Thursday, December 21, 2023

ပေါင်းကူး တံတား


 

❝ ပေါင်းကူး တံတား ❞

“ အေးမော် တို့ မိသားစုတွေ စောစောစီးစီး ဘယ်သွားကြမတုံး ”

ဟော ... မစပ်စု ခင်ညို မေးပြီ ။ အိမ်နီးချင်းတွေ ဘယ်သူမှ မသိအောင်
စလေ သွား မလို့ဟာ ၊ ခုတော့ ကျီး မနိုးသေးဘူး အိမ်ရှေ့ မှာ လာ ရပ်ပြီး စပ်စုပြီ ။ ချောက်မြို့အစွန် ဆင်းရဲသားရပ်ကွက် ရှိ တဲအစုလေးများ ဟာ တစ်အိမ် နဲ့ တစ်အိမ် လေ လည်တာတောင် ကြားရပြီး ၊ အမိုးအကာ မလုံတော့ အေးမော် တို့ သားအမိ မနက် စောစော
လှုပ်ရှားသံ ကို နားစွင့်ပြီး လာမေး နေပြီ ။

အေးမော် က လည်း မဟုတ်ရင် မခံတတ် ကိုယ့် ခန္ဓာ ပေါ် မှာ ခြင် လာ ကိုက် ရင်တောင်
လက် နဲ့ ရိုက်ချ လိုက်လို့ မရရင် တူ နဲ့ ထု ချတဲ့ မိန်းမ ပါ ။ ခုလည်း ကြည့်လေ ၊ ဘယ်သွားမယ် ဆိုတာ သိရက် နဲ့ မသိဟန် လိုလို ဘာလိုလို ရိတိတိ လာ လုပ်နေတာ ။

“ ဘယ် သွားမယ် ဆို တာ တော် သိတာပဲ ။ တော့် ပစ္စည်း လည်း ထည့် ပေးလိုက် ပါလား ”

“ ဘာ ... ဘာပြော တယ် ။ ငါ က အကောင်း မေး တာ ကို ညည်း က ငါ့ ကို မဟုတ်တမ်းတရမ်း ပြောတယ် ပေါ့ ။ ညည်း ဟာ ညည်းပဲ ပါ အောင် ယူ သွားတော့ ။ တယ် လေ ... စောစောစီးစီး မပြော လိုက်ချင်ဘူး ”

“ မပြောချင်ရင် ပါးစပ် ပိတ်ထား ၊ စောစောစီးစီး ဘာဖြစ်လို့ တောင်မေး မြောက်မေး မေးနေသေးလဲ ၊ နောက် ဘာမှ မကြားချင်ဘူး ”

“ အေးပါ ... မပြော တော့ပါဘူး ၊ သမီးပျိုလေးတွေ နဲ့ မို့ ပြောတာ ။ ဖရုံတုတ်တုတ် ၊ ဘူးနုပ်နုပ် ရောပြီး ချက်စား ကြပါ ... ထွီး ... ”

မခင်ညို ထွက်သွား တော့ အေးမော်တို့ သွားဖို့ ဆွဲ တံခါး ၊ ဘာဂျာ တံခါး တော့ မဟုတ်ပါဘူး ။ ဝါးကပ် တံခါး ကို ချည် လိုက်တယ် ။ ဟင်း ... ပြောသွား လိုက်တာ ။ ဆင်မင်စာကြို က ထန်းခုတ် သမား ကိုအိမ်မြှောင် နဲ့ ဝဝဖိုင့်ဖိုင့် အေးမော် ကို တင်စားပြီး ဖရုံတုတ်တုတ် ဘူးနုပ်နုပ် လို့ ပြောတာ အေးမော် သိတာ ပေါ့ ။ ပြန်လာ မှ ပတ်ကြမ်း တိုက်ပစ်မယ် ။ သင်း က ဘာ သဘောလဲ ။

“ အမေ ကျုပ် မလိုက် ချင်တော့ဘူး ”

အကြီးမ ခင်သူဇာ က သွားခါနီး ဖောက်ပြီ ။ အလတ်မ မြင့်မြင့်ခိုင် နဲ့ သားငယ် တိုးတိုး ကတော့ ခရီး သွားရမှာမို့ ပျော် နေတယ် ။ ခြေလှမ်း လှမ်း ဖို့ ပြင် နေပြီ ။ 

“ ဟဲ့ ဘာဖြစ်တာလဲ သူဇာ ရယ် ၊ သွားခါနီး ကျမှ ။ နင် က အပျိုကြီးဖားဖား ဖြစ် နေပြီ တစ်ယောက် တည်း ထား ခဲ့ရမှာလား ”

“ အမေ သွားမယ့် ခရီး က သူများ ကဲ့ရဲ့လည်း ခံရ တယ် ။ ကျုပ်တို့ သူများ အိမ် မှာ ကျွန် ခံပြီး ရတဲ့ ပိုက်ဆံ နဲ့ မဆိုင်တဲ့ လူတွေ ကို သွား ကျွေး ရမှာလေ ၊ မအေ မို့ မပြောဘဲ ငြိမ်နေတာ ။ အမေ ဆိုတော့ ဆုံးမခွင့် လည်း မရှိဘူး ”

“ ဟဲ့ကောင်မ ၊ ညည်း စွာလှချည့်လား ၊ ငါ့ အကြောင်း သိတယ်နော် ။ သွားဖို့ ပြင်ပြီးမှ မနေခဲ့ရဘူး ။ လာလိုက်ခဲ့ ”

အေးမော် တစ်ချက် လွှတ်အမိန့် ထုတ် လိုက်မှ မောင်နှမ သုံးယောက် လိုက် လာကြတော့တယ် ။ ညောင်ပင်ကားဂိတ် က စလေ ကား ကို စီးပြီး စလေဈေး ကို ဝင် လိုက်ကာ ဟင်းချက်စရာ ငါးခြောက် ငါးခြမ်း ၊ ဆီ နဲ့ လိုတာ လေးတွေ ဝယ် လိုက်တယ် ။ ပြီးမှ ဆင်မင်စာကြို ကို ကား တစ်ဆင့် ဆက် စီးကြတယ် ။

အေးမော် တို့ မိသားစု တည်းခိုမယ့် ကိုဘိုအောင် ရဲ့ ဂေဟာထန်းရွက် တဲ ကို ရောက် တော့ ဆယ်နာရီ ထိုးပြီ ။

“ ကိုဘိုအောင် ဘာချက် ထား သလဲ ”

အေးမော် တို့ သားအမိ ကို မြင် တော့ ကိုဘိုအောင် နီရဲနေတဲ့ သွားတွေ ပေါ်အောင် ပြုံး နေလိုက်တာများ နားရွက် တက် ချိတ်မယ့် အတိုင်းပဲ ။ ကိုဘိုအောင် က သားသမီး လေးဦး ရှိတယ် ၊ မိန်းမ တော့ မရှိဘူး ။ ကိုဘိုအောင် မှော် ထဲ မှာ အလုပ် သွား လုပ်တုန်း လင် နှစ်ယောက် နဲ့ ရတဲ့ ကလေး လေးယောက် ပါ ။ ခုတော့ နောက်လင် နဲ့ ဘယ် ရောက် သွားမှန်း မသိဘူး ။ ကိုဘိုအောင် က သူ နဲ့ ရတာ မဟုတ်တဲ့ ကလေး လေးယောက် ကို လိုလိုလားလား ထိန်းကျောင်း လာခဲ့တယ် ။ အကြီးဆုံး ကောင်မလေး က ၁၅ နှစ် ၊ ဒုတိယ သား က ၁၃ နှစ် ၊ တတိယ သမီး က ၁၂ နှစ် နဲ့ အငယ်ဆုံး သား က ၉ နှစ် ရှိပြီ ။ သူ နဲ့ ရတဲ့ ကလေးတွေ မဟုတ်ပေမဲ့ သားသမီး လို ယုယ ကျွေးမွေး နေတာကို ကြည့် ပြီး ရွာ က လူတွေ သူ့ ကို ဘဲမ ဥ တွေ ကို ဝပ် ပေးတဲ့ ကြက်မ လို ဖြစ်နေတော့ ကိုကြက်ကြီး လို့ နောက်ပြောင် ခေါ်  ကြတယ် ။ ဒါကလည်း ဆီလျော် နေတာကိုး ။

အေးမော် က ကိုဘိုအောင် နဲ့ ပတ်သက် ဆက်နွယ်တဲ့ အချိန် က စပြီး အဲဒီ နာမည် ခေါ်ရင် အသည်း ကို ယားလို့ နေတယ် ။ ကိုဘိုအောင် က တော့ မဖြုံပါဘူး ၊ စိတ်လည်း မဆိုးဘူး ။ သဘောတောင် ကျ နေလား မသိဘူး ။ အချို့က လည်း ကိုဘိုအောင် တဲ ကို ထန်းရိပ်ညို ကလေးထိန်း ဂေဟာ လို့ ပြောကြတယ် ။ ဒါကြောင့်လည်း ညီအစ်ကို
မောင်နှမတွေ ကိုဘိုအောင် ကို စွန့်ပစ် ထားတာ ။

ကိုဘိုအောင် က ထန်းခုတ် သမား ။ တစ်လ နှစ်ကြိမ် သုံးကြိမ် ခုတ်ရတယ် ။ အိမ်
ဆောက်ဖို့ ၊ ထန်းလက် အမိုး လုပ်ဖို့ ၊ နွားစာခွက် ၊ ဝက်စာခွက် လုပ်ဖို့ အတွက် ထန်းပင် ခုတ်လှဲရတယ် ။ ဝင်ငွေ ပေါင်းရင် တစ်လ ကို ခြောက်ထောင် ၊ အများဆုံး ခုနစ်ထောင် ။ မရ တဲ့ လ လည်း ရှိသေးတယ် ။ အားကိုးထိုက်တဲ့ ယောက်ျား မဟုတ်ပေမဲ့ အေးမော် စိတ် ထဲ ကိုဘိုအောင် ကို ကြွေ နေ ပြီ ။ လက်တွေ့ လည်း အတူ မဟုတ် သော် မှ မကြာခဏ ဝင်ထွက် နေထိုင် မိပြီ ။

ကိုဘိုအောင် ဆိုလို့ ဗိုလ်ခြေ တစ်ထောင် နိုင်တဲ့ မင်းယောက်ျား လို ခံ့ခံ့ညားညား တော့ မဟုတ် ဘူး ။ အေးမော် နဲ့ အသက် တစ်နှစ် ကြီးတယ် ။ ၄၃ နှစ် ပေါ့  ။ လူ က ပိန်ခြောက် ၊ ခါး က ခါချဉ် ။ လက်ဖျံ က ဖားပေါင်စင်း ။ ဗလ ဆိုတာ သူ့ ကိုယ် မှာ ရှာ မရ ။ အဲ ဒါပေမဲ့ ထန်း တက်တော့ တော် တယ် ။ ပုဂံခေတ် က ထန်း တက် တော်တဲ့ သူရဲကောင်း ဝင် စားတယ်လို့ ဆိုကြတယ် ။ အေးမော် နဲ့ ဆိုရင် ရာဝင်အိုး မှာ ဖားပျံ ကပ် တဲ့ အတိုင်းပဲ လို့ ကိုဘိုအောင် သူငယ်ချင်း တွေ က စ , ကြတယ် ။ တစ်ခုလပ် နဲ့ မုဆိုးမ ဇာတ်လမ်း မှာ အေးမော် အဖို့ တရားဝင် ယူ လို့လည်း မဖြစ်ဘူး ။ သေသွားတဲ့ ခင်ပွန်း ကိုလှရွှေ ရဲ့ ညစောင့် ပင်စင်လေး ပြုတ် သွားမှာ စိုးလို့ ၊ ခုလို လာပြီး ခိုး တွေ့ရ တာပါ ။ သမီး က လည်း သဘော မတူဘူး ။ တူစရာ လည်း အကြောင်း မရှိဘူးလေ ။ ကိုဘိုအောင် က ဝင်ငွေ မှ မရှိတာ ။ သမီး နဲ့ ဆိုရင် အဖေ ခေါ် ရ မှာ လည်း ခက်တယ် ။ သမီးကြီး က အသက် နှစ်ဆယ့် သုံးနှစ် ထွားထွားကျိုင်းကျိုင်း ဆိုတော့ ကိုဘိုအောင် ကို ကိုင်ပေါက်လို့ ရတယ် ။ ဟဲဗီးဗလ ပိုင်ရှင် ပေါ့ ။

ဒီ ရွာ ရောက်တော့ လည်း အေးမော် ကိုဘိုအောင် နဲ့ သူ့ ရဲ့ သွေးမတော်တဲ့ ကလေး တွေ အတွက်ပါ ဝယ်ချက် ကျွေး ရတယ် ။ ဆီ လည်း စိုက် သျှောင် လည်း ထုံး ပေးရ ဆိုတာ ဒါမျိုး နေမှာ ။ စဉ်းစားကြည့် ဆန်းတော့ အဆန်းသား ။

“ ဟဲ့ ... ဘို အောင်  ၊ အေးမော် တို့ သားအမိ လာတာ နဲ့ ထူးထူးဆန်းဆန်း မင်း တဲ က ညှော်နံ့ ထွက် နေပါလား ။ သူဇာ တို့ ညီအစ်မ မြို့ က ပြန်လာပြီး ညည်းတို့ အဖေ ကို လာ ပြုစု ကြတာလား ”

ဝိုင်း ထဲမှာ ပြွတ်သိပ် အောင် ဆောက်ထားတဲ့ အိမ်နီးချင်း တစ်ဦး ဖြစ်သူ မြဒင် က ရေချိန် ကိုက်နေပြီ ထင်တယ် ။ ပြောချင်ရာ စွတ် ပြော နေတော့ တယ် ။ ခင်သူဇာ ဝုန်းခနဲ ထ , ရပ် ပြီး တွေ့ရာ တုတ် တစ်ချောင်း ဆွဲကာ ကိုမြင်ဒင် ကို လှမ်း ရိုက်တာ ပခုံး ပဲ ထိသွားလို့ တော်သေးတယ် ။

“ ဟ ဟ ငါ အမှန် ပြော တာ ၊ နင်တို့ ဘာ နာနေသလဲ ”

“ နာတယ် နာတယ် ၊ ကျုပ်တို့ ညီအစ်မ သူများ အိမ် မှာ အောက်ခြေသိမ်း အိမ်စေ လုပ်ပြီး ရလာတဲ့ ပိုက်ဆံ ကို ကျုပ် အဖေ နှစ်ပတ်လည် မှာ လှူဖို့ စုလာတာ ၊ ခုတော့ သူတောင်းစားတွေ ကို လာ ကျွေး နေရတယ် ။ ကျုပ် အဖေ က လွဲ ပြီး ဘယ်သူ့ မှ အဖေ မခေါ် နိုင်ဘူး ။ တစ်လ ဝင်ငွေ က  ကျုပ် ဖိနပ်ဖိုး တောင် မရှိတဲ့ လူ ကိုမှ ကျုပ် အမေ က ကြိုက်နေ  တော့ ကျုပ်တို့ ညီအစ်မ အသားလွတ် အထင်သေး ခံရတယ် ။ နောက် ပြောရဲတဲ့ လူ ရှိရင် ထွက်ခဲ့ ။ ခင်သူဇာ တဲ့ နာမည် က နွဲ့ပေမဲ့ ဘိုအောင် လို လူမျိုး ကို လက် တစ်ဖက် နဲ့ နပန်း သတ် နိုင်တယ် ”

မထင်မှတ်ဘဲ မြဒင် နဲ့ ခင်သူဇာ ရန်ပွဲ က စပြီး ဆူညံ သံတွေကြောင့် မြဒင် မိန်းမ က လည်း ဝင် ပါ လာသလို ဖျန် ဖြေတဲ့ သူ လည်း ရှိ ၊ ဆွဲ တဲ့ လူ လည်း ရှိပေါ့  ။

“ ဟို တဲပေါ် က ငါး ဖောင်ရိုး ဒီလို ကျတော့ ငြိမ် လို့ ပါလား ။ ဒီမှာ ဒေါ်အေးမော် ခင်ဗျား မရှက်ပေမဲ့ ကျုပ် က အပျို တစ်ယောက် ဆိုတော့ ရှက်တယ် ၊ ကျုပ် ပြန်မယ် ။ အမေ လည်း မနေနိုင်ရင် တရားဝင် ယူလိုက် ။ ချောက် ကို တော့ ပြန် လာဖို့ မစဉ်းစား နဲ့ ။ ကျုပ် မနက်ဖြန် ပြန်မယ် ။ ည ကား နဲ့ လိုက်ပြီး ရန်ကုန် ပြန် မယ် ။ မြင့်မြင့်ခိုင် ကို ပါ ပြန် ခေါ်သွားမယ် ” 

“ အောင်မယ် ... အောင်မယ် မိသူဇာ ၊ ညည်း ငွေ ရှာနိုင်လို့ မအေ ကို အာ ခံတာ လား ။ ဒေါ်အေးမော်လေး ဘာလေး နဲ့ ဟင်း ။ ငါ ဖောက် ပြန်တာ မဟုတ်ဘူး ။ လူလွတ် တစ်ယောက်  ဟဲ့ ၊ အချစ် ဆိုတာ အရွယ်သုံးပါး နဲ့ မကင်းဘူး ။ နင့် အဖေ သေတာ ဖြင့် လူ ပြန် ဖြစ်ရင် ရှင်ပြု လို့ ရနေပြီ ။ ငါ အေးအေးဆေးဆေး လုပ်စား လာတာ နင်တို့ သဘောနဲ့ လုပ် ချင်တိုင်း လုပ်လို့ မရဘူး ။ မိဘ အုပ်ထိန်းမှု အောက် မှာ ရှိသေးတယ် ”

အကျယ် အကျယ် မငြိမ်းဖွယ် ဆိုသလို သားအမိ
တွေ အော်ဟစ် လို့ ကိုယ် လိုရာ ဆွဲ ပြောနေချိန် မလှမ်းမကမ်း မှာ နေတဲ့ မဥ ရောက်လာ တယ် ။ ဒွေးလေးမဥ က ခင်သူဇာ ကို ချော့ပြီး ခေါ်သွား မှ ရန်ပွဲ လည်း စဲ သွားတော့ တယ် ။

ooooo   ooooo   ooooo

“ ခင်သူဇာ ရယ် ညည်းတို့ အမေ လုပ်ပုံနဲ့တော့ ညည်း တို့ပါ စိတ်ဆင်းရဲရပြီ ။ ငါတို့ နင့် အမေ ကို အတန်တန် တား ပါတယ် ။ သူ ရေနံ အငှား ရွက်လာရင် အဲဒီမှာ မတည်း  ပါနဲ့လို့ ၊ ခုတော့ ရှုပ်နေတဲ့ ကြိုးနှစ်စ  ငြိ တော့တာပေါ့ ။ ဟို မှင်စာ ကတော့ အတည် ယူ ချင်ပါရဲ့ ၊ နင့် အမေ က မယူတာ ။ ပင်စင် ပြုတ် မှာ စိုးမှာ ပေါ့ ။ ခုတော့ ညည်း ပဲ ဖအေ ရှိ ကတည်း က ပင်ပင်ပန်းပန်း ရှာ ၊ ဖအေ မရှိတော့ လည်း ယောက်ျားသား တစ်ယောက် လို ရှာ ကျွေးနေတာ ညည်း ကို တော့ သနားပါတယ် ဟယ် ။ ညည်း နဲ့ မတွေ့ရ တာလည်း ဆယ်နှစ်ဆယ်မိုး တောင် ရှိတော့မယ် ”

ခင်သူဇာ မငိုနိုင် ၊ အမေ့ ကို စိတ် နာတာရယ် ၊ ငါး
ဖောင်ရိုး ကို အမြင် ကတ်တာ ကြောင့် ထမင်း တောင် မစား နိုင်တော့ဘူး ။ 

“ စိတ်ထိန်းပါ ကလေး ရယ် ၊ ညည်း အမေ က လည်း အရွယ် ငယ်သေးသကိုး ။ မိဘ ဟာ မိဘ လို့ ပဲ သဘောထား ပါ ကွယ် ။ အော်ကြီး ဟစ်ကျယ် ရန် မတွေ့ပါနဲ့ ကွယ် ကဲ ထမင်း စားမလား ”

“ စားချင်စိတ် လည်း မရှိ တော့ပါဘူး ဒွေးလေး ရယ် ။ ဒီမှာ နေရင် အမေ့ ကြောင့် စိတ် ညစ်ရတာ ခဏခဏ ပါ ။ ချဲကြွေး ၊ စားကြွေး တွေ ဆပ် ရ တာ တစ်မျိုး ၊ ဒီ ရွာ လာလို့ လူ ကဲ့ရဲ့တာ က တစ်ဖုံ ။ ရန်ကုန် ပဲ ပြန် ချင်တယ် ။ ဟိုမှာ က အဘ တို့ အန်တီ တို့ က သမီး ကို တစ်သက်လုံး မွေးစားမယ် တောင် ပြောတယ် ။ ဆန် ဆို လည်း ပေါ်ဆန်းမွှေး ထူး ရှယ် ၊ ဟင်းကောင်း စားရ တယ် ။ အဲယားကွန်း နဲ့ နေရ တယ် ။ သူစိမ်း က မှ သား သမီး အရင်း လို သဘောထား သေးတယ် ”

“ ဟုတ်ပါတယ်လေ ၊ ညည်း ဝတ်ပုံစားပုံ ကြည့်ရ တာနဲ့ ညည်းတို့ ကောင်း ကောင်းမွန်မွန် နေရတယ် ဆိုတာ ဒွေးလေး ခန့်မှန်း မိတာ ပေါ့ ”

“ ချောက် မှာ လည်း အမေ့ အကြောင်းတွေ ပြော လိုက်တာ ပွစာ ကြဲနေတာပဲ ။ တကယ်ဆို သမီးပျိုတွေ ကို ထိန်း ရမှာ ၊ ခုတော့ ပြောချင် စရာတွေ ”

“ အစ်မရေ ၊ အမေ က ထမင်း စားမယ်တဲ့ ”

ညီမ ဖြစ်သူ မြင့်မြင့်ခိုင် က လာ ခေါ်တယ် ။

“ မစားဘူးလို့ ပြော
လိုက် ”

သူဇာ မကျေနပ်တဲ့ ပုံစံ နဲ့ ဆောင့်အောင့် ပြောလိုက်
တော့ ဒွေးလေးမဥ မနေသာ ဝင် ပါရတော့တယ် ။ 

“ သူဇာ ဒီလို မလုပ်နဲ့ လေ ၊ လာလာ ဒွေးလေး နဲ့ အတူ သွားမယ် ။ လာပြီးမှ တော့ မပြန်ပါနဲ့ ကလေး ရယ် ။ ညဘက် ဒွေးလေး အိမ် မှာ လာ အိပ်ပေါ့ လာ လာ ”

ခင်သူဇာ မလိုက်ချင် ပေမဲ့ ဒွေးလေး ကို အားနာပြီး လိုက်ခဲ့ရတယ် ။ ထမင်းဝိုင်း ကို တွေ့လိုက်တော့ သူဇာ နှာခေါင်း ရှုံ့ရင်း မဲ့ရွဲ့ ပြောမိပြန် ရော ။

“ ထမင်း က လည်း ဆန်ကွဲ တွေ ချက်ထားတာ လား ၊ မစားတတ်ဘူး ”

“ ဟဲ့ သူဇာ သူဌေးအိမ် ရောက်ပြီး မှ နင့် ပါးစပ်တွေ ပျက် ကုန်ပြီလား ၊ ဒီမှာ တစ်ရွာလုံး ဆန် မစားကြဘူး ။ မစားနိုင်လို့ မဟုတ်ဘူး ။ ဆန် စားရင် လည်နင် ကြလို့ ဟေ့ ”

မိခင် ဖြစ်သူ အေးမော် က လည်း ခင်သူဇာ ကို မကြည်တော့ ။ ခင်သူဇာ ထမင်း တစ်လုတ် နှစ်လုတ် စားပြီး ထွက် သွားတော့တယ် ။

ooooo   ooooo   ooooo

ဒီတစ်ခေါက် သားသား နားနား ဖြစ်နေတဲ့ သမီး နှစ်ယောက် ကို ကြွားချင်တာ ရယ် ၊ သမီးတွေ မဝတ်တော့ တဲ့ အဝတ်အစားတွေ က လည်း အိမ်ခြေ ငါးဆယ် ရှိတဲ့ ဝိုင်း ထဲ က လူတွေ ကို ဝေမျှပြီး ပေးချင်တာရယ် ။ သမီး နှစ်ယောက် ကလည်း နှစ်လ တစ် ခါ ငွေ ပို့ပေးပြီး ကျန်တဲ့ ငွေ တွေ ယူ လာ လိုက်တာ တစ်သက် နဲ့ တစ်ကိုယ် မကိုင်ဘူး တဲ့ ငွေ သုံးသိန်း ။ ဒီကြားထဲ ခင်သူဇာ နေတဲ့ အိမ် က လည်း အဆက်အသွယ် ရအောင် ဆိုပြီး ဖုန်း တစ်လုံး ငှား လိုက်တော့ အေးမော် တို့ ကြွား ပြီးရင်း ကြွားချင် စရာ ဖြစ် လာတော့တယ် ။ မအေ့ အတွက် ဝယ် လာ တာတွေ က မမြင်ဖူး မဝတ်နိုင်တဲ့ အဝတ်တွေ ၊ လူ ရတတ်တွေ ချောက် မှာ ဝယ် မဝတ်သေး တဲ့ အဝတ်အစား တွေ ဆိုတော့ အေးမော် က ကိုဘိုအောင့် ကို ကြွား ချင်တာကြောင့် လာခဲ့တာပါ ။ ပါလာတဲ့ ငွေ ကို ကြွေး ဆပ်တန် ဆပ် ပြီး ပိုတာကို သွားလေသူ သူ့ အဖေ အတွက် လှူမယ် ။ မောင်လေး ကို သင်္ကန်း ဆီး ပေးမယ်လို့ သူဇာ က ပြောသား ။ သင်း စကား နား မထောင်လို့ အခုတော့ အရှက် ကွဲရပြီ ။ ဒါပေမဲ့ အေးမော် ဂရုမစိုက် နိုင်ဘူး ။ ပြောချင် သလို ပြော ၊ ထင်ချင် သလို ထင် ကြပါစေ တော့ ။ အေးမော် အတွက် နားလည် ပေးပြီး ချစ်နေ သူ အတွက် စဉ်းစား ပေးရမယ် ။

ကွယ်ရာ မှာ သူ့ အတင်း အဖျင်း ပြောတာ လောက်တော့ ဖင်ခု ထိုင် ထားလိုက်တယ် ၊ လေ ထဲ က လာတာ လေ ထဲ သွားပေါ့ ။ အေးမော် ရဲ့ အရေပြား တွေ ဟာ နွားသားရေ လို  ထူနေပြီ ။ ရန်ဖြစ် ပြီး ကတည်း က ခင်သူဇာ က လည်း အထုပ် အပိုး ယူပြီး ဒွေးလေး မဥ တို့ အိမ် လိုက်သွားပြီ ။ နှစ်ယောက် ပေါင်း ကလေး ခြောက်ယောက် က လည်း မြို့ဦး ဘုရားပွဲ သွားကြပြီ ။ ဒီ ပွဲ မှာ သူဇာ တို့ ပါ လာတဲ့ အင်္ကျီအသစ်အဆန်းတွေ ဝတ်ပြီး ကိုဘိုအောင် နဲ့ အတူ လျှောက် လည်မယ် ဆိုတဲ့ စိတ်ကူး လည်း အေးမော် အတွက် ပျောက်လုလု ဖြစ် နေပြီ ။ ကွမ်း တစ်ယာ ကို ပါးစပ် ထဲ ထိုး ထည့်ပြီး အလင်းရောင် ဖြန့်ကြက် ပေးနေတဲ့ လမင်းကြီး ကို ကြည့်ရင်း အတွေး ပေါင်းစုံ နဲ့ စိတ် မသက်မသာ ရှိနေ တယ် ။

“ မမော် ရာ ကျုပ် မနက် က ကိစ္စ တော်တော် စိတ် မကောင်း ဖြစ်မိတယ် ။ မမော် သမီးကြီး ကို ပြော မထားဘူး လား ဟင် ။ ဒီလို ကူးတို့ဆိပ် မှာ မှို့အိတ် ဖြေ ပြီး မှ တော့ မမော် နဲ့ ကျုပ် တရားဝင် ပေါင်းသင်း လိုက်ကြရအောင် ဗျာ ဒါမှ အေးမှာ ။ မမော် တို့ သားအမိ ကို ရရာ အလုပ် နဲ့ ကျုပ် လုပ်ကျွေး ပါရစေ ။ ဒီကလည်း မပြန်ပါနဲ့ တော့ နော် ”

လေးလေးပင်ပင် ပြော လာ တဲ့ ကိုဘိုအောင့် စကား ကြောင့် အေးမော် စိတ်အိုက် သွားတယ် ။ ကိုဘိုအောင် ကို  ပြန်ပြောဖို့ စကားလုံး ရွေး တယ် ။

“ ကိုဘိုအောင် ရယ်  ၊ သူဇာ က အလုပ် သွား လုပ်တာ တစ်နှစ် မှ တစ်ခေါက် လောက် ပြန် လာတာ ။ သူ့ ကို တစ်ခါတော့ ပြောဖူးတယ် ၊ သူ က နောက်တယ်ပဲ ထင်တာပေါ့  ။ ယူရင် အိမ် ကို တစ်သက်လုံး ပြန် မလာဘူး ၊ ဘာညာ ဆိုလို့ ကျွန်မ လည်း ဆက် မပြောဘဲ ရင်းနှီးစေချင်လို့ မြေစမ်း ခရမ်းပျိုး ဖို့ လာခဲ့တာပဲ ။ ခုတော့ သူဇာ စိတ် ထိခိုက် သွားပြီ ထင်တယ် ”

“ စိတ် ထိခိုက် လည်း ခဏပေါ့ မမော် ရယ် ။ ကျုပ် တော့ သူများ ကဲ့ရဲ့ ခံနေရမယ့် အတူ မမော် ကို လည်း ကျုပ် မခွဲချင် တော့ဘူး ။ တရားဝင် ပုဆိုးတန်းတင် ပေါင်းသင်း ချင်တယ် ။ မြေကြီး ထဲ မှာ မွန်းကျပ် အောင် ငုံ့လျှိုး နေရတဲ့ မှို ပွင့်တော့ မဖြစ်ချင်ဘူး ။ မြေမာ ကို ခေါင်း နဲ့ တိုးပြီး ရဲရဲ ဝံ့ဝံ့ ပွင့်လာတဲ့ မှိုပွင့် လို ထင် ထင် ပေါ်ပေါ် ပေါင်းသင်း ချင်တယ် ။ မမော် ကို ကျုပ် သိပ် ချစ်တယ်ဗျာ ”

“ ခက်တော့ ခက် ပါ တယ် ကိုဘိုအောင် ၊ ရှင် နဲ့ ကျွန်မ ကြား မှာ ပါ နှစ် ပါ ဖြစ် နေတယ်လေ ။ ရှင့် မှာ လည်း ဟို မိန်းမ ရဲ့ ကလေး လေးယောက် ။ ကျွန်မ မှာ လည်း သူဇာ က ထားပါတော့ ၊ မြင့်မြင့်ခိုင် က ငယ်တော့ တော်ကြာ အလုပ် မှာ မပျော်ဘူး ဆိုပြီး ပြန် လာရင် ကလေး နှစ်ယောက် ။ ရှင် နဲ့ ကျွန်မ မခက်ဘူးလား ။ တော်ကြာ အရပ် ထဲ က ကျုပ် တို့ နှစ်ယောက် ကို ပါ နှစ် ပါ ချာ နှစ် ချာ လို့ စကားတင်း ဆိုကြမှာ ပေါ့ ။ ဒါမှမဟုတ် မိန်းမ ကို ရှာ ပြီး သူ့ သားသမီးတွေ ပြန် ပေးလိုက်ပါလား ”

“ ဟာ ... မမော်ရယ် ၊ ဒီလိုတော့ မပြောပါနဲ့ဗျာ ။ ကလေးတွေ မှာ အပြစ် မရှိပါ ဘူး ။ ကျုပ် လက် ပေါ် မှာ ကြီး လာတော့ ကျုပ် ရင်သွေးနဲ့ မခြားဘူး ။ ခုဆိုရင် အကြီးမ ဘုတ်ဆုံ တောင် ပဲဆွတ် လိုက် နေပြီလေ ၊ အဖော် ရလို့ လက် လွှဲ နေရပြီဗျ"

“ တော်ပြီ ကိုဘိုအောင် ၊ စိတ် ရှုပ်စရာတွေ မပြောနဲ့ တော့ ဘုရားပွဲဈေး လျှောက်မလား ”

“ ဟာ ... မ မလုပ်ပါနဲ့ ဗျာ ၊ တော်ကြာ သူဇာ နဲ့ တွေ့ နေဦးမယ် ။ မနက်ဖြန် မှ ကလေးတွေ နဲ့ လျှောက်ရ အောင်နော် ”

ကိုဘိုအောင် က တွေးတွေးဆဆ ပြောတယ် ။ အေးမော် နဲ့ ကိုဘိုအောင် တို့ နှစ်ယောက် ပွဲဈေးတန်း မလျှောက်မယ့် အတူတူ ကလေးတွေ လည်း တစ်ယောက် မှ မရှိတာ ကြောင့် အိပ် တာပဲ ကောင်းတယ် ဆိုပြီး စိတ်ညစ် စရာတွေ ဘေး ဖယ်ကာ ည အမှောင် အောက် ရှိ ကိုဘိုအောင် ရဲ့ သီရိဂေဟာ အချစ် တဲနန်း ထဲ အတူ ဝင်မိကြတော့ တယ် ။ အဲဒီ နောက်မှာ တော့ ... ။ ငတ်မပြေ နိုင်တဲ့ ဆားငန်ရည် ကို သောက်ကြ တာပေါ့  ။

ooooo   ooooo   ooooo

ပါလာတဲ့ ငွေ ကုန်ခါနီး တော့မှ ပြန်ဖို့ ပြင်ကြရတယ် ။ ပြန်မယ့် မနက်မှ သူဇာ ကိုဘိုအောင့် တဲ ကို ရောက်လာပြီး သူ့ ပစ္စည်းတွေ ထုပ်ပိုး နေ တယ် ။ ကိုဘိုအောင် က သူဇာ နား မရဲတရဲ သွားပြီး ....

“ သမီး ၊ ဦးလေး စကား နည်းနည်း ပြောလို့ ရမလား ”

“ ဘာ သမီး ဟုတ်လား ၊ ခင်ဗျားမို့ ခေါ်ရဲ တယ် ကိုကြက်ကြီး ရယ် ။ ဘဲမ ဥ သွားတဲ့ ဥတွေ ကို စေတနာ ဝန်ထမ်း ဝပ် ပေးနေတဲ့ ခင်ဗျား ပါးစပ် ရွှေ ချဖို့ ကောင်းသေးတယ် ။ ဘာ စကား မှ လည်း မပြောနဲ့ ၊ မကြားချင် ဘူး ။ လာလက်စ နဲ့ ဒွေးလေး ဥ တို့ တားလို့ ကြာ သွားတာ ။ ကျုပ် တို့ ကျွန် ခံပြီး ရှာ ထားတဲ့ ပိုက်ဆံ လည်း ခင်ဗျားတို့ ဝိုင်း စား လို့ ကုန်ပြီ ။ ပြန်စရိတ် တောင် ရှာ ရ ဦးမယ် ။ ကျွန်တော့် အမေ က ခင်ဗျား ဘက် ပါနေလို့ ၊ နို့မိုရင် ခင်ဗျား ကို  ကိုင်တောင် ပေါက်တယ် ”

သူဇာ့ စကားကြောင့် အမေ လုပ်တဲ့ အေးမော် ဒေါသ ထွက်ပြီး ကိုဘိုအောင် ကို လည်း အားနာ သွားတယ် ။

“ သူဇာ နင် မိုက်ရိုင်းလှ ချည့်လား ။ လူကြီး ကို ပြန် ပက် နေတာ ၊ ငရဲကြီး မှာ မကြောက်ဘူးလား ”

“ မကြောက်ဘူး ။ ဒီလို လူမျိုး ကို ပြောလို့ ငရဲ ကြီးမယ် ဆိုရင် အဝီစိ ကို ကိုယ့် ဒယ်ပိုင်း နဲ့ ကိုယ့် ဆီပုလင်း နဲ့ သွားမယ် ။ အမေ တို့ ကားဂိတ် ကို လိုက်ခဲ့တော့ ။ ကျုပ် တော့ ကားဂိတ် ကို သွားတော့မယ် ။ နောက် များတော့ ကိုကြက်ကြီး ခင်ဗျားတို့ ရွာ ကို တာ့တာ ပဲ ။ ဘယ့်နှယ်တော် ပါ လာတာတွေ ကို လည်း သွားဖြဲနားပြဲ စားသောက်ကြ ၊ ပြီးတော့ ဟင်း .. မပြောလိုက် ချင်ဘူး ”

စိတ်ဆိုးမာန်ဆိုး နဲ့ အိတ် ဆွဲ ပြီး ထွက်သွားတဲ့ သူဇာ နောက် ကို အမီ လိုက်ဖို့ အေး မော် ကလေး နှစ်ယောက် ကို ဆော်သြ နေတယ် ။ ဒီဟာမ စိတ်ဆိုး ပြီး ငွေ မပို့ရင် ဒုက္ခ ။ မြင့်မြင့်ခိုင် ကလည်း မအေ နဲ့ မခွဲနိုင်တော့ဘူး ဆို ကာ ရန်ကုန် မပြန်တော့ဘူး လို့ ပြော နေတော့ နှစ်လ တစ်ခါ သုံးလ တစ်ခါ အိတ်ဝင် ၊ သပိတ်ဝင် ရတဲ့ သမီး ရဲ့အငြိုအငြင် လည်း မခံရဲပါ ။ ဘဝ ပေး ကံ ကြောင့် ၁၅ နှစ် သမီး အရွယ် ကတည်း က ကျရာ အလုပ် ကို လုပ်ကိုင် ကျွေးမွေး နေတော့ သနား လည်း သနားတယ် ။ မအေ ကို နားလည်မှု မပေးတာ ကို တော့ အေးမော် စိတ်ဆိုး မိတယ် ။ အေးမော် အပေါ် မှာ နားလည် ပေးနိုင် သူ ကတော့ ကိုဘိုအောင် ပဲ ။ တရားဝင် ယူဖို့ အရေး ဆို နေပေမဲ့ သွား လေသူ ရဲ့ ပင်စင် လစာ ပြုတ် သွား မှာလည်း စိုးရိမ် သလို ၊ လက်ထပ် လိုက်ရင်လည်း ကိုယ့် ကို ပြန်ပြီး မှီတွယ် နေမှာ စိုးရသေးတယ် ။ မရခင် ဖျာ လို လိပ်ပြီး ယူပြီး မှ အေးမော် ကို ဖျာ ခင်း သွားမှာ လည်း စဉ်းစားရ သေးတယ် ။ ပဒိုင်းသီး ကို ကိုင်မိ သလိုပဲ ။

“ ကဲ ကိုဘိုအောင် ရေ ပြန် ဦးမယ် ၊ သူဇာတို့ ပြန် မှ တစ်ခေါက် လာခဲ့ဦးမယ် ”

“ မမော် ကျုပ် ကားဂိတ် လိုက် ပို့ပေးမယ်လေ ”

“ ဟာ မပို့နဲ့ မပို့နဲ့ ၊ ဒေါသအိုး နဲ့ နောင်ဂျိန် ချနေရဦးမယ် ”

“ အေးပါကွာ ၊ မမော် သမီး ကို တော့ ကျုပ် ကြောက် ပါတယ် ဆလံ သ , ပါတယ် ။ မမော် ကလေးတွေ ကို နားချ ပေးပါဦး ။ မမော် လည်း ခပ် မြန်မြန် ပြန်လာပါနော် ။ ကျုပ် လွမ်းနေမှာ ဟဲ ဟဲ ”

ကိုဘိုအောင် က မခွဲနိုင် မခွာရက် ဖြစ်နေတော့ အေး
မော် ပင် စိတ်မကောင်း ဖြစ်မိ တယ် ။ ချောက် ပြန် ရောက်ပြီး နောက် တစ်နေ့ မှာ ပဲ ခင်သူဇာ ပြန် သွား တော့တယ် ။ သွားခါ နီးမှာ ပြော သွားသေးတယ် ။

“ အမေနော် ကိုကြက်ကြီး နဲ့ ယူလို့ ကတော့ ကျုပ် နဲ့ အပြတ် ပဲ ။ ငွေ လည်း မပို့ဘူး ၊ သူများ သားသမီး ကို လုပ် ကျွေးရ လောက်အောင် ကျုပ် သဒ္ဓါတရား မကောင်းဘူး ။ ဘယ် ဥ က ပေါက်ထားတဲ့ အလေ့ကျတွေ မှန်း မသိတဲ့ ကလေးတွေ ကို အမေ လည်း ထမင်း သွား ချက်ကျွေး ၊ သန်း ရှာပေး ၊ အဝတ်လျှော် ပေး တဲ့ အလုပ်တွေ လုပ် မနေနဲ့ ။
မြင့်ခိုင် ညည်း ရန်ကုန် ပြန် မလိုက်ရင် အမေ နဲ့အတူတူ အလုပ် လုပ် ။ အုတ်တန်း စီတာတို့ ၊ မြေတူးတာ တို့ ၊ အလှူခံ ထွက်တာ တို့ လုပ် ကြားလား ”

ဆရာမကြီး ဒီဇိုင်း နဲ့ ပြော သွား လိုက်တာ လေ ၊ ငွေ မျက် နှာလေး ကြောင့် အေးမော် သည်းခံ လိုက်ပါတယ် ။ နို့မို့များ ဒီ ကောင်မ ကို ဝါးလုံး ကြေမွအောင် ရိုက် ပြီးပြီပေါ့ ။ ဒီ ကောင်မ ပြောသွားတာ ကို အိမ်နီးချင်းတွေ ကြား လောက် တယ် ။ အိမ်နီးချင်းတွေ က လည်း ကောင်းတာ မဟုတ်ဘူး ။ ထစ်ခနဲ ဆို ကိုဘိုအောင် နဲ့ အေးမော် အကြောင်း ပဲ ။ ဒါကြောင့် တီးတိုးတီးတိုး သဖန်းပိုး လုပ်လို့ ကတော့ အေးမော် နဲ့ တစ်ပွဲတစ်လမ်း တွေ့ကြ ပြီပေါ့  ။

ooooo   ooooo   ooooo

ခင်သူဇာ ကို ကြောက် လို့ ကိုဘိုအောင် ဆီ မသွားတာ မဟုတ်ဘူး ။ လတ်တလော စားဝတ်နေရေး က ရှိ တော့ အေးမော် က အဝတ်လျှော် ၊ အငယ် နှစ်ယောက် က အလှူခံ ထွက် တဲ့ အခါလည်း ရှိပေါ့ ။ ဒီကြားထဲ စု မဲ အတွက် တစ်ပတ် သွင်း ရမယ့် ငွေ ကို အသည်းအသန် ရှာ နေရတော့ ကိုဘိုအောင် ဆီ လည်း မသွား ဖြစ်သေးပါ ။ သူဇာ မသိ အောင် ဘယ်ခြောက်ခါ ညာ လှမ်းလို့ ရပေမဲ့ ကိုယ့် လက်ထဲ ငွေ ပါ မှ ရွာ မှာ ထမင်း စားရ မှာလေ ။ ဒီတော့ ဘိုအောင် ကို ခဏ မေ့ထားရတယ် ။ သူဇာ ဆီ က ငွေ ပို့မှပဲ သွားမယ် လို့ ဆုံးဖြတ် ထားတယ် ။ ကိုဘိုအောင် ကတော့ မျှော်တော် ဇော နဲ့ မော နေမှာပဲ ။ မတတ် နိုင်သေးဘူး ။ ခင်သူဇာ နေ တဲ့ အရာရှိကြီး အိမ် က ခင်သူဇာ ကို လစာ လေးသောင်း အပြင် အဝတ်အစား ၊ တစ်ကိုယ်ရေ ကိစ္စ အားလုံး စီစဉ်ပေးကြ တာမို့ စိတ်ချရ ပေမဲ့ အေးမော် ဖုန်း ခဏ ခဏ ဆက် ရင် မကြိုက် ။ ခင်သူဇာ က လည်း မဆက်ခိုင်း တော့ ။ ရောက်ပြီး တစ်လ အကြာ မှာ နှစ်လ စာ ငွေ ပို့ပြီး သုံးလ ထဲ ရောက်တဲ့ အထိ စကား မပြောဖြစ်ခဲ့ ။ စိတ်ဆိုး မပြေ လို့ ဖုန်း မဆက်တာလား လို့ စဉ်းစား မိတော့ စိတ် မကောင်း ဖြစ်နေ မိတယ် ။

တစ်နေ့ ခင်သူဇာ ဖုန်း ဆက် လာလို့ ဖုန်းငှားစား တဲ့ အိမ် ကို သွားပြီး အပြေး အလွှား သွား ကိုင်တယ် ။ စိတ်ဆိုး ပြေပြီ ထင်ပါရဲ့ ။

“ ဟဲလို သူ ဇာလား အမေ ပါ ”

“ အမေ ... အဲဒီက ဘာ မှ ပြန် မပြောနဲ့ ။ ကျုပ် မကွေး က ဘထွေးအိမ် ရောက်နေ တယ် ။ အမေ မနက်ဖြန် လိုက်လာပါ ။ ဘာမှ ပြန် မမေး နဲ့ ၊ ဖုန်း ချ လိုက်တော့မယ် ”

ပြောပြောဆိုဆို ဖုန်း ချ သွားတော့ အေးမော် ရင်တုန် ပြီး ဘာ ပြောရမှန်း မသိ ။ အကြောင်း တစ်ခု ရှိလို့သာ ဒီလို ဆက်တာ ဆိုပြီး ဟန် မပျက် ဖုန်းခ ရှင်းပြီး ပြန်လာ ခဲ့တယ် ။ အိမ် ရောက်တော့ မြင့်မြင့်ခိုင် နဲ့ အငယ်ကောင် ကို မကွေး က နင့် ဘထွေး နေ မကောင်း လို့ လိုက်သွားမယ့် အကြောင်း ပြောပြပြီး အေးမော် နဲ့ အဆင်ချောတဲ့ မပုကြည် ကို ကလေး နှစ်ယောက် အပ်ပြီး မကွေး ကို ထွက်လာခဲ့ တယ်  ။ စိတ် ထဲ မှာတော့ ဘာများလဲ ဆိုပြီး စိုးရိမ်စိတ် နဲ့ တထိတ်ထိတ်ပေါ့ ။ ဘထွေး အိမ် ရောက်တော့ မိုးချုပ် နေပြီ ။ ဘထွေး က အေးမော် အမေ ရဲ့ မောင် ၊ အသက် ကြီး ပြီး လင် မယား နှစ်ထောက် တည်း ။ အဝေး က ပို့ပေး နေတဲ့ သား သမီး လုပ်စာ နဲ့ အသက် ဆက် နေရသူတွေပါ ။

“ သူဇာ ရယ် အမေ လန့် လိုက်တာ ၊ ဘာဖြစ်လို့လဲ
ဟင် ”

အလွန် စိတ် မာတဲ့ ခင်သူဇာ ဒီ တစ်ခါ ကျတော့ မအေ လုပ်သူ ကို ဖက်ပြီး မျက်ရည် ဖြိုင်ဖြိုင် ကျလို့ ။ ဘထွေး တို့ က လည်း ဘာမှ သိပုံ မပေါ် သေးဘူး ။

“ မေးလို့ လည်း မရဘူး ၊ အေးမော် နင့် သမီး နင် မေးပေ တော့ ”

ဘထွေး အပြင် သို့ ထွက် သွား တော့တယ် ။ အဲဒီကျ မှ ခင်သူဇာ က မအေ ကို ဇာတ်စုံ ခင်းပြ လေပါတော့တယ် ။

“ အမေ ကျုပ် မိုက်တယ် ။ ကျုပ် ကို သ,တ်လိုက်ပါတော့ ”

“ ဘာဖြစ် လာတာလဲ ။ သူဇာ ရယ် ငါ နားရှင်းအောင် ပြောစမ်း ”

သူဇာ တော်တော် နဲ့ မဖြေဘဲ ပြီးမှ အားတင်းကာ

“ ကျုပ် လေ ရန်ကုန် မှာ အဘတို့ လမ်း ထဲ က ကိုကိုလတ် ဆိုတဲ့ လူ နဲ့ ငြိစွန်းပြီး ခု ကိုယ်ဝန် ရနေပြီ ။ အိမ်ရှင် တို့ ၊ အန်တီ တို့ မသိဘူး ။ အမေ နေမကောင်း လို့ ပြန်မယ် ဆိုပြီး ပြန် လာ လိုက်တာ ”

“ ဒါဆို ညည်း အထုပ် နဲ့ ပေါ့ ၊ ဟုတ်လား ။ နင့် အကောင် က မယူ ဘူးလား ။ ဒီလောက် စွာတဲ့ မိန်းမ ခုတော့ ငြိမ်နေ မှိန်းနေ ရသလား ”

အေးမော် ဒေါသ ထွက် လွန်းလို့ ပါး ကို ဘယ်ပြန် ညာပြန် ချ ပစ်တယ် ။

“ တော်တော့ အေးမော် ၊ တော်တော့ ။ သူဇာ က လည်း နင့် အကောင် ကို အကျိုး အကြောင်း ပြောပြပြီး ယူခိုင်း ပါလား ။ အိမ်ရှင်တွေ ကို ဖွင့် ပြော မပြဘူးလား ”

ဒွေးလေး က ဝင် ပြော လိုက်တယ် ။

“ ကျုပ် လည်း ဒီလို ဖြစ်မယ် မှန်း မသိဘူးလေ ။ သူ မလေးရှား သွားမယ် ဆိုလို့ အဘ တို့ အန်တီ တို့ ကို ဈေး ထဲ က ကျုပ် သူငယ်ချင်း နဲ့ ရုပ်ရှင် သွား ကြည့်ပါရစေလို့ ခွင့်တောင်းပြီး သွားတာ ။ အန်တီ က မလွှတ်ချင်ပေမဲ့ ဘဘ က တစ်ခါတစ်ရံ သွားပါစေဆို ပြီး လွှတ်တာ ။ နောက် တစ်နေ့ သူ မလေးရှား ထွက်သွားတာ ပဲ ။ လွန်လွန်ကြူးကြူး ဖြစ်ပြီး တော့ မလေး က ပြန် လာရင် ယူမယ် တဲ့ ။ ခုတော့ စာ လည်း မလာဘူး ၊ ဖုန်း လည်း မဆက် ဘူး ။ သူ နေတဲ့ အိမ် က လည်း သူ့ အိမ် မဟုတ်ဘူး ။ ပြော လည်း ကိုယ့် အထုပ် ဖြေ သလို ပဲ ဖြစ်မယ် ”

အေးမော် ဘာ လုပ်ရမှန်း မသိတော့  ။ လင် မရှိဘဲ ကလေး မွေးဖို့ ဆိုတာ လွယ်တဲ့ ကိစ္စ မှ မဟုတ်တာ ။ ပြီးတော့ သမီး ကို လည်း လင်ကောင် မပေါ်ဘဲ ကလေး အမေ မဖြစ် စေချင်ပါ ။ အေးမော် စဉ်းစား ရပြီ ။ အဲဒီနောက် ဘထွေး သိသွားတဲ့ အခါမှာ တော့ ..... ။

“ ဖြစ်သမျှ အကြောင်း အကောင်း ဘက် ကပဲ တွေး လိုက်တော့ အေးမော် ။ ပတ် ဝန်းကျင် ကိုတော့ ယောက်ျား မလေးရှား သွားလို့ မြေးလေး အိမ်မှာ လာ နေတယ်လို့ ပြောရ တော့မှာပေါ့ ။ ယုံတာ မယုံတာ တော့ ကံ အတိုင်း ပဲ ပေါ့ ”

ooooo   ooooo   ooooo

ဘဲမလေး တစ်ကောင် ဥ သွားတဲ့ ဥတစ်လုံး ကို  ကိုကြက်ကြီး က သူ့ ဥ မှတ်ပြီး  ဝပ် ပေး နေလေရဲ့ ။ ဒီလို ဖြစ်အောင် ကု,လားဖန် ထိုး သူက အေးမော် ပေါ့ ။ အေးမော် က ကု,လားဖန် ထိုးရာမှာ ကျွမ်း တယ် ။ လောင်းကစား ဆိုရင် တစ်လုံး က လွဲရင် နှစ်လုံး ၊ သုံးလုံး ၊ ဖဲ အစုံ တတ်တယ် ။ ဖဲ ကု,လားဖန် ထိုး ရင် တောင် လက် က မချဘဲ ထိုးနိုင်တယ် ။ ဒီ အလုပ် လုပ်ဖို့ ဒန်အိုး လည်း မခင်မေ့ အပေါင်ဆိုင် ခဏ ခဏ အလည်အပတ် သွားရ သလို အဝတ်အစားကောင်း တွေ လည်း မခင်မေ့ ဆိုင် ရောက်တာပဲ ။ မပေါင် ဖူး တာ ဆိုလို့ အေးမော့် ခန္ဓာကိုယ် ပဲ ရှိတယ် ။ အေးမော် က သူဇာ ကို မကွေး မှာ ထားခဲ့ပြီး နှစ်လ တစ်ခါလောက် ကိုဘို
အောင် ဆီ သွား ပြီး လူယောင် ပြ တယ် ။ ပြီးတော့ သူဇာ အကြောင်း တိုးတိုးတိတ်တိတ် ပြောပြတယ် ။ ကိုဘိုအောင် က အေးမော် ပြီးရင် ခေါင်းခါတာ ဘယ်တော့မှ မရှိ ။ နှုတ် လုံတဲ့ နေရာမှာ လည်း ကိုယ်စောင့်နတ် ကို တောင် ပြောပြတတ်မယ့် လူ မဟုတ်တော့ အေးမော် စိတ်အေး ရတယ် ။ ဒီလိုနဲ့ သူဇာ သားလေး တစ်ယောက် မွေးဖွား တယ် ။ ချစ်စရာ တစ်လုံးတစ်ခဲကြီး ၊ ကလေး စရိတ် လည်း ရှိနေတော့ မြင့်မြင့်ခိုင် ကို လည်း အိမ် တစ် အိမ် ပို့ လိုက်ရတယ် ။ နောက်တော့ ကလေး သုံးလသား အရွယ် မှာ ကိုဘိုအောင် ကို မကွေး ခေါ် ၊ ကလေး အပ်ပြီး အေးမော် က မသိချင်ယောင် ဆောင် ကာ ကိုဘိုအောင် ထက် ဦးအောင် ဆင်မင်စာကြို ကို ကြို ရောက်သွားတယ် ။ ပွဲ ပြီး ပြီ ။ သူဇာ လည်း အပျို ပြန် ဖြစ်လို့ အရင် သူ နေ ခဲ့တဲ့ အဘ တို့ နဲ့ ပြန် ချိတ်ဆက် ကာ အဘ သားကြီး ရဲ့ကုမ္ပဏီ မှာ အလုပ် သွား လုပ်တယ် ။ ထမင်းချက် ပေါ့ ။ လစာ ပို တောင် ကောင်း  သေးတယ် ။ ကလေး စရိတ် လည်း လစဉ် ပေးတယ် ။

အေးမော် က မျက်လှည့် ၊ လက်လှည့်  ၊ နားလှည့် တာ မက မှော် တို့ ကဝေဆရာ တို့ တောင် လက်ဖျား ခါနိုင် လောက် အောင် တော်ပြီး သား ပဲ ။ သမီး ဖြစ်သူ လင်ကောင် မပေါ်တဲ့ အမည်းစက်ကြီး ကို လည်း ဖျောက်ဖျက် လိုက် တယ် ။ အေးမော် ကိုယ်တိုင် နှစ်သက် သဘောကျ ပေါင်းသင်း နေတဲ့ ကိုဘိုအောင့် ဆီ ကို
လည်း အချိန်အခါ မရွေး သွား နိုင် တယ်  ။ ကလေး ကို အကြောင်း ပြလို့ ချည်နှောင် တုပ်ထားတဲ့ ကြိုး ကတော့ ဆင်နှစ်ကောင် ဖင်ထောင် ဆွဲ တောင် မပြတ်တော့ ဘူးလေ ။ ကိုဘိုအောင် က အေးပြီး အကင်း မပါး သလောက် အေးမော် က တော့ ဘေးချော် မသွား အောင် ကု,လားဖန် ထိုး မရိုးနိုင်တဲ့ နည်း လုပ်ပြ လိုက်တာ ဆင်မင်စာကြို က လူ တွေ မျက်စိ လည် ကုန်ကြတယ် ။ ခုတော့ အေးမော် လည်း သံယောဇဉ် ကြောင့် မကြာခဏ ဆင်မင်စာကြို သွားရ တယ် ။ အရပ် က တော့ အေးမော် မြေး လို့ ဘယ် ထင် ကြမလဲ ။ ကိုကြက်ကြီး ရဲ့ အရင် မိန်းမ ရဲ့ ကလေး တစ်ယောက် လို့ ပဲ ထင် ကြတယ် ။ ကလေး အကြောင်းပြု ပြီး အေးမော် ကိုဘိုအောင့် ဆီ တံခါး မရှိ ဓား မရှိ သွားနိုင်ပြီ လေ ။ ဆက်ရက် တောင်ပံကျိုး နဲ့ ကြောင် ခံတွင်းပျက် လို့ပဲ ဆိုကြပါစေ အေးမော် မြေး
လေး က အေးမော် ပြတဲ့ မျက်လှည့် ၊ အေးမော် ထိုး တဲ့ ကု,လားဖန် အတိုင်း ကွက်တိ ။ ဝေးကွာ နေတဲ့ ဒုတိယ အရွယ် ၊ အချစ်ရွက်နု ဝေ တဲ့ သူမ နဲ့ ကိုကြက်ကြီး ကို တံတား ထိုး ပေး လိုက်ပြီ မဟုတ်လား ။

◾နီနီနိုင် ၊ သထုံ ၊

📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
    ဇွန်လ ၊ ၂၀၁၅ ခုနှစ်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment