❝ လှိုင်းတော ထဲ မှ လှေကလေးများ ❞
‘ ပန်းဝါ ’ ဂျာနယ် တိုက် မှ ဆင်း လာခဲ့သော ကျွန်တော် ၏ ခြေလှမ်းတို့ ကို သာ တစ်စုံ တစ်ယောက် က မြင် သွားခဲ့ ပါလျှင် ကျွန်တော် ၏ ခြေလှမ်း တို့ သည် ငှက်သွင်ပျံကြွ နေ သည် ဟု ကဗျာဆန်ဆန် ပြောကြလိမ့်မည် ။ လှေကား မှ ဆင်း လာခဲ့သော ကြောင့်သာ ငှက် လို ဝဲ နေခြင်းဖြစ်မည် ။ မြေပြင် တွင် ကား ယူဘရိုင်းနား ၏ ခြေလှမ်း ကဲ့ သို့ တင့် တယ်ခန့်ညားခြင်း အတိ ပြီးနေသည် ဟု ကိုယ့် ကိုယ် ကို ထင် လာမိ၏ ။
ထို ခြေလှမ်း တို့ မှာ စာပေနယ် မှ အားရဝမ်းသာ ကြိုဆို ခြင်း ကို ခံ လိုက်ရ၍ ဝမ်းသာကြည်နူး နေသူ တစ်ဦး ၏ ခြေ လှမ်းများ ဖြစ်၏ ။ ရည်မှန်းချက် ကြီးကြီး နှင့် ခြေကုန် ကြိုး စား နေရသော နှစ်ပေါင်းများစွာ ၏ အဆုံး တွင် “ ပန်းဝါ ” ဂျာနယ် သည် ကျွန်တော် ၏ ကဗျာ တစ်ပုဒ် ကို အသိအမှတ် ပြု လိုက်လေပြီ ။ ဂျာနယ်တို့ ထုံးစံ အတိုင်း ဂျာနယ် လည်း ထွက် မေတ္တာ လက်ဆောင် ဂျာနယ် လည်း ရ ၊ စာမူခ လည်း ရ ခဲ့ပေရာ ထို တန်ဖိုး မဖြတ်နိုင်သော အသပြာ ကို လက်တစ်ဖက် တွင် ဆုပ်ကိုင်ပြီး အခြား လက် တစ်ဖက် တွင် ‘ ပန်းဝါ ’ ဂျာနယ် ကို ယုယုယယ ကိုင် ကာ ဗိုလ်ချုပ်လမ်း ပလက်ဖောင်း တစ်လျှောက် အနောက်ဘက် သို့ လျှောက် လာခဲ့၏ ။ ရှေ့ တူရူ တွင် ကား ဘူတာရုံကြီး နှင့် ရုပ်ရှင်ရုံများ ။
နွေဦး ၏ ညနေခင်း သည် မက်မောဖွယ် မှိန်ပျ နေ၏ ။ ရေတမာပင် ကြား မှ တိုးဝှေ့ လာသော လေညင်း တွင် မြို့တော် ၏ အနံ့အသက် တို့ သည် လှိုင် နေ၏ ။ ထို မှိန်ပျသော မွန်းလွဲစ ညနေခင်း မှ မြို့တော် လေညင်း သည် ကျွန်တော့် ကို ဝမ်းပန်းတသာ ပွေ့ဖက်ခြင်း ကို ခံစား ရ ပြန်သော အခါ ရင်တွင်း ၌ ငြိမ်းအေး သွားမိတော့သည် ။
ရက်ပေါင်း အတန်ကြာ မျှ ဟောင်းလောင်း ဖြစ်နေ သော အင်္ကျီအိတ် အတွင်း သို့ အစိမ်းရောင် ငါးကျပ်တန် ကို ဂရုတစိုက် ထည့် လိုက်မိသည် ။ ကျေနပ်မှု ဖြင့် အင်္ကျီအိတ် ကို စမ်းသပ် မိ ပြီး လက် ကို မခွာဘဲ ရင် တွင် အပ်ထား မိပြန် သည် ။ တီဘီဟန် ဖမ်း နေသော ရင်ဘတ် သည် ပင်လျှင် ပို၍ ကော့ လာ သလို ထင်ရ ပြန်သည် ။
ရုံး ဆင်းခါစ ဖြစ်၍ ပလက်ဖောင်းများ တွင် လူ ရှုပ် နေ၏ ။ ကားဆိပ် ရှိရာ သို့ ခပ်သုတ်သုတ် လျှောက်သွား နေသော လူ ၊ ဘူတာ အတွင်း သို့ အပြေးကလေး ဝင် သွားသော လူ ၊ ထို သူ တို့ ကို ကြည်နူးသော မျက်လုံးများ ဖြင့် ခပ်အေး အေး ကြည့် နေမိပြန်သည် ။
ကြည်လင်ရွှင်ပျ ဝမ်းသာ ရ သမျှ ကို ညီတူညီမျှ ခွဲဝေ ခံစားရမည့် ‘ သူ ’ သာ ရှိနေဦးမည် ဆိုပါလျှင် ဘယ်လောက် ပင် ဝေးသည် ဖြစ်ပါစေ ၊ အားရဝမ်းသာ အပြေး သွားပြီး သတင်းကောင်း ပါး မိမည် သာ ဖြစ်သည် ။ သို့ သော် “ သူ ” ကား ဘဝ အာမခံချက် မရှိသော ကျွန်တော့် အား လက်ချင်း တွဲ ၍ ဘဝ တစ်ခု ကို တည်ဆောက်ရန် ငြင်းပယ်ပြီး ရာသက်ပန် လက်တွဲ ဖြုတ်ခဲ့သည် မှာ ကြာခဲ့ပါပြီ ကော ။
ညနေ သည် မှိုင်း လာ၏ ။ လေပြည် သည် ရိုင်း လာ ၏ ။ ဝမ်းနည်း မိ သော ရင် ကို ကြည်နူးမှုများ က ပြန် မလာကြ သော အခါ တွင် အာရုံ ပြောင်း ရပေမည် ။ ရေတမာတန်း ကို ခွာ ပြီး လေသင်း ကို စွန့် လိုက်ရ၏ ။
ပန်းဆိုးတန်း ထိပ် လမ်းကျော် ခုံးတံတား ပေါ် သို့ တက် လာမိ၏ ။ တောင် မှ မြောက် သို့ ကူး သူ များသာ များ နေပြီး ကျွန်တော့် လို မြောက်ဘက် မှ တောင်ဘက် သို့ ကူး သူ က နည်းပါး လှ၏ ။ ခုံးတံတား အလယ် တွင် ရပ်ကာ လက်ရန်း ကို အားပြုရင်း ဗိုလ်ချုပ်ဈေး ရှိ ရာ အနောက်ဘက် တစ်ခို သို့ မျှော် ကြည့်မိသည် ။ ကားပေါင်းစုံ ၊ လူပေါင်းစုံ တို့ သည် ကျွန်တော့် အောက် မှာ ရောက် နေကြပြန်သည် ။ ထို ခဏ၌ မြင့်မြတ် ကြီးကျယ် သော အဖြစ် ကို ပြန်လည် ရရှိ လိုက် ပြန်သည် ။ သို့သော် အထီးကျန် ဝေဒနာ ၏ ခြောက် လှန့်မှု က အရိပ် လို ထက်ကြပ် လိုက် နေပြန်သောကြောင့် လူ ကြား ထဲ ဝင် ရောရမည် သာ ။ ရုပ်ရှင်ရုံများ ဘက် ဆင်းပြီး ပလက်ဖောင်း ပေါ် မှ စာဈေးခင်း ကို ငေး ရန် စိတ်ကူး၏ ။ လူ အုပ် ထဲ ရောပြီး စာအုပ်တွေ မွှေ နေ ရရင်တော့ ပြေ တန် ကောင်း ရဲ့ ။
••••• ••••• ••••• •••••
ရုပ်ရှင် ပြချိန် ဝေး သေး သဖြင့် ရုပ်ရှင်ရုံ အောက် တွင် လူ ရှင်းနေ၏ ။ စာအုပ်ဈေးခင်း သုံးလေးခု သို့ ကူးပြောင်း ကာ ကြိုက်ကောင် ရွေး နေမိ၏ ။ ပထမဆုံး ရသည့် စာမူခ ၊ စာပေနယ် မှ ကြိုဆို လိုက် သော ပန်းကုံး ဖြစ်သည့် ထို စာမူ ခ ငွေ ငါးကျပ် ဖြင့် အမှတ်တရ စာအုပ် တစ်အုပ် ဝယ် ရပေမည် ။
တဖြည်းဖြည်း ရွေ့လျား လာရင်း နှင့် ရဲရင့် ရုံ ဘေး သို့ ပင် ရောက်လာသည် ။ ဝယ် လောက်သော စာအုပ် ကို ကား မတွေ့ရပေ ။ နှစ်ဆယ့်ကိုးလမ်း ထိပ် မှ အဟောင်းဆိုင်များ တွင် စာအုပ်ကောင်း များ ရတတ်သည် ။ သွားရပေဦးမည် ။
ဆူးလေဘုရားလမ်း ကို ဖြတ် ကူးရန် အချက်ပြမီးတိုင် အရင်း ၌ ရပ် နေမိ၏ ။ ကြော့မော့သော ကားကလေးများ ၏ ပျော်ရွှင်စွာ ပြေးလွှားဟန်များ သည် လှပ နေပြန်သည် ။
“ ဆရာ ”
ခပ်သဲ့သဲ့ အသံ သည် ကျွန်တော့် နောက် နား မှ ကပ် ပေါ် လာသည် ။ ဤ ကမ္ဘာ ပေါ် တွင် ကျွန်တော့် ကို ဆရာ ခေါ် မည့် သူ ဟူ၍ တစ်ဦး မျှ ပင် မရှိသော ကျွန်တော့် ကို ခေါ်ခြင်း မဟုတ်တန်ရာ ။
“ ဆရာ ... ဆရာ ”
ခပ်သဲ့သဲ့ အသံ ကို ထပ်ပြီး ကြား ရ၍ စူးစမ်းလိုစိတ် နှင့် ကြည့် မိသောအခါ ကျွန်တော့် ကို ပင် ခေါ် နေသည် ဖြစ်သော ထို လူ ကို တွေ့ ရလေသည် ။ နွမ်းပါးသော အဝတ်အစား ၊ ကြုံလှီသော ကိုယ်ခန္ဓာ တို့ က သူ ၏ ပကတိ အခြေအနေ ကို ပြဆို နေပုံ ရသည် ။ မျက်နှာ ဖျော့ဖျော့ ၌ အားငယ် နေပုံ က မပြတ် ပေါ် နေသည် ။
“ အစာအိမ်ရောဂါ ဖြစ်လို့ ဆေးရုံ တက် ရတာ ကြာ ပါ ပြီ ဆရာ ၊ တစ်နေ့ က မှ ဆေးရုံ က ဆင်း ပါတယ် ။ အဲဒါ ခုထိ ဘာမှ မစားရသေးလို့ ”
“ ဗျာ ... ”
ကျွန်တော့် ကို အကူအညီ တောင်း လိုဟန် ရှိပေသည် ။ ရန်ကုန်မြို့ ပေါ် ၏ ပလက်ဖောင်းများ ပေါ် တွင် ထိုကဲ့သို့ သော မိတ်ဆွေမျိုး ကို အခါပေါင်း များစွာ ကျွန်တော် တွေ့ဆုံ ခဲ့ရ ဖူးသည် ။ အသိအကျွမ်း လိုလို ပြုံး နှုတ်ဆက် လာ၍ အားနာပါးနာ ပြန် ပြုံး မိသော အခါ အနား ကပ် လာပြီး ပိုက်ဆံ အကူအညီ အတွက် ဆွေးနွေး တတ် ကြသည် ။ ကျွန်တော် ကိုယ်တိုင် ပင် သူများ လက်ဝေ ခံ ဘဝ ဖြစ်လေရာ ကန်တော့ ဆွမ်း ကိန်းသာတည်း ။
သူသော် ယခု ကား ... သူ ၏ ကိုယ်ဟန် ကို မြင်၍ ကန်တော့ဆွမ်း လောင်းရန် အားနာ မိသည် ။ ကိုယ့် တွင် လည်း ပိုက်ဆံ ရှိခိုက် ကိုး ၊ ထို့ကြောင့်ပင် မီးစိမ်း ပြ နေသည့် တိုင် ဖြတ် မကူး မိသေးဘဲ သူ့ အပြော ကို စောင့်ကာ နားထောင် နေမိ၏ ။ ဖြတ်ကူးကြသူများ ကား မီးပွိုင့် အောက် တွင် စကား ပြောနေကြသူ နှစ်ဦး ကို ငဲ့စောင်း ငဲ့စောင်း ကြည့် သွားကြ၏ ။
“ ဘဝ က ဆိုး ပါတယ် ဗျာ ။ ဆေးရုံ တက် နေရတုန်း မိန်းမ က အိမ် ကို ရောင်းပြီး နောက် ယောက်ျား ယူ သွား တယ် ။ ဆေးရုံ က ဆင်းလာ တော့ စား စရာ လည်း မရှိ ၊ နေ စရာ လည်း မရှိတဲ့ ဘဝ ပါ နောင်ကြီး ရာ ။ ဘာမှ မစားရတာ ဆေးရုံ က ဆင်း ကတည်း က ပဲ အဲဒါ ... ”
ကျွန်တော် သည် သက်ပြင်းရှည် ကို သာ ချ လိုက်မိ သည် ။ ကျွန်တော် ကိုယ်တိုင် ပင် လျှင် ဗယာကြော် ထမင်း ၊ ဗယာကြော် ဟင်း တို့ ဖြင့် ငတ် တစ်လှည့် ၊ ပြတ် တစ်လှည့် အခါ ပေါင်း များစွာ နေလာခဲ့ရသူ ဖြစ်ရာ ငတ်မွတ်ခြင်း အကြောင်း ကို ကောင်းကောင်းကြီး သိ ခဲ့သူ ဖြစ်၏ ။ ဆာ လာပြီ ဆိုလျှင် မနေနိုင် မထိုင်နိုင် လောက် အောင် ရင် တလှပ်လှပ် ဖြစ် ပြီး တံတွေး ကို သာ အားတင်း မျို နေရသော ဘဝ ၊ အဆာ လွန် သွားတော့ လည်း လေ ပြည့် လာသော ဝမ်း က တရစ်ရစ် နာ လာပြီး ရေ အဝ မသောက် မချင်း လေထိုးလေအောင့် နာ ကို ကောင်းကောင်း ကြီး လှိမ့် ခံ ရသော ဘဝ ။ ထို ဘဝ တို့ ကို အခါပေါင်း မြောက်မြားစွာ တွေ့သိ လာခဲ့ရပြီ ဖြစ်သောကြောင့် ဆာလောင်ခြင်း ဝေဒနာသည် များ ကို ကိုယ်ချင်း စာ မိသည် ။
မိမိ ဝမ်းဗိုက် အတွက် လူ့ သိက္ခာ ကို ပင် မထိန်းနိုင် တော့ ဘဲ ဂုဏ်သရေ အကျ ခံပြီး လူ အချင်းချင်း အောက်ကျို့ နေရသော ထို သူ ကို ကျွန်တော် များစွာ ကိုယ်ချင်း စာ မိပါ၏ ။
“ ကဲ .. လာပါဗျာ ၊ တစ်ခုခု စား ကြတာပေါ့ ”
မီးစိမ်းနေဆဲ ဖြစ်သဖြင့် လမ်းဖြတ် ကူး လိုက်၏ ။ အား အင် ကုန်ခန်း နေသဖြင့် တစ်လှမ်းချင်း လှမ်း နေရသော ထို လူ ကို စောင့် ခေါ် နေရသဖြင့် လမ်းလယ်ကောင် အုတ်ခုံတွင် ရပ် ကာ မီးနီ စောင့် ရပြန်သည် ။ ညှိုးငယ် နေသော သူ့ မျက်နှာ သည် ဝင်း လာပုံ ရ၏ ။ သူ ၏ ကျေးဇူး တင်သော အကြည့် တို့ သည် ကျွန်တော့် ရင် ကို နာကျင် စေ၏ ။ အစာအိမ် ရောဂါ ပျောက်ကင်းပြီ ဟု ယူဆ သဖြင့် ဆေးရုံ မှ ဆင်းခွင့် ရလာ သော် လည်း သူ ၏ အစာအိမ်ရောဂါ မှာ ကား ယခု မှ စ၍ အသစ် တစ်ဖန် ဖြစ် လာ နေလေပြီ ။
သူ့ ကို တစ်ခုခု ကျွေး ရပေမည် ။ လက်ဖက်ရည် ၊ ကော်ဖီ ဆိုလျှင် ပိုက်ဆံ ကုန်တာချင်း အတူတူ ဝမ်း ဝမည် မဟုတ် ။ ထို့ကြောင့် ဝမ်းဝ မည့် အစာကို ကျွေးရမည် သာ ။ ကီလီကမ်းနား ဘက် ရှိ ထမင်းဆိုင်များ မှာ ဈေး ပေါ လှ၏ ။ တစ်ကျပ်ဖိုး ဆိုလျှင် ဟင်းများများ နှင့် ထမင်း တစ်ပွဲ ရသည် ။ ဝ လောက်သည် ။
“ ခင်ဗျား ထမင်း စားမလား ။ ထမင်း စားလို့ ကော ဖြစ်ပါ့ မလား ”
“ ဖြစ်ပါတယ် ဆရာ ။ ဆရာဝန် က စားနိုင်ပြီ လို့ ပြောပါတယ် ။ ဒါပေမဲ့ ... ”
“ ဆိုပါဦး ”
“ ဆရာ့ ကို အားနာ .. ”
“ အားမနာစမ်းပါနဲ့ ဗျာ ၊ ကျွန်တော် လည်း ကြုံတုန်း ကျွေးနိုင်လို့ ကျွေး တာပါ ”
မီးစိမ်း ကြသော အခါ တစ်ဖက် ပလက်ဖောင်း သို့ ဖြတ် ကူးပြီး အမှတ် ဆယ့်ငါး ကားဂိတ် ရှိရာ သို့ ဦးဆောင် လိုက်သည် ။ ကျွန်တော် တစ်ယောက် တည်း သာ ဖြစ်လျှင် ကားခ မကုန် စေရန် ခြေကျင် ကြိတ်မည် ဖြစ်သည် ။ သို့သော် ထို အားအင် ကုန်ခန်းနေ သူ သည် ကျွန်တော့် လို လမ်း လျှောက်နိုင်မည် မဟုတ် ။
ကား ပေါ် တွင် စကား ပြောမိ၏ ။ သူ့ အကြောင်း ကို ပို သိလာရ၏ ။ သူ့ အမည် မှာ ကိုမောင်စိန် ၊ မွတ်ဆလင် ။ ယခင် က မန္တလေး ရထား ပေါ် ရှိ စားသောက်ဆိုင် တွင် အလုပ် လုပ်ခဲ့သည် ။ နောင် စားသောက်တွဲ လည်း ပြုတ် ၊ အလုပ် လည်း ပြုတ် ပြီး ကျပန်း လုပ် စားရာမှ အစာအိမ် ရောဂါ ဖြစ်ပြီး ငွေကုန်လူပန်း နှင့် ဆေးရုံကြီး ရောက် ။
“ မိန်းမ က ပထမ တော့ လာ ကြည့်ပါသေးတယ် ဆရာ ။ နောက်တော့ လည်း စိတ်ပျက် သွားတယ် ထင်ပါရဲ့ ။ အိမ် ကို ရသမျှ နဲ့ ရောင်းပြီး လူ တစ်ယောက် နဲ့ လိုက်သွား တယ် လို့ ကြား ရတာပါပဲ ။ ကြားစ ကတော့ ကျွန်တော် လည်း သ,တ်သေဖို့ တောင် စိတ်ကူး မိတာ ။ နောက်တော့ ဘဝ ကို အရှုံး မပေးဘူး လို့ ဆုံးဖြတ် မိ တယ် ဆရာ ။ ခုလည်း အား မရှိသေးလို့ပါ ။ အား ရှိလာရင် ရရာ လုပ်ပြီး ထမင်း ရှာ စားမှာပါ ”
ကား သည် မော်တင်ဆိပ် တွင် ရပ်၏ ။ ကျွန်တော် တို့ လည်း ကားပေါ် မှ ဆင်းကာ ကမ်းနား သို့ ဆင်း ခဲ့သည် ။
လတ်ဆတ်သော ကမ်းနား လေညင်း သည် မှိုင်းရီစ ပြုနေ သော ဆောင်းဦး ညနေ ဆည်းဆာ တွင် လှုပ်ရှား နေ၏ ။
ထမင်းဆိုင် သို့ ရောက်သော အခါ သူ့ အတွက် ကြက်သားချိုချက် နှင့် ထမင်းဖြူ တစ်ပွဲ ၊ ကျွန်တော့် အတွက် အမဲ နှပ် နှင့် ထမင်းကြော် တစ်ပွဲ မှာ လိုက်၏ ။ အားပါးတရ စား သော ကိုစိန် ကို ကြည့်ပြီး ပထမဆုံး ရသော စာမူခ နှင့် လုပ် လိုက်ရသော အလှူ အတွက် ကျွန်တော့် ရင် ထဲ မှာ မဖော်ပြ နိုင် လောက် အောင် ကြည်နူး မိ လိုက်သည် ။ သက်ငယ်ရိုး နှင့် ထိုး ရသော ခေါင်းလောင်းသံ သည် သာယာလှပါဘိ ။
ကျွန်တော် က လည်း မနက်စာ မစားရသေး သူ ၊ သူ က လည်း နှစ်ရက်စာ ကို တစ်ခါ တည်း စားရသူ ဖြစ်လေရာ ထမင်း တစ်ပန်းကန်စီ နှင့် မဝ ကြပေ ။ ကိုစိန် သည် သူ့ ပန်းကန် ထဲ တွင် ထမင်း နည်းနည်းသာ ကျန်သော အခါ ကုန်အောင် မစားဘဲ နည်းနည်းစီ ဆွဲ စားနေသည် ။ ကျွန် တော် အလိုက် သိ ရပေမည် ။
“ သိပ် ကျေးဇူး တင်ပါတယ် ဆရာသမား ရယ် ၊ ဆရာ့ ကျေးဇူး မမေ့ပါဘူး ။ လိပ်စာ ပေးခဲ့စမ်းပါ ၊ ကျေးဇူး ဆပ်နိုင် တဲ့ အခါ ဆပ်ရ အောင်လို့ ”
“ နေပါစေ ကိုစိန် ။ ကျွန်တော် လည်း ခုလို ကူညီရ တာ ကို ဝမ်းသာပါတယ် ဗျာ ။ လိပ်စာ တော့ ယူ ထားပေါ့ ၊ တွေ့ချင်မှ တော့ တွေ့မှာနော် ”
သူ နှင့် ကျွန်တော် ကြည်နူးစွာ လူချင်း ခွဲ လိုက်ကြ၏ ။ လှိုင်မြစ်ကမ်း တွင် နေ့ အရောင် ညှိုး လေပြီ ။
••••• ••••• ••••• •••••
နွေဦး လွန် စ ကာလ တွင် လေပြည် သည် မငြိမ်းချမ်း တော့ ။
မျှော်လင့်ချက် ရောင်ခြည်ကလေး တစ်ချက် က လျှပ် ပြက်သလို ပြက်လိုက်ပြီး နောက် အမှောင်တွင်း သို့ ပြန် ရောက် သွားရသော ကျွန်တော့် ဘဝ သည် လည်း မငြိမ်းချမ်း တော့ပေ ။ ကြိုဆို နှုတ်ဆက်သော ပန်းကုံး သည် ပင် လျှင် မြူ လို လွင့်ပျံ့ သွားလေပြီ ။ နောက်ထပ် ပါနိုး ပါနိုး နှင့် စောင့်ရင်း စောင့်ရင်း တစ်ဆောင်း လုံး သာ လွန်ခဲ့သည် ။ ဆောင်းပါး ၊ ကဗျာ ၊ ဝတ္ထု တို့ သည် အပယ်ခံ ဘဝ သို့ သာ တွင်တွင် ကြီး ရောက်ရ ပြန်သော အခါ ဆက်လက် ရေးရန် ကို ပင် အား မရှိတော့ ။
မှောင်မည်း သော မိုးကောင်းကင် သည် မအောင်မြင် သူ ကို ပို၍ အားငယ် စေ၏ ။ ကြယ်ပွင့် မှိန်ပျပျကလေးများ ကို ငေးမော နေရသော်လည်း ကျွန်တော့် စိတ်များ မှာ ထင်းရှူး သေတ္တာ အတွင်း ပြည့်သိပ် နေသော စာမူ အကြမ်းများ ထံ ရောက် နေ၏ ။
စားဝတ်နေရေး အခြေအနေ က ပို ဆိုးလာသည် ။ ယခု အခိုက်အတန့် အားဖြင့် လာ ခို နေရသော ကြည့်မြင်တိုင် ပန်းတနော်လမ်း မှ သူငယ်ချင်း လင်မယား တို့ ကို အားနာ နေ ရ ပြန် လေသည် ။ လောကကြီး တွင် သင့် သလို ၊ သက်သာ သလို ကြည့် နေပြီး အနုပညာ တစ်ခု တည်း ကို သာ ဇောက်ချ ၍ ကြိုးပမ်းပါတော့မည် ဟူသော နှစ်ပေါင်း များစွာ ကျင့်သုံး လာခဲ့သည့် ဆုံးဖြတ်ချက် ကို ပင် ပြင်ကာ မိမိ ဝမ်းဗိုက် အတွက် သက်သက် ရုန်းကန် ရလေမည်လား ။ စာပေ ရေးသား ပြုစုခြင်း ကို စွန့်လွှတ်ပြီး သစ်စက် တစ်ခု ခု တွင် သုံး ကျပ် ဆယ့်ငါးပြား နှင့် သစ် ထမ်းရန် ကို ပင် တစ်ခါ တစ်ခါ တွေး မိပါသည် ။
ဘာရယ်လို့ မစဉ်းစားမိ ။ နောက်ကျု နေသော ခေါင်း ကို ရှင်းလင်းရန် အတွက် တော်လှန်ရေးပန်းခြံ ဘက် ဦး တည်ကာ ခပ်ဖြည်းဖြည်း လမ်းလျှောက် လာမိ၏ ။ ဗားဂရာ လမ်း တစ်လျှောက် တွင် မီးရောင် တို့ ထိန်ထိန်ညီး နေလေ သည် ။ မီး လင်းနေသော ရုပ်ရှင်ရုံများ ရှေ့ မှ ဖြတ် မလျှောက်ရဲ သလိုလို ဖြစ် မိပြန်သည် ။ မြေနီကုန်း ညဈေးတန်း တွင် ပျော် ရွှင် နေသော လူများ ၏ လှုပ်ရှားဟန် သည် ကျွန်တော့် လို လူ ကို ပြောင်လှောင် နေသလို ထင်ရ၏ ။
“ ဆရာ ... ”
ခေါ်သံ သဲ့သဲ့ ကို ကြား မိသလို ရှိ၏ ။
ပထမဆုံး ရသော စာမူခ ငါးကျပ် ကို တစ်သက် မမေ့ နိုင်သလို စာမူခ ရသည့် နေ့က ကြား ခဲ့ရသည့် “ ဆရာ ” ခေါ် သံ ကို ကျွန်တော် သတိရ နေမြဲ သာ ဖြစ်၏ ။ သူများ ဖြစ်နေ မလား ဟု ဘေဘီ လှည့် ကြည့် လိုက်မိသည် ။
“ ဆရာ ... ကိုကြီးမြင့် ”
“ ဟာ ... ကိုစိန် ”
“ တွေ့ရတာ ဝမ်းသာ လိုက်တာ ဗျာ ၊ ကိုကြီးမြင့် ဟုတ်မှ ဟုတ်ပါ့မလား လို့ ကျွန်တော် ကြည့် နေတာ ကြာပြီ ”
“ အေးဗျာ .. ခင်ဗျား ကို ကျန်းကျန်းမာမာ ပြန် တွေ့ ရတာ ဝမ်းသာ ပါတယ် ။ ခု ဘာ လုပ်နေသေးသလဲ ”
“ ကြုံရာကျပန်းပဲ ဆိုပါတော့ဗျာ ။ ခုတော့ အလုပ် တစ်ခု ရ ဖို့ ရှိလာပြန်ပြီ ”
“ ဟုတ်လား ကောင်းတယ်ဗျာ ၊ ဘာများလဲ ကိုစိန် ”
“ ရေခဲချောင်း ရောင်းတာ ”
“ ကောင်းတာပေါ့ဗျာ ၊ နွေ ရောက် လာတော့ ကောင်းမှာပေါ့ ”
ဆွေးမြည့်သော သက်ပြင်း ချသံ သည် လွင့်ပျံ လာ၏ ။
“ ရေခဲချောင်း ရောင်းဖို့က မခက်ဘူး ဆရာသမား ရေ ၊ မှတ်ပုံတင်ကတ်ပြား ပေး ထားရင် ရေခဲချောင်း စက် က နေ ရေခဲချောင်း တစ်ပုံး အပြည့် ယူ ရောင်းလို့ ရတယ် ။ ညနေ ကျ ရှင်းပေါ့ ၊ ခက်တာ က ဂလိုင် ”
“ ဘာ ... ဂလိုင် ”
“ ဟုတ်တယ် ကိုကြီးမြင့် ၊ ဂလိုင်ပဲ ။ ရေခဲချောင်း ရောင်း ချင် ရင် ဂလိုင် ရှိရမယ် တဲ့ ၊ ဂလိုင် ခေါက်ပြီး ရောင်း နိုင်မှ ရောင်း ရတာ ၊ အဲဒါ ကျွန်တော် အခု ရေခဲချောင်း ရောင်းနိုင်ဖို့ အ တွက် ဂလိုင် တစ်ခု ဝယ် နိုင်ဖို့ ကြိုးစား နေတယ် ”
သည် တစ်ခါ သက်ပြင်း ချ မိ သူ က ကျွန်တော် ။ တောင်မင်း ကို မြောက်မင်း မကယ်နိုင်သော ဘဝ ။
“ ဘဝ ကို တော့ အရှုံး မပေးပါဘူး ဆရာသမား ရယ် ။ ခု ကျွန်တော် တောင်ဥက္ကလာဗလီ မှာ အိပ်တယ် ၊ နေ့ခင်း တော့ ဗိုက် ပြည့်ဖို့ ကြုံရာ အလုပ် ကို လျှောက် လုပ်တာပေါ့ ဗျာ ။ အင်း ... ဂလိုင် ဝယ် နိုင်ရင်တော့ မှတ်ပုံတင် နဲ့ ဂလိုင် သွား ပြပြီး .....”
ကိုစိန် သည် စကား ကို အဆုံး မသတ် ၊ ကောင်းကင် ကို ငေးမော ကြည့်နေ၏ ။ ကျွန်တော် လည်း သူ့ လို ပင် ငေး နေမိ၏ ။
ဪ .... ဂလိုင် - ဂလိုင် - ဂလိုင် တစ်လုံး ကောင်းကင် မှ ကျ လာပါက ကောင်းလေစွ ။
◾ကြည်မင်း
📖 ဖြူနီညိုပြာ မဂ္ဂဇင်း
၁၉၇၁ ၊ အောက်တိုဘာ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment