Friday, December 29, 2023

မှဲ့ တစ်ခု ရဲ့ အနုပညာ


 

❝ မှဲ့ တစ်ခု ရဲ့ အနုပညာ ❞

ခမ်း တို့ ရွာကလေး တွင် ကျွန်တော် ခဏ ရောက် နေသည် ။ မန်ကျည်းပင် ၊ ရေတမာပင်များ ဖြင့် အုပ်အုပ်ဆိုင်းဆိုင်း ရှိသော ၊ အလို လောဘ နည်း၍ ရိုးသားသည့် ရွာသားများ ကြောင့် အေးချမ်းပြီး ပျော်စရာ ကောင်းသော ခမ်း တို့ ရွာကလေး ။ ခဏ ဆိုပေမယ့် အဲဒီမှာ နေရစဉ် ကျွန်တော် ပျော်သည် ။ ထို ရွာကလေး ကို ကျွန်တော် ချစ်သည် ။

ဒီ ရွာလေး ကို သံယောဇဉ် တွယ်ရခြင်း တွင် ခမ်း ကြောင့် လည်း အများကြီး ပါသည် ။ ခမ်း သည် ဒီ ရွာ မှာ မွေးပြီး ဒီ ရွာ မှာ ကြီး သည့် တောသူလေး တစ်ယောက် ဖြစ်သည် ။ တောသူ ဆိုသော်လည်း ခမ်း ၏ အသားအရေ သည် အသင့်အတင့် ဖြူဖွေး သည် ။ မျက်လုံး မျက်ဖန် ကောင်း ၍ မေးရိုး အနည်းငယ် မြင့်သည် ။ စစချင်း ခမ်း ကို ကျွန်တော် စိတ်ဝင်စား မိသည် မှာ ခမ်း ၏ အမြဲ လိုလို ညှိုးငယ် နေ တတ်သည့် မျက်နှာ ကြောင့် ဖြစ်သည် ။

ခမ်း ၏ ညာဘက် မျက်လုံး အောက် ပါးပြင် အပေါ်ပိုင်း မကျတကျ နေရာ တွင် မှဲ့ တစ်ခု ရှိသည် ။ မှဲ့ က အကြီးကြီး မဟုတ် ။ ဒါပေမဲ့ အသား ဖြူဖြူ ပေါ် မှာ မှဲ့ က မည်းနက် တော့ ထင်း နေသည် ။ ကျွန်တော့် အတွက် တော့ မှဲ့ သည် မှဲ့ သာ ဖြစ်၍ ထို မှဲ့ ကြောင့် ရိုးသားသည့် တောသူမလေး ခမ်း ၏ အလှ မှာ ပို ပြည့်စုံ သွားခဲ့ရသည် ဟု ကျွန်တော် က တော့ အခိုင်အမာ ယုံကြည်ပါသည် ။ သို့သော် အရာဝတ္ထု တစ်ခု တည်း ကို ပဲ အဓိပ္ပါယ် ဖွင့်ဆိုပုံချင်း မတူကြသည့် လူ့ သဘာဝ အရ ခမ်း တို့ ရွာ က လူ အများစု က တစ်မျိုး အဓိပ္ပါယ် ဖွင့်ဆို လိုက်ကြတော့ အဲဒီ မှဲ့ က ‘ မျက်ရည်ခံ မှဲ့ ’ ဖြစ် သွားသည် ။ ဒါကပဲ ဇာတ်ရှုပ် တစ်ခု ရဲ့ အစ ။

မုဆိုးမလေး ခမ်း ၏ အသက် သည် အခု မှ အစိတ် ပင် မပြည့်တတ်သေး ။ သို့သော် ခမ်း တစ်ယောက် အသက် နှင့် မမျှ အောင် ခါးစည်း ခံခဲ့ရ ပြီးပြီ ။ ရိုးသား ပွင့်လင်း၍ ဖော်ရွေသော ၊ ဧည့်သည် အပေါ် ဧည့်ဝတ် ကျေပွန်သော ခမ်း တို့ ရွာ လူမှု အသိုင်းအဝိုင်း သည် ခမ်း ၏ မျက်ရည်ခံ မှဲ့ ကိစ္စ မှာတော့ သဘော လည်း မကောင်း ၊ သဘောထား လည်း မကြီးခဲ့ကြချေ ။ သူတို့ အမြင် မှာ တော့ ခမ်း သည် ယောက်ျားသားများ မပေါင်းအပ်သော ‘ ဝေရာမဏိ ’ ဆောက်တည် သင့်သော ‘ စုန်း ၊ ဘီလူး ၊ သရဲ ၊ သဘက် ’ တစ်ကောင် ဖြစ်လေသည် ။

ခမ်း သည် အသက် ဆယ့်ရှစ်နှစ် ကတည်း က အိမ်ထောင် ကျခဲ့သည် ။ ခမ်း ၏ ငယ်ချစ်ဦး သည် ခမ်း တို့ ရွာ က နေနိုင် စားနိုင် သည့် မိသားစု တစ်စု မှ ပေါက်ဖွား လာ သူ တစ်ဦး ဖြစ်သည် ။ ခမ်း တို့ နှစ်ယောက် အကြောင်း ကို ကောင်လေး မိဘများ သိတော့ လုံးဝ သဘော မတူကြ ။ တကယ်တော့ ခမ်း တို့ မိသားစု က လည်း မဆင်းရဲပါ ။ ရွာ အရှေ့ပိုင်း တွင် လယ်အတော် များများ ပိုင်သည် ။ မိသားစု ချင်း ယှဉ် လျှင် ခမ်းတို့ က ပင် သာ ချင် သာ နိုင်ပါသေးသည် ။ သို့သော် ပြဿနာ က ခမ်း ၏ မှဲ့ ။ အဲဒီ မှဲ့ က ခမ်း ဘဝ ကို တော်တော် ဂြိုဟ်မွှေ ခဲ့သည် ။

ကောင်လေး မိဘများ က သိပ်ရှေးရိုး အဆန်ကြီး တော့မဟုတ် ။ ဒါပေမဲ့ သူတို့ လည်း အစဉ်အလာ ယုံကြည်မှု ကို မလွန်ဆန် နိုင် ထင့် ။ သူတို့ သားလေး ကို ဆုံးရှုံး ရ မှာ ကြောက် လေသည် ဆိုတော့ သူတို့ သား နှင့် ခမ်း ကိစ္စ ကို အသည်းအသန် ဖျက် ကြသည် ပေါ့ ။ နောက်ဆုံး တိုတို ပြော ရလျှင် အချစ်ကြီး ချစ်နေကြသည့် ခမ်းတို့ နှစ်ယောက် ခိုးရာ လိုက် ပြေးကြသည် ။ မျက်ရည်ခံမှဲ့ မက လို့ ဘာမှဲ့ ဖြစ်ဖြစ် ဂရုမစိုက် ဟု ဆိုသည့် သူ့ ကောင်လေး က ခမ်း ကို ဝေးဝေးလံလံ ရွာ တစ်ရွာ သို့ ခိုးပြေး သွားပြီး ပေါင်းသင်း နေထိုင်ကြသည် ဆို၏ ။ ကိုယ့် ချစ်သူ နှင့် ပေါင်းရ သဖြင့် ခမ်း တို့ အပျော်ကြီး ပျော်ခဲ့ကြသည် ။ သို့သော် ခမ်း တို့ ဇာတ်သိမ်း က မလှခဲ့ပါ ။

ဒီ အကြောင်းတွေ ကို ပြန် ပြောစဉ် က ခမ်း ၏ မျက်လုံးများ သည် မျက်ရည်များ နှင့် စိုစွတ် နေခဲ့၏ ။ သို့သော် ခမ်း ဇာတ်လမ်း ကို နားဆင်ရသည် မှာ လွတ်လွတ်လပ်လပ် မရှိလှပါ ။ ခမ်း တို့ ရပ်ရွာ လူမှုအသိုင်းအဝိုင်း ... အဲ စကားလုံး ကြီးကြီး သုံးရ လျှင် မြန်မာ့ လူ့ရွာ အသိုင်းအဝိုင်း တွင် တစ်ခုလပ် ၊ မုဆိုးမ ဆိုသည် မှာ သွေးမတော် သားမစပ် ယောက်ျားသားများ နှင့် အနေအထိုင် များစွာ ဆင်ခြင်ရသည် မဟုတ်လော ။ ခမ်း နှင့် ကျွန်တော် တို့ မှာ တစ်ဦး ကို တစ်ဦး ပိုမို ရင်းနှီး လာခဲ့သည် နှင့် အမျှ ဒေါက်ထောက် ကြည့်လာ ကြသည့်မျက်လုံးများ ကို ကြည့် ရှောင် နေရသည် ။ ခမ်း အကြောင်း ကို ခမ်း ဆီ က နည်းနည်း ၊ ဟိုလူ ဒီလူ  ဆီ က နည်းနည်းချင်း မေး ပြီး ဇာတ်ရည် လည် ခဲ့ရသည် ။

တိုက်ဆိုင်တာများ ခမ်းတို့ နှစ်ယောက် အိမ်ထောင်သက် သုံးနှစ် လောက် မရှိ တရှိ တွင် ခမ်း ရဲ့ ခင်ပွန်းလေး ဆုံးပါး ရှာသည် ။ ခမ်းတို့ တွင် သားသမီး လည်း မထွန်းကားခဲ့ ။ ဒီ့ နောက်တော့ ခမ်း လည်း မိဘ ရပ်ရွာ ပြန်လာခဲ့သည် ။ ခမ်း ရဲ့ ခင်ပွန်း ဆုံးတာ က တော့ ကြည့် ရတာ သွေးရိုးသားရိုး ဟုတ်ပုံပါ ။ ဒါပေမဲ့ သူ့ မှဲ့ ကြောင့် ခမ်း ခမျာ ယောက္ခမများ ၏ ပိုးစိုးပက်စက် အပြော ကို ခံခဲ့ရ ရှာသည် ။ ‘ စုန်းမ ’ ၊ ‘ ဘီလူးမ ’ စသည် ဖြင့် နာမည် အမျိုးမျိုး အတပ် ခံ ခဲ့ရသည် ။

ခမ်း မိဘများ က တော့ သူတို့ သမီးလေး မိဘ မျက်နှာ အိုးမည်းသုတ် ခဲ့သည့် အပေါ်  ခွင့်လွှတ်ကြ ပါသည် ။ ဒါကတော့ အဆန်း မဟုတ်ပါ ။ မိဘ ပေ ပဲ ။ ခွင့်လွှတ်ရ မှာပေါ့ ။ မျက်ရည်ခံ မှဲ့လေး တစ်ပေါက် ကြောင့် သူများ တံတွေးခွက် ပက်လက် မျော ရ ရှာသည့် သူတို့ သမီးလေး ကို ကြည့်ပြီး မျက်ရည် လည်ကြရသည် ဟု သူတို့ က ဆိုသည် ။ အကယ်၍ ခမ်း ကို မွေးစဉ် က သာ သူ့ မိဘများ က ခေတ်မီ ဆေးပညာများ နှင့် အထိအတွေ့ ရှိသည့် မြို့ကြီးပြကြီး မှာ သာ နေနေကြမည် ဆိုလျှင် ခမ်း ၏ မှဲ့ ကို သူတို့ ခွဲစိတ်ပြီး ဖျောက်ပစ် ကောင်း ဖျောက်ပစ် ခဲ့ကြ နိုင်ပါသည် ။ မခွဲစိတ် ဖြစ်ခဲ့လျှင် လည်း မြို့ ပေါ် မှာ မို့ ဒီလိုမျိုး အမြင်တွေ ရှိချင် မှ ရှိပါမည် ။ သို့သော် သိပ်တော့ မသေချာပါ ။

ခမ်း တစ်ယောက် မုဆိုးမ ဖြစ်ရခြင်း တွင် သူ့ မျက်ရည်ခံ မှဲ့ ကြောင့် ဟုတ်ချင် လည်း ဟုတ်မည် ။ ဟုတ်ချင် မှ လည်း ဟုတ်ပါ လိမ့်မည် ။ သို့သော် ဟုတ်သော် ရှိ မဟုတ်သော် ရှိ ခမ်း အတွက် တော့ နစ်နာလှသည် ။ အရွယ် ရှိသေးပြီး တစ်ပင် လဲ မူ တစ်ပင် ထူ လို က ထူနိုင်သေးသည့် ခမ်း ကို ယောက်ျား တော်တော်များများ က ယူ ရ မှာ လက်တွန့် ကုန်ကြသည် ဟု ခမ်း က သူတို့ ပိုင် လယ်ကွင်းများ ဘက် ဆီ အသွား မန်ကျည်းပင်ကြီး တစ်ပင် အောက် တွင် ကျွန်တော့် ကို ပြောပြဖူးသည် ။ သို့သော်လည်း တဲ့ တစ်ဦးတည်း သော ယောက်ျားပျို က တော့ အများ လို အယူ မသီး ဘဲ ခမ်း ရဲ့ ဘဝ ကို စာနာပြီး လက်ထပ်ရန် ကြောင်းလမ်း ခဲ့ဖူးသည် တဲ့ ။

ခမ်း က အစ က ငြင်းဆန် နေခဲ့သည် ဟု ဆိုသည် ။ ခမ်း မိဘများ က လည်း သူတို့ သမီးလေး နောင်ရေး ကြည့်ပြီး ဝိုင်းဝန်း နားချကြ ကာ မှ နောက်ပိုင်း ခမ်း က လက်ခံခဲ့သည် ဟု ပြော ပြသည် ။ သို့သော် သူတို့ နှစ်ယောက် မပေါင်းစည်း ဖြစ်ခဲ့ပါ ။ အကြောင်းရင်း ကို ပြောပြမည် ကြံဆဲ ကောက်စိုက်သမ တစ်စု လာ နေ သဖြင့် ကျွန်တော် တို့ စကားစ ဖြတ်ခဲ့သည် ။ နောက် မှ ရွာ က ကာလသား တချို့ ကို မေးကြည့် မှ အဆိုပါ ကောင်လေးသည် ခမ်း နှင့် မင်္ဂလာ မဆောင် မီကလေး မှာ တင် မြွေကိုက် ခံရပြီး သေဆုံး သွားခဲ့သည် တဲ့ ။ တိုက်ဆိုင်မှု က လည်း လွန်လွန်းလှသည် ။ ခမ်း တစ်ယောက် တစ်ခါ သေဖူးတာ တောင် ပျဉ်ဖိုး နားမလည် ဟု ရပ် ထဲ ရွာ ထဲ က ပြောစရာ ဖြစ် ကျန် ခဲ့သည် ။

ဒီနောက် မှာ တော့ ခမ်း လည်း ဦးကျိုး သွားခဲ့သည် ။

ကျွန်တော် နှင့် တွေ့ သည့် အချိန် တွင် ခမ်း သည် ရုပ်ပိုင်း ရော စိတ်ဓာတ်ပိုင်း ပါ အတော်လေး ညှိုးငယ် နေလေပြီ ။ အသက် ငယ်ငယ် နှင့် အဘွားကြီးအိုလေး လို ဖြစ်နေပါပြီ ။ ခမ်း သည် အိမ်ထောင် မကျခင် က သူတို့ ရွာ တွင် အချောဆုံး အလှဆုံး ဟု အားလုံး က လက်ခံ ထားရသူ ဖြစ်သည် ။ သို့သော် ယခု မူ ခမ်း ကို ကြည့်ရသည် မှာ သားဆိုး ၊ သမီးဆိုး ၊ လင်ဆိုး ဒဏ် ကို နှစ်ပေါင်းများစွာ ခံစား ထားရသည့် ကံဆိုးမ တစ်ဦး လို ဖြစ်နေပါသည် ။

ကျွန်တော် သူ့ ကို လက်ထပ် ခွင့် တောင်းတော့ ခမ်း တစ်ယောက် ငိုင်ကျ သွားခဲ့သည် ။ ကျွန်တော် ထင်ထားသည် က တစ်မျိုး ။ ကျွန်တော် အခုလို ပြော လိုက်လျှင် ခမ်း သည် မတုန် မလှုပ် ကျောက်ရုပ် လိုဖြစ်ချင် လည်း ဖြစ်နေမည် ။ ဒါမှမဟုတ် နုနယ် ပျိုမျစ်သေးသူ တို့ ထုံးစံ ရှက်သွေး ဖြာချင် ဖြာမည် ။ အိမ်ထောင် ကျဖူးသည် ဆိုသော်လည်း ခမ်းတို့ အရွယ် သည် စိတ် ကစား ချင် ကစား တတ် သေးသည် မဟုတ်လော ။ ဒါပေမဲ့ တကယ့် တကယ် ကျတော့ ခမ်း တစ်ယောက် အရုပ်ကြိုးပြတ် ဖြစ် သွားသည် ။ ခမ်း ပုံစံ က ဟိုး တွင်း အဆုံး ကို ကျသွား သူ တစ်ယောက် လို ။

ခမ်း ကျွန်တော့် ကို လက်ထပ်ရန် ငြင်းဆန်ခြင်း တွင် မြို့ သား နှင့် တောသူ ဖြစ်နေခြင်းကြောင့် ဆိုသည် ထက် ၊ လူပျို နှင့် မုဆိုးမ ဖြစ်နေခြင်းကြောင့် ဟု ဆိုသည် ထက် သူ့ ဘဝ ရဲ့ ကျိန်စာ ဖြစ်သည့် မျက်ရည်ခံ မှဲ့ ကြောင့် မှန်း ကျွန်တော် နားလည် ပါသည် ။

“ ခမ်း ရယ် ... မျက်ရည်ခံမှဲ့ ပါလို့ မုဆိုးမ ဖြစ်ရတယ် ဆိုတာ ကျွန်တော် လုံးဝ ( လုံးဝ ) အယုံအကြည် မရှိဘူး ။ သူ့ ဟာ သူ တိုက်ဆိုင် သွားတာ ဖြစ်မှာပါ ။ အအို မို့ လို့ လူပျို နဲ့ မတန်ဘူး ဆိုတာ လည်း အဓိပ္ပါယ် မရှိပါဘူး ။ ဒီ ခေတ် မှာ သိပ္ပံပညာ ဒီလောက် ထွန်းကား နေတာ ဒါမျိုး အယူအဆတွေ ကို လက်မခံ သင့်တော့ပါဘူးလေ ... မဟုတ်ဘူးလား ”

“ အစ်ကို ပြောတဲ့ အချက်တွေ ကို ခမ်း လက်ခံပါတယ် ။ ဒါပေမဲ့ ခမ်း လေ ဒီ မှဲ့ ပါရင် ဒီလို ဖြစ်တတ်တယ် ။ ဒီ မှဲ့ကြောင့် ဒီလို ဖြစ်ရတယ် လို့ အကြိမ်ကြိမ် ကြားရဖန် များလွန်း တော့ ခေါင်း ထဲ ဒါကြီးကို ပဲ အမှန် ထင်နေပြီ ။ မဟုတ်မှန်း သိပေမယ့် လည်း လွန်ဆန်လို့ မရဘူး ။ လွန်ဆန်ဖို့ လည်း မကြိုးစား ကြည့်ချင်တော့ဘူး ”

ခမ်း က ခေါင်း ကို ဖြည်းညင်းစွာ ခါယမ်း ရင်း ပြောသည် ။

“ ခမ်း ရယ် ကျွန်တော် ခမ်း ကို ယူပြီး သေခဲ့ ရင် တောင် ကိုယ့် ဟာ ကိုယ် သက်တမ်းစေ့ လို့ သေတာ ဖြစ်မှာပါ ။ ခမ်း မှဲ့ နဲ့ ဘာမှ မဆိုင်ပါဘူးကွ ”

“ ဒါတော့ ဒါပေါ့လေ ။ ဒါပေမဲ့ ခမ်း တစ်ခါ က နှစ်ခါ ၊ နှစ်ခါ က သုံးခါ မဖြစ်ချင် တော့ဘူး ”

ခမ်း တစ်ယောက် အတော်လေး ကို ခေါင်းမာ လေသည် ။

ပြဿနာ က ခမ်း ၏ ဆင်ခြင်တုံတရား မဟုတ်တော့ ။ ခမ်း တွင် ခေတ် နှင့် လိုက်လျော ညီထွေအတွေးအခေါ် မျိုး မရှိ မဟုတ် ၊ ရှိသည် ။ ခမ်း သည် ဒီလောက် ရှေးရိုးစွဲ မဟုတ် ။ ပြဿနာ က သူ့ ကိုယ် ၌ က လောကကြီး နှင့် အလောင်းအစား လုပ်ဖို့ရာ ထပ် မစွန့်စား ချင်တော့ခြင်း ပင် ။ ခမ်း သည် လောကကြီး ကို လက်မြှောက် အရှုံးပေးပြီး ဖြစ်လေပြီ ကော ။

ခမ်း က ခိုက်တတ်သည့် မိန်းမ တစ်ဦး အဖြစ် သူ့ ကိုယ် သူ လက်ခံ ထား လိုက်သည် မှာ ကျင့်သား ရနေပြီ မို့ ဒါကိုပဲ စိတ် ထဲ အမှန် ထင် နေပါပြီ တဲ့ ။ အများ သူငါ အပုပ်ချ ပြောကြသည် ကို ခါးခါးသီးသီး ခံခဲ့ရသည် မို့လည်း သူ့ စိတ် မှာ အဆမတန် နာကျင် နေပါပြီ တဲ့ ။ ဒီ ဝေဒနာတွေ ကို ထပ်ပြီး မခံစား လိုတော့ပါ တဲ့ ။ ကျွန်တော် က တော့ မလျှော့သော ဇွဲ ဖြင့် ခမ်း စိတ်ပြောင်း လာအောင် ကြိုးပမ်းပါသည် ။ ဒါပေမဲ့ မထူးခြားပါ ။ ခမ်း က သိပ် ခေါင်းမာ သွားပြီ ။ ရှေ့ တစ်လှမ်း တိုး ဖို့ ပြော ခါ မှ နောက် ကို ပင် သုံးလှမ်း ခန့် ပြန် ဆုတ် သွားခဲ့ပါသည် ။

အရင် က မှ ခမ်း နှင့် ကျွန်တော် တို့ ရံဖန်ရံခါ တွေ့ဖြစ်ကြသေးသည် ။ ခမ်း တို့အိမ် ဧည့်ခန်း လူကြီး သူမများ ရှေ့ ပေါ်ပေါ်တင်တင် ပဲ ဖြစ်ဖြစ် ၊ ခမ်းတို့ အိမ် ရှေ့ က ဝါးကွပ်ပျစ်ကလေး ပေါ် မှာ ပဲဖြစ်ဖြစ် ၊ ခမ်းတို့ မိသားစု ပိုင် လယ်ကွင်းများ နား က အရိပ် အာဝါသ ကောင်းသည့် လက် နှစ်ဖက်စာ သစ်ပင်ကြီးများ အောက် မှာ ပဲ ဖြစ်ဖြစ် မလွတ်လပ်ဘူး ပဲ ထားပါဦး အတိုင်းအတာ တစ်ခု အထိတော့ စကား ပြောခွင့် ရခဲ့သေးသည် ။ ယခုမူ ခမ်း သည် ကျွန်တော့် ကို လုံးဝ အတွေ့ မခံတော့ဘဲ ရှောင်လို့ နေသည် ။ ခမ်း ကို မြင်ရခဲ သွားသည် ။ မြင်ရ လျှင် လည်း ဘေး မှာ အဖော် တစ်ယောက် လောက် ပါ နေတတ်သည် ။ အကယ်၍ ခမ်း သာ ကျွန်တော့် ကို ထပ် အတွေ့ ခံခဲ့ လျှင် ကျွန်တော် သူ့ ကို အောင်အောင်မြင်မြင် စည်းရုံး နိုင်လိမ့်မည် ဟု ခိုင်ခိုင်မာမာ ယုံကြည် နေ သဖြင့် ကျွန်တော့် မှာ မချင့်မရဲ ဖြစ် ရသည် ။ နောက်ဆုံး ကျွန်တော် လူကြီးများ မှ တစ်ဆင့် နားဖောက် ကြည့်သည် ။ ခမ်း မိဘများ က သူတို့ သမီး သဘော ပါ တဲ့ ။ ဒါပေမဲ့ ခမ်း ကိုယ် ၌ က ‘ အိမ်ထောင် မပြုလိုတော့ပါ ’ တဲ့ ။

ဒီလိုနှင့် နောက်ဆုံး ဒီ ရွာ မှာ ကျွန်တော် ရှိနေမည့် ရက်တွေ ထဲ က နောက်ဆုံးရက် ကို ရောက်ရှိ လာခဲ့သည် ။ ခမ်း များ ကျွန်တော့် ကို ရွာ ထိပ် ထိ လိုက်ပို့ နှုတ်ဆက် လေမလား ဟု မျှော် နေမိသည် ။ သို့သော် သူ ရောက် မလာခဲ့ ။ ရွာ နှင့် တစ်မိုင် သာသာ ဝေးသည့် တာဆုံ အထိ ရောက်အောင် အိမ်ရှင် က ကျွန်တော့် ကို နံနက် အစောကြီး နွားလှည်း နှင့် လိုက် ပို့သည် ။ ရွာ က ထွက် လို့ ငါးမိနစ် ခန့် မကြာ တကြာ ခမ်း ၏ မောင် အငယ်ဆုံး ကောင်လေး နောက် က ပြေး လိုက် လာ သဖြင့် လှည်း ကို ရပ်ခိုင်း ရ ပါသည် ။

“ ကိုကြီး … မမ က ဒါလေး ပေးခိုင်းလိုက်လို့ ”

ခမ်း ပေး လိုက်သည် က ကျွန်တော့် အတွက် သူ ကိုယ်တိုင် ချုပ်ထားသည် ဟု ဆိုသည့် အင်္ကျီ တစ်ထည် နှင့် စာ တစ်စောင် ။ စာ ထဲ မှာ တော့ ခမ်း က သူ့ အပြုအမူ အားလုံး အတွက် တောင်းပန် ထားသည် ။ သူ့ ကို အထင် မလွဲဖို့ ပြော ထားသည် ။ သူ့ ရဲ့ ဘေးကျပ်နံကျပ် အနေအထား ကို ထပ်ဆင့် ရှင်းပြ ထားသည် ။ ကျွန်တော့် အားပေး စကားများ အတွက် ကျွန်တော့် ကို ကျေးဇူး တင် ထားသည် ။ အကယ်၍ သူ ကျွန်တော့် ကို လက်ထပ် ခဲ့ လျှင် ဖြစ်လာမည့် အကျိုးဆက်များ ကို စဉ်းစား ပြ ထားသည် ။ ခမ်း  ကျွန်တော့် ကို ရှောင် နေစဉ်အတွင်း သူ့ စိတ် ထဲ မှာ အတော်လေး ကို လွန်ဆွဲ ထားရပုံ ပေါ်သည် ။

ရာသီ က ဆောင်း ဝင် စ ဖြစ်သည် ။ နံနက် စောစော လယ်ကွင်း ကို ဖြတ်တိုက် လာသည့် လေ တို့ က အေးစိမ့်လှသည် ။ နေ ကို တော့ ကောင်းကောင်း မမြင်ရသေးပါ ။ ကျွန်တော် သည် ခမ်း ပေး လိုက်သည့် အင်္ကျီလေး ကို လှည်း ပေါ် မှာ ဝတ် လိုက်၏ ။ နွား နှစ်ကောင် ကို အော်ငေါက် နေသည့် လှည်းသမား ၏ အသံ နှင့် တကျွိကျွိ မြည် နေသည့် လှည်းဝန်ရိုးသံ တို့ သည် သာ ခမ်း ကိုယ်စား ကျွန်တော့် ကို နှုတ်ဆက် လျက် ရှိလေသည် ။

◾ဝေယံဘုန်း

📖 နွယ်နီ မဂ္ဂဇင်း
     ၂ဝဝ၉ ၊ မတ်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment