Showing posts with label ပြုံးတတ်တယ်ခေါင်းညိတ်တတ်တယ်. Show all posts
Showing posts with label ပြုံးတတ်တယ်ခေါင်းညိတ်တတ်တယ်. Show all posts

Friday, November 26, 2021

ပြုံးတတ်တယ် ခေါင်းညိတ်တတ်တယ် အခန်း ၃၁ + ၃၂


 အခန်း ( ၃၁ )


အလုပ် စ ဆင်းရတယ် ။ ပုဂ္ဂလိက မဟုတ်တော့ နှုန်းပြည့် မရဘူး ။ ပြီးတော့ မသီတာ က ငါ့ အတွက် ဈေးတပတ် ရငွေထဲ က သုံးရာ ဖြတ်မယ်တဲ့ ။ ဖြတ်ပေါ့ ။


အလုပ်ခန်း က လေးခန်း ပဲ ရှိတယ် ။


ရန်ကုန် က ပစ္စည်း လေးခု မှာရမယ့် အစား တခု လျော့မှာလိုက်တယ် ။ သည်တော့ ပစ္စည်း သုံးခု ပဲ ပါလာတယ် ။ ငါ့ အတွက် က တခန်း ရတယ် ။


ရန်ကုန် က ပါလာတဲ့ ပစ္စည်းတွေ လဲပဲ ဈေးတပါတ် လုပ်ခ သုံးရာ အဖြတ် ခံရတာချည့်ပဲ ။


အများတောင် အဖြတ်ခံရမှတော့ ငါ လဲ အဖြတ် ခံရတော့မှာပေါ့ ။ အလုပ်ရတဲ့ အတွက် မသီတာ ကို ကျေးဇူးတောင် တင်ရလိမ့်ဦးမယ် ။


အဲ ... ငွေရှင်းပေးတာကလဲ နည်းတယ် ။ နှစ်ဆယ့်ငါး ရာခိုင်နှုန်း ဆိုပါတော့ ။ ဧည့်သည်ထံကတော့ တရာ ကောက်တယ် ။ ငါတို့ ကိုတော့ အစိတ်ပဲ ရှင်းပေးတယ် ။


စားဖို့သောက်ဖို့တော့ မပူရဘူး ။ စရိတ်ငြိမ်း ဆိုပါတော့ ။


မနက်စာလဲ မနက်စာ အလျောက် ၊ နေ့လယ်စာလဲ နေ့လည်စာ အလျောက် ၊ ညစာလဲ ညစာ အလျောက် ၊ စားချင်ရာရာ ဝယ်ကျွေးတယ် ။ ကျွေးစရိတ် မွေးစရိတ် ကိုတော့ ပစ္စည်းထိန်း က တာဝန်ယူတယ် ။


လုံခြုံရေး တာဝန်ကိုတော့ တည်းခိုခန်း က တာဝန် ယူတယ် ။ တာဝန် ယူတယ် ဆိုတာကလဲ သူ့ အန္တရာယ် ၊ ကိုယ့် အန္တရာယ် ကာကွယ်ရတဲ့ သဘောပါ ။ နာစရာ ရှိယင် သူ လဲ နာမယ် ။ ကိုယ်လဲပဲ နာမယ် မဟုတ်လား ။


မော်လမြိုင် ရထားပေါ်က တက်ထရွန်စ ဆင်ကြယ်ဖိနပ် တို့လို ကိုယ့်ပစ္စည်း မဟုတ်ဘူး ဆိုပြီး ရှာဖွေရေး ရှေ့မှာ ပစ်ထားလိုက်လို့ ရတာမျိုး မဟုတ်ဘူး ။


သည်တော့ လုံခြုံရေးအတွက် အစီအစဉ်တွေ လုပ်ရတယ် ။ ဝင်းတံခါးကို ပိတ်ထားရတယ် ။ အစောင့် တယောက် ထားရတယ် ။


ဧည့်သည်ကလဲ မျက်နှာစိမ်း ဝင်လာလို့ မရဘူး ။ မျက်နှာစိမ်း နဲ့ မျက်နှာသိ တွဲဝင်လာမှ ဝင်ခွင့်ပြုတယ် ။


ပစ္စည်းတွေကိုလည်း သင်တန်းပေးထားတယ် ။ အခန်းတခုထဲ မှာ အသင့် စုစည်းပြီး နေ ... ။ အချက်ပေး ခေါင်းလောင်းသံကိုတော့ နားစွင့်နေရတယ် ။


အချက်ပေး ခေါင်းလောင်းသံ တချက် တီးယင် ဧည့်သည် ရောက်ပြီ ။ ပစ္စည်းကြည့် လာလိမ့်မယ် ။ ဖရိုဖရဲ ဖြစ်နေရင်လဲ မိနစ်ပိုင်း အတွင်း ပြင်ဆင်ထားပေတော့ ။


အချက်ပေး ခေါင်းလောင်းသံ နှစ်ချက် ကြားယင်တော့ ပစ္စည်းတွေ သတိဝီရိယ နဲ့ နေပေတော့ ။ အခြေအနေက အပြောင်းအလဲ ရှိနိုင်တယ် ။ ရာသီဥတု ဖောက်ပြန်နိုင်တယ် ။


အချက်ပေး ခေါင်းလောင်းသံ သုံးချက် ကြားယင်တော့ ပစ္စည်းတွေ ကိုယ်ယောင်ဖျောက်ထားပေတော့ ။ အခန်းထဲဝင် အပြင်ဘက်ကနေ သော့ခတ် ထားတော့မယ် ။


ရာသီဥတု ဖောက်ပြန်ချိန်လောက်မှ ပြင်ဆင်ချိန် အများကြီးရတယ် ။ ခြံဝင်းတံခါးနဲ့ ပစ္စည်းထားတဲ့ အိပ်ဆောင်က အတော်ကလေး လှမ်းတယ် ။ ခြံတံခါး ဖွင့်ပေးနေတုန်းမှာ အချိန်ရတယ် ။


အေး ... အရေးပေါ် အခြေအနေ ဆိုယင်တော့ ပြေးပေတော့ ။


ပြတင်းတံခါး ကို လေးချက်ဆင့် ပုတ်လိုက်လိမ့်မယ် ။ ပြတင်းပေါက် က ခုန်ပြီး ပြေးရတယ် ။


တဘက်မှာ နွယ်သာကီပင်တွေ ရှိတယ် ။ အကာအကွယ် ရတယ် ။ ပြီး ဗုဒ္ဓံသရဏံပင်တွေကလဲ ခြံစည်းရိုးတလျှောက် ခပ်ထူထူ စိုက်ထားတယ် ။


တနေရာမှာတော့ ခွေးတိုးပေါက်သာသာ အပေါက်တပေါက် လုပ်ထားတယ် ။ အရေးအကြောင်း ရှိမှသာ သုံးရမယ်လို့ အမိန့် ထုတ်ထားတယ် ။ အကြောင်းမသိယင် အဲ့ဒီ့  ခွေးတိုးပေါက် ကို မြင်ဖို့ မလွယ်ဘူး ။


ခွေးတိုးပေါက် က ခေါင်းလျိုထွက်လိုက်ယင် တဘက်က အဆင့်မြင့် အစိုးရ ကျောင်းဝင်းထဲကို ရောက်မယ် ။ ခြံစည်းရိုးချင်း ကပ်လျက်ဆိုတော့လဲ ကျောင်းစောင့် နဲ့ ပေါင်းထား သင်းထားရတယ် ။


ကျောင်းဝင်းတံခါးပေါက်ကြီး ရဲ့ ဘေးမှာ မလွယ်ပေါက်ကလေး တပေါက် ရှိတယ် ။ ကျောင်းစောင့် က အဲသည် မလွယ်ပေါက်ကလေး ကို ဖွင့်ပေးမယ် ။


မလွယ်ပေါက်ကနေ ထွက်လိုက်ယင် လမ်းမပေါ်မှာ ပေါ်တာကပ်ကလေး တစင်းက အသင့်စောင့်နေမယ် ။ ပစ္စည်းတွေ ကား ပေါ်တက်တော့ ။


လွတ်ရာ တနေရာ ကို မောင်းလိမ့်မယ် ။ အမရပူရ က အိမ် တအိမ် မှာ ညအိပ်ကြပေတော့ ။


သားကောင် နဲ့ မုဆိုး လိုပဲ ။ မုဆိုး ကလဲ သားကောင် ကို ချောင်းနေတာပဲ ။ သားကောင် ကလဲ အကင်းပါးပါမှ ။ လက်ပူးလက်ကြပ် မိဖို့ဆိုတာလဲ ခဲယဉ်းတယ် ။


တနေ့ကလဲ တည်းခိုခန်း တစ်ခု အဲသည်လို ထောင်အဖမ်း ခံလိုက်ရတယ် ။ မိသက် တို့ အဖမ်းခံရတယ် ကြားတယ် ။


သည်တော့ ငါတို့ တည်းခိုခန်း ကလဲ သတိထားနေရတယ် ။ လူကြည့် လက်ခံနေရတယ် ။


ပြောရဦးမယ် ။ တရာမှာ နှစ်ဆယ့်ငါးရာခိုင်နှုန်း ပဲ ရပေမယ့် ငွေ ကို သဲ့ယူသလို ရနေတယ် ။ ပစ္စည်းလေးခု ထဲမှာ ငါ ကလဲ လူကြိုက် များနေတယ် ။ သည်ဈေးတပတ် မှာ အယင်တခေါက်က စံချိန်ထက် ပိုလာတယ် ။


ခက်တာက ငွေ မကိုင်ရဘူး ။ ဈေးပတ်ကုန်လို့ ပြန်ရတော့မယ် ဆိုမှ ကုန်ကျစရိတ် နှုတ်ပြီး ငွေ ကို ရှင်းပေးတယ် ။


တခုတော့ ရှိတယ် ။ ဧည့်သည် က မုန့်ဖိုး ပေးသွားတာ ကလေးတွေကိုတော့ ကိုယ့်ဘာသာ ကိုယ် သိမ်းဆည်းခွင့် ရှိတယ် ။


အဲသည်ငွေထဲကမှ ငါးကျပ်တန်ကလေးတွေ ကို ကတော့ထိုးပြီး ငါ့ ခေါင်းရင်းက ပုလင်းကလေးထဲမှာ ထိုးထားတယ် ။


ငါ့ မှာ လဲ စာရင်း ထားရတယ် ။ ဧည့်သည်တစ်ယောက် ရတိုင်း အမေဂျမ်း အတွက် ငါးကျပ်တန် တရွက် ကတော့ ကိုး ရတယ် ။


မကိုးနိုင်ယင် ငါးကျပ်တန် တရွက် အစား မန်းကျည်းစေ့ တစေ့ ထည့်ထားတယ် ။ နောက်မှ အကြွေး ရှင်းရမယ် ။


အမေဂျမ်း ကို လဲ တိုင်တည်တယ် ။ ကိုယ်တော်နှစ်ပါး ကို လဲပဲ တိုင်တည်တယ် ။ ချိုကလျာ ရဲ့ နန်းမှာပဲ ပခန်းကိုကြီးကျော် အတွက် ထုပ်ထုပ်ထည်ထည် ရယင် သောက်ပွဲကျင်းပမယ် ဆိုပြီး နန်းတိုင်ပုလင်း ဆက်ခဲ့တယ် ။


ဧည့် ကတော့ ရပါတယ် ။ တရက်ကများ ဆိုယင် အယောက် နှစ်ဆယ် ကျော်တယ် ။ လူ့ ကို ကိုင်ရိုက်ထားသလို ခံရတယ် ။


ဒါပေမယ့် နေ့ဧည့် ထက် ညဧည့် ကို ပိုပြီး ငါ သဘောကျတယ် ။


ညဆယ်နာရီ ဆိုယင် ဧည့်သိမ်းပြီ ။ နောက်ထပ် ဧည့်သစ် လက်မခံတော့ဘူး ။ ညအိပ် ဧည့်အတွက် အလုပ်ဝင်တော့ ။


ညဧည့်သည် ဆိုယင်တော့ လေးရာ ယူတယ် ။ ကိုယ် နှစ်ရာ ရတယ် ။ သူ နှစ်ရာ ယူတယ် ။ တယောက် တဝက် ။ မဆိုးဘူး ။


နောက်ဖေးဆောင်မှာ အိပ်ဖို့ မလိုတော့ဘူး ။ ဧည့်သည် ရဲ့ အခန်းမှာပဲ အိပ်လိုက်ရတယ် ။


အလုပ်ဝင်ချိန်ကတော့ ည ဆယ်နာရီ ၊ ဆယ်နာရီ တမတ် ဆိုပါတော့ ။ အလုပ်ထွက်ချိန်ကတော့ မနက် ငါးနာရီ ။


တော်သေးတယ် ။ ပခန်းကိုကြီးကျော် ခေါ်ပေးတဲ့ ဧည့်သည်တွေ ထင်ပါရဲ့ ။ ထုပ်ထုပ်ထည်ထည်တော့ ရပါရဲ့ ။ ဒါပေမယ့် အမူးသမားတွေ များတယ် ။


အမူးသမား ဆိုယင် တမျိုးတော့လဲ စိတ်ညစ်ဖို့ ကောင်းတယ် ။ ဘာလို့လဲ ဆိုတော့ ငါ က အရက်နံ့ဆိုယင် မုန်းတယ် ။ နာကျည်းချက် ရှိတယ် ။


ဒါပေမယ့် ပရိယာယ် သုံးရတယ် ။ အရက် ကို တခွက်ပြီး တခွက် ငှဲ့ပေး ။ လူမှန်းသူမှန်း မသိပဲ မူးပြီး အိပ်ပျော်သွားယင်လဲ ပြီးတာပဲ ။


အိပ်ရေးအပျက်ခံလို့ က မဖြစ်ဘူးလေ ။ နေ့ခင်းဘက် အလုပ်က ရှိသေးတယ် ။


ငါ့ ရည်မှန်းချက် ကတော့ သည် ဈေးတပါတ်တော့ ပြတ်ပြတ်သားသား ရှာထားမယ် စိတ်ကူးထားတာပဲ မဟုတ်လား ။


သည် လူကတော့ လူအေးပဲ ။


ပြုံးတတ်တယ် ။


ခေါင်းညိတ်တတ်တယ် ။


ချစ်တတ်တယ် ။ ဒါပဲ ... ။


မျက်နှာထား ဆိုးပေမယ့် ပြုံးတတ်တယ် ။


နှုတ် မချိုပေမယ့် ခေါင်းညိတ်တတ်တယ် ။


ပြီးတော့ ငါ့ ကိုလဲ ကောင်းကောင်း ချစ်တတ်တယ် ။


အဲသည်ညက မိုးစင်စင် လင်းသွားတယ် ။ နှစ်ယောက်သား တမှေးမှ မအိပ်ဖြစ်ကြဘူး ။


ဘယ်တော့ ရန်ကုန် ပြန်မှာလဲလို့ ငါ က မေးကြည့်တယ် ။ မန္တလေး မှာ သုံးရက် လောက်တော့ နေရဦးမယ် တဲ့ ။ မန္တလေး ကနေ တောင်ငူ နဲ့ ပျဉ်းမနား မှာ ခရီးတထောက် နားဦးမယ် လို့လဲ ပြောတယ် ။ သစ်ကိစ္စ နဲ့ သူ့ မှာ အလုပ်တွေ ရှိနေသေးတယ်တဲ့ ။


ငါ့ စိတ်ထဲ အလကား နေယင်း သူ့ ကို စိတ် မချချင်ဘူး ။ ငါ့ လင် လဲ မဟုတ်ပဲနဲ့ ။


အိမ်ထောင် ရှိသလား မေးကြည့်ပြန်တော့လဲ ခေါင်းခါပြတယ် ။ လူပျိုကြီးလား ၊ မုဆိုးဖိုလား ၊ တခုလပ်လား ... တခုခုတော့ ဖြစ်မယ် ။


အို ... ဘာ ဖြစ်ဖြစ် ငါ နဲ့ နေ့တိုင်း လာတွေ့ယင် သိပ် ကောင်းမှာပဲလို့ ငါ ဆန္ဒပြုမိတယ် ။


အလုပ်သိမ်းချိန် ကျော်ပြီပေါ့ ။ ငါးနာရီ မှာ အလုပ်သိမ်းရမှာ မိုးပဲ စင်စင် လင်းနေပြီ ။


တံခါး လာ ခေါက်လို့ ဖွင့်ကြည့်လိုက်တော့ မသီတာ ဖြစ်နေတယ် ။


မသီတာ နဲ့ ခဏပဲ စကားပြောချိန် ရလိုက်တယ် ။ မမကြော့ နောက် ဈေးတပတ် လာဦးမှာလားတဲ့ ။ ငါ က မသေချာဘူးလို့ ဖြေလိုက်တယ် ။


သည်တော့ မလာချင်ယင် ပစ္စည်းရှာပေးရုံ ရှာပေးတဲ့အလုပ် လုပ်ပါလား ၊ ပစ္စည်းတခု ပါယင် ဈေးတပတ် ကိုသုံးရာ ကျန်မှာပဲ တဲ့ ။ ဘူတာရုံကို ပစ္စည်းရောက်တာနဲ့တပြိုင်နက် ဘူတာမှာတွင် ငွေ ချေမှာပဲလို့ ပြောတယ် ။


မသီတာ ပြောတဲ့ အလုပ်ကလဲ မဆိုးဘူး ။ ငါ က ကောင်းသားပဲ ဆိုလိုက်လို့ ရန်ကုန် ကို ပစ္စည်း ဆင်းကောက်တဲ့ လှရွှေ ရယ် ၊ အောင်ကြည် ရယ် ကို ခေါ်ပြီး မိတ်ဆက်ပေးလိုက်တယ် ။


အဲသည်ညမှာပဲ ငါ ရန်ကုန် ပြန်ခဲ့တယ် ။ လမ်းတလျှောက်လုံးမှာလဲ ကိုမောင်မောင်သိုက် အကြောင်း ခေါင်းထဲက ဖျောက်လို့ မရဘူး ။


ငါ့ ကို ငါ လဲ အံဩမိပါရဲ့ ။ ငယ်တော့တာလဲ မဟုတ်ဘူး ။ အသက် သုံးဆယ် ပြည့်တော့မယ် ။ အတွေ့အကြုံ နည်းတယ်လို့ ပြောရအောင်လဲ သိတဲ့အတိုင်းပဲ နှစ်လင် နဲ့ ကွဲပြီ ။


ညားသမျှ စာရင်းကတော့ ရေတွက် မနေနဲ့တော့ ။ ဆန်စေ့ လက်တဆုပ် ဆိုပါတော့ ။


ပြီး အနာဂတ်အတွက် အစီအစဉ်လေးတွေလဲပဲ ချကြည့်မိပြန်တယ် ။ ထိုင်စားမယ် ဆိုယင်လဲ တဆောင်း နဲ့ တနွေစာ တော့ ရမယ် ။ နောက် တမိုးစာပဲ ရှာတန် ရှာရမယ် ။


ဒါပေမယ့် ငါ သည်လောကကြီး ထဲက ထွက်ချင်ပြီ ။ လက်ထဲ ရလာတာကလေး ကို အရင်းအနှီး လုပ်နိုင်ယင် ကောင်းလိမ့်မယ် ။ တုတ်တုတ် တို့ လုပ်ကိုင်နေတာလဲပဲ အတုယူစရာ ရှိပြီပဲ ။


ပင်စင် စာအုပ်ကလေး သုံးလေးအုပ်လောက် အပေါင်ခံ ထားလိုက်ယင်လဲ တလ သုံးလေးရာလောက် ဝင်နိုင်မယ် ။


မုန့်ဟင်းခါး ချက်ရောင်းဦးမလား ။ တနေ့ ကိုးကျပ် တဆယ် ကျန်နိုင်တယ် ။


သည်ကြားထဲက ပစ္စည်းပို့တဲ့ အလုပ်နဲ့ တွဲလုပ်နိုင်ယင် အေးအေးဆေးဆေး ဒူး နှန့် နေနိုင်မယ် ။


◾မောင်သာရ


📖ပြုံးတတ်တယ် ခေါင်းညိတ်တတ်တယ် 



အခန်း ( ၃၂ )


လာချင်ယင်လဲလာ ။ သဘော ။


မလာချင်ယင်လဲနေ ။ သဘော ။ မျှော်ရလွန်းတော့လဲ မောတယ် ။


ဟုတ်တယ် ။ ပြည်ထဲရေး နဲ့ ဝမ်းရေး တို့ထက် လွမ်းရေး ခက်တယ် တဲ့ ။ ငါ့ မှာ ဝမ်းရေးထက် လွမ်းရေးခက်နေတယ် ။


ကြည့်ရတာ မောင့် အလုပ်ကလဲ မထွန်းကားပါဘူး ။ ဖတ်သီဖတ်သီ နဲ့ သွားလာနေရတာသာ ငါ မြင်တယ် ။ သူ့ မှာ ဘယ်တော့မှ လန်းရွှင်တဲ့ ရက်ရယ်လို့ ငါ မတွေ့ဖူးသေးဘူး ။


ငါ့ အိမ်မှာ လာ နေပါ ။ ငါ့ အရိပ်မှာပဲ နားနေပါ ။ ငါ ပဲ ရှာကျွေးပါ့မယ် ဆိုတာလဲ မဟုတ်ဘူး ။


ငါ့ မှာက စီးပွားရေး နဲ့ ပတ်သက်လို့ သိပ် ပူပန်ကြောင့်ကြနေစရာ မလိုတော့ဘူး ။ အခြေအနေ ကောင်းစ ပြုနေပြီ ။


ဈေးတပတ် ... တပတ်မှာ ... ငါ့ ပစ္စည်းကလေး နှစ်ခု ပါတဲ့ အခါ ပါတယ် ။ ပစ္စည်း သုံးခု ပါတဲ့ အခါ ပါတယ် ။ မပါတဲ့ အခါလဲ မပါဘူး ။


ဒါပေမယ့် ငါးရက်တဈေး ဆိုတော့လဲ တလ မှာ ခြောက်ဈေး ရှိတယ် ။ နှစ်ဈေးလောက် မှာ ကိုယ့် ပစ္စည်း နှစ်ခု ပါတယ် ဆိုရင်ပဲ ၊ ကိုယ့် အတွက် ခြောက်ရာ သေချာပြီ ။ နုတ်ဦး ... လမ်းစရိတ် ။ ငါးရာ ကတော့ ကျန်နေဦးမှာပဲ ။ ဒေါ်ညှာ ကို ငွေနှစ်ရာ ထုတ်ချေးထားတယ် ။ မုန့်ဟင်းခါး ရောင်းတယ် အမြတ် က တယောက် တဝက် ။


အချိန်တန်ယင် ငါ့ အတွက် ငါးကျပ် ကတော့ ဘယ်မှ ပြေးမလွတ်ဘူး ။


ငွေပိုငွေလျှံကလေး ရှိလို့ ပင်စင်စာအုပ်နှစ်အုပ် ကိုလဲ လက်ခံထားလိုက်တယ် ။ ပင်စင်စာအုပ် ရော ပင်စင်ထုတ်ခွင့် ကတ်ပြား ပါ ငါ့ လက်ထဲမှာ အပ်ထားတယ် ။


ရုံး မှာလဲ ငါ့ နံမည် နဲ့ ထုတ်ခွင့်ပေးဖို့ လိုက်လုပ်ပေးထားပြီးသားပဲ ။


တအုပ်ကို ( ၁၄၉ ) ကျပ် ထုတ်ရတယ် ။ ( ၄၉ ) ကျပ်ကတော့ သူတို့ကို ပြန်ပေးတယ် ။


နှစ်အုပ် ဆိုတော့ ငါ့ အတွက် တလ နှစ်ရာ ဝင်တယ် ။


အရင်းအနှီးလဲ ပျောက်ပျက်သွားစရာ အကြောင်း မရှိဘူး ။


အေး ... တလမှာ နှစ်ရက်တော့ အလုပ်ရှုပ်တယ် ။ ( ၁၅ ) ရက်နေ့ မတိုင်မီ ပင်စင်စာအုပ် သွားထပ်ရတယ် ။


ဒါလဲ ခဲရာခဲဆစ်တော့ မဟုတ်ဘူး ။ ပင်စင်စာအုပ်ရယ် ၊ ထုတ်ခွင့်ကတ်ပြားရယ် ၊ ပြီးတော့ ပုံစံရယ် သုံးခုကို သားရေကွင်းကလေးနဲ့ စည်းပြီး ရုံး က ပုံးထဲ သွားထည့် ထားလိုက်ရုံပဲ ။


လုပ်သက်ပင်စင် က တရက် ၊ မိသားစုပင်စင် က တရက် ၊ ဆေးပင်စင် က တရက် ၊ သုံးရက် ခွဲပြီး တိုကင် ပေးတယ် ။


ကိုယ် ဘယ်နေ့ကျသလဲ ဆိုတာ စုံစမ်း ။ အဲသည်နေ့ သွားထုတ်လိုက်ရုံပဲ ။ ဟိုကျတော့ တိုကင် ယူပြီး စောင့်နေလိုက်ရုံပဲ ။ လူတော့ များတယ် ။ စောင့်ရတယ် ။ တနေ ကုန်တယ် ။


ငါ လုပ်ပုံကတော့ ရှင်းတယ် ။ အပိုငွေကို ပြန်အမ်းလိုက်တယ် ။ စာအုပ် လိုချင်ယင် ငါ ပေးထားတဲ့ ငွေတထောင် ကို ငါ့ ပြန်ပေးပြီး ရွေးယူ ။


တချို့ဆိုယင် ပိုငွေကို လုံးဝ ပြန် မအမ်းဘူး ။ ပေးထားတဲ့ အရင်းက နှိမ်သွားတယ် ။ အရင်းငွေ ထက်ဝက် ကျိုးတာတောင် အတိုးထုတ်ငွေ က လျှော့ မသွားဘူး ။


သည်တော့ တရာ တဆယ် တိုးတောင် ဘယ်ကတော့လို့လဲ ။


ငါ ကတော့ အဲသည်လောက်လဲပဲ မတရား မလိုချင်ပါဘူး ။ ငါ့ လဲ ပတ်မယ်တော့ မကြံနဲ့ ။ ငွေတထောင် ချေးထားတယ် ဆိုတဲ့ စာချုပ်လဲပဲ ချုပ်ထားတယ် ။ ဘယ်လို သဘောတူညီထားကြသလဲ ။ အဲသည် သဘောတူညီချက် အတိုင်း ဆက်လုပ် ။


ငါ့ ဘက်ကလဲ ပိုငွေ ကို မှန်မှန် ပြန်အမ်းမယ် ။ ငါ့ ထက် သဘောကောင်းမယ် ထင်တဲ့ လူ တွေ့လို့ ရှိယင်လဲ ငွေတထောင် ပြန်ပေးပြီး ကိုယ့် စာအုပ်ကိုယ် အချိန်မရွေး ပြန်ရွေးယူနိုင်တယ်လို့ ပြောထားတယ် ။


နောက်တခါ စိတ်ချရတဲ့ ရုံးသမား လခစား တွေကို နေ့စဉ်သွင်း စနစ်နဲ့ ထဘီတို့ ပုဆိုးတို့ ရောင်းတယ် ။ ဘာပဲ ပြောပြော ... တလ တရာ့လေးငါးဆယ် တော့ ဝင်တာပဲ ။


ဒါ့အပြင် ... နောက် စီးပွားရေး တခုလဲ ရှိသေးတယ် ။ မုန့်ဟင်းခါးဖို နှစ်ဖို နဲ့ အကြော်သည် တွေကို ထင်း ရောင်းတယ် ။ ပေါက်ခြမ်းတော့ မဟုတ်ဘူး ။ အပင်ကချိုင်တို့ ၊ အကိုင်းတို့ ၊ အတုံးတို့ ဆိုပါတော့ ။


သည်လိုဟေ့ ... သင်္ကန်းကျွန်း တပိုင်မှာ သစ်ပင်ကို ခေါင်းတုံး တုံးချင်တာတို့ ၊ အပင်လှဲချင်တာတို့ ရှိယင် ငါ့ ကို အကြောင်းကြားကြတယ် ။


ငါ က သွားကြည့်တယ် ။ ဈေးဖြတ်ပြီး ဝယ်တယ် ။ ငါးဆယ် ဖြင့်လဲ ငါးဆယ် ။ ခြောက်ဆယ် ဖြင့်လဲ ခြောက်ဆယ် ။


အေး ... ဈေးဖြတ်ပြီးယင် ငါ ငွေချေလိုက်တယ် ။ အလုပ်သမား နှစ်ယောက် ကို ခေါ်လိုက်တယ် ။ သူတို့ကိုပဲ အစအဆုံး လုပ်ခိုင်းတယ် ။ သူတို့ကို ပေးရလှ အစိတ် ပဲ ။


အဲ ... ထင်းဘဝ ရောက်ပြီ ဆိုယင် ငါ့ ဖောက်သည် တွေဆီ ပို့တယ် ။ တခါတလေဆို တရာ့ အထက် ကျန်တယ် ။


တခါတခါတော့ မိတ်ဆွေ တချို့က အပင် ကို ခေါင်းတုံး တုံးချင်တယ်တဲ့ ။ မသိတဲ့ လူဆိုတော့ ငါ့ တောင် ကျေးဇူးတင်ကြသေးတယ် ။ ငါ့ လက်ကို အပ်တယ် ။ ငါ က ငါ့ လူတွေကို ပြန်လွှဲတယ် ။


ငါ့ လူတွေကလဲ လျင်တယ် ။ ခေါင်းတုံး တုံးတယ် ဆိုပေမယ့် ထင်း အဖြစ် ရောင်းစားလို့ ရအောင် အကိုင်းကြီးတွေပါ ချိုင် ပစ်တယ် ။ အဲသည် အခါမျိုးမှာလဲ တရာ ဝန်းကျင် ကျန်တတ်တယ် ။


သည်တော့ ငါ စီးပွား ရှာတတ်ပြီ ။ ရှေ့မှာလဲ စဉ်းစားထားတဲ့ စီးပွားရေး လုပ်ငန်းကလေးတွေ ရှိသေးတယ် ။


ရပ်ကွက်ထဲမှာ နို့မှုန့် ကို ဗူးလိုက် မဝယ်နိုင်တဲ့ အလုပ်သမား သားသည် အမေ တွေ ရှိတယ် ။ ပလတ်စတစ် နဲ့ အထုပ်ကလေးတွေ ထုပ်ပြီး ခွဲရောင်းယင် ကိုယ့် အတွက် တဗူး ငါးကျပ် တဆယ် ကျန်နိုင်တယ် ။ ကလေး ရှိတဲ့ အိမ်တအိမ် အနေနဲ့ တလ နှစ်ဗူး ကုန်တယ်ပဲထား ။ ဆယ်အိမ် ဆိုယင် ဗူး နှစ်ဆယ် ။ တလ နှစ်ရာ ကျော် အေးအေးဆေးဆေး ပဲ ။


ငါ လဲ အလုပ်ရှုပ်စရာ မလိုဘူး ။ ကလေးတွေ ကို လက်စင်စင် ဆေးခိုင်းပြီး ခွက်ချိန်နဲ့ ထုပ်ခိုင်းယင် ဖြစ်တယ် ။


ဒါကြောင့် ကိုမောင်မောင်သိုက် ကို ငါ ကပြောတယ် ။ ငါ့ အိမ်မှာ လာနေပါ ။ အိမ့် တာဝန် ဘာ တခုမှ မယူပါနဲ့ ။ ငါ့ တာဝန်ပဲ ထားပါလို့ ပြောတယ် ။


သည်လူကလဲ တမျိုး ။ တကယ့် လူ့ ခွစာ ။ အိမ့် တာဝန်ကို ဘာတခုမှ မပူရဘဲ မိန်းမတယောက် နဲ့ ပေါင်းရမှာ ကိုတောင် သူ့ ဘက်က စဉ်းစားနေရသေးသတဲ့ ။


ငါ့ ကို သူမချစ်ဘူးလား ဆိုတော့ ချစ်တော့လဲ ချစ်ပါတယ် ။ ငါ သိတယ် ။ ဒါကြောင့် တနေ့ ငါ့ အိမ်ကို သူ ရောက်လာတာပေါ့ ။ နောက်တော့လဲ နေ့စဉ်ရက်ဆက် ရောက်လာတယ် ။


နောက်တော့ ထွက်လည်ကြတယ် ။ ဘုရား ဖူးကြတယ် ။ ရုပ်ရှင် ကြည့်ကြတယ် ။ လင်ခန်းမယားခန်း မြောက်အောင် နေကြတယ် ။


ငါ က ပြောတယ် ။ ပျော်သလောက် လာ နေကြည့်ပါ ။ မပျော်ဘူး ဆိုယင်လဲ ဆင်းချင်တဲ့ အချိန် ဆင်းပါ ။ လက်ထပ်ထားစရာ မလိုဘူး ။ ငါ ကလဲပဲ လိုက် နှောက်ယှက်မယ့် အစား မဟုတ်ပါဘူးလို့ ပြောတယ် ။


အဲဒါလဲ ... မဟုတ်ဘူး ။ လာချင်တဲ့ အခါ လာတယ် ။ ပြန်ချင်ယင် ထ ပြန်သွားတယ် ။ တခါတလေ သုံးလေးရက် ပေါ်မလာတတ်ဘူး ။


ငါ့ မှာတော့ တညင်းသီး ဆားရည်စိမ် တို့စရာ နဲ့ ငရုတ်သီး ဆားထောင်း ကို ကြည့်ပြီး စိတ်မချမ်းသာဘူး ။ ဖျားနာပဲ နေသလား ၊ ခရီးပဲ ထွက်နေသလား ။ ဘာများ ဖြစ်နေသလဲ... ပူရလွန်းလို့ မောတယ် ။


ငါးသံချိတ် တို့ ၊ ငါးဘဲဖြူ တို့ တွေ့ယင်လဲ သူ့ ပဲ သတိရတယ် ။ အိုးကပ်ကလေး ချက်ထားတယ် ။


အဲ ... သူ မလာယင်လဲ ငါ ဘယ်သူ့မှ မသဒ္ဓါဘူး ။ သူ့ အတွက်ဆိုယင် သူ့ အတွက်ပဲ ချန်ထားချင်တယ် ။ နောက်ဆုံးတော့ သွန်ပစ်လိုက်ရရော ။


သူ တနေ့ မလာယင် ငါ အိပ်ရာထဲ လဲတော့တာပဲ ။ သွေးကလဲ တိုးတယ် ။ အကြောရောင်ရောဂါ ကလဲ ပြန် စနေပြန်ပြီ ။ ကျန်းမာရေး က မကောင်းတဲ့ အထဲ စိတ် က ဆင်းရဲတော့ ပိုဆိုးတယ် ။


ငါ့ စိတ် ကို ငါ လဲပဲ နားမလည်ဘူး ။ တဘဝလုံး မှာ သည် လူ ကိုမှ ဘယ်နှယ့်ဖြစ်လို့ သည်လောက် ချစ်ရတာလဲ ဆိုတာ ငါ မစဉ်းစားတတ်ဘူး ။


တခါတော့ ငါ ပြောမိတယ် ။ ယောက်ျား ရယ် ... ဆေးတွေ ဝါးတွေ အစီအရင်တွေ နဲ့ လုပ်ထားတာ ဆိုယင်လဲ ပြန် ရုပ်သိမ်းပေးပါလို့ ။ အဲသည်တော့ သူ ပြုံးတယ် ။


ငါ လဲ သိတယ် ။ သည်လူ ကိုယ်တိုင် က ဆေးဝါးအစီအရင်တွေ ကို ယုံကြည်ပုံ မရဘူး ။


ဒါပေမယ့် ငါ့ ပါးစပ် က ထွက်မိထွက်ရာတွေ ထွက်တယ် ။ ငါ ကလဲ တစက်ကလေး မှ မြုံ မထားတတ်ဘူး ။ ချစ်ယင်လဲ ချစ်တဲ့ အကြောင်း ပြောမိတာပဲ ။ ချစ်မှန်း သိလို့ အနိုင်ယူနေတာ များလားကွယ် ။


သည်နေ့အထိ သူ ဘာ မကြိုက်ဘူးရယ်လို့ ငါ့ ကို မတားမြစ်ဖူးဘူး ။ ဒါပေမယ့် သူ ဘာတွေ မကြိုက်ဘူး ဆိုတာ ငါ သိတယ် ။ အောင်သိန်း လို မဟုတ်ဘူး ။ သူ့ မျက်နှာ ဟာ သူ့ခံစားချက် ရဲ့ ပြယုဂ် ပဲ ။ ရင်ထဲရှိတာ ချက်ချင်း မျက်နှာမှာ ပေါ်တယ် ။


အိမ် ပဲ ။ ဧည့် ဆိုတာတော့ လာပေမှာ ပေါ့ ။ ငါ ကလဲ ခုမှ ကိုယ်ရှိန်သတ်စပဲ ရှိသေးတာပဲ ။


ဧည့်ဟောင်းလေးတွေ ၊ မိတ်ဟောင်းလေးတွေ အိမ် ကို လာလည်တတ်ကြတယ် ။


သူနဲ့ ဆုံမိရော ။ အဲသည်အခါမျိုးမှာ ချက်ချင်း ထပြန်သွားတတ်တယ် ။


နှစ်ရက် သုံးရက် ပျောက်နေပါလေရော ။ ပေါ် မလာတော့ဘူး ။


မကောင်းအောင် နေဖို့ က လွယ်ပါတယ် ။ ကောင်းအောင် နေဖို့သာ ခဲယဉ်းတယ် ။ ငါ့ အဖို့ ပြောတာပါ ။ ဘာလို့လဲ ဆိုတော့ ငါ က မကောင်းတဲ့ သံသရာမှာ နှစ် နဲ့ ချီပြီး ကျင်လည်ခဲ့တယ် မဟုတ်လား ။


သည်တော့ အမည်းစက်ကလေးတွေ စွန်းနေတယ် ။ သည် အစွန်းတွေ ပျောက်အောင် အတော် ချွတ်ရလိမ့်ဦးမယ် ။


ဒါပေမယ့် သူ မကြိုက်တဲ့ အလုပ်ကို ငါ စွန့်လွှတ်ထားပါတယ် ။ ငါ ငွေ မမက်ပါဘူး ။ ဝင်းပပ သုံးလေးခါ လာ ခေါ်တယ် ။ ခရီးတထောက် ကို တထောင် အောက်ထစ် ကျန်နိုင်မယ် ။ ဒါပေမယ့် ငါ လိုက်မသွားဘူး ။ ဘာလို့လဲဆိုတော့ သူ မကြိုက်မှန်း သိလို့ ။


ငါ ကလဲ ငါ ပဲ ။ တစက်ကလေးမှ ကိုယ့် အကြောင်း ကို ထိမ်ဝှက် မထားတတ်ဘူး ။ ငါဘယ်လိုကြောင့် ပျက်စီးရတယ် ဆိုတာကို သူ့ ကို အစအဆုံး ပြောပြထားမိတယ် ။


ပြောရဦးမယ် ။ တနေ့တော့ ငါ က နိစ္စပတ်အလုပ် လုပ်တယ် ။ အမွှေးနံ့သာနဲ့ အိမ်တွင်းဖခင် ကို မျက်နှာတော် ဖွင့်တယ် ။ ပုပ္ပားမယ်တော်ကြီး ကို အမှူးထားပြီး ကိုယ်တော် နှစ်ပါး ကိုလဲ မျက်နှာတော် ဖွင့်တယ် ။ အမေဂျမ်း ကိုလဲ မျက်နှာတော် ဖွင့်တယ် ။ ပန်းတော်ပန်းဆက် အလင်းတိုင် ထွန်းပြီး ရွတ်မိရွတ်ရာ ရွတ်နေတာပေါ့ ။


“ ကိုယ်တော်ရေ ... ကိုယ်တော့် နှမ ကို သည်လိုပဲ ကြည့်နေတော့မှာလား ... အထုပ်အထည် နဲ့ ပေးဖို့လဲလုပ်ပါအုံး ” 


သူ ရောက်နေတာ ကို ငါ မသိလိုက်ဘူး ။ အဲ ... စကားတခွန်း မှ မပြောပဲ ချက်ချင်း ထပြန်သွားတယ် ။ ထမင်းတောင် စားမသွားဘူး ။ ပြောတော့ ခေါင်းမူးလို့ တဲ့ ။


ဘယ် ဟုတ်မှာလဲ ။ ငါ နတ် နဲ့ ပြောတဲ့ စကား ကို အထအန ကောက်တယ် ။ နတ် က ငါ့ ကို ကောက်ထားတယ် ဆိုတာနဲ့ ပတ်သက်လို့လဲ မကျေနပ်ဘူး ထင်ပါရဲ့ ။


ငါ က ချစ်တော့လဲ ငါ ပဲ အောက်ကျခံ ပေါင်းပါတယ် ။ မကြည်သာယင် ကြည်သာအောင် ငါ ချော့တယ် ။ သူ့ မျက်နှာ ကြည်သာပါမှ ငါ စိတ်လဲပဲ လန်းဆန်းတာကိုး ။


ငါ့ မှ ခက်နေတာက သူ့ သံသယ ပြေပျောက်အောင် ဘယ့်နှယ့်မှ မတတ်နိုင်ဘူး ။ သူ ကလဲ ငါ့ အနားမှာ အမြဲ လာ မနေနိုင်ဘူး ။ အဲ ... ပြီးတော့ သူ့ ကွယ်ရာမှာ ငါ အရင်အလုပ် ကို ဆက်လုပ်နေမှာပဲလို့ သူ ထင်နေပုံရတယ် ။ သူ ယုံအောင်လဲ ငါ ပြော မပြတတ်ဘူး ။


ငါ  က ပြောပါတယ် ။ လက်ထပ်ထားစရာ မလိုဘူး ။ ပေါင်းချင်သလောက် ပေါင်းပါ ။ မပေါင်းချင်တဲ့တနေ့ စွန့်ခွာသွားပါ ... လို့ ။


သည်တော့ နုလုံးသား နဲ့ ဦးနှောက် ဟာ ဆက်သွယ်နေသတဲ့ ။


နှလုံးသားကိစ္စ ကို ပေါ့ပေါ့တန်တန် မပြောပါနဲ့ တဲ့ ။ ကဲ ငါ ဘာတတ်နိုင်မှာလဲ ။


ငါ့ တသက် ဘယ် ယောက်ျား ကိုမှ အောက်ကျနောက်ကျ မပေါင်းခဲ့ဖူးဘူး ။ သည်လောက်လဲ စိတ်မော မခံဘူး ။ ဘာဖြစ်လို့ သည် ယောက်ျား ကျမှ ငါ မေ့မေ့ပျောက်ပျောက် သဘော မထားနိုင်တာပါလိမ့် ။


ရုပ် လဲ မချောဘူး ။ အပြော လဲ မချိုဘူး ။ ချမ်း လဲ မချမ်းသာဘူး ။ အရွယ်လဲပဲ မနုပျိုဘူး ။ တကယ့်ကို လူဂွစာ ။


ဒါပေမယ့် ငါ ချစ်တယ် ။


သည်နေ့လဲပဲ ပေါ်တော်မူ မလာသေးဘူး ။ တကူးတက ချက်ထားရတာ ။ ခုနေများ ရောက်လာယင် ကောင်းမယ် ။ မွန်းပဲ လွဲတော့မယ် ။


“ ဟဲ့ ... အငယ်လေး ... သွေးကျဆေးကတ် ယူလာခဲ့စမ်း ၊ မြန်မြန်လုပ် ၊ ရေတခွက်ပါ ယူခဲ့ ၊ သေနာကျ ... ဘယ်တော့မှ မှတ်မထားဘူး ။ ဆေးယူခိုင်းမှတော့ ရေပါ တွဲယူခဲ့ရမယ်ဆိုတာ မသိဘူးလား ၊ တယ် ... ငါ ဓါး နဲ့ ကောက် ပေါက်ရ ” 


“ စိန်မျက်လုံးနဲ့ ပြုံးတဲ့သခင် ၊ မြမျက်လုံးနဲ့ ပြုံးတဲ့သခင် ၊ ပတ္တမြားမျက်လုံးနဲ့ ပြုံးတဲ့သခင် ၊ ကျေးဇူးရှင်ကိုယ်တော်လေး ဘုရား ၊ ကိုယ်တော့်နှမ တနင်းလာ သမီးထံ အရောက် ပို့ပေးတော် မူပါအုံး ဘုရား ...” 


        (  ပြီး ပါ ပြီ  )


◾မောင်သာရ


📖ပြုံးတတ်တယ် ခေါင်းညိတ်တတ်တယ် 


koaungnaingoo.blogspot.com


.

Thursday, November 25, 2021

ပြုံးတတ်တယ် ခေါင်းညိတ်တတ်တယ် အခန်း ၂၉ + ၃၀


 အခန်း ( ၂၉ )

မန်း ၊ ဆေးတက္ကသိုလ် အနောက်ဘက် က ဒေါ်ရင်မြင့် ဆိုတဲ့ မိန်းမကြီးတစ်ယောက် ရဲ့ တိုက် ကို ရောက်သွားတယ် ။




စင်စစ်တော့ ဒိုးကလေး က သည် ဒေါ်ရင်မြင့် ဆိုတာနဲ့ ဆက်သွယ်ခဲ့ဖူးတာလဲ မဟုတ်ဘူး ။ အကျိုးအကြောင်း အဆိုးအကောင်း ဘာတစ်ခုမှ သိတာလဲ မဟုတ်ဘူး ။ ဧည့်သည်တစ်ယောက် က မန္တလေး ရောက်တဲ့အခါ ဒေါ်ရင်မြင့် နဲ့

 ဆက်သွယ်ပြီး အလုပ် လုပ်ဖို့ မိတ်ဆက်စာ ရေးပေးခဲ့တယ်လို့ ပြောတယ် ။




ဒေါ်ရင်မြင့် က အသက် ငါးဆယ် ဝန်းကျင်တော့ ရှိပြီ ။ ဆံထုံးတော်ကြီး တမာသီး နဲ့ ဆိုသလို ၊ ဆံပင်ကျွတ် လို့ တခေါင်းလုံး ပြောင်လု ပြောင်ခင် ဖြစ်နေပြီ ။




ပြီး မျက်ပေါက်က ကျဉ်းကျဉ်း ။ နှုတ်ခမ်းက ပါးပါး ။ ပါးစပ်က ကျယ်ကျယ် ။ သွားတွေကလဲ တချောင်း နဲ့ တချောင်း ထပ်နေလိုက်သေးတယ် ။




ရုပ် ကို မြင်ရတာ နဲ့ ငါ အတော်ကို စိတ်ကုန်သွားတယ် ။




စာ ကို ဖတ်ပြီး ဒေါ်ရင်မြင့် က ပြုံးတယ် ။ အေး ... သမီး တို့ ကိုယ့်အိမ် လို သဘောထားပြီး နေတတ်သလို နေကြပါတဲ့ ။ အပြောကတော့ ချိုသား ။




ဒါပေမယ့် သည် မိန်းမကြီး နဲ့ နေရမှာကိုတော့ ငါ တော့ ကျော စိမ့်လာမိတယ် ။




ငါ တို့ ကို အိမ် မှာ စောင့်ခိုင်းထားပြီး မိန်းမကြီး က အပြင်ဘက် တခေါက် ထွက်သွားတယ် ။ ပြီး ဂျစ်ကား နဲ့ ပြန်လာတယ် ။ ချက်ချင်းပဲ ဧည့်သည် သုံးယောက် ပါလာတယ် ။




ဒိုးကလေး က ဧည့်သည် တစ်ယောက် ရတယ် ။ ငါ က ဧည့်သည် နှစ်ယောက် ရတယ် ။ ငါ ရတဲ့ ဧည့်သည်နှစ်ယောက် ထဲက တယောက်က ဓါတ်ဆီဆိုင် မန်နေဂျာ တဲ့ ။ သဘောလဲ ကောင်းတယ် ။ ငါ့ ကိုလဲ အတော် သဘောကျသွားတယ် ။ လိပ်စာ လဲ ပေးသွားတယ် ။ အကြောင်းရှိယင် ဆက်သွယ်နိုင်အောင် တဲ့ ။




ဧည့်သည်နှစ်ယောက် သာ ရတာ လက်ထဲ ကို ငွေတပြားတချပ် မှ ရောက် မလာဘူး ။ သူ့ ဟာက ဘယ်လို ရှင်းမှာလဲ ဆိုတာလဲ မသိရဘူး ။ သူ့ အပေး စောင့်နေပြန်တော့လဲ မသိချင်ယောင် ဆောင်နေတယ် ။




သက်တမ်းတလျှောက်လုံးမှာ ဒါမျိုးတော့ မတွေ့ဖူးသေးဘူး ။ ခေါင်းပုံဖြတ်တာတော့ ဖြတ်ကြတာပဲ ။ ဒါပေမယ့် အကျိုးအကြောင်းတော့ သိရမယ် ။ ကိုယ့် အတွက် ဘယ်နှုန်း ဆိုတာလောက်ကတော့ သိခွင့် ရှိရမယ် ။ ပြီး နေ့ချင်း

လုပ်ခ ရှင်းပေးနိုင်ရမယ် ။




ဒိုးကလေး က မနေဘူး ။ မေးတယ် ။ မာမီ ကျမတို့ကို ဘယ်နှုန်းနဲ့ ပြန်ရှင်းပေးမှာလဲ တဲ့ ။




သမီး တို့ကို ထမင်းကျွေးထားမယ် ။ နာမကျန်း ဖြစ်ယင်လဲ ဆေးကုပေးမယ် ။ လုံခြုံရေး အတွက်လဲ မာမီ တာဝန် ယူတယ် ။ တလ တခါ အဝတ်အစား ဝယ်ပေးမယ် ။ ဧည့်သည် တစ်ယောက် လာယင် ညည်းတို့ တဆယ် ယူပေါ့ ။

ဒါပေမယ့် ပြန်မှပဲ စုရှင်းပေးမယ် ... တဲ့ ။




ဒေါ်ရင်မြင့် က သူ့ လက်ထဲ ရောက်လာတဲ့ ရေ လို့ အောက်မေ့တယ် ထင်ပါရဲ့ ။ ခိုင်းစားတော့မယ် ။ မတရား ခေါင်းပုံဖြတ်တော့မယ် ။




ကျွန်မတို့ အဲ့သည်လောက် အဆင့်အတန်း မနိမ့်ပါဘူး ။ တသက်လုံး အဲသည် နှုန်းနဲ့ လုပ်ဖူးခဲ့တဲ့ ရာဇဝင် မရှိဘူးလို့ ဒိုးကလေး က အပြတ် ပြောတယ် ။




ငါ ကလဲ ဘယ် ငြိမ်နေပါတော့မလဲ ။ မေးကြည့်တယ် ။ ဧည့်သည်တယောက် ကို မာမီ ကကော ဘယ်လောက်နှုန်း နဲ့ ကောက်တာ လဲ ... လို့ ။ သူ ပြောတော့ နှစ်ဆယ် တဲ့ ။




' မာမီ က နှစ်ဆယ် ကောက်တယ် ဆိုယင် ဘယ်လို ဧည့်သည်မျိုးတွေ လာမယ် ဆိုတာကို ကျွန်မ တို့ တွေးကြည့်လို့ ရပြီ ။ ဆိုက္ကားသမား လဲပဲ လာမယ် ။ မြင်းလှည်းသမား လဲပဲ လာမယ် ။ ကျွန်မ တို့ မလုပ်နိုင်ဘူး ...' လို့ ပြောလိုက်တယ် ။




မိန်းမကြီး ဒေါကန်ရော ။ စောစောက အပြုံး နဲ့ ဖုံးထားတဲ့ မျက်နှာဖုံး လဲ ကွာကျသွားတော့တယ် ။




' ကောင်မတွေ ကြီးကျယ်လို့ ။ ရွှေကွပ်ပြီး စိန်စီထားတာ မို့လား ... ပြောစမ်း ။ ငါ့ ဘာမှတ်သလဲ ။ နင်တို့ နှစ်ယောက်လုံးကို ရဲစခန်း သွားအပ်လိုက်မယ် ... သိလား ' တဲ့ ။




ရယ်လဲ ရယ်ချင်တယ် ။ သူ့ အိမ်မှာ ဖြစ်တဲ့ ကိစ္စပဲ ။ သည်ကလဲ မနေ့တနေ့ကမှ သည်လောကထဲ ရောက်လာတဲ့ သူငယ်နှပ်စား ကလေးတွေ မှ မဟုတ်တာ ။ တို့ နာရင် အိမ်ရှင် က တို့ ထက် သုံးလေးငါးဆ ပိုနာမယ် ဆိုတာ သိထားပြီးသားပဲ ။ တိုင်ပေါ့ ။ တိုင်တလုံး သုံးမတ် ။




သည်တော့ စိန်ခေါ်လိုက်တယ် ။ ကဲ ... လာ ဘယ် ရဲစခန်း ကို သွားချင်သလဲ ၊ သွားကြရအောင် ... လို့ ။




မိန်းမကြီး လေသံ ပြောင်းသွားတယ် ။ မာမီ့  အပေါ် သမီးတို့ စေတနာကောင်း ထားပါ ။ သမီးတို့ အကျိုးမယုတ်စေရဘူး ။ ရန်ကုန် ကတောင် စာရေး မိတ်ဆက်ပေးလိုက်တယ် ဆိုတော့ ၊ မာမီ စိတ်ကောင်း မရှိပဲ စာရေး မိတ်ဆက်

ပေးပါ့မလား တဲ့ ။




မိန်းမကြီး ကလည်း ပျားရည် နဲ့ ဝမ်းချပြန်တော့လည်း တို့ ပါ ညိမ်သွားကြပြန်တာပေါ့ ။




အမှန် ပြောရယင် ငါတို့ လဲပဲ ကြောက်တာပါပဲ ။ ရဲစခန်း ရောက်ရလို့ကတော့ ဘယ်နည်းနဲ့မှ မသက်သာဘူး ။ မိန်းမကြီး နစ်နာမှာက နောက် ။ လောလောဆယ် နစ်နာမှာက ငါတို့ ။




ကဲ ... ကျွန်မ တို့ကို ရှင်းပေးမယ် ဆိုယင် ရှင်းပေး ၊ တဆယ် ကတော့ နည်းတယ် ။ တစ်ယောက် တဝက် ဆယ့်ငါးကျပ် ပဲ ထားလိုက် ... ဆိုပြီး ၊ ဒိုးကလေး က ပြောတယ် ။




ဒီတော့ မိန်းမကြီးက မငြင်းဘူး ။ ဒိုးကလေး က ဆယ့်ငါးကျပ် ၊ ငါ့ အတွက် က သုံးဆယ် ရှင်းပေးတယ် ။




အေး ... သည် အလုပ်သာ လုပ်နေတယ် ။ နေတဲ့ တိုက်ကြီးကတော့ ဟိန်းနေတာပဲ ။ တတိုက်လုံးမှာမှ လူ သုံးယောက် ပဲ ရှိတယ် ။ မာမီ့ယောက်ျားကြီး က တိုက် အပေါ်ထပ်မှာ နေတယ် ။ အောက်ထပ်ကို မဆင်းနိုင်ဘူး ။ လေဖြတ်ထားတယ် တဲ့ ။




အဝတ်လျှော် ထမင်းချက်ဆိုပြီး ကောင်မလေး တစ်ယောက် ကို ခေါ်ထားတယ် ။ အရုပ် ဆိုးဆိုးကလေး ။ ညိုပြာညက်ကလေး ။ သည် ကောင်မလေး ကို လည်း ပေးချင်သလောက် ပေးပြီး ခိုင်းစားနေပုံပဲ ။




မိန်းမကြီး အပြင်ထွက်နေတုန်း ကောင်မလေး က ပြန်ပြောပြလို့ သည်တိုက်ကြီး အကြောင်း အနည်းအကျဉ်းတော့ သိခွင့်ရလိုက်တယ် ။




ညစာ ငါတို့ သူ့ အိမ်မှာ မစားဘူး ။ မင်္ဂလာဈေးဘက် လမ်းလျှောက်ထွက်ယင်း စားမယ်ဆိုတော့လဲ မစားရဘူးတဲ့ ။ ဆိုက္ကားသမား တစ်ယောက်ကို တို့ ဆီက ပိုက်ဆံ တောင်းပြီး စားချင်တာ အဝယ်ခိုင်းလိုက်တယ် ။




ထမင်းစားပြီးလို့မှ မကြာသေးဘူး ။ ဂျစ်ကားတစင်း သူ့ ခြံထဲ ဝင်လာတယ် ။ ကားပေါ်မှာ ဧည့်သည် ခြောက်ယောက် ပါတယ် ။ သူ နဲ့ စကားပြောကြတယ် ။ အဲ ... ငါ့ ကို လိုက်သွားဖို့ မိန်းမကြီး က ပြောတယ် ။




ကားပေါ် လှမ်းကြည့်လိုက်တော့ ကားရှေ့ခန်း မှာ ထိုင်နေတဲ့ လူတစ်ယောက် က ခေါင်းတောင် မထူနိုင်တော့ဘူး ။ အားလုံး အမူးသမားတွေချည့်ပဲ ။




မိန်းမကြီး ကို ပြတ်ပြတ်ပဲ ပြောလိုက်တယ် ။ ကျွန်မ မလိုက်နိုင်ဘူးလို့ ။




ဟဲ့ ... လိုက်သွားလိုက် ၊ တရာတောင် ရမှာ ။ တော်ကြာနေ ပြန်ပို့ပေးလိမ့်မယ်တဲ့ ။




တော်တော် ခက်တဲ့ မိန်းမကြီး ပဲ ။ ငါတို့ ကို ဘယ်လို အစားထဲက အောက်မေ့နေသလဲ မပြောတတ်ဘူး ။ ငွေတရာ ကိုလဲ ဘယ်လောက်များ အောက်မေ့နေသလဲ မသိဘူး ။




ဧည့်သည်တွေကလည်း တော်တော်နဲ့ မပြန်ဘူး ။ မရမက ခေါ်နေတယ် ။ ငါ မလိုက်ဘူး ဆိုတော့ ဒိုးကလေး ဘက် လှည့်တယ် ။ ဒိုးကလေး ကလည်း ဘယ် လိုက်လိမ့်မလဲ ။




နောက်တော့ မတတ်သာတဲ့ အဆုံး ဂျစ်ကား ပြန်ထွက်သွားတယ် ။ မိန်းမကြီး နဲ့ ငါတို့ နှစ်ယောက် ဆက် စကားများကြတယ် ။




အဲသည်ညက ငါ ကတော့ တော်တော်နဲ့ အိပ်မပျော်ဘူး ။ နည်းလမ်းတွေ အများကြီး စဉ်းစားရတာ ခေါင်း ကို ချာချာလည်ကုန်ရော ... ။




ဒိုးကလေး ကတော့ ခေါင်းချလိုက်တာနဲ့ အိပ်ပျော်တယ် ။ သည် ကောင်မ ကတော့ အောင်သိန်း နဲ့ တထေရာတည်း ။ ဘာမှ မပူတတ်ဘူး ။




နောက်နေ့ မနက် ရောက်တော့ ငါ က ပြောတယ် ။ ဒိုး ရေ ဘယ်လို ဆက်လုပ်ကြမှာလဲလို့ ။ သူ က အသာလေး လက်ရိပ်လက်ခြည် ပြတယ် ။




အဲ ... မိန်းမကြီး လဲ ဈေးခြင်းတောင်း ဆွဲပြီး ထွက်သွားရော ။ အဲသည်တော့မှ ဒိုးကလေး ကလဲ သူ့ ပစ္စည်းတွေရော ငါ့ ပစ္စည်းတွေရော ထုတ်လာတယ် ။




လာ ... တစ်ချီတည်း လစ်ကြမယ်တဲ့ ။ သည်ကောင်မ စိတ်ကူးကတော့ မဆိုးဘူး ။ အဲသည် အနီးအနားကပဲ

ဆိုက္ကားတစီး ငှားတယ် ။ ဒါပေမယ့် ဆိုက္ကားသမား က ဘယ်သွားမှာလဲ မေးတော့ ဗောဓိကုန်း တဲ့ ။




ဗောဓိကုန်း ရောက်တော့ ဆိုက္ကား ပေါ်က ဆင်းတယ် ။ ဆိုက္ကားခ ပေးလိုက်တယ် ။




ဆိုက္ကား ထွက်သွားပြီး အတော်ကလေး ကြာတော့မှ တက္ကသိုလ် ဘက်က လာတဲ့ မြည်းလှည်းတစင်း ကို အရပ်ခိုင်းလိုက်တယ် ။




' ဟဲ့ ... ဒိုးကလေး ၊ ဘယ်သွားကြမှာလဲ ' ... လို့ ဆိုတော့ မြင်းလှည်းပေါ်ရောက်မှ အေးအေးဆေးဆေး စဉ်းစားကြတာပေါ့တဲ့ ။ အမှန်ကတော့ ဆိုက္ကားသမား ကို သက်သက် မျက်ခြည်ဖြတ်လိုက်တဲ့ သဘောပဲ ။




မြင်းလှည်းပေါ် ရောက်တော့မှပဲ ငါ သွား စဉ်းစားမိတယ် ။ ဓါတ်ဆီဆိုင် မန်နေဂျာ က သူ့ ဆိုင်အမှတ် နဲ့ နေရပ်လိပ်စာ ပေးသွားတယ် မဟုတ်လား ။




သူ့ ဆီ သွားပြီး အကူအညီ တောင်းဖို့ စိတ်ကူးရလာတယ် ။ ပြီး ... ဦးသိန်းလွင် လည်း ရှိတယ်လေ ... ။




မြင်းလှည်းသမား ကို ဓါတ်ဆီဆိုင်အမှတ် ပြောပြီး အမောင်းခိုင်းရတယ် ။ တော်သေးတယ် ။ မန်နေဂျာ နဲ့ အဆင်သင့် တွေ့ရတယ် ။




သူ ကလဲ ကားကြုံ တစင်းနဲ့ အပြင်ထွက်ဖို့ ပြင်နေတယ် ။ လွဲတော့ မလို့ ကံကောင်းတယ် ။




အကျိုးအကြောင်း ပြောပြပြီး အကူအညီ တောင်းရတယ် ။ အမှန်ကတော့ ဆိုင်မန်နေဂျာ အဖို့လဲပဲ ရေငတ်တုန်း ရေတွင်းထဲ ကျတာပဲ ။ ငါတို့ နှစ်ယောက် ကို ကားပေါ် တခါတည်း တက်ခိုင်းတယ် ။




မန္တလေး မေမြို့ ကားလမ်း အတိုင်း မောင်းထွက်လာတယ် ။ ရေနီမြောင်း ကို ကျော်တော့ ၊ ရန်ကင်းတောင်ဘက် မောင်းတယ် ။ လမ်းရဲ့ ဗယ်ဘက်မှာ မွေးမြူရေးခြံကြီး သုံးခြံ တွေ့ရတယ် ။ အစွန်ဆုံးက ခြံထဲ ဝင်လိုက်တယ် ။




ခြံကြီး သုံးခြံ ဘေးချင်း ယှဉ်နေတယ် ။ ဒါပေမယ့် ခြံ က ကျယ်တော့ ခြံ အလယ် မှာ ဆောက်ထားတဲ့ တဲ အိမ်ကလေးတွေက တအိမ် နဲ့ တအိမ် အရမ်းဝေးတယ် ။ လှမ်း မမြင်သာဘူး ။ ပြီး ခြံစည်းရိုး တလျှောက်မှာကလဲ ငှက်ပျောပင် တွေနဲ့ ။




သည်ခြံထဲ က အိမ်ကလေးကတော့ ခပ်ငယ်ငယ် ပါပဲ ။ မြေစိုက် ။ ဒါပေမယ့် သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း ရှိတယ် ။ အိမ်ရှေ့မှာကတော့ ဧည့်သည်တွေထိုင်ဖို့ ခုံတန်းလျားကလေးတွေ ရှိတယ် ။ နောက်ဖေးဘက် မှာတော့ ရေကန်တကန် ရှိတယ် ။ ရေတွင်း တတွင်း ရှိတယ် ။ ရေကန်နားမှာလဲ ဝါးထိုင်ခုံ ဝါးတန်းလျားကလေးတွေ ရှိတယ် ။




ဧည့်ခန်းမှာကတော့ ဝါးထိုင်ခုံ ဝါးစားပွဲကလေးတွေချည့်ပဲ ထားတယ် ။ ပြီး နောက်ဘက်မှာ အိပ်ခန်းတခန်း ရှိတယ် ။




နေချင်စရာကလေးပဲ ။ ဒါပေမယ့် ရှေ့မျက်နှာစာ ရှုမျှော်ခင်းကတော့ မကောင်းဘူး ။ နွားတင်းကုပ် နဲ့ ၊ နွားတွေ နဲ့ နွားချေးတွေ နဲ့ ။




အစောင့်ကောင်ကလေး ထင်ပါရဲ့ ။ အိမ်ထဲ က  ပြေးထွက်လာတယ် ။ မန်နေဂျာကို တရိုတသေ ကြိုဆိုတယ် ။ မန်နေဂျာက ငါတို့ နှစ်ယောက်ကို အခန်းထဲမှာ နေရာချထားပေးဖို့ ပြောတယ် ။




ပြီးတော့ စားဖို့ သောက်ဖို့လည်း စီစဉ်ခိုင်းလိုက်တယ် ။ ကားပေါ်က ပါလာတဲ့ စားသောက်စရာတွေကိုလည်း ချခိုင်းတယ် ။ ကန်ထဲက ငါး လတ်လတ်ဆတ်ဆတ် ကို ကြော်စားရအောင် တဲ့ ။




မန်နေဂျာ က ငါ့ ကို ခရီးရောက် မဆိုက် ဈေးဦး ဖောက်လိုက်တယ် ။ ပြီး ငွေငါးဆယ် ပေးတယ် ။




ကြော့ ... ဘာမှ အားမငယ်နဲ့ ။ သည်မှာပဲ နားနားနေနေ အလုပ်လုပ်ပြီး ၊ ငွေထုပ်ပိုက် ပြန်သွားကြတဲ့ လူတွေ ရှိတယ် ။ မြစ်ကြီးနား က လာတာလဲ ရှိတယ် ။ တခါတခါ မော်လမြိုင် ဘက်ကတောင် တက်လာကြသေးတယ် ... တဲ့ ။




ဟိုဘက် ခြံကတော့ မွေးမြူရေးခြံတွေပဲ ။ ငါးမွေးတယ် ဆိုလား ။ ဖားမွေးတယ် ဆိုလား ။ ငါ ကတော့ ဘာမှ မမွေးရသေးဘူး ။ ကြက်မွေးရင် ကောင်းမလား ၊ စိတ်ကူးတယ် တဲ့ ။




ညနေပိုင်းရောက်တော့မှ မန်နေဂျာ ကားနဲ့ပြန်သွားတယ် ။ သူ ပြန်သွားပြီး မကြာဘူး ။ တနာရီသာသာပဲ ကြာမယ်ထင်တယ် ။ နောက်ထပ် ဂျစ်ကားနှစ်စင်း ရှေ့ဆင့်နောက်ဆင့် ရောက်လာတယ် ။ မန်နေဂျာ ရဲ့ အပေါင်း

အသင်းတွေ ဆိုပါတော့ ။




နောက်ဘက် ရေကန်နားမှာ နှစ်ဝိုင်းဖွဲ့ပြီး ထိုင်ကြတယ် ။ သောက်ကြစားကြပေမယ့် အေးအေးဆေးဆေးချည့်ပဲ ။ လူရည်လဲ သန့်ကြတယ် ။ အလုပ်လဲ ဖြစ်ကြတယ် ။




ဒိုးကလေး က လေးရာ့ငါးဆယ် ။ ငါ က ငါးရာ့ငါးဆယ် ရလိုက်တယ် ။




ည ဆယ်နာရီ ကျော်မှ ဧည့်သည်တွေ ပြန်သွားကြတယ် ။




ဒိုးကလေး ကတော့ ရှားတယ် ။ ဧည့်သည်တွေ ပြန်သွားကြတော့ အစောင့်ကောင်လေး ကို သူ့ နားမှာ ခေါ်ထားတယ် ။ ကြောက်လို့ တဲ့ ။




ဟုတ်တာပေါ့ ။ မြို့ပြင်မှာ ဆိုတော့ နေရာက လူလဲ ပြတ်တယ် ။ လျှပ်စစ်မီးလဲ မရှိဘူး ။ တဲအိမ်ကလေးထဲမှာ တို့ ချည်းပဲ ကျန်ရစ်ခဲ့တာကိုး ။




ငါ လဲ ကြောက်တော့ ကြောက်တာပါပဲ ။ တော်တော်နဲ့ကို အိပ်လို့ မပျော်ဘူး ။ မိုးလင်းခါနီးမှပဲ မှေးကနဲ အိပ်ပျော်သွားတော့တယ် ။




ဒိုးကလေး လာနှိုးမှပဲ ငါ အိပ်ရာက နိုးတော့တယ် ။




ရေမိုးချိုး အဝတ်အစားလဲပြီး ကော်ဖီသောက်တုန်းပဲ ရှိသေးတယ် ။ ခြံထဲ ကို ကားတစင်း ထိုးဝင်လာတယ် ။




ကားကတော့ မန်နေဂျာ မနေ့ကစီးလာတဲ့ကားပဲ ။ ဒါပေမယ့် မန်နေဂျာ တော့ မပါဘူး ။ ဧည့်သည်သစ် လေးယောက် ကို လွှတ်လိုက်တယ် ။




တယောက်တည်း ကပဲ ဒိုးကလေး ကို ရွေးတယ် ။ ကျန်တဲ့ သုံးယောက် က ငါ့ ကို ကြိုက်ကြတယ် ။




သည် သုံးယောက် ထဲမှာ နှစ်ယောက် က ရိုးရိုး ပါပဲ ။ သမရိုးကျ အတိုင်းပါပဲ ။ သူလို ငါလို ပဲ လုပ်ကြတယ် ။




ဒါပေမယ့် နောက်ဆုံး တယောက် ကတော့ ဆန်းတယ် ။ ငါ့ သက်တမ်းတလျှောက် သည်လူ နဲ့ တွေ့ရတော့မှပဲ အစဉ်အလာတွေ ပျက်ကုန်ရတော့တယ် ။




အသည်းထိတ်လိုက်တာလဲ မပြောနဲ့တော့ ။




လူပုံက အရပ်အမောင်း ကလဲ ကောင်းတယ် ။ ဗလ လဲ ကောင်းတယ် ။




အဲ ... ငါ့ ကို ပွေ့ပြီး အထက်ကို မြှောက်တင်တယ် ။ ပြန်ဖမ်းတယ် ။ မြှောက်တင်တယ် ။ ပြန်ဖမ်းတယ် ။




အိုး ... ဘာတွေ လုပ်နေတာလဲ ။ အလဟဿ အချိန်တွေလဲ ပုပ်ကုန်တယ် ။ အားတွေလဲ ယုတ်ကုန်တယ် ။




သည်လိုလူမျိုး သည်တခါပဲ တွေ့ဖူးသေးတယ် ။ အံ့ရော ။ အဲသည်လို ကိုင်လိုက် မြှောက်လိုက် ပြန်ဖမ်းလိုက်နဲ့ပဲ သူ စိတ်ကျေနပ်သွားတယ် ။ တခြား ဘာညာဘာညာ မလုပ်သွားဘူး ။




ဧည့်သည်တွေ ပြန်သွားကြတယ် ။




ခဏကြာတော့ အစောင့်ကောင်လေး က ထမင်းပွဲ ပြင်ပေးတယ် ။ ဝက်အူချောင်းကြော် နဲ့ ကြက်ဥကြော် ။




ဒိုးကလေး ရော ငါ ပါ ဝက်အူချောင်း မစားကြတော့ ကြက်ဥကြော် နဲ့ပဲ စားကြရတယ် ။




ထမင်းစားတုန်း ငါ က ငါ့ အတွေ့အကြုံ အထူးအဆန်း ကို ပြန်ပြောတယ် ။ ဒိုးကလေး က ပြုံးတယ် ။ သူ လဲ တခါ ကြုံဖူးတယ်တဲ့ ။ မြစ်ကြီးနား ဘက်မှာတဲ့ ။




အဲသည်ကနေ စကား စပ်မိပြီး ဒိုးကလေး က စိတ်ကူးရလာပြန်တယ် ။




' မြစ်ကြီးနားဘက် သွားကြရအောင်ပါ မမကြော့ ရယ် ... ။ ကာရန်သင့်ယင် ရထားပေါ်မှာတွင် လေးငါးရာ ရနိုင်ပါတယ် ' တဲ့ ... ။




ဒိုးကလေး က သူ့ အတွေ့အကြုံ ကို ပြောပြတယ် ။ မန္တလေး ကနေ မြစ်ကြီးနား ကို အမြန်ရထား နဲ့ လိုက်မယ် ။ ရွှေဘို ရောက်ယင် မှောင်ပြီလို့ ဆိုတယ် ။




မှောင်တာနဲ့ တပြိုင်နက် တွဲစောင့်ကို လက်ဖက်ရည်ဖိုးပေးပြီး အကြံအဖန် လုပ်ယင် ဖြစ်တယ်လို့ ပြောတယ် ။ ဒါပေမယ့် နှစ်ယောက် အိပ်စင်တော့ ယူရလိမ့်မယ် တဲ့ ။




ငါ ကတော့ စိတ်မဝင်စားပါဘူး ။ အဲသည်လောက် ဝေးတဲ့ ခရီးကိုလည်း သိပ် မသွားချင်ဘူး ။ အဲသည်လောက်လဲပဲ မသောင်းကြမ်းချင်ဘူး ။




ကျန်းမာရေးကလဲ သိပ်ကောင်းသေးတာ မဟုတ်ဘူး ။ သည်တော့ သည် မန္တလေး မှာပဲ ခဏ ဆက်နေပြီး ရန်ကုန် ပြန်ချင်ပြီ ။




နေ့ခင်းဘက်မှာ မန်နေဂျာ ရောက်လာတယ် ။ သူ့ သူငယ်ချင်း နှစ်ယောက် လဲ ပါလာတယ် ။ သောက်စရာတွေလဲ အပြည့် အစုံနဲ့ ။




ငါ က ညတုန်းက မအိပ်ရဲတဲ့အကြောင်း ၊ မအိပ်ပျော်တဲ့ အကြောင်း ပြောပြတယ် ။ မန်နေဂျာ က တည်းခိုခန်းတခန်း ကို သည်နေ့ည ပို့ပေးမယ်လို့ ပြောတယ် ။




သူတို့တွေ သောက်လို့ ပြီးကြတော့ မိုးချုပ်စ ပြုပြီ ။ နောက်ထပ် နှစ်ရာ ထပ်ရတယ် ။ အဲသည်နေ့ တနေ့တည်း ခုနှစ်ရာကျော် တွက်ခြေကိုက် ကြတယ် ။ အဲသည်ည က မြို့ထဲ ( ၃၅ ) လမ်းက ' စန်းသော်တာ ' တည်းခိုရိပ်သာ မှာ

နေရာပြောင်း တည်းကြတယ် ။




တည်းခိုခန်းရဲ့ အသွင်အပြင်ကို အကဲခတ်ကြည့်ရတာ စည်းကမ်းကောင်းပုံပဲ ။ ဒါပေမယ့် ' အေး ' ဆိုတဲ့ အမျိုးသမီးကလေးတယောက် က ငါ့ ကို စကား လာပြောတယ် ။ အလုပ် လုပ်ချင်ယင် ဖြစ်နိုင်တဲ့အကြောင်း သိလိုက်ရတယ် ။




ငါ ကတော့ စိတ်ဝင်စားတယ် ။ ဒိုးကလေး ကတော့ ပင်ပန်းနေပြီတဲ့ ။ အိပ်ချင်နေပြီတဲ့ ။




သည်တော့ သင်းခွဲပြီး လုပ်နေလို့ မကောင်းဘူး ။ နားမယ် ။ အိပ်မယ် ။




' အေး ' ကိုတော့ အဆက် အသွယ် ပြန်လုပ်ဖို့ မှာလိုက်တယ် ။ သူ ကလဲ သည် တည်းခိုခန်း က မဟုတ်ဘူး ။ တခြား တနေရာက ပစ္စည်းပဲ ။




ဧည့်သည်တယောက် က တည်းခိုခန်းပိုင်ရှင် ကို ပြောပြီး ခေါ်လာလို့ ၊ သည်ကို ရောက်နေတာလို့ ပြောတယ် ။




ငါ တို့ နောက်နေ့ ည ရထား နဲ့ ရန်ကုန် ကို ပြန်ခဲ့ကြတယ် ။




◾မောင်သာရ




📖ပြုံးတတ်တယ် ခေါင်းညိတ်တတ်တယ် 



အခန်း ( ၃ဝ )


တံငါသည် ရေကြောက်ယင် ငတ်မယ် ။ လှေသမား ရေလမ်း မသွားချင်လို့ ဘယ်ဖြစ်ပါ့မလဲ ။


မန္တလေး က ပြန်လာပြီးတော့ နားနေတယ် ။ နားဆို သင်္ကန်းကျွန်း အိမ်ကနေ မြို့ထဲတောင် မထွက်ဘူး ။


ရှာလို့ဖွေလို့ ရလာခဲ့တာကလေးနဲ့ ခြစ်ခြစ်ကုတ်ကုတ် သုံးစွဲ နေခဲ့တယ် ။


ဒါပေမယ့် ... အခုတော့ ကုန်ပြီ ။


ဝါတွင်းလေးလ ထိုင်စားယင်း အားမွေးထားတယ် ။ ကျန်းမာရေးကို ပြန်ပြုပြင်တယ် ။


ခုဆိုယင် အားအင်လဲ ပြည့်လာပြီ ။ အထိုင်အထမှာလဲ မမူးတော့ဘူး ။ အကြောရောင် ရောဂါလဲ ပျောက်နေပြီ ။


ဝါကျွတ်တော့မယ် ။ သည်တော့ ခတ်ကွင်း ပြင်ရတယ် ။


တဆောင်းစာ ရှာဖွေရဦးမယ် ။ ဖြစ်နိုင်ယင်တော့ အရင်းအနှီး ရချင်တယ် ။


အဖော် မရှာတော့ဘူး ။ ရှုပ်တယ် ။ သူ့ သဘော ကိုယ့် သဘော ညှိနေရတာကိုက အလုပ် တလုပ် ။


ခုနေ ဒိုးကလေး ကို အဖော်စပ်လဲပဲ သည် ကောင်မ က လိုက်ဖြစ်ချင်မှ လိုက်ဖြစ်မယ် ။


တလောကတောင် အိမ် ကို လာလည်သွားသေးတယ် ။ ရန်ကုန် မှာပဲ လှုပ်ရှားနေတယ် တဲ့ ။


ပြောလိုက်မှဖြင့် မိုးလားကဲလား နဲ့ ။ သူ့ ကို ကြည့်လိုက်တော့ မြင်နေကျ လက်စွပ်ကလေးလဲ မတွေ့တော့ဘူး ။ မြင်နေကျ ဆွဲကြိုးကလေးလဲ မတွေ့တော့ဘူး ။


ကုန်ကုန် ပြောရယင် လက်ပတ်နာရီတောင် မတွေ့တော့ဘူး ။ အဲ ... ထမင်းဆိုင် ကတော့ ရောင်းနေရတယ် ပြောတာပဲ ။


သည် ကောင်မ ကလဲ ငါ့ လိုပဲ ။ အချစ် ကို ကိုးကွယ်တတ်တယ် ။ စိတ် နဲ့ တွေ့ယင် သူ့ မှာ ရှိတာ အကုန် ချွတ်ပေးခဲ့တဲ့ ကောင်မ ပဲ ။


သူ့ ယောက်ျား ကတော့ အယင်ကလို မသုံးဖြုန်းတော့တာ သေချာတယ် ။ ရှာလို့ ရတဲ့ ငွေတွေ ဘယ် ရောက်ကုန်ပြီလဲ ။


မန္တလေး ကို ရောက်တော့ ပထမဆုံး အေး အကြောင်း စုံစမ်းရတယ် ။ ကုန်းဘောင် မှာ ပဲ တည်းခိုပြီး အေး ရဲ့သတင်းကို စုံစမ်းရတယ် ။


အေး ကို မတွေ့ရတော့ဘူး ။ အချစ်နာ ကျပြီး မိုညှင်း ကို ပြန်သွားပြီလို့ ကြားရတယ် ။ အေး ရဲ့ သူငယ်ချင်း မသီတာ က ပြောတယ် ။


အေး နဲ့ က ကောင်းကောင်း မရင်းနှီးလိုက်ရပါဘူး ။ တွေ့ဖူး ၊ မြင်ဖူး ၊ စကားပြောဖူး ရုံကလေးလောက်ပါပဲ ။


ဒါပေမယ့် အေး ကို ကြည့်ရတာ နာမည်နဲ့ လိုက်အောင် အေး မယ့် ပုံပဲ ။ စိတ်လဲပဲ နုပုံ ရတယ် ။


ဒါကြောင့်လဲ ခု ... အချစ်မြှား သင့်ပြီး နေရပ် ပြန်သွားရတာ ဖြစ်မှာပေါ့ ။


ငါ တို့ လောကမှာ ဒါမျိုးတွေလဲ ရှိတယ် ။ အေး ကို အပြစ် မပြောလိုပါဘူး ။ မတရာသားတွေ နဲ့ ဖက်လှဲတကင်း ဆက်ဆံနေရတာပဲ ။


ဥစ္စာပေါ ရုပ်ချောတွေနဲ့လဲ တွေ့ရမှာပဲ ။ ကနွဲ့ကလျနဲ့ ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောတတ်သူတွေနဲ့လဲပဲ တွေ့ရမှာပဲ ။


ကျအောင်လဲ ပြောတတ်ပါပေရဲ့ ။ လွမ်းအောင်လဲ ပြောတတ် ပါလေရဲ့ ။ သည်တော့ အသည်း မခိုင်ယင် ယိမ်းယိုင် သွားတတ်တယ် ။


ငါ ကိုယ်တိုင် ကလဲ ကြုံဖူးလို့ ကိုယ်ချင်းစာတယ် ။ အောင်သိန်း ကို ငါ ချစ်တယ် ။ သည်ကြားထဲ ကိုအောင်သိုက် နဲ့ တွေ့တော့လဲ တန်းတန်းစွဲ ဖြစ်မိပြန်တယ် မဟုတ်လား ။


တခါ ကိုသန့်စင်ငြိမ်း နဲ့ တွေ့ပြန်တော့လဲ ငါ့ စိတ် က မခိုင်ပြန်ဘူး ။ အလုပ်သဘော အပြင် စေတနာ မေတ္တာတွေ ပိုမိတယ် မဟုတ်လား ။


မသီတာ ကတော့ ငါ နဲ့ အေး ရဲ့ ရင်းနှီးမှု အတိုင်းအတာကို သိတာ မဟုတ်ဘူး ။ အေး ကို သူ သိပ်ခင်တယ် ။ အေး နဲ့ ပတ်သက်တယ် ဆိုတော့ ငါ့ ကို လဲပဲ ခင်လာတယ် ။


ကူညီပါ့မယ် တဲ့ ။ ဈေးတပတ်တော့ စောင့်ပါအုံး တဲ့ ။ ဈေးတပါတ် ပြည့်ဖို့က သုံးရက် လားပဲ လိုတော့တယ် ။


မသီတာ ကို အားကိုးနိုင်တယ် ဆိုတာတော့ ငါ တွက်မိပါရဲ့ ။ တည်းခိုခန်း ရဲ့ လက်ထောက်မန်နေဂျာ ကို မသီတာ က ပိုင်တယ် ။


ရန်ကုန် ကို ပစ္စည်း ဆင်းကောက်ယင် ပစ္စည်းတခု လျှော့ မှာလိုက်မယ်တဲ့ ။ သည်တော့ ငါ့ ပစ္စည်းက စွံပြီ ဆိုပါတော့ ။


သည်ကြားထဲမှာ ငွေ အသုံး လိုယင်လဲ မသီတာ့ အိတ်ထဲကပဲ ခဏ ဆွဲသုံးနေရုံပဲ ။


◾မောင်သာရ


📖ပြုံးတတ်တယ် ခေါင်းညိတ်တတ်တယ်


koaungnaingoo.blogspot.com


.

Wednesday, November 24, 2021

ပြုံးတတ်တယ် ခေါင်းညိတ်တတ်တယ် အခန်း ၂၇ + ၂၈


 အခန်း ( ၂၇ )


ကြွပေတော့ နောက်နောင်လဲ ဘယ်တော့မှ လာမပတ်သက်နဲ့တော့ ။


ငါ ကလဲ လင် တယောက်လို့ မသတ်မှတ်တော့ဘူး ။


ငါ့ ကိုလဲ မယား တယောက် အနေနဲ့ မသတ်မှတ်နဲ့တော့ ။


အဲသည်လို ပြောပြီး အောင်သိန်း ကို ငါ နှင်လွှတ်လိုက်တယ် ။


နှစ်ဆန်း တရက်နေ့ ငါ သင်္ကန်းကျွန်းအိမ်ကို ပြန်ရောက်တယ် ။ အောင်သိန်း မရှိတော့ဘူး ။ သူ့ အဝတ်အစားတွေပါ ယူပြီး ထွက်သွားပြီ ။


ငါ စရန်ရတဲ့ ငွေငါးရာ သူ့ လက်ထဲ အပ်ခဲ့တာလဲ ဘယ်သူ့ ကိုမှ တပြားတချပ် မပေးဘူးတဲ့ ။ ကလေးတွေ ကိုတောင် မုန့်ဖိုးပဲဖိုးကလေး ပေးမသွားဘူးတဲ့ ။


ပေးမသွားရုံတင် မဟုတ်ဘူး ။ ကလေးတွေ ရဲ့ စုဗူးတွေ ကိုတောင် ခိုးသွားသေးတယ်တဲ့ ။ သည် စုဗူး နှစ်ဗူး ဆိုတာကတော့ ကလေးတွေ ရဲ့ မုန့်ဖိုးထဲက ဖဲ့ပြီး စုထားကြတာပါ ။


ကျောင်းအပ်စရာ ရှိယင် ကျောင်း အပ်ရမယ် ။ နေထိုင်မကောင်းတဲ့အခါ မလှည့်သာ မရှောင်သာယင် သုံးတန် သုံးရမယ် ။ မလုပ်သင့်ပါဘူး ။


ခုတော့ ကြည့်လေ ... ငွေငါးရာ လဲ အကုန် တယောက်တည်း ယူသွားလေသေးရဲ့ ။ သူ နဲ့ ဘာမှ မဆိုင်တဲ့ စုဗူးတွေကိုလဲ ခိုးသွားလေသေးရဲ့ ။


ပြီးတော့ သူ့ အဝတ်အစားတွေ ဆိုယင်လဲ စွပ်ကျယ်အင်္ကျီ အစုတ်အပြဲ က အစ ဘာမှ မချန်ပဲ ယူသွားတယ် ။


ယုတ်စွအဆုံး သွားပွတ်တံ သွားတိုက်ဆေးဘူးတောင် မထားခဲ့ဘူး ။


လင်မယား အဆင် မပြေလို့ အိမ်ပေါ်က ဆင်းတာကတော့ ဆင်းတာပေါ့ ။ ငါ အပြစ် မပြောပါဘူး ။ ငါ ကိုယ်တိုင်ကလဲ ယောက္ခအိမ် က သုံးကြိမ်တိတိ ဆင်းလာခဲ့ဖူးတာပဲ ။


ဒါပေမယ့် မဆင်းခင်မှာ အသေအချာ အလေးအနက် စဉ်းစား ။ ပြတ်သားဖို့တော့ လိုလိမ့်မယ် ။


သည်မယ် ... စိတ်ခံစားမူ ဆိုတာ အကြောင်းယုတ္တိ တန်ချင်မှ တန်မယ် ။ အကြောင်းယုတ္တိ မတန် စိုးရိမ်တာလဲ ရှိတယ် ။ အကြောင်းယုတ္တိ မတန်ပဲ နာကျည်းတာလဲ ရှိတယ် ။ အကြောင်းယုတ္တိ မတန်ပဲ ဒေါသ ထွက်လာတာလဲ ရှိမယ် ။

အကြောင်းယုတ္တိ မတန်ပဲ ယောက္ခမ အိမ်ပေါ်က ဆင်းတာလဲ ရှိတယ် ။


အေး ... အကြောင်းယုတ္တိ တန်တယ် မတန်ဘူး ဆိုတာ လူပုဂ္ဂိုလ် တစ်ဦးချင်းရဲ့ စိတ်ခံစားမူ နဲ့ပဲ ဆိုင်တယ် ။


ငါ ယောက္ခမ အိမ်ပေါ်က ဆင်းလာတုန်းကလဲ ငါ အဝေဖန်ခံရတယ် ။ လင်မယား ကွဲတော့ ကိုယ်ပဲ နာမယ် ။ ဒါကလေးလောက်နဲ့ အိမ်ပေါ်က ဆင်းခဲ့ရသလား ဆိုပြီး ဝေဖန်ကြတာကို ခံရတယ် ။ ငါ့ အမေ ကိုယ်တိုင် က ငါ့ ကို ဝေဖန်တယ် ။


အကြောင်းယုတ္တိ တန်တာ မတန်တာ ထားတော့ ။ ငါ မှ မနေချင်တော့တာပဲ ။


ပြီးတော့ အဆုံးစွန်ကိုလည်း ငါ စဉ်းစားပြီးသားပဲ ။ ယောက်ျား နဲ့ ကွဲရယင် ငါ ဂရုမစိုက်ပါဘူး ဆိုနေမှတော့ ပြီးရောပေါ့ ။ ပြတ်ရောပေါ့ ။


အေး ... ယောက္ခ အိမ်ပေါ်က မဆင်းခင် သေသေချာချာ စဉ်းစား ။ ပြတ်နိုင်သလား ။ ပြန်မတတ်ပဲ နေနိုင်သလား ။


အေး ... စိတ်က ပြတ်တယ်လို့ ထင်ယင်တော့ ဆင်းပေတော့ ။ မပြတ်နိုင်ဘူး ထင်ယင် ဘာလို့ ဆင်းမှာလဲ ။


ယောက္ခမ အိမ် ဟဲ့ .... ယောက္ခမ အိမ် ။ ကိုယ့် အမေ့ အိမ် မဟုတ်ဘူး ။ ဆင်းချင်တဲ့ အချိန် ကိုယ့်သဘောနဲ့ ကိုယ် ဆင်းသွားပြီး တက်ချင်တဲ့ အချိန် ကိုယ့်သဘောနဲ့ ကိုယ် ပြန်တက်လာလို့ ဖြစ်မလား ။


ငါ့ မိဘ နဲ့ ငါ့ ပတ်ဝန်းကျင် က ငါ့ လင် ကို အထင်အမြင် သေးမှတော့ သည် လင်မျိုး ငါ ဆက်ပေါင်းနေဖို့ ကောင်းပါဦးမလား ။


ခု အောင်သိန်း လုပ်တဲ့ အပေါက်မျိုး က ငါ့ မိဘ နဲ့ ငါ့ ညီမ အထင်သေးစရာ ဖြစ်မနေဘူးလား ။ ကြမ်းပိုးသူခိုး ဆန်လွန်း မနေဘူးလား ။


ထားတော့ ။ နှစ်ဆန်းနှစ်ရက်နေ့ ညကျတော့ အောင်သိန်း အိမ် ကို ပြန်ရောက်လာပြန်တယ် ။ သူ့ အဝတ်အစားတွေတော့ ပြန်ပါမလာတော့ဘူး ။ အဝတ်တထည် ကိုယ်တစ်ခုနဲ့ပဲ ပြန်လာတယ် ။


မျက်နှာကတော့ သူ့ထုံးစံအတိုင်းပဲ ။ သူ့ မှာ ဘာအပြစ် မှ မရှိတဲ့ ပုံစံမျိုး ။ ငါ ကလဲ သူ့ ကို ဘာမှ မပြောချင်တော့ပါဘူး ။ အပြစ်လဲ မတင်ချင်တော့ပါဘူး ။


သူ က မေးတယ် ။ နောက်ထပ် ငွေဘယ်လောက် ထပ်ရခဲ့သေးသလဲ တဲ့ ။ ဘာ ဖြေစရာ လိုသလဲ ။ လက် ငါးချောင်း ထောင်ပြလိုက်တယ် ။ ဘယ်မှာလဲ တဲ့ ။ လက်ခါ ပြလိုက်တယ် ။ ကုန်ပြီ ဆိုတဲ့ သဘော ။


သည်တော့ စကား ပြောင်းပစ်တယ် ။ ရူးပေါပေါ လုပ်လိုက်တယ် ။ ဆာလိုက်တာ မမ ရယ် .... ဘာဟင်း ချက်သလဲတဲ့ ။


ဟင်းကတော့ အဲ့သည့်နေ့က မကောင်းဘူး ။ ဘဲဥ ချဉ်ရည် ချက်တယ် ။ ပြီးတော့လဲ ကုန်ပြီ ။ ဪ ... သူ တကယ် ထမင်း မစားရသေးဘူး ထင်ပါရဲ့ ... ဆိုပြီး ကိုကိုကြီး ကို ခေါက်ဆွဲကြော်တစ်ထုတ် အဝယ်ခိုင်းလိုက်တယ် ။


ဝက်သား နဲ့ နော် တဲ့ ။ ကိုကိုကြီး ကို သူ လှမ်းပြောလိုက်တယ် ။ ဒါကတော့ သက်သက်မဲ့ စော်ကားတာ ။ ငါ က နတ်ကတော် တော့ မဟုတ်ဘူး ။


ဒါပေမယ့် ကိုယ်တော်နှစ်ပါး ကို ငါ ဘယ်လောက် အထိ လေးလေးစားစား ကိုးကွယ်တယ် ဆိုတာ သူ အသိဆုံး ။ ငါ့ အိမ်မှာ ငါ့ အဖေ အမေ တောင် မစားဘူး ။ စားချင်ယင် အပြင်မှာ စားတယ် ။


ဒါပေမယ့် ငါ သည်းခံလိုက်ပါတယ် ။ ဘာတခွန်းမှ မပြောဘူး ။ ကိုယ်တော်နှစ်ပါး ကို ငါ စိတ်နဲ့ တောင်းပန်ထားလိုက်တယ် ။ တစ်ကြိမ် တခါတော့ ခွင့်လွတ်လိုက်ပါလို့ပေါ့ ။


ခေါက်ဆွဲစားပြီးတော့ ကိုကိုကြီး ကို ဒူးယား တစ်ကျပ်ဖိုး အဝယ်ခိုင်းသံ ကြားရပြန်တယ် ။


ငါ သိပြီ ။ သူ့ မှာ ငွေ ပြတ်နေပြီ ။ အောင်သိန်း ဒူးယား ကို ဘူးလိုက်တောင် ဝယ် မသောက်နိုင်တော့ဘူး ။ ကိုကိုကြီး ကို ဒူးယားတစ်ဘူး ဝယ်ခဲ့ဖို့ ငါ ပိုက်ဆံပေးလိုက်တယ် ။


နောက်ထပ် သူ လဲ ဘာတခွန်းမှ မပြောတော့ဘူး ။ ငါ ကလဲ ဘာတခွန်းမှ မပြောဘူး ။ အိပ်ရာဝင်ချိန် ရောက်ရော ဆိုပါတော့ ။ အိပ်ရာဝင်တော့လဲ ခါတိုင်းလိုပဲ ခြင်ထောင်အပြင်ဘက် ခေါင်းထွက်ပြီး ဆေးလိပ်သောက်တယ် ။ ပြီးတော့မှ ခေါင်းကို ခြင်ထောင်ထဲ ပြန်သွင်းတယ် ။


အဲ ... ခေါင်းအုံး နဲ့ ခေါင်းထိပြီး ဘာမှ မကြာဘူး ။ သူ အိပ်ပျော်သွားတယ် ။ ငါ ကတော့ တော်တော်နဲ့ အိပ်မပျော်ဘူး ။ အောင်သိန်း အကြောင်းကို တွေးကြည့်တယ် ။


သိရခက်တဲ့ လင် ။ သိပ် အကဲခတ်ရ ခက်တဲ့ လူ ။ ရှိမှန်းလဲ မသိရဘူး ။ မရှိမှန်းလဲ မသိရဘူး ။ မရှိလဲ မပူဘူး ။ မကြောင့်ကြတတ်ဘူး ။


ငါ စဉ်းစားတယ် ။ ငွေငါးရာ သူ ဘာလုပ်ပစ်လိုက်သလဲ ။ ဖဲရှုံး လို့ ကုန်သလား ။ မုတ္တမ ကနေ အိမ် မပြန်ပဲ ဘယ်ကို ထွက်သွားသလဲ ။ ဒေါင်းမ နဲ့ ဆက်မိနေပြီလား ။ ကလေးတွေ ရဲ့ စုဗူးနှစ်လုံး ကို ယူသွားတာကကော ။


အဲသည် အချိန်က သူ့ လက်ထဲ ငွေငါးရာ ရှိဖို့ ကောင်းသေးတယ် ။ ငါ ဆု ကို မေးကြည့်တော့ ငါ အိမ်က ထွက်သွားပြီး နောက်တနေ့မှာ သူ ထွက်တာတဲ့ ။


သူ တရေး နိုးလာတယ် ။ ငါ ကတော့ အိပ် မပျော်သေးဘူး ။ ဒါပေမယ့် အိပ်ပျော်ချင်ယောင် ဆောင်နေလိုက်တယ် ။ ငါ့ ရင်ဘတ်ပေါ် လက်တင်ပြီး ငါ အိပ်ပြီလားလို့ အကဲစမ်းကြည့်တယ် ။ ငါ နဲ့ ပေါင်းလာတဲ့ ငါ့ လင်အကြောင်း

ငါ သိပြီးသားပေါ့ ။


ခါတိုင်းလဲ ငါ့ ရင်ဘတ် ပေါ် လက်တင်ကြည့်တဲ့ အကျင့် ရှိတယ် ။ ငါ က နိုးနေရင် သူ့ လက်ကို ဖယ်ပစ်လိုက်တတ်တယ် ။ သူ့ လက်ကို ဖယ် မပစ်ရင်တော့ ငါ အိပ်ပျော်နေပြီဆိုတာ သူ သိတယ် ။ ခု ငါ က နိုးလျက်နဲ့ သူ့ လက်ကို ဖယ်

မပစ်ပဲ ထားလိုက်တယ် ။


အောင်သိန်း အိပ်ယာက ဖြည်းဖြည်းခြင်းထတယ် ။ ပြီးတော့ ဓါတ်ငွေ့ မီးခြစ်လေးနဲ့ ဟိုစမ်း သည်စမ်း ရှာနေတယ် ။


ငါ တို့မှာ အဝတ်ထည့်တဲ့ ဗီရို မရှိဘူး ။ အဝတ်တွေကို ခရီးဆောင် လက်ဆွဲအိတ်ကြီးထဲပဲ ထည့်ထားတယ် ။ အဲသည်အိတ် ကို သူ ဖွင့်တယ် ။ ငါ့ အဝတ်အစားတွေ ကို သူ ထုတ်တယ် ။


အဝတ်ခေါက်တွေ ကြားမှာ မွှေနောက်ပြီး ရှာနေတယ် ။ မီးခြစ် ကတော့ မှိန်လိုက် လင်းလိုက်ပေါ့ ။


ဒါပေမယ့် မိးလင်းလိုက်တိုင်း သူ့ လှုပ်ရှားမှုတွေကို ငါ အကုန်မြင်နေတယ် ။


ဒေါသလဲ ထွက်တယ် ။ ကြောက်လဲ ကြောက်မိပါရဲ့ ။ ကိုယ့် မိန်းမငွေ ကိုယ် ပြန်ခိုးဖို့ ကြိုးစားနေတော့ သည် ယောက်ျားမျိုး ဘယ်လာ ခွင့်လွတ်ဖို့ ကောင်းတော့မှာလဲ ။


ပြီးခဲ့တာတွေကိုတော့ ငါ သင်ပုန်းချေလိုက်နိုင်ပါတယ် ။ ဒါကြောင့်လဲ ပေးခဲ့တဲ့ ငွေငါးရာ ကုန်ပြီလား ကလေးတွေ ကို ဘာလို့ မုန်ဖိုး မပေးရတာလဲ ။ ဘယ်ကို ထွက်သွားရတာလဲ ။ ဘာလို့ ကလေးတွေ စုဗူးကို ခိုးသွားရတာလဲ

စသည်ဖြင့် ငါ ဘာတခွန်း မှ မမေးဘူး ။


အေး ... ခုတော့ သည်းမခံနိုင်တော့ဘူး ။ သူ တုတ်ကိုင်ယင် ကိုယ် တုတ်ကိုင်မယ် ။ သူ ဓားဆွဲယင် ကိုယ် ဓားဆွဲရုံပဲ ။


ငါ အိပ်ရာက ထလိုက်တယ် ။ မီးခလုတ် ကို ဖွင့်လိုက်တယ် ။ ငါ တို့ အိပ်ခန်း က နောက်ဖေးဆောင်မှာ ။


ဒါပေမယ့် အိမ်က သိပ်ကျယ်တာ မဟုတ်တော့ ညဉ့်နက် သန်းခေါင်မှာ စကားပြောယင် တအိမ်လုံး က ကြားရနိုင်တယ် ။ မတတ်နိုင်တော့ဘူးလေ ။


' ဟေ့ .... အောင်သိန်း .... ဒါ ဘာလုပ်တာလဲ ။ သူခိုးကျင့် သူခိုးကြံ ကြံတာပေါ့ ... ဟုတ်လား ... ဟင်း ... တော်တော်ကောင်းတဲ့ လူ ၊ ကိုယ့်အိမ် ကိုယ် ပြန်ခိုးရတယ်လို့ ၊ တော်တော်လဲ သတ္တိ ကောင်းတဲ့ သူခိုးပဲ ။ နင် ...

ငါ မပြောချင်လို့ ၊ တော်တော် ယုတ်မာတယ် ။ သွားခါနီး ငါ ပေးခဲ့တဲ့ ငွေငါးရာလည်း တယောက်ထဲ အကုန်သုံးပစ်တယ် ။ ဒါနဲ့တောင် အားမရလို့ ကလေးတွေ စုဘူးကိုပါ ခိုးတယ် ။ နင်မို့ ကြံစည်ရက်တယ် ။ တော်ပြီ နင့် ကို ငါ မပေါင်းချင်တော့ဘူး ။ နင့် မျက်နှာကိုလဲ ငါ မကြည့်ချင်ဘူး ။ နင် ... ငါ့ အိမ်က အခု ဆင်းတော့ ' ... ဆိုပြီး ပစ်ပစ်ခါခါ ပြောချပစ်လိုက်တယ် ။


သည်ကောင် ဘာတခွန်းမှ ပြန် မပြောနိုင်တော့ဘူး ။ သူ လဲပဲ ပညာတတ် ပဲ ။ သူ နဲ့ပေါင်းလာတဲ့ မိန်းမ ဘယ်လို စိတ်သဘောထားမျိုး ရှိတယ် ဆိုတာတော့ သိမှာပေါ့ ။


အေး ... ပျော့ယင် ဖယောင်းပဲ ။ အဲ ... မာပြီဆိုယင်တော့ သံချောင်း ။ ကောင်းနေသေးယင်တော့ ခေါင်း ကို နင်းယင် နင်းသွား ငြိမ်နေမယ် ။


ဟင် ဆိုယင်တော့ လှည့် မကြည့်တော့ဘူး ။


ပါးစပ် က ပြောရင်းနဲ့ မျက်စိ က လျှောက်ကြည့်ထားပြီးပြီ ။ ခေါင်းရင်းမှာ ဆေးလိပ် ပြာချွေခွက် ရှိတယ် ။ ဖန်ခွက် ရှိတယ် ။


နည်းနည်းကလေး လှုပ်ရှားမယ် မကြံနဲ့ ကောက်ပေါက်လိုက်ဖို့ အသင့်ပဲ ။


အခြေအနေ မကောင်းမှန်းတော့ အောင်သိန်း လဲ ပဲ သိတယ် ။ အဖေ တို့ အမေ တို့ မိဆု တို့လည်း နိုးကုန်ပြီ ။


ဒါပေမယ့် ဘာတခွန်းမှ ဝင်မပြောကြဘူး ။ အိမ်ရှေ့ခန်း က မီးဖွင့်ပြီး အသံပဲ ပေးကြတယ် ။


အောင်သိန်း အိမ်ပေါ် က ဆင်းသွားတယ် ။


ငါ အိပ်ခန်းထဲ က မီးခလုတ် ကို ပြန်ပိတ်လိုက်တယ် ။ အိပ်ရာပေါ် ပြန်လှဲတယ် ။


အိပ်လို့တော့ ဘယ်ပျော်တော့မှာလဲ ။ မိုးစင်စင်လင်းတဲ့အထိ တရေးမှ မရတော့ဘူး ။


အဖေ ၊ အမေ နဲ့ မိဆု လည်း မီးပြန်ပိတ်ပြီး ကိုယ့် အိပ်ရာ ကိုယ် ပြန်ဝင်သွားကြတယ် ။ ငါ့ လဲ ဘာတခွန်းမှ မမေးဘူး ။


အဲသည်လိုနဲ့ အောင်သိန်း နဲ့ ငါ လမ်းပြတ်သွားကြတယ် ။


အေး ... မော်လမြိုင် ခရီး က ရလာတဲ့ ငွေကလည်း ဘာ ကျန်တော့လို့လဲ ။ ရန်ကုန် ရောက်တော့ ငွေလေး တစ်ရာကျော် ပဲ ကျန်တယ် ။


သည်တော့လှုပ်ရှားရဦးမယ် ။ ငါ့ ဘဝ ကို အနည်ထိုင်စေ့ချင်တယ် ။ ကြိုးစားတယ် ။ မရဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေတယ် ။ ငါရှာလို့ ရသမျှကို အောင်သိန်း က ဖြုန်းပစ်တယ် ။


ခုတော့ သည် ငနာ လဲ မရှိတော့ဘူး ။ သည် တမိုး နဲ့ တဆောင်း ကြိုးစားပြီး လှုပ်ရှားစုဆောင်း လိုက်ယင် ငါ့ ရည်မှန်းချက် ပြည့်နိုင်လိမ့်မယ်လို့ ငါ့ ကိုယ် ငါ နှစ်သိမ့်မိတယ် ။


◾မောင်သာရ


📖ပြုံးတတ်တယ် ခေါင်းညိတ်တတ်တယ် 



အခန်း ( ၂၈ )


ဒိုးကလေး နဲ့ ငါ ပြန်တွဲမိတယ် ။ ဒိုးကလေး ဆိုတဲ့ ကောင်မ က ဒိုးလို လိမ့်နေချင်တဲ့ ကောင်မ ။


ဒါပေမယ့် သူ က ငါ့ ထက် စီမံကိန်း ပိုရှိတယ် ။ သူ ရှာလို့ ရသမျှကလေးနဲ့ သူ့ ယောက်ျား ကို ထမင်းဆိုင် တည်ထားပေးတယ် ။ ညောင်ပင်လေး ဈေးထဲမှာ ဆိုတော့ ရောင်းလဲ အတော် ရောင်းရတယ် ။


ဒါပေမယ့် ဒိုးကလေး က ဝါသနာကို မစွန့်ဘူး ။ သုံးကလဲ သုံးချင်တယ် မဟုတ်လား ။ လှလှပပ ကလဲ ဝတ်ချင်တယ် မဟုတ်လား ။


မမ ရယ် ... ထမင်းဆိုင် က ရောင်းရတော့ ရောင်းရပါရဲ့ ။ အေးအေးဆေးဆေး ထိုင်စားမယ် ဆိုယင်လဲ ရပါတယ် ။ ဒါပေမယ့် ရှာနိုင်ဖွေနိုင်တုန်းမှာ ရှာအုံးမယ် ... တဲ့ ။


ငါ ကတော့ ထိုင် မစားနိုင်သေးဘူး ။ ငါ့ မှာက ဘာမှ မပြည့်စုံသေးဘူး ။ လင်သား ကလဲ မရှိတော့ဘူး ။ အိုးပိုင် အိမ်ပိုင်လဲ မရှိသေးဘူး ။


ဆိုင် ဆိုတာတော့ ဝေးရော ။ သင်္ကန်းကျွန်း ဈေးထဲက ဆိုင်ကလဲ သူများ ဆိုင် ။ ပြန်အပ်လိုက်ရပြီ ။


ဒိုးကလေး နဲ့ တွဲမိတော့ ငါ အား လဲ တက်မိတယ် ။ ဘာပဲပြောပြော တနယ်တကျေးမှာ ထွက်စီးပွား ရှာရမှာ ။ အရေးဆို တိုင်ပင်ဖော် တိုင်ပင်ဘက် လိုတယ် ။ နာမကျန်းယင်လဲ ပြုစု စောင့်ရှောက်မယ့် လူ လိုတယ် ။


ငါ နဲ့ ဒိုးကလေး မန္တလေး ဘက် ထွက်ခဲ့ကြတယ် ။ ဒိုးကလေး က ငါ့ ကို ဆရာ တင်တယ် ။ သည်တော့ ငါ့ အဆက်အသွယ် ရှိခဲ့ဖူးတဲ့ ဒေါ်ဆယ့် တည်းခိုခန်း ကိုပဲ အဓိက အားထားပြီး သွားကြတယ် ။


ထင်သလိုတော့ မဖြစ်ဘူး ။ အလုပ်ခန်းတွေ အားလုံးလဲ ပြည့်နေတယ် ။ အဖမ်းအဆီး အရှာအဖွေလဲ များတယ်တဲ့ ။ စိတ်မောရရော ။


ငါ့ မှာ ငွေလဲ များများ မပါဘူး ။ ဒိုးကလေး ကပဲ တချို့ စိုက်ထားတယ် ။ သူ့ မှာကတော့ လေးငါးရာ ပါတယ် ။ ပြီးတော့ ဆွဲကြိုးတကုံး လဲ ပါတယ် ။


ဒေါ်ဆယ် က ဆိုးတော့ မဆိုးဘူး ။ ငါတို့ နှစ်ယောက်ကိုတော့ အခန်းတစ်ခန်း မှာ တည်းခိုခွင့် ပေးတယ် ။ ဒါပေမယ့် သူ့ တည်းခိုခန်း မှာတော့ အလုပ် မလုပ်ပါဘူးလို့ ကတိပေးထားရတယ် ။


သည် တည်းခိုခန်း မှာ ငါ နဲ့အောင်သိန်း လာတည်းပြီး အလုပ် လုပ်ဖူးခဲ့တယ် မဟုတ်လား ။ တည်းခိုခန်း က သတ်သတ် ။ အလုပ်ခန်း က သတ်သတ် ။ အလုပ်ခန်း လေးခန်း က အောက်ထပ် နောက်ဖေးဘက်မှာပဲ ။


သုံးရက်လုံးလုံး အလုပ် မဖြစ်ဘူး ။ စရိတ်ထောင်းတယ် ။ အခန်းခ နဲ့ စားသောက်စရိတ် က တနေ့ ကို သုံးဆယ် ကျော်တယ် ။ နှစ်ယောက်ပေါင်း ဆိုတော့ ခြောက်ဆယ် ပေါ့ ။


တပတ်လောက် ကြာယင် ဒိုးကလေး ဆွဲကြိုး ပေါင်ရလိမ့်မယ် ။


အကြံအိုက်နေတုန်း မေမြို့ က ကောင်လေး နှစ်ယောက် တည်းခိုခန်း ကို ရောက်လာတယ် ။ စတုတ္ထနေ့ မှာပေါ့ ။


တစ်ယောက် နဲ့ ဒိုးကလေး နဲ့ ချိတ်မိတယ် ။ မေမြို့ ကို လိုက်ခဲ့ဖို့ ခေါ်တယ် ။ ဒါနဲ့ လိုက်သွားဖြစ်ကြရော ဆိုပါတော့ ။


မေမြို့ မှာ သုံးရက်လောက် ကြာတယ် ။ စားပြီးသောက်ပြီး တစ်ယောက်ကို လေးရာကျော် ပိုက်မိတယ် ။


မန္တလေး ကို ပြန်ဆင်းခဲ့ကြတယ် ။ တည်းခိုခန်း မှာပဲ ပြန်ပြီး စတည်းချတယ် ။


အောက်က အခန်းလေးခန်း မှာ ဒိုးကလေး နဲ့ ငါ နှစ်ခန်း ရလိုက်ယင်တော့ သိပ်ကောင်းမှာပဲ ။ ဒါပေမယ့် သူ့ လူနဲ့ သူ လည်ပတ်နေတာ ဆိုတော့ ငါ တို့ ကြားဖြတ် ဝင်တိုးဖို့ မလွယ်ဘူး ။


ဒိုးကလေး က အယင် စိတ်ပျက် စ ပြုလာတယ် ။


မမရေ ... စရိတ်ကလေး ရှိတုန်း ပြန်ကြရအောင် တဲ့ ။ ငါ တားကြည့်ပါသေးတယ် ။ ငုပ်မိသဲတိုင်ပေါ့ ။


ဒါပေမယ့် သည် ကောင်မလေး က စိတ်ဓါတ် ကျနေတယ် ။ အားပေးနှစ်သိမ့်လို့လဲ မရဘူး ။ သည်တော့ ရည်မှန်းချက် မအောင်မြင်ပဲ ပြန်လာခဲ့ကြတယ် ။ အိမ်အဝင် မှာ ငွေကလေး သုံးရာ ပဲ ပါတော့တယ် ။


အလုပ်အကိုင် ဆိုတာလည်း အပေါက်အလမ်း တည့်ချင်မှ တည့်တာမျိုးပဲ ။ ဘယ် အလုပ်အကိုင်ပဲ ဖြစ်ဖြစ် သည် အတိုင်းပဲ ။


အဆင်ပြေချင်တုန်းကလဲ ဝင်လိုက်တဲ့ ငွေတွေ လျောကနဲ လျောကနဲ ။ လူလဲ အားရတယ်လို့ မရှိဘူး ။ ဟော ... မပြေချင်တော့လဲ သွားလေရာရာ အနှောင့်အယှက် မလွတ်ဘူး ။ ငါ ကလဲ ငါ ပဲ ။ ဒိုးကလေး နဲ့ ကသောကမျော ထွက်သွားရလို့ စတော် တိုက် မသွားရဘူး ။


ဒါပေမယ့် အမေဂျမ်း အတွက်တော့ ထုံးစံအတိုင်း ကိုးပါတယ် ။ သည်တခါ မန္တလေး မှာ အဆင် မပြေလို့ မေမြို့ တက်တော့ အမေဂျမ်း အတွက် ငါးကျပ်တန် နှစ်ရွက် ကို ကိုးထားတယ် ။


အရေးထဲ ဟို ကိစ္စက မလာပြန်ဘူး ။ ဆယ့်လေးငါးရက် ကျော်ပြီ ။


ဟိုစပ်စပ် သည်စပ်စပ် နားလည်တဲ့ ဒေါ်ညှာ နဲ့ စမ်းကြည့်တယ် ။ ဘာမှ မတွေ့ဘူး ပြောတာပဲ ။


မော်လမြိုင် က ပြန်ရောက်ပြီး နောက်ရက်တွေမှာ ဆေးဆက်သောက်နေတော့ စောင့်ကြည့်ဖို့တော့ လိုသေးတယ် ။ ကြားမှာ နှစ်ရက်လောက်ကလဲ ဆေးပြတ်သွားရတယ် မဟုတ်လား ။


ဒေါ်ညှာ က အားတော့ ပေးတယ် ။ လက်သည်တောင် မလိုပါဘူးအေ ။ ငါ့ ဦးလေး မှာ အစွမ်းထက်တဲ့ ဆေးရှိပါတယ် ... တဲ့ ။ ထိမ်နေတာပါတဲ့ ။ စောင့်ကြည့်ပါဦးတဲ့ ။


စီးပွားရေး အဆင်မပြေရတဲ့ကြားထဲ ရောဂါက ဝင်လာတယ် ။ ပေါင်တွင်းကြောကြီးတွေ ရောင်လာတယ် ။ ဖုလာတယ် ။


ဒေါ်ညှာ က သက်ရင်းကြီးရွက် နဲ့ ဆား ကျပ်ထုပ် ထိုးပေးရင် ပျောက်နိုင်တယ် ပြောတယ် ။ ဒဏ်ကျေတယ်တဲ့ ။


သက်ရင်းကြီးရွက် ကလဲ ခဲခဲယဉ်းယဉ်း ရှာရတာမှ မဟုတ်ပဲ ။ ဒေါ်ညှာ ပဲ လမ်းထိပ် အိမ်က သွားတောင်း ခူးလာတယ် ။


ဆား နဲ့ ရောထောင်းပြီး ကျပ်ထုတ် ထိုးရတယ် ။ သက်သာတယ် ။ ဒါပေမယ့် လုံးဝတော့ မပျောက်ဘူး ။


မပျောက်တော့ ဆေးခန်းကို ပြေးရတယ် ။ ငွေဆယ့်ငါးကျပ် သာ ကုန်တယ် ။ ပေးလိုက်တဲ့ ဆေးကတော့ အနာဂျက်ဆင် က နှစ်လုံး ၊ ဘီဗစ် က လေးလုံး ၊ စီဗစ် က လေးလုံး တဲ့ ။


ကလိုင်ဗီနော ဝယ်စားရမယ်တဲ့ ။ ဆေးစာ ရေးပေးလိုက်တယ် ။


ဆယ်လုံး ပါတဲ့ ဆေးတကတ် ကို သုံးဆယ့်နှစ်ကျပ် တဲ့ ။ ဘယ် ဝယ်နိုင်မှာလဲ ။ ရောဂါပျောက်ချင်တော့လဲ ဝယ်ရတော့တာပေါ့ ။ ပေါင်မို့ ဇမခုပြီး လမ်းမှ မလျှောက်နိုင်တော့တာကို ။


ဆေးတကတ် ကို ငါးရက်ခွဲ သောက်တယ် ။ ဆရာဝန် ရဲ့ အညွှန်းကတော့ တစ်ခါသောက် နှစ်လုံး တနေ့ သုံးကြိမ် တဲ့ ။


တနေ့ ကို ခြောက်လုံး ။ ဆယ်လုံး ပါတဲ့ ဆေးတကတ်တဗူး ကို ကိုးဆယ် ။ ငါးရက်တည်း နဲ့ ကိုးဆယ် ကုန်မယ် ။


မတတ်နိုင်ဘူး ။ ငါးရက် ကို ဆေးတကတ်နှုန်းနဲ့ပဲ ချွေတာပြီး သောက်ရတယ် ။


မဆိုးဘူး ။ ဆေးတကတ် သောက်ပြီးယုံနဲ့ သိသိသာသာ သက်သာသွားတယ် ။ အကြောရောင်ပြီး ဖုနေတာတွေ ပျောက်သွားတယ် ။ ဒါနဲ့ငါ လဲ ရပ်လိုက်တယ် ။


ဝါ ကလဲ ဝင် တော့မယ် ။ သည့်အတွက်လဲ ငါ ပဲ တာဝန်ယူရတယ် ။ အိမ်တွင်းအုန်း လဲ ရတယ် ။ ဦးရှင်ကြီး တင်ရတယ် ။ ငွေငါးဆယ်ကျော် ထွက်ပြန်ရော ။


ဟုတ်တယ် ။ ငွေ ရပေါက်သာ အဆင်မပြေတာ ။ ထွက်ပေါက်တွေက ပိတ်လို့ကို မရဘူး ။ ဒါတောင် ကလေးတွေက ကျန်းကျန်းမာမာ ရှိနေကြပေလို့ ။


မန္တလေး က ပါလာတာကလေးလဲ ဘာ ကျန်တော့လို့လဲ ။ ဟိုတို့တိတို့တိ သည်တို့တိတို့နဲ့ တို့တိဖန် များတော့ အဆောက်အအုံ ဖြစ်လာတယ် ။ လက်ထဲမှာ တရာ့သုံးဆယ် လား ကျန်တော့တယ် ။


အမေ့ လက်ထဲတောင် ငွေ မအပ်နိုင်ပဲ ငါ့ လက်ထဲမှာတွင် ထားတယ် ။


သည်ကြားထဲ ပန်းမပွင့် တဲ့ ပြဿနာအတွက်ကလဲ စိတ်မအေးရဘူး ။ ဒေါ်ညှာ ပထမ ယူလာတဲ့ ဆေးသုံးခွက်စာ စားလိုက်တယ် ။ အကြောင်း မထူးဘူး ။


နောက်ထပ် ဆေးပြောင်း စားတယ် ။ သုံးလေးငါးရက် ပိုကြာသွားတယ် ။ ဒါလဲ အကြောင်း မထူးဘူး ။


အဲ့သည်အထိ ဒေါ်ညှာ ကတော့ ထိမ်တာပါပဲ ပြောနေတယ် ။ ငါ ကတော့ သိပ်မယုံချင်တော့ဘူး ။


ဆေးတိုက်သွားပြီး စမ်းသပ်ကြည့်လိုက်တယ် ။


သားဖွားမီးယပ်ဆရာဝန် က ဆေးထိုးပေးလိုက်တယ် ။ တပတ်စောင့်ကြည့်တဲ့ ။ ပြီးတော့ ပြောလိုက်တယ် ။ ကိုယ်ဝန် ရှိနေပြီတဲ့ ။


လက်ထဲမှာ လက်သည်ခတောင် မရှိတော့ဘူး ။ လက်သည် က တော်တယ်လို့ ပြောကြတယ် ။ တရာ့ငါးဆယ် ပေးရမယ် ... တဲ့ ။


တုတ်တုတ် ဆီမှာ နာရီ ပေါင်ရတယ် ။ သူငယ်ချင်းရယ် ... တရာ တော့ ပေးပါ ဟယ် ဆိုပြီး ၊ ထိုင် ရှိခိုး ရမတတ် ပြောရတယ် ။


သည် ငွေ နဲ့လည်း မလောက်သေးဘူး ။ နောက်ထပ် ထဘီ သုံးထည် နဲ့ အင်္ကျီ သုံးထည် ၊ စလင်းဘက် တလုံး ထပ်ပြီး ပေါင်လိုက်ရသေးတယ် ။


သည်လို အဝတ်အထည်တွေကျတော့ တုတ်တုတ် က လက်မခံဘူး ။ သည်တော့ ဒေါ်ညှာ့ လက်ကိုပဲ ဝကွက် အပ်နှံ လိုက်ရတယ် ။


ငါ့ ထဘီတွေ က ထဘီကောင်းတွေပဲ လုံးဝ မစွန်းသေးဘူး ။ ပါတိတ် တထည်ဆိုရင် တစ်ခါလား ခါးပေါ်တင်ကြည့်ရသေးတယ် ။ လျှော်လဲ မလျှော် ရသေးဘူး ။


ဒါပေမယ့် မတရား ဈေး နှိမ်တယ် ။ ထဘီတထည် ကို ဆယ့်ငါးကျပ် တဲ့ ။ အင်္ကျီလဲ ဆယ့်ငါးကျပ် ပဲ ရတယ် ။ ချုပ်ခသာသာပဲ ပေးတယ်ဆိုပါတော့ ။ စလင်းဘက် ဆိုရင် ငါ ဝယ်တုန်းက တရာ့ငါးဆယ် ပေးရတယ် ။ လေးဆယ် ပဲ ရတယ် ။


ပေါင်း တရာ့သုံးဆယ် ရတယ် ။ အဲ့သည် ငွေလေး နဲ့ လက်သည်အိမ် ပြေးရတယ် ။ ငွေ က လက်ထဲမှာ မရှိတော့ စိတ် သွားတိုင်း ကိုယ် မပါနိုင်ဘူး ။ ဟိုလူကပြောလိုက် ဟိုဆေးကောင်းနိုးနိုး ၊ သည်လူက ပြောလိုက် ၊ သည်ဆေး ကောင်းနိုးနိုး ။ ငါးကျပ်စ ၊ ခြောက်ကျပ်စ ပေးရတဲ့ ဆေးမြီးတိုလေးတွေ စားကြည့်ယင်းနဲ့လဲ အချိန်တွေ နှောင်းခဲ့တယ် ။


အင်္ဂလိပ်ဆေး ထိုးပြန်တော့လဲ စောင့်ရပြန်သေးတယ် ။ သည်လိုနဲ့ ကိုယ်ဝန် က လေးလ ထဲ ဝင်လာတယ် ။


သည်တော့ မျက်လုံးပြူး မျက်ဆန်ပြူး ခံရတော့တာပေါ့ ။ ကံကောင်းလို့ မသေတယ် ။


အဲ ... အမေဂျမ်း ကို စတော် တိုက်ပြီး ကူညီပါ မှိုင်းမပါ တောင်းပန်ရတယ် ။ ဒါပေမယ့် အနောက်တိုင်း ဆေးရုံ ရောက်တာ့မှပဲ ကိစ္စ ပြတ်တော့တယ် ။ ကလေး ပျက်ကျတယ် ။


ဆေးရုံ က ဆင်းတော့လဲ အနားယူရသေးတယ် ။ ဒါပေမယ့် နှစ်ပတ်လားပဲ နားရသေးတယ် ။ ဝင်းပပ ရောက်လာတယ် ။ နယ်က ဧည့်သည်တွေ လာလို့ အလုပ် ရှိတယ်တဲ့ ။ မေးကြည့်တော့ ဟို မောင်မောင်စန်း ဆိုတဲ့လူ ပါနေတယ် ။


ဟင့်အင်း ဆိုပြီး ခေါင်းခါလိုက်ရတယ် ။ ဖြစ်လေရာ ဘဝ အဆက်ဆက် သည်လိုလူမျိုးနဲ့ ဘယ်လိုမှ ရေစက် မဆုံချင်ဘူး ။ လျှာပေါ် မြက်ပေါက်ရင် ပေါက်ပလေ့စေ ။


လေးဆယ့်ငါးရက် တောင် အပြည့် မနားလိုက်ရပါဘူး ။ ဒိုးကလေး ရောက်လာပြန်တယ် ။ မန္တလေး သွားရအောင်တဲ့ ။ အဆက်အသွယ်ကောင်း ရလာတယ် လို့လဲ ပြောတယ် ။


ငါ့ ရဲ့ အခြေအနေကို ပြောပြလိုက်တယ် ။ ဘာမှ မရှိတော့ဘူး ။ အင်္ကျီအဝတ်အစားက အစ ဆလင်းဘတ် အဆုံး ပေါင်ထားရတယ် ။ ပြီးတော့ နာရီ လဲပဲ မရွေးနိုင်ဘူး ။ ကျန်းမာရေး ကလဲ သွေးနုနု ၊ သားနုနု ။


ခုနေ ခရီးသွားမယ့် ဧည့်သည်များ ရယင် သိပ်ကောင်းမှာပဲ လို့ ညဉ်းမိတယ် ။


အို ... မမကြော့ ကလဲ ခရီးသွားဖို့ စောင့်နေယင် ငတ်မယ် ။ တိုး ကတော့ အဲ့သည် ဧည့်သည်မျိုးကို မမျှော်ဘူး ။ ကိုယ့်ဟာကိုယ် ကျဖမ်း လှုပ်ရှားရတာပဲ သဘောကျတယ်တဲ့ ။


ငါ ကတော့ ငါ့ ဘဝနဲ့ငါ ညဉ်းမိတာပါ ။ ခရီးသွားလို့ တထောင် ရမယ်ဆိုယင် ငါးရာ စရန် ရမယ် ။ ပစ္စည်း ကလေးတွေ လဲပဲ ပြန် ရွေးနိုင်မယ် ။ အိမ် အတွက်လဲပဲ တချို့တဝက် ပြန်ပေးထားမယ် ။


ဒိုးကလေး က ငွေနှစ်ရာ ထုတ်ချေးတယ် ။ မရွေးမဖြစ်တာကို ရွေးနှင့် ပေါ့တဲ့ ။


နာရီ ရွေးလိုက်တယ် ။ အဝတ်အစား တစုံ ရွေးလိုက်တယ် ။ ကျန်တာတွေကိုတော့ ပြန်လာမှပဲ ရွေးတော့မယ် ။


◾မောင်သာရ


📖ပြုံးတတ်တယ် ခေါင်းညိတ်တတ်တယ်


koaungnaingoo.blogspot.com


.

Tuesday, November 23, 2021

ပြုံးတတ်တယ် ခေါင်းညိတ်တတ်တယ် အခန်း ၂၅ + ၂၆


 

အခန်း ( ၂၅ )

သွားချင်ယင် လဲ သွား ။ သဘော ။

ပြန်လာချင်ယင် လဲ လာ ။ သဘော ။

ပြန်လာချင်မှ လဲ လာ ။ သဘော ။

သဘောပါ လို့ ဆိုပြန်တော့လဲ မသွားဘူး ။ ငါ နဲ့ ဆိုင်မှာ ထိုင်ပါ ဆိုတော့လဲ မဟုတ်ဘူး ။ ထွက်ချည် ဝင်ချည် နဲ့ ။ ပြီးတော့ သူ့ စရိတ်က သေးတာ မဟုတ်ဘူး ။

မနက်ပိုင်း အိတ်ထောင်ထဲ ထည့်ပေးလိုက်တဲ့ အစိတ်တန် တရွက် က ညနေ ပြန်လာယင် အကြွေ ပဲ ကျန်တတ်တယ် ။ အကြွေး တင်မလာယင်ပဲ ကံကောင်း ။

ငါ့ အလုပ်က ရေ အနက်ကြီးထဲမှာ ငါး ဖမ်းရသလိုပဲ တဲ့ ။ အောင်သိန်း က ငါ့ ကို ပြောတယ် ။

မောင် ... ဘာလုပ်မယ် စိတ်ကူးလဲ ဆိုတော့ ကောင်မတွေ နဲ့ လိုင်းရိုက်မယ် တဲ့ ။ တောင်ကြီး တက်မယ်လို့ ပြောတယ် ။ ငါ မတားပါဘူး ။ သဘောပဲ လို့ ပြောလိုက်ရတယ် ။

ငါ့ ကိုတော့ အခုနေ မဆွယ်နဲ့ ။ အဖော် မစပ်နဲ့ ။ ငါ မလိုက်နိုင်သေးဘူး ။ ငါ့ မိဘ နဲ့ နေရဦးမယ် ။ ငါ့ သားသမီးတွေ နဲ့ နေဦးမယ် ။

လက်ထဲမှာတော့ ထိုင်စားနေလောက်အောင် ငွေ များများ မရှိဘူး ။ မော်လမြိုင် က ဝယ်လာတဲ့ ကုန်ပစ္စည်းတွေပဲ ရှိတယ် ။

အရင်း နဲ့ အမြတ် ပေါင်းလိုက်ယင်တော့ ငါးထောင်ကျော် ရှိနိုင်တယ် ။ ချွေချွေတာတာ စားယင် တနှစ် နီးပါးတော့ ခံလိမ့်မယ် ထင်တာပဲ ။

အောင်သိန်း ရဲ့ သဘောကို ငါ မစဉ်းစားတတ်ဘူး ။ ဘာဖြစ်လို့ နေပူထဲ လျှောက်ချင်ရတာလဲ ။ ဘာဖြစ်လို့ အရိပ်အောက်မှာ အေးအေးဆေးဆေ ထိုင် မနေချင်ရတာလဲ ။ ဝမ်းအပြင် ဘာအတွက် ငွေ လိုချင်ရတာလဲ ။

ငါ ပြောတယ် ။ စာမေးပွဲလည်း အောင်ပြီ ။ ဣန္ဒြေရအောင် ရုံး တရုံး ရုံးမှာ အလုပ် ဝင်လုပ် ။ ရရာ အလုပ် ကို မလုပ်ချင်ယင်လဲ နေ ။ ကြိုက်မှ လုပ် ။

သည်ကြားထဲမှာ အေးအေးဆေးဆေး ပဲ ထိုင်စား နေ ။ အားယင် အိမ်မှာပဲ စာဖတ် နေ ။ ငါ့ သဘောကတော့ ဈေးလိုက်ပြီး ငါ့ အနားမှာ ထိုင်နေစေ့ချင်တယ် ။

အဲဒါကို မဟုတ်ဘူး ။ ပစ္စည်းတွေ နဲ့ တောင်ကြီး ဘက်ကို လိုင်းရိုက်ချင်ပြန်သတဲ့ ။

ငါ မသိပဲ နေမလား ။ တောင်ကြီး လိုင်းကို သွားယင် ဒေါင်းမ လဲ မုချ ပါမယ် ။ ဒေါင်းမ ကို သူ မျက်စိ ကျနေတာ ။ အယင်တခေါက် တောင်ကြီး မှာ တုန်းကလဲ ငါ ပါးရိုက်ခဲ့ရပြီ မဟုတ်လား ။

မကောင်းမှန်း သိပေမယ့် ငါ ကိုယ်တိုင်လဲ အဲသည် အလုပ်ကိုတော့ ပြန် မလုပ်တော့ပါဘူးလို့ တာဝန် မခံဘူး ။ အခြေအနေ အရပဲ ။

ဒါပေမယ့် တတ်နိုင်သမျှတော့ ကြိုးစား ရှောင်မယ် ။ ရည်မှန်းချက် ကလေးတော့ ထားရမယ် ။

ခုမှပဲ အရင်းအနှီးကလေးနဲ့ ပစ္စည်းကလေးတွေ ဆိုင်တင်ထားနိုင်ပြီ ။ အမြတ်ကလေးနဲ့ချည့် စားသွားနိုင်ယင် အရောင်း မပြတ်ဘူး ။ ပစ္စည်းကုန်ခါနီးတော့ မော်လမြိုင် ကို တခေါက် ထပ်သွားလိုက်မယ် ။ အရင်းအနှီး လိုယင်လဲ ကိုယ်နဲ့ ရင်းနှီးတန် ရင်းနှီးလိုက်ဦးမယ် ။ အပြန်မှ ခုလိုပဲ ကုန်ပစ္စည်း ဝယ်လာခဲ့ ။ သည်လိုတော့ စိတ်ကူးထားသင့်တယ် ။

အဲဒါ ... မဟုတ်ဘူး ။ ကိုယ်တော် က လက်ထဲမှာ ထောင်ဂဏန်း မရှိတော့လို့ လိုင်း ရိုက်ချင်တယ် တဲ့ ။

အေးလေ ... ခါတိုင်းကတော့ ငါ က ငွေကိုင်တာမှ မဟုတ်ပဲ ။ သူ့ ပဲ အပ်ထားတယ် ။ ခုတော့ ငွေ မှ မရှိတာပဲ ။ ပစ္စည်း ပဲ ရှိတယ် ။

ဒါပေမယ့် နေ့တိုင်း သူ့ အိတ်ထောင်ထဲ အစိတ်တန် တရွက်တော့ ထည့် ထည့်ပေးနေတာပဲ ။ ဒါကို အားမရဘူး ထင်ပါရဲ့ ။ ဖဲရိုက်ဖို့ မရှိလို့ နေမှာပေါ့ ။

သူ့ သဘောက ကုန်ပစ္စည်းတွေကို လက်လီ မရောင်းစေ့ချင်ဘူး ။ ဖောက်သည် ပေးပစ်လိုက်ချင်တယ် ။ ငွေလုံးငွေရင်း ထွက်လာမယ် ။ သူ့ ကို ပေးထား ။ သူ ဖြုန်းပေးမယ်ပေါ့ ။ တော်လောက်ပါပြီ ။

သူ့ တယောက်တည်း အစိတ် ဆိုတာ မနည်းပါဘူး ။ ငါတို့ တအိမ်သားလုံး စားနေတာမှ ဆန်ဖိုး အပါအဝင် အစိတ် ရယ် ။ ကလေးတွေ ဆိုယင် တနေ့ မှ မုန့်ဖိုး ပြားငါးဆယ် ရယ် ။

ငါ့ ကလေးတွေ အတွက် တာဝန်ထမ်းဆောင်ရလို့ ငါ့ အမေလဲ ပင်ပန်းပြီ ။

သည်တော့ ဘာပဲ ပြောပြော ငါ့ မိဘအတွက် အခုအခံကလေး ဖြစ်အောင် ငါ့ အနေနဲ့ တတပ်တအား တာဝန်ယူဖို့တော့ ကောင်းတယ် ။

ငါ မပါလို့ပဲလားတော့ မပြောတတ်ဘူး ။ ကိုယ်တော် က ကြွတော် မမူဘူး ။

ညနေဘက် အိမ်ပြန်လာတော့လည်း ကြည့်ဦး ။ အရည်နံ့ကလေးကလဲ တသင်းသင်း နဲ့ ။ ငါ ကလဲ ... ရှင်းရှင်း ပြောရယင် သေးနံ့တောင် ရှုချင်သေးတယ် ။ အရည်နံ့ ကိုတော့ မုန်းတယ် ။

ဟိုကောင် ငလွင် နဲ့ တုန်းကလဲ ကလေး သုံးယောက် ရတဲ့အထိ အဲသည် သေရည်နံ့ ကို ရှုလာခဲ့ရပြီးပြီ ။ မူးမူးရူးရူး နဲ့ ဆိုယင် ငါ သိပ်မုန်းတယ် ။

တချို့ကတော့ ပြောတယ် ။ ကြာလာတော့လဲ အလေ့အကျင့် ဖြစ်သွားတာပါပဲ တဲ့ ။ မဖြစ်ပေါင် တော် ... ။ အရက်သမား မယား ဘဝတလျှောက်လုံး အဲသည် အနံ့ကို ဘယ်တုန်းကမှ နှာခေါင်း မယဉ်ခဲ့ဖူးဘူး ။

အေး ... တခုတော့ ရှိတယ် ။ ဧည့်သည် နဲ့ ညအိပ် ညနေ နေရတော့မယ် ဆိုယင်တော့ အရက် က ငါတို့ အတွက် အဖိုးတန်တယ် ။ ဧည့်သည်က မသောက်ချင်ယင်တောင် ချော့မော့ပြီး တိုက်ရတယ် ။

ခွက် ထဲ အရက် လျော့သွားယင် ကိုပဲ မသိမသာ ဖြည့်ပေးရတယ် ။ ဒါမှ မူးလွန်ပြီး အိပ်ပျော်သွားတော့လဲ ငွေရပေါက် ချောင်တယ် မဟုတ်လား ။

ဒါပေမယ့် မမူးတမူး သမား ကိုတော့ ငါ ကြောက်တယ် ။ နဂိုကမှ အရည်နံ့ ကို ခံမရတဲ့ အထဲ စကားပါ များလာယင် သည်းမခံချင်တော့ဘူး ။

ငါ့ အဖေ ကလဲ လူအေး ။ အရက်ဆို လျှာပေါ်တောင် တင်ဖူးတာ မဟုတ်ဘူး ။

ငါ့ အမေ ကလဲ မကြိုက်ဘူး ။ အောင်သိန်း အရည်သောက်သောက် ပြန်လာတာကို ဘယ်ကြိုက်မလဲ ။

ငါ့ အဖေ အမေ တင် ဘယ်ဟုတ်မလဲ ။ ငါ့ ညီမ ဆု ကလဲ မကြိုက်ဘူး ။

မမကြော့ ရယ် သည်လို ကောင်များ ဘာ မက်မောစရာ ရှိလို့ ပေါင်းနေရတာလဲတဲ့ ။

အေး ... ပြောမယ်ဆိုလဲ ပြောစရာ ဖြစ်နေတယ် ။

ဒါပေမယ် ငါ့ အဖေ ငါ့ အမေ နဲ့ ငါ့ ညီမ က ငါ့ မျက်နှာကြောင့် သူ့ ကိုတော့ ဘာမှ မပြောကြပါဘူး ။ ရောလဲ မရောဘူး ။ နှိမ်လဲ မနှိမ်ဘူး ။ မသိဟန် မမြင်ဟန်ပဲ ဆောင်နေတယ် ။

သည်လိုနဲ့ပဲ သုံးလေးငါးလ ကြာသွားတယ် ။ ဆိုင်ပေါ်မှာလဲ ပစ္စည်းတွေ ရောင်းလို့ ကုန်တော့မယ် ။ ပလတ်စတစ်ခွက်ကလေး အနည်းအကျဉ်းလောက်ပဲ ကျန်တော့တယ် ။ ရှေ့လ အတွက် ပူရပြီ ။

ငါ ကသာ ပူရတာပါ ။ အောင်သိန်း ကတော့ အေးအေး ဆေးဆေးပဲ ။ အခြေအနေ မကောင်းတော့မှန်း သူ လဲပဲ သိတယ် ။

သူ့ အိတ်ထဲမှ နေ့စဉ် အစိတ်တန် ထည့် မပေးနိုင်တော့တာပဲ ။ ငါးကျပ်တန် တောင် ပုံမှန် ထည့် မပေးနိုင်တော့ဘူး ။ နှစ်ကျပ် သုံးကျပ် လောက်ပဲ ထည့် ပေးနိုင်တော့တယ် ။

ဒါပေမယ့် သူ ကတော့ အချိုး မပြောင်းဘူး ။ ခါတိုင်းလိုပဲ ။ စောစောစီးစီး ချက်ပြီးယင် စောစောစီးစီး စားသွားတယ် ။ ထမင်းချက် နောက်ကျယင် စောင့်ပြီး စားတယ် ။ စားပြီးယင် မြို့ထဲ ထွက်တယ် ။

ဘယ်က ငွေ ရလို့ ဘယ်လို သောက်သောက် ပြန်လာတယ်တော့ မပြောတတ်ဘူး ။ ပြန်လာယင်တော့ အရည်နံ့ကလေး က သင်းနေတာပဲ ။ ညစာစားတယ် ။ စားပြီးယင် ဒူးယား ကို တလိပ်ပြီး တလိပ် ဖွာတော့တာပဲ ။

ဒါပေမယ့်လဲ ငါ ဘာတခွန်း မှ သူ့ ကို အပြစ် မပြောဘူး ။ လင်မယား ဆိုတာ မရှိတဲ့ အခါ ပိုပြီး စည်းရုံးရမယ် ။

ကိုယ် က ကောင်းစေချင်လို့ ပြောတာတောင် တမျိုး ထင်ချင် ထင်ဦးမယ် ။ ပြီး နေရာကလဲ ငါ့ အမိ ငါ့ အဖ နေရာ ။

ငါ ဦးနှောက် ခြောက်နေမှန်းလည်း သူ သိတယ် ။ ဒါပေမယ့် စီးပွားရေး ငွေရေးကြေးရေး ရှေ့ရေးအတွက်ကို သူ ဘာတခွန်းမှ ဟ ဖော် မရတာကို ငါ အံ့ဩမိတယ် ။

တနေ့တော့ ဝင်းပပ ငါ့ အိမ် ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတယ် ။ သိတဲ့အတိုင်း အိမ်မှာဆို စကားပြောရတာ မလွတ်လပ်ဘူး ။ လူကြီးတွေ ရှိတယ် ။ ဒါနဲ့ ဝင်းပပ နဲ့ ငါ အပြင်လိုက်သွားတယ် ။

ဝင်းပပ နဲ့ ငါ နဲ့ မတွေ့တာလဲ ကြာပြီ ။ ကြာဆို ... ကိုယ့်လမ်း ကိုယ် လျှောက်နေကြတာကိုး ။ ငါ ကလဲ နေရာ အတည်တကျ ရှိတာမှ မဟုတ်ပဲ ။

လှည်းတန်း ကနေ သုဝဏ္ဏ ကို ရောက် ။ သုဝဏ္ဏ ကနေ သင်္ကန်းကျွန်း ကို ရောက် ။ သည်ကြားထဲ နယ် ကို ခရီးထွက်ပြန်တော့ ငါ့ ကို ဖမ်းမိဖို့ဆိုတာ လွယ်တာမှ မဟုတ်ပဲ ။

ငါ သုဝဏ္ဏ မှာ နေတုန်းက သင်္ကန်းကျွန်း အိမ် ကို တခေါက် ရောက်ဖြစ်သေးတယ်တဲ့ ။

ဝင်းပပ လာတာကတော့ အကြောင်း ရှိတယ် ။ ပုဂ္ဂလိက ခရီး ဆိုပါတော့ ။

ခရီးစဉ် ကတော့ မော်လမြိုင် ကိုပဲ ။ ကား နဲ့ သွားရမယ် ။ တပတ် ခရီး တဲ့ ။ ဧည့်သည် က သုံးယောက် ။ ကားမောင်းသူပါ ဆိုယင် လေးယောက် ။

ပစ္စည်း ကတော့ နှစ်ခု ။ သူ ရယ် ၊ ငါ လိုက်နိုင်မယ် ဆိုယင်လဲ ငါ ရယ်ပဲ ။ စရိတ်ငြိမ်း တထောင် ရမယ်လို့ ပြောတယ် ။

သည် ကိစ္စမှာတော့ ငါ့ သဘောနဲ့ ငါ အဆုံးအဖြတ် မပေးချင်ဘူး ။ အောင်သိန်း ကို တိုင်ပင်ချင်သေးတယ် ။ သူ ခွင့်ပြုယင်တော့လဲ လိုက်ချင်တယ် ။ ရမယ့် ပိုက်ဆံက မနည်းဘူး ။

ဒါပေမယ့် သူ ခွင့် မပြုယင်တော့လဲ မလိုက်ဘူး ။ သည်တော့ ဝင်းပပ ကို အဖြေ မပေး လိုက်နိုင်ဘူး ။

ဝင်းပပ ကတော့ တပင်တိုင် မင်းသမီးပဲ ။ အဖော်အသင်း နဲ့ ဘယ်တုန်းကမှ မလှုပ်ရှားဘူး ။ သူ့ဘာသာ သူ တယောက်တည်း ပဲ လှုပ်ရှားတယ် ။ သူပြောလဲ မဆိုးဘူး ။ အဖော်အသင်း ဆိုတာ သင်းမကွဲခင်သာ ကောင်းတာတဲ့ ။

သည်ခရီး မှာတော့ အဖော် လိုတယ် ။ ဒါကြောင့်မို့ ငါ့ ကို လာခေါ်တာ ။

ပြီး ... ရန်ကုန် မှာလဲ ဝင်းပပ လှုပ်ရှားခဲတယ် ။ ဒါကြောင့် ဝင်းပပ ကို လူ သိပ် မသိဘူး ။

သူ ကလဲ ရန်ကုန် ဧည့် ဆိုယင် ငြင်းတယ် ။ နယ်ဧည့် နဲ့ မှ လှုပ်ရှားတယ် ။

သူ့ မှာ နယ် အဆက်အသွယ်ကတော့ များတယ် ။ လိုင်းပေါင်းစုံ အဆက်အသွယ် ရှိတယ် ။

မန္တလေး မြစ်ကြီးနား အထိ သတင်းကြီးတဲ့ မင်းသမီး ပဲ ။ မော်လမြိုင် ၊ ရေး ၊ မြိတ် ၊ ထားဝယ် အထိလည်း အဆက်အသွယ် ကောင်းတယ် ။ ပုသိမ် ဟင်္သာတ အထိလဲ အဆက်အသွယ် ရှိတယ် ။ သည်တော့ ဘာပူစရာ ရှိသလဲ ။

နယ်ဧည့်သည် မလာယင် အလုပ် မလုပ်ဘူး ။ အေးအေးဆေးဆေး ပဲ ။ နယ်ဧည့်သည် လာယင်တော့ တခါတလေလဲ တပတ်လုံး ဆက်သွားတယ် ။

နယ်ဧည့်သည် ဆိုတာတွေကလဲ လာယင် လက်ချည်းသက်သက် ဘယ်တုန်းကမှ မလာဘူး ။ လက်ဆောင်ကလေး ပါတတ်တယ် ။ ပုသိမ် ဘက်က လာယင် ပုသိမ်ဟာလဝါ ပါမယ် ။ ပုစွန်ခြောက် ပါမယ် ။

အညာ မြေလတ်ပိုင်း က လာယင်တော့ ဆီ ပုံးလိုက် ပါတတ်တယ် ။ မော်လမြိုင် ၊ ရေး ၊ မြိတ် ၊ ထားဝယ် ဘက်က ဆိုယင်တော့ အဝတ်အထည် အမျိုးမျိုးပေါ့ ။

ပုသိမ် ဘက် ဦးဉာဏ်မြင့် ဆိုယင် ဝင်းပပ ကို အသည်းစွဲပဲ တဲ့ ။ ပုစွန်ခြောက်ကတော့ ထားပါတော့ ။ ရာသီရောက်ယင် ပုစွန်ဆီ တို့ ပုစွန်ထုပ်ကြီး တို့တောင် ပါတတ်တယ် တဲ့ ။

ဝင်းပပ က သူ့ လှုပ်ရှားဟန် ကို မြိန်ရည်ယှက်ရည် ပြောပြတယ် ။ အဲ သည်လို နယ်ဧည့်သည်ကလေး လေးငါးဆယ်ယောက် ရှိထားယင် ဣန္ဒြေရရကလေး နေနိုင် စားနိုင်မယ် လို့လဲ ပြောတယ် ။

ဝင်းပပ က စိတ်ကောင်းလဲ ရှိတယ် ။ ကျောင်းနေဘက် လဲ မှန်တယ် ။ သူငယ်ချင်း လဲ မှန်တယ် ။ ကျေးဇူးလဲ ရှိတယ် ။ ဆရာသမား ဆိုလဲပဲ မမှားဘူး ။

ခုသွားရမယ့် ခရီးမှာ ဧည့်သည်တွေ ကိုတော့ သူ မသိဘူး ပြောတယ် ။ သည် ဧည့်သည်တွေက ပုသိမ် က ဦးဉာဏ်မြင့် တို့ ဆက်သွယ်ပေးလိုက်တဲ့ ဧည့်သည်တွေ တဲ့ ။

နောက်တနေ့ ကတော့ သင်္ကြန် အကြိုနေ့ ။ ထွက်ဖြစ်ယင် အကြိုနေ့ ထွက်ကြရမယ်တဲ့ ။

တကယ်လို့ မလိုက်ဖြစ်ဘူးဆိုယင်လဲ အကြိုနေ့ မနက်စောစော သူ့ကို အကြောင်းပြန်ပါတဲ့ ။ သူ တယောက်ယောက် ရှာခေါ်ရမယ်တဲ့ ။

သည်တော့ ငါ ကပဲ ကတိ ခံ လိုက်တယ် ။ လူ မရှာပါနဲ့ပေါ့ ။

တကယ်လို့ ငါ့ အမျိုးသား ခွင့်မပြုလို့ ငါ မလိုက်ဖြစ်ယင်တောင် တယောက်ယောက်တော့ ငါ တာဝန်ယူပြီး ရှာ ပေးပါ့မယ်လို့ ပြောလိုက်ရတယ် ။

ဝင်းပပ စိတ်ချလက်ချ ပြန်သွားတယ် ။

◾မောင်သာရ

📖ပြုံးတတ်တယ် ခေါင်းညိတ်တတ်တယ်

အခန်း ( ၂၆ )

ဝင်းပပ ပြန်သွားတော့မှပဲ ငါ စဉ်းစားမိတယ် ။ တယောက်ယောက် ကို ရှာပြီး ထည့်လိုက်ဖို့ ဆိုတာကလည်း ပစ္စည်း ကို တွေ့ဦးမှ ။ ပစ္စည်း ဆိုတာကလဲ သိတဲ့ အတိုင်းပဲ ။ ဒိုး လို လည်နေကြတာ များတယ် ။ လင်ပန်း ဖင် ဆုပ်ရသလို ၊ ဖမ်းမိဖို့ မလွယ်ဘူး ။

သည်တော့ ပြေးရလွှားရတာပေါ့ ။ ဒိုးကလေး ဆီ ရောက်သွားတယ် ။ မတွေ့ဘူး ။ ပြောင်းတော့ ပြောင်းလဲနေပြီ ။ သူ့ ယောက်ျားက ညောင်ပင်လေးဈေးမှာ ထမင်းဆိုင် ဖွင့်နေတယ်တဲ့ ။ ဒိုးကလေး ကတော့ ခရီးထွက်သွားတယ်လို့ သိခဲ့ရတယ် ။

တခါ ... မိသက် အိမ် ရောက်သွားပြန်တယ် ။ မိသက် နဲ့တော့ တွေ့ပါရဲ့ ။ ဒါပေမယ့် လိုက်လို့ မဖြစ်ဘူး မမကြော့ ရေ ... တဲ့ ။ သူ့ အမျိုးသားနဲ့ ချိန်းထားတယ်လို့ ဆိုတယ် ။

အမျိုးသားတွေ ဘာတွေနဲ့ ဖြစ်နေပြီလားလို့ မေးကြည့်တော့ မိသက် က ရယ်တယ် ။ မမကြော့ ရယ် ... သည် ဘဝမှာ ဘယ်ကလာ ယောက်ျားတယောက် ကို အတည် ပေါင်းလို့ ဖြစ်နိုင်ပါ့မလဲ တဲ့ ။

ဟဲ့ .... မိသက် ရှင်းရှင်းလင်းလင်း ပြောပါဦး နည်းယူတန် ယူရအောင်လို့ ပြောတော့မှပဲ မိသက် က သူ့ ဘဝ ဇာတ်လမ်းစုံ ကို ပြောပြတယ် ။ မဆိုးဘူး ။ ဣန္ဒြေလဲ ရတယ် ။ လူလဲ သက်သာတယ် ။

မိသက် က ကောင်းစားနေပြီလေ ။ အမျိုးသား က သုံးယောက် တဲ့ ။ တပတ် မှာ နှစ်ရက် တဲ့ ။ တယောက်ချင်း နဲ့ တနေရာရာ မှာ ချိန်းတွေ့ကြတယ် တဲ့ ။

တနင်းလာ နဲ့ ကြာသာပတေး မှာ တယောက် ။ အင်္ဂါ နဲ့ သောကြာ မှာ က တယောက် ။ ဗုဒ္ဓဟူး နဲ့ စနေ မှာ တယောက် ။ သုံးယောက် ။

တယောက် ကို တလ ငါးရာနှုန်း နဲ့ လက်ခံထားတယ် တဲ့ ။ အချိန်မရွေးတော့ ပျက်သွားနိုင်တာပေါ့လေ ။

နင့်ဟာဟယ် ... မတော်တဆ ရက်ချိန်းချင်းများ ထပ်ကုန်မှဖြင့်လို့ ဆိုတော့ ... မိသက် က ရယ်တယ် ။ ရက်ချိန်းချင်း ထပ်မိတော့လဲ အချိန်ချင်း လွှဲလိုက်ရတာပေါ့ တဲ့ ။

အင်း ... မိသက် လမ်းစဉ်ကလဲ မဆိုးဘူး ။ ဘာပဲပြောပြော တလ တထောင့်ငါးရာ ဘယ် ထွက်ပြေးမလဲ ။

တခါ မတွေ့ရတာကြာပြီ ဖြစ်တဲ့ ဇော်မ တို့ အိမ်ဘက် ရောက်သွားပြန်တယ် ။ ဇော်မ ကလဲ ခြေငြိမ်နေပြီလေ ။

အိမ်မှာ မရှိလို့ အိမ်နီးချင်း ကလေးတယောက် က ပြောတာနဲ့ စိန်ဂျွန်းဈေး ကို လိုက်သွားတယ် ။

ဇော်မ နဲ့ တွေ့တယ် ။ ယောက်ျား ရနေပြီတဲ့ ။ သူ့ ယောက်ျားကိုတော့ မတွေ့ခဲ့ဘူး ။ ရန်ကုန် နဲ့ မော်လမြိုင် မှောင်ခိုပစ္စည်း ကယ်ရီယာ လုပ်နေတယ် တဲ့ ။

သူ ကတော့ စိန်ဂျွန်းဈေး ထဲမှာ ပလတ်စတစ်ပစ္စည်းဆိုင် ဖွင့်ထားတယ် ။

ဪ ... လှုပ်ရှားဖော် လှုပ်ရှားဖက်တွေ အလျိုလျို ခြေငြိမ်နေကြတာတွေ့ရတော့ ငါ ဝမ်းလဲ သာပါရဲ့ ။ ဝမ်းလဲ နည်းမိတယ် ။

ငါ့ ဘဝကတော့ အနည်မထိုင်သေးပါကလား ။ လှုပ်ရှားလူးလွန့်ရတုန်းပါကလား ။

ဇော်မ ပြောပြလို့ သိရတယ် ။ တနေ့ကပဲ အောင်သိန်း နဲ့ ဒေါင်းမ ကို သည်ဈေးထဲ မှာ တွေ့လိုက်တယ်တဲ့ ။

ဒေါင်းမ နဲ့ ဘယ်ပုံဘယ်နည်း အကြောင်းပေါင်း သင့်နေတယ်ဆိုတာတော့ မပြောတတ်ဘူး ။ စိတ်ထဲ အတော်ခံပြင်း လာတယ် ။ ခုနေများ အောင်သိန်း ကို တွေ့ယင် အစိမ်းလိုက် ဝါးစားပစ်မိလိမ့်မယ် ထင်တယ် ။

ဒါပေမယ့် ငါ့ စိတ်ကို ငါ ဖြေတယ် ။ မထူးဘူး ခွေးမြီးကောက် ကျည်တောက်စွပ် ။

ဘယ်တော့မှလဲ ဖြောင့်လာမယ့်ကောင် မဟုတ်ဘူး ။ ပါးရိုက်ပစ်တော့လဲ ငါ့လက်ဝါးပဲ နာမယ် ။ ငါ့မိဘနဲ့ ငါ့ညီမပဲ ကြားမယ် ။

နေပလေ့စေ ... ဂျင်းစိမ်း နဲ့ မိတ်သလင် ပေါ့ ။ ငါ ကလဲ သူ့ ထက် သာတာနဲ့ တွဲပြလိုက်ရုံပဲ ။

ပစ္စည်း တခုတော့ ရှိသေးတယ် ။ မိသော်တာ ... ။

ဒါပေမယ့် ငါ ကိုယ်တိုင်က ထိုင်နေတာကြာတော့ အဆင်ပြေမယ် မပြေဘူးဆိုတာ အသေအချာ မပြောနိုင်ဘူး ။ သည်တော့ အိမ်ကိုပဲ ငါ လှည့်ပြန်ခဲ့တယ် ။

ငါ ဆုံးဖြတ်လိုက်တယ် ။ ငါ ကိုယ်တိုင်ပဲ လိုက်သွားတော့မယ် ။ အောင်သိန်း သဘောတူချင်လဲ တူ ။ မတူချင်လဲ နေ ။

ထုံးစံ အတိုင်းပေါ့ ။ အဲသည်ညလဲ မူးပြီး ပြန်လာတယ် ။ ခရီးထွက်မယ့် အကြောင်း ပြောလိုက်တယ် ။

မောင် သဘော မတူဘူးတဲ့ ။ သည့်ပြင် ခရီး ဆိုယင်တော့ မောင် မတားဘူး ။ မော်လမြိုင် ခရီးကိုတော့ မောင် မပါပဲ မမ တယောက်တည်း မလွှတ်နိုင်ဘူးတဲ့ ။

ငါ ကလဲ အစောကြီးကတည်းက တွက်မိပြီးသားပါပဲ ။ ကိုသန့်စင်ငြိမ်း နဲ့ တွေ့နေမှာ စိုးရတယ် မဟုတ်လား ။

တောင်ကြီး ခရီး ကျပြန်တော့လဲ ကိုအောင်သိုက် နဲ့ စိတ်မချဘူး ။ မော်လမြိုင် ဆိုပြန်တော့လဲ ကိုသန့်စင်ငြိမ်း နဲ့ ငြိနေမှာ စိုးတယ် ။

ဘယ်နှယ့် ... ဘယ်လမ်း သွားစရာ ရှိတော့သလဲ ။

ပြဿနာလဲ မဖြစ်ချင်ဘူး ။ ခွန်းကြီးခွန်းငယ်လဲ မပြောချင်ဘူး ။ သည်တော့ ငါ ချော့မော့ပြီး ပြောတယ် ။

မောင် ... ငါ လဲ ဘယ် သွားချင်ပါ့မလဲ ... မသွားချင်လို့ပဲ ဆိုင်ထွက်နေပြီ မဟုတ်လား... ရှေ့လဆိုယင် ပြဿနာ ဖြစ်တော့မယ် ။ ခု ... စရံ ငါးရာ ရမယ် ... မောင့် လက်ကို အပ်ခဲ့မယ် ... ပြန်လာယင်လဲ နောက်ထပ် ငါးရာ ထပ် ရဦးမယ် ... တပတ် ဆိုပေမယ့် ... သုံးလေးရက်နဲ့ ပြန်ရောက်ချင် ရောက်လာမှာပါ ... ကားနဲ့ သွားပြီး... ကား နဲ့ ပြန်လာရမှာ ဆိုတော့ မောင် ဘာပူစရာ ရှိလဲ ... လို့ လေပြေသွေးပြီး ဆွေးနွေးကြည့်တယ် ။

အဲ ... ဘာမှ မပြောတော့ဘူး ။ သက်ပြင်း တချက်ချပြီး သဘောပဲလေတဲ့ ။

ငါ့ အကြောင်း သူ လဲ သိပါတယ် ။ ငါ မသွားချင်တာလဲ အမှန်ပဲ ။

သူ ကလဲ တနေကုန် တမိုးချုပ်လို့မှ တပြားတချပ် မှ ရအောင် ရှာနိုင်တာမှ မဟုတ်ပဲ ။

ရှေ့လဆို စားစရိတ်တောင် ခက်တော့မယ် ။ ပြီးတော့ ဇွန်လ ကျောင်းဖွင့်မှာကို ငါရင်မောနေရပြီ ။

အကြီးကောင် ကိုကိုကြီး က ဒုတိယတန်း အောင်ပြီ ။ တတိယတန်း တက်မယ် ။ အလတ်မ မိမိလတ် က ပထမတန်း တက်မယ် ။ အငယ်ကောင်မပါ ။ ကလေးနှစ်ယောက် အတွက် ကျောင်းအပ်ဖို့ ရှိမယ် ။

သည့်အတွက်တော့ ကြိုတင်စီစဉ်တဲ့ အနေနဲ့ စုဗူးလေး နှစ်လုံး ထားရတယ် ။ စုတာကလဲ ဘာမှ မကြာသေးတော့ များများစားစား ရှိမယ်တော့မထင်ဘူး ။

သည်ခရီးသာ မသွားဖြစ်ရင် နောက်လ ကလေးတွေစုဗူး ဖောက်ရတော့မှာ သေချာတယ် ။

သည်လိုနဲ့ အဲသည်နေ့ ညက စကားပြတ်သွားတယ် ။ ငါ က စကားပြောလဲပဲ သူ က မေးတခွန်း ခေါ်တခွန်း လောက်ပဲ ။ ငါ ကတော့ ဝင်းပပ ဘယ်အချိန် လာမယ်မှန်း မသိလို့ ကြိုကြိုတင်တင်ပဲ ဖြီးလိမ်းပြင်ဆင်ပြီး စောင့်နေတယ် ။

အမေ့ ကိုလည်း ခရီးထွက်မယ် ... အရောင်းအဝယ် တခုအတွက် အဖော်လိုက်သွားရမယ် ။ ကိုယ့် အတွက်လည်း အကျိုးရှိမယ် ...လို့ ကြိုတင်ပြီး ပြောထားရတယ် ။

ဝင်းပပ ရောက်လာတော့ နေ့ခင်း နာရီပြန်နှစ်ချက် ရှိနေပြီ ။ သူ တစ်ယောက်တည်း ဆန်နီကား အဖြူလေး နဲ့ ရောက်လာတယ် ။

ငါ့ လက်ထဲ ငွေငါးရာ ထည့်တယ် ။ ငွေငါးရာ ကို အောင်သိန်း လက်ထဲ အပ်လိုက်တယ် ။ ကလေးတွေကိုလည်း ဂရုစိုက်ဖို့ မှာပြီး ငါ ကားပေါ်တက်လိုက်ခဲ့တယ် ။

ကား က သမ္မတဟော်တယ် ကို ဝင်တယ် ။ နောက်ထပ် ယောက်ျား သုံးယောက် ကို တင်တယ် ။ ပြီးတော့ ခရီး ဆက်ထွက်ခဲ့ကြတယ် ။

ဝင်းပပ က ပြောထားလို့ ကားပေါ် ပါလာတဲ့ သုံးယောက် ကို ငါ လေ့လာကြည့်လိုက်တယ် ။ ရှေ့ခန်းမှာ ထိုင်တဲ့ တယောက်ကတော့ အကောင်ပဲ ။ နောက်ခန်း ငါ့ လက်ဝဲရံ နဲ့ လက်ယာရံ နှစ်ယောက်ကတော့ ကား အရောင်းအဝယ် လုပ်တဲ့ လူတွေ ဆိုပါတော့ ။

သည်နှစ်ယောက်က စီးပွားဖော် စီးပွားဖက် ဆိုရင်လဲ မှန်တယ် ။ တယောက်က ကားလေလံ ဆွဲတယ် ။ တယောက်က ကားဘော်ဒီ နဲ့ ဝပ်ရှော့ လုပ်တယ် ။ မြေနီကုန်း ကြက်တန်း မှာလဲ ကားပစ္စည်းဆိုင် ရှိတယ်လို့ ဆိုတယ် ။

သူတို့ နဲ့ ပါလာတဲ့ လူ ကတော့ သူတို့ လုပ်ငန်း ကို အများကြီး ကူညီနိုင်တဲ့ ပုဂ္ဂိုလ်ကြီး တစ်ယောက်ပဲ ။ ကားဝပ်ရှော့ ပိုင်တဲ့ လူ က မောင်မောင်စန်း တဲ့ ။ ပိန်ပိန် ညိုညို ရယ် ။ မျက်နှာက လေးထောင့် စပ်စပ် ။

ဘော်စာသာ ဆိုတယ် ။ ဘော်စာရုပ် မပေါက်ဘူး ။ အလကားနေယင်း ပြုံးနေလို့သာ တော်တော့တယ် ။ မျက်နှာများ တည်ထားယင် လွှတ်အကျည်းတန်မဲ့ မျက်နှာပဲ ။ သူ က ငါ့ ဘေးနားမှာ ကပ်ထိုင်တယ် ။

အဲ ... ရေမွှေးနံ့ကတော့ တထောင်းထောင်း ထနေတယ် ။ ပြီး အရက်နံ့ ကလဲ တခါတခါ ငါ့ နှာခေါင်းထဲ ရောက်လာတတ်ပါရဲ့ ။

ငါ့ ရဲ့ ဘေးတဖက်မှာတော့ ကားပစ္စည်းဆိုင် ပိုင်ရှင် ဆိုတဲ့ လူ ထိုင်တယ် ။

အဲသည်လူ ကတော့ တရုတ် နဲ့ တူတယ် ။ ဝဝဖိုင့်ဖိုင့် ဗိုက်ရွှဲရွှဲ ။ ဆံပင်နောက်မြင့် နဲ့ ။ သူ ကတော့ ဘော်စာရုပ် ပေါက်တယ် ။ နာမည်က ကိုကျော်ဝင်း တဲ့ ။

အဲ ... ရှေ့ခန်းမှာ ဝင်းပပ ရဲ့ ဘေးက လိုက်လာတဲ့ ပုဂ္ဂိုလ်ကြီး ကတော့ ခန့်လဲ ခန့်တယ် ။ တည်လဲ တည်တယ် ။ အသားညိုညို ၊ မျက်နှာ ဝိုင်းဝိုင်းပဲ ။ မျက်ခုံးမျက်လုံး ကောင်းတယ် ။ ကျက်သရေ ရှိတယ် ။

ပြီးတော့ ပုတီးသမား ။ ကားပေါ် ရောက်ကတည်းက ပုတီးစိပ်လာတယ် ။ နှုတ်ခမ်း လှုပ်လာတယ် ။

ငါ ကလဲ မျက်စိနဲ့ နားကိုတော့ အအား မထားတတ်ဘူး ။ ငါ့ အကျင့်ပဲ ... စူးစမ်းတယ် ။ စီးပွားရေးသမားများ ကြောက်ဖို့ သိပ်ကောင်းတယ် ။ ငါတို့ က ငါး စာ ။ ငါတို့ နှစ်ယောက်နဲ့ ရှေ့က လူကြီး ကို  မျှားတယ် ။ ဖျက်ဆီးမယ် ။

ပြီးတော့ သူတို့ လိုဘ ကို ဖြည့်စွမ်းခိုင်းမယ် ။

စင်စစ်တော့ သည် စီးပွားရေးသမားတွေ က အခွင့်အရေး သမားတွေပဲ ။ တချက်ခုတ် နှစ်ချက်ပြတ် စီစဉ်တယ် ။

မော်လမြိုင် က လေလံတင်မယ့် ကားတွေကို ကြည့်မယ် ။ အလုပ် ဖြစ်မယ်ထင်ရင် လေလံဆွဲမယ် ။

တယောက် ဘော်ဒီထုမယ် ။ ပြင်မယ် ။ ကျန်တဲ့ ကိစ္စတွေကိုတော့ ပါလာတဲ့ ပုဂ္ဂိုလ်ကြီးကို ဆက်လက် ဆောင်ရွက်ပေးခိုင်းမယ် ။

ပုဂ္ဂိုလ်ကြီး ကတော့ စီးပွားရေးသမား နှစ်ယောက်ရဲ့ အကြံအစည် ကို သိပုံ မရဘူး ။ အပန်းဖြေခရီး ဆိုပြီး ပုဂ္ဂိုလ်ကြီး ကို ခေါ်လာတဲ့ ပုံပဲ ။

ဒါပေမယ့် အစီအစဉ်ကိုတော့ ဝင်းပပ က ငါ့ ကို ဖွင့်ပြော ပြီးပြီ ။

ဘာလို့လဲ မသိဘူး ။ အဲ့သည် သူတော်စင်ကြီး ဈာန်လျော ပျက်စီးသွားရမှာကိုတော့ ငါ စိုးရိမ်မိတယ် ။ သူတော်ကောင်းကြီး လူပေါင်းမှားပြီကော ... လို့လဲ အောက်မေ့လိုက်မိတယ် ။

ကိုကျော်ဝင်း ကလဲ ခပ်အေးအေးပဲ ။ သူ့ အာရုံက ဝင်းပပ ထံမှာ မရှိဘူး ။ ကားပြတင်းကနေ အပြင်ကို လှမ်းကြည့်နေတယ် ။ သူ့ အတွေးနဲ့ သူ ။

ငါ့ ဘေးကပ်ထိုင်နေတဲ့ မောင်မောင်စန်း ကတော့ ကြာ ရုပ် ။ မျက်နှာရူး ။ ကား စထွက်ကတည်းက ငါ့ ကို မှီပြီး ထိုင်တယ် ။

အေးလေ ... ငါ ကလဲ အလုပ်တာဝန် တခုနဲ့ လိုက်ခဲ့တာပဲ ။ ပြီးတော့ သည် ခရီးလမ်းမျိုးမှာ သည်လို လူတွေနဲ့ ကြုံခဲ့ဖူးပေါင်းလဲ များပြီ ။ မျက်စိ စပါးမွေး စူးပေမယ့် အပြုံးနဲ့ပဲ နေလိုက်တယ် ။

ကမ်းကြီးဆိပ် ကို ရောက်တော့ မိုးချုပ်ပြီ ။ တဘက်ကမ်းကို ကူးလို့ မရတော့ဘူး ။ တံခါး ပိတ်သွားပြီ ။ ကမ်းကြီးဆိပ်မှာပဲ ညအိပ်ကြရတယ် ။

ညစာ အတွက်ကတော့ အစုံ ပါလာတယ် ။ အင်းလျားကန် ဟိုတယ် က လုံလုံလောက်လောက် ဝယ်လာတယ် ။ စားကြ သောက်ကြတယ် ။

အဲသည်ညအထိတော့ လူကြီး က မပျက်စီးသေးဘူး ။ သူ့ သမာဓိနဲ့ သူ ။ ကားပေါ်မှာပဲ ပုတီးစိပ် နေတယ် ။ ဘယ်သူမှလဲပဲ သူ့ ကို အနှောက်အယှက် မပေးဝံ့ကြဘူး ။

မောင်မောင်စန်း နဲ့ ငါ နဲ့ က တတွဲ ။ ဝင်းပပ နဲ့ ကိုကျော်ဝင်း က တတွဲ ။ ကားပေါ်က ဆင်းပြီး တနေရာရာမှာ လွတ်လွတ်လပ်လပ် လမ်းလျှောက်နေကြတယ် ။

မောင်မောင်စန်း လောက် ချွဲချွဲပျစ်ပျစ် ပြောတတ်တာ မောင်မောင်စန်း ပဲ ရှိတယ် ။ ငါ့ သက်တမ်း တလျှောက်မှာ သည်လို ယောက်ျားမျိုး မကြုံဖူးသေးဘူး ။ သူ ဘယ်ရွေ့ ဘယ်မျှ ချမ်းသာတယ် ဆိုတဲ့ အကြောင်း ... ။

ငါ့ ကို ဘယ်ရွေ့ဘယ်မျှ တင့်တောင့်တင့်တယ် ထားမယ် ဆိုတဲ့ အကြောင်း .... ။

ဟုတ်တာလဲ မဟုတ်ပဲနဲ့ နားကို ငြီးနေရော .... ။

ငါ က ငါ့ မှာ လင် ရှိတယ် ... စီးပွားရေး မပြေလည်လို့ တခေါက်တခါ လိုက်လာတာ နောင်လဲ သည် အလုပ်မျိုး လုပ်မယ် စိတ်မကူးဘူး လို့ပဲ ပြတ်ပြတ်ပြောလိုက်တယ် ။

အဲဒါလဲ ဇွဲ မလျော့ဘူး ။

စီးပွားရေး မပြေလည်အောင် မဖန်တီးနိုင်တဲ့ ယောက်ျား ကို ဘာလို့ ဆက်ပေါင်းနေမှာလဲ ကြော့ ရယ် ... ကိုစန်း ကို ပဲ လက်ထက်ထားပါတော့လား ... တဲ့ ။

ရယ်ဖို့လဲ ကောင်းတယ်... ။ ပြောသမျှ ရွှန်းရွှန်းကို ဝေလို့ ... ။

အမှန်တော့ သူ့ မိန်းမ ကို သူ အလွန် ကြောက်ရတဲ့ လူ ။

နောက်တော့ သည် အကြောင်းတွေ ပေါ်လာတော့တာပေါ့ .... ။

ငါ ကလဲ ပြတ်ပြတ်ပဲ ပြောတယ် ။ ငါ ယူထားတဲ့ လင် ကို ငါ ချစ်လို့ ယူထားတာ ... ။ သူ့ ပစ်ပြီး ဘယ်လောက် ချမ်းသာတဲ့ လူ ကိုပဲ ဖြစ်ဖြစ် ယူဖို့ ဆိုတာ စိတ်ကူးထဲတောင် ထည့် မစဉ်းစားဘူးလို့ ။

ပစ်ပစ်ခါခါ ပြောလဲပဲ ။ သည်လူ က စိတ်ဓါတ် မကျဘူး ။ ကြာတော့လဲ ငါ ဒေါသ ထွက်လာတယ် ။

တမျိုးပဲလေ ... အလုပ်ကဏ္ဍ အပြင် ငါ့ လင်သားအကြောင်း မကောင်း ပြောတာ ငါ မကြိုက်ဘူး ။

လင် ရှိပါတယ် လို့ ငါ တို့လို မိန်းကလေးမျိုး က ပြောခဲပါတယ် ။ လင် နဲ့ ကွဲနေတယ် ဘာညာနဲ့သာ လိမ်ပြောရိုး ရှိတယ် ။

ဒါပေမယ့် မောင်မောင်စန်း ကိုတော့ တမင်ကို မြင်ပြင်းကတ်လို့ ငါ အရွဲ့တိုက် ပြောလိုက်တာပဲ ။

ပြီးတော့ အဲသည်ည က ငါ တော်တော် စိတ်ဆင်းရဲရတယ် ။ ဘာလို့လဲ ဆိုတော့ လောလော လောလော နဲ့ ထွက်လာတာ စားလက်စ တားဆေးကတ်ကလေး အိမ်မှာ မေ့ကျန်ခဲ့တယ် ။ မတော်တဆ ကိုယ်ဝန် ရှိလာမှာလဲ ကြောက်ရတယ် ။

တခါ ပြဿနာ ပေါ်ခဲ့ဖူးတော့ ငါ့ အတွက် ကြီးမားတဲ့ သင်ခန်းစာပဲ ... ။

သည်လောကထဲမှာ ကျင်လည် ကျက်စားနေသမျှတော့ ကလေး ယူဖို့ မစဉ်းစားထိုက်ဘူး မဟုတ်လား ။ စာရင်း ရှုပ်ကုန်မယ် ။

ဝင်းပပ ကို မေးကြည့်တော့လဲ သူ့ မှာ ပါ မလာဘူးတဲ့ ။ သူ က စားဆေး မစားဘူးတဲ့ ထိုးဆေးပဲ ထိုးတယ်တဲ့ ။ အဲသည်တော့ ခက်ရော ။

မောင်မောင်စန်း ကို ငါ အကျိုးအကြောင်း ပြောပြတယ် ။ သည် တညတော့ ငါ့ ကို အေးအေးနေခွင့်ပေးထားဖို့ ။ ငါ တောင်းပန်တယ် ။ အမျိုးမျိုး အကြောင်းပြပြီး တောင်းပန်တယ် ။

နောက်ညတွေ ရှိသေးတာပဲ ပြောတာကို မရဘူး ။ တောင်းပန်တာကို မရဘူး ။ သူ့ လက်ခုပ်ထဲက ရေ ဖြစ်သွားတယ် ။

ငါ တော်တော် စိတ်ဆိုးတယ် ။ မောင်မောင်စန်း ရဲ့ မျက်နှာကို မကြည့်ချင်တော့လောက်အောင် ရွံရှာ စက်ဆုပ်သွားတယ် ။

သာမာန် ကြည့်ယင်တော့ မဆန်းဘူးလို့ ထင်ရတယ် ။ ဒါပေမယ့် အရေးကြီးပြီလား .... ကိုယ်ဝန် ရှိမှာကိုတော့ ငါ လဲ သိပ်ကြောက်တယ် ။

တလမ်းလုံး ငါ့ စိတ်က မကြည်လင်တော့ဘူး ။ အဲဒါလဲပဲ အလိုက် မသိဘူး ။ ငါ့ နားနား ကပ်ပြီး ပလီပလာစကားတွေ ပြောသေးတယ် ။ ငါ အရေးမစိုက်မှန်း မသိတော့မှ ငြိမ်သွားတယ် ။ သီချင်းတွေပဲ ဆိုလာတယ် ။

ပါးစပ် ကသာ သီချင်း ဆိုတာနော် လက် က အငြိမ် မနေဘူး ။

သည်တော့ ငါ ဝင်းပပ ကို ပြောရတယ် ။ နေရာချင်း လဲ ရအောင်လို့ ။ မိန်းမသား နှစ်ယောက် ကို အလယ်မှာ ထားပြီး ယောက်ျား နှစ်ယောက် က ညှပ်ထိုင် ထားတာကိုး ။

ဒါပေမယ့် ဝင်းပပ က ငါ့ ကို မျက်စိမှိတ် ပြတယ် ။ သဘောကတော့ သူ့ ဆန်စားယင် ရဲရပေမှာပေါ့ ... ဆိုတဲ့ သဘောမျိုး ။ သထုံ က ထွက်တယ် ဆိုယင်ပဲ မောင်မောင်စန်း တို့ရဲ့ အကြံအစည် က ရုပ်လုံးပေါ်လာတယ် ။

ဝင်းပပ ကို ပညာ ပြခိုင်းတယ် ။ မျက်စိ မှိတ် ပြတယ် ။ မေးဆတ် ပြတယ် ။ ကဲ ... ချွတ်စမ်းတဲ့ ။

ဝင်းပပ ကတော့ သည်ပညာ မှာ တဘက်ကမ်းခတ် ကျွမ်းကျင်တယ် ။ အသံ ကလဲ ကောင်းတယ် ။ အပြော ကလဲ ပိုင်တယ် ။ ပုဂ္ဂိုလ်ကြီး နဲ့ တရားအကြောင်း မေးမြန်း ဆွေးနွေးတယ် ။ ပုဂ္ဂိုလ်ကြီး ကလဲ ဖြေတယ် ။ သည်လိုနဲ့ ရင်းနှီးစ ပြုလာတယ် ။

အင်း ... သည် ပုဂ္ဂိုလ်ကြီး တော့ မကြာခင် ကျွတ်တန်း ဝင်တော့မှာပါကလား လို့ ငါ အောက်မေ့လိုက်မိတယ် ။

တခါတခါလဲ ပုဂ္ဂိုလ်ကြီး ပြုံးနေတာကို မှန်ထဲက ငါ လှမ်းမြင်ရတယ် ။ တခါတခါတော့ ပုဂ္ဂိုလ်ကြီး ရဲ့ ရယ်သံသဲ့သဲ့ ကို ကြားရတယ် ။

အမေ ပြောဖူးတဲ့ စကားတခွန်း ကို ငါ သွား အမှတ်ရမိတယ် ။ ဘယ်လောက် ညံ့တဲ့ ထောပတ် ပဲ ဖြစ်ဖြစ် မီး နား ကပ်ယင် ပျော်တာပဲတဲ့ ။

လမ်းမှာလဲ တချို့ နေရာတွေမှာ နားတယ် ။ နားနားမောင်းတယ် ဆိုတော့ ၊ မုတ္တမ ကို နေဝင်မှပဲ ရောက်ကြတယ် ။

ရောက်ကြလို့ ကားပေါ် က အဆင်းမှာ အမှတ်မထင် တွေ့လိုက်ရတာ ကတော့ အောင်သိန်း ပဲ ။

အံ့ဩသွားတယ် ။ သားရေဦးထုပ် အပျော့ကို ရှေ့ငိုက်ငိုက် ဆောင်းထားတယ် ။ ဂျင်းဘောင်းဘီ အပြာ နဲ့ ။

ရထား နဲ့ လိုက်လာတာပဲ ဖြစ်လိမ့်မယ် ။ ငါ တို့က လမ်းမှာ နားလိုက်တော့ သူ လိုက်လာလို့ မီတယ် ။ ကားပေါ်က ဆင်းမိတာနဲ့ ငါ သူ့ အနား သွားလိုက်တယ် ။

ထုံးစံအတိုင်းပဲ မျက်နှာ က ဘာမှ မထူးဆန်းတဲ့ မျက်နှာထားမျိုး ။ လေသံကလဲပဲ မထန်ဘူး ။ ချိုချိုသာသာကလေး ပြောတယ် ။

' မမ ... မောင် နဲ့ ပြန်ပြီး လိုက်ခဲ့ပါ '  တဲ့ ။

သူ က လေအေးလေး နဲ့ ပြောတော့ ငါ ကလဲ လေအေးလေး နဲ့ ပဲ ပြန်ပြောတယ် ။

' ဘယ်ဖြစ်မှာလဲ မောင် ... စရံ ငါးရာ လဲ ယူထားပြီးပြီ ။ ပြီးတော့ နောက်ထပ်လဲ ငါးရာ မရသေးဘူး .... မမ မလိုက်ချင်ပါဘူး ။ သည်လူတွေနဲ့ မျက်နှာကြောကို မတည့်ဘူး ။ ဒါပေမယ့် ခုနေ လှည့်ပြန်လို့ ဘယ်ဖြစ်ပါ့မလဲ မောင် အိမ်ပြန်ပြီး စိတ်အေးအေးနဲ့သာ စောင့်နေပါနော် ' လို့ ။

နောက်ထပ် ငါးရာ မရချင်လဲ နေပေ့စေတော့ တဲ့ ။ ပြန်လိုက်ခဲ့ရမယ် တဲ့ ။ လေသံက မထန်ပေမယ့် အမိန့်ပေးတဲ့ သဘောမျိုး ဆောင်လာတယ် ။

ကဲ ... သည်လောက်တောင် ဖြစ်လှတာ ပြန်လိုက်ခဲ့မယ် ... ။

မောင် ယူထားတဲ့ စရန်ငွေ ငါးရာ ပြန်ပေးလိုက် လို့ ငါ ပြောလိုက်တယ် ။

သည်တော့လဲ ဘာလို့ ပေးရမှာလဲတဲ့ ။ လူမိုက်စကား ပြောတယ် ။

အောင်သိန်း ရဲ့ သဘောကို ငါ သိတယ် ။ လှည့်ပြန်ယင်လဲ သူတို့ ဘာမှ လုပ်ရဲစရာ မရှိဘူး ဆိုတဲ့သဘော ။

သည်လို မဟုတ်ဘူးလေ ။ အလုပ်စည်းကမ်း ဆိုတာ ရှိတယ် ။ မဟုတ်တဲ့ အလုပ်ကို လုပ်ရာမှာလဲ ကတိသစ္စာ ဆိုတာ ရှိရတယ် ။

ကဲ ... မောင့် လိုသာ ညစ်ကြစတမ်း ဆိုယင် ... ခရီးဆုံးပြီးတဲ့အခါ နောက်ထပ် ပေးရမယ့် ကျန်ငွေ ငါးရာကို မပေးတော့ပဲ နေရင် ဘယ့်နှယ့် လုပ်မလဲ ... ။

တရားစွဲလို့ ရမလား ... ။ လိမ်လည်မှုနဲ့ကော အမှုဖွင့်လို့  ဖြစ်မလား ။ ကဲ ပြောလေ ... ။

အဲသည်တော့ လိုက်ခဲ့မိမှတော့ မထူးဘူး ။ ကိုယ့် တာဝန် ကိုယ် ကျေပွန်ဖို့ပဲ လိုတယ် ။ ကိုယ့် တာဝန်ကျေမှ သူ့ တာဝန် ကျေမယ် ။

မမ ပြန် မလိုက်နိုင်ယင်လဲ သွားတော့မယ် တဲ့ ။

ဘယ်ကို ပြန်မှာလည်း အိမ် ကို လား ဆိုတော့ မဟုတ်ဘူး ခြေဦးတည့်ရာ တဲ့ ။

မတားတော့ဘူး ... သဘောပဲ

သွားချင်လဲယင်လဲ သွား ... သဘော ။

ပြန်လာချင်ယင်လဲ လာ ... သဘော ။

ပြန်လာချင်မှလဲ လာ ... သဘော ။

ငါ  ပြန်လျှောက်လာခဲ့တယ် ။ ပြီးတော့ မော်လမြိုင် ဘက်ကမ်း ကို ကူးခဲ့ကြတယ် ။

ကုတို့ ပေါ်ကနေ ငါ လှမ်းကြည့်လိုက်တယ် ။ ကျောခိုင်းထားတဲ့ အောင်သိန်း ကို မြင်ရတယ် ။

သူ ကတော့ ဘယ်ရောက်မယ် မသိဘူး ။ ငါ ကတော့ မော်လမြိုင် ကနေ ၊ စက်စဲ ၊ ကျိုက္ခမီ ဘက်ကို ခရီး ဆက်ရလိမ့်မယ် ။

သင်္ကြန်မိုးပြေးကလေး ရွာချလိုက်တယ် ။ မှုန်ဝါးဝါး မြင်နေရတဲ့ အောင်သိန်း ရဲ့ နောက်ကျော ကို မမြင်ရတော့ဘူး ။

မော်လမြိုင် မှာ တညအိပ်တယ် ။

ကိုကျော်ဝင်း ရဲ့ အသိတယောက် အိမ်မှာ သွားတည်းတယ် ။ အသိဆိုတော့ ကိုကျော်ဝင်း မိသားစု ကိုလဲ သိကြတယ် ။

သည်တော့ ပုဂ္ဂိုလ်ကြီး နဲ့ ဝင်းပပ က လင်မယား တစ်စုံတွဲ ဖြစ်ကရော ။ ငါ နဲ့ မောင်မောင်စန်း က လင်မယား တစ်စုံတွဲ ဖြစ်ကရော ။

အဲသည် ညကလဲ ငါ စိတ်ဆင်းရဲ လိုက်တာ အလွန်ပဲ ။ ခေါင်းထဲမှာတော့ ပြဿနာတွေက အများကြီးရယ် ။

စိတ်ကလဲ မကြည်ဘူး ။

အောင်သိန်း အကြောင်း ရောက်လိုရောက် ။ ငါ့ ရှေ့ရေးအကြောင်း စဉ်းစားလို စဉ်းစားနဲ့ ။ ဦးဏှောက်ခြောက်နေတယ် ။

အဲ ... ဆေးဝယ်ဖို့ စိတ်ကူးထားတာလဲ မေ့နေတယ် ။ သတိရတော့ အချိန်နှောင်းပြီ ။

ပြီးတော့ နောက်ဆုံး လာသွားတာ ဆယ့်နှစ်ရက် ရှိပြီ ။ ကြားဘူးနားဝ ရှိသလောက်တော့ သည်ကာလဟာ စိတ် အပူရဆုံး ကာလပဲ တဲ့ ။

ဝင်းပပ ပဲ ကောင်းတယ် ။ ထိုးဆေး ပဲ ထိုးတယ် ။ ဆေးထိုးထားယင် သုံးလတော့ စိတ်ချရတယ် ။ ဆေးစားဖို့ မေ့မှာလဲ မပူရတော့ဘူး ။

နောက်နေ့ မိုးလင်းတော့ ပုဂ္ဂိုလ်ကြီး ကို ငါ အကဲခတ်ကြည့်တယ် ။

ဝင်းပပ ပဲ ။ ဘာသား နဲ့ ထုထားတာမို့လို့ သည်ကျော့ကွင်း က အလွတ်ရုန်းထွက်နိုင်မှာလဲ ။

ပုဂ္ဂိုလ်ကြီး ရဲ့ မျက်လုံးတွေ က ဝင်းပပ ရဲ့ ကိုယ်ပေါ်ကနေ မခွာတော့ပါကလား ။

နောက်နေ့ သင်္ကြန်အကြတ်နေ့ပဲ ။ ကျိုက္ခမီ ကို သွားကြတယ် ။ ထုံးစံအတိုင်းပဲ ။ ပုဂ္ဂိုလ်ကြီး နဲ့ ဝင်းပပ က တတွဲ ။

ပုဂ္ဂိုလ်ကြီး လဲ အတော်တော့ ကဲနေပြီ ။ ဝင်းပပ အနားက ကို မခွာတော့ဘူး ။ ဝင်းပပ ကလဲ တော်ပါ့ ရှင် ။

ခက်တာက မောင်မောင်စန်း ကလဲ ငါ့ အနားကကို မခွာတော့ဘူး ။ သူ ကလဲ တကယ့်ကို သည်းတဲ့ လူ ။ မတွေ့ဖူးသေးဘူး ။ ပြောလိုက်တဲ့ စကားတွေကလဲ ကရားရေလွှတ် တတွတ်တွတ်ပဲ ။

ငါ့ အကြောင်းတွေကို ဝင်းပပ ပြောပြလို့ သူ သိပြီးပြီ တဲ့ ။ အောင်သိန်း က ငါ့ ကို ခိုင်းစားနေတာတဲ့ ။ ဘာဖြစ်လို့ ပေါင်းနေမှာလဲတဲ့ ကွာပစ်လိုက်ပြီး သူ့ ကို ပေါင်းပါတဲ့ ။

သူ့ မှာ မယားကြီး ရှိတယ် ။ ကြည့်မြင်တိုင် မှာ နေတယ် ။

ဒါပေမယ့် ချစ်လို့ ယူခဲ့ရတာ မဟုတ်ဘူး တဲ့ ။ နှစ်ဘက် မိဘတွေ က သဘောတူပြီး ပေးစားကြတာတဲ့ ။

အို ပြောလိုက်တာမှ စုံလို့ ။

မက်လုံးတွေ မသိမသာပေးပြီး စည်းရုံးလိုက်တာလဲ မပြောနဲ့တော့ ။

ကားဘော်ဒီ တလုံး ထုယင် သုံးလေးထောင် ကျန်သတဲ့ ။ သုံးပုံ ပုံပြီး တပုံ က သူ့ မယားကြီး ဖို့ ဖယ်ထားမယ် ဆိုလား ။ နောက် တပုံ ကတော့ ငါ့ အတွက် စုမယ်တဲ့ ။ ကျန် တပုံကတော့ ကလေးတွေ အတွက် တဲ့ ။

ငါ ဆိုတဲ့ ကောင်မ ကလဲ တမျိုး ။ ငွေ မက်တဲ့ အစားထဲက မဟုတ်ဘူး ။

အရေးကြီးတာက သူ့ မေတ္တာ ကိုယ့် မေတ္တာ ။ အသွားအပြန် ရှိမှလဲ ဖြစ်မယ် ။

သူ့ အပေါ်မှာ ငါ ဘယ်လိုမှ စိတ်မညွှတ်မိဘူး ။ သည်တော့ သူ့ စကားတွေက နားခါးစရာတွေချည့် ဖြစ်ကုန်ရော ။

သူ က ... မန္တလေး က ဦးသိန်းလွင် ထက်များ ချမ်းသာသေးသတဲ့ လား ။

ငွေ ကိုသာ အကြောင်းပြုလို့ ပေါင်းရမယ်ဆိုယင် အထက်မြန်မာပြည် မှာ ငါ့ ကို ကြိုက်ကြလို့ လက်ထပ်ပါရစေ ဆိုတဲ့ ယောက်ျား တွေ အများကြီး ရှိတယ် ။ ရိုက်သတ်လို့တောင် မကုန်ဘူး ။

မန္တလေး က ဦးသိန်းလွင် ၊ မိုးညှင်း က ဦးသိန်းအောင် ၊ မိုးကုတ် က ဦးဗိုလ်ဗိုလ် တို့ ဆိုယင် ငါ လက်ဖြောက်တီးပြီး ခေါ်လိုက်တာနဲ့ တပြိုင်နက် ခေါင်း နဲ့ ပြေးပြီး လာကြမယ် ။

ပြီး ... သူတို့လဲ မလွတ်မလပ် မဟုတ်ဘူး ။ ဦးသိန်းအောင် က မုဆိုးဖို ၊ ဦးဗိုလ်ဗိုလ် က တခုလပ် ။

အဲသည် ဘော်စာကြီးတွေတောင်မှ ငါ ခေါင်းခါပစ်ခဲ့သေးတာပဲ ။ ငါ့ ကိုယ်ခန္ဓာ ကို အချိန်အကန့်အသတ် ကလေးတခု အတွင်းမှာတော့ ပိုင်ဆိုင်ချင်ယင် ပိုင်နိုင်မယ် ။

ဒါပေမယ့် ငါ့မေတ္တာနဲ့ ငါ့စိတ်ဆန္ဒကိုတော့ ဘယ်နည်းနဲ့မှ မပိုင်နိုင်ဘူး ။

အမှန် ပြောရယင် ၊ ကိုအောင်သိုက် ကို ငါ ချစ်တယ် ။ ကိုသန့်စင်ငြိမ်း ကိုလည်း သံယောဇဉ် နည်းနည်းတော့ ရှိတယ် ။ ချစ်တယ် လို့တော့ မပြောနိုင်ဘူး ။

အေး ... ကိုအောင်သိုက် ကို ကတော့ စွဲစွဲလမ်းလမ်း ဆိုပါတော့ ။ ကွာတယ်လေ ။

ရုပ်ကလဲ ချောတယ် ။ အရွယ်ကလဲ အရွယ်ကောင်း ။ ငါ့ ထက် နှစ်နှစ် ပဲ ကြီးမယ် ။

ငါ့ သဘောကိုလည်း နားလည်တယ် ။ ငါ့ ဘဝအကြောင်းကိုလဲ နားလည်တယ် ။

သူ နဲ့ သာ သည်နေရာမျိုးကို လာရယင် ဘယ်လောက် ပျော်စရာကောင်းမလဲ ။

အကြတ်နေ့ နေ့ခင်းမှာ စက်စဲ က ပြန်လာခဲ့ကြတယ် ။ ကိုကျော်ဝင်း ရဲ့ အသိ အိမ်မှာပဲ တည အိပ်တယ် ။

အတက်နေ့ ရောက်တော့ ပုဂ္ဂိုလ်ကြီး က ပြန်ချင်ပြီ ပြောတယ် ။ သည်တော့ လေလံဆွဲမယ့် ကား ကို သူတို့ သွားကြည့်ကြတယ် ။

ပုဂ္ဂိုလ်ကြီး ကတော့ လိုက် မသွားဘူး ။ ပုဂ္ဂိုလ်ကြီး ရယ် ဝင်းပပ ရယ် ၊ ငါ ရယ် ဈေးဝယ်သွားကြတယ် ။

ဝင်းပပ က ငွေငါးရာ ငါ့ ကို ထပ်ပေးတယ် ။ ဈေးထဲ ရောက်ကြတော့ ဝယ်ချင်စရာတွေကလဲ အစုံပဲ ။

အဖေ့ အတွက် တိုက်ပုံ အင်္ကျီစ ၊ အမေ့ အတွက် ပါတိတ် ၊ ညီမ ဆု အတွက် ဖော့ရှံစ ၊ ကလေးတွေ အတွက် အင်္ကျီကလေးတွေ ဝယ်လိုက်တယ် ။ ငွေသုံးရာကျော် ချောသွားတယ် ။

ငွေ ကလဲ ဘာမှ အသုံး မခံဘူး ။ ငါ့ အတွက်ကတော့ ဘာဆို ဘာတခုမှ မဝယ်ဖြစ်ဘူး ။

နေ့ခင်းလောက်မှ မောင်မောင်စန်း တို့ ၊ ကိုကျော်ဝင်း တို့ နှစ်ယောက် တည်းခိုအိမ် ကို ပြန်ရောက်လာကြတယ် ။

မောင်မောင်စန်း ငါ့ အတွက် နာရီတလုံး ဝယ်လာပြီး လက်ဆောင်ပေးတယ် ။ ' ယိုကို ' ဆို ထင်ပါရဲ့ ။ နာမည်က မကြားဖူးပါဘူး ။ အပေါစားကြီးပါ ။

အဲ ... မော်လမြိုင် တဘက်ကမ်းကို ကူးခဲ့ကြတယ် ။ နာရီပြန် နှစ်ချက် ရှိပြီ ။ ကား ကို အမြန်မောင်းခဲ့တယ် ။

ဒါပေမယ့် စစ်တောင်းတံတား ရောက်တော့ မှောင်နေပြီ ။ သိမ်ဇရပ် မှာ တည အိပ်ကြရပြန်တယ် ။

နောက်နေ့ က အတက် နေ့ ။

မနက်စောစောပဲ ခရီးဆက်ခဲ့ကြတယ် ။ လမ်းမှာလဲ အလာတုန်းက လိုပဲ အလာတုန်းက လိုပဲ ။ မောင်မောင်စန်း နဲ့ တလမ်းလုံး ပြဿနာ တက်တယ် ။

ဘယ့်နှယ်လူမှန်း မသိဘူး ။ လူ ကို သူ ကစားဖို့ ဝယ်ထားတဲ့ အရုပ် ကလေးများ အောက်မေ့နေသလား မသိဘူး ။

ပြီး ငါ့ လက်က နာရီဟောင်း ကိုလဲ လွှင့် အပစ်ခိုင်းတယ် ။ သူ ဝယ်ပေးတာကိုပဲ ပတ်ရမယ်တဲ့ ။

ဟုတ်တယ် ။ သူ ဝယ်ပေးတာက အဖိုးတန်လွန်းလို့ ။ ပြောတော့ မိုးလား ကဲလား ။ သူ့ နာရီ အပေါစား ကို ဘာလုပ်ရအောင်လဲ ။ သုံးနာရီ လုပ်ခ နဲ့ နာရီအကောင်းစား ကို ငါ ဝယ်ပတ်နိုင်တယ် ။ သူ့ နာရီ ကို ပြန်ပေးပစ်လိုက်တယ် ။

အဲ့ ... ရန်ကုန် လိပ်စာ လဲ မေးသေးတယ် ။ သူ လာလည်ပါရစေတဲ့ ။

တော်ပါရှင် ... ကန်တော့ဆွမ်းပါလို့ မာမာပဲ ပြောလိုက်ရတယ် ။ တသက်နဲ့တကိုယ် နောက်နောင် ရှင် နဲ့ မတွေ့ပါရစေနဲ့ လို့လဲ ပြတ်ပြတ်ပြောလိုက်တယ် ။

ငါ သိတယ် ။ သည် ခရီးမှာ ငါ ရှုံးတယ် ။ ငါ့ လင် နဲ့ ကွဲ တယ် ။

ငါ သိတယ် ။ သည် ခရီးမှာ ဟို ပုဂ္ဂိုလ်ကြီး လဲပဲ ရှုံးတယ် ။ ဝင်းပပ နဲ့ ဇာတ်လမ်းတွေ ရှုပ်ဦးမှာ မြင်ယောင်တယ် ။

ငါ သိတယ် ။ သည် ခရီးမှာ မောင်မောင်စန်း နဲ့ ကျော်ဝင်း ကတော့ အမြတ်ကြီး မြတ်တယ် ။

ရင်းရတာက အာဏာကုန် သုံးထောင် ပေါ့ ။ အကျိုး ရှိမှာက သောင်း နဲ့ ချီ ရှိမယ် ။ မြေကြီး လက်ခတ် မလွဲဘူး ။

◾မောင်သာရ

📖ပြုံးတတ်တယ် ခေါင်းညိတ်တတ်တယ်

koaungnaingoo.blogspot.com

.

Monday, November 22, 2021

ပြုံးတတ်တယ် ခေါင်းညိတ်တတ်တယ် အခန်း ၂၃ + ၂၄


 အခန်း ( ၂၃ )


မြွေမြွေချင်းတော့ ခြေမြင်တယ် ။


အောင်သိန်း ရဲ့ ခြေ ဘယ်လောက် ပြေးတယ် ဆိုတာကို အေးမြ လဲ သိတယ် ။ ထိုးမယ် ကြိတ်မယ် အထိ ဖြစ်ကုန်ရော ။ သူ့ ပစ္စည်းတွေ ကို တောင်ကြီး သယ်သွားတယ် ဆိုပြီး အေးမြ က အောင်သိန်း ကို မကျေနပ်ဘူး ။


အမှန်တော့ အေးမြ အနေနဲ့ ကျေနပ်စရာလဲ မရှိဘူး ။ သူ့ စီးပွားရေး ဈေးကွက် ကို ဖျက်တဲ့ သဘော သက်ရောက်တယ် ။ လူလည် လုပ်သွားတဲ့ သဘောမျိုး ဖြစ်နေတယ် ။


စင်စစ် အောင်သိန်း မှာလဲ ဘာ အကျိုးအမြတ် မှကို မရှိဘူး ။ ကောင်မ တွေက ငွေအပ်တာကို လက်ခံထားပေးရုံ လောက်ပဲ ။


ကောင်မတွေ သဒ္ဓါ လို့ ကျွေးတာမွေးတာကလေး လောက်ပဲ စားရသောက်ရတယ် ။ ရာခိုင်နှုန်း တို့ အချိုး တို့ နဲ့ ဖြတ်တောက် လုပ်ကိုင်တာလဲ မဟုတ်ဘူး ။


အေးလေ ... အဖြစ်မှန်ကို ငါတို့ပဲ သိတာကိုး ။ ကောင်မတွေ က အဖြစ်မှန်အတိုင်း ပြောလဲပဲ အေးမြ ကတော့ ဘယ် ယုံကြည်မှာလဲ ။


ဒေါင်းမ နဲ့ မိသက် ကတော့ ရောက်ရောက်ချင်း အေးမြ နဲ့ ပြန် ပတ်သက်တယ် ။ နောက်တော့ ဒိုးကလေး ပါ သူတို့ နဲ့ ပြန်တွဲမိသွားတယ် ။


ဒိုးကလေး နဲ့ ငါ ကတော့ မကြာမကြာ တွေ့တတ်တယ် ။


ဒါပေမယ့် အလုပ် တွဲ မလုပ်ဖြစ်ဘူး ။ ဒိုးကလေး လဲ တောင်ကြီး က ပြန်ရောက်ပြီး အတော် ခြေငြိမ်သွားတယ် ။ ခြေငြိမ်ဆို အကွက်ကောင်း တကွက် သွားတွေ့တာကိုး ။


တင့်ဇော် .... တဲ့ ။ စက်ရုံတရုံ မှာ လုပ်တယ် ။ အကြံအဖန် ဖြစ်တယ် ။ ကောင်ကလေး က ဘွဲ့ရပြီးသား ။ ရုပ် ချောတယ် ။ အပြော ကောင်းတယ် ။ မိဘ ကလဲ ပစ္စည်း ရှိတယ် ။


ဒိုးကလေး မှာလဲ လင် ကတော့ ရှိတယ် ။ နာမည်က တင်အောင်မြိုင် တဲ့ ။ ကပြား ပဲ ။ အရပ်အမောင်း ကောင်းကောင်း ဆိုတော့ ဒိုးကလေး နဲ့ ယှဉ်ရပ်လိုက် ယင် ဒိုးကလေး က သူ့ ယောက်ျား ရဲ့ ခါးကျော်ကျော် လောက်ပဲ ရှိတယ် ။


အမှန်တော့ တင်အောင်မြိုင် နဲ့ အောင်သိန်း က ဘာမှ မထူးပါဘူး ။ အရာကြီး နဲ့ ကု -လားကြီး ပါပဲ ။


ငါ့ ကို အောင်သိန်း က ခိုင်းစားတယ် ။ ငါ က အောင်သိန်း ကို ရှာသမျှ အကုန် အပ်ရတယ် ။


ဒိုးကလေး ကို တင်အောင်မြိုင် က ခိုင်းစားတယ် ။ ဒိုးကလေး က တင်အောင်မြိုင် ကို ရှာသမျှ အကုန်အပ်ရတယ် ။


ဒါပေမယ့် အောင်သိန်း နဲ့ တင်အောင်မြိုင် ကွာတာကတော့ ကွာတယ် ။ တင်အောင်မြိုင် က ရည်မှန်းချက် ထားတယ် ။ အသုံးအစွဲ စစ်တယ် ။ ဖဲ မကစားဘူး ။ အရက် မသောက်ဘူး ။ အေး ... ပညာ ကတော့ အောင်သိန်း လို မတတ်ဘူး ။


ပြီးတော့ ဒိုးကလေး ရဲ့ သည်းညည်း ကိုလဲ တင်အောင်မြိုင် က အတော်ခံ ရှာတယ် ။ ဒိုးကလေး က စိတ်နဲ့ မတွေ့ယင် မတွေ့သလို တွေ့ကရာနဲ့ ကောက်ပေါက်ပစ်တတ်တယ် ။


တင်အောင်မြိုင့် မျက်နှာမှာ သေရာပါမယ့် အမာရွတ် တွေကို မနည်းဘူး ။ ဒိုးကလေး လူကောင် ညှက်သလောက် လက်မြန်တယ် ။ စိတ်ကလဲ ထက်တယ် ။


ဒိုးကလေး ဘယ်လောက်ပဲ ဆဲဆဲ ၊ တင်အောင်မြိုင် က ရွှေသွားနှစ်ချောင်း ပေါ်အောင် ပြုံးနေတယ် ။ ရွှေသွားနှစ်ချောင်း စိုက်ရတာကလဲပဲ ဒိုးကလေး လက်ချက်ပဲတဲ့ ။


ဒိုးကလေး က ပြောတော့ တင်အောင်မြိုင် ကြောင့် သူ ဒီဘဝ ကို ရောက်ခဲ့ရတယ်လို့ ဆိုတယ် ။ ဟုတ်လောက်တယ် ။


ဒိုးကလေး မိဘ တွေက ချမ်းသာတယ် ။ အလုံ မှာ စားသောက်ဆိုင်ကြီး တဆိုင် ရှိတယ် ။ ဒိုးကလေး က အဲ့သည်တုန်းက ဆိုင် ထိုင် ။ ကောင်တာ ထိုင်ပြီး ပိုက်ဆံ သိမ်းရတဲ့ သဌေးသမီး ပေါ့ ။


တင်အောင်မြိုင် ကတော့ မှောင်ခိုပစ္စည်း အရောင်းအဝယ် လုပ်တယ် ။ ရန်ကုန် နဲ့ မော်လမြိုင် ခေါက်တုံ့ ခေါက်ပြန် ကုန်ကူးတယ် ။


ရန်ကုန် ရောက်ယင် ဒိုးကလေး တို့ စားသောက်ဆိုင်မှာ နေ့စဉ် စားသောက်တယ် ။ ဒိုးကလေး ကလဲ မျက်စိ ကျတယ် ။ နောက်တော့ လိုက်ပြေးရော ဆိုပါတော့ ။


ခိုးရာ လိုက်ပြေးတော့ ဒိုးကလေး မှာ အထုပ် နဲ့ အထည်နဲ့ ရွှေငွေ လက်ဝတ်လက်စားအပြင် ငွေသားလဲ သောင်းကျော် ပါတယ်လို့ ဆိုတယ် ။ အထက်မြန်မာပြည် ကို ပျားရည်ဆမ်းခရီး ထွက်ကြတယ် ။


ဒိုးကလေး ရဲ့မိဘများ က လူမျိုးခြား နဲ့ လိုက်ပြေးလို့ စိတ်နာတယ် ။ သေခန်းရှင်ခန်း ဖြတ်တယ် ။ အမွေဖြတ် ကြော်ငြာတယ် ။


ပျားရည်ဆမ်းခရီး က ပြန်ရောက်တော့ လှိုင် သီရိမြိုင် ရပ်ကွက် မှာ အိမ်ခန်းကလေး တခန်း ငှားပြီး လင်မယား နှစ်ယောက် နေကြတယ် ။


လက်ထဲမှာ ငွေလက်ကျန် ရှိသေးတဲ့အချိန် လက်ဝတ်လက်စား ကလေးတွေ ကျန်သေးတဲ့ အချိန်ဆိုတော့လဲ ပူစရာ မလိုသေးဘူးပေါ့ ။ ဒါပေမယ့် စီးပွားရေးလုပ်ငန်း အမျိုးမျိုးကို စိတ်ကူးရင်းနဲ့ပဲ လုံးပါး ပါးရော ဆိုပါတော့ ။


ဒိုးကလေး ပြောလို့ ရယ်ရသေးတယ် ။


အစ်မ ရယ် .... အဲ့သည်တုန်းက သူ့ သူငယ်ချင်း ဆိုတဲ့ လူတွေ အိမ်ကို ရောက်ရောက်လာတယ် ။ တခါတလေလဲ တစ်ယောက်တည်း ။ တခါတလေ အတွဲနဲ့ ။ ပြောလိုက်ယင် ရတနာကုန်သည် ဘာညာ နဲ့ တိုး ကလဲ မသိတော့ ကျကျနန ချက်ကျွေးတယ် ။ မြစ်ကြီးနား ဘက်က ကောက်လာတဲ့ အစိမ်းရောင် သန်းနေတဲ့ ကျောက်တုံး တတုံး ပြလိုက်တယ် ဆိုယင်ပဲ တိုး ကလဲ ယုံတော့တယ် ။ ဒါပေမယ့် ကိုယ်တိုင် သည်လောကထဲ ဝင်ကြည့်လိုက်တော့မှ သူ့ ရတနာကုန်သည် ဆိုပြီး အိမ်ကို ခေါ်လာခဲ့တဲ့လူတွေဟာ ဟိုဟာ နဲ့ ဟိုဟာတွေပါ ကလား ဆိုတာ သိတော့တယ် ။


ကျောက်ခွဲမယ် ဆိုပြီး တင်အောင်မြိုင် က ငွေတောင်းတော့ ဒိုးကလေး လဲ ရှိသမျှ ထုတ်ပေးတယ် ။ ထပ်လို ထပ်ထုတ်ပေးနဲ့ ကုန်ပြန်ရော ။


ငွေ ကုန်တော့ လက်ဝတ်လက်စားတွေပါ တင်အောင်မြိုင့် လက်ထဲ အပ်လိုက်တယ် ။


ကျောက်လုပ်ငန်း ဆိုတာ ပွယင်လဲ တချီတည်း ပွတယ် ဆိုတော့ ဒိုးကလေး လဲ မျှော်လင့်မိတယ်ပေါ့ ။


နောက်တော့ တင်အောင်မြိုင် ကလဲ အောင်သိန်း လမ်းစဉ် အတိုင်းပဲ လမ်းစကလေး ဖော်ပေးတယ် ။


ဒိုးကလေး ကို လျှောက်ခိုင်းတယ် ။ ဒိုးကလေး ကလဲ အဲသည့် လမ်းကို လျှောက်ခဲ့မိတယ် ။ ဆက်ပြီး လျှောက်ခဲ့တယ် ။


ဒါပေမယ့် ငါ နဲ့ ဒိုးကလေး မတူတာ တချက် ရှိတယ် ။ ဒိုးကလေး က သည် လောက ကို အတော် ပျော်မွေ့တယ် ။ ငါ မှားပါပကော လို့ နောင်တ မရဖူးသေးဘူး ။ ဘယ်အချိန် ရောက်မှ နောင်တ ရမလဲ မပြောနိုင်ဘူး ။


ငါ ကတော့ နောင်တ လဲ ရတယ် ။ ကောင်းရောင်းကောင်းဝယ် လုပ်စားဖို့လဲ အကြိမ်ကြိမ် စဉ်းစား တွေးတော ခဲ့ဖူးတယ် ။


ဒိုးကလေး နဲ့ ရစ အချိန်တုန်းကတော့ တင်အောင်မြိုင် က မလိမ္မာဘူးတဲ့ ။ သုံးဟယ် ၊ ဖြုန်းဟယ် ၊ ပျော်ဟယ် ၊ ပါးဟယ် နဲ့ ... တဲ့ ။ တကယ်တော့ ဘာ ကျောက်ခွဲတာ မှ မဟုတ်ဘူး ။ သောက်စားယင်း နဲ့ ကုန်တာ ။


ဒိုးကလေး သည် ဘဝရောက်တော့ တင်အောင်မြိုင် လိမ္မာစ ပြုလာတယ် ။ မသောက်တော့ဘူး ။ မကစားတော့ဘူး ။ အပျော်အပါး မလိုက်စားတော့ဘူး ။


တင်အောင်မြိုင် ငွေ စုတယ် ။ အရင်းအနှီး ရှိယင် ထမင်းဆိုင် တဆိုင် ဖွင့်မယ် တဲ့ ။ ဘယ်ရွေ့ ဘယ်မျှ စုမယ်လို့သာ ထုတ် မပြောတာ ။ အတော်ကလေး စုမိပြီ ဆိုတာတော့ သိရတယ် ။


ဘာလို့လဲ ဆိုတော့ တောင်ကြီး ခရီး မထွက်ခင်တုန်းက ဒိုးကလေး ပြောဖူးတယ် ။ ကျောက်မြောင်း က အိမ်ခန်းလေး တခန်း ကြိုက်လို့ ပြောင်းချင်လိုက်တာတဲ့ ။ စပေါ် ဘယ်လောက်လဲ မေးတော့ ခြောက်ထောင် လို့ ပြောတယ် ။ အဲဒါ တင်အောင်မြိုင် က သဘော မတူလို့ မပြောင်းဖြစ်တာ တဲ့ ။


သည်တော့ တင်အောင်မြိုင် စုထားတာ ဘာပဲ ပြောပြော ခြောက်ထောင် တော့ ရှိမယ် ။ ခြောက်ထောင် မပြည့်ယင်တောင် လေးထောင် တော့ အောက်ဆုံးပဲ ။ ခု လှိုင် သီရီမြိုင် က အိမ်ခန်းအ တွက် စပေါ် တင်ထားတာက နှစ်ထောင် ။


အောင်သိန်း ကိုလည်း တင်အောင်မြိုင် လို လိမ္မာစေ့ချင်တယ် ။ ငွေ စုစေ့ ချင်တယ် ။ အရင်း အနှီးကလေး ရယင် ကောင်းရောင်း ကောင်းဝယ် လုပ်ဖို့ စိတ်ကူးစေ့ ချင်တယ် ။


တောင်ကြီး က ပြန်လာပြီး ကတည်းက ငါတို့ လင်မယား နားနေတယ် ။ ရှိတာကလေးနဲ့ပဲ ထိုင်စား နေကြတယ် ။ ငါ့ ထုံးစံ အတိုင်းပေါ့ ။ တတိတိ ကုန်လာတော့မှ ပူပန်မယ် ။ လက်ထဲ မရှိမှ ထ ရှာမယ် ။


တကယ့် တကယ်တော့ ရှာချင်တိုင်းလဲ ရှာလို့ မလွယ်ဘူး ။ အဆက်အသွယ် လိုတယ် ။ အဆက်အသွယ် ရပြန်တော့လဲ နေရာစကား ပြောတယ် ။ အဆက်အသွယ် ထက် အရေးကြီးတာက အလုပ် လုပ်ဖို့ နေရာ ။ တခါတလေများ အဆက်အသွယ် ရပြီး နေရာ မရှိလို့ ပြန် စွန့်လွှတ်လိုက်ရတဲ့ အဖြစ် ။


တနေ့ ဒိုးကလေး ရောက်လာတယ် ။ မျက်နှာ ကြည့်ရတာလဲ ဖြူရော်ရော် နဲ့ ။ ဇာတ်စုံ ခင်းပြတယ် ။


တင့်ဇော် နဲ့ အလုပ်သဘော အရ တွေ့နေကြယင်းက သံယောဇဉ်တွယ်မိတဲ့ အကြောင်း ။ နောက်ဆုံး သူ ကိုယ်တိုင် တင့်ဇော် ကို မခွဲနိုင်တော့တဲ့ အကြောင်း ။ ကိုယ်ဝန်ပါ ရှိလာတဲ့ အကြောင်း ... ရော ။


အခု သီရိမြိုင် မှာ မနေတော့ဘူး တဲ့ ။ သာကေတ ကို ပြောင်းသွားပြီလို့ ဆိုတယ် ။ အဲသည်မှာ နှစ်လင် တမယား နေကြတယ် ဆိုပဲ ။


ပထမတော့ တင်အောင်မြိုင် ကပဲ ရှောင် ရှောင်ပေးတယ် ။ တင့်ဇော် ကလဲ လျှောကနဲ တထောင် ၊ လျှောကနဲ နှစ်ထောင် ထုတ်ထုတ်ပေးနေတာကိုး ။


အဲသည်တော့ တင်အောင်မြိုင် ကိုယ်တိုင် က တင့်ဇော် ကို ကြိုဆိုတယ် ။ ကြည်ဖြူတယ် ။


အဲသည် သာကေတ အိမ် ကိုလည်း တင့်ဇော် ကပဲ ဝယ်ပေးထားတာတဲ့ ။ ရှစ်ထောင် ဆိုလား ပေးရတယ်တဲ့ ။ ပြင်တာ ဆင်တာနဲ့ ဆိုတော့ တသောင်း ဝန်းကျင် ကုန်မယ် ။


ဒိုးကလေး က ပြောတယ် ။


အစ်မရေ ... ပေါင်းလာတာ ကြာလေလေ ... တင့်ဇော် ကို ချစ်လေလေ ... တင်အောင်မြိုင် မျက်နှာ ကို ကြည့် မရလေလေ တဲ့ ။


တကယ်တော့ တင်အောင်မြိုင် နဲ့က ကလေး နှစ်ယောက် ရထားပြီ ။ တတိယမြောက် ရမယ့် ကလေး ကျမှ တင်အောင်မြိုင် ကိုယ်တိုင်က သူ့ ကလေး မဟုတ်လို့ မယူချင်ဘူး ဆိုပြီး ဖျက်ခိုင်းသတဲ့ ။ အဲသည်လိုသာ ပြောစတမ်းဆိုယင် အယင်ကလေး နှစ်ယောက် ကကော သူ့ သွေး ပါလို့ ဘယ်လိုလုပ် အတပ် ပြောနိုင်မလဲ ။


ဒိုးကလေး သည်လမ်းမပေါ် စရောက်တော့ ကလေး မမွေးဖူးသေးဘူး ။ ကလေး နှစ်ယောက် စလုံး သည်လမ်းပေါ် ရောက်ပြီးမှ မွေးတာချည့်ပဲ မဟုတ်လား ။


ဒိုးကလေး တင့်ဇော် ကို စေတနာ လွန်လွန်းတော့ တင်အောင်မြိုင် က တင့်ဇော် ကို နှင်ချတယ်တဲ့ ။ နောက်ဆုံး ဒိုးကလေး နဲ့ တင့်ဇော် ပုသိမ် ကို ထွက်ပြေးကြရော လို့ဆိုတယ် ။


တင်အောင်မြိုင် က မယားခိုးမှု နဲ့ စွဲသတဲ့ ။ ကံကောင်းလို့ တင့်ဇော် ထောင်ထဲ မရောက်တယ် ။ ဒိုးကလေး က သူ ကောင်းပေလို့ ... လို့ ပြောတယ် ။ တင်အောင်မြိုင် ကို သူ ပြန်ပေါင်းလို့ တဲ့ ။


တင့်ဇော် ကတော့ ဘဝပျက်သွားတယ် ။ မယားခိုးမှု နဲ့ ထောင် မကျပေမယ့် ရုံးက ငွေတွေ အလွဲသုံးစားမှု နဲ့ အရေးယူ ခံရတယ် ။ အဖမ်းအချုပ် ခံရတယ် ။ ဒါတွေက ဒိုးကလေး ပြောပြလို့ သိရတဲ့ သူ့ ဇာတ်လမ်း ။


ကဲ ... ဘာလုပ်ကြမှာလဲလို့ ငါ ကမေးတော့ မော်လမြိုင် ဘက် သွားကြရအောင်တဲ့ ။


တင်အောင်မြိုင် ကိုပါ ခေါ်ပြီး လင်စုံမယားဖက် နှစ်စုံတွဲ သွားကြရအောင်တဲ့ ။ အလုပ် ကောင်းတယ်လို့ ပြောတယ် ။ သည်လိုနဲ့ပဲ ငါတို့ လေးယောက် နောက်နေ့ မှာ မော်လမြိုင် ကို ခရီးထွက်ခဲ့တယ် ။


◾မောင်သာရ


📖ပြုံးတတ်တယ် ခေါင်းညိတ်တတ်တယ် 



အခန်း ( ၂၄ )


ဟုတ်တော့လဲ ဟုတ်တယ် ။ မော်လမြိုင် မှာ ပစ္စည်းကောင်း မရှိဘူး ။ ဒိုးကလေး နဲ့ ငါ ရောက်သွားတော့ မနားမနေ အလုပ် လုပ်ရတယ် ဖတ်ဖတ်ကို မောရော ။ မော်လမြိုင် က ပစ္စည်း မရှိလို့လား ဆိုတော့ မဟုတ်ဘူး ။ ရယ်ဖို့တော့လဲ အကောင်းသား ။ မော်လမြိုင် က ပစ္စည်းတွေကလဲ ရန်ကုန် ရောက်နေတယ် ။ ရန်ကုန် တွင် မကဘူး ။ မြစ်ကြီးနား တောင်ကြီး မန္တလေး အထိတောင် ရောက်ကြတယ် ။


ပစ္စည်းတွေကလဲ စိတ်ကူးတော့ ကောင်းတယ် ။ ကိုယ့် ဒေသမှာ ဆိုတော့ တနေ့မဟုတ် တနေ့ လူသိ များလာမယ် ။ ဒေသခံတွေနဲ့ချည်း တွေ့ရတော့မှာကိုး ။


တခြား တရပ်တကျေး မှာ ဆိုတော့ အကြောင်း မဟုတ်ဘူး ။ ကိုယ့်ဒေသ ကိုယ် ပြန်ရောက်ယင် ဘာညာဘာညာ ဘယ်သူမှ မသိဘူး ။


သည်တော့ မော်လမြိုင် က ပစ္စည်း က ရန်ကုန် ကို ရောက်နေတယ် ။ ရန်ကုန် က ပစ္စည်း က မန္တလေး ကို ရောက်နေတယ် ။ မန္တလေး က ပစ္စည်း က မော်လမြိုင် ကို ရောက်နေတယ် ။


အဝေးက ပစ္စည်း က ဘယ်လောက်ပဲ ဟောင်းနေနေ မတွေ့ဖူး မမြင်ဘူးယင် အသစ် ပဲလေ ။


အဲ ... ဒိုးကလေး နဲ့ ငါ မော်လမြိုင် ကို ရောက်ကြတော့ ရန်ကုန် က ပစ္စည်းအသစ် ပြတ်နေတဲ့ အချိန် ဆိုပါတော့ ။ ကောင်းကောင်း အလုပ် ဖြစ်တယ် ။


ဒါပေမယ့် ခေါင်းပုံဖြတ်တာတော့ တရား လွန်တယ် ။ ထက်ဝက် နှုန်း ။


ဧည့်သည် တယောက် ကို ငါးဆယ် ကောက်သတဲ့ ။ တနေ့တနေ့ တယောက် ကို ငါးရာကျော် ရတယ်ဆိုတော့ အိမ်ရှင် က ငါးရာကျော် ကောက်တယ် ။


ဒိုးကလေး ရဲ့ အသိ ဒေါ်ငွေ့ အိမ်မှာ သွားတည်းတယ် ။ အိမ်ကြီးက ကျယ်တယ် ။ သန့်တယ် ။ လုံခြုံတယ် ။


ပြီးတော့ ဒေါ်ငွေ နဲ့ သူ့ ယောက်ျား ပဲ ရှိတယ် ။ အဲသည် အိမ်မှာပဲ အလုပ် လုပ်ကြရတယ် ။


ထမင်းဖိုး ဆိုပြီး တစ်ယောက် ကို ငါးကျပ်နှုန်း လဲ ဖြတ်သေးတယ် ။ ထက်ဝက်စား လဲ ကောက်သေးတယ် ။


ဒါတောင် မဆိုးဘူး ။ ငါးရက်လောက် လုပ်ပြီးတယ် ဆိုယင်ပဲ နှစ်ထောင့်ငါးရာ ကျော် စုမိတယ် ။


အဆက်အသွယ်ကလေးတွေကလဲ ရလာပြီလေ ။ အိမ်မှာ ဧည့်မျှော်ပြီး လုပ်ရတဲ့ အလုပ်ထက် ' ရှိုး ' အခေါ်လိုက်ရတာက ပို တွက်ခြေကိုက်တယ် ။ ဒါကလဲ ဒေါ်ငွေ့ အဆက်အသွယ် နဲ့ပဲ ။


ဧည့်သည် နဲ့ ထည့်ပေးလိုက်ယင် တရှိုး သုံးရာ ပဲ ။ ဒေါ်ငွေ က တရာ ဖြတ်တယ် ။ နှစ်ရာ ပြန်ရှင်းတယ် ။ အချိန်ကို မကန့်သတ်ပေးလိုက်ဘူး ။ ကန့်သတ်လို့လဲပဲ မရဘူး ။


မော်လမြိုင် လို နေရာမျိုးက နေရာပြဿနာ ရှိတယ် ။ သည်တော့ နေရာ ရှာရတာက အလုပ်ကြီး တလုပ် ။


မြို့ပြင် ဘက် ထွက်ရတဲ့ အခါလဲ ရှိတယ် ။ ကျိုက္ခမီ ဘက် ကား နဲ့ထွက်ရတာလဲ ရှိတယ် ။ ရော်ဘာခြံတွေထဲလဲ ရောက် ။ ဒူးရင်းခြံတွေထဲလဲ ရောက် ။


အဲ ... မြို့ပြင် က ခြံကြီးတွေကတော့ ကျယ်တယ် ။ ခြံစောင့် တဲကလေး တွေမှာ စခန်းချကြလေ့ ရှိတယ် ။


သည်တော့ သွားချိန်ပြန်ချိန် ကို ကန့်သတ်လို့ မရတော့ဘူး ။ ရန်ကုန် လို သုံးနာရီ ရုပ်ရှင်တပွဲစာတော့ မဟုတ်တော့ဘူး ။


သည်တော့ ငါတို့ ကလဲ ဒေါ်ငွေ ကို ကွက်ကျော် ရိုက်တာလေးတွေ ရှိတယ် ။ သူတော်ကောင်း နဲ့ တွေ့ပြီး တပွဲ စောစော ပြီးပေမယ့် အိမ်ကို ပြန်ချင်မှ ပြန်တယ် ။


နောက် ဧည့်သည် နဲ့ ဆက်မိတဲ့ အခါမျိုးမှာ နောက်တပွဲ ဆက်တယ် ။ ဒေါ်ငွေ မသိဘူး ။ တရာ အဖြတ် မခံရဘူး ။ သုံးရာ အပြည့် ရတတ်တယ် ။


ဝါသနာ ပါလို့ လာကြတဲ့ ဧည့်သည်တွေကလဲ များသောအားဖြင့် ထောကြတဲ့ ကုန်သည်တွေ ချည့်ပဲ ။ ငွေကို ရေထင်တယ် ။ မနှမြောဘူး ။ မူးမူး နဲ့ တရာ မျိုး နှစ်ရာ မျိုး ကိုလဲ မူးမူးနဲ့ ပက်ကနဲ ပစ်ပေးသွားကြတာလဲ ကြုံခဲ့ရဖူးတယ် ။


သိတဲ့အတိုင်း ငါ ကတော့ ချူ မစားတတ်ဘူး ။ မြှူ မစားတတ်ဘူး ။ ဈေးရင်း အတိုင်းပဲ ။ လျော့ပေးယင်လဲ ဘာမှ ပြောမနေဘူး ။ သူ အောက်တန်းကျပေမယ့် ကိုယ် အောက်တန်းကျ မခံဘူး ။ အဲ ... စေတနာ ရှိတယ် ဆိုယင်လဲ သူတို့ သဘောပဲ ။


ဒါပေမယ့် စိတ်ကောင်း စေတနာကောင်း ရှိတဲ့ လူတွေနဲ့ချည့် တွေ့ရပါတယ် ။ ဆိုဈေး ထက် ပိုပေး သွားကြတာ များပါတယ် ။


ငါတို့ အလုပ် က ပါးစပ်ကောင်းဖို့ မလိုပါဘူး ။ ပါးစပ် က လွဲယင် တကိုယ်လုံး ကောင်းဖို့ပဲ လိုတယ် ။


အဲ ... ဒိုးကလေး ကတော့ ပါးစပ် ကောင်းတယ် ။ အပြော ကောင်းတယ် ။ မြှူ တတ်တယ် ။ ချူ တတ်တယ် ။ တယောက်က ဆိုရင် ဝတ်ထားတဲ့ နီလာ လက်စွပ်ကို ချွတ်ပေးသွားဖူးတယ် ။


အဲ ... ပြောရအုံးမယ် ။ မော်လမြိုင် မှာလဲ ပြဿနာ တခု ကြုံခဲ့ရသေး တယ် ။ တောင်ကြီး မှာတုန်းက ကိုအောင်သိုက် နဲ့ ဖြစ်ခဲ့ရတဲ့ ဇတ်လမ်းမျိုးပါပဲ ။


ကိုသန့်စင်ငြိမ်း တဲ့ ။ အရာရှိငယ် တယောက် ။ တကတည်း သူ ကလဲ ကြော့ မှ ကြော့ ဖြစ်ပါလေရော ။


လူ ကတော့ ဖြူဖြူသွယ်သွယ် ။ နှုတ်ခမ်းမွေး သဲ့သဲ့ နဲ့ ။ မငယ်ဘူး ။ သက်လတ်ပိုင်း ရောက်နေပြီ ။


ခမျာ ... ငွေ လဲ သိပ် မသုံးနိုင်ရှာပါဘူး ။ လင်မယား ကွဲနေတယ် ပြောတယ် ။ သားသမီး ငါးယောက် ကျန်ရစ်သတဲ့ ။


အဲဒါ တခါပဲ တွေ့ပြီး ငါ့ ကို တန်းတန်းစွဲ ဖြစ်ပါလေရော ။ သူ့ မယားနဲ့ပဲ တူရပြန်ရော တဲ့ ။


ဒေါ်ငွေ့ အိမ် ကို အခေါက်ခေါက် အခါခါ ရောက်လာတယ် ။ ငါတို့ က မြို့ပြင်ကို ရောက်နေယင်လဲ ပြန် မလာမချင်း ထိုင်စောင့်နေတတ်တယ် ။ တခြား အားနေတဲ့ ပစ္စည်းနဲ့လည်း လှည့်ပေးလို့ မရဘူး ။


ငါ ကလဲ သူ့ ကို စိတ်ဝင်စားမိပါတယ် ။ သံယောဇဉ် ဆိုတာ အပြောရ ခက်သားပဲ ။ မထင်မှတ်တဲ့ နေရာက ဖြတ်ဖြတ် ဝင်လာတတ်တယ် မဟုတ်လား ။


အဲ့ ... တနေ့တော့ ချိန်းတာပေါ့လေ ။ အဲသည်နေ့က တခြား ဧည့်သည်တွေက ခေါ်တာတောင် ငါ မလိုက်တော့ဘူး ။ ကိုသန့်စင်ငြိမ်း နဲ့ လိုက်သွားတယ် ။ စက်စဲ ကို ရောက်ကြတယ် ။ အပြန်မှာ အောင်သိန်း နဲ့ ပက်ပင်း တိုးကြ ပါလေရော ။


ဒါပေမယ့် အောင်သိန်း ကလဲ မမြင်ချင်ယောင် ဆောင်သွားတယ် ။ အိမ် အဝင်လမ်းကနေ ငါ့ အပြန်ကို စောင့်နေတယ် ။


ငါ ပြန်လာတော့ တနေရာကို ခေါ်သွားတယ် ။ မမ နဲ့ မောင် အေးအေးဆေးဆေး စကား ပြောကြရအောင်တဲ့ ။


သူ ဘာအကြောင်း ပြောမယ်ဆိုတာ ငါ သိပြီးသားပဲ ။ ခါတိုင်းဆိုယင်တော့ သူ့ လက်ထဲ ငွေအပ်နိုင်တယ် ။ သည်နေ့တော့ တပြားတချပ် မှ မအပ်နိုင်ဘူး ။ ငါ့ မှာ ပါတဲ့ ငွေတရာ ထဲကတောင် ခုနစ်ဆယ် ကျော် ကုန်ခဲ့ပြီ ။


ကိုသန့်စင်ငြိမ်း ကတော့ ငွေနှစ်ရာ ထုတ်ပေးပါသေးတယ် ။ ဒါပေမယ့် ငါ က လက်မခံခဲ့ဘူး ။


အေး ... ငါ ပါတဲ့ ငွေ နဲ့ သူ့ ကလေးတွေ အတွက် အင်္ကျီကလေးတွေတောင် ဝယ်ခြမ်းပေးဖြစ်လိုက်သေးတယ် ။


အောင်သိန်း က ပြောတယ် ။ ဘာလဲ ...မမ ပြောတော့ ငွေရှာတာ ၊ ငွေရှာတာဆိုပြီး ၊ အဆိပ်တွေ တက်နေပြန်ပြီလား တဲ့ ။ ဒါ အလှူပေးနေတာ မဟုတ်ဘူးတဲ့ ။


ငါ မလိမ်ချင်ပါဘူး ။ လိမ်ပြီး ပြောနေစရာလဲ မလိုဘူး ။ ဟုတ်တယ်ဟေ့ ... ဟုတ်တယ် ။ အဆိပ်တွေ တက်တော့ကော ဘာလုပ်ချင်သလဲလို့ ရန်စကား ပြောလိုက်တယ် ။


ငါ က သန့်စင်ငြိမ်း ကို ယူနိုင်တယ် ဆိုယင်တောင် ကိုသန့်စင်ငြိမ်း အနေနဲ့ ငါ့ ကို မယူနိုင်ပါဘူး ။ ဘဝချင်းက ရင်ချင်းသာ ကပ်လို့ရပေမယ့် ၊ ကျောချင်းကပ်လို့မှ မရနိုင်ပဲ ။


ဒါပေမယ့် အောင်သိန်း ပြောသလို ငါ့ ဘက်က စိတ်ပါမိတာတော့ အမှန်ပဲ ။


ဟဲ့ ... ရေကျွမ်းတယ် ဆိုတဲ့ တံငါသည် တောင် ရေနစ်သေတတ်သေးတာပဲ ။ မုဆိုး ကချည်း သားကောင် ကို အမြဲ နိုင်တယ်လို့လဲ မထင်နဲ့ ။ သားကောင် လက်ချက်နဲ့ အသက်ထွက်ရတဲ့ မုဆိုး လဲ ရှိတာပဲ ။ သည်လမ်းမှာ လျှောက်နေသရွေ့တော့ ငါ ဘယ်သူနဲ့မှ စိတ်မပါ ပါဘူးလို့ ဘယ်အာမခံ နိုင်ပါ့မလဲ ။ စိတ်မပါစေ့ချင်ယင် ငါ့ ကို သည်အလုပ် မလုပ်ခိုင်းနဲ့ ။ ရပ်တန်းက ရပ်တော့ ။


မောင် ကျတော့ ဒေါင်းမ နဲ့ မပတ်သက်ရဘူး ဆို ... ဒေါင်းမ နဲ့ ပတ်သက်တာ တွေ့ယင် ဓားပွဲ တုတ်ပွဲပဲ ဆို ... တဲ့ ။


ပြောပုံက ပညာတတ် ပီသတယ် ။ လေအေးကလေး နဲ့ ။ အမျက် မထွက်တဲ့ ပုံမျိုး ။


အေးလေ ... သူ ကြမ်းယင် ငါ ကလဲ ကြမ်းတော့မှာပဲ ဆိုတာ သူ သိထားပြီကိုး ။


ဟုတ်တယ် ။ ငါ ပြောခဲ့တယ် ။ ဒေါင်းမ နဲ့ ပတ်သက် လာယင် တုတ်ပွဲ ဓားပွဲ ပဲလို့ ။ ဒါကတော့ ငါ့ ခံစားရချက်ပဲ ။


ငါ မကြည့်ချင်ဘူး ။ မမြင်ချင်တာ ငါ့ ရှေ့မှာ လာ မလုပ်နဲ့ ။ မှားတာ ၊ မှန်တာ ၊ တရားတာ ၊ မတရားတာ ငါ နားမလည်ဘူး ။


မပေါင်းနိုင်ဘူး ဆိုယင်လဲ ကွာ ။ သဘော ။ ဒါပဲ ငါ ပြောတတ်တယ် ။


သူ လဲ ဘာမှ ဆက် မပြောတော့ဘူး ။ ငါ လဲ ဘာမှ ထပ် မရှင်းပြဘူး ။ အကြာကြီး စကား မပြောပဲ နေကြတယ် ။ ပြီးတော့မှ ... မမ မနက်ဖြန် မောင် တို့ ရန်ကုန် ကို ပြန်ကြရအောင် တဲ့ ။


နောက် နှစ်ရက်ကြာ မှ ပြန်လာ ဖြစ်ကြတယ် ။ ဘာပဲ ပြောပြော ၊ ငွေ လေးထောင်ကျော် ပိုက်မိတယ် ။


ငါ က ပြောတယ် ။ သည် အလုပ် ကို ရပ်တော့ ။ ငါ့ လဲပဲ မခိုင်းနဲ့တော့ ။ သူ လဲပဲ သည် အသိုင်းအဝိုင်း နဲ့ ကင်းကင်း ရှင်းရှင်း နေပေတော့ ။


ဒါဖြင့် ဘာ စီးပွားရေး လုပ်မှာလဲ တဲ့ ။


ငါ စဉ်းစားလို့ ရတာကတော့ သည်ငွေတွေ ကို သည်အတိုင်း သယ်သွားမယ့် အစား မှောင်ခိုထည်တွေ ဝယ်ခြမ်းသွားချင်တယ် ။ ရန်ကုန် ကျယင်လဲ ဖောက်သည်ဈေးနဲ့ မသွင်းနဲ့ ။ သုဝဏ္ဏ မှာပဲ အထည်ဆိုင်ကလေး ဖွင့် ။


အောင်သိန်း ကတော့ သဘော မတူဘူး ။ ဒါပေမယ့်လဲ အကျောက်အကန်တော့လဲ မကန့်ကွက်ဘူး ။ ငါ့ သဘော တခုပဲ ... တဲ့ ။


ငါ့ သဘော မပြောလဲပဲ ငါ က သည်တခါတော့ မရတော့ဘူး ။ ပိုင်းဖြတ် ထားလိုက်ပြီ ။ ပစ္စည်းတွေ ဝယ်တယ် ။


အထူးသဖြင့် ပါတိတ်တွေ ဆိုပါတော့ ။ လေးရာ့ရှစ်ဆယ် ဈေးပဲ ရှိတယ် ။ တထည်ချင်း ရောင်းမယ်ဆိုယင် ငါးဆယ့်ငါးကျပ် ရနိုင်တယ် ။


ရုံးသမားတွေ ဆိုယင်တော့ တနေ့ နှစ်ကျပ် သွင်း ။ ရက်ပေါင်းသုံးဆယ် သွင်း ။ ထဘီ တထည် ခြောက်ဆယ် ။ ထဘီ တစ်ထည် ကို ဆယ့်နှစ်ကျပ် အေးအေးဆေးဆေး မြတ်မယ် ။


ပါတိတ် က အထည် သုံးဆယ် ဝယ်တယ် ။ အဆင်ဆန်းတွေ ချည်းပဲ ။ ဆယ်ထည်တစည်း ကို လေးရာ့ရှစ်ဆယ် ဆိုတော့ တထောင့်ငါးရာ နား ကပ်သွား ရော ။


ခေါက်ထီး ကတော့ လေးရာ့နှစ်ဆယ် ဈေး ။ သွင်းဈေး ကတော့ သိပ် မရှိဘူး ။ လေးရာ့ငါးဆယ်ခြောက်ဆယ် ဆိုတာ အာဏာ ကုန်ပဲ ။


သည်တော့ တလက်ချင်းပဲ ရောင်းမယ် ။ ငါးဆယ် ၊ ငါးဆယ့်ငါးကျပ် ရမယ် ။ ထီး ကတော့ ငါးလက်လောက်ပဲ ။ နှစ်ရာကျော် သွားရော ။


ရှံ ကျတော့ မကိုက်ဘူး ။ မော်လမြိုင် မှာတွင် ဆယ်ကိုက်နှုန်း သုံးရာ့ရှစ်ဆယ် ဈေးလောက် ဖြစ်နေတယ် ။ အရင်း များတယ် ။ အမြတ် နည်းတယ် ။ ကိုယ့် ငွေနဲ့လဲ လက်လှမ်း မမီလို့ မကိုင်ဘူး ။


ပလတ်စတစ်ပစ္စည်း တွေကတော့ မဆိုးဘူး ။ အရင်းအနှီး နည်းတယ် ။ အမြတ် များတယ် ။


သည်တော့ ပလတ်စတစ် ခြင်း တို့ ခွက် တို့ ရေဘူး တို့ လက်လှမ်းမှီရာ ပစ္စည်းကလေးတွေ ဝယ်လိုက်တယ် ။


ဈေးကိုင် ရုံးကိုင် ပလတ်စတစ်ခြင်း ဆိုယင် နှစ်ရာ့နှစ်ဆယ် ဈေးပဲ ရှိတယ် ။ ရန်ကုန် မှာ တလုံးဈေး နှစ်ဆယ့်ခုနစ်ကျပ် တော့ ရနိုင်တယ် ။


သည်တော့ ပလတ်စတစ်ခြင်း ကြီး လတ် ငယ် ဝယ်တယ် ။ ထမင်းအုပ် ၊ စကာ စတဲ့ ပစ္စည်းကလေးတွေလည်း တထောင် ဖိုးလောက် ဝယ်လိုက်တယ် ။


အချိုမှုန့် အိုးတံဆိပ် အထုပ် နှစ်ရာ လဲ ဝယ်ခဲ့တယ် ။ ခြောက်ရာ ဈေး ။


ဆိုင်တော့ ဘယ်ဆီနေမှန်း မသိသေးဘူး ။ ပစ္စည်းတွေတော့ ဝယ်လိုက်လိုက်ပြီ ။ ဖြစ်ချင်ရာဖြစ် လို့ပဲ သဘောထားလိုက်ပြီ ။ ငွေလေးထောင် ကုန်သွားတယ် ။ ပါလာတာကလေး နဲ့ ဆိုတော့ ဘာပဲပြောပြော လက်ထဲမှာ တထောင်ကျော်ကျော် ပဲ ကျန်တော့တယ် ။


စပို့ရှပ်ကလေး လေးငါးထည်လောက် ထပ်ပြီး အစမ်းဝယ်လိုက်တယ် ။


စမ်းကြည့်တာလေ ။ အလုပ်ဖြစ်မယ် ဆိုယင် အောင်သိန်း ကို တခေါက် ပြန်လွှတ်မယ် ။ ငါ ဆိုင် ထိုင်မယ် ။ အလုပ် မဖြစ်ယင်လဲ ငွေချည့်သုံးတာ နဲ့ စာယင် ပစ္စည်းရောင်း သုံးတာက တော်ဦးမယ် ။ နှစ်လ စားရမယ့် နေရာမှာ သုံးလ စားရမယ် ။


အမေ့ အိမ် ရောက်တော့ ပစ္စည်းတွေလဲ ပါလာတယ် ပြောတော့ ။ အမေ က အံ့ဩနေတယ် ။ တသက်လုံး အမေ ချက်ကျွေးတာ လက်ဆေး စားလာတဲ့ ကောင်မ က မှောင်ခို ကုန် ကူးပြီး ၊ မှောင်ခို ပစ္စည်း ရောင်းမယ် ဆိုတော့ အမေ မအံ့ဩပဲ ဘယ် နေမှာလဲ ။


ငါ လှုပ်ရှားသွားလာ လုပ်ကိုင်နေတာကို အမေ ဘာတခု မှ မသိဘူး ။ ငါ့ ညီမ ဆု လဲ မသိဘူး ။ သိလို့လဲ မဖြစ်တဲ့ ကိစ္စပဲ ။


သည်တော့ အောင်သိန်း အိမ်ပွဲစား ကားပွဲစား လုပ်တာ မဆိုးပါဘူး ဆိုပြီး အမေ့ကို လိမ်ညာထားရတယ် ။


ငါ ကလဲ တမျိုးပဲ ငါ နဲ့ ပတ်သက်တဲ့ ငါ့ လင် ကို ငါ့ အမေ ငါ့ ညီမ က အထင်အမြင် မသေးစေချင်ဘူး ။


ကြုံဖူးပြီလေ ... ငလွင် နဲ့ တုန်းကပေါ့ ။ ငလွင် မကောင်းကြောင်း ၊ မယား နဲ့ ညီမ ယှဉ်ယင် ညီမ ဘက် ပါကြောင်း အမေ့ ကို ပြောပြဖူးထားတော့ အမေ ကလဲ ငလွင် ကို အစိုင်အခဲကလေးတော့ ဖြစ်နေရော ...


ငါ နဲ့ စကား များတော့ သမီး ဘက်က တခွန်းစ နှစ်ခွန်းစ ဝင်ပြောတော့ တာပေါ့ ။


ဒါကြောင့် ငါ က အောင်သိန်း နဲ့ ပတ်သက်ပြီး အမေ့ ကို အမွှန်းတင် ပြောထားတယ် ။ စီးပွားရှာ ကောင်းကြောင်း ။ ငါ့ ကို ဘယ်လောက် ဂရုစိုက်ကြောင်း ပြောထားတယ် ။


ဘာပဲ ပြောပြော ငါ့ အမေ ကလဲ ငါ့ ကို တလင် နဲ့ပဲ မြင်ချင်တာကိုး ... ။ ငလွင် နဲ့ ကွဲရတဲ့ အကြောင်းမှာ အောင်သိန်း ရဲ့ ပယောဂ ပါတယ် ဆိုတာလဲ သိထားတယ် ။


သည်တော့ အောင်သိန်း ကို အမေ သိပ်ပြီး မျက်စိထဲ မတွေ့ချင်ဘူး ။ ဒါကြောင့်လဲ မသိမသာကလေး အိမ်ပေါ် က နှင်လွတ်ထားတာ မဟုတ်လား ... ။


ခု ပစ္စည်းတွေ ပါလာတယ် ဆိုတော့ အမေ ကလဲ ငါ့ မရောင်းတတ် မဝယ်တတ်မှာ စိုးရိမ်တယ် ။ ဖောက်သည်ဈေး နဲ့ သွင်းဖို့ အမေ က တိုက်တွန်းသေးတယ် ။


ဒါပေမယ် ငါ့  ရည်မှန်းချက် နဲ့ ငါ ဆိုတော့ ကိုယ်တိုင်ပဲ လက်လီ ရောင်းကြည့်ချင်တယ်လို့ ပြောရတော့တာပေါ့ ။


သည်တော့ မတတ်သာတဲ့ အဆုံး အမေ က ပြောတယ် ။ အမေ့ အိမ်ကို ပြန်ပြောင်းလာခဲ့ပါတဲ့ ။


ပုစွန်တောင်ဈေး ထဲက အမေ့ အသိ ဆိုင် တဆိုင် အားနေတယ်တဲ့ ။ အဲသည် ဆိုင်မှာ တင်ရောင်းချင်ယင် ရောင်းလို့ ရနိုင်တယ်တဲ့ ။ ပြောပေးမယ် ပြောတယ် ။


ငါ အောင်သိန်း ကို မတိုင်ပင်တော့ဘူး ။ သူ့ ပါ ခေါ်ပြီး သုဝဏ္ဏ ကနေ အမေ့ အိမ် ကို ပြောင်းတက်ခဲ့တယ် ။ ဟိုဘက် လောကနဲ့လဲ တခါတည်း ပြတ်အောင်လို့ ။


မော်လမြိုင် က အပြန်မှာ ငွေ တန်ဖိုး ကို အတော် သိလာကြတယ် ။ မှောင်ခို အရောင်းအဝယ် လုပ်နေတဲ့ မိန်းမငယ်လေးတွေ ကို ကြည့်ပြီး ရင်ထဲ မောမိတယ် ။


မိန်းမ လဲ မိန်းမ အလျောက် မလွယ်ပါဘူး ။ ယောက်ျား လဲ ယောက်ျား အလျောက် မလွယ်ပါဘူး ။ စိတ်မောရတယ် ။ လူမောရတယ် ။ ငွေရှင် ဘက်က ကြည့်ယင်လဲ ရင် တမမ ။ ပစ္စည်း အသိမ်းခံရပြန်ယင်လဲ နစ်ပြန်ရော ။


ပစ္စည်းသယ် တဲ့ မိန်းကလေးတွေ ဆိုပါတော့ ။ အပျိုစင်စစ် က ကိုယ်ဝန်ဆောင် ပုံ ပေါက်နေတယ် ။ အထည်တွေ ကို ခါးမှာ ပတ်လာရတာကို ။


ငွေကလေး အနည်းအကျဉ်း မြတ်ဖို့ သွားရ ၊ လာရ ၊ စွန့်စားရတာ မလွယ်ဘူး ။


ငါတို့ လုပ်ငန်းကို ကြည့်တော့လဲ မှောင်ခို ထက်တော့ ငွေ ပိုရပါရဲ့ ။


ဒါပေမယ့် ငါတို့ လဲပဲ မှောင်ခိုသမားတွေလို ပါပဲ ။ ကျီးလန့်စာစား အလုပ် လုပ်ရတာပဲ ။ စိတ်ပန်းတယ် ။ လူပန်းတယ် ။ ပိုဆိုးတာက ဘဝ ပါ ပန်းတယ် ။


သည်တော့ အားခဲ မိတယ် ။ ကောင်းရောင်းကောင်းဝယ် စမ်းကြည့်မယ် ။


◾မောင်သာရ


📖ပြုံးတတ်တယ် ခေါင်းညိတ်တတ်တယ် 


koaungnaingoo.blogspot.com


.