Saturday, January 7, 2023

လူသားသစ်


 

❝ လူသားသစ် ❞

“ အနာဂတ်လှိုင်း ” စာအုပ် ကို ဖတ် နေစဉ် အမေ က ထမင်း စား ရအောင် ဟု ခေါ်သည် ။ ကျွန်တော် အမေ့ ကို ကြည့် ပြီး ခေါင်း ရမ်းပြလိုက်၏ ။ ထမင်းဝိုင်း မှာ အဖေ ၊ အမေ နှင့် ညီမလေး နှစ်ယောက် ။ မိသားစု အားလုံး စုံစုံညီညီ ဖြစ်ဖို့ ကျန် နေ သူ ကား ကျွန်တော် ။ ထမင်းစားပွဲ ပေါ် မှာ ကြက်ဟင်းခါးသီး ဟင်း တစ်ခွက် က တော့ ကျွန်တော့် အတွက် အမေ ၏ သီးသန့် လက်ရာ ဖြစ်ပါလိမ့်မည် ။ ထမင်း မစား တာ ခြောက်ရက် တောင် ရှိပြီ ဟု အဖေ က ပြောသည် ။ မိသားစု အားလုံး က မှတ်မှတ်ရရ ရှိနေ၏ ။ ဆရာဝန် နဲ့ ပြ ကြည့်ပါဦး လို့ အမေ့ စိုးရိမ်သော စကား သံ ကို “ ဟုတ်သားပဲ အစ်ကိုကြီးရယ် ” ဟု ညီမငယ် က ထောက်ခံ ပြောဆိုလေသည် ။

“ ကျွန်တော် ဘာမှ မဖြစ်ဘူး အမေ ။ ခါတိုင်းလိုပဲ သွားတာ ၊ လာတာ ၊ လှုပ်ရှားတာ ပုံမှန် အတိုင်းပဲ ။ ထမင်း မစားတာရယ် ၊ ကျင်ကြီး မစွန့်တာရယ် ဒီနှစ်ခု ပဲ ထူးခြား သွားတာပါ ။ မနေ့ က ခိုင်ကြီး နဲ့ တွေ့ လို့ သွေးပေါင်ချိန် ပေး လိုက်သေးတယ် ။ အပေါ် က တစ်ရာ့ရှစ်ဆယ် ၊ အောက် က ရှစ်ဆယ် တဲ့ ။ ဆရာဝန် သွား ပြလည်း ငွေကုန်ရုံပဲ ရှိ မှာပေါ့ ။ မရှိတဲ့ ရောဂါ ဟာ ဆရာဝန် နဲ့ တွေ့ခါ မှ ရောဂါ ဖြစ်တယ် ဆိုရင် လိမ်တဲ့ ဆရာဝန် တစ်ယောက် လောကကြီး မှာ တိုး လာပါဦးမယ် ”

ကျွန်တော့် စကား ကို အဖေ က လက်ခံ ချင်ပုံ မရ ။ အဖေ့ မျက်လုံး ထဲ မှာ “ ဒီကောင် ကြောင်နေပြီ ” ဟူသော အဓိပ္ပါယ် ခပ်ရေးရေး ကို တွေ့ ရသည် ။ ကိုယ့် သား မို့ လျှော့လျှော့ပေါ့ပေါ့ အမှတ် ပေးထား သလား မပြောတတ် ။ ကျွန်တော် သာ ခပ် ကြောင်ကြောင် လူ တစ်ယောက် ဖြစ်သွားပါက ခပ် ကြောင်ကြောင် လူ တစ်ယောက် ရဲ့ အဖေ လို့ အခေါ် ခံရ မှာ ကို အဖေ ကြောက် နေရော့သလား ။ အားကိုးဖော် မရတော့ မှာ စိုးရိမ် နေသလား ။ သားသမီး မကောင်း မိဘ ခေါင်း ကို ဆိုတော့ မကောင်း သော သား တစ်ယောက် ဖြစ် မှာ ကျွန်တော့် အပေါ် မေတ္တာသက်လေသလား ။ အဖေ့ မျက်နှာ က ဖတ်စာ အချို့ ကို ကျွန်တော် ထိုသို့ ဘာသာပြန် ဖြစ်ပါသည် ။ စာအုပ် ထုတ် လျှင် အနည်းဆုံး တစ်အုပ် တော့ ရောင်း ရ ပါလိမ့်မည် ။ အဘယ်ကြောင့် ဆိုသော် ကျွန်တော့် ကို ကြိုက် နေသော ကောင်မလေး က ဝယ်ယူ ဖတ်ရှုမှာ သေချာ သော ကြောင့် ဖြစ်ပါသည် ။

“ သေချာရဲ့လား ကွာ ၊ မင်း ဟာ ကြည့်လည်း လုပ်ပါဦး ”

ကျွန်တော် ထမင်း မဆာလို့ မစားတဲ့ အကြောင်း ကို ပြောပြမိ၍ လက်ဖက်ရည် အတူ သောက် နေသူများ ထဲ မှာ မောင်မောင်အောင် ရဲ့ တုံ့ပြန်သော စကား ၊ သူ က “ အကြားအမြင် ပို့ဆောင်ရေး ” ဌာန မှာ အလုပ် လုပ်နေသူ ။ ( စာ ထည့် လိုလျှင် သို့မဟုတ် ဖုန်း ဆက် လိုလျှင် သူ့ ရုံး သို့ သွား ရပါသည် ။ ) ကျွန်တော် က တော့ စာ ထည့် သည့် အခါတိုင်း သူ နှင့် ပေး လိုက်တာ များပါသည် ။ နောက် တစ်ယောက် က တင်စိုး ။ သူ က တော့ ထမင်း စားဖို့ အတွက် ဖခင် ရဲ့ အမွေ လယ်ယာ လုပ် နေသလို လူသား စိတ်ဓာတ် ပြုပြင်ရေး ဝပ်ရှော့ ထောင် ထားသည် ။ စီးပွားရေး မပါ ဝါသနာ ပါ လွန်းသည့် အတွက် ကြောင့် သူ က ဦးဆောင် ပြီး လုပ်ငန်း ဖြစ်အောင် ကြိုးစားခဲ့သူ ။ ဒါပေမဲ့ သူ့ ဝပ်ရှော့ မှာ ဘယ်သူ မှ မရှိ ၊ ဗိုက် ကို အကြောင်းပြပြီး အဖွဲ့ဝင်တွေ ဟာ အသံ ထက် နှစ်ဆ သာတဲ့ နှုန်း ဖြင့် ထွက် သွားကြပြီ လို့ ပြောသည် ။ သူ တစ်ယောက် တည်း ဖြစ်၍ လုပ်ငန်း ဟာ ပက်ကျိ တစ်ကောင် လမ်း မှား နေသလိုမျိုး စိတ်ကြိုက် ပြုပြင်လို့ ရ၍ အဲဒီလူ ဟာ နောက် တစ်ခါ သူ့ဝပ်ရှော့ ထပ် လာ မှာ ကျိန်းသေ ။ ဝေဒနာရှင် ဟာ ပင်ကို ရောဂါ ပျောက် သွားပြီး သူ့ စကား ကို လေးစား ယုံကြည်သည့် ရောဂါသစ် ပေါ် လာလို့ ဟု ပြောလေ့ ရှိပေသည် ။

“ မင်း ကိစ္စ ကို ပေါ့ပေါ့ဆဆ လုပ် မနေနဲ့ ။ အစာအိမ်ကင်ဆာ ဖြစ် နေရင် ဘယ်လို လုပ်မလဲ ”

ကရုဏာ ပါသော လေသံ ဖြင့် တင်စိုး က ပြော၏ ။ ကားတစ်စီး ဖြတ် သွား၍ ဖုန်များ က ကျွန်တော် တို့ နှာခေါင်း ကို လာရောက် နှုတ်ဆက်ကြသည် ။ ဖုန်တွေ ကို အပြစ် မမြင်ကြပါ ။ ကျွန်တော့် မြို့ က လူများ နှင့် ဖုန်များ သည် ရင်းနှီး ကျွမ်းဝင်သည့် ချစ်သူများ ဖြစ် နေကြပါပြီ ။ မိုးဥတု ရောက်၍ ခွဲခွာရသည် ကို ပင် လွမ်းဆွတ် ဝမ်းနည်း နေကြသည် ။ မိုး ရွာလျှင် ရွှံ့ဗွက် ထမည် ။ လမ်း လျှောက်ရတာ မကောင်း ၊ ခရီးသွား နှုန်း ကြန့်ကြာမည် ။ ခြေထောက်များ အား ရေ ဆေးရမည် ။ မြို့ တည်သည် မှာ မကြာသေး၍ ဤ သဘာဝ တရား ကို မြို့လူထု က သုခ လို့ လက်ခံ နိုင်နေပေသည် ။

“ ဟုတ်တယ် ၊ ဆရာဝန်ကြီး နဲ့ ပြ ကြည့်ပါလား ”

ပိတ် ထားသော နှာခေါင်း နှင့် ပါးစပ် ပေါ် မှ လက် ကို ဖယ်၍ သန်းနိုင် က တိုက်တွန်း စကား ဆိုသည် ။ သူတို့ သုံးယောက် စလုံး ကျွန်တော့် အတွက် ထန်းရည် တစ်ပုလင်း သို့မဟုတ် ဘီယာ တစ်ဘူးစာခန့် ခေါင်း စား သွားလိမ့်မည် ။ အဘယ်ကြောင့် ဆိုသော အဖြေ မရှိသော ပုစ္ဆာ တစ်ပုဒ် ကို ပေးခဲ့မိသောကြောင့် ဖြစ်ပါသည် ။

“ ပေးခဲ့ မိတာ မမှားပါဘူး ၊ ရောဂါ မရှိဘူး လို့ ပြောနိုင်တာ တစ်ခွန်းတည်း နဲ့ တန်ပါတယ် ”

အတွေ့အကြုံ.ကို ရောင်းဝယ်ရေး လုပ်နေသော သန်းနိုင် က စီးပွားရေးသီအိုရီ နှင့် ထောက် ပြသည် ။ မရှိဘူး ဆိုတာ သိနေသော ကျွန်တော့် မှာ ဘာမှ ထူးထူးခြားခြား မရှိဘဲ အသပြာ နှင့် ပေးဆပ်နေရသည့် ထို မိတ်ဆွေများ ၏ တွန်းအား ကြောင့် ဆရာဝန် ထံ သို့ ရောက်ခဲ့ရခြင်း ဖြစ်၏ ။

“ ထမင်း မစားတာ ဘယ်လောက် ကြာပြီလဲ ”

“ အတိအကျတော့ မသိဘူး ။ ကျွန်တော့် အိမ် က မိဘတွေ ပြောတာ အရ ဆိုရင် ခြောက်ရက် ရှိပြီတဲ့ ”

“ တခြား ဘာတွေ စားသေးသလဲ ”

“ အဖတ် မှန်သမျှ ဘာမှ စားချင်စိတ် မရှိပါဘူး ”

“ ဘာ အရည်တွေ သောက်သလဲ”

“ ရေ က လွဲရင် ဘာမှ သောက်လို့ မရပါဘူး ”

“ အထိုင် အထ တွေ မှာ ခေါင်းထဲ မှာ ရှင်းရှင်းလင်းလင်း ရှိရဲ့ လား ”

“ ရှင်းရှင်းပါပဲ ”

“ ခဏ လှဲ ဗျာ ”

ဟု ပြောပြီး နောက် သွေးပေါင် ချိန် ၍ စမ်းသပ်ပါတော့သည် ။ နာရီဝက် ခန့် ကြာ ပါလိမ့်မည် ။

“ ခန္ဓာကိုယ် တစ်ခုလုံး သမားရိုးကျ ပါ ပဲ ။ အထွေအထူး မတွေ့ရ ၊ ဒါပဲတတ်နိုင်သည် ။ ပို စိတ်ချရအောင် ရန်ကုန်မှာ သွားပြပါ ”

ဟု စကား လက်စ သိမ်းလိုက်၏ ။ ကျွန်တော့် မိသားစုနှင့် ( မိဘ နှစ်ပါး ညီမ နှစ်ယောက် သာ ဖြစ်သည် ။ ကျွန်တော် မိန်းမ မရသေးပါ ။ ) မိတ်ဆွေများ အလွန် စိုးရိမ် နေကြသဖြင့် အထူးကု ဆရာဝန်ကြီးများ နှင့် စစ်ဆေးရန်အတည် ပြု ပြဋ္ဌာန်း ကြပါသည် ။ ထမင်း မစားဘဲ နေ နိုင်တာ မကောင်းဘူးလား ။ ကျွန်တော့် လို လူတွေ ရှိ နေရင် ကမ္ဘာ မှာ စားနပ်ရိက္ခာ ပပျောက်ရေး အဖွဲ့အစည်း တစ်ရပ် ပေါ်ပေါက်လာနိုင်၏ ။ ရယ်စရာ ပြက်လုံး မဟုတ်ပါ ။ မြန်မာပြည် မှာ လည်း ကျွန်တော့် လို လူတွေ အများကြီး လိုအပ် နေပါသည် ။ အဘယ့်ကြောင့် ဆိုသော် ပြည်ပ ကို ဆန် များများ တင်ပို့ နိုင်ပါ က ဒေါ်လာ များများ ရနိုင် သော ကြောင့် ဖြစ်ပါသည် ။ ရ နိုင် သော နေရာတွေ မှာ လူများ မရှိကြပါ ။ မရချင် ယောင် ဟန် ဆောင် နေသော ပြဇာတ် တစ်ပုဒ် ကို လူများ အချိန် ဖြင့် ဝယ်ယူ အားပေး နေကြပါသည် ။ သရုပ်ဆောင် ဆိုတာ လူ ၊ လူ ဆိုတာ သရုပ်ဆောင် ။ ကိုယ့် ပြဇာတ် ကိုယ် အားမပေးဘဲ သူ တစ်ပါး ကို ငွေ ပေးနေပါလိမ့် ။ ဒွေး ကို ဘယ်သူ ကား ဝယ် ပေးတာလဲ ။ ထက်ထက်မိုးဦး ကို ဘယ်သူ က စိန် တစ်ဆင်စာ ဆင် ပေးတာလဲ ။ ကျွန်တော် က ထမင်း ကို မစားတာလား ။ ထမင်း က ကျွန်တော့် ကို မစားတာလား ။ မစား တာ က ထမင်း နဲ့ ကျွန်တော့် ကို လား ။

ကျေးဇူးပြုပြီး ဖော်ထုတ်ပါဦး ဆရာ အယ်လ်ဗတ်အိုင်းစတိုင်း ။ တချို့က အိုင်စတိုင်း လို့ ခေါ် ကြသည် ။ ဘာသာစကား အားပြတ် နေသော ကျွန်တော့် အသံထွက် အမှန် ကို မသိပါ ။ ( ဂျာမနီနိုင်ငံသားတွေ အခေါ် က ပို၍ တိကျပါလိမ့်မည် ။ )

ကျွန်တော့် သတင်း က တစ်မြို့လုံး ပျံ့နှံ့နေပြီ ။ ဘယ်သူ က အသံ ဖြင့် အခမဲ့ ( မေတ္တာ ဖြင့်) သရုပ်ဆောင်မှန်း မသိ ။

“ ရေဆွမ်းကိုယ်တော် လုပ် မလို့နဲ့ တူတယ် ”

“ စောစောသေချင်လို့ နေမှာပေါ့ ”

“ အာရုံကြော ထိခိုက် လို့ စားရမှန်း မသိတာ ”

“ ဝိဇ္ဇာဓိုရ်တွေ က အာဟာရ သိဒ္ဓိ ပြီးတဲ့ ဆေး တိုက်ထားလို့လား ”

“ ပုံမှန် စိတ် ဖောက်ပြန်တာပါ ”

ပြက်ရယ်ပြုသော စကား ။ ကဲ့ရဲ့ သော စကား ။ ချိန်ခွင်လျှာ ညှိသော စကား ။ ရောဂါ ပျောက်စေချင်သော စကား ။ ပရလောက ကို ယုံကြည်သော စကား ။ အရူး လို့ သတ်မှတ် သော စကား ။ ထို သူတွေ ဟာ ပန်းပွင့် မဟုတ်ပါ ။ ( ပျားတွေ အတွက်လည်း အသုံးဝင် ပစ္စည်း မဟုတ် ။ ) မစင် မဟုတ်ပါ ။ ( မည်သူမှ ဟိုတယ် ၊ မိုတယ် မဆောက်နိုင် ) သစ်တော တစ်ခု ဟုတ်ပါ ။ ( ရာသီဥတု ကို မမျှတစေပါ ) ကောင်းကင် မဟုတ်ပါ ။ ( ငှက်များ အတွက် လွတ်လပ်စွာ မပျံသန်းနိုင်ပါ ။ ) ကျွန်တော့် ကို နားလည်၍ မဟုတ်ပါ ။ ( စိတ်ထင်ရာ ပြော နေခြင်းဖြစ်ပါသည် ။ ) အပြောင်းအလဲ မမြန်ပါ ။ ဦးနှောက် က ကွန်ပျူတာ ထက် မြန်၏ ။ ကွန်ပျူတာ မှာ ချစ်ခြင်း ၊ မုန်းခြင်း ၊ မနာလိုခြင်း ၊ အပြစ်တင်ခြင်း ၊ ဝေဖန်ခြင်း မရှိ ။ လူ့ မှာ အားလုံး ရှိသည် ။ အဘယ်ကြောင့် ဆိုသော် တဏှာ ( ငါ ဟု စွဲလန်းခြင်း ) မာန ( ငါ ဟု အထင်ကြီးခြင်း ) ဒိဋ္ဌိ( ငါ ဟု ရှိသည်ကို ဆုံးဖြတ်ခြင်း ) ဟူသော ပပဉ္စ မတရားသုံးပါး ရှိသော ကြောင့် ဟု ဘုရားရှင် မိန့်မှာတော်မူခဲ့ပါသည် ။

“ ဘုရားရှင် မိန့်မှာတော်မူခဲ့သလို သဗ္ဗေသတ္တာ ကမ္မသကာပေါ့ဗျာ ”

“ ခင်ဗျား မှာ ဘာ ရောဂါမှ မတွေ့ပါဘူး ။ နှလုံး ၊ အသည်း ၊ အဆုပ် ၊ ကျောက်ကပ်ခန္ဓာကိုယ် ထဲ မှာ ( normal ) ဟု ပြောသည် ။ ကျွန်တော့် ဆုံးဖြတ်ချက် မဟုတ်ဘူး ။ စက် က ပြောတဲ့ အဖြေ ဟာ ပို တိကျပါတယ် ”

ဟု လည်း သက်သေ ထူ သေးသည် ။

“ အစာ မစားဘဲ နေနိုင်တော့ စားစရိတ် သက်သာပြီး ငွေပိုငွေလျှံ သုံး နိုင်တာပေါ့ ။ စား ရတဲ့ ဒုက္ခ ၊ စွန့်ရတဲ့ ဒုက္ခ လည်း ငြိမ်း သွားတယ်လေ ”

“ ဆရာကြီး တစ်ယောက် ပဲ ကျွန်တော့် ကို နားလည် သလို ရှိတာ ”

“ စားသုံးကုန်တွေ ကို ဈေးကစားတဲ့ လူတွေ ရဲ့ လက် ထဲ က လွတ်တာ လည်း ခင်ဗျားတစ်ယောက် တည်း ရှိတယ် ”

“ အဲဒါ ဝမ်းသာစရာ လို့ ထင်ပါတယ် ”

“ ရေ တစ်မျိုး တည်း သောက်ရုံ နဲ့ ခန္ဓာကိုယ် က အဆင် ပြေ နေတော့ ဘယ်သူ မှ ခင်ဗျား ကို လက်ဖက်ရည်ဖိုး ပေးစရာ ၊ တိုက်စရာ မလိုတော့ဘူးပေါ့ ”

“ လူတွေ စိတ်ချမ်းသာရင် ကျေနပ်စရာပဲ ”

ခုချိန်မှာ ကျွန်တော် သည် မြစ် တစ်စင်း ဖြစ်၏ ။ ( မြစ်ရေ ကို သုံးယူ နေသူ သာ ရှိ၍ ထည့်ဖြည့်နေသူ မရှိပါ ။ ) ကျွန်တော့် ကို လက်ဖက်ရည် တိုက်ဖို့ မလို၍ လက်ဖက်ရည် ကို ကျွန်တော် က တိုက် နေရပါသည် ။ ကျားတွေ လက်ဖက်ရည်ဖိုး မတောင်းကြပါ ။ လူသားများ ထက် စည်းကမ်း ရှိပါသည် ။ ကားတိုက် ခံရသော ခွေး တစ်ကောင် ကို မည်သူ မှ လျော်ကြေး မပေးပါ ။ တရား စွဲမည့် ခွေး မရှိ၍ ဖြစ်ပါလိမ့်မည် ။ ခင်ဗျား ဘာ ပြော ချင်သေးလဲ ဟု ဆိုတော့ -

“ ကျွန်တော့် မှာ အစာအိမ် ရော ရှိသေးလား ”

“ အစာအိမ် ရှိ လို့ ရေ သောက် လို့ ရတာပေါ့ ။ ခင်ဗျား သာ ကား တစ်စီး ဆို ရင် ရေနံ ပြဿနာ လည်း မရှိတော့ဘူး ”

ဟု ပြော သည် ။ ကျွန်တော့် မျိုးစေ့ ကို တောင်းသည် ။ ကမ္ဘာ မှာ ကျွန်တော့် လို လူတွေ အများကြီး မွေးထုတ်ရမည် ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ မှ တစ်ဆင့် ပြည်ပ သုတေသနများ ထံ ပေးပို့တင်ပြ၍ ပုံတူ ပွား ( အစာအိမ် အဓိက ) မည် ဟု ဆိုသည် ။ အဘယ်ကြောင့် ဆိုသော် ကျွန်တော် သည် လူသား စစ်စစ် တစ်ယောက် ဟု လက်ခံ ထားသောကြောင့် ဖြစ်ပါသည် ။

◾မင်းဝေနိုင် ( ဟင်္သာတ )

📖 ရနံ့သစ်
      ၂၀၀၉ ခုနှစ် ၊ သြဂုတ်လ ၊

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment