Sunday, December 17, 2023

ကိုပီတိ နှင့် ဒဏ္ဍာရီသစ်


 

❝ ကိုပီတိ နှင့် ဒဏ္ဍာရီသစ် ❞

ဟား ... အေးစိမ့် လှချည့်လား ဆောင်းရယ် ၊ ရာသီ သုံးပါး မှာ နင် က ကနွဲ့ကလျ နဲ့ အတော် စော်ကား တဲ့ ရာသီ ပါ လား ၊ ကြည့် တော့ ဖြင့် အပြစ် မရှိ သလိုလို ရိုးသား သလိုလို ၊ ဟိုနေရာ ကြည့် တော့ လည်း နှင်းဖြူလွလွ ၊ ဒီနေရာ ကြည့် တော့လည်း မြူခိုးဝှေ့ဝှေ့ ၊ တိုးဝှေ့ ပွတ်သပ် နေတဲ့ မြောက်ပြန်လေ က အစ အပျိုမလေး ရဲ့ ရှက်ကိုး ရှက်ကန်း အကြည့်မျိုး တဲ့ ။ အဲဒါ ပြည့်စုံတဲ့ သူတွေ က လယ်သာ ၊ သိုးမွှေး ၊ ဂွမ်းကပ် ၊ အထပ်ထပ် ခြုံပြီး နင့် ကို ချီးကျူး မြှောက်ပင့် ပေးနေကြ တာ တဲ့ ... ဒါမှ ငါတို့ လို အကောင်မျိုးတွေ ကို နင် ဖိပြီး စော်ကားခွင့် နှိပ်စက်ကလူပြုခွင့် ရမှာကိုး ... မြောက်ပြန်လေညှင်း တဲ့ ... ထွီ ဘာ လေညှင်း လဲ နင် ဟာ လေညှင်း ၊ လေညှင်း အင်မတန် ဆော့ပြီး အမြဲ သွေးပူ နေတဲ့ မျောက်တွေ တောင် နင့် အအေးဓာတ် ကြောင့် ပြန် ပြေး ကုန်ကြတဲ့ မျောက်ပြန် လေညှင်း တဲ့ ... အဟားဟား စောင် တွေ က လည်း စောင် မှ ဟုတ်ကဲ့လား.. စက္ကူတွေ များ လား ကွာ နှစ်ထပ် ခြုံ တာ တောင် အချမ်း မလုံဘူး ၊ တောင်မြောက် ဝင်ရိုးစွန်း က ရေခဲတောင်တွေ ဟာ ငါ တစ်ယောက်တည်း အပေါ် များ အရည် ပျော် ကုန် ကြတာလား ၊ နည်းနည်း လျှော့ပါဦး ဟ ၊ ဘုရား ကို စူးရစေ ရဲ့ အပေါ်  နဲ့ အောက် သွား တွေ အုပ်စုလိုက် ရန် ဖြစ် ကုန်ကြပြီ ၊ နိုင်ငံခြား က သတ္တဝါတွေ က လည်း သူများ တိုင်းပြည်တွေ ရဲ့ သာယာ ၊ ချမ်းအေးမှု ကို ဖျက်မဲ့ ရော့ကတ်တွေ ၊ ကျည်ဆန်တွေ ကို တော့ ရီမု နဲ့ ပစ် နိုင်အောင် ထွင် နိုင်ပြီး ၊ ရာသီဥတု လွန်ကဲမှု ကျတော့ ရီမု နဲ့ အတိုး အလျှော့ လုပ်နိုင်အောင် မတီထွင်ကြဘူး ၊ အိုဇုန်းလွှာ လောက် လက်ညှိုး ထိုး ပြ နေကြတာ ၊ နင် တို့ တက် ဖာ ကြပါလား ၊ ဒီလောက် ဒုံးပျံတွေ ဂြိုဟ်တုတွေ ပေါ နေတဲ့ ဟာ ကို ၊ မဟုတ်က ဟုတ်က ခလေးတွေ အညွန့်တုံး စေ မဲ့ စိတ်ကြွဆေးတွေ ထွင် မဲ့ အစား ရာသီ ဥတုဒဏ် ခံ နိုင်တဲ့ ဆေးဝါးတွေ ထုတ်ပါလား ။

“ သောင်းကျော်တန် စောင်များ ကို ခြုံမည့် အစား ဤ ဆေးပြား ကို သုံးစွဲရုံ ဖြင့် ဆောင်း တစ်တွင်း လုံး သင် စွတ်ကျယ် နှင့် နေနိုင်ပြီ ၊ ဆေး တစ်ဘူး မှ သုံးရာ သာ ယူ ပါသည် ” လို့ ကြေညာ လိုက် ရင် နင် တို့လက် မလည်အောင် ရောင်း ရမှာ ဟဲ့ ... လမ်းထိပ် က မမိ က လည်း မနိပ်ဖူး ၊ စောင်လေး တစ်ထည် အကြွေး ရောင်းပါ ဆိုတာ အရင် ကြွေး ကျေ မှတဲ့ ...  

“ ဖေကြီး ပုံ ပြောဦးလေ ...”

အော် ... ဆရာလေး မအိပ်သေးဘဲကိုး ။ ကိုပီတိ ဆောင်း ကို အတွေး နဲ့ ရန် လုပ်ရာ က သားတော်မောင် ကို လှည့်စောင်း ကြည့်ရင်း

“ မင့် အမေ ပြန်လာ မှ ပြောခိုင်းတော့ ကွာ အဖေ ချမ်းလို့  ...”

“ ဟာ အမေ က ကိုးနာရီ ဇာတ်ကား ကြည့်ပြီး မှ ပြန်လာမှာတဲ့ ”

ဒီ မိန်းမ ကလည်း တစ်ခက် ပဲ ၊ ခုနစ်နာရီ ကျ ကိုရီးယားဇာတ် ကား ပြီးရင် ခန ပြန်လာ ၊ ရှစ်နာရီခွဲ တော့ ပြန်ထွက် ကိုးနာရီ တရုတ် ကား ကြည့်  ၊ ကြာရင် ကိုရီးယား များ သွားပြီး အခြေ ချတော့မှာလား အောင့်မေ့ ရတယ် ။

“ ဖေကြီး ဘာပုံ ပြောမှာတုန်း ... ”

ဒီ့ပြင် ခလေးတွေ လို ဗီဒီယိုတွေ တီဗွီဂိမ်းတွေ မစွဲ ဘဲ ပုံပြင် ကို မြတ်နိုး နေတဲ့ သားတော်မောင် ငါးနှစ်သား ကို ကြည့်ရင်း သူ့ အဖွား ကို ကျေးဇူး တင် နေမိတယ် ။ ဒီ ပုံ ပြောတဲ့ အလေ့အကျင့် ဟာ အဖွား ဆီ က ရ ထားတဲ့ အမွေ လေ ၊ ငယ်ဘဝ လသာညတွေ ဆိုရင် ရှေးရှေးတုန်း က ဆိုတဲ့ပြီး လေးလေးကြီး ပြောခဲ့တဲ့ အဖွား ရဲ့ စိတ်တွင်း ဖြစ် ဒဏ္ဍာရီ တွေ ဟာ ကိုပီတိ ရဲ့ အဖော် ကောင်းတွေပေါ့ ။ ရွှေကျားကြီး ရဲ့ မီးလောင်ဖုတွေ ဆေးလူး ပေး လိုက် ၊ မထွေးလေး နဲ့ ဒါန်း အတူ စီး လိုက် ၊ လိပ်ကမ္ဘာမကြီး ကို ရေ ထဲ ပြန် လွှတ်ပေး လိုက် ၊ ရေသောက် တဲ့ သိုးကလေး ကို စောင့်ရှောက် လိုက် နဲ့ ပျော်ရာ က နေ ဒေဝဒတ် အလောင်း က ဗျိုင်း တဲ့ ဗုဒ္ဓဝင် အလောင်း က ပညာရှိ ပုစွန်လုံး တဲ့ စတဲ့ နိပါတ်တော် ပုံဝတ္ထုတွေ ကို လေးစား ကြည်ညိုရင်း ၊ အနော် ရထာမင်း ၊ ကျန်စစ်သားမင်း လက်ထက် တုန်း က ဆိုတဲ့ ရာဇဝင် ဖြစ် စဉ် တွေ ကို ကြည်ညို လေးစား မိခဲ့ရတယ် ။ အဲဒီ အမွေ ကို အခု သူ့ သား ဆီ လက်ဆင့် ကမ်း နေရပြီ ။ ဒါပေမယ့် ကိုပီတိ ငယ်ငယ်တုန်း က လို မျက်လုံးကြောင်လေး နဲ့ ငေး ပြီး နားထောင် တဲ့ ပုံစံ မဟုတ်တော့ဘူး ။ မီဒီယာတွေ အင်တာဗျူးတွေ နဲ့ ကြီး လာရာတဲ့ ခလေး ဆိုတော့ ...

“ ဖေကြီး က လည်း ပြောပါ ဆိုနေမှ ...” 

“ စဉ်းစား နေလို့ပါကွ ၊ ဟိုလေ ရှေးရှေးတုန်း က တဲ့ ကြက်မကြီး နဲ့ သူ့ ခလေးတွေ က ကောက်ညှင်းပေါင်း စား ချင်တာ နဲ့  ...”

“ ကောက်ညှင်းပေါင်း စားရင် သူတို့ ရင်ပြည့် မှာပေါ့ ဖေကြီး ရဲ့ ဒိပြင်ဟာ ကျွေး လို့ မရဘူးလား ၊ သား တောင် ကောက်ညှင်းပေါင်း မစားတာ ”

“ ဒိပြင်ဟာ ကျွေးလို့ မရဘူး ၊ ဒီ ပုံပြင် က ငါ မင်း အရွယ် ကတည်း က ကောက်ညှင်းပေါင်း နဲ့ အခြေခံ ထားတဲ့ ပုံပြင်  ...  အဲဒါ စား ချင်တာ နဲ့ ကောက်ညှင်းပေါင်း အိုး ထဲ ဝင် အိပ်ကြရော  ...”

“ အဲဒါဆို ကြက်ပေါင်း ဖြစ် သွားမှာ ပေါ့ ၊ ဖေကြီး က လည်း အဓိပ္ပါယ် ရှိတာ ပြောပါ ၊ ကောက်ရိုးပုံ တို့ သစ်ပင် ပေါ် တို့ အိပ် ရင်လဲ ရတဲ့ ဥစ္စာ ”

“ ပုံပြင် ဆိုတာ အစစ် မဟုတ်ဘူး သား ရဲ့ ”

“ ဒါဖြင့် ညာ ပြောနေတာပေါ့ ” 

ကိုပီတိ ရှင်းလေ ရှုပ်လေ ဖြစ်နေပြီ ၊ အမေးအမြန်း ထူ တဲ့  သားတော်မောင် နဖူး ကို တစ်ချက် နမ်း လိုက်ရင်း ...

“ ကဲ ... ဒီတိုင်း ဆို ရင် အဖေ တို့ ပုံ ပြောလို့ ရမှာ မဟုတ်တော့ဘူး သား ဘယ်ပုံ ကို ကြိုက်သလဲ မင်း ကြိုက်တာ အဖေ ပြောမယ် ”

သူ့ သား ခဏ စဉ်းစားတယ် ၊ ပြီး မှ ... 

“ ဟို ပုံပြင် ပြော ဟိုလေ ကြက်တူရွေးလေး နှစ်ကောင် လေမုန်တိုင်း မိတဲ့ ဥစ္စာ လေ ”

“ အော် ကျေးညီနောင်လား နားထောင် နော် ၊ ဟိုး ရှေးတုန်းက ကြက်တူရွေး ညီအစ်ကို နှစ်ယောက် အဲ ... အဲ နှစ်ယောက် ရှိသတဲ့ သား ရဲ့ ၊ တစ်နေ့တော့ သူတို့ နေထိုင်ရာ တော ကြီး လေမုန်တိုင်း ကျပြီး တစ်ကောင် စီ ကွဲ သွားပါ ရော ”

     •••••   •••••   •••••   •••••

“ ကျေးဇူး တင်ပါတယ် ကိုပီတိရယ် ... ခင်ဗျား ကျေးဇူး ကို ဘယ်တော့မှ မမေ့ပါဘူး ဗျာ ၊ နယ် မှာ ပွဲလမ်းသဘင် ရှားလို့ သမီး ကို ယာ လုပ်ခိုင်းရ မလား ၊ ပဲ ကောက် ခိုင်းရ မလား ဖြစ်နေတာ ၊ အခုလို မြို့ကြီး မှာ အလုပ် လုပ်ဖို့ လာ ခေါ်တော့ အဟဲ .. ဟဲ ”

ဒီ ဘက် နှစ်တွေမှာ အဲဒီ မြို့ကလေး က မင်းသမီးတွေ လူကြိုက် များ နေတယ် ၊ ဟို သူငယ်မလေး ရဲ့ ရုပ်မြင်သံကြား အငြိမ့်ခန်း လွှင့် ပြီး ကတည်း  က အငြိမ့်ထောင် တွေ ရဲ့ စီးပွားရေး မျက်စေ့တွေ ဟာ အဲဒီ မြို့ကိုပဲ ဝိုင်း ကြည့် နေကြတယ် ။

“ မန္တလေး မှာ အငြိမ့် ခေါင်းဆောင် မင်းသမီး အတော် ရှားနေပြီ ကွ ၊ အဲ ဟိုကောင်မလေး ရဲ့ မြို့တော် မှာ တော့ ပေါတယ် ကြားလို့  ၊ မင်း သွားခေါ် ချေကွာ ”

အငြိမ့်ထောင် ရဲ့ ခိုင်းစေချက် ကြောင့် ကိုပီတိ အဲဒီ မြို့ က သူငယ်မ နှစ်ယောက် ကို သွားပြီး ခေါင်းဆောင် မင်းသမီး အဖြစ် ခေါ် ခဲ့ရတယ် ။

“ လေးလေး ကို မိဖ လို အားကိုးပါတယ် ၊ သမီးတို့ မလိမ္မာ တာ ရှိ ရင် ဆုံးမပါ ၊ ရိုက်ပါ ၊ တနယ်တကျေး က လာ ရတာမို့ သမီး တို့ ကို စောင့်ရှောက်ပါ လေးလေး ရယ် ”

မျက်လုံးလေး ပေကလပ် ပေကလပ် ငိုသံသဲ့သဲ့ နဲ့ လက်အုပ် ကလေး ချီ ရင်း ပြောနေတာ ကြောင့် ကိုပီတိ ပါ ငိုချင် သလိုလို ဖြစ် လာပြီး တံတွေး ကို ဂလုခနဲ မြိုလို့ ...

“ ညည်းတို့ ဥပဓိလေးတွေ က ကြီးပွားမဲ့ ရုပ် လက္ခဏာလေးတွေ ပါ လိမ္မာ ရင် ညည်းတို့ ဖို့ ပါ ၊ မြှောက်စား ပေးဖို့ က ဦးတို့ တာဝန် ထား ”

“ ကျေးဇူး ကြီးလှပါတယ် ဦး ရယ် ၊ သမီး တို့ ကောင်းစားရင် ဘယ်လို ကျေးဇူး ဆပ်မယ် ဆိုတာ လက်တွေ့ နဲ့သက်သေ ပြပါ့မယ် ”

     •••••   •••••   •••••   •••••

“ ဟ ... နင့်ဖေကလွှား ...  ဘာကြီးတုန်းဟ ”

အော်ပရာ အပြီး မီးမှောင် အငြိမ့်ခန်း အကူး ပတ္တလား ရှေ့ ထိုင် နေတဲ့ ကိုပီတိ ခေါင်းပေါ် ကို လွှားခနဲ ကျ လာတဲ့ အဝတ်စကြီး ကို ဖယ်ပြီး ကြည့် လိုက်တာ ပွင့်ရိုက် ပါတိတ် ထဘီ ၊ ကိုပီတိ ဒေါသ ဖြစ် သွားတယ် ။

“ ဘယ်သူ့ ဟာကြီးတုန်း ကွ ”

“ မင်း ခေါ်လာတဲ့ ကျေးဇူးရှင်မလေး ရဲ့ ပစ္စည်း ပေါ့ ၊ လက် နဲ့ မချွတ်ဘဲ ခြေထောက် နဲ့ နောက်ပြန် ကန် ပြီး ချွတ် လိုက်တော့ အရှိန် နဲ့ ဝဲပြီး မင်း ကို ပန်းကုံး စွတ် လိုက် သလို ဖြစ်သွား တာလေ ”

နံဘေး က ကြာပေါ် ရယ်ရင်း ပြော လိုက်တယ် ။ ကိုပီတိ သက် ပြင်း ချပြီး ။

“ အင်း ဂွ တော့ ကျနေပြီ ” 

“ မင်း က ခုမှ ဂွ ကျမှန်း သိတာ ၊ တို့ တစ်ဖွဲ့လုံး က တန်ဆောင်မုန်း လ ထဲက သိ နေတာ မောင် ရေ ၊ ငါတို့ က မြှောက်ပင့် လေ ၊ ပို့ ပေးလို့ နာမည်လေး လည်း ရရော အငြိမ့်ထောင် တွေ က မျက်စေ့ ကျ လာရော အဲဒီမှာ သူ့ မင်းသမီး လက် လွတ် ရချည့် ရဲ့ဆိုပြီး သူ့ အိမ် မှာ ခေါ်ထား ရွှေ ဆို ရွှေ ၊ ငွေ ဆို ငွေ လိုလေသေး မရှိ လုပ် ထားတော့ မောက်မာ လာ တော့တာပေါ့ကွာ ...  ဟိုတစ်လော က သူ့ အဖေ လာ သေးတယ် ၊ ရှေ့နှစ် အတွက် စပေါ် လာ ယူ တာတဲ့ ၊ မူး လိုက်တာလည်း ဒေါင်ချာ စိုင်း လို့ ၊ နောက်ပြီး ပြော သွားသေးတယ် ၊ ကျုပ် သမီးတွေ သာ မကယ် ရင် ခင်ဗျားတို့ အဖွဲ့ မြောင်းထဲ ရောက် သွားပြီ တဲ့ ၊ ခင်ဗျားတို့ မန္တလေး အငြိမ့်လောက ကို လူပြက်ခေတ် ကနေ မင်းသမီးခေတ် ဖြစ်အောင် လုပ် ပြမယ် တဲ့ ”

ကြာပေါ် ရေနွေး အသောက် မှာ အကြီးဆုံး ကိုအာယု က  ဆက် ပြောတယ် ...

“ ပို ဆိုးတာက အလုပ်ခွင် ထဲ မှာ ကွ ... အချိန် များ နေ လို့ သီချင်း တစ်ပုဒ် လျှော့ ဆိုပါ ဆိုတော့ အခါပေးတုန်း လုပ် ပြရတာတဲ့ ၊ ဦး က မနာလို လို့ လား တဲ့ ၊ ပြီးတော့ ဒီ အမိန့် ကို အဖွဲ့ဦးစီးတွေ ပေးတာဘဲ နာခံ နိုင်မယ် ။ ဘဝတူ ချင်း ဆရာ လုပ် မခံနိုင်ဘူးတဲ့ ကွာ ... ဂွ တော့ တော်တော်ကျတာ ”

ကိုပီတိ သက်ပြင်း ချ လိုက် ၊ ရှေ့ ခွင်တည်း က မင်းသမီးလေး ရဲ့ အသံ ကို ကြား လိုက်ရတယ် ။

“ သမီးတို့ ညီအစ်မ ကို အားပေးကြတဲ့ ဖေဖေ ၊ မေမေ ၊ ကိုကို မမ အားလုံး ကို ကျေးဇူး တင်ပါတယ် ၊ နာမည် တစ်လုံး ပေး ထား တာ ဟာ တစ်သက်လုံး ထမင်း ကျွေး သလိုပါဘဲ ရှင် ၊ အဲဒီ နာမည် ရ လာဘို့ ဘယ်သူမှ အား မပြုဘဲ ကိုယ့် အား ကိုယ် ကိုးပြီး ကြိုးစား ခဲ့ရတာ မိဘများ အသိပါ ။ သမီးတို့ ဆီ ကို ဦးလေး ဦးပီတိ ကိုယ်တိုင် လာ ပြီး တစ်နှစ် တစ်ဝါ တော့ ကူညီပါဦး သမီးရယ် ၊ ဦးလေးတို့ မှာ အင်အား သိပ် နည်းနေလို့ပါ ဆိုတာနဲ့  ...”

“ သွားပြီး ပင့် လာတဲ့ကောင် ခံ ဟ ၊ ဒါ နင့် ကို လက်တွေ့ ကျေးဇူး ဆပ် နေတာလေ ၊ ပို့ပေး လိုက်ပါဦးလား မြို့ ကို အပ်လိုက်ပါဦးလား ”

ကြာပေါ့် စကား အဆုံး မှာ ကို အာယု တို့ က ထပ်ပြီး 

“ မနေ့က နေ့လည် တုန်း က ငါ့ ငွေသုံး သွား တောင်း တော့ အငြိမ့်ထောင်ကတော် နဲ့ သူ တို့ နှစ်ယောက် ပြော နေကြတာကွ ၊ အမေ တဲ့ အမေ့ လူပြက်ကြီးတွေ က သိပ် ညစ်ပတ်တာပဲ ၊ သမီးတို့ က အပျိုလေးတွေ ဆိုတော့ ရှက်တယ် တဲ့ ၊ တကယ်လို့ အမေ သာ လက်ခံမယ် ဆိုရင် ရှေ့နှစ် သမီးတို့ ဆီ က တွဲ နေကျ လူပြက်တွေ ကို ခေါ် ပါလား တဲ့ ၊ ပိုက်ဆံ လည်း သိပ် မပေးရဘူး ၊ ခိုင်း လို့ လည်း ကောင်းတယ် တဲ့ ... ပီတိ ရေ မင်း က သူတို့ ထမင်းအိုး တည် ပေးတော့ သူတို့ က လည်း ထမင်းအိုးတွေ ကို ကန်ချ တာပေါ့ လကွာ ၊ တကယ့် ကောင် မင်းသမီး ခေါ် ပါ ဆို မှ ယောက်မတွေ သယ် လာတယ် ” 

“ အင်း ... ဂွ တော့ တော်တော် ကျ နေပါ ပေါ့လား ”

“ ဖေကြီး ပြောလေ ဘာ ငိုင်နေတာလည်း ”

သားတော်မောင် ရဲ့ စကားသံ ကြောင့် ကိုပီတိ အတွေးတွေ ပြတ်တောက် ကုန်တယ် ၊ ရင် ထဲ မှာ တော့ သူငယ်ချင်းတွေ ရဲ့ ညည်းညူသံ ၊ သူငယ်မလေးတွေ ရဲ့ ။

“ ပြောပါလို့ ဆို မုန်တိုင်း ကျ သွားပြီ ၊ ကွဲ သွားပါရော လေ ၊ အဲဒီကျ ”

“ ဟိုကွာ ... တစ်နေ့ ကျတော့ ဘုရင်ကြီး တစ်ပါး က မျက်စေ့လည် လမ်း မှားပြီး ကြက်တူရွေး တစ်ကောင် နဲ့ တွေ့တော့ ဟေ့ .. သတ်ကြလော ရိုက်ကြလော့ ၊ လုကြလို့ ရိုင်းရိုင်းစိုင်းစိုင်း အော် သတဲ့ ၊ အဲဒီမှာ ဘုရင်ကြီး လည်း တစ်နေရာ ကို ရှောင် အသွား နောက်ထပ် ကြက်တူရွေး တစ်ကောင် နဲ့ ထပ် တွေ့တော့ .. ဟေး စော်ကားကြကုန်လော့ ... ပြစ်တင်မောင်းမဲ ၊ ဆဲရေးတိုင်းထွာပြု ကြကုန် ...” 

“ ဟာ ဖေကြီး ကလည်း နောက် တစ်ကောင် ကျ တော့ အပန်းဖြေ ပါ ၊ ရေသောက်ပါ ၊ ကွမ်းစားပါ လို့ ပြောတယ် ...”

ကိုပီတိ ငေါက်ခနဲ ထ ထိုင်ပြီး သူ့ သား မျက်နှာ ကို စေ့စေ့ ကြည့် ရင်း ရင်ခေါင်းသံကြီး နဲ့ စိတ်ဆိုး မာန်ဆိုး ပြော ချလိုက်တယ် ။

“ မင်း ... မင်း ဘာ သိလို့ တုန်း ၊ ကြက်တူရွေးတွေ က နှစ်ကောင် စလုံး အငြိမ့်ထောင် အိမ် ထည်း ကျ သွားတာကွ ”

◾ချစ်စရာ

📖 ကိုပီတိ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment