Tuesday, December 19, 2023

အဆိုးဆုံးသော အမှောင်


 

❝ အဆိုးဆုံးသော အမှောင် ❞

( ၁ )

ရှေးသရောအခါ ကုရုဝေလတိုင်း ဥဇ္ဇေနီပြည် ဝယ် စူဠနီဗြဟ္မဒတ် အမည် ရှိသော မင်း သည် မင်းပြု လေ၏ ။ ထို မင်း ၏ ဂုဏ် အထူးကား “ အလုပ် မရှိ ၊ ချီးဘူးဂေါင်း သန်းရှာ ” ဟူ ဘိ သို့ ဉာဏ်စမ်းပုစ္ဆာများ မေး တတ်ခြင်း ဖြစ်လေ၏ ။ ထို အမေးပုစ္ဆာများ ကို ဂေါသက မည်သော သက်တော်တို အမတ်ကြီး သည် ဒိုင်ခံ ဖြေရလေ၏ ။

တစ်နေ့သော် မင်းကြီး သည် ထုံးစံ ရှိသည့်အတိုင်း အမေးတော် ရှိရန် စကားပလ္လင် ခံသည်မှာ ...

“ ဟဲ့ ... ဂေါသကအမတ်ကြီး ”

“ ဘုရား ... ”

“ အိမ်း ... မောင်မင်း ကတော့ တယ် အမေးအမြန်း ထူတဲ့ ဘုရင် ( ကမ္ဘာ့အမေးကြီး ) ပဲလို့ ကိုယ်တော်မြတ် ကို ထင် ပေလိမ့်မယ် ”

“ မှန်ပါ မထင်ဝံ့ကြောင်းပါဘုရား ”

“ မညာပါနဲ့လေ ၊ ထင် ထင်တယ်ပြောပါ ၊ ကိုယ် တော်မြတ် က လည်း အရေး မစိုက်ပါဘူး ၊ ထင် ဘဒင် ၊ ဒလင် ဟင်ပေါ့ ၊ ဒီလိုကွယ့် အမတ်ကြီး ရဲ့  ၊ ည တုန်းက ကိုယ်တော်မြတ် တစ်ရေး အနိုး မှာ အကြံ တစ်ခု ရတော်မူ တယ် ” 

“ မှန်ပါ ... တရေးနိုးသော် ၊ အကြံပေါ် ပေါ်သည့် အကြံ ပြန် အိပ်ရန် ဆိုတဲ့ အကြံ လား ဘုရား ... ”

“ မဟုတ်ဘူး အမတ်ကြီးရဲ့ ၊ ကိုယ်တော်မြတ် အကြံ က အမှောင်တွေ ထဲ မှာ ဘယ် အမှောင် အဆိုး ဆုံးလဲ စူးစမ်းချင်တဲ့ အကြံ ဖြစ်တယ် ။ ဉာဏ်တော် မီသလောက် ကြံစည် ကြည့်ပေမယ့် ( အဖြေ ) မရခဲ့ဘူးကွယ့် ”

“ အဖြေ ကို သာဓု ရုပ်ရှင် ရိုက်သွားပါပြီဘုရား ”

“ အိမ်း ... ဒါကြောင့် အဆိုးဆုံးသော အမှောင် ဟာ ဘာလဲ ဆိုတဲ့ အမေးပုစ္ဆာ ကို ဒီ တစ်ပတ် ညီလာခံ မှာ ထုတ် လိုက်တယ် ၊ ဂေါသကအမတ်ကြီး ဟာ ခါတိုင်းလို ကြိုးကြိုးစားစား နဲ့ ဟိုကျမ်း က ခိုး ၊ ဒီကျမ်း က ကူးပြီး ၊ ကိုယ်တော်မြတ် ကို လျှောက်ထားရမယ် ၊ ကြားလား ... ”

“ မှန်ပါ ၊ ဘုန်းတော်ကြောင့် အိမ် မှာ မရှိတဲ့ ကျမ်း ကို ဥဇ္ဇေနီပိဋကတ်တိုက် မှာ သွား ရှာ ကူးချပြီး တင်လျှောက် ပါမယ်ဘု ရား ၊ ကျွန်တော်မျိုးကြီး ခိုးချနိုင်ရန် ရက် အနည်းငယ် ပေးသနားတော်မူပါ ”

“ အိမ်း ငါ ကိုယ်တော်မြတ် ၊ ဧကက္ကဒါ စောလို့ ၊ သဘောတော် ကြိုက်လှတယ် ၊ အောလ်ရိုက် အောလ်ရိုက် အမတ်ကြီး ၊ အသင့် ကို အချိန် တစ်ပတ် ပေးလိုက်မယ် ၊ ကောင်းစွာ ကြိုးစားပေတော့ ”

ဂေါသကအမတ်ကြီးလည်း ဝတ်ရုံ တဖားဖား ရင် တကားကား ဖြင့် ပြန်ခဲ့လေ၏ ။ ဤ ပုစ္ဆာ အတွက် ကို အမတ်ကြီး သည် ပူပင်စိုးနှောင့်ခြင်း မဖြစ်မိပေ ။ ခါတိုင်း လို ခိုး ချလိုက် လျှင် လွယ်လွယ်လေးနှင့် ပြီးရမည် မဟုတ်ပါလား ။ ဟင်း ဟင်း ဂေါသက ကို ဘာ ထင်သလဲ ။ ဂေါသက ကို ဘာ ထင်သလဲ ၊ ငှဲ .. ငှဲ .. ငှဲ .. ငှဲ ။

( ၂ )

မဒမ်ဂေါသက ဒေါ်အိမ်ဂေါင်း သည် အလိုက်သိ သော အိမ်သူ သက်ထား ဖြစ်၏ ။ အမတ်ကြီး အလုပ် လုပ် နေစဉ် စားသုံးရန် လက်ဖက်တော် ကို သုပ် ပေးသည် ။ ချင်းသုပ်တော် ကို ပြင် ပေးသည် ။ ရေနွေးတော် တွင် စိနတိုင်း မှလာသော မျောက်နီသုံးကောင် လက်ဖက်ခြောက် ကို ခပ်ကျကျ ခပ်ပေးသည် ။ 

အမတ်ကြီး သည် မိုးလင်း က မိုးချုပ် အခန်း ကုပ် ကာ ၊ ကျမ်းဟောင်းများ ကို လှန်၏ ။ ပုရပိုက် တွေ ကို မွှေ ၏ ။ ပေစာ တို့ ကို ဖတ်၏ ။ သို့သော် အဆိုးဆုံးသော အမှောင် ကို ရှာ မတွေ့ပေ ။ တစ်ရက် က နှစ်ရက် ၊ နှစ် ရက် က သုံး ရက် ကြာ လာသော် အမတ်ကြီး ၏ ရင် သည် ဖိုကျင် ထိုး သလို ပူ လာသည် ။ အပွဲပွဲ ခိုးလာသမျှ ၊ ဒီ တစ်ပွဲ ကျမှ ၊ နှပ်ချေး ပစ် ခံရတော့မည် ။

“ မအိမ်ဂေါင်း အဆိုးဆုံး အမှောင် ဟာ ဘာလဲ မင်း သိလား ... ”

မဒမ်ဂေါသက ကို အကူအညီ တောင်းကြည့်၏ ။ သိလို သိငြားပေါ့ လေ ။ သို့သော် ဒေါ်အိမ်ဂေါင်း လည်း ခေါင်း သွက်သွက် ခါ၍ ... ။

“ အလိုတော် ... ဘယ် သိပမလဲ တော်ဟာ နိုင်ငံတော် မှာ ပညာရှိ အမည် ခံထားတာပဲ ၊ ဟို ဘုတ်အုပ် ၊ ဒီဘုတ်အုပ် မှာ လိုက် ရှာ ခိုးချပေါ့ ”

အမတ်ကြီးသည် ဘဲသီး ၊ ဆာဒီး ၊ ငှက်ပျောသီး ဖြစ်ကာ ၊ အိမ် မှ ထွက်သွားလေ၏ ။ သူ ရှေ့ရှုရာ ကား နိုင်ငံတော် စာသူခိုးများ အားကိုးအားထား ပြုရာ ပိဋကတ် တိုက်ကြီး သို့ ဖြစ်လေ၏ ။ ပိဋကတ်တိုက်မှူး သည် အမတ်ကြီး နှင့် ရင်းနှီးကျွမ်းဝင်ပြီး ဖြစ်သည် ။ 

“ အရှင်ဂေါသက ဘာများ အခက်တွေ့ လာပြန် သလဲ ၊ အခက်တွေ့က ကျူရှင်ခ မယူဘဲ ကူညီ ပါရစေ ”

အမတ်ကြီး သည် ပိဋကတ်တိုက်မှူး ကို စာ ဖတ်နေ သော လူများ နှင့် ဝေးရာသို့ လက် တို့ ခေါ်ခဲ့၏ ။ နှစ်ကိုယ် ကြား လေသံဖြင့် ... 

“ စူဠနီဗြဟ္မဒတ် က ပုစ္ဆာဆန်း တစ်ခု မေးပြန်ပြီ ။

ကမ္ဘာလောက မှာ အဆိုးဆုံး သော အမှောင် ဟာ ဘာလဲ တဲ့ ၊ အဲဒါ ငါ အဖြေ ရှာ မရဘူး ။ အိမ် က ကျမ်းတွေ မွှေ ပြီးပြီ ၊ အသင့် ပိဋကတ်တိုက် ကို မွှေ ရလိမ့်ဦးမယ် ”

“ မှန်ပါ ၊ လမ်းဘေးက ကြိုက်တာယူ ပြားငါးဆယ် ဆိုင် မှာ မွှေသလို ၊ စိတ်တိုင်းကျ မွှေ တော်မူပါ ၊ ဖွတော် မူပါ ”

ဂေါသကအမတ်ကြီး သည် ပိဋကတ်တိုက် မှ ကျမ်း များ ၊ ပေများ ၊ ပုရပိုက်များ ကို တစ်ခု မကျန် မှောက်လှန် မွေဖွသည် ။ အဖြေ ကို မတွေ့ပေ ။ သို့ဖြင့် သုံးရက် ဟူသော အချိန် သည် ဘာမျှ မကြာလိုက်ဘဲ ထပ် ကုန်သွား ပြန်၏ ။

“ အင်း ... ဒုက္ခတွေ အလုံးအရင်း တွေ့ တော့မယ် ၊ မနက်ဖြန် ဆိုရင် မင်းတရားကြီး ကို အဖြေ ပေးရတော့မှာ ပါလား ”

အမတ်ကြီး သည် စိတ်ညစ်ညစ် ဖြင့် ထိပ်ပြောင်ကြီး ကို ပွတ်သည် ။ ထမင်း လည်း မြိန်အောင် မစားနိုင် ၊ ည လည်း ပျော်အောင် မအိပ်နိုင် ။ အမတ်ကြီး ၏ စိတ် ကို ( ပုစ္ဆာ ) သည် နှိပ်စက် လျက် ရှိ၏ ။ ကိုယ် အလေးချိန် ပင် ဆယ့်ငါးပေါင် ကျ သွားလေသည် ။ 

“ အဖေ သက်ပြင်း တဟင်းဟင်း နဲ့ အဖေ ဘာ ဖြစ် လို့လဲ ”

အမတ်ကြီး ၏ တစ်ဦးတည်း သော သမီး မြီးကောင်ပေါက် က မေးသည် ။ အမတ်ကြီး သည် စိတ်ပျက် အား လျော့ သော လေသံ ဖြင့် ဖြစ်ကြောင်းရယ်တဲ့ ကုန် အစင် ကို နတ်သံ မနှောဘဲ ပြော ပြလိုက်လေ၏ ။

“ အံမယ်လေး အဖေရယ် .. စောစောက ပြောပါ တော့ ၊ ဒီ ပုစ္ဆာ လွယ်လွယ်လေးပါ ”

သမီး မြီးကောင်ပေါက် က ကိုယ်ကို ယိမ်းထိုးကာ ခိုးခိုးခစ်ခစ် ရယ်၍ ပြော၏ ။

“ ပြောစမ်းပါ သမီး ... အဆိုးဆုံးသော အမှောင် ကို ”

“ အောင်မယ် ... ဒီလို ပြောလို့ ဘယ် ဖြစ်မလဲ ၊ ဈေး ပေါ သွားမှာပေါ့ ၊ ည ဆယ့်နှစ်နာရီ မှာ သမီး အခန်း ကို အဖေ တစ်ယောက်တည်း လာခဲ့ ၊ အဆိုးဆုံး အမှောင် ကို သမီး လက်တွေ့  ပြမယ် ”  ။

အမတ်ကြီး သည် မယုံရဲ ယုံရဲ ဖြင့် ခေါင်း ညိတ်လိုက် ရလေသည် ။

( ၃ )

အိမ်း ... ဘာလိုလိုကြီး ဟဲ့
။ ဂေါသကအမတ်ကြီး ၏ စိတ် ထဲ တွင် ဘာလိုလိုကြီး ဖြစ်နေသည် ။ စားပွဲတင်နာရီ သည် ( တစ်တက် တစ် တက် ) နှင့် မှန်မှန် မြည်နေ၏ ။ အမတ်ကြီး ၏ ရင်ခုန် သံမှာ နာရီ နှင့် စည်း လိုက်ကာ ( ဂစ်ဂက် ဂစ်ဂက် ) မြည် နေလေသည် ။ နေပြည်တော် နန်းမြင့် မှ ဗဟိုရ်စည် နှက်လိုက်သော ( နောင် ဒိုင်း ) သံ ဆယ့်နှစ်ချက် ပေါ်လာ၏ ။ ထို အသံ နှင့် မရှေးမနှောင်း တွင် ( ဘာရား .. ဘာဂျာ ... ဟိုး ) ဟူသော အော်သံ ထွက်ပေါ်လာလေသည် ။

“ အင်း ... အိမ်ဂေါင်း ဆိုတဲ့ ဝတုတ်ပြဲမကြီး ကို ကော်ဖီ ထဲ အိပ်ဆေး ထည့် တိုက်ထားတာ ၊ ခလော ခလော နဲ့ လောင်းန် ခလော ပေးနေပြီ ၊ အခါ သင့် ၊ အခွင့် တော် ၊ ဗဟိုရ်စည် ဆော်ပြီမို့ ၊ သမီးတော် ဂီတာ ရှိတ် ၊ တစ်ကိုယ်ရည် အိပ် လေတဲ့ ၊ ခန်းရိပ် ကို ခို တော့မယ် ၊ ဆိုင်း ဆိုသမျှ သနင်း ၊ ရွာစားကြီး စိန်စတင်း က ချွတ် နင်း၍ ပို့တော် မူစမ်း ”

ဂေါသက အမတ်ကြီး သည် တစ်လှမ်းချင်း ၊ လှမ်း ရင်း ဝမ်းတွင်း ဒိန်းတက်တက် ဖြင့် အခန်းဝသို့ ရောက် လာလေသည် ။ အခန်း ထဲ တွင် အလင်းရောင် မရှိပေ ။ သန်းခေါင်လကွယ် ၊ တောအုပ်လယ်၌ ၊ ကပ္ပလီ ကို ကတ္တ ရာစေး သုတ် ထားသလို မှောင်မည်း နေလေသည် ။ အခန်း တံခါး သည် သာသာ ဟဟလေး ပွင့် နေ၏ ။ မဉ္ဇူနံပါတ် ဖိုက် ရေမွှေးနံ့ သည် တံခါး ဟ ကြား မှ တိုးထွက်လာကာ အမတ်ကြီး ၏ နှာဝ ကို ကလူကျီစယ်လေသည် ။

“ သမီး ... အဖေ ဝင် ခဲ့ရမလား ”

အမတ်ကြီး ၏ ကတုန်ကရင် မေးသံ ။

“ ဝင်ခဲ့ပါ အဖေ ”

ဂေါသကအမတ်ကြီး သည် တောင်ရှည်ပုဆိုး စ ကို မ၍ အခန်း ထဲ သို့ ဝင် လိုက်သည် ။ အမှောင် အမှောင် မှောင်တကာ့ အမှောင် ။ ကိုယ့် လက်ဝါး ကို ပင် ကိုယ် ပြန်ကြည့် မမြင်အောင် မှောင်လှသည် ။

“ ဘယ်ကို လာ ရမလဲ သမီး ”

အမတ်ကြီး ၏ ကတုန်ကယင် မေးသံ ။

“ ညောင်စောင်း ဆီ လာခဲ့ပါ ”

သမီး မြီးကောင်ပေါက် ၏ ပြန်ချက် ။

ဂေါသကအမတ်ကြီး သည် ညောင်စောင်း ရှိရာကို ကောင်းစွာ သိ၏ ။ ညောင်စောင်း သည် အခန်း ၏ လက်ယာ ဘက် ထောင့်ကွေး တွင် ရှိ လေသည် ။ အမတ်ကြီး သည် ရော်ရမ်းမျှော်မှန်းရင်း စမ်းတဝါးဝါး လာခဲ့ရာ ၊ တိုင် တစ်တိုင် ကို ဒိုင်းခနဲ ဝင် တိုက်မိလေ၏ ။

“ သွတ် ... သွတ်... သွတ် ... နာလိုက်တာ နဖူး များ ပေါက် သွားပြီလား ”

အမတ်ကြီး ၏ စုတ်သတ် ညည်းသံ ... ။

ရေမွှေးနံ့များ တိုး၍ တိုး၍ မွှေးလာသည် ။ အမတ်ကြီး သည် ဟိုတိုက် ဒီတိုက် တဒိုင်းဒိုင်း တိုက်ရင်း ညောင် စောင်းဆီ သို့ ရောက်လာခဲ့၏ ။ ဝမ်း တူး သရီး ဟု တိုး တိုး ရွတ်ကာ ညောင်စောင်း ပေါ် ကို အားပါးတရ လှမ်း ဖက် လိုက်၏ ။ ပျော့စိစိ အရာဝတ္ထု ကို ဖက်မိ၏ ။ ဘာ ပါလိမ့် ဟု ထက်အောက် စုန်ဆန် စမ်း နေစဉ် ...

“ အောင်မယ်လေးဗျ ”

မမျှော်လင့်ဘဲ ထိပ်ပြောင် ကို ဂေါက် ကနဲ အနှက် ခံ လိုက်ရသည် ။

“ ခွင့်လွှတ်ပါ အဖေ ၊ အဖေ့ ခေါင်း ကို သနပ်ခါးတုံး နဲ့ ခေါက် လိုက်ပါတယ် ။ ညောင်းစောင်း ပေါ် က ဟာ ရေမွှေး ဆွတ်ထားတဲ့ ခြေတင်ခုံလုံးကြီးပါ ၊ သမီး က ညောင် စောင်း နောက် မှာ ရပ် နေပါတယ် ”

အမတ်ကြီး သည် အမှောင် ထဲ တွင် ထိပ်ပြောင် ကို ပွတ်ရင်း ...

“ အနို့ဖြင့် သမီး နား ရောက်အောင် အဖေ လာခဲ့မယ်လေ ”

ညောင်စောင်း ကို ကွေ့ပတ်ရန် ခြေလှမ်း ပြင်၏ ။

“ အဖေ နော် ... သတင်းစာ ထဲ ပါလို့ ကျော် မကောင်း ၊ ကြား မကောင်း ဖြစ် ကုန်လိမ့်မယ် ၊ အဆိုးဆုံးသော အမှောင် ကို အဖေ သိပြီ မဟုတ်လား ”

“ မသိသေးဘူး ကွယ့် ”

ဂေါသကအမတ်ကြီး သည် ခပ်တုံးတုံး ပြန်ပြော၏ ။

“ ဪ ... အဖေ့ နှယ် ၊ ပညာရှိ အမည် ခံပြီး စာ သာ ခိုး တတ်တယ် ၊ ကိုယ်ပိုင်ဉာဏ် တစိုးတစိ မှ မရှိဘဲကိုး ၊ အဆိုးဆုံးသော အမှောင် ဆိုတာ ”

သမီး မြီးကောင်ပေါက် က ရိုးရိုးလေး ရှင်း ပြ၏ ။

အမတ်ကြီး သည် “ အင်း ... ဟုတ်သား ၊ ငါ အစ က ဘာကြောင့် မတွေးမိပါလိမ့် ” ဟု ပြောလိုက်မိလေ၏ ။

( ၄ )

စူဠနီဗြဟ္မဒတ်မင်းကြီး ၏ နန်းရင်ပြင် ညီလာ သဘင် ။

ရှင်ဘုရင် တစ်ခါထွက် ပဲကြီး တစ်လှေ ချက် စကား စဉ် အတိုင်း ၊ မင်းကြီး ထွက်တော်မူ မလာသေးပေ ။ ဂေါသက အမတ်ကြီး သည် ယနေ့ ညီလာခံ သို့ စောစီးစွာ ရောက် နေသည် ။ ပုဏ္ဏားဖြူ ၊ ပုဏ္ဏားညိုများ သည် ဒီနှစ် သင်္ကြန်စာ ရောင်း ကောင်းအောင် မဟုတ်က ၊ ဟုတ်က တွေ ဖြီး မည် ဟု အချင်းချင်း တိုင်ပင်နေကြ၏ ။ လက်ျာ ဘက် တွင် ခစားရသော ဝန်စိမ်းလေးပါး က ဘားဒေါ့ ကား မလာတာ ကြာပြီဟု ညည်း နေကြသည် ။ လက်ဝဲ ဘက် တွင် ခစားရသော ဝန်နီလေးပါး ကမူ ဥဇ္ဇေနီဈေး အနောက်မြောက် ဘက် တွင် နိုင်ငံခြားအရက် တွေ အလွတ် ဝယ်၍ ရသည် ဟု သွားရည် တမြားမြား ဖြင့် ဝမ်း သာအားရ ပြောနေကြသည် ။ ရာဇပလ္လင် နောက်နား ဆီမှ မောင်းမမိဿံများ သည် ပိတုန်းရောင်ကေသာ အချိန်
တစ်ပိဿာ ကို ဘော်သာခွာ နှစ်ရာ ကြေးရသတဲ့ ။ ခေါင်းတုံးမ ဒေဝီ ဖြစ်ချင် ဖြစ်ပေစေ ။ မြစပယ်ငုံ ၊ လလယ်ယုန် ဆံထုံးတွေ ကို ဖြတ်ရောင်းမယ် ဟု တိုင်ပင်နေကြသည် ။ နန်းရင်ပြင် တွင် စကား ပြောသံများ ဝေါဝေါ ဝေါဝေါ ညံနေပေသည် ။ 

“ တိတ်စေ .. စမျှောင် ”

အတွင်းတော် မှ အော်သံ ပေါ်လာ၏ ။ မင်းတရား ကြီး ထွက်တော် မူလာလေပြီ ။ စကားသံများ သည် ရုတ် တရက် တိတ် သွား၏ ။ ခစားသူ အားလုံး သည် ကိုယ်ကို ညွှတ်ကိုင်း လိုက်ကြသည် ။

“ မင်းကြီးများ ... ”

“ ဘုရား .... ”

“ ဒီ ညီလာသဘင် မှာ ဘာ တင်စရာ ရှိသလဲ ”

လက်ျာဝန်စိမ်းလေးပါး လက်များ ကို မြှောက်မြှင့်၍

“ မှန်ပါ .. စေတုတ္ထရာ နှင့် ပါဋလိပုတ် ပြေးတဲ့ ကား ဖြူဖြူလှလှငယ်ငယ်လေးတွေ ခေါင်မိုး မှာ လက်ကိုင် တန်း တပ် ပေးပါဘုရား ၊ တန်း မရှိတဲ့အတွက် ဒက်စတော့ ဖမ်း လိုက်ရင် ခရီးသည်များ ခမျာ လူ ပေါ် လူ ထပ် ပြီး မတ်တတ် က လဲ တတ်ပါတယ်ဘုရား ”

“ အိမ်း ... ကောင်းပြီ ၊ တပ်ပေးမယ် ၊ ဟိုဘက်က ဝန်နီလေးပါး ကကော ဘာများ တင်ချင်သေးသလဲ ၊ လွတ်လပ်စွာ တင် ” 

လက်ဝဲဝန်နီလေးပါး လက်များ ကို မြှောက်မြှင့်၍

“ မှန်ပါ ... ဥဇ္ဇေနီနေပြည်တော် အတွင်း မှာ ဆီဈေး ကစားတဲ့ လှည်းကုန်သည် ငါးရာ ကို ကြိမ်လုံး ဆီ သုတ် ပြီး ကျော တစ်ထောင် ၊ ရင် တစ်ထောင် နှက် တော်မူပါ ဘုရား ”

“ အိမ်း ... စိတ်ချ ၊ စိတ်ချ ၊ အမယ်လေး ဘလေး အော် ရအောင် နာနာ တီး တော်မူမယ် ”

သို့ဖြင့် တိုင်းရေးပြည်ရေးများ ကို ဆွေးနွေးပြီး သကာလ ။

“ ဟဲ့ .... ဂေါသကအမတ်ကြီး ”

“ ဘုရား ”

“ ငါ ကိုယ်တော်မြတ် အမေးတော် ရှိထားတဲ့ ( အဆိုး ဆုံးသော အမှောင် ) ပုစ္ဆာ အဖြေ ရပြီလား ”

“ မှန်လှပါ ရပါပြီဘုရား ”

ဂေါသကအမတ်ကြီး ၏ အသံမှာ ညီလာခံပရိသတ် ကို ဟိန်းသွားလေသည် ။

“ ရရင် အမြန်တင် ... ကိုယ်တော်မြတ် ကြားချင်လှပြီ ”

အမတ်ကြီးသည် လက်နှစ်ဖက် ကို မြှောက်ကာ ၊ ဤ သို့လျှင် လျှောက်တင်လေ၏ ။

“ မှန်လှပါ ၊ ရွှေနားရှင် နားဆင်တော်မူပါဘုရား ၊ ( အဆိုးဆုံးသော အမှောင် ) ဟူသည် ခုတလော ယမ်းမီး ခြစ် မပေး တဲ့ အတွက် မီးခွက် မထွန်းနိုင်သောကြောင့် မှောင် သော အမှောင်ပင် ဖြစ်ပါသည် ဘုရား ”

ညီလာခံ ပရိသတ် ထံ မှ “ ဟယ် ” ခနဲ အာမေဋိတ် သံကြီး တစ်ခဲနက် ထွက်ပေါ်လာ၏ ။ ဘုရင်မင်းမြတ်မှာ သဘောတော်ကျလှ သဖြင့် မျက်နှာတော် ချိုပြုံး သွား သည် ။

“ အိမ်း .. အမတ်ကြီး ဟာ ပညာရှိ ပီသပါပေ တယ် ။ လျှောက်တင်တဲ့ အဖြေ ကို ကိုယ်တော်မြတ် သဘော ကျတယ် ။ ဆုတော်လာဘ်တော်များ ပေးသနားတော် မူမယ် ... လိုရာ ဆု ကို တောင်းစေ ”

ညီလာခံ ပရိသတ်သည် အမတ်ကြီး ဘာ ဆု ကို တောင်း မလဲ ဟု နား စွင့်ထားကြသည် ။ ကျွန်ယောက်ျား ၊ ကျွန်မိန်းမ တစ်ရာ ကို တောင်း မလား ။ နို့ညှစ်နွားမ ငါးရာ ၊ ဆင်ငါးရာ ၊ မြင်းငါးရာ ကို တောင်း မလား ။ လယ် တွင်း ကိုးခရိုင် ၊ တောင်စဉ် ခုနစ်ထပ် ကို တောင်းမလား ။ အသီးသီး မျှော်လင့်နေကြစဉ်

“ မှန်လှပါ ၊ ယမ်းမီးခြစ်ကလေးများ ရှိ ရင်သာ နှစ်လုံး လောက် ပေးသနားတော်မူပါ ဘုရား ”

ညီလာခံ ပရိသတ် ထံ မှ ဒုတိယအကြိမ် အာမေဋိတ် သံကြီး ထွက်ပေါ် လာပြန်သည် ။ ဘုရင်မင်းမြတ် သည် ကျောက်မျက် ရတနာ စီခြယ် ထားသော သေတ္တာ အတွင်း မှ
ယမ်းမီးခြစ် နှစ်လုံး ကို ရွှေတိုက်စိုး အား ထုတ်ယူစေကာ ၊ ဂေါသကအမတ်ကြီး ကို ချီးမြှင့်၏ ။ ပြီးနောက် ညီလာခံ ပရိသတ် တစ်ခုလုံး တတိယအကြိမ် အာမေဋိတ် သွား စေသော စကား ကို မိန့်တော်မူလေသည် ။ 

“ အမတ်ကြီးရေ ... ချွေချွေတာတာ ခြစ်ပေတော့ ၊ ဒီ မီးခြစ်တွေ ဟာ နှယ်နှယ်ရရ မဟုတ်ဘူး ၊ ငါ ကိုယ်တော် မြတ် ကိုယ်တိုင် ပတ်တီးဘဲလူး ကွမ်းယာဆိုင် က နှစ်လုံး ဆယ့်ငါးပြား နဲ့ ဝယ် ထားရတာ ”

◾အီကြာကွေး

📖 ရှုမဝ မဂ္ဂဇင်း
      ဇူလိုင် ၊ ၁၉၇၀

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment