Thursday, December 14, 2023

ဖိုးမောင်ကြီး


 

❝ ဖိုးမောင်ကြီး ❞

ဖိုးမောင်ကြီး အကြောင်း သာ ပြောရမယ် ဆိုရင် ကျွန်တော် တို့ ရွာ မှာ ပြောချင်သူ က အများသား ။ အရပ် ထဲ က အိမ်တကာ လှည့်ပြီး အနှိပ်သည် လုပ်တဲ့ ( အဓိက ကတော့ ရွာထဲက အတင်းအဖျင်း သတင်းစုံ ကို ဖြန့်ဝေ ပေးတဲ့ ) ဒေါ်စိန် လည်း ပါရဲ့ ။

တစ်နေကုန် မြင်းလှည်း မောင်း ၊ ညနေစောင်း ကျ ဦးဝေလာ ဆိုင် မှာ တစ်ခွက် တစ်ဖလား မော့ တတ်တဲ့ ကိုကျော်မြင့် လို လူ က လည်း ဖိုးမောင်ကြီး အကြောင်း သာ ဆိုရင် အရက် နဲ့ မြည်းရင်း အဆီ တစ်ထပ် ၊ အသား တစ်ထပ် ပါပဲ ။ ကိုကျော်မြင့် တစ်ယောက် ပြော လည်း ပြော ၊ သောက် လည်း သောက် နဲ့ နားထောင်
တဲ့ လူတွေ မှာ တော့ ခေါင်း တမော့မော့ နဲ့ ပေါ့ ။

ကျောင်းဆရာလေး ကိုလေးလွင် က လည်း မှတ်ချက် တစ်ခု ချဖူးတယ် ။ ' ရှားတယ် ' တဲ့ ။ ရှားတယ် ဆိုတာ ဘာကို ဆိုလိုတာလဲ ဆိုတာ ကို တော့ ဆရာလေး
ပဲ အသိဆုံး ဖြစ်မှာပါ ။

ဖိုးမောင်ကြီး အကြောင်း လူတကာ ပါးစပ်ဖျား မှာ ဒီလောက် ရေပန်းစား နေတော့ ကျွန်တော် က ရယ်ချင် မိတယ် ။ အဟုတ်လေ ။ အကြောင်းက သူတို့ ပြော နေတဲ့ ဖိုးမောင်ကြီး ဆိုတာက ကျွန်တော့် ဘကြီး အရင်း ကိုး ။

ဒါပေမယ့် ကျွန်တော် က လည်း သူများ ခေါ် သလို ဖိုးမောင်ကြီး လို့ပဲ ခေါ် တာပါပဲ ။ သူ ကလည်း အဲ့လို ခေါ် မှ ကြိုက်တယ်လေ ။ သူ့ နာမည် ရှေ့မှာ ' ဦး ' တို့ ၊ ' ကို ' တို့ တတ် ခေါ်ရင် သူ က စိတ် ဆိုးတယ် ။

တကယ်တော့ အမေ တို့ ၊ ဖိုးမောင်ကြီး တို့ က ဒီ ရွာ ဇာတိ မဟုတ်ပါဘူး ။
ဒီ ရွာ မြောက်ဘက် နှစ်တိုင် လောက် က ကန်ကြီးကုန်းရွာ ဇာတိ ပါ ။ အမေ တို့ မိဘများ က အမေ တို့ ငယ်ငယ် ကတည်း က တိမ်းပါး သွားရှာကြပါတယ် ။ ကျွန်တော့် အဘိုးအဘွား ဆုံး ချိန်မှာ အမေ က ခုနစ်နှစ် သမီး ပဲ ရှိ သေးတယ် ဆိုပဲ ။
အဲဒီ ကတည်း က လူပျိုပေါက် ဖြစ်နေတဲ့ ဖိုးမောင်ကြီး က ညီမလေး ဖြစ်တဲ့ အမေ့ ကို ပြုစု လုပ်ကျွေး ခဲ့တာ ။ အမေ အိမ်ထောင် ကျတဲ့ အထိ ဆိုပါတော့ ။ အမေ့ ကို
လည်း တုန် နေအောင် ချစ် ရှာတယ် ။ ဖိုးမောင်ကြီး တစ်ယောက် ညီမ ကို ချစ်တာ တစ်ရွာလုံး က ဩချ ယူ ရတယ် ဆိုပဲ ။

မိဘတွေ တိမ်းပါးပြီး နောက်ပိုင်း မှာ အမေ တို့ မောင်နှမ မချောင်လည်
ကြရှာပါဘူး ။ ဒါပေသည့် ဆင်းရဲ ပေမယ့် ဖိုးမောင်ကြီး က အမေ့ ကို ခြေမွေး မီး မလောင် ၊ လက်မွေး မီး မလောင် ထားတယ် ။ အမေ ဆိုရင် အိမ်ထောင် ကျ မှ
ထမင်း ချက် သင်ရတယ် လို့ ကျွန်တော့် ကို အမေ က ပြောဖူးတယ် ။

မနက် အရုဏ် တက် တာနဲ့ ထမင်း ဟင်း အပြည့် အစုံ ချက်ပြီး မှ ဖိုးမောင်ကြီး ကိုင်း ထဲ ကို သွားတယ် ။ သူ့ ဆီ မနက်စာ ထမင်းတောင်း လာ ပို့ရင် သူ့ ညီမလေး နေပူစပ်ခါး မှာ ပင်ပန်း ရှာမယ် ဆိုပြီး မနက် အစောကြီး ထဲ က ထမင်း ကို ထုတ်ပြီး ယူသွား တတ်တာ ။ ကုန်ကုန် ပြော ရရင် ညီမ လိမ်း ဖို့ သနပ်ခါး တောင်
ကိုယ်တိုင် သွေးပေး ရှာသတဲ့ ။

ရယ်စရာ လည်း ကောင်း ၊ သနားစရာ လည်း ကောင်း တဲ့ အဖြစ် တစ်ခု ရှိ သေးတယ် ။ အမေ အပျိုဘော် ဝင်လို့ မိန်းမတို့ ဘာဝ ပထမ ဆုံး ရာသီပန်း ပွင့် တဲ့ အချိန် ပေါ့ ။ အမေ က လည်း သိဖူး ကြားဖူးတာ မဟုတ်လေတော့ ကြောက်ကြောက်လန့်လန့် နဲ့ အစ်ကို့ ကို ဖက်ပြီး ငို ရှာတယ် ။ ဘာပြော ကောင်း မလဲ ။ ဖိုးမောင်ကြီး တစ်ယောက် ညီမ ကို ပွေ့ပြီး ရွာဦးကျောင်း က ဦးဇင်းမောင်မောင် ဆီ ပြေး တော့တာပဲ ။ ဦးဇင်းမောင်မောင် က ဆေးလေးဝါးလေး လည်း မတောက် တစ်ခေါက် ကု တတ် တာကိုး ။ ဦးဇင်း ခမျာ လည်း မိန်းမ ကိစ္စ ဆိုတော့ ပြောဖို့ က ခက် နေတုန်း ဦးဇင်း မယ်တော် ဒေါ်ရွှေဥ က ဝင် ရှင်းတော့မှ ပြဿနာ ငြိမ်းတော့ ဆိုပဲ ။

အဖေ နဲ့ အကြောင်း ပါလို့ ဒီ ရွာ ကို သျှောင် နောက် ဆံထုံး ပါ ဆိုသလို
အမေ လိုက် လာတော့ ဖိုးမောင်ကြီး တစ်ယောက် မျက်ရည်တုတ်တုတ် ကျ ပြီး ကန်ကြီးကုန်း မှာ ကျန်ခဲ့ ရှာတယ် ။ အဖေ့ ကို လည်း မှာ ရှာတယ် ။ သူ့ ညီမလေး ကို ဘာ အကြောင်း ကြောင့် မှ မရိုက်ပါ နဲ့ တဲ့ ။ အမှားအယွင်း ရှိရင် သူ့ ကို ပြောပါ ။ သူ ဆုံးမ ပေးပါ့မယ်လို့ တောင်းပန် ရှာတယ် ။

အဲ .... အမေ တို့ ဒီရွာ ရောက်ပြီး တစ်ပတ် လောက် ပဲ ကြာမယ် ။ ဖိုးမောင်ကြီး ပေါက်ချ လာရော ။ အမေ တို့ နဲ့ အတူ နေတော့ မလို့တဲ့ လေ ။ ကန်ကြီးကုန်း မှာ
ရှိတဲ့ လယ်တွေ ၊ ကိုင်းတွေ လည်း ရောင်း ခဲ့ပြီ ဆိုပြီး ပါ သမျှ ငွေစတွေ ကို အဖေ့ ကို အပ်တယ် ။ သူ့ ကို လည်း ခိုင်းချင် ရာ ခိုင်းတဲ့ ။ အဖေ က လည်း မွေးချင်း က မရှိ ။ ဖိုးမောင်ကြီး ကို လည်း အစ်ကိုရင်း လို ချစ် တာကြောင့် အိမ် တစ်မိုး အောက် ထဲ အတူ နေသွား ကြတာ ဖိုးမောင်ကြီး သေတဲ့ အထိ ပါ ပဲ ။

xxxxx   xxxxx   xxxxx

အဲဒါတွေက သူများတွေ ပြော ပြလို့ ကျွန်တော် ကြား ဖူးတဲ့ ဖိုးမောင်ကြီး
အကြောင်း တွေပေါ့ ။  ကျွန်တော် ကိုယ်တိုင် ကြုံခဲ့ ၊ သိခဲ့ ရတဲ့ အကြောင်း က အခု မှ လာမယ် ။

ကျွန်တော် လူမှန်း သိစ က စ လို့ ဆယ်နှစ်သား လောက် အထိ ဖိုးမောင်ကြီး ဂုတ် ပေါ် မှာပဲ ကြီးခဲ့ရတာ ။ မနက် မိုး လင်းတာ နဲ့ ကျွန်တော့် ကို ဂုတ် ပေါ် တင်ပြီး ရွာ ထဲ လျှောက် သွား တော့တာပဲ ။ ထမင်း ကျွေး လည်း သူ ၊ ရေချိုး ပေးလည်း သူ ပါပဲ ။ တစ်ခါတလေ ကျွန်တော် အဆော့ လွန် လို့ အဖေ က ငေါက် ရင် ဖိုးမောင်ကြီး က
မကြိုက်ချင်ဘူး ။

အမေ့ ကို ချစ် သလို ကျွန်တော့် ကို လည်း အရမ်း ချစ်တယ် ။ ကိုယ့် တူ ကိုယ့် သား ကို ချစ်တာ ဆန်းတယ် လို့ တော့ မဟုတ်ဘူးပေါ့ ။ ဒါပေမယ့် ကျွန်တော်
သိတတ် လာတဲ့ အချိန် မှာ ဖိုးမောင်ကြီး ရဲ့ အပြုအမူတွေ က တော်တော့် ကို ဆန်းတယ် ။

သာရေး ၊ နာရေး နဲ့ ပတ်သက် လာရင် အားတက် သရော လုပ်ကိုင် ပေး တတ်တဲ့ လူမျိုး လောကကြီး မှာ အများသား ပါ ။ ဒီ အထဲ မှာ ဖိုးမောင်ကြီး လည်း
တစ်ယောက် အပါအဝင် လို့ ဆိုရမယ် ။ ဒါပေမယ့် သူ က တစ်မူ ဆန်းတယ် ။
အလှူအတန်း ၊ မင်္ဂလာဆောင် ၊ ရှင်ပြု စတဲ့ စတဲ့ သာရေး ကိစ္စတွေ ကို သူ စိတ် မဝင်စားဘူး ။ အတင်းအကျပ် ခေါ်လွန်း မ က ခေါ် ရင်တော့ သွား ပါတယ် ။ ကျွန်တော် သိတတ်တဲ့ အရွယ် မှာ ဖိုးမောင်ကြီး အသက် ငါးဆယ် ကျော်ပြီ ။

ဒါပေမယ့် ခုန က လို သာရေး ကိစ္စ မျိုး သွား ရရင် ဘယ်တော့မှ အိမ်ဦးခန်း တက် မထိုင်ဘူး ။ ချက်ပြုတ် ၊ ကြော်လှော် ၊ ထင်းခွဲ ၊ ရေခပ် စတဲ့ အောက်ခြေသိမ်း အလုပ်တွေ ကို လူငယ်တွေ နဲ့ အတူ ဝင် လုပ်တော့တာပါပဲ ။ အလှူ့ရှင် က အားနာ လို့ မလုပ်ပါနဲ့ လို့ တောင်းပန်ရင် ' ကုသိုလ် ယူပါရစေလို့ ' ပြုံးပြုံးကြီး ပြန် ပြော တတ်တယ် ။

ရွာဦးကျောင်း က ဆရာတော် ဦးမှို ဆို ရင် ဖိုးမောင်ကြီး ကို ဖူးဖူးမှုတ် ပေါ့ ။ ကျောင်း ဝိုင်းထဲ တံမြက် လှည်း တာက အစ ၊ ကျောင်း က ကုဋီတွေ ၊ အိမ်သာတွေ အားလုံး ရေဖြည့် ၊ သန့်ရှင်းရေး လုပ် ၊ ဒုတ်ခနောင်း ဆေး စတဲ့ ကိစ္စတွေ အားလုံး သူ့ တာဝန် လို့ ဖိုးမောင်ကြီး က သူ့ ကိုယ် သူ သတ်မှတ် ထားတာ ကလား ။ ကဲ ... ဖိုးမောင်ကြီး ရဲ့ အထူဆန်းဆုံး ဝါသနာ ကို ခု မှ ပြောမယ် ။

သာရေး ကိစ္စ မှာ သိပ် အားတက်သရော မရှိလှတဲ့ ဖိုးမောင်ကြီး တစ်ယောက် ရွာ ထဲ မှာ နာရေးများ ရှိပြီ ဆိုရင် အဲဒီ အိမ် ကို သူ အရင်ဆုံး ရောက်တော့တာပဲ ။ အလောင်း ရေချိုး ၊ အသုဘ ပြင် က အစ မြေ ကျတဲ့ အထိ သူ အကုန် လုပ်တာ ။ သက်ပျောက် ဆွမ်းတို့ ၊ ရက်လည် ဆွမ်းတို့ စတာတွေ ချက်ပြုတ် လုပ်ကိုင်တဲ့ နေရာ မှာလည်း သူ့ ခြေ သူ့ လက် ချည်းပဲ ။

အလောင်း ရေချိုးတာတို့ ၊ အလောင်း ပြင်တာတို့ ကို ကာယကံရှင် က
အကူအညီ တောင်းလို့ လုပ်တာ မဟုတ်ဘူး ။ သူ့ သဘော နဲ့ သူ ဝင် လုပ်တာ ။ ရွာ ထဲ က ချောင်လည် တဲ့ အတန်းမျိုး မှာ လည်း ပါ ၊ သူကြီး ယောက်ဖ လည်း ဖြစ်တဲ့ ( အဲဒီ အချိန် မှာ အဖေ က သူကြီး ဖြစ်နေပြီ ) ဖိုးမောင်ကြီး တစ်ယောက် ဒီလို ကိစ္စတွေ ဝင် လုပ်တော့ အမေ က နည်းနည်း ရှက် ချင်တယ် ။ ဒီတော့ ဖိုးမောင်ကြီး ကို ဟန့် တယ်ပေါ့ ။ ဒီ အခါမျိုး မှာ ' ငါ စိတ်ချမ်းသာ သလို နေပါရစေ လုံမရယ် ' လို့ ခွင့်တောင်း သလိုလို တောင်းပန် သလိုလို နဲ့ ပြောတတ် ရှာတယ် ။ ဖိုးမောင်ကြီး က အမေ့ ကို လုံမ လို့ ခေါ်တတ်တယ်လေ ။

အဲလိုနဲ့ ကြာလာတော့ ရွာ ထဲ က လူ တချို့က ဖိုးမောင်ကြီး ကွယ်ရာမှာ
မသာကန်ထရိုက် လို့ သူ့ ကို ခေါ်ကြတယ် ။ သူ့ လည်း ပြန် ကြားတာပဲလေ ။ ဒါပေမယ့် စိတ် မဆိုးတဲ့ အပြင် ကျေကျေနပ်နပ်ကြီး ပြုံး နေတတ်တယ် ။

တစ်ခါက ရေဆိပ်ဝ က ဘကြီးခို ဆုံးတယ် ။ ကျွန်တော်တို့ ရွာ နာမည်
က သခွပ်ချောင်း လို့ ခေါ်တယ် ။ ရွာ ဘေးက ပတ် စီး နေတဲ့ ချောင်း က လည်း ဒီ နာမည်ပါပဲ ။ အဲ ... ရွာ မြောက်ဘက် ကနေ ချောင်း ထဲ ကို ဆင်းတဲ့ နေရာ ကို
ရေဆိပ်ဝ လို့ ခေါ်ကြတယ် ။

အဲဒီ ရေဆိပ်ဝ က ဘကြီးခို ဆုံးတော့ ကျန်ခဲ့တဲ့ သားသမီးတွေ က အမွေ
လု ကြရော ။ ကျွန်တော်တို့ အရပ် မှာ ရှိတဲ့ ထုံးစံ တစ်ခု က လူ တစ်ယောက် သေရင်
ကျန်ရစ်တဲ့ သားသမီးတွေ အမွေ ခွဲပြီးမှ အလောင်း မြေ ချရတယ် ။ ဒီ ဓလေ့မျိုး အညာ က အချို့ အရပ်တွေ မှာ လည်း ရှိတယ်လို့ ကြားဖူးတာပဲ ။

ဒီလိုနဲ့ အမွေ ခွဲလိုက်ကြတာ ဆယ်ရက် ၊ ဆယ့်နှစ်ရက် ကျော် လာတယ် ။ အလောင်း ကို တော့ အိမ်ရှေ့ မှာ စင် ထိုးပြီး ပြင် ထားကြတာပေါ့ ။ ရက် က ကြာ လာတော့ အလောင်း က ပုပ်ပွပြီး အပုပ်ရည်တွေ ယို ကျတာ မြင် မကောင်း ၊ ရှုမ ကောင်းဘဲ ။ အနံ့ အသက် က လည်း တစ်ရွာလုံး မခံနိုင်တော့ဘူး ။ နောက်ဆုံး မတတ်သာ လို့ အဖေ တို့ ရွာလူကြီးတွေ ဝင် ရှင်းမှ အမွေ ကိစ္စ ပြတ် တော့တယ် ။

အဲဒီ မှာ အလောင်း မြေချဖို့ ကိစ္စ ပေါ်  လာပြီ ။ ဒီလောက် ပုပ်ပွ နံစော်နေတဲ့
အလောင်းကြီး ကို ဘယ်သူမှ မကိုင်ချင်ကြဘူး ။ ဒီ တာဝန် ကို ကျေကျေနပ်နပ်ကြီး ယူတဲ့ သူ က တော့ ဖိုးမောင်ကြီး ပဲပေါ့ ။

အလောင်း ကို ခေါင်းထဲ ရောက်တဲ့ အထိ သူ တစ်ယောက် တည်း
လုပ်တယ် ။ ပြီးတော့ သင်္ချိုင်း အရောက် ဘကြီးခို သား အငယ်ကောင် ကိုတိုး နဲ့
နှစ်ယောက် တည်း ထမ်း ချတယ် ။ တခြား လူတွေ က မထမ်းချင်ဘူးလေ ။

နှစ်ယောက် တည်း ဆိုတော့ ပခုံး နဲ့ ထမ်းမဖြစ်တော့ ခေါင်း နဲ့ ရွက်ပြီး
သယ် ရတယ် ။ အလောင်း က အတော် ပုပ် နေလေတော့ အရည်တွေ က ခေါင်းကြား
က စိမ့် ပြီး ဖိုးမောင်ကြီး ပေါ် စီး ကျတာ ပုဆိုး ထိ အောင် စိုတယ် ဆိုပဲ ။ အဲ့လောက် အထိ နာရေး ကိစ္စ မှာ ဖိုးမောင်ကြီး တစ်ယောက် အားသန် ရှာတယ် ။

ကျွန်တော့် တစ်သက် နဲ့ တစ်ကိုယ် ဖိုးမောင်ကြီး မျက်ရည် ကျတာ တစ်ခါ ပဲ ကြုံဖူးတယ် ။ အဲဒီတုန်း က ကျွန်တော် က ကိုရင်ဝတ်ကြီး နဲ့ ။ တောင်ပိုင်း က
ဒေါ်ဖွားရှင် သမီးလေး အေးဘုံ ရေနစ် သေတယ် ကြားတော့ ကျွန်တော် လည်း ဖြစ်တဲ့ နေရာ ကို သွား စပ်စုတာပေါ့ ။ ကောင်မလေး က ခုနစ်နှစ် သာ သာ လောက်ပဲ ရှိ သေးတာ ။ သေတဲ့ သူ က သေပြီ ။ ဒါပေမယ့် ပြဿနာ က မပြီးဘူး ။ ဘာလဲ ဆို တော့ ခုနင် က ကျွန်တော် ပြော ခဲ့တဲ့ ကျွန်တော်တို့ အရပ် ရဲ့ ဓလေ့ ။

ကျွန်တော်တို့ အရပ် က ရွာပြင် သေတဲ့ မသာ ရွာ ထဲ မသွင်းဘူး ။ ရေ မှာ
သေ တဲ့ သူ မြေ ပေါ် မမြှုပ်ရဘူး ။ ဘာမှ မပြင် မဆင်ဘဲ ဒီ အတိုင်း ရေ မှာ မျှော ရတယ်တဲ့ ။ ဒီလိုမှ မဟုတ်ရင် ရွာ နာတယ် ဆိုပဲ ။ ကဲ ... မခက်လား ။ အဲဒီတော့ အေးဘုံ အလောင်း ကို ထုံးစံ အတိုင်း ရေ မျှော ရတာပေါ့ ။ ကာယကံရှင် ဖြစ်တဲ့ ဆွေမျိုး တစ်သိုက် က တော့ ငိုကြ ယိုကြ နဲ့ ဝက်ဝက်ကို ကွဲရော ။ ဒီအထဲ ဆွေမျိုး တစ်သိုက် နဲ့ အတူ ရှိုက်ကြီးတငင် ဝင် ငို နေတာ က ဖိုးမောင်ကြီး ပဲ ပေါ့ ။

သူ့ မျက်စိ အောက် တင် ဆော့ကစား နေတဲ့ ကလေးမလေး ။ ဒီ ကလေးမလေး နောက်ဆုံး ခရီး မှာ လှလှပပ ဖြစ်အောင် သူ လုပ်ပေးချင် ရှာမှာ ပေါ့လေ ။ ငို တာ မှ အဆွေအမျိုး တစ်ယောက် သေ သလို ထိထိခိုက်ခိုက်ကြီး ကို ငိုတာ ။ ကျွန်တော့် ဘကြီး ဖိုးမောင်ကြီး ဆိုတာ အဲလို လူမျိုး ။

xxxxx   xxxxx   xxxxx

နောက်ဆုံး ပြောချင်တာ က အဲ...နောက်ဆုံး ဆိုတာက ကျွန်တော် ပြောနေတဲ့ အကြောင်းအရာ ရဲ့ နောက်ဆုံး ရော ၊ ဖိုးမောင်ကြီး ဘဝ ရဲ့ နောက်ဆုံး အချိန် ရော ဆိုပါတော့ ။

အဲဒီ နေ့ က ကျွန်တော်တို့ ရွာ အထက် ဘက် လက်ပံလှ က ချောင်း အတိုင်း စုန် လာတဲ့ ဘောက်တူ တစ်စီး ။ ကျွန်တော်တို့ ရွာ နား အရောက် ဝမ်း ကွဲပြီး လှေ နစ် ကော ။ ကူးကြ ခတ်ကြ ၊ အော်ကြ ဟစ်ကြ နဲ့ ပေါ့ ။ နောက်ဆုံး စာရင်း ချုပ် တော့
လှေ ပေါ် က လူ တစ်ယောက် မှ အသေအပျောက် မရှိဘဲ ဖိုးမောင်ကြီး တစ်ယောက် ပဲ ထူးထူးခြားခြား သေ ရ ရှာတယ် ။

ဖြစ်ပုံက ဒီလို ။ လှေ ကွဲပြီး ကယ်ပါ ယူပါ နဲ့ အော် နေတဲ့ အချိန် ၊ ချောင်းစပ် မှာ ရေချိုး နေတဲ့ ဖိုးမောင်ကြီး က ရေ ထဲ မှာ မြှုပ်ချီ ပေါ်ချီ ဖြစ် နေတဲ့ ကိုယ်ဝန်သည် တစ်ယောက် ကို ဆင်း ကယ်တယ် ။ နောက်ဆုံး ကမ်းနား အရောက်
ကိုယ်ဝန်သည် ကို မသေ မပျောက် ပို့ပေး ပြီးရော ခြေမျက်စိ လောက် ရှိတဲ့ ရေ ထဲ မှာ ဖိုးမောင်ကြီး လဲကျ သွား တော့တာပဲ ။ အဲဒီမှာ တင် အသက် ထွက် ရှာတယ် ။ အမော ဆို့တာမျိုး ဖြစ်မယ် ထင်ပါရဲ့ ။

ဒီမှာတင် ပြဿနာ စ တော့တာပဲ ။ ဖိုးမောင်ကြီး ရေ ထဲ မှာ သေ တာလား ၊ ကုန်း ပေါ် မှာ သေ တာလား ။ ရေ ထဲ မျှောမလား ၊ မြှုပ်မလား ။ ဝိဝါဒတွေ အမျိုးမျိုး ကွဲကြ ၊ ငြင်းကြ ခုန်ကြပေါ့ ။ ဖိုးမောင်ကြီး အလောင်း ကို တော ကမ်းစပ် တင် ငုတ် ရိုက်ပြီး လက် နဲ့ ငုတ် ကို ကြိုး နဲ့ တွဲချည် ထားရတယ် ။

လူ ဆိုတာ သေမျိုးချည်း မဟုတ်လား ။ အဲတော့ လူ ထဲ က လူတွေ ဖြစ်တဲ့ ကျွန်တော်တို့ ရွာ က လူတွေ လည်း သေခြင်းတရား နဲ့ မကင်း နိုင်ကြပါဘူး ။ သေခြင်းတရား နဲ့ မကင်း တဲ့ ကျွန်တော် တို့ ရွာသားတွေ အဖို့ ဖိုးမောင်ကြီး နဲ့ လည်း
ဘယ် ကင်းနိုင်ပါ့မလဲလေ ။ သူတို့ အဆွေအမျိုး ထဲ က တစ်ယောက် ယောက် ရဲ့ နာရေး နဲ့ ပတ်သက်လို့ ဖိုးမောင်ကြီး အကူအညီ ကို ခံခဲ့ရသူ ချည်းပါ ။

ကဲ... အခု ဖိုးမောင်ကြီး နာရေး နဲ့ ကြုံပြီ ။ ဘာ လုပ်ကြမလဲ ။ လူကြီးတွေ ကလည်း ပြောကြ ဆိုကြ ၊ လူငယ်တွေ က လည်း ငြင်းကြ ခုန်ကြ ၊ ရေ မျှောမလား ၊ မြေ မြှုပ်မလား ။

သူများ အသုဘ မှာ လှလှပ ဖြစ်အောင် လုပ်ပေး ခဲ့တဲ့ ဖိုးမောင်ကြီး ကို သူ့ နောက်ဆုံး ခရီး မှာ လည်း လှလှပပ ဖြစ်စေချင်တဲ့ ဆန္ဒ က တစ်ရွာလုံး ရဲ့ ရင် ထဲ မှာ ရှိကြမှာပါ ။ ဒါပေမယ့် ဓလေ့ ထုံးစံ ဆိုတာ က လည်း ရှိသေးတယ် မို့လား ။ တချို့က လည်း ရွာ နာမယ် ၊ ခိုက်မယ် ဆိုပြီး ရေ မှာ ပဲ မျှောစေ ချင်ကြတယ် ။ ရေ ထဲ သေသလား ၊ ကုန်း ပေါ် သေသလား နဲ့ ငြင်းခုန် နေကြတာ ဖိုးမောင်ကြီး အလောင်း လည်း ရုပ်ပျက် ဆင်းပျက် ကို ဖြစ်နေပြီ ။ နောက်ဆုံး အဖေ ကပဲ သူကြီး အနေ နဲ့ ဝင် အဆုံးအဖြတ် ပေး ရတယ် ။ ရေ ထဲ မှာ သေတယ် ၊ ရေ မှာ မျှောစေ ။ ယောက်ဖ ဖြစ် နေတော့ လက်ရင်း နာနာ ထောင်း တဲ့ သဘောပါ ။ ကျွန်တော် မှတ်မိတယ် ။ အဖေ ဒီ စကား ကို ပြောတဲ့ အချိန် မှာ အဖေ့ မှာ မျက်ရည်တွေ ပေါက်ပေါက် ပေါက်ပေါက် နဲ့ ။

xxxxx   xxxxx   xxxxx

ဖိုးမောင်ကြီး အသုဘ ဟာ ရွာ မှာ တော့ အစည်ကားဆုံး ပဲ လို့ ဆိုစမှတ် ပြုကြ ပါတယ် ။ ကမ်းလုံးညွတ် နေအောင် ရွာသူရွာသားတွေ လာ ကြတာ ။ ရွာလုံးကျွတ် ပဲ လို့ တောင် ကျွန်တော် ထင် မိတယ် ။

သရဏဂုံ တင်တဲ့ အချိန် ကျတော့ ဆရာတော်ဦးမှို ဟာ ကမ်းနဖူး ပေါ် မှာ
ရွာ က ပြင်ဆင် ထားတဲ့ သံဃာစင် ပေါ် မှာ မထိုင်ဘူး ။ ဖိုးမောင်ကြီး အလောင်း ရှိ နေတဲ့ ရေစပ်စပ် ဗွက်တော ထဲ မှာ ထိုင်ပြီး နောက်ပါ သံဃာတွေ နဲ့ အတူ သရဏဂုံ တင်ပေး ရှာတယ် ။ သိပ် ကို တည်ကြည် ခံ့ညားတဲ့ ဆရာတော့် မျက်နှာ ဟာ အဲဒီ နေ့ က သိသိသာသာကြီး ညှိုး နေပါတယ် ။

အမေ ဆို မြေ မှာ လိမ့် နေတာပဲ ။ နောက်ဆုံးတော့ ဖိုးမောင်ကြီး အလောင်း ကို ချည် ထားတဲ့ ကြိုး ဖြတ် ၊ ဝါးလုံး နဲ့ ထိုးပြီး ရေ မှာ မျှော လိုက်ကြတယ် ။ အသုဘ ရှု ပရိသတ် က တော့ ငို သူ ငို ၊ ရှိုက် သူ ရှိုက် နဲ့ ပေါ့ ။ ဖိုးမောင်ကြီး ခမျာ မတော့ ကားကားရားရားကြီး နဲ့ ပေါလောကြီး ရေ ထဲ မှာ မျောသွား ရှာတယ် ။

အင်းလေ ... ဒါက ဓလေ့ ထုံးစံ ပေပဲကိုး ။

◾ဇင်ဝိုင်း

📖ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
      အမှတ် ၅ဝ
      ဒီဇင်ဘာလ ၊ ၁၉၉၃

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment