❝ ကျင်းပျောက်သူ ❞
“ ဦးထွန်းဝကြီး ဆုံးသွားပြီတဲ့ ”
“ အလောင်း ကို ဆေးရုံ က သယ် လာပြီး အခု ရွာပြင် ဇရပ် မှာ ထားသတဲ့ ”
နွေလေ နှင့် အတူ နာရေး သတင်း က “ ကွမ်းတော်ကုန်း ” တစ်ရွာလုံး ကို လွှမ်းခြုံ သွား၏ ။ နာရေး သတင်း နှင့် အတူ အသုဘ ရုပ်အလောင်း မှာ အပုပ်နံ့ က လည်း ထက်ကြပ် မကွာ လိုက်ပါလာသည် ။
“ အလောင်း ကို သုသာန် မှာ မြှုပ်ဖို့ လူကြီး က သဘော မတူဘူး တဲ့ ”
“ သူ့ သားမြေးတွေ က သက်သက် အယူသီးတာပဲ ဆိုပြီး ဒေါသ ထွက် နေကြ သတဲ့ ”
နောက်ထပ် နောက်ထပ် သတင်းတွေ က လည်း လေပွေ ဝှေ့ သလို ရွာ ထဲ မှာ ပတ်ချာလည် နေတော့၏ ။
ကွမ်းတော်ကုန်း အပါအဝင် တောကျေးလက် မှ လူများ သည် ယနေ့ ထက်တိုင် အယူသီး နေကြဆဲ ဟု ပြော ရမလား ။ ကမ္ဘာ သည် ရွာကြီး ဖြစ်သွားသည့် အချိန် မှာ ၊ ကမ္ဘာ ပြားပြီ ဟု ပြောနေကြသည့် အချိန် မှာ သူတို့ က တော့ ရှေးမူ ၊ ရှေးထုံး ၊ ရှေးဓလေ့တွေ ကို ပွေ့ဖက် ထားနေကြဆဲ တည်း ။
နိုင်ငံရေး ၊ စီးပွားရေး ကိစ္စရပ် တွေ မှာ ခေတ်စနစ် ပြောင်းတိုင်း ၊ ဥပဒေသတွေ ပြောင်းတိုင်း လိုက် ပြောင်းခဲ့ ကြရသော်လည်း သာရေး ၊ နာရေး ၊ လူမှုရေး ကိစ္စများ မှာ တော့ “ ရှေးထုံး ကို လည်း မပယ်နဲ့ ” သြဝါဒ က ခိုင်ကျည် နေဆဲ ဖြစ်၏ ။ တစ်ခါတစ်ခါ ခေတ်မီ တိုးတက် ပြောင်းလဲ ချင်သည့် လူငယ်များ နှင့် ရှေးထုံး ရှေးမူ ဘိုးဘွား အစဉ် အလာ ကို မဖျက်ချင်သည့် လူကြီးများ ငြင်းကြ ၊ ခုံကြ ၊ ပြဿနာ တက်ရသည့် အခါ များ လည်း ရှိတတ်လေ သည် ။
ယဉ်ကျေးမှု ဓလေ့ထုံးစံ ဆိုသည် က လည်း တစ် ကျောင်း တစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်း ဆိုသလို ကိုယ့် အရပ် နဲ့ ကိုယ့်ဇာတ် ၊ ကိုယ့်ထီးနန်း နဲ့ ကိုယ့်စည်းကမ်း အမျိုးမျိုး ဖြစ်နေ လေတော့ အမှန်အမှား ခွဲခြားရ ခက် လှ၏ ။
ကွမ်းတော်ကုန်းရွာ သည် ရှေးမင်းများ လက်ထက် ကတည်း က တည်ထား ခဲ့သည့် ရွာကြီး ဖြစ်၏ ။ အင်းဝ ရှင်ဘုရင် နှင့်တကွ မင်းညီမင်းသား မှူးမတ် အတွက် ကွမ်းရွက် စိုက်ပျိုး ဆက်သ ရသောကြောင့် ကွမ်းတော်ကုန်း ဟု အမည် တွင် ခဲ့ကြောင်း ဗျူပ္ပတ် က ဆို၏ ။ ခေတ်စနစ် အချိုး တစ်ကွေ့ မှာတော့ သြဇာ ထက် လာသည့် ခေတ် ပညာတတ် ကေဒါ တစ်ယောက် က ကွမ်းဆက် တဲ့ ရွာ ထက် ဘုရင် ကွန်းခို နားနေတတ် တဲ့ ရွာ ဆိုတာက ပို ကောင်းမယ် ဟု မှတ်ချက် ပေးကာ မသတ် ကို နသတ် ပြောင်းပြီး ကွန်းတော်ကုန်း ဟု ထွင် လိုက်လေ၏ ။ ရာဇဝင် ကို ကြိုက်သလို စာတင်လို့ ရသည့် ခေတ် ဆိုတော့ ကွန်းတော်ကုန်း ရ.လ.က ။ ကွန်းတော်ကုန်း လလသသ ။ ကွန်းတော်ကုန်း မယက ၊ ကွန်းတော်ကုန်း အစိုးရ မူလတန်းကျောင်း စသဖြင့် ဆိုင်းဘုတ် ပြောင်း လိုက်ကြ လေ၏ ။ လူငယ်တွေ က အမှုမဲ့ အမှတ်မဲ့ နေခဲ့ကြ သော်လည်း သမိုင်းအမှန် ကို တန်ဖိုးထားသည့် လူကြီးတွေ တော်တော် စိတ်ဆင်းရဲ ခဲ့ကြလေသည် ။
ခုတော့လည်း မသတ် နှင့် “ ကွမ်းတော်ကုန်း ” ပဲ ပြန် ဖြစ် နေပါပြီ ။
ရိုးအတယ် ပြောမလား ။ ရိုးဖြောင့်တယ် ပြော မလား ။ ကွမ်းတော်ကုန်း ရွာသားများ ၏ ရာဇဝင် က လည်း စာတင် လောက်ပါပေသည် ။ ၁၉၆၂ တော်လှန်ရေး ကောင်စီ တက် လာတော့ မြေယာဥပဒေ အသစ် ပြဋ္ဌာန်း ကာ “ လယ်လုပ်သူ လုပ်ပိုင်ခွင့် ” မူဖြင့် ကိုယ်တိုင် လယ် မလုပ်သည့် လယ်ပိုင်ရှင်များ ထံ မှ မြေ ကို သိမ်းကာ လယ်ကူလီများ သို့ ချပေး လေ၏ ။
“ သူများ မြေ အလကား မလိုချင်ပါဘူး ။ မြေခံ နေရ ပါဦးမယ် ”
“ သူများ မျက်ရည် နဲ့ ထမင်းအိုး မတည်ချင်ပါဘူး ” ဆိုကာ ခေါင်းယမ်း ခဲ့ကြသူတွေ အများကြီး ရှိခဲ့၏ ။ ပါးနပ်သူ တစ်စု သာ ပါတီယူနစ် ၊ နလက လူကြီးများ နှင့် ပေါင်းပြီး ခွဲခြမ်း ယူခဲ့ကြလေသည် ။ တချို့က တခြားရွာသားတွေ ပေးပစ်မည် ဆိုမှ လက်ခံသည် ။ ဒါတောင် မူလ ပိုင်ရှင် ထံ လယ်ထောက်ခ ၊ သီးစားခတွေ တိုးတိုး တိတ်တိတ် သွား ပေး နေကြသေး ဆို၏ ။
အနှီ ကွမ်းတော်ကုန်း ၏ သာရေး ၊ နာရေး ထုံးဓလေ့တွေ ကလည်း ယနေ့ ထက်တိုင် ရှေးမူ ၊ ရှေး အစဉ်အလာ မပျက်သေး ။ အလှူ ပေးလျှင် တစ်ရွာလုံး ကို ( နှစ်ရက် ) ထမင်း သုံးနပ် ကျွေး ရသည် ။ ရွာနားနီးချင်း တွေ ကို ဖိတ်စာ ဖြင့် ကွက် မဖိတ်ရ ။ အယုတ် အလတ် အမြတ် မရွေး ဗျို့ဟစ်ပြီး ဖိတ် ရသည် ။ နာရေးကျ စည်းကမ်း က တစ်မျိုးဖြစ် နေပြန်၏ ။ သာရေး နှင့် နာရေး တိုက် ဆိုင် နေလျှင် သာရေး က ရက်ရွှေ့ ပေးရသည် ။ ရွာသား တစ်ယောက် ရွာ အပြင် မှာ သေဆုံး ခဲ့ လျှင် အသုဘ ရုပ် အလောင်း ကို ရွာသုသာန် မှာ အမြှုပ် မခံ ။ ရွာသုသာန် သည် ရွာသားတွေ မှ လွဲလျှင် အခြား မည်သူ့ ကို မျှ အမြှုပ် မခံ ။ စည်းကမ်း ဖောက်ဖျက် ပါ က နာရေးတွေ ဆက်တိုက် ဖြစ်မည် ။ အခြား လူမှုရေး ၊ စီးပွားရေး ဒုက္ခတွေ တစ်လှေကြီး လိုက်လာမည် ဟု အယူ ရှိကြလေသည် ။
ယခု ပြဿနာ ၌ ဦးထွန်းဝ သည် ကွမ်းတော်ကုန်း ချက်မြှုပ် ၊ ကွမ်းတော်ကုန်း ရွာသား အစစ် ဖြစ်ပါ၏ ။ သို့သော် လွန်ခဲ့သည့် နှစ် အတန်ကြာ က ပါတီယူနစ် လူကြီးဟောင်း ဖြစ်သော သူ့သမက် ရှိရာ မြို့သို့ ပုံစံ ၁၀ ဖြင့် အပြီး ပြောင်းရွှေ့ သွားသောကြောင့် တခြား မြို့ရွာ စာရင်း ပေါက် ဧည့်သည် တစ်ယောက် ဖြစ်သွားပြီ ဟု သတ်မှတ်ကြ လေသည် ။
ဦးထွန်းဝ ၏ သားသမီး မြေးတချို့ သည် ရွာ မှာ ရှိ သော်လည်း သူတို့ မျက်နှာ မထောက်နိုင် ။ စည်းကမ်း ဟာ စည်းကမ်း ပဲ ဟု ပြင်းပြင်းထန်ထန် ငြင်းဆန်ကြ လေ သည် ။ သားသမီးတွေ က လည်း ဆွေစဉ်မျိုးဆက် သည် ရွာ မှာမွေး ၊ သည် ရွာ မှာ ကြီးပြင် ၊ သည် ရွာ မှာ ပဲ ကွယ်လွန် ၊ သည် ရွာ သုသာန် မှာ ပဲ မြှုပ်နှံခဲ့ကြရာ ဦးထွန်းဝ ကျ မှ သက်သက် ညစ်တာ ဟု ဒေါသတွေ ထွက် တုတ် တစ်ပြက် ဓား တစ်ပြက် ဆိုက်လု နီးလာ၏ ။
ဦးထွန်းဝ ၏ သမီး တစ်ယောက် က တော့ “ ဟိုတုန်း က များ အဖေ့ ကို မော် မကြည့်ဝံ့တဲ့ သူတွေ က ခု ကျ မှ အဖြစ် ဆိုးလှချည်လား အဖေ ရဲ့ ” ဟု အလောင်း ဘေး မှာ အော်ဟစ် ငိုကြွေး နေလေ၏ ။
အနီးအနား က ရွာတွေ မှာ အခြေကျ နေသည့် ဦးထွန်းဝ ၏ သားမြေးများ ရှိသေးသော်လည်း ထို ရွာ တွေ က လည်း သူတို့ မျက်နှာ မထောက်ထားနိုင် ။ ရုပ် အလောင်း ကို မြှုပ်နှံ ခွင့်ပြုဖို့ နေနေသာ သူတို့ ရွာ ဇရပ် မှာ ပင် လာ အထား မခံ ။ ညီညီညွတ်ညွတ် ငြင်းဆန် နေကြ၏ ။
နောက်ဆုံး ပြဿနာ က ရွာဦးကျောင်း ဆရာတော် ထံ ရောက် လေ၏ ။ ဆရာတော် က ...
“ သည် ရွာ ရဲ့ ထုံးဓလေ့တွေ က ရှေးပဝေသဏီ ကတည်း က ရှိခဲ့တာ ။ အဲဒါတွေ ကို ဖျက်ပါလို့ ဘုန်းကြီး ဝင် အမိန့် မပေးနိုင်ဘူး ။ လက်ရှိ ရွာသားတွေ ကြည်ဖြူ ရင်မြှုပ် ။ မကြည်ဖြူ ရင် မမြှုပ် နဲ့ ဒါပဲ ” ဟု တိုတိုတုတ်တုတ် မိန့် လေသည် ။ နောက်ဆက်တွဲ ကံ ကံ ၏ အကျိုး ၊ “ ဝဋ်ကြွေး ရှိရင် ဆပ်ရတာပဲ ” ဟု ဆရာတော်ကြီး ဦးဗုစ် အဆုံးအမ စကားကို လက်ဆောင် ပါး လိုက် လေ၏ ။
နောက်ဆုံး ၏ နောက်ဆုံး ပြဿနာ က မြို့နယ်ရုံး သို့ ရောက် လေ၏ ။ မြို့နယ် က ကျေးရွာ ဥက္ကဋ္ဌ ကို ခေါ် မေး သည် ။
“ တစ်ရွာလုံး နဲ့ တစ်ယောက် ပဲ ဆရာ ရေ ။ ဦးထွန်းဝ ဆွေမျိုး တချို့တောင် အမြှုပ် မခံတဲ့ဘက် ပါ နေတာ ဇွတ် လုပ်လို့တော့ ရမယ် မထင်ဘူး ”
မြို့နယ် ဥက္ကဋ္ဌ လည်း ခေါင်း တယမ်းယမ်း ဖြင့် မြို့နယ် အစည်းအဝေး ထိုင် လေ၏ ။ ဆုံးဖြတ်ချက် ကို ကျေးရွာ ဥက္ကဋ္ဌ အား ခေါ် ပြောသည် ။
“ ဦးထွန်းဝ အလောင်း ကို ကျေးရွာ သုသာန် မှာ အမြှုပ် ခံမယ် ၊ မခံဘူး ။ တစ်ရွာလုံး ကို ဆန္ဒမဲ ကောက် လိုက် ၊ များတဲ့ ဘက် အနိုင် ပဲ ”
“ မဲရုံတွေ မဲပုံးတွေ နဲ့ လုပ်ရမှာလား ဆရာ ”
“ ဟာ ... အဲသည်လောက် ကြီးကြီးကျယ်ကျယ် လုပ် စရာ မလိုဘူးလေ ။ အိမ်ထောင်စု စာရင်း ကိုင်ပြီး တစ်အိမ် တက်ဆင်း လိုက် မေးပေါ့ ”
“ အမြှုပ် မခံတဲ့ ဘက် က နိုင်မှာ သေချာပါတယ် ဆရာ ရယ် ။ စာရင်း ကောက် စရာ တောင် မလိုပါဘူး ”
“ ပြည်သူ့ဆန္ဒ ကို တရားဝင် ဖြစ် သွားအောင် လုပ် ခိုင်းတာလေဗျာ ”
“ အမြှုပ် မခံတဲ့ ဘက် က နိုင်သွားရင် အလောင်းကြီး ဘယ်သွား မြှုပ်ရမှာတုန်း ”
“ မြို့နယ် သင်္ချိုင်း လာ မြှုပ်ဗျာ ။ လိုအပ်တဲ့ အကူ အညီ ပေးမယ် ပြောလိုက် ”
သည်လိုနှင့် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ သည် လူထု သဘောထား ခံယူမည့် အကြောင်း မောင်း ခတ် ရ လေ တော့၏ ။
တချို့ နောက်ပေါက် လူငယ်များ ကတော့ “ ဒါလေး များဗျာ အလုပ်ရှုပ် ခံလို့ ။ ရွာသုသာန် မှာ မြှုပ် လိုက်တော့ ကော ဘာဖြစ်မှာ ကျလို့ ။ အယူ သီး လိုက်ကြတာ ” ဟု စောဒက တက် ကြလေ၏ ။
“ ဟဲ့ .. နင်တို့ က ဦးထွန်းဝ ရာဇဝင် ကောင်းကောင်း မှ မသိတာ ။ ဒီလိုဟဲ့ ” ဟု ဆန္ဒမဲ မပေးခင် အကြေး လှန်ကြ လေ၏ ။
••••• ••••• •••••
“ ပထမစ ခေတ် မှာ ကိုထွန်းဝ က ပမညတ ဟဲ့ လူငယ် ပေါ့ ”
“ ဘာလဲဗျ ၊ ပထမစ တို့ ပမညတ တို့ ဆိုတာ ”
ရှေ့မီ နောက်မီ လူကြီးများ က စိတ်ရှည် လက်ရှည် ရှင်းပြကြရ ပြန်၏ ။
“ နောက်တော့ ကိုထွန်းဝ သမက် က အရန် ဆို လား တင်းပြည့် ဆိုလား ၊ ပါတီစိတ် အတွင်းရေးမှူး ဆိုလား ဖြစ် ။ တို့ ရွာ ကွမ်းတော်ကုန်း ကို ကွန်းတော်ကုန်း လို့ ပြောင်း ပစ်တာ သူ ပေါ့ ။ ကိုထွန်းဝ က ရလက ဥက္ကဋ္ဌ ။ သူ့ ညီ က မယက ဥက္ကဋ္ဌ ။ သူ့ သား က လလသသ အတွင်းရေးမှူး ။ အို .. သူတို့ အမျိုးတွေ ချည့်ပါပဲ ”
အရန် ၊ တင်းပြည့် ၊ ရလက ၊ မယက ဆိုတာတွေ ချည်း ရှေ့မီ နောက်မီ လူကြီးများ ခမျာ စိတ် မရှည် တရှည် ဖြင့် ရှင်းပြရ ပြန်လေ၏ ။
လူငယ်များ လည်း စိတ်ဝင်တစား ဖြစ်လာကြ၏ ။
“ မြေယာ ဝေခြမ်း လုပ်တော့ သူများ မြေ မတရား သိမ်း ပြီး သူတို့ ပဲ ခွဲဝေ ယူခဲ့ကြတာ ။ သံသရာကြွေး မကြောက် ဘာမကြောက် ။ သားထောက် သမီးခံ မရှိ တဲ့ အဘိုးကြီး ၊ အဘွားကြီးတွေ မြေသိမ်းခံ ထိတော့ တငိုငို တယိုယို ။ ဒီစိတ် နဲ့ ပဲ သေကုန်ကြတာ မနည်းဘူး ”
“ တယ်ဆိုးပါကလား ” ဟု လူငယ်များ က မှတ်ချက် ပေးကြ၏ ။
“ သမဆိုင် က ခွဲတမ်း ချ ရင် ကြိုးပြာပိတ် တို့ ၊ ပေါ် ပလင်ပွင့်ရိုက် တို့ ဆို သူတို့ ပဲ မဲပေါက်တယ် ။ တို့ တစ်တွေ က တော့ မာလကျင် ပဲ ”
ကြိုးပြာ ၊ ပေါ်ပလင် ၊ မာလကျင် ပိတ်စများ အကြောင်း လည်း ရှင်းပြရ ပြန် သေး၏ ။
“ ပြည်သူ့ ကောင်စီ ခေတ် ရောက် တော့ လည်း ဦးထွန်းဝ က ကောင်စီ ဥက္ကဋ္ဌ ဆက် ဖြစ်တယ် ။ ရွာ မှာ ဘုရင် တစ်ဆူ ဟဲ့ ”
“ သူ့ ဘုန်းကံ ကို က ကြီးတာကိုး ဗျ ”
ဒေါ နှင့် မော နှင့် ပြော နေသော လူကြီးတွေ ကို လူငယ်တွေ က ကလိကြ၏ ။
“ တို့ တစ်ရွာလုံး တစ်နယ်လုံး ဆင်းရဲလိုက်ကြတာ လေ ။ ငစိန်ဆန် နဲ့ မျှစ်ပြုတ် အနိုင်နိုင်တဲ့ ။ အလှူအတန်း လည်း ကောင်းကောင်း မပေးနိုင် ။ ပွဲလမ်းသဘင် ဆိုတာ ကျီး နဲ့ ဖုတ်ဖုတ် ”
“ အဲဒါ တစ်နိုင်ငံလုံး ပါ ဗျာ ”
“ ဟဲ့ ... သူတို့ ဆွေမျိုး တစ်သိုက် မပါဘူး ဟဲ့ ။ ဆန် အချော နဲ့ အသားဟင်း နေ့တိုင်း စား နိုင်တယ် ။ ရွာ စာသင် ကျောင်း အတွက် ထောက်ပံ့ကြေးတွေ လည်း သူတို့ အိတ် ထဲ ရောက် သွားဆိုပဲ ။ သမ အရောင်းဆိုင် မှာလည်း စာရင်းတွေ ဖြောင့်ကြ ဆိုလား ၊ ဖြောင်ကြ ဆိုလား ”
“ အမှုအခင်း ဖြစ်ရင်လည်း အဂတိ လိုက်စားလိုက် တာ ။ ကျမ်း မကြောက် ကျိန် မကြောက် ။ အဲဒါကြောင့် ဦးထွန်းဝကြီး ကို ကျမ်းစူးတယ် ပြောကြတာပေါ့ ”
လူငယ်တွေ လည်း တဖြည်းဖြည်း သဘော ပေါက် လာကြလေ၏ ။
“ အရေးအခင်း ဖြစ်တော့ ဦးထွန်းဝကြီး က ရွာ က ပျောက် သွားရော ။ မြို့ က ပါတီယူနစ်ဆိုတဲ့ သူ့ သမက် အိမ် သွား နေတာ ။ အိမ်ထောင်စု စာရင်း ပါ ရွှေ့သွားတာ ”
တစ်ရွာလုံး ဝမ်းသာ ကြတယ်ပေါ့လေ ။
လူငယ်များ က အားတက် သရော ဝင်ထောက်၏ ။
“ ဝမ်းသာ ပါလိမ့်မယ် အားကြီး ။ နောက် လာတဲ့ မောင်ပုလဲ ဒိုင်းဝန် ထက် ကဲ ။ ဟဲ့ ... ခု အလောင်း အမြှုပ် မခံရ ကောင်းလား လို့ တုတ်ဆွဲ ၊ ဓားဆွဲ လုပ် နေတဲ့ သူ့ မြေး အကြီးကောင် က ရွာ မှာ ဘုရင် ဆက် ဖြစ် သဟဲ့ ။ ညကြီး အချိန် မတော် သူများ အိမ် ပေါ် ဖိနပ် နဲ့ တက် လာပြီး ဧည့်စာရင်း စစ်တာ သူ ပေါ့ ”
“ ဒါကတော့ ဦးထွန်းဝကြီး နဲ့ မဆိုင်တော့ဘူး လေဗျာ ”
“ ဟဲ့ ... ဘာလို့ မဆိုင်ရ မှာတုန်း ။ ဘမျိုး ဘိုးတူ တဲ့ ။ သူ့ သား ၊ သူ့ မြေး ၊ သူ့ မျိုးဆက်တွေ ပဲ ဥစ္စာ ။ ငါတို့ က တော့ အမြှုပ် မခံနိုင် ပေါင် ။ ရွာ နာတယ်ဟေ့ ”
ထင်သည့် အတိုင်း ဦးထွန်းဝကြီး မြှုပ်နှံဖို့ အရေး တစ်အိမ် တက်ဆင်း ဆန္ဒမဲ ယူတော့ ၉၀ ရာခိုင်နှုန်း ကန့် ကွက်မဲ ပေးကြလေ၏ ။
ရွာပြင် ဇရပ် က ဥတုဇ ရုပ်အလောင်း က လည်း အပုပ် နံ့ တထောင်းထောင်း ထွက် နေပြီ ။
မြို့နယ် အစီအစဉ် ဖြင့် နိဗ္ဗာန်ယာဉ် အကူအညီ တောင်းပြီး မြို့သုသာန် မှာ မြှုပ်နှံ သင်္ဂြိုဟ် လိုက်ရ၏ ။ အသုဘ ရာဇဝင် မှာ လိုက်ပါ ပို့ဆောင်သူ အနည်း ဆုံး အသုဘ ဟု မှတ်တမ်း ဝင် သွားလေသည် ။
ကွမ်းတော်ကုန်း ရာဇဝင် မှာ လည်း လူကြီးသူမတွေ အဖို့ နောင်လာ နောက်သားများ ကို ဆုံးမစရာ စကား တစ်ခု တိုးသွားလေ၏ ။ ။
◾ဂျိုဇော်
📖 ပေဖူးလွှာ မဂ္ဂဇင်း
၂ဝ၁၃ ၊ ဧပြီလ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment