Sunday, December 3, 2023

အချစ် မော်ကွန်း တစ်ရပ်


 

❝ အချစ် မော်ကွန်း တစ်ရပ် ❞

( ၁ )

ကိုရင်မောင် သည် အချစ်စစ် ၊ အချစ်မှန် တရား ကို ယုံကြည် ဆည်းကပ် ကိုးကွယ် သူ တည်း ။

ဤ ယုံကြည်ချက် ဤ ဆည်းကပ်ချက် နှင့် ပင် မိမိ ၏ အိမ်ထောင်ရေး ကို ထူထောင်ရန် ကြိုးစား နေသူ ဖြစ်၏ ။

ငွေ မလို ၊ ဂုဏ် မမက် ၊ ရုပ် မခင်မင် ၊ လောက ၌ တကယ် ချစ်ဖို့ အရေးကြီးသည် ။

ဤသည် ကား ကိုရင်မောင် ၏ လက်သုံး ကြွေးကြော်သံ တည်း ။

“ ဒီမှာ ကိုယ့်လူ ရ ၊ ခင်ဗျား လို သာ စံ အမျိုးမျိုး ရွေးပြီး အချစ် ကို ရုပ်ဝတ္ထု တန်ဖိုးတွေ နဲ့ ပုံတိုက်ရွေး နေလို့ ဒီ တစ်သက် ဘယ်တော့မှ မိန်းမ မရဘူး ”

မယား စံ ရွေး လွန်းသော သူငယ်ချင်း လူပျိုကြီး ကိုလှစိန်ဦး ကို အမြဲ တရား ချရသည် မှာ ကိုရင်မောင် ၏ လုပ်ငန်းတာဝန် တစ်ခု ဖြစ်နေ၏ ။

“ အချစ် ဆိုတာ ခင်ဗျားတို့ အထင်ကြီး နေတဲ့ ဂုဏ်တို့ ၊ ဆွေမျိုးတို့ ၊ ငွေတို့ နဲ့ ချိန်ကိုက် လို့ ရတဲ့ တန်ဖိုး မဟုတ်ဘူးဗျ ။ အသည်းနှလုံး က ပေါ်ပေါက် လာ တဲ့ သယံဇာတ တန်ဖိုး ဗျ ။ အင်မတန် နူးညံ့တယ် ။ သိမ်မွေ့တယ် ။ ပြီးတော့ ဘယ်အရာ နဲ့ မှ နှိုင်းယှဉ်လို့ မရစကောင်းတဲ့ တန်ဖိုး လည်းဖြစ်တယ် ”

ဤသိုလည်း ဆွေဂုဏ် ၊ မျိုးဂုဏ် အလွန် ကြည့် တတ်သည် မိတ်ဆွေကြီး တစ်ကိုယ်တော် ကိုကောင်းစံ ကို နားချ တတ်၏ ။

တစ်နည်း ဆိုရ လျှင် အသိုက်အဝန်း ၌ အထူး ထင်ရှားသော အချစ် အဘိဓမ္မာ ဆရာ တစ်ဦး ပါပေ ။

တစ်ခု ထူးခြားသည် မှာ ကိုရင်မောင် သည် စိတ်ကူးယဉ် အချစ် မျိုး ကို ကား လိုလားသူ မဟုတ်ပေ ။

ထိုသို့ဖြင့် စစ် လည်း စစ်မှန်သော ၊ လက်တွေ့ မြေကြီး နှင့် လည်း နီးစပ်သော အချစ် ဖြင့် မရွှေမ ကို ကံကောင်း ထောက်မစွာ တွေ့ ကြုံခဲ့ရ၏ ။

( ၂ )

မရွှေမ နှင့် ကိုရင်မောင် တို့ ၏ အချစ်ကား ပြောဖွယ်ရာ မရှိ ။ စင်းလုံးချော ပင် တည်း ။ မရွေမ က လည်း ကိုရင်မောင် သာ လျှင် သူ ၏ တစ်ဦးတည်းသော ဘဝ ကြင်ဖော် ဖြစ်သည် ဟု သံန္နိဋ္ဌာန် ပြုထားသူ ဖြစ်၏ ။ သူ လို ယခုခေတ် ပညာတတ် လူတန်းစား ထဲ တွင် မှ အနိမ့်ဆုံး ဖြစ်သော အလွတ်ပညာသင်ကျောင်း ဆရာလေး တစ်ယောက် ကို ချစ်မေတ္တာ နှောင်ဖွဲ့သည့် မရွှေမ ၏ အချစ် ထက် မည်သည့် အချစ် က ပို၍ စစ်မှန်လိမ့်မည်နည်း ဟု ကိုရင်မောင် က ဂုဏ်ယူ နေ၏ ။

ကိုရင်မောင့် အဖို့ လည်း ထို နည်း လည်းကောင်း ပင် ။ ငွေ မပါ ၊ ဂုဏ် မမက် ၊ အသွင်တူမှု ၊ ရုပ်ရည်လှပမှု ၊ နီးစပ်မှု တည်း ဟူသော အချစ် ၏ အခြေခံတရား နှင့်သာ မရွှေမ အပေါ်  ပုံ၍ ချစ်နေသူ ဖြစ်၏ ။ မရွှေမ ၌ မရွှေမ ဟူသည် က လွဲ၍ ဘာမျှမရှိ ။ ထိုကြောင့်လည်း ကိုရင်မောင် က သူ ၏  မရွှေမ အပေါ်  ထားရှိသော အချစ်သည် အသန့်ရှင်းဆုံး ၊ အစစ်မှန်ဆုံး ဟု ကြုံးဝါး နိုင်ခြင်း ဖြစ်လေသည် ။ ထို မရွှေမ ကား တစ်နယ် တစ်ကျေး သို့ ကိုရင်မောင် ကျောင်းဆရာ ဘဝ ဖြင့် သံသရာ လှည့် ခဲ့စဉ်က တွေ့ကြုံ ၍ ရေစက်ဆုံ ခဲ့ရသော ရွှေမြိုင်သူ ပင် တည်း ။

ကိုရင်မောင် က မရွှေမ အပေါ် အချစ် တွင် အသနား က ပိုလိုက်သေးသည် ။ မရွှေမ သည် အစ်ကို လင်မယား ထံ မှီခို နေရသူ တစ်ယောက် ဖြစ်၏ ။

သို့သော် ခက်သည် မှာ ထို ချစ်သူ နှစ်ဦး သည် မိုး အခါ ခါ လွန်ခဲ့ သော်လည်း မနီးစပ် နိုင်ကြသေးခြင်း ပင်ဖြစ်၏ ။

အတွင်းသိ မိတ်ဆွေများ က အကြောင်း ကို မေးသော အခါ ...

“ ခက်တာကဗျ ၊ သူ့ မှာ သေသွားတဲ့ အစ်မ က ကျန်ခဲ့တဲ့ တူလေး နဲ့ တူမလေး လူမမည် ကလေး နှစ်ယောက် အပေါ် သံယောဇဉ် က ရှိနေတယ် ။ သူ့ ခဲအို က နောက် အိမ်ထောင် ပြု သွားတော့ ဒီ ကလေး နှစ်ယောက် ဟာ သူ့ လက် ထဲ မှာ ကျန်နေ ရစ်တာပေါ့ ” ဟု ရှင်းလင်းပြ ပေသည် ။

“ ဒါနဲ့ ခင်ဗျားတို့ နှစ်ယောက် အိမ်ထောင် ပြုတာနဲ့ ဘာ ဆိုင်လိုတုန်းဗျ ”

မိတ်ဆွေ တစ်ဦး က ဤသို့မေး လိုက်လျှင် ...

“ အဲဒီ ကလေး နှစ်ယောက် က တန်းလန်း တန်းလန်း နဲ့ ပါ လာမှာဗျ ။ သူ့ အစ်ကို နဲ့ ယောက်မတွေ ဆီ မှာ ထားခဲ့ပါ ။ ဒီက ထောက်ပံ့ငွေ ပို့ပါမယ် ဆိုတာလည်း မရဘူး ။ ဒီ ကလေး နှစ်ယောက် ကို မခွဲနိုင်ဘူးတဲ့ ” ဟု ကိုရင်မောင် သည် စိတ်ပျက် လက်ပျက် ဖြင့် ဖြေကြား တတ်၏ ။

“ အိုဗျာ .. ဒီလို ဆိုလည်း ခေါ်လာပါစေပေါ့ ဗျာ ။ ဝမ်းမနာ သားသမီးတွေ ပေါ့ဗျ ။ ပိုတောင် ကောင်းသေး ။ ခင်ဗျား မှာ အချစ်စစ် အချစ်မှန် နဲ့ တကယ့် ချစ်သူ တစ်ယောက် ကို လက်ထပ် ရပြီပဲ ။ ဘာ လိုသေးလဲ ”

ထိုအခါများ ကျ လျှင် ကိုရင်မောင် သည် ပြောသူ အား အလန့်တကြား ကြည့်၍ ...

“ အချစ်စစ် နဲ့ ဒီ ကလေးတွေ နဲ့ ဘာ ဆိုင်လို့တုန်း ဗျ ။ ကျုပ် က ဇနီး အသစ်စက်စက်ကလေး နဲ့ ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ် နေ ချင်တာ ။ ညားခါစ အိမ်ထောင်ဦး မှာ ကလေး နှစ်ယောက် တန်းလန်း နဲ့ မဖြစ်ပါဘူး ” ဟု ညည်းညူ တတ်၏ ။

ကိုရင်မောင် အဖို့ကား ဤလိုနှင့် ပင် အချစ်စစ် အချစ်မှန် ကို တွေ့ ရပြီး ကြည်ကြည်ဖြူဖြူ ချစ်သူ ကြိုက်သူ တွေ့ရ သော် လည်း အကြောင်း မညီညွတ် သဖြင့် တစ်ကိုယ်တည်း သံသရာ လည် နေရ ပြန်သည် ။

ချစ်သူ က လည်း တူ နှင့် တူမလေး ကို မခွဲနိုင် ။ ကိုရင်မောင် က လည်း ချစ်ပါ၏ ။ ကြိုက်ပါ၏ ။ မရွှေမ ကို ရင်ဝယ်ထွေးပိုက် ချင် လှပါ၏ ။ သို့သော် နောက်တော်ပါ ကလေး နှစ်ယောက် ကို ဖြင့် ခေါ် မထား နိုင်ပေ ။

ကိုရင်မောင် စိတ်ကူး ထဲ တွင် ဂုဏ်ပကာသန တို့ ကင်းသော လက်ထပ်ပွဲ ကလေး ဖြင့် မရွှေမ ကို လက်ထပ် ယူ ကာ ရန်ကုန် သို့ ချစ်သူ လက် တွဲလျက် ခေါ်လာမည် ။ ရန်ကုန် ဆင်ခြေဖုံး ၌ ချစ်သူ ဇနီးချော ကို အိမ်ကလေး တစ်လုံး နှင့် အဆင် ပြေပြေ ထားမည် ။ ထမင်းချက် မလို ၊ ချစ်သူချက် ကျွေးသော ထမင်း ကို အမြိန်အရှက် စား၍ ကျောင်း သွား ၊ ကျောင်း က ပြန်လာလျှင် ချစ်သူ နှင့် မိမိ သာ ရှိသော လွတ်လပ်သည့် အိမ်ကမ္ဘာလေး တွင် ချစ်တင်းနှော ၍ ပျော်ကြမည် ။ ကျောင်း အားရက်များ ၌ မောင်နှံ တွဲ၍ သွားလိုက် ၊ လာလိုက် ၊ ရုပ်ရှင်ကြည်လိုက် ဖြင့် အပူ ကင်းကင်း အတွယ် မဲ့မဲ့ ဖြင့် နေ လိုက်မည် ဟု ခပ်ယဉ်ယဉ်ကလေး တွေး ထား၏ ။ ယခုမူ ထို အိပ်မက် တို့ သည် အကောင်အထည် မပေါ်နိုင်ရှာ ဘဲ ရေ ဝေး သော ကြာ ကဲ့သို နွမ်းလျ လွမ်းတ နေရပေ၏ ။

ဘဝ တူ လူပျိုကြီးများ နှင့် သာ တွဲ လျက် ဆောက်တည်ရာ မရ ဘဝ တည်ငြိမ်မှု ကင်း နေရ၏ ။

သံလွင် နှင့် စစ်တောင်း မြစ် နှစ်တန် ခြားသော တစ်မြေ တစ်ပြည် သူ နှင့် အပြန်အလှန် လွမ်းစာ ဖွဲ့ ရင်း နေရ၏ ။ တစ်ခါတစ်ရံ လည်း ချစ်သူ အပေါ်  စိတ်နာ မိ၏ ။ မိမိ ထက် တူ တူမများ ကို ချစ်နေသူ ဟူ ၍ စွပ်စွဲကာ စကားနာ ထိုးမိသည် ။ ကိုရင်မောင် စိတ် နာမည် ဆိုလျှင် လည်း နာသင့် ပေသည် ။ ချစ်လျက် နှင့် ဝေး နေရသော အဖြစ် ကား မည်မျှ ရင်နာစရာ ကောင်းပါ သနည်း ။

( ၃ )

ကိုရင်မောင် သည် “ ထွန်း ” အလွတ် ပညာသင်ကျောင်း မှ စာ သင်ပြီး အပြန် ဘတ်စ်ကား ပေါ် မှ အဆင်း တွင် .....

“ ဆရာ .. ” ဟု ခေါ်သံ ကြား လိုက် သဖြင့် နောက်သို့ လှည့် ကြည့်မိ၏ ။ စစ်ယူနီဖောင်းနှင့် ရဲဘော် တစ်ယောက် သည် မိမိ ထံ ပြုံးရွှင် ဝမ်းသာသော မျက်နှာ နှင့် ချဉ်းကပ် လာသော အခါ ရုတ်တရက် မမှတ်မိနိုင်ဘဲ အကဲခတ် နေရ၏ ။

“ ကျွန်တော့် ကို မမှတ်မိတော့ဘူးလား ဆရာ ၊ ကျွန်တော် ထွန်းမောင် လေ ၊ ဆရာ့ တပည် ထွန်းမောင် လေ ”

ဤတော့မှ မိမိ ဟင်္သာတ တွင် ကျောင်းဆရာ လုပ်ခဲ့စဉ် က တပည့်ဟောင်း ဖြစ်ကြောင်း အသေအချာ သတိပြုလာမိတော့သည် ။

“ အေးကွာ ထွန်းမောင် ၊ မင်းက တသွေးတမွေး နဲ့ ဧရာမ စစ်သားကြီး ဖြစ် နေတော့ ငါ ရုတ်တရက် ကြောင်သွားတယ် ဟေ့ ” ဟု ကိုရင်မောင် က ပြန်လှန် နှုတ်ဆက် ရင်း ...

“ နေစမ်းပါဦးကွ ။ မင်း က ဘယ်တပ် မှာ ရောက်နေလို့ ဘာ ဖြစ်နေပြီလဲ ”

ဟု တဆက်တည်း မေး လိုက်မိ၏ ။

“ ကျွန်တော် အခု ဘောက်ထော် သင်တန်းကျောင်း မှာ ပါ ဆရာ ၊ တပ်ကြပ် ဖြစ် နေပါပြီ ။ ဆရာ့ ကို ဘယ်မှာ ရှာရမယ်မသိလို့ အခန့်သင့် ဆရာ့ ကို တွေ့ရတာ သိပ် ဝမ်းသာတာပဲ ဆရာ ။ ပြောစရာလေးတွေလည်း ရှိနေလို့ ”

“ အေး ဒါဖြင့် ဆရာ့ အိမ် လိုက်ခဲ့ ၊ အိမ် ကျ မှ အေးအေးဆေးဆေး ပြောတာပေါ့ ။ တို့ ဆရာ တပည့် လည်း မတွေ့ရတာ ကြာပြီပဲ ”

ကိုရင်မောင် ၏ အိမ် သို့ ရောက်ကြပြီး ရဲဘော်ထွန်းမောင် ၏ ပြော စကား များ ကို ကြားရသော အခါ ကိုရင်မောင် သည် အထူးပင် အံ့ဩတကြီး ဖြစ်မိ၏ ။

ရဲဘော်ထွန်းမောင် သည် ရန်ကုန် တွင် တာဝန်ကျ နေသည် မှာ တစ်နှစ် ကျော် ရှိပြီ ဖြစ်၏ ။ တပ် အားလပ်ရက်များ ၌ ဟံသာဝတီ မုန်လက်ဆောင်းကုန်း ရပ်ကွက် ၌ ဆွေမျိုး အိမ် တစ်အိမ် သို့ မကြာခဏ သွား လည်ရင်း အိမ်နီးချင်း သားအမိ နှစ်ယောက် ၏ ကြေကွဲဖွယ်ရာ အဖြစ် တစ်ရပ် ကို သိရှိ နေရ၏ ။ သမီး ဖြစ်သူ သည် အပျို အရွယ် ဖြင့် စိတ်မနှံ့ သည့် ဝေဒနာ စွဲကပ် နေ၏ ။ မိခင်သည် ဈေး ရောင်းရ တစ်ဖက် ၊ သမီးအရူး ကို ထိန်းသိမ်းရတစ်ဖက် ဖြင့် မပဋာဇာတ် ကို ခင်း နေရလေသည် ။ တစ်ယောက် သော သား မှာ လည်း စစ်သား ဘဝ ဖြင့် စစ်မြေပြင် တွင် အမှုထမ်း နေရ သဖြင့် လခငွေများ ပို့ ရုံ မှ တစ်ပါး ဘာမျှ မတတ်နိုင်ရှာပေ ။ သမီး ဖြစ်သူ မလှနွဲ့ သည် တစ်ခါတစ်ရံ စိတ် ဖောက်ပြန်လာ လျှင် မိခင် မနိုင် နိုင် အောင် ဖြစ် သဖြင့် တံတားကလေး စိတ္တဇဆေးရုံ သို့ ပို့ထားရ၏ ။ အနည်းငယ် သက်သာ လာ ၍ အိမ် သို့ ခေါ်ထားပြန် လျှင် လည်း တစ်လ နှစ်လ ကြာ လျှင် စိတ် ဖောက်ပြန်၍ အိမ် မှ ထွက်သွား တတ်၏ ။

အရပ် အိမ်နီးနားချင်းများ ၏ စောင့်ရှောက်မှု ကြောင့် လက်လွတ်စပယ် အခြေအနေ ဆိုး သို့ မရောက်သေးခြင်း ဖြစ်သည် ။ ရုပ်ရည်မှာ လည်း သနရုပ်ပ သနားကမားလေး ဖြစ်၏ ။

ရဲဘော်ထွန်းမောင် သည် ဤသားအမိ ၏ အဖြစ်အပျက် ကို အမြဲတမ်း ကြားနေ မြင်နေ ရဖန် များသော အခါ ကရုဏာ သက် ရာ မှ တစ်ဖန် ကလေးမအပေါ် မေတ္တာ သက်ဝင် မိ၏ ။ ထိုကြောင့် မိမိ လက်ထပ် ယူ ၍ ထို ကလေးမ အား စောင့်ရှောက် ကုသ ရ လျှင် စိတ္တဇ ဝေဒနာပျောက်ကင်း လိမ့်မည် ဟု ယုံကြည်ချက် ဖြင့် လက်ထပ်ခွင့် ပြုပါရန် လူကြီး စုံရာ ၌ တောင်းရမ်း လေ တော့သည် ။

ပထမ သော် သမီးရှင် မိခင်ကြီး မှာ မယုံကြည် နိုင်အောင် အံ့ဩ မိ၏ ။ ရဲဘော်ထွန်းမောင် ၏ ပတ်ဝန်းကျင် ဆွေမျိုး မိတ်ဆွေသားချင်းများ က လည်း ဝိုင်း၍ တား ကြ သေး၏ ။ ရဲဘော်ထွန်းမောင် ကား မိမိ ၏ ယုံကြည်ချက် အတိုင်း တဇွတ်ထိုး ပင် စိတ္တဇဝေဒနာရှင် ကလေးမ ထံ ချဉ်းကပ်၏ ။ ခင်မင်တွယ်တာ အောင် ပေါင်းသင်း၏ ။ ကိုယ်တိုင် ကိုယ်ကြပ် အလှ ပြင် ပေး၏ ။

ကလေးမလေး သည် ရဲဘော်ထွန်းမောင် အပေါ် တွယ်တာစ ပြု လာကာ ရဲဘော်ထွန်းမောင် ၏ ဩဇာ ဖြင့် ဝေဒနာ သက်သာ သကဲ့သို့ ဖြစ် လာ၏ ။

နောက်ဆုံး အခြေအနေ တွင်မူ ကား ရဲဘော်ထွန်းမောင် ၏ လက်စွမ်း ကိုယ်စွမ်း ရှိသမျှ နှင့် တင့်တင့်တယ်တယ် လက်ထပ် ယူတော့မည် အထိ ဖြစ်လာခဲ့ ပေသည် ။

“ အဲဒါပါပဲ ဆရာ ၊ ကျွန်တော်တို့ နောက်အပတ် တနင်္ဂနွေနေ့မှာ လက်ထပ် ကြမယ် ။ ခပ်ကျဉ်းကျဉ်း ပေါ့ ဆရာ ။ ဒီ လက်ထပ်ပွဲကလေး မှာ ဆရာ လာပြီး အားပေး ချီးမြှင့် ရင် ကျွန်တော် သိပ်ပြီး ဝမ်းသာ မှာ ပဲ ။ အခုလို အချိန်မီ ဆရာ့ ကို အခန့်သင့် တွေ့ရ လို့ ကျွန်တော် ကံထူးတယ် လို့ အောက်မေ့ပါတယ် ”

ကိုရင်မောင် သည် ရှည်လျားသော အချစ် ဇာတ်လမ်း ကို စဉ်းစား နေရာ မှ ငိုင်တွေတွေ စဉ်းစား နေ ရင်း ...

“ နေပါဦး ထွန်းမောင် ရ ၊ အခု မင်း ယူမယ့် အချိန် မှာ ကလေးမ ရဲ့ ဝေဒနာ က လုံးဝ ပျောက်ကင်း သွားပြီလား ”

“ ဟင့်အင်း ဆရာ ၊ သက်သာ သလို လို ရှိတာပဲ ။ အနေအစား က တော့ သိပ် မမှန်သေးဘူး ။ ကျွန်တော့ စကား တော့ အကုန် နားထောင်ပါတယ် ”

ကိုရင်မောင် သည် အထူးပင် မျက်လုံး ပြူး သွားမိ၏ ။

“ ဟ ဒီလိုဆို ရင် မင်း က အရူးမ လင် လုပ် ဆိုတဲ့ စကားပုံ လို ဖြစ်နေပါပကော ။ ကြည့်လည်း လုပ်ပါဦး ထွန်းမောင်ရာ ၊ ငါ က မင်း ဆရာ ဆိုတော့ မင်း ရဲ့ ကောင်းကျိုး ကို လိုလား လို့ ပြောတာပါ ကွ ”

“ ကျေးဇူး တင်ပါတယ် ဆရာ ၊ ကျွန်တော် က လည်း ယုံယုံကြည်ကြည် ဆုံးဖြတ် ပြီးသား မို့ ပါ ။ ပြီးတော့ ဒီ ကလေးမ အပေါ် မှာ ကျွန်တော် သံယောဇဉ် ကြီးနေမိပြီ ။ မြန်မာစကား နဲ့ ပြောရ ရင်တော့ ရေစက် လို့ ဆိုရမှာပေါ့ ဆရာ ”

ရဲဘော်ထွန်းမောင် သည် တကယ်ပင် ယုံယုံကြည်ကြည် ဖြင့် အလုပ် တစ်ခု ကို လုပ်ရန် ဆုံးဖြတ်ပြီး ကြောင်း သူ ၏ မျက်နှာ က ပြသလျက် ရှိ၏ ။ ငယ်စဉ် က မိမိ ၏ တပည်ရင်း ဖြစ်ခဲ့သူ ဖြစ်၍ လည်း ရဲဘော်ထွန်းမောင် ၏ စိတ်ဓာတ် ကို သိရှိပြီး ဖြစ် သဖြင့် ဤ အချက် ကို မူ ကိုရင်မောင် သံသယ မရှိပေ ။ သို့သော် မည်သို့သော ရည်ရွယ်ချက် ၊ မည်သို့သော မျှော်မှန်းချက် တို့ ဖြင့် သူ သည် ဤမျှ စွန့်စားရသော အလုပ် ကို ပြုလုပ်ပါ သနည်း ဟု ကိုရင်မောင် မှာ ဘဝင် မကျ နိုင်အောင် ရှိမိ၏ ။ ထို့ကြောင့်လည်း မကြည်လင်သေးသော မျက်နှာ ဖြင့် ရဲဘော်ထွန်းမောင် အား ကြည့်ကာ ...

“ ကဲ ... ထားပါတော့ကွာ ၊ မင်း ဆုံးဖြတ်ပြီး ရင် လည်း ငါကိုယ်တိုင် ဒီ လက်ထပ်ပွဲ ကို တက်ရောက် အားပေး ပါ့မယ် ။ ဒါပေမယ့် ငါ တစ်ခု တော့ သိချင်တယ် ဟေ့ ၊ မင်း မှာ ဘာ ရည်ရွယ်ချက် ၊ ဘာ မျှော်မှန်းချက် နဲ့ ဒီလို စွန့်စားရတာလဲ ”

“ ဆရာ့ ကို ပြောပြ သလိုပါပဲ ။ သံယောဇဉ် ပါ ပဲ ဆရာ ၊ တစ်ခြား ဘာရယ် လို့ တော့ ကျွန်တော့် မှာ မည်မည်ရရ မရှိပါဘူး ။ ပြီးတော့ ကလေးမ ရဲ့ အစ်ကို ဟာ ကျွန်တော့် လို ဘဝတူ စစ်သားရဲဘော် တစ်ယောက် ၊ တိုင်းပြည်တာဝန် နဲ့ စစ်မြေပြင် မှာ အမှုထမ်း နေရတယ် ။ ဒါ့အပြင် ပြောစရာ က တော့ ကျွန်တော် ကိုယ်တိုင် ကလေးမ အပေါ်  မေတ္တာ သက်ဝင် မိတာပါပဲ ။ ကျွန်တော် မျှော်မှန်းတဲ့ အတိုင်း မလှနွဲ့ ဟာ ဝေဒနာ ပျောက်ကင်း သွားရင် ကျွန်တော့် အတွက် ဘဝ ကုသိုလ်ကံ အကျိုးပေး ပေါ့ ”

ကိုရင်မောင် ကား “ ဟင်း ” ခနဲ သက်ပြင်း တစ်ချက် သာ ချလိုက်မိ၏ ။ ရင်တမမ နှင့် ရှိလှသည့် ရဲဘော်ထွန်းမောင် ၏ ဘဝ စီမံချက် ကို လည်း တွေးလေ တွေးလေ အံ့ဩစရာတွေ သာ ဖြစ်လာတော့၏ ။ နောက်ဆုံး၌ ..

“ မင်း အချစ်ဇာတ်လမ်း က တော့ ကွာ ၊ ဆန်းပဲ ဆန်းလွန်းတယ် ဟေ့ ” ဟု မှတ်ချက် ချ လိုက်မိတော့၏ ။

( ၄ )

ရဲဘော်ထွန်းမောင် ၏ မင်္ဂလာပွဲကလေး ကား ခပ်ကျဲကျဲကလေး ပင် ။ သို့သော် သူ့ အပေါင်းအသင်း ရဲဘော် တစ်အုပ် နှင့် အိမ်နီးနားချင်းများ ၏ ဝိုင်းဝန်းကူညီမှု ဖြင့် မြိုင်မြိုင်ဆိုင်ဆိုင်ကလေး ကျင်းပ နိုင်ပေသည် ။

လက်ဖွဲ့သူ လည်း မနည်း ။ လာရောက် အားပေး ချီးမြှင့်သူ လည်း မရှား ။ ဝိုင်းဝန်းကူညီ လုပ်ကိုင် အားပေးသူများ လည်း မအားမလပ် ရှိလှသည် ။

သို့သော် ဩဘာစာ ဖတ်ခြင်း ၊ ပန်းကမ်းခြင်း ၊ တီးဝိုင်း ဖြင့် ဧည့်ခံခြင်း မရှိ ။ ရိုးရိုး နှင့် ယဉ်ယဉ်ကလေး ပင် ။ လာ သမျှ ဧည်ပရိတ်သတ်များ ကို သတို့သား ကိုယ်တိုင် နေရာချထား ပေး၍ ကော်ဖီ ၊ မုန့် တို့ဖြင့် ဧည်ခံ ကျွေးမွေး၏ ။

သတိုသမီး မူ ကား အိမ်ရှေ့ဧည်ခန်းဆောင် တွင် အကျပြင် ၍ ခပ်ပြုံးပြုံးကလေး ထိုင် နေ၏ ။

ကိုရင်မောင် အား သတို့သား က သတို့သမီး ထံ ခေါ် သွား၍ မိတ်ဆက် ပေး၏ ။

“ ဟေ့ ... မလှနွဲ့ ၊ ဒါ ကိုယ့် ဆရာ ကွ ။ မင်း နဲ့ ကိုယ့်အတွက် လုံချည် တစ်ထည် စီ လက်ဖွဲ့တယ် ကွ ။ ရော့ ... ကြည့်စမ်း ”

ဤသို့ သတို့သား က ပြောရင်း ကိုရင်မောင့် လက်ဖွဲ့ပစ္စည်း ကို ကမ်းပေး လိုက်သော အခါ သတို့သမီး သည် လုံချည် ကို လှမ်း ယူရင်း အသေအချာ ဖြန့် ကြည့် ကာ ...

“ ဟင်း .. ကပ်စေးနှဲ ဆရာ ပဲ ။ ဒါ အပေါစား မောင် ရဲ့ ” ဟု မဲ့ကာ ရွဲ့ကာ ပြော လိုက်၏ ။ ကိုရင်မောင် မှာ ပြုံးရမည် ရယ်ရမည် မသိ ၊ ကြောင်နေ၏ ။ ဘေး လူများ က မူ တဝါးဝါး နှင့် ပွဲကျ သွားကြ၏ ။ သတို့သား က လည်း တပြုံးပြုံး နှင့် သဘောကျ နေရင်း ..

“ သူ့ စကား တော့ ဗွေ မယူပါနဲ့ဆရာ ” ဟု တိုးတိုးလေး ကိုရင်မောင် အား နှစ်သိမ့်လိုက်၏ ။

မင်္ဂလာဆောင် အခမ်းအနား မှ ပြန် လာသော အခါ ကိုရင်မောင် သည် တစ်မျိုး သော စိတ်ဝေဒနာ ကို ခံစားရမိလာ၏ ။ ရဲဘော်ထွန်းမောင် ၏ အချစ် သည် မည်သို့သော အချစ် ပေနည်း ဟု တွေးတော ဆင်ခြင် မိ လာ၏ ။ လောက၌ ဤသို့သော မေတ္တာ နှင့် ကရုဏာ ယှဉ်တွဲသည့် ဗြဟ္မစိုရ်တရား ကို လက်တွေ့ ကျင့်သုံး နေသူများ ရှိနေပါသေး သကော ဟု တွေးတောရင်း အားတက် မိလာ၏ ။

ယုတ်စွ အဆုံး ရဲဘော်ထွန်းမောင် ၏ အဆောင်အယောင် ကင်းမဲ့သော မင်္ဂလာပွဲကလေး သည် ကိုရင်မောင် အား ကြီးမားသော လင်းရောင်ခြည် ကို ပေးခဲ့ပြီး ဖြစ်ပေသည် ။

ကိုရင်မောင် လေလုံးထွား ခဲ့သော ပညာတတ် ၊ စကားတတ် များ ၏ အချစ်တရား တို့ ကား မုန့်လက်ဆောင်းကုန်း က ရဲဘော်ထွန်းမောင် ၏ မင်္ဂလာပွဲလေး ၏ အရှိန် ကြောင့် ကြေပျက် လွင့်စဉ် ကုန်လေပြီ ။

ကိုရင်မောင် သည် တစ်လမ်းလုံး တွေးတော ဆင်ခြင် တရား မြင် လာ၏ ။ အိမ် သို့ရောက်သော အခါ အောက်ပါ စာကလေး တစ်စောင် ကို အမြန် ရေး၍ မော်လမြိုင် သို့ ပို့လိုက်လေ သတည်း ။

  မရေ
         ကလေး နှစ်ယောက် မ က လို့ တူလေး တွေ ၊ တူမလေး တွေ က ခေါပဏီ လောက် ပါ ပစေ ။ အမြန်ဆုံး လက်ထပ်ကြမယ် ဟေ့ ။
                        ကို

◾မောင်ကိုယု

📖 ငွေတာရီ မဂ္ဂဇင်း
      အမှတ် ( ၅၂ )
      ၁၉၆၄ ခုနှစ် ၊ အောက်တိုဘာ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment