Friday, January 6, 2023

လူသစ်တွေ


 

❝ လူသစ်တွေ ❞

အများအားဖြင့် လူတိုင်း ဟာ အသစ် အသစ် ကို ခုံမင် မက်မောကြ မှာ ပါ ပဲ ။ ကိုယ့် ကိုယ် ကိုယ် အဟောင်း မဖြစ်ချင်ကြဘူး ။ ဒါပေမဲ့ ကျွန်တော် ဗျာ ... ကျွန်တော် က တော့ အသစ် မဖြစ်ချင်ပါဘူး ။ အ‌ဟောင်း ပဲ ဖြစ်ချင်တယ်လေ ။ လူဟောင်း ပဲ ဖြစ်ချင်တယ် ။ အဟုတ်တကယ် ပြောနေတာပါ ။ ဒီဆို ပြော ရတာ လည်း ကျွန်တော့်အတွေ့ အကြုံ ကြောင့် ပေါ့ ။

•••••   •••••   •••••

“ သရီးအပ် ဆိုက်ပြီ ”

ဘာကို ဆိုလိုမှန်းတော့ မသိ ။ ရန်ကုန် နေ့ အမြန်ရထား ကို သရီးအပ် လို့ ပဲ သူများ ခေါ်သလို ခေါ်သည် ။ ရောင်စုံပန်းပွင့် တွေ ၊ ကြို သူ တွေ ၊ နှုတ်ဆက် သူ တွေ ကို တငေးတမော ကြည့်ဖို့ ထက် ဘယ် သွား ကြမှာလဲ ၊ မြင်းလှည်း ငှား မှာလား ဆိုက်ကား ငှား မှာလား ၊ ဒါကို သိ ရဖို့ အရေး ကြီးသည် ။ သို့မဟုတ် အရေးကြီး ဆို သည် မှာ ကျွန်တော့် အတွက် ပြဿနာ ကို ဖြစ်မလာ ။ အစ ကတည်း က မြင်းလှည်း လူ ကြို ဖို့ စောင့် နေတာပဲလေ ။

“ အစ်ကို ရေ .. စိန်ပန်း တဲ့ ဗျ သုံးယောက် တည်း အိတ်သုံးလုံး ၊ လက်ဆွဲ တစ်ခြင်း …. ခုနစ် ကျပ် နဲ့ ”

“ လိုက်မယ်ကွ ၊ ရော့ ... မင်း အတွက် ”

“ အစ်ကို က တော့ လုပ်ပြီ ၊ ငါးမူး တည်း ရယ် ... တစ်ကျပ် ပေးခဲ့ဗျာ ”

"ဟ .. မင်း အရင် လူဟောင်းတောင် မှ အလွန်ဆုံး ရ ရင် တစ်ကျပ် ၊ မင်း က လူသစ် ပဲ ၊ တော်ရောပေါ့ကွ ”

တဂျုံးဂျုံး တဂျိုင်းဂျိုင်း နှင့် မြင်းလှည်း ထွက် သွား သော အခါ ငါ နှင့် ကိုင်တုတ် ပစ် လိုက်သည် ။

မြစ်ကြီးနား ရထား ဝင်လာသည် နှင့် တွဲ ပေါ် ရောက်ပြီးပြီ ။ ဒီ ကောင် တွေ အတော် လျင်သည် ။ သူတို့ လို မသွက်ပေ မဲ့ ရထား မရပ် ခင် တွဲတစ်တွဲ ပေါ် ရောက်အောင် တော့ ခို တက် လိုက် နိုင်သည် ။ “ ငါ ဘယ် ဆိုးလို့လဲ ” ဟု ကျွန်တော့် ကိုယ် ကျွန်တော် မချီးမွမ်းနိုင်သေး ပစ္စည်း များစွာ ပါသူများ ထံ မျက်လုံး ကို ဦးတည် ပေး နေရသည် ။ ပါးစပ် မှ လည်း “ အလုပ်သမား ငှားမလား ၊ အထမ်း ရမယ် ” ဟု အော် နေရသေးသည် ။ လေးလံပြီး အဝန်းအလျားရှည် သံသေတ္တာ ကို ကျော ပေါ် တင် လျှောက်ရသည်၌ ကျွန်တော့် ခန္ဓာကိုယ် သည် ၂ ကို ဇောက်ထိုး လုပ်ထားပုံ နှင့် တူ နေ ပေလိမ့်မည် ။

“ ဂိတ်ဖြတ် ဂိတ်ဖြတ် ၂ ကျပ် ”

“ အာ ... ဦးလေး က လည်း ဗျာ .. မလုပ်ပါ နဲ့ တစ်ကျပ် .. လုပ်ပါ ကျွန်တော် ရတာ မှ သုံးကျပ် တည်း ... ”

“ ထုံးစံပဲ မောင် ၊ မင်းတို့ လူသစ်တွေ တံဆိပ် ရှိတာ မဟုတ်ဘူး ၊ မင်း ဘာသာ ဘယ်လောက် ရရ ... နှစ်ကျပ် တော့ ဖြတ် ”

မျက်စောင်း တစ်ချက် ထိုး ပြီး ၊ အံကြိတ် ပြ လိုက်သည် ။ ဒါကို သူ မမြင် နိုင်မှန်း မတွေးဆ ၊ မကျေနပ်တာ ကို ဒင်းကြီး သိ စေချင်တာပဲ ရှိသည် ။ ကိုယ်တိုင် လည်း ဝင် မထမ်းဘဲ တကယ် ထမ်း ရ သူ ဆီ က ဖြတ် ယူသေးသည် ။

“  ...  .... ”

ဒေါသ ဖြစ်ဖြစ် နှင့် သူ့ မြင်ကွင်းမှ ကျွန်တော် ပျောက် ချိန်လောက် တွင် ပျစ်ပျစ်နှစ်နှစ် ဆဲပစ် လိုက်သည် ။

“ ဟေး ... ”

ညာသံ ပြိုင် အော်လျက် တိုးဝှေ့ နေရာ ယူ လိုက်သော လူတန်းရှည် ကြီး ထဲ မှ နံဘေး လွင့်စဉ်မသွားအောင် သိပ် တော့ မကြိုးစားရ ၊ ရှေ့ မှ အမျိုးသမီး ပခုံး ကို ဆုပ်ကိုင် ထား လိုက်သည် ။ မျက်စောင်း လှလှ ၊ မျက်တောင် စူးစူး ထိုး လိုက် လိမ့်မည် ဟု ကျွန်တော် မမျှော်လင့် ၊ ထို အမျိုးသမီး ဘာမျှ ပြန် မပြော သလို ကျွန်တော့် မှာ လည်း ဘာ တစ်ခုမျှ ထူးထွေ ခံစားရခြင်း မရှိ ၊ ရင် တော့ ခုန် နေသည် ။

“ ငါ့ အလှည့် မရောက်ခင် တိုကင် ပြတ် သွားမသား ”

ဟု ခေါင်း ကို ဘယ်ညာ ထုတ် ကြည့် ရင်း ၊ တစ်ခါတစ်ရံ ရှေ့တူရူ သို့ ခြေဖျား ထောက် ကြည့် ရင်း ၊ နောက် လူ ကို တံတောင် နှင့် တွတ်ရင်း ၊ ရှေ့လူ ကို ဖိ တိုးရင်း လက်မှတ် ပေါက် ရောက် သော အခါ စာရေး ဆီ မှ တိုကင် နှစ်ခု ကို အမြန် ယူလျက် ပျော်ရွှင်စွာ ဖြင့် လူတန်းရှည် ကို နှုတ်ဆက် လိုက်သည် ။

ရှေ့က ကောင်တွေ နောက် လိုက် သွားပြီး တိုကင် ဝယ် နေသည့် သူ ကို ကျွန်တော် က လည်း တိုကင် နှစ်စောင် ထိုးပေး လိုက်သည် ။ ဝယ်သူ က ကျွန်တော့် တိုကင် နှစ်စောင် ယူပြီး ချက်ချင်း ပိုက်ဆံ မပေးသေးသည် ကို မကျေနပ် ၊ ကျွန်တော့် ကို မမြင်ဖူး သလို စူးစူးရဲရဲ ကြည့်တာ ကို ပို မကြိုက် ၊ ကျီးကြည့် ကြောင်ကြည့် နှင့် လူပုံ မလည်သေးသည့် ကျွန်တော့် ပုံ က သူ့ အတွက် အသစ်အဆန်း ဖြစ် နေသလား လို့ တော့ ကျွန်တော် မသုံးသပ် တတ် ။

“ ရော့ လေးကျပ် ”

“ ဟာဗျာ ... ဟိုကောင်တွေ ကျတော့ ငါးကျပ် ပေးပြီး ”

“ ဟ... သူတို့ က လူဟောင်းတွေ ၊ ငါ့ ဖောက်သည် ကွ ၊ မင်း က လူသစ် ပဲ ၊ ဒီလောက်ပဲ ရမှာပေါ့ ”

သူ့ ရှေ့ မို့ သာ နို့မို့ရင် တောက် တစ်ချက် ပြင်းပြင်းထန်ထန် ခေါက် လိုက် ချင်သေးသည် ။

“ ဟေ့ကောင်တွေ ၊ ထ ... လစ်တော့ ”

တဝုန်းဝုန်း ပြေးလွှားသံများ ကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် နေရာ မှ လန့် နိုးသွားသည် ။ ကွေးခြုံ ထားသော ပုဆိုး ကို ပြင်ပတ်ရင်း ဘာကြောင့် ပြေးလွှား ကြတာလဲ ကို မစဉ်းစားမိ ၊ မျက်လုံး ကို ပွတ်သပ် နေလိုက်သည် ။

"ဟိတ်ကောင် …. ပြေးလေ ၊ ဒီ လူသစ် တော့ ဒုက္ခပါ ပဲ ”

ကျွန်တော့် ကို ပြောသည် ဟု အထင် ရှိသည် နှင့် တောင်ဘက် သို့ ပြေး မိတော့သည် ။ ပလက်ဖောင်း မြေသို့ ခြေ ချမိသည် ခဏ ၊ မျက်လုံး ကို စူးရှသော ဓာတ်မီး အလင်းရောင်တန်း ကြောင့် တုံ့ခနဲ ရပ် လိုက်သောအခါ လက် နှစ်ဖက် ကို တင်းကျပ်စွာ ချုပ်ဆီးခြင်း ခံရသည် ။ ဝန်းကျင် ကို မျက်စိကစား လိုက် သော အခါ ကျွန်တော့် လို ၄ - ၅ ယောက် လည်း ဖမ်းချုပ် ခံ ထားရသည် ။

“ မောင်ရိပ်ခိုသူတွေ လိုက် ဖမ်းတာ ကို ဒီ လူသစ်တွေ က အထာ မသိဘူး လေကွာ ”

ကျွန်တော့် အရွယ် ၊ ဒါမှ မဟုတ် ကျွန်တော့် ထက် သိပ် မငယ်နိုင်သော ဆေးလိပ်သည် နှစ်ယောက် ပြောဆိုသံ ကို ကားကြီး ပေါ် မတက် ခင် ကြား လိုက် ရလေသည် ။

“ လာပြီဟေ့ ... လူသစ်တွေ ”

ထို့နောက် အခန်းကျဉ်းကလေး အတွင်း သို့ မည်သို့ ရောက်သွားသည် မသိ ၊ အနီ ၊ အဝါ ၊ အပြာ ၊ ကြယ်ပွင့် တို့ မြင်ရခြင်း အကြောင်း ကို တော့ ကျွန်တော် စဉ်းစား လိုက်နိုင်သည် ကို သိ နေသည် ။ ရီဝေ တုန်ခါသော ကျွန်တော့် ဦးနှောက်များ လှုပ်ရှားနေဆဲ ဟုတော့ ကျွန်တော် ယုံကြည်နေသည် ၊ အကြား အာရုံ က သတင်း ပို့သည် ကို ဘာသာပြန် ပေး နေခြင်းကြောင့် ပင် ဖြစ်ရလေသည် ။

“ လူသစ် ဆိုတာ ဒီလို နှိမ် ရတယ်ကွ ”

“ လူသစ်တွေ တော့ မနက် ဆို ငတ် နေတော့ မှာ … ”

“ လူသစ် …. ”

“ ဒါဆို ... သိရောပေါ့ ၊ ကျွန်တော် လူဟောင်း ဖြစ်ချင်တာ ၊ ကျွန်တော့် လက်ရှိ အခြေအနေ က လူဟောင်း ဖြစ်တာ အကောင်းဆုံး ပဲ မဟုတ်လား ။ ဘုရားကြီး ရောက်တဲ့ အခါ ကျွန်တော် က တော့ ဆုတောင်း ရဦးမယ် ”

“ နေရာတိုင်း မှာ တပည့်တော် သည် အဟောင်း ဟု သတ်မှတ် ခံရပါလို၏ ဘုရား ” လို့ ပေါ့ဗျာ ။

◾ရဲသျှမ်း

📖 စံပယ်ဖြူမဂ္ဂဇင်း ၊
      ဒီဇင်ဘာလ ၊ ၁၉၈၅ ခု

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment