❝ အကောင်း မထင်ဘူး မပြောင်းချင်ဘူး ❞
“ ဟေ ... ခင်ဗျား မပြီးသေးဘူးလား ၊ ဖွင့်တော့လေဗျာ ”
“ ပွဲတော်ရက် မတိုင်မီ ဖွင့်နိုင်လိမ့်မယ်လို့ မှန်းတယ်ဗျာ ”
၂၀၀၃ ခုနှစ် မတ်လ ၁၃ ၊ ၁၃၆၄ တပေါင်းလဆန်း ၁၁ ရက် နေ့ က အောင်လံမြို့ တရော်ကုန်း ရပ်ကွက် က ညိမ်းစတိုး သို့ ရောက်သော အခါ ဆရာ လုပ်မိသည် ။ ညိမ်းစတိုး ဆိုတာက ကျောင်းသုံးရုံးသုံးစာအုပ် ၊ စာရေးကရိယာ ၊ ဂျာနယ် ၊ မဂ္ဂဇင်း တင်ရောင်းတဲ့ ဆိုင် ခင်ဗျာ့ ၊ ဆိုင်ပိုင်ရှင် ကိုညိမ်း နဲ့ က ညီအစ်ကို လို နေကြတာ ။ တပေါင်း လပြည့်ကျော် မှာ ကျင်းပမယ့် ကုသိနာရုံ ဘုရားပွဲတော် အမီ ဖွင့် နိုင်ဖို့
ရှေ့မျက်နှာစာ နဲ့ အောက်ခင်း ကို အချောကိုင် တဲ့ လုပ်ငန်း ပြီး သလောက် ဖြစ်နေပါပြီ ။ ဆိုင်ကလေး က အရှေ့ဘက် ပြည်လမ်း ကို မျက်နှာ မူထားတာဗျာ ။ အဲဒါ နောက် က
ဆောက်ပြီးသား တိုက် နဲ့ ဆက်ပြီး အရှေ့ဘက် မျက်နှာ ကို တိုးချဲ့ ဆောက် လိုက်တော့ သူ့ ဆိုင်ကလေး က မြောက်ဘက် က လမ်းတိုကလေး ဘက် ပြောင်း ပြီး မျက်နှာ မူ လေရာ ပြည်လမ်း ဘက် မှ ကြည့်လိုက် လျှင် ဆိုင် ပျောက် သွား လေတော့၏ ။
“ မြင် မှ ရောင်းရတာ ကိုညိမ်း ရ ”
“ ဟုတ်ပါ့ဗျာ ... ဆောက်တုန်း တန်းလန်း မြောက်ဘက် လှည့် ဆိုင် က ထင်းခနဲ မမြင်ရတော့ ရောင်းအား ထိုးကျ သွား တာပဲဗျို့ ၊ အဲဒါကြောင့် အမြန်ဆုံး လှော်ခတ် နေတာ ”
အမှန်ပဲ ခင်ဗျာ ... ကုန်ပစ္စည်း ကို ခလုပ် တိုက် မိ မှ ရောင်းရတာ ၊ ကမ္ဘာ အရပ်ရပ် ဘယ်နိုင်ငံ ကြည့်ကြည့် လမ်း ပေါ် ဈေး တွေ မှာ လူတွေ ပြည့်ကျပ် နေတာ များတယ် ။ ( ကျွန်တော် တော့ မရောက်ဘူးဖူး ၊ ပိုက်ဆံ မရှိလို့ ၊ ရုပ်ရှင်တွေ ကြည့်ပြီး ပြော ရတာ ။ ) မြန်မာနိုင်ငံ အရပ်ရပ် က မြို့ကြီးတွေ တော့ ရောက်ဖူး ပါတယ် ။ ဖေဖော်ဝါရီ ၂၂ ရက် နေ့ က မူဆယ် ရောက် တော့ ပို သိသာတယ် ။ ညနေ သုံးနာရီ လောက် ဆို မူဆယ် ဈေးကြီး ထဲ က ကုန်ပစ္စည်း မျိုးစုံ လူတွန်းလှည်းတွေ နဲ့ ဆွဲ ထုတ်ပြီး ညဈေး မှာ ခင်း ကြပြီ ။ ည ၉ နာရီ ၁ဝ နာရီ ကြိတ်ကြိတ်တိုး ပဲ ။
အဲဒါဟာ ဈေး ရဲ့ သဘော ၊ ဈေးသည် ရဲ့ သဘော ပါ ဘဲ ။ ဝယ်သူ ဆိုတာ သိပ် ခက်ခက်ခဲခဲကြီး မရှာချင်ဘူး ၊ မကြည့်ချင်ဘူး ၊ အချိန်ကုန် မခံနိုင်ဘူးဗျာ ။ အဲသည်တော့ သူ က ကြည့် ထားတယ် ။ ဘယ်နေရာလေး မှာ ဘာဆိုင် ရှိတယ် ၊ ဘယ်လို ပစ္စည်းတွေ ရတတ်တယ် ၊ ဘယ်အချိန် ဖွင့်တတ်တယ် ၊ တချို့ ဆို ဆိုင်ပိုင်ရှင် ဘယ်သူ ဘယ်ဝါ က စ အလွတ် ကျက်ထားတာ ။ ( အလစ် မှာ ရည်းစား စကား ပြော ဖို့လည်း ပါတယ် ။ ) မျက်မှန်း တန်းမိ နေတဲ့ ဆိုင်ကလေး ရုတ်တရက် ပျောက်သွားရင် မျက်ခြေ ပြတ် သွား ရော ၊ ယုန်ကလေးများ လို ( ကျွန်တော်တို့ တောရွာ မှာ ယုန် ထောင်တော့မယ် ဆိုရင် ယုန်လမ်း ကို အရင် ကြည့် ထားရတယ် ။ ယုန်ကလေးတွေ က သူတို့ ပြေးမယ့် လမ်း မှာ မြက်ပင်ကလေးတွေ ကို ကိုက်ဖြတ် ထား ကြတယ် ။ စားတာ မဟုတ်ဘူး ၊ ပြေးရ လွှားရ လွယ်အောင် လမ်းဖောက် ထားတာ ၊ အကြောင်း ရှိ သည် လမ်း က ပဲ ပြေးတယ် ၊ လမ်းကြောင်း မှား ရင် မသွားတတ် ကြတော့ဘူး ။ ) လူတွေ လည်း သည် အတိုင်းပဲ ဝယ်နေကျ ဆိုင် ဝယ်နေကျ ဖောက်သည် ကို ယုံကြည် တတ်ကြတယ် ။ ဈေး များတာ နည်းတာ အသာ ထား ပစ္စည်း က စိတ်ချတယ် ။ ရဲရဲ ဝယ်တယ် ရဲရဲ ရောင်းတယ် ။ ပစ္စည်း အသစ် ၊ မျက်နှာ အသစ် ၊ လူ အသစ် မဆက်ဆံ ချင်ကြဘူး ၊ စကား အသစ်တွေ မပြော ချင်ကြဘူး ဗျာ့ ။ လူ့ သဘာဝ ။ ဆိုင်ရှင် အသစ် ၊ မျက်နှာ အသစ် ဆို ပစ္စည်းဈေး လျှော့ ပေး တာ တောင် မဝယ်ချင်ဘူး ၊ လန့်တန့်တန့် ၊ ရွံ့တွန့်တွန့် ဗျာ ၊ ဟုတ်မှ ဟုတ်ရဲ့လား ၊ သံသယတွေ ပွားတတ်တယ် ။ ကျွန်တော် ဆို သည် အတိုင်းပဲ ။
“ အိုကေကြီး ပဲဆန် သွင်း ချင်တယ်ဗျာ ၊ လိုချင်တဲ့ ပုံစံ ဖြစ်စေရမယ် ၊ ဈေး လည်း လျှော့ ပေးမယ်ဗျာ ”
အဲသည်လို မျိုး ခဏခဏ ကြုံရတက်တယ် ။
“ ဟာ မလုပ် နဲ့ ငါ့ မှာ ဖောက်သည်တွေ ရှိပြီးသား ”
ငြင်း လွှတ် ရတာ အခါခါ ဗျာ ၊ ဘာကြောင့်လဲ ဆိုတော့ လူ အသစ် မဆက်ဆံချင် ၊ စကား အသစ် မပြော ချင်လို့ ဗျာ ။ ဈေး လျှော့ ပေးလို့ အမြတ် ပိုရတာ နဲ့ မကာမိဘူး ၊ တစ်ခါ တစ်ရံ မှာ အဖုအထစ်တွေ ၊ စကား အလု အငြင်း ပြော ရတာတွေ ကြုံရတက်တယ် ။ ( အလုပ် လုပ်နေကြ သူတိုင်း ကြုံဖူးမှာပါ ။ ) မိတ်ပျက် ရတတ်တယ် ။ အဲဒါကြောင့် ဖောက် ပြီးသား ပြေးလမ်းကလေး ကို ပဲ အားကိုးတယ် ။ ယုန်ကလေးများ လို ပဲ ။
ဈေး အသစ်ကြီး တွေ မစည်တာ ၊ ခြောက်ကပ် နေတာဟာ ဒါကြောင့်ပါဘဲ ။ လူ တွေဟာ ဝယ်နေကျ နေရာလေး ၊ ဝယ်နေကျ ဆိုင်ကလေး ကို ဆက်လက် အားပေး နေကြတော့ ဈေး သစ်ကြီး ဘယ်လောက် ကောင်းကောင်း မူလ လက်ဟောင်း ဖောက်သည်
ဆိုင်ကလေးတွေ ဟာ စည်ကား မြဲ ပါပဲဗျာ ။ သွားကြည့် ဝယ်ကြည့် ပါ ။ လမ်းကြောင်း မပြောင်း ချင်ဘူးဗျာ ၊ လမ်းကြောင်း ပြောင်း ရရင် မျက်စိ လည်တယ် ၊ အချိန် ကုန်တယ် ၊ အဝယ် မှား မိရင် ဒေါသ ထွက်ဦးမယ် ၊ အသက် တို ရမယ်ဗျာ ။
( ကျွန်တော် က တော့ အသက် ရှည်ရှည် နေချင်တယ် ၊ ပိုက်ဆံ ရှိရင် ပို ကောင်းတယ် )
◾မောင်ချမ်းသာ
📖 မောင်ချမ်းသာ ၏ ချမ်းသာနည်း
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment