဖို့ သာ စိတ် မှာ ရှိခဲ့သည် ။ ကျောင်း တက် ရင်း အလုပ် တစ်ခု ခု လုပ်ချင် ပေမယ့် မသိ မကျွမ်းသော ဝန်းကျင် အရပ် တွင် ဝင် တိုးဖို့ ထင် သလောက် မလွယ်ကူ ။ ကြာတော့ လည်း ဖြစ်သလို နေထိုင် စားသောက် တတ် လာခဲ့သည်ပင် ။ အစာအိမ် ရောဂါကြောင့် ဗိုက်ခွဲ ရမည် ဆိုတော့ ကိုယ် သေရမည် ထက် တစ်နှစ်စာ ထဲ က ငွေ လျော့နည်း သွား မှာ ကို ပဲ စိုးရိမ်သည် ။ နောက်ဆုံးတော့ ဆေးရုံ ပေါ် ရောက်သွား ခဲ့ရပြီး သေမင်း လက် မှ သီသီလေး လွတ်မြောက် ခဲ့ရ၏ ။ ကံဆိုးသည် လား ၊ ကံကောင်းသည် လား မဝေခွဲနိုင်ခဲ့ ။ ထိုအခါ မှာ လည်း ရောဂါ ဝေဒနာ ထက် စိတ် အနာ က ပို၍ ခံစားရသည် ထင်၏ ။ နေမကောင်း သည့် အချိန် မှာ အဖေ့ ကို တွေ့ ချင်ပေမယ့် မတွေ့ နိုင် ။ အဖေ့ ကို အသိ ပေးလို့ မဖြစ် ။ အဖေ ရန်ကုန် လာ ဖို့ လည်း မဖြစ်နိုင် ။ စိတ် ဆင်းရဲမည် ။ လူ ပင်ပန်းမည် ။ ငွေ ကုန် မည် ။ သမီး ပညာ တတ် ဖို့အတွက် အဖေ သည်မျှအဆင်းရဲ ခံရသည် ပင် လွန်လှပေပြီ ။ သို့ မဟုတ်လျှင် သမီး အတွက် သောက ရောက်ရ ၊ ငွေ အတွက် ပူပန်ရ နှင့် တစ်သက်လုံး ချမ်းသာစွာ မနေခဲ့ ရသော အဖေ့ ကို စိတ်ဆင်းရဲမှု ပါ ထပ်ပိုး ပေးသလို ဖြစ်လိမ့်မည် ။ မိသားစု တစ်ခုလုံး ၏ တာဝန် ကို အဖေ တစ်ယောက် တည်း ထမ်း ဆောင် နေရသည် မဟုတ်လား ။
သည် အချိန် မှာ ဆရာဦးကျော်ခေါင် နှင့် သူငယ်ချင်း တွေ ဟာ ကိုယ့် အတွက် အားကိုး အားထား ပြုရာ ဖြစ်ခဲ့ သည် ။ သူ သည် လည်း ကိုယ့် ရဲ့ အားပေးဖော် ဖြစ်လာခဲ့ သည်ပေါ့နော် ။
အတွေး တို့ သည် ရုတ်တရက် ရပ်တန့် သွားရ၏ ။ ရင် ထဲ တွင် လှိုက်ခနဲ ဖြစ်သွားသည် ။ မျက်လုံး အိမ် တွင် ရင်းနှီးပြီး ဖြစ်သော အရိပ် တစ်ခု ။ စံရိပ်ငြိမ်လမ်း ထဲ မှ ချိုးကွေ့ လာသော ခိုပြာရောင် ဖီးယက်ကား ။ ကား သည် လမ်း နံဘေး မှာ ထိုးရပ် သွား၏ ။ သူ့ အကြောင်း ကို အမျှင် မပြတ် တွေး နေမိခဲ့သည် မှာ စိတ်ချင်း ဆက်သွယ် နေလို့ပဲ လားကွယ် ။ ကားတံခါး ဖွင့်ပြီး ဆင်း လာသော သူ့ အနီး သို့ ခြေလှမ်း ကို တိုးရွေ့ သွားမိသည် ။ ကြည်လင် ဝင်းသစ်သော အပြုံး ။ ဘာလို့ အကြာကြီး ခွဲထားခဲ့သလဲ ဟင် ။ သူ အဆောင် ကို ရောက်ခဲ့ပြီး ပြီပေါ့ နော် ။ သူ့ အနား မရောက်ခင် ခြေလှမ်းများ ရပ်သွားသည် ။
“ မေသက် နေကောင်းတယ် နော် ” တဲ့ ။
သည်လို နှုတ်ဆက်ဖို့ သူ အကြာကြီး ပျောက်ကွယ် နေခဲ့တာလား ။ အဖြေ ပေးရန် အားယူ နေမိဆဲ ။ စိတ်နှလုံး ကြည်နူးခြင်း နှင့် ကြေကွဲခြင်းကို တစ်လှည့် စီ ခံစားရ လေသည် ။
••••• ••••• •••••
ကိုယ့် ကိုယ် ကိုယ် သည်မျှ ထိခိုက် ခံစားလွယ်လိမ့် မည် မထင်ခဲ့ ။ ကား ပေါ် မှ ဆင်းပြီး လက်ဖက်ရည်ဆိုင် ထဲ ဝင်လာသည် အထိ စကား ဟဟ မဆိုမိ ။ သူ သည် လည်း ခါတိုင်းထက် ပို၍ ငြိမ်သက်နေသလိုပင် ။ ဆိုင် အပြင် ဘက် တောင်ပိန္နဲပင် နံဘေး ရှိ စားပွဲ တွင် နေရာ ယူ လိုက် ကြသည် ။ ခါတိုင်း ညနေတွေ လို ပဲ ပေါ့ ။ နှစ်ဦးသား စကားများများ မဆိုဖြစ်ကြဘဲ ၊ နေရာ အနှံ့ လည်း မသွား မလာ ဖြစ်ကြဘဲ နှစ်ဦးသား အကြည့်များ မှ နှလုံးသား အသိများစွာ ဖလှယ်မိကြတဲ့ အဖြစ်ပဲကွယ် ။ ရှေ့ ဆက်ဖို့ မကြိုးစားဘဲ နောက် လည်း မဆုတ်ဖြစ်နိုင်ဘဲ ပစ္စုပ္ပန် ကို ကြည်နူး နေမိသည် ပေါ့ နော် ။
“ မေသက် ”
စူးရှဝေသီ သည့် မျက်လုံး အကြည့်များ ကို ရင်မဆိုင် ရဲ ။ နှလုံးအိမ် မှာ လှိုက်မော လာရ၏ ။ လမ်းမ ဘက် ကို ငေးနေ လိုက်သည် ။
“ ကိုယ် ချင်းပြည်နယ် ပြောင်းရတော့မယ် ”
အို ... နှလုံးအိမ် တွင် စူးနင့်စွာ ။ သူ တကယ်ပဲ သွား ရတော့မယ်ပေါ့ ။ တစ်စုံတစ်ရာ ပြန် ပြောချင်ပေမယ့် ပြော နိုင်သည့် အင်အားများ ဆိတ်သုဉ်း သွားပြီ ထင်ရ၏ ။
“ ဘာကိုမှ မတွေးဘဲ လောကကြီး မှာ သက်သာ သလို နေကြည့်စမ်းပါ ” တဲ့ ။ ဆရာ့ သူငယ်ချင်း ဒေါက်တာ ကျော်ဆွေဟန် ပေါ့ နော် ။ ကိုယ့် ရဲ့ ဘဝ မှာ ဘယ်တော့မှ မေ့ပျောက် ကျေပျက် သွားမှာ မဟုတ်တဲ့ ကျေးဇူးရှင်တွေ ပေါ့ကွယ် ။ ဘဝကံ မလှပေမယ့် မလှတဲ့ ဘဝ ကို ပဲ ပြုစု မွမ်းမံ ကူညီဖေးမ ပေးမယ့် သူတွေ ရှိနေခဲ့ တဲ့ မေသက် ရဲ့ ကုသိုလ် ကံ လောက် ဘယ်သူများ ကောင်းနိုင်ဦးမလဲ ကွယ် ။
“ ကိုယ် မေသက် ကို စကား တစ်ခွန်း ပြောချင်တယ် ။ ပြောသင့် မပြောသင့် အချိန် ယူပြီး စဉ်းစားခဲ့တယ် ။ ဒါပေမဲ့ အခု အချိန် ကျ မှ တော့ ကိုယ် မေသက် ကို ဒုက္ခ မပေးချင်တော့ဘူး ”
ခန္ဓာကိုယ် တွင်း သွေးတို့ သည် လျင်မြန်စွာ လည်ပတ် စီးဆင်းနေ၏ ။ ရင် ထဲ မှ နှလုံးခုန်သံ ကို ကျယ်လောင် စွာ ကြား နေရသည် ထင်၏ ။ မျက်လုံး အကြည့်များ က မတည်ငြိမ်ချင် ။ တစ်နေရာ တည်း သို့ စူးစိုက် ထား၍ မရ ။ ငှက်ပျောတောအုပ် ၊ မြက်ခင်းစိမ်း ၊ စည်းရိုး ပေါ် မှ ဆက်ရက်ကလေး တစ်ကောင် ၊ လက်ဖက်ရည်ပန်းကန် ၊ သူ့ လက်ဖမိုး ပေါ် မှ မွေးညင်းနုလေးများ ။ ဆိုင် အတွင်း မှ ‘ တစ်ဆောင်းသစ်ပြန်ပြီ ’ သီချင်း က လှိုက်ပျံ့ လို့ လာသည် ။ သူ့ စကား အဆက် ကို မျှော်လင့် စိုးထိတ်စွာ စောင့်စား မိ သည် ။
“ ကိုယ် လက်ထပ်တော့မယ် ”
ဆတ်ခနဲ တုန်လှုပ် သွားသည် ကို မထိန်းချုပ် လိုက် နိုင် ။ သူ့ကို အံ့အားသင့်စွာ ငေးစိုက် မိသည် ။ ရှက်ရွံ့ ဝမ်းနည်းစွာဖြင့် ခေါင်း ကို ငုံ့လိုက် မိသည် ။ တည်ငြိမ် သော မျက်နှာပြင် တွင် ကြေကွဲရိပ်များ ကို ရှာဖွေ တွေ့လိုက် ရသည် ထင်၏ ။
ဝမ်းသာပါတယ် ။ ဘယ်သူ နဲ့ လဲ ဟင် ။ ဘယ်တော့လဲ ။ ရှင် လက်ထပ် တာ ကျွန်မ နဲ့ ဘာဆိုင်လို့လဲ ။ တစ်ခု ခု ပြန် မပြောနိုင်တာ ကို သူ နားလည်မည် ထင်ပါရဲ့ ။ ကိုယ့် ဘဝ အတွင်း ကို ဝင် လာ မလို နှင့် အဝေးကြီး ရောက် သွားခဲ့ပြီပေါ့ ဦးကျော်ဆွေဟန် ရယ် ။
“ ခုများဖြင့် အသည်းကြွေပြီ ၊ ဪ .. ခုများဖြင့် အသည်းက ကြွေပြီ ၊ လွဲသွေဖည် ရှောင်တိမ်း ၊ စိမ်းမြမြ ”
သီချင်းသံ က ရင် ထဲ အသည်း ထဲ တိုင်အောင် စိမ့် ဝင် စီးမျော သွား၏ ။ နေ အဝင် စော သော ဆောင်း ညနေ သည် ရုတ်ခြည်းပင် မှောင်ကျ သွား လေသည် ။ ဪ ရင်ဆိုင် လျှောက်လှမ်း လာပေမယ့် ဆုံတွေ့ပြီး ခဏ အတွင်း မှာ ပဲ ကျောခိုင်း ဝေးကွာ သွားရ ပြန်သည် ။ ဒါကြောင့်မို့ ဆရာ နဲ့ မမရီ တို့ အမူအရာ ထူးခြားနေ ခဲ့တာ ပေါ့နော် ။
“ ကိုယ် မေသက် ကို နားလည် သလို ကိုယ့် ကို လည်း မေသက် နားလည် စေ ချင်တယ် ”
ရင်ဝ တွင် တစ်ဆို့ နေ သဖြင့် တစ်စုံတစ်ရာ ပြန် မပြောနိုင် ။ သူ့ အပေါ် အပြစ်ဖွဲ့ နာကြည်းခြင်း မရှိသော နှလုံးသား ကို အံ့သြရ မည်လား ။
“ ကိုယ့် ဝါသနာ နဲ့ ယုံကြည်ချက် အတွက် မိဘ ကို ဆန့်ကျင်ခဲ့ရတယ် ။ ကိုယ့် ကို ချစ်တဲ့ မိဘတွေ ရဲ့ အတ္တ ကို ကိုယ် နားလည် ခွင့်လွှတ်ရ မှာ မို့ ကိုယ့် နှလုံးသား နဲ့ ရင်းပြီး ဆုံးဖြတ်ချက် ချခဲ့တာပါ မေသက် ။ ကိုယ် မေမေ တို့ ဆီ က တစ်ခု တော့ ခွင့်တောင်း နိုင်ခဲ့တယ် ။ ကိုယ် လက်ထပ် ရမယ့် သူ ဟာ ကိုယ့် ဝါသနာ နဲ့ စေတနာ ကို မညည်းမညူ ကူညီ ဖြည့်စွမ်း ပေးနိုင်တဲ့ ပါရမီဖြည့်ဖက် တစ်ယောက် တော့ ဖြစ်ပါစေလို့ ”
သူ့ ရဲ့ အတွေးအခေါ် အဆုံးအဖြတ် ကို မှားတယ် လို့ ဘယ်သူ ပြောနိုင်မလဲ ။ သူ့ စကား ဟာ ဖုံးကွယ် ဟန် ဆောင်တာမျိုး မဟုတ်တာ သိပေမယ့် နုနယ်သော နှလုံး သည်းပွတ် မှာ နင့်သီးစွာ ထိခိုက် မိရ၏ ။ ခင်နွယ် နှင့် ယု တို့ သိလျှင် ဘယ်လို ဝေဖန်ဦးမည်လဲ ကွယ် ။ ကိုယ့် ဘဝ က ကော တစ်စုံတစ်ရာ ကို လက်ခံ နိုင် ဖို့ အဆင်သင့် ဖြစ် နေရဲ့လား ။ ဒါမှမဟုတ် တစ်ဦး တစ်ယောက် ရဲ့ဘဝ ထဲ တိုးဝင်ဖို့ အခြေအနေ ကော ရှိနေလို့ ပါလား ။ နေရာ မှ ထ ရပ် လိုက်သည် ။ သူ့ လောက် တော့ မရင့်ကျက် နိုင်ဘူး လေ ။ ထိခိုက် ကြေကွဲ ရတာပါပဲ ။
“ မေသက် ”
အားယူ လှမ်း ရန် ပြင်သော ခြေလှမ်း ကို ရှေ့ မဆက် ဖြစ် ။ သူ့ အပေါ် နားလည်သည့် အပြုံး ကို အလှိုက်လှဲဆုံး ပြုံးပြ ဖြစ် လေသည် ။ သူ့ စိတ်နှလုံး ကြည်နူး ချမ်းမြေ့ပါ စေ ။ ကိုယ် ပေးနိုင်တာ က တော့ ဒါပါပဲကွယ် လို့ ။ သူ့ မျက်နှာ ကို လှိုက်မောစွာ ကြည့်ရင်း စကား တစ်ခွန်း ပြော ဖြစ် လေသည် ။
“ မေသက် လည်း ကျောင်း ပြီး ရင် ရွာ ပြန်ရမှာပဲ ”
ကိုယ့် ကိုယ် ကိုယ် ဖြေလျှော့ မိသည်လား ။ သူ့ ကို နှစ်သိမ့် မိသည်လား ။
ဘဝ ပေး တာဝန် ကိုယ်စီ နဲ့ ပေါ့ကွယ် လို့ နှစ်ဦးစလုံး အတွက် အားဖြည့် လိုက်မိသည် ထင်ပါရဲ့ ။
ဆောင်း ညနေနှောင်း သည် အေးစက် မာကျော၍ လာ၏ ။
ရင် ထဲ တွင် မူ ခြောက်သွေ့ နေ လေသည် ။
◾မြလင်္ကာ
📖 ရှုမဝမဂ္ဂဇင်း
၁၉၈၃ ၊ မေလ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment