Friday, December 22, 2023

အလှဆုံး တေးသား


 

❝ အလှဆုံး တေးသား ❞

ကိုအောင် ပြန် အလာ ကို လည်ပင်း တရှည်ရှည် နှင့် စောင့် ရင်း မိမိခင် သည် ရင် အမောကြီး မောလျက် ရှိလေ သည် ။ ကိုယ် ခြစ်ခြစ်တောက် ပူလောင် ကာ ကယောင်ကတန်း လူးလွန့်လှုပ်ရှား နေသော သားငယ် ကို ပိုက်ပွေ့ ရင်း ဆောက်တည်ရာ မရ ဖြစ်မိ၏ ။ ကလေး ၏ အပူငွေ့ နှင့် ကပ် လျက် ရှိသော မိမိခင် ရင် သည် အတွင်းပူ အပြင်ပူ ဖြစ်ကာ မီးဖိုကြီး ဖို ထားသည့်နှယ် ရှိတော့သည် ။

မိုး သည် သဲသဲမဲမဲ ရွာလျက် ရှိ၏ ။ အဆက်မပြတ် ကျ နေသော မိုးသံများ ကို ငြူစူ မိရင်း ဖြုန်းခနဲ မောင့် ကို သတိ ရ လာပြန်၏ ။ သည်လို မိုးသဲသဲ တစ်နေ့ တွင် မောင့် ကို မကျေမနပ် ဖြစ်ကာ မိမိခင် မိုးရေ ထဲ ထွက်ပြေး ခဲ့ဖူးသည် ။

တအင်အင် ညည်းညူ နေသော သားလေး ကို ပိုက်လှုပ် ရင်း မိမိခင် ရင် သည် နာကျင် လျက် ရှိ၏ ။

“ ပြန်လာပြီ ”

ကလေးထိန်း ၊ ထမင်းချက် ဒေါ်ကြင့် အသံ ကြား မှ ကပျာကယာ အိမ်ဝ သို့ ကြည့် လိုက်မိ၏ ။ တစ်ကိုယ်လုံး ရွှဲနစ်လျက် ရှိသော ကိုအောင် သည် သုံးထစ် သော လှေကား ကို တစ်ထစ် ချင်း တက်လာ၏ ။ လှေကားထိပ် ၌ ရပ်ကာ ထီး ကို ပိတ် လိုက်သည် ။ ပြီး ထီး မှ ရေစက်များ ကျလာအောင် လှုပ်ခါ ၍ နေလေသည် ။ မိမိခင် မှာ စိတ် မရှည်နိုင် အောင် ဖြစ် လာ၏ ။

“ ကိုအောင် ဆရာ ရော ဟင် ၊ ဆရာ မပါခဲ့ဘူးလား ” 

“ ပြောမယ်လေ ခင် ရဲ့ ၊ နေပါဦး ” 

“ အို ... ကိုအောင် ရယ် ”

မိမိခင် မျက်လုံး အိမ် မှ မျက်ရည် တို့ သည် ပိုးပိုးပေါက်ပေါက် ကျလာ၏ ။ အေးဆေးလွန်းသည် ကို အားမလို အား မရ ဖြစ်ကာ ခွင့်မလွှတ် နိုင်အောင် ရှိတော့သည် ။

“ ဒေါ်ကြင် ဒီ ရေခဲ ကို ရေ ဆေးပြီး ဇလုံလေး နဲ့ ထည့် ခဲ့ပါ ”

မိမိခင် သည် ကိုအောင့် ကို နားမလည် ဖြစ်ကာ ငိုရင်း မတ်တတ် မှ ကြည့် နေ မိလေသည် ။

ခဏ နေ သော် အဝတ်အစား လဲ ပြီးသော ကိုအောင် သည် ရေခဲဇလုံလေး နှင့် အတူ မိမိခင် အနား ရောက် လာ၏ ။ ဇလုံ ထဲ မှ ရေခဲတုံး ပေါ် တွင် မျက်နှာသုတ် ပဝါလေး တင် ထားလိုက်သည် ။

“ ဘာလုပ် မလို့လဲ ကိုအောင် ၊ ဆရာ ဘာလို့ မပါခဲ့လဲ ”

“ ရေခဲ လိုက် ချေးရတာ ခင်ရယ် ၊ နှံ့ ရော ၊ ယစ်မျိုးဗိုလ် ဆီ က ရ လာ လို့သာ ပေါ့ ”

“ ကိုအောင် ... ရေခဲ မေး နေတာ မဟုတ်ဘူး ၊ သား အဖျား ပြင်းလို့ ကိုအောင့် ကို ကျန်းမာရေးမှူး အခေါ် လွှတ် လိုက်တာ ၊ ဘာတွေ လျှောက် ပြောနေတာလဲ ၊ ခင့် ကို ဘာလို့ ဝေ့လည်လည် လုပ်နေတာလဲ ၊ ဆရာ ကို     ဘယ်မလဲ ကိုအောင် ၊ ဘာလို့ အတူတူ ပါမလာလဲ ”

“ ခင် ဟာလေ လောစရာ ရှိရင် သိပ် လော တာပဲ ၊ စိတ် မြန်တာ နေရာတိုင်း မကောင်းဘူး ”

မောင့် ကို သတိရ မိပြန်ကာ မိမိခင် ရင်ထဲ၌ ကျင်ခနဲ ဖြစ် သွား၏ ။

“ ဆရာ သွား ခေါ်တာပါပဲ ၊ ဆရာ အိမ်ပြန် မရောက်သေးဘူး ၊ ဒါကြောင့် သား အဖျား ကျအောင် ရေခဲ ဖတ် တင် ပေးမလို့ ရေခဲ လိုက်ရှာ နေတာ ၊ ခု ရ ခဲ့ပြီလေ ၊ ဒီနေ့ ည တော့ ဆရာ့ ကို မမျှော် နဲ့တော့ ခင် ၊ မိုး လည်း ချုပ်ပြီ ၊ မိုး က လည်း သိပ် သဲနေတယ် ၊ သူ ပြန် ရောက်မယ် မထင်ဘူး ”

မိမိခင် ရင် ထဲ ၌ ဟင်းလင်းကြီး ဖြစ်သွား၏ ။ ကိုအောင့် ကို ကြောင်တောင် ငေး နေမိသည် ။ ကိုအောင် သည် မိမိခင် ရင် ထဲ မှ သား ကို အသာအယာ လာ ပွေ့ယူ လိုက်၏ ။ သည်တော့မှ ကယောင်ကတန်း နှင့် သား ကို ပြန် ဆွဲ ထားမိ သည် ။

“ ဟင့်အင်း ကိုအောင် ဟင့်အင်း ၊ မဖြစ်ဘူး ။ ကြားဖူး နားဝ နဲ့ လျှောက် မလုပ်ပါနဲ့ ကိုအောင် ရယ် ၊ သား အအေးပတ် ပြီး အဖျား ပို ကြီးလာပါဦးမယ် ”  

“ အဖျား ကျ သွားမှာပါ ခင်ရဲ့ ၊ မကြောက်ပါနဲ့ ၊ ကိုအောင့် တူလေး ဖျား တုန်း က ကိုအောင် လုပ်ပေး ဖူးပါတယ် ”

သားလေး သည် တအင်အင် ညည်းညူရင်း ကိုအောင့် လက် ပါ သွားလေသည် ။ ကိုအောင် သည် ရေခဲရေ လေး ကို ငှဲ့ ကာ သား ပါးစပ် ထဲသို့ တစ်စက်ချင်း ချ တိုက်ပေး နေ၏ ။ ပြီးမှ စိုနေပြီ ဖြစ်သော မျက်နှာသုတ် ပဝါလေး ကို ကောက်ယူ ရေ ညှစ် လိုက်သည် ။ ပဝါစ ကို အခေါက်လိုက် သား နဖူး ပေါ်သို့ အုပ် ပေးလိုက်၏ ။ သားလေး သည် အအေးဒဏ် ကြောင့် ခြေ ကားယား ၊ လက် ကားယားလေး ဖြစ် သွားသည် ။

မိမိခင် ရင် ၌ လည်း အေးခနဲ ဖြစ်သွားကာ တစ်ကိုယ် လုံး စိမ့် သွားလေသည် ။

     •••••   •••••   •••••   •••••

သား ကို မကြည့်ရက်သည် နှင့် နေရာမှ ထ လာကာ ပြတင်း ၌ ရပ် နေမိသော မိမိခင် သည် မိုးပက်သည့် ဒဏ်ကြောင့် တစ်ကိုယ်လုံး စိမ့် နေသည် ။ မိုးရေပေါက် တို့ ကို အဓိပ္ပာယ် မဲ့ ငေး နေရင်း မောင့် ကို ထူးထူးခြားခြား သတိ ရ လာ၏ ။ မိန်းမဆောင်း ထီးလေး တစ်လက် ကို နှစ်ယောက် ဆောင်း ကာ မိုးရေ ထဲ ဖြတ် လျှောက် ကြတိုင်း တစ်ကိုယ်လုံး ရွှဲနစ် နေသည့် ကြားမှ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ရင်း ဟက်ဟက်ပက်ပက် ရယ်မောခဲ့ကြဖူး၏ ။ ထိုစဉ် ကတော့ မောင် က လည်း တက္ကသိုလ်ဝင်တန်း ၊ မိမိခင် က လည်း တက္ကသိုလ်ဝင်တန်း ပင် ။ နှစ်ဦးသား ရင် ထဲ ၌ ရည်မှန်းချက် ကိုယ်စီ အတွေး ကိုယ်စီ ရှိခဲ့ကြဖူး၏ ။ မောင် က ဆရာဝန်ကြီး လုပ်မည် ။ မိမိခင် က ဆရာဝန်ကတော်ကြီး လုပ်မည် ဟူ၍ ...

မိမိခင် အောင် သော နှစ် က မောင် စာမေးပွဲ ကျသည် ။ အမှတ် မီ ၍ မိမိခင် ပညာရေးတက္ကသိုလ် ကျောင်းတော်သူကြီး ဖြစ်လာ သည် အထိ မောင် နှင့် မိမိခင် သည် အတွဲ မပျက် ။ အထူးသဖြင့် ဆရာဝန် ကတော် ဖြစ် လာမည့် မိမိခင် အတွေး သည် အဆင်းအရောင် မပျက် လှပနေဆဲပင် ။

နောက် တစ်နှစ် ဆက်၍ မောင် စာမေးပွဲ ကျ ပြန်သော် မိမိခင် ရင် သည် အနည်းငယ် လေး လာ၏ ။ တက္ကသိုလ်ဝင်တန်း အောင်စာရင်း ထွက်သော ထိုနေ့ က နေကျဲကျဲ ပူသည် ။ မိမိခင် သေချာ သတိရ နေ သေးသည် ။ မိမိခင် ကို စာမေးပွဲ ကျ ကြောင်း လာ ပြောသော မောင့် မျက်နှာ သည် ဆီးရွက် လောက် သာ ကျန် တော့သည် ။

“ နို့ မောင် ရယ် ၊ ဒီ နှစ် ကျရင် နောက် နှစ် အောင်မှာ ပေါ့ ” ဟု မိမိခင် အားပေး ဖြစ်သေးသည် ။ အပြုံး မဟုတ် သော အပြုံး ကို ပြုံးလျက် မိမိခင် မျက်မှောက် မှ ထွက်ခွာသွား သည့် မောင့် ကျောပြင်ကြီး ကို ငေး ကျန် ခဲ့ရသည် ။

ထို နှစ် က မောင် နှင့် မိမိခင် ခပ်ကျဲကျဲ တွဲ ကြသေး သည် ။ တစ်ခု ရှိ၏ ။ မောင် သည် မိမိခင် တို့ ပညာရေး တက္ကသိုလ် ကို လာတိုင်း စိုက်ပျိုးရေးမှတ်တိုင် ၌ ဆင်းကာ ခရေ လမ်း မှ လမ်းလျှောက် ၍ လာရသည် ။ ဆရာဝန်လောင်း မဟုတ် သော် လည်း ဆေးကျောင်း နယ်မြေ မှ မောင် ထွက် လာသည် ကို အပေါင်းအသင်း တို့ မြင်လျှင် မိမိခင် ကျေနပ် ပေပြီ ။ မောင် နှင့် တွဲ၍ ဆေးကျောင်း အစားအသောက် ဆိုင် များ သို့ လည်း ရောက် ဖြစ် သေးသည် ။ မြင်သူ တို့ က “ ဟေ့ မိမိခင် ၊ မင်း လူ ဆေး ကလား ၊ ဘယ်နှစ်လဲ ” ဟု မေးလျှင် မိမိခင် ရှက်ရှက်     ရာ နှင့် ရယ်မော နေတတ်မြဲ ဖြစ်၏ ။ ဤသို့ဖြင့် ဆေး ပျက်စ ပြုနေပြီ ဖြစ်သော မိမိခင် ၏ ဆရာဝန်ကတော် ဖြစ်လိုသော အတွေး ကို မိမိခင် သည် ဆေးသစ် ပြန် ခြယ်ပေး နိုင်ခဲ့၏ ။

တတိယနှစ် ဆက်၍ မောင် စာမေးပွဲ ကျသော် မိမိခင် အား မပေးနိုင်တော့ပေ ။ မျက်နှာ အပျက် ပျက် ရှိသော မောင့် ကို မျက်ရည် လည်လည် နှင့်သာ ကြည့် နေမိတော့သည် ။ ထိုနေ့က မောင် ဘာမျှ မပြောဖြစ် သလို မိမိခင် လည်း ဘာမျှ မပြောတတ်တော့ပေ ။ မိုးသဲသဲ ၌ မိမိခင် ရှေ့မှ မောင် ကျောခိုင်း ထွက် သွားစဉ် ကမူ ခါတိုင်းလို ပင် ဟု သိပ် မထူးခြားမိ ။ ရင် ထဲ ၌ ကား တစ်မျိုးကြီး ဖြစ်နေ လေသည် ။

ဤလိုနှင့် မည်သို့ ဥပဒ် မကပ်မိသည့် ကြား မှ မောင် က စတင်၍ ပြဿနာ ကို ဖြေ ရှင်းသည် ။ မောင် လက်ထပ် တော့မည် ဟု စာ ရသည့် နေ့ က မိမိခင် အလူးအလဲ ငို လေ သည် ။ မောင် က မူ ...

“ မိ ဆရာဝန်ကတော် မဖြစ်မှာ စိုးလို့ ” ဟု အကြောင်းပြ ထား၏  ။ သည်တုန်းက မိမိခင် ကလည်း မိမိခင် ပင် ။ ဆရာဝန်ကတော် ဖြစ် လိုသည် မှာ ပကာသန ထက် လူထုကျန်းမာရေး ကို အထူး တာဝန် ယူ နေရသူ ဟူသော ဂုဏ် ကို မြတ်နိုး၍ ဟု အကြောင်း မပြတတ်ခဲ့ ။ ရင် ထဲ မှာ ဘာရှိသည် ကို သိသော် လည်း ရှိသော အရာ ၏ နဂိုအရောင် ကို မဖော်ပြတတ် ခဲ့ချေ ။

“ ခင် ” အနားကပ် ခေါ်သံ ကြား၍ မိမိခင် သည် လန့်သွား မိ၏ ။

“ အထဲ ဝင်လေ ၊ ဘာလို့ မိုးပက် ခံနေသလဲ ” 

“ ခင် မိုးရေ ထဲ မှာ နေ ချင်တယ် ”

“ မဟုတ်တာ ခင်ရယ် ၊ အထဲ ဝင်စမ်းပါ ။ ခင် ဟာ လေ သိပ် ဇွတ်တရွတ် နိုင်တယ် ”

ကိုအောင့် စကားကြောင့် မောင့် လေသံ ကို သတိ ရမိ ပြန်ကာ ထုံးစံ အတိုင်း ရင်မှာ နာကျင် ရပြန်၏ ။ ဆက် မငြင်း လိုသည် နှင့် လှည့် ထွက်ခဲ့ပြီး ကြမ်းပြင် ၌ အိပ်ရာလေး ခင်း ကာ သားလေး ဘေးတွင် ဝင် ထိုင် လိုက်သည် ။ လက် ကို ကိုယ်ပူ စမ်းမည် ရွယ်ကာ ထုတ်ပြီး ကာမှ အသာ ပြန် ရုတ် လိုက်ရသည် ။ မိုးရေ ကြောင့် မိမိခင် ခြေဖျား လက်ဖျား တို့ သည် အေးစက်လျက် ရှိ၏ ။

“ သား ကိုယ်ပူ ကျသွားပြီ လေ ခင် ”

ငြိမ်သက်အေးချမ်းစွာ အိပ်မောကျ နေသော သား လေး ကို ကြည့်၍ မိမိခင် သည် သက်ပြင်းသာ ချလိုက်မိ၏ ။ ရင် ထဲ မှ မကျေနပ်ခြင်း တို့ မူ ဗလောင်ဆူ လျက် လာ ပြန်၏ ။ ကိုအောင့် ကို မျက်လုံးချင်း ဆိုင် ကြည့် လိုက်သည် ။ ကိုအောင် ၏ လက်နှစ်ဖက် သည် မိမိခင် မျက်လုံးများ ကို အသာအယာ လာ ပိတ်၏ ။ ပြီး ခေါင်းလေး ကို ရင်ခွင် ထဲ ဆွဲသွင်း ပွေ့ထား လိုက်သည် ။ 

“ ကိုယ့် ကို အပြစ် တင်တဲ့ မျက်လုံးကြီးတွေ နဲ့ မကြည့် ပါနဲ့ ခင်ရယ် ၊ ကိုယ့် ကို ချစ်လို့ ကိုယ့် ရည်ရွယ်ချက် တွေ ကို နားလည်လို့ပဲ ဒီလို အရပ်မျိုး ကို ခင် လိုက် လာတယ် မဟုတ် လား ” 

ဘာမှ ပြန် ပြောစရာ မရှိတော့သည့် အတူတူ မိမိခင် သည် ကိုအောင့် ကျောပြင်ကြီး ကိုသာ ပြန် ဖက်ထား လိုက်မိ တော့သည် ။

     •••••   •••••   •••••   •••••

မောင် နှင့် လွဲခဲ့ရသည် ကို စေ့စေ့ တွေးတိုင်း နင့်နင့်ပါ အောင် နာ ၏ ။ မောင့် ကို လည်း ခွင့် မလွှတ်နိုင်အောင် ရှိလေ သည် ။ 

မောင် နှင့် တွဲနေစဉ်ကာလ က မူ မောင့် ကို မကြာခဏ စိတ်ဆိုး စိတ်ကောက် ခဲ့ဖူး၏ ။ မခေါ်မပြော နှင့် ရက် အကြာ ကြီး ထားကာ ညှင်းဆဲ ခဲ့ဖူးသည် ။ ထိုင် နေရင်း အကောင်းသား မတ်တတ် မှ စကား တစ်ခွန်း နှစ်ခွန်း နှင့် အထ အန ကောက် ကာ ဖြုန်းစားကြီး နေရာ မှ ထ ပြေး ၍ မောင့် ကို ထီး တည်းကြီး ထား ပစ် ခဲ့တတ်ဖူးသည် ။ မောင် ကမူ အမြဲတမ်း ခွင့်လွှတ် ခဲ့ပေသည် ။ တကယ်မှ မိမိခင် က စိတ်မြန် ၊ လက် မြန် ၊ အပြောင်းအလဲ မြန် တတ်၍ မောင် တစ်ယောက် မှာ အေးဆေးတည်ငြိမ် ၍ နူးညံ့ သိမ်မွေ့သူ သာတည်း ။

ထို့ကြောင့်ပင် လျှင် မောင့် ဝါဒ သည် လက်ရှိ အခြေအ နေ ကို အရှုံး ပေးသော ဝါဒ ဖြစ်သွားရသည် ။ မိမိခင် ကို ဆရာဝန်ကတော် ဖြစ်စေ လို၍ ဆိုပြန်တော့ လည်း အချစ် သူရဲကောင်းကြီး ဟု ကင်ပွန်း တပ်ရမလို ဖြစ်နေ ပြန်ပေသည် ။

အကယ်စင်စစ် မူ မောင့် ရည်ရွယ်ချက် သည် မထင်မှတ်ဘဲ လွဲချော် သွားခဲ့သည့်အကြောင်း မှာ မိမိခင် သည် မိမိခင် ကိုယ်တိုင် လည်းကောင်း ၊ မောင် ကိုယ်တိုင် လည်းကောင်း မျှော်လင့် ရည်မှန်းကာ စိတ်ကူး ယဉ် ခဲ့ ရသည့် ဆရာဝန်ကတော် ဖြစ် မလာခဲ့သောကြောင့် ပင် ။

ဘီအီးဒီ နောက်ဆုံးနှစ် တွင် စီးပွားရေးတက္ကသိုလ် မှ ဘွဲ့ ရပြီး၍ ဒီတီ လာ တက်သော ကိုအောင် နှင့် ရင်းနှီးကာ မေတ္တာ မျှ ခဲ့ကြ၏ ။ ကိုအောင် က စိတ်လိုလက်ရ နှင့် တစ်ခါ က ဆိုဖူးသည် ။ 

“ ကိုယ့် မှာ အရင် က ချစ်သူ ရှိခဲ့ဖူးတယ် ။ ပြောပြ လည်း ထူးတော့ ထူးပါဘူး ၊ ဒါပေမဲ့ ခင့် ကို အကြွင်းမဲ့ ပြောပြ ချင်လို့ ”

ကိုအောင့် စကား အဆုံး ၌ မိမိခင် လည်း မသိလိုက် မသိဘာသာ ပင် ခါတိုင်း သူငယ်ချင်းများ ကို ပြောနေကျ အတိုင်း ...

“ မိမိခင် မှာ လည်း ချစ်သူ ရှိခဲ့ဖူးတယ် ။ သူက ဆေးသိပ္ပံ က ဆရာဝန်လောင်း လေ ၊ ဒါပေမဲ့ သူ မိမိခင် ကို ပစ် သွားခဲ့ပြီ ဆိုပါတော့ ၊ အိုး ဒါတွေ မိမိခင် မတွေးချင် ပါဘူး ” ဟု ဆိုမိ လိုက်သည် ။ ပြီး မျက်ရည် လည် ခဲ့  ရသေး၏ ။

ကိုအောင့် မှာ ရည်ရွယ်ချက် ရှိသည် ။ ၎င်း မှာ ဒီဂရီ ရပြီး လျှင် မဖွံ့ဖြိုးသေးသော ပြည်နယ်များ သို့ ပညာရေး လုပ်သားကောင်း အဖြစ် သွားရောက် အမှုထမ်း ရန်ဖြစ်၏ ။ မိမိခင် ကမူ သက်သောင့်သက်သာ မြို့ကြီးများ ၌ သာ နေ လို သည် ။ သည်လခ ၊ သည်လခ နဲ့ ထူးပြီး မစွန့်စား ချင်ပေ ။

နောက်ဆုံး အပြန်အလှန် ဈေး ဆစ်ကြကာ မိမိခင် နှင့် လက်မထပ်မီ ဒီဂရီ ရ ပြီးပြီးချင်း ကိုအောင် သည် ပြည်နယ် များသို့ သွားရောက် ခဲ့လေသည် ။ လေးနှစ်မြောက် ကာလ တွင် မှ မိမိခင် နှင့် လက်ထပ် ဖြစ်သည် ။ ပြုစုပျိုးထောင်စ လုပ်ငန်းလေးများ ကို ပစ်မထားရက် ၍ ဟု အကြောင်း ပြ၏ ။ ပြည်နယ် သို့ လိုက်ရန် ကိုအောင် က ဆွယ် သေးသည် ။ မိမိခင် ခေါင်းမာနိုင်လွန်း ၍ သာ မလိုက်ခြင်း ဖြစ်လေသည် ။ သို့သော် မိမိခင် သည် မြို့ကြီး ၌ မနေဖြစ်တော့ပေ ။ သည်ရွာ သို့ ဖွင့်စ အလယ်တန်းကျောင်း ၏ ကျောင်းအုပ် အဖြစ် ကိုအောင် အလုပ် အပြောင်း တွင် လိုက်ပါ လာခဲ့ရသည် ။

မိမိခင် တို့ သည်ရွာ ရောက်သည် မှာ နှစ် နှစ် ရှိလေပြီ ။ အထက် အညာဒေသ မှ ရွာ ဖြစ်၍ ရပ်ရွာလူထု က လည်း အညာထုံးစံ အရ ဆရာ ၊ ဆရာမ ကို အရေး ပေး လှသည် ။ ကိုအောင် သည် ကျောင်း ကို အဖက်ဖက် မှ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားရင်း မအားရအောင် ရှိနေ၏ ။ မိမိခင် မှာ တစ်နေ့ တစ်နေ့ သူ့ ကို ကြည့်ရင်း မော နေ ရသည် ။ သို့သော် ချွေးတစိုစို ကြား မှ ကိုအောင် ပျော်သည် ဆိုတော့ လည်း မိမိခင် ကျေနပ်ရသည်သာ ။ 

မိမိခင် တို့ ပြောင်း မလာခင် ကတည်း က ရှိနှင့်သော ကျန်းမာရေးမှူး ကိုကြီးဝေ သည် မိမိခင် တို့ ကို ခင် လှသည် ။ လွန်ခဲ့သော လ က ကိုကြီးဝေ သည် နယ် ပြောင်းရသည် ။ ဒီလ မှ လူစား ရောက် လာသည် ။ ကျန်းမာရေးမှူးသစ် ရောက်လာသည် မှာ တစ်ပတ်ပင် မပြည့်သေး ။ ပထမ အစမ်းစာမေးပွဲ ကြောင့် အလုပ် များ နေ၍ အိမ်ခံ ထုံးစံနှင့် အညီ သွားရောက် မိတ် မဖွဲ့ရ သေးချေ ။ ရောက်စ နေ့ က လူစုစု ကို သာ အဝေး မှ လှမ်း မြင်လိုက်ရသည် ။

သည် ညနေ ကျောင်း ပြန် တွင် သားလေး ကို ဖျား လျက် တွေ့ရ၏ ။ သား ကိုယ် နွေးနေသည် ကို သိသိချင်း ကျန်းမာရေးမှူး ကို အခေါ် လွှတ် လိုက်သည် ။ ရွာ ဆင်း သွား သည် ဟု ဆို လေသည် ။ မတွေ့ခဲ့ရ ၊ တတ်သလောက် မှတ်သလောက် နှင့် ပိုက်ပွေ့      ယုယကာ ပြုစု နေလျက် ကပင် ကိုယ် ပူ တိုးလာသည် ။

မလိုတမာ မိုး သည် အငြိုးကြီး စွာ ရွာ လျက် ရှိ၏ ။ ကိုအောင့် ကို ညပိုင်း ထပ်မံ စေလွှတ် သော်လည်း ဆရာ ပြန် မ ရောက် လာသေး ဆို၍ မိမိခင် ရင် သည် မီးတောက် လျက် ရှိ ၏ ။ ဆေးဆရာ ပင် အလဲအလှယ် မရှိသော နေရာမျိုး သို့ တကူးတက လာ နေချင်သော ကိုအောင့် ကို စိတ် ကွက်လာ မိသည် ။

သား ကိုယ်ပူ အေးသွားခိုက် ကိုအောင် က ဖျောင်းဖျ လိုက် တော့လည်း ကျေနပ်ရသည်သာ ။

     •••••   •••••   •••••   •••••

ည ၁၂ နာရီ လောက် တွင် ကလေး ကိုယ်ပူ ပြန်တက် လာသည် ။ အဖျားဒဏ် ဖြင့် တအင်အင် ညည်း နေသော သားလေး ကို ပိုက်ပွေ့ ရင်း မိမိခင် သည် ပျာယာခတ် နေ၏ ။ ညနေ နှင့် ညဦး က ရှာ မရခဲ့သော ကျန်းမာရေးမှူး ကို အဘယ်သူ သည် ညလယ် တွင် ရှာ ဖွေခေါ်ယူ ပေးနိုင်ပါအံ့ နည်း ။

ဘာမျှ မတတ်နိုင်တော့သည့် အတူတူ မိမိခင် သည် အဆုံးစွန် တွက် ကာ မျက်ရည် ပေါက်ပေါက် ကျ နေသည် ။

“ မငိုပါနဲ့ ခင်ရယ် ၊ ငိုတာ ပြဿနာ ဖြေရှင်းနည်း မဟုတ်ဘူး ”

ကိုအောင့် ကို စိတ်ပေါက်ပေါက် ရှိသည်နှင့် မိမိခင် သည် ရှိုက်၍ ရှိုက်၍ ချည်း ငိုလေသည် ။ ကိုအောင် က ကလေး ကို လက် ကမ်းသော်လည်း မိမိခင် မပေးတော့ပေ ။ နောက်ဆုံး အချိန်တွင် သား ကို ရင်ခွင် ၌ ပိုက်လျက် အသေခံ မည် ဟု စိတ်ပိုင်း ဖြတ်လိုက်၏ ။

ကလေး သည် အပူ ကြီး၍ လူး နေလေသည်  ။ ဒေါ်ကြင် သည် ကြမ်းပေါ် ၌ ကျုံ့ကျုံ့ယုံယုံ့ ထိုင်ကာ မျက်ရည် တွေတွေ ကျနေ၏ ။ ကိုအောင် မှာ မူ ခေါက်တုံ့ ခေါက်ပြန် လမ်းလျှောက် လျက် ရှိလေသည် ။ သူ့ စိတ်ကြိုက် မူ ကလေး ကို တစ်နည်း မဟုတ်တစ် နည်း နှင့် ပြုစု ကြည့်လိုသည် ။ မိမိခင် ကမူ ကလေး ကို မြန်မာဆရာ နှင့် လည်း အပြ မခံ ။ သိပ္ပံခေတ် ဆေးပညာ ကိုသာ အားကိုး နေသည် ။

“ ဆရာကြီး .. ဆရာကြီး ” 

“ ဟေ မောင်ကျော် ၊ အချိန် မတော်ကြီး ဘယ့်နှယ် ” 

“ ကျန်းမာရေးမှူး လိုက် ပို့တာပါ ” 

“ ဟာ ... ခင်ရေ ဆရာ လာတယ် တဲ့ ” 

“ ဟင် ” 

မိမိခင် သည် အံ့သြတကြီး ဖြစ်သွားမိ၏ ။ မောင်ကျော် ဦးဆောင် ခေါ်လာသော ကျန်းမာရေးမှူး သည် လှေ ကားထိပ် ၌ မိုးကာ အင်္ကျီရှည်ကြီး ကို ချွတ် ၍ ချိတ် လိုက် သည် ။ ဖိနပ်ရှည် ကို ချွတ်ကာ အိမ်ရှေ့ ကြမ်းပြင် သို့ လှမ်း တက် လာ၏ ။ အိမ်ပေါ် အတက် ၌ မီးရောင် သည် သူ့ မျက်နှာ ကို သွား ဟပ်၏ ။ မိမိခင် သည် နှလုံးသွေးများ ရပ် သွားသည် ထင် လိုက်မိ၏ ။

အနား ရောက် လာကာ လက် ထဲ က ကလေး ကို ပွေ့ ယူ သွားသည် အထိ မိမိခင် သည် သူ့ ကို ငေးမော နေမိဆဲ ရှိ၏ ။

သွက်လက် ညင်သာသော သူ့ လက်များ သည် ကလေး ကို စမ်းသပ်လျက် ရှိလေသည် ။ သူ့ အမူအရာ အသေးစိတ် ကို မှင်တက် မိနေသလို ငေးမောရင်း တစ် ခေါင်းလုံး ချာချာ လည်ကာ မူးနောက် လာ၏ ။ ဘေးမှ ဒေါ်ကြင့် ကို မှီကာ မျက်လုံး အသာ မှိတ် ထား လိုက်မိတော့ သည် ။ 

သားလေး  ၏ အဲ့ ခနဲ အော်သံ လည်း ကြားသည် ။ ဆေး ပေး နေသံ လည်း ကြားသည် ။ ကိုအောင် နှင့် အချီအချ ပြော နေသံ လည်း ကြားသည် ။ အတိအကျမူ ဘာ တစ်ခု မှ မသိ ။ တစ်ခု သိသည်မှာ ...  ။

“ ခင် ... ခင်ရေ ဆရာ ပြန်တော့မတဲ့ ”

ကိုအောင့် အသံ ကြား မှ မိမိခင် ကမန်းကတန်း မျက်စိ ဖွင့် လိုက်မိ၏ ။

“ ကြည့်စမ်း ခင် ငိုနေတာကိုး ၊ ခင် က သိပ် စိတ်ပူ တတ်တာ ဆရာ ရဲ့ ၊ စောစောက များ ဆိုရင် ... ”

မိမိခင် သည် တစ်မျက်နှာလုံး ရွှဲနေသည့် မျက်ရည် များ ကို သုတ် မပစ်ဘဲ ပြုံး နေလိုက်သည် ။

မောင် ကတော့ ထုံးစံ အတိုင်း ပင် ခွင့်လွှတ် ပြုံး ပြုံးလျက် ရှိလေသည် ။ ပြီးမှ သူ က ပင် စကား စ ပြောသည် ။

“ ရောက်စ ကတည်းက မိ  ရှိနေမှန်း သိတယ် ။ လာ တွေ့ မလို့ဟာ ရွာတွေ လျှောက် သွား နေရတာနဲ့  ။ မိ သား လည်း ဒေါ်ကြင့် လက်မှာ တွေ့လိုက်မိ ဖူးတယ် ။ ဆရာကြီး ကလေး လို့ သူများတွေ က ပြ တာကိုး ၊ ဆရာကြီး နဲ့ ဆရာ ကတော် တော့ ဒီရွာ မှာ ဇာတ်လိုက်တွေ ဖြစ် နေတော့တာပဲ ။ ရောက်စ ကတည်း က ဆရာကြီး နဲ့ ဆရာကတော် အကြောင်း ရွှန်းရွှန်း ဝေ နေအောင် ကြား နေရတယ် ။ ကျွန်တော် တောင် အားကျ လာမိတယ် ”

မောင့် မျက်နှာမှာ အပြစ် ကင်းစင်စွာ အရောင် တောက် နေ ၏ ။

“ ဒီည ပြန် ရောက်ရောက်ချင်း ဆရာကြီး ကလေး နေ မကောင်း လို့ နှစ်ခါတောင် လာ ခေါ်တယ် ပြောတာနဲ့ ချက် ချင်း ဆက် ထွက် လာတာ အိမ်ပေါ် မတက်ခဲ့ရသေးဘူး ၊ အခုတော့ ဆေး လည်း ထိုးပြီးပြီ ၊ သောက်ဆေး လည်း ပေး ပြီးပြီ ၊ ခဏ နေ ကိုယ်ပူ ကျလိမ့်မယ် ၊ စိုးရိမ်စရာ မရှိပါဘူး ”

မောင် က အေးချမ်းစွာ ပြော နေသည် ။ မိမိခင် မှာ သူ့ ကို ငေး နေ မိတော့၏ ။ ကိုယ်တိုင် ဆရာဝန် အဖြစ် သားသမီး များ ကို မည်သို့မည်ပုံ ပြုစု ယုယလိုက်မည် ဟု အမျိုးမျိုး စိတ်ကူးယဉ် ခဲ့ သူ သည် ချစ်ဦးသူ ၏ သားလေး ကို တကယ့် အရေး ၌ ကယ်တင် ပြုစုခွင့် ရ လိုက်ပေပြီ ။

သူ့ ဘဝ သည် သူ့ အတွက် အဓိပ္ပာယ် ရှိနေ၏ ။ ပြည်သူလူထု ၏ ကျန်းမာရေး ကို လက်တွေ့ ကူညီ နေ ရသော ဘဝ ၌ သူ ပျော်ပိုက် ကျေနပ်နေမည် မှာ မလွဲပေ ။ သည် ရည် ရွယ်ချက် သည် တစ်သက်လုံး က မျှော်မှန်း ခဲ့သော ရည်ရွယ်ချက် ပင် မဟုတ်ပါလား ။

“ ကျွန်တော့် မိန်းမ ဘက် က တူလေး တစ်ယောက် ပါ လာတာ တောင် ဆရာကြီး ကျောင်း လာ အပ်ရဦးမယ် ။ ဒီ ရွာ နဲ့ ရွာနီး ချုပ်စပ် ကတော့ ဆရာကြီး ကျောင်း ကို သိပ် အားထား ချီးကျူး ကြတာပဲ ၊ ဆရာကြီး လို ပညာတတ် တစ်ယောက် မြို့ မှာ နေသာရက် သား နဲ့ တော ဆင်း လာတာ တကယ့် စေတနာပဲ လို့ ပြောကြတယ် ”

မောင် က ကိုအောင့် ဘက် လှည့် ပြောနေရာ မှ မိမိခင် ဘက် လှည့် လာပြန်၏ ။

“ ကိုယ့် မိန်းမ နဲ့ ကိုယ့် ကလေးတွေ ကို မိ ဆီ ခေါ်လာ ပြီး မိတ်ဆက် ပေးရဦးမယ် ။ အ,သုံးလုံး သင်တန်း ဖွင့် ရင်
ကိုယ့် မိန်းမ က လုပ်အား ပေးချင် သတဲ့ ။ သူ ကိုယ်တိုင် က ခုနစ်တန်း မအောင် တော့ ဆရာမ တော့ လုပ် လို့ မဖြစ်ဘူး ။ ပညာရေး တော့ သိပ် စိတ်ပါတာ ”

မိမိခင် သည် မောင့် ကို ကြည့်နေမိရင်း “ သူ့ အသိုက်အမြုံလေးနှင့် သူ အထာတကျ ရှိနေပြီပဲ ” ဟု တွေး ကာ ရင်ထဲ ၌ ပြောင်းလဲမှု တစ်ရပ် ဖြစ် လာ၏ ။

“ မူလတန်းဆရာမ တစ်ယောက် ကိုယ်ဝန်ဆောင် ခွင့် ယူ သွားတာ အခက်အခဲတွေ့ နေလို့ လုပ်အား ကူ ချင်ရင် တော့ ကျေးဇူးပဲ ဆရာ ရေ ၊ သုံးလ လောက်ပေါ့  ” 

ကိုအောင် က ဝင်၍ ဆို လိုက်သည် ။ 

နောက် ကျောင်း အကြောင်း ၊ ရပ်ရွာကိစ္စ အကြောင်း သူတို့ နှစ်ယောက် စကား စ ရ သွားပြန်လေသည် ။ ညလယ် ဆွေးနွေးပွဲ ကို မိမိခင် ကန့်ကွက် လို သော်လည်း မကန့်ကွက် ဖြစ်တော့ ။ မောင် အိပ်ရေး ပျက်၍ မနက် တာဝန် ပျက်ကွက် မည် ကို လည်းကောင်း ၊ ကိုအောင် အိပ်ရေး ပျက်၍ မနက် စာစစ်ပွဲ မကွပ်ကဲ နိုင်မည်ကို လည်းကောင်း သူတို့ နှစ် ယောက်  စကား သံ ကြောင့် ကလေး လန့်နိုးမည် ကို လည်း ကောင်း စိုးရိမ် သော်လည်း မတားမြစ် သာဘဲ သည်တိုင်း ကြည့် နေ မိလေသည် ။

ကိုယ့် ရည်ရွယ်ချက် နှင့် ကိုယ် ခမ်းနားသည် ၊ နုံနဲ့ သည် မရွေး ကျရာ တာဝန် ကို ထမ်းဆောင်လျက် ရှိသူ နှစ်ဦး ကို တစ်လှည့်စီ ကြည့်ကာ ရင် ထဲ ၌ အတွေးအမြင်သစ် တို့ လူးလွန့် နိုးထ လာကြသည် ။ 

ပြန်လည် ရယူနိုင်စွမ်း မရှိသော မှုန်ဝါးဝါး တိတ် ကို တစ်ကန့် ချန် ထားရစ်ခဲ့၍ ထင်လင်းစွာ မြင်တွေ့ နေရသည့် အနာဂတ် ကို အဓိပ္ပာယ် ရှိစွာ ရင်ဆိုင်ရန် လိုအပ်ကြောင်း သဘော ပေါက် လာ၏ ။

တကယ်တမ်း ဆန်းစစ် လျှင် မိမိခင် သည် ယနေ့ ကာလ ထိ မိမိ ကိုယ် မိမိ မှန်ကန်စွာ ဦးဆောင်နိုင်ခြင်း မရှိ ။ မောင် နှင့် နေစဉ်က ဆရာဝန်ကတော် စီမံကိန်း နှင့် ကျေနပ်ခဲ့ကာ ကိုအောင် နှင့် ရတော့လည်း ကိုအောင့် ရည်ရွယ်ချက် ကို ချစ်စိတ် တစ်ခုတည်း နှင့် သာ ဖြည့်ဆည်း ခဲ့သည် ။ ရင် ထဲ မှ အသိ သဘော မပါခဲ့ ။ ကိုယ်ပိုင် ခံယူချက် ၊ ကိုယ်ပိုင် စွမ်းရည် နှင့် ဘဝ ကို ရင်ဆိုင်ရဲသော သတ္တိ မရှိ ၊ မိမိခင် တစ်ခု အားကိုးသည် မှာ မျက်ရည် သာ တည်း ၊ အခက်အခဲ မှန် သမျှ ကို မျက်ရည် နှင့် သာ ဖြေရှင်းသည် ။

ယခုမူ မိမိခင် သည် ချစ်ရုံ သာ ချစ်၍ မိမိ နားမလည် ခဲ့သော မောင့် ကို လည်းကောင်း ၊ ကိုအောင့် ကို လည်းကောင်း အမှန်အတိုင်း မြင်လာ၏ ။ ထို့ပြင် မိမိ ရင် ထဲ၌ ဘာ ရှိသင့်သည် ကို လည်း သိ လာသည် ။

ဤသို့ ဆိုလျှင် ကိုအောင် သည် လည်းကောင်း ၊ မောင် သည် လည်းကောင်း မိမိခင် အတွက် ဂုဏ်ယူ မဆုံး သော သူများ ဖြစ် လာနိုင်သည် ။ 

မိမိခင် ရင် ၌ တေးသွား တစ်ပိုင်းတစ်စ တို့သည် ခုန်ပေါက် လျက် ရှိ၏ ။ ထို တေးသွား တို့သည် လွန်လေပြီးသော ကာလ မှ ဆိုနေကျ ငိုညည်းသံ တို့ မဟုတ်တော့ ၊ တက်ကြွ မှု အပြည့် ပါသည့် အားအင်တို့ ဖြစ် လာကြ၏ ။ အမှန်စင်စစ် လည်း ကမ္ဘာ ပေါ် ၌ အလှဆုံး တေးသံသည် ရင် ထဲ မှလာ သည် ။ အတွေ့အကြုံ ၏ ရိုက်ခတ်မှု တွင် တေး ဆို တတ်သော နှလုံးသား သည် အစွမ်း ရှိသလောက် လှုပ်ရှား၍ နေ လေသည် ။

အနာဂတ် ကာလသစ် သည် မိမိခင် ကို ကြိုလင့် လျက် ရှိ၏ ။ နောက်နေ့များ ဖြစ်သော မနက်ဖြန် တို့ သည် မိမိခင် အတွက် လှပ၍ အဓိပ္ပာယ် ရှိသော တေးဆိုချိန်များ ဖြစ်လာ ပေမည် ။ ရင် ထဲ မှ တေးသံ နှင့် လောက အား အလှ ဆင်ရန် မှာ မိမိခင် တို့ ကဲ့သို့ ပညာတတ်များ ၏ တာဝန် ပင် မဟုတ်ပါ  

◾နတ်မောက် အနီချို

📖 ငွေတာရီ မဂ္ဂဇင်း
      ၁၉၆၉ ၊ ဇူလိုင်
     
#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment