❝ အစွဲ ❞
ကလေးမြို့ ရဲ့ ဆောင်း က ရာသီ ရဲ့ သရုပ် ကို ပီပြင်စွာ ပုံဖော်နိုင်တဲ့ ဆောင်း ဖြစ်တယ် ။ နှင်းမှုန်တွေ တဖွဲဖွဲ အောက် မှာ အရာဝတ္ထု မှန်သမျှ နှင်းစက်တွေ ကြောင့် ရွှဲရွှဲစို လို့ ။ နှင်းစက်တွေ တပေါက် ပေါက် ကျ နေတာများ ဂီတသံစဉ် တစ်ခု ဖန်တီး ထားသလို ရှိလှတယ် ။ မြောက်ပြန်လေ ကျီစယ် လိုက်တဲ့ အခါ နှင်းမှုန်တွေ က လေ အဝှေ့ မှာ တဖွဲဖွဲ နဲ့ ပတ်ဝန်းကျင် တစ်ခုလုံး ဖြူလွလွ နှင်းမှုန်တွေ နဲ့ ပိန်းပိတ် သွားရတော့တယ် ။ သစ်ရွက် ၊ သစ်ခက် ၊ သစ်ပင်တွေ ၊ မြက်ပင်တွေ မှာ တောင် နှင်းစက်တွေ သီး လို့ ။ ဟိုး အဝေးက ချင်းတောင်တန်းတွေ ကို လည်း မမြင်ရတော့ဘူး ။ တောင်တန်းတွေ ကို အဖြူရောင် ဝတ်ရုံ က လွှမ်းခြုံ ထားတယ် ။ မြောက်ပြန်လေ က ရာသီ ရဲ့ ပန်းရံနံ့တွေ နဲ့ အတူ မွှေးပျံ့တဲ့ လေညင်း ကို သယ်ဆောင် လာတာမို့ အရုဏ်ဦး နဲ့ အတူ မြစည်တော် သာသနာ့ ရိပ်သာ တစ်ခု လုံး လန်းဆန်း မွှေးပျံ့ သွားရတော့တယ် ။
မြစည်တော် သာသနာ့ ရိပ်သာ ဆွမ်းစား ကျောင်းဆောင် မှာ အရုဏ်ဆွမ်း အလှူရှင် ကို ရေစက်ချ တရားပေး နေတဲ့ ဘုန်းဘုန်းလေး ရဲ့ တရားသံ နားထောင် ရင်း ဆွမ်းပွဲ ပြင် ၊ အချိုပွဲ ပြင် နေကြတဲ့ ဝေယျာဝစ္စသမားတွေ နဲ့ အတူ ကျုပ် လည်း မနားမနေ လှုပ်ရှား နေရတာ နိစ္စဓူဝ ပါ ။ ကျုပ် က တော့ မြစည်တော် သာသနာ့ ရိပ်သာ က တစ်ပါးတည်း သော ကိုရင်ကြီး ပါ ပဲ ။ အရုဏ်ဆွမ်း အလှူရှင် ကို သူတို့ရဲ့ မွန်မြတ်တဲ့ ဆွမ်းလှူ ရ တဲ့ အကျိုး က ဘယ်လောက်များ အကြောင်း အထောက်အပံ့ ဖြစ်သလဲ ဆိုတာ ကို ဘုန်းဘုန်းလေး က တခမ်းတနား ရှင်းပြ နေတယ် ။
ကောင်းကင် မှာ ရောင်နီတောင် ပျို့ လာပြီပဲ ။ အရုဏ်ဦး ရောင်နီ က ကျောင်း ပတ်ဝန်းကျင် တစ်ခုလုံး အေးမြတဲ့ အလင်းရောင်တွေ ဖြန့်ကြက် ထားတယ် ။ ထို့အတူ ပါပဲ ဆွမ်း အလှူရှင် ဝေယျာဝစ္စ ကုသိုလ်ရှင်တွေ ရဲ့ ရင် ထဲ မှာ ဘုန်းဘုန်းလေး တရား ကြောင့် အရုဏ်ဦး ရောင်နီ လို စိတ် ခန္ဓာကိုယ် ထဲ မှာ အေးမြတဲ့ အလင်းရောင် ဝိပဿနာ တရားတွေ စီးမျော သွားရတော့တယ် ။
ဘုန်းဘုန်းလေး တရား က ရင် ထဲ မှာ မှတ်မိ လွယ်တယ် ။ ရိုးရိုးရှင်းရှင်း မို့ ရင်ထဲ စွဲမြဲ သွားရတယ် ။
“ ဟောဒီ လက်ကလေးတွေ က ဘာ လုပ်ဖို့ ထားတာလဲ ၊ ဒီ လက်တွေ နဲ့ ဘုရား ဝေယျာဝစ္စ ၊ သံဃာ့ ဝေယျာဝစ္စ ၊ မိဘ ဝေယျာဝစ္စ လုပ်ပါ ။ ဒီ လက်တွေ နဲ့ အပါယ်တံခါး ဖွင့်နိုင် သလို နိဗ္ဗာန် တံခါး လည်း ဖွင့် နိုင်တယ် ၊ အချိန်တိုင်း ကုသိုလ် စိတ် နဲ့ နေရင် အဲဒီ အကြောင်း အထောက်အပံ့တွေ က သံသရာ အဆက်ဆက် ကိုယ့် အတွက် ချည်း ပါပဲ ”
ကျုပ် ရင် ထဲ စွဲ နေ တဲ့ ဘုန်းဘုန်းလေး တရား က ကျုပ် လို ဝေယျာဝစ္စ ကုသိုလ် သာ လှူနိုင်တဲ့ သူ အဖို့ အံကျ ပါ ပဲ ။
ကျုပ် လူ့ ဘဝ တုန်း က အကြောင်း ပြော ချင်တယ် ။ ကျုပ် ဘဝ အစ က မုံရွာမြို့နယ် က ပါ ။ မုံရွာ ရွှေသိန်းတန် လက်ဖက်ရည်ဆိုင် မှာ ကျုပ် က မုန့်ဆရာကြီး ၊ တီးဆရာကြီး ပေါ့ ။ ဒိုးပတ်မင်းသား စိန်လှပို လို့ လည်း ခေါ်ကြတယ် ။ ဆွမ်းတော်ကြီးခံ ၊ အလှူလှည့် ၊ အလှူခံ ကျုပ် မပါ ရင် မပြီးဘူး ။ ဟိုတုန်း ကတည်း က ပြောတာ ၊ ဟောတာ ဆိုတာ ကျုပ် သိပ် သဘောကျတာ ။ အလှူခံ တဲ့ နေရာ ရော ၊ ဗုဒ္ဓတရား ဟောပြောတဲ့ နေရာ မှာ ခု ခေတ် ပေါ့လေ ။ အနုပညာသံ မပါရင် နရီစည်းဝါး မမိ ရင် မကောင်းဘူး ။ ဒါ ကျုပ် အထင် ပြောတာ နော် ။ ကျုပ် တို့ မုံရွာမြို့နယ် တစ်ခွင် မှာ ဆွမ်းတော်ကြီးခံ ဆို ရင် တီးဝိုင်း ထည့်တယ် ။ ဓာတ်စက်တွေ နဲ့ သီချင်းခွေ ထည့် ပြီး ဖွင့်တာ မဟုတ်ဘူး ။ တကယ့် တီးဝိုင်း အစစ် နဲ့ တကယ့် လူ ကိုယ်တိုင် သီဆို ရတာ ။ ဆိုရ တော့ လည်း မြန်မာသံစဉ် သီချင်းတွေ ။ ကျုပ် မှာ အာ တွေ့လွန်းလို့ ဆွမ်းတော်ကြီးခံ နေ့တိုင်း ရှိပါစေ ဆုတောင်း ရတာ ။
ဘယ် ခု VCD ကာရာအိုကေ ဆိုတာ ကျုပ် က သနားတယ် ။ ၁၀၀ ဖိုး နှစ်ပုဒ် တဲ့ ။ ဖန်သားပြင် ပေါ် က သီချင်းစာသား ကို အမီ ဆိုရတာ ဆိုတော့ သံစဉ် အနိမ့် အမြင့် သူတို့ မသိဘူး ။ ဒီ ကြား ထဲ ဆိုင် အပြင် မှာ ဆိုဖို့ လူ စောင့်နေတာ များရင် VCD ပိုင်ရှင် က သီချင်း ကို အမြန် မြှင့် လိုက်တော့ ဆိုရတဲ့ သူ ခမျာ အနောက် က ကျား လိုက်တဲ့ အတိုင်း အပြေးအလွှား ဆိုရတာ ။ ကျုပ်တို့ ဆွမ်းတော်ကြီးခံ မှာ ဆို ရတာများ မိုက် မချတမ်း ဆိုလည်း ပိုက်ဆံ ပေးစရာ မလိုဘူး ။ အဆို ကောင်းရင် ကောင်း သလို ပွဲတောင်း ခံရသေးတာ ။
မုံရွာ ကိုးတောင်ပြည့် ဓမ္မစကြာ သုန္တသရိအဖွဲ့ မှာ ကျုပ် က ခေါင်းဆောင် ။ အလှူခံ မှာ ဆိုလည်း ဥပါသကာ ဆိုတော့ ကျုပ် မှာ နားချိန် မရှိဘူး ။ အလှူရှင် ကို လှူချင် လာအောင် ဥပါသကာ က အပြော အဟော နဲ့ ဆွယ် ရတာ မို့လား ။ ကျုပ် မှာ မိုက် မချတမ်း ပြောဟော ဆို နေရတာ ဘယ်လောက် ပျော်မွေ့ နေသလဲ ဆိုတော့ ကျုပ် ပထမ အိမ်ထောင် နဲ့ ကွဲ သွားတယ် ။ သူ့ ကို ကျုပ် ဒီနေ့ အထိ အပြစ် မတင်မိဘူး ။ တစ်နေ့ ဂျုံ အချိန် ၁၅ ပိဿာ လောက် ကုန် နေတဲ့ ဆိုင် ကို ပစ်ပြီး မိုက် တစ်လုံး နဲ့ ပျော် နေတာ ။ အိမ်ထောင် ပျက် ၊ စီးပွား ပျက် ပေါ့ ။ ကျုပ် အဖက်တင် လိုက်တာ ဆိုလို့ မိန်းမ ပေး သွားတဲ့ ‘ ကိုမိုက်ခဲ ’ ဆိုတဲ့ နာမည် ပဲ အဖတ်တင် ကျန်ရစ်ခဲ့တယ် ။
ဒီလိုနဲ့ မုံရွာ နဲ့ ဝေး ရာ ကျုပ် လျှောက်သွား ခဲ့တယ် ။ မုန့်ဆရာ ၊ တီးဆရာ ဘဝ နဲ့ ပေါ့လေ ။ အဲဒီမှာ ဒုတိယ အိမ်ထောင် ဖြစ်မယ့် ကျုပ် မိန်းမ နဲ့ တွေ့ခဲ့တာ ပါပဲ ။ ကျုပ် မိန်းမ က လက်ဖက်ရည် ကြိုက် တယ်ဗျ ။ သူ က အိမ်ထောင်ပျက် မုဆိုးမ တစ်ယောက် ပါ ။ သူ နဲ့ အိမ်ရာ ထူထောင်ပြီး ကလေးမြို့ မှာ မုံရွာ ရွှေသန်းသန်း ဆိုတဲ့ နာမည် နဲ့ လက်ဖက်ရည်ဆိုင် ကိုယ်ပိုင် ဖွင့် ဖြစ်တယ် ။ စီးပွား တက်စ ပြုတော့ သူ က လောဘ နဲ့ ဖင်စီဒိုင်း သယ်တာ ကလေးဝ မှာ မိ သွားတယ် ။ အဲဒီ အချိန် မှာ သူ က ကိုယ်ဝန်ကြီး နဲ့ ။ အချုပ် ထဲ မှာ မီး ဖွားတာ ။ သမီး မိန်းကလေး ဗျာ ။ သမီးလေး က လက်ပွား အရှင်လေး နဲ့ ။ သမီးလေး ကို နို့တိုက် နေရင်း တရားရုံး မှာ အမှု ရင်ဆိုင်ရတဲ့ သူ့ အတွက် အပြင် ရောက်အောင် ဆိုတဲ့ စိတ် က များပြီး ရှိတာတွေ ရောင်း လိုက်တာ ကုန်သာ သွားရော သူ ထောင် ၅ နှစ် ကျ သွားတယ် ။ ကလေး နီတာရဲလေး နဲ့ သူများ ဆိုင် မှာ တီးဆရာ ၊ မုန့်ဆရာ လုပ် နေရတဲ့ ကျုပ် ကို သူငယ်ချင်း က မကြည့်ရက် တာ နဲ့ ၊ “ သူ့ အမေ ပြန် ရောက်ရင် ပြန် ပေးမယ် ၊ ကုသိုလ် အဖြစ် နဲ့ မွေး ပေးမယ် ” ဆိုတော့ သူငယ်ချင်း ကို ခဏ ပေး လိုက်တယ် ။
ကျုပ် အဖြစ် က သမီး နဲ့ ခွဲရ ၊ မိန်းမ နဲ့ ခွဲရ ။ ကျုပ် ဘဝ မှာ ဗျာ ။ ကံများ မကောင်းတာ ပြောပါတယ် ။ ဘုရား တရား ဆိုတာ ကျုပ် ရင် ထဲ မှာ ရှိပေမဲ့ မလုပ်ဖြစ် ခဲ့ဘူး ။ စိတ် ညစ်လို့ ကုစားရင်း နဲ့ ကျုပ် လည်း အရက်သောက် ပေါ့ ။ ဖြစ် ချင်တော့ ကလေး အချုပ် က နေ မိန်းမ ကို မန္တလေးထောင် ပို့ လိုက်တယ် ။ မိန်းမ ကို ထောင်ဝင်စာ တွေ့ ဖို့ ကျုပ် အခက်အခဲ ဖြစ်ရပြီ ။ သူ နဲ့ ထောင်ဝင်စာ တွေ့ ပြီး မန္တလေး က နေ ကလေး ပြန်မယ့် ကားဂိတ် မှာ မိတ်ဆွေ တစ်ယောက် က ဖားကန့် ဘက် မှာ အီကြာကွေး ၊ ထပ်တစ်ရာ ၊ ပေါက်စီ လုပ်ဖို့ လူ လိုတယ် ဆိုတာ နဲ့ ကျုပ် လိုက် သွားတယ် ။ မိန်းမ နဲ့ ခွဲရတဲ့ အလွမ်း ၊ သမီးလေး နဲ့ ခွဲရတဲ့ အလွမ်းတွေ ကျုပ် တစ်ကိုယ်လုံး လည်ပတ် နေတာများ အဲဒီ အချိန် မှာ ကျုပ် ကိုယ် ကို ဖောက် ကြည့်ရင် ဘာမှ မတွေ့ရဘဲ အလွမ်းတွေ ပဲ တွေ့ရမယ် ။
ဖားကန့် ရောက် တော့ ကျုပ် ချက်ချင်း အလုပ် မရဘူး ။ ပထမ ထွက်မယ် ဆိုတဲ့ လူ က မထွက်လို့ ။ ရောက် မှ တော့ မထူးဘူး ဆိုပြီး မှော် ထဲ မှာ ခေါက်စား ထမ်း တယ်ဗျာ ။ တစ်နေ့ ၃၀၀ ရတယ် ။ ဆင်းရဲချက် တော့ မမေး နဲ့ ။ နေ တော့ ဝါးလေး မြေ စိုက်ပြီး ပလတ်စတစ် အမိုး လုပ် နေရတယ် ။ နေ့ ကို အလုပ်ကြမ်း လုပ်ပြီး ည အိပ် တဲ့ အခါ မြေကြီး ပေါ် မှာ အိပ် ရတာ ။ ဖျာ တောင် မပါဘူး ။ မြေငွေ့ နဲ့ ဆိုတော့ စဉ်းစားသာ ကြည့် ပေါ့ဗျာ ။ စား တော့ ထမင်း ကို ဆီ နဲ့ ဆား နဲ့ နယ်ပြီး စပ်သီး တစ်တောင့် ၅ ကျပ် ပေးပြီး စပ်သီး တစ်ကိုက် ထမင်း တစ်လုပ် ၊ ထမင်းရည် ကို ဟင်းချို လုပ် သောက် ခဲ့ရတာ ။ ဒီနေ့ တွေး ဒီနေ့ မျက်ရည် ကျတယ် ။
နောက်မှ ဖားကန့် မရှီက ထောင်ရပ်ကွက် ကြိုးတံတား ရဲ့ တောင်ဘက် က ‘ စိတ်ငြိမ် ’ ဆိုတဲ့ လက်ဖက်ရည်ဆိုင် ကို ရောက် ခဲ့တယ် ။ အဲဒီမှာ တစ်လ ၇၀၀၀ နဲ့ အလုပ် ဝင် ခဲ့တယ် ။ ဆိုင် က စိတ်ငြိမ် ဆိုပေမဲ့ ကျုပ် စိတ် ကတော့ မငြိမ်ပါဘူး ။ မိန်းမ ရှိတဲ့ မန္တလေး ရောက် လိုက် ၊ သမီးလေး ရှိတဲ့ ကလေး ရောက် လိုက် နဲ့ ဖားကန့် မှာ ရှိတဲ့ ကျုပ် ကတော့ အသေကောင် လို ဖြစ် နေတယ် ။ မိန်းမ ကို ထောင်ဝင်စာ တစ်နှစ် မှာ နှစ်ခါ ပဲ တွေ့ နိုင်တယ် ။ ထောင်ဘူးဝ ရောက်တာ နဲ့ ကျုပ် ရင်တွေ ခုန် လှပြီ ။ ဘယ်လို ကြားမလဲ ၊ ဘယ်လို တွေ့ရမလဲ ဆိုတာ ။ တွေ့ ရတဲ့ အချိန် ကျတော့ လည်း ဗျာ ၊ မိနစ် ၂၀ လောက် ဆိုတော့ ဘာပြောလို့ ပြောရမှန်း မသိဘူး ။ ထောင်ဝင်စာ တွေ့ ပြီး ပြန်ရတဲ့ အခါ ခြင်း ထဲ မှာ ဗလာ ၊ ကျုပ် ရင် ထဲ မှာ လည်း ဗလာ သက်သက် ပါပဲ ။
၅ နှစ် ဆိုတဲ့ အချိန်က ကျုပ် အတွက် လောကငရဲ ပါပဲ ။ ချစ်တဲ့ သူများ နဲ့ ကွေကွင်းရခြင်း သည် ဆင်းရဲခြင်း လို့ ဗုဒ္ဓတရား မှာ ရှိတယ် မဟုတ်လား ။ ကျုပ် အတွက် က တော့ အရာရာတိုင်း က ဆင်းရဲခြင်းတွေ ပါပဲ ။ ၅ နှစ် ပြည့် လို့ မိန်းမ အပြင် ရောက် လာတော့ ကျုပ်တို့ ကလေးမြို့ ကို ပြန်ကြတယ် ။ အခန်းလေး ငှားပြီး ဈေး ထဲ မှာ ထမင်းကြော် ကျုပ် တို့ နှစ်ယောက် ရောင်းတယ် ။ တစ်နေ့ ကို ဆန် ၅ ပြည် ကုန်တယ် ။ သမီးလေး မိယုန် ကို သူငယ်ချင်း ဆီ က ပြန် တောင်းတော့ မိယုန် က ဖအေ ရင်း ၊ မအေ ရင်း ကို ခွဲခြား သိပေမဲ့ ကလေး က မနေဘူး ။ သူငယ်ချင်း ကို ပို ချစ်ခဲ့တယ် ။ သူငယ်ချင်း က လည်း ကတိ အတိုင်းသာ ပေးရတာ မို့လား ။ ဘယ် ခွဲချင်ပါ့ မလဲ ။ သူတို့ လည်း သမီး အရင်း တစ်ယောက် လို သံယောဇဉ် ဖြစ်နေပြီ ဆိုတော့ သူငယ်ချင်း ဆီ ပဲ ပြန် ပို့ ရတယ် ။ တစ်မြို့ တည်း ၊ တစ်လမ်း တည်း ဆိုတော့ ကျုပ် ဖြေသာ ပါတယ် လေ ။
ကျုပ်တို့ ဘဝ က ပြန် စလို့ တည်ငြိမ် နေတဲ့ အချိန် ၊ ကျုပ် တမူး သွားပြီး မုန့်ဆရာ လုပ် နေတဲ့ အချိန် မှာ ကျုပ် မိန်းမ ကို အရင် အိမ်ထောင် နဲ့ ရတဲ့ သားကြီး ၊ သမီးကြီး တွေ က ပြန် ခေါ်သွား ကြတယ် ။ ကျုပ် မရှိတဲ့ အချိန် မှာ ခေါ် သွားတာ ဆိုတော့ ကျုပ် ဘယ် လိုက်ရမှန်း မသိဘူး ။ ကျုပ် မိန်းမ ဆီ က ပြတ်သား တဲ့ အဖြေ တစ်ခု တော့ ကျုပ် သိချင်တာပေါ့ ။ ခုတော့ဗျာ ။ ကျုပ် ဘယ်လို နားလည်ရမှန်း မသိဘူး ။ လောကကြီး ကို ၊ ကျုပ် ရဲ့ ဘဝ ကို ၊ ကျုပ် မိန်းမ ကို စိတ် နာပြီး ပေတေ နေ လိုက်တယ် ။ မိယုန်လေး က လည်း မူးရူး နေတဲ့ ကျုပ် ကို အဖေ လို့ ရဲရဲ မခေါ်ရဲဘူး ။ ကျုပ် ကို တွေ့ရင် မဝံ့မရဲ နဲ့ ။
ကျုပ် ရဲ့ဘဝ ကို စိတ် နာပြီး လေလွင့် နေတဲ့ ကျုပ် ကို ဘုန်းဘုန်းလေး က ကိုရင်ကြီး အဖြစ် နဲ့ သင်္ကန်း ဝတ် ပေးခဲ့တယ် ။ သင်္ကန်း ဝတ် နဲ့ ဆိုတော့ လောဘ ၊ ဒေါသ ၊ မောဟ ထိန်း ရတာပေါ့ ဗျာ ။ ဘုန်းဘုန်းလေး ရဲ့ လူသတ္တဝါတွေ ကို အဘိဓမ္မာ နဲ့ တစ်မျိုး ၊ ပရိယတ္တိ နဲ့ တစ်မျိုး ၊ ဝိပဿနာ နဲ့ တစ်မျိုး ဟောပြော နေတာ ကို နေ့စဉ် နားထောင် နေရတော့ ကျုပ် စိတ်တွေ ငြိမ်းအေး လာခဲ့တယ် ။ ဗုဒ္ဓသာသနာ ရဲ့ အရိပ်အာဝါသ မှာ ဝိနည်း နဲ့ အညီ နေထိုင်ပြီး တပည့်ဒကာ ၊ ဒကာမတွေ ကို လောကီ လောကုတ္တရာ နဲ့ အကျိုးပြု နေတဲ့ ဘုန်းဘုန်းလေး ရဲ့ အရိပ် အာဝါသ အောက် မှာ ဘယ်လိုပဲ နေရ နေရ ကျုပ် ကျေနပ် ပါတယ် ။ ဒါပေမဲ့ ကျုပ် မှာ အစွဲ တစ်ခု ရှိတယ် ။ အဲဒီ အစွဲ က ကျုပ် မိန်းမ တစ်နေ့ ကျုပ်တို့ သားအဖ ရှိရာ ကလေးမြို့ကို ပြန်လာမယ် ဆိုတဲ့ အစွဲ ဗျာ ။ ကျုပ်တို့ သားအဖ ကို ထား သွား မှာ မဟုတ်ဘူးလို့ ထင် နေတဲ့ အစွဲ ရင် ထဲ မှာ အမြစ်တွယ် နေတယ် ။
ဒီနေ့ အရုဏ်ဆွမ်း က မတင်ဌေး တို့ အရုဏ်ဆွမ်း အလှူ ။ မနက် ၄ နာရီခွဲ ကတည်း က ကျုပ် ဆွမ်းချက် ပြီးပြီ ။ မနေ့ ညနေ ကတည်း က မတင်ဌေး ပို့ ထားတဲ့ ကြက်သား ကို ခရမ်းချဉ်သီး နဲ့ ဆီကျန် ရေကျန် ချက် ထားတယ် ။ ကြည်ကြည် ကလေးဝ က ဝယ် လာတဲ့ ပေါင်းတင်း ကို ဆီ နဲ့ ပြန် ကြော် ၊ ခရမ်းသီး မီး အုံး ပြီး ကြက်ဥ နဲ့ ကြော် ထားတဲ့ ခရမ်းသီးချက် နဲ့ ပေါင်းတင်း တို့ စားရအောင် ကျုပ် အသင့် လုပ် ထားတယ် ။ မတင်ဌေး နဲ့ ကြည်ကြည် လာ တော့ ဆွမ်းပွဲ ပြင်ရုံ ရှိတော့တယ် ။ မတင်ဌေး တို့ ကြည်ကြည် တို့ ဆွမ်းပွဲ ပြင် နေတဲ့ အချိန် ကျုပ် လက်ဖက်ရည် ဖျော် ဖို့ ပြင်ရပြီ ။ ဘုန်းဘုန်းလေး က ၅ နာရီခွဲ တာ နဲ့ ဆွမ်း ရေစက်ချ တရား ဟောဖို့ ဆွမ်းစားဆောင် ကို ရောက်ပြီ ။ နှင်းတွေ အရမ်း ကျလို့ ဘုန်းဘုန်းလေး ထီး ဆောင်း လာရတယ် ။ ခုလို ဆောင်းရာသီ ဆို အရမ်း အေးတာ မို့ ဘုန်းဘုန်းလေး တရား ဟောမယ့် နေရာ မှာ မီးဖို ပေး ထားရတယ် ။ ဒီနေ့ အရုဏ် လာ တဲ့ ဧည့်သည် ထဲ မှာ ဆေးကုမ္ပဏီ က လူ တစ်ယောက် ပါတယ် ။ ဘုန်းဘုန်းလေး ကို သက်တော် ဘယ်လောက် ရှိပြီလဲ လို့ လျှောက်တယ် ။ ဘုန်းဘုန်းလေး က “ ၇၈ နှစ်ရှိပြီ ကွဲ့ ” လို့ ပြောတော့ ဆေးကုမ္ပဏီ က လူ က အံ့ဩတကြီး နဲ့ ဘာ ဆေးများ မှီဝဲ ပါသလဲ လို့ လျှောက်တယ် ။ “ ဘုန်းဘုန်း က တော့ တရား ထိုင်တာပဲ ရှိတယ် ၊ ဆေး မစားဘူး ကွဲ့ ” ဆိုတော့ “ တပည့်တော် တို့ ဆေး က ရုပ်ပျို ကိုယ်နု ပါတယ် ဘုရား ” လို့ ဆေးကြော်ငြာ ဝင် နေတယ် ။
“ ဘုန်းဘုန်း က တော့ ဆေး ထက် တရားဓမ္မ ကိုပဲ ညွှန်ချင်ပါတယ် ၊ လောဘ ၊ ဒေါသ ၊ မောဟ မဖြစ်စေ နဲ့ ၊ စိတ် ကို ရုပ် က ဆောင် သလို ရုပ် ကို လည်း စိတ် က ဆောင် ပါတယ် ၊ အချိန် ပေးပြီး တရား ရှုမှတ် အားထုတ် နိုင်ရင် ပို ကောင်းတယ် ၊ ခု အကျိုး ကော နောင် အကျိုး ပါ ကျင့်ကြံ အားထုတ်တာ ပိုပြီး အကြောင်း အထောက်အပံ့ ဖြစ်တယ် ”
ကျုပ် လက်ဖက်ရည် ဖျော်ရင်း ဘုန်းဘုန်း တရား ကြောင့် လှိုက်ခနဲ ဖြစ် သွားတယ် ။ ဆေးကုမ္ပဏီ က ပုဂ္ဂိုလ် က “ တပည့်တော် တို့ ဆရာမကြီး က ပြောတယ် ဘုရား ၊ ဗြဟ္မစိုရ်တရား လေးပါး လက်ကိုင် ထားပြီး ကျင့်သုံး နိုင်ရင် တရား ထိုင်စရာ မလိုဘူး တဲ့ ”
ဘုန်းဘုန်းလေး ကို သူ က ပြန်ပြီး ဆရာ လုပ် နေတာနဲ့ ကျုပ် အသာ နားစွင့် လိုက်တယ် ။ ဘုန်းဘုန်းလေး က လေသံ နူးနူးညံ့ညံ့ နဲ့ “ ဒကာကြီး မေတ္တာ ၊ ကရုဏာ ၊ မုဒိတာ ၊ ဥပေက္ခာ ဆိုတဲ့ လေးပါး မှာ မေတ္တာ ဆိုတဲ့ စိတ်လေး ကို ပဲ အရင် ကြည့် ရအောင် ၊ လူ တစ်ယောက် ဆင်းရဲတာ ကို မြင်ရင် သနားစိတ် နဲ့ အရင် မကြည့်ဘူး ၊ အို … ဆင်းရဲ မှာ ပေါ့ ၊ အသုံး မှ မကျတာ လို့ ဒေါသစိတ် နဲ့ ယှဉ် ကြည့်တာ ၊ မေတ္တာ စိတ် က အရင် မလာဘူး ၊ ဗြဟ္မစိုရ်တရား လေးပါး မှာ မေတ္တာ ဆိုတဲ့ တရား တစ်ခု တောင် မနည်း ကျင့်ရတာ မို့လား ၊ ကျန်တဲ့ သုံးပါး ကျင့် နိုင်ဖို့ ဆိုတာ မလွယ်ပါဘူး ”
ဆေးကုမ္ပဏီ က လူ တော့ မသိဘူး ။ ကျုပ် ရင်ထဲ ချိန်ပြီး လွှတ် လိုက်တဲ့ မြား တစ်စင်း လို စူးနစ် ဝင် သွားတယ် ။ ဘုန်းဘုန်းလေး ရဲ့ နူးညံ့သိမ်မွေ့ တဲ့ အပြော ၊ လက်တွေ့ ကျ တဲ့ တရားတွေ ကို ကြည်ညိုစိတ် နဲ့ ရေစက်ချ ပြီး သာဓု ခေါ်သံ အဆုံး မှာ ကြေးစည် ထု ရင်း သာယာ နာပျော်ဖွယ် ၊ ကြည်နူးဖွယ် ကောင်းလှတဲ့ ကြေးစည်သံ နဲ့ အတူ ကျုပ် လှိုက်လှိုက်လှဲလှဲ သာဓု အကြိမ်ကြိမ် ခေါ်ဖြစ်တယ် ။
ကျုပ်တို့ မြစည်တော် ဘုန်းကြီးကျောင်း မှာ ဒုလ္လဘတွေ ရော ကိုယ်တော် တွေ ပါ အရုဏ်ဆွမ်း ပြီးတာ နဲ့ အဆောက်အအုံတွေ ဆေးသုတ် ၊ ကျောင်း သန့်ရှင်းရေး လုပ် ၊ လက်သမားတွေ ဦးစီး နဲ့ မနားမနေ လုပ်ကြရပြီ ။ ကျုပ် က လည်း နေ့ဆွမ်း အတွက် စီစဉ် ရတယ် ။ စခန်း ဝင် ယောဂီတွေ ရှိတာ မို့ ကျောင်း မှာ ရှိတဲ့ ဆွမ်း ဆန် ၊ ဆီ ၊ ဟင်းသီးဟင်းရွက် ၊ ဒကာ ဒကာမတွေ ဝယ်ပေး တဲ့ အသား တချို့ နဲ့ ချက်ပြုတ် ရတယ် ။ ဆွမ်းချိုင့်တွေ နဲ့ လုံလောက် ပေမယ့် လည်း ကျောင်း မှာ ဧည့် မပြတ်ဘူး မို့လား ။ လက်သမား လည်း ကျွေးတန် ကျွေးရ သေးတာ ။ ဆွမ်း ၊ ကွမ်း က တော့ ပေါသလား မမေး နဲ့ ။ ကျောင်း စ တည် တဲ့ တစ်နှစ် အတွင်း မှာ အဆောက်အအုံ တော်တော်များများ ပြီးပြီ ။ ဘုန်းဘုန်းလေး နေတဲ့ ကျောင်း ကို တစ်ဦးတည်း ဒကာ ဂျီအီးတပ် က ဆောက်ပြီး လှူ သွားတယ် ။ တစ်ထပ် သစ်သား ကျောင်းဆောင်လေး ဘေး မှာ ဝရန်တာ အပြည့် နဲ့ အစိမ်းနုရောင် သုတ်ထားတဲ့ သစ်သားကျောင်းလေး ကို အဝေးကြီး က လှမ်း မြင်နိုင်တယ် ။
ကျောင်းဝင်း တစ်ခုလုံး က ပန်းပင်တွေ ကို နှင်းနှင်းချို ဆိုတဲ့ စိုက်ပျိုးကျောင်းဆင်း ဆရာမလေး က စိုက်ပေး ထားတယ် ။ နွယ်သာကီ ၊ နှင်းဆီ ၊ မြတ်လေးပန်း တွေ ဆိုတာ အပွင့်တွေ ခဲလို့ ။ ကျုပ် လက်ဖက်ရည် ဖျော် တဲ့ အချိုခြောက်ဖတ်တွေ က နှင်းနှင်းချို အပင် စိုက်တဲ့ နေရာ မှာ တယ် အသုံးဝင် တာပဲ ။ ပန်းအိုးတွေ ကို သူ ကိုယ်တိုင် ငွေစိုက် ဝယ် သလို သင်္ဂဟဆီစက် က မပို တို့ ၊ မနုတို့ က လည်း ဝယ်ပေး သေးတယ် ။ ဟို တစ်နေ့ က နှင်းနှင်းချို ရယ် ပန်းအိုးတွေ ကို ကား နဲ့ မသယ်ရလို့ ဆိုပြီး ငိုရ သေးတယ် ။ အဲဒီလောက် ဝါယမ စိုက်တာ ။ အားလုံး က မြစည်တော် ကျောင်းကြီး အတွက် သူသူငါငါ တတ်နိုင်တဲ့ ဘက် က ဝိုင်းကြတာပေါ့ ဗျာ ။ လူ့စိတ် ဆိုတာလည်း သိတဲ့ အတိုင်း ။ မဟုတ်တာလေး နဲ့ စိတ် ခံစားမှု ဖြစ်တတ်တယ် မို့လား ။
ဝေယျာဝစ္စ ဆိုတဲ့ အလုပ် က ဘယ်လောက် အရေး ကြီးတယ် ဆိုတာ လုပ်တဲ့ သူ မှ သိတာဗျ ။ ကျုပ်တို့ ကျောင်း က မြဆင့်ချယ် က စာရေးဆရာ ဆိုတော့ စာအုပ်တွေ အများကြီး ဖတ်တယ် ။ သိမ်းတယ် ။ သူ့ စာအုပ်တွေ ကျုပ် တစ်ခါတစ်ရံ ယူ ဖတ်ကြည့်တယ် ။ အဲဒီ ထဲ မှာ စာရေးဆရာမကြီး ဒေါ်ခင်နှင်းယု ချမ်းမြေ့ရိပ်သာ လာပြီး ဝေယျာဝစ္စ လုပ်တယ် ဆိုတော့ ဆရာတော်ကြီး က “ မစု ဘုရား လက်ထက် မှာ ရဟန်း သုံးပါး တော ထဲ သွား ပြီး တရား ကျင့်ကြံ အားထုတ်ကြတယ် ၊ တရား အားထုတ်ပြီး ပြန် လာတော့ ဘုရားရှင် က မေးတယ် ၊ တရားထူး တရားမြတ် ရခဲ့လား လို့ မေးတော့ အားလုံး က ရခဲ့ပါတယ်ဘုရား လို့ လျှောက်တယ် ၊ ဘုရားရှင် က ဘယ်လို ကျင့်ကြံ အားထုတ်လဲ လို့ မေးတော့ ကိုယ့် ကိုယ် နဲ့ သူများ စိတ် နေပြီး တရား ကျင့်ကြံ အားထုတ်ပါတယ် ဘုရား လို့ လျှောက်တယ် ၊ ဆရာမကြီး က ဆရာတော် ပြောတဲ့ အဓိပ္ပါယ် ကို သိပြီး ချမ်းမြေ့ရိပ်သာ မှာ ကိုယ့် ကိုယ် နဲ့ သူများ စိတ် နေပြီး ဝေယျာဝစ္စ လုပ်ခဲ့တယ်လို့ ဖတ် ရတော့ အဲဒီ စာပိုဒ် ကို ကျုပ် သိပ် သဘောကျ သွားတယ် ၊ ကျုပ် က တောထွက် ကိုရင်ကြီး ဆိုတော့ ကျုပ် သင်္ကန်းဝတ် နဲ့ ပေမယ့် လူဝတ် တုန်း က ပေခဲ့တေခဲ့ တာ ကို တချို့ က လည်း ပြောချင်ကြတယ် ။ ကျုပ် ရဲ့ တေခဲ့ ပေခဲ့ တဲ့ လူ့ ဘဝ က အရိပ်တွေ က ကျုပ် ကို လောင်မြိုက်တုန်း ။ ဒါလည်း တရားနည်းလမ်း ကျပါတယ် ။ ကျုပ် က လည်း ကျုပ် ပဲ ကိုး ။ မြစည်တော် ရောက်ပြီး ကတည်း က ကျုပ် လူဝတ် ဘဝ မှာ ဆိုးခဲ့ ပေခဲ့တာတွေ ကို ဆေးကြောတဲ့ အနေ နဲ့ ကျုပ် သာသနာ့ အကျိုး ကို ပို လုပ်ဖြစ်ပါတယ် ။ ဒါကတော့ ကျုပ် ရဲ့ သစ္စာ ပဲ ။ ကာယကံ ပြု လိုက်ရင် ကာယကံ ရဲ့အကျိုး ခံစားရမယ် ဆိုတာ ကျုပ် ယုံကြည်ပါတယ် ။
ကျုပ် က မီးဖိုချောင် ပစ္စည်း ထားတဲ့ နေရာ မှာ ဆိုတော့ ဒကာ ၊ ဒကာမများ နဲ့ ဆက်ဆံရတာ မို့လား ။ သတိ တော့ ထား ရတာပေါ့ ။ လူ တစ်ကိုယ် စိတ် တစ်မျိုးစီ ပဲ ။ ကိုယ့် ကိုယ် နဲ့ သူများ စိတ် နေ မှ တော်ကာ ကျတာ မို့လား ။ ဒီမှာ ဝေယျာဝစ္စ လုပ်တဲ့ သူ အားလုံး က သူဌေးတွေ ၊ ကြေးရတတ်တွေ ချည်းပဲ ။ ကုသိုလ် လိုချင်လို့ လာ လုပ်ကြတဲ့ သူတွေ ဆိုတော့ သူတို့ စည်းစိမ်ဥစ္စာ ၊ စိတ်ဆန္ဒ အားလုံး အိမ် မှာ ထားခဲ့ကြတယ် ။ သူတို့ ကို ကြည့်ပြီး ကျုပ် အတုခိုး ပါတယ် ။ ကုသိုလ်ရေး အတွက် တကယ့် ကို တက်တက်ကြွကြွ လုပ်ကြတာများ ကလေးမြို့ ကို မီမယ် မထင်ဘူးဗျာ ။
အခက်အခဲ ဆိုတာလည်း ရှိတာပေါ့ ဗျာ ။ အဲဒီ အခက်အခဲ က ရယ်စရာ လည်း ကောင်း ၊ စိတ် ရှုပ်စရာ လည်း ကောင်း ပေါ့ ။ အချိန်ပိုင်း အတွင်း မှာ ပါ ။ ခုတော့ မရှိဘူး ။ မီးဖိုချောင် ပြဿနာလေး ပါ ။ ဒါကလည်း တစ်ခါတစ်ရံ အလှူတိုင်း မှာ ဖြစ်တတ်တဲ့ ကိစ္စလေးတွေ ပါ ။ ကျုပ် ပြောချင်တာ က စည်းစည်းလုံးလုံး ၊ သိုက်သိုက်ဝန်းဝန်း ဆိုတော့ ခု ပြန် ပြောရင် တောင် ချစ်စရာ ကောင်း နေပါပြီ ။ ကျုပ် တို့ မြစည်တော် မှာ အရုဏ်ဆွမ်း အလှူရှင် က နှစ်ပေါက် ရှိတယ် ။ မလစ်လပ်ရဘူး ။ အဲဒီ နေ့ အလှူရှင် က မခင်ယုမာ ၊ ကလေးမြို့ အဝင် စက်သုံးဆီ အရောင်းဆိုင် က သူဌေးတွေ ပေါ့ ။ အရုဏ်ဆွမ်း အတွက် ငွေ ပုံပေး ထားတယ် ။ ကျုပ်တို့ အားလုံး က လည်း အကောင်းဆုံး ဖြစ်အောင် လုပ်မယ် ဆိုပြီး အကောင်းဆုံး ဖြစ်အောင် လုပ်ပေးပါ ဆိုပြီး ညဘက် ကတည်း က ဘုတ်ဆုံ တို့ ၊ မသန်းရီ တို့ မကြင်ရွှေ တို့ က မုန့်တွေ လုပ် ၊ ဟင်းတွေ ချက် ပေါ့ ။ ကိုခင်မောင်တင့် နဲ့ စံရွှေမြင့် တို့ က မနက် စောစော မှ အစိမ်းကြော် ပူပူနွေးနွေး ဖြစ်အောင် ကြော်မယ် ဆိုပြီး စိတ်အေးအေး ထားတာ ။ ဆွမ်း ချက်ဖို့ ခါတိုင်း နိုးနေကျ ။ အဲဒီ နေ့ က အိပ်ပျော် သွားကြတာ ။ ကြည်ကြည် တို့ မတင်ဌေး တို့ အရုဏ် ဝေယျာဝစ္စ အတွက် လာတဲ့ အချိန် ကျ မှ ကျုပ်တို့ နိုး ရတော့တယ် ။ ကျုပ်တို့ လည်း တက်သုတ်ရိုက် ပြီး စီစဉ် ရတာပေါ့ ။ ကြည်ကြည် တို့ မတင်ဌေး တို့ က လည်း အလှူရှင် ကို စကားတွေ ဟိုပြော ဒီပြော ပေါ့ ။ ဘုန်းဘုန်းလေး က လည်း တရား ကို ခါတိုင်း ထက် ရှည်ရှည် ဟော ။ အလှူရှင် က လည်း ဒကာ ၊ ဒကာမ အရင်းတွေ ဆိုတော့ သိပေမယ့် လည်း ကျေနပ် နေတော့တာ ။
အချိုပွဲ ပြင် နေတဲ့ မကြင်ရွှေ ရဲ့ အာလူးရွှေကြည် ၊ ကျောက်ကျော ၊ ကြက်ဥ နဲ့ ပေါင်မုန့်ကြော်ပွဲ က ခါတိုင်း ထက် ပို လှနေတယ် ။ တုံးထားတဲ့ မုန့်အတုံးတွေ က လည်း မစားရက်စရာ ။ မသန်းရီ နဲ့ ဘုတ်ဆုံ က လည်း ဘုန်းကြီးဝိုင်း ၊ ယောဂီဝိုင်း ကို ဒုန်းပြေး ပြင် နေတာများ လက်ဆင့်ကမ်း သယ်နေတဲ့ အပြေးမယ် တွေ လိုပဲ ။ ကိုယ်တော်တွေ က လည်း နှင်းတော ထဲ မှာ ခေါက်တုံ့ ခေါက်ပြန် လျှောက် ပြီး ကြေးစည် အထု စောင့် နေကြတယ် ။ ခင်မောင်တင့် တို့ စံရွှေမြင့် တို့ က လည်း အစိမ်းကြော် ကို လက်စွမ်းပြ လိုက်ကြတာ အရုဏ် နောက်ကျ သွားတယ် ဆိုတဲ့ အသိ တောင် အလှူရှင် မသိလိုက်ရဘူး ။ ဘယ်လောက်များ လဲဆို နေ့ဆွမ်း ပါ ဆက်ပြီး လှူချင်ပါတယ် ဆိုလို့ ကျုပ်တို့ မှာ အရုဏ် နဲ့ နေ့ဆွမ်း မီးဆက် သွားတယ် ။
သီတင်းကျွတ် လပြည့် အဘိဓမ္မာ အခါတော်နေ့ မှာ ကျုပ် ရဲ့ အစွဲတွေ ပျောက်ကွယ် သွားရတယ် ။ အဲဒီ နေ့ က ဓမ္မာရုံကြီး တစ်ခုလုံး တရားနာ ပရိသတ်တွေ လျှံထွက် သွားတယ် ။ ဘုန်းဘုန်းလေး ကို တရားဟော ပလ္လင် လှူ ထားတာ က လည်း အဲဒီနေ့ က အသစ်ကျပ်ချွတ် ။ ဆုံလည်ပလ္လင်အသစ် ကို ဦးဇင်း အကူ နဲ့ ပလ္လင် ပေါ် တက် ရတယ် ။ ဆုံလည် က သွက် နေတော့ မထိန်းနိုင် မှာ စိုးလို့ပါ ။ မြစည်တော် သာသနာ့ရိပ်သာ ကို လှူကြတဲ့ အလှူရှင်တွေ ရဲ့ ငွေစာရင်း ကို ကြေငြာ တော့ ကျုပ် ကြက်သီးမြမြ ထ မိတယ် ။ သိမ် အတွက် ၊ ယောဂီကျောင်းဆောင် အတွက် ၊ ဘုရားကျောင်းဆောင် ဓမ္မာရုံကြီး အတွက် သိန်း နဲ့ ချီပြီး လှူကြတာများ ဝမ်းသာ ပီတိ ဖြစ်လို့ မဆုံးဘူး ။ သာသနာ အဓွန့်ရှည် ဖို့ သာသနာ အကျိုး သယ်ပိုး နေတဲ့ ရဟန်းသံဃာတွေ ကို ပစ္စည်းလေးပါး ဒါယကာ ခံပြီး မကြောင့်မကြ ထား နိုင်ဖို့ လှူဒါန်းကြတဲ့ အလှူရှင်တွေ အတွက် ဘုန်းဘုန်းလေး ပလ္လင်နား မှာ ကျို့ကျို့ ထိုင်ပြီး ကျုပ် သာဓု အကြိမ်ကြိမ် ခေါ် မိတယ် ။
ဘုန်းဘုန်းလေး က တပည့်ဒကာ ၊ ဒကာမတွေ ကို သီလပေး တရား ဟောတယ် ။ အချုပ် က နတ်သမီး ကို လိုချင်တဲ့ နန္ဒမင်းသား က တရား အားထုတ်တယ် ။ နတ်သမီး လိုချင်ရင် တရား အားထုတ် ဆို လို့သာ အားထုတ် ရတာ ။ တကယ် ရင် ထဲ က ပါလို့ မဟုတ်ဘူး ။ တရားထူး တရားမြတ် တွေ့တော့ နတ်သမီး လိုချင်တဲ့ စိတ် မရှိတော့ဘူး ။ ကြည့်ပါဦး ၊ ကျုပ် များ ကိုရင်ကြီး ဘဝ နဲ့ တောင် ကိလေသာ ကို မျှော်လင့်တုန်း ။
ဈာန်သမာဓိ ချမ်းသာ ထက် နိဗ္ဗာန် ချမ်းသာ က တုနှိုင်း မယှဉ်သာ အောင် သာမည် ဆိုတာ ကို ကျုပ် သိခွင့် ရတဲ့ အချိန် က စပြီး အချိန်ပြည့် တရား ရှုမှတ်တယ် ။ ဝိပဿနာ စိတ်လေး ဖြစ်နေတဲ့ အချိန် မှာ ဝိပဿနာ ကြောင့် ထူးခြားတဲ့ စိတ် တည်ငြိမ်မှု ၊ အေးချမ်းမှု ၊ စိတ်ဓာတ် ခိုင်မာမှု ၊ စိတ်နေ စိတ်ထား ကြီးကျယ်မြင့်မြတ်မှု နဲ့ အတူ လောကီ ၊ လောကုတ္တရာ ကောင်းကျိုး ချမ်းသာတွေ ကို အံ့ဩဖွယ် တွေ့ကြုံ ခံစားခဲ့ရတယ် ။ ကျုပ် လို အရိုင်းကောင် ကို ဝိပဿနာ ချမ်းသာမှု ပေး ရှာတဲ့ ဘုန်းဘုန်းလေး ကို ယုံကြည်သဒ္ဓါ အား က အထွတ်အထိပ် ရောက် သွားတယ် ။ ဘုန်းဘုန်းလေး တရား ထဲ က “ နတ်တွေ ၊ ဗြဟ္မာတွေ ထက် လူ က မြတ်တယ် ” ဆိုတဲ့ တရား ပါ ။
“ နတ်ပြည် က နတ်သား ၊ နတ်သမီးတွေ က လူတွေ လို ထိတွေ့ ကိုင်တွယ် လို့ မရ သလို ရဟန်း ၊ သီလရှင် ဝတ်လို့ မရဘူး ၊ တရား အားထုတ် လို့ မရဘူး ၊ လူတွေ က တရား အားထုတ် လို့ ရတယ် ၊ ရဟန်း ဝတ်လို့ ရတယ် ၊ သီလရှင် ဝတ်လို့ ရတယ် ”
ကျုပ်တို့ ဆုတောင်း က ဟိုတုန်း က နတ်ပြည် ရောက်ချင်တယ် ဆိုပြီး အမြင့်ဆုံး ဆုတောင်း ကြတာမို့လား ။ ကျုပ် တရား ကို ရှာ တွေ့တဲ့ အချိန် မှာ ကျုပ် ဘဝ ရဲ့ တတိယ အရွယ် ကို တရား အားထုတ် ရင်း ချုပ်ငြိမ်းမယ် လို့ ဆုံးဖြတ် လိုက်တယ် ။
ဘုန်းဘုန်းလေး ကို ပဉ္စင်း ဝတ်ဖို့ ကျုပ် လျှောက်ထား တော့ ဘုန်းဘုန်းလေး က ဝတ်ခွင့် ပြုတယ် ။ ကျုပ် ရဲ့ ဘဝ ဖြစ်စဉ်တွေ ထဲ မှာ အောင်မြင်မှု ၊ ဆုံးရှုံးမှု ၊ ဒေါသမီး ၊ မောဟမီး ၊ ပရိဒေဝမီး တွေ နဲ့ လောင်မြိုက် လာတဲ့ လူ ဖြစ်လာရတဲ့ ဘဝ ကို ကျုပ် နာကြည်း မုန်းတီးခဲ့တယ် ။ ဒါပေမဲ့ ခု သိမ် ထဲ မှာ မေး လိုက်တဲ့ ဘုန်းဘုန်းလေး ရဲ့ မေးခွန်း ကို ဖြေရတဲ့ အခါ ကျုပ် လူ့ ဘဝ ကို ရောက်ခဲ့ရတဲ့ အသက် ၆၀ အရွယ် ကျ မှ လူ ဖြစ်ရတဲ့ အတွက် တစ်သက်စာ လုံး ကျေနပ်ပီတိ ဖြစ်ခဲ့ရတယ် ။
ဘုန်းဘုန်းလေး က ကျုပ် ကို သိမ် ထဲ မှာ မေး တဲ့ မေးခွန်း များစွာ ထဲ က “ အသင် ပဉ္စင်းလောင်း ၊ လူသား စင်စစ် ဧကန် ဖြစ်ရဲ့လား ၊ ယောက်ျား စင်စစ် ဧကန် ဖြစ်ရဲ့လား ” တဲ့ ။
“ လူသား စင်စစ် ဧကန် ဖြစ်ပါတယ် ဘုရား ၊ ယောက်ျား စင်စစ် ဧကန် ဖြစ်ပါတယ် ဘုရား ” လို့ လျှောက် လိုက်တဲ့ ကျုပ် အသံ ကြောင့် ကျုပ် ဘဝ မှာ ကျုပ် ဘဝ အတွက် အလုံခြုံဆုံး ၊ စိတ်ချမ်းမြေ့ မဆုံး ၊ ကျေနပ် ပီတိ ဖြစ် မဆုံး ရှိရတော့တယ် ။
◾နှင်းပန်းအိမ်
📖 နွယ်နီ မဂ္ဂဇင်း
၂၀၀၂ ၊ မေလ ။
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment