Sunday, December 10, 2023

တက်မကုန် သက်မစဲ မောလောက်အောင်ပဲ


 

❝ တက်မကုန် သက်မစဲ မောလောက်အောင်ပဲ ❞

ဆင်းရဲတဲ့ နိုင်ငံ ဆိပ်ကမ်းတွေ မှာ သင်္ဘော သွား ကပ် ရင် ဆေးလိပ် နဲ့ အရက် လာဘ်ထိုး လိုက်ရုံ နဲ့ ပိုးမွှား စစ်ဆေးရေး အဖွဲ့ဝင်တွေ သင်္ဘော ပေါ် က ဆင်းသွားကြ တာပါ ။ ဒါပေမဲ့ အခု ဦးတည်မောင်း နေတာ က အမေရိကန် ပြည်ထောင်စု လော့အိန်ဂျယ်လိစ် ကို ပါ ။ ဒါကြောင့် ပိုးမွှားမျိုးစုံ ကို အချိန် ယူပြီး နှိမ်နင်း နေကြရပါတယ် ။ ပိုးမွှား အန္တရာယ် က တော့ စိတ်ချရ လောက်တဲ့ အခြေအနေ ရောက် ခဲ့ပေမယ့် ကြွက်တွေ ကို စိုးရိမ် နေကြပါတယ် ။

အရှေ့ မလေးရှား က သစ်လုံးတွေ တင်ပြီး ဂျပန် နိုင်ငံ တိုကျိုမြို့ မှာ သွား ချရ တုန်း က အဖြစ်အပျက် ကို သင်္ဘော တစ်စင်းလုံး မေ့လို့ မရကြသေးပါ ။ စစ်ဆေးရေး အဖွဲ့တွေ ထိုင် နေကြတဲ့ အခန်း ထဲ ကြွက် တစ်အုပ် ရှေ့ က ပြေးဝင် လာပြီး သူတို့ နောက် က စပါးအုန်းမြွေကြီး က လိုက် လာ ပါတယ် ။ သစ်ခေါင်းတွေ ထဲ မှာ ခို နေတဲ့ ကြွက်တွေ ကို မြွေကြီး က လိုက် ဖမ်းစားတာ  ကြောင့် လွတ်ရာ ကျွတ်ရာ ဆီ ကြွက်တွေ ထွက် ပြေးရင်း လူတွေ ထိုင် နေတဲ့ အခန်း ထဲ ရုတ်တရက် ကျွံဝင် လာကြတာပါ ။

စစ်ဆေးရေး အဖွဲ့ဝင် ဂျပန်တွေ ကြောက်လန့်ပြီး အော်ဟစ် ထွက်ပြေး သူ ပြေး ၊ တအံ့တသြ နဲ့ စားပွဲခုံတွေ တက် ရှောင်သူ က ရှောင် ဖြစ်ကုန်ကြပါတယ် ။ ဒါကြောင့် သင်္ဘော တစ်စီးလုံး ပိုးသတ်ပြီး မှ ကုန် ချခွင့် ပေးမယ်လို့ မှတ်ချက် ရေး ပေးခဲ့ပါတယ် ။ သင်္ဘော ဝန်ထမ်း အားလုံး ဟိုတယ် မှာ တစ်ည သွား အိပ် ခဲ့ကြရပါတယ် ။ ပိုးသတ်ဆေး အဖွဲ့ က သင်္ဘော တစ်စင်းလုံး ကို အလုံ ပိတ် ပြီး ပိုးသတ် ခဲ့ကြပါတယ် ။ နောက် တစ်ရက် ၂၄ နာရီ ကြာ မှ တံခါးအားလုံး နဲ့ ကုန်ပေါက်တွေ ပြန် ဖွင့်ပြီး သန့်ရှင်းရေး လုပ်ကြရ ပါတယ် ။ ပြီးမှ ကုန်ချခွင့် ရပါတယ် ။ ကုမ္ပဏီ အတွက် တော့ ကုန်ကျ စရိတ်တွေ ထပ် တက် သွားတဲ့ အပြင် သင်္ဘော လည်း နာမည်ပျက် စာရင်း ဝင် သွားခဲ့ရပါတယ် ။ ကုန်ချရက် နောက် ဆုတ် သွား လို့ သင်္ဘော ထွက်ရက် ပါ ပြောင်းခဲ့ရပါသေးတယ် ။ ဒါကြောင့် အခုတော့ ကြွက် အားလုံး ကို ရှင်းထားဖို့ ပထမ အရာရှိ က စီမံကိန်း ချ လိုက်ပါတယ် ။ သင်္ဘောသားတွေ က သည် ဘက် မှာ ကြွက် ထောင်ချောက်တွေ ကို သိုလှောင်ခန်း တိုင်း မှာ ချထားဖို့ နဲ့ အလုပ်သင် အရာရှိ ကဒက် CADET ကို တော့ ညစဉ် ကြွက် နှစ်ကောင် မိ ပြီး မှ အိပ်ရမယ် လို့ အမိန့် ထုတ် ခဲ့ပါတယ် ။ ဒါ့အပြင် ညစဉ် ကြွက် နှစ်ကောင် ဖမ်း မမိခဲ့ရင် အမေရိက မှာ ကမ်းတက် လည်ခွင့် ပိတ်မယ်လို့ ပါ ကြိုတင် အသိပေး ထားတာကြောင့် ကဒက်လေး ခမျာ ညနေ စောင်း တာ နဲ့ တစ်ပြိုင်နက် ကြွက် ထောင်ချောက်တွေ သယ်ပြီး ဗျာများ နေပါတော့တယ် ။ ပြဿနာ က ထောင်ချောက်တွေ မှာ အစာ တပ် ထားပေမယ့် ကြွက် တစ်ကောင် မှ လာ မစားဘဲ ပြေးလွှား ဆူညံ နေကြတာပါ ။

  •••••   •••••   •••••

နောက်ဆုံးတော့ သူတို့ ထဲမှာ လုပ်သက် အရင့်ဆုံး ဖြစ်တဲ့ သင်္ဘောသားအိုကြီး ဦးတင်အေး ဆီ စုပြုံ ရောက် သွားကြပါတယ် ။ ဦးတင်အေး ဆိုတဲ့ နာမည် ကြောင့် သာ သူ့ ကို မသိကြတာပါ ။ သူ က ရုပ်ရှင် သရုပ်ဆောင် နိုင်ငံကျော် လူကြမ်း မင်းသားကြီးပါ ။ ဇော်ခင် ၊ စံတင် စတဲ့ သရုပ်ဆောင်တွေ နဲ့ ခေတ်ပြိုင် နာမည် ကြီးခဲ့တဲ့ ဌေးဝင်း ပါ ။ တကယ်တော့ ငယ်စဉ် သင်္ဘော လိုက်နေရာ က နေ ရုပ်ရှင်ရူးပြီး မင်းသားကြီး ဦးကျော်ဆွေ ထံ ရောက်သွားခဲ့သူပါ ။ ရုပ်ရှင် ရိုက်စဉ် မိုင်းဆန် ထိပြီး မျက်စိ တစ်ဖက် ကျောက်မျက်လုံး တပ် လိုက်ရတဲ့ ၊ အသက်ကြီး ချိန် မှ သင်္ဘော လောက ထဲ ခြေပြန်ချ လာတာပါ ။ အခုတော့ သူ က အရွယ် လည်း ရလာပြီ မို့ နေ့စဉ် အချိန်မှန် ဘုရားရှိခိုး ၊ ပုတီးစိပ် တဲ့ အပြင် အားလပ်ရင် သင်္ဘောသားတွေ ကို လက်ဖြန့် ခိုင်းပြီး လက္ခဏာ ကြည့်ပေး နေပါတယ် ။

ကဒက်ကလေး က ပုတီးစိပ် နေတဲ့ လူကြမ်း မင်းသားကြီး ကို တံခါး ပေါက် က ချောင်း ကြည့်ပြီး ကျန် သင်္ဘောသားတွေ ကို လက်ကာ ပြ လိုက်ပါတယ် ။ ကျန် သူတွေ လည်း ခေတ္တ ရပ်စောင့် နေကြရင်း တစ်ဦး က …

“ အေးကွာ ၊ တို့ အကူအညီ တောင်းရမယ့် ကိစ္စ က ကြွက်သ,တ်ဖို့ ကွ ။ တို့ ဘာသာပဲ ကြိုးစား ကြည့်ကြတာ ကောင်းမယ် ထင်ပါတယ် ”

ကဒက်လေး က ချက်ချင်းပဲ ...

“ ကိုဖိုးခင် က လည်း ဗျာ ဦးဌေးဝင်းကြီး ကို ကြွက် သ,တ်ခိုင်း မှာ မှ မဟုတ်တာ ။ ကျွန်တော်တို့ ဘာသာ ကြိုးစား နေခဲ့တာ ဘယ်နှစ်ရက် ရှိနေပြီလဲ ။ ကြွက် တစ်ကောင်တောင် ရလို့လားဗျာ ”

မည်းမည်းဝဝ ဆီလောင်းအေးဝင်း က ကြားဝင်ပြီး ...

“ ဟေ့ကောင်တွေ တိတ်တိတ်လေး ခဏ စောင့်ကြ ။ မေးရမယ့် ကိစ္စ မေးသာ မေးကြ ။ မင်းတို့ အားလုံး ကြွက် မိအောင်မှ မထောင်နိုင်ကြတာပဲကွ ။ ဟိုကောင် ဘိုဆင် ကလည်း အတွေ့အကြုံ ရှိတဲ့ကောင် မှ မဟုတ်တာ ။ ခိုင်း တာ လုပ် ခံ မပြောရုံဘဲ လုပ်တတ်တဲ့ ကောင် ”

ကဒက်ကလေး မျက်နှာ ဝင်းထိန် သွားပါတယ် ။

“ အေးဗျာ ၊ ကိုအေးဝင်း ပဲ ဦးစီးပြီး မေး ပေးပါနော် ”

အေးဝင်း က လည်း ...

“ ဒီလို အလကားတော့ ဘယ်ရမလဲကွ ။ လူကြမ်း ဆီ က ကြွက်ထောင်နည်း ရ ခဲ့ရင် ငါ့ ကို ဂျော်နီ လမ်းလျှောက် ဝီစကီ တစ်လုံး တိုက်ရမယ် ။ ဟဲ .. ဟဲ ”

“ ရပါတယ်ဗျာ ၊ ကျွန်တော် တိုက်ပါ့မယ် ။ ကြွက် ထောင်နည်း တင် မဟုတ်ဘူးနော် ။ ကြွက် လည်း တကယ် မိမှ တိုက် မှာ ”

“ ဟား ... ဟား ... ဟား ၊ ကဒက် က အခုမှ သင်္ဘော လိုက်စ ရှိသေး ။ ချည်ပြီး တုပ်ပြီး ပြောတတ် နေပြီ ။ မင်းသာ အရာရှိ ဖြစ်ရင် သင်္ဘောသားတွေ တုပ်တုပ်ကောင် မလှုပ်နိုင်အောင် ဖိမယ့် အကောင် ပဲ ”

ဗလ ကောင်းကောင်း ကရင်အမျိုးသား သင်္ဘောသားကြီး စောပေါလမူး က ဝင် လာပြီး ...

“ သိပ် စည်းကမ်း ကိုင်ရင် အလစ် မှာ သမုဒ္ဒရာ ထဲ ကန်ချလိုက်ရုံပေါ့ ”

ကဒက်လေး မျက်နှာ မှာ သွေး မရှိတော့ပါ ။ မျက်နှာ ငယ်လေး နဲ့ …

“ ကျွန်တော် လည်း အရာရှိ ဖြစ်ဖို့ အဝေးကြီး လိုပါသေးတယ်ဗျာ ။ ပင်လယ်ပြင် လုပ်သက် သုံးနှစ် ပြည့် အောင် ဘယ်နှစ်ခေါက် ထိ လိုက် နေရဦးမယ် မသိ ပါဘူး ။ ပြီးတော့ ကျောင်းတက် စာမေးပွဲ ဖြေရဦးမှာပါ ။ စာမေးပွဲ က လွယ် မှ မလွယ်တာဗျာ ။ အရာရှိ ဖြစ်လာ လည်း ခင်ဗျားတို့ နဲ့ ဆုံချင် မှဆုံမှာပါ ။ ကျွန်တော် ကလည်း မရစ်တတ်ပါဘူး ”

အေးဝင်း က ပြုံးပြုံးကြီး နဲ့ ….

“ အောင်မာ .. အောင်မာ .. မရစ်တတ်ဘူးတဲ့ ဟေ့ ။ အခု ကတည်း က ကဒက် တို့ လေ့ကျင့်နေပြီ နဲ့ တူတယ် ။ ဟား ... ဟား ”

ဆူဆူညံညံ အသံတွေ ကြောင့် လူကြမ်း မင်းသားကြီး အခန်းဝ ထွက် လာပါတော့တယ် ။

“ ဟေ့ကောင်တွေ ငါ့ အခန်းဝ မှာ ဘာ လုပ်နေ ကြတာလဲကွ ”

အေးဝင်း က ပင် ...

“ နလီ ( NALI ) ကတ်ပြား ပဲ ကိုင် ရတဲ့ ခေတ် ကတည်း က သင်္ဘော လိုက်လာခဲ့တဲ့ ခင်ဗျား လို အိုးဆားဗစ်ကြီး ကို အားကိုးတကြီး နဲ့ လာစောင့် နေတာဗျို့ ”

ဦးဌေးဝင်း လည်း ပြူးတူးပြဲတဲ ဖြစ်သွားပြီး ... 

“ ဟေ ... ဘာကိစ္စတုံးကွ ။ ငါ့ ဘာသာ ဘုရား ရှိခိုး ၊ ပုတီး စိပ်ပြီး အေးအေးဆေးဆေး နေတာကွ ”

သင်္ဘောသား တစ်ဦး က ကြားဝင် ကာ ...

“ ဦးဌေးဝင်းကြီး နဲ့ ဘာမှ မပတ်သက်ပါဘူး ။ ကျွန်တော်တို့ ကိစ္စပါ ဗျာ ”

“ ကဲ .. ကဲ ... ဒါဆို ပြောစမ်း ”

ကဒက်လေး က လေသံ ပျော့ပျော့ နဲ့ ...

“ ချိဖ့် က ကျွန်တော်တို့ ကို ကြွက်ဖမ်း ခိုင်းထားတာ ။ အခုဆို ရက် တော်တော် ညောင်းလာပြီ ။ တစ်ကောင် မှ  မရသေးပါဘူး ”

ချက်ချင်း လူကြမ်းကြီး က လက်ကာ ပြရင်း ...

“ ဟေ့ကောင်တွေ သွားကြ .. သွားကြ ။ ဘုန်းကြီး အမှု ရွာ လာ မပတ်ကြနဲ့ ။ ငါ က ငါးပါးသီလ ထိန်းထား တာကွ ။ ဥပုသ် နေ့တိုင်း ရှစ်ပါးသီလ ယူတယ် ”

အေးဝင်း က လည်း လူရင်း ပီပီ ...

“ ဟဲ ... ဟဲ ... ဆရာကြီး မှ မကယ်ရင် ဒီ အမိုက် အမဲလေးတွေ ဒုက္ခ နဲ့ ရင်ဆိုင်ကြရပါတော့မယ် ။ ခုနစ် ရက်သားသမီးတွေ ကို ကယ်တဲ့ အနေနဲ့ ကြွက် ထောင်နည်းလေး တော့ နှုတ် ၏ စောင်မခြင်း ပြုတော်မူပါ ”

ဦးဌေးဝင်း မျက်နှာကြီး ရှုံ့မဲ့သွားပြီး အသံ ဩဩ နဲ့ .….

“ အေးဝင်း မင်း က ပွဲစား လာလုပ် နေပြန်ပါပြီ ။ တယ် ခက်ပါလားကွ ”

အေးဝင်း က လည်း ခပ်ပြုံးပြုံး နဲ့ ...

“ မခက်နဲ့လေ ဗျာ ။ သမ္ဘာရင့် သင်္ဘောသား ဆိုလို့ ဆရာကြီး တစ်ယောက် ပဲ ရှိတာလေ ။ ကပ္ပတိန် ကော ချိဖ့် ပါ ချာတိတ်တွေ ဗျ ”

လူကြမ်း မင်းသားကြီး စိတ်ရှုပ် သွားဟန် နဲ့ ခေါင်း တွင်တွင် ကုတ် ရင်း ...

“ တယ် ခက်ပါလားကွာ ”

ကဒက်ကလေး က အသနား ခံပါတော့တယ် ။

“ ဦးဌေးဝင်းကြီး ရယ် သိရင်လည်း ကူညီပါဗျာ ”

“ မင်းတို့ သုံးတဲ့ ကြွက် ထောင်ချောက်တွေ က ဘိုဆင်စတို ထဲ မှာ တွေ့ ရတာတွေလား ”

အားလုံးက ဇာတ်တိုက် ထားသည့် အလား တစ်သံတည်း နဲ့ ..

“ ဟုတ်ပါတယ် ”

“ ဒါဆို အစာ အတွက် ဘာတွေ သုံးကြလဲ ”

“ အမဲသား ”

“ ကြွက် မိသလား ”

“ မမိပါဘူး ။ ငါးအစိမ်းတွေ ပြောင်း တပ်ပါတယ် ”

“ ဒါလည်း ကြွက် မစားဘူး မဟုတ်လား ”

“ ဟုတ်ကဲ့ ”

“ ဒီည က စပြီး ပန်းသီးစိတ်လေးတွေ ညှပ်ပြီး ထောင်ကြ ”

သင်္ဘောသား အားလုံး လည်း ဦးဌေးဝင်း က ခပ် တည်တည် နဲ့ နောက် တတ်တာ ကို သိထားကြတာ ကြောင့် ...

“ မင်းသားကြီး ရယ် ။ ကျွန်တော်တို့ တကယ် အခက်အခဲ နဲ့ ကြုံနေရလို့ပါ ။ မနောက်ပါနဲ့ ဗျာ ”

ဦးဌေးဝင်း မျက်နှာကြီး တင်းမာ သွားပြီး အသံ ကျယ်ကျယ် နဲ့ ..

“ ဟေ့ကောင်တွေ မယုံရင် မလုပ်ကြနဲ့ ။ သွားကြ … သွားကြ ”

ဒါကြောင့် သင်္ဘောသား အားလုံး လည်း အခု ည မှာ ပန်းသီးစိတ် အစာ တပ်ပြီး ကြွက် ထောင်ဖို့ ဆုံးဖြတ် ခဲ့ကြပါတယ် ။

•••••   •••••   •••••

နံနက် လင်း တော့ ကြွက် ထောင်ချောက် တွေ မှာ ကြွက်တွေ အစီအရီ မိ နေတာ ကို တအံ့တသြ တွေ့ ကြရ ပါတယ် ။ ဦးဌေးဝင်း က ပဲ ရှင်းပြခဲ့ပါတယ် ။

“ တို့ သင်္ဘော က ကြွက်တွေ က အသီးအရွက် စတို မှာ ဆွေစဉ် မျိုးဆက် ပေါက်ပွားပြီး အသီးအနှံ အရသာပဲ တွေ့ နေကြတာကွ ။ ရန်ကုန် နဲ့ လန်ဒန် တိုက်ရိုက် ဆွဲတဲ့ ပီး ( PEGU ) သင်္ဘော မှာ ငါ လိုက် တုန်း က ကု,လားတွေ ပန်းသီးစိတ် နဲ့ ကြွက် ထောင်တာ မြင်ရလို့ စပ် စုမိ တာကြောင့် ဒီ သုတ ရခဲ့တာကွ ။ ခုတော့ ငါ့ သီလ ကျိုး ပါပြီကွာ ။ ဒါ ပါဏာတိပါတကံ ကွ ”

အေးဝင်း က လူရင်း ပီပီ ဝင် နောက် ပါတော့တယ် ။

“ ကြွက် မိတာ နဲ့ သမိုင်း နဲ့ ချီပြီး မြန်မာသင်္ဘောသား ခေတ်ဦးပိုင်း ဆီ ပြန် ညွှန်း မနေပါနဲ့ဗျာ ”

ဦးဌေးဝင်း က ရုတ်တရက် ဒေါပွ သွားပြီး ...

“ ဟေ့ကောင် ….အေးဝင်း ၊ မင်း နဲ့ ငါ Franziska Kurz သင်္ဘော မှာ အတူ လိုက်တုန်းက ဂျာမန် ကပ္ပတိန် တွေ ခွေး ခေါ် လာတာ မှတ်မိသေးလား ”

အေးဝင်း က ...

“ ခွေး ခေါ်လာတာ နဲ့ ကြွက် နဲ့ ဘာ ဆိုင်လို့တုံးဗျ ”

“ ဟေ့ကောင် .. ငါ့ စကား ဆုံးအောင် နားထောင် ။ မင်းတို့ ၊ ငါတို့ ထမင်းစားခန်း ထဲ ကပ္ပတိန့် ခွေး ဝင်လာ တိုင်း ထမင်းကျန် ၊ ဟင်းကျန်တွေ ချ ကျွေးတယ် မဟုတ် လား ”

“ အင်းလေ ၊ ကပ္ပတိန်ခွေး က စား မှ မစားဘဲ ”

“ အေး ... အဲဒါကို ငါ ပြော ချင်တာကွ ။ တို့မြန်မာ တွေ စိတ်ထဲ မှာ ခွေး ဆိုရင် ဝက်သား ၊ ကြက်သားဟင်း တွေ ကို စားလိမ့်မယ် ထင်ခဲ့ကြတာ ကိုး ။ တကယ်တမ်း ချ ကျွေးတော့ မစားတာ မင်း ကိုယ်တွေ့ မျက်မြင်ပဲ မဟုတ်လား ။ ကပ္ပတိန် ယူ လာတဲ့ စည်သွတ်ဘူးတွေ ဖောက်ပြီး ကျွေးတာကို ပဲ စားတာ မဟုတ်လား ။ ကပ္ပတိန် ခွေး က စည်သွတ်ဘူး ထဲ က အစာ ကို ပဲ စားစရာ လို့ စွဲမှတ် ထားသလိုပဲ တို့ သင်္ဘော က ကြွက်တွေက လည်း အသီးအနှံ ကို သာ စားစရာ လို့ သိနေကြတာကွ ”

ကဒက်ကလေး က လည်း ...

“ ကျေးဇူးကမ္ဘာပါ ပဲ ဦးဌေးဝင်းကြီး ရယ် ”

လူကြမ်းမင်းသားကြီး လည်း ပြုံးဖြီးဖြီး ဖြစ် လာပြီး ...

“ ဟား ... ဟား ... ဟား ... မင်း က ကြွက် ဖမ်း ရုံပဲ ဖမ်းရတာကွ ။ စင်ကာပူ က တချို့ ကဒက်တွေ ခမျာ ငွေ သိန်းပေါင်း အများကြီး အကုန် ခံပြီး သင်္ဘော ပေါ် မှာ နွားချေး ကျုံး ၊ မြင်းချေး ကျုံး ဂျာဒူးဝါလားတွေ ဖြစ်ကုန် ကြတာ မင်း မကြုံဖူးသေးဖူးလို့ ကွ ”

ကဒက်ကလေး က မျက်စိသူငယ် နဲ့ …

“ ကဒက်တွေ နွားချေး ၊ မြင်းချေး ကျုံးရတယ် ဟုတ်လား ။ ဂျာဒူးဝါးလား ဆိုတာ က ကော ဘာလဲ ဟင် ”

“ အေးကွာ ၊ မင်း မေးမယ် ဆိုလည်း မေးစရာပဲ ။ ကဒက် ဆိုတာ သင်္ဘော ပေါ် မှာ ရေကြောင်းပညာတွေ ကို စာတွေ့  လက်တွေ့ ဆည်းပူးရင်း ပင်လယ်ပြင် လုပ်သက် ယူ ၊ လုပ်သက် ပြည့်တော့ ကျောင်းတက် ၊ စာမေးပွဲ ဖြေ ၊ အောင် တော့ အရာရှိ ဖြစ် နဲ့ သင်္ဘော ပြန် တက်ရတာကိုး ။ ဒါပေမဲ့ အခုတော့ ပွဲစားတွေ က အထွက် လွယ် တဲ့ ကဒက်ရာထူး တပ်ပြီး မင်းတို့ ကို သင်္ဘော ပေါ် တင်ပေး လိုက် တာကိုး ။ သင်္ဘော ပေါ် ရောက်တော့ မှ ကြုံရာ လစ်လပ်တဲ့ နေရာတွေ မှာ ဝင် လုပ်ကြရတာ မဟုတ်လား ။ ဒီလိုနဲ့ သြစတြေးလျ က မြင်း နဲ့ နွား တွေ တင် ပြီး ဘရူနိုင်း ၊ စင်ကာပူ နဲ့ မလေးရှားတို့ ဆီ သယ်ပေး ရတဲ့ သင်္ဘော ပေါ် ရောက်လာတဲ့ မြန်မာ လူငယ်လေးတွေ ခမျာ မြင်း နဲ့ နွားတွေ ရဲ့ အညစ်အကြေးတွေ ကို နေ့စဉ် သန့်ရှင်းရေး လုပ်ကြရတော့ တာပေါ့ ။ မလုပ်ချင် လို့ အိမ် ပြန် ရင် လည်း ပွဲခ သိန်းပေါင်း များစွာ ရှုံးမယ်လေကွာ ”

ခေတ္တ စကား ရပ် သွားတာကြောင့် ကဒက် က သူ့ ဆန္ဒ ကို ဖွင့်ဟ လိုက်ပါတယ် ။

“ ဒါနဲ့ နေပါဦး ။ ဂျာဒူးဝါလား ဆိုတာက ကောဗျ ”

“ ဪ …. ငါ ပြောဖို့ ကျန်သေးတယ် ။ တို့ ငယ်ငယ် က အောက်ခြေသိမ်း အလုပ်တွေ လုပ်ဖို့ အိန္ဒိယ နိုင်ငံ က ကု,လားတွေ ရှိခဲ့တယ်ကွ ။ ဒါကြောင့် ရေထမ်း ကု,လား ကို ပါနီဝါလား ။ မိလ္လာသိမ်း သန့်ရှင်းရေး လုပ်တဲ့ ကု,လား ကို ဂျာဒူးဝါလား ၊ ဥယျာဉ်ပန်းခြံတွေ လုပ်တဲ့ ကု,လား ကို မာလီ စသည် ဖြင့် ခေါ်ကြတယ် ကွ ။ လောလောဆယ် ပါရှန် ပင်လယ်ကွေ့ ထဲ မှာ ဥရောပ သားတွေ ကို အာရပ်တွေ က ပြန် ခိုင်း နေတာ မင်း တွေ့ခဲ့ တယ် မဟုတ်လား ။ တို့ လည်း တစ်ခါက အဲဒီလို လုပ်ငန်း အရှင်သခင်တွေ ပဲကွ ”

ခေတ္တ စကား ပြတ်သွားချိန် မှာ ...

“ ဟေ့ကောင်တွေ ဘရိတ်ဖတ်စ ( Breakfast ) သွား စားကြ ။ အလုပ်ချိန် နီး နေပြီ ”

ဆိုတဲ့ ကုန်းပတ်မှူး အော်သံ ကြောင့် လူစု ကွဲ သွား ပါတယ် ။ လူကြမ်း မင်းသားကြီး က တော့ ကြွက်သေ တန်းလန်း နဲ့  ထောင်ချောက်တွေ ကို ကြည့် ရင်း မျက်နှာ မဲ့ ရှုံ့ နေပါတော့တယ် ။ ပြီးတော့ မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်  မြစ်ချောင်းတွေ ထဲ မှာ မျောပါ လာတဲ့ ဗုံလုံသီး တွေ ပေါ် က ငါးပျံလေးတွေ ရဲ့ အဖြစ် မြင်ကွင်း ကို သတိရ နေပါတော့ တယ် ။

[ မဟာ ဝိဇယစေတီ ထောင့်ဆုံး ဆိုင်ခန်း မှာ ဗေဒင် ဟော နေတဲ့ သင်္ဘောသားဟောင်း လူကြမ်း မင်းသားကြီး ဌေးဝင်း ( ဦးတင်အေး ) သို့ ။ ]

◾အောင်သန်းချစ်

📖ရုပ်ရှင် တေးကဗျာ မဂ္ဂဇင်း        
     ၂၀၁၆ ၊ အောက်တိုဘာ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment