❝ မျှော်လင်ချက် ရောင်ခြည်မြို့တော် သို့ ဆောင်း ရောက်ရှိလာခြင်း ❞
သည် မြို့လေး သို့ ဆောင်း ရောက်ရှိ လာ ပုံ က ညင်သာ လွန်း ၍ အစ တွင် သတိ မထားမိနိုင် ။ စောစောပိုင်း ရက်များ က မိုးရိပ်မိုးယောင် ရှိသည့် တိုင် နေ စောစီး စွာ ပွင့် ခဲ့၏ ။ ဝေးဝေး က တောင်တန်းတွေ ထိပ် မှာ လွင့်ပါး နေသော တောင်ခိုးငွေ့များ ကို စိမ်းညို့ညို့ တောင်တန်းကြီးများ နောက်ခံ နှင့် မြင်တွေ့ ခဲ့ ရသည် ။ နေခြည်ဖြာ၍ နွေးထွေး လာ လျှင် နှင်းမှုန် တို့ အရည်ပျော်ကျ လာကာ တစ်မိုးလုံး မှိုင်းရီမှုန် လာခဲ့သည် ။ မြို့ကလေး မှာ လည်း နှင်းမြူ ဖြင့် ဖုံးလွှမ်း သွား ခဲ့သည် ။ နှင်းမြူ ပိတ်ဖုံးသွားသော အခါမူ ဘယ်ဆီ တောင်တန်း ၊ ဘယ်ဆီ ကောင်းကင် ၊ ဘယ်ဆီ ရေပြင် မမြင် ရ နိုင်တော့ ။ အမြူပြင်ကြီး သည် သာ တစ်စ တစ်စ ကျယ်ပြော လာ ခဲ့တော့သည် ။
မိုးတွင်း ဆီ က တဟီဟီ မြည်ကာ လျှံ တက်လာခဲ့သော နန့်ယင်းချောင်း ရေပြင် ပင် ရပ်တန် ခဲ့ ပြီး ရေခိုးရေငွေ့ တို့ သည် သာ ရေပြင် ထက် မှာ လှုပ်ရှား လွင့်ပါး နေခဲ့သည် ။ ချောင်းရေ တွေ အေးခဲ ကုန်ပြီလား ဟု နန့်ယင်း ချောင်းကူး တံတား ပေါ် ဖြတ် တိုင်း ကြည့်မိရ၏ ။ သူ့ လက်တွေ တော့ ထုံကျင် အေးခဲနေခဲ့ပြီ ဖြစ်သည် ။ စက်ဘီး လက်ကိုင် ဆုပ်ကိုင် လို့ ဆုပ်ကိုင် ရ မှန်း မသိချင်တော့ ။ သည် မြို့သားတွေ လို လက်နှစ်ဖက် လုံး ဂျင်းဂျက်ကက်အိတ်တွေ ထဲ ထည့်ကာ လက် လွှတ် စက်ဘီး စီး ကျွမ်းရင် လည်း ကောင်း လေသားပဲ ။ သူ က မူ မြို့ပြင် ပတ်လမ်း အတိုင်း မြို့ တစ်ပတ် စက်ဘီးစီး လို့ ကောင်းလှပေသော ဆောင်းရက်များ အမီ ဘီး စီးတတ်လာရုံလေး ရှိ ပါသေးသည် ။
မြို့ကလေး ကို ဝန်းရံထားသော မြို့ပြင် ပတ်လမ်း မှာ တစ်ဖက်ဝေးဝေး က တောင်တန်းညိုညိုကြီးတွေ နှင့် ယှဉ်၍ ဘီး စီး ရသော လွင့်မျော အရသာ ကို မိုးတွင်း ဆီ က မရခဲ့ နိုင် ။ မိုးတွင်း က မြို့ကလေး ရဲ့နေရာ အတော်များများ ကို ရေ ရောက်ခဲ့၏ ။ အိမ် ရဲ့ အနိမ့်ပိုင်းများ ပါ ရေ နစ်မြုပ် လာ တော့ ပစ္စည်းတွေ ရေ လွတ်ရာ ရွှေ့ကြရ ၊ ဒူးဆစ် ထိ ရေ ထဲ မှာ ဖြတ် ရ နှင့် မိုး သည်းသည်း အောက် မှာ ဗျာ များ ခဲ့ရသေး၏ ။ ထိုအချိန် မှာ ဆေးရုံ ၌ လူနာတွေ က အပြည့်ပေါ့ ။ ဘယ်တော့ မှ ပျောက်ကွယ် မသွားတော့ဘူးလား မသိ တဲ့ ငှက်ဖျား ပါ ပဲ ။ အနောဖလိစ် ခြင် ရဲ့ ရိုင်းပျမှု အောက် မှာ မြို့ကလေး နှင့် အနီး ပတ်ဝန်းကျင် မှာ စင်း လို့ ခံ နေခဲ့ရပေ၏ ။
နာမည်ကျော် ဖားကန့်ဒေသ အပါအဝင် မှော် လို့ ခေါ် ကြသော ကျောက်စိမ်း ထွက် ရာ ဒေသ နှင့် ပြည်မ ဆက်သွယ် ဖို့ ရာ အနီးဆုံး ဖြစ်သော သည် မြို့ကလေး သို့ နာမကျန်းသူ အဖို့ မိုးရာသီ မှာ ရောက်အောင်လာရဖို့ ပင် မလွယ်ကူ ခဲ့ပါ ။ နှစ်ည အိပ် ခရီး မျှ တောလမ်း တောင်လမ်း မှ ဖြတ်သန်းကြရ ၊ ရံဖန်ရံခါ ရင်ခေါင်း ထိ မြုပ်သော ရွှံ့နွံတော ထဲ မှာ ရုန်းကြရ ဖြင့် လမ်းခရီး ကား ပင်ပန်း ခက်ခဲလှသည် ဟု ဆိုကြပါ၏ ။ တတ်နိုင်သူတွေ က လူနာ ကို ဆင် နှင့် တင်၍ သယ်ယူ လာ ခဲ့ကြသည် ။ လူခြေ နှင့် လာခဲ့တယ် ဟု အချို့ လူနာတွေ စကား ကို အစ မှာ နား မလည် ခဲ့ မိ ။ နောက် မှ လူငှား နှင့် ပိုး လာခဲ့ခြင်း ဟု နားလည် ရ တော့သည် ။ မိုး က လည်း သည် အရပ် တွင် ရွာပြီ ဆို လျှင် သည်း လည်း သည်းထန် ၏ ။ ကြာ လည်း ကြာရှည်တတ်ပါ၏ ။ မိုး မိပြီး ငှက်ဖျား လည်း ဝင် ရင်တော့ တဟီးဟီး ချမ်းဖျား တက် ရှာပြီ ပင် ။ သည် လမ်းခရီး ကို ကြိုးစား ပမ်းစား ရုန်းလာခဲ့ တာ ကိုယ့် အရပ်ဒေသ နှင့် အနီးဆုံး ဆက်သွယ် လို့ ရမည့် မြို့ကလေးရောက်လာ ပြီး ပါ မှ တိမ်းပါးရ ရှာသူတွေ လည်း ရှိခဲ့သည် ။ ဆေး ကုသခွင့် ၂၄ နာရီ ပင် မရ လိုက် ဘဲ လက်လွှတ် ဆုံးရှုံးရသော အဖြစ်များ နှင့် လည်း ကြုံရတတ်ပါ၏ ။ ဆွေ မရှိ ၊ မျိုး မရှိ ၊ မိ မသိ ၊ ဖ မသိ အရပ်မှာ စွန့်စား လာရောက် ကျောက်တူး ကြသူ တွေ ၊ “ အလွယ်လိုက် ” ခေါ် သော ပစ္စည်းထမ်းပိုး လိုက် သူ တွေ ၊ လူငယ်လူရွယ် ပီပီ ဝေးလံခေါင်ဖျား စွန့်စား စီးပွား ရှာ ဖို့ ကြိုးစားကြခါ မှ သည် ငှက်ဖျား က နှိပ်စက် နိုင် ရက် အားတော့သည် ။ ငှက်ဖျားပိုး က ဦးနှောက် အမှေးပါး ကို ရောင်စေ ၊ သွေးနီဥ ကို စား ကာ သွေးအားကင်းမဲ့စေ ၊ ကျောက်ကပ် ကို ထိခိုက် ပျက်စီးစေ အမျိုးမျိုးသော အသွင်သဏ္ဌာန် ဖြင့် သည် မြောက်ပိုင်း တွင် တော့ မိုးငှက်ဖျား က ဆုံးမ , မရ ဆို မနိုင် ခက်ခဲသော ငပွကြီး ပါပဲ ။
တစ်နယ်သား အောက်ပြည် အောက်ရွာ က လူတွေ ကို မြန်မာပြည် မြောက်ပိုင်း ငှက်ဖျား က ပို လို့ ပြင်းထန်စွာ ခံစား စေရုံ မ က သည် နယ်သားများ ကို လည်း အလွတ် မပေးခဲ့ပြန်ချေ ။
ဖေ မေ က မှော် ထဲ တက် ကြစဉ် ဘိုးဘွား နှင့် အပ် ထားခဲ့သော ကလေး တစ်စု က အဖျား တက် လျက် ရှိတတ်ကြသည် ။ ဘူတာရုံ မှာ လဲကျ သတိ လစ် လို့ ဆေးရုံ ရောက် လာ သူ ကတော့ တစ်နယ်သားတွေ သာ ပါ ပဲ ။
••••• ••••• ••••• •••••
ဆေးရုံလေး မှာ ဆေးဝါး မပြည့်စုံလှပေမယ့် နွမ်းပါး လူနာများ အတွက် မူ ဆေးဝါး ရရှိအောင် အမျိုးမျိုး အဖုံဖုံ ကြံဆရသည် သာ ။ အလွယ်ဆုံးသော ကြံဆ နည်း က ကိုယ့် ဂျူတီ မှာ ရောက်လာ သူ အတွက် ကိုယ့် ဆေးဗီရို ကို ဖွင့်လိုက်ခြင်း ပဲ ပေါ့ ။ နည်းနည်း ပို ခက်သော ကြံစည်နည်း က မူ ငွေကြေး ပြည့်စုံသူ လူနာ တွေ ဆေးရုံ အဆင်း မှာ စေတနာ ရှိ သလောက် များလေ ကောင်းလေ ပဲ ပေါ့ ။ နွမ်းပါး ချို့တဲ့ သူ နှင့် မှော်ပြန် တစ်နယ်သား များအတွက် ရည်ရွယ်ကာ အလှူငွေ ကောက်ခံ ပေးထားခဲ့သည် ။ ပတ်ဝန်းကျင် တောရွာလေး မှာလည်း ရိုးသားနွမ်းပါး ကြသည် ။ မြို့ကလေး ရဲ့ စရိတ် ကြီးမြင့်မှု ကို အမီ မလိုက်နိုင်သော ချို့တဲ့ ရှာ သူ တွေ လည်း အများအပြား ပါ ပဲ ။
နှစ်ရက် သုံးရက် တာ သတိ လစ် မြော နေခဲ့ရာ က ဆေးရုံ ခုတင် ပေါ် မှာ ငုတ်တုတ်လေး ထ ထိုင် နိုင်လာသော လူနာ ကို မြင် ရ လျှင်တော့ မော သမျှ ပြေ ရသည် ။
တူရွင်းလည်းတို
လူလည်းအိုပြီ
သူ့ကိုပြန်ခေါ်ကြပါဦး ...
ဟု စပ်ဆို ရ လျှင် ကောင်းလေ မလားပင် ။
ယခုတော့ မူ ဆေးရုံ တက် နေသည် ။ ဆေးရုံ နှင့် ဆက်သွယ် ခေါ်ယူပါ ဟု သာ နေရပ် လိပ်စာ မေး ၍ ကြေးနန်း ရိုက် ပေး စေရပါ၏ ။ လူနာ့ အင်္ကျီ အိတ် ထဲ မှ ရရှိ သိမ်းဆည်း ပေးထားသော နိုင်ငံသားမှတ်ပုံတင်ကလေး ကို လူနာ လက် သို့ ပြန်လည် ပေးအပ် နိုင်လိုက်ပြီ ။ သူ အဖို့ တော့ ကိုယ့် ပစ္စည်းကိုယ် ပြန် ရတာ မို့ ထူးခြားစွာ မရှိခဲ့ပါ ။ ဆေးရုံစားပွဲ အံဆွဲ ထဲမှာ ပိုင်ရှင်မဲ့ သွား ရှာ သော ကတ်ကလေးများ ရှိခဲ့သေးသည် မို့ ပေးအပ်သူ အတွင်း စိတ် ထဲ မှာ သာ ထူးခြား ခံစား မိခဲ့ပေ၏ ။ ထို ကတ်ကလေးများ ပေါ် က ဓာတ်ပုံရှင်များ မှာ သူ တွေ့ လိုက်ရသော လူနာများ နှင့် မတူခဲ့ပါ ။ ရောဂါဝေဒနာ ကြောင့် ရုပ်သွင် ပင် မှန်းဆမလွယ်နိုင်ခဲ့တော့ ။ ပါးချောင် နားချောင် နှင့် ကြုံလှီ ခြောက်ခန်း နေ ၊ မဟုတ်ရင် ဖောင်းပွ ဖောသွပ် နေ ၊ ဓာတ်ပုံများ တွင် မူ ကော်လာကတုံး ၊ ရှပ်အင်္ကျီဖြူ လက်ရှည် ၊ ဆံပင်နဖူး ပေါ် မဝဲ စေအောင် ဖြီး လျက် သပ်ရပ် အောင် ကြိုးစား ဓာတ်ပုံ ရိုက် ခံ ယူ ထားမှန်း သိသာ စေပါ၏ ။ တစ်သက်ပန်လုံး သိမ်းဆည်း ရမည့် ကတ်ကလေး အဖြစ် ပလတ်စတစ်လေးများ ပင် အုပ်လောင်း ထားကြသည် ။ သူတို့ ကတ်ကလေးများ ကို မြင်တိုင်း နောက်ဆက်တွဲ အတွေးများ က စီးဝင် လာကြမြဲ ပေ ပင် ။ ပိုင်ရှင် လက် သို့ ပြန်လည် ပေးအပ် လိုက်နိုင်သော အခါမူ ပီတိ ဝေဖြာ မိ ရတာ သဘာဝ ပါ ပဲ ။
သံကြိုး စာ ရ၍ မိဘ ၊ ဦးလေး ၊ အစ်ကို ၊ ညီ တို့ က လိုက်လာ ခေါ်ယူကြသည် များ ရှိခဲ့၏ ။ ရန်ကုန် လမ်းမတော် မှ လူငယ်လေး ကို လိုက်လာ ခေါ်ယူ စဉ် တစ်ကိုယ်လုံး မီးလောင်ဒဏ်ရာ ရ မိန်းကလေးငယ် တစ်ယောက် ကို ဆေးပတ်တီး လဲလှယ် ထည့်ပေး နေ ခိုက် တွင် ဖြစ်ပါ၏ ။
“ သူ့ အစ်ကို ရန်ကုန် ကရောက် လာ ခဲ့လို့ ပြန်တော့မယ် တဲ့ ဒေါက်တာ ရေ ၊ နှုတ်ဆက် မလို့တဲ့ စောင့်နေကြတယ် ”
သူနာပြုဆရာမကြီး က ဝမ်းသာရွှင်ပျ သတင်း လာ ပေးခဲ့ပေမယ့် သူ့ အလုပ် က အပြီးမသတ်သေးခဲ့ ။ အလုပ် ပြီး တဲ့ အချိန် မှာ တော့ သူတို့ လည်း မရှိကြတော့ပေ ။ သည်လိုပါပဲ လာရောက် ခေါ်ယူ သူ နှင့် ပြန်လိုက်ပါ သွား သူ လူနာများ ကို သူ အကြောင်း ကြောင်း ကြောင့် နှုတ် မဆက်ဖြစ်လိုက်ရ ။ နှုတ်ဆက် ဖြစ် လျှင်တော့ ပျော်စရာ ကောင်းမည် အမှန်ပင် ။ သို့ပေမယ့် လည်း သူ့ အတွက် မူ ကတ်ကလေး ကို ပြန် ပေး လိုက်နိုင်စဉ် က ပင် ဝမ်းမြောက် ပီတိ ဖြစ်ခဲ့မိပြီ မို့ ကိစ္စ မရှိတော့ပါဘူး ။ လာ ခေါ်ယူသူ မဲ့ လူနာများ အတွက် ဆေးရုံဆင်း လက်မှတ် ပေါ် မှာ သက်ဆိုင်ရာ မီးရထားရုံပိုင်များ က ကူညီပေးဖို့ ရေး ပေး လိုက်ကြသည် ။ လမ်းခရီး မှာ စားနပ်ရိက္ခာ အတွက် ဒါန ပြုကြရပြန်သည် ။ မီးရထား ရုံပိုင်ကြီး ဆီ မကြာခဏ ကင်းလွတ်ခွင့် တောင်းပန် ရတာ ရုံပိုင်ကြီး လည်း စိတ် ညစ် ရှာမှာ ပဲ ထင်သည် ။ ဆေးရုံကလေး မှာ ခုတင် ၂၅ ခုတင် ဆံ့ ဆေးရုံလေး နှင့် မလိုက် အောင် ပင် လူနာတွေ များ ၊ အလုပ်တွေ ရှုပ်ပွေ ခဲ့ကြရသည် ။ ပင်ပန်းပြီး အရာ မထင်သည် များ လည်း ရှိတော့ ပို မော ခဲ့ကြရ ။ အတွင်း လူနာ ခုနစ်ဆယ် ၊ ရှစ်ဆယ် ကျော် နေခဲ့သည် တွင် အသည်းအသန် လူနာများ ၊ အရေးပေါ် ခွဲစိတ်ကု လူနာများ လည်း ရှိ သေးတော့ ပြုစုရ ၊ ဆေးထိုး ဆေးတိုက် ရ သော သူနာပြုဆရာမတွေ လည်း ဖား ၊ သန့်ရှင်းရေး ဆိုပေမယ့် ဆေးရုံ မှာ လိုသမျှ ကူခိုင်း ရ သော အလုပ်သမားတွေ ပါ မကျန် တစ် ဆေးရုံ လုံး တဖားဖား နှင့် အလုပ် များ ခဲ့ ကြ ရပေ၏ ။ သည်လို က နေ လူနာတွေ တစ်စ တစ်စ လျော့နည်း လာခဲ့သည် ။ ဆေးရုံ ရဲ့ အလုပ် ဝန်ပိမှုတွေ လည်း သိသိသာသာ လျော့ပါး သွားခဲ့ပါလား ဟု သိမှတ် ပြု လာ မိသော အခါ တွင် တော့ နုသွဲ့သော ဆောင်း က မြို့ကလေး သို့ ချောမော ပြေပြစ်စွာ ရောက် ရှိခဲ့ပြီ ပင် ။
••••• ••••• ••••• •••••
မြို့ပြင် ပတ်လမ်း မှာ တော့ နှင်းတို့ က ပိုမို သိပ်သည်းစွာ ကျနေတတ်သည် ။ မြို့ထဲ လမ်းမ မှာ လို လူသူ ရှုပ်ထွေးခြင်း မရှိ၍ အေးအေးဆေးဆေး ဘီး စီး လို့ ကောင်း လှပေ၏ ။ နှင်းစက်နှင်းခဲများ က မျက်နှာ သို့ ပြေးဝင် ထိ စင် လာကြသည် ။ အနွေးထည် အထပ်ထပ် ကို ဖောက်ဝင် လာ သော ဆောင်းအအေး က စူးစူးမြမြ ။ ကလေးငယ် ကို ကျောပိုး ၊ ဟင်းရွက်တောင်းများ လျှို ထမ်း လျက် ဈေးရောင်း သွားကြမည့် ရှမ်းတောင်သူများ ရဲ့ တအိအိ ခြေလှမ်း ကို သူ့ ဘီး က ဖြည်းဖြည်း ကျော် တက် ခဲ့သည် ။
သူ နေ့စဉ် ဖြတ်သန်း ဖြတ်လာ နေသော လမ်း မှာ မူ သည် မြို့ ပြင် လမ်း လို ရှင်းလင်း မနေ ။ မြို့ကလေး ရဲ့ အရှုပ်ထွေးဆုံးသော လမ်း သာ ဖြစ် ခဲ့သည် ။ ထို လမ်း က မြို့မ နှင့် မြို့ပြင် ဆက်သွယ် နေသော မြို့လယ်လမ်းမကြီး ပေ ။ ဆေးရုံ ၊ ကျောင်း ၊ ရွှေသာလျောင်းဘုရားကြီး နှင့် ဘုရားကြီးဝင်း အတွင်း က နာမည် ကျော် ကျောက်ဝိုင်း ကို လည်း ဖြတ်သွား ခဲ့၏ ။ နံနက် စောစော ကျောက်ဝိုင်း စည် ချိန် တွင် လမ်း အရှုပ်ထွေး ဆုံး ပေ ။ ထင်းလှည်း ၊ ဝါးလှည်း ၊ မီးသွေးလှည်း တွေ က လည်း တအိ အိ ဖြတ်ကြ ။ ဆိုက်ကားတွေ က ခရီးသည် တင်ဆောင် သွားချည် ပြန်ချည် ။ တစ်စီး တည်း ဂျစ်တွေ ၊ ထရော်လီ တွဲထား သည့် နှစ်စီးတွဲ ဂျစ်တွေ ၊ ဘီး ဆယ်ဘီး ကုန်တင်ကား မြင့်မြင့်ကြီး တွေ ၊ ဟွန်း ပေးလာသော စူပါကပ် ဟွန်ဒါ တွေ ၊ ပြီးလျှင် တော့ ဘီး တွေ ၊ ဘီး တွေ ။ လိပ်ကလေး ရွေ့နေသလို သုံးဘီးပုပုလေး မှ နေ၍ BMX ၊ ဖီးဆင့် ၊ ပန်းကမ္ဘာ တရုတ်ဘီး ၊ ဘီးတွေ အတွဲ လိုက် မျော နေတော့ပေသော ဘီး စီးကြောင်းများ ။ လေးယောက် စီး သော တစ်ဘီး ၊ တစ်ယောက် စီး သော ဘီး သုံးစီး ။ ဘီး စီး ရင်း က လက် နှစ်ဖက် က ဘီး အပို နှစ် စီး ကို ဆွဲ ယူ သွား လို့ လည်းရှိ၏ ။ ဘာ ယာဉ်တွေ ဘယ်လိုပဲ ရှုပ်ရှုပ် ဈေးစကား ဆို ရင်း အေးအေးလူလူ လျှောက် နေကြသည့် လမ်း ပေါ် က သူကြွယ်လောင်းများ ကို တော့ ဘီးတွေ က မထိတထိ ပွတ်ဖြတ်ကျီစယ် သွား တာ မြင် ရ ဖူး၏ ။ စက်ဘီးရှင် ကို သူတို့ မော်ပင် မကြည့် အား ခဲ့ပါ ။ ဆောင်းလေ ထဲ မှာ တိုက်အိမ်ကြီး တွေ ဆောက် နေ ကြရော့ သလား ။
••••• ••••• ••••• ••••
ခရစ္စမတ် တေးသံ လွင် သော ဒီဇင်ဘာ တွင် မူ ထူးထူးခြားခြား အေး လာ ခဲ့ပါ၏ ။ ရာသီဥတု ၊ လူနာ ၊ ဆေးရုံ အလုပ် အားလုံး ပင် သိပ်သည်း လာ သော ဆောင်းနှင်းပွင့်များ နှင့် အတူ အေး လာ ခဲ့သည် ။ မြန်မာပြည် မြောက်ပိုင်း ရှိ မြို့ကလေး ကို နှိပ်စက်ကလူ ပြု နေတော့ ပေ သော ငှက်ဖျား သည် ပင် ဆောင်း မှာ တော့ စိတ် ကောင်း ဝင် သည် ထင့် ။ ဆောင်း ငှက်ဖျား က မိုး ငှက်ဖျား လို မတင်းမာ ဘဲ ပျော့ပျောင်း တဲ့ သဘောထား များ ထားရှိ နေ သလိုပ ။ ဆောင်းငှက်ဖျား က လွယ်လင့် တကူ လက်နက်ချတတ်ပေ၍ ဆေးရုံကလေး က လည်း ဆောင်း ကို နှစ်သက် ကြိုဆို ခဲ့မိပါ၏ ။ မြို့ကလေး မှာ ပွင့်လင်းသာယာ လာ ခဲ့ပါသည် ။ တစ်နယ်သား ဧည့်သည် မပြတ်သော မြို့ကလေး တွင် ဧည့်သွား ဧည့်လာ တွေ ပိုမို များပြား စည်ကား လာခဲ့သည် ။
နှင်း မကွဲ မီ ပင် မြို့ကလေး ရဲ့ လမ်းများ ပေါ် သို့ လူတွေ ဖိတ်လျှံ ကျလာခဲ့သည် ။ နေ့စဉ် မှော် ထဲ တဖွဲဖွဲ သွားရောက် နေကြသူ တွေ မြစိမ်းမြေလမ်း ပေါ်မှာ တွေ့မြင် နေရသည် ။ သူတို့တစ်တွေ ထဲ မှာ ဆေးရုံ တက် လူနာ ဖြစ် ဖူး သူ တစ်ယောက်တလေ ပါ လျှင်တောင် သူ မှတ်မိဖို့ ရာ မလွယ်ခဲ့ပါ ။ သူတို့ မှာ ခရီးရှည် သွား ဝတ်စုံများ ဖြင့် ဖြစ်ပါ၏ ။ ဂျင်းများ ကို အဝတ် များ ကြပါ၏ ။ လမ်း လျှောက် ဖိနပ် ကောင်းကောင်း ခိုင်ခိုင်များ စီးထား ကြသည် ။ တချို့ က ခြေကျင် တောက်လျှောက် မှော်ထဲ အရောက် တက် ကြ၍ အချို့က မူ ကား ပေါက် သည့် နေရာ ထိ ကား ဖြင့် သွား ကြပါ၏ ။ ခုနစ်ထောင် ၊ ရှစ်ထောင်တန် ဂျာကင် တွေ ၊ သုံးထောင်တန် ဖိနပ် တွေ ၊ သောင်းကျော်တန် နာရီ တွေ နှင့် ခရီးသွားများ ကို လည်း တွေ့ ရ မရှားလှပါ ။ သူတို့ ကို မုဒိတာ ပွားရင်း သူ့ တစ်ခါ က လူနာများ အတွက် တော့ ကရုဏာ ပွား နေမိရပါ၏ ။
ဆေးရုံ ပေါ် က မိတ်ဆွေတွေများ ပါခဲ့မည် ဆိုလျှင်တော့ ထို သူ တို့ ကို သူ က သည် တစ်ခေါက် မှာ ရိုးသားစွာ ကြိုးစာ ပြီး အောင်မြင် စေချင်ပါသည် ။ ငှက်ဖျားဒဏ် က လည်း ကင်းဝေး စေချင်ပါသည် ။ စွန့်စား လာရောက်ကြသူ လူငယ်တွေ ဖြစ် ပါ လျှင် စွန့်စားခြင်း ရဲ့အကျိုး ကို ဘဝ စတင် စ အရွယ် မှာ ယုံကြည် လာ စေချင်ပါသည် ။ ဘယ်သူ ပင် ဖြစ်ဖြစ်ပါ ။ မျှော်လင့်ချက် ရောင်ခြည်လေး နှင့် မြစိမ်းမြေလမ်း မှ ထွက်ခွာ သွားကြသူ တစ်မြို့သား တစ်နယ်သား ၊ တိုင်းရင်းသား အားလုံး သန့်စင်သော အောင်မြင်မှုတွေ နှင့် အတူ ပြန် ရောက် စေ ချင်ပါသည် ။
မြို့ပြင် ပတ်လမ်း မှာ တောင်တန်းကြီးများ နှင့် ယှဉ် ၍ ဘီး စီး ရင်း က နေ့ အိပ်မက်များ သူ မက် နေခဲ့မိပါ၏ ။ နံနက် ဆယ်နာရီ ခန့် နေ ပွ င့်လာလျှင် တောင်တန်းကြီးများ ရဲ့ တောင်ထွတ်များ က တိမ်ယံတွေ ထဲ ထိုးဖောက် နေ တော့ သလို တောင်ခိုးတွေ မှိုင်းဝေ လို့ တွေ့ ရ တတ်သည် ။ နေခြည် ဖြာဆင်း ကျ လာသော အခါ တောင်တန်းတွေ တစ်ထပ် ၊ တောင်တန်း နှင့် မြို့ကလေး ကြား မှာ ရစ်ခွေ စီးဆင်း နေသော နန့်ယင်း နှင့် နန့်ကောင်း ချောင်းများ ဝန်းရံ ထားသည့် မြို့ကလေး မှာ ပို လို့ လှပ လာခဲ့သည် ။
မြို့ကလေး ကို လှပသာယာ ကျန်းမာ လာ စေသော “ ဆောင်း ” ကို သူ ရဲ့ ဆောင်းအတွေး အိပ်မက် ထဲ မှာ ...
“ ကျေဂျူး ကဘာဆိုင် ” ဟု ကျေးဇူ တင်ပါကြောင်း ပြောပြ နေမိခဲ့ပါ၏ ။
◾ဝင်းဝင်းလတ်
📖 မဟေသီ မဂ္ဂဇင်း
မေလ ၊ ၁၉၉၁ ခု
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment