Thursday, December 14, 2023

လိမ့်နေဆဲ ကျောက်တုံး

❝ လိမ့်နေဆဲ ကျောက်တုံး ❞

ကြီးပွား ချမ်းသာဖို့ အတွက် ဘာတွေ လိုအပ်သလဲ ၊ အဲဒါကို ကိုစိန်ဝင်းထွေး ယခု ၅၈ နှစ် ရဲ့ ဘဝ ထဲ မှာ ရှာဖွေကြည့် ရရင် စိတ်ဝင်စား ဖို့ကောင်းမယ် ။

ကိုစိန်ဝင်းထွေး မှာ အကြံဉာဏ် ကောင်း ၊ စိတ်ကူး ကောင်း တွေ ရှိတယ် ။ ယခု လောလောဆယ် မှာ ဘီဂျီဘီ ( Baby Girl , Boy ) ဒစ်ဂျစ်တယ် ဓာတ်ပုံဆိုင် ဖွင့် နေတယ် ။ ကလေးသူငယ်ကလေးတွေ ကို စိတ်ဝင်စားစရာ ၊ ပျော်ရွှင်စရာ ၊ ချစ်ကြည်နူးစရာ ဖြစ်အောင် သူ ဖန်တီးပြီး ဓာတ်ပုံ ရိုက် ပေးနေတယ် ။

သူ့ ဓာတ်ပုံ လက်စလက်န ကလည်း ပြောစရာ မရှိအောင် ကောင်းတယ် ဆိုတာ နိုင်ငံတကာ ဓာတ်ပုံပြိုင်ပွဲတွေ က ဆုကြီးတွေ ချိတ်ခဲ့တာ နဲ့ အသေအချာ ပြော နိုင်တယ် ။

ပြီးတော့ သူ့ မှာ ဇဝနဉာဏ် လည်း ရှိသူ မို့ လူချစ် လူခင် လည်း များတယ် ။ ဦးဦးဖျားဖျား နိုင်ငံရပ်ခြား သွားပြီး အလုပ် လုပ်တဲ့ အထဲ မှာလည်း သူ ပါ ပါတယ် ။ သို့ပေမယ့် သူ ယနေ့ အထိ လုံလုံလောက်လောက် ကြီးပွားချမ်းသာမှု မရေသးဘူး ။ တကုပ်ကုပ် အလုပ် တွေ လုပ် နေရဆဲပါ ။

အိတ်ပေါက် နဲ့ ဖားကောက် သလို နောက် က အိမ်ရှင်မ က စီး တဲ့ ရေ ကန်သင်း မဆည် လို့ လား စဉ်းစား စရာ ရှိပေမယ့် ဇနီး မသူဇာ က လည်း မယားတောသူ ဆိုတဲ့ စကား နဲ့ အညီ ရိုးဖြောင့်သူ ၊ မောင် ထမ်း သလို မယ် လည်း အိမ်ထောင် တာဝန် ကို ကူပြီး ရွက်နေသူ ဖြစ်ပါတယ် ။

သူ့ ဘဝ ထဲ က သူ့ အကြောင်း ကို ဖတ်ရှုရင်း အဖြေ ရှာနိုင်ဖို့ ကိုစိန်ဝင်းထွေး ပြောပြတာ ကို နားထောင် ကြည့်ကြ ရ အောင် ။

•••••  ••••••  •••••  ••••

ကျွန်တော့် သား က ခေါင်းကြီးကြီး ၊ နားရွက် ကားကား ဗျ ။ သည် ပုံမျိုး ကို ဉာဏ် ကောင်းမယ် ထင် ကြတာပေါ့ ။ ဒါပေမဲ့ သည်ကောင် လည်း ကျွန်တော့် လို ပဲ စွပ်ကျယ် လည်ပင်းပေါက် ကျယ် တာပဲ အဖတ် တင်တာ မဖြစ်အောင် တော့ လုပ် မှာပေါ့ ။

ကျွန်တော့် အဖေ က မြို့အုပ် ။ တစ်ဦးတည်း သော သား ။ မွေး လာတော့ ခေါင်းကြီး လည်း ကြီးတယ် ။ နားရွက် က လည်း ကား သေးတယ် ။ မိဘ က မျှော်လင့်တယ် ။ အားကိုးတယ် ပေါ့ ။ သည် သား က တော့ ဉာဏ် ကောင်းမယ် ၊ အကျိုး ပြုမယ်ပေါ့ ။ မိဘ က ကျွန်တော့် ကို ကောင်းကောင်းမွန်မွန် မွေး လာတာ ။ အဖေ အမေ သာ ဆုံးပါး သွား ရော သည် ခေါင်းကြီး ထဲ က ဘာ ဉာဏ် မှ မထွက်ဘူး ။ ခေါင်းကြီး ကြီး တော့ ချွတ်လိုက် ဝတ်လိုက် နဲ့ စွပ်ကျယ် လည်ပင်း ပေါက် ကျယ် တာ သာ အဖတ် တင်တယ် ။

အဖေ နဲ့ အမေ တော် သလောက် ကျွန်တော် က ကျောင်းစာ မထူးချွန်ဘူး ။ အင်္ဂလိပ်စာ မလိုက်နိုင် လို့ ပန်းချီ ကျောင်း တက်တယ် ။ မိဘ က တော့ ပညာရေး လိုင်း လိုက် စေချင်တာ ။ ကျွန်တော် က ဟိုက်စကူး ဖိုင်နယ် အောင်တာ နဲ့ ကျောင်း ဆက် မတက်ဘဲ ပန်းချီကျောင်း သွား တက် တယ် ။

ပန်းချီကျောင်း သုံးနှစ် ဆင်း ပြီး တော့ မိဘ ရှိရာ တပ်ကုန်း ကို ပြန် နေတယ် ။ အဲသည် အချိန် မှာ စိန်မာဒင် ဇာတ်အဖွဲ့ က လည်း တပ်ကုန်း ကို လာ က မှာ ဆို တော့ ပွဲကန်ထရိုက် က ကျွန်တော့် ကို စိန်မာဒင် ပုံ ဆွဲ ပေးဖို့ အပ်တယ် ။ ပန်းချီ ကျောင်းဆင်း မျိုးဆက်သစ် ပန်းချီဆရာလေးပေါ့ ။ သုံးထပ်သား လေးချပ်ဆက် ပေါ် မှာ သင်္ဘောဆေး နဲ့ ဆွဲ ရမှာ ။ တစ်ပတ် အတွင်း ပြီး အောင် ဆွဲ ရမှာ ။

မျက်နှာ ကို မတူ တူ အောင် အကွက်ကလေးတွေ ချပြီး ကျွန်တော် ရေးတယ် ။ မျက်နှာ က မတူ ရင် သိပ် သိသာ တယ် လေ ။ ဒါနဲ့ ပုံ ကို လုံးလိုက် ပြုလိုက် နဲ့ တော်တော် ချာချာလည် ရိုက် နေတာ ။ နောက်ဆုံး ကျ တော့ တူတယ်လို့ ကျွန်တော် ထင် တဲ့ ပုံ က ပြီး သွားတယ် ။ ကန်ထရိုက် က ပိုက်ဆံ ချေရင်း ဘာ ပြောသလဲ ဆိုတော့ ဆရာလေး အတော်ဆုံး ပဲ တဲ့ ။ ဘာကြောင့်လဲ ဆိုတော့ အချို့ က စိန်မာဒင် ပုံ ဆွဲရင် စိန်မာဒင် နဲ့ ပဲ တူတာ ။ ပန်းချီဆရာလေး စ ဆွဲခါစ က စိန်မာဒင် ပုံ ရေးတာ ပေမယ့် စိန်အောင်မင်း လိုလို ၊ ရွှေမန်းတင်မောင် လိုလို ရှိသမျှ မင်းသားတွေ နဲ့ အကုန်လုံး တူတာ ။ နောက်ဆုံး ကျ မှ စိန်မာဒင် နဲ့ ယောင်ယောင်လေး တူ တာ တဲ့ ။ အဲသည် ရက် က စပြီး ပုံတူ ရေးတဲ့ အလုပ် ကို ကျွန်တော် စွန့်လွှတ် လိုက်တယ် ။ ကာတွန်း ရေးမယ်ကွာ ဆိုပြီး ရန်ကုန် တက် သွားတယ် ။ ရုပ်ပြ ခေတ်ဦး ကာလ မှာ ကျွန်တော် ဆွဲ ခဲ့ သေးတာပေါ့ ။ ရန်ကုန် မှာ ပန်းချီကိုစိုးမိုး ကို လုပ်ကိုင် ကူရင်း ပန်းချီ လည်း ဆွဲဖြစ် ၊ ကင်မရာ လည်း ကိုင်ဖြစ် သွားတယ် ။

၁၉၈၄ ခုနှစ် မှာ မြန်မာနိုင်ငံ ဓာတ်ပုံအသင်း က ဒုတိယအကြိမ် လုပ်တဲ့ ရောင်စုံဓာတ်ပုံ ပြိုင်ပွဲမှာ ပူတာအို မချမ်းဘော အထိ သွား ရိုက်ခဲ့တဲ့ လီဆူးစုံတွဲ ဓာတ်ပုံ နဲ့ ပထမ ရတယ် ။ အဲသည်နှစ်မှာ ပဲ ယူနက်စကို က happiness ဆိုပြီး ပြိုင်ပွဲ ခေါ်တယ် ။ ပျော်ရွှင်မှု ပေါ့ ။ လီဆူး စုံတွဲပုံ က သီချင်း ဆို ၊ ဂီတာ တီး ၊ တစ်ယောက် က ပလွေကလေး ကိုင် လို့ ။ ခေါင်းစဉ် နဲ့ အံကျ ပဲ လေ ။ ဒါနဲ့ အဲသည် ပုံ ကို တင် လိုက်တာ အထူးဆု ရတယ် ။

ယူနက်စကို က ဆု ရတဲ့ လက်မှတ် နဲ့ မော်လဒိုက်နိုင်ငံ မှာ ကိုဒတ်ကုမ္ပဏီ ဌာနခွဲ FOTO TENICK ကုမ္ပဏီ မှာ ဓာတ်ပုံဆရာ သွား လုပ်တယ် ။ ၁၉၈၈ ခုနှစ် မှာ သွားတာ ၊ လေးနှစ် ကြာခဲ့တယ် ။

ကျွန်တော်တို့ ဆီ က ဓာတ်ပုံ ဆရာတွေ က သပ္ပနံ ပေါင်းစုံ အကုန် လုပ် ရတာ ။ မွေးနေ့ပွဲ အစ မင်္ဂလာဆောင် အလယ် ၊ အသုဘ အဆုံး အားလုံးပဲ ။ အလှပုံ ရော ဘာပုံ ရော အစုံ ရိုက် ကြရတာ ။ သည်တော့ မော်လဒိုက် မှာ စွယ်စုံ ရိုက်တတ် တဲ့ ဓာတ်ပုံဆရာ ဖြစ် သွားတယ် ။

မော်လဒိုက် ဘာသာ စကား ရှိပေမယ့် လူတိုင်း အင်္ဂလိပ် လို ပြော တတ်တယ် ။ ရောက်ခါစ က အဆင် မပြေဘူး ။ သူတို့ အင်္ဂလိပ် လို ပြောတာ ကို ကိုယ် က hearing နား မယဉ်တော့ နား မလည်ဘူး ။ သူတို့ ရိုက်ချင်တဲ့ ပုံစံ ပြောတာ တခြား ပေါ့ ။ သူ က တစ်ကိုယ်လုံး ရိုက်ချင်တာ ၊ ကိုယ် က သရီးကွာတား ရိုက် ပေး မိတာ ။ ပုံ လာ ရွေး မှ မှားပြီ ဆိုတာ သိ ရတာပေါ့ ။

ကျွန်တော် လုပ်တာ ကိုင်တာ သဘောကျတာ နဲ့ သူဌေး က မင်း တို့ ဆီ က မင်း လို ဓာတ်ပုံပညာ တော်တဲ့ လူ ရှိရင် ခန့် ချင်တယ် ။ ခေါ် ပေးပါ ပြောတယ် ။ ဒါနဲ့ ကျွန်တော် နဲ့ သိတဲ့ လူငယ်လေး တစ်ယောက် ကို လှမ်းခေါ် လိုက်တယ် ။ သူ က လည်း အင်္ဂလိပ် စကားပြော အင်မတန် ညံ့ တဲ့ ကောင် ။ ဝမ်း တူး သရီး ဆဲဗင်း အိတ် က Eight ရယ် ၊ H ရယ် ၊ X ရယ် ကို ကွဲအောင် မပြောနိုင်ဘူး ။ သည်ကောင် က ရုပ် ဖြောင့် တယ် ။ ဟိုမှာ ဆေးတက္ကသိုလ် တက် နေတဲ့ ကောင်မလေး က သည် ကောင့် ကို သဘောကျ တယ် ။ ဒါနဲ့ သည်ကောင့် ကို ကောင်မလေး နဲ့ မိတ်ဆက် ပေးလိုက်တယ် ။ အင်္ဂလိပ် စကား ပြော ကြပေါ့ ။ သည်ကောင် နဲ့ ကောင်မလေး နဲ့ ညတိုင်း စကားတွေ ပြော ကြတယ် ။ နှစ်လ သုံးလ ကြာ တော့ သည် ကောင် က အင်္ဂလိပ် စကား ကို တိုးတက် မလာပေမယ့် ကောင်မလေး က မြန်မာစကား တတ် လာတယ် ။ ဟို ကောင်မလေး က အိုင်ကျူ မြင့် တယ်လေ ။ ကျွန်တော့် ကို တွေ့ ရင် ဦးလေး နေကောင်းလား တို့ ဘာ တို့ ဖြစ် လာတယ် ။

မော်လဒိုက် မှာ လေးနှစ် လောက် လုပ် မိတော့ အမေရိကား မှာ နေတဲ့ သူငယ်ချင်း တစ်ယောက် က ဟို လာ လုပ်လှည့်ကွာ ခေါ်တယ် ။ အဲသည်တုန်း က အခြေအနေ အရ ရန်ကုန် မှာ ရှိနေတဲ့ အမေရိကန်သံရုံး မှာ ပြည်ဝင်ခွင့် ဗီဇာ အတွက် အင်တာဗျူး ဖြေ ရတယ် ။ ကျွန်တော် က အိမ်ထောင် မကျသေးဘူး ။ ဘယ်မှာ နေသလဲ မေး တော့ ကျွန်တော့် မှာ အိုးပိုင်အိမ်ပိုင် လည်း မရှိတာ နဲ့ on the way လမ်းပေါ် မှာ လို့ ဖြေ လိုက်တော့ ဗီဇာ အရာရှိ က ကျွန်တော် အမေရိကား ရောက် သွား ရင် ပြန် လာ မှာ မဟုတ်ဘူး ဆိုပြီး ပယ် လိုက်တော့ မြန်မာပြည် မှာ သောင်တင် နေရော ။

အိုးပိုင်အိမ်ပိုင် ဆို လို့ ပြောရဦးမယ် ။ ကျွန်တော် နိုင်ငံခြား သွားမယ် ဆိုတော့ အမေ က သူ နေတဲ့ မြေကွက်ဝိုင်း တစ်ခြမ်း ရောင်း ပြီး နိုင်ငံခြား ပို့ လိုက်တယ် ။ ကျွန်တော် ဟို က ပြန်လာတော့ အမေ က ဆုံးနှင့် ပြီ ။ ဒါနဲ့ ကျန်တဲ့ ဝိုင်း တစ်ခြမ်း ကို ရောင်း ပစ် လိုက်တယ် ။ သူများ က နိုင်ငံခြား က ပြန် လာရင် မြေ ဝယ်တယ် ။ ကျွန်တော် က ပြောင်းပြန် ။

ကျွန်တော် မော်လဒိုက် က ပြန် ရောက်ခါစ မှာ ကျွန်တော့် မိတ်ဆွေ တစ်ယောက် က ကျွန်တော် နိုင်ငံခြား က ပြန် လာ တာပေါ့ ။ ကျွန်တော်တို့ ခေတ် တုန်း က နိုင်ငံခြား က ပြန်လာတယ် ဆိုတာ ရှားရှားပါးပါး ကိစ္စ ကိုး ။ သူ့ သား တစ်ယောက် နိုင်ငံခြား သွားတော့မှာ မို့ သိသင့် သိထိုက် တာတွေ ဆောင်ရန် ရှောင်ရန်တွေ သင်ပေးပါ ဆိုပြီး ကျွန်တော့် ကို ထမင်း ဖိတ် ကျွေးတယ် ။ သူ့ သား နဲ့ တွေ့ ပေး တာပေါ့ ။

ကျွန်တော် က နိုင်ငံခြား သွားတယ်ဆိုတာ ဘာမှ ခက်ခက်ခဲခဲ မဟုတ်ပါဘူးကွာ ။ မြန်မာပြည် မှာ ဘတ်စ်ကား စီး ရသလိုပါပဲ ။ လေယာဉ်ကွင်း ရောက်တဲ့ အခါ ဘယ် သွားမယ့် လေယာဉ် ၊ ဘယ် နေရာ စီးရမယ် ဆိုတာ တယ်လီဗေးရှင်းတွေ နဲ့ ကြေညာ ပေးတယ် ။ အဲဒါတွေ မကြည့်တတ်ဘူး ဆိုရင်လည်း ကိုယ် ကိုင် ထားတဲ့ လေယာဉ် ပေါ် တက်ခွင့် လက်မှတ် နဲ့ အရောင် တူ တဲ့ လူ ကို လိုက် ရှာထား ။ သူ သွား တဲ့ နောက် က သာ လျှောက် လိုက်ပေတော့ ။ အင်မတန် လွယ်တာကွ ။ အင်္ဂလိပ်စာတွေ လင်ဂွာဖုန်းတွေ မယားကွာဖုန်းတွေ မတတ်လို့ လည်း အား မငယ် နဲ့ အလုပ် ဖြစ်ပါတယ် လို့ အား ပေး လိုက်တယ် ။

အမေရိကန် ဗီဇာ ပယ် လိုက်တော့ အိမ်ဝင်း ရောင်းပြီး ရတဲ့ ပိုက်ဆံ နဲ့ တာချီလိတ် ချီတက် သွားတယ် ။ ကျွန်တော် က ထိုင်းမြန်မာ နယ်စပ်တွေ အားလုံး ကို ရောက် ဖူးတယ် ။ ထိုင်း နယ်စပ် မှာ အလုပ် သွား လုပ်ရင် ကြီးပွား နိုင်တယ် လို့ ယုံကြည်တယ် ။ ဒါနဲ့ တာချီလိတ် သွားပြီး ကာရာအိုကေဆိုင် ဖွင့်တာ ။

တာချီလိတ် မှာ ကျွန်တော့် ကို သူဌေး လို့ ခေါ်တာ ။ ကျွန်တော် က လည်း သူဌေး လို နေ ရတာ ။ ဒိုဘီတောင် ဟိုဘက်ကမ်း ( ထိုင်းနိုင်ငံ ) ပို့ ပြီး မှ ဝတ်တာ ။ နယ်စပ် မှာ ဘာညာညာ ကိစ္စတွေ ဖြစ်လာတော့ ကျွန်တော် စီးပွား ပျက်တာပဲ ။ ကုန်း ကောက်စရာ မရှိ တော့ဘူး ။ ကျွန်တော် အဆင် ပြေတုန်း ဆွမ်းလောင်း ခဲ့တဲ့ ဘုန်းကြီးကျောင်း က သူဌေးဒကာကြီး သနားပါတယ် ဆိုပြီး ခေါ် ထား လို့ နေစရာ ရှိတာ ။ သူဌေး က ဘုန်းကြီးကျောင်း မှာ သုံးလေးလ လောက် သောင်တင် နေပြီး မန္တလေး ကို တပ်ခေါက် ပြန်ခဲ့တယ် ။

မန္တလေး ရောက်တော့ ရွှေချည်ထိုး လုပ်ငန်း လုပ်တယ် ။ မော်လဒိုက် မသွား ခင် က လိုရမယ်ရ သင် ထားတော့ ထိုး တတ်တယ် ။ သူငယ်ချင်း တစ်ယောက် က ငွေစိုက် ၊ ကျွန်တော် က လူစိုက် နဲ့ လုပ်ငန်း ထောင် တာပေါ့ ။

ရွှေချည်ထိုး လုပ်တာ တစ်နှစ် ကျော် ပဲ ကြာတယ် ။ ဘန်ကောက် မှာ ရင်းနှီးခဲ့တဲ့ ရတနာကုန်သည် တစ်ယောက် နဲ့ တွဲမိပြီး မိုင်းရှူးကျောက် လုပ်ဖြစ် သွားတယ် ။

သူ က မင်း နှလုံးသား ကောင်းတယ် ။ ငါ ယုံတယ် ဆိုပြီး ငွေ ထုတ် ပေးတယ် ။ ကျွန်တော် က လည်း ပြော ပါတယ် ။ ကျောက် ဆို လို့ ဘာမှ နားမလည်ဘူး ။ ကျွန်တော်တို့ မျိုးရိုး ထဲ မှာ ကျောက် နဲ့ ပတ်သက်တာ ဆိုလို့ ဦးလေး တစ်ယောက် ပဲ ကျောက်ပေါက် နာ ရှိတယ် ။ ရတနာကုန်သည် မိတ်ဆွေ က လူပျို ဆိုတာ လိမ့် နေတဲ့ ကျောက်တုံး လို ပဲ ၊ အိမ်ထောင် ပြု ကွ လို့ အကြံ ပေးတယ် ။ ဒါနဲ့ ကျွန်တော် လည်း ကျွန်တော် နဲ့ အနီးစပ်ဆုံး ဖြစ်တဲ့ ရွှေချည်ထိုး တဲ့ တပည့်မ ကို ပြန် ယူ လိုက်တယ် ။

မိုင်းရှူး နှစ်နှစ် လောက် လုပ် မိတော့ ကျောက် က သိပ် မရှိတာ နဲ့ မိတ်ဆွေ က လုပ်ငန်း ရပ်ပြီး ဗီယက်နမ် မှာ ပုလဲမွေး တဲ့ အလုပ် ကို ပြောင်း လုပ်တယ် ။ ကျွန်တော့် ကို လည်း ခေါ်တယ် ။ ဒါပေမယ့် လိုက် မသွားဘူး ။

မိုင်းရှူး မလုပ်တော့ဘူး ဆိုတော့ စက်တွေ ဆင်ပြီး ဘောင်လုပ်ငန်း လုပ်တယ် ။ တစ်နှစ် ပဲ ကြာတယ် ။ အလုပ်သမားတွေ နဲ့ ဆက်ဆံရတာ အဆင် မပြေတာ နဲ့ ရပ် ပစ် လိုက်တယ် ။ အနုပညာ ပဲ လုပ်မယ်ကွာ ဆိုပြီး ပန်းချီ ထိုင် ဆွဲတယ် ။ အားတဲ့ အခါ ဓာတ်ပုံ လိုက် ရိုက်တယ် ။ အင်္ကျီတံဆိပ် ဆေးဆိုး ပန်းရိုက် လည်း လုပ် လိုက် သေးတယ် ။ ဓာတ်ပုံဆိုင်တွေ လည်း ဖွင့်တယ် ။ ဓာတ်ပုံတွေ ရိုက်ပြီး ပြိုင်ပွဲတွေ ဝင်တယ် ။ ၂၀၀၀ ပြည့်နှစ် က ဆိုရင် ဆုတွေ အများကြီး ရတယ် ။ ပထမဆုံး သုံးဆု ၊ နှစ်သိမ့်ဆုတွေ ရော နဲ့ ဆုကြေး ၁၄ - ၅ သိန်း ရတယ် ။ ၂ဝဝ၁ ခုနှစ် ကျ တော့ ပြိုင်ပွဲ က မရှိ ပြန်ဘူး ။

နောက် ရန်ကုန် မှာ ကိုမိုးမင်း က ဓာတ်ပုံ စတူဒီယို အကြီးကြီး ဖွင့်တယ် ။ လာပြီး လုပ်ပေးပါဦး ဆိုတော့ အားနေတာ နဲ့ သွား လုပ်ဖြစ်တယ် ။ ဟိုမှာ လုပ်ရတာ ချာတိတ် တွေ နဲ့ ။ ကျွန်တော် က ဆံပင်တိုတို တိုက်ပုံ နဲ့ ။ သူငယ်ချင်း က သည်လို နေ လို့ တော့ မဖြစ်ဘူး ။ ဘယ်လို နေရမလဲ ဆိုတော့ နားကွင်း ဖောက် ရမယ် ။ ရှော့ပင်န် ဝတ်ရမယ် တဲ့ ။ အဲသည်လို တော့ မလုပ်ပါနဲ့ ကွာ ။ ဘောင်းဘီရှည် ဝတ်မယ် ။ ဆံပင်ရှည် ထားမယ် ပေါ့ ။

ဆံပင်ရှည် ထား တာ ခေါင်း တော့ ယား တာပေါ့ ။ နှစ်နှစ် သုံးနှစ် လောက် ထား မိတော့ သည် ဆံပင်လေး နှမြော လို့ မဖြတ်ရက်ဘူး ။ မိန်းမ က တော့ သိပ် မကြည်ဘူး ။ ခေါင်းဖြီး ပေး ရတာ ကိုး ။ မနက်တိုင်း ရွာ ထဲ ကို ဆံပင် ဝယ် တဲ့ လူတွေ လာ လာ နေ တော့ ည ငါ အိပ်ပျော် နေတုန်း ဆံပင် တော့ ဖြတ်ရောင်း မပစ်လိုက်ပါနဲ့ ကွာ လို့ ပြောထား ရတယ် ။ ဒါလေးနဲ့ ငါ ထိန်းထား ရတာပါ လို့ လူငယ် လိုလို ဘာ လိုလို လုပ် ဖို့ ဒုက္ခ ခံပြီး ဆံပင်ရှည်ကြီး ချန် ထားရတာ ။ စတီဗင် ဆေးဂဲလ် သဘော ကျ လို့ ဆံပင်ရှည် ထား တာလား မေးတယ် ။ ကိုယ် က သားရေပင်စည်းပဲ ပါကွာ လို့ လူငယ်တွေ ကို ပြော ရတယ် ။

ကျွန်တော် အခုဆို အသက် ၆ဝ နား နီး လာပြီ ။ ဖင် မြဲ ချင်တယ် ။ ကြီးပွား ချင်တယ် ။ ဒါပေမယ့် ကျွန်တော် က ဝန်ထမ်း သားသမီး အရင်းအနှီး မရှိဘူး ။ စီးပွားရေး မလုပ်တတ်ဘူး ။

◾ကျော်ရင်မြင့်

📖 ဘဝဇာတ်ခုံ အဖုံဖုံ

#ကိုအောင်နိုင်ဦး

.

 

No comments:

Post a Comment